[mrsorcerer:19921] ကြွက်ထောင်ချောက် (The Mouse Trap)




ကြွက်ထောင်ချောက် (The Mouse Trap)

တစ်ခါကပေါ့ လယ်သမားလင်မယား အထုပ်တစ်ထုပ်ကိုဖေါက်နေတာကို ကြွက်ကလေးတစ်ကောင် ဟာသူ့ရဲ့နံရံအက်ကွဲကြောင်းကြားထဲကနေပြီး "ဘာစားစရာများပါမလဲမသိဘူး" ဆိုပြီးစိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ နောက်ဆုံးအဲဒီ အထုပ်ထဲကနေ ကြွက်ထောင်ချောက်တစ်ခုထွက်လာတာကို တွေ့လိုက်ပြီး ကြွက်ကလေးဟာအလွန်အမင်းကိုကြောက်လန့်သွားပါတယ်။ ကြွက်ကလေးကချက်ချင်း ခြံထဲကို သွားပြီး "သတိထားကြပါ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရောက်နေတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရောက်နေတယ်ဗျို့၊"  လို့ပြေးရင်းလွှားရင်း တစ်ခြံထဲနေမိတ်ဆွေတွေကို အကူအညီလိုက်တောင်းပါတယ်။

သတိပေးသံကိုကြားလိုက်ရတဲ့ကြက်မကြီးဟာ မြေကြီးကိုဆွလိုက် အစာကိုရှာလိုက်လုပ်နေရင်းက ခေါင်းထောင်လိုက်ပြီး "အမလေး ကိုကြွက်ရယ်၊ အဲဒီထောင်ချောက်က ရှင့်အတွက်တော့ တကယ်ပြဿနာကြီးပါပဲ၊ ဒါပေမယ့်ကျွန်မနဲ့တော့ အဝေးကြီးပါပဲ၊ ဒီကိစ္စအတွက် ခေါင်းရှုပ်မခံနိုင်ပါဘူးတော် ကတော်"လိုပြောပြီး မြေကြီးကို ခြေထောက်နဲ့ယက်လို့ အစာဆက်ရှာနေပါတယ်။

အဲဒါနဲ့ ကြွက်ကလေးက ၀က်ရှိတဲ့နေရာကို အပြေးအလွှားဆက်သွားပြီး "ဗျိုး ကိုကြီးဝက်ရေ့ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရောက်နေတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရောက်နေတယ်ဗျို့" ပြောပြပြန်ပါတယ်။ အဲဒီတော့ ၀က်ကလဲ ကိုယ်ချင်းစာတဲ့လေသံနဲ့ "အေးကွာ စိတ်မကောင်းပါဘူး ကိုကြွက်ရယ်၊ ဒါပေမယ့် ငါက မင်းအတွက် ဆုတောင်းပေးတာကလွဲပြီးဘာမှလုပ်မပေးနိုင်ပါဘူး၊ မင်းအတွက် ငါဆက်ဆက်ဆုတောင်းပေးပါ့မယ်ကွာ"လို့ပြန်ပြောပါတယ်။

ကြွက်ကလေးက စိတ်မလျော့သေးပဲ နွားဆီကိုသွားပြီး "ဦးလေးနွားရေ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရောက်နေတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရောက်နေတယ်ဗျို့" လို့ပြောပြန်ပါတယ်။ နွားကလည်း "၀မ်းနည်းပါတယ်ကွာ၊ အဲဒါငါနဲ့မှမဆိုင်တာ" လို့ငြင်းလိုက်ပြန်ပါတယ်။

နောက်ဆုံး ကြွက်ကလေးဟာ ဘယ်သူ့အကူအညီမှမရတာကြောင့် တော်တော်စိတ်ပျက်အားလျော့သွားပြီးတော့ ကြွက်ထောင်ချောက်ကိုတစ်ကောင်တည်းရင်ဆိုင်ရတော့မှာပဲ လို့တွေးရင်း ခေါင်းငိုက်စိုက်ကျပြီးအိမ်ကို ပြန်သွားပါတယ်။

အဲဒီညမှာပဲ ကြွက်ထောင်ချောက်မှာ အကောင်တစ်ကောင်ကောင်ကို မိတဲ့အသံတစ်ခုကြားလိုက်ရပါတယ်။ လယ်သမားရဲ့မိန်းမက ဘာကောင်ကိုများမိလဲလို့ သိချင်စိတ်နဲ့ အလောတကြီး ပြေးလာပြီး အမှောင်ထဲစမ်းကြည့်ပါတယ်။ ဖြစ်ချင်တော့ ကြွက်ထောင်ချောက်မှာ မိနေတာက ကြွက်မဟုတ်ပဲ အဆိပ်ပြင်းတဲ့မြွေတစ်ကောင်ရဲ့အမြီးဖြစ်နေပြီး မြွေကိုက်ခံလိုက်ရပါတယ်။ လယ်သမားဟာ သူ့ဇနီးကို ဆေးရုံကိုအမြန်ပို့ပြီး သူမဟာမကြာခင်မှာ အိမ်ကိုပြန်ရောက်လာပေမယ့် မသက်သာသေးပါဘူး။

ဖျားနာနေတဲ့ဇနီးအတွက်ဓါတ်စာအဖြစ် လယ်သမားဟာ သူ့ရဲ့ခြံထဲက ကြက်တွေကိုစွပ်ပြုပ်လုပ်ကာ သူ့မိန်းမကိုပြုစုပါတယ်။ ဒါပေမယ့်သူ့မိန်းမက မသက်သာတဲ့အပြင် ပိုမို အခြေအနေဆိုးလာပါတယ်။ သတင်းကြားတဲ့ဆွေမျိုးနီးစပ်တွေက လာပြီးသတင်းမေးကြ၊ ပြုစုပေးကြပါတယ်။ လယ်သမားဟာလာပြီး သတင်းမေးတဲ့ဧည့်သည်တွေအတွက် ခြံထဲက၀က်ကိုပေါ်ပြီး ဧည့်ခံကျွေးမွေးလိုက်ပါတယ်။ သူ့မိန်းမဟာ မသက်သာပဲ နောက်ဆုံး ကွယ်လွန်သွားပါတယ်။ ဈာပနအခမ်းအနားကို ရွာနီးချုပ်စပ်မှ မိတ်ဆွေများလာရောက်ပို့ကြပြီး လယ်သမားဟာပို့ဆောင်သူများအတွက် နွားကိုပေါ်ပြီး ကျွေးမွေးဧည့်ခံလိုက်ပြန်ပါတယ်။

ကြွက်ကလေးကတော့ သူ့ရဲ့မိတ်ဆွေတွေတစ်ကောင်ပြီးတစ်ကောင်သေဆုံးသွားကြရတာကို နံရံအကွဲကြောင်းလေးထဲက ၀မ်းနည်းကြေကွဲစွာကြည့်နေပါတယ်။

အဲဒါကြောင့် နောင်တစ်ချိန်မှာ တစ်ဦးတစ်ယောက်က အခက်အခဲပြဿနာတစ်ခုကြုံနေရတာကိုသိပြီး ငါနဲ့မဆိုင်ပါဘူးလေလို့ တွေးမိခဲ့ရင် သင်တို့ထဲကတစ်ဦးတစ်ယောက် အန္တရာယ်ကြုံတွေ့ရရင် သင်ကိုယ်တိုင်လဲ အန္တရာယ်ရှိနေတယ်ဆိုတာ သတိရပေးပါ။ ကျွန်တော်တို့အားလုံးဟာ ဘ၀ဆိုတဲ့ ခရီးရှည်ကြီးကို အတူတကွဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။ တစ်ယောက်ကောင်းကျိုးအတွက် တစ်ယောက်က ကြည့်ရှုဖေးမပေးကြရမှာဖြစ်ပါတယ်။

အထင်ရှားဆုံးဥပမာကတော့ ၂၀၀၈ ခုနှစ်က အမေရိကန်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ဘဏ္ဍာရေးအကျပ်အတည်းဟာ တစ်ကမ္ဘာလုံးရဲ့စီးပွားရေးကို အကျိုးသက်ရောက်မှုရှိခဲ့ပြီး စီပွားပျက်ကပ် (Depression) ဖြစ်လုနီးပါးအထိဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ လက်တစ်ဖက်ကိုပဲကြည့်ကြရအောင်။ လက်ညှိုးတစ်ချောင်းကို အဆိတ်ခံရပေမယ့်လဲ လက်ညှိုးတစ်ချောင်းပဲနာကျင်တာမဟုတ်ပဲ လက်တစ်ဖက်လုံးလဲနာကျင်ပါတယ်။

အလုပ်ခွင်မှာလဲ အဲဒီလိုပါပဲ။ မိမိတို့လုပ်ဖော်ကိုင်ဖက်တစ်ယောက် အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာကြောင့်ပဲဖြစ်ဖြစ် အခက်အခဲရှိရင် မဆိုင်သလိုနေပါကလည်း မိမိတို့၏အဖွဲ့အစည်း၊ လုပ်ငန်းတို့ရဲ့ လုပ်ငန်းစဉ်များကိုပါထိခိုက်စေလာနိုင်ပါတယ်။

ယခု ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးမှာလဲ ရာသီဥတုတွေဟာလဲပြောင်းလဲလာတာကြောင့် သဘာဝဘေးအန္တရာယ် တွေကို မကြာခဏတွေ့ကြုံလာကြရပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စကိုလဲ ကိုယ်နဲ့မဆိုင်သလို အမှုမဲ့အမှတ်မဲ့နေလို့မရတော့ပါဘူး။

ကဲ သင့်ရဲ့ပတ်ဝန်းကျင်မှာကော သင်နဲ့မသက်ဆိုင်ဘူးလို့ထင်တဲ့ ကိစ္စရပ်တွေရှိနေသေးသလား?

 

"The mouse trap" အာဘာသာပြန်ဆိုပါသည်။
Telos

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ