[aurorageneration] နှစ်ငါးဆယ် အခွင့်အရေးအတွက် အရေးကြီးသောကာလ

နှစ်ငါးဆယ် အခွင့်အရေးအတွက် အရေးကြီးသောကာလ
by Padauk Myay on Saturday, February 4, 2012 at 9:49am ·

(၂၀၁၂ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်က အယ်ဒီတာ့အာဘော်
ဖြစ်ပါတယ်။ )

ယခုအခါ မြန်မာနိုင်ငံတွင် ယခင် နှစ်ငါးဆယ် အတွင်း မကြုံဖူးခဲ့သည့်
အဖြစ်သနစ်စုံတို့ ပေါ်ပေါက်လျက်ရှိသည်။

အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး လှုပ်ရှားသူ အများအပြား လွတ်မြောက်ကာ
ခရီးရောက်မဆိုက်ပင် ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စများအတွက်
စိုင်းပြင်းနေကြသည်။

နယ်စပ်ဒေသ များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့်
အစိုးရပိုင်း ပုဂ္ဂိုလ်များ အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ
ပြုလုပ်ကာ အဆင့်ဆင့်သော အောင်မြင်မှုများ ရရှိနေကြပြီ။

ထို့ပြင် လွှတ်တော် အရပ်ရပ်ရှိ လစ်လပ်နေသော ကိုယ်စားလှယ် နေရာများအတွက်
ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် စီစဉ်လျက်ရှိပြီး၊ ၂၀၁၀
ရွေးကောက်ပွဲတုန်းက မပါဝင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်သည်လည်း နေရာအပြည့် ပါဝင်ယှဉ်ပြိုင်ရန် အသင့်ပြင်လျက်ရှိသည်။

လက်နက်ကိုင်သော၊ လက်နက် မကိုင်သော နိုင်ငံရေးနယ်ပယ် နှစ်ရပ်လုံးမှာပင်
ပဋိပက္ခများ လျော့ပါးလာနေရာ သည်အတိုင်း သွားသော်ပိုမို တိုးတက်
ယဉ်ကျေးသည့် နိုင်ငံရေး ဓလေ့များ ဤတိုင်းပြည်၌ ထွန်းကား လာလိမ့်မည်ဟု
မှန်းမျှော် နိုင်သည်။

နိုင်ငံတကာကလည်း မြန်မာနိုင်ငံတွင် အာဏာပိုင် အုပ်စိုးမှုမှနေ၍ ဒီမိုကရေစီ
စနစ်ဆီသို့ အသွင်ကူးပြောင်းမှု စတင်နေပြီဟု ယုံကြည်မှုများ
တိုးပွားလျက်ရှိရာ မကြာမတင် ကာလတွင် ပိတ်ဆို့ အရေးယူမှုများ ရုတ်သိမ်း၍၊
နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်သော လုပ်ငန်းတို့သည် စီးပွားရေး
အပါအဝင် ကဏ္ဍမျိုးစုံ၌ အရှိန်အဟုန်ကြီးစွာ ဖြစ်ထွန်း ပေါ်ပေါက် လာတော့မည်ဟု
ရှုမြင်ရသည်။

သို့သော် တစ်ဖက်တွင် မသေချာ နိုင်သေးသော အကြောင်းများလည်း ရှိနေပါသေးသည်။
တစ်ခုက အပြောင်းအလဲ ဖြစ်ရခြင်း၏ အကြောင်းအရင်း တို့ကို ရှာဖွေစုငုကြသည့်
သုတေသီတို့ အနေနှင့် ဘယ်အရာသည် ပြောင်းလဲရန် တွန်းအား ပေးလိုက်သည့် အဓိက
အကြောင်းအရင်းဟူ၍ သေချာစွာ အဖော်ထုတ်နိုင်ခြင်းနှင့် ယင်းကို
အကြောင်းပြုကာ အပြောင်းအလဲ၏ ရှေ့အလားအလာနှင့် စပ်လျဉ်း၍ ပီပီသသ အကဲခတ်
သုံးသပ်မှုများ မပြုလုပ်နိုင်ခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ အပြောင်းအလဲ
ခရီး၌ ဖြေရှင်းရမည့် ပြဿနာတို့သည်လည်း တစ်ဝက်တစ်ပျက် ဖြေရှင်းပြီး ဆက်လက်
ဖြေရှင်းဆဲ ယခုမှ ဖြေရှင်းရန်စတင် ဟူသော အနေအထား များတွင်သာ ရှိသေးခြင်း
ဖြစ်သည်။ ထို အကြောင်းများ ကြောင့်ပင် အပြောင်းအလဲ၏ ရှေ့ရေးနှင့်
စပ်လျဉ်း၍ စိတ်မအေးနိုင်သော သဘောတို့ ဆက်လက် တည်ရှိနေခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ တကြောင့်ကြကြနှင့် သွားနေသည့် ကြားကပင် အထက်က
ဖော်ပြခဲ့သည့် ဖြစ်ရပ်များအပြင် အခြား သိသာ ထင်ရှားသော တိုးတက်မှု
များလည်း ပြီးခဲ့သော နှစ်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့တာ အားလုံးအသိ ဖြစ်သည်။

အရေးကြီးသော သာဓက တစ်ရပ်က သမ္မတ ဦးဆောင်သော အစိုးရအဖွဲ့နှင့်
ဥပဒေပြုမဏ္ဍိုင် ဖြစ်သည့် လွှတ်တော်များ အကြား အာဏာ ခွဲဝေမှုနှင့် အပြန်အလှန်
ထိန်းကွပ်မှုတို့ ကျင့်သုံးဆောင်ရွက်မှု ရှိတာ တွေ့မြင်ရခြင်း ဖြစ်သည်။
အဲဒါသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကာလတစ်လျှောက် နိုင်ငံကို
အုပ်ချုပ်ခဲ့သည့် ယန္တယားများ အတွင်း၌ မရှိခဲ့ဖူးသော အနေအထား
တစ်ရပ်ဖြစ်သည်။

သည့်အပြင် စာနယ်ဇင်း မီဒီယာတို့ လွတ်လပ်မှု အပြည့်အဝ မရရှိ သေးသော်လည်း
ယခင် ဖော်ပြခွင့်မရှိသည့် အကြောင်းအရာ များစွာတို့ကို ရေးသားတင်ပြ
နိုင်ကြသည့်အပြင် နိုင်ငံ၏ စတုတ္တမဏ္ဍိုင် အဖြစ်လည်း အရေးတယူ ပြုခြင်း
ခံနေရပြီ။

အသင်းအပင်း ဖွဲ့စည်းခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် အပါအဝင်
နိုင်ငံသားတို့၏ မူလအခွင့်အရေးများ တကယ်လက်တွေ့ ခံစား ရရှိနိုင်ရေး အတွက်
တရားဝင် စည်းရုံး ဆော်သြမှုများနှင့် တင်ပြ တောင်းဆိုမှု များလည်း စတင်
ဖြစ်ပေါ်လျက် ရှိကြပြီ။ နှစ်ပေါင်း ၅၀ ကာလက မဖြစ်နိုင်ခဲ့သော အရာများပင်။
များမကြာမီ ကလည်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို
ပြင်ဆင်ပေးခဲ့ခြင်း၊ အကျဉ်းထောင်များမှ လွတ်မြောက်လာသည့် နိုင်ငံရေး
လှုပ်ရှားသူတို့ အမျိုးသားပြန်လည် စည်းလုံး ညီညွှတ်ရေးနှင့် ဒီမိုကရေစီ
နိုင်ငံတော် တည်ဆောက်ရေး အတွက် ပါဝင် ဆောင်ရွက်ကြရန် နှိုးဆော်လာခြင်း
တို့သည်လည်း နိုင်ငံရေးတွင် ကဏ္ဍ နယ်ပယ်စုံမှ အင်အားစုများ ပါဝင်နိုင်အောင်
ဖွင့်ဟ ပေးလာသော သဘောဟု ရှုမြင်နိုင်သည်။

ခြုံ၍ကြည့်သော် ယနေ့ အနေအထားသည် မြန်မာ့နိုင်ငံရေး ကစားကွင်းကြီးကို
တံခါးမှူး လုပ်သူတို့ ဖွင့်လှစ် ပေးခဲ့၍ သည်ကွင်း အတွင်း နိုင်ငံရေး
အင်အားပေါင်းစုံတို့ ယှဉ်ပြိုင်ရန် ရောက်ရှိနေ ဝင်ရောက်လာနေသော
သဘောဖြစ်သည်။ ပြိုင်ပွဲထဲသို့ မိမိ ဝင်ရောက်သင့် မသင့်နှင့် ဝင်ရောက်မည့်
ပုံသဏ္ဍာန်ကို စဉ်းစားဆဲ ရွေးချယ်ဆဲပုဂ္ဂိုလ်များ အဖွဲ့အစည်းများ ရှိနေသေးတာ
မှတ်သော်လည်း ယခုလက်ရှိမှာပင် ကွင်းထဲ၌ ယခင်ထက် သိသိသာသာ စည်ကားလာနေတာကား
အထင်အရှားဖြစ်သည်။

သည်ကွင်းကြီးထဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်သူ၊ အင်တိုက်အားတိုက် အားပေးသူ
တို့ဖြင့် ပျော်ရွှင်ဖွယ်၊ စိတ်လှုပ်ရှား တက်ကြွဖွယ် ပြိုင်ပွဲများ
ဖြစ်ပေါ်စေဖို့နှင့် အနိုင်ရသူတို့ ထိုက်တန်သော ဆုလာဘ်ရရှိပြီး၊
မနိုင်သူတို့လည်း မကျေနပ်စရာ မဖြစ်စေဖို့တွင် ပြိုင်ပွဲဦးဆောင်
ကျင်းပသူတို့ ရည်ရွယ်ချက် စေတနာမှန်ကန်ရေး၊ ပြိုင်ပွဲ
စည်းမျဉ်းစည်းကမ်းများ သမာသမတ်ကျ၍ ကျင်းပစဉ်၌လည်း ၄င်းစည်းကမ်းများ
အတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ရေးတို့သည် အလွန် အရေးကြီးသည်။

သည့်အပြင် အရေးကြီးသည်ကား ပြိုင်ပွဲဝင်သူတို့ အားကစား သမားကောင်း
စိတ်ဓာတ်များ မွေးမြူ နိုင်ကြဖို့ ဖြစ်သည်။ အားကစား ယဉ်ကျေးမှု၊ သို့မဟုတ်
နိုင်ငံရေး ပြိုင်ပွဲယဉ်ကျေးမှု။

သည်ကွင်းထဲ၌ လောလောဆယ် မြင်တွေ့ရမည့် အနီးကပ်ဆုံး နိုင်ငံရေးပြိုင်ပွဲကား
၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ
ဖြစ်သည်။ ယခု ရက်ပိုင်းများအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
ဥက္ကဌ ဦးတင်အေးက ကြားဖြတ် ရွေးကောက်ပွဲတွင် ယခင် ရွေးကောက်ပွဲ
အတွေ့အကြုံများကို သင်ခန်းစာ ယူ၍ ပိုမို ပြည့်စုံ မှန်ကန်ပြီး လွတ်လပ်၍
တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးကို ဥပဒေနှင့် အညီ ကြီးကြပ်
ဆောင်ရွက်ကြရန် လိုကြောင်း၊ ကော်မရှင် အဖွဲ့ခွဲများအား ညွှန်ကြား
ပြောဆိုခြင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် နိုင်ငံရေး
ပါတီများက ပါဝင် ဆောင်ရွက်ကြရန် နှိုးဆော်လျက်ရှိခြင်း စသည်တို့အရမူ ယခင်က
ဖြစ်ခဲ့သည့် ကြိုတင်မဲ ပြသနာမျိုး မပေါ်ပေါက်အောင် ဒိုင်လူကြီးတို့
ထိန်းသိမ်း ကြလိမ့်မည်ဟု မျှော်လင့်ရသည်။ စင်စစ် ၂၀၁၀ နိုဝင်ဘာမှသည်
ယနေ့ကာလအထိ ပြောင်းလဲလာနေသည့် အနေအထားများအရ ရွေးကောက်ပွဲ၏
လွတ်လပ်မှုနှင့် တရားမျှတမှု အတိုင်းအတာ တို့လည်း တိုးတက်ရမည် ဖြစ်၏။ ယခု
''ကြားဖြတ်'' သည် အဆိုပါ တိုးတက်မှုကို သက်သေထူရမည့် အရာ တစ်ခုဟုလည်း
ရှုမြင်နိုင်သည်။

''ကြားဖြတ်''ကို အကဲခတ်ကြမည့် သူတို့အနေဖြင့် ယခုမှသည် ဆန္ဒမဲပေးသည့်
နေ့မတိုင်မီအထိဖြစ်သော အကြိုကာလ၊ ထို့နောက် မဲဆန္ဒ ပေးကြသည့် နေ့ရက်၊
ထို့နောက် မဲအရေအတွက် ကြေညာခြင်း၊ အနိုင်ရသူအား လွှတ်တော် ကိုယ်စားလှယ်
အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ ကန့်ကွက်ချက်များ အတွက်
ခုံအဖွဲ့ဖြင့် စစ်ဆေး ဆုံးဖြတ်ခြင်း စသည်တို့ ပါဝင်သည့် နောက်ပိုင်း ကာလ
စသဖြင့် စ-လယ်-ဆုံး သုံးပါးလုံး၏ အနေအထားကို ကြည့်ကာ တရားမျှတမှု မည်မျှ
ရှိမရှိကို တိုင်းတာသတ်မှတ် ကြမည်ဖြစ်သည်။

မဲဆန္ဒနယ် ၄၈ နယ်သာ ယှဉ်ပြိုင်ရသည်ဖြစ်၍ အာဏာရရှိမှုအထိ အဆုံးအဖြတ်
ပေးနိုင်သည့် ပွဲကြီး မဟုတ်သော်လည်း ပွင့်လင်းလာသော အနေအထားနှင့်
ပိုမိုပြည့်စုံစွာ ပါဝင်ယှဉ်ပြိုင်လာမှုတို့ကို အကြေင်းပြု၍
ယခုရွေးကောက်ပွဲ၌ လုပ်ကိုင် ဆောင်ရွက်ပုံ တို့သည် ၂၀၁၅ ခုနှစ်တွင်
ဖြစ်ပေါ်လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် သက်ရောက်မှု ရှိမည်ဖြစ်ရာ၊
စံချိန်ယူ နမူနာပြ တရားမျှတသော ပွဲတစ်ခုဖြစ်ဖို့ အရေးကြီးသည်။

သည်အတွက်၊ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်တို့က မိမိတို့၏ တာဝန်နှင့်
ရာဇဝင်ကို အလေးထား၍ လည်းကောင်း၊ ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး
ပါတီများနှင့် ကိုယ်စားလှယ် လောင်းများက သန့်ရှင်းသော နည်းလမ်းတို့ဖြင့်
အနိုင်ရအောင် ကြိုးပမ်း၍ လည်းကောင်း ဆင်နွှဲဆောင်ရွက် ကြသကဲသို့၊
ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မည့် ပြည်သူ့ ကိုယ်စားလှယ် စစ်စစ်များ
ရရှိရေကို အလေးထားသော ပြည်သူတို့ကလည်း နိုင်ငံရေး အသိစိတ်ဓာတ် ထက်သန်
ပြည့်ဝစွာ စောင့်ကြည့် ထိန်းကွပ်သော နည်းအားဖြင့် ပါဝင်ကြဖို့လိုကြောင်း
တိုက်တွန်းအပ်ပါသည်။

ပြည်သူ့ခေတ်အယ်ဒီတာ၊ ၁၉-၁-၂၀၁၂
http://www.facebook.com/notes/padauk-myay/%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%84%E1%80%AB%E1%80%B8%E1%80%86%E1%80%9A%E1%80%B9-%E1%80%A1%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC%E1%80%80%E1%80%AC%E1%80%9C/266636773410002

--
..ရွှေငွေနဲ့ ...... ဂုဏ်ဒြပ်တို့  မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး
အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံးနေဖို့  ။

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။