ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ အဆိုအပေါ် ရှုမြင်သုံးသပ်ချက်
(ထိန်လင်း)
by New D-Wave on Wednesday, February 8, 2012 at 6:16pm ·
(ချင်းမိုင်)- နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်း
ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များထံမှတစ်ဆင့်
ရရှိခဲ့သော အဆိုတင်သွင်းချက်ကို အနုလုံပဋိလုံ ဖတ်ရှု လေ့လာပြီးသကာလ
ဒီဆောင်းပါး ဖြစ်ပေါ်လာရကြောင်း ဦးစွာ တင်ပြလိုပါတယ်။
သူရဦးရွှေမန်းဟာ သာမန်ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အဆိုတင်သွင်းဖို့
တင်ပြခဲ့ပေမယ့်လည်း ဦးခင်အောင်မြင့်ရဲ့ ခွင့်ပြုချက်နဲ့ ပြည်သူ့လွှတ်တော်
ဥက္ကဌ အနေနဲ့ အဆိုတင်သွင်းနိုင်ခဲ့ခြင်း ဖြစ်တာကို သိရှိရလို့လည်း
လေးစားမိပါတယ်။ သို့သော်လည်း အဆိုအပြည့်အစုံကို ဖတ်ရှု
လေ့လာပြီးသည့်နောက်တွင်တော့ မြန်မာနိုင်ငံရဲ့ ဥပဒေပြု မဏ္ဍိုင်တွင်
Capacity Building များစွာ လိုအပ်နေကြောင်း သတိပြုမိသဖြင့် စိတ်မကောင်း
ခြင်း ကြီးစွာလည်း ဖြစ်ပေါ်လာရပါတယ်။ စာရေးသူဟာ လက်ရှိမြန်မာ့
နိုင်ငံရေးမျက်နှာစာ မှာ မည်သည့်ဘက်တွင်မှ ပါဝင်ခြင်း၊ ထောက်ခံခြင်း၊
အားပေးကူညီ ခြင်း မပြုဘဲ စစ်တုရင် ကစားပွဲတစ်ခုကို ဘေးမှထိုင်ကြည့်နေသည့်
အခြေအနေသာ ဖြစ်ပါတယ်။ သို့နှင့်ပင် ဤသို့ ရှင်းရှင်းလင်းလင်း
ရှုမြင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်ဟုလည်း စဉ်းစားမိပြန်ပါတယ်။ ဒီမိုကရေစီ
သဘောတရားအရ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့် ရှိသည့်အတိုင်း
လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါတယ်။ ဒီဆောင်းပါးဟာလည်း လွတ်လပ်စွာ
သဘောထားကွဲလွဲပိုင်ခွင့်ရဲ့ အခွင့်အရေးတစ်ရပ်အဖြစ် ယူဆသော်
ရနိုင်ကောင်းပါလိမ့်မယ်။
ကြံ့ဖွံ့လော-ဒီချုပ်လော-တတိယလှိုင်းလော
သူရဦးရွှေမန်းဟာ ဒီမိုကရေစီ ဘက်တော်သားတစ်ဦး ဆိုတဲ့ ပုံရိပ်ကို အထင်
အရှားပုံဖော်လာသည့်အပြင် ယခုအဆိုတင်သွင်းမှု၌ ဦးသိန်းစိန်အစိုးရကို
တိုက်ရိုက်ရည် ရွယ်သော Political Challenge ကို ခြေလှမ်းလိုက်ခြင်းလည်း
ဖြစ်တယ်လို့ ရှုမြင်ရပါတယ်။ တစ်ခုကောင်းတာက ဦးသိန်းစိန်ဟာ
ဦးရွှေမန်းနည်းတူ ကြံ့ဖွံ့ Platform နဲ့ တက်လာတာ ဖြစ်တဲ့အတွက်
ပါတီအခြေခံချင်းတူသော်ငြားလည်း နိုင်ငံနှင့်ပြည်သူတို့ရဲ့ အကျိုးစီးပွား
ဖော်ဆောင်ရာ၌ လူပုဂ္ဂိုလ်၊ ပါတီမျက်နှာ မကြည့်ဘဲ သန်း(၆၀)သော ပြည်သူတို့၏
မျက် နှာကိုသာ ကြည့်သည်ဖြစ်၍ မြန်မာ့ဒီမိုကရေစီခရီးဟာ အတော်ပင်
လင်းပွင့်လာခဲ့ပြီဟု မှတ်ယူနိုင်ပါတယ်။ ရန်ငါစည်း
ပြတ်အောင်ကြည့်မည်ဆိုလျှင် ဦးရွှေမန်းဟာ လက်ရှိအချိန် မည်သည့်ဘက်တွင်
ရပ်၍ မည်သည့်နေရာတွင် ရှိနေပါသလဲ။ ကြံ့ဖွံ့လော၊ ဒီချုပ်လော၊
တတိယလှိုင်းလော ဟူသော မေးခွန်းနဲ့ Emotional Quotient ၏ လားရာတို့ကို
အမှန် အတိုင်း ကြည့်လျှင် ဦးရွှေမန်း ဘာလဲ ဘယ်လဲကို မြင်နိုင်မှာ
ဖြစ်ပါတယ်။
အဂတိလိုက်စားမှု၏ ဖြေရှင်းချက်သည် လစာ၊ လုပ်ခ တိုးမြှင့်ပေးခြင်းလော
အဂတိလိုက်စားမှုဟူသည်ကို တိုက်ဖျက်ရာ၌ လစာ၊ လုပ်ခသည် အဓိက အကြောင်း ရင်း
ဖြစ်သည်ဟူ၍ မည်သည့်ပညာရှင်၊ မည်သည့်နိုင်ငံရေးခေါင်းကိုင်ကြီးများက ပြော
ကြားခဲ့ခြင်း မရှိ။ စာရေးသူတို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့
အဂတိလိုက်စားမှုများကို လစာ၊ လုပ်ခ တိုးမြှင့်ပေးရုံဖြင့် ပြေလည်သွားမည်ဟု
စာရေးသူ မထင်။ ယခုနောက်ဆုံး လွှတ် တော်မှ ထုတ်ပြန်သော သတင်းများအရ
ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ စုစုပေါင်း (၁၁)ဘီလျံကျော် ရှိသည့်အပြင်
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက်လိုငွေ ကျပ် ဘီလျံ နဲ့ချီပြီး
ရှိခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ လစာတိုးမြှင့်ပေးရာမှာလည်း ဒီလိုမျိုး၊
ဦးရွှေမန်း ပြောသလိုမျိုး အစိုးရက အဂတိလိုက်စားမှုတွေ တားဆီးဖို့
လစာတိုးပေးပါ ဆိုတဲ့ တောင်း ဆိုချက်က ပညာရှင် ဆန်သလား၊ လက်တွေ့ကျသလား
ပြန်ကြည့်ဖို့ လိုပါတယ်။ တစ်ကယ်တမ်း ဒီပြဿနာကို ဖြေရှင်းချင်တယ် ဆိုရင်
လွှတ်တော်ကနေ ခေတ်နဲ့လျော်ညီ တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ တစ်ရပ်
ပြဌာန်းပေးရပါမယ်။ တစ်ဆက်တည်း မှာပဲ ဒီဥပဒေမှာ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ သီးခြားလွတ်လပ်တဲ့ ကော်မ ရှင်
ဖွဲ့စည်းဖို့ ပြဌာန်းရပါလိမ့်မယ်။ ပြီးတော့ အစိုးရဘက်ကသော်လည်းကောင်း၊
ဖွဲ့စည်း လိုက်တဲ့ ကော်မရှင်ကသော်လည်းကောင်း နည်းဥပဒေတွေ ထုတ်ပြန်ရပါမယ်။
ပြီးတော့ ဒီ ကော်မရှင်အဖွဲ့ဝင်တွေကို တိကျခိုင်မာတဲ့ လုပ်ပိုင်ခွင့်တွေ
ပေးအပ်ရပါမယ်။ ပြီးတော့ သီး ခြားလွတ်လပ်တဲ့ ကော်မရှင်ဟာ
အဂတိလိုက်စားမှုတွေကို သေးသည်မဟူ ကြီးသည်မဆို ထိထိရောက်ရောက်
နှိမ်နင်းရပါမယ်။ သူတို့ကို ခိုင်မာတဲ့ လစာ၊ စရိတ်တွေ ချီးမြှင့်ပေးရ မှာ
ဖြစ်ပါတယ်။ ပြီးတော့ အဲဒီကော်မရှင်ကို ပြန်လည်လေ့လာစောင့်ကြည့်မယ့်
ယန္တရား တစ်ရပ် လွှတ်တော်မှာ ဖွဲ့စည်းပြီး စောင့်ကြည့်ရပါမယ်။ ဒီနေရာမှာ
ဝန်ထမ်းတွေလာဘ် မစားဖို့ လစာတွေ တိုးသင့်ရင်၊ တိုးပေးနိုင်ရင်
တိုးပေးရပါမယ်။ ပြီးတော့လည်း အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်
ဖွဲ့စည်းရာမှာ (၁)ယင်းကော်မရှင်ကိုယ်တိုင် အဂတိတရား ကင်းရှင်းရမယ်၊ (၂)
ရဲတပ်ဖွဲ့သော်လည်းကောင်း၊ နိုင်ငံရေးထိန်းချုပ်မှုများအရသော်လည်း ကောင်း
ပတ်သက် ဆက်နွယ်မှု မရှိဘဲ သီးခြားလွတ်လပ်ရမယ်၊ (၃) ဥပဒေ၊ နည်းဥပဒေ၊
လုပ်ထုံးလုပ်နည်း တိကျခိုင်မာစွာနဲ့ အကောင်အထည်ဖော်နိုင်ရမယ်၊ (၄)
အစိုးရအပါ အ၀င် အားလုံးကလည်း အဆုံးစွန်ထိတိုက်ဖျက်သွားဖို့
အာမခံနိုင်ရမယ်၊ (၅) ယင်းကော် မရှင်ကို ပြန်လည်စောင့်ကြည့်တဲ့ စနစ်
ရှိရမယ်၊ (၆) လူ့အဖွဲ့အစည်းတစ်ခုလုံးမှာလည်း အဂတိလိုက်စားမှုကို
ရွံ့ရှာမုန်းတီးတဲ့ ယဉ်ကျေးမှု ရှိအောင် လုပ်ရမယ်။ ဒါတွေကို လွှတ် တော်ဘက်က
အတော်များများ လုပ်နိုင်ပါတယ်။ လုပ်ဖို့လည်း လိုပါတယ်။ ဖွဲ့စည်းရာမှာ
လည်း Universal Model, Investigative Model, Parlimentary Model,
Multi-Agency Model သတဲ့ မော်ဒယ် အမျိုးမျိုးရှိရာမှာ မြန်မာနိုင်ငံနဲ့
ဘယ်ပုံစံက ကိုက်ညီမလဲ ပြန်ကြည့် ဖို့ လိုတယ်။ (ဒါက အကြောင်းရင်း
တစ်ချက်ပါ။)
နောက်တစ်ချက်က လစာတိုးမြှင့်ပေးရေး ဆိုတဲ့အချက်။ ဆိုတော့ကာ မြန်မာနိုင်ငံ
ဟာ LDC နိုင်ငံဖြစ်တယ်၊ အကြွေးဗလဗျစ် ရှိနေတယ်၊ ဘတ်ဂျက်လိုငွေ သိပ်ကို
များလွန်း နေတယ်၊ ငွေကြေးဖောင်းပွမှုအန္တရာယ် ရှိနေသေးတယ်၊ ကုန်သွယ်မှု
ပုံမှန် မဟုတ်သေး ဘူး၊ မက်ခရိုစီးပွားရေး ခိုင်မာအောင် တည်ဆောက်ဖို့
လိုသေးတယ်။ (မက်ခရိုစီးပွားရေး ကို နားလည်ရင် ဒီစကားမျိုး ပြောထွက်မှာ
မဟုတ်ဘူးလို့ ထင်တယ်)။ မက်ခရိုစီးပွားရေး မှာ ဂျီဒီပီ၊ ဂျီအင်န်ပီ၊
ငွေလဲနှုန်း၊ ဘဏ်များအနေအထား၊ ငွေကြေးနဲ့ ဘဏ္ဍာရေးပေါ်လစီ၊
ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်မှု၊ ကုန်ထုတ်သတ္တိ၊ အရင်းအမြစ်၊ လူဦးရေ၊
တစ်ဦးချင်းဝင်ငွေ၊ အခြေခံအဆောက်အအုံ၊ ပြည်သူတွေရဲ့စားသုံးမှု၊
ဝယ်ယူနိုင်စွမ်းအား၊ အိမ်ထောင်စုများရဲ့ စုဆောင်းငွေ၊ ပြည်ပကြွေးမြီ
အများကြီး တွက်ချက်ရတာမျိုး ဖြစ်တယ်။ ဒေတာတစ်ခု တည်း၊ ဖြစ်ချင်တာ
တစ်ခုတည်းနဲ့ လုပ်ဆောင်ရတာမျိုး မဟုတ်ဘူး။ (ဒါက အဓိက အကြောင်းရင်း
ဖြစ်တယ်။)
ပြည်ပရောက် အလုပ်သမားပြဿနာ
ပြည်တွင်းမှာ လစာနှုန်းထားတွေ နိမ့်ကျနေလို့ မြန်မာတွေ
ပြည်ပသွားလုပ်ကိုင်နေ ရတယ်ဆိုတဲ့ ပြောကြားချက်ကတော့ သဘာဝယုတ္တိနဲ့
ကင်းကွာလွန်းနေတာကို တွေ့ရှိရ တယ်။ ဘာကြောင့် ပြည်ပသွားပြီး
လုပ်နေကြရသလဲ။ စာရေးသူတို့ ချင်းမိုင်မှာရှိတဲ့ သူတွေ က ဒီအချက်ကို
ပိုပြီး သိနိုင်မယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်
အလမ်းတွေ မရှိလို့ ရှိတဲ့ ပြည်ပနိုင်ငံတွေကို စီးဆင်းရတာ ဖြစ်တယ်။
ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ နိုင်ငံတွေမှာ ဒီပြဿနာ အနည်းနဲ့ အများ
ရှိနေကြတာဖြစ်တယ်။ ဦးသိန်းစိန်အစိုးရကို အကောင်းမြင်တာတော့ မဟုတ်ဘူး။
ဒါပေမယ့် ထားဝယ်၊ မြ၀တီ၊ ကော့ကရိတ် စက်မှုဇုန် တွေ ပေါ်လာရင် ဒီမှာရှိတဲ့
မြန်မာတွေ ပြည်တော်ပြန်ပြီး လုပ်ကိုင်ကြဖို့ ပြင်ဆင်နေကြ သလို
ယိုးဒယားလုပ်ငန်းရှင်တွေလည်း မြန်မာတွေ ပြန်သွားရင် Labour Shortage
ဖြစ်မှာ ကို တွေးပူပြီး စက်ရုံတွေ မြန်မာနိုင်ငံပြောင်းဖို့
တော်တော်များများ စဉ်းစားနေကြတာကို တွေ့ရှိရတယ်။ မြန်မာတွေ
သူများနိုင်ငံမှာလည်း လုပ်ခ၊ လစာ ထိုက်ထိုက်တန်တန် ရ သလား မေးရင်
မရဘူးလို့ ဖြေရမှာ ဖြစ်တယ်။
ယိုးဒယားတွေ မလုပ်ချင်တာမှန်သမျှ မြန်မာတွေ လုပ်နေရပေမယ့်လည်း ကိုယ့်ဆီ
မှာမှ ဒီအလုပ်တွေ မရှိတာ။ ဆန်ရှင်ပိတ်ထား တာလည်း တစ်ကြောင်း အပါအ၀င်
ဖြစ်တယ် ဆိုတာကို သိဖို့ လိုအပ်တယ်။ FDI တွေ မြန်မာနိုင်ငံကို
စီးဝင်လာရင် ဒီကိစ္စအလိုလို ဖြေရှင်းပြီး ဖြစ်သွားမယ်။ လွှတ်တော်က
ဘာလုပ်ရမလဲ။ ကိုယ့်အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ
ကာကွယ်စောင့်ရှောက်နိုင်မယ့် ဥပဒေတွေ လုပ်ပေးဖို့ လိုတယ်။ ဦးသိန်း
စိန်လက်ထက် ပြည်ပရောက်မြန်မာတွေကို ဂရုတစိုက်ရှိလာတာကိုလည်း အသိအမှတ်
ပြုဖို့ လိုတယ်။ ဒါပေမယ့် ဦးသိန်းစိန်ဟာ ပြည်ပရောက်လုပ်သားတွေကို
စေတနာနဲ့ လုပ်ပေးနေတာ ဖြစ်ပြီး ဥပဒေ ခိုင်ခိုင်မာမာ မရှိသေးဘူး၊
ပြည်ပနိုင်ငံတွေနဲ့ တရားဝင် ပဋိဥာဉ်တွေ မရှိသေးဘူး၊ ဒါတွေကို
လွှတ်တော်ဘက်က လုပ်ပေးဖို့ လိုတယ်။ (လစာ အကြောင်းပြုပြီး
ဦးသိန်းစိန်အစိုးရကို လက်ညိုးထိုးတာကတော့ သာမန်လူပြိန်းအတွေး
ဆန်လွန်းနေတယ်လို့ မြင်တယ်။)
လူဦးရေစာရင်း
မြန်မာနိုင်ငံမှာ လူဦးရေဘယ်လောက်ရှိသလဲ ဆိုတာကို အတိအကျ ကောက်ခံနိုင်
ခြင်း မရှိဘဲ ပုံသေနည်းနဲ့ တွက်ချက်လာခဲ့တာ စစ်အစိုးရသက်တမ်း
တစ်လျှောက်လုံးပဲ ဖြစ်တယ်။ တလောက ဦးခင်ရီက ဒါတွေကို ကုလသမဂ္ဂနည်းပညာ၊
ပံ့ပိုးမှုနဲ့ စီမံကိန်းချ ဆောင်ရွက်နေပြီ ဆိုတာ တွေ့ရှိရတယ်။
လွှတ်တော်မှာလည်း လ၀က က တင်ပြထားပြီး ဖြစ်တယ်ဆိုတာလည်း တွေ့ရှိရတယ်။
ဒီစီမံကိန်းမှာ (၄)နှစ်အချိန်သတ်မှတ်ချက်နဲ့ Data Base တည်ဆောက်ပြီး
ဆောင်ရွက်သွားမယ်၊ ဖွား/သေ စာရင်းတွေ Update လုပ်ဖို့တွေ
တွေ့ရှိရတဲ့အတွက် ဦးရွှေမန်းရဲ့ ပြောကြားချက်ဟာ ဦးသိန်းစိန်ဘက်က
ကြည့်ရင် အတော် ကလေးကို လွဲချော်နေတာ တွေ့ရှိရတယ်။
တောင်သူလယ်သမား၊ အလုပ်သမား
ဦးသိန်းစိန် တက်လာကာစ စပြီးလုပ်ခဲ့တဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုတာဟာ
မိုက်ခရိုစီမံကိန်း ဖြစ်တယ်။ ဒါနဲ့ လုံလောက်ပြီလားဆိုတော့
မလုံလောက်သေးဘူး။ လယ် ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲဖို့
အစိုးရသစ်က မြေစမ်း ခရမ်း ပျိုးနေတဲ့ အဆင့်ပဲ ရှိသေးတယ်။
အရန်ဆန်စီမံကိန်း၊ မြေယာဥပဒေ၊ မြေလွတ်မြေရိုင်း ဥပဒေ၊ အသေးစားချေးငွေ
စတဲ့ တိုးတက်မှုအသစ်တွေကို တွေ့ရှိရပေမယ့်လည်း မလုံ လောက်သေးတာ မှန်တယ်။
လစာတိုးမြှင့်ရေးက ရေးခဲ့သလိုပဲ မက်ခရိုလယ်ဗယ်လ်နဲ့ သုံး သပ်မှ
နီးစပ်နိုင်မယ်။ ဘဏ်တွေ လုပ်ကိုင်နိုင်စွမ်း မြင့်မားနေပြီလား၊
လယ်ယာအခြေခံ စက်မှုလုပ်ငန်းတွေ ထွန်းကားပြီလား၊ ထွန်းကားစေမယ့် ဥပဒေတွေ၊
မူဝါဒတွေ ရှိပြီလား။ လွှတ်တော်ဘက်က ဒါတွေ လုပ်ပေးဖို့ လိုမယ်။
လယ်ယာလုပ်ငန်းတွေမှာ သွင်းအားစုက အစ အစိုးရဘက်က ပံ့ပိုးပေးရမယ် ဆိုတဲ့
ပြောကြားချက်ဟာ ကုလသမဂ္ဂက တိုက်တွန်း ထားတဲ့ Public-Private
Partnership-3P ကို မသိလို့ ပြောနေတာ ဖြစ်တယ်လို့ ယူဆ တယ်။ အခုဆိုရင်
ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်၊ အေဒီဘီ စတဲ့ အင်စတီကျူးရှင်းတွေ
မြန်မာနိုင်ငံအတွက် လေ့လာချက်တွေ ဆောင်ရွက်လို့ ရပြီ ဖြစ်တဲ့အကြောင်း
အိုဘားမား အစိုးရက ကြေညာတယ်။ ဒါဟာ အခွင့်ကောင်းပဲ ဖြစ်တယ်။
ဒီလိုအဖွဲ့အစည်းတွေနဲ့ ပေါင်း ပြီး မက်ခရိုစီးပွားရေးတစ်ခုလုံးကို
Reconstruction လုပ်ရမှာ ဖြစ်တယ်။ ဦးရွှေမန်းအနေနဲ့ နိုင်ငံတစ်ခုလုံးရဲ့
အဓိက အင်အားစု ဖြစ်တဲ့ လယ်သမား၊ အလုပ်သမား အရေးကိစ္စကို မဟာဗျူဟာ ကျကျ
စဉ်းစားတွေးခေါ်ပြီး သုံးသပ်ဖို့ လိုတယ်။ အစိုးရဘက်က မလုပ်နိုင်ရင်၊
မလုပ်ချင်ရင် လွှတ်တော်ဘက်က ကော်မတီတွေက လုပ်ပေးနိုင်တယ်။ ပြီးရင် ဥပဒေ
ရေး ဆွဲ အစိုးရကို လုပ်ခိုင်းလို့ ရတယ်။
Transactional Cost ပြဿနာ
အစိုးရကို ထောက်ပြဖို့ ဆိုရင် ဒီလို လူပြိန်းပြော ပြောဖို့
မကောင်းဘူးလို့ မြင်တယ်။ အစိုးရ၀န်ကြီးဌာနတွေအလိုက် ဘယ်ဌာနမှာ
Transactional Cost ဘယ်လောက်ရာခိုင် နှုန်းစီ ရှိနေတယ်ဆိုတာကို
အချက်အလက်ခိုင်ခိုင်မာမာနဲ့ ထောက်ပြဖို့ လိုတယ်။ ပြီးခဲ့တဲ့ အပါတ် True
News ဂျာနယ်မှ ဖတ်မိသမျှ ပို့ဆောင်ရေးဝန်ကြီးဌာနမှာ စီးပွားရေးလုပ်
ကိုင်နေတဲ့ ဌာနတွေကို အများပိုင်ပြောင်းမယ်လို့ တွေ့ရှိရတယ်။
ပြီးတော့လည်း ဆန်ရှင် ကြောင့် ကုန်သွယ်မှု တစ်ကြိမ်လုပ်တိုင်း၊
နိုင်ငံခြားငွေ လွှဲပြောင်းမှု တစ်ကြိမ်လုပ်တိုင်းမှာ Transactional Cost
၃၀% ရှိနေတာကို တွေ့ရှိရတယ်။ ဒီလိုပဲ ငါးလုပ်ငန်းမှာဆိုရင် ထုတ်
ပြန်ချက်အရ (၂၀%)ကျော် ရှိနေတာကို ကြားသိရတယ်။ ဒါမျိုးတွေကိုလည်း
တိတိကျကျ တွက်ချက်ပြီး ထောက်ပြဖို့ လိုတယ်။ အစိုးရကလည်း
နှစ်ပေါင်း(၅၀)ကျော် ရှင်သန်လည် ပတ်လာခဲ့တဲ့
ဗျူရိုကရေစီယန္တရားကြီးတစ်ခုလုံး ပြောင်းလဲဖို့ လုပ်ဖို့လိုတယ်။
အချိန်တော့ ယူရမယ်။ Capacity မြှင့်တင်ဖို့နဲ့ ဖြုတ်ထုတ်သတ်လုပ်ဖို့
လက်ဆမှန်ဖို့တော့ လိုမယ်။ ဒီနေရာမှာ လွှတ်တော်ဘက်က လိုအပ်တဲ့ ဥပဒေတွေ
ထုတ်ပြန်ပေးပြီး ဒီ Transactional Cost တွေ ကျဆင်းသွားအောင် လုပ်ပေးရမယ်။
အစိုးရကို Law နဲ့ ထိန်းရမှာ ဖြစ်တယ်။ ဒီလိုမျိုး လူကြားကောင်းအောင်
အစိုးရကို လက်ညိုးထိုးပြီး အပြစ်ပုံချနေတာမျိုးက လွှတ် တော်သမိုင်းမှာ
အရုပ်ဆိုးသွားစေမှာ ဖြစ်တယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ နိုင်ငံတော်ပိုင်လုပ်ငန်းများ
ဦးသိန်းစိန်အစိုးရလက်ထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှား
လာတာကို အားလုံးသိတယ်။ ဦးရွှေမန်း ပြောချင်တာက ဦးသိန်းစိန်ကိုလား၊
နယကကို လား မရှင်းဘူး ဖြစ်နေတယ်။ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းခြင်း၊
ထားဝယ်နဲ့ သီလ၀ါ ကျောက် မီးသွေးဓါတ်အားပေးစက်ရုံတွေ ဖျက်သိမ်းခြင်းတွေဟာ
ဒီအစိုးရလက်ထက်မှာ ဖြစ်လာတာ ဖြစ်တယ်။ သစ်တောဝန်ကြီးဌာနကို
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ထပ်ဆင့်တိုးပြီး လုပ်နေတာကိုလည်း တွေ့ရတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသံတွေကျယ် လာတာကိုလည်း တွေ့ရတယ်။
နောက်တစ်ချက်က အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ
မူဝါဒပြောင်းသွားတာကို တွေ့ရှိရတယ်။ ဒေါ်လာလဲနှုန်းကို
ပြင်ပပေါက်ဈေးနဲ့တွက်တာတွေ၊ စက်ရုံတွေ ရှုံးရင် ဘတ်ဂျက် ချမပေးတော့ဘဲ
ဘဏ်ချေးငွေနဲ့ ရယူ လည်ပတ်ဖို့ လုပ်နေတာတွေ ကြားသိရ တယ်။ ပုဂ္ဂလိက
လွှဲပြောင်းပေးတာတွေ၊ အများပိုင် ပြောင်းလဲဖွဲ့စည်းတာတွေ တွေ့မြင်နေ ရတယ်။
ဒီစက်ရုံတွေကလည်း ဦးရွှေမန်းကိုယ်တိုင် နံပါတ်(၃)အနေနဲ့
ပါဝင်လှုပ်ရှားခဲ့တဲ့ စစ်အစိုးရလက်ထက်က ဖြစ်စဉ်ဖြစ်ရပ်တွေလည်း ဖြစ်တယ်။
အခု လုပ်နေတာတွေက FDI ကို အလေးပေးတဲ့ အထူးဇုန်စီမံကိန်းတွေ ဖြစ်တာကိုလည်း
တွေ့ရှိရတယ်။
Systematic Omitted Speech
ပြောသင့်တာက မြန်မာနိုင်ငံမှာ ကြီးစိုးနေဆဲ ဖြစ်တဲ့ လက်ဝါးကြီးအုပ်မှုတွေ၊
နိုင်ငံ တော်စီးပွားရေးတစ်ရပ်လုံးကို လူတစ်စုတည်းက ချုပ်ကိုင်ထားတာတွေ
အဓိကဖြစ်တယ်။ ဦးရွှေမန်းက ဘာဖြစ်လို့ ဒီကိစ္စကို ထည့်မပြောသလဲ ဆိုတာကို
စဉ်းစားကြည့်ရင် အဖြေက ရှင်းနေတယ်။ Red Link, ဧရာရွှေဝါ၊ ဇေကမ္ဘာ
ဒီအုပ်စုတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေး နယ်ပယ်အစုံကို
လွှမ်းမိုးအုပ်စိုးထားတယ်။ မိသားစုစီးပွားရေးအင်ပါယာကြီး ကြီးထွားနေ
တာကိုတော့ ဘာဖြစ်လို့ မပြောသလဲ။ ပြောရရင် စစ်အုပ်စုခေါင်းဆောင်တွေထဲမှာ
ရှားရှား ပါးပါး Clean ဖြစ်တာ ဦးသိန်းစိန် ဖြစ်တယ်ဆိုတာကို
ဒေါ်စုကိုယ်တိုင် ၀ါရှင်တန်ပို့စ် အင် တာဗျူးမှာ ထည့်ပြောသွားတာ
တွေ့ရှိရတယ်။ ဦးရွှေမန်းကို ဘာဖြစ်လို့ အဲဒီလို ရည်ညွှန်း ခြင်း မပြုတာလဲ။
ဒေါ်စုဟာ အမြင်ကျယ်တဲ့ လူထုခေါင်းဆောင်ဖြစ်တာနဲ့အညီ ဒီလို ချီး
ကျူးတယ်ဆိုတာ ရှားပါး ဖြစ်ရပ်လို့ ဘန်ကောက်က သံတမန်တွေက ပြောနေကြတယ်။
ဦးသိန်းစိန်ကို ယုံတယ် လို့ ပြောခဲ့တဲ့ ဒေါ်စုဟာ ဦးရွှေမန်းကို
ယုံတယ်လို့ ဘာဖြစ်လို့ မပြောတာလဲ။ စာရေးသူ စဉ်းစားကြည့်မိတော့ အတွေးက
အမျှင်တန်းနေမိတယ်။ အခု အချိန်မှာ ဦးသိန်းစိန်တစ်ယောက် ဦးရွှေမန်းရဲ့
Challenge Speech နဲ့ ဖိအားတွေ ကျ ရောက်နေမှာကို စဉ်းစားမိတယ်။
စစ်အုပ်စုကို ဆန့်ကျင်တဲ့ စာရေးသူအနေနဲ့ ဦးသိန်းစိန် အကြောင်း
ကြားသိရသမျှနဲ့တင် ပုဂ္ဂိုလ်ရေး လေးစားမှု ရှိတာတော့ အမှန်ပဲ။ Eleven Media
CEO ဒေါက်တာသန်းထွဋ်အောင်ကိုယ်တိုင်ကလည်း ၈၈ အရေးအခင်းတုန်းက ဒုတိ
ယဗိုလ်မှူးကြီးသိန်းစိန်ဘ၀တုန်းက ကြုံတွေ့ခဲ့ရတဲ့ ကောင်းကွက်တွေကို
တစ်လောက သူ့ ဂျာနယ်မှာ ထည့်သွင်းဖော်ပြလာတာကို သတိထားမိတယ်။
နိုင်ငံခြားသံတမန်တွေဆီက ကြားသိရသမျှမှာလည်း ဦးသိန်းစိန် နာမည်က
ကောင်းနေတယ်။
တစ်ခုရှိတာက ဦးသိန်းစိန်ဟာ ဒေါ်စုကိုလည်း မပုတ်ခတ်ခဲ့ဘူး။ လွှတ်တော်ကို
လည်း မပုတ်ခတ်ခဲ့ဘူး။ တိုင်းရင်းသားတွေကိုလည်း မပုတ်ခတ်ခဲ့ဘူး၊
စစ်အုပ်စုကို ပြန်ပြီး မပုတ်ခတ်ခဲ့ဘူး။ အမေရိကန်နဲ့ တရုတ်ကိုလည်း
မပုတ်ခတ်ခဲ့ဘူး၊ သူ့အလုပ်ကိုသူ လုပ် နေတယ်။ ဒါပေမယ့် သူလုပ်တာ တွေက
အောင်မြင်တယ်။ လူထုကြိုက်တယ်။ ဒါကြောင့် လည်း စာရေးသူတို့ ဒီမှာရှိတဲ့
မြန်မာသံရုံးရှေ့သွားပြီး ဒေါ်စုနဲ့ ဦးသိန်းစိန်ကို ထောက်ခံ တဲ့ ဆန္ဒပြပွဲ
လုပ်ခဲ့တာ ဖြစ်တယ်။ စစ်အုပ်စုဝင် ဖြစ်ပေမယ့်လည်း ဦးသိန်းစိန်ရဲ့ လုပ်ရပ်
တွေကို ကြည့်ပြီး ထောက်ခံခဲ့တာ ဖြစ်တယ်။ ပြီးတော့လည်း ဦးသိန်းစိန်ရဲ့
ပုဂ္ဂလိက သန့် ရှင်းစင်ကြယ်မှုဟာ အခြေခံအကြောင်းရင်း ဖြစ်မယ်လို့လည်း
ယူဆတယ်။ တစ်ပြည်လုံး မှာ လူထုခေါင်းဆောင် ဒေါ်စုလိုပဲ လူထုထောက်ခံမှု ရနေတာ
ဦးသိန်းစိန် ဖြစ်တယ်။ မြန် မာနိုင်ငံကို လာသွားတဲ့ ဟီလာရီကလင်တန်ပြောတာ
သိပ်ကောင်းတယ်၊ ဦးသိန်းစိန်ကို လုပ်ရပ်ကိုကြည့်ပြီး
အကဲဖြတ်သွားမယ်ဆိုတာ။ အခုလည်း လူထုက ဦးသိန်းစိန်ရဲ့ လုပ် ရပ်တွေကို
ကြည့်ပြီး အကဲခတ်နေတာ ဖြစ်တယ်။ အပြောတွေကို ကြည့်ပြီး ဆုံးဖြတ်တာ
မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးသိန်းစိန် သမ္မတ ဖြစ်လာတော့
ပြောတဲ့ မိန့် ခွန်းတွေက မဟာဗျူဟာ၊ နည်းဗျူဟာ သိပ်ကိုကျတယ်။ သဘောတရားတွေ၊
သီအိုရီတွေ၊ လက်တွေ့ အဖြစ်မှန်တွေကို မူတည်ပြီး ပြည့်စုံကောင်းမွန်တဲ့
မိန့်ခွန်းတွေ ဖြစ်တယ်။ အခု ဦးရွှေမန်းပြောနေသလို လက်တန်းမိန့်ခွန်း
မဟုတ်ဘူးလို့ မြင်တယ်။
ဒါပေမယ့် ဒီလို ပြောလိုက်တိုင်း လူထုက ထောက်ခံတာ မဟုတ်ဘူး၊ တစ်ကယ် လုပ်
မလုပ် ဆိုတာကို၊ အပြောကတော့ ရွှေမန်း အက ကတော့ ချိုမိုင်မိုင် ဖြစ်/မဖြစ်
ဆိုတာကို စောင့်ကြည့်ကြတာ ဖြစ်တယ်။ လုပ်ရပ်ကိုကြည့်ပြီး ဆုံးဖြတ်ကြတာ
ဖြစ်တယ်။ စာရေးသူက တော့ အခု ဘန်ကောက်မှာ ပြောနေဆိုနေတာတွေကို ကြည့်ပြီး
ဦးသိန်းစိန်အတွက် စိတ် မကောင်း ဖြစ်မိတယ်။
နိုင်ငံခြားသားတစ်ချို့က အားရ၀မ်းသာနဲ့ ဦးရွှေမန်းက ဆော်လိုက်တာ
ဦးသိန်းစိန် တော့ အလဲလဲ အကွဲကွဲ ဖြစ်နေပြီ ဆိုပြီး ပြောနေကြတယ်။
တစ်ချို့ ဘေးတိုက်အမြင်ရှိတဲ့ ပညာတတ်တွေကတော့ ဘာပဲ ပြောပြော တစ်ပါတီတည်း၊
စစ်အုပ်စု တစ်စုတည်း လာခဲ့ တဲ့သူအချင်းချင်း ကမ္ဘာသိအောင် ဒီလို
မပြောသင့်ဘူး၊ ပြောတဲ့မိန့်ခွန်း (သူတို့ကတော့ Speech ဟု ပြောကြသည်၊
ဦးရွှေမန်းမှာ လွှတ်တော်တွင်း အဆိုတင်သွင်း ခြင်းသာ ဖြစ် သည်)ကလည်း
မိုက်ခရိုလယ်ဗယ်လောက်ပဲ ရှိပြီး မက်ခရိုလယ်ဗယ်မမီဘူး၊ နည်းဗျူဟာ၊
မဟာဗျူဟာ ဘာမှ မပါဘူး၊ လူပြိန်းကြိုက် အပေါစား စည်းရုံးရေးသာ ဖြစ်ပြီး
ဦးသိန်းစိန်ကို အကျပ်တွေ့အောင် လုပ်တာ ဖြစ်တယ် ဆိုပြီး
ပွင့်ပွင့်လင်းလင်း ပြောတယ်။
Brain Storming
သူတို့တွေနဲ့ စကားပြောပြီး ပြန်လာတော့ စာရေးသူမှာ Brain Storming
လုပ်နေမိ တယ်။ ဒီအချိန်မှာ သတိထားမိတာက ဦးသိန်းစိန်ရဲ့ သတင်းတွေ၊
လုပ်ရပ်တွေကို ကြည့်ပြီး စာရေးသူရဲ့စိတ်ထဲမှာ ဦးသိန်းစိန်ကို
လေးစားနေမိတာကို အခုမှ သတိထားမိတယ်။ ဒါဟာ လည်း လုပ်ယူတာမဟုတ်ဘဲ သူ့ရဲ့
စိတ်နေစိတ်ထား၊ တစ်ဘက်သားအပေါ် ထားရှိတဲ့ စေတနာ၊ လုပ်ပုံကိုင်ပုံ စတဲ့
ကြားသိရသမျှ အကြောင်းခြင်းရာများကို အခြေခံပြီး သူ့ဘာ သာသူ အလိုအလျောက်
ဖြစ်ပေါ်လာတာမျိုးပင်။
ပထမတော့ ဦးရွှေမန်း အဆိုတင်သွင်းချက်ကို ဖတ်ပြီး စစ်အုပ်စုဝင်ဟောင်း၊
ထိပ် တန်းနေရာတွင် ပါဝင်ခဲ့သူတစ်ယောက်က ဒီလိုမျိုးပြောတာကို တွေ့ရတော့
ချက်ချင်း ဖြစ် ပေါ်လာတာက ၀မ်းမြောက်ဝမ်းသာစိတ် ဖြစ်ပါတယ်။ အခုလို
သူများနိုင်ငံက သံတမန် တွေ၊ ပညာတတ်တွေနဲ့ အပြန်အလှန် ပြောကြဆိုကြပြီး
တစိမ့်စိမ့်ပြန်စဉ်းစားကြည့်လိုက် တော့ ဦးသိန်းစိန်အတွက် စိတ်မကောင်း
ဖြစ်လာရပါတယ်။ Populism သဘောမျိုး သာမန် လူပြိန်းကြိုက် အစိုးရကို
ဝေဖန်ပြစ်တင်ခြင်းအားဖြင့် လူထု ထောက်ခံမှု ရရှိမည်ဟု မျှော်
မှန်းထားလျှင် မှားမှာပဲ ဖြစ်တယ်။ ဦးရွှေမန်းရဲ့ ရည်ရွယ်ချက်ကို
မှန်းဆကြည့်မိတော့ ပိုပိုပြီး စိတ်မကောင်း ဖြစ်လာရပါတယ်။ ဘာပဲပြောပြော
ဦးသိန်းစိန်ဟာ စာရေးသူတို့ နိုင်ငံရဲ့ အကြီးအကဲ ခေါင်းဆောင်ပင်
မဟုတ်ပါလား။ စာရေးသူသာ ဦးသိန်းစိန်ရဲ့နေရာ ၀င်ပြီး ခံစားကြည့်ရလျှင်
ဦးရွှေမန်းရဲ့ လုပ်ရပ်ကို Political Assassination လို့သာ ယူဆမိမှာ
ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ကြံမှု ဟူသည် ပုဂ္ဂလိက အားနည်းချက်၊
ပြစ်ချက်များကို ရှာဖွေ တိုက်ခိုက်ရုံသာမကပါ။ ဦးသိန်းစိန်ရဲ့
ကိုယ်ရေးရာဇ၀င်ကလည်း ဒီလို ပုဂ္ဂိုလ်ရေး ထိုးနှက် လောက်အောင်လည်း
ပြစ်ချက်က မရှိလေတော့ လက်အောက်ရှိ အစိုးရဌာနများကို တိုက်ခိုက်ခြင်းဖြင့်
သမ္မတလုပ်သူကို ချောင်ပိတ်မိစေသော နည်းလမ်းဟာ ဦးရွှေမန်းရဲ့
နိုင်ငံရေးလုပ်ကြံမှုသာ ဖြစ်ပါတယ်။ စာရေးသူ ကတော့ ဒီလိုပဲ ခံစားမိပါတယ်။
ပြောရလျှင် ဦးသိန်းစိန်ဟာ ပြည်တွင်းမှာရော နိုင်ငံတကာကပါ အကောင်းပဲ
အမြင် ခံနေသူ မဟုတ်လား။ ကုန်ကုန်ပြောရရင် စာရေးသူတို့ လေးစားမြတ်နိုးရတဲ့
ဒေါ်စု ကိုယ် တိုင် ထုတ်ဖော်ချီးကျူးရသူ ဖြစ်နေတာ မဟုတ်လား။ ဒီတော့
မဏ္ဍိုင်ကြီးတစ်ရပ်ကို ဆွဲကိုင် ထားတဲ့ ဦးရွှေမန်း မခံချိမခံသာ
ဖြစ်ပေမပေါ့။ စာရေးသူ ရရှိထားသော၊ သေချာစွာ လေ့လာ ဖတ်ရှုထားသော
ကြံ့ဖွံ့ပါတီစည်းမျဉ်းမှာတော့ ပုဂ္ဂိုလ်ရေးအကျိုးထက် ပါတီအကျိုး၊ ပါတီ
အကျိုးထက် နိုင်ငံအကျိုးကို အလေးထားဖို့ ပညတ်ထားတာ တွေ့ရှိရပါတယ်။ ဒီတော့
ဦးရွှေမန်းဟာ ဘယ်သူ့အကျိုးအတွက် ဒီလိုပြောရတာလဲ။ နိုင်ငံ့အကျိုးလား
သူ့အကျိုး လား-စာရေးသူကတော့ စစ်စစ်ပေါက်ပေါက် တွေးကြည့်တော့ ဒီလိုပဲ
အဖြေရလာတယ်။ နိုင်ငံအကျိုးအတွက် ဆိုရင် ဦးရွှေမန်းရဲ့ Capacity က
မနိုင်ဝန် ထမ်းနေရတာမျိုး ဖြစ်နေ တယ်။ ပြည်တွင်းမှာ ထုတ်ဝေနေတဲ့
လူပြိန်းကြိုက် အစိုးရပုတ်ခတ်ရေး ဆောင်းပါးရှင်တွေ လို ဖြစ်နေတယ်။
လွှတ်တော်ဥက္ကဌဆိုတဲ့သူဟာ ဒီလိုမျိုး အကျိုးနဲ့အကြောင်း ရေရေရာရာ မဟုတ်ဘဲ
လူပြိန်းကြိုက် လျှောက်ပြောနေရမယ့် အချိန် မဟုတ်ဘူး။ မဟာဗျူဟာကျကျ၊
နည်းဗျူဟာ မှန်မှန် ပြောကြားသွားနိုင်တာမျိုး မရှိဘူး။
သူ့အကျိုးအတွက်ဆိုရင်တော့ သဲထဲရေသွန် ဖြစ်သွားပြီလို့ ဆိုနိုင်တယ်။
စာရေးသူ တစ်ယောက်တည်း ခံစားချက်အရ ဆိုရင် ဦးရွှေမန်း ဒီလို
တိုက်ခိုက်လိုက်တဲ့အတွက် ဦးသိန်းစိန်ကို အပြစ်မမြင်ဘဲ ပိုလို့ပင်
စာနာထောက်ထားမိပါတယ်။ ရင်တွင်းခံစားချက်ပါ။ တလောကပဲ စင်ကာပူမှာ ဆေးကု
လာတဲ့ ဦးသိန်းစိန် ဘယ်လိုဖြစ်သွားမလဲဆိုတာကို တွေးမိတဲ့အထိပါပဲ။
ပြန်ပြီးချုပ်ရရင် ဦးရွှေမန်းဟာ ၀ါးလုံးရှည်နဲ့ ယမ်းပစ်လိုက်တာပဲ။
ဦးခင်အောင်မြင့်နဲ့ ကမ္ဘာသိ ရန်ဖြစ်ပြီးတဲ့နောက် အခု အစိုးရနဲ့
ရန်ဖြစ်ဖို့ ဦးတည်လာတာပဲ။ ဒီလိုနည်းနဲ့ နာမည်ကို တည်ဆောက်တာမျိုးဟာ
ရေရှည်မှာ မခံပါဘူး။ စေတနာမမှန်တဲ့ လုပ်ရပ်က တန်ပြန်ဒဏ်ခတ်မှာပဲ ဖြစ်တယ်။
အစိုးရအပေါ် ယုံကြည်မှု မရှိရင်၊ အစိုးရ အားနည်းပြီး ပြုတ်ကျသွားရင်
လွှတ်တော်ဥက္ကဌက သမ္မတ တက်လုပ်လို့ မရဘူးဆိုတာကို နာဂစ် ဖွဲ့စည်းပုံမှာ
အတိအလင်း ဖော်ပြထားပြီး ဖြစ်တယ်။ ဖွဲ့စည်းပုံ ပျက်ရင်တော့ လွှတ်တော် လည်း
မရှိတော့ဘူးဆိုတာကို သိထားသင့်တယ်။
လွှတ်တော်ကို နိုင်ငံတော်ရဲ့ (အမြင့်ဆုံးအဖွဲ့အစည်း၊ အမြင့်ဆုံးသော
သြဇာအကြီး မားဆုံးသော ဤလွှတ်တော်ကြီး) ဆိုတဲ့ ပြောကြားချက်တွေဟာ
စစ်အုပ်စုဝင်တွေ အလေး အမြတ်ထားနေတဲ့ နာဂစ်ဖွဲ့စည်းပုံနဲ့ လားလားကြီး
ဆန့်ကျင်နေတာ တွေ့ရတယ်။ နာဂစ် ဖွဲ့စည်းပုံမှာ အာဏာ(၃)ရပ်ကို အညီအမျှ
ခွဲဝေထားတာ ဖြစ်တယ်။ အဲဒီမှာ ဖော်ပြထား တာတစ်ခုက နိုင်ငံတော်သမ္မတသည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံး တွင် နိုင်ငံသားအားလုံး၏
အထွတ်အထိပ်နေရာတွင် ရရှိသည် ဆိုတာပဲ ဖြစ်တယ်။ ဒီတော့ ဦးရွှေမန်းရဲ့
ပြောကြားချက်ဟာ သူတို့ တဖွဖွပြောနေတဲ့ နာဂစ်ဖွဲ့စည်းပုံနဲ့ လုံးလုံးကြီး
လွဲမှားနေတာကလည်း စိတ်ပျက်ဖွယ်ရာ တွေ့ရှိရပါတယ်။
နိဂုံး
ဒီတော့ နိဂုံးချုပ်အနေနဲ့ ဦးရွှေမန်းရဲ့ တင်ပြချက် (ပြည်ပအခေါ်
မိန့်ခွန်း)ကို ဒီလိုပဲ သုံးသပ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်-
(၁) မိမိနာမည်ကို တည်ဆောက်ယူသော လုပ်ဆောင်ချက်သာ ဖြစ်တယ်။(တစ်နည်း
ပြောရရင် ဒီလိုမျိုး ခံယူချက်ရှိတယ်ဆိုရင် ကြံ့ဖွံ့မှာ
ဆက်မနေသင့်တော့ဘူး။ NLD ထဲကို သွားပြီး နေရင် ကောင်းမယ်။ NLD က
လက်ခံ/လက်မခံကတော့ သူ့အပိုင်းပဲ ဖြစ်မှာပါ။)
(၂) တိုင်းသိပြည်သိ၊ ကမ္ဘာသိ ဖြေရှင်းချက်များဟာ ပညာရှင်မဆန်၊ အနှစ်သာရ
မရှိ၊ Exile Media အချို့မှာ အရမ်းကာရော ပြောသလိုမျိုး ဖြစ်နေတယ်။ သာမန်
လူပြိန်း ကြိုက် အပေါစားစည်းရုံးရေး ဆန်နေတယ်။ (စေတနာ မှန်သော်လည်း
Capacity မလိုက်နိုင်တဲ့ အနေအထားမျိုး မြင်မိတယ်။)
(၃) ဒေါ်စု လွှတ်တော်ထဲ ၀င်မလာခင် သြဇာတည်ဆောက်ခြင်းသာ ဖြစ်တယ်။ တစ်ဘက် က
တွေးရင်တော့ ဦးသိန်းစိန်ကို ဦးတည်ချက်ထားပြီး
နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ ကြိုးပမ်း ချက်သာ ဖြစ်တယ်။ (ဒေါ်စု လွှတ်တော်ထဲ
ရောက်လာရင်တော့ သူတည်ဆောက်ထားတဲ့ သြဇာအလိုအလျောက် ပျက်ပြယ်သွားမှာ
ဆိုတာကို သတိမထားမိတာလည်း ဖြစ်တယ်။)
(၄) မဟာဗျူဟာ၊ နည်းဗျူဟာဆန်သော ဖြေရှင်းချက်များ လွန်စွာ အားနည်းနေပြီး
အစိုးရ ကို ဆန့်ကျင်ပုတ်ခတ်ပြီး လူထုထောက်ခံမှု ရယူသော ခေတ်ဟောင်း
ခေတ်ဆွေး နိုင်ငံရေး တက်ကြွလှုပ်ရှားမှုသာ ဖြစ်နေတယ်။ သိမ်နုတ်လှသော
Populism ကို ထူထောင်ခြင်း ဖြစ် ၍ ဦးသိန်းစိန်အတွက် စိတ်မကောင်း
ဖြစ်ရတယ်။
(၅) ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် အဆများစွာ Capacity Building လုပ်ရဦးမှာ
ဖြစ်ပါ တယ်။ အထူးသဖြင့် စီမံကိန်းများ၊ ကာလရှည်ကြာအမြစ်တွယ်ခဲ့သော
ပြဿနာများကို ဖြေ ရှင်းတဲ့နေရာမှာ အစိုးရကိုပဲ လက်ညိုးထိုး
ပြစ်တင်နေရုံနဲ့ မြန်မာနိုင်ငံ တိုးတက်လာမှာ မဟုတ်ပါ။
(၆) အစိုးရကို ထိန်းကျောင်းတယ် ဆိုတာမျိုးဟာ ဒီလို ပြီးခဲ့တဲ့
ပြစ်ချက်တွေ ဖော်ထုတ်ပြီး ထိုးနှက်နေဖို့ မဟုတ်ဘူး။ ပြီးတော့လည်း
ခုတ်ရာတစ်ခြား ရှရာတစ်လွဲဆိုတာမျိုးလို အဲဒီ အရာတွေက ဦးသိန်းစိန်အစိုးရ
လုပ်ခဲ့တာ မဟုတ်ဘူး ဆိုတာပဲ။ ဆိုရရင် လက်ရှိကြံ့ဖွံ့ အစိုးရက
သူမလုပ်တဲ့ဟာတွေကို သူ့အပေါ်ပုံချတာ ခံနေရတဲ့ အခြေအနေ ရောက်နေ တယ်။
ပြောရရင် အဲဒီကိစ္စတွေမှာ ဦးရွှေမန်းကိုယ်တိုင် နံပါတ်(၃)နေရာကနေ
ပါဝင်ခဲ့တယ် ဆိုတာ သတိပြုဖို့ လိုတယ်။ ဆိုရရင် ထိန်းကျောင်းတဲ့ နည်းလမ်း၊
နည်းဗျူဟာ၊ မဟာ ဗျူဟာ အကြီးအကျယ်ကို လွဲချော်နေတယ်။
(၇) ဦးရွှေမန်းရဲ့ ပြောကြားချက်ဟာ စေတနာ မှန်ကောင်းမှန်နိုင်ပေမယ့်
အချက်အလက် တွေ၊ ဖြေရှင်းချက်တွေ၊ ထောက်ပြချက်တွေ မှားယွင်းနေတယ်။
သူကိုယ်တိုင် ရေးထား တယ် ဆိုရင် သူ့ရဲ့ Capacity ဟာ အတော်လေးကို
လိုအပ်နေသေးတယ်။ တစ်ခြားသူ ရေးပေးတယ် ဆိုရင်တော့ ရေးပေးတဲ့သူရဲ့ Capacity
ဟာ သိပ်ကိုနိမ့်လွန်းတဲ့ အနေအထား သာ ရှိနေတယ်။
http://www.facebook.com/note.php?note_id=104479303014559
--
..ရွှေငွေနဲ့ ...... ဂုဏ်ဒြပ်တို့  မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး
အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံးနေဖို့  ။
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။