သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၄) (ဆရာတော်ဦးဇောတိက)…
…ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာ သူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။ ကိုယ့်အတွေးပါ။ ကိုယ့်သဘောထားမှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေ မှားနေလို့၊ ကိုယ့်စိတ်ကို ကိုယ်နားမလည်လို့၊ ကိုယ့်စိတ်ကို ကိုယ်တည်ငြိမ်အောင်၊ အေးချမ်းအောင် မထားတတ်လို့၊ အဲဒီစိတ်က အတွေးတွေ အမျိုးမျိုးတွေးပြီးတော့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။ တရားအားထုတ်ပြီးတော့နေရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေဖြစ်နေတယ်။
…ကိုယ့်စိတ်က ကိုယ့်ကို မကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က ရန်သူပဲ။ ကိုယ့်စိတ်က ကိုယ့်ကို ကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က မိတ်ဆွေပဲ။
…ကိုယ့်စိတ်ကို ကိုယ့်မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပြီဆိုရင် အဲဒီလူမှာ အင်မတန်မြင့်မားတဲ့ စိတ်ဓါတ်အရည်အသွေးတွေ ရှိလာလိမ့်မယ်။ ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ တကယ်ဖြစ်သွားပြီဆိုရင် အဲဒီလူဟာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေသွားလို့ ရပြီ။ ကုန်ကုန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ရာခိုင်နှုန်းပြည့် တကယ်ဖြစ်မယ်ဆိုရင် တရားကိစ္စလမ်းဆုံးတဲ့ ထိအောင် ရောက်နိုင်ပါတယ်။
…" Everything that crosses the mind, wears and tears the mind " စိတ်ထဲကို ဖြတ်သန်းသွားတဲ့အရာ မှန်သမျှဟာ စိတ်ကို ပင်ပန်းနွမ်းနယ်စေတယ်။
…လူတွေဟာ အတွေးများလွန်းလို့ စိတ်ဓါတ် energy စိတ်ဓါတ်အင်အားတွေ အများကြီး ကုန်ဆုံးသွားတယ်နော်။ အတွေးအတောထဲမှာ ငေးမောပြီးတော့ မနေပဲ ဖြစ်နိုင်သလောက်၊ ရနိုင်သလောက် ပစ္စုန်ပ္ပန်တည့်တည့်မှာ သတိကပ်ပြီး နေမယ်ဆိုရင် စိတ်ပင်ပန်းမှု မရှိတော့ဘူး။ စိတ်ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ တစ်နေ့တာကုန်သွားမယ်။
…သင့်အတွေးတွေက သင့်ကို ပိုပြီးတော့ ကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင်လည်း လုပ်လို့ရတယ်။ သင့်ကို ပျက်စီးသွားအောင်လည်း လုပ်လို့ရတယ်။ စိတ်ချမ်းသာအောင်၊ အားတက်နေအောင်လည်း လုပ်နိုင်တယ်။ စိတ်ဆင်းရဲအောင်၊ စိတ်ဓါတ်ကျနေအောင်လည်း လုပ်နိုင်တယ်။
…လူတွေကတော့ ထင်တာပေါ့။ အဆင်မပြေမှုတွေ များနေလို့ စိတ်ဆင်းရဲတာပါလို့။ အဲဒီအဆင်မပြေမှုက ဘယ်အချိန်ကျမှ အကုန်လုံး ပျောက်သွားမှာလဲ၊ ဘ၀ရှိသေးသရွေ့ကတော့ ဘယ်တော့မှ အကုန်လုံး ပျောက်မသွားနိုင်ဘူး။ အနဲနဲ့အများတော့ ရှိဦးမှာပဲ။ ဒါပေမယ့် ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ တရားအားထုတ်ပြီးတော့ ကြည်လင်အောင်၊ သန့်ရှင်းအောင်၊ အေးချမ်းအောင်၊ မြင့်မြတ်အောင် ထားတတ်လာပြီး စိတ်က ကောင်းတာလုပ်ဖို့ပဲ အတွေးများလာတဲ့အခါမှာ ဘ၀မှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ ပြဿနာတွေဟာ တဖြေးဖြေးနဲသွားတယ်။
…တွေးတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ် (process)ကို သေသေချာချာ စိတ်ဝင်စားပြီးတော့ ကြည့်ပါ။ လောကမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဟာ အတွေးပဲ။ အတွေးဟာ အင်မတန် နက်နဲကျယ်ပြန့်တယ်။ တစ်လောကလုံး ဒီလောက် ဆန်းပြားနေတာ အတွေးကြောင့်ပဲနော်။
…တွေးတဲ့အခါမှာ အတွေးနဲ့အတူ စိတ်ထဲမှာ ဘယ်လိုခံစားမှုတွေ ဖြစ်လာသလဲဆိုတာ သိအောင်လုပ်ပါ။ ဒီကိလေသာတွေဖြစ်လာတဲ့အခါ ချက်ချင်းကြီး ဖျောက်ပစ်ဖို့ မကြိုးစားပါနဲ့။ သူတို့ရဲ့ သဘောသဘာဝတွေကို စိတ်ဝင်စားပြီးတော့ သေသေချာချာကြည့်ပါ။ သူတို့နဲ့အတူတူ ပါလာတဲ့ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကိုလည်း တွေ့ရလိမ့်မယ်။ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကို မြင်ပါများလာရင် ကိလေသာတွေကို မွေးမထားတော့ဘူး။
…သူရဲ့သဘောသဘာဝတွေကို သိရင်းသိရင်းနဲ့ အသိဥာဏ် ရင့်ကျက်လာပြီး တဖြည်းဖြည်း သူ့ဟာသူ အားနဲ သွားတာပါပဲ…။ အဲဒီတော့ သူ့ရဲ့ သဘောသဘာဝတွေကို သိဖို့ အင်မတန် အရေးကြီးပါတယ်။
…နာမည်တွေ ခဏဖယ်ထားပြီးတော့ အာရုံပေါ်မှာ ခံစားပြီး သိလို့ရတာလေးကိုပဲ သိနေဖို့ အရေးကြီးတယ်။ ထွက်လေ ၀င်လေမှာ ၀င်လာတဲ့လေဟာ အေးနေတယ်။ ပြန်ထွက်သွားတဲ့လေဟာ နွေးနေတယ်။ မတူတာလေးကို မတူမှန်းသိဖို့ လိုတယ်။ မတူမှန်းကို သိနေလို့ရှိရင် သတိပိုကောင်းလာတယ်။ သမာဓိ ပိုကောင်းလာတယ်။
…အာရုံကို ထိထိမိမိ သိသွားတဲ့အခါမှာ အာရုံပေါ် ပိုပြီးတော့ စိတ်ဝင်စားမှုရှိတယ်။ အာရုံကို သေသေချာချာ မသိတဲ့ အချိန်မှာ စိတ်ရဲ့သဘာဝဟာ တခြားအာရုံတစ်ခုခုကို ရှာချင်တယ်။ ဒီအာရုံကို စိတ်မ၀င်စားတော့ဘူး။ ဘာမှ မထူးပါဘူးလို့ ထင်လာတယ်။ တကယ်ထိထိမိမိ လုပ်ရင် ရက်ပိုင်းအတွင်း ထူးပါတယ်။
…သမာဓိကောင်းလို့ အရှိန်နဲနဲ ရသွားပြီဆိုရင် စိတ်က သူ့ဟာသူပဲ ဒီအာရုံထဲမှာ နေပြီးတော့ အလိုက်သင့်လေး၊ ပုံမှန်လေး သူ့ဟာသူ အားထုတ်သွားနေတယ်။ စိတ်ထဲမှာလည်း တင်းမနေတော့ဘူး။ လျော့သွားတယ်။ လျော့သွားတယ်ဆိုတာက ၀ီရိယ လျော့သွားတယ်လို့ မဆိုလိုဘူးနော်။ Tension တင်းမာမှု လျော့သွားတာ၊ ခန္ဓာကိုယ်မှာလည်း Tension မ၇ှိတော့ဘူး။ စိတ်မှာလည်း Tension မရှိတော့ဘူး။ ခန္ဓာကိုယ်ကလည်း Relax ဖြစ်နေတယ်။ စိတ်ကလည်း Relax ဖြစ်သွားတယ်နော်။ အဲဒါကိုပဲ ကာယမုဒုတာ၊ စိတ္တမုဒုတာလို့ ခေါ်တာပဲ။ ကိုယ်၏ နူးညံ့ခြင်း၊ စိတ်၏ နူးညံ့ခြင်းဆိုတာ ဖြစ်သွားတယ်။
…အဲသည်လို သမာဓိ တော်တော်လေး ကောင်းလာတဲ့အခါမှာ သက်တောင့်သက်သာဖြစ်သွားတော့ အင်မတန်ချမ်းသာ လာတယ်။ ပိုပြီးပျော်လာတယ်။ အဲဒီအချိန်မှာ ငြိမ်းချမ်းပြီးနေတယ်။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ - ကိုယ်စိတ်နှစ်ပါးလုံးရဲ့ ငြိမ်းအေးခြင်းတဲ့။ စိတ်ထဲမှာ အေးနေတယ်။
" အရင်တုန်းက စိတ်ဆင်းရဲစရာ တစ်ခုခုရှိလာပြီဆိုရင် သူများကိုပဲ အပြစ်တင်တယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် ငါ့မှာ စိတ်ဆင်းရဲရတယ်လို့ ဒီလို အပြစ်တင်တယ် " တဲ့။ " ဒီလို တရားအားထုတ်လို့ စိတ်ချမ်းသာနေတဲ့အခါကျတော့ ဒီစိတ်ကို ကြည့်တဲ့အခါ ပြင်ပက ဘာကြီးဖြစ်နေဖြစ်နေ ကိုယ့်စိတ်ကိုကိုယ် ထားတတ်ရင် ချမ်းသာနေတာပဲဆိုတာ တွေ့ရတယ်" တဲ့။ " အရင်တုန်းက စိတ်ချမ်းသာမှုဟာ အပြင်မှာ ရှိတယ်လို့ထင်တယ်၊ အခုတော့ စိတ်ချမ်းသာမှုဟာ စိတ်ထဲမှာပဲ ရှိတယ်ဆိုတာကို သိလာတယ် " တဲ့။
…အိပ်ပျော်သွားလို့၊ ဘာမှ မသိတော့လို့ စိတ်ကို အနားပေးလိုက်တဲ့နည်းက သတိမပါဘူး။ ပညာမပါဘူး။ အိပ်မပျော်ပဲနဲ့ကို ကိုယ့်ခန္ဓာမှာဖြစ်နေတဲ့ ရိုးရိုးအာရုံတစ်ခုအပေါ်မှာ စိတ်ကလေးကို ကပ်ထားပြီးတော့ ဘာမှမတွေးပဲနဲ့ သိနေတဲ့အချိန်မှာ စိတ်အနားရတာက ပိုပြီးတော့ နက်နဲတယ်။ အဲဒီလို စိတ်ကို ထားနိုင်လို့ရှိရင် စိတ်ရဲ့အင်အားကလည်း ပိုပြီးတော့ ကြီးမားလာတယ်။
…စားရင်းနဲ့လည်း သတိလေးနဲ့ စားလို့ရှိရင် စိတ်ထဲမှာ သဘောကျတာကိုလည်း သိတယ်။ သဘောမကျတာကိုလည်း သိတယ်။ ဒီလို သတိနဲ့စားတဲ့အခါမှာ လောဘကြီးကြီးနဲ့ စားလို့မရတော့ဘူး။ သင့်တော်တဲ့ အစားအစာကို သင့်တော်တဲ့ ပမာဏလောက်ပဲ စားလို့ရတော့တယ်။ ပိုမစားဘူး။ မကြိုက်လို့ရှိရင်လည်း ဒေါသမဖြစ်ဘူး။ ဒီအစားအစာအပေါ်မှာ စိတ်က ဘယ်လိုသဘောထားနေတယ်ဆိုတာကိုပါ သိနေတယ်။ ဒါ တရားအားထုတ်ပြီးသား ဖြစ်နေတယ်။ သိပ်ခက်တာ မဟုတ်ပါဘူး။ ၀ါသနာပါရင် လုပ်လို့ရတယ်။
…အစားအသောက်ကို သတိနဲ့စားလို့ရှိရင် သတိကောင်းလာတဲ့အတွက်ကြောင့် လိုတာထက်လည်း ပိုမစားဖြစ်ဘူး။ အဲဒါ ပထမဦးဆုံးရတဲ့ အကျိုးပဲ။ သာမန်အားဖြင့် လူတွေဟာ လိုတာထက် ပိုစားမိတတ်ကြတယ်။ သတိနဲ့စားလို့ရှိရင် လိုသလောက် စားပြီးတဲ့အခါမှာ အလိုလိုတော်ချင်လာတယ်။
…သတိနဲ့စားတဲ့သူဟာ အစားအသောက်ပေါ်မှာ လောဘလျော့သွားတယ်။ ဥာဏ်ပညာ ပိုကြီးလာတယ်။ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ကိုက်ညီအောင် လိုအပ်တဲ့ပမာဏ မပိုမလို စားမယ်။ အစားအသောက်နဲ့ စိတ်နဲ့၊ အစားအသောက်နဲ့ ခန္ဓာကိုယ်နဲ့ ဆက်စပ်မှုကိုလည်း ပိုမြင်လာတယ်။ မြင်လာတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ မတည့်တာတွေ မစားတော့ဘူးနော်။ ပြီးတော့ ဒီအပေါ်မှာ စွဲလန်းမှုလည်း နည်းသွားတယ်။ နောက်နေ့ကျရင် ရှိရင်တော့ စားမယ်။ မရှိရင်လည်း ကိစ္စမရှိဘူး။ နောက်နေ့ကျ ဒါမျိုးစားဖို့အရေး ပူပူလောင်လောင်ကြီး မလုပ်တော့ဘူး။
…အစားအစာတင်မကဘူး။ ဆေးဝါးလည်း ဒီလိုဘဲ။ မလိုအပ်ပဲနဲ့ မသုံးချင်ဘူး။ ဆေးတစ်ခုခု သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာသလဲဆိုတာ အသေးစိတ် သိနေတယ်။ ဆေးရဲ့ side effect ကို ပိုသိရတယ်။ လွယ်လွယ်နဲ့ မသုံးချင်ဘူး။ သဘာဝအတိုင်း ကျန်းမာအောင်ပဲ ကြိုးစားချင်တော့တာ။
…အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့လည်း လူတွေရဲ့စိတ်မှာ ခံစားချက်တော်တော်လေး များပါတယ်။ အထူးသဖြင့် အခုခေတ်မှာ အ၀တ်အစား အထူးအဆန်းတွေ အများကြီး ၀တ်ကြတာပဲ။ တန်ကြေးဆိုရင်တော့ မပြောပြတတ်တော့ပါဘူး။ အဲဒီတော့ အ၀တ်အစားဝတ်တာနဲ့ ပတ်သက်ပြီးတော့ သတိလေးနဲ့ ဥာဏ်လေးနဲ့ လုပ်မယ်ဆိုရင် ဒီအ၀တ်အစားဟာ ဒီရာသီဥတုနဲ့ ကိုက်ညီတယ်။ ကိုယ်သွားရမယ့်ခရီး၊ ကိုယ့်တွေ့ရမယ့် ပုဂ္ဂိုလ်နဲ့လည်း ဒီအ၀တ်အစားဟာ သင့်တော်တယ်ဆိုတဲ့ ဥာဏ်ကလေး သုံးပြီးတော့ ၀တ်မှာပဲနော်။ အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ကြွားစရာဝါစရာကြီးဖြစ်အောင် လုပ်မနေတော့ဘူး။
…ကိုယ်ဝတ်တဲ့ အ၀တ်အစားဟာ ကိုယ့်အသက်အရွယ်၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ်လုပ်တဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီအောင်တော့ ရွေးလိုက်ပါနော်။ အဲဒီလို ဥာဏ်နဲ့သိပြီးတော့ လုပ်ခြင်းအားဖြင့် အကုန်အကျလည်း အများကြီး နဲသွားလိမ့်မယ်။ သူနဲ့ပတ်သက်တဲ့ လောဘလည်း နည်းသွားလိမ့်မယ်။ လောဘနဲသွားရင် ဒေါသလည်း နည်းသွားမယ်နော်.....။
...အပိုင်း (၅) ဆက်လက် မျှဝေပေးပါမည်...
သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၅) (ဆရာတော်ဦးဇောတိက)…
ပစ္စုပ္ပန်မှာ စိတ်ကိုထားတတ်တဲ့ အလေ့အကျင့် များလာရင် အဲဒီလူဟာ အပိုကိစ္စတွေကို လျှော့တတ်လာတယ်။ အပိုစကားပြောတာတွေ၊ အပိုခရီးသွားတာတွေ၊ အကျိုးမရှိဘဲနဲ့ ထိုင်တွေးပြီင်္း ပူနေတာတွေလည်း လျှော့သွားတယ်။ စိတ်က ပိုရှင်းလာတဲ့အတွက် တစ်ခုခုကို လုပ်စရာရှိလို့ စဉ်းစားရမယ်ဆိုရင် သူသိပ်အချိန်ကြာကြာ စဉ်းစားမနေရဘူး။ ချီတုံချတုံဖြစ်ပြီး အချိန်ကုန်မသွားဘူး။
…သတိရှိလို့ သမာဓိလည်း ကောင်းလာတဲ့အခါ၊ စိတ်လည်း ကြည်လင်အေးချမ်းလာတဲ့အခါမှာ လုပ်စရာကိစ္စ တစ်ခုခုရှိလို့ အေးအေးဆေးဆေး အာရုံပြုလိုက်ရင် ဘယ်ကိစ္စ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် အဖြေထွက်လာတယ်။ အဲဒါကိုက အချိန်ကုန်တော်တော် သက်သာသွားတာ။
…အပိုလုပ်လို့ အလုပ်ပိုတာ…။
…ခြေတစ်လှမ်း တစ်ချက်လောက် သိတယ်ဆိုရင်ကိုပဲ အင်မတန် အကျိုးများပါတယ်။ ဒါက လုပ်မကြည့်သေးဘဲနဲ့တော့ မသိဘူးနော်၊လုပ်ကြည့်လာတဲ့အခါကျမှ တကယ့်ကို အကျိုးများတာကို သိလာလိမ့်မယ်။
…သာမန်အခြေအနေမှာ လူတွေဟာ တစ်ခုခု စိတ်ညစ်စရာ၊ စိတ်ပူစရာ၊ သဘောမကျစရာ၊ စိတ်ပင်ပန်းစရာတွေ တွေးနေတတ်တယ်။ အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ၊ တွေးနေတာပဲ။ သတိနဲ့သိပြီးတော့ သွားခြင်းအားဖြင့် အဲဒီအတွေးတွေဟာ နည်းနည်းတော့ လျော့သွားတယ်။ အတွေးနည်းနည်း လျော့သွားရင် စိတ်က နည်းနည်းကြည်လာတယ်။ စိတ်နည်းနည်း အေးချမ်းလာတယ်။ စိတ်မှာ ပင်ပန်းမှု နည်းနည်းလျော့သွားတယ်။
…မိုးလင်းကတည်းက၊ အိပ်ရာနိုးကတည်းက ကိုယ့်ရဲ့စိတ်အခြေအနေ Mood ကို ပြုပြင်ထားရမယ်။ နိုးရင် နိုးနိုးချင်း တရားရှုမှတ်လိုက်ရင် သတိ၊ သမာဓိ ကောင်းလာပြီး စိတ်ကြည်လင် အေးချမ်းလာပြီးတော့ တည်ကြည်ခန့်ညားတဲ့၊ အေးချမ်းတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ Mood မျိုးရလာတယ်။ အဲဒီ Mood လေးကို အပျက်မခံဘဲ ထိန်းသွားရမယ်။
…အဲဒီလို တစ်နေ့တာလုံး တည်ငြိမ်အေးချမ်းတဲ့၊ ခန့်ညားမှုရှိတဲ့၊ တည်ကြည်မှုရှိတဲ့၊ မြင့်မြတ်တဲ့စိတ်ကို ထိန်းထားလို့ရှိရင် တရားထိုင်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ သတိ၊ သမာဓိကို ရတယ်။
…ညမှာ တရားအားထုတ်ပြီးမှ အိပ်လို့ရှိရင် မနက်နိုးတဲ့အခါမှာ ပိုပြီး ကြည်လင်လန်းဆန်းတယ်။ တရားအားထုတ်ဖို့လည်းပဲ ပိုပြီးတော့ စိတ်က သတိရတယ်။ လုံ့လ၀ီရိယ၊ သဒ္ဓါတရားလည်းပဲ ပိုပြီင်္းတော့ အားကောင်းလာတယ်။
…အိပ်နေရင်းပဲ အသက်ရှုတာလေးကို သိပြီးတော့ နေလိုက်ပါ။ စိတ်ကတော့ ထုံးစံအတိုင်းပဲ ဟိုကိစ္စ၊ ဒီကိစ္စ တွေးဦးမှာပဲ။ တွေးလိုက်ရင် တွေးတယ်ဆိုတာလေးကို စိတ်ကသိလိုက်ပါ။ သိပြီးရင် " ဘာမှ မထူးပါဘူး" ဆိုပြီးတော့ အသာလေး စိတ်ကို လျော့ချလိုက်ပါ။ ကိုယ့်ကိုယ်ကို စိတ်မဆိုးပါနဲ့။ ပြန်ပြီးတော့ အသက်ရှုတာလေးကို သတိကပ်ပြီးတော့ ထားလိုက်ပါ။ ခန္ဓာကိုယ်ကိုလည်းပဲ ခြေတွေလက်တွေကို အတတ်နိုင်ဆုံး သက်တောင့်သက်သာဖြစ်အောင် လျှော့ပြီးတော့ ချထားပါ။ နေရာအနေအထားကိုလည်း အသက်သာဆုံး ဖြစ်သွားအောင် ပြင်လိုက်ပါ။ ခေါင်းအုံးကအစ နိမ့်လွန်းရင်လည်း မကောင်းဘူး။ မြင့်လွန်းရင်လည်း မကောင်းဘူး။ အဲသည်လို ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်အောင် ပြုပြင်ထားပြီး အိပ်လျက်ကလေးပဲ တရားအားထုတ်ပါ။ ဒီလိုတရားအားထုတ်ရင်း၊ တရားအားထုတ်ရင်းနဲ့ပဲ အိပ်ပျော်သွားပါစေ…။
…စာကျက်ခါနီးမှာ တရားထိုင်တယ်။ တရားထိုင်ပြီးမှ စာကျက်တယ်။ အဲဒီလိုလုပ်တော့ စာတွေကို ပိုပြီးတော့ မှတ်မိတယ်။ ပိုပြီးတော့ သဘောပေါက်တယ်။ တော်တော်နဲ့ မမေ့ဘူး။ အိပ်ခါနီးမှာလည်း အိပ်ရာထဲမှာ တရားမှတ်ရင်းနဲ့ အိပ်တာပဲ။ စိတ်ထဲမှာလည်း ရှင်းသွားတယ်။ ခန္ဓာကိုယ်ထဲမှာလည်း ရှင်းသွားပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတယ်။
…တရားကတော့ အားထုတ်နေမှာပဲ။ ကိုယ်သိနိုင်တဲ့အကျိုးက ရနေတာကိုး။ အသိဥာဏ် ထက်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ စိတ်ချမ်းသာတယ်။
…ဘာမှမတွေးပဲနဲ့ ဒီလိုသိနေတဲ့အခါမှာ စိတ်က အင်မတန် အေးချမ်းနေတယ်။ တခြားနည်းနဲ့ပျော်မယ့်အစား အဲသလို တစ်နေရာမှာ တိတ်တိတ်ဆိတ်ဆိတ် အေးအေးကလေး နေပြီးတော့ တရားနဲ့ပဲ ပျော်လာတာပဲ။
…စိတ်တည်ငြိမ်အေးချမ်းမှုနဲ့ အသိဥာဏ်နက်နဲမှုဟာ အင်မတန် အရသာရှိတယ်။ အင်မတန် ကျေနပ်စရာကောင်းတယ်။
…တရားအားထုတ်တယ်ဆိုတာ တကယ်ကို ရာခိုင်နှုန်းပြည့် ရိုးရိုးသားသား စိတ်ရောကိုယ်ပါ လုပ်မှပဲ တကယ်ထိထိ ရောက်ရောက် တိုးတက်မှု ဖြစ်နိုင်တယ်။ ဒီလိုမလုပ်ရင်တော့ နဲနဲပါးပါး အပေါ်ယံ သတိ၊ သမာဓိလောက် ရရင်ရမယ်။ တကယ်လေးနက်တဲ့ အဆင့်မြင့် သတိ၊ သမာဓိလောက်ပဲ ရရင်ရမယ်။ တကယ်လေးနက်တဲ့ အဆင့်မြင့် သတိ၊ သမာဓိ ဥာဏ်ပညာ မရနိုင်ပါဘူး။
…သိနေတာကို သိနိုင်တဲ့သတိ ဖြစ်လာတော့ သိနေတာကို သိနေတဲ့အချိန်မှာမှ " ငါအခုမှ လူဖြစ်ပြီ " လို့ ခံစားလိုက်ရတယ်။
…ဥပေက္ခာဝေဒနာဟာ မသိရင် မောဟဖြစ်နေတဲ့အတွက်ကြောင့် ငြိမ်းချမ်းတဲ့သဘောတော့ မရှိဘူး။ ဒါကြောင့် ဥပေက္ခာကို မသိရင် ဒုက္ခနဲ့တူတယ်တဲ့။ ဥပေက္ခာကို သိရင် သုခနဲ့ တူတယ်တဲ့။
…ဥပေက္ခာက အခြေအနေကိုလိုက်ပြီးတော့ သုခဘက်ကိုလည်း ပါတတ်တယ်။ ဒုက္ခဘက်ကိုလည်း ပါတတ်တယ်။ ဥပေက္ခာဝေဒနာကို များများသိအောင် လုပ်လို့ရှိရင် စိတ်က ပိုပြီးတော့ ငြိမ်းချမ်းလာတယ်။
…သိပြီးတော့နေတဲ့ စိတ်ကလေးဟာ ငြိမ်းချမ်းနေတယ်၊ အဲဒီငြိမ်းချမ်းနေတဲ့စိတ်ကလေးဟာ ညီမျှနေတယ်။ ဟိုဘက် မရောက်ဘူး။ ဒီဘက်လည်း မရောက်ဘူး။ ၀ီရိယ ပိုတယ်လည်း မရှိဘူး။ ၀ီရိယ လိုတယ်လည်း မရှိဘူး။ ၀ီရိယ ညီမျှနေတယ်။ အဲဒီလို ၀ီရိယ ညီမျှနေတာကိုလည်းပဲ ဥပေက္ခာလို့ပဲ ခေါ်တယ်။
…အဲဒီလိုစိတ်ထဲမှာ အားလုံး ဥပေက္ခာဖြစ်ပြီး ငြိမ်းချမ်းနေတဲ့အခါမှာ ပထမတော့ ငါငြိမ်းချမ်းတယ်လို့ ခံစားရတယ်။ ငါပါနေတယ်နော်။ ဒီလိုနဲ့ဆက်ပြီးတော့ အားထုတ်သွား၊ အားထုတ်သွား၊ အားထုတ်သွား ကြာလာတဲ့အခါမှာ ငါမပါတော့ဘဲနဲ့ ငြိမ်းချမ်းတယ်ဆိုတာပဲ ရှိတော့တယ်။
…ငြိမ်းချမ်းမှုဟာ အနတ္တဖြစ်သွားပြီနော်။ ငါ့ရဲ့ငြိမ်းချမ်းမှု မဟုတ်ဘူး၊ ငါပိုင်ဆိုင်တဲ့ ငြိမ်းချမ်းမှု မဟုတ်ဘူး။ ငြိမ်းချမ်းမှု ဆိုတာ သဘာဝတရားတစ်ခုဆိုတဲ့ သဘောမျိုး ဖြစ်သွားတယ်နော်။ အဲဒီလို ဥပေက္ခာဖြစ်နေတဲ့အခါမှာ ကိုယ့်ဟာကိုယ် ငါတရားအားထုတ်နေရတယ်လို့တောင် မထင်တော့ဘူး။ သူ့အလိုလိုပဲ တရားအားထုတ်တာ ဖြစ်သွားနေတာ။ အဲဒီလို အခါမှာ အနတ္တကို ကောင်းကောင်း ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အဲဒီတော့ ငြိမ်းချမ်းမှုရဲ့ အနတ္တကို သိရတယ်။ အနတ္တ လက္ခဏာကို သိရတယ်။
…ဒီငြီမ်းချမ်းမှုဟာလည်းပဲ အမြဲတမ်းတော့ မရှိဘူး။ သူလည်း ပျက်ချင်တဲ့အခါ ပျက်သွားတာကိုး။ ဖြစ်နေတဲ့အချိန်မှာ တောင်မှ တဆက်ထဲလို့ ပြောလို့မရဘူး။ တစ်ခုပြီးမှ တစ်ခုပဲ။ အဲသလို အားထုတ်သွားပြီးတော့ ငြိမ်းချမ်းနေတဲ့ အနတ္တ သဘောကို သိပြီးတော့ နေရင်းကလည်း နောက်ဆုံးမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တယ်။
…စိတ်က တခြားကို ပျံ့လွင့်သွားရင် အဲဒါကို သိလိုက်ပါ။ တခြားတစ်ခုခုကို တွေးနေပြီ။ သိလိုက်ပြီ။ သိပြီးရင် ညင်ညင်သာသာ စိတ်ကလေး နူးနူးညံ့ညံ့ကလေးနဲ့ နဂိုနေရာကို ပြန်ယူလာပါ။ ကိုယ့်စိတ်ကိုပဲ ကိုယ်ပြန်ပြီးတော့ မကျေမနပ် မဖြစ်လိုက်ပါနဲ့။ ဒီစိတ်ကလည်း ဟိုတွေးဒီတွေး တွေးပြန်ပြီပေါ့လို့ ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီးတော့ ဒေါသ မဖြစ်ဖို့နော်။
…လောဘအားကြီးနေတဲ့အချိန်မှာ လောဘက သူလိုချင်တာ ရဖို့ပဲ။ ဘယ်လိုနည်းနဲ့ရရ ရရင်ပြီးရော။ ဒါကိုပဲ သူဆုံးဖြတ်မှာပဲ။
…ဒေါသအားကြီးနေတဲ့အခါမှာ မကျေနပ်တဲ့စိတ် အားကြီးနေတယ်။ အဲဒီအချိန်မှာ သူ့အတွက် ဘာအရေးကြီးဆုံးလဲ ဆိုတော့ သူတစ်ပါးကို ပြောရဆိုရဖို့၊ ရိုက်ရ နှက်ရဖို့၊ အပြစ်ဒဏ်ပေးရဖို့၊ နှိပ်စက်ရဖို့က အရေးကြီးဆုံးဖြစ်နေတယ်။ အဲဒါဟာ တရားတယ်။ အဲဒါဟာ မျှတတယ်လို့ သူထင်မှာပဲ။ ဒါမှ လုပ်သင့်တဲ့ကိစ္စလို့ သူထင်မှာပဲ။
…မာနဖြစ်တဲ့အခါမှာ ဘယ်လိုနေသလဲဆိုတော့ သူများထက် သာရဖို့ အရေးကြီးဆုံးပဲ။ တခြားကိစ္စတွေက အရေးမကြီးဘူး။
…ထို့အတူ က္ကုဿာမစ္ဆရိယ စိတ်သဘောထားလည်း ဒီလိုပဲ။ မနာလိုတဲ့စိတ်၊ ၀န်တိုတဲ့စိတ် ရှိတယ်။ သူများ ကြီးပွားတာကို မလိုချင်ဘူး။ သူ မကြီးပွားသင့်ဘူးလို့ ယူဆတယ်။ " ငါပဲ ကြီးပွားသင့်တယ် " လို့ ထင်နေတယ်။ ကိုယ့်မှာရှိတာကို မျှပေးဖို့ စိတ်မကူးနိုင်ဘူး။
…လူတွေရဲ့စိတ်မှာ လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်၊ မာနဖြစ်လိုက်၊ မနာလို ၀န်တိုတဲ့စိတ်ဖြစ်လိုက်၊ တော်ကြာ လောဘပြန်ဖြစ်လိုက်၊ တော်ကြာမာနဖြစ်လိုက်၊ သတိမရှိတဲ့သူ၊ မောဟနဲ့ နေတဲ့သူဆိုရင် တစ်ခုမဟုတ် တစ်ခုတော့ တစ်လှည့်စီ ဖြစ်နေတာနော်။
… စိတ်ရဲ့သဘာဝဟာ လောဘဖြစ်နေတဲ့အချိန်မှာ လောဘကို ငါလို့ထင်တယ်။ လောဘကို ငါ့စိတ်လို့ ထင်တယ်။ လောဘက လိုချင်နေတာကို ငါလိုချင်တယ်လို့ထင်တယ်။ လောဘက တရားတယ်လို့ထင်ရင် ငါတရားတယ်လို့ပဲ ယူဆမှာပဲ။ ထို့အတူပဲ ဒေါသ၀င်လာတဲ့အခါမှာလည်း ဒေါသကို ငါလို့ ထင်နေတယ်။ ဒေါသက လုပ်ချင်တာကို အရေးကြီးတယ်လို့ထင်တယ်။ အဲသလို ဖြစ်နေတာနော်။
…ဒါပေမယ့် သတိနဲ့ ဥာဏ်နဲ့ ကြည့်တတ်တဲ့သူအဖို့ ဒီဒေါသ၊ လောဘဟာ ငါမဟုတ်ဘူးလို့ မြင်လာတယ်။ ဒါကြောင့် သူတို့ခိုင်းတိုင်း မလုပ်တော့ဘူး။ သူတို့ရဲ့ လွှမ်းမိုးမှုကနေ လွတ်သွားတယ်။
…တစ်ယောက်ယောက်ကို စိတ်ဆိုးတယ်၊ မကျေနပ်ဘူး၊ သူက ငါ့ကို ဘယ်လိုပြောလို့ ငါက စိတ်ဆိုးတယ်လို့ ဇာတ်လမ်းကို စဉ်းစားမနေပဲနဲ့ စိတ်ဆိုးနေတဲ့စိတ်ကလေးကိုပဲ ကြည့်ဖို့လိုတယ်။ ဇာတ်လမ်းကို တွေးရင် စိတ်က ပိုပြီးတော့ ဆိုးလာတတ်တယ်။ ပိုပြီးတော့ စိတ်ဆင်းရဲသွားတတ်တယ်။ ဇာတ်လမ်းကို တွေးနေတာ မဟုတ်တော့ဘဲနဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားမှုကိုပဲ ကြည့်နေပါ.....။
...အပိုင်း (၆) ဆက်လက် မျှဝေပေးပါမည်...။
--
စက္ကန့်တိုင်း ပြေးလွှားနေတာ သတိထားပါ
အချိန်စက်ဝန်းက သင့်ကို အဖက်မလုပ်တတ်ဘူး
ဒီနေ့အတွက် လက်မထောင်နိုင်အောင် ကောင်းမှု တစ်ခု သင်ပြုပါ
နောက်နေ့အတွက်သည် နောက်နေ့ ဖြစ်လာမဲ့သင့်အတွက်မို့
ဒီနေ့ သင်ဟာ ဒီနေ့အတွက်ပဲ ဖြစ်တယ်ဆိုတာကို လုံးဝ မမေ့နဲ့ ။
http://barnay.wordpress.com
http://goo.gl/S1sYv
--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။