Zayya Jan 24, 2012 • 9:17 pm 1 Comment
သည်ကနေ့ – အသိမိတ်ဆွေ တစ်ဦးက သူ့ကိုယ်သူ မဟာပုရိသ ဝါဒီ ( ယောင်္ကျားသာလျင်
အမြတ်ဆုံး ) ဟူ၍ စကား ဆိုသည်။ ဤကဲ့သို့ စကားမျိုး တွေ့လျင် – မနေနိုင်
မထိုင်နိုင် ပြောချင်ဆိုချင် ရှိတတ်သော ပါးစပ်ကို ခေတ္တ ပိတ်ထား လိုက်သည်။
သူ့ အရှိန်နှင့် သူ ရှိစေတော့။
http://zayya.blog.com/archives/282/ ယောင်္ကျား မိန်းမ ပြဿနာ ဟူသော
အမည်ဖြင့် ရေးခဲ့ဖူးသေးသည်။ သို့သော် အတွေး တို့က ကျန်ရစ်သည်။ မဟာပုရိသ
ဟူသော အယူအဆသည် မည်သို့ မည်ပုံ ကျနော် တို့မြန်မာကြား
အမြစ်တွယ်လာခဲ့ပါသနည်း။ ယင်း မေးခွန်းဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်စ၍
ဤစာဖြင့် ရှင်းထုတ်ပါသည်။
မြန်မာတို့တွင် ယောင်္ကျား မိန်းမ – သူအသာ-ငါအနာ ခွဲခြား သတ်မှတ်သည့်
စရိုက်များသည် အိန္ဒိယလောက် ထင်ထင်ရှားရှား မရှိ။ သိုသော် အတန်ငယ်တော့
ရှိသည်။ အဘယ်ကတည်းက စတင် ရှိခဲ့ကြပါသနည်း။ အထင် အရှား ရှိခဲ့သည့်
မြစ်ဖျားခံရာ ဒေသ မှာ အိန္ဒိယ ဖြစ်သည်။ သို့သော် ယနေ့ ခေတ် အခါတွင် ယင်း
အိန္ဒိယ ၌ ယောင်္ကျား မိန်းမ တို့ ရင်ဘောင်တန်း ၍ နားလည်မှု ရှိသင့်သလောက်
ရှိနေကြပြီ ဖြစ်သည်။ အမျိုးဇာတ်နှင့် ဓလေ့တို့ကား မပျောက်ပျက် ကြသေး ။
ကျန်ရစ်နေဆဲ ရှိသည် ။
မြန်မာနိုင်ငံတွင် မဟာပုရိသ၊ မဟာဣိတ္ထိယ စသည် ခွဲခြား ခေါ်ဆိုမှု မရှိသလောက်
နည်းပါးသည် ဟု ဆိုချင်သည်။ မြန်မာ အမျိုးသမီးများ အနေဖြင့် ရှေး အတီတေ
ကတည်းက လွတ်လပ် ခဲ့ကြသည်။ ဆိုလိုသည်မှာ အိန္ဒိယနှင့် နှိုင်းယှဉ်လျှင်
များစွာ လွတ်လပ်သည်။
ကျနော့် အနေဖြင့် – လွတ်လပ်ခြင်းသည် ဗရမ်းဗတာ နေထိုင်ခြင်း၊ ပျက်ဆီးခြင်း
မဟုတ်။ ထိန်းကျောင်းမှု ၊ နားလည်မှု မရှိမှသာ ပျက်ဆီးခြင်း ဖြစ်သည်။
အနောက်နိုင်ငံများမှ အမျိုးသမီးများ၏ ( အချို့ ) အနေအထိုင်တို့ကို ကြည့်၍
လွတ်လပ်မှု ဟု အမည်တပ်လျှင် မြန်မာ အမျိုးသမီးတို့တွင် ထင်သလောက်
မလွတ်လပ်သေးဟု ဆိုကြပေလိမ့်မည်။ အကယ်စင်စစ် ကျနော်တို့ မြန်မာများ
အနေဖြင့် မိမိတို့ ယဉ်ကျေးမှုနှင့် အထိုက်အလျောက် ရှိပါသည်။ တကယ်တမ်း
ယောင်္ကျားလျင်လည်း ယောင်္ကျား အလျောက်၊ မိန်းမသည်လည် မိန်းမ အလျောက်
သိမြင်နားလည် လွတ်လပ်ခဲ့ကြသည် ချည်း ဖြစ်သည်။
စင်စစ် ယောင်္ကျားနှင့် မိန်းမတို့တွင် မည်သူမျှ သာ မနေသလို၊ မည်သူမျှလည်း
နာမနေပေ။ ၎င်းတို့သည် မတူညီသော သဘာဝ နှစ်ရပ်မျှသာ ဖြစ်သည်။ ယင်းထက် မပို။
ယင်း မတူညီသော နှစ်ရပ်ကို ယှဉ်ပြိုင်ရန် မလို၊ နှိုင်းယှဉ်ရန် မလို။ –
ယှဉ်ပြိုင်နှိုင်းယှဉ်၍ ဆိုပါကလည်း မိုက်မဲသော သူသာ ဖြစ်ပေလိမ့်မည်။
သို့သော် ယင်းကို နားမဝင်ကြသည့် သူများ ရှိပါသည်။ အဘယ်ကတည်းက ယင်းတို့
အခံ ဓာတ် စွဲမြဲခဲ့သည်ကို ကျနော် မသိ။ ဆရာပါရဂူ၏ စစ်တမ်းကို ကိုးကား၍
စစ်ထုတ်ကြည့်လိုသည်။
ဆရာပါရဂူ ဆိုခဲ့ဖူးသည့် စကား ရှိသည်။
"မြန်မာ့ လူ့အဖွဲ့အစည်း ၌ ရှိသော မြန်မာအမျိုးသမီးများနှင့် ပတ်သက်သည့်
အမည်းစက် တစ်ခုမှာ မိန်းမနှင့် ယောင်္ကျား တန်းတူ မထားလိုသည့် အတွေးအခေါ်
အယူအဆ ဖြစ်သည်။ ယင်း အတွေးအခေါ် အယူအဆသည် တွင်တွင် ကျယ်ကျယ်
ခေါင်းထောင်ထနေခြင်းမျိုး မဟုတ်သော်လည်း အတွင်း ငုပ်နေသော အတွေးအခေါ်
အယူအဆ တစ်ခု ဖြစ်သည်။ မိန်းမနှင့် ယောင်္ကျားသည် လူသားချင်း အတူတူ
ဖြစ်သော်လည်း ယောင်္ကျားက မိန်းမထက် သာသည်ဟု ထင်မြင်ယူဆသူများ ရှိနေကြသည်။
"မီးနေခန်း အပြင်ဘက်က နားစွင့်နေသော ဖခင်ဖြစ်သူသည် 'မိန်းကလေး' ဟု
သတင်းရလျှင် မျက်နှာရှုံ့မဲ့သွားပြီး 'ယောင်္ကျားလေး' ဟု ကြားလျှင်ကား
မျက်နှာ လမင်းထက် သာဝင်းတတ်သေးသည်။ ယင်းဖခင်များသည် 'မိန်းမလည်း လူ၊
ယောင်္ကျားလည်း လူ' ဟူသော အမှန်သဘောကို အတွင်းနှိုက်၍ မဆင်ခြင်ကြသူများ
ဖြစ်ကြသည် ဟုသာ ဆိုရမည်။"
ဆရာပါရဂူ – အိန္ဒိယသို့ ရောက်ခဲ့သည့် ၁၉၈၀ ခုနှစ်များက – ဝိဂျယရှရီ
ဆိုသည့် အိန္ဒိယ အမျိုးသမီး အယ်ဒီတာ တစ်ယောက်က အောက်ပါ မေးခွန်းများ
မေးခဲ့ဖူးသည်။
* မြန်မာအမျိုးသမီးများ လွတ်လပ်မှု ရှိကြပါသလား
* မြန်မာအမျိုးသမီးများ ယောင်္ကျားများနှင့် ရင်ပေါင်တန်း အလုပ်လုပ်ကြပါသလား။
* မြန်မာအမျိုးသမီးများ အိမ်ထောင်ရက်သား ကျသည့်အခါ
လင်ယောင်္ကျားနောက်ကို လိုက်ပါရပါသလား။
* အိမ်ထောင်စုတစ်ခု၌ မိန်းမနှင့်ယောင်္ကျား မည်သူက ပြဋ္ဌာန်းဦးဆောင်ပါသနည်း။
* မြန်မာအမျိုးသမီးများ ဈေးအရောင်းအဝယ် ( ကုန်သည် ) လုပ်ပါသလား။
* မြန်မာအမျိုးသမီးများသည် ယောင်္ကျားများနှင့်တန်းတူ ရုံးအမှုထမ်း
အလုပ် လုပ်ကြသလား။
* မြန်မာအမျိုးသမီးများအပေါ် မတရားကျင့်ကြံသည့်အမှုမျိုးများ
မြန်မာနိုင်ငံမှာ အထင်ကရရှိကြပါသလား။
ဤမေးခွန်းများသည် မြန်မာအမျိုးသမီးများ၏ လွတ်လပ်မှုနှင့် တန်းတူရည်တူ
ရှိမှုကို ဖော်ကျူး၊ စူးစမ်း သော မေးခွန်းများ ဖြစ်သည်။ ဤမေးခွန်း၏
အဖြေများ ကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အနေဖြင့်
ထိုက်သင့်သလောက် သိရှိပြီး ဖြစ်ကြမည်။ သို့သော် ဆရာပါ ပြောခဲ့သလို
အတွင်းကျိတ်များကား မြန်မာ အချင်းချင်းကြား၊ ယောင်္ကျား မိန်းမတို့ကြား
ရှိနေဆဲ။ ဆိုးရွားပေစွ။
ယဉ်ကျေးမှု စီးဆင်းသည် ပုံစံ သဏ္ဍာန်တို့ အရ – အနီးစပ်ဆုံးမှာ အိန္ဒိယ ဖြစ်၍-
ယင်းကိုသာ လက်ညှိုးထိုး ရတော့မည် ထင်ပါသည်။ အိန္ဒိယမှ အဖိုးထိုက်တန်သည့်
အတွေးအမြင်၊ ယဉ်ကျေးမှုများ – မြန်မာ့ယဉ်ကျေးမှု သို့ များစွာ ချယ်လှယ်မှု
ရှိသည်။ အိန္ဒိယ မှ သက်ဆင်းသော စာပေ ယဉ်ကျေးမှု အများစုသည် – ဘာသာရေးမှ စ၍
ကျနော်တို့ မြန်မာယဉ်ကျေးမှု နှင့် များစွာ နှီးနွယ် နေသည်မှာ မှန်ပါသည်။
ထို့ကြောင့်လည်း ယင်းတို့ အနက်မှ – အနုတ်အစုတ် ဝါဒ ဖြစ်လျက် ရှိသည့် –
အမျိုးသမီးများနှင့် ပတ်သက်၍ မူမမှန်သော ဤအယူအဆ မှာ ပူးတွဲ ရောင်ယောင်၍
စိမ့်ဝင် ပျံ့နှံ့ခဲ့ဟန် တူသည်။
ဆရာပါရဂူ၏ စစ်တမ်း အတွင်း၌ -
"အိန္ဒိယ နိုင်ငံ၌ ဘီစီ ၂ ရာစုနှင့် အေဒီ ၂ ရာစုအကြားတွင်ရေးသည်ဟု
အသိအမှတ်ပြုထားကြသော 'မနုဆမရတိ' အမည်ရှိ သက္ကတ ဘာသာ ဓမ္မသတ်ကျမ်း တစ်ကျမ်း
ရှိသည်။ မြန်မာ မနုဓမ္မသတ် ကျမ်းသည် ယင်း သက္ကတဘာသာ မနုဓမ္မသတ်ကို
အခြေခံပြီး ရေးသားထားသော ကျမ်း ဖြစ်သည်။ 'မနုဆမရတိ' ကျမ်း၏ နဝမကဏ္ဍ ဂါထာ
အမှတ် ၃ တွင် ဤသို့ ဖြစ်သည်။
"ပိတာရက္ခတိကောက်မာရေ၊ ဘရတာ ရက္ခတိ ယောက်ဝနေ၊ ရက္ခန္တိ ဆထာဝိရေ ပုတြာ၊ နဆတြိ
ဆွတံတြယ မရဟတိ"
( မိန်းမများကို ငယ်ရွယ်စဉ် ဖခင်က စောင့်ရှောက်ရ၏။ ပျိုရွယ်စဉ်
လင်ယောင်္ကျားက စောင့်ရှောက်ရ၏။ အိုမင်းရင့်ရော်လာသော အခါ သားက
စောင့်ရှောက်ရ၏။ မိန်းမများသည် လွတ်လပ်မှုနှင့် မထိုက်တန်သူများ ဖြစ်ကြ၏ )
ဤမိန်းမ ဆန့်ကျင်ရေး ဂါထာသည် 'ပိတာရက္ခတိ ကောမာရေ' စသဖြင့် မြန်မာ
အမျိုးသမီး ဆန့်ကျင်ရေး နီတိ စာပေများထဲတွင် ဝင်ရောက်နေရာယူသည်။
မြန်မာနီတိ စာပေထဲက နာမည်အကျော်ကြားဆုံး လောကနီတိ ပကိဏ္ဏက ကဏ္ဍ၌ -
"ဒွိဂုဏော ထီနမာဟာရော၊ ဗုဒ္ဓိစာပိ စတုဂ္ဂုဏော၊ ဆဂ္ဂုဏော ဟောတိဝါယာမော၊
ကာမေသဋ္ဌ ဂုဏောဘဝေ"
( မိန်းမတို့သည် အစာစားခြင်း၌ ယောင်္ကျားတို့ထက် နှစ်ဆပို၏။ ဥာဏ်ပညာ၌
လေးဆပို၏။ လုံလဝီရိယ၌ ခြောက်ဆ ပို၏။ ကာမဂုဏ်ခံစားခြင်း၌ ရှစ်ဆပို၏။)
ဟူ၍ မိန်းမများနှင့် ပတ်သက်၍ ချီးမွမ်းသလို၊ ခြေကျောက်သလို ဂါထာတစ်ပုဒ်
ပါရှိသည်။ ယင်းဂါထာသည် သက္ကတ ဘာသာ စာဏာကျနီတိ ထဲမှ ဂါထာတစ်ပုဒ်ကို ယူ၍
ထည့်သွင်းထားသည့် ဂါထာသာ ဖြစ်သည်။ 'စာဏာကျနီတိ' မှာ ဘီစီ ၃၂၄ – ၃၀၀
လောက်က ကောဋိလျ ခေါ် စာဏာကျ ရေးသည် ဟု ယူဆရပြီး 'လောကနီတိ' မှာ ပင်းယ
ခေတ်လောက်က ဟု ယူဆရသည်။ သက္ကတ ဘာသာဂါထာကို ပါဠိဂါထာ ပြောင်းထားခြင်းမျှသာ
ဖြစ်သည်။
လောကနီတိကျမ်း 'ရာဇကဏ္ဍ' တွင်လည်း ဂါထာတစ်ပုဒ် ၌ အမျိုးသမီး ဆန့်ကျင်ရေး
သဘောပါဝင်၍ ပြင်းထန်စွာရေးသား ထားသေးသည်။
"အဂ္ဂိအာပေါ ဣတ္ထိမူဠော၊ သပ္ပော ရာဇကုလာနိစ၊ အပယန္တေန၊ ဂန္တဗ္ဗော ၊ ပစ္စေက ပါဏဟရာနိစ"
( မီးကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ မိန်းမကိုလည်းကောင်း၊
လူမိုက်ကိုလည်းကောင်း၊ မြွေကိုလည်းကောင်း၊
မင်းမျိုးမင်းနွယ်တို့ကိုလည်းကောင်း အဝေးက ရှောင်ကြဉ်သင့်၏။
အသက်အန္တရာယ်ပေးတတ်၏ )
ထို့အပြင် လောကနီတိကျမ်း 'ဣတ္ထိကဏ္ဍ' တစ်ခုလုံး အနေဖြင့်ဆိုလျှင် အိန္ဒိယ၏
မိန်းမဆန့်ကျင်ရေး အတွေးအခေါ် အယူအဆတို့ လွှမ်းမိုးနေသည် ဟု ဆိုရမည်။ ဥပမာ
-
"ဟိံရမတိပင်၊ ဟင်ရမတိပေါက်၊ ထီရမတိပု၊ ခုရမတိဓံ"
( ကျွဲသည် ညွှန်ရှိမှသာ မွေ့လျော်၏။ ဟင်္သာသည် ရေကန်ရှိမှသာ မွေ့လျော်သည်။
မိန်းမသည် ယောင်္ကျားရှိမှသာ မွေ့လျော်သည်။")
ဤဂါထာသည် ပါဠိဂါထာမဟုတ်ပေ။ ပါဠိပျက်သာ ဖြစ်သည်။ အမျိုးသမီးတို့ ၏
အခန်းကဏ္ဍကို မည်မျှ ဆိုးဝါးစွာ ထိုးနှက် ထား ပါသနည်း။ ယင်းစာကို
အဘယ်အဓိပ္ပာယ် မျိုးများကြောင့် ရေးပါသနည်း။ ယုတ်မာလွန်းသည် ဟုပင် ကျနော်
ထင်ပါသည်။ ရှိသေးသည်။
"သဗ္ဗာနဒီ ဝင်္ကနဒီ၊ သဗ္ဗေ ကဋ္ဌမယာဝနာ၊ သဗ္ဗိတ္ထိယောကရေ ပါပံ၊ လဘမာနေ နိဝါတကေ"
( အလုံးစုံသော မြစ်တို့သည် ကွေ့ကောက်ကြသည်ချည်း ဖြစ်၏။ အလုံးစုံသော
တောတို့မည်သည် ထင်းရသည်ချည်း ဖြစ်၏။ အလုံးစုံသော မိန်းမတို့သည်
ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုသည်ချည်း ဖြစ်၏ )
ယင်းဂါထာ အရ- မိန်းမတွေချည်း သာ မကောင်းမှု ပြုတတ်သယောင်ယောင် ရှိသည်။
တကယ် စင်စစ် မိန်းမတို့သာ မကောင်းမှု ပြုတတ်သည် မဟုတ်ပေ။ လူတို့တွင်
ယောင်္ကျားဖြစ်စေ မိန်းမ ဖြစ်စေ – အသိအမြင် ထိန်းသိမ်းနားလည်မှု မရှိကြပါက –
မကောင်းမှုကို အားလုံး ပြုတတ်ကြသည် ချည်း ဖြစ်သည်။ ယင်းအနက်တွင်မှ
မိန်းမတို့ကို ကွက်၍ အဘယ်ကြောင့် နှိမ်ချရပါသနည်း။
မြန်မာ စင်စစ် အားဖြင့် လည်း ထင်ရှားသည်မှာ- မန်လည်ဆရာတော်၏ မာဃဒေဝ
လင်္ကာတွင်းပါ အချို့ ဖြစ်သည်။
"မိန်းမဟူဘိ၊ ထိုဣတ္ထိကား
မရှိမကောင်း၊ ရှိမကောင်း၊
မပေါင်းလည်းခက်၊ ပေါင်းလည်း ခက်၏"
ဟူသော အပိုဒ်မျိုး။ သူ့ဘက်ကိုယ့်ဘက် မလိုက်ဘဲ ကြားကျကျ
မိန့်ဆိုထားခြင်းမျိုးလား ဟု ဆရာပါ က ပြေပြေသာသာ ဆိုထားသော်လည်း –
တရားလွန်နေသည်က အမှန်ပင် ဖြစ်သည်ဟု ကျနော် ပြောရပေမည်။ အကယ်၍သာ ဆရာတော်
မဟုတ်ဘဲ၊ ဘိက္ခုနီမ၊ ရဟန်းမ စာဆို တစ်ပါးပါးသာ ယင်း မာဃ ဒေဝလင်္ကာကို
စပ်ဆိုမည် ဆိုလျှင် – အောက်ပါအတိုင်း တစ်မျိုးတစ်မည် ပြောင်းလဲ
သွားနိုင်သည်။
"ယောင်္ကျားဟူဘိ၊ ထို ပုရိ ကား
မရှိမကောင်း၊ ရှိမကောင်း၊
မပေါင်းလည်းခက်၊ ပေါင်းလည်း ခက်၏"
ဆိုသလိုမျိုး။
ယင်းတွင် မကသေး။ ခေတ်ဟောင်း မြန်မာတေးသီချင်းများ တွင်လည်း မြန်မာ
အမျိုးသမီး လောကကို နှိမ်ချ ဝေဖန်သည့် စာသား၊ စကားများ လည်း လွန်လွန်
ကဲကဲ ရှိနေတတ် သေးသည် ကို တွေ့ရသည်။ သီချင်းရေး ဆရာ သည် မိမိ ဘာသာ
အသည်းကွဲ၍ လွမ်းလွမ်း ဆွေးဆွေး၊ နာနာကျည်းကျည်း စပ်ဆိုသည်မျိုး များ ကို
လက်ခံပါသည်။ သို့သော် ယင်းအတွက် ကြောင့်နှင့် – နှိမ်ချစကား ဆိုခြင်းမှာ
မူ – ယောင်္ကျားမဆန်၊ သိမ်ဖျင်းလွန်းသည်။ နပုန်း သီချင်းရေးဆရာများ ဟုပင်
ဆိုပါမည်။ ဥပမာ – "ဣတ္ထိယခေါ် မိန်းမ တို့သည် လှေနဲ့မြင်းလို မယွင်းဘဲတူညီ၊
ပဲ့ကိုင်ရာလူနောက်၊ စီးရာကိုသာ ပါတတ်သည်" ဆိုသည့် စာသားမျိုး၊
ယင်းသီချင်း စာရေးဆရာ မည်သူ မည်ဝါ ကျနော် မသိ။ သီချင်းနာမည်လည်း ကျနော်
မသိ။ သို့သော် ယင်းစာသားသည် သေးသိမ်သော စကား ဖြစ်နေကြောင်း
ပြဆိုလိုရင်းသာ ဖြစ်သည်။
မဟာပုရိသ ဝါဒီ ဆိုသူများ ပြောလေ့ရှိသော တွင်တွင်ကျယ်ကျယ် စကားတစ်ခွန်းရှိသေးသည်။
"လောကတွင် မိန်းမမာယာ သဲကိုးဖြာ ဟူ၍သာ ရှိသည်။ ယောင်္ကျားမာယာ သဲကိုးဖြာ
ဟူ၍ မရှိ။ ထို့ကြောင့် ……" စသဖြင့်- ဆက်လက် ၍ မိန်းမတို့၏ နှိမ်ကွက် –
ဆိုသည်များကို အာပေါင်အာရင်း သန်သန် မိန့်ဆိုသည်များ တွေ့ရဖူးသည်။
အကယ်စင်စစ် ယင်းစကားသည် အမှားကြီး သာ ဖြစ်သည်ဟု မြင်ပါသည်။ အဆင်ခြင်ဥာဏ်
နည်းလွန်းသည်။ မိန်းမမာယာ သဲကိုးဖြာ ဟူသော စကား ရှိသည် ဆိုတိုင်း –
မိန်းမတွေချည်းသာ မာယာ ရှိသည် မဟုတ်။ မိန်းမတွေ ၌သာ မာယာ များသည်
မဟုတ်ပေ။ ယောင်္ကျားတို့တွင်လည်း မာယာ ရှိတတ်၊ များတတ် သေးသည်။ မာယာ ဟူသည်
မိန်းမ၊ ယောက်ျား မဟူ လူတို့၌ – ကောက်ကျစ်သော ဥာဏ်နှင့် မကောင်းသော
စိတ်စေတနာ ဦးဆောင်လျှင် ဖြစ်ပေါ်တတ်သည့် အတွင်းသန္တာန် သာ ဖြစ်သည်။
နက်နက်နဲနဲ ကောက်ကျစ်လျှင် ကောက်ကျစ်သလောက် မာယာ အပလိန်း ထွက်တတ်သည်
ချည်း။
လက်တွေ့အမြင်တို့၌လည်း ယောင်္ကျားတို့ မာယာသုံးလျှင် မိန်းမတို့
သုံးတတ်သည်ထက် ဆိုးရွားသည်များ ရှိသည်။ မာယာသုံး၍ သုံးမှန်းပင် မသိလိုက်။
သိသိသာသာပင် မရှိလိုက်။ နည်းအမျိုးမျိုး၊ ပရိယာယ် အမျိုးမျိုး ဖြင့်
သုံးတတ်သည်။ စိတ်အားဖြင့်ရော၊ လူအားဖြင့်ပါ ကောက်ကျစ်တတ်သည် တို့တွင်
ယောင်္ကျားများလည်း ပါဝင်သည်။ ထို့ကြောင့် ဖြစ်ကောင်း ဖြစ်လျှင်
ယောင်္ကျားမာယာ သည် သဲကိုးဖြာ မက ဖြစ်ရှိနေသောကြောင့်သာ စကား
မကျန်ခဲ့ခြင်းလည်း ဖြစ်ပေမည်။ ယင်းအချက် ကို ထိုပုဂ္ဂိုလ်က အဘယ် အကြောင်း
ကြောင့် ထည့်မတွက် ပါသနည်း။ တစ်ဘက်သတ် သဘောဖြင့် အဘယ်ကြောင့် ယင်းသို့
နှိမ်ချ စကား ဆိုရပါသနည်း။ အတွေး တိမ်လွန်း သည် ဟုသာ မြင်ပါသည်။
ယင်းသို့ ရှိသည့်အနက်မှ – ကနေ့ထက်တိုင် မဟာပုရိသ ဝါဒီကြီးများကား
ဝင့်ကြွား လျက် ရှိနေကြဆဲ။ သူတို့၏ ခိုင်မာစွာ ထောက်တည် ထားသော ချည်တိုင်
ကို ရှာမရ၊ ဖွေမရ။ တကယ့်တကယ် အရင်းစစ် ထုတ်လျင် အနုတ်စုတ်ဂုတ်စုတ်
ဖြစ်နေငြားသော်လည်း ၊ အထင်ကရ တွင်ကျယ် ရှိနေဆဲ ဖြစ်သည့် ပြဿနာ များမှာ –
လူဖြူလူမည်း ပြဿနာ၊ ယောင်္ကျား မိန်းမ ပြဿနာ၊ ဇာတ်နိမ့် ဇာတ်မြင့် ပြဿနာ၊
လူမျိုး လူတန်းစား ခွဲခြားမှု ပြဿနာ စသဖြင့် ပြဿနာ မဟုတ်သော ပြဿနာ တို့သာ
ဖြစ်ကြသည်။ ယင်း ပြဿနာတို့၏ ဓလေ့ အစကို တအံ့တဩ သိလိုစိတ် ဖြစ်မိပါသည်။
ထူးပေ ဆန်းပေ၏ ဟုသာ ပြောရတော့မည် ထင်သည်။
………………………..
Ref:
* ဆရာပါရဂူ – မြန်မာအမျိုးသမီးများ
* ယောင်္ကျား မိန်းမ ပြဿနာ -http://zayya.blog.com/archives/282/
………………………..
http://zayyablogger.blogspot.com/
…………………………
--
ဆရာကြီး မင်းသုဝဏ်ရဲ့`သပြေညို´ကဗျာ တပိုင်းတစ ....။
"ဘာမလျှော့ လေ နဲ့ လာတော့ မကွဲ့  ရွှေ ပဟိုရ် လေချို က အသွေး... လင်း ကြက်
အဆော် ကွင်းထက်မှာ တူပျော်ပျော်နဲ့ စည် တော်ကို ရည် မျှော် မှန်းကာပ
ရောင် နီ မှာ အောင်စည် ရွှမ်း ရအောင် သပြေညို ရွှေ ဘို ပန်းရယ်နဲ့ လှမ်းကြ
စို့ လေး..." .တဲ့။
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။