"ဟုတ်ကဲ့ အဖိုး...ကြွပါရှင်။ Retirement Visa နဲ့လာတာလားရှင်။"
Immigration မှအရာရှိမလေးက ရိုရိုသေသေဖြင့်မေးသည်။ အဖိုးကြီးက
ဝှီးချဲပေါ်မှနေ၍ ခေါင်းငြိမ့်ပြသည်။
"အင်္ဂလန်မှကြိုဆိုပါတယ်။ အေးချမ်းပျော်ရွှင်စွာဖြင့် အနားယူနိုင်ပါစေ" ဟု
ထိုအရာရှိမလေးက ဆုတောင်းပေးလိုက်သည်။ လေဆိပ်တစ်ခုလုံးရှိ
အခြားအမျိုးသမီးများကလည်း ထိုအဖိုးအိုကို လူကြားထဲမှာ နတ်သားသဖွယ်
အထူးအဆန်းဝိုင်းကြည့်နေကြသည်။ ဝိုင်းကြည့်ကြသည်မှာ အထူးအဆန်းမဟုတ်..။
ထိုကဲ့သို့ ယောက်ျားတစ်ယောက်လာသည်က အထူးအဆန်းဖြစ်သည်။ ပို၍ထူးဆန်းသည်မှာ
အပြီးအပိုင်နေမည့်သူ ဖြစ်ခြင်းပင်ဖြစ်သည်။ အင်္ဂလန်တွင်
အမြဲတမ်းအခြေစိုက်နေထိုင်သူယောက်ျားဦးရေမှာ ဆယ်ဂဏန်းမျှသာရှိသဖြင့်
တစ်မြို့လျှင် တစ်ဦးပင် မရှိချေ။
အင်္ဂလန်သာမက တစ်ကမ္ဘာလုံးတွင် ယောက်ျားများရှားပါးနေချိန်ဖြစ်သည်။ ဖြစ်ပုံက
ဒီလိုပါ။ လွန်ခဲ့သော ငါးနှစ်ခန့်က ကမ္ဘာပေါ်တွင်
ကပ်ရောဂါဆိုးကြီးတစ်ခုကျရောက်ခဲ့သည်။ ထိုရောဂါဗိုင်းရပ်စ်ပိုး၏
ထူးဆန်းသော အပြုအမူမှာ ယောက်ျားများကိုသာ သေစေပြီး မိန်းမများကိုမူ
ရောဂါလက္ခဏာပင် ပြသနိုင်ခြင်းမရှိပေ။ ရောဂါကူးစက်ခြင်းခံရသည်နှင့် ၂၄
နာရီအတွင်းသေဆုံးသွားသည်။ နောက်ပိုင်း သုတေသနလေ့လာချက်များအရ
သိရှိရသည်မှာ ထိုဗိုင်းရပ်စ်သည် သနပ်ခါးနှင့်ဒြပ်ပေါင်းဖွဲ့စည်းမှု
ပုံစံဆင်တူပြီး ထိုသနပ်ခါးနှင့် တိုက်ရိုက်၊ သွယ်ဝိုက်ထိတွေ့ဖူးသူများ
အနေဖြင့် ထိုဗိုင်းရပ်စ်ဒဏ်ကို ကောင်းစွာခံနိုင်ကြောင်းသိခဲ့ရသည်။
သို့သော် ထိုအဖြေကိုတွေ့ရှိချိန်တွင် တစ်ကမ္ဘာလုံးတွင်
ယောက်ျားအားလုံးနီးပါး သေဆုံးကုန်ပြီဖြစ်သည်။
သို့သော် သနပ်ခါးထွက်ရှိရာ မြန်မာနိုင်ငံသား ယောက်ျားများမှာမူ
ငယ်စဉ်ကတည်းက သနပ်ခါးကိုတိုက်ရိုက်(သို့) သွယ်ဝိုက် ထိတွေ့ဖူးသဖြင့်
ထိုရောဂါဆိုးကြီးဒဏ်မှ လွတ်မြောက်သွားကြသည်။ ထိုသို့ ယောက်ျားသားများ
ရုတ်ခြည်းပျောက်ဆုံးသွားသဖြင့် နိုင်ငံအတော်အများများသည်
ပြောင်းလဲကုန်ကြသည်။ ဥပမာ - အာဖဂန်၊ အီရတ်ဆိုလျှင် နေ့စဉ်တိုက်ပွဲဖြစ်၊
ဗုံးခွဲနေသော ယောက်ျားသားများမရှိတော့သဖြင့်
ချက်ခြင်းငြိမ်းချမ်းသွားကြသည်။ အနောက်နိုင်ငံများတွင်မူ မိန်းမသားများက
အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ပြီးသားဖြစ်သဖြင့် နိုင်ငံအခြေအနေကို
ကောင်းစွာထိန်းချုပ်နိုင်ကြသည်။
သို့သော် နိုင်ငံတစ်ခုတွင် မိန်းမသားများချည်းရပ်တည်နိုင်သော်လည်း
ရေရှည်တွင် လူဦးရေတိုးပွားရန်နှင့် နိုင်ငံတည်တံ့ရန်
ယောက်ျားများလိုလာကြသည်။ ကျန်ခဲ့သော မိန်းမ သန်း ၃၀၀၀ ကျော်နှင့်
ယောက်ျား သန်း ၂၀ ကျော်တို့၏ ကြီးမားသော အချိုးခြားနားချက်သည်
များစွာသက်ရောက်မှုရှိသည်။ ထိုအခါ အကြောင်းအမျိုးမျိုးကြောင့်
ကမ္ဘာ့အနှံ့ပြန့်ကျဲနေသော အသက်ရှင်ကျန်ခဲ့သည့် မြန်မာယောက်ျားများကို
ပြည်တော်မပြန်ရန် ကြိုးစားလာကြသည်။ အများစုမှာ
ကပ်ရောဂါဆိုးကြီးဖြစ်သောအခါ သေမည့်အတူတူ ကိုယ့်မြေတွင်
ခေါင်းပြန်ချမည်ဟူသော ဆုံးဖြတ်ချက်ဖြင့် ပြည်တော်ပြန်သွားကြရာ
ကျန်ခဲ့သူမှာ လူနည်းစုပင်ရှိသည်။ ထိုလူနည်းစုကိုပင်
ပြန်မသွားစေရန်ထိန်းထားပြီး ယောက်ျားဦးရေတိုးပွားရန်ကြိုးစားလာကြသည်။
တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလိုပင် ထပ်မံသုတေသနပြုချက်များအရ
ထိုဗိုင်းရပ်စ်ပိုးသည် မိန်းမများကို မသေစေခဲ့သော်လည်း
ထပ်မံမွေးဖွားလာမည့် သားသမီးများတွင် ယောက်ျားလေးရနိုင်ခြေကို ၀.၁
ရာခိုင်နှုန်းအထိ ကျဆင်းစေခဲ့ကြောင်းသိခဲ့ရသည်။
နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံယောက်ျားများကို ဆွဲဆောင်နိုင်ရန်
မက်လုံးများပေးလာကြသည်။ မြန်မာနှင့် နီးစပ်ပြီး အနေနီးသော နိုင်ငံများကို
စိတ်ဝင်စားမှု အများဆုံးရကြသည်။ စင်ကာပူဆိုလျှင် ယောက်ျားမှန်ပါက
ဗီဇာမလို၊ စိတ်ကြိုက်နေ၊ နေထိုင်စဉ်ကာလ နေ့စဉ်အသုံးစရိတ် စလုံးဒေါ်လာ ၁၀၀၀
ပေးသည့်အပြင်၊ နိုင်ငံသားခံယူမည်ဆိုပါက ထောက်ပံ့ငွေ ဒေါ်လာ ၅ သန်း၊
ကွန်ဒိုတစ်ခန်း၊ ကားတစ်စီး ပေးမည်ဟု တရားဝင်ကြေငြာထားသည်။ သို့သော်
မြန်မာယောက်ျားများက သွားလည်ရုံသာ စိတ်ကူးကြပြီး complain များပြီး
ကြီးကျယ်သော စလုံးသူများကို စိတ်ဝင်စားခြင်းမရှိပေ။
မလေးဆိုလျှင် ယခင်က ထောင်ထဲတွင်ကျန်နေသော အိုဗာစတေးသမားများကို
နိုင်ငံသားကဒ်ထုတ်ပေး တိုက်တစ်ခန်း၊ ကားတစ်စီး၊ ကုမ္ပဏီတစ်ခုထောင်ပေးကာ
နိုင်ငံတွင်းဆက်လက်နေစေသည်။ ထိုင်းနိုင်ငံဆိုလျှင်လည်း တစ်နိုင်ငံလုံးရှိ
တရားမဝင်ရောက်နေသော ယောက်ျားများကို ပိုက်စိပ်တိုက်ရှာကာ စာရင်းပြုစုကာ
ဘန်ကောက်အနီးတွင် ယောက်ျားမြို့တည်ထားစေသည်။ နေထိုင်စားသောက်ရန်
လိုလေသေးမရှိစီစဉ်ထားပြီး ထိုယောက်ျားများကို ပြည်တော်မပြန်စေရန်
တားမြစ်ထားသည်။ ထို့နောက်၎င်းတို့အထဲမှ နိုင်ငံအနှံ့ရှိမြို့နယ်များကို
လူဦးရေ အချိုးကျ ခွဲဝေချထားပေးသည်။
သင်္ဘောသားများဆိုလျှင်လည်း သင်္ဘောလိုက်စရာမလိုတော့ပေ။ အလုပ်ဟူသည်
မိန်းမများအတွက်သာ ဖြစ်သွားခဲ့ပြီး ယောက်ျားများတွင် အိမ်ထောင်ပြုရန်
တာဝန်သာရှိတော့သည်။ မြန်မာအပါအဝင် နိုင်ငံအားလုံးတွင် အသက် ၂၀ ပြည့်သော
ယောက်ျားမှန်သမျှ အိမ်ထောင်မပြုမနေရ ဥပဒေထုတ်ပြန်ထားကြသည်။
အခြားသော လူမှုပတ်ဝန်းကျင်များတွင်လည်း များစွာပြောင်းလဲမှုရှိသည်။ မန်ယူ၊
ချဲလ်ဆီး၊ အာစင်နယ်၊ မန်စီးတီး တို့သည် မိန်းမကလပ်အသင်းများသာ
ဖြစ်လာကြသည်။ ယောက်ျားဘောလုံးကလပ်ဟူ၍ မြန်မာနိုင်ငံတွင်သာရှိပြီး
ထိုကလပ်များသည်လည်း တစ်ရာသီလုံးတွင် ၃ ပွဲအောက်သာကစားကြသည်။
တစ်ပွဲကစားတိုင်း ကမ္ဘာတစ်ဝန်းတွင် ရုပ်သံကြည့်ပရိသတ် သန်းရာဂဏန်း
အနည်းဆုံးရှိသည်။ ကမ္ဘာ့ဖလားပွဲကို အစဉ်အလာမပျက်ကျင်းပသော်လည်း
အခြားနိုင်ငံရှိ ယောက်ျားသားများမှာ ပရိုကစားသမားများ မဟုတ်ခြင်း။
အချို့နိုင်ငံများဆိုလျှင် ဘောလုံးတစ်သင်းစာပြည့်အောင်
လုံလောက်သောယောက်ျားဦးရေ မရှိသဖြင့် မြန်မာနိုင်ငံမှ
အငှားပေးရခြင်းများပင်ရှိသည်။ ထို့ကြောင့် ပြီးခဲ့သော ကမ္ဘာ့ဖလားသည်
မြန်မာ့မြေပေါ်ရောက်ခဲ့သည်။ နောက်နှစ်လဲ ရာနှုန်းပြည့်သေချာနေသေးသည်။
ယောက်ျားလေးများရှားပါးသည်မှာမှန်သော်လည်း ယောက်ျားများတွင်
အခြောက်များရှိသကဲ့သို့၊ ပိုင်ရှင် အမည်ပေါက် (ဝါ)
အိမ်ထောင်ကျပြီးသူများလည်းရှိသည်။ ထိုသူများမှာ အခြားနိုင်ငံများကို
ထွက်လည်ရန် နေနေသာသာ အိမ်ထဲမှ အိမ်ပြင်ထွက်ရန်ပင်
အရိပ်အကဲကြည့်နေရသူများပင်ရှိသည်။ လူပျိုလူလွတ်၊ သားရှင်များကလည်း
မိမိသားများကို ဗိုင်းကောင်းကျောက်ဖိ အိမ်ထဲမှ အိမ်ပြင်မထွက်စေရန်
ထိန်းသိမ်းကြရသည်။ ရွှေတောင်ပိုက်ဆံရှိရင် ဝယ်လို့ရသေးသည်။ ယောက်ျားက
ရွှေထက်ရှားသည့်ခေတ်မဟုတ်လား။
အခြားသောနိုင်ငံများက မည်သို့ပင် ဆွဲဆောင်ခေါ်ယူကြသော်လည်း
နိုင်ငံပေါ်မူတည်၍ သွားရောက်နေထိုင်သူ နည်းပါးလှသည်။ ဥပမာ -
အင်္ဂလန်နိုင်ငံဆိုလျှင် လာရောက်နေထိုင်သူ ယောက်ျားတစ်ဦးလျှင်
တစ်လထောက်ပံ့ငွေပေါင် ၁ သိန်း၊ နေထိုင်စားသောက်ရန်
အပြည့်အစုံစီစဉ်ပေးမည်ဟု တရားဝင်ကြေငြာထားသော်လည်း ထိုကဲ့သို့
နိုင်ငံကျဉ်းကျဉ်း၊ အဆောက်အဦးဟောင်းဟောင်းများကို စိတ်မဝင်စားကြပေ။
သြစတြေးလျ၊ ကနေဒါ၊ အမေရိကန် စသော နိုင်ငံကျယ်ကျယ်များကိုသာ
သွားရောက်နေထိုင်လိုကြသည်။ အာရှသားများပီပီ အာရှသူများသာကို
ချောသည်ဟုထင်မှတ်ကြသဖြင့် အများစုကတော့ အချောအလှပေါရာ ကိုရီးယား၊
ဂျပန်တို့ကို သွားရောက်နေထိုင်ကြသည်။
နောက်ပိုင်းတွင် ယောက်ျားမှန်လျှင်အသက်အရွယ်မရွေး လက်ခံလာကြသည်။ အသက် ၆၀
ကျော်လျှင် retirement plan ဖြင့် သေသည်အထိ
စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန် ဆွဲဆောင်လာကြသည်။ ယောက်ျားဟူသည်ကား
မိန်းမများကဲ့သို့ မဟုတ် အသက်အရွယ်မရွေး စွမ်းဆောင်နိုင်သည် မဟုတ်လား။
အိမ်ထောင်ပြုသည် ဆိုသည်ကား အလွန်ပင်ထူးခြားသော ဖြစ်ရပ်ဟုဆိုနိုင်သည်။
အသက် ၃၀ ဝန်းကျင် ယောက်ျားတစ်ယောက်ကို လက်ထပ်ရသည်ဆိုပါက ထိုယောက်ျားသည်
တာတေလန်အောင် ရုပ်ဆိုးစေကာမူ မိန်းမတစ်ယောက်အတွက် ထီပေါက်သည်ထက်ပင်
ကံထူးသည်ဟုဆိုနိုင်သည်။ ဗေလုဝပင် တရုတ်ပြည်မှ သန်းကြွယ်သူဌေးမတစ်ဦး
(ယခင်ကသူမ၏ ယောက်ျားကသန်းကြွယ်သူဌေး)၏ တစ်ဦးတည်းသောသမီးနှင့် ပြီးခဲ့သော
ရက်ပိုင်းကမှ လက်ထပ်ခဲ့ကြသည်။ ကောင်မလေးမှာ လွန်စွာချောမောသော်လည်းအသက်
၂၇ နှစ်ခန့်ဖြစ်နေသဖြင့် ဗေလုဝကို လက်ထပ်ခွင့်ရရန် ဒေါ်လာ ၁ဘီလျံကျော်
တင်တောင်းခဲ့ရသည်။ ဗေလုဝကရုပ်ဆိုးသော်လည်း မြန်မာနိုင်ငံမှ
နာမည်ကြီးမဟုတ်လား။ ဒီလောက်တော့ရှိမှာပေါ့။
ယခင်ကရောင်းမစွံသော လူပျိုကြီးများပင် ယခုအခါမိန်းမများကို ရှောင်တိမ်းနေရသည်။
"ဟေ့.. မင်းဘာတွေရေးနေတာလဲ"
အပြင်မှ ပြန်လာသောသူငယ်ချင်းက ဘေးမှာဝင်ထိုင်ရင်းမေးသည်။
"အော်.. ဝတ္ထုတိုလေး တစ်ပုဒ်ရေးနေတာပါ။ ဒါနဲ့ မင်းကိုငါရေးပေးလိုက်တဲ့
ရည်းစားစာ မင်းကြိုက်နေတဲ့ ကောင်မလေးကို ပေးပြီးသွားပြီလား။"
"အင်း.. မပြေပါဘူးကွာ။ ငါကသူ့ခြင်းတောင်းထဲ စာထည့်မလို့ကို အဲဒီအထဲမှာ
ငါ့အရင်ရောက်နေတဲ့စာက ၅ စောင်လောက်ရှိတယ်။ အော်..
မိန်းမတွေများတယ်ရှားသကိုး။"
"အဲဒီကောင်မလေးထက်စာရင် ဟိုဖက်လမ်းက ကောင်မလေးက ပိုချောသလားလို့။
အဲဒီကောင်မလေးကို လိုက်ပါလား။"
"မင်းက အပြောကောင်း။ ဒီလောက်သိပ်မချောတဲ့ ကောင်မလေးတောင် လိုက်ကြိုက်တာ
ဒီလောက်များနေတာ။ ဟိုကောင်မလေးဆို အနားကောင် မကပ်နိုင်ဘူး။ သူ့ကို
လိုက်တဲ့ကောင်တွေက တစ်ပတ် ၅ ရက်ကို တစ်နေ့တစ်ယောက် ကိုယ်ပိုင်ကားနဲ့
အကြိုအပို့လုပ်ပေးနေကြတာ။ အခုခေတ်က မလွယ်တော့ဘူး ဟေ့ကောင်ရေ။
စာရိတ္တကောင်း၊ ထောင်ထောင်မောင်းမောင်း၊ ပညာတတ်၊ ရုပ်သန့် ရင်တောင်
ပိုက်ဆံလည်းရှိဦးမှ..."
"အင်း မင်းပြောတာလဲ ဟုတ်တာပဲ။ အခုခေတ်က ရည်းစားရဖို့ မလွယ်ပါဘူးကွာ။
ရည်းစားရှိမှသာ နတ်ပြည်ရောက်မယ်ဆိုရင် ငါတို့တော့ လူ့ပြည်မှာ
ယောင်ပေပေနဲ့ ကျန်ခဲ့တော့မှာပဲ.... "
--
အောင်မြင်စွာ ကျင်းပ ပြီးခဲ့သော ၂၀၁၂ ပြည်ထောင်စုနေ့ အား လှိုက်လှဲစွာ ဂုဏ်ပြုပါ၏..။
( ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း ... စည်းစည်း လုံးလုံး
ရှိပါသည် ။ ဟေ့ ဟေး...ဟေ့  ဟေ ဟေး....။ )
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။