င၀န်မြစ်ကြောင်းတလျှောက် မောင်းနှင်လာသော သဘောင်္ပေါ်မှ ကြည့်လျှင် နေရောင်ခြည်၏ ဖျန်းပက်မှုအောက်တွင် တင့်တင့်တယ်တယ် လှပနေသောပုသိမ် မြို့အ၀င်ရှုခင်းနှင့် လေပြေနုနုရဲ့ဆော့သွေးခြင်းအောက်၌ ၀င့်ထည်စွာ မြို့ကျက်သရေဆောင် ရွှေမုဌောဘုရားကို ဖူးမျှော်ခဲ့သော အတိတ်အရိပ်များအား အမြဲသတိရနေမိသည် ။ ယခုလည်း အင်တာနက် စာမျက်နှာများတွင် ၂၀၁၂ ဖေဖော်ဝါရီလ( ၇) ရက်နေ့၌ ပုသိမ်မြို့သို့ လူထုစည်းရုံးရေး ခရီးသွားမည့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်အတူ ထိုနေ့ရက်တွင် ပုသိမ်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အမေစုအား ကြိုဆိုခွင့်မရစေရန် အစမ်းစာမေးပွဲ ကျင်းပမည့် သတင်းများထွက်ပေါ်နေသည် ။ တချိန်တည်းတွင် ထိုင်းအစိုးရ၏ ဖမ်းဆီးပြီး မြန်မာစစ်အုပ်စုလက်ထဲ လွှဲပြောင်း ခံလိုက်ရသော အခင်မင်ရဆုံး သူငယ်ချင်း ရဲဌေး ဓာတ်ပုံကို အင်တာနက်တွင် တွေ့လိုက်ရသည်။ ထိုအခါ လူထု၏ဘ၀နှင့် ဆန္ဒကို လျစ်လျူရှုခဲ့သော အစိုးရကြောင့် ရာပေါင်း တောင်ပေါင်းများစွာသော လူထု လှိုင်းလုံးကြီး ရွှေမုဌောဘုရားရှေ့ ပုသိမ်မြို့ လမ်းမပေါ်ပြည့်လျှံခဲ့သော ရဲဌေးနှင့်အတူတူ လှုပ်ရှားခဲ့သည့် ( ၈.၈.၈၈ )အရေးအခင်း အဖြစ်အပျက်များနှင့်အတူ စိတ်အစဉ်သည် အတိတ်သို့ အပြေးအလွှား ရောက်ရှိသွားသည် ။
၁၉၈၇ ခုနှစ် ပုသိမ်ဒီဂရီကောလိပ်( ပုသိမ်တက္ကသိုလ် )ကာလများ နှင့် ခေတ်၏ ရိုက်ခတ်မှုကြားမှ ပုသိမ်မြို့အမှတ်တရများ
ပုသိမ်တက္ကသိုလ်အဆောက်အဦးသည် ကန်သုံးဆင့် ရေပြင်နှင့်အတူ အပြောင်းအလဲ သမိုင်းတစ်ခုကို ရင်ဆိုင်ရမည်ဟု မထင်မြင်မိသဖြင့် တည်ငြိမ်လျက်ရှိသည် ။ ကျောင်းသား ကျောင်းသူများသည်လည်း အနာဂတ်ပညာရေး အတွက် အားကျိုးမာန်တက် ကြိုးပမ်းပြီး ပညာနို့ရည်သောက်စို့လျက်ရှိသည် ။ ကျနော်တို့ ကဗျာသမား စာသမားများကလည်း ကျောင်းကင်တင်း တွင်ထိုင်ပြီး ဘ၀ အကြောင်း ၊ အနာဂတ်အကြောင်း ၊ အချစ်အကြောင်းများကို ဖောင်ဖွဲ့အောင် ပြောပြီး သာယာသော လောကဟု အထင်ရောက်နေခဲ့ပေသည် ။ ၁၉၈၇ ပညာသင်နှစ်တွင် ကဗျာဆရာယောင်ယောင် ဘာယောင်ယောင် ကျနော်က သတ္တဗေဒ နောက်ဆုံးနှစ် ၊ ပါးစပ်က အမြုပ်ထွက်အောင် စကားများ ပွားသော ကဗျာသမား စာသမား ရဲဌေး က မြန်မာစာ နောက်ဆုံးနှစ် ၊ လိဒ် ဂစ်တာတီးတဲ့ တီးဝိုင်းခေါင်းဆောင် စကွီး ( နာမည်ရင်း ..မျိုးအောင် ထင်တယ် )က သမိုင်းနောက်ဆုံးနှစ် တို့သည် မိမိတို့ကို မိမိ အနုပညာသမားများဟု ယူဆပြီး အရာရာတိုင်းကိုလည်း ကဗျာ အမြင် ဖြင့်ကြည့်ပြီး တပူးတွဲတွဲ ကျောင်းလဘက်ရည်ဆိုင်တွင် အထိုင်များသည် ။ ကျနော်တို့ကလည်း ဧပြီလရောက်လျှင် ပိတောက်နှင့် သင်္ကြန် အကြောင်း မဂ္ဂဇင်းတိုက်ကို ပေးပို့ပါက မဂ္ဂဇင်းမှာ ဖော်ပြနိုင်ရန် သေချာပေမဲ့ ရာသီစာကို မကြိုက်ပဲ စိတ်ခံစားမှုကိုအသားပေးရေးခဲ့သည်ကများသည် ။ ကျနော်တို့ ရေးသားသော ကဗျာအများစုမှာ စာပေစီစစ်ရေးနှင့် ငြိစွန်းပြီး မဂ္ဂဇင်းစာမျက်နှာများတွင်ဖော်ပြခွင့်မရသည်ကများသည် ။
လှလှပပ ကျောင်းသူလေးတစ်ယောက်က အသက်ကြီးကြီး လူကြီးတစ်ယောက်၏ ခါးကိုဖက်ပြီး ကျနော်တို့ထိုင်နေသော ကင်တင်းရှေ့မှဆိုင်ကယ်ဖြတ်မောင်းသွားစဉ် ခွေးကဖြတ်ဟောင်လိုက်ချိန် သူငယ်ချင်း စကွီိး၏ ကဗျာကောက်စပ် ရွတ်ဆိုမှုကိုကြားလိုက်ရသည် ။
မူးယစ်ပြီး ဖွန်ရှာ
တူးဖစ်တီး ဟွန်ဒါ ( 250 Honda )
ရွံရှာသည့်ခွေး ပြေးပြီးဟောင်....။
မူးယစ်သောက်စားထားသော အသက်အရွယ် သက်ကြားရွယ်အိုသည် အဖေ၊ အစ်ကို မောင်လည်း မဟုတ် ပဲ ချောမောလှပသော ကျောင်းသူမိန်းကလေး ( ဖွန် ဆိုတာက အဲဒီခေတ်က မိန်းကလေးကိုခေါ်ဆိုသော ဘန်းစကား )ကို ဘယ်အရပ် ဆိုင်ကယ်နှင့်တင်သွားလို့ ခွေးကတောင် မျက်စိနောက်ပြီး ဘာကြောင့် ပြေးဟောင်ရသလဲ..။
ကဗျာကတော့ ကြည့်လိုက်လျှင် ဘာမှမဟုတ်ဟု ထင်မြင်ရပေမဲ့ အဲဒီအချိန်က ခေတ်သရုပ်ကို ထင်ဟပ်နေပေသည် ။ဆိုလိုသည်မှာ ပုသိမ်တက္ကသိုလ်ဝန်းကျင်တွင် ကျောင်းသား ကျောင်းသူများသည် မူးယစ်ဆေးဝါးမျိုးစုံကို အလွယ်တကူဝယ်ယူ ရရှိနိုင်သလို တက္ကသိုလ် ကျောင်းဆောင်များ၌ တရားမ၀င် ဖဲဝိုင်းများကို အစိုးရမှ တရားဝင်ခွင့်ပြုထားသည် ။ ခေတ်စားနေသော ချဲထီကတော့ နေရာတကာတွင် ခိုးကြောင်ခိုးဝှက်မလိုပဲ လွယ်လွယ်ကူကူ တရားဝင် ၀ယ်ယူနိုင်ပေသည် ။ လူထုမှာ စီးပွားရေး ကျဆင်းနေသဖြင့် တက္ကသိုလ်ကျောင်းသူများသည် ကျောင်းစားရိတ်အတွက် အမည်မသိ လူကြီးများက ကားနှင့်လာကြိုပျော်ပါးနေသည်ဆိုသည့် အဲဒီအချိန်က ခေတ်စားခဲ့သော နုနုရည် အင်းဝ၏ ၀တ္တုထဲကလို ပုသိမ်တက္ကသိုလ်မှာ ဖြစ်ပျက်နေပြီလားဟု ထင်မြင်နေခဲ့သည် ။ အကျဉ်းချုံးဆိုရလျှင် လူထု၏ ဆင်းရဲမွဲတေ ခြွတ်ခြုံကျမှုကို အစိုးရမှ မသိကျိုးကျွံပြုကာ ကျောင်းသားလူငယ်ထု ကို အစိုးရမှ စနစ်တကျ ဖျက်ဆီးနေသလားဟု ကျတော်တို့ အထင်ရောက်နေသောအချိန် ပင်ဖြစ်သည် ။ ကျောင်းသူ ကျောင်းသားများ စုဝေးစုဝေးဖြစ်မည့် ကိစ္စမှန်သမျှကို အစိုးရမှ တဆင့် ကျောင်းအုပ်ဆရာကြီးနှင့် ဘာသာရပ်အလိုက် ဌာနဆိုင်ရာများကို ပိတ်ပင်ခိုင်းထားသည် ။ ၁၉၈၇ ခုတွင်မှတ်မှတ်ရရ တစ်ခုအနေဖြင့် နှစ်စဉ်ပြုလုပ်နေကြဖြစ်သော ကျောင်းသားကျောင်းသူများ နောက်ဆုံး နှုတ်ဆက်ပွဲ (farewell) ကို ပိတ်ပင်ထားသည် ဟု ကျောင်းသားအများစုပြောဆိုနေကြသည် ။ ကျနော်တို့က နောက်ဆုံးနှစ်ကျောင်းသားများဆိုတော့ ဒီလို အခွင့်အရေးမျိုး နောက်တစ်ကြီမ်ရနိုင်ဖို့
ရာ အကြောင်းမရှိတော့ ဆိုတာသိနေသည် ။ လူဆိုတာကလည်း အခက်သား ၊ ပိတ်ပင်ထားသည်ဆိုကာမှ အနုပညာပိုးတွေက ခန္ဓာကိုယ် ဘယ်ချောင်ကြိုချောင်ကြားက ထွက်လာသည်မသိ ၊ အနုပညာ သမားပီပီ ဂစ်တာတီးချင် သီချင်းဆိုချင် စိတ်များထွက်ပေါ်လာခဲ့သည် ။ ထို့ကြောင့် နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူများ စုရုံးပြီး သတ္တဗေဒ ဌာနမှူးဆရာမကြီးထံ(farewell) ကိုဝိုင်းဝန်းတောင်းဆိုရာ ဆရာမကြီးက လိုက်လျော ခွင့်ပြုခဲ့သည် ။ယခုအချိန်ထိ အမှတ်ရနေမိသည် မှာ ပိတ်ပင်ထားသည့်ကြားမှ ယင်းနှုတ်ဆက်ပွဲတွင် သီဆိုခဲ့သော ဂျေမောင်မောင်၏သီချင်း ( ၂ )ပုဒ်သည် အာတွေ့အာတွေ့ပြီး ယခုလို ( ၂၃ )နှစ်ကြာပြီး ကာရာအိုကေသီချင်းဆိုလျှင် ငယ်ကျောင်းသားဘ၀အမှတ်တရ ပြန်ဆိုနေမိသည် ။
ကျောင်းပညာရေး စနစ်ကလည်း ဆွဲဆောင်မှု သိပ်မရှိလှသဖြင့် ကျောင်းချိန်ကို လစ်ကာ ဘာသာရပ် မတူသော သူငယ်ချင်းများနှင့် စာအကြောင်း ပေအကြောင်းပြောရင်း အချိန်ကုန်ုသည်ကိုပင် အကျိုးရှိသည်ဟု အထင်ရောက်နေချိန်လည်း ဖြစ်သည် ။ ကျနော်တို့ငယ်ရွယ်သူများ ပီပီ အချစ်ကဗျာကြောတွင် မျောနေပြီး မှတ်မှတ်ရရ သူငယ်ချင်း ရဲဌေးက ဝေးမောင် ကလောင်အမည်ဖြင့် ကဗျာစာအုပ်ထုတ်ရာ ကျနော်တို့သူငယ်ချင်း တစ်စု ကျောင်းစာတဖက် ကဗျာတစ်ဖက်နှင့် အလုပ်ရှုပ်နေပေသည် ။ ရဲဌေးကနောင်တွင် ညီနိုင် ဟူသော ကလောင်အမည် ကို ယူခဲ့သည်မှာ အဲဒီကဗျာစာအုပ်ထဲက တပုဒ်ထဲမှာ..
ပြေမညီနိုင် ဗွေဂလိုဏ်လမ်းမှာ လျှောက်ပါများရင် ခရီးဆိုတာ သေသပ်လာပါလိမ့်မည်ဆိုသော ကဗျာပိုဒ်မှကလောင်အမည် ညီနိုင် ကိုယူခဲ့ခြင်းဖြစ်သည် ။
ကျောင်းပညာရေး စနစ်ကလည်း အထင်ကြီးစရာ သိပ်မရှိလှပေ ။ ပထမနှစ်မှ နောက်ဆုံးနှစ်ထိသင် ကြားရသော နိုင်ငံရေးသိပ္ပံဘာသာက စာမေးပွဲနီးမှ မသင်ချင်သင်ချင်နှင့် သင်ပေးနေသောဆရာကိုယ်တိုင်ပေးသော မေးခွန်း ( ၅ ) ခုကို ကျက်ယုံဖြင့်အောင်သည် ။ သတ္တဗေဒ ဘာသာရပ်တွင် ကျနော် လက်တွေ့ ခွဲစိတ် ဖြေဆိုရသော လက်တွေ့စာမေးပွဲ၌လည်း သတ္တဗေဒဌာန လက်တွေ့ခန်းတွင် ဖားများများဖမ်းထားလျှင် လက်တွေ့စာမေးပွဲတွင် ဖားကို လက်တွေ့လုပ်ရမည် ။ ကြက်များများ ဖမ်းထားလျှင် လက်တွေ့ ကြက် ၊ မြွေများများ ဖမ်းထားဖို့က မဖြစ်လို့ စာမေးပွဲမှာ မြွေတော့ မလာနိုင် ၊ ဆင်းရဲသော ဌာနဖြစ်လို့ ၀က်ပေါက်တွေ အကောင်များစွာ ၀ယ်ပြီး လက်တွေ့ စာမေးပွဲမှာ လုံးဝမေးမှာ မဟုတ်ဟု အပိုင်တွက်ထားပြီးသား ပါ၊ တခြားဘာသာရပ်တွေကလည်း တစ်ခါတစ်ခါ မေးခွန်းတွေပေါက်နေတတ်သည် ။ ကဲ ဒီလောက်ကောင်းတဲ့ ဆိုရှယ်လစ် ပညာရေး စနစ် ။ ဒါ့အပြင် ကိုယ့်ကိုကိုယ်ဖော် မသူတော်ဟုပဲပြောပြော ၊ အခွင့်သင့်တုန်း တစ်ခုတော့ ကြွားခွင့်ပြုပါ ၊ ကျနော်ကလည်း ပညာရေးတွင် ခေသူမဟုတ်ပဲ ကျနော့အမေ အထက်တန်းပြဆရာမ၏ ပြုစုပျိုးထောင်မှုအောက်တွင် ကျနော် ( ၅ )တန်းမှ ( ၉ )တန်းအထိ အတန်းတိုင်း ပထမ ၊ ဒုတိယနှင့် ( ၅ ) နှစ်ဆက်တိုက် မြို့နယ်လူရည်ချွန်ဖြစ်ခဲ့သော်လည်း မကောင်းသောပညာရေးစနစ်တွင် ( ၁၀ ) တန်း၌ ခြေချော်လက်ချော် အမှတ်မကောင်းကာ သတ္တဗေဒဘာသာကို သင်ယူခဲ့ရသည် ။ ထူးမခြားနား အစမ်းသပ်ခံ ပညာရေး စနစ်၏ သားကောင်းများ ကျနော်တို့ မျိုးဆက်အားလုံးဖြစ်ခဲ့ပေသည် ။
လောက လူသားတို့သည် အပေါ်ယံကို ကြည့်ပြီး အထင်ကြီးကာ လူတွေဟာ နာမည်နောက်လိုက်နေပြီး အတွေးအခေါ်နောက် မလိုက်ကြတော့ဟု ယနေ့ခေတ်ကို ကျနော်တို့ အကြိမ်ကြိမ်သုံးသပ်နေခဲ့သည် ။ ထူးအိမ်သင် နာမည်နှင့်စီးရီးထုတ် သောကိစ္စက အောင်မြင်မှုရနိုင်ပါ့မလားဟုလည်း ဆွေးနွေးချက်ထဲတွင်ပါသည် ။ ထူးအိမ်သင်နှင့် ရင်းနှီးသော ပုသိမ်သားသူငယ်ချင်းများက သူ့ကို ဘဲဥ ၊ ကိုငှက် ၊ ရှပ်ကလေး ဟု ခေါ်ဆိုနေသဖြင့် အဲဒီအထဲက နာမည်တစ်ခုခုနှင့် စီးရီးထုတ်လျှင် ကျိန်းသေ အောင်မြင်နိုင်သည်ဟု ဆိုသူကဆိုသည် ။ပုသိမ် မြို့လယ် ဘဏ်ရှေ့ ရှိ ကျော်ကြား လဘက်ရည်ဆိုင်တွင် ထူးအိမ်သင်၏ ပထမဆုံး စီးရီးဖြစ်သော နာရီပေါ်က မျက်ရည်စက်များ သီချင်းစီးရီးကို နားထောင်ရသည်မှာ ဘ၀ အဓိပ္ပါယ်တစ်ခုခုကို လုပ်ရန် တိုက်တွန်းပြောပြနေသလိုလို နှစ်ခြိုက်ခံစားမိခဲ့သည် ။ ထူးအိမ်သင် သီချင်းစာသားများဖြစ်သော အိုညီလေးရေ မှန်တာလုပ်လိုက် ဟုတ်တာပြောပေါ့ မကြောက်နဲ့ကွာ ကမ္ဘာမြေကြီးဟာ မင်းအတွက် သက်သက်ဝန်ပိုမလေးဖို့ရာ....ခေတ်အရိပ်ကို ထင်ဟပ်နေသောစာသားများ၏ ခေါ်ဆောင်ရာကို လိုက်ရင်း အာဏာရှင်စနစ်ကို တော်လှန်ခဲ့သောမိမိလုပ်ရပ်အတွက် မိမိဘယ်တော့မှ နောင်တရမည် မဟုတ်ပါ...။
၁၉၈၇ ခုနှစ်စာပေဟောပြောပွဲတွင် ဆရာမောင်သော်က၏ စာပေယောပြောပွဲသည်လည်း ပုသိမ်မြို့၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်မည်ဟု အဲဒီအချိန်က မထင်မှတ်ခဲ့ပါ ။ စာပေ၀ါသနာပါသော ကျနော်သည် စာပေဟောပြောပွဲသို့ စာပေသူငယ်ချင်းများနှင့်အတူ သွားဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ဆရာ့စကား ဆရာ့ဟောပြောချက်များ ယနေ့တိုင် ကြားယောင်နေမိသည် ။ စာပေဟောပြောပွဲတွင် ဆရာဟောပြောသည်မှာ စနစ်နဲ့ခေတ်ရဲ့ဖောက်ပြန် ဖြစ်ပျက်နေသည်ကို ထိမိစွာ သရော်သဖြင့် လာရောက်နားထောင်သောလူထုမှ ၀က်ဝက်ကွဲ ရုံပြည့်ရုံလျှံ အားပေးခဲ့ပေသည် ။ ဆရာ့ဟောပြောချက်များမှ ကျနော် မှတ်မိသလောက် ပြန်ဖောက်သည်ချရလျှင် ဆရာက အခုနောက်ပိုင်း ( ၁၉၈၇ ) ကာလတွေမှာ နိုင်ငံတော် ဥက္ကဌ ကြီး ပြည်နယ်တိုင်းများသို့ လာရောက်လျှင် ဒေသဆိုင်ရာ ပါတီ ကောင်စီ အကြီးအကဲများသည် နိုင်ငံစီးပွားရေး နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်တွေ မေးမြန်းခြင်းထက် တိုးတိုးလေးကပ်ပြီး ဆွေးနွေးမေးမြန်းနေကြသည်မှာ ယခုအပါတ်ထွက်မဲ့ ချဲနံပတ်ဟာ ဘာဖြစ်နိုင်သလဲဟု မေးမြန်းနေကြသည်ကများကြောင်း ၊ နိုင်ငံတော် ဥက္ကဌ ကြီးက တစ်ယောက်နှင့်စကားပြောလို့ မအားမလပ်ဖြစ်နေလျှင် ပြည်နယ်ပါတီ ကောင်စီ အကြီးအကဲများသည် သမတ္တကြီး၏ ဒရိုင်ဘာကိုပင် ဆရာတင်ပြီး ချဲနံပတ်ဟာ ဘာဖြစ်နိုင်သလဲဟု မေးမြန်းနေကြကြောင်း ဆရာမောင်သော်က က အာဝဇွန်းရွှင်ရွှင် ပရိသတ်ကို ပွဲခံခဲ့သည် ။ ဆင်းရဲမွဲတေနေသောလူထုကတော့ ဆင်းရဲခြင်းမှလွတ်မြောက်ဖို့ ကြိုးစားရင်း ချဲစွဲနေပေရာ သမတ္တကြီးစီးလာသော ကားနံပါတ်ကိုပင် အလွတ်မပေးပဲ ပါတ်လည်ရိုက် ချဲထိုးနေကြကြောင်း ဆရာ့ ဟောပြောချက်များ ယနေ့တိုင် ကြားယောင်နေမိသည် ။ ဆရာ့ဟောပြောချက်နောက်တစ်ခုမှာ အခုပုသိမ်ကို လာရာ VIP ( Very Important Person )တွေ တော်တော်တွေ့ရကြောင်း ၊ ယနေ့ ဈေးသို့သွားစဉ် မီးသွေးဆိုင်တစ်ခုမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကိုတွေ့ရလို့ စိတ်ဝင်တစား ၀င်မေးကြည့်ကြောင်း ၊ ထောင်ထားတဲ့ ဆိုင်းဘုတ် ( ၂ ) ခုမှာ တစ်ခုက ရိုးရိုးမီးသွေး ဖြစ်ပြီး နောက်တစ်ခုကတော့ VIP မီးသွေးဖြစ်ကြောင်း ၊ ဘာများကွာသလဲမေးကြည့်တော့ VIP မီးသွေးက မဲမဲ ပုပု တုတ်တုတ် ၀၀ တွေဖြစ်ကြောင်း ပြောပြရာ ပုသိမ်မှာ VIP တွေဆိုရင် မဲမဲ ပုပု တုတ်တုတ် ၀၀တွေသာဖြစ်ကြောင်း ပြောကြားရာ လူထု ပရိသတ်က အားပါးတရအားပေးသလောက် စာပေဟောပြောပွဲရှေ့ဆုံးတန်းမှာ ထိုင်နေသော စစ်တပ်မှ အများစုဖြစ်သော ပါတီ ကောင်စီ မှ မဲမဲ ပုပု တုတ်တုတ် ၀၀ VIP လူကြီးတွေမှာ မချိသွားဖြဲ ဖြစ်ခဲ့ရသည် ။
ပြည်သူလူထုတရပ်လုံးသည် မှားယွင်းဖောက်ပြန်သော စနစ်အောက်တွင် ဆင်းရဲမွဲတေလျက်ရှိပြီး တိုင်းပြည်သည်လည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပေသည် ။ ကျနော်တို့ စာပေ အနုပညာလောကတွင်လည်း အနုပညာသည် အနုပညာအတွက်လား..အနုပညာသည် ပြည်သူ့အတွက်လား မေးခွန်းများစွာ မဂ္ဂဇင်းစာမျက်နှာများတွင် ဆူညံလျက် ရှိချိန်လည်း ဖြစ်သည် ။
၁၉၈၇ စက်တင်ဘာလ ( ၅ ) ရက်နေ့တွင် ၂၅ ကျပ်တန် ၊ ၅၀ ကျပ်တန် ၊ ၇၅ ကျပ်တန် ငွေစက္ကူများကို အစိုးရမှ တရားမ၀င်သတ်မှတ်ရာ ပုသိမ်တက္ကသိုလ်တွင် ကျောင်းသားလှုပ်ရှားမှုများ ဖြစ်ပွားခဲ့သည် ။ စီးပွားရေး ကျဆင်းသော ဒဏ် ၊ ညံ့ဖျင်းသော ပညာရေး စနစ်ဒဏ်ရာ ဒဏ်ချက်များဖြင့် ရင်ဆိုင်နေရသော ပုသိမ် ကျောင်းသားထုမှာ တစ်စုံတစ်ခုအတွက် ပေါက်ကွဲချင်နေချိန်လည်းဖြစ်သည် ။ တိုက်ဆိုင်မှုဟု ဆိုရမည်လား အဲဒီအထဲမှ အဆိုးဝါးဆုံး အဖြစ်အပျက်မှာ အဆောင်ဖဲဝိုင်းတွင် ဖဲလာရိုက်သော ပုသိမ်ရဲမှုးကြီးသားကို ကျောင်းသားထုကရိုက်သတ်လိုက်ကြသည် ။ ယခုခေတ်လို ကွန်ပြူတာ အင်တာနက်များ မရှိခြင်းကြောင့်လည်း ကောလဟလများ အလွန်တတရာ ဖောင်းပွကာ ပျဉ်းမနားစိုက်ပျိုးရေး တက္ကသိုလ်တွင်ပဲ အရေးအခင်းဖြစ်သလိုလို ၊ တောင်ကြီးမှာ ဘုန်းကြီးရဟန်း နှင့် မူဆလင်ဘာသာဝင်များ အဓိဂရုဏ်း ဖြစ်သလိုလို ပြောဆိုကာ ဖြေဆိုနေသော ကျောင်းစာမေးပွဲများကိုလည်း ရပ်တန့်ပြီး တက္ကသိုလ် ကောလိပ်ကျောင်းများကို တပြည်လုံးအတိုင်းအတာ ပိတ်လိုက်တော့သည် ။ အစိုးရကတော့ ကျောင်းသားထု မငြိမ်မသက်ဖြစ်မည်ကို အလွန်တရာ ကြောက်ရွံ့နေသည်မှာထင်ရှားပေသည် ။
ကျနော်နှင့်ရဲဌေးသည် ၁၉၈၇ ကျောင်းများပိတ်ထားချိန်တွင် စာပေ အနုပညာအလုပ်များကို လုပ်ခဲ့သလို တခြားတစ်ဖက်တွင်လည်း ကဗျာဆရာ ကိုအောင်ပွင့်ထံမှ နိုင်ငံရေး စာအုပ်ကောင်းများကို ဖတ်ရှုနိုင်ခဲ့ပေသည် ။ သခင်စိန်ခို ( ဗိုလ်ချုပ်အောင်ဆန်းတို့ဖဆပလခေတ်မှ ခေါင်းဆောင်တစ်ဦး ) ၊ ဦးစိန်မောင် ( ဦးနုလက်ထက် ဖဆပလ အမတ်ဟောင်း ) တို့ထံမှလည်း သြ၀ါဒ ခံယူခဲ့ပေသည် ။ နောင်တွင် ရဲဌေးသည် နိုင်ငံရေးစာတမ်းများကို ကိုယ်တိုင်ရေးသားပြီး ဖြန့်ဝေခဲ့သည် ။ ထိုသို့ဖြန့်ဝေရာတွင် ရန်ကုန်မှ ရသော စာတမ်းများဖြစ်သည်ဟု ပြောဆိုဖြန့်ဝေခဲ့ကြသည် ။လူတွေကလည်း ရန်ကုန်မှလာသော စာတမ်းဆိုမှ အထင်ကြီးကြသည် မဟုတ်ပါလား ။
နောက်ဆုံးတက္ကသိုလ် ကောလိပ်ကျောင်းများ ပြန်ဖွင့်ရာ အစိုးရအနေဖြင့် ဆူဆူပူပူ လှုပ်လှုပ်ရှားရှားလုပ်မည့်သူများ ကျောင်းဝန်းကျင်တွင် မမြင်တွေ့လိုတော့လားမသိပေ ကျနော်တို့ မှာ နောက်ဆုံးနှစ်စာမေးပွဲကို သိပ်မဖြေနိုင်လည်း အောင်ပြီး ဘွဲ့ရခဲ့ပေသည် ။ အဲဒီလို ကျောင်းပြီး ဘွဲ့ရကာ ပုသိမ်တက္ကသိုလ်ကို ကျောခိုင်းပြီး ဘ၀၏တိုက်ပွဲတွင်းသို့ဝင်ရောက်ရာ အချိန်တိုအတွင်း မထင်မှတ်သော အဖြစ်အပျက်များက ရှေ့မှာ တန်းစီဖြစ်ပျက်ခဲ့ပေသည် ။
၁၉၈၈ မတ်လ အရေးအခင်းမှသည်( ၈၈၈၈) ပုသိမ်လူထု လှုပ်ရှားမှုဆီသို့
၁၉၈၈ မတ်လ အရေးအခင်းတွင် ရဲဌေးနှင့်အသိအကျွမ်းဖြစ်သောပုသိမ်မှ ကိုထွန်းဝင်း ( RIT နောက်ဆုံးနှစ် ) နှင့်အတူ ကျနော် အမချစ်သူ ကိုမြင့်ညွန့်ဦး ( နောင်တွင် အမယောင်္ကျား ဖြစ်လာသူ )တို့ ထောင်ကျသွားသည်ဟုသိလိုက်ရသည် ။ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး အတွက် ကျနော်တို့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်ရမည်ဟု ကျနော်တို့ ဆုံးဖြတ်လိုက်ကြသည် ။ ကွန်ပြူတာ မရှိသော ခေတ်မှာ အဲဒီအချိန်တွင် ခေတ်စားနေသော ဦးအောင်းကြီး၏ နိုင်ငံရေး စာတမ်း ကို မိတ္တူကူပြီး ဖြန့်ဝေရသည်ကပင် ဧရာမစွန့်စားမှုကြီးဖြစ်ခဲ့ပေသည် ။ ထိုအချိန်တွင် ကျနော်မိဘများက ကျနော်လျှို့ဝှက်လုပ်ငန်းများအား ရိပ်မိသလားမသိပါ ၊ကျနော်ကို အလုပ်ခွင် ၀င်ရန်စီစဉ်ပါသည် ။ ကျနော့အဖေသည် ထိုအချိန်က လူဝင်မှုကြီးကြပ်ရေး ဌာနတွင် ဒု လက်တောက်တိုင်းမှူး ( တိုင်းဌာနစိတ်မှူး )ဖြစ်နေသဖြင့် လူဝင်မှုကြီးကြပ်ရေးတွင် တာဝန်ထမ်းဆောင်ရန် အားလုံးစီစဉ်ပေးမည်ပြောပါသည် ။ အမေသည်လည်း အနှစ် ( ၂၀ ) ကျော် အထက်တန်းပြဆရာမ အဖြစ်တာဝန်ထမ်းဆောင်နေရာ ကျနော့်လုပ်ရပ်များက မိသားစု ထမင်းအိုး ကွဲမည်ကို စိုးရိမ်နေပုံရပါသည် ။ အဖေနှင့်အမေသည် နှစ်ပေါင်းများစွာ အစိုးရတာဝန်ထမ်းဆောင်သော်လည်း ရိုးသားကြိုးစားပြီး လာဘ်ပေးလာပ်ယူ မလုပ်သဖြင့် ကျနော်တို့မောင်နှမ ( ၃ ) ယောက်၏ တက္ကသိုလ်ပညာသင်စားရိတ်နှင့်အတူ စီးပွားရေး ပြေလည်လှသည်တော့မဟုတ်ပါ ။အဖေ့အလုပ်အစီအစဉ်ကို ငြင်းဆိုပြီး ကျနော် နှင့် ရဲဌေး တို့သည် ဦးအောင်ကြီး စာတမ်းများကို မိတ္တူကူး ပြီး နယ်ဒေသများသို့ ဖြန့်ဝေရန်ကြိုးစားနေချိန်ဖြစ်သည် ။ နောင်တွင် ထောက်လှမ်းရေးမှ လိုက်လံ ဖမ်းဆီးနိုင်သည်ကို သိရှိပြီး ပုသိမ်မှ ရှောင်ရန် ကြိုးစားခဲ့ရသည် ။ ထိုအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံရေးသမားဟောင်း တစ်ယောက်၏ အဆက်အသွယ်ဖြင့် သူတို့နယ်တွင် တွဲဖက် အထက်တန်းပြဆရာ အဖြစ်ကမ်းလှမ်းရာ ထူးအိမ်သင်သီချင်း ဖြစ်သော( ခေါင်းလောင်းကြီးလည်း အိပ်ပျော်နေစဲ စာသင်ခုံတွေလည်း ဖယိုဖရဲ ပိုးစားချကိုက်နေ ကျေးလက်က ဆရာသူငယ်ချင်းရယ် စိတ်ဓာတ်လေးဖြူစင် သန့်ရှင်းတယ် ကွက်လပ်ဖြည့်လိုက်ပေါ့့ ဆရာသူငယ်ချင်းရယ် ) သိချင်းကို ငြိနေသော ကျနော်တို့ သူငယ်ချင်း ( ၃ ) ယောက် တွဲဖက် အထက်တန်းပြ ဆရာအလုပ်ကို လက်ခံလိုက်သည် ။
ပုသိမ် ချောင်းသာ ပင်လယ်ကမ်းခြေ အနီး သဇင်တွဲဖက် အထက်တန်းကျောင်းတွင် ကျနော် ၊ ရဲဌေး ၊ ကျော်ကျော်ဦးတို့သည် ( ၉ ) တန်း ၊ ( ၁၀ ) တန်းကိုစာပြရသော တွဲဖက်အထက်တန်းပြဆရာများ ဖြစ်လာခဲ့သည် ။စာသင်ကျောင်းဟာ ဒီမိုကရေစီ စာသင်ကျောင်းလို ဖြစ်ခဲ့သည်ကို နောက်အလျဉ်းသင့်လျှင်ရေးပါမည် ။ ကျနော်တို့ တပည့်များကလည်းများများစားစားမဟုတ် အယောက် ( ၁၅ ) ယောက်နီးပါး ဖြစ်ပြီး စာသင်ရိုးညွှန်းတမ်းကို ကျောင်းအုပ်ကြီးနှင့်တိုင်ပင်ပြီး ကျနော်တို့ကိုယ်တိုင်ရေးစွဲရသည် ။ကျေးရွာမှ စီစဉ်ပေးသဖြင့် ( ၂ ) ထပ်အိမ် တစ်လုံး အပေါ်ထပ်တွင် နေထိုင်ရပြီး အုန်းရွက်လေတိုးသံနှင့်အတူ ပင်လယ်လှိုင်းသံကို အတိုင်းသားကြားနေရသည် ။ စာပေ၊ အနုပညာ ၊ ဂီတ ၊ ကဗျာတွေခံစားတတ်သော ကျနော်တို့ အဖို့ နိဗာန်ဘုံဖြစ်ခဲ့ပေသည် ။ အချုပ်ဆိုရသော် ကျောင်းသား ( ၅ ) ယောက်လောက်က ကျနော်တို့နှင့်အတူ လာအိပ်လျှင် ညဆို ဂစ်တာတီးသူတို့ကို သင်ပေးသည် ။နေ့ခင်းစာသင်ချိန်တွင် ကျောင်း သင်ခန်းစာထက် ကျနော်တို့ ပြောသော ဦးသန့်အရေးအခင်း ၊ ကတ်စရို ၊ ချေဂွေဗားရား ၊ ဗီယက်နမ်တော်လှန်ရေး ၊ကိုသူတို့စိတ်ဝင်စားသည် ။ ညနေတွင် ရွာမှစီစဉ်ပေးသော ထမင်းချိုင့်ကို စောင့်ရင်း တစ်ခါတစ်ခါ ကျောင်းသားနှင့်ဆရာ ဘော်လုံးအတူတူ ကန်တဲ့နေ့ရှိသလို BBC ၊ VOAအတူတူ နားထောင်သောညများလည်း ရှိခဲ့သည် ။ တစ်ခါတစ်ရံလည်း အိမ်အလွမ်းပြေ ကျောင်းသားတွေမသိအောင် ဆိုင်မှာခွက်ပုန်းခုတ်ရင်း အာဘောင်အာရင်း သန်သန် နိုင်ငံရေးကိုငြင်းခဲ့သည်များလည်းရှိသည် ။ အမှတ်တရဖြစ်စရာ တစ်ခုကတော့ ဦးနေ၀င်းက ရေဒီယိုမှနေပြီး တစ်ပါတီသွားမည်လား ၊ ပါတီစုံသွားမည်လားကြေငြာစဉ် ကျော်ကျော်ဝင်းနှင့် ရဲဌေး ဆရာနှစ်ယောက် ရေဒီယိုနားထောင်ရင်း လက်ရှိနိုင်ငံရေးကို ဝေဖန်လေကန် နေရာ ပါတီစုံသွားသင့် မသွားသင့်အငြင်းပွားရင်း ထထိုးကြသဖြင့် အနီးအနားရှိကျေးရွာ လူကြီးမှ ကြားဝင်ထဆွဲခဲ့ရသည် ။ တဖက်က စာသင်ရင်း တခြားတဖက်ကလည်း လက်ရှိနိုင်ငံရေးကို မျက်ခြေမပြတ်ကြည့်နေရသည် ၊ အနာဂတ်အတွက်လုပ်ကိုင် စရာတွေ တပုံတပင် ရှိသေးသည် မဟုတ်ပါလား ။
နောက်ဆုံးတွင် သခင်အောင်ဆန်း အကြောင်းကိုသင်ပြီး ရိုးရာဝတ်စုံကို အားပေးရမည်ဟု ပြောဆိုလိုက်ရာ တပည့်အားလုံး ထိုင်းစင်ကြယ် ဖိနပ်များ မစီးတော့ပဲ ကျနော်တို့စီးသလို အားလုံး ခုံဖိနပ်တွေပဲ စီးကျတော့သည် ။ပျဉ်နှင့် ဆောက်လုပ်ထားသော ( ၂ ) ထပ်ကျောင်းဆောင်ဖြစ်သဖြင့် ကျနော်တို့ ဆရာ တပည့်အားလုံးရဲ့ သခင်စိတ်ပေါက်နေသော ခုံဖိနပ်သံကြောင့် ကျနော်တို့ကို ကျောင်းအုပ်ကြီးမှ ခေါ်ယူသတိပေးရသည့် အဖြစ်ကို ရောက်ခံရသည် ။ဒီလိုနှင့် ထောင်မှလွတ်လာသော ကိုထွန်းဝင်း အပါအ၀င် ( ၁၄၁ ) အုပ်စုမှ တစ်ချို့နှင့် အဆက်အသွယ်ရယူကာ တပြည်လုံးအတိုင်းအတာ တစ်ခု ထိဖြစ်အောင်လုပ်ဆောင်မည့် ( ၈.၈.၈၈ )လှုပ်ရှားမှုကြီးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန် အသင့်ပြင်ထားပြီးဖြစ်သည် ။ ကျနော်တို့ တပည့်များကိုလည်း အရိပ်အမြွက်ပြောထားရာ ကျနော်တို့ ( ၈.၈.၈၈ )အရေးအခင်းကို ပုသိမ်မြို့ပေါ်တွင် လုပ်လျှင်သူတို့ပါလိုက်မည် ၊ ကျနော်တို့ လက်နက်ကိုင်တောခို လျှင်သူတို့ပါလိုက်မည်ဟု မရမက ပြောဆိုကြရာ မနည်းဖျောင်းဖျထားခဲ့ရသည်ကို ယနေ့ထိသတိရနေစဲဖြစ်သည် ။
ပုသိမ်မြို့ ( ၈.၈.၈၈ ) အရေးအခင်းကာလ တွင် ရဲဌေးနှင့် ကျနော်တို့ တက်တက်ကြွကြွ လူထုကြီးကို ဦးဆောင်ပြီး ချီတက်ခဲ့ပုံများ ၊ စစ်တပ်မှ ပစ်ခတ်သည့် ( ၈.၈.၈၈ ) အရေးအခင်းညမှာ ပုသိမ်တဖက်ကမ်း ဘုန်းကြီေးကျာင်း၌ မိမိကိုယ်ကို သေသူအဖြစ်သတ်မှတ်ကာ သရဏဂုံတင်ပြီး ဘုန်းကြီးမှ သဃန်းစများကို လက်မှာစီး နဖူးမှာစီးစေခဲ့သောနေ့များ ၊ ပစ်ခတ်ဖမ်းဆီးနေသည့်ကြားမှ နိုင်ငံရေး တရားပွဲများကို စက်လှေတစ်စီးဖြင် ဆိပ်ကမ်းတစ်ခုဝင် တစ်ခုထွက် တရားဟောခဲ့ပုံများ ၊ ပုသိမ်မြစ်ရိုး တစ်လျောက်တွင် စစ်တပ်၏ ပစ်ခတ်မှု ကြောင့် ပေါ်လော မျောနေသော လူသေအလောင်းများ ၊ ( ၈.၈.၈၈ ) အရေးအခင်းကာလတွင် ပုသိမ် ထောင်မှအကျဉ်းသားများကို ဆူပူအုံကြွသည်ဟု ဆိုကာတစ်ညလုံးပစ်ခတ်နေသော သေနတ်သံများ ၊ ထောက်လှမ်းရေးမှ လိုက်လံဖမ်းဆီးသဖြင့် ပုသိမ် မုံရွာ လမ်းမကြီးပေါ်ရှိ သစ်ကောင်းအိမ် ( ဇော်ကြီး ) တို့အိမ်တွင် ခိုးချောင်ခိုးဝှက် အိပ်ခဲ့သောည ၊ ကျောင်းသားသမဂ္ဂ မရှိသေးသဖြင့် ကျောင်းသား အရပ်သား လူငယ် အားလုံး ပါဝင်နိုင်သော ခေါင်းစဉ်ဖြင့် ဧရာဝတီတိုင်း မျိုးချစ်လူငယ် တပ်ဦးကို ဖွဲ့စည်းပြီး သပိတ်စခန်းဖွင့်ခဲ့ပုံများ ၊ သပိတ်စခန်းဖွင့်ပြီး လူထုရာပေါင်းများစွာ သပိတ်စခန်းမှာ အတူနေခဲ့ပုံများ ကို ရုပ်ရှင် အနှေးရိုက်ကွက်လို အတိတ်ကို ပြန်မြင်ယောင်နေမိသည် ။ နောက်ဆုံးတွင် ၈.၈.၈၈ အရေးအခင်းကာလတွင် လက်နက်ကိုင်တော်လှန်ရေးအတွက် တောခိုရန် ဆုံးဖြတ်ပြီး မိဘကိုပင် အသိမပေးပဲ ကိုထွန်းဝင်း ၊ ရဲဌေး ၊ ချိုတူး ( ဆောင်းယွန်းလ ) တို့နှင့်အတူ ပုသိမ်ကို တိတ်တဆိတ် စိတ်ဖြင့် လက်ပြနှုတ်ဆက်ခဲ့သည်မှာ ( ၂၃ ) နှစ်ရှိခဲ့ပေပြီ ။
ဆရာ မကြာခင် ပြန်လာမှာပါဟု ဂတိပေးခဲ့သော ကျနော် ဟာ ၁၉၈၈ စက်တင်ဘာ စစ်တပ်မှ အာဏာ သိမ်းချိန်မှစပြီး လက်နက်ကိုင် တော်လှန်ရေးအတွက် တောခို ခဲ့ရာ တပည့်တွေနှင့် ခွဲခွာခဲံရသည်မှာ ( ၂၃ ) နှစ်ရှိခဲ့ပေပြီ ။ ကျနော်သည် ယနေ့အချိန်ထိ နှစ်ပေါင်း များစွာတပည့်များကို အဆက်အသွယ်မလုပ် ပဲထားခဲ့ရာ ၈.၈.၈၈ မြန်မာပြည်ဒီမိုကရေစီ အရေးအခင်းတွင် ကျနော် ကျဆုံးသွားပြီဟု တပည့်များက ထင်မြင်ယူဆ ကောင်း ယူဆနေပေမည် ။ ကျနော့ တပည့်များနေထိုင်ရာ ချောင်းသာ ပင်လယ်လမ်းခြေအနီး သဇင်ကျေးရွာလည်း နာဂစ်မုန်တိုင်း ဒဏ်ကြောင့် တပည့်များ အသက်ရှင်လျက် ရှိပါဦးမည်လား ဟုထိန့်လန့်စွာ တွေးနေမိသည်မှာလည်း များပြီ ။
ကျနော်ဆိုတဲ့လူကလည်း မှန်တာထင်ရင် ရေကုန်ရေခမ်း လုပ်တတ်တဲ့စိတ်ရှိ သဖြင့် မိဘကိုပင် တောခိုပြီးနောက် ဆယ်နှစ်ဆယ်မိုး အဆက်အသွယ်မလုပ်ပဲနေခဲ့ရာ မိဘက ကျနော့် အတွက် သေပြီအထင်နှင့် ဆွမ်းသွပ်အမျှဝေပြီးခဲ့ပြီ ။
ကျနော့ အမေသည် ကျနော့်အတွက် ဗေဒင်မေး ၊ နတ်ကနားပေး ၊ ဘိုးတော်မယ်တော် ရှိရှိ သမျှ အကုန်မေးမြန်းလှူဒန်းသလို ကျနော် သရဲတစ္ဆေလို အရိပ်ပြမှာကိုပင် မကြောက်ပဲ စောင့်ကြည့်ချင်သည့် အမေမျိုးဖြစ်သည်ဟု ကျနော်ကို အနှစ် ( ၂၀ ) အတွင်း ထိုင်းမြန်မာနယ်စပ်မှာ လာတွေ့စဉ် ငိုယိုပြီးပြောပြသည် ။ကျနော် အဖေသည် ကျနော်ဖုန်းပြောစဉ် နားလေးပြီး ဘာမှ မကြားနိုင်အောင်အို မင်းနေပေပြီ ။ ကျနော့အနေဖြင့် မိစုံ ဖစုံရှိနေခြင်းပင်လျှင် ကံကြမ္မာက ကျနော့ကို မျက်နှာလိုက် သလိုဖြစ်ပြီး ကျနော့ ချစ်ဇနီး လေးလေးနွက် ၏ မိဘနှစ်ပါးလုံး ကွယ်လွန်ဆုံးပါးပြီး သူမ အမေကို ( ၈.၈.၈၈ ) အရေးအခင်းမှစတင်တောခိုလာချိန်သည် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်သည် ။ ဒီစာသည် ကျနော်တို့လို ဘ၀တူများကတော့ ခံစားနားလည်ကြမည်ဟု ထင်ပါသည် ။
ကျနော်သည် ဒေသစွဲ မရှိပေမဲ့ အခုလို အင်တာနက် စာမျက်နှာများတွင် ၂၀၁၂ ဖေဖော်ဝါရီလ( ၇) ရက်နေ့၌ ပုသိမ်မြို့သို့ လူထုစည်းရုံးရေး ခရီးသွားမည့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်အတူ ထိုနေ့ရက်တွင် ပုသိမ်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အမေစုအား ကြိုဆိုခွင့်မရစေရန် အစမ်းစာမေးပွဲ ကျင်းပမည့် သတင်းများကို ကြည့်ပြီး စိတ်အစဉ်သည် နှစ်ပေါင်းများစွာ ခွဲခွာခဲ့သော အမေ့အိမ်ရှိရာ ပုသိမ်သို့ရောက်သွားသည် ။
အမေစု သည် မြန်မာပြည်အတွက် လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းရေးစသော ဒီမိုကရေစီအောင်ပန်းကိုယူဆောင်လာမည်ဟု ကျနော်တို့ ပုသိမ်သူ ပုသိမ်သားများအပါအ၀င် မြန်မာပြည်သူပြည်သား အားလုံးက လေးလေးနက်နက် ယုံကြည်နေပေသည် ။ပြုပြင်ပြောင်းလဲရေးကို လိုလားသော အစိုးရသည် ကျောင်းသား လူထုနှင့် ထိပ်တိုက်ရင်ဆိုင်မည့်နည်းအစား သမာသမတ်ကျသော တရားမျှတမှုဖြင့်သာ အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ဖြင့် တိုက်တွန်းရေးသားလိုက်ပါသည် ။
အောင်ခိုင်မြင့်
Messenger News Journal
ယခု တိုင်အောင်ပင်လျှင် ဥပဒေအရ တို့ကလွဲရင်/တို့ခွင့်ပြုထားသူကလွဲရင် ဘယ်သူမှ လုပ်ခွင့်မပေး... ကြိုးဖုန်းများ အရစ်ကျစံနစ်နှင့် ရောင်းပေးမည်။ ဈေးနှုန်း ကတော့ ခြောက်သိန်းခွဲ (ဒေါ်လာရှစ်ရာခန့်) ဆိုတာမျိုး နှင့် အဘယ်ပြင်ပရင်းနှီးမြှုပ်နှံမှုမျိုးကို သူများနှင့်ယှဉ် ၍ ကြိုဆိုနိုင်ပါမည်နည်း...
Messenger Journal Vol.2 No.38 Supplement A ပါဆောင်းပါး
၉၄ ရာခိုင်နှုန်းကို စာနာပါ
အဆိုးမြင်သူတစ်ယောက် မဟုတ်သည့်တိုင် ငါးထောင်ဖုန်းသတင်း စကြားလိုက်သည်နှင့် ဘယ်လိုတုန့်ပြန် သံတွေ ထွက်လာမလဲဆိုတာ မှန်းဆမိခဲ့ပါသည်။
အများပြည်သူတွေက ကြိုဆိုကြသည်။ ကမ္ဘာ့အမြင့်ဆုံး ဆင်းမ်ကတ်ပေါက်ဈေးနှင့် ၀ယ်သုံးခဲ့ရပြီး (အလွန်
အတ္တကြီးသူတချို့ကလွဲလျှင်) ဖုန်းရှိနှင့်ပြီးသူတွေကလည်း မုဒိတာ ပွားကြသည်။ မယုံနိုင်ကြသော်လည်း အဲဒီအ တိုင်း ဖြစ်လာပါစေဟု ပြောကြဆိုကြသည်။
မဟာအခွင့်ထူး ရခဲ့ဖူးသူတို့ဘက်ကလည်း ချက်ချင်းအသံထွက်လာသည်။ ဒီဈေးနှင့် ဘယ်လိုမှမဖြစ်နိုင်တဲ့။ ဥပဒေအရ ချုပ်ကိုင်စီမံထားသူတို့ဘက်ကလည်း ဥပဒေနှင့်ပဲ ကိုင်ပေါက်သူကပေါက်၊ ဆင်းမ်ကတ်ဆိုတာတော့ ပေါတာပေါ့ (ခုကျမှ)၊ အရေးကြီးတာက နက်ဝပ် . .. နက်ဝပ်တွေဆောက်ရတာလွယ် မှတ်လို့ဟု ငေါက်ငမ်းသူက ငေါက်ငမ်း . . . ဂြိုဟ်တုမရှိလို့ ဒီလိုဈေးကြီးနေရတာလို့ အကြောင်းပြသူကပြ … ငါတို့ နက်ဝပ်ကို မဖြတ်ဘဲ ဒင်းက ဘယ်ကဖြတ်မှာတဲ့လဲ … လုပ်ကြည့်စမ်းပါ ဟု မာန်သူကမာန် .. နည်းပညာကို လွှဲချသူကချ ..
သေချာတာကတော့ ဒီသတင်းအပေါ် အလွန်ပင်ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုကြသော အများပြည်သူကြီးက တစ်ဖက် … အကျိုးစီးပွားတွေ၊ အခွင့်အာဏာတွေနှင့် လုပ်ပိုင်ခွင့်တွေ ကိုင်လှုပ်ခံရတော့မလို အလန့်တကြား ငြင်း ဆန်ကန့်ကွက်သံတွေ ထွက်လာတာတွေက တစ်ဖက် … ကွဲပြားလှသော အသံတွေ ထွက်လာပါတော့သည်။
တစ်ချိန်က အခြေအနေတစ်ခုကြောင့် ဆယ်င့ါးသိန်းထိ တက်ယူခဲ့သော ဂျီဖုန်းများ အကြောင်းကြောင်း ကြောင့် ပျက်စီး/ပျောက်ဆုံး၍ လဲလှယ်လျင်ပင် လဲလှယ်ခ ကျပ်ငါးသောင်း (ယခင်က တစ်သိန်း)၊ နာမည်ပေါက် ချင် ကိုယ့်တာဝန်ကိုယ်ယူ၊ အာမခံလက်မှတ်ထိုး၊ မှတ်တမ်းမှာ နာမည်ပြောင်းရေးခက ကျပ်ငါးသောင်း၊ လိပ်စာ ပြောင်းချင် ကျပ်တစ်သောင်းဆိုပြီး (အခြားသောဌာနများနှင့် ခြားနားစွာ) အရာရာကို သောင်းချီ/သိန်းချီ သတ်မှတ် စီမံခွင့်ရနေသူများထံမှ ကျပ်ငါးထောင်တန် ဆင်းမ်ကတ်အတွက်တော့ မဖြစ်နိုင်သည့်အကြောင်းတွေသာ သိန်း သောင်းချီကြားရမည်ဟု မျှော်လင့်ပြီးသား ဖြစ်ပါသည်။.
ဟုတ်ကဲ့ … မြန်မာပြည်ထက် ခေတ်အဆက်ဆက် အရာရာနိမ့်ပါးသည်ဟု သတ်မှတ်ခံခဲ့ရသော အိမ်နီး
ချင်း ကုန်းတွင်းပိတ်လော နိုင်ငံငယ်လေးတွင်ကော ဂြိုဟ်တုကိုယ်ပိုင်ရှိပါသလား … သေချာတာကတော့ လွန် ခဲ့သည့် ငါးနှစ်လောက်ကပင် လောမှာ နံပါတ်သေဆင်းမ်ကတ်တစ်ကတ်လျှင် ဆယ်ဒေါ်လာ (ကျပ် ရှစ်ထောင် စွန်းစွန်း) နှင့် အလွယ်တကူ ၀ယ်သုံးနိုင်နေခဲ့ပြီ။ လူဦးရေခြောက်သန်းတွင် တစ်သန်းခွဲ ၂၅ ရာခိုင်နှုန်း ဖုန်းသုံးနိုင် နေခဲ့ပြီ။ ယခုလောက်ဆို လူဦးရေ ထက်ဝက်ထက်မနည်း သုံးနိုင်နေလောက်ပြီ။
ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာကော အိန္ဒိယရဲ့ အမွဲတေဆုံးပြည်နယ်တွေမှာရော၊ တရုတ်ပြည်ရဲ့ အသွားအ လာ ခက်ခဲတဲ့ဒေသတွေမှာကော၊ အာဖရိကမှာကော ဘယ်မှာမှ မိုဘိုင်းနက်ဝပ်တွေ ဆောက်ရခက်လို့ တိုင်တွေ လိုက်စိုက်နေရလို့ဆိုတဲ့ အကြောင်းပြချက်နှင့် ဆင်းမ်ကတ်တစ်ကတ် ဒေါ်လာသုံးရာကျော်ပေးရတာမျိုး မကြားဖူး ခဲ့၊ ထိုနိုင်ငံတွေမှာ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာပင်မပြည့်သည့် ထင်းခြောက်လိုက်ကောက်သူပင် မိုဘိုင်းဖုန်းသုံးစွဲ နိုင်ကြသည်မှာ အိပ်မက်မဟုတ်ပါ။.
ကမ္ဘာပေါ်တွင် တံခါးပိတ်ဝါဒနှင့်ကျန်ခဲ့သည့် နောက်ဆုံးနိုင်ငံအနည်းငယ်ထဲတွင် ပါဝင်သော ကျူးဘားမှာ ပင်လျင် ဆင်းမ်ကတ်တစ်ကတ် ဒေါ်လာတစ်ရာ (ကျပ်ရှစ်သောင်းကျော်) သာ ဖြစ်ရာ ဒီမိုကရေစီနိုင်ငံသစ်ဆီ နောက်ပြန်မလှည့်စတမ်း ချီတက်နေသည်ဆိုသော မြန်မာနိုင်ငံတွင် ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနှင့် ဆက် သွယ်ရေးကဏ္ဍကို ဇက်ကြိုးကြီးတုန့်ဆွဲပြီး ပက်ကျိနှုန်းထားနှင့် ချီတက်နေသည်မှာ မည်သို့မျှ ဆီလျော်မှုမရှိတော့ ပါ။
ယနေ့ထိ မြန်မာ့တယ်လီဖုန်းသိပ်သည်းဆမှာ ၆ ရာခိုင်နှုန်းသာ ရှိသေးသဖြင့် တယ်လီဖုန်းမသုံးနိုင်သော လူဦးရေမှာ ၉၄ ရာခိုင်နှုန်း ဖြစ်နေပါသည်။ (ကမ္ဘာပေါ်တွင် အနိမ့်ဆုံးနှုန်း/ရှက်ဖွယ်လိလိ နိမ့်ကျမှုနှုန်းဖြစ်၏) လျှပ် စစ်စွမ်းအင်သုံးစွဲနိုင်မှုပင်လျင် ၂၅ ရာခိုင်နှုန်းခန့်ရှိနေရာ ဆက်သွယ်ရေးတိုးတက်အောင် လုပ်ဆောင်ဖို့က ပို၍ပင် ဦးစားပေးသင့်ပါသည်။
လုပ်လည်းလုပ်နေပါသည်ဟုဆိုသော ဂျီအက်စ်အမ် သန်း ၃၀ ငါးနှစ်စီမံကိန်းကြီးကို အသံစထွက်လာက တည်းက လေ့လာမိပြီး သက်ပြင်းချမိခဲ့ရသည်။ အစိုးရသစ်တက်စ ထိုအချိန်က မီဒီယာတွေ ယခုလောက် မပွင့် လင်းနိုင်သေး၍ သုံးသပ်မိသမျှ ရင်ထဲမှာပဲ ထားခဲ့ရသည်။ ယခုတော့ ပြောရတော့မည်။
အစိုးရဟောင်း၏ နောက်ဆုံးစီမံမှုများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပုံရသည့် မိုဘိုင်းဖုန်းကို ကျပ်ဆယ့်ငါး သိန်းမှ ငါးသိန်းသို့ ပြန်ချပေးခဲ့တော့ ဒါ ဆက်သွယ်ရေးလွယ်ကူမှုအတွက် ပထမအဆင့်ပဲလေဟု သက်မချမိခဲ့ သည်။ ယခင်က လိုင်းအင်အားသောင်းဂဏန်းအတွက် ကျပ်ငါးသိန်းနှင့်စခဲ့ပြီး ပြင်ပပေါက်ဈေးကြောင့် ဆယ့်ငါး သိန်းတက်ယူခဲ့သည်။ နောက်ပိုင်း လိုင်းအင်အား ရန်ကုန်-မန္တလေးပေါင်းလျင်ပင် သုံးလေသိန်းထက်မနည်း စီစဉ် တော့လည်း တပ်ဆင်ခ ငါးသိန်းဆိုတော့ နည်းနည်းမျက်ခုံးပင့်ကြည့်ခဲ့မိသည်။ တစ်ဖန် ထိုစံမံကိန်းကို နာမည်ကြီး ကုမ္ပဏီတစ်ခုတည်းကသာ ပြိုင်ဖက်မရှိ လုပ်ခွင့်ရသည်ဆိုတော့ Cronism ဆိုသည့် စကားလုံးကို ပိုသဘောပေါက် သွားခဲ့သည်။
(ဆက်သွယ်ရေးလုပ်တာ စာအုပ်ရိုက်သလိုပဲ စောင်ရေများလေ တစ်အုပ်ချင်းကုန်ကျစရိတ် လျော့ကျလေ၊ ဖုန်းလိုင်းများလေ တစ်လိုင်းချင်းစရိတ်လျော့ကျလေ၊ ဈေးလျော့ရောင်းနိုင်လေပဲဆိုတာ ကလေးက အစ တွက်ကြည့်နိုင်သည်)
တစ်ဖန် အစိုးရသစ်လက်ထက် သန်း ၃၀ စီမံကိန်းမှာတော့ ကုမ္ပဏီကြီးတစ်ခုတည်း မဟုတ်တော့ ဘဲ ကုမ္ပဏီအများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။ ပထမဆုံးနှစ်မှာတင် လိုင်းအရေအတွက် လေးသန်း ရောင်းချသွားမည်ဟု ဆိုသည်။ အရေအတွက်က အားရစရာကောင်းသလောက် ဈေးနှုန်းအကြမ်းဖျင်းဆိုတာ ကြား ရပြန်တော့ ဘ၀မကျနိုင်ခဲ့။ ဒီမျှသန်းချီ လိုင်းအရေအ တွက်ရောင်းချဖို့ စီစဉ်ထားတာတောင် ဆင်းမ်ကတ်တစ်ကတ် သုံးသိန်းဝန်းကျင်တဲ့လား၊ များများရောင်းရမှ နောင်စီမံကိန်းနှစ်တွေမှာ ဈေးထပ်လျှော့ပေး မည်ဟု ဆိုသည်။
ထိုစံမံကိန်းအတွက် ပါဝင်သော ကုမ္ပဏီများမှ ကျပ်ဘီလီယံငါးရာ ရင်းနှီးမြုပ်နှံမည်ဟု ဆိုသည်။ တစ်ကတ် ကျပ်သုံးသိန်းနှုန်းနှင့် ပထမနှစ် ကတ်လေးသန်းရောင်းချရလျင်ပင် ကျပ်ဘီလီယံတစ်ထောင့်နှစ်ရာ ပြန် ရမည် ဖြစ်ရာ တစ်ကျပ်ရင်းပြီး ချက်ချင်းနှစ်ကျပ်ကျော်ကျော် ပြန်ရှာမည့်သဘောသာ ဖြစ်နေသည်။ (ပြောခတွေ လုံးဝမပါသေး)
ငါးသိန်းနှင့်ရောင်းစဉ်က လိုအပ်ချက်ရှိသူတွေက ကြိတ်ကြိတ်တိုးဝယ်ကြသည် ဆိုသည့်တိုင် ရန်ကုန်- မန္တလေး နှစ်မြို့ပေါင်း တစ်နှစ်အတွင်း ကတ်ငါးသိန်း ပြည့်ပါရဲ့လား၊ သုံးသိန်း (သို့) နှစ်သိန်းခွဲနှင့် ရောင်းပါ လျှင် ဝယ်လိုအားနှစ်ဆတိုးပါမှ ကတ်တစ်သန်းလောက် ပဲ ရောင်းရနိုင်သည်။ တစ်နှစ်အတွင်း ကတ်လေးသန်း ရောင်းချဖို့ဆိုသည်မှာ ထိုဈေးနှုန်းနှင့်သာ ဆိုလျှင် လျာ ထားချက်ပြည့်မီမည် မထင်၊ သို့ဆိုလျှင် နောင်ဒီထက် ဈေးလျှော့ချဖို့လည်း မလွယ်တော့။ ငါးနှစ်အတွင်း ဖုန်း သန်း ၃ဝ ရောင်းချရပြီး မြန်မာပြည်၏ တယ်လီဖုန်း သိပ်သည်းဆ ၆ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းသို့ ရောက် ရှိရေးဆိုသည်မှာ ဖြစ်နိုင်ဖွယ်မမြင်တော့။
ကုမ္ပဏီတွေနှင့် ဌာန ဘယ်လိုအကျိုးခွဲဝေသလဲ တော့ မသိရ။ နှစ်ကာလရှည်ကြာ ဖုန်းဒုက္ခခံစားခဲ့ရသော ပြည်သူတွေအတွက်မူ ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်း သာ ဆက်ဝယ်သုံးကြရဦးမည့်သဘော (ကျပ်သုံးသိန်း= ဒေါ်လာ သုံးရာကျော်) ဒါကိုပင် တန်ဖိုးနည်းဖုန်းဟု သတ်မှတ်ခေါ်ဝေါ်နေခြင်းကလည်း သတ်မှတ်သူတို့၏ အတွေးအခေါ်များ စနစ်ဟောင်းထဲတွင် ပိတ်မိကျန်ရစ်နေ ကြောင်း သက်သေထင်ရှားပြနေသလိုပင်။
အခြားနိုင်ငံတွေမှာ ဖုန်းကုမ္ပဏီထောင်ပြီး ကြီးပွား ကြသူတွေအကြောင်း ဖတ်ဖူးပါသည်။ သို့သော် ဆင်းမ် ကတ်ကို ဈေးကြီးကြီးရောင်းပြီး ကြီးပွားတာမျိုးတော့ မဟုတ်။ ဆင်းမ်ကတ်ကို အလကားနီးပါးလောက် ပေး ပစ်ကာ သန်းချီသော သုံးစွဲသူများ၏ ပြောခတွေနှင့်သာ အရင်းအမြတ်ပြန်ရှာကြတာမျိုးသာ၊ ဒီမှာတော့ ဆင်းမ် ကတ်ဆိုလျှင် ဒေါ်လာရာဂဏန်း ပေးကိုပေးရမည်ဟု ပြဌာန်းထားသလို ဖြစ်နေသည်။
ယခုဆိုလျှင် နှစ်ပေါင်းများစွာ သံသယပွားခဲ့ကြ သော ရှမ်း၊ ကချင်၊ ကရင်စသော တိုင်းရင်းသားလက် နက်ကိုင်များနှင့်လည်း ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမ သဘောတူညီနိုင်ပြီဖြစ်ရာ သူတို့နေရေးထိုင် ရေး စားရေးသောက်ရေး အဝဝ ကူညီပေးရာတွင် ဆက်သွယ်ရေးလည်း ပါရပေလိမ့်မည်။
ဒီတော့ နီးရာတစ်ဖက်နိုင်ငံတွေက ဆင်းမ်ကတ် တစ်ကတ်ကို မုန့်ဖိုးလောက်နှင့် အလွယ်တကူဝယ်သုံးနေ ကြသူတို့ကို ဆင်းမ်ကတ်တစ်ကတ် သုံးသိန်းနှင့်ပဲ သွား ရောင်းပေးကြမှာလား။ ရော့.. ဒါ တို့တိုင်းပြည်ရဲ့ တရား ဝင်မိုဘိုင်းဖုန်း... လောလောဆယ် တစ်လုံးသုံးသိန်း ... များများရောင်းရလို့ နောင်နှစ်လောက်ဆိုရင်တော့ နည်းနည်းထပ်လျှော့ပေးမယ်... ဒီလိုပြောပြီး ငြိမ်းချမ်း ရေးကို အထောက်အကူပြုနိုင်မှာတဲ့လား... နောက်ကျ ကျန်ခဲ့သော ဖွံ့ဖြိုးမှုတိုးတက်ရေးက ခုခေတ်မှာ တစ်ရွာ လျှင် စီဒီအမ်အေလေး အနည်းငယ် ချထားပေးရုံနှင့် မလုံလောက်နိုင်ပြီ။
စာရေးသူ အဓိက တင်ပြလိုသည်မှာ ဆက်သွယ်ရေး ကဏ္ဍတွင် မလိုအပ်ဘဲ ကုန်ကျမှုများနေရသည်များကို ထိထိရောက်ရောက် လျှော့ချရေး၊ ဆက်သွယ်ရေးသိပ် သည်းမှု အလျှင်အမြန်တိုးတက်လျက် တိုင်းပြည်ဂျီဒီပီ မှအစ စီးပွားရေးဘဝတစ်ခုလုံး ကျွဲကူးရေပါ လိုက်ပါ မြင့်တက်နိုင်စေရေး အပြုသဘောသာ ဖြစ်ပါသည်။
ယခု တိုင်အောင်ပင်လျှင် ဥပဒေအရ တို့ကလွဲလျှင် တို့ခွင့်ပြုထားသူက လွဲရင် ဘယ်သူမှ လုပ်ခွင့်မပေး... ကြိုးဖုန်းများ အရစ်ကျစံနစ်နှင့် ရောင်းပေးမည်။ ဈေးနှုန်း ကတော့ ခြောက်သိန်းခွဲ (ဒေါ်လာရှစ်ရာခန့်) ဆိုတာမျိုး နှင့် အဘယ်ပြင်ပရင်းနှီးမြှုပ်နှံမှုမျိုးကို သူများနှင့်ယှဉ် ၍ ကြိုဆိုနိုင်ပါမည်နည်း... (ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ဆယ်နှစ်လောက်ကတည်းက ဘတ်သုံးရာ= ဆယ်ဒေါ် လာခန့် ပေးလိုက်လျှင် ကြိုးဖုန်းတစ်လုံး ၂၄ နာရီအတွင်း ရရှိသည်)
ဒါကြောင့် ငါးထောင်တည်းနှင့် ရောင်းမယ့် UTMS ဆင်းမ်ကတ်စနစ်ဟာ အကြောင်းအမျိုးမျိုးကြောင့် လော လောဆယ် မြန်မာပြည်မှာ မဖြစ်နိုင်သေးဘူးပဲ ထားဦး၊ (ဒါကိုလည်း Third Party ကျွမ်းကျင်သူတို့နှင့် လေ့လာ ဆန်းစစ် ကြည့်မှ အဖြေမှန်ပေါ်မည်ဟု ထင်သည်။ သို့မဟုတ်လျှင် မြစ်ဆုံဇာတ်လမ်းအစပိုင်းကလို ငါပြော တာမယုံ၊ ငါ့ဘကြီးမေးကြည့်ဆိုတာမျိုး ဖြစ်နေဦးမည်) ယခုလက်ရှိ ကုမ္ပဏီများနှင့် ဆောင်ရွက်နေသော စီမံကိန်း ကိုပင် အသေအချာ ပြန်လည် သုံးသပ်လျှင် ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ရည်မှန်းချက်ပေါက် မြောက်နိုင်သည့် အခြေအနေရှိပါသည်။ (ကုမ္ပဏီဆယ့်သုံးခု အရင်းမဆုံးစေရပါ)
ဆင်းမ်ကတ်တစ်ကတ် နှစ်သိန်းခွဲ/သုံးသိန်းအစား ကျပ်ငါးသောင်းမျှနှင့် တွက်ကြည့်ပါ...
ဆင်းမ်ကတ်တစ်ကတ် ကျပ်ငါးသောင်းနှင့် ရောင်း လျှင်ပင် ပထမနှစ် ကတ် ၄ သန်းအတွက် ကျပ်ဘီလီ ယံ ၂ဝဝ တိတိပြန်ရပါလိမ့်မည်။ (ထိုဈေးနှင့် ရောင်းပါ မှ တစ်နှစ်အတွင်း ၄ သန်းကုန်နိုင်ချေရှိသည်)
ထိုဖုန်းလေးသန်း တစ်လုံးတစ်လ ကျပ်ငါးထောင် ဖိုး (မိနစ်တစ်ရာ) ပြောသည်ထားဦး၊ ပြောခချည်းသက် သက် တစ်လ ဘီလီယံ ၂ဝ၊ တစ်နှစ် ဘီလီယံ ၂၄ဝ အေးအေးလေး ရပါမည်။ စုစုပေါင်း ဘီလီယံ ၄၄ဝ ရနေပြီဖြစ်၍ ဘီလီယံငါးရာဆိုသော အရင်းအနှီးမှာ တစ် နှစ်ကျော်ကျော်လေးနှင့် ကျေပြီး နောက်ပိုင်းပြည်သူတွေ မနေနိုင်၍ ပြောသမျှ ဘီလီယံပေါင်း များစွာ မြတ်စွန်း ပါလိမ့်မည်။
ငါးထောင်အစား ငါးသောင်းနှင့် ရောင်းလျှင်ပင် ဤမျှမြတ်စွန်းသည်ကို နည်းသည်ဟု ထင်နေပါသေးလျှင် ဒီမိုကရေစီနိုင်ငံသစ်လေးတွင် စီးပွားမရှာသင့်ပါ။ ဌာန အနေဖြင့်လည်း ပြည်သူ့အကျိုးသယ်ပိုးရသော ဝန်ထမ်း ဌာနဖြစ်သည်နှင့်အညီ အများပြည်သူ၏ သက်သာချောင် ချိမှုကို ဒီ့ထက်ပိုပြီး မျက်ချည်ပြတ်မခံသင့်တော့ပါ။ သောင်းချီသိန်းချီ သတ်မှတ်သမျှ ပေးဆောင်နေကြရသည် မှာ အခြားရွေးချယ်ခွင့်မရှိ၍ ဖြစ်ပါသည်။တစ်အိမ်လုံး မှာ ဖုန်းတစ်လုံးပင် မရှိ၍ ရှိသမျှလေး ထုခွဲကာ ငါး သိန်းဖုန်းဝယ်ထားကြရပြီး ပြောခသက်သာစေဖို့ တစ်ဖက်ကို missed call တွေချည်းပေးကာ ပြန်အဆက် စောင့်တာမျိုးက ဒီတိုင်းပြည်မှာပဲ ရှိမည်ထင်သည်။ပြည်သူ့ဘဝတွေထဲ ဆင်းကြည့်ကြပါ။ တစ်ကျပ်တစ် ပြားအတွက် မည်မျှခက်ခဲနေသည်ကို အထင်အရှား တွေ့ နိုင်ပါသည်။
လူ့အခွင့်အရေးတွေဘာတွေ ခဏထားဘိဦး၊ ကမ္ဘာ့ ပြည်သူအများစုကြီးနှင့် ခြားနားလှစွာ ''လွယ်ကူသက် သာစွာ ဆက်သွယ်နိုင်ခြင်း'' ဟူသော အခွင့်အရေးပင် နှစ်ပေါင်းများစွာ ပိတ်ပင်ခံထားရသလို ဖြစ်နေသည့် ၉၄ ရာခိုင်နှုန်းသော ပြည်သူများကို စာနာပါဦးဟု တင်ပြ လိုက်ရပါသည်။
မင်းမြတ်စံ
သဲသဲလှုပ် ဒီမိုကရေစီ....
by Soe Myint Thein on Sunday, 5 February 2012 at 15:04
ဒီမိုကရေစီ..တဲ့..။ ခုအချိန်မှာ မြန်မာတွေကြားထဲ ခေတ်အစားဆုံး စကားလုံးထင်ပါတယ်..။ သူများမိုတော့ ကိုယ်လဲ လိုက်မိုမှ ဖြစ်တော့မှာ ဆိုပေမယ့် ဒီမိုကရေစီဆိုတာ ဘာလဲလို့ မေးရင် အောင်မှတ်ရအောင် မဖြေနိုင်ဘူးဆိုတာလဲ ကိုယ့်ကိုယ်ကို သိနေတယ်..။ ဟုတ်တယ်လေ.. ကိုယ်က ချက်စားလို့၊ ပေါင်းစားလို့၊ ကျော်စားလို့ ရတဲ့မှိုလောက်တာ နားလည်ခဲ့တဲ့လူ..။ ဒီလို ဒီမိုကရေစီ ဆိုတာကြီး ပြောလိုက်ရတော့ ကိုယ့်ကိုယ်ကို အရမ်းကို ခမ်းနားသွားတယ်။
မြန်မာဝီကီကတော့ ဒီမိုကရေစီ ရဲ့အနှစ်သာရကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ထားလေရဲ့..။
ဒီမိုကရေစီ၏ အနှစ်အရသာမှာ ပြည်သူ့ထံမှဆင်းသက် လာသော အာဏာ ကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်။ ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာ ပိုင်စိုးသော စနစ်ကို ခေါ်ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီ ဆိုတဲ့ အဓိပ္ပာယ်ထဲမှာ လွတ်လပ်မှုတွေ၊ မျှတမှုတွေ ၊ ညီညွှတ်မှုတွေ ၊ ဥပဒေစိုးမိုးမှုတွေ သိပ်သိပ်သည်းသည်း ပါဝင်နေတာကို တွေနိုင်ပါတယ်..။ အဲလိုအဓိပ္ပာယ်ကြီးရှင်းရှင်းလင်းလင်းကြီး ဖွင့်ထားတာကို ကျွန်တော်ကတော့ ခုထိ ရှုပ်တုန်းပဲ..။
----------------------------- x ----------------------------------
ကျွန်တော်တို့ရွာမှာ တွဲဖက်မူလတန်းကျောင်းလေး တစ်ကျောင်းရှိတယ်..။ နှစ်ပေါင်း နှစ်ဆယ်ကျော်ပီဖြစ်တဲ့ တွဲဖက် မူလတန်းကျောင်းလေးကတော့ ခုထိလဲ တွဲဖက်လေးပါပဲ..။ နောင်ဘုရား တစ်ဆူထပ်ပွင့်တဲ့ အချိန်လောက်ဆိုရင်များ အစိုးရခန့် ရမလား မသိဘူး..။ ကျွန်တော် ဆယ်တန်း အောင်ပြီးစတုန်းက ရွာမှာ ကျောင်းဆရာ လုပ်ခဲ့ပါတယ်..။ တစ်ကျောင်းလုံး ဆရာရော၊ ဆရာမရော ကျွန်တော် တစ်ယောက်တည်းပဲ..။
ကျောင်းသားကလဲ များသလား ဆိုတော့ သူငယ်တန်းကနေ လေးတန်းထိ စုစုပေါင်း ၂၆ ယောက်ရယ်..။ ဒါပေမယ့် ကျောင်းအတွက် လုပ်စရာတွေက အများသား။ စာသင်တဲ့ အလုပ်တစ်ခုတည်းကို ထားလိုက်အုံး..။ မနက် ကိုးနာရီခွဲ ကျောင်းတက် ခေါင်းလောင်းထိုးလိုက်တာနဲ့ ကျောင်းကို ပြေးလာကြတဲ့ ကလေးတွေ ကို ကြည့်အုံး..။
တစ်ချို့ဆို လယ်ကွင်းထဲ မနက်အစောကြီးသွားပြီး ဖားရှာ၊ ငါးရှာ ၊ အဲဒီက ပြန်လာပြီး .. သူတို့အဖေတွေအမေတွေ အလုပ်မဆင်းခင် ချက်ထားခဲ့တဲ့ ထမင်းကို တက်သုတ်ရိုက်စား..။ အင်္ကျီ၊ ဘောင်းဘီလေးတွေကို ဒီတိုင်းယူလာပြီး ကျောင်းရောက်မှ ၀တ်ကြတာလဲရှိရဲ့..။ ကိုယ်လုံးတီးနဲ့ ပြေးလာတာ..။ လွယ်အိတ်ပါရင်ပြီးရော..။တစ်ချို့ အတန်းကြီးတဲ့ ကလေးတွေက ကျောင်း မနေသေးတဲ့ သူတို့ရဲ့မောင်လေး၊ ညီမလေးတွေပါ တစ်ခါတည်းခေါ်လာတာ..။ သူတို့ရဲ့ မိဘတွေက ဒီအချိန်မှာ ကောက်စိုက်၊လယ်ထွန်သွားကြတာလေ..။
ဒီတော့ သူတို့ရဲ့ ညီလေး၊ ညီမလေးတွေကို ထိန်းဖို့ ပုခုံးပြောင်းတာဝန်ယူရတာက သူတို့ပေါ့..။ တစ်မျိုးစဉ်းစားလိုက်တော့လဲ ဟုတ်တုတ်တုတ်..။ကျောင်းလဲနေရတယ်..၊ အိမ်အလုပ်လဲ လုပ်ကူရတယ် ပေါ့..။ သူတို့မိဘတွေအတွက်ကတော့ စိတ်ကိုအေးလို့..။ ကျောင်းဖွင့်ရာသီဆို သဘောကျလို့ မဆုံး..။ နွေရာသီ ကျောင်းပိတ်တာကမှ စိတ်ပူရသေးတယ်..။
ကလေးတွေ ဘယ်တောကြို အုံကြား သွားနေမှန်းမသိ။ ဘယ်သူတွေနဲ့ သွားမှန်းမသိ ။ ဖမ်းလို့ မမိနိုင်တော့ဘူး..။ ကျောင်းဖွင့်တော့ သူတို့အတွက် စိတ်အေးလက်အေး အိုကေမှာ အစိုကို ပြေလို့..။သူတို့ သက်သာသလောက် ဒီကဆရာကတော့ သေရောပဲ..။ မနက်ကျောင်းတက်လိုက်တာနဲ့..သူငယ်တန်းကို အရင်ပြေး.. ကကြီးခခွေး သင်၊ ကဗျာလေးတွေရွတ်၊ ပြီးရင်သူတို့ကို စာရေးခိုင်းထားခဲ့၊ ဒီလိုနဲ့ ပထမတန်း ၊ ဒုတိယတန်း၊ တတိယတန်း၊တစ်တန်းပြီး တစ်တန်း သင်။ လေးတန်းကို သင်ဖို့ အလှည့်မရောက်သေးဘူး ..။ အငယ်တန်းကောင်တွေက ထကြွ သောင်းကျန်းနေကြပြီ..။ ဒီကြားထဲ ကျောင်းနေအရွယ် မရောက်သေးပဲ ခေါ်လာတဲ့ကလေးတွေက ထထငိုလိုက်သေးတယ်...။ ကဲ ဘယ်လောက် မောမလဲဆိုတာ ပြေးသာကြည့်တော့...။ စာသင်တဲ့အလုပ်ပါမက မူကြိုကျောင်းသဘာပတိပါ လုပ်လိုက်ရသေးတဲ့ ဆရာတစ်ယောက်ရဲ့ဘ၀ ..။ဒီလိုနဲ့  တစ်နေ့တာ ကျောင်းတက်ချိန်ကို သံသရာလည်လိုက်တာ.. ညနေ ကျောင်းသာ ဆင်းသွားရော..။ ဖတ်ဖတ်မောကို မဖြေလိုက်နိုင်ဘူး..။ နောက်နေ့လဲ ဒီလို၊ အဲဒါရဲ့နောက်နေ့လဲ ဒီလို..။ ဟူး.. မလွယ်ဘူး..။ အဲဒီတုန်းကစပြီး ဆရာ၊ ဆရာမတွေကို တကယ် ကိုယ်ချင်းစာတတ်ခဲ့တာ ..။ ဒီတိုင်းချည်းပဲ ဆက်သွားရရင် သေရချည့်..။ ဒီတော့ ကိုယ်လဲ သက်သာ သူတို့လဲ မအားလပ်ရအောင် ဆိုပြီး.. သူငယ်တန်းကလေးကို တစ်တန်းကျောင်းသားတွေက ထိန်း..။တစ်တန်း ကလေးကို နှစ်တန်းကောင်တွေက ထိန်း .. ။ ကိုယ့်အတွေးနဲ့ ကိုယ်တော့ ဟုတ်နေတာပါ့..။ဒီတော့ အကြီးတန်းတွေစာသင်ရတာ စိတ်ကိုချမ်းသာလို့ဗျာ..။ နှစ်ပတ် သုံးပတ်လောက်နေတော့ အငယ်တန်းတွေ တိတ်လှချည်လားပေါ့..။ လားလား.. ။ဘယ်ဟုတ်လိမ့်တုန်း..။ သူတို့ကို ထိန်းတဲ့ကောင်တွေက ကြိမ်လုံးကိုမှ နွားရိုက်တဲ့ တံပျာ တွေနဲ့လေ..။ တစ်ရွှမ်းရွှမ်းပေါ့...။ ဟိုကောင်တွေ အသံ မထွက်ရဲတာ ဒါကြောင့်ကိုး..။ နည်းနည်းလောက် ဆော့ချင်တာကို မဆော့ရဲဘူး..။
နောက်ဆုံး သေးပေါက်သွားချင်တာတောင် မသွားရဲတော့ဘူး..။ ဟိုကောင်တွေကလဲ ဘာရမလဲ လက်စွမ်းပြချင်နေတာ..။ လက်စွမ်းပြတာ ချည်းကလဲ တစ်ဖက်လူကို ကြိုးတုတ်ထားပြီး လက်ဝှေ့ထိုးခိုင်းတာကမှ သက်သာလိမ့်အုံးမယ်..။
နောက်ပိုင်း ဘယ်လိုဖြစ်လာလဲ ဆိုတော့ အပြစ်မရှိရင်လဲ အပြစ်ရှာ. ဆော်တော့တာ..။ အမြင်ကပ် ပုဒ်မ တွေပါ ထပ်တပ်ပြီး ဆော်တာ...။ ကလေးဆိုတော့ သိတဲ့အတိုင်း...၊သူများနာတာ၊မနာတာ သူနဲ့ မဆိုင်ဘူး...။
တစ်ယောက်တစ်လှည့်တောင် ပြိုင်ပြီး နှိပ်ကွပ်နေကြသေးတယ်...။ အာဏာရှင်စနစ်များ တယ်ကြောက်စရာ ကောင်းပုံပြောပါတယ်..။ ဘုရားဘုရား...။ ဒီ ပုံစံဆို ဆရာကိုယ်တိုင် ထောင်ကျကိန်း မြင်တယ် ဆိုပြီး အပ်နှင်းထားတဲ့ အာဏာတွေ ပြန်ရုပ်သိမ်းပေးလိုက်ရပါရောလား..။ အဲဒီပုံစံကိုလဲ ပြောင်းလိုက်ရတော့တာပဲ..။ ဘာပဲ ဖြစ်ဖြစ် စာလေး သင်ပြီးရင် သူတို့ ဆော့ချင်ဆော့ကြပါစေပေါ့..။ လွတ်ပေးထားလိုက်တယ်..။ ပထမ တစ်ပတ်လောက်တော့ အသားမကျသေးဘူး..။
ခြံထဲက လွတ်ခါစ သိုးလေးတွေ လိုပဲ...။ ဘယ်သွားရကောင်းနိုးနိုး၊ ဘာစားရကောင်းနိုးနိုးပေါ့..။ ငြိမ်ကြတုန်း...။ နောက်နည်းနည်း ကြာလေ ၊ ဇာတိက ပြလာလေပဲ..။ ပိုဆိုးတာက တောသူတောင်သား၊ လယ်တောယာတောပဲသွား၊ ကျွဲတွေနွားတွေနဲ့ ဖက်ပြီး နေလာခဲ့တဲ့ကောင်တွေ...။ ဟိုး.. ပြောမနေပါနဲ့တော့..။နောက်ပိုင်း ငါကိုင်တုပ်ရတာကို လေးဖြူတို့၊ အငှဲတို့ သီချင်းဆိုနေရတာလား အောက်မေ့ရတယ်..။ အဲလို ပြောမှ အားပါတယ်ကို ထင်ကြတော့တာ..။ ဆရာရှေ့တောင် ပြောထွက်ချင်လာတယ်..။
ဒီနည်းလဲ မဟန်ပါလား..။ ဒီတိုင်းလွှတ်ပေးထားရင် ဒီတိုင်းချည်းပဲ ဖြစ်နေရင် ဘယ်လိုလုပ်.. ဆရာ သိက္ခာတစ်ပြားမှ ကျန်တော့မှာ မဟုတ်ဘူး..။ ဒီတော့ အတန်းထဲမှာ ရန်မဖြစ်ရ၊ မဆဲရ ဥပဒေထုတ်ရတော့တာပေါ့ဗျာ..။ဆရာ့ ရှေ့မှာတော့ ဟုတ်နေတာပဲ.. ။
လိမ္မာလိုက်ကြတာ..။ ဆရာလဲ လစ်ရော.. ခိုးစားတဲ့ အသီးမှ ပိုချိုနေကြတာ...။ ဒီတော့ ဆဲတာတွေ့ရင် တိုင်ခိုင်းတယ်..။ ဒဏ်ပေးတယ်..။ အဲဒါလဲ ယိုပေါက်က ရှိတာပဲ..။ အတန်းနည်းနည်း ကြီးတဲ့ကောင်တွေက အငယ်ကောင်တွေကို မဆဲဆဲအောင်စ။
တရားထိုင်နေတဲ့လူကို နောက်က ခါးကို ကလိထိုးသလိုလုပ်ပြီး ဥပဒေဘောင်ထဲက နေ လက်တစ်လုံးခြားလုပ်ပြီး လာတိုင်ကြပြန်ရော..။ သူတို့တိုင်တော့လဲ ဆရာဆိုတော့ ဥပဒေအတိုင်း ဒဏ်ပေးရပြန်ရော..။ ရော .. ခက်ရချည်..။
ဒီကျောင်းသား ၂၆ ယောက်နဲ့ ကျွန်တော်နဲ့ ရွာလည်နေကြတာ.. "မှားတဲ့ဘက်မှာ" သီချင်းချည်းပဲ ဆိုနေရမလို ဖြစ်နေပြီ..။ သိသိချည်းနဲ့ ခံရခက်ဆုံးက ကျောင်းဆင်းချိန်ပဲ..။ နေ့လည် ထမင်းစားချိန်ပဲ ဖြစ်ဖြစ်၊ ညနေ ပိုင်း ကျောင်းပြန် ချိန်ပဲ ဖြစ်ဖြစ် ကျောင်းပရ၀ုဏ်လေးက ကျော်လိုက်တာနဲ့... ပေါက်ပင် ဆက်ရက် ကျတာကမှ နားခံသာသေးတယ်..။သူတို့က မဆဲရဆိုတဲ့ဥပဒေရဲ့ အပြင်ရောက်သွားပြီဆိုတော့ တစ်ယောက်တစ်ပေါက် လွတ်လပ်စွာ ပေါက်ကွဲကြတာ..။ ကိုယ့်ဖြင့် ကျောင်းမှာ တစ်ယောက်တည်း ထိုင်ငိုရမလိုလို၊ လိုက်ပြီးပဲ ကြိမ်လုံးနဲ့ ဆော်လိုက်ရတော့မှာလိုလို..။ ဒီလိုချည်းပဲ စံလင်းသီချင်း(တစ်ရက်လဲ မဟုတ်နှစ်ရက်လဲမဟုတ် ..) ဖြစ်လာတော့ မဖြစ်ချေတော့ဘူး။ ဟုတ်တယ်လေ.. ကျွန်တော်က ရိုက်လဲ မရိုက်ချင်ဘူး..။ ခုတော့ မရဘူး. ဆော့ရုံတင်မက၊ အဆဲတွေပါ စည်းဝါးလိုက်နေသလို ဖြစ်နေတဲ့ ဒီစရိုက်မျိုးတွေတော့ ရွာမှာ မရှိစေချင်ဘူး..။ ခု သူတို့ လွတ်လပ်မှုက စည်းလွတ်၊၀ါးလွတ်ကြီးတွေ...။ လွတ်လွန်းတော့လဲ လပ်လာကြတော့တာပေါ့..။
ဒီတော့ သူတို့ရဲ့ အားသာချက်ကလေးတွေနဲ့ပဲ ကြိုးစားရတော့မယ်ပေါ့..။သူတို့တွေမှာ ဘယ်လိုမှ အဖိုးမဖြတ်နိုင်တဲ့ စရိုက်ကလေးတွေ ရှိကြတယ်..။ အဲဒါကတော့ ဘာသာတရားကို အရမ်းလေးစားကြတယ်..။ ပင်ကိုယ်စရိုက်တွေ ရိုးသားကြတယ်..။ အဲဒီစရိုက် ကလေးတွေသာ ဖွင့်ပေးလိုက်ရင် သူတို့ဟာတကယ်ချစ်စရာ ကောင်းကြတယ်ဆိုတာ ပေါ်လွင်လာတော့တာပဲ...။ ကျွန်တော်က ဘာလုပ်လဲဆိုတော့ ညနေပိုင်း ကျောင်းမဆင်းခင် အနည်းဆုံး နာရီဝက်လောက် ပုံပြင်ပြောနိုင်အောင်၊ သမိုင်းတွေ ပြောပြနိုင်အောင်၊ ကဗျာတွေရွတ်တတ်၊ ခံစားတတ်အောင်၊ ပန်းချီတွေ ဆွဲတတ်အောင်.. ကြိုးစားရတော့တာပဲ..။ ပုံပြင်တွေကလဲ ရသမျှလိုက်စု..။ သမိုင်းဆိုလဲ မြန်မာ့သမိုင်းကမ္ဘာ့သမိုင်းစုံစိနေအောင် ပြောရပီ..။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပဲ အများဆုံးပြောဖြစ်တယ်..။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောလိုက်တာနဲ့ ကလေးတွေမှာ စိတ်ဓာတ်တက်ကြွလာတာတို့..၊ လေးစားအားကျလာတာတို့ အထင်းသားပေါ်လာတာပဲ..။ မတရား မလုပ်ချင်တော့တာတို့ ..။ သူများအတွက် အနစ်နာခံချင်တာတို့က အပြိုင်ပေါ်လာတော့တယ်..။
ကျောင်းပိတ်တဲ့ နေ့တွေဆို မြို့ကို စက်ဘီးနဲ့ သွားပြီး စာစောင် အဟောင်းတွေလိုက်ရှာဝယ်..။ ရွှေသွေးလို စာစောင်တွေအများဆုံးဝယ်။ အတန်းကြီးတွေကို ဖတ်ခိုင်း အတန်းငယ်တွေက ၀ိုင်းပြီးနားထောင်။ နောက်ပိုင်း အငယ်တန်းလေးတွေပါ ဖတ်တတ်ချင်တဲ့ စိတ်တွေပေါ်လာ..။ ဒီလိုနဲ့ ကြိုးစားလာကြတာ..။ အံ့သြစရာကောင်းတယ်..။ ကလေးတွေရဲ့ စူးစမ်းစိတ်တွေ၊ လိုချင်စိတ်တွေ၊ ဖြူစင်တဲ့စိတ်ဓာတ်လေးတွေက ထိုးထိုးထောင်ထောင် တိုးတက်လာကြတယ်..။ နောက်ပိုင်း ရွာထဲက မိဘတွေတောင် ကျွန်တော့ကို ခဏခဏ ချီးကျူးကြတယ်..။ဒီလို ဆိုတော့လဲ ဟုတ်တုတ်တုတ်ပါလား..။ ဘယ်လောက်ထိလဲ ဆို ကျွန်တော်တို့ တိုက်နယ်က ပြိုင်တဲ့ ဘက်စုံထူးချွန်ပြိုင်ပွဲမှာ ကျွန်တော့ ကျောင်းက ကျောင်းသားလေးက ဘက်စုံထူးချွန်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တယ်..။ ကျွန်တော်တို့ တိုက်နယ်မှာ ကျောင်းပေါင်း ၂၁ ကျောင်း ရှိတာ။ ကျွန်တော်သင်တဲ့ ကျွန်တော့ရွာက တွဲဘက်မူလတန်း ကျောင်းက ဆရာအင်အား၊ ကျောင်းသား အင်အား အနည်းဆုံးပဲ..။တစ်ခြားကျောင်းက ဆရာဆရာမတွေကု ကျွန်တော့ကို ချီးကျူးလို့ မကုန်နိုင်..။ ဒီတော့လဲ ဆရာဖြစ်ရတဲ့ ပီတိက ဘာနဲ့မှ မလှဲနိုင်..။ ကျွန်တော်သိလိုက်တယ်..။ ကျောင်းသားတွေကို လွတ်လွတ် လပ်လပ်နဲ့ နေနည်းသာမက ၊ မှန်ကန်သင့်မြတ်တဲ့ အတွေးအခေါ်လေးတွေပါ ထည့်ပေးနိုင်ခဲ့တဲ့ စာပေရဲ့ ကျေးဇူးကြောင့်ပါ..။
အားလုံး တိုးတက်ချင်ရင်တော့ လွတ်လပ်မှုထဲမှာ အသိဥာဏ်သာမက ၊ ရိုးသားဖြူစင်မှု၊ အနစ်နာခံမှုတွေက မရှိမဖြစ် ဒေါက်တိုင်တွေပါ..။
------------------------- x ----------------------
ဆိုကြပါစို့..။ ကျွန်တော်တို့ဟာ ဒီမိုကရေစီဆိုတဲ့ခေတ်မှာ မူလတန်း ကလေးတွေပါ..။ ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ...။ သေချာတာကတော့ ကျွန်တော်တို့ စာတွေ အများကြီးဖတ်ဖို့လိုသေးတယ်..။
နိုင်ငံရေးစံတွေ၊ ဒီမိုကရေစီစံတွေ၊ ခေတ်မီတိုးတက်သောလူသားတွေရဲ့ ကျင့်စဉ်တွေကို လိုက်မီအောင် ကျွန်တော်တို့ ကြိုးစားရအုံးမယ်..။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပြောတဲ့ "ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်ဆိုတာ ပြရမယ် ..." ဆိုတာလေးကို သတိရမိတယ်..။ "ပေါက်ပင် ဆက်ရက်ကျ" ဒီမိုကရေစီမျိုး မလုပ်မိဖို့တော့ ကျွန်တော်တို့လို ပြည်သူတွေမှာ တာဝန်အပြည့်ရှိလာပါပြီ ..။
ဒီမိုကရေစီဆိုတာ လူတိုင်းလိုချင်ကြသလို "ဂါထာလူတိုင်းပေး၊ သေးဖြစ်" မဖြစ်စကောင်းပါ ..။
ကျွန်တော်တို့က အခုမှ အစပဲ ရှိပါသေးတယ်..။ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ၀ိဝါဒ မကွဲပြားစရာ တွေက ဒီမိုကရေစီကို နှစ်ပေါင်း ရာချီကျင့်သုံးလာတဲ့ နိုင်ငံတွေမှာတောင် တွေ့နေရတယ်..။ ဟိုနေ့ကပဲ သတင်းတစ်ပုဒ် ဖတ်မိတယ်..။ ဖြစ်တာကတော့ ကြာပါပြီ..။
နိုင်ငံရေးနဲ့ မဆိုင်ပေမယ့် တွေးကြည့်ရင် ဆက်စပ်မှုတော့ သေချာပေါက် ရှိပါတယ်..။လူမျိုးရေးခွဲခြားမှုပါ..။ ဥရောပမှာ။ အထူးသဖြင့် အားကစားလောကမှာ။ အထူးသဖြင့် ဘောလုံး အားကစားမှာ လူမျိုးရေးခွဲခြားမှုက တကယ့် အပြစ်ကြီးတစ်ခုပါ..။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြသနာ ဖြစ်ခဲ့ကြတာလဲ အကြိမ်ကြိမ်..။ ပြစ်ဒဏ်ကျခံရတာလဲ အကြိမ်ကြိမ်ပါပဲ..။ ၂၀၁၁ ဒီဇင်ဘာ လတုန်းကပဲ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး အကျော်အမော် ဖြစ်တဲ့ လူးဝစ်ဆွာရက်စ် ဆို ရှစ်ပွဲ ပွဲပယ်ခံရတာ..။ အမှုက မန်ယူအသင်းနောက်ခံလူ အီဗရာကို ဘောလုံးကစားနေရင်း နီဂရိုးလို့ ခေါ်တဲ့အမှု..။သူတို့ပြဌာန်းထားတဲ့ အတိုင်း ပြစ်ဒဏ်ချတဲ့ ဥပဒေကတော့ လေးစားစရာပါ..။ ခုကျွန်တော်ပြောချင်တဲ့အကြောင်းက ချဲလ်ဆီးနဲ့ အင်္ဂလန်ရဲ့ အသင်းခေါင်းဆောင် ဂျွန်တယ်ရီက QPR နောက်ခံလူ အန်တန် ဖာဒီနန်ကို ဘော့လုံးပွဲတစ်ပွဲမှာ လူမျိုးရေးခွဲခြားလို့ ဆိုပြီးတရားစွဲထားတဲ့ အဖြစ်အပျက်လေးပါ..။ ခုထိ ပြစ်ဒဏ် မချရသေးပါဘူး..။ ဂျွန်တယ်ရီနဲ့ အန်တန်ဖာဒီနန် နှိုင်းယှဉ်ရင် အစစ အရာရာကွာပါတယ်..။တယ်ရီက နိုင်ငံလက်ရွေးစင်မှာ အသင်းခေါင်းဆောင်၊ ချဲလ်ဆီးလို အသင်းကြီးမှာ အသင်းခေါင်းဆောင်။ အန်တန်ဖာဒီနန်ကတော့ သူနဲ့ဆန့်ကျင်ဘက်။ လက်ရွေးစင်ထဲမှာတောင် အရွေးမခံရဘူး..။ ကလပ်ဆိုလဲ အသေးလေးမှာ ကန်နေတဲ့လူ..။တယ်ရီသာ တကယ်လူမျိုးရေးခွဲခြားခဲ့ရင် သူတို့ဥပဒေအရ တစ်သက်လုံး ဘော့လုံးပွဲ ကစားခွင့်ပိတ်ပင်ခံရနိုင်တဲ့ အထိအပြစ်ပေးခံရနိုင်သလို ဆွာရက်စ်လိုပဲ ရှစ်ပွဲပယ်နဲ့လဲ ပီးသွားနိုင်တာပဲ.။ ဒီမှာ မပီးနိုင်တာက ပရိသတ်တွေ...။ ဂျွန်တယ်ရီရဲ့ ပရိသတ်တွေက အန်တန်ဖာဒီနန်ဆီ အသက်အန္တရာယ်နဲ့ ပတ်သက်တဲ့ ခြိမ်းခြောက်စာတွေ အဆက်မပြတ် ပေးပို့ခဲ့ကြပါတယ်..။နောက်ဆုံး ၂၈-၁-၂၀၁၂ နေ့မှာ ကန်ရမယ့် ချဲလ်ဆီးနဲ့ QPR အသင်းရဲ့ FA ဖလား ပွဲစဉ်မတိုင်မီ ဂျွန်တယ်ရီရဲ့ ပရိသတ်တွေက အန်တန်ဖာဒီနန် ဆီကို ကျည်ဆန်တွေ ပါဆယ်အိတ်နဲ့ ပို့ခဲ့တဲ့ထိ ပြင်းထန်ခဲ့တယ်..။ကိုင်း.. ဒါလားကွဲ့ ဒီမိုကရေစီ..။ အန်တန်ဖာဒီနန်ခမျာ သူ့ရဲ့လုံခြုံရေးအတွက် ပေါင်သုံးသောင်းတောင် အကုန်အကျခံပြီး သက်တော်စောင့် ငှားရတဲ့အထိ..။ ဒါဆိုရင် သူတို့ရဲ့ ဒီမိုကရေစီ ဆိုတာကြီးက " လူများတရားနိုင်" ကြီးလား.။ ကျွန်တော်သာ အန်တန်နေရာမှာဆို သေတာ သေရတော့မယ်..။ ပေါင်သုံးသောင်း မပြောနဲ့ သုံးပေါင်တောင် မရှိပါဘူး..။ ပြောစရာက တယ်ရီဘက်က ကြည့်မယ်ဆိုရင်ရော..။ကျွန်တော်က မြန်မာ လူမျိုးပါ..။ မြန်မာ လူမျိုးတွေ ဘယ်လောက် အောက်တန်းကျကျ ဆက်ဆံ ခံရလဲ ဆိုတာ နိုင်ငံခြားရောက်ဖူးတဲ့ လူတိုင်းနီးပါး ခံစားကြရပါတယ်..။ဒါပေမယ့် ကျွန်တော့ကို ဗမာကောင်လို့ ခေါ်ခဲ့ရင် ကျွန်တော်တော့ မနာနိုင်ပါဗျာ..။ ဂုဏ်တောင် ယူလိုက်သေးတယ်..။အေး မြန်မာပြည်ကတောင် မင်းတို့ ဆီလာပြီး ပညာရှင် လာလုပ်နေတာကွ လို့တောင် စိတ်ထဲက ကြုံးဝါးမိသေးတယ်..။ ဘောလုံးကွင်းထဲမှာ ကန်နေရင်း စိတ်ဆိုးပြီး နီဂရိုးကို နီဂရိုးလို့ ပြောလိုက်မိတာလေး တစ်ခွန်းလောက်နဲ့ ရုံးရောက် ဂတ်ရောက် ကျတော့ "ပျားရည်တစ်စစ် ကြောင့်တိုင်းပြည်ပျက်" မဖြစ်နိုင်ဘူးလား...။ ဟိုနေ့ကလဲ နယူးကာဆယ်အသင်း တိုက်စစ်မှူး အမီယိုဘီကို ဖေ့ဘွတ်ကနေပြီး ပရိသတ်တစ်ယောက်က လူမျိုးရေးခွဲခြားတဲ့ စကားနဲ့ စော်ကားမိလို့တဲ့..။အင်္ဂလန်ရဲတွေ အလုပ်ရှုပ်နေကြလေရဲ့..။ ဖေ့ဘွတ်ကို တစ်ကမ္ဘာလုံး သုံးနေရတာ..။ အဲလိုလေး ပြောတာနဲ့ အဲဒီအမှုပေါ်အောင် လိုက်ပေးရမယ့် ရဲတွေကိုလဲ စာနာကြည့်ကြပါအုံး..။ နိုင်ငံတော်ရဲ့ ဘဏ္ဘာတွေ ဘယ်လောက်ကုန်သွားနိုင်လဲ ဆိုတာလဲ စဉ်းစားပေးကြပါအုံး.. ကိုကို နီရိုးတို့ရယ်..။ ကြာတော့ black ဆိုတဲ့ စကားလုံးနဲ့ niger ဆိုတဲ့ စကားလုံးကို အဘိဓာန်ထဲက အပီးအပိုင်ဖယ်ထုတ်ဖို့  လွှတ်တော်မှာ တင်သွင်းရမလို ဖြစ်နေပြီ...။ သေချာတာကတော့ လူမျိုးရေးခွဲခြားမှုကို ဒီလို ချည်းသာ ကိုင်တွယ်နေရအုံးမယ်ဆိုရင် ဘယ်တော့မှ လူမျိုးရေးခွဲခြားမှု ပပျောက်မှာ မဟုတ်ပါဘူး..။ ကျွန် တော်ပြောခဲ့ သလိုပဲ လူဆိုတာ ဆတ်ဆတ်ထိ မခံနိုင်ဘူးထင်တဲ့ အားနည်းချက်ကို ယူပြီး ခိုးစားနေကြအုံးမှာပဲလေ..။ အဲလိုစကားတစ်ခွန်းလေးကို အမှုဖွင့် အရေးမယူပဲ အန်တန်ဖာဒီနန် နဲ့ တယ်ရီသာ ပြေပြေလည်လည် ဖြစ်သွားမယ်ဆိုရင် ..။
"မယ်တော်က တော်တော်၊ ကြက်တူရွေးက ကဲကဲ" ဖြစ်နေကြ တဲ့ဒီမိုကရေစီ အရင့်အမာသားကြီးတွေကို ပြောပါတယ်..။ဟိုဘက်ကလဲ သဲသဲလှုပ်၊ ဒီဘက်ကလဲ သဲသဲလှုပ် ဖြစ်နေ ကြသေးတဲ့ နှစ်ဖက်ပရိသတ်တွေ လုပ်နေသမျှ ဘယ်လောက် ခိုင်မာတဲ့ ဥပဒေပဲ ဖြစ်ဖြစ်၊ဘယ်လောက် ရင့်ကျက်တဲ့ ဒီမိုကရေစီပဲဖြစ်ဖြစ် သူလဲ မလူးသာ မလွန့်သာ ပါလားကွယ် .. လို့သာ....။
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ