ပြည်ထောင်စုရဲ့သင်္ကေတ "၀ါးသင်္ခ"
မွန်မွန်မြတ်ရေးသားသည်။
"ကော့မှုးမြို့နယ်မှာ ၀ါးသင်္ခရွာကိုပထမဦးဆုံးလာရတဲ့အကြောင်းကတော့ ဒီမှာ ကရင်တိုင်းရင်းသူ တိုင်းရင်းသားတွေများလို့ဖြစ်ပါတယ်။ဒီရွာမှာ ကရင်တိုင်းရင်းသူတိုင်းရင်းသားတွေများတဲ့အခါကျတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုရဲ့သင်္ကေတတစ်ခုလိုဖြစ်နေပါတယ်"
၁၁ ဖေဖေါ်ဝါရီ၊ ၂၀၁၂၊ ကော့မှုး (YPI) - နွေဦးဆိုပေသည့် နေပူကကြမ်းလွန်းလှသည်။ မွန်းတည့်ချိန်နီးလာလေလေ ခရီးကမတွင်လေ၊ ခရီးစဉ်အစက ပါလာခဲ့သည့်ယာဉ်တန်းမှာ တွံတေးမြို့အ၀င်မှာပါလာသည့် ကားများ ဆိုင်ကယ်များနှင့် ပေါင်း၍ တွံတေး-ကော့မှုး-ကွမ်းခြံကုန်း ကားလမ်းတစ်လမ်းလုံးပြည့်ကြပ်သွားတော့သည်။
လမ်းဘေးဝဲယာတစ်လျှောက် ဆက်နေသည့်ရွာစဉ်တန်းတစ်လျောက် နေပူကျဲကျဲအောက်တွင် အိုးစည်ဗုံမောင်းများနှင့်ပြုံးပြုံးရွှင်ရွှင်ကြိုဆိုနေကြသည့် ရွာသူရွာသားများ၏မျက်နှာများမှာ ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး စားနပ်ရိက္ခာဝေသည့်ကားတွေကို မျှော်ကိုးနေစဉ်က ပူလောင်နွမ်းလျနေသည့် မျက်နှာများနှင့်တခြားစီ။
ရွာ့အိမ်ဦးခန်းများမှ ဆွဲထုတ်လာဟန်ရှိသော ဗိုလ်ချုပ်အောင်ဆန်း၏ ရှေးဟောင်းဓါတ်ပုံများသည် လမ်းဘေးဝဲယာတစ်လျောက်က ရွာသူရွာသားများလက်ထဲတွင် ထယ်ထယ်ဝါ၀ါနှင့်...။
နှစ်နှစ်သမီးဘ၀နှင့် ဖခင်ကိုသက်ရှိထင်ရှား တစ်ခါမျှဦးခိုက်ကန်တော့ခွင့်ရခဲ့မည်မထင်သော ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှုးနယ်သားပန်းချီဆရာများလက်စွမ်းပြထားသည့် ပန်းချီကားများ ဆိုင်းဘုတ်များထဲတွင် ဖခင်ကို ကျုံ့ကျုံ့ယုံ့ယုံ့လေးထိုင်ကန်တော့လျက်....။
တကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ကြသည့် ဘွဲ့တံဆိပ်ပေါင်း တစ်ရာ့သုံးဆယ်ကျော် ရှိသွားပြီဖြစ်ကြောင်း ကော့မှုးမြို့နယ်သားများသိချင်မှသိပေလိမ့်မည်။ သို့ပေမယ့် သူတို့အသေအချာသိသည့် "ဖအေတူသမီး" ဆိုသည့်ဂုဏ်ပုဒ်ကိုတော့ နေရာအနှံ့လက်ရေးဖြင့်ရေးထားသည့် ဆိုင်းဘုတ်များချိတ်ဆွဲကာ သူတို့နည်းသူတို့ဟန်ဖြင့် ချီးမြှင့်ခဲ့ကြသည်။
ပါးစပ်ပါရွာရောက်ဆိုပေမယ့် မွန်းတည့်ချိန်ကျော်၍ကော့မှုးကိုကျော်လွန်ကာ ကွမ်းခြံကုန်းဝင်သည်အထိ သွားရမည့်နေရာ "၀ါးသင်္ခ" ဆိုသည့်ရွာကိုမရောက်သေးပေ၊ ဘယ်သူ့မေးမေး အဝေးကြီးလိုသေးသည်သာပြောကြသည်။
ကွမ်းခြံကုန်းမြို့အကျော် ကားလမ်းပေါ်မှဆင်းကာ မြေနီလမ်းခွဲပေါ်အရောက် လမ်းပြသူဒေသခံလူငယ်တစ်ဦး၏ "တစ်အောင့်" ဆိုလျှင် ရောက်တော့မည်ဆိုသည့်စကားကြောင့် အနည်းငယ်ရင်အေးမည်ကြံကာရှိသေး ကားလမ်းကြောင်းတလျောက်ဖုန်လုံးကြီးတွေ လှိမ့်ဝင်လာသောကြောင့်အမှန်တစ်ကယ်ပင် တစ်နာရီခန့်အောင့်လိုက်ရပါသည်။
သည်လောက်ခေါင်သည့် ဖုန်ထူနေပူ ၀ါးပင်တွေကလွဲ၍ ဘာမျှမရှိသည့် နေရာကိုမှ အဘယ်ကြောင့်များ ရွေးရပါလိမ့်ဆိုသည့်မေးခွန်းဖြင့် တစ်လမ်းလုံးတနုံ့နုံ့...။
လွတ်လပ်ရေးရပြီးသည်မှာ အနှစ်ခြောက်ဆယ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏မြို့တော်ဟောင်း ရန်ကုန်မြို့မှ နာရီပိုင်းသာသွားရသည့် ကော့မှုးကဲ့သို့သောမြို့နယ်ထဲမှာပင် လျှပ်စစ်မီးမရှိ၊ ရေမီတာမရှိ၊ လမ်းပမ်းဆက်သွယ်ရေးနုံချာ၊ ပညာရေး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းအင်မတန်မှ နိမ့်ကျလှစွာသော နေရာများစွာရှိနေခဲ့သည်။
ရွာနှင့်နီးလာလေလေ ကရင်တိုင်းရင်းသားဝတ်စုံတွေနှင့်ကြိုဆိုနေသူတွေကိုတွေ့ရလေလေ၊ လမ်းပြသူလူငယ်လေးကတော့ ကရင်မလေးတွေကိုတွေ့လိုက်လျှင် ပင်ပန်းသမျှတွေပြေသွားစေရမည် ဟုအာမခံသည်။
ကရင်မလေးတွေကိုသာမက၊ ဒုံးယိမ်းသံ ဖါးစည်သံ တညံညံနှင့် ကြိုဆိုကြသည့် ရာချီသည့်ကရင်လူထုကို ရွာလယ်ကွင်းပြင်က စကားပြောစင်မြင့်ရှေ့မှာမြင်ရတော့ ဖုန်ထူသည် နေပူသည်များလည်းပျောက်သွားခဲ့၏။
လမ်းတစ်လျှောက်လုံးတနုံ့နုံ့မေးလာခဲ့သည့်မေးခွန်းကို မနက်ငါးနာရီလောက်ကတည်းက လာရောက်စောင့်ဆိုင်းနေခဲ့ကြသည့် ရွာနီးချုပ်စပ် ကျေးရွာပေါင်းစုံမှလူထုကိုစကားပြောရင်း ဒေါ်အောင်ဆန်းစုကြည်က အဖြေပေးသွားခဲ့သည်။
"ကော့မှုးမြို့နယ်မှာ ၀ါးသင်္ခရွာကိုပထမဦးဆုံးလာရတဲ့အကြောင်းကတော့ ဒီမှာ ကရင်တိုင်းရင်းသူ တိုင်းရင်းသားတွေများလို့ဖြစ်ပါတယ်။ဒီရွာမှာ ကရင်တိုင်းရင်းသူတိုင်းရင်းသားတွေများတဲ့အခါကျတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုရဲ့သင်္ကေတတစ်ခုလိုဖြစ်နေပါတယ်"
ကရင်လူမျိုးတွေအများကြီးရှိသည့်နေရာတွင် ဗမာစကားပြောနေရသည့်အတွက် စိတ်မသက်မသာဖြစ်ပုံရကာ အနည်းဆုံးတော့ကျေးဇူးတင်ပါတယ်ကို ကရင်လိုပြောတတ်အောင် သင်ထားအုန်းမည်ဟုလည်းဆိုခဲ့သည်။
"ကျွန်မတို့နိုင်ငံမှာ လက်ရှိအခက်ခဲဆုံးပြဿနာက ဆင်းရဲနွမ်းပါးမှုပြဿနာပါ" ဟု ပြဿနာရင်းမြစ်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့သော်လည်း အစိုးရရုံးစိုက်ရာမြို့ကြီးများမှလွဲလျှင် တောင်ပေါ်မြေပြန့်မခြား ကျေးလက်ဒေသ အတော်များများတွင်ဖွံ့ဖြိုးမှုနောက်ကျနေခဲ့သည်မှာ ဆင်းရဲနွမ်းပါးမှုပြဿနာသက်သက်ကြောင့်ပဲလား၊ သို့တည်းမဟုတ် အစိုးရနှင့် အစိုးရမဟုတ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ ထောင်စုနှစ် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လျာထားချက်တွေ မအောင်မြင်ခဲ့လို့ပဲလားဟု စဉ်းစားဖွယ်ဖြစ်၏။
ကော့မှုးမြို့နယ်တွင် အဓိကကြုံတွေ့နေရသည့်ပြဿနာကတော့ အလုပ်အကိုင်ရှားပါးမှုပြဿနာဖြစ်သည်ဟု အမတ်လောင်းဒေါ်အောင်ဆန်းစြုကည်က ထောက်ပြသွားခဲ့သည်။
ဒေသဖွံ့ဖြိုးရေးအတွက် မည်သို့မည်ပုံလုပ်ဆောင်သွားမည်ဟု ကတိက၀တ်များ အကျယ်တ၀န့် မပေးခဲ့သော်လည်း ကိုယ့်မဲဆန္ဒနယ်မြေတွင်ကိုယ်တိုင်ကိုယ်ကျမဲပေးနိုင်ရန်အတွက် ၀ါးသင်္ခရွာ၏ အိမ်ထောင်စုစာရင်းဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏နာမည်ကို ပြောင်းရွှေ့ပြီးဖြစ်သည်ဟုသိရသည်။
သူမ လာရောက်ချိန်တွင် တည်းခိုရန်ဆောက်လုပ်ထားသည့် နေအိမ်ရှေ့လသာဆောင်တွင် ၀ရံတာငယ်လေး ထုတ်ထားသည့်အတွက် လူထုပရိသတ်ကို ထိုနေရာမှလည်းနှုတ်ခွန်းဆက်နိုင်မည်ပင်။
ကရင်အမျိုးသားဝတ်စုံနှင့် အဖိုး ဦးမောင်မောင်က လူတွဲနှင့်လမ်းလျှောက်ရင်းက လူထုတွေ့ဆုံပွဲကွင်းပြင်သို့အရောက်သွားခဲ့သေးသည်။
အသက် ၈၀ကျော်ကာမှ ပထမဆုံးအကြိမ် မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရခဲ့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သူတို့ရွာသားဖြစ်လာသည့်အပေါ်ဝမ်းပမ်းတသာကြိုဆိုခဲ့၏။
"ကျုပ်တို့ရွာအနေနဲ့ နည်းနည်းသိဒ္ဓိတိုးလာတာပေါ့ဗျာ"
လမ်းတလျောက် ကြိုဆိုနေကြသည့်ကလေးငယ်များက သူတို့မမြင်ဖူးသော အမေစုကို ဖုန်တထောင်းထောင်းအကြားက ကားတန်းကြီးထဲမှာစမ်းတ၀ါးဝါးရှာကြ၊ လက်ပြကြနှင့်…
ငှက်အော်စမ်းရွာက လူထုတွေ့ဆုံပွဲကွင်းပြင်မှာတော့ "လမ်းမှာလာတော့ ဘုစုခရုကလေးတွေအများကြီးပဲ။ ဒီကလေးတွေကိုပြုစုပျိုးထောင်ဖို့ဆိုတာ တော်တော်ကို ကျွန်မတို့လုပ်ယူရအုန်းမှာ…" ဟု ကော့မှုးမြို့နယ်သား အမတ်လောင်း ဒေါ်စုကဆိုခဲ့သည်။
"ပညာဆိုတာ ကျွန်မတို့နိုင်ငံရဲ့အနာဂါတ်ပဲ။ ကျွန်မတို့ကလေးတွေရဲ့အနာဂါတ်သာ မဟုတ်ဘူး၊ ကလေးတွေရဲ့အနာဂါတ်ဟာ နိုင်ငံရဲ့အနာဂါတ်ပါပဲ"
ဝါးသင်္ခရွာတွင် ဆယ်မိနစ်ခန့် ငှက်အော်စမ်းရွာတွင် ငါးမိနစ်ကျော်ကျော် စကားပြောခွင့်ရဖို့ရာ ဖုန်ထူနေပူသော ခြောက်နာရီကျော်ကြာ ခရီးကြမ်းကို သွားခဲ့ရသည့် တွေ့ဆုံပွဲ၏အနှစ်သာရကိုတော့ ယခုလိုဖွင့်ဆိုခဲ့သည်။
"ဒီလိုတွေ့ဆုံပွဲတစ်ခုဆိုတာဟာ သာမန်အားဖြင့်ကြည့်လိုက်လို့ရှိရင် မိနစ်ပိုင်းလောက်ပဲ ကျွန်မတို့ဟာတစ်ယောက်နဲ့တစ်ယောက်တွေ့ရတာမို့လို့ အရေးမကြီးဘူးလို့ထင်ရပေမယ့် တစ်ကယ်တော့ ဒါ ပြည်သူတွေနဲ့ဆက်နွယ်မှုတစ်ခုအနေနဲ့ အင်မတန်မှ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့လုပ်ငန်းတွေကိုအောင်မြင်အောင်လုပ်ဖို့ဆိုတာဟာ ပြည်သူတွေနဲ့အဆက်အသွယ်ရှိမှ ပြည်သူတွေနဲ့နီးနီးကပ်ကပ်ဆက်ဆံနိုင်မှဖြစ်မြောက်မှာပါ"
"တစ်နိုင်ငံလုံးအဆင်ပြေမှ ကော့မှုးအဆင်ပြေမယ်။ ကော့မှုးအဆင်ပြေမှ တစ်နိုင်ငံလုံးအဆင်ပြေမှာဖြစ်ပါတယ်။ အဲဒီလိုဆက်နွယ်မှုမျိုးကိုနားလည်ဖို့လိုပါတယ်"
ကော့မှုးတစ်မြို့နယ်လုံး "စုနိုင်မှချမ်းသာမည်"ဆိုသည့် သီချင်းသံများတစ်နေကုန်လွှမ်းနေခဲ့၏။
မှောင်ရီပျိုးပြ ၀ါးသင်္ခ အပြန် လမ်းဘေးဝဲယာတလျောက် အရွယ်စုံ၊ လူမျိုးစုံ၊ အရောင်စုံ မီးတိုင်တွေ မီးအိမ်တွေ ထင်းမီးဖိုတွေနှင့် လမ်းပြလို့ နှုတ်ဆက်ကြသည်။
ဝါးသင်္ခရွာသူရွာသားတွေကတော့ "ပြည်ထောင်စုရဲ့သင်္ကေတ ငါတို့ဝါးသင်္ခ" လို့များ အဲသည်ညတွင် ဆိုမည့် ဒုံးယိမ်းသီချင်းတွေထဲထည့်ဆိုနေကြလေမည်လား ဒါမှမဟုတ် မမြင်ရသော အမှောင့်ပယောဂတို့အပေါ် စိုးရွံ့ အားငယ်စိတ်များနှင့် ကျန်ခဲ့ကြလေမည်လား.... သိချင်စမ်းလှသည်။
ပြီး။ ။

ဝါးသင်္ခရွာက ဘောလုံးကွင်းမှာ လူထုကို ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၂ (YPI)
ကျမဟာ ဒီရွာကို ပထမဦးဆုံးအကြိမ်လာတာဆိုပေမဲ့ နောင်လဲ မကြာခဏ လာနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။ အခု ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြန်လည်မှတ်ပုံတင်ပြီးတော့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လှုပ်ရှားလာတာဟာ အဓိက ပြည်သူတွေရဲ့တာဝန်တွေကို ထမ်းဆောင်ပေးချင်လို့ဖြစ်ပါတယ်။ ကျမတို့ ဒီရပ်ရွာ၊ ဒီဒေသမှာ ဘယ်လိုပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မလဲဆိုတာကို လေ့လာပြီးတော့ ကျမတို့နဲ့ ပြည်သူတွေနဲ့အတူ ကျမတို့ဖြစ်စေချင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကြိုးစားရမှာပါ။ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ကျမတို့ဟာ နတ်၊ သိကြားလည်း မဟုတ်ဘူး။ ၀ိဇာဇော်ဂျီလည်းမဟုတ်တော့ 'ဖြစ်စေ' ဆိုပြီးတော့ ဖြစ်အောင်လုပ်လို့မရပါဘူး။ ကျမတို့ ကြိုးစားပြီးတော့ အလုပ်လုပ်မှဖြစ်မှာပါ။ ဒါပေမဲ့ စုပေါင်းအင်အားနဲ့ ကျမတို့ဟာ ခိုင်ခိုင်မာမာနဲ့ အခက်အခဲတွေကို ကျော်လွှားရဲတဲ့ သတ္တိ၊ ကျော်လွှားနိုင်တဲ့အရည်အချင်းတွေနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာဖြစ်ပါတယ်။
….အားလုံးလာကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျမတို့ ကျေးဇူးတင်တယ်။ ကျမတို့က ဒီရွာတစ်ရွာတည်းလုပ်လို့လည်းမဖြစ်ဘူး။ ရွာတွေအားလုံးစုရုံနဲ့လည်း မလုံလောက်ဘူး။ မြို့နယ်တွေအားလုံးစု၊ ပြည်နယ်တွေ အားလုံးစုပြီးတော့ တစ်တိုင်းပြည်လုံးရဲ့ စုပေါင်းအင်အားနဲ့ လုပ်မှ ကျမတို့နိုင်ငံဟာ တကယ့်ကို အေးချမ်းတည်ငြိမ်ပြီးတော့ တိုးတက်တဲ့ နိုင်ငံဖြစ်နိုင်မှာပါ။ ကျမ ကော့မှူးမြို့နယ်မှာ ၀ါးသင်္ခရွာကို ပထမဦးဆုံးလာရတဲ့ အကြောင်းကတော့ ဒီမှာ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ များလို့ဖြစ်ပါတယ်။ တကယ်ဆို တချို့ဥပမာဆိုရင် ကျိုက်ထော်လည်း ကရင်များပါပဲလို့ ပြောကြာပါလိမ့်မယ်။ ဒါပေမယ့် ကျိုက်ထော်ခရီးက နည်းနည်းခက်လို့ပါ။ ဒါကြောင့်မို့လို့ ကျိုက်ထော်ကို အရင်မလာတာကို ကျမတို့ကို ခွင့်လွှတ်ပါလို့လည်း တောင်းပန်ချင်ပါတယ်။ ဒါပေနဲ့ ဒီရွာမှာ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ အများစုဖြစ်တဲ့အခါကျတော့ ကျမတို့ရဲ့ ပြည်ထောင်စုရဲ့ သင်္ကေတတစ်ခုလိုဖြစ်နေပါတယ်။ ဒါကြောင့် ကျမတို့ ဒီရွာကို လာရတာပါ။ အင်မတန်မှလည်း အားတက်တယ်။ လမ်းခရီးတစ်လျှောက်လုံး ပြည်သူလူထုရဲ့ ကြိုဆိုမှုကြောင့်လည်း ကျမတို့ဟာ ပိုပြီးတော့ ကျမတို့ရဲ့ တာာဝန်တွေကို ထမ်းဆောင်နိုင်မယ့် အင်အားတွေပြည့်လာတယ်လို့ ကျမပြောချင်ပါတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာဟာာ ရေရှည်လုပ်ငန်းပါ… နိုင်ငံ့ရဲ့ အရေးဆိုတာ ဘယ်တော့မှ အဆုံးမရှိပါဘူး။....အဲဒီတော့ ချက်ချင်းလက်ငင်း ကျမတို့ပြည်သူတွေအတွက် ဘာတွေ အရေးကြီးသလဲဆိုတာဟာ ပြည်သူတွေနဲ့ တိုင်ပင်ပြီးတော့ ကျမတို့က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကျမတို့ နားလည်သလောက်ကတော့ ကော့မှူးမြို့နယ်မှာဆိုရင် အရေးကြီးဆုံးကိစကတော့ အလုပ်အကိုင်မရှိခြင်းပါပဲ။ အလုပ်အကိုင်ကို ပြည်သူတွေအတွက် လုံလုံလောက်လောက်ရှိအောင်လို့ လုပ်ပေးရမှာဟာ ပထမဦးဆုံးတာဝန်ဖြစ်တယ်ဆိုတာ ကျမတို့နားလည်ပါတယ်။ ဘယ်လိုအလုပ်အကိုင်မျိုးလဲဆိုတာတော့ … ကျမတို့လေ့လာကြည့်တဲ့အခါမှာ ကော့မှူးမြို့နယ်မှာဆိုလို့ရှိရင် ဘွဲ့ရပြီးသားလူငယ်များဟာ အများစုဟာ အခုထက်ထိ အလုပ်အကိုင်မရှိသေးဘူးဆိုတာ ကျမတို့ သိရပါတယ်။ (လက်ခုတ်သံများ)
ဒီတော့ ဘွဲ့ရလူငယ်တွေကော၊ ဘွဲ့မရသေးတဲ့ လူငယ်တွေကော၊ လူလတ်တွေကော၊ လူကြီးတွေကော အလုပ်လုပ်ချင်တဲ့ လူတွေ၊ အလုပ်လုပ်ဖို့ လိုတဲ့သူတွေ အလုပ်လုပ်နိုင်ဖို့ဟာ ပထမဦးစားပေးပြီးတော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်သင့်တယ်လို့ ဒီလိုပဲ ကျမတို့ ခံယူတယ်။ အဲလိုအခြေအနေမျိုးဖြစ်လာဖို့လည်း ကျမတို့ ကြိုးစားမှာပါ။ အဲလို ကျမတို့ကြိုးစားတဲ့အခါမှာ ပြည်သူဟာလည်း ကျမတို့ကို ထောက်ခံခြင်းအားဖြင့် ပါဝင်ပြီးတော့ ကြိုးစားပေးပါလို့ ကျမတို့က မေတ္တာရပ်ခံချင်ပါတယ်။ (လက်ခုတ်သံများ)
ကျမ အမြဲတန်း ကျမတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေကို မှာပါတယ်။ ပြည်သူတွေကို ကတိတွေ လွယ်လွယ်မပြောပါနဲ့။ ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်ဆိုပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုကို မတောင်းဆိုပါနဲ့။ မှန်မှန်ကန်ကန်၊ ဖြောင့်ဖြောင့်မတ်မတ် ပြည်သူတွေအပေါ်မှာ ဆက်ဆံပါ။ လေးစားပါ။ ပြည်သူတွေကို မှန်မှန်ကန်ကန် မပြောဘူးဆိုတာဟာ ပြည်သူကို မလေးစားရာ ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ဟာ မှန်မှန်ကန်ကန်ပဲ ပြောချင်ပါတယ်။ ကျမတို့ ရှေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကတော့ မနည်းပါဘူး။ ဒီအခက်အခဲတွေရှိတယ်ဆိုတာကို ကျမတို့က အသိအမှတ်ပြုတာဟာ စိတ်ပျက်လို့မဟုတ်ဘူး။ အားတွေ ပိုပြီးတော့ ဖြည့်ဖို့လိုတာဆိုတာ အများသိစေချင်လို့ ကျမတို့ ပြောတာဖြစ်ပါတယ်။ ဒါကြောင့် ရှေ့က အခက်အခဲတွေအားလုံး ကျမတို့အတူကျော်လွှားဖို့ ကြိုးစားကြပါ။ အားတွေဖြည့်ကြပါ။ ကျမတို့က ပြည်သူတွေကို လေးစားသလို၊ တန်ဖိုးထားသလို ပြည်သူတွေကလည်း ကျမတို့အပေါ်မှာ ယုံကြည်မှုပေးပါလို့ ကျမတောင်းခံချင်ပါတယ်။ (ပြည်သူများဆီမှ လက်ခုတ်သံများ)။
ပြည်သူတွေရဲ့ ယုံကြည်မှု၊ ပြည်သူတွေရဲ့ထောက်ခံမှုမရှိဘဲနဲ့တော့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကမှ နိုင်ငံ့ကောင်းကျိုးအတွက် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြည်သူပါမှ ဘာမဆို အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ကျမကို လမ်းမှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးတဲ့ ပြည်သူတွေက တကယ်တမ်း အောင်မြင်စေချင်ရင် ကိုယ်တိုင်ပါဝင်ပြီးတော့ ကျမတို့ကို အားတွေဖြည့်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။ (ပြည်သူများဆီမှ လက်ခုတ်သံများ)
ကော့မှူးသွားရာလမ်း ကျေးရွာမှ ထွက်ကြိုနေကြသူများမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများအား ချိတ်ဆွဲကာ ချစ်ခင်လေးစားမှု ကိုပြသကြသည်။
နောက်တစ်ခုက ကျမက တောင်းပန်ရမှာက ကျမ ဗမာစကားပဲတတ်တယ်။ အဲဒါ ဒီမှာ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ အများစုရှိတဲ့ရွာကို လာပြီးတော့ ဗမာလိုပဲ ပြောတာကိုလည်း ကျမတောင်းပန်ပါတယ်။ ကရင်စကားလည်း ကြိုးစားပြီး သင်ယူပါမယ်။ ဒါပေမဲ့ ရအောင်သင်နိုင်မယ်လို့တော့ ကျမ ကတိမပြုဘူးနော်။ တော်ကြာ မတတ်လို့ရှိရင် ကတိပျက်နေမှာစိုးလို့။ တစ်လုံးစ၊ နှစ်လုံးစတော့ သင်လိုက်ပါမယ်။ နောက်တစ်ခါလာလို့ရှိရင် ကျေးဇူးတင်ပါတယ်လောက်တော့ ပြောတတ်အောင်လို့ပေါ့လေ။ ကျမတို့နဲ့ အတူဆက်ပြီးတော့ သွားရမယ့်ခရီးဟာ ကြမ်းတယ်။ ဒါပေမဲ့ ကျမတို့ ဦးတည်နေတဲ့ ပန်းတိုင်ဟာ အင်မတန်မှ အေးမြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူတွေ ဖွံ့ဖြိုးရေး၊ တိုင်းပြည်တည်ငြိမ်ရေး၊ ဒါတွေဟာ အင်မတန်မှ ချမ်းမြေ့ဖွယ်ကောင်းတဲ့၊ နှစ်မြို့ဖွယ်ကောင်းတဲ့ ကိစတွေ ဖြစ်ပါတယ်။ ဒီတော့ ကြမ်းတမ်းတဲ့ ခရီးကို ကျမတို့ အတူတူသွားနိုင်မယ့် အင်အားတွေ ရှိတယ်လို့လည်း ကျမ ယုံကြည်ပါတယ်။ ဒီလောက်တောင် နေပူကြဲတဲကြီးထဲမှာ စောင့်နိုင်တဲ့လူတွေဟာ ဒီလောက်တော့ အားရှိမယ် မဟုတ်ဘူးလား။ (လက်ခုတ်တီးသံများ)
ကျမတို့ အင်အားတွေကို ဖြည့်ပေးပါ။ ကျမတို့ကလည်း ပြည်သူတွေရဲ့ အင်အားကို ဖြည့်ပေးပါမယ်။ အခု ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကော့မှူးမြို့နယ်မှာ ရုံးတွေဖွင့်ပြီးဆိုတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို နားထောင်နိုင်ဖို့ အခြေအနေက ပေးလာပြီဖြစ်ပါတယ်။ ဒီတော့ လိုအပ်တာလေးရှိရင် ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြစရာမှုတွေရှိတယ်ဆိုရင်၊ မျှော်လင့်ချက်တွေကို ကျမတို့ကို သိစေချင်တယ်ဆိုရင် ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီရုံးတွေကတစ်ဆင့် ကျမတို့ကို အသိပေးပါ။ ဘယ်သူဆီက ဘယ်လိုပဲပြောပြော၊ ကျမတို့ဟာ တစ်ဦးချင်း၊ တစ်ဦးချင်း အကြောင်းမပြန်နိုင်ပေမယ့် ဒီကိစတွေကို အလေးထားပြီးတော့ တတ်နိုင်သမျှ ကျမတို့ ကိုင်တွယ်ပေးပါ့မယ်လို့ ကျမပြောချင်ပါတယ်။ ပြီးတော့ ပြည်သူလူထုကလည်း ထပ်ပြီးတော့ ကြိုးစားပါ။ ကျမတို့ကလည်း ဆထက်တပိုး ပိုပြီးတော့ ကြိုးစားပါ့မယ်။ နောင်လည်း အခေါက်ခေါက်အခါခါ ဒီရွာကို လာဖို့ မျှော်လင့်တာကြောင့်မို့လို့ ဒီတစ်ခါတော့ သိပ်အရှည်ကြီးစကားမပြောပါဘူး။ တော်ကြာ နောက်တစ်ခါ ပြောစရာမကျန်မှာစိုးလို့။ အားလုံးကျန်းမာချမ်းသာကြပါစေ…ဘေးရန်ကင်းဝေးကြပါစေ။ … လိုရာဆန္ဒအ၀၀ပြည့်ဝကြပါစေ။ ကျေးဇူးတင်ပါတယ်။
(လက်ခုတ်သံများ)
Yangon Press International

ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း
ကြာချိန် - ၁၅ မိနစ်ဝန်းကျင်၊ ပြောကြားသည့်နေရာ - ငှက်အော်စမ်းကျေးရွာ ဘောလုံးကွင်း၊ အချိန် - ၅ နာရီခွဲဝန်းကျင်
ကျမတို့ ခန့်မှန်းထားတာက ဒီကို ၂ နာရီခွဲ၊ ၃ နာရီလောက် ရောက်မယ်လို့ ခန့်မှန်းထားတာ။ အခု ၅ နာရီခွဲပြီဆိုတော့ ၂ နာရီကျော်ကျော်လောက် ကျမတို့ နောက်ကျတဲ့အတွက် တော်တော်လေး ကျမတို့ ပြည်သူတွေအတွက် ပန်ပန်းသွားမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျမတို့ရဲ့ ယုံကြည်ချက်ကတော့ တကယ်စိတ်ဓာတ်ရှိလို့ ရှိလို့ရှိရင် ဘယ်လောက်ပဲ စောင့်ရ၊ စောင့်ရ ကိုယ်လိုချင်တဲ့ ကိစ္စတစ်ခုဖြစ်မြောက်အောင်လို့ စောင့်နိုင်တဲ့ သတ္တိ ကျမတို့ ပြည်သူတွေဆီမှာ ရှိတယ်လို့ ကျမထင်ပါတယ်။
ဒီတော့ ဒီလိုတွေ့ဆုံပွဲတစ်ခုဆိုတာဟာ သာမန်အားဖြင့် ကြည့်လိုက်လို့ရှိရင် မိနစ်ပိုင်းလောက်ပဲ ကျမတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရတာမို့လို့ အရေးမကြီးဘူးလို့ ထင်ရပေမယ့် တကယ်လို့သာ ပြည်သူတွေနဲ့ ဆက်ဆံမှုတစ်ခုအနေနဲ့ အင်မတန်မှ အရေး ကြီးပါတယ်။ ဘာပြုလို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ လုပ်ငန်းတွေကို အောင်မြင်အောင်လုပ်ဖို့ဆိုတာဟာ ပြည်သူတွေနဲ့ အဆက်အသွယ်ရှိမှ၊ ပြည်သူတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံနိုင်မှ ဖြစ်မြောက်မှာပါ။ ဒါကြောင့်မို့လို့ ကျမတို့က တတ်နိုင်သမျှ ပြည်သူတွေနဲ့ တွေ့အောင်လို့ သွားကြတာဖြစ်ပါတယ်။…ဒီလို သွားတဲ့နေရာမှာ (ပရိသတ်ကို) ရှေ့ကလူတွေ နဲနဲ ထိုင်ပေးလို့ရှိရင် နောက်ကလူတွေ သက်သာပါလိမ့်မယ်။ နည်းနည်းလေး ထိုင်ပေးပါ။ (လက်ခုပ်သံများ)
ကျမတို့ လမ်းခရီးတစ်လျှောက်မှာ အခုပေါ့နော် စည်းရုံးရေးခရီးစဉ်ဖြစ်တဲ့အခါမှာ အမြဲတန်း သတိပေးရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရမယ်။ တစ်ယောက်နဲ့ တစ်ယောက် ညှာရမယ်။ အဲဒီလို ညှာမှ အားလုံးသက်သာမှာ ဖြစ်ပါတယ်။ (လက်ခုပ်သံများ)
ကျမတို့ အခု စည်းရုံးရေးတွေခရီးထွက်ခဲ့တယ်ဆိုတာ ပထမစတာကတော့ ထားဝယ်မှာ စပါတယ်။ နောက် ထားဝယ်ပြီးတဲ့အခါကျတော့ ပုသိမ်၊ မြောင်းမြ။ ပုသိမ်၊ မြောင်းမြ ပြီးတော့ အခု ကော့မှူးမြို့နယ်ပေါ့။ ကော့မှူးမြို့နယ်ကတော့ ကျမရဲ့ အမြင်မှာတော့ တော့်တော့်ကို ထူးထူးခြားခြားတက်ကြွတယ်လို့ ကျမတို့ မြင်ရပါတယ်။ (လက်ခုပ်သံများ)
ဒီလိုတက်ကြွတဲ့ အင်အားတွေကို ကိုယ့်ရဲ့ဒေသ ဖွံ့ဖြိုးရေးအတွက် ကျမတို့ သုံးရမယ်။ ကိုယ့်ရဲ့ဒေသကို ဖွံ့ဖြိုးအောင် လုပ်ပြီးတော့မှ တစ်ခါတည်း တစ်တိုင်းပြည်လုံးဖွံ့ဖြိုးအောင်ပါ ကျမတို့ ကြိုးစားရမယ်။ တစ်နေရာနဲ့ တစ်နေရာ ယှက်နွှယ်မှုရှိနေပါတယ်။ ကိုယ့်ဒေသလေးကိုပဲ ကွက်ပြီးကြည့်လို့မရပါဘူး။
ကျမတို့ တစ်နိုင်ငံလုံးအဆင်ပြေမှ ကော့မှူးအဆင်ပြေမယ်။ ကော့မှူးအဆင်ပြေမှ တစ်နိုင်ငံလုံးအဆင်ပြေမယ်။ ဒီလို ယှက်နွှယ်မှုမျိုးကို ကျမတို့ နားလည်ဖို့ လိုပါတယ်။ ဒါကြောင့် နောင်ဆက်ပြီးတော့ ကျမတို့ရဲ့ ဘအလုပ်လုပ်တဲ့အခါမှာ ကျမတို့ဟာ ကိုယ်တစ်ဦးတစ်ယောက်တည်းအတွက် လုပ်နေတာမဟုတ်ဘူး၊ ကိုယ့်မိသားစုတစ်ခုတည်းအတွက် လုပ်နေတာမဟုတ်ဘူး၊ ကိုယ့်မြို့နယ်တစ်ခုတည်းအတွက် လုပ်နေတာ မဟုတ်ဘူး၊ ကိုယ့်နိုင်ငံတစ်ခုလုံးအတွက် လုပ်နေတာဆိုတဲ့စိတ်ထားမျိုးနဲ့ ကြိုးစားစေချင်ပါတယ်။ ကျမတို့ ဒီလို တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုရှိပြီးတော့ စုပေါင်းအင်အားကို သုံးစွဲတတ်သွားပြီဆိုလို့ရှိရင် ကျမတို့အတွက် ခက်ခဲတဲ့ ပြသနာတွေကို ကျော်လွှားသွားနိုင်မှာပါ။
ကျမတို့ နိုင်ငံမှာတော့ လက်ရှိအခက်ခဲဆုံး ပြဿနာကတော့ ဆင်းရဲ နွမ်းပါးခြင်း ကိစ္စပဲဖြစ်ပါတယ်။ (လက်ခုပ်သံများ) ဒီဆင်းရဲ နွမ်းပါးခြင်းကိစကို ကျော်လွှားဖို့ဆိုတာဟာ လုပ်ရမယ့် ကိစ္စက အများကြီးပါ။ ကျမတို့ဟာ အလုပ်တွေဖြစ်အောင်လုပ်ရမယ်။ ပြည်သူတွေအတွက် အလုပ်တွေ ရှိလာအောင် လုပ်ရမယ်။ လူတွေကို ပညာတတ်လာအောင် လုပ်ပေးရမယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးကောင်းအောင် လုပ်ရမယ်။
ဝါးသင်္ခကျေးရွာတွင်
ကမ္ဘာကြီးက အခုခေတ်မှာ ပေးနေတဲ့ အခွင့်အလမ်းအသစ်တွေကို ကျမတို့နိုင်ငံအတွက် သုံးတတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုတာဟာ အရှေ့ကို မျှော်ပြီးတော့ မြင်ဖို့လိုတယ်။ အတိတ်ကိုပဲ ပြန်လှည့်ပြီးကြည့်နေလို့ မရဘူး။ ပစ္စပ္ပန်ချည့် ကြည့်နေလို့လဲမရဘူး။ အနာဂတ်မှာ ဘာဖြစ်နိုင်လဲ၊ ရှေ့မှာ ကမ္ဘာကြီးက ဘာလိုအပ်ချက်တွေရှိသလဲ၊ ဘယ်လိုပုံစံနဲ့ တိုးတက်နိုင်မှာလဲ၊ ဆိုတာ ကျမတို့ကနေပြီးတော့ လာဘ်မြင်တတ်ရမယ်ပဲဆိုပါတော့။ ကျမတို့ရဲ့ နိုင်ငံအတွက် ကျမတို့ လာဘ်မြင်တတ်ရမယ်။ လာဘ်မြင်ရုံနဲ့တင် မကဘူး။ လာဘ်မြင်ပြီးတော့ ဒီရှိတဲ့ အခွင့်အရေးတွေကို သုံးနိုင်ဖို့ရာ အရည်အချင်းတွေ ကျမတို့မှာ မရှိရင်လည်း မဖြစ်ဘူး။
ဒါကြောင့်မို့လို့ ပညာဟာ အင်မတန်မှ အရေးကြီးတာပါ။ ဒါကြောင့် ကျမဟာ ပညာကို သိပ်အလေးထားတယ်။ ပညာဆိုတာ ကျမတို့ နိုင်ငံရဲ့ အနာဂတ်ပဲ။ ကျမတို့ ကလေးတွေရဲ့ အနာဂတ်သာ မဟုတ်ဘူး။ ကလေးတွေရဲ့ အနာဂတ်ဆိုတာ နိုင်ငံရဲ့ အနာဂတ်ပါပဲ။ အခု လမ်းမှာလာတော့လေ၊ ကလေးလေးတွေ ဘုစုခရုလေးတွေ အများကြီးပဲ။ ဒီကလေးတွေကို ပြုစုပျိုးထောင်ဖို့ဆိုတာ တော်တော်ကို ကျမတို့ လုပ်ယူရမှာ။ ဒီကလေးလေးတွေရဲ့ ကျန်းမာရေးကောင်းအောင် လုင်ရမယ်။ ဒီကလေးတွေဟာ ပညာပြည့်စုံအောင် လုပ်ရမယ်။ ဒါနဲ့တင်ပြီးသလားဆိုတော့ မပြီးသေးဘူး။
ဒီကလေးတွေမှာ မှန်ကန်တဲ့စိတ်ဓာတ်တွေရှိအောင်လို့ ကျမတို့ဟာ အားလုံးက ၀ိုင်းပြီး ကြိုးစားရမှာ။ ဒီတော့ ကလေးလေးတွေဟာ မှန်ကန်တဲ့ စိတ်ဓာတ်လေးတွေရှိဖို့၊ အတွေးအခေါ်မှန်ကန်ဖို့၊ အကျင့်စာရိတ္တ ကောင်းဖို့ဆိုတော့ အဓိကဘာလိုလဲဆိုတော့၊ လူကြီးတွေရဲ့ သွန်သင်ဆုံးမမှု။ လူကြီးတွေရဲ့ နမူနာက အင်မတန်မှ အရေးကြီးပါတယ်။ လူကြီးတွေက လုပ်တတ်၊ ကိုင်တတ်၊ တွေးတတ်၊ ခေါ်တတ်မှ လူငယ်တွေကလည်း လုပ်တတ်၊ ကိုင်တတ်၊ တွေးတတ်၊ ခေါ်တတ်မှာပါ။
ကျမ ဒီလိုပြောခြင်းအားဖြင့် ပညာတတ်တဲ့ မိဘများမှ ပညာတတ်တဲ့ ကလေးတွေ ပေါက်ဖွားနိုင်မယ်ဆိုတာ ပြောလိုတာမဟုတ်ပါဘူး။ တချို့ ကျမတွေ့ဖူးပါတယ်။ မိဘတွေ ကိုယ်တိုင်က အခွင့်အရေးမရခဲ့လို့ အတန်းပညာ သိပ်မတတ်ခဲ့ပေမဲ့ သားသမီးတွေက သိပ်ဖြစ်မြောက်တာပဲ။ ဘာပြုလို့လဲဆိုတော့ မှန်ကန်တဲ့ စိတ်ထားတွေကို သင်ပေးလို့။ မိဘတွေက ကိုယ်တိုင်အတန်းပညာသင်ဖို့ အခွင့်အရေးမရခဲပေမဲ့ ပညာရဲ့ တန်ဖိုးကို သိတယ်။ သားသမီးတွေ ဘယ်လို ဖွံ့ဖြိုးအောင်၊ တိုးတက်အောင် လုပ်ရမလဲဆိုတာကို သူတို့ စဉ်းစားပြီးတော့ ပြုစုပျိုးထောင်ပေးတယ်။
မနေ့တစ်နေ့ကပဲ ကျမ အမျိုးသမီးတစ်ယောက် တွေ့ရပါတယ်။ ဒီအမျိုးသမီးဟာ ဟို အတန်းပညာအားဖြင့် ငါးတန်းတောင် မအောင်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ အမေရိကန်နိုင်ငံမှာ အတော်အတန်အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်လေး တစ်ယောက်ဖြစ်နေပါတယ်။ သူဘယ်လို လုပ်သလဲဆိုတော့ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားပြီး လုပ်သွားတာပဲ။ သူအတန်း ပညာ ဒီလောက် မရှိခဲ့ဘူးဆိုပေမယ့် အခုသူ့သားတွေ၊ သမီးတွေဟာ… နောင်ဆိုလို့ရှိရင် အင်မတန်မှ အဆင့်မြင့်တဲ့ပညာတွေကို ရနိုင်မယ့်အနေအထားတွေ ရှိနေပါပြီ။ ဒါဟာ ဒီအမေလုပ်တဲ့အမျိုးသမီးရဲ့ စိတ်ဓာတ်ကြောင့် အဓိကပဲ။ ဘာပြုလို့လဲဆိုတော့ သူဟာ ပညာရှာနိုင်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ သူ့စိတ်ဓာတ်က ခိုင်မာတယ်။ သူ့စိတ်ဓာတ်က ဖြူစင်တယ်။ သူ့စိတ်ဓာတ်က မှန်ကန်တယ်။ ဖြောင့်မတ်တယ်။ ဘာပြုလို့လဲဆိုတော့ ဒီလိုအချိန်မှာ သူ့စီးပွားရေးလည်း ကောင်းနေတဲ့အခါမှာ သူဟာ သူ့ရဲ့ မိသားစုတွေ၊ သူ့ရဲ့ ဆွေမျိုးတွေကို သူမမေ့ဘူး။ သူအရင်တုန်းက သူနွမ်းနွမ်းပါးပါး နေခဲ့ရတဲ့ ဘ၀ကို မမေ့ဘူး၊ ပြန်ပြီးတော့ ကူညီချင်တဲ့ စိတ်တွေ ရှိတယ်။ သူ့သားသမီးတွေကိုလည်း မှန်ကန်တဲ့လမ်ပေါ်ကို တင်ပေးချင်တဲ့စိတ်လေးရှိတယ်။
ဒါကြောင့်မို့ အခု ကျမတို့ လူကြီးတွေဟာ မှန်ကန်တဲ့ စိတ်ထားတွေကို မွေးမြူကြပါ။ အတန်းပညာသင်ပိုင်ခွင့်မရှိခဲ့လို့ စိတ်ဓာတ်မကျပါနဲ့။ ကိုယ့်ကိုယ်ကိုလည်း အထင်မသေးပါနဲ့။ လူတစ်ယောက်ရဲ့တန်ဖိုးကို သူသင်ခဲ့တဲ့ အတန်းပညာနဲ့ပဲ တွက်လို့ရတာမဟုတ်ပါဘူး။ နောက်ဆုံးတော့ လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ တွက်နိုင်သလဲဆိုတော့ ဒီလူဟာ သူ့ရဲ့ အသိုင်းအ၀ိုင်းပေါ်မှာ ဘယ့်လောက်စေတနာထားသလဲဆိုတာနဲ့ ဆပြီးတွက်ရမှာပါ။ အဲဒီစေတနာအရ ဘယ့်လောက်လုပ်နိုင်သလဲဆိုတာ ဒုတိယအဆင့်ပါ။ ပထမ စေတနာမရှိဘဲနဲ့ ဒါ ကျမတို့ ပြည်သူတွေလည်းသိမှာပါ။ တချို့တွေက ပညာအင်မတန် တတ်ပေနဲ့၊ ကိုယ့်အတန်းပညာတွေ အင်မတန်မြင့်ပေနဲ့ ကိုယ့်အတွက်ပဲ ကိုယ်လုပ်ပြီးတော့ ကိုယ်ရဲ့ပတ်ဝန်းကျင်ကို လှည့်ပြီးမကြည့်တဲ့ လူမျိုးရှိပါတယ်။ (လက်ခုပ်တီးသံများ)
ကျမအမြင်မှာတော့ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ တကယ်တော့ တန်ဖိုး သလောက်မမြင့်ဘူးလို့ ကျမမြင်ပါတယ်။ သူ ဘယ်လောက်ပဲ အတန်းပညာတွေ တတ်တတ်၊ ဘယ်လောက်ပဲ ပစည်းဥစာ ချမ်းသာ၊ ချမ်းသာ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက် ကိုယ့်ရဲ့ ဒေသအတွက် ကိုယ့်ရဲ့ နိုင်ငံအတွက် မစဉ်စားဘဲနဲ့ ကိုယ်တစ်ဦးတစ်ယောက်တည်းအတွက်ပဲ စဉ်းစားတဲ့ လူမျိုးဆိုတာဟာ အင်မတန်မှ ကျဉ်းမြောင်းပါတယ်။ အင်မတန်မှ စစ်မှန်တဲ့ တန်ဖိုးမဲ့တယ်လို့ ကျမမြင်ပါတယ်။ (လက်ခုပ်သံများ)
ကျမတို့ ကော့မှူးမြို့နယ်က ပြည်သူအများစုဟာ မချမ်းသာကြဘူးဆိုတာ ကျမသိပါတယ်။ ဒီတော့ ပစည်းဥစ္စာအရ မချမ်းသာပေမဲ့ စိတ်ဓာတ်အရ ချမ်းသာအောင် စပြီးလုပ်ကြပါ။ စိတ်ဓာတ်အရ ချမ်းသာအောင် လုပ်လို့ရှိရင် ကျမတို့ အားလုံးဝိုင်းပြီးတော့ တစ်ခြားဘက်ကလည်း တိုးတက်အောင် လုပ်နိုင်ပါတယ်။
ကျမ အခုက ကောမှူးကို နှစ်ပေါင်းများစွာမှ ပထမဦးဆုံးအကြိမ် ကျမ ပြန်ရောက်တာပါ။ ဒါပေနဲ့ နောင်လည်း မကြာခဏ လာနိုင်မယ်လို့ ကျမမျှော်လင့်ပါတယ်။ ကျမတို့ဟာ နောင်မှာ လက်တွဲပြီးတော့ ဒီဒေသကို ဖွံ့ဖြိုးအောင်လုပ်ရမယ်။ ကျမတို့ ကော့မှူးမြို့နယ်က ပြည်သူတွေရဲ့ အခက်အခဲတွေကို ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သိနိုင်ဖို့ အမြဲပဲ လေ့လာပါမယ်။ အမြဲပဲ ပြည်သူတွေနဲ့ ထိတွေ့နိုင်ဖို့ ကြိုးစားပါမယ်။ အခု ကျမနဲ့အတူ စင်မြင့်ပေါ်မှာ ရပ်နေတဲ့ အဖွဲ့ဝင်တွေကို ကျမတို့ ဒီပရိသတ်ကြီးကတော့ တော်တော်များများကတော့ မြင်ဖူး လိမ့်မယ်လို့ထင်ပါတယ်။ မမြင်ဖူးဘူးဆိုရင် သူတို့ အဆူခံရလိမ့်မယ် (ရယ်လျက်) ။ ပြည်သူတွေနဲ့ ထိတွေ့ဖို့လွှတ်ထားတာ။
ပြည်သူတွေနဲ့ ထိတွေ့တယ်ဆိုတဲ့ အဓိက အဓိပ္ပါယ်က ဘာလဲဆိုတော့ ပြည်သူတွေရဲ့ စိတ်ထဲမှာ၊ နှလုံးသားထဲမှာ ဘာမျှော်လင့်ချက်တွေရှိလဲ၊ ဘာစိုးရိမ်ပူပန်မှုတွေရှိလဲ၊ ဘာဆန္ဒတွေရှိလဲဆိုတာ ကျမတို့ သိချင်လို့ပါ။ အဲဒီလိုသိမှ ကျမတို့ စပြီးတော့ လက်တွဲပြီးတော့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျမတို့ ခဏခဏပြောပါတယ်။ ကျမတစ်ယောက်တည်းလည်း ဒီတိုင်းပြည်ကို ဦးမော့အောင် လုပ်ပေးလို့မရဘူး။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့တစ်ခုတည်းလည်း ဦးမော့အောင် လုပ်ပေးလို့မရဘူး။ ဒီတိုင်းပြည် ဦးမော့အောင်၊ ဒီတိုင်းပြည် ချမ်းသာအာင် လုပ်ဖို့ဆိုတာ ပြည်သူတွေရဲ့ အင်အားပါမှ လုပ်နိုင်မှာပါဆိုတာ ကျမ ထပ်တလဲလဲ ပြောတဲ့ ကိစ္စပါ။ (လက်ခုပ်သံများ)
အဲတော့ ဒီနေ့ လမ်းတစ်လျှောက်လုံးမှာ နေပူကြဲတဲမှာ အင်မတန်မှ အပင်ပန်းခံနိုင်တဲ့ ပြည်သူတွေဟာ ကိုယ်ရဲ့ ကိုယ့်ရပ်ကိုယ့်ရွာ၊ တိုးတက်ဖို့အတွက် ကိုယ့်နိုင်ငံ တိုးတက်ဖို့အတွက် ဒီထက်မက အပင်ပန်းခံနိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။ ကျမတို့ဘက်ကတော့ ပြည်သူတွေ ထုတ်လိုက်တဲ့ အင်အားတွေဟာ အလဟဿမဖြစ်သွားအောင် လုပ်ဖို့ပါပဲ။ ပြည်သူတွေရဲ့ အင်အားကို မှန်မှန်ကန်ကန်သုံးပြီးတော့ ပြည်သူတွေအတွက် ပြန်သုံးဖို့ဖြစ်ပါတယ်။ ပြည်သူ့အင်အားဟာ ပြည်သူ့အတွက်ဖြစ်ရမယ်။ ကျမတို့ဟာ ဒီလို ပြည်သူ့အင်အား၊ ပြည်သူ့အတွက်ဖြစ်ဖို့ တတ်နိုင်သမျှ ကြိုးစားသွားပါမယ်ဆိုတာကိုတော့ ကျမတို့ ပြောနိုင်ပါတယ်။
တကယ်တော့ ကိုယ်တတ်နိုင်တာထက် ပိုပြီးတော့ လုပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးပေါ့။ ကျမတို့ကို ပြည်သူတွေကို အလွယ်ကတိမပေးပါနဲ့ဆိုပြီးတော့ အဖွဲ့ချုပ်ဝင်တွေကို မှာပါတယ်။ လွယ်လွယ်နဲ့ ကတိပေးတယ်ဆိုတာကတော့ တကယ်တော့ ပြည်သူတွေကို တန်ဖိုးမထားတာပဲ။ ဒါတစ်နည်းအားဖြင့်ပြောရရင် ပြည်သူတွေကို စော်ကားရာ ရောက်တာပေါ့။ ပြောချင်တာပြောပြီး လုပ်ချင်တာလုပ်မယ်ဆိုတော့ ပြည်သူတွေကို စော်ကားရာ ရောက်ပါတယ်။ (လက်ခုပ်သံများ)
အဲတော့ ကျမတို့ အဖွဲ့ချုပ်ဝင်တွေကို ဒီလိုမလုပ်ဖို့ ဒီလိုနည်းတွေနဲ့ မစည်းရုံးဖို့ ကျမတို့ အမြဲပဲ မှာပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်ဆံတဲ့နေရာမှာ ရဲရဲဝံ့ဝံ့၊ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါ။ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း ကိုယ်လိုချင်တာကို ပြောပါ။ ကိုယ့်ရဲ့ပြဿနာတွေကို တင်ပြပါ။ ကျမတို့ ဒီပြသနာတွေ အားလုံးကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျမတို့ ဆိုလိုတာမဟုတ်ပါမဟုတ်ပါဘူး။ ဒါပေမဲ့ ကြိုးစားပါ့မယ်။ ကြိုးစားပြီးတော့ တတ်နိုင်သမျှ ပြည်သူတွေဘက်ကနေပြီး ရပ်တည်မယ်။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ကျမတို့ ကြိုးစားမယ်။ ကြိုးစားတဲ့အခါမှာ ပြည်သူတွေဘက်က ဘယ်လို ၀ိုင်းပြီးတော့ ကျမတို့ကို ဖြည့်ဆည်းပေးနိုင်မလဲဆိုတာ ကိုလည်း ကျမတို့ကနေပြီးတော့ ပွင့်ပွင့်လင်းလင်း ရှင်းပြမယ်။ ပြည်သူတွေရဲ့ အကူအညီကို တောင်းမယ်။
နောက်ဆုံးကျတော့ အောင်မြင်မှုရဖို့ဆိုတာ ဘယ်အရာမှာမဆို ပြည်သူတွေ ပါဝင်ဖို့ လိုသလို ပြည်သူတွေက ပွင့်ပွင့်လင်းလင်းနဲ့ ဒီတိုင်းပြည်ရဲ့အနေအထား၊ ဒီတိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို တင်ပြနိုင်ရမယ်။ ဒါမှလည်း ပြည်သူတွေက သိမှာပေါ့။ အခြေအနေက ဘယ်လိုမှ မသိဘဲနဲ့ ဘယ်လိုလုပ်ကူမှာလဲ။ ဒါကြောင့် ကျမတို့ အချင်းချင်းကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံမှု၊ ရိုးစင်းတဲ့ ဆက်ဆံမှု၊ ဖြောင့်မတ်တဲ့ ဆက်ဆံမှု၊ တစ်ဦးကိုတစ်ဦး ယုံကြည်တဲ့ ဆက်ဆံမှုမျိုးကို အများကြီးပဲ လိုအပ်ပါတယ်။ ဒီလို ဆက်ဆံမှုဖြစ်ဖို့အတွက် ကျမတို့ဘက်က ကြိုးစားပါမယ်။
အခု ကျမစကားပြောနေရင်း ခေါင်းထဲမှာ ဘယ်လိုဝင်လာသလဲဆိုတော့ ကျမတို့ အချိန်မီသာ ရောက်ခဲ့လို့ရှိရင် ပြည်သူတွေ တော်တော်ပူလိမ့်မယ်လို့။ တစ်ခါတည်း တကယ့်ကို အပူဆုံးအချိန်မှာ ရောက်လာမှာ။ အခုကျတော့ ရောက်လာတဲ့အချိန်က မှန်လို့ ပြည်သူတွေ အေးအေးချမ်းချမ်းရှိတယ်လို့ ကျမဒီလိုပဲ မြင်ပါတယ်။ (လက်ခုပ်သံများ)
ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်တာဟာ နောက်ကျပေမယ့်လည်း ဒီနောက်ကျတဲ့ အချိန်က အချိန်မှန်ဆိုလို့ရှိရင် ကျမတို့ နိုင်ငံဟာ အေးချမ်းသွားမယ်ဆိုတဲ့ နိမိတ်ပဲလို့ ကျမ ဒီလိုပဲမြင်ပါတယ်။
ဒါကြောင့် ကျမကို ဒီလို စိတ်ရှည်၊ လက်ရှည်နဲ့ စောင့်ပြီးတော့ ကြိုဆိုတဲ့၊ အားပေးတဲ့ ပြည်သူတွေကို အများကြီးပဲ ကျေးဇူးတင်ပါတယ်။
ပြည်သူတွေ ကျန်းမာချမ်းသာနိုင်ကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒအ၀၀နဲ့ ပြည့်စုံကြပါစေလို့။ (လက်ခုပ်သံများ) အိမ်ပြန်ပြီး ထမင်းချက်ရတော့မယ်မို့လား။ ညနေစာ သွားချက်တော့။ အားလုံး ကျန်းမာချမ်းသာကြပါစေ။ ကျေးဇူးတင်ပါတယ်။ နောက် ခဏခဏ ပြန်လာမှာနော်။ အခု ဒီလောက်ပဲ ပြောတော့မယ်။ ။
YPI

ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှာ မြို့ခံများစိုးရိမ်
ဖေဖေါ်ဝါရီ ၁၂၊ ၂၀၁၂ (YPI)
ကော့သောင်းမြို့ ရွှေပြည်သာတိုးချဲ့ရပ်ကွက်၌ ဆောက်လုပ်နေသော (၈) မီဂါဝပ် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံမှာ လူနေအိမ်များ နှင့် ခြံဝင်းချင်းထိစပ်သည်အထိ နီးကပ်နေသောကြောင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေကြကြောင်း ကော့သောင်းမြိ့ခံများက ပြောသည်။
ယမန်ုနှစ် နှစ်ဦးပိုင်းက စတင်ဆောက်လုပ်သည့် ၎င်းကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံမှာ ကော့သောင်းမြို့ မြောက်ဘက်စွန်ရပ်ကွက်ဖြစ်သည့် ရွှေပြည်သာ တိုးချဲ့ ရပ်ကွက်ရှိ ရေခဲစက်ဟောင်းဝင်းအတွင်းဖြစ်ပြီး လူနေအိမ်များနှင့် ပေသုံးဆယ်ခန့် သာကွာသည် အထိနီးကပ်ကာ မီးခိုးခေါင်းတိုင်မှာလည်း ပေ (၄၀) ခန့် အမြင့်သာရှိသဖြင့် အနီးဆုံးရွှေပြည်သာ ရပ်ကွက်တွင်နေထိုင်သူအချို့က စက်ရုံစတင်လည်ပတ်ပါက ရွှေ့ပြောင်းရန် အဆင်သင့်ပြင်ထားကြသည်ဟု ယင်းရပ်ကွက်နေ အမျိုးသားတစ်ဦးကဆိုသည်။
စက်ရုံနဘေးတွင် ထိုင်းနိုင်ငံဘက်အခြမ်းနှင့် နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည့် ပါချန်မြစ်တည်ရှိကာ ပါချန်မြစ်ရေကို ယူသုံးမည်ဟု စီစဉ်ထားသည်။ ထို့ပြင် စက်ရုံနှင့် တမိုင်မပြည့်သည့် အကွာအဝေးတွင် ကော့သောင်းမြို့မှ သုံးရေအဖြစ် ရယူနေသည့် ရေကန်လည်းရှိသည့်အချက်ကြောင့်လည်း မြို့ခံများအနေဖြင့် စိုးရိမ်နေခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသူ ကော့သောင်းမြို့ခံတဦးက YPI သို့ပြောသည်။
" စွန့်ပစ်ပစ္စည်းတွေကြောင့် အနီးက ရေကန်တေ၊ွ မြစ်ရေတွေ ညစ်ညမ်းကုန်မှာ စိုးရိမ်တယ် " ဟု ၎င်းကပြောသည်။
ဓါတ်အား ၈ မီဂါဝပ် ထုတ်လုပ်နိုင်သည့် ကျောက်မီးသွေးသုံး စက်ရုံကို လာမည့်ဧပြီလတွင် လည်ပတ်ရန် ရည်ရွယ်ထားသည်ဟု မြို့ခံများကပြောသည်။ ယင်းစက်ရုံဆောက်လုပ်ရေး လုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ စက်ရုံဆောက်လုပ်ခွင့်ကို တနင်္သာရီတိုင်းဒေသကြီး၏ ယခင် ၀န်ကြီးချုပ် ဦးခင်ဇော်လက်ထက်က ခွင့်ပြုချက်ရရှိကာ ဆောက်လုပ်ခဲ့သည်။
စက်ရုံကို သန်းဖြိုးသူ သတ္တုတူးဖေါ်ရေး ကုမ္ပဏီကပိုင်ဆိုင်ပြီး ကော့သောင်းမြို့ကို လျှပ်စစ်ဓါတ်အား ပေးဝေရန်ရည်ရွယ် ဆောက်လုပ်ခြင်းဖြစ်သည်။
ယခုလက်ရှိကော့သောင်းမြို့ကိုပေးဝေလျှက်ရှိသည့် လျှပ်စစ်ဓါတ်အားခမှာ တစ်ယူနစ်လျင် ကျပ် ၄၀၀ ဖြစ်၍ ကျောက်မီးသွေး စက်ရုံမှ လျှပ်စစ်ဓါတ်အားပေးဝေလျင် တယူနစ် ၂၀၀ ကျပ်သာကျသင့်မည်ဟု တိုင်းအစိုးရထံ အသိပေးတင်ပြထားသည်။
ကော့သောင်းမြို့တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ၊ ရနောင်းမြို့အခြေစိုက် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ၎င်းကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ လည်ပါတ်မည်ဆိုပါလျှင် စတင်ကန့်ကွက်လှုပ်ရှားမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယခင်လအတွင်းက ထုတ်လွှင့်ခဲ့သော Thai TBBS ရုပ်သံလိုင်း အစီအစဉ်တစ်ခုတွင် ပြောကြားသွားသည်ဟု ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ နှင့် လျာထားသောက် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ ပေါင်း (၇) ခုရှိပြီး တနင်္သာရီတိုင်းအတွင်း မော့တောင်နှင့် သိမ်တောင်တို့တွင် ကျောက်မီးသွေး သတ္တုသိုက်နှစ်ခုကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးမှ ထုတ်ဝေသော ကျောက်မီးသွေးစက်ရုံများဆိုင်ရာ အဆိပ်သင့်မိုးတိမ်များ သုတေသန စာတမ်းတွင်ဖော်ပြထားသည်။
တနင်္သာရီတိုင်းတွင် ကော့သောင်းအပြင် ထားဝယ်အထူးစီးပွားရေးဇုန်တွင်လည်း ကျောက်မီးသွေးသုံးဓါတ်အားပေး စက်ရုံတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း အကောင်အထည်ဖော်သူဖြစ်သော Italian Thai Development Public Co.ltd ၏ထုတ်ပြန်ခဲ့ပြီးနောက် ပြည်ထောင်စု လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာနက ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်ပေါ်နိုင်သဖြင့် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ဆောက်လုပ်မည့် အစီအစဉ်ကို ခွင့်မပြုကြောင်း မကြာမီက မီဒီယာများသို့ပြောကြားခဲ့သည်။ ။
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ