[mrsorcerer:18358] ပြောတော့ မိုး ထိုးတော့ မြေကြီး မဖြစ်စေဖို့ (မောင်ဝံသ)

 
by Sue Hnget on Thursday, 9 February 2012 at 18:18 ·
ဖေဖော်ဝါရီ(၁၀)ရက်နေ့မှာ မန္တလေးအာဇာနည်ဗိမာန်ကို သန့်ရှင်းရေးလုပ်ကြမယ် ဆိုတာသိရလို့ ဝမ်းမြောက်ရပါတယ်။ မန္တလေးက သခင်ဗဟိန်းအုတ်ဂူကိစ္စ၊ မန္တလေးအာဇာနည်ဗိမာန်ကိစ္စ၊ ဗိုလ်မှူးဗထူးရဲ့ အထက်ဗမာပြည်စစ်ရုံးကိစ္စ၊ ပယ်ပုံတော်ကျောက်စာဝင်းကိစ္စတွေကို ကျွန်တော်ရသမျှ အခွင့်အရေးမှာ အသိပေးရေးသားဖြစ်ပါတယ်။ စာပေစီစစ်ရေးက ရေးသမျှ၊ တင်သမျှ အမြဲဖြုတ်ချပစ်ပါတယ်။ ကျွန်တော်ကလည်း မေ့လောက်ရင် ပြန်တင်ပါတယ်။ သူတို့ကလည်း မမေ့မလျော့ ဖြုတ်ပါတယ်။ နောက်ဆုံးရေးခဲ့တဲ့ အာဇာနည်ဗိမာန်ဆောင်းပါးကိုတော့ ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြပါရှိ သွားပါပြီ။ ဆောင်းပါးဖော်ပြနိုင်ခွင့် မရသေးခင် အာဇာနည်ဗိမာန်ကိစ္စကို မန္တလေးဓမ္မသာလာကစာပေဟောပြောပွဲ (နိုဝင်ဘာ ၁၃ရက်)မှာ စတင်ဟောပြောခဲ့ပါတယ်။ နောက်ထပ် ရှိုင်းဟုတ်ဟောပြောပွဲ၊ မန္တလေးစည်ပင်ရဲ့ မြို့တော်ခန်းမဟောပြောပွဲ၊ မန္တလေးဆေးတက္ကသိုလ်ဟောပြောပွဲတွေ မှာလည်း ထည့်သွင်း ဟောပြောပါတယ်။
ပယ်ပုံတော်ကျောက်စာဝင်းနဲ့ သခင်ဗဟိန်းအုတ်ဂူဆိုရင် ကျွန်တော်ရေးသားဆဲမှာပဲ နောက်က အကောင်အထည်ဖော်မဲ့သူမရှိလို့ လက်လွှတ်ဆုံးရှုံးသွားပါပြီ။ အခု အာဇာနည်ဗိမာန်မှာ နောက်က တိုင်းပြည်နဲ့လူမျိုးချစ်စိတ်အပြည့်နဲ့ အကောင်အထည်ဖော်ကြလို့ မကြာခင် ကျွန်တော်တို့ မြင်တွေ့ချင်တဲ့ ခံ့ညားထည်ဝါမှုအပြည့်နဲ့ မန္တလေးအာဇာနည်ဗိမာန်ကြီးကို မြင်တွေ့ရတော့မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် ချောင်ကြားရောက်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီးကိုလည်း သင့်တင့် လျောက်ပတ်ပြီး အများပြည်သူနဲ့သက်ဆိုင်တဲ့ မန္တလေးမြို့လယ်နေရာတစ်နေရာ ရောက်အောင် ကြိုးစားကြရဦးမှာပါ။ ကြေးရုပ်ဆိုလို့ စကားမစပ် မြို့မငြိမ်းရဲ့ ထိုက်တန်တဲ့ ကြေးရုပ်တုဖြစ်မြောက်ရေးအတွက် ကိုယ်တတ်နိုင်တဲ့အပိုင်းက ဝိုင်းဝန်းခဲ့လို့ အခုဆို ကြေးရုပ်ထု ပြီးစီးသွားပါပြီ။ ဒါပေမယ့် နောက်က ဆက်လက်ပြီး အကောင်အထည်ဖော်မှု အားနည်းလေတော့ နှစ်တွေသာကြာသွားတယ် အခုထိ သတ်မှတ်ထားတဲ့ နေရာကိုတောင် မရွှေ့နိုင်သေးဘဲ ကြေးသွန်းအလုပ်ရုံမှာ ငုတ်တုတ်ကလေး ဖြစ်နေဆဲပါ။ ကျွန်တော်လုပ်နိုင်တာက ပြောသင့်ပြောထိုက်၊ ရေးသင့်ရေးထိုက်တာ (ထောင်မကြောက်၊ တန်းမကြောက်) ပြောရ၊ ရေးရတဲ့ တာဝန်ပါ။ တကယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိမယ့်ကိစ္စကို နောက်က ထပ်ချပ်မကွာ အကောင်အထည်ဖော်မှုအပိုင်းက ပိုပြီးအရေးကြီးပါတယ်။ မြို့မငြိမ်းရုပ်တုဆိုရင် ကျွန်တော်တို့လို အပြင်ကလူက လုပ်နိုင်သလောက် လုပ်ကိုင်လို့ ကြေးရုပ်အဆင့်အောင်မြင်ခဲ့
ပေမယ့်၊ တကယ့် မြို့မငြိမ်းနဲ့ အပတ်သက်ဆုံး အသင်းအဖွဲ့အနေနဲ့က စိတ်မဝင်စားဘဲ လစ်လျူရှုထားလေတော့ မီဒီယာတွေက ဒီကိစ္စကို ကျွန်တော်တို့ဆီ စုံစမ်းမေးမြန်းတိုင်း မျက်နှာပူရပါတယ်။
အခုအာဇာနည်ဗိမာန်ကိစ္စမှာ ကျွန်တော်တကယ်လုပ်နိုင်တဲ့ ဖော်ထုတ်၊ သတင်းပေး၊ ဖွင့်ချမှုအပိုင်းမှာ နောက်က အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက စေတနာအပြည့်နဲ့ ဆောင်ရွက်ကြတာဖြင့် ဝမ်းမြောက်ဂုဏ်ယူစရာပါဗျာ။ ဦးနိုင်တဲ့သူက ဦးထမ်း၊ ပဲ့နိုင်တဲ့သူက ပဲ့ထမ်းကြတဲ့ သဘောပါပဲ။
ကိုင်း .. ဗိုလ်ချုပ်ကြေးရုပ်ကြီး မြို့လယ်ခေါင်ရောက်ဖို့ ကြိုးပမ်းကြပါဦးစို့။
ဆူးငှက် (9-2-2012)
 

ပြောတော့ မိုး ထိုးတော့ မြေကြီး မဖြစ်စေဖို့ (မောင်ဝံသ)

by Maung Wuntha on Wednesday, 8 February 2012 at 23:28 ·

၀၈ ၀၂ ၁၂ ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့  မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။

 

ပြောတော့ မိုး ထိုးတော့ မြေကြီး မဖြစ်စေဖို့

 

ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ အစိုးရက ဦးဆောင်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ အများက နားလည်ထားကြပါတယ်။ ဒါပေမယ့် အစိုးရရဲ့ အဲဒီဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ အရှိန်အဟုန်ဟာ နှေးနေတယ် ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတယ်ဗျ။ ဒါ့အပြင် အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွင်း တစ်ခါ တစ်ခါ အားတက်သရောတွေ တွေ့လိုက်ရ၊ တစ်ခါ တစ်ခါ အားပျက်စရာ အားမရစရာတွေ့လိုက်ရ ဆိုတာမျိုးတွေ မကြာခဏဆိုသလို ကြုံတွေ့နေကြရတဲ့အပေါ် ဝေဖန်မှုတွေနဲ့ သင်္ကာမကင်းဖြစ်မှုတွေလည်း ရှိနေသေးတယ်ဗျာ။

 

ဒီချုပ်ခေါင်းဆောင်ရဲ့ သဘောထားအမြင်

    အထူးသဖြင့် အစိုးရရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားမှတ်ချက်တွေကလည်း ပြည်သူတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိနေတယ်ဗျ။

    ပြီးခဲ့တဲ့လွတ်လပ်ရေးအောင်ပွဲနေ့က ၀ါရင့်နိုင်ငံရေးသမားကြီးတွေက ဦးစီးပြုလုပ်တဲ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ လက်မှတ်နဲ့ ထွက်ပေါ်လာတဲ့ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပတ်သက်ပြီး ]]ကျွန်မကတော့ သမ္မတကြီးဦးသိန်းစိန် ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို အမှန်တကယ်ပဲ လုပ်ချင်တဲ့ဆန္ဒရှိသူလို့ ယုံကြည်တယ်။ ဒါပေမယ့် အစိုးရအဖွဲ့ဆိုတာက သမ္မတကြီးတစ်ယောက်တည်းရှိတာမှ မဟုတ်ဘဲ}} လို့ ပြောခဲ့တယ်ဗျ။ ဒါ့အပြင် NLD ဒီချုပ်ပါတီက ထုတ်ဝေတဲ့ ]ဒီလှိုင်း]စာစောင်အတွဲ (၁)၊ အမှတ် (၂)မှာလည်း ]]မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကို ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အထိ စိတ်ချရဖို့ဆိုရင်တော့ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုလိမ့်မယ်။ တပ်မတော်မပါဘဲနဲ့တော့ ကျွန်မတို့ဟာ အောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး}} လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်ဗျ။

 

မယုံသေးသူတွေကို အပြစ်မတင်

    ကျွန်တော်တို့ စာရေးဆရာ၊ သတင်းစာဆရာ မီဒီယာသမားတွေ အပါအ၀င် ပြည်သူတွေကိုယ်တိုင် မြင်တွေ့ကြားသိနေကြရဆဲ ဖြစ်တဲ့ အားတက်စရာတွေကြားထဲက အားပျက်စရာဖြစ်ရပ်တွေ သတင်းတွေနဲ့ ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီလိုမျိုး သုံးသပ်ချက်တွေအပြင် အချို့အချို့သောသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းပြတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဝေါ်နေဆဲ၊ မလိုလားကြောင်း လူအများရှေ့ အတိအလင်းပြောနေကြဆဲ အခြေအနေတွေကို ပေါင်းစပ်လိုက်တဲ့အခါ တောင်တက်လမ်းမှာ မောင်းနှင်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ မော်တော်ကား ကြီး နောက်ကို ပြန်လိမ့်သွားမယ့် အန္တရာယ် လုံးလုံးလျားလျား မရှိတော့ပါဘူးလို့ စိတ်ချလက်ချ မယုံနိုင်သေးတာကို အပြစ်မတင်တော့ဘူးဗျာ။

 

ပြည်သူ့ခေတ် မုခ်ဦးမှာ

    ဒါပေမယ့် ဘာပဲပြောပြော သမ္မတကြီးနဲ့ လူထုခေါင်းဆောင်တို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာ အစ၊ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းလိုက်တာအလယ်၊ ထင်ရှားတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သံဃာတော်တွေ အပါအ၀င် ယုံကြည် ချက်အကျဉ်းသားတွေကို အစုလိုက် အပြုံလိုက် ပြန်လွှတ်ပေးလိုက်တာ အဆုံး ပြည်သူ့ဆန္ဒကို လေးစားအသိအမှတ်ပြုတဲ့ အစိုးရရဲ့လုပ်ရပ်တွေ၊ တပ်မတော်အကြီးအကဲ အပါအ၀င် နိုင်ငံ့ခေါင်းဆောင်တွေ အကြိမ်ကြိမ်အထပ်ထပ်ပေးခဲ့တဲ့ ]]နောက်ကို ဘယ်တော့မှ ပြန်မလှည့်တော့ပါဘူး}} ဆိုတဲ့ ကတိစကားတွေအပါအ၀င် ပေးထားချက်တွေအရ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ (လူကြောင့်ဖြစ်တဲ့ ကြမ္မာဆိုးနဲ့ နောက်တစ်ကြိမ်ထပ်မကြုံရတော့ဘူးဆိုရင်) ဒီမိုကရေစီပြည်သူ့ ခေတ်သစ်ရဲ့ မုခ်ဦးမှာ ရောက်ရှိနေပြီလို့ ဆိုနိုင်တယ်ဗျာ။

 

ပြည်သူတွေရဲ့ ဒီမိုကရေစီအသိ ရေချိန်

    ဒါကြောင့် လောလောဆယ်မှာ ဒီမိုကရေစီ ၀န်းကျင်အနေအထား ပီပီပြင်ပြင် ဖြစ်မလာသေးပေမယ့် အနှေးနဲ့အမြန်ဆိုသလို ကျွန်တော် တို့နိုင်ငံမှာ ဒီမိုကရေစီမြင်ကွင်းများကို ပိုမိုမြင်တွေ့လာတော့မှာ သေချာနေတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီပန်းတိုင် ဆီသို့ ချီတက်ရာမှာ ခြေလှမ်းမြန်ခြင်း၊ နှေးခြင်းဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီအသိပညာရေချိန် မြင့်ခြင်း နိမ့်ခြင်းနဲ့ တိုက်ရိုက်အချိုးကျမှာ ဖြစ်တယ်ဗျ။ ပြောရရင် နိုင်ငံရေးတက်

 

အမှန်တရားသည်သာ အင်အား

    ဒီမိုကရေစီကို အလေးမထားတဲ့ ခေတ်စနစ်နဲ့နိုင်ငံမှာ ]အင်အားသည်သာ အရာရာ} (Might is Right) သဘောတရားကြီးစိုးပေမယ့် ဒီမိုကရေစီပြည်သူ့ခေတ်မှာတော့ ]အမှန်တရားသည်သာ အင်အား}(Right is Might) သဘောတရားတွင်ကျယ်လာမှာ ဧကန်မလွဲပါပဲဗျ။ ဒီတော့ အနာဂတ် မြန်မာနိုင်ငံမှာ အမှန်တရားလက်ကိုင်ထားသူများသာလျှင် ပြည်သူတွေ ကိုယ်စား နိုင်ငံရဲ့ အရေးအရာတွေကို စီမံခန့်ခွဲပိုင်ခွင့်ရကြမှာ ဖြစ်တယ်။ ပြည်သူတွေက အမှန်တရားလက်ကိုင်ထားပြီး သူတို့အကျိုးအတွက် စွန့်လွှတ်အနစ်နာခံဆောင်ရွက်သူ၊ တရားကို သိရုံသာ သိသူ မဟုတ်ဘဲ အမှန်တကယ် လက်တွေ့လိုက်နာကျင့်ကြံသူ၊ အပြောနဲ့အလုပ် တစ်ထပ်တည်းကျသူ၊ ရိုးသားဖြောင့်မတ်တည်ကြည်ပြီး သူတို့ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံသူတွေရဲ့ လက်ထဲကိုသာ သူတို့ရဲ့ ကံကြမ္မာကို အပ်နှံမှာ ဖြစ်တယ်ဗျ။

 

မဟတ္တမဂန္ဓီကြီးရဲ့ ဆုံးမစကား

    ဒီနေရာမှာ အပြောနဲ့အလုပ် တစ်ထပ်တည်းကျတဲ့သူဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ကျွန်တော် မကြာခင်က ဖတ်ခဲ့ရတဲ့ စာစုလေးတစ်ခု အကြောင်း ပြောပြချင်တယ်ဗျ။ အဲဒီစာစုကို ဒီနှစ် ဇန်န၀ါရီလထုတ် မြတ်မင်္ဂလာစာစောင်ရဲ့ ]အယ်ဒီတာ့အာဘော်}မှာ ဖတ်ခဲ့ရတာ ဖြစ် ပါတယ်။ အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီရဲ့ ဘ၀တစ်ကွက်အကြောင်း ဖြစ်ပါတယ်။

    တစ်နေ့မှာ အမျိုးသမီးတစ်ဦး သူ့သားငယ်ကို လက်ဆွဲပြီး ဂန္ဓီကြီးဆီ ရောက်လာတယ်။ ကိစ္စက သားငယ်ဟာ သကြားလုံး အစားများ ပြီး ချောင်းတွေဆိုးနေတဲ့အတွက် ကူညီဆုံးမပေးဖို့ ဂန္ဓီကြီးကို လာရောက်မေတ္တာရပ်ခံတာပါ။ ဂန္ဓီကြီးက နောက်တစ်လကြာမှ လာပါဆိုပြီး ပြောလိုက်လို့ အဲဒီသားသမီးပြန်သွားကြတယ်။ နောက်တစ်လကြာတော့ ရောက်လာတယ်။ ဒီအခါကျတော့ ဂန္ဓီကြီးက ကလေးကို သကြား လုံးတွေ သိပ်မစားဖို့ ချစ်ခင်ကြင်နာချိုသာစွာနဲ့ ဆုံးမလိုက်တယ်။ ကလေးကလည်း ဂန္ဓီကြီးရဲ့စကားကို လိုက်နာပါမယ်လို့ ရိုရိုသေသေ ပြန် ပြောတယ်။ ကလေးအမေက ဒီဆုံးမစကားကို ပထမအခေါက်လာတုန်းကတည်းက ဘာကြောင့် မပြောတာလဲလို့ မေးတယ်။ ဂန္ဓီကြီးဟာ အဲဒီတုန်းက သူကိုယ်တိုင် အချိုတွေလွန်လွန်ကဲကဲ စားနေမိခဲ့တဲ့အချိန်မို့ မပြောခဲ့တာဖြစ်တယ်။ သူတို့သားအမိ ပြန်သွားချိန်ကစပြီး သူ အချိုလျှော့စားခဲ့တယ်။ ဒါကြောင့် အခုအချိန်မှာ သူကိုယ်တိုင် အချိုလျှော့စားနေသူတစ်ယောက်အဖြစ် လိပ်ပြာသန့်သန့်နဲ့ ကလေးကို အချိုလျှော့စားဖို့ ဆုံးမရဲခဲ့တာဖြစ်တယ်လို့ ပြန်ဖြေခဲ့တယ်။

 

လျှာအရိုးမရှိ လျှောက်ပြောစရာ မဟုတ်

    ဒီဖြစ်ရပ်ကလေးကနေ ဥပဒေသ ထုတ်ယူမယ်ဆိုရင် လာတော့မယ့် ဒီမိုကရေစီခေတ်မှာ ပြည်သူ့အကျိုးအတွက် ထိထိရောက်ရောက် ထမ်းဆောင်သွားကြဖို့ အားခဲ ထားကြတဲ့ (တစ်နည်း)လာတော့မယ့် ဒီမိုကရေစီ ရွေးကောက်ပွဲ တသီတသန်းကြီးမှာ ပြည်သူတွေဆီကနေ သူတို့ကို တရားဝင်ကိုယ်စားပြုခွင့် သို့မဟုတ် ထောက်ခံမဲတောင်းကြဖို့ ရည်ရွယ်ချက်ရှိကြတဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးသမား တွေအတွက် အရေးကြီးတဲ့ သင်ခန်းစာ တစ်ရပ်ရနိုင်မယ်လို့ ကျွန်တော် ယူဆတယ်ဗျာ။

    ဒီမိုကရေစီခေတ်မှာ ]လုပ်နိုင်သလောက်ပဲပြော၊ ပြောပြီးရင် ဖြစ်အောင်လုပ်}တဲ့နိုင်ငံရေးသမားတွေကို အထူးလိုအပ်တယ်။ ]ပြောတော့မိုး ထိုးတော့ မြေကြီး} လူစားတွေကို မထောက်ခံမိဖို့ သတိကြီးစွာထားရမှာ ဖြစ်တယ်။ ကိုယ်တိုင်က အချိုတွေစားနေပြီး လက်အောက် ငယ်သားတွေကိုတော့အချိုစားတာ မကောင်းဘူးလို့ ပြောတတ်သူတွေကို ရှောင်ရမှာ ဖြစ်တယ်။ အဂတိလိုက်စားမှုပပျောက်ရေး၊ အဂတိကင်းတဲ့ တရားစီရင်ရေး၊ ကြိုးနီစနစ်ပယ်ဖျက်ရေး၊ အတိတ်ကအမှားတွေကို သင်ခန်းစာယူရေး၊ ဥပဒေအထက်မှာ မည်သူမှ မရှိစေရ၊ လက်ညှိုးမကောင်း လက်ညှိုး လက်မမကောင်းလက်မ၊ လက်သင့်ရာစားတော်ခေါ် ဝေစားမျှစား စီးပွားရေး မဖြစ်စေရ စတဲ့ စကားလုံးတွေဟာ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေရမှာ မဟုတ်ကြောင်းပါဗျ။

 

၁၊ ၂၊ ၂၀၁၂

maungwuntha@gmail

 

ဗမာ၊ မြန်မာနှင့် ဗကသ (ဗမာနဲ့ မြန်မာ ဘာကွာသလဲ)

  • Print
  • Email
Details
Category: ဆောင်းပါး
Published on Thursday, 09 February 2012 07:35
Written by ရဲသူရိန်မင်း
Hits: 142

ဗမာ၊ မြန်မာဆိုတဲ့အခေါ်ဟာ နိုင်ငံရေး ပယောဂကြောင့် ကပြောင်းကပြန် ဖြစ်ခဲ့ရပြီး လူမျိုးရေး ခွဲခြားရာတွင်လည်းကောင်း၊ နိုင်ငံရေးအရ ပုတ်ခတ် ပြောဆိုရာတွင်လည်းကောင်း ရည်ရွည်ချက်ရှိရှိ ဖန်တီးခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒို့ဗမာ အသင်းကြီးရဲ့ နာမည် ပေးခဲ့မှုအပေါ်မှာ ယနေ့ခေတ် တိုင်းရင်းသားတွေ၊ မြန်မာတွေအကြား အငြင်းပွား၊ အမုန်းထားပြီး လူမျိုးရေး ခွဲခြားမှုပုံစံတွေ ဖြစ်လာအောင် မဆလဦးနေ၀င်းနဲ့ သူ့တပည့်ကျော် ဦးခင်ညွန့်တို့ ဖန်တီးခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတွေဟာ ရန်ကုန်တက္ကသိုလ် ကနေ စတင်ခဲ့ကြတာများပြီး အဆုံးသတ်အောင်ပွဲပေါင်း မြောက်မြားစွာ ရယူကာ သမိုင်းမှတ်တမ်းများလည်း တင်နိုင်ခဲ့ပါတယ်။ ဒီလို တော်လှန်ရေးတွေ စတင်ရာ ရန်ကုန်တက္ကသိုလ် မြေရဲ့ အဓိက ဇာတ်ကောင်များကို မွေးထုတ်ပေးရာ အဖွဲ.အစည်းကတော့ ဗကသ လို့ အများသိတဲ့ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ပါပဲ။ မြန်မာ့ သမိုင်းစဉ်တလျှောက်လုံး နယ်ချဲ့ကို တော်လှန်၊ တပါတီစနစ်ကို ဖြုတ်ချ၊ စစ်အာဏာရှင်ကို အမြဲခြိမ်းခြောက်နိုင်ခဲ့တာ ဗကသပါပဲ။ ကိုကြီးနု၊ ကိုအောင်ဆန်းမှသည် မင်းကိုနိုင်၊ မိုးသီးဇွန်အတွဲထိ ဗကသ ကျောင်းသားများသည် အောင်ပွဲများ အလီလီ နွှဲခဲ့ကြပါတယ်။ ဒီလို သမိုင်းအစဉ် အဆက်ကြီးမားသလို ၊ တော်လှန်ရေး သူရဲကောင်းများ မွေးထုတ်ပေးရာ ဗကသ ဆိုသော အဖွဲ့သည် စစ်အာဏာရှင်များအတွက်တော့ စေတန် နတ်ဆိုးတပါးလိုပါပဲ။ စစ်အာဏာမြဲရေးအတွက် အနှောင့်အယှက်ဖြစ်စေသော ဗကသများဟာ ရှင်းထုတ်ရ မဲ့ အမှိုက်တစ ဖြစ်နေပါတယ်။ ဒါကို ဦးနေ၀င်း လက်ထက် ၁၉၆၂ မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုက်နဲ့ ခွဲပြီး ခြေရာလက်ရာ အစ မကျန်ရလေအောင် ဖျောက်ဖျက်ခဲ့ပါတယ်။

ကျောင်းသားအမြောက်အမြား အဆောက်အဦထဲမှာ သေဆုံးခဲ့ကြရပြီး၊ အသက်ရှင် ကျန်ရှိနေသေးတဲ့ ဗကသတွေဟာလည်း မြေအောက်အနေအထား ရောက်ခဲ့ရပြီး ဦးနေ၀င်းခေတ် တလျှောက်လုံး ဗကသရဲ့အခန်းကဏ္ဍဟာ ပျောက်ကွယ်လု ဖြစ်ခဲ့ရပေမဲ့ ၁၉၈၇၊ ၈၈မှာတော့ ဗကသတွေဟာ မြေအောက်သင်တန်းတွေပေးရင်း တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်သေဆုံးမှုနဲ့အတူ ပြန်လည် နိုးထလာခဲ့ကြပါတယ်။ တပါတီစနစ်နဲ့ အာဏာရှင် ဦးနေ၀င်းကို ပြတ်ပြတ်သားသား အမြစ်ဖြတ်နိုင်ခဲ့ကြပါတယ်။ စစ်အာဏာ ပြန်သိမ်းခံပြီးတဲ့နောက် ဗကသတွေအားလုံး ထောင်ထဲထည့်၊ တချို့ကတော့ ထွက်ပြေးလွတ်မြောက်ပြီး ပြည်ပ တိုင်းပြည်တွေကို ရောက်ကုန်ပါတယ်။ ဒါပေမဲ့ ဗကသ မျိုးဆက်ဟောင်းတွေကိုသာ သုတ်သင်ရှင်းလင်းနိုင်ပေမဲ့ ဗကသရဲ့ သမိုင်းနဲ့ ဗကသ မျိုးဆက်သစ်ကိုတော့ ဘယ်လိုမှ မရှင်းနိုင်ခဲ့ကြပါဘူး။ အကြိမ်ကြိမ် ခေါင်းထောင် အသက်ပြန်ဝင်လေ့ရှိတဲ့ ဗကသကို စစ်အာဏာရှင်များအနေနဲ့ အပြီးသတ် ခြေမှုန်းချင်ကြပါတယ်။ အသေးစိတ် အစီအစဉ်များနဲ့ ဖြိုခွဲပါတော့တယ်။

၁။ ရန်ကုန်တက္ကသိုလ်ကိုပိတ်ပြီး တက္ကသိုလ်များအား မြို့ပြင် ထုတ်ပစ်ရေး

၂။ ကျောင်းသား အများအပြား မစုစည်းနိုင်ရန် တက္ကသိုလ် အရေအတွက် များများ ဖွင့်လှစ်ရေး

၃။ ကျောင်းသားများ တက္ကသိုလ်၌ ကြာကြာ မနေနိုင်ရန် စာသင်နှစ် လျှော့ချရေး

ဗကသ သမိုင်းကြောင်းကို ဦးနေ၀င်းလက်ထက်က ဗကသ အဆောက်အဦးကို ဒိုင်နမိုက်ခွဲ ဖြိုခွင်း လက်စ ဖျောက်ခဲ့ပေမဲ့ ၁၉၈၈ မှာ တဖန် ခေါင်းထောင်ထလာခဲ့တာကြောင့် ဗကသသမိုင်း စတင်ရာ ရန်ကုန် တက္ကသိုလ်ကိုပါ ပိတ်ပစ်သည်အထိ စစ်အာဏာရှင်တို့ ဗကသကို လက်စဖျောက်ပါတယ်။ ပြီးတော့ ဗကသဆိုတဲ့ အခေါ်အဝေါ်ကို လူတွေ မုန်းတီးလာအောင် ဗမာ၊ မြန်မာ ဆိုတဲ့ ရှုပ်ထွေး စေမဲ့ အခေါ်အဝေါ်တွေကို ဖန်တီးပြီး လူမျိုးရေး ခွဲခြားမှု မုန်းတီးမှုများ ဖြစ်ပေါ်လာအောင် ဖန်တီးလိုက်ပါတယ်။ ဗကသ ဆိုတဲ့ အခေါ်ကို သေးသိမ်သွားအောင် ဗမာဆိုတာ လူမျိုးတမျိုးထဲကိုသာ ကိုယ်စားပြုတဲ့ပုံစံ ဖြစ်သွားအောင် ဖန်တီးလိုက်ကြပါတယ်။

ဒီတော့ ဗမာ၊ မြန်မာဆိုတဲ့ အခေါ်အဝေါ်ကို ရှင်းလင်းအောင် လုပ်ဖို့လိုလာပါပြီ။

ဒိုဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ----- ဒို့မြန်မာ အစည်းအရုံးလို့ မခေါ်ပဲ ဘာကြောင့် ဒို့ဗမာ အစည်းအရုံးလို့ ခေါ်သလည်းဆိုတာ ဖွင့်ဆိုထားပါတယ် ။

"မြန်မာဆိုတာဟာ ပြည်မ မြေပြန့်မှာ နေထိုင်တဲ့သူတွေကို ခေါ်တာသာဖြစ်တယ်၊ မြန်မာ ပဒေသရာဇ်တွေ ပေးထားတဲ့ နာမည် သာဖြစ်တယ် ။ လူမျိုးကြီးဝါဒ သဘောပါဝင်တယ်။ ဒါကြောင့်လူမျိုးအားလုံး၊ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံကို မြန်မာတမျိုးတည်း အပိုင်အဖြစ် သုံးနှုန်းတာဟာ မမှန်ကန်ဘူး။ လူမျိုးအားလုံး အကျုံးဝင်တဲ့နိုင်ငံကို ဗမာနိုင်ငံလို့ ခေါ်မှသာ ညီညွတ်မှန်ကန်မယ်" လို့ အတိအလင်း ဖွင့်ဆိုထားခဲ့ပါတယ်။

ဘာသာဗေဒ ပညာရှင် ဆရာမောင်သာနိုးရဲ့ အမြင်ကတော့ ------ ဗမာက မူလဗျ၊ ဗမာဆိုတာ ဗြဟမာ (ဗရမာ) က လာတာကိုး။ ဗရမာက နေ ဗမာဖြစ်သွားတာ အဲ့ဒီကမှ တဆင့် ဗရမာကို 'ဗ' နဲ့ 'မ' နဲ့ ပြောင်းပြီး မြန်မာဖြစ်သွားတာ။ ဗရမာလို့ ခေါ်တဲ့ ဗမာ စကားလုံးက ပထမ၊ မြန်မာဆိုတဲ့ စကားလုံးက ဒုတိယလို့ ပညာရှိတွေက ယူဆကြပါတယ်။ အိန္ဒိယမှာ အခုအချိန်ထိ မြန်မာနိုင်ငံကို ဗရမာ ခေါ်နေဆဲပါ ။ မြန်မာစာကို ဗာရမီလို့ခေါ်တယ်။ ဗမာကသာလျှင် တပြည်လုံးကို ခြုံတဲ့ အမည်ဖြစ်တယ်။ မြန်မာဆိုတာက တိုင်းရင်းသားတွေမပါတဲ့ ရန်ကုန်၊ မန္တလေးက လူတွေကိုခေါ်တာ။

အီလီနွိုက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဦးစောထွန်းက------ပါလိအဘိဓာန်ထဲမှာ ဗရမ ဒေသ၊ ဗရမ လို့ပဲ ပြထားတာရှိတယ်၊ နောက် ရှေးဆရာတော်ကြီးတွေက ဗရမာလို့ ရေးကြတာရှိတယ်။ အဲ့ဒီကနေ အသံပြောင်းပြီးတော့ ဗရမာကနေ ဗမာဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ဖြစ်နိုင်ပါတယ်။ ပုဂံခေတ် ကျန်စစ်သားလက်ထက် ကျောက်စာတွေမှာ လူတွေအကြောင်း ပြောတော့ မြေပြန့်နေသူတွေကို မရမာ လို့သုံးခဲ့ပါတယ်။ သမိုင်းကြောင်းအရကတော့ ဗမာ=မြန်မာ မြေပြန့်နေသူတွေကို ခေါ်ကြပေမဲ့ တိုင်းရင်းသားအားလုံးကို ခြုံပြီး မြန်မာလို့ခေါ်တာ မရှိခဲ့ပါဘူး။ ထိုင်းလူမျိုးတွေ ယနေ့ထိ ခေါ်နေဆဲဖြစ်တဲ့ ဖမ (ဗမာ) ဆိုတဲ့ အခေါ်ဟာလည်း နိုင်ငံတခုလုံး တိုင်းရင်းသားအားလုံးကို ခေါ်တာဖြစ်တယ်။

ရေနံချောင်း သခင်ခင်ညွန့် ------ အင်္ဂလိပ်ခေတ်က (Burma ၊ Burman) ဗမာဆိုတာကို တိုင်းရင်းသား အားလုံးကို သတ်မှတ်ပြီး မြန်မာကိုတော့ အလည်ပိုင်းနေ မြန်မာလူမျိုး တမျိုးတည်းကိုပဲ ခေါ်ခဲ့တယ်။ ဒီခေတ်ရောက်မှ ၀ံသာနုခေတ်က အသုံးတွေကို ပြောင်းပြန်လှန်ပစ်တယ်လို့ ပြောပါတယ်။

ဒီလို ဗမာနဲ့ မြန်မာကို ပြောင်းပြန်လှန်ပစ်ခဲ့သူကတော့ မဆလ ဦးနေ၀င်းပဲ ဖြစ်ပါတယ်။ မြန်မာစာပေကို ၀င်ရောက် စွက်ဖက်ခဲ့တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ရှိရှိ မိုက်မဲစွာ ရှုပ်ထွေးအောင် လုပ်ပစ်ခဲ့တာပါ။ ထိုစဉ်က ကျောင်းသုံး စာအုပ်တွေမှာ ဥပမာ (တကောင် = တစ်ကောင်) (ဗမာ၊ မြန်မာ) စသဖြင့် ပြင်ဆင်စေခဲ့တာဟာ ဗမာနဲ့ မြန်မာ ရှုပ်ထွေးမှုရဲ့ အစပါပဲ။ ဦးနေ၀င်းရဲ့ အမွေကိုသူရဲ့ လက်ရင်းတပည့်ဖြစ်တဲ့ ဦးခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ မှာ ဗကသကို ဖျောက်ဖျက်လိုခြင်း၊ တော်လှန်ရေး စိတ်ဓာတ် မွေးဖွားရာ ကိုလိုနီ အမွေအနှစ်ဖြစ်တဲ့ အမည်များအား ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ဥပမာ

Burma=Myanmar

Irrawaddy = Ayeyarwady

Akyab = Sittwe

Amherst = Kyaikkami

Bassein = Pathein

Henzada = Hinthada

Maymyo = Pyin U Lwin

Moulmein = Mawlamyaing

Myohaung=Mrauk U

Pagan=Bagan

Pegu=Bago

Prome=Pyae

Dagon or Ragoon=Yangon

Sandoway=Thandwe

Syriam=Thanlyin

Tavoy=Dawei

Yaunghwe=Nyaung Shwe

ဒီလို ပြောင်းလဲခဲ့တာတွေဟာ ဘာသာဗေဒတခုကို အဆင့်မြှင့်လိုခြင်းထက်၊ နိုင်ငံရေး ရည်ရွယ်ချက်သက်သက်သာ ဖြစ်ပါတယ်။ နိုင်ငံကို မြန်မာလို့ခေါ်ရန်နှင့် လူမျိုးကို ဗမာလို့ ခေါ်ဆိုရန် အမိန့် ထုတ်ခဲ့ခြင်းဟာ ဗကသ (ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ) ဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘဲ၊ လူမျိုးစုတစုထဲကို ကိုယ်စားပြုတဲ့ အဖွဲ့အဖြစ် သေးသိမ်အောင် ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ခဲ့တဲ့ သွေးခွဲတဲ့လုပ်ရပ်အဖြစ် အဲ့ဒီအချိန်က လူသိများခဲ့ပါတယ်။

ရှေးဟောင်းကျမ်းများ၊ ကျောက်စာအထောက်အထားများအရ အမည်မှန် ခေါ်ဆိုမှုသည် အောက်ပါအတိုင်းဖြစ်ပါတယ်။

ဗမာပြည် (ဗမာနိုင်ငံ)

မြန်မာလူမျီုး

ရဲသူရိန်မင်း

Ref: BBC, Wikipedia

အသက်တစ်ရာ၊ အိမ်ထောင်သက် ၈၂ နှစ် ချစ်နေကြဆဲ အဘိုးအဘွား စုံတွဲ
by General Knowledge on Thursday, 9 February 2012 at 13:33 ·
Posted by AF
 
လီယွန်နယ်  နှစ်၉၉ နဲ့ အယ်လင်ဘပ်စ်တွန် ၁ဝဝ နှစ်တို့သည် လွန်ခဲ့သော ၈၂ နှစ်ခန့်   သူတို့နှစ်ဦး စတင် တွေ့ရှိချိန်က ကဲ့သို့ပင် မခွဲနိုင် မခွာရက် ဖြစ်နေကြကြောင်း သိရသည်။
 
 "ကျွန်တော်တို့ ဘယ်တုန်းကမှ ခွဲသွားဖို့ မတွေးဘူး။ ပြီးတော့ ဘယ်သူကမှလည်း ခွဲချင်စိတ်ရှိမှာ မဟုတ်ဘူး" ဟု  ခင်ပွန်းဖြစ်သူ  လီယွန်နယ်က ပြောပြသည်။
 
"ကျွန်တော်တို့က မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့တယ်။ လက်ထပ်ပြီး ချိန်ကျတော့ ခင်ပွန်းကောင်း၊ ဇနီးကောင်းတွေ  ဖြစ်လာတယ်၊ ဆွတ်ပျံ့ဖွယ် ညနေစာစားဖို့၊ ဘင်ဂိုကစားနည်းကို  ဆော့ဖို့  ညနေခင်းလေးတွေကို  ကျွန်တော်တို့  ဖန်တီးခဲ့ကြတယ်" ဟု  လီယွန်နယ်က ဆိုပါသည်။
 
လွန်ခဲ့သော ဆယ်စုနှစ် ရှစ်ခုအတွင်း တွင် အဘိုးအိုနှင့် အဘွားအိုတို့ တစ်ညထက် ပို၍ ခွဲမနေဖူးခဲ့ပေ။ ကံအားလျော်စွာပင် TV မှ ရွှင်မြူးဖွယ် အစီအစဉ်များ၊ ဘင်ဂိုကစားနည်း၊ ဖဲကစားခြင်း၊ ပဟေဠိများနှင့် ဝတ္ထုဖတ်ခြင်း တို့တွင်လည်း ဝါသနာ တူညီနေကြသည်။ သူတို့နှစ်ဦးမှာ ၁၉၃ဝ ပြည့်နှစ်တွင် စတင် တွေ့ဆုံခဲ့ကြသည်။ ထိုနှစ်မှာ  ဥရုဂွေးဘောလုံးအသင်း ပထမဆုံး ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့သည့်နှစ်၊ ဟူးဗားဆည်စီမံကိန်း စတင် တည်ဆောက်သောနှစ်၊ ရုပ်ရှင်စတား ကလင့်အိစ်ဝုဒ်နှင့် စတိဖ်မက်ကွင်းတို့ မွေးဖွားခဲ့သော နှစ် ဖြစ်သည်။
 
လာမည့် မတ်လတွင် အသက်ရာပြည့်ပြီ  ဖြစ်သော သူတို့ နှစ်ဦးစလုံးမှာ လန်ဒန်အရှေ့ပိုင်းတွင် ကြီးပြင်း လာခဲ့ပြီး မြောက်ပိုင်းရှိ ဟင်နလေဝါယာစက်ရုံတွင် အလုပ်လုပ်ရင်း  တွေ့ရှိခဲ့ကြသည်။  အယ်လင်မှာ မက္ကင်းနစ်တစ်ဦး  ဖြစ်ပြီး အလုပ်သင် အင်ဂျင်နီယာ လီယွန်နယ်ဆီမှ နည်းပညာဆိုင်ရာ အကူအညီများကို ရံဖန်ရံခါ တောင်းခဲ့ရကာ  သူ့အနေနှင့် အကူအညီ ပေးရသည် ကိုလည်း  ပျော်ရွှင်နှစ်သက်မိသည်။  "အယ်လင်ရဲ့ အရုပ်ကလေး" ဟု ချစ်စနိုး  ခေါ်လေ့ရှိသော လီယွန်နယ်က "သူမက ချစ်ဖို့  ကောင်း တယ်၊ သူမ အကူအညီ တောင်းလာမယ့် အချိန်ကိုပဲ တောင့်တ  နေမိတယ်" ဟု ပြောပြသည်။  
 
"ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ကောင်းတယ်၊ ချိန်းတွေ့ပြီး မကြာမီ စုံတွဲဖြစ်လာခဲ့တာပဲ" "ကျွန်တော်တို့  လက်ထပ်မလို့  ကြံထားတာပဲ၊  ဒါပေမဲ့  မဖြစ်ခဲ့ဘူး"  ချိန်းတွေ့ပြီး ခြောက်နှစ်အကြာ ၁၉၃၆ ခု၊ ဇူလိုင် ၁၈ ရက်နေ့ကျမှ သူတို့ ပလမ်စတိရပ်ကွက်တွင် လက်ထပ်နိုင်ခဲ့ကြသည်။ ထို့နောက် ၄၈ နှစ်တိုင်တိုင် လန်ဒန်မြို့တွင် နေထိုင်ခဲ့သည်။  ဒုတိယကမ္ဘာစစ်အတွင်းတွင် လီယွန်နယ်မှာ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပြီး ၁၉၃၉ မှ ၁၉၄၅ ခုနှစ် အထိ လန်ဒန်မြို့တစ်ဝိုက် ဂျာမန်တို့၏  ဗုံးဒဏ်ကြောင့် ပျက်စီးမှုများကို ပြုပြင် မွမ်းမံရာတွင် တာဝန်ထမ်းဆောင် ခဲ့ရသည်။  စစ်အပြီးတွင် ခရော့စ်၊ ဘလက်ဝဲလ်၊ နက်စတယ် စသော ကုမ္ပဏီများတွင် လုပ်ခ တစ်ပတ် သုံးပေါင်နှုန်းဖြင့် အလုပ် လုပ်ခဲ့ရသည်။ သူတို့တွင် တစ်ဦးတည်းသော သမီး စင်ဒီကို မွေးဖွားခဲ့ပြီး ယခုအခါ စင်ဒီမှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။ နက်စတယ်တွင် နှစ်ပေါင်း ၄ဝ ခန့်အလုပ် လုပ်ခဲ့ပြီး အသက် ၆၄ နှစ်တွင် အငြိမ်းစား ယူခဲ့သည်။  
 
ထို့နောက် ဖောက်စတုန်း၊ ထိုမှ ယခုနေထိုင်ရာ  ကင့်ပြည်နယ်သို့   ပြောင်းရွှေ့ လာခဲ့သည်။ တစ်ပတ် တစ်ခါ လာရောက် အကူအညီ  ပေးသော စေတနာ့ဝန်ထမ်း တစ်ဦးရှိပြီး သူတို့နှစ်ဦး အပြန်အလှန် စောင့်ရှောက်ကြသည်။ အယ်လင်မှာ အသက် ၉ဝ နှစ် အရွယ်တွင် အူမကြီးကင်ဆာရောဂါ  ခံစားခဲ့ရသည်။ သူမမှာ ကင်ဆာဆေးသွင်း ကုသရန် သို့မဟုတ် ဓာတ်ကင် ကုသရန်မှာ အိုမင်း လွန်းနေပြီ ဖြစ်သော်လည်း နောက်ဆုံးတွင် ကင်ဆာအကြိတ်ကို ခွဲစိတ်ဖယ်ရှားနိုင်ခဲ့သည်။  
 
ယခုအခါ သူမသည်  ပုံမှန်အတိုင်းဖြစ်ရန် ရုန်းကန်ရင်ဆိုင်နေရသည်။ မြေးလေးဦးရှိသော ဘိုးဘွားစုံတွဲမှာ ပုံမှန်ထက် ကျန်းမာသန်စွမ်းလျက် ရှိသည်။  
"ကျွန်မတို့  တစ်ဦးကိုတစ်ဦး  အရင်ကထက်  ပိုချစ်လာတယ်၊  ဆက်လည်း ချစ်သွားဦးမယ်" ဟု အယ်လင်က ထပ်ပြောပြခဲ့သည်။
 
ကျော်ရဲလင်း
Ref: dailymail
 
 
by New D-Wave on Wednesday, February 8, 2012 at 7:16pm ·

(ချင်းမိုင်)- နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များထံမှတစ်ဆင့် ရရှိခဲ့သော အဆိုတင်သွင်းချက်ကို အနုလုံပဋိလုံ ဖတ်ရှု လေ့လာပြီးသကာလ ဒီဆောင်းပါး ဖြစ်ပေါ်လာရကြောင်း ဦးစွာ တင်ပြလိုပါတယ်။
သူရဦးရွှေမန်းဟာ သာမန်ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အဆိုတင်သွင်းဖို့ တင်ပြခဲ့ပေမယ့်လည်း ဦးခင်အောင်မြင့်ရဲ့ ခွင့်ပြုချက်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ အနေနဲ့ အဆိုတင်သွင်းနိုင်ခဲ့ခြင်း ဖြစ်တာကို သိရှိရလို့လည်း လေးစားမိပါတယ်။
သို့သော်လည်း အဆိုအပြည့်အစုံကို ဖတ်ရှု လေ့လာပြီးသည့်နောက်တွင်တော့ မြန်မာနိုင်ငံရဲ့ ဥပဒေပြု မဏ္ဍိုင်တွင် Capacity Building များစွာ လိုအပ်နေကြောင်း သတိပြုမိသဖြင့် စိတ်မကောင်း ခြင်း ကြီးစွာလည်း ဖြစ်ပေါ်လာရပါတယ်။ စာရေးသူဟာ လက်ရှိမြန်မာ့ နိုင်ငံရေးမျက်နှာစာ မှာ မည်သည့်ဘက်တွင်မှ ပါဝင်ခြင်း၊ ထောက်ခံခြင်း၊ အားပေးကူညီ ခြင်း မပြုဘဲ စစ်တုရင် ကစားပွဲတစ်ခုကို ဘေးမှထိုင်ကြည့်နေသည့် အခြေအနေသာ ဖြစ်ပါတယ်။ သို့နှင့်ပင် ဤသို့ ရှင်းရှင်းလင်းလင်း ရှုမြင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်ဟုလည်း စဉ်းစားမိပြန်ပါတယ်။ ဒီမိုကရေစီ သဘောတရားအရ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့် ရှိသည့်အတိုင်း လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါတယ်။ ဒီဆောင်းပါးဟာလည်း လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရဲ့ အခွင့်အရေးတစ်ရပ်အဖြစ် ယူဆသော် ရနိုင်ကောင်းပါလိမ့်မယ်။
ကြံ့ဖွံ့လော-ဒီချုပ်လော-တတိယလှိုင်းလော
သူရဦးရွှေမန်းဟာ ဒီမိုကရေစီ ဘက်တော်သားတစ်ဦး ဆိုတဲ့ ပုံရိပ်ကို အထင် အရှားပုံဖော်လာသည့်အပြင် ယခုအဆိုတင်သွင်းမှု၌ ဦးသိန်းစိန်အစိုးရကို တိုက်ရိုက်ရည် ရွယ်သော Political Challenge ကို ခြေလှမ်းလိုက်ခြင်းလည်း ဖြစ်တယ်လို့ ရှုမြင်ရပါတယ်။ တစ်ခုကောင်းတာက ဦးသိန်းစိန်ဟာ ဦးရွှေမန်းနည်းတူ ကြံ့ဖွံ့ Platform နဲ့ တက်လာတာ ဖြစ်တဲ့အတွက် ပါတီအခြေခံချင်းတူသော်ငြားလည်း နိုင်ငံနှင့်ပြည်သူတို့ရဲ့ အကျိုးစီးပွား ဖော်ဆောင်ရာ၌ လူပုဂ္ဂိုလ်၊ ပါတီမျက်နှာ မကြည့်ဘဲ သန်း(၆၀)သော ပြည်သူတို့၏ မျက် နှာကိုသာ ကြည့်သည်ဖြစ်၍ မြန်မာ့ဒီမိုကရေစီခရီးဟာ အတော်ပင် လင်းပွင့်လာခဲ့ပြီဟု မှတ်ယူနိုင်ပါတယ်။ ရန်ငါစည်း ပြတ်အောင်ကြည့်မည်ဆိုလျှင် ဦးရွှေမန်းဟာ လက်ရှိအချိန် မည်သည့်ဘက်တွင် ရပ်၍ မည်သည့်နေရာတွင် ရှိနေပါသလဲ။ ကြံ့ဖွံ့လော၊ ဒီချုပ်လော၊ တတိယလှိုင်းလော ဟူသော မေးခွန်းနဲ့ Emotional Quotient ၏ လားရာတို့ကို အမှန် အတိုင်း ကြည့်လျှင် ဦးရွှေမန်း ဘာလဲ ဘယ်လဲကို မြင်နိုင်မှာ ဖြစ်ပါတယ်။
အဂတိလိုက်စားမှု၏ ဖြေရှင်းချက်သည် လစာ၊ လုပ်ခ တိုးမြှင့်ပေးခြင်းလော
အဂတိလိုက်စားမှုဟူသည်ကို တိုက်ဖျက်ရာ၌ လစာ၊ လုပ်ခသည် အဓိက အကြောင်း ရင်း ဖြစ်သည်ဟူ၍ မည်သည့်ပညာရှင်၊ မည်သည့်နိုင်ငံရေးခေါင်းကိုင်ကြီးများက ပြော ကြားခဲ့ခြင်း မရှိ။ စာရေးသူတို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုများကို လစာ၊ လုပ်ခ တိုးမြှင့်ပေးရုံဖြင့် ပြေလည်သွားမည်ဟု စာရေးသူ မထင်။ ယခုနောက်ဆုံး လွှတ် တော်မှ ထုတ်ပြန်သော သတင်းများအရ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ စုစုပေါင်း (၁၁)ဘီလျံကျော် ရှိသည့်အပြင် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက်လိုငွေ ကျပ် ဘီလျံ နဲ့ချီပြီး ရှိခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ လစာတိုးမြှင့်ပေးရာမှာလည်း ဒီလိုမျိုး၊ ဦးရွှေမန်း ပြောသလိုမျိုး အစိုးရက အဂတိလိုက်စားမှုတွေ တားဆီးဖို့ လစာတိုးပေးပါ ဆိုတဲ့ တောင်း ဆိုချက်က ပညာရှင် ဆန်သလား၊ လက်တွေ့ကျသလား ပြန်ကြည့်ဖို့ လိုပါတယ်။ တစ်ကယ်တမ်း ဒီပြဿနာကို ဖြေရှင်းချင်တယ် ဆိုရင် လွှတ်တော်ကနေ ခေတ်နဲ့လျော်ညီ တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ တစ်ရပ် ပြဌာန်းပေးရပါမယ်။ တစ်ဆက်တည်း မှာပဲ ဒီဥပဒေမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ သီးခြားလွတ်လပ်တဲ့ ကော်မ ရှင် ဖွဲ့စည်းဖို့ ပြဌာန်းရပါလိမ့်မယ်။ ပြီးတော့ အစိုးရဘက်ကသော်လည်းကောင်း၊ ဖွဲ့စည်း လိုက်တဲ့ ကော်မရှင်ကသော်လည်းကောင်း နည်းဥပဒေတွေ ထုတ်ပြန်ရပါမယ်။ ပြီးတော့ ဒီ ကော်မရှင်အဖွဲ့ဝင်တွေကို တိကျခိုင်မာတဲ့ လုပ်ပိုင်ခွင့်တွေ ပေးအပ်ရပါမယ်။ ပြီးတော့ သီး ခြားလွတ်လပ်တဲ့ ကော်မရှင်ဟာ အဂတိလိုက်စားမှုတွေကို သေးသည်မဟူ ကြီးသည်မဆို ထိထိရောက်ရောက် နှိမ်နင်းရပါမယ်။ သူတို့ကို ခိုင်မာတဲ့ လစာ၊ စရိတ်တွေ ချီးမြှင့်ပေးရ မှာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီကော်မရှင်ကို ပြန်လည်လေ့လာစောင့်ကြည့်မယ့် ယန္တရား တစ်ရပ် လွှတ်တော်မှာ ဖွဲ့စည်းပြီး စောင့်ကြည့်ရပါမယ်။ ဒီနေရာမှာ ၀န်ထမ်းတွေလာဘ် မစားဖို့ လစာတွေ တိုးသင့်ရင်၊ တိုးပေးနိုင်ရင် တိုးပေးရပါမယ်။ ပြီးတော့လည်း အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းရာမှာ (၁)ယင်းကော်မရှင်ကိုယ်တိုင် အဂတိတရား ကင်းရှင်းရမယ်၊ (၂) ရဲတပ်ဖွဲ့သော်လည်းကောင်း၊ နိုင်ငံရေးထိန်းချုပ်မှုများအရသော်လည်း ကောင်း ပတ်သက် ဆက်နွယ်မှု မရှိဘဲ သီးခြားလွတ်လပ်ရမယ်၊ (၃) ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း တိကျခိုင်မာစွာနဲ့ အကောင်အထည်ဖော်နိုင်ရမယ်၊ (၄) အစိုးရအပါ အ၀င် အားလုံးကလည်း အဆုံးစွန်ထိတိုက်ဖျက်သွားဖို့ အာမခံနိုင်ရမယ်၊ (၅) ယင်းကော် မရှင်ကို ပြန်လည်စောင့်ကြည့်တဲ့ စနစ် ရှိရမယ်၊ (၆) လူ့အဖွဲ့အစည်းတစ်ခုလုံးမှာလည်း အဂတိလိုက်စားမှုကို ရွံ့ရှာမုန်းတီးတဲ့ ယဉ်ကျေးမှု ရှိအောင် လုပ်ရမယ်။ ဒါတွေကို လွှတ် တော်ဘက်က အတော်များများ လုပ်နိုင်ပါတယ်။ လုပ်ဖို့လည်း လိုပါတယ်။ ဖွဲ့စည်းရာမှာ လည်း Universal Model, Investigative Model, Parlimentary Model, Multi-Agency Model သတဲ့ မော်ဒယ် အမျိုးမျိုးရှိရာမှာ မြန်မာနိုင်ငံနဲ့ ဘယ်ပုံစံက ကိုက်ညီမလဲ ပြန်ကြည့် ဖို့ လိုတယ်။ (ဒါက အကြောင်းရင်း တစ်ချက်ပါ။)
နောက်တစ်ချက်က လစာတိုးမြှင့်ပေးရေး ဆိုတဲ့အချက်။ ဆိုတော့ကာ မြန်မာနိုင်ငံ ဟာ LDC နိုင်ငံဖြစ်တယ်၊ အကြွေးဗလဗျစ် ရှိနေတယ်၊ ဘတ်ဂျက်လိုငွေ သိပ်ကို များလွန်း နေတယ်၊ ငွေကြေးဖောင်းပွမှုအန္တရာယ် ရှိနေသေးတယ်၊ ကုန်သွယ်မှု ပုံမှန် မဟုတ်သေး ဘူး၊ မက်ခရိုစီးပွားရေး ခိုင်မာအောင် တည်ဆောက်ဖို့ လိုသေးတယ်။ (မက်ခရိုစီးပွားရေး ကို နားလည်ရင် ဒီစကားမျိုး ပြောထွက်မှာ မဟုတ်ဘူးလို့ ထင်တယ်)။ မက်ခရိုစီးပွားရေး မှာ ဂျီဒီပီ၊ ဂျီအင်န်ပီ၊ ငွေလဲနှုန်း၊ ဘဏ်များအနေအထား၊ ငွေကြေးနဲ့ ဘဏ္ဍာရေးပေါ်လစီ၊ ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်မှု၊ ကုန်ထုတ်သတ္တိ၊ အရင်းအမြစ်၊ လူဦးရေ၊ တစ်ဦးချင်းဝင်ငွေ၊ အခြေခံအဆောက်အအုံ၊ ပြည်သူတွေရဲ့စားသုံးမှု၊ ၀ယ်ယူနိုင်စွမ်းအား၊ အိမ်ထောင်စုများရဲ့ စုဆောင်းငွေ၊ ပြည်ပကြွေးမြီ အများကြီး တွက်ချက်ရတာမျိုး ဖြစ်တယ်။ ဒေတာတစ်ခု တည်း၊ ဖြစ်ချင်တာ တစ်ခုတည်းနဲ့ လုပ်ဆောင်ရတာမျိုး မဟုတ်ဘူး။ (ဒါက အဓိက အကြောင်းရင်း ဖြစ်တယ်။)
ပြည်ပရောက် အလုပ်သမားပြဿနာ
ပြည်တွင်းမှာ လစာနှုန်းထားတွေ နိမ့်ကျနေလို့ မြန်မာတွေ ပြည်ပသွားလုပ်ကိုင်နေ ရတယ်ဆိုတဲ့ ပြောကြားချက်ကတော့ သဘာဝယုတ္တိနဲ့ ကင်းကွာလွန်းနေတာကို တွေ့ရှိရ တယ်။ ဘာကြောင့် ပြည်ပသွားပြီး လုပ်နေကြရသလဲ။ စာရေးသူတို့ ချင်းမိုင်မှာရှိတဲ့ သူတွေ က ဒီအချက်ကို ပိုပြီး သိနိုင်မယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့် အလမ်းတွေ မရှိလို့ ရှိတဲ့ ပြည်ပနိုင်ငံတွေကို စီးဆင်းရတာ ဖြစ်တယ်။ ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ နိုင်ငံတွေမှာ ဒီပြဿနာ အနည်းနဲ့ အများ ရှိနေကြတာဖြစ်တယ်။ ဦးသိန်းစိန်အစိုးရကို အကောင်းမြင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ထားဝယ်၊ မြ၀တီ၊ ကော့ကရိတ် စက်မှုဇုန် တွေ ပေါ်လာရင် ဒီမှာရှိတဲ့ မြန်မာတွေ ပြည်တော်ပြန်ပြီး လုပ်ကိုင်ကြဖို့ ပြင်ဆင်နေကြ သလို ယိုးဒယားလုပ်ငန်းရှင်တွေလည်း မြန်မာတွေ ပြန်သွားရင် Labour Shortage ဖြစ်မှာ ကို တွေးပူပြီး စက်ရုံတွေ မြန်မာနိုင်ငံပြောင်းဖို့ တော်တော်များများ စဉ်းစားနေကြတာကို တွေ့ရှိရတယ်။ မြန်မာတွေ သူများနိုင်ငံမှာလည်း လုပ်ခ၊ လစာ ထိုက်ထိုက်တန်တန် ရ သလား မေးရင် မရဘူးလို့ ဖြေရမှာ ဖြစ်တယ်။
ယိုးဒယားတွေ မလုပ်ချင်တာမှန်သမျှ မြန်မာတွေ လုပ်နေရပေမယ့်လည်း ကိုယ့်ဆီ မှာမှ ဒီအလုပ်တွေ မရှိတာ။ ဆန်ရှင်ပိတ်ထား တာလည်း တစ်ကြောင်း အပါအ၀င် ဖြစ်တယ် ဆိုတာကို သိဖို့ လိုအပ်တယ်။ FDI တွေ မြန်မာနိုင်ငံကို စီးဝင်လာရင် ဒီကိစ္စအလိုလို ဖြေရှင်းပြီး ဖြစ်သွားမယ်။ လွှတ်တော်က ဘာလုပ်ရမလဲ။ ကိုယ့်အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်နိုင်မယ့် ဥပဒေတွေ လုပ်ပေးဖို့ လိုတယ်။ ဦးသိန်း စိန်လက်ထက် ပြည်ပရောက်မြန်မာတွေကို ဂရုတစိုက်ရှိလာတာကိုလည်း အသိအမှတ် ပြုဖို့ လိုတယ်။ ဒါပေမယ့် ဦးသိန်းစိန်ဟာ ပြည်ပရောက်လုပ်သားတွေကို စေတနာနဲ့ လုပ်ပေးနေတာ ဖြစ်ပြီး ဥပဒေ ခိုင်ခိုင်မာမာ မရှိသေးဘူး၊ ပြည်ပနိုင်ငံတွေနဲ့ တရားဝင် ပဋိဥာဉ်တွေ မရှိသေးဘူး၊ ဒါတွေကို လွှတ်တော်ဘက်က လုပ်ပေးဖို့ လိုတယ်။ (လစာ အကြောင်းပြုပြီး ဦးသိန်းစိန်အစိုးရကို လက်ညိုးထိုးတာကတော့ သာမန်လူပြိန်းအတွေး ဆန်လွန်းနေတယ်လို့ မြင်တယ်။)
လူဦးရေစာရင်း
မြန်မာနိုင်ငံမှာ လူဦးရေဘယ်လောက်ရှိသလဲ ဆိုတာကို အတိအကျ ကောက်ခံနိုင် ခြင်း မရှိဘဲ ပုံသေနည်းနဲ့ တွက်ချက်လာခဲ့တာ စစ်အစိုးရသက်တမ်း တစ်လျှောက်လုံးပဲ ဖြစ်တယ်။ တလောက ဦးခင်ရီက ဒါတွေကို ကုလသမဂ္ဂနည်းပညာ၊ ပံ့ပိုးမှုနဲ့ စီမံကိန်းချ ဆောင်ရွက်နေပြီ ဆိုတာ တွေ့ရှိရတယ်။ လွှတ်တော်မှာလည်း လ၀က က တင်ပြထားပြီး ဖြစ်တယ်ဆိုတာလည်း တွေ့ရှိရတယ်။ ဒီစီမံကိန်းမှာ (၄)နှစ်အချိန်သတ်မှတ်ချက်နဲ့ Data Base တည်ဆောက်ပြီး ဆောင်ရွက်သွားမယ်၊ ဖွား/သေ စာရင်းတွေ Update လုပ်ဖို့တွေ တွေ့ရှိရတဲ့အတွက် ဦးရွှေမန်းရဲ့ ပြောကြားချက်ဟာ ဦးသိန်းစိန်ဘက်က ကြည့်ရင် အတော် ကလေးကို လွဲချော်နေတာ တွေ့ရှိရတယ်။
တောင်သူလယ်သမား၊ အလုပ်သမား
ဦးသိန်းစိန် တက်လာကာစ စပြီးလုပ်ခဲ့တဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုတာဟာ မိုက်ခရိုစီမံကိန်း ဖြစ်တယ်။ ဒါနဲ့ လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးဘူး။ လယ် ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲဖို့ အစိုးရသစ်က မြေစမ်း ခရမ်း ပျိုးနေတဲ့ အဆင့်ပဲ ရှိသေးတယ်။ အရန်ဆန်စီမံကိန်း၊ မြေယာဥပဒေ၊ မြေလွတ်မြေရိုင်း ဥပဒေ၊ အသေးစားချေးငွေ စတဲ့ တိုးတက်မှုအသစ်တွေကို တွေ့ရှိရပေမယ့်လည်း မလုံ လောက်သေးတာ မှန်တယ်။ လစာတိုးမြှင့်ရေးက ရေးခဲ့သလိုပဲ မက်ခရိုလယ်ဗယ်လ်နဲ့ သုံး သပ်မှ နီးစပ်နိုင်မယ်။ ဘဏ်တွေ လုပ်ကိုင်နိုင်စွမ်း မြင့်မားနေပြီလား၊ လယ်ယာအခြေခံ စက်မှုလုပ်ငန်းတွေ ထွန်းကားပြီလား၊ ထွန်းကားစေမယ့် ဥပဒေတွေ၊ မူဝါဒတွေ ရှိပြီလား။ လွှတ်တော်ဘက်က ဒါတွေ လုပ်ပေးဖို့ လိုမယ်။ လယ်ယာလုပ်ငန်းတွေမှာ သွင်းအားစုက အစ အစိုးရဘက်က ပံ့ပိုးပေးရမယ် ဆိုတဲ့ ပြောကြားချက်ဟာ ကုလသမဂ္ဂက တိုက်တွန်း ထားတဲ့ Public-Private Partnership-3P ကို မသိလို့ ပြောနေတာ ဖြစ်တယ်လို့ ယူဆ တယ်။ အခုဆိုရင် ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်၊ အေဒီဘီ စတဲ့ အင်စတီကျူးရှင်းတွေ မြန်မာနိုင်ငံအတွက် လေ့လာချက်တွေ ဆောင်ရွက်လို့ ရပြီ ဖြစ်တဲ့အကြောင်း အိုဘားမား အစိုးရက ကြေညာတယ်။ ဒါဟာ အခွင့်ကောင်းပဲ ဖြစ်တယ်။ ဒီလိုအဖွဲ့အစည်းတွေနဲ့ ပေါင်း ပြီး မက်ခရိုစီးပွားရေးတစ်ခုလုံးကို Reconstruction လုပ်ရမှာ ဖြစ်တယ်။ ဦးရွှေမန်းအနေနဲ့ နိုင်ငံတစ်ခုလုံးရဲ့ အဓိက အင်အားစု ဖြစ်တဲ့ လယ်သမား၊ အလုပ်သမား အရေးကိစ္စကို မဟာဗျူဟာ ကျကျ စဉ်းစားတွေးခေါ်ပြီး သုံးသပ်ဖို့ လိုတယ်။ အစိုးရဘက်က မလုပ်နိုင်ရင်၊ မလုပ်ချင်ရင် လွှတ်တော်ဘက်က ကော်မတီတွေက လုပ်ပေးနိုင်တယ်။ ပြီးရင် ဥပဒေ ရေး ဆွဲ အစိုးရကို လုပ်ခိုင်းလို့ ရတယ်။
Transactional Cost ပြဿနာ
အစိုးရကို ထောက်ပြဖို့ ဆိုရင် ဒီလို လူပြိန်းပြော ပြောဖို့ မကောင်းဘူးလို့ မြင်တယ်။ အစိုးရ၀န်ကြီးဌာနတွေအလိုက် ဘယ်ဌာနမှာ Transactional Cost ဘယ်လောက်ရာခိုင် နှုန်းစီ ရှိနေတယ်ဆိုတာကို အချက်အလက်ခိုင်ခိုင်မာမာနဲ့ ထောက်ပြဖို့ လိုတယ်။ ပြီးခဲ့တဲ့ အပါတ် True News ဂျာနယ်မှ ဖတ်မိသမျှ ပို့ဆောင်ရေးဝန်ကြီးဌာနမှာ စီးပွားရေးလုပ် ကိုင်နေတဲ့ ဌာနတွေကို အများပိုင်ပြောင်းမယ်လို့ တွေ့ရှိရတယ်။ ပြီးတော့လည်း ဆန်ရှင် ကြောင့် ကုန်သွယ်မှု တစ်ကြိမ်လုပ်တိုင်း၊ နိုင်ငံခြားငွေ လွှဲပြောင်းမှု တစ်ကြိမ်လုပ်တိုင်းမှာ Transactional Cost ၃၀% ရှိနေတာကို တွေ့ရှိရတယ်။ ဒီလိုပဲ ငါးလုပ်ငန်းမှာဆိုရင် ထုတ် ပြန်ချက်အရ (၂၀%)ကျော် ရှိနေတာကို ကြားသိရတယ်။ ဒါမျိုးတွေကိုလည်း တိတိကျကျ တွက်ချက်ပြီး ထောက်ပြဖို့ လိုတယ်။ အစိုးရကလည်း နှစ်ပေါင်း(၅၀)ကျော် ရှင်သန်လည် ပတ်လာခဲ့တဲ့ ဗျူရိုကရေစီယန္တရားကြီးတစ်ခုလုံး ပြောင်းလဲဖို့ လုပ်ဖို့လိုတယ်။ အချိန်တော့ ယူရမယ်။ Capacity မြှင့်တင်ဖို့နဲ့ ဖြုတ်ထုတ်သတ်လုပ်ဖို့ လက်ဆမှန်ဖို့တော့ လိုမယ်။ ဒီနေရာမှာ လွှတ်တော်ဘက်က လိုအပ်တဲ့ ဥပဒေတွေ ထုတ်ပြန်ပေးပြီး ဒီ Transactional Cost တွေ ကျဆင်းသွားအောင် လုပ်ပေးရမယ်။ အစိုးရကို Law နဲ့ ထိန်းရမှာ ဖြစ်တယ်။ ဒီလိုမျိုး လူကြားကောင်းအောင် အစိုးရကို လက်ညိုးထိုးပြီး အပြစ်ပုံချနေတာမျိုးက လွှတ် တော်သမိုင်းမှာ အရုပ်ဆိုးသွားစေမှာ ဖြစ်တယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ နိုင်ငံတော်ပိုင်လုပ်ငန်းများ
ဦးသိန်းစိန်အစိုးရလက်ထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှား လာတာကို အားလုံးသိတယ်။ ဦးရွှေမန်း ပြောချင်တာက ဦးသိန်းစိန်ကိုလား၊ နယကကို လား မရှင်းဘူး ဖြစ်နေတယ်။ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းခြင်း၊ ထားဝယ်နဲ့ သီလ၀ါ ကျောက် မီးသွေးဓါတ်အားပေးစက်ရုံတွေ ဖျက်သိမ်းခြင်းတွေဟာ ဒီအစိုးရလက်ထက်မှာ ဖြစ်လာတာ ဖြစ်တယ်။ သစ်တောဝန်ကြီးဌာနကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ထပ်ဆင့်တိုးပြီး လုပ်နေတာကိုလည်း တွေ့ရတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသံတွေကျယ် လာတာကိုလည်း တွေ့ရတယ်။
နောက်တစ်ချက်က အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ မူဝါဒပြောင်းသွားတာကို တွေ့ရှိရတယ်။ ဒေါ်လာလဲနှုန်းကို ပြင်ပပေါက်ဈေးနဲ့တွက်တာတွေ၊ စက်ရုံတွေ ရှုံးရင် ဘတ်ဂျက် ချမပေးတော့ဘဲ ဘဏ်ချေးငွေနဲ့ ရယူ လည်ပတ်ဖို့ လုပ်နေတာတွေ ကြားသိရ တယ်။ ပုဂ္ဂလိက လွှဲပြောင်းပေးတာတွေ၊ အများပိုင် ပြောင်းလဲဖွဲ့စည်းတာတွေ တွေ့မြင်နေ ရတယ်။ ဒီစက်ရုံတွေကလည်း ဦးရွှေမန်းကိုယ်တိုင် နံပါတ်(၃)အနေနဲ့ ပါဝင်လှုပ်ရှားခဲ့တဲ့ စစ်အစိုးရလက်ထက်က ဖြစ်စဉ်ဖြစ်ရပ်တွေလည်း ဖြစ်တယ်။ အခု လုပ်နေတာတွေက FDI ကို အလေးပေးတဲ့ အထူးဇုန်စီမံကိန်းတွေ ဖြစ်တာကိုလည်း တွေ့ရှိရတယ်။
Systematic Omitted Speech
ပြောသင့်တာက မြန်မာနိုင်ငံမှာ ကြီးစိုးနေဆဲ ဖြစ်တဲ့ လက်ဝါးကြီးအုပ်မှုတွေ၊ နိုင်ငံ တော်စီးပွားရေးတစ်ရပ်လုံးကို လူတစ်စုတည်းက ချုပ်ကိုင်ထားတာတွေ အဓိကဖြစ်တယ်။ ဦးရွှေမန်းက ဘာဖြစ်လို့ ဒီကိစ္စကို ထည့်မပြောသလဲ ဆိုတာကို စဉ်းစားကြည့်ရင် အဖြေက ရှင်းနေတယ်။ Red Link, ဧရာရွှေဝါ၊ ဇေကမ္ဘာ ဒီအုပ်စုတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေး နယ်ပယ်အစုံကို လွှမ်းမိုးအုပ်စိုးထားတယ်။ မိသားစုစီးပွားရေးအင်ပါယာကြီး ကြီးထွားနေ တာကိုတော့ ဘာဖြစ်လို့ မပြောသလဲ။ ပြောရရင် စစ်အုပ်စုခေါင်းဆောင်တွေထဲမှာ ရှားရှား ပါးပါး Clean ဖြစ်တာ ဦးသိန်းစိန် ဖြစ်တယ်ဆိုတာကို ဒေါ်စုကိုယ်တိုင် ၀ါရှင်တန်ပို့စ် အင် တာဗျူးမှာ ထည့်ပြောသွားတာ တွေ့ရှိရတယ်။ ဦးရွှေမန်းကို ဘာဖြစ်လို့ အဲဒီလို ရည်ညွှန်း ခြင်း မပြုတာလဲ။ ဒေါ်စုဟာ အမြင်ကျယ်တဲ့ လူထုခေါင်းဆောင်ဖြစ်တာနဲ့အညီ ဒီလို ချီး ကျူးတယ်ဆိုတာ ရှားပါး ဖြစ်ရပ်လို့ ဘန်ကောက်က သံတမန်တွေက ပြောနေကြတယ်။ ဦးသိန်းစိန်ကို ယုံတယ် လို့ ပြောခဲ့တဲ့ ဒေါ်စုဟာ ဦးရွှေမန်းကို ယုံတယ်လို့ ဘာဖြစ်လို့ မပြောတာလဲ။ စာရေးသူ စဉ်းစားကြည့်မိတော့ အတွေးက အမျှင်တန်းနေမိတယ်။ အခု အချိန်မှာ ဦးသိန်းစိန်တစ်ယောက် ဦးရွှေမန်းရဲ့ Challenge Speech နဲ့ ဖိအားတွေ ကျ ရောက်နေမှာကို စဉ်းစားမိတယ်။ စစ်အုပ်စုကို ဆန့်ကျင်တဲ့ စာရေးသူအနေနဲ့ ဦးသိန်းစိန် အကြောင်း ကြားသိရသမျှနဲ့တင် ပုဂ္ဂိုလ်ရေး လေးစားမှု ရှိတာတော့ အမှန်ပဲ။ Eleven Media CEO ဒေါက်တာသန်းထွဋ်အောင်ကိုယ်တိုင်ကလည်း ၈၈ အရေးအခင်းတုန်းက ဒုတိ ယဗိုလ်မှူးကြီးသိန်းစိန်ဘ၀တုန်းက ကြုံတွေ့ခဲ့ရတဲ့ ကောင်းကွက်တွေကို တစ်လောက သူ့ ဂျာနယ်မှာ ထည့်သွင်းဖော်ပြလာတာကို သတိထားမိတယ်။ နိုင်ငံခြားသံတမန်တွေဆီက ကြားသိရသမျှမှာလည်း ဦးသိန်းစိန် နာမည်က ကောင်းနေတယ်။
တစ်ခုရှိတာက ဦးသိန်းစိန်ဟာ ဒေါ်စုကိုလည်း မပုတ်ခတ်ခဲ့ဘူး။ လွှတ်တော်ကို လည်း မပုတ်ခတ်ခဲ့ဘူး။ တိုင်းရင်းသားတွေကိုလည်း မပုတ်ခတ်ခဲ့ဘူး၊ စစ်အုပ်စုကို ပြန်ပြီး မပုတ်ခတ်ခဲ့ဘူး။ အမေရိကန်နဲ့ တရုတ်ကိုလည်း မပုတ်ခတ်ခဲ့ဘူး၊ သူ့အလုပ်ကိုသူ လုပ် နေတယ်။ ဒါပေမယ့် သူလုပ်တာ တွေက အောင်မြင်တယ်။ လူထုကြိုက်တယ်။ ဒါကြောင့် လည်း စာရေးသူတို့ ဒီမှာရှိတဲ့ မြန်မာသံရုံးရှေ့သွားပြီး ဒေါ်စုနဲ့ ဦးသိန်းစိန်ကို ထောက်ခံ တဲ့ ဆန္ဒပြပွဲ လုပ်ခဲ့တာ ဖြစ်တယ်။ စစ်အုပ်စုဝင် ဖြစ်ပေမယ့်လည်း ဦးသိန်းစိန်ရဲ့ လုပ်ရပ် တွေကို ကြည့်ပြီး ထောက်ခံခဲ့တာ ဖြစ်တယ်။ ပြီးတော့လည်း ဦးသိန်းစိန်ရဲ့ ပုဂ္ဂလိက သန့် ရှင်းစင်ကြယ်မှုဟာ အခြေခံအကြောင်းရင်း ဖြစ်မယ်လို့လည်း ယူဆတယ်။ တစ်ပြည်လုံး မှာ လူထုခေါင်းဆောင် ဒေါ်စုလိုပဲ လူထုထောက်ခံမှု ရနေတာ ဦးသိန်းစိန် ဖြစ်တယ်။ မြန် မာနိုင်ငံကို လာသွားတဲ့ ဟီလာရီကလင်တန်ပြောတာ သိပ်ကောင်းတယ်၊ ဦးသိန်းစိန်ကို လုပ်ရပ်ကိုကြည့်ပြီး အကဲဖြတ်သွားမယ်ဆိုတာ။ အခုလည်း လူထုက ဦးသိန်းစိန်ရဲ့ လုပ် ရပ်တွေကို ကြည့်ပြီး အကဲခတ်နေတာ ဖြစ်တယ်။ အပြောတွေကို ကြည့်ပြီး ဆုံးဖြတ်တာ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးသိန်းစိန် သမ္မတ ဖြစ်လာတော့ ပြောတဲ့ မိန့် ခွန်းတွေက မဟာဗျူဟာ၊ နည်းဗျူဟာ သိပ်ကိုကျတယ်။ သဘောတရားတွေ၊ သီအိုရီတွေ၊ လက်တွေ့ အဖြစ်မှန်တွေကို မူတည်ပြီး ပြည့်စုံကောင်းမွန်တဲ့ မိန့်ခွန်းတွေ ဖြစ်တယ်။ အခု ဦးရွှေမန်းပြောနေသလို လက်တန်းမိန့်ခွန်း မဟုတ်ဘူးလို့ မြင်တယ်။
ဒါပေမယ့် ဒီလို ပြောလိုက်တိုင်း လူထုက ထောက်ခံတာ မဟုတ်ဘူး၊ တစ်ကယ် လုပ် မလုပ် ဆိုတာကို၊ အပြောကတော့ ရွှေမန်း အက ကတော့ ချိုမိုင်မိုင် ဖြစ်/မဖြစ် ဆိုတာကို စောင့်ကြည့်ကြတာ ဖြစ်တယ်။ လုပ်ရပ်ကိုကြည့်ပြီး ဆုံးဖြတ်ကြတာ ဖြစ်တယ်။ စာရေးသူက တော့ အခု ဘန်ကောက်မှာ ပြောနေဆိုနေတာတွေကို ကြည့်ပြီး ဦးသိန်းစိန်အတွက် စိတ် မကောင်း ဖြစ်မိတယ်။
နိုင်ငံခြားသားတစ်ချို့က အားရ၀မ်းသာနဲ့ ဦးရွှေမန်းက ဆော်လိုက်တာ ဦးသိန်းစိန် တော့ အလဲလဲ အကွဲကွဲ ဖြစ်နေပြီ ဆိုပြီး ပြောနေကြတယ်။ တစ်ချို့ ဘေးတိုက်အမြင်ရှိတဲ့ ပညာတတ်တွေကတော့ ဘာပဲ ပြောပြော တစ်ပါတီတည်း၊ စစ်အုပ်စု တစ်စုတည်း လာခဲ့ တဲ့သူအချင်းချင်း ကမ္ဘာသိအောင် ဒီလို မပြောသင့်ဘူး၊ ပြောတဲ့မိန့်ခွန်း (သူတို့ကတော့ Speech ဟု ပြောကြသည်၊ ဦးရွှေမန်းမှာ လွှတ်တော်တွင်း အဆိုတင်သွင်း ခြင်းသာ ဖြစ် သည်)ကလည်း မိုက်ခရိုလယ်ဗယ်လောက်ပဲ ရှိပြီး မက်ခရိုလယ်ဗယ်မမီဘူး၊ နည်းဗျူဟာ၊ မဟာဗျူဟာ ဘာမှ မပါဘူး၊ လူပြိန်းကြိုက် အပေါစား စည်းရုံးရေးသာ ဖြစ်ပြီး ဦးသိန်းစိန်ကို အကျပ်တွေ့အောင် လုပ်တာ ဖြစ်တယ် ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောတယ်။
Brain Storming
သူတို့တွေနဲ့ စကားပြောပြီး ပြန်လာတော့ စာရေးသူမှာ Brain Storming လုပ်နေမိ တယ်။ ဒီအချိန်မှာ သတိထားမိတာက ဦးသိန်းစိန်ရဲ့ သတင်းတွေ၊ လုပ်ရပ်တွေကို ကြည့်ပြီး စာရေးသူရဲ့စိတ်ထဲမှာ ဦးသိန်းစိန်ကို လေးစားနေမိတာကို အခုမှ သတိထားမိတယ်။ ဒါဟာ လည်း လုပ်ယူတာမဟုတ်ဘဲ သူ့ရဲ့ စိတ်နေစိတ်ထား၊ တစ်ဘက်သားအပေါ် ထားရှိတဲ့ စေတနာ၊ လုပ်ပုံကိုင်ပုံ စတဲ့ ကြားသိရသမျှ အကြောင်းခြင်းရာများကို အခြေခံပြီး သူ့ဘာ သာသူ အလိုအလျောက် ဖြစ်ပေါ်လာတာမျိုးပင်။
ပထမတော့ ဦးရွှေမန်း အဆိုတင်သွင်းချက်ကို ဖတ်ပြီး စစ်အုပ်စုဝင်ဟောင်း၊ ထိပ် တန်းနေရာတွင် ပါဝင်ခဲ့သူတစ်ယောက်က ဒီလိုမျိုးပြောတာကို တွေ့ရတော့ ချက်ချင်း ဖြစ် ပေါ်လာတာက ၀မ်းမြောက်ဝမ်းသာစိတ် ဖြစ်ပါတယ်။ အခုလို သူများနိုင်ငံက သံတမန် တွေ၊ ပညာတတ်တွေနဲ့ အပြန်အလှန် ပြောကြဆိုကြပြီး တစိမ့်စိမ့်ပြန်စဉ်းစားကြည့်လိုက် တော့ ဦးသိန်းစိန်အတွက် စိတ်မကောင်း ဖြစ်လာရပါတယ်။ Populism သဘောမျိုး သာမန် လူပြိန်းကြိုက် အစိုးရကို ဝေဖန်ပြစ်တင်ခြင်းအားဖြင့် လူထု ထောက်ခံမှု ရရှိမည်ဟု မျှော် မှန်းထားလျှင် မှားမှာပဲ ဖြစ်တယ်။ ဦးရွှေမန်းရဲ့ ရည်ရွယ်ချက်ကို မှန်းဆကြည့်မိတော့ ပိုပိုပြီး စိတ်မကောင်း ဖြစ်လာရပါတယ်။ ဘာပဲပြောပြော ဦးသိန်းစိန်ဟာ စာရေးသူတို့ နိုင်ငံရဲ့ အကြီးအကဲ ခေါင်းဆောင်ပင် မဟုတ်ပါလား။ စာရေးသူသာ ဦးသိန်းစိန်ရဲ့နေရာ ၀င်ပြီး ခံစားကြည့်ရလျှင် ဦးရွှေမန်းရဲ့ လုပ်ရပ်ကို Political Assassination လို့သာ ယူဆမိမှာ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ကြံမှု ဟူသည် ပုဂ္ဂလိက အားနည်းချက်၊ ပြစ်ချက်များကို ရှာဖွေ တိုက်ခိုက်ရုံသာမကပါ။ ဦးသိန်းစိန်ရဲ့ ကိုယ်ရေးရာဇ၀င်ကလည်း ဒီလို ပုဂ္ဂိုလ်ရေး ထိုးနှက် လောက်အောင်လည်း ပြစ်ချက်က မရှိလေတော့ လက်အောက်ရှိ အစိုးရဌာနများကို တိုက်ခိုက်ခြင်းဖြင့် သမ္မတလုပ်သူကို ချောင်ပိတ်မိစေသော နည်းလမ်းဟာ ဦးရွှေမန်းရဲ့ နိုင်ငံရေးလုပ်ကြံမှုသာ ဖြစ်ပါတယ်။ စာရေးသူ ကတော့ ဒီလိုပဲ ခံစားမိပါတယ်။
ပြောရလျှင် ဦးသိန်းစိန်ဟာ ပြည်တွင်းမှာရော နိုင်ငံတကာကပါ အကောင်းပဲ အမြင် ခံနေသူ မဟုတ်လား။ ကုန်ကုန်ပြောရရင် စာရေးသူတို့ လေးစားမြတ်နိုးရတဲ့ ဒေါ်စု ကိုယ် တိုင် ထုတ်ဖော်ချီးကျူးရသူ ဖြစ်နေတာ မဟုတ်လား။ ဒီတော့ မဏ္ဍိုင်ကြီးတစ်ရပ်ကို ဆွဲကိုင် ထားတဲ့ ဦးရွှေမန်း မခံချိမခံသာ ဖြစ်ပေမပေါ့။ စာရေးသူ ရရှိထားသော၊ သေချာစွာ လေ့လာ ဖတ်ရှုထားသော ကြံ့ဖွံ့ပါတီစည်းမျဉ်းမှာတော့ ပုဂ္ဂိုလ်ရေးအကျိုးထက် ပါတီအကျိုး၊ ပါတီ အကျိုးထက် နိုင်ငံအကျိုးကို အလေးထားဖို့ ပညတ်ထားတာ တွေ့ရှိရပါတယ်။ ဒီတော့ ဦးရွှေမန်းဟာ ဘယ်သူ့အကျိုးအတွက် ဒီလိုပြောရတာလဲ။ နိုင်ငံ့အကျိုးလား သူ့အကျိုး လား-စာရေးသူကတော့ စစ်စစ်ပေါက်ပေါက် တွေးကြည့်တော့ ဒီလိုပဲ အဖြေရလာတယ်။ နိုင်ငံအကျိုးအတွက် ဆိုရင် ဦးရွှေမန်းရဲ့ Capacity က မနိုင်ဝန် ထမ်းနေရတာမျိုး ဖြစ်နေ တယ်။ ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ လူပြိန်းကြိုက် အစိုးရပုတ်ခတ်ရေး ဆောင်းပါးရှင်တွေ လို ဖြစ်နေတယ်။ လွှတ်တော်ဥက္ကဌဆိုတဲ့သူဟာ ဒီလိုမျိုး အကျိုးနဲ့အကြောင်း ရေရေရာရာ မဟုတ်ဘဲ လူပြိန်းကြိုက် လျှောက်ပြောနေရမယ့် အချိန် မဟုတ်ဘူး။ မဟာဗျူဟာကျကျ၊ နည်းဗျူဟာ မှန်မှန် ပြောကြားသွားနိုင်တာမျိုး မရှိဘူး။ သူ့အကျိုးအတွက်ဆိုရင်တော့ သဲထဲရေသွန် ဖြစ်သွားပြီလို့ ဆိုနိုင်တယ်။ စာရေးသူ တစ်ယောက်တည်း ခံစားချက်အရ ဆိုရင် ဦးရွှေမန်း ဒီလို တိုက်ခိုက်လိုက်တဲ့အတွက် ဦးသိန်းစိန်ကို အပြစ်မမြင်ဘဲ ပိုလို့ပင် စာနာထောက်ထားမိပါတယ်။ ရင်တွင်းခံစားချက်ပါ။ တလောကပဲ စင်ကာပူမှာ ဆေးကု လာတဲ့ ဦးသိန်းစိန် ဘယ်လိုဖြစ်သွားမလဲဆိုတာကို တွေးမိတဲ့အထိပါပဲ။
ပြန်ပြီးချုပ်ရရင် ဦးရွှေမန်းဟာ ၀ါးလုံးရှည်နဲ့ ယမ်းပစ်လိုက်တာပဲ။ ဦးခင်အောင်မြင့်နဲ့ ကမ္ဘာသိ ရန်ဖြစ်ပြီးတဲ့နောက် အခု အစိုးရနဲ့ ရန်ဖြစ်ဖို့ ဦးတည်လာတာပဲ။ ဒီလိုနည်းနဲ့ နာမည်ကို တည်ဆောက်တာမျိုးဟာ ရေရှည်မှာ မခံပါဘူး။ စေတနာမမှန်တဲ့ လုပ်ရပ်က တန်ပြန်ဒဏ်ခတ်မှာပဲ ဖြစ်တယ်။ အစိုးရအပေါ် ယုံကြည်မှု မရှိရင်၊ အစိုးရ အားနည်းပြီး ပြုတ်ကျသွားရင် လွှတ်တော်ဥက္ကဌက သမ္မတ တက်လုပ်လို့ မရဘူးဆိုတာကို နာဂစ် ဖွဲ့စည်းပုံမှာ အတိအလင်း ဖော်ပြထားပြီး ဖြစ်တယ်။ ဖွဲ့စည်းပုံ ပျက်ရင်တော့ လွှတ်တော် လည်း မရှိတော့ဘူးဆိုတာကို သိထားသင့်တယ်။
လွှတ်တော်ကို နိုင်ငံတော်ရဲ့ (အမြင့်ဆုံးအဖွဲ့အစည်း၊ အမြင့်ဆုံးသော သြဇာအကြီး မားဆုံးသော ဤလွှတ်တော်ကြီး) ဆိုတဲ့ ပြောကြားချက်တွေဟာ စစ်အုပ်စုဝင်တွေ အလေး အမြတ်ထားနေတဲ့ နာဂစ်ဖွဲ့စည်းပုံနဲ့ လားလားကြီး ဆန့်ကျင်နေတာ တွေ့ရတယ်။ နာဂစ် ဖွဲ့စည်းပုံမှာ အာဏာ(၃)ရပ်ကို အညီအမျှ ခွဲဝေထားတာ ဖြစ်တယ်။ အဲဒီမှာ ဖော်ပြထား တာတစ်ခုက နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံး တွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာတွင် ရရှိသည် ဆိုတာပဲ ဖြစ်တယ်။ ဒီတော့ ဦးရွှေမန်းရဲ့ ပြောကြားချက်ဟာ သူတို့ တဖွဖွပြောနေတဲ့ နာဂစ်ဖွဲ့စည်းပုံနဲ့ လုံးလုံးကြီး လွဲမှားနေတာကလည်း စိတ်ပျက်ဖွယ်ရာ တွေ့ရှိရပါတယ်။
နိဂုံး
ဒီတော့ နိဂုံးချုပ်အနေနဲ့ ဦးရွှေမန်းရဲ့ တင်ပြချက် (ပြည်ပအခေါ် မိန့်ခွန်း)ကို ဒီလိုပဲ သုံးသပ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်-
(၁) မိမိနာမည်ကို တည်ဆောက်ယူသော လုပ်ဆောင်ချက်သာ ဖြစ်တယ်။(တစ်နည်း ပြောရရင် ဒီလိုမျိုး ခံယူချက်ရှိတယ်ဆိုရင် ကြံ့ဖွံ့မှာ ဆက်မနေသင့်တော့ဘူး။ NLD ထဲကို သွားပြီး နေရင် ကောင်းမယ်။ NLD က လက်ခံ/လက်မခံကတော့ သူ့အပိုင်းပဲ ဖြစ်မှာပါ။)
(၂) တိုင်းသိပြည်သိ၊ ကမ္ဘာသိ ဖြေရှင်းချက်များဟာ ပညာရှင်မဆန်၊ အနှစ်သာရ မရှိ၊ Exile Media အချို့မှာ အရမ်းကာရော ပြောသလိုမျိုး ဖြစ်နေတယ်။ သာမန် လူပြိန်း ကြိုက် အပေါစားစည်းရုံးရေး ဆန်နေတယ်။ (စေတနာ မှန်သော်လည်း Capacity မလိုက်နိုင်တဲ့ အနေအထားမျိုး မြင်မိတယ်။)
(၃) ဒေါ်စု လွှတ်တော်ထဲ ၀င်မလာခင် သြဇာတည်ဆောက်ခြင်းသာ ဖြစ်တယ်။ တစ်ဘက် က တွေးရင်တော့ ဦးသိန်းစိန်ကို ဦးတည်ချက်ထားပြီး နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ ကြိုးပမ်း ချက်သာ ဖြစ်တယ်။ (ဒေါ်စု လွှတ်တော်ထဲ ရောက်လာရင်တော့ သူတည်ဆောက်ထားတဲ့ သြဇာအလိုအလျောက် ပျက်ပြယ်သွားမှာ ဆိုတာကို သတိမထားမိတာလည်း ဖြစ်တယ်။)
(၄) မဟာဗျူဟာ၊ နည်းဗျူဟာဆန်သော ဖြေရှင်းချက်များ လွန်စွာ အားနည်းနေပြီး အစိုးရ ကို ဆန့်ကျင်ပုတ်ခတ်ပြီး လူထုထောက်ခံမှု ရယူသော ခေတ်ဟောင်း ခေတ်ဆွေး နိုင်ငံရေး တက်ကြွလှုပ်ရှားမှုသာ ဖြစ်နေတယ်။ သိမ်နုတ်လှသော Populism ကို ထူထောင်ခြင်း ဖြစ် ၍ ဦးသိန်းစိန်အတွက် စိတ်မကောင်း ဖြစ်ရတယ်။
(၅) ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် အဆများစွာ Capacity Building လုပ်ရဦးမှာ ဖြစ်ပါ တယ်။ အထူးသဖြင့် စီမံကိန်းများ၊ ကာလရှည်ကြာအမြစ်တွယ်ခဲ့သော ပြဿနာများကို ဖြေ ရှင်းတဲ့နေရာမှာ အစိုးရကိုပဲ လက်ညိုးထိုး ပြစ်တင်နေရုံနဲ့ မြန်မာနိုင်ငံ တိုးတက်လာမှာ မဟုတ်ပါ။
(၆) အစိုးရကို ထိန်းကျောင်းတယ် ဆိုတာမျိုးဟာ ဒီလို ပြီးခဲ့တဲ့ ပြစ်ချက်တွေ ဖော်ထုတ်ပြီး ထိုးနှက်နေဖို့ မဟုတ်ဘူး။ ပြီးတော့လည်း ခုတ်ရာတစ်ခြား ရှရာတစ်လွဲဆိုတာမျိုးလို အဲဒီ အရာတွေက ဦးသိန်းစိန်အစိုးရ လုပ်ခဲ့တာ မဟုတ်ဘူး ဆိုတာပဲ။ ဆိုရရင် လက်ရှိကြံ့ဖွံ့ အစိုးရက သူမလုပ်တဲ့ဟာတွေကို သူ့အပေါ်ပုံချတာ ခံနေရတဲ့ အခြေအနေ ရောက်နေ တယ်။ ပြောရရင် အဲဒီကိစ္စတွေမှာ ဦးရွှေမန်းကိုယ်တိုင် နံပါတ်(၃)နေရာကနေ ပါဝင်ခဲ့တယ် ဆိုတာ သတိပြုဖို့ လိုတယ်။ ဆိုရရင် ထိန်းကျောင်းတဲ့ နည်းလမ်း၊ နည်းဗျူဟာ၊ မဟာ ဗျူဟာ အကြီးအကျယ်ကို လွဲချော်နေတယ်။
(၇) ဦးရွှေမန်းရဲ့ ပြောကြားချက်ဟာ စေတနာ မှန်ကောင်းမှန်နိုင်ပေမယ့် အချက်အလက် တွေ၊ ဖြေရှင်းချက်တွေ၊ ထောက်ပြချက်တွေ မှားယွင်းနေတယ်။ သူကိုယ်တိုင် ရေးထား တယ် ဆိုရင် သူ့ရဲ့ Capacity ဟာ အတော်လေးကို လိုအပ်နေသေးတယ်။ တစ်ခြားသူ ရေးပေးတယ် ဆိုရင်တော့ ရေးပေးတဲ့သူရဲ့ Capacity ဟာ သိပ်ကိုနိမ့်လွန်းတဲ့ အနေအထား သာ ရှိနေတယ်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ