[By Maung Maung Wann ]
ကိုထိန်လင်း မြောက်ပိုင်း ကို စရောက်တဲ့အချိန်က စပြောပြပါ။ ဘယ်အချိန်က ရောက်တာလဲ။
မြောက်ပိုင်းကို စရောက်တာက ပတ္တနိကုသဏ ကံဆောင်ပွဲတွေ နှိမ်နင်းပြီးတဲ့
အချိန်လောက်ပါ။ အမှန်က ကျွန်တော်က အိန္ဒိယကနေ ထွက်လာတာ။ အိန္ဒိယကမ့် မှာ
နှစ် နှစ်နေပြီးပြီ။ နေပြီးတဲ့ အချိန် မှာ အခုတောင်ကြီး ထောင်ထဲမှာ
ကျန်နေတဲ့ ဦးရွှေထူး။ ဦးရွှေထူးက အဲဒီအချိန်မှာ ဒီပတ္တနိကုသဏကံ
ဆောင်ပွဲမှာ မစိုးရိမ်တိုက်မှာ ဘုန်း ဘုန်းတွေနဲ့နေပြီး စီမံနေတော့ သူကနေ
လှမ်းပြီးအသံပြုလိုက်တာ။ အဲဒီတုန်းက စပြီးတော့ ပန်းချီ အလုပ်တွေ
အနုပညာအလုပ်တွေ လုပ်နေပြီလေ။ ဒါပေမဲ့ အဲဒီလို ဝါဒ ဖြန့်ချိရေးကိစ္စပေါ့။
ကျောင်းသား တပ်မတော်တို့ ဘာတို့ပေါ့။ သူက အဲဒါကို ဆရာတော်တွေနဲ့
လာလုပ်စေချင်တာဆိုတော့ အဲဒါနဲ့တင် သွားလိုက်တာ။ ခိုးဝင်လာ တာပေါ့နော်။
ရောက်တဲ့ နေ့မှာပဲအဲဒီ ကံဆောင်ပွဲကို နှိမ်နင်းတဲ့ဟာက ဖြစ်နေပြီ။
ဖြစ်နေတော့ ကျွန်တော် ဘုရားကြီးက တိုက်ထဲကနေ မြင်လိုက်တာနဲ့ တပ်က
ကျောင်းကို ဝိုင်းထားလိုက်တာ။ မြင်လည်း မြင်ရတယ်။ အဲဒါနဲ့တင်
ဘုရားဖူးတွေနဲ့ ရောပြန်ပြေးပြီးတော့ ရေနံချောင်းသွားတယ်။ အဲဒီမှာ
စုံစမ်းလိုက်တော့ မြောက်ပိုင်းမှာ ကိုယ့်ရဲဘော်တွေ ရှိတယ်။ ကသာတို့
မိုးညှင်းတို့ အဲဒီမှာရှိတဲ့ ကျောင်းနေဖက်တွေ။ သူတို့တွေကလည်း သပိတ်
ခေါင်းဆောင်တွေပဲ။ အဲဒါနဲ့ တက်သွားလိုက်တာ။
ဆိုတော့ ၉ဝ ရွေးကောက်ပွဲ အပြီး။ ပတ္တနိကုသဏကံဆောင်ပွဲ အပြီးလောက်မှာပေါ့။
၁၉၉ဝ နှစ် လယ်လောက်ပေါ့။ ပြောမယ်ဆိုရင်တော့ မိုးတွင်းကြီး ဇွန်၊ ဇူလိုင်
လောက်မှာ။ မိုးညှင်းကနေ တက်သွားတာ။ တပ်ရင်း (၅) လေ။ အဲဒီမှာ
ကျောင်းသားတွေ တွေ့ရတယ်။ လက်နက်ကိုင်ထားတာ တွေ့ရတယ်။ အဲဒီအချိန်မှာ
တပ်မတော်ထိုးစစ်က အသည်းအသန်ထိုးတာ။ မိုးတွင်းကြီး။ ဧရာဝတီမြစ်ကိုလည်း
သူတို့က ပိတ်ထားလိုက်တယ်။ သင်္ဘောတွေနဲ့ ပိတ်ထားတာ။ စစ်သင်္ဘောတွေ
ဧရာဝတီမြစ်နဲ့ ရထားသံလမ်းကြား။ သူတို့ခေါ်တာတော့ မိုးညှင်းရင်း (၅)
ခွင်ပေါ့။ ကောက် ကွေ့ချောင်းနဲ့ရင်း (၅) ခွင်။ အဲဒီခွင် ထဲမှာ (၇) လ၊ (၈)
လ လောက် ကြာတယ် ထွက် မရဘူး။ အဲဒီမှာပတ်ပြီး တောထဲမှာ ဝှက်ထားတဲ့
ဆန်တွေဘာတွေ စားသောက်ပြီးနေရတာ။ ဒါပေမဲ့ အဲဒီမှာကတည်းက ဒေသခံ ABSDF
ရဲဘော်တွေရဲ့ သဘော ထားတွေ ကြည့်ကတည်းက ပြဿနာရှိနေပြီ ဆိုတာခံစားလို့ရတယ်။
သူတို့ကကျတော့ ဘယ်လိုလဲဆိုတော့ ရွာဘက်က လာတဲ့သူတွေဖြစ်တယ်။ ပြောမယ်
ဆိုရင်တော့ တောနေတောစား ကျွမ်းကျင်တယ်ပေါ့နော်။ ကျွန်တော်တို့က
မြို့ပေါ်ကလာရတယ်။ မိဘအလုပ်အကိုင်မှာလည်း ဒီဟာမျိုးမရှိဘူး။ ဆိုလိုတာကတော့
နှီးမဖြာ တတ်ဘူး။ တိုင်မခုတ်တတ်ဘူး။ ဝါးမခုတ်တတ်ဘူး။ ဒါကို သူတို့က
အပြစ်လို့ ခေါင်းဆောင်တွေပိုင်းက အစပြောတာလေ။ မင်းတို့ ရန်ကုန်က
တက်လာတဲ့ကောင်တွေက အကုန်လုံး ဘော်ကျော့ချည်းပဲ။ လက်ကြောတင်းတဲ့
ကောင်တစ်ကောင်မှ မပါဘူး။ ဒါနဲ့များ တော်လှန်ရေး လုပ်ဦးမယ်တို့။
ကျွန်တော်တို့က ပြောတာလည်း ပါတယ်။ ကျန် တဲ့သူတွေကိုလည်း အသိပေးနေတာ။
ဒီကောင်တွေဟာ အလကားပေါ့။ ရန်ကုန်၊ မန္တလေးက တက်လာတဲ့ ကောင်တွေဟာ
အလကားကောင်တွေ။ တော်လှန်ရေးမှာ ဘာရုပ်မှမပေါက်ဘူး ဆိုတဲ့ဟာမျိုးပေါ့။
ကျောင်းသားတွေ ကိုယ့်အချင်းချင်း သတ်လာတာ။ အဲဒီ ပဋိပက္ခရဲ့ အစမြစ်ဖျားခံတာ
ဘယ်ကစတာလဲ။
ဒီပြဿနာရဲ့ အစက ကျွန်တော်မရောက်ခင် အစောပိုင်း နှစ်တွေကတည်းက။ ဒါက
နောက်မှ ကျွန်တော် ပြန်ကောက်ရတာပေါ့နော်။ ဒါပေမဲ့ လတ်တလော ပြဿနာ
တစ်ခုလည်း ရှိတယ်။ လတ်တလောပြဿနာက ကျွန်တော်တို့ ဗဟိုရောက်ပြီးတော့
ရှစ်လေးလုံးပွဲလုပ်တယ်။ လုပ်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့နဲ့အတူ
မန္တလေး ဘက်က တက်လာတဲ့ စိုးမြတ်အောင်ဆိုတဲ့ ရဲဘော်လေးတစ်ယောက်
ထွက်ပြေးတယ်။ အဲဒီကနေ လမ်းကြောင်းရသွားတာပေါ့လေ။ သူ့ကိုဖမ်းလိုက်တယ်။
ထွက် မပြေးလည်း ဒီကိစ္စက လုပ်တော့မှာပဲ။ ဘယ်သူဘာပဲဖြစ်ဖြစ် အစတစ်ခုကနေ
ဖမ်းပြီးလုပ်တော့မှာပဲ။ အဲဒီတော့ ဒီပြဿနာတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ
ပြန်ကောက် တဲ့အခါမှာ ဘာဖြစ်တာလဲဆိုတော့ ကျွန်တော်မရောက်ခင် ပထမဆုံး
ရှစ်လေးလုံးအပြီးမှာ မြောက်ပိုင်းမှာ ရှိနေတဲ့ မိုးညှင်း၊ နမ္မား၊
မိုးကောင်းစသည်ဖြင့် အဲဒီက သပိတ်ခေါင်းဆောင်တွေ။ သူတို့က အရင်ရောက်
သွားတာ။ ရောက်သွားပြီး တပ်ဖွဲ့တွေ ထူထောင်တယ်။ KIA နဲ့အတူ
ပူးတွဲပြီးတော့ စစ်ရေးတာဝန်ယူမယ် ဆိုတဲ့ဟာမျိုး နဲ့ သံချောင်း၊
မျိုးဝင်း၊ အောင်ကြီးတို့အဲဒီဘက်က ခေါင်းဆောင်တွေ၊ အရင်ရောက်နှင့်သူတွေ။
သူတို့မှာတော့ ဘယ်လိုပြ ဿနာတွေရှိလဲဆိုတော့ တပ်ဖွဲ့အတွင်း အကြီး အကျယ်
အာဏာသုံး၊ သူတို့လာရင်မတ်တပ်ရပ် သတိဆွဲပေါ့။ ပါးရိုက်လည်းခံ၊
နားရိုက်လည်းခံ။ သူတို့ရဲ့ဝေယျာဝစ္စတွေကအစ လိုက်လုပ်ပေးရတဲ့ဟာ မျိုးတွေ၊
နောက် တစ်ခါ အချို့ကျတော့လည်း ငွေကြေးတွေရလာတော့ ပြန်ပို့တာတို့
ဘာတို့ပေါ့ဗျာ။ စည်းစိမ်ခံတာတို့၊ အဲဒါမျိုးတွေရှိတယ်။ ရှိတော့
တော်လှန်ရေးတပ်ဖွဲ့ သိပ်မဆန်ဘဲနဲ့ ဂိုဏ်း နည်းနည်း ဆန်လာတယ်။
နိုင်ငံရေးမပါဘဲနဲ့ အကြမ်းဖက်ဂိုဏ်းတစ်ခုလို၊ အဲဒီနောက်ပိုင်းမှာ
ရန်ကုန်၊ မန္တလေးက ကျောင်းသားတွေထုံးစံ အတိုင်းရောက်လာတယ်။ ကိုထွန်း
အောင်ကျော်အပါအဝင် ကိုအောင်နိုင်တို့ ရောက်လာတယ်။ အဲဒီလို
ရောက်လာတဲ့အခါကျတော့ ကွာခြားသွားတယ်။ ဥပမာကိုရဲလင်းတို့ဆို ဒီကနေတက်
သွားတဲ့သူတွေ၊ ပါတီတာဝန်တွေဘာတွေ လုပ်ဖူးတယ်။ ရန်ကုန်-မန္တလေးကတက်တဲ့
ကျောင်းသားတွေက နိုင်ငံရေးစာပေတွေ ဖတ်ရှုလေ့လာတယ်။ သမိုင်းကြောင်း လေ့
လာမှု၊ ရှစ်လေးလုံး အရေးတော်ပုံကြီး တစ်ခုလုံးအပေါ်မှာ ကြေညက်ခဲ့တယ်။
ဒါမျိုးတွေ ရှိလာတော့ ကွာသွားပြီလေ။ စကားပြောလိုက်တာနဲ့ ကွာသွားပြီ။
အသစ်ရောက် လာတဲ့ ရဲဘော်တွေ ဖြစ်သော်လည်း နဂိုရောက်လာတဲ့သူတွေ အမြင်မှာ
ဒီလူတွေနဲ့ငါတို့ ရှိထားတဲ့ခေါင်းဆောင်တွေနဲ့ဆိုတာ အကြီးအကျယ်
ကွာခြားသွားပြီ။ အဲဒီလိုအပြင် အနေအစားတွေလည်း ကွာလာပြီ။
အနေအစားတွေမှာလည်း တကယ့်ရဲဘော်ရဲဘက် စိတ်နဲ့အတူနေတယ်။
တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန် လေးလေးစားစား နှိမ့်နှိမ့်ချချနဲ့
ဆက်ဆံတတ်တဲ့သူတွေ ပေါ့နော်။ ဆိုတဲ့အခါကျတော့ တကယ်ယဉ်ကျေးတဲ့ သူတွေက
ဒီလူတွေပါလား။ သိလာတော့ ဟိုကောင်တွေကို လက်မခံချင်တော့ဘူး။
နောက်ဆုံးကျတော့ ပြောရရင် ဘယ်လိုလဲဆိုတော့ တပ်တွင်းမှာ
ဆန္ဒပြမှုဆန်ဆန်ပေါ့။ သင်တန်းမဆင်းတော့တာ။ တန်းမစီ တော့တာတို့။ အဲဒီမှာတင်
သူတို့ ဆွေးနွေးပွဲပြန်လုပ်တော့ ဟုတ်ပြီ ခေါင်းဆောင်တွေကို
မကျေနပ်တာတွေကို လွတ်လွတ်လပ်လပ် ပြောဆိုကြပါ ဆိုပြီး ဖြစ်လာတာပေါ့။
အဲဒီမှာတင် ဒေါ်ချိုချိုကျော်ငြိမ်းသားကို မောင်မောင်ကြွယ်၊
ဦးဇော်ခင်ရဲ့သား မောင်ဝဏ္ဏဇော်တို့ စသည်ဖြင့် ရန်ကုန်-မန္တလေးက တက်လာတဲ့
သူတွေက သူတို့တွေက Stage ပေါ်မှာ ကျင့်သားရနေပြီ။ ဝေဖန်တာ
ပြောဆိုတာတွေကိုသူတို့တွေက ဦးဆောင်ပြီး လက်ရှိ ရှိထားတဲ့ခေါင်းဆောင်
တွေရဲ့ အားနည်း ချက်တွေကို ထောက်ပြဝေဖန်တာတွေ။ ဒီမိုကရေစီတပ်ဖွဲ့ဆိုရင်
ဘယ်လိုမျိုး ဖြစ်သင့်တယ်။ အခုလို လုပ်နေတာတွေက ဘာနဲ့တူတယ်ဆိုတာမျိုးပေါ့။
လူဆိုးဂိုဏ်းနဲ့ တူတယ်ပေါ့။ ဆိုတော့ အရှက်ရသွားကုန်တယ်။ အများအလယ်မှာ
အရှက်ရတယ်။ နောက်မဲခွဲလိုက်တဲ့ အခါကျတော့ တစ်မဲမှမရတော့ဘူး။ မရတော့
ဒါလည်း အကြီးအကျယ် အရှက်ကွဲတယ်။ အရှက်ကွဲတော့ အဲဒီမှာ ဒီဟာက အငြှိုးပဲ။
ဒါပေမဲ့ ကိုထွန်းအောင်ကျော်တို့ ရွေးကောက်ပွဲနဲ့
ခေါင်းဆောင်တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကိုညီဂျော်တို့၊
ကိုရဲလင်းတို့ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်စတဲ့ ရန်ကုန်၊ မန္တလေးက
လာတဲ့သူတို့။ နောက်ဦးစိန်တို့၊ ဦးစိန်ဆိုတာက ၁၉၇၄ ကတည်းက ယူဂျီအနေနဲ့
တောက်လျှောက် လုပ်လာတာ။ အကျဉ်းထောင် အကြိမ်ကြိမ်ကျလာတဲ့သူ။ ဆိုတော့
ပြည့်ဝမှုတို့ဘာတို့က ကွာသွားပြီလေ။ ဦးစိန်တို့ လည်း ခေါင်းဆောင်တွေဖြစ်။
ဒါပေမဲ့ ပြဿနာက ဟိုနဂိုရှိထားတဲ့ကောင်တွေက မလွှဲချင်ဘူး။ လက်နက်ကလည်း
ရှိတယ်။ ဟိုသေနတ်ဖောက်၊ ဒီသေနတ်ဖောက်၊ အရက်သောက်နဲ့ ငါတို့က
ဒီလေ့ကျင့်ရေးကွင်းတွေ ငါတို့ဖောက်ထားတာပေါ့။ ဒီတဲတွေ
ငါတို့ဆောက်ထားတာပေါ့။ အခုမှ ဒီကောင်တွေကလာပြီး ဘာညာပေါ့။
ဒါမျိုးတွေပေါ့ဗျာ။ အဲဒီတော့ ရန်ကုန်၊ မန္တလေး ခေါင်းဆောင်တွေနဲ့
ကိုထွန်းအောင်ကျော်တို့က စဉ်းစားတယ်။ သူတို့ပြောတာလည်း ဟုတ်တာပဲပေါ့။
ဒီလူတွေကိုလည်း တတ်နိုင်သလောက် နေရာလေး တစ်ခုထားသင့်တယ်ပေါ့။ ဆိုပြီးတော့
ဗဟိုကော်မတီထဲမှာ ဆွဲထည့်တာ။ ဆိုတော့ အတွင်းရေးမှူး (၁)ပေါ့။
ကိုသံချောင်းဆိုလည်း စစ်ရေးက စစ်ရေးပဲပေါ့။ ကိုမျိုးဝင်းက
သူ့ကိုစစ်ရေးတာဝန်ခံ ဒုတိယသူ့ကိုပေးပါပေါ့။ အဲဒီမှာ ငါတို့က နိုင်ငံရေးအရ
နေပြီးတော့ စစ်ရေးတာဝန်ကို ညွှန်ကြားမှာပဲ။ ကဲ ရတယ် ယူကြဆိုပြီးတော့
ကိစ္စမရှိဘူးပေါ့။ အဲဒီလို ပေးလိုက်တဲ့ဥစ္စာက အခုဟာရဲ့ တကယ့်ပြဿနာပဲ။
ဘာလို့လဲဆိုတော့ အဲဒီနေရာကို ခြေကုပ်ယူပြီးတော့ အကွက်ကျကျ
စီစဉ်ခွင့်ရသွားတယ်။ အချိန်ယူပြီး အယုံသွင်းတယ်ပေါ့ဗျာ။
ကိုထွန်းအောင်ကျော်ဆိုလည်း ဆက်ဆံရေး ပြောင်းသွားတယ်။ ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌနဲ့
ကျိုးကျိုးနွံနွံနဲ့ လုပ်ပြတယ်။ အခြေခံကျတဲ့ ရဲဘော်တွေအောက်မှာလည်း
အရင်လို အာဏာသုံးတာတွေ ဘာတွေ မလုပ်တော့ဘဲနဲ့ပေါ့။ သူတို့က အကြံရှိတာကိုး။
အဲဒီလိုမျိုးနဲ့ အချိန်ယူ ပြီးတော့ အငြှိုးအတေး အာဃာတနဲ့လက်စားချေတာ။
အဲဒီတော့ အာဏာလုပွဲပါပဲ။ တော်တော်လေး ယုတ်ယုတ်မာမာနဲ့
အောက်တန်းကျကျလုပ်တဲ့ အာဏလုပွဲပဲ။
ဆိုတော့နိုင်ငံရေး အမြင်ရှိ တဲ့သူတွေကို ရှင်းထုတ်လိုက်တဲ့ သဘောပေါ့။
ဒါပါပဲ။
အဲဒီအချိန်မှာ ABSDF က ဒေါက်တာနိုင်အောင်တို့ အဲဒီဘက် ရောက်နေပြီလား။
ဒေါက်တာနိုင်အောင်တို့က ဒီပြဿနာတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန်မှာ
တောင်ပိုင်းနဲ့ ဆက်သွယ်တယ်လို့ဆိုတယ်။ ဒါတွေက ပြောရရင်တော့ ကျွန်တော်
တို့ ပြဿနာတွေဖြစ်တဲ့ အချိန်မှာ နေ့စဉ်နဲ့အမျှ ရိုက်နှက်နေတော့ အဲဒီထဲကနေ
ဖမ်းယူရတာပေါ့။ မျက်လုံးစီး ရိုက်နှက်နေတော့ အသံတွေနဲ့ပဲ ကြားရတာပေါ့။
ထဲထဲဝင် ဝင်လားဆိုတော့ မဟုတ်ဘူး။ ဒါပေ မဲ့ ဒီဟာတွေက ထဲထဲဝင်ဝင်ရှိခဲ့တဲ့
အဲဒီအချိန်က ခေါင်းဆောင်တွေထဲပါတဲ့ ကိုသိုက်ထွန်းဦးတို့လို
ပုဂ္ဂိုလ်မျိုးပေါ့။ သူပါတယ်။ သူက သူ့မှာ အပြစ်ရှိတယ်လို့လည်း ပြောတယ်။
သူက အဲဒီအထဲမှာ ဝင်ရိုက်ရတယ် လို့လည်းပြောတယ် စသဖြင့်ပေါ့။ အပြင်မှာ
အဖမ်းမခံရဘဲနဲ့ ကျန်နေတဲ့ မျက်မြင် ရဲဘော်တွေရှိသေးတယ်။
ဒီရဲဘော်တွေရဲ့ပြောပြချက်တွေနဲ့ လည်း ကျွန်တော်တို့က သိရတယ်။
ကျွန်တော်တို့ ကိုယ်တိုင်လည်း ကိုနိုင်အောင် ရောက်လာတော့ ရှိတယ်လေ။
ကျွန်တော်တို့နဲ့ တွေ့ရတယ်။ တွေ့ရတယ်ဆိုပေမယ့် စကားမပြောရဘူး။
အဲဒီအချိန်မှာ ကျွန်တော်တို့က သုံ့ပန်းလိုဖြစ်သွားပြီ။
သူကတကယ့်တော်လှန်ရေးခေါင်းဆောင် ကြီးတစ်ယောက် ဖြစ်တယ်ပေါ့။ သူလာတဲ့အခါမှာ
ကျွန်တော်တို့ကို ဒီကောင်တွေကို ဟိုဟာတွေဆိုပြီး ကြည့်သွားတာ။ ဒါပေမဲ့
ကျွန်တော် တို့ထဲမှာမှ သူတို့တောင်ပိုင်းက တက်လာတဲ့ ရဲဘော်တွေကို
တစ်ယောက်ချင်းခေါ်တွေ့ပြီးတော့ တချို့တွေကို ရိုက်နှက်သွားတာရှိတယ်။
ကိုသိန်းထွန်းဆို အခုအချိန်အထိ နားတွေမကြားတော့ဘူး။ ကိုနိုင်အောင်
ရိုက်သွားတာ။
ဆိုတော့ စဖမ်းတဲ့အချိန်မှာ ကိုနိုင်အောင် မရှိဘူး။ တောင်ပိုင်းနဲ့
ဆက်သွယ်တဲ့အခါမှာ သူတို့က လက်ခံတာ။ ဒါကိုသေချာလုပ်ပေါ့ စသဖြင့်ပေါ့ဗျာ။
ဒါမျိုးတော်လှန်ရေး တပ်ဖွဲ့ထဲမှာ ရှိတတ်တယ်ပေါ့။ နောက် သူရောက်လာပြီးတော့
ဖေဖော်ဝါရီလ ၁၂ ရက်ပေါ့။ လွန်ခဲ့ တဲ့နှစ် ၂ဝ က ဒီနေ့ပေါ့။ နည်းနည်း
စောပြီး ကျွန်တော်တို့ကို ထမင်းကျွေး လိုက်တယ်။ ကျွန်တော်တို့က
အဲဒီအချိန်မှာ တောထဲမှာ ထင်းဖြတ်၊ ကျောက်ထုပေါ့။ နံနက်လင်းတာနဲ့
အခုရှိနေတဲ့ ရဲဘက်ပေါ့။ အဲဒီထက် ပင်ပန်းတယ်။ အကန်အကျောက်လည်း ခံရတယ်။
ထင်းခုတ်၊ ဝါးခုတ်၊ လမ်းပြင်အကုန် လုပ်ရပါတယ်။ လုပ်နေရင်းနဲ့
မနက်ပိုင်းမှာ အလုပ်သိမ်းလိုက်တယ်။ သိမ်းပြီးတော့ လက်ပြန် ကြိုးတွေ တုပ်၊
မျက်လုံးတွေစည်း။ လူတွေကလည်း အများကြီးရောက်လာတယ်။ မလှုပ်နဲ့ဘာဖြစ်တယ်။
ညာဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာစကားမှာ တုပ်တုပ်မျှ
မလှုပ်နဲ့ဆိုတဲ့စကားပေါ့။ နားရွက်မခတ်နဲ့ပေါ့ဗျာ။ လှုပ်တဲ့ကောင်က အုန်းခနဲ
ဒိုင်းခနဲ ဖြစ်သွားတာ။ ပြီးတော့မှ နာမည်ရှိတဲ့ သူတွေ သူတို့စီစဉ်လာတဲ့
သူတွေခေါ်တယ်။ အဲတော့ အဲဒီလိုမလုပ်ခင်မှာသူတို့ လက်မှတ်ထိုးပြီးပြီလေ။
တပ်ဖွဲကို ကြေညာခဲ့ပြီ။ ဒီလူတွေကို သေဒဏ်ပေးမယ် ဆိုပြီး။ အဲသလို
ကြေညာပြီးတော့မှ သူတို့ တက်လာ တာ။ တက်လာပြီးတော့မှာ ကိုထွန်းအောင်ကျော်
အပါအဝင်ပေါ့ ၁၅ ယောက် ခေါ်ထုတ်သွားတာ။ ကျွန်တော်တို့တွေက ကျန်ခဲ့တယ်။
အဲဒီမှာခေါင်းဖြတ်တာ။
ဒါဆို ဒီပြဿနာမှာ ဒေါက်တာ နိုင်အောင်က အဓိကကျတဲ့ အခန်းကဏ္ဍက ပါတာပေါ့။
ပါတာပေါ့။ သူက တောင် ပိုင်း ဥက္ကဋ္ဌလည်း ဖြစ်တာ။ ဒီဘက်မှာ
တက်လာတဲ့အခါမှာလည်း သူ့ကို ကိုအောင်နိုင်တို့ ဘာတို့ကလည်း အသိအမှတ်ပြုတဲ့
မဟာမိတ်အနေနဲ့ ပါဝင်တာ။ ဆို တော့ ဒီဟာထဲမှာ သူရဲ့သဘောထား ပါဝင်ပါတယ်။
သတ်တဲ့သူတွေက ပြောတာ တော့ Informer (သတင်းပေး) ဆိုပြီး ပြောတယ်။
သူတို့ပြောတာတော့ သူလျှို ဖော်ထုတ်တယ်ပေါ့။
အဲဒီအချိန်မှာ မိုးသီးဇွန်ကရော။
အဲဒီမှာ မိုးသီးဇွန်နဲ့ ဒေါက်တာ နိုင်အောင်ကွဲနေပြီ။ နောက် ကျွန်
တော်တို့ ဒီဘက်ကိုရောက်လာပြီး နောက်ပိုင်း ထောင်က လွတ်လာတယ်။ နောက်
ပတ်စပို့ရလာတော့ အပြင်ထွက်ခွင့်ရတယ်။ နိုင်ငံပြင်ပ လူတွေနဲ့
ဆက်သွယ်ခွင့်ရတဲ့အချိန်မှာ ကြေညာချက်သုံးစောင် ရထားတယ်။ တစ်စောင်က
မိုးသီးဇွန်၊ နောက်တစ်စောင် က ဒေါက် တာ နိုင်အောင် ဦးဆောင်တဲ့ အဖွဲ့ရဲ့
ကြေညာချက်၊ နောက်တစ်စောင်က BLC ရဲ့ ကြေညာချက်။ ကိုအောင်ထူးတို့ပေါ့။
ရှေ့နေများ ကောင်စီရဲ့ ကြေညာချက်။ ဒါတွေ ကျွန်တော့်မှာရှိပါတယ်။ BLC က
ဒေါက်တာနိုင်အောင်တို့နဲ့ သဘောထားတူတယ်။ ကိုမိုးသီးဇွန် ထုတ်ထားတဲ့
သဘောထားမှာ ဒါကို လက်မခံနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရတဲ့
ကြေညာချက်တွေက သတ်ပြီးမှရတဲ့ ကြေညာချက်တွေ။ သတ်ပြီးသွားတဲ့အချိန်မှာ
ကိုမိုးသီးဆိုဒ်က လက်မခံဘူးလို့ ထုတ်တယ်။ ကိုနိုင်အောင်တို့ က
ဖော်ထုတ်ခဲ့ပြီး သုတ်သင်ခဲ့တာ ရှိတယ်။ ထောက်လှမ်းရေးတွေဟာ ကျွန်တော်တို့
တပ်ဖွဲ့ထဲဝင်ပြီး ခေါင်းဆောင်ပိုင်းနေရာကို ယူမယ်။ ဘယ်လို ဖြိုခွင်းမယ်။
အဲဒါကြောင့်မို့ သူတို့လုပ်ရတာပေါ့။ BLC ကလည်း အဲဒီ သဘောပါပဲ။ ဒီဟာကို
လက်ခံတယ်ဆိုတဲ့ သဘောထားမျိုး တောတွင်းဥပဒေအရ လုပ်ရတယ်ပေါ့။
ဆက်လက်ဖော်ပြပါမည်
မျိုးညွန့်၊ မိုးမြင့်မြတ်
ပေါ်ပြူလာမြန်မာ မှကူးယူဖော်ပြပါသည်
(http://popularmyanmar.com/mpaper/archives/37220 )
--
..ရွှေငွေနဲ့ ...... ဂုဏ်ဒြပ်တို့  မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး
အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံးနေဖို့  ။
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။