Re: [mrsorcerer:19086] ကျွန်မတို့ တိုးတောင်းတဲ့ နေ့တွက်ခက ကြက်ဥတလုံးစာပဲရှိတာပါ

အဓိက တရားခံကတော့ စီးပွားပိတ်ဆို့မှုကြောင့်ပါ
အရင်တုန်းက စက်မှုဇုံတွေက အမေရိကန်နဲ့ ဥရောပက အထည်ချုပ် စက်ရုံတွေ မှာ ဒါမျိုး မရှိဘူး
စီးပွားပိတ်ဆို့မှုကြောင့် စက်ရုံတွေ ပိတ်လိုက်လို့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်
ပြီးတော့ တရုတ်ကုမ္မဏီတွေ အစားထိုးဝင်လာတယ်
အခုကျတော့ ပြဿနာတွေ ရှုတ်ကုန်တာပေါ့
စီးပွားပိတ်ဆို့မှုသာ မလုပ်ခဲ့ရင်၊ စီးပွားပိတ်ဆို့ခံရမှုကိုသာ နိုင်ငံသားအားလုံးက ကန့်ကွက်ခဲ့ကြရင်
တမျိုးတဖုံပြောင်းလဲနိုင်တယ်


2012/2/20 htar* htar* <minsaw07@gmail.com>

တိုင်ရီစက်ရုံ ဆန္ဒပြမှုအား မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီမှ တရားရေး ဆိုင်ရာ စွဲချက် တင်ခွင့်ပြု

by Lu Cifer on Sunday, 19 February 2012 at 19:57 ·

တိုင်ရီ ဖိနပ်စက်ရုံ ဆန္ဒပြနေမှုနှင့် အလုပ်သမားအရေး ကူညီလုပ်ဆောင်ပေးနေသူ ကိုဖိုးဖြူ (ဓါတ်ပုံ - အင်တာနက်)

 

ဖော်ဖော်ဝါရီလ (၁၈) ရက်နေ့၌ မရမ်းကုန်းမြို့နယ် မြို့ နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီမှ ထိုင်ဝမ်နိုင်ငံသားပိုင် ထိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာရပ်အား ဖြေရှင်းရန် ကိစ္စကို ခွင့်ပြုလိုက်ပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် လှိုင်သာယာမြို့နယ် အလုပ်သမားရုံး၌ လက်ခံ တင်သွင်းမည်ဖြစ်သည်။ ဖေဖော်ဝါရီလ (၆) ရက်နေ့မှ စတင်၍ လုပ်အားခတိုးပေးရန် စတင် သပိတ်မှောက် တောင်းဆိုခဲ့ကြပါသည့် အလုပ်သမား ဆန္ဒပြမှုသည် (၁၃) ရက် လွန်မြောက်ပြီးနောက် တနင်္ဂနွေနေ့၌ ဆန္ဒပြမှုကို ခေတ္တ ရပ်ဆိုင်း ထားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

 

"အခုဆိုရင် မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မတီက ဥပဒေနဲ့ မညီတဲ့ အကြောင်းကြားစာတွေ ကျွန်တော်တို့ဆီကို ရောက်လာ ပါတယ်၊ အဲဒီမှာ ဘာကို တွေ့ရလဲဆိုရင် အဆိုလွှာတွေ၊ ချေလွှာတွေ၊ အလုပ်သမား အရေးဆိုမှုတွေ မရထားခင် ကတည်းကိုက ဆိုလွှာတွေကို ကြိုထုတ် ထားတယ်၊ ဒါဟာဘာကို ထောက်ပြ နေသလဲဆိုရင် ဒီဆိုလွှာတွေဟာ အလုပ်ရှင် အလုပ်သမား နှစ်ဖက် အငြင်းပွားမှု ဖြစ်ပြီးမှ ပြောရမယ့် အချက်တွေ၊ နှစ်ဘက် အငြင်းပွါးမှု ဖြစ်ပြီးမှု ဆွေးနွေး ရမယ့်အချက်တွေ ဖြစ်လို့ ဥပဒေ ကြောင်းလမ်းနဲ့ ကိုက်ညီမှု မရှိပါဘူး"ဟု အလုပ်သမားအရေး လိုက်လံ လုပ်ဆောင်ပေးနေသူ ရှေ့နေ ဦးဖိုးဖြူမှ ပြည်တွင်းမီဒီယာနှင့် ရုပ်သံ အင်တာဗျူး တစ်ခု၌ ပြောသွားခဲ့ပါသည်။

 

ထိုဆန္ဒပြမှုသည် မြန်မာ့သမိုင်း တစ်လျှောက် အလုပ်သမား ဆန္ဒပြမှုများထဲတွင် (၁၃၀၀) ပြည့် အရေးတော်ပုံ ပြီးနောက် အကြီးမားဆုံး အလုပ်သမား ဆန္ဒပြမှုကြီးလည်း ဖြစ်သည်။ စက်ရုံရှိ အလုပ်သမားပေါင်း ၉၀ ရာခိုင်နှုန်း ကျော်ခန့် ပါဝင် သပိတ်မှောက်ခဲ့ကြပြီး အလုပ်သမားပေါင်း (၂၀၀၀) နီးပါးခန့် ထိုသပိတ်မှောက်မှု၌ ပါဝင် ခဲ့ကြကြောင်း မီဒီယာများ၌ ဖော်ပြကြပါသည်။

 

ဆန္ဒပြ အလုပ်သမား များထဲမှ အလုပ်သမား ဆယ်ဦးကျော်ခန့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ပုဂ္ဂလိက စာဝတ်နေရေး ပြသနာရပ် အခက်အခဲများကြောင့် အလုပ်ရှင်ဘက်မှ အချိန်ပိုကြေး (၂၅) ကျပ် တိုးပေးသည်ကို လက်ခံကာ အလုပ်ပြန်ဆင်း ခဲ့ကြ သော်လည်း ကျန်ရှိအလုပ်သမား အားလုံးမှာ ယနေ့စနေနေ့ အထိ (၁၃) ရက်ကြာ ဆက်လက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြဆဲဖြစ်သည်။

 

ထိုကိစ္စနှင့်ပတ်သက်၍မူ ကိုဖိုးဖြူက "အဲဒါက နယ်က လာတဲ့ အလုပ်သမားလေးတွေ ဖြစ်ပါတယ်။ သူတို့ လက်ခံလိုက်တယ်၊ အလုပ်ပြန်ဆင်းတယ်၊ သူတို့ လက်ခံရတဲ့ သဘောက စားစရိတ်ဗျာ၊ နေစရိတ် ပြီးတော့ ရွာကိုလည်း ငွေပြန်ပို့ရတယ်လေ။ ဒါကြောင့် ရက်ရှည် သပိတ်မှောက်နေလို့ မဖြစ်ဘူးပေါ့။ အဲဒါနဲ့ လက်ခံလိုက်တာပါ" ဟု ၄င်းရက်နေ့၌ ရှင်းပြခဲ့ပါသည်။

 

မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီမှ တရားရေးဆိုင်ရာ စွဲချက်တင်ခွင့်ပြုသည့်စာ (ဓါတ်ပုံ - Burma VJ)

 

ထိုသို့ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွါးပြီး (၆) ရက်မြောက်နေ့၌ အစိုးရပိုင်းမှ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ညှိုနှိုင်းဆောင်ရွက် နိုင်စေရန် အလုပ်သမား ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် ကိုယ်တိုင် လာရောက် ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပဲ ရက်ရှည် သပိတ်မှောက်မှုအဖြစ် ဆက်လက်တည်ရှိခဲ့သည်။

 

အလုပ်ရှင်ဘက်မှလည်း အလုပ်သမားများမှ စနေနေ့အထိ အလုပ်မဆင်းခဲ့လျှင် အလိုအလျောက် ဆန္ဒအရ အလုပ်မှ ထွက်သည်ဟု သဘောမှတ်ချက်ပြုမည် ဖြစ်သည်ဟုလည်း ကြေငြာထားခဲ့ပါသည်။ တိုင်ရီ ဖိနပ်စက်ရုံ ခြံဝင်းအတွင်းရှိ အဆောင်၌ နေထိုင်နေကြသည့် အလုပ်သမားများအားလည်း တစ်နေ့လျှင် ငါးနာရီ ရေပေးဝေနေရာမှ ယခု တစ်နေ့လျှင် နှစ်နာရီသာ ပေးဝေတော့၍ ရေးပေးဝေမှုကို ဖြတ်တောက်ခဲ့ပါသည်။ အဆောင်မှ ထွက်ခွာရန် ဖိအားပေးမှု ရှိခဲ့ပါသည်။

 

သို့သော် အလုပ်သမားများဘက်မှ ဥပေဒရေးရာအရ လိုက်လံကူညီလုပ်ဆောင်ပေးသူ ဦးဖိုးဖြူမှ အကယ်၍ ထိုသို့ ထွက်ခွာရန် နှင်ချခြင်း ခံရပါက အိမ်ရှင်အိမ်ငှား ဥပဒေဖြင့် ပြန်လည် တရားစွဲဆိုမှုဟု ပြောဆိုမှုများရှိခဲ့ပြီးနောက် အလုပ်သမားများ မိမိတို့ အဆောင်အတွင်း၌ ဆက်လက်နေထိုင်ခွင့်ရခဲ့ကြသည်။

 

ထိုတိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုအားလည်း ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ဆွီဒင်နိုင်ငံ Social Democratic Youth အဖွဲ့မှ အပြည့်အဝ ထောက်ခံကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။ ဆန္ဒပြအလုပ်သမားများဘက်မှ တောင်းဆိုချက် (၁၇) ချက်ကို တောင်းဆို ထားခဲ့သော်လည်း အလုပ်ရှင်ဘက်မှ လိုက်လျောနိုင်ခြင်း မရှိသေးပေ။

 

 

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ ရက်ရှည်ဆန္ဒပြပွဲသို့ ကိုဟန်ဝင်းအောင် ဦးဆောင်သည့် နိုင်ငံရေး အကျဉ်းသားများ မိသားစု အကျိုးဆောင် ကွန်ယက်နှင့် အခြား လူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူလူထုများမှလည်း ရေသန့်ဗူးနှင့် အစားအသောက်များ လာရောက် လှူဒါန်းခဲ့ကြောင်းလည်း သိရှိရပါသည်။

 

Written by အဖေ့သား

Sunday, 19 February 2012 06:58

 

http://phophtaw.org/burmese/index.php/news/local-news/1145-2012-02-19-00-06-50.html

ကျွန်မတို့ တိုးတောင်းတဲ့ နေ့တွက်ခက ကြက်ဥတလုံးစာပဲရှိတာပါ

by Yangon Press International on Monday, 20 February 2012 at 21:14 ·

ဖေဖေါ်ဝါရီ ၂၀၊ ၂၀၁၂ -ပဲခူးသွန် ရေးသားသည်။

 

နွေဦးရဲ့ နံနက် ၇ နာရီကျော်ကျော် အချိန်က လင်းလင်းထင်းထင်းရှိနေပေမဲ့ အဝေးကနေလှမ်း ကြည့်ရင်တော့ မြူတွေနည်းနည်းဆိုင်း နေပါသေးတယ်။

 

ကိုယ့်ကိုကိုယ် စောလှပြီးထင်ထားပေမဲ့ သူတို့ကတော့ ထမင်းချိုင့်လေးတွေတောင်ဖွင့်စားနေကြပြီ။

 

ကိုယ့်အစုနဲ့ကိုယ် ထိုင်နေကြတဲ့ လူတွေ ရှိသလို ရပ်နေကြတဲ့သူတွေလည်း အများအပြား။ တချို့ ကအရိပ်ကောင်းကောင်းအောက်မှာ စကားလေးတွေထိုင်ပြောကြလို့။

 

ဝိရိယ ကောင်းလှတဲ့ ကြာဆံကြော် အသည်တွေ ၊ဖရဲသီး၊ ပဲပြား သုပ်အရောင်းသည်တွေကတော့ စောစောစီးစီး ဈေးဦးပေါက်နေကြပြီ။

တချို့က ကာတွန်းစာအုပ်လေးတွေနဲ့ နေရာယူထားကြပြီး၊ တချို့ကျတော့လည်း သိုးမွေးချည် လုံးလေးတွေနဲ့ သိုးမွေး စထိုးဖို့ ပြင်နေကြတယ်။

 

 

ဒီနေ့ဟာ လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားတွေ ဆန္ဒပြတာ ၁၅ ရက်မြောက်နေ့ပါ။

 

နောက်ဆုံးဆန္ဒပြတဲ့နေ့လို့ သတင်းထွက်နေပါတယ်၊  ဒီနေ့မှာ အလုပ်သမားခေါင်းဆောင်တွေက တာဝန်ရှိသူတွေ နဲ့ သွားရောက်တွေ့ဆုံပြီး တောင်းဆိုချက်တွေရအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ သတင်းကြောင့် အလုပ်သမလေးတွေက ပိုပြီးတက်ကြွနေကြတယ်။

 

"ခေါင်းဆောင်တွေက ရအောင်တောင်းဆိုပေးမယ်လို့ ပြောတယ်၊ ဘာပဲပြောပြော သူတို့ကိုယုံတယ်၊ တောင်းဆိုတာတွေရမယ်ထင်တယ်" ဟုအသက် ၁၉ နှစ်အရွယ်အဆောင်နေ အလုပ်သမလေး မသက်သက်အောင်က ပြောတယ်။

 

သူမက ဧရာဝတီတိုင်း ဂွ၊ ငသိုင်းချောင်းမြို့နယ် ဘက်မှလာပြီး သူမအမနဲ့အတူတူ စက်ရုံမှာ အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။

 

နှစ်လတခါ မိဘဆီသို့ ပိုက်ဆံပြန်ပို့လေ့ ရှိပြီး စက်ရုံရဲ့အဆောင်မှာ နေတယ်လို့ဆိုပါတယ်။

 

"လောလောဆယ်တော့ အဆောင်ကထမင်းလည်း မစားရဲဘူး၊သူတို့ကလည်း မချက်ကျွေးတော့ဘူး၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်စားနေရတာပေါ့ ၊ပိုက်ဆံကလည်း ကုန်ခါနီးပြီ " လို့သူမကဆိုပါတယ်။

 

တိုင်ရီစက်ရုံရှေ့မှာ ဆန္ဒပြသူတထောင်ကျော်ကျော် စုနေတဲ့အထဲမှာ အများစုဟာ အလုပ်သမလေးတွေပါ။

 

အိမ်ထောင်သည်၊ လူလွတ်၊ ရွေတွဲလွဲ ၊ငွေတွဲလွဲလေးတွေပါသလို တချို့တော့လည်း ပျော်ပျော်ပါးပါး၊ တချို့တော့လည်း မျက်နှာမှာသောကတွေနဲ့။

 

ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးကာလက တိုင်ရီဖိနပ်စက်ရုံကို စက်ရုံပိုင်ရှင်က ငါးရက်တာပိတ်ခဲ့ပြီးတဲ့နောက် လုပ်အားခရှင်းတဲ့အခါ အဲဒီပိတ်ရက်အတွက်  လစာဖြတ်တောက်ခဲ့ပါတယ်။ လစာဖြတ်တာကို  မကျေမနပ်ဖြစ်ရာမှ ယခု ဆန္ဒပြမှု စတင်လာတာဖြစ်ပါတယ်။  ၁၅ ရက်ကြာသည် အထိ ဆန္ဒပြမှုဟာ ဆက်လက်အားကောင်းနေဆဲပါ၊

 

စက်ရုံရှေ့က ဈေးသည်တွေ

 

အလုပ်သမများတောင်းဆိုကြတဲ့ အချက်ကတော့ နေ့တွက် ၇၅ ကျပ်မှ ၁၅၀ အထိတိုးပေးရန်နဲ့ ရက်မှန်ကြေး တလ ကျပ် ၆၀၀၀ မှ ၈၀၀၀ အထိတိုးပေးရန်တို့ဖြစ်ပါတယ်။

 

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ စက်ရုံ တာဝန်ရှိသူတွေက နေ့တွက်ကို ၇၅ ကျပ်မှ ၁၀၀ ထိ တိုးပေးပေမယ့် အလုပ်သမားတွေက လက်မခံခဲ့ပဲ တောင်းဆိုချက် ရဖို့ ဆက်လက်ဆန္ဒပြနေတာပါ ။

 

"ကျွှန်မတို့ တိုးတောင်းတဲ့ နေ့တွက်ခက ကြက်ဥတလုံးစာတန်ဖိုးလောက်ပဲရှိတာပါ၊ ရတဲ့လစာနဲ့ မလောက်လို့ အိမ်ဆီကနေတောင်ပြန်တောင်းနေရတာပါ၊အခုတိုးတောင်းတဲ့ကြေးကကုန်ဈေးနှုန်းနဲ့ တွက်ရင် ရသင့်ရထိုက်တာပဲ၊ရသင့်တဲ့လုပ်အားခကိုတောင်းတာပါ" ဟု သူ့နာမည် မဖေါ်လိုတဲ့  အလုပ်သမခေါင်းဆောင် တဦးက ပြောပါတယ်။

 

၎င်းတို့ရဲ့ လုပ်အားခက အခြေခံလစာ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ တာဝန်ကြေကြေး၊လုပ်သက်ကြေး၊ အတတ်ပညာဆုကြေး၊ ကားခ၊ လူမှုဖူလုံရေးကြေး၊ အချိန်ပိုကြေး စသည်တို့ သတ်မှတ်ထားပြီး ရက်ပြည့်ဆင်းမှသာ တလ ၆၀၀၀၀ကျပ် ၀န်းကျင်ပဲရပါတယ်။ ပြီးခဲ့တဲ့လက လစာအဖြတ်ခံရတဲ့ အတွက် အတော်နည်းသွားခဲ့တယ်လို့အလုပ်သမများကဆိုပါတယ်။

 

အလုပ်ချိန်မှာ နံနက် ၇နာရီကျော်မှ ညနေ၅ နာရီဝန်းကျင် အထိဖြစ်ပါတယ်။ လုပ်ခထက် အချိန်ပိုကြေး နဲ့ ရပ်တည်နေရတယ်လို့တယ်။

 

တိုင်ရီဖိနပ်စက်ရုံ ဟာ တရုတ်လူမျိုး(ထိုင်ဝမ်) ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပြီး ပြည်ပသို့ တင်ပို့တဲ့ ဖိနပ်များကို ချုပ်လုပ်တဲ့စက်ရုံဖြစ်တယ်။

 

"ဆန္ဒ ပြတဲ့အလုပ်သမတွေအခြေအနေတော်တော်ဆိုးနေကြတယ်၊အဆောင်နေတဲ့လူတွေကအဆောင် ထမင်းမစားရတော့ဘူး၊ ကိုယ့်ဘာသာကိုယ်ဝယ်စားနေကြရတယ်၊ကြာရင် မလွယ်ဘူး"ဟု ဆန္ဒပြတဲ့ သူတွေကိုယခုလ ၁၇ ရက်နေ့ကစပြီးစားစရာတွေ ဝေငှပေးနေတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစု များ အကျိုးဆောင်ကွန်ယက်မှကိုအောင်ဇော်ထွန်းကပြောတယ်။

 

အလုပ်သမစုစုပေါင်း ၁၈၀၀ ၀န်းကျင် ထဲမှ နယ်မှလာတဲ့ အဆောင်နေအလုပ်သမတွေ ၈၀၀၀န်းကျင်ရှိ တယ်လို့ ဆိုပါတယ်။

 

အားလုံးနီးပါးဆန္ဒပြကြပြီး ရာထူးအနည်းငယ် ကြီးတဲ့ အလုပ်သမတချို့ကသာ အလုပ်ဆက်လက် ဆင်းနေကြတယ်လို့ ဆိုတယ်။

 

အဆောင်နေအလုပ်သမများကို ထမင်း နဲ့အဆောင်စရိတ် တသောင်းခန့်ကို စက်ရုံက လစာထဲက ဖြတ်တယ်လို့ ဆိုပါတယ်။

 

"အဆောင်နဲ့ထမ်ငးလခပေးထားပေမဲ့ အဆောင်ကကျွေးတဲ့ဟင်းကို ဘယ်တော့မှမစားဘူး၊ သူတို့က ရေလုံပြုတ်၊အသီး အရွက်ကြော်တမျိုးပဲ ကျွှေးတာ စားလို့မရဘူး၊ ဟင်းကအမြဲအပြင်မှထွက်ဝယ် စားရတယ်" လို့ ဟင်္သာတ ဘက်မှ အလုပ်လာလုပ်တဲ့ အဆောင်နေသူ အလုပ်သမတဦးကပြောတယ်။

 

ဟောခန်းပုံစံ အဆောင်မှာ လူ၈၀၀ ခန့် နေရတာ အဆင်ပြေပေမယ့် ရေအတွက်အခက်အခဲဖြစ် ရတယ်လို့ဆိုပါတယ်။

"တနေ့ရေ ၂နာရီ နှစ်ခါပဲရေမောင်းပေးတယ်၊ ရေချိုးချင်ရင် စောစောထရတယ်၊ လူကအရမ်းများတော့ တခါတခါ ရေကုန်သွားလို့ မချိုးရတဲ့ရက်တွေလည်းရှိတယ်လို့" မသက်သက်အောင်ကပြောပါတယ်။

 

" ဒီမှာနေတဲ့လူတွေက တော်သေးတယ် ၊အဆောင်နေတဲ့လူတွေကအိမ်ပြန်ပို့တာနဲ့ ဘာနဲ့ဆိုတော့ တခါတခါ မလောက်ဘူး ၂၀ ကျပ်တိုးနဲ့ငွေချေးရတယ်၊ကျွှန်မကတော့ လစာက အိမ်စရိတ်နဲ့ စားစရိတ်တချို့ ကာမိနေလို့ လာလုပ်တာပါ"ဟု အိမ်ထောင်သည်အလုပ်သမတဦးဖြစ်သူမသန်းသန်းညွန့်ကပြောတယ်။

 

လက်ရှိမှာတော့ အလုပ်မဆင်းဘဲ ဆန္ဒပြနေတဲ့အတွက် ၂၀ တိုးနဲ့တောင် ချေးပေးချင်သူတွေမရှိတော့ဘူးလို့ ကလေးနှစ်ယောက်အမေ အလုပ်သမတဦးကပြောတယ်။

 

ှလုပ်ခတိုးရေး ဆန္ဒပြ ၁၅ ရက်မြောက်နေ့ နံနက် စောစော အလုပ်သမတွေ ရောက်လာကြပြီ

 

ဒီနေ့မှာတော့ အလုပ်သမားခေါင်းဆောင် (အီးစီ) ၄၉ ယောက်နဲ့ ရှေ့နေကိုဖိုးဖြူတို့က မရမ်းကုန်းမြို့နယ် ၀ါဏိဇ္ဖပဋိပက္ခမှု ကော်မတီသို့တင်ပြရာ ကော်မတီက ခုံရုံးဖွဲ့ ၍ စစ်ဆေးပေးရန် သဘောတူညီခဲ့ပါတယ်။ အဲဒီလို ၀ါဏိဇ္ဖ ကော်မတီကို တင်ပြမယ်ဆို သဘက်ခါ (ဖေဖေါ်ဝါရီ ၂၂ ရက်) နေ့နံနက်မှာ တောင်းဆိုချင်တဲ့ အချက်အလက်တွေကို လုပ်သားခေါင်းဆောင်တွေ ဆွေးနွေးထားဖို့ ဆော်သြထားပါတယ်။

 

အလုပ်သမားတွေအဖို့တော့ သူတို့ရဲ့ တောင်းဆိုချက်တွေဟာ မှန်ကန်တယ်လို့ ယုံကြည်ထားတာကြောင့် ရှေ့ဆက်တောင်းဆို ဆန္ဒပြဖို့ အသင့်ရှိနေပေမယ့် အောင်နိုင်မယ် မအောင်နိုင်ဘူးဆိုတာကတော့ နွေဦးရာသီ နံနက်ခင်းလို မြူဆိုင်းနေဆဲပါ။        ။

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် တွေ့ဆုံမေးမြန်းခြင်း

နာဂစ်သည် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်သည် မြန်မာ နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၀ နှင့် ၂၁ ရက် အတွင်း အလည်အပတ် လာရောက်ရန်ရှိရာ ကျွန်ုပ်တို့၏ အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက် ရော်ဂျာ မစ်တန်က ဒေါက်တာဆူရင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံ မေးမြန်းခဲ့သည်။ အသက် ၆၂ နှစ်ရှိ ဒေါက်တာဆူရင်ပစ်ဆူဝမ်သည် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဟောင်း ဖြစ်ပြီး ယခုနှစ်တွင် သူ၏အာဆီယံအတွင်းရေးမှူးချုပ် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်ဆင်း ဒေါက်တာ ဆူရင်သည် ရှင်းလင်းပြတ်သားစွာ ပြောဆိုတတ်သူဖြစ်သည်။

(ကိုကို ဘာသာပြန်သည်။) 
အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)


အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်

ဟားဗတ် တက္ကသိုလ်ဆင်း ဒေါက်တာဆူရင်သည် ရှင်းလင်းပြတ်သားစွာ ပြောဆိုတတ်သူ ဖြစ်ရာ သူ့အရင် အာဆီယံအတွင်းရေးမှူးချုပ်များထက် ထင်ရှားသည်။

ထက်မြတ် သူတစ်ဦးဖြစ်သည့်အလျောက် မိမိအယူအဆကို ထုတ်ဖော် ပြောဆိုရန် မည်သည့်အခါမျှ တွန့်ဆုတ်သူမဟုတ် သဖြင့် တစ်ခါတစ်ရံ ဒေသတွင်းမှ ခေါင်းဆောင်တချို့၏ ငြိုငြင်မှုကို ခံရတတ်သူဖြစ်သည်။

သူ၏ အကြီးမားဆုံးစွမ်းဆောင် အောင်မြင်မှုတစ်ခုမှာ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း 'နာဂစ်' တိုက်ခတ်ခံရစဉ်က ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးကို ယခင်ကရှိခဲ့သည့် ယုံကြည်ချက်များကို ဘေးဖယ်ထား၍ မြန်မာကို အကူအညီပေးကြရန် စည်းရုံးနိုင်ခဲ့ခြင်းပင် ဖြစ်တန်ရာသည်။

ထိုအချိန်တွင် ဒေါက်တာဆူရင်က "လူ လေးသန်းလောက် ထိခိုက်
ခဲ့ရပြီး ၁၄၀,၀၀၀ လောက် သေဆုံးခဲ့ကြရတယ်။ ဒါဟာကျွန်တော်တို့ အားလုံးအတွက် ကြီးမားတဲ့ လူသားချင်းစာနာမှု တာဝန်ကြီးတစ်ခု ဖြစ်တယ်"ဟု ပြောကြားခဲ့သည်။

ဒေါက်တာဆူရင်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်တွင် သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အခြားထိပ်တန်းပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်။

ထို့နောက် ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသသို့ သွားမည်။ ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု မျှော်လင့် ရသည်။

* ခင်ဗျား မြန်မာပြည်ကို ဘာကြောင့် သွားမှာလဲ။

ကျွန်တော့ကို မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ဖိတ်ထားတယ်။ မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌဖြစ် လာတော့မှာမို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရာမှာ ကျွန်တော်တို့ အကူအညီ ပေးနိုင်တာတွေ ပေးရအောင်လို့ပါ။ အဖွဲ့ဝင် နိုင်ငံအားလုံးကို ဒီလိုအကူ အညီပေးမြဲပါ။ ဒါပေမယ့် မြန်မာအတွက်တော့ အထူးစပယ်ရှယ်ပေါ့။ နောက်နှစ်နှစ်ကြာရင် ဥက္ကဋ္ဌအဖြစ် တရားဝင် လွှဲတော့မှာမို့ပါ။ ဒီဆုံးဖြတ် ချက်ချပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ အလွန် နက်ရှိုင်းပြီး အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကို ကျွန်တော်မျက်မြင် ကိုယ်တွေ့ကြည့်ချင်ကြားချင်ပါတယ်။

* ၁၉၉၇ တုန်းက မြန်မာကို အာဆီယံ ထဲဝင်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ အခု လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကြောင့် သံသယ ရှင်းသွားသလား။

မြန်မာနိုင်ငံဟာ သူ့ရဲ့လမ်းပြမြေပုံ အတိုင်း တစ်သမတ်တည်းရှိခဲ့ပါတယ်။ အာဆီယံဝင်ခွင့်ရသွားတော့ ဒါကို အကောင်အထည်ဖော်ဖို့ သူတို့ယုံကြည်မှု ပိုရှိသွားတာပါ။ အခုသူတို့ တံခါးဖွင့်ဖို့ ပြင်ဆင်နေကြပြီ။ အာဆီယံမူဘောင်ထဲကနေပြီး ဒေသနဲ့ ပြန်လည်ဆက် သွယ်ဖို့ လုပ်နေကြပါတယ်။ တစ်ခါတလေ သူတို့ကို နှုန်းမြှင့်တင်ဖို့ ကျွန်တော်တို့ အားပေးကြတယ်။ တစ်ခါတလေ ပြင်ပကမ္ဘာက စိတ်မသက်မသာ ဖြစ်ကြရတာတွေကို သူတို့ကို ပြန် ဖောက်သည်ချရတယ်။ တစ်ခါတလေ ကျတော့လည်း မြန်မာပြည်မှာ ဖြစ်ပျက် နေတာတွေကို ကမ္ဘာကို ရှင်းပြဖို့ ကျွန်တော်တို့ ကြိုးစားကြရပါတယ်။

* နာဂစ်မုန်တိုင်းအပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေက ဒီဖြစ်စဉ်အပေါ်ဘယ်လို သက်ရောက်မှုရှိခဲ့ပါသလဲ။

နာဂစ် ဆိုက်ကလုန်းမုန်တိုင်းဟာ အလှည့်အပြောင်းပါပဲ။ ၂၀၀၈ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီနှစ်မှာပဲ ကျွန်တော်ဟာ အာဆီယံအတွင်း ရေးမှူးဖြစ်ခဲ့တာမို့ ကျွန်တော့ကို 'နာဂစ်'က အသင်းဝင်အဖြစ် ရေဖျန်းမင်္ဂလာပြုပေးခဲ့တာလို့ ကျွန်တော် ပြောပြောနေခဲ့တာပါ။ ဒီ အဖြစ်ဆိုးကြီးကို မြန်မာခေါင်းဆောင်များနဲ့အတူ ကျွန်တော်တို့ကိုင်တွယ် လုပ်ကိုင်ကြရင်း မြန်မာနိုင်ငံကို တံခါးဖွင့်ပြီး တစ်ကမ္ဘာလုံး က အကူအညီတွေ စုလာအောင် ကြံဆောင်ခဲ့ရပါတယ်။ ခင်ဗျား မှတ်မိချင် မှတ်မိမှာပါ။ နာဂစ် အကူအညီပေးဖို့ ရန်ကုန်မှာ လုပ်တဲ့ ကွန်ဖရင့်မှာ မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန်သဘောထားတဲ့ နိုင်ငံတွေက အထက်တန်းအရာရှိတွေတောင် တက်ရောက်ခဲ့ကြ ပါတယ်။ ဒီမှာတင် မြန်မာအစိုးရဟာ ကမ္ဘာက သူတို့ကို လုံးဝ ရန်လိုမုန်းတီးကြတာ မဟုတ်ဘူး။ ခြွင်းချက်တွေထားဖို့ စိတ်ဆန္ဒတွေ ရှိကြသေးတယ်ဆိုတာ သူတို့ မြင်တွေ့သွားကြပါတယ်။

* အာဆီယံရဲ့ ပါဝင်ဆောင်ရွက်မှုတွေက ဘာတွေပါလဲ။

ပထမမြန်မာအစိုးရအား နိုင်ငံတကာရဲ့ ကယ်ဆယ်ရေးကြိုးပမ်းမှုတွေကို တံခါးဖွင့်ပေးဖို့ နားချရတယ်။ ဒုတိယအနေနဲ့ နိုင်ငံတကာက လှိမ့်ဝင်လာတဲ့ အကူအညီတွေကို ကြီးကြပ်စီမံရာမှာ ကူညီရတယ်။ 'နာဂစ်'အပေါ် တုံ့ပြန်လုပ် ဆောင်မှုတွေဟာ ယနေ့မြန်မာနိုင်ငံမှာ တွေ့မြင်နေရတဲ့ လူမှုရေး၊ နိုင်ငံရေး အပြောင်းအလဲတွေရဲ့ အစလို့ဆိုနိုင်ပါတယ်။ ဒါ့အရင်က မြန်မာနိုင်ငံဟာ အထီးကျန်နေခဲ့ပြီး ပြင်ပကမ္ဘာနဲ့ သိပ် အနေမကျခဲ့လှပါဘူး။ ကျွန်တော်တို့ ၀င်သွားပြီးတဲ့နောက်မှာ ကျွန်တော်တို့နဲ့ ဆက်ဆံလို့ရတယ်ဆိုတာကို မြန်မာတွေ သဘောပေါက်သွားတယ်။ သူတို့ နေသာထိုင်သာရှိမယ်ဆိုရင် ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တယ်။ ကမ္ဘာက ၀င်လာပြီး သူတို့အပေါ်မှာ စီးပိုးမှာ မဟုတ်ဘူးဆိုတာတွေကို သဘောပေါက်သွားတယ်။ ဒါကြောင့် ဒါဟာ အလှည့်အပြောင်းပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ တံခါးဖွင့်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သူတို့ကိုယ်ပိုင်လမ်းပြ မြေပုံကို အားဖြည့်ပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။

* မြန်မာက ဘာကြောင့်ဒီပြုပြင် ပြောင်းလဲရေး စလုပ်တာလဲ။

ပွင့်လင်းဖို့၊ ပွင့်ပွင့်လင်းလင်းနေဖို့ ဆန္ဒတွေကို မြန်မာတွေမျိုသိပ်ထားခဲ့ရတဲ့ သဘောပါ။ ပွင့်လင်းလိုက်လို့ ရလာနိုင်တဲ့ အကျိုးရလဒ် တွေကို မြန်မာခေါင်းဆောင်တွေ တွက်မိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ပြည်တွင်း တည်ငြိမ်မှုကို သူတို့ စိတ်ချထားနိုင်ပြီလို့ ခုသူတို့ ယုံကြည်ထားတယ်။ ဒီတော့ နောက်ထပ် နှောင့်နှေးနေရင် ဒေသတွင်း တိုးတက်မှုတွေရဲ့ အကျိုးရလဒ်တွေကို မခံစားရရုံပဲ ရှိမှာပဲ။ ဘာကြောင့် နောက်ချန်နေခဲ့ရမှာလဲ၊ မှန်ပါတယ်။ အတူလုပ်ဆောင်ဖို့ အချိန်အတော်ယူခဲ့ရပါတယ်။ ဒီလောက်အကြာကြီး အထီးကျန်နေခဲ့ရပြီးတော့မှ ချက်ချင်းထပြီး "ကောင်းပြီဟေ့၊ ငါတို့ တံခါးဖွင့်ဖို့ အဆင်သင့်ပဲ"လို့ ရုတ်တရက်ပြောဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အာဆီယံက ဒီဖြစ်စဉ်အရှိန်ရအောင် ကူညီခဲ့တယ်။ ဒီလမ်းအတိုင်း ဆက်လျှောက်ရင် သူတို့ အကျိုးပဲဆိုတာကို သေချာ အာမခံပေးတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အာဆီယံဟာ သူတို့အားထားနိုင်တဲ့ အကြောင်းရင်းတစ်ခုပဲ။ ၂၀၁၄ မှာ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာနိုင်ပြီလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာလည်း ဒီအတိုင်းပါပဲ။

* နောက်ကြောင်းပြန်မလှည့်နိုင်ဘူးလား။

ကျွန်တော်တို့အနေနဲ့ သူတို့နောက်ကြောင်း ပြန်မလှည့်ဖို့ သေချာစေချင်တာ အထူးပြောဖို့တောင် မလိုပါဘူး။ "အာဆီယံဆိုတဲ့ ဝေါဟာရဟာ 'နောက်ကြောင်းပြန်မလှည့်ခြင်း'ပါ။ အရှိန်အဟုန်ကောင်းနေတယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ သူတို့ဟာ မှန်ကန် တဲ့ လားရာအတိုင်း ရွေ့လျားနေတယ်။ အလွန်လျင်မြန်စွာ ရွေ့လျားနေတယ်။ စေတနာကောင်း ရေတံခါးတွေ ပွင့်သွားခဲ့ပြီ။ ဒါပေမယ့် နောက်ကြောင်းပြန် မလှည့်တော့ဘူးလို့တော့ ကံသေကံမ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ ဒါကြောင့်လည်း မြန်မာကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ရွေ့လျားရာမှာ ကျွန်တော်တို့ဟာ သူတို့ကို ထောက်ခံ ကူညီပါ့မယ်လို့ ပြောနေတာပါ။ ဒါကို ကမ္ဘာကိုလည်း ကျွန်တော်တို့ ရှင်းပြမယ်၊ တစ်ချိန်တည်းမှာ ကမ္ဘာက ဘာတွေ မျှော်လင့်နေတယ် ဆိုတာကိုလည်း မြန်မာကို ရှင်းပြမယ်။

* မြန်မာနိုင်ငံမှာ နောက်ထပ် ဘာတွေ မြင်ချင်ပါသေးသလဲ။

အပြောင်းအလဲလက္ခဏာတွေကို ထိပ်ဆုံးကနေပြီး အစိုးရဌာနအဆင့်ဆင့် အထိ သက်ရောက်သွားတာကို တွေ့ချင်မြင်ချင်တယ်။ ဒါကို အားဖြည့်ပေးဖို့ ဖွံ့ဖြိုးလာဖို့ လိုအပ်တယ်။ ဒါကိုလည်း ထင်သာမြင်သာရှိဖို့ လိုအပ်တယ်။ သူတို့ အပေါ်မှာ ကမ္ဘာနဲ့ အာဆီယံက ယုံကြည်မှု ဘယ်လောက်ရှိတယ်၊ သူတို့အပေါ် ဘယ်လိုအားဖြည့်မှုတွေ ပေးနိုင်တယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီး အပြောင်း အလဲဖြစ် ပေါ်မှု အနှေးအမြန်ရှိလိမ့်မယ်။

* 'အာရပ်နွေဦး'မှာလို 'မြန်မာနွေဦး' က တခြားအာဆီယံနိုင်ငံတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

ဒါဟာ အာဆီယံရဲ့ အကျပ်အတည်းပါပဲ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား အုပ်ချုပ်ရေးဖွဲ့စည်းပုံတွေဟာ အမျိုးမျိုး ကွဲပြားကြ တယ်။ တချို့နိုင်ငံတွေမှာ တစ်ပါတီစနစ်ရှိနေတုန်းပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာလို ကာလရှည်ကြာတဲ့ စစ်အာဏာရှင် အုပ်ချုပ်ရေး မျိုးတော့ မရှိကြဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲများကို ကမ္ဘာက မည်မျှစိတ်လှုပ်ရှားစွာ စောင့်ကြည့်နေ ကြတယ် ဆိုတာကို တစ်ပါတီအုပ်ချုပ်တဲ့ နိုင်ငံတွေက တစ်ချိန်ချိန်မှာ သတိပြုမိလာပြီး သူတို့လည်း မြန်မာနိုင်ငံမှာလို အပြောင်းအလဲတွေလုပ်ဖို့ စဉ်းစားလာနိုင်ပါတယ်။ အတက်အကျရှိပါတယ်။ တစ်ခါတလေ သိပ်မြန်တယ်။ တစ်ခါတလေ စိတ်လှုပ်ရှား တုံ့ပြန်မှုမရှိပါဘူး။ ခြုံကြည့် လိုက်ရင်တော့ ဦးတည်လားရာက ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးဆီကို ဦးတည်နေပါတယ်။ မှန်ပါတယ်။ နိုင်ငံအတွင်း မှာရှိတဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေမှာ ခြားနားမှုရှိပါတယ်။ တခြားအာဆီယံနိုင်ငံတွေမှာက အပြောင်းအလဲ အတွက် ပေါင်းရုံးစုစည်းရာ ဗဟိုချက်ဖြစ်တဲ့ မဒမ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးမရှိကြပါဘူး။

* ဒီခရီးစဉ်မှာ ခင်ဗျား ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မှာလား။

ကျွန်တော့ခရီးစဉ် နောက်ဆုံးနေ့မှာ သူနဲ့တွေ့ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် သူနဲ့ မတွေ့ဖူးသေးဘူး။ သူ့ရဲ့ စိတ်ထဲ ဘာတွေရှိ နေတယ်၊ အာဆီယံက သူ ဘာတွေမျှော်လင့်တယ်ဆိုတာတွေကို ကျွန်တော် ကြားချင်တယ်။ အတိတ်မှာတုန်းကတော့ ကျွန်တော်တို့ ဟာ အစိုးရနဲ့ပဲ ဆက်ဆံခဲ့ကြရတယ်။ အတိုက်အခံနဲ့ မတွေ့ကြရဘူး။ အာဆီယံရဲ့ အစဉ်အလာက ဒီလိုရှိတယ်။ ဒီတော့ အဖွဲ့ဝင် နိုင်ငံအချို့ဆီက တုံ့ပြန်လာမှုတွေကို ဂရုထားခဲ့ကြရတယ်။ ဒါပေမယ့် မြန်မာကိုယ်တိုင်ကပင်လျှင် အခြေအနေတွေကို ပြောင်း လိုက်ပြီ။ သူဟာ ထိုင်းဝန်ကြီးချုပ်တို့၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ခဲ့တယ်။ သူဟာ တားမြစ်ထားတဲ့ ပုဂ္ဂိုလ်မဟုတ် တော့ဘူး။ အရင်တုန်းကတော့ အာဆီယံဥက္ကဋ္ဌက သူ့ဆီ သွားတွေ့ဖို့ ကြိုးစားရင် ဒါဟာ သံတမန်ရေး စည်းကမ်းကို ချိုးဖောက်တာပဲ။ နိုင်ငံရေးအရ မှားယွင်းတဲ့လုပ်ရပ်ပဲ။ ခုတော့ လုံးဝပြောင်းပြန်ဖြစ်သွားပြီ။ ဘာလို့ မဖြစ်ရမှာလဲ။ သူ့ရဲ့ပါတီကိုလည်း မှတ်ပုံတင်ပြီးပြီ။ သူကိုယ်တိုင် တက်တက် ကြွကြွ ပါဝင်နေပြီး သူရဲ့ပါတီဟာ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်နေပြီ။ ဒါတွေ အားလုံးဟာ အသိအမှတ်ပြုသင့် ပြုထိုက်တာတွေပဲ။ ကျွန်တော်တို့ အားပေးရမှာပေါ့။

* မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အဓိကစိုးရိမ်မှုတွေကဘာတွေလဲ။

ကျွန်တော် စိုးရိမ်နေတာက စင်ကာပူ နဲ့ ဘန်ကောက်မှာ ခုကတည်းက စုရုံးပြီး မြန်မာနိုင်ငံက သယံဇာတနဲ့ စီးပွားရေး အခွင့်အလမ်း တွေကို စားဖို့ ၀ါးဖို့ ဟန်ပြင်နေကြတဲ့လူတွေပဲ။ အာဆီယံ လုပ်ရမှာ၊ ကျွန်တော် လူတစ်ယောက်အနေနဲ့ လုပ်ဖို့လိုအပ်တာ၊ မြန်မာနိုင်ငံ ရဲ့ မိတ်ကောင်းဆွေကောင်းတွေလုပ်ဖို့ လိုအပ်တာက အရေးအကြီးဆုံးအချက်ဟာ မြန်မာလူထု သက်သာချောင်ချိရေးပဲဆိုတာ မြန်မာ့ခေါင်းဆောင်တွေကို အသေအချာ သတိပေးဖို့ပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ သယံဇာတနဲ့ အခွင့်အလမ်းတွေကို စီမံခန့်ခွဲရာမှာ လူသား မျက်နှာကို ကြည့်ရမယ်ဆိုတာ သေချာစေဖို့ပါပဲ။ စီးပွားရေးစွန့်ဦးလုပ်ကိုင်လိုတဲ့ စိတ်ဓာတ်ဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ သောက်သုံးရေတွေ၊ လျှပ်စစ်ဓာတ်အားတွေရဲ့အပေါ်မှာ အရိပ်မိုးမနေစေရပါဘူး။ မညီမျှမှုတွေနဲ့ ဖရိုဖရဲ မငြိမ်သက်မှုတွေ ပိုဆိုးလာ စေမယ့် တံခါးဖွင့်တာမျိုးကိုတော့ ကျွန်တော်တို့ မလိုချင်ပါဘူး။


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ