[aurorageneration] သူတောင်းစားနဲ့ ထင်းရှူးသေတ္တာ....ZAYA


လမ်းဘေး မြေပြင် တစ်နေရာ မှာ ထင်းရှူးသေတ္တာ အဟောင်းလေး တစ်လုံး ရှိတယ်။ သူတောင်းစား တစ်ယောက်က အဲ့ဒီ ထင်းရှူး သေတ္တာလေး ပေါ်မှာ ထိုင်နေတယ်။ သံကြေးခွက် တစ်လုံး ကို သူ့ရှေ့မှာ ချထားတယ်။ သူ အဲ့မှာ ရှိနေတာ နှစ်ပေါင်း များစွာ ကြာမြင့် တဲ့ အချိန် ကတည်းက ဖြစ်ပါတယ်။ ။ နှစ်ချို့ နေအောင် ကြာလင့် တဲ့ အထိ အဲ့သည် နေရာမှာ သူ နေ့တိုင်း ထိုင် တယ်။ နေ့စဉ် ရက်ဆက် တောင်းရမ်း စားသောက် နေတယ်။

တစ်နေ့မှာ တော့ ဒီ သူတောင်းစား ရဲ့ ရှေ့ကို လူစိမ်း တစ်ယောက် ရောက် လာတယ်။ သူတောင်းစား က ရိုကျိုး တဲ့ မျက်နှာထား နဲ့ မျက်လွှာချ လိုက်တယ်။ "အကြွေလေးများ ရှိရင် စွန့်ကြဲခဲ့ပါ။ သနား ကရုဏာ ရှိသောအားဖြင့် စွန့်ကြဲခဲ့ပါဗျာ" – တုန်ရီ တဲ့ အသံနဲ့ စိတ်လိုလက်ရ တောင်းခံ တယ်။ သူ့ရဲ့ ကြေးခွက်ကို ခပ်ဆဆ လေး မြှောက်ထားမယ်။ တတွတ်တွတ် စကား ဆိုတယ်။

လူစိမ်းက ပြန်ပြောတယ်။
"ကျုပ်မှာ ခင်ဗျား ကို ပေးစရာ ဘာမှ မရှိဘူး။"
"အကြွေလေး အနည်းအကျဉ်း လောက် ဖြစ်ဖြစ်ပါ …."
"ဟင့်အင်း ၊ ကျုပ်မှာ အကြွေ အနည်းအကျဉ်း တောင် မပါဘူး၊ ဒါနဲ့ ခင်ဗျား အခု ထိုင်နေတဲ့ဟာ က ဘာလဲ"
"ဘာမှ မဟုတ်ပါဘူး။ သေတ္တာ အဟောင်း တစ်လုံးပါ။ ကျနော် မှတ်မိသလောက် ကျနော် ငယ်ငယ် အချိန်ကတည်းက ဒီမှာပဲ ထိုင်ရင်း တောင်းရမ်းနေခဲ့တာ။ ဒါ ကျနော့ရဲ့ နေရာလေး ဆိုလည်း ဟုတ်ပါတယ်။ ကျနော့ အတွက် အကြွေအစ အနလေးပဲ ဖြစ်ဖြစ် စွန့်ခဲ့ပါ ခင်ဗျာ"
"နေပါဦး – ခင်ဗျား အထဲကို ကြည့်ခဲ့ဖူး သလား"
"ဟင့်အင်း – မကြည့်ဖူးပါဘူး။ ဘာဖြစ်လို့လဲ။ ဒါ အဟောင်းကြီးပဲ။ ထားပါလေ – ကျနော့ အတွက် အရေးကြီးတာ – တစ်နေ့စာ အတွက် များများ တောင်း ရမ်း နိုင် ဖို့ပဲ။ ခင်ဗျား တကယ် ကို အကြွေ မပါ တာလား – မပေးနိုင်တာလား ဗျာ။ "
"မဟုတ်သေးဘူးဗျ ။ ခင်ဗျားဟာ ခင်ဗျား – သေသေချာချာလည်း ကြည့်ကြည့်ပါဦး"

လူစိမ်းက မရမက ပြောနေတာမို့ သူတောင်းစားက ထင်းရှူးသေတ္တာကို ဆွဲထုတ် လိုက်ရတယ်။ အဖုံးအကာတွေ ဆွဲခွာ ပစ်လိုက်တယ်။ အဲ့ဒီနောက် – သူ အံ့ဩ သွားတယ်။ သူ့မျက်လုံးကို သူ မယုံနိုင်အောင် ဖြစ်တယ်။ အံ့အားသင့် မှင်သက် သွားတယ်။ သူ နှစ်ပေါင်း များစွာ ထိုင်နေတဲ့ ထင်းရှူး သေတ္တာအစုတ် ထဲမှာ ရွှေ အပြည့် ရှိပါတယ်။

ဒါဟာ နိမိတ်ပုံ ဇာတ်လမ်းသက်သက်ပဲ ။ ဗုဒ္ဓ၊ ခရစ်၊ လောက်ဇူ၊ မိုဟာမက် စသဖြင့် သူတို့က ပုံပြင်အရ – လူစိမ်း နဲ့ တူတယ်။ ခင်ဗျား အတွက် သူတို့ဆီက ၊ ဒါမှမဟုတ် ၊ ခင်ဗျား ယုံကြည်ရာ တစ်ယောက်ယောက်ဆီက လက်ဝါးဖြန့် နေမယ်။ အကြွေ အနည်းအများ သွားတောင်းခံ မယ်။ တောင်းတဲ့ စကား ကွဲပြားကောင်း ကွဲပြားမယ်။ တောင်းတာ ကတော့ တောင်းတာပဲ။

"ဘုရားသခင် ဆီ ပို့ဆောင် ပေးပါ။ ချမ်းမြေ့မှု ပေးပါ၊ ငြိမ်းအေးမှု ပေးပါ။ နတ်ပြည် ၊ ဗြဟ္မာပြည် ချမ်းသာရကြောင်း ကုသိုလ်တရား တွေ ချပေးပါ။ – ယုံကြည်စွာ နဲ့ ကျနော် ဆုတောင်း နေပါတယ်။ ကျနော် အခု ဒါလေး လိုချင်တယ် ။ ဟိုဟာလေး လိုချင်တယ်။ ကျနော် အခု ဒါလေး ဖြစ်နေလို့ပါ။ ပြေလည် ချင်တယ်။ နည်းနည်း ဖြစ်ဖြစ် စိတ်ချမ်းသာမှု လေး ချပေးစေချင်ပါတယ်။" –

စင်စစ် ဒီဇာတ်လမ်းဟာ – ကျနော်တို့ ခင်ဗျားတို့ ကို သူတောင်းစားတွေ လို့ မီးမောင်းထိုးပြ ထားပါတယ်။ မနာပါနဲ့။ – ကနေ့ ဘာသာတရား တိုင်းမှာ – ကုသိုလ် တစ်ခုပြု၊ ဆုတောင်း တစ်ချက်ယူ နေကြတာ ဟာ အဲ့ဒါပဲ မဟုတ်လား။ ကုသိုလ် ကို ဈေးကစား ဖို့ ၊ ဈေးရောင်းဈေးဝယ် ပြု၊ အကြောင်း ရှာနေကြသူ အများ ရှိနေကြတယ် မဟုတ်လား။ အလှူခံ ပုဂ္ဂိုလ် အများက လည်း သွေးဆောင် တတ်ပါတယ်။ "ညောင်စေ့လောက် လှူရင် ညောင်ပင် ကြီး လောက် ပြန်ရကြမယ်" လို့ ဈေးခေါ်တယ်။ လောဘ တက်တဲ့ စီးပွားရေး သမား သူတောင်းစားက – ကြိုက်ဈေး အတွက် ကြေးညှိတယ်။ – ရသလောက် အစွမ်းနဲ့ ညောင်ပင်လိုက် လှူပြ ပါလိမ့်မယ်။

"ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်" ဆိုတဲ့ စကား ကိုလည်း အများသိပါတယ်။ ကြည့်ကြည့်စို့။ ခင်ဗျားက အဲ့စကား ကို အတွင်းအနှစ်သာရ မပါဘဲ၊ ကောင်း တာ ဖြစ်ချင်ဇောနဲ့သာ ယုံကြည်မယ်။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သိထားတဲ့ အကောင်းအမွန် အမြတ် တွေ ခင်ဗျား လိုချင်တာပဲ မဟုတ်လား။ လူတိုင်း နီးပါး ( မိမိ အတွေးနဲ့ မိမိ ) ကောင်းမွန်တယ် ထင်ရာကို လိုချင်ပါတယ်။ ဒါ့ကြောင့် ခင်ဗျားက ကောင်းတာ ဖြစ်ချင်ဇော နဲ့သာ ကောင်းတာ လုပ်ပါတယ် – ဆိုပါစို့ ။ ဒါဆို ပြန်မေးမယ် ~ "ခင်ဗျား ဘာလုပ်လုပ် -ကောင်းတာ မဖြစ်ဘူး လို့သာ ပြောခဲ့ရင် – ဘာဖြစ်မလဲ။ ခင်ဗျား ဘယ်လောက် ကောင်းတာ လုပ်နေနေ ခင်ဗျား အတွက် အဆိုး ချည်းသာ ဖြစ်လာနေမယ်- ခင်ဗျား ကြုံတွေ့နေရမယ် – ကဲ – ခင်ဗျား သန္တာန်ထဲ ဘာဖြစ်မလဲ။" – အဲ့ဒီ အချိန်မှာ- အဲ့ဒီ ကောင်းတဲ့ အလုပ် ဆိုတာကို နည်းနည်း တော့ ခင်ဗျား တွေဝေ သွားနိုင်တယ်။ "ဒါဟာ ကံပါပဲကွာ" (ဝါ) "ဒါလည်း ဘုရားသခင် အလိုတော်ကျ ပါပဲ" လို့ မမြင်ရာ လွှဲချတတ်သူ အတွက်တော့ ကောင်းကောင်း ဖြေသိမ့်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် – မနှစ်သိမ့် နိုင်သူ အဖို့ ဘာသာတရား ဟာ လိမ်စဉ် သက်သက် ပဲလို့ အထင်ရောက်သွားမယ် မဟုတ်လား။

စင်စစ် ဘာသာတရား က လိမ်နေတာ မဟုတ်ဘူး ။ ဘာသာတရားက သာ ပြန်အလိမ်ခံနေရတာ ဖြစ်နိုင် ပါတယ်။ ဆိုပါစို့ ~ God, အလ္လာ၊ ကောင်းကင်ဘုံ၊ နတ်ပြည်၊ ချမ်းသာ စသည် ဒီအရာ ဒီစကားလုံး တွေက ဘာသာတိုင်းမှာ လိမ်ထားတာ မဟုတ်ဘူး။ ခင်ဗျား မြင်အောင် ကြည့်ဖို့သာ လိုတယ်။ ခင်ဗျား အတွင်း သန္တာန်မှာ စိတ်ကူး၊ မျှော်မှန်းချက် တွေကသာ ဘာသာတရား ကို ပြန်ပြီး လိမ်လည် ယူတယ်။ ဥပမာ – "ဘုရားသခင်ဟာ သူနဲ့ ပုံတူ အဖြစ် လူသား ကို ဖန်ဆင်း တယ်" – ဒါဟာ "ခင်ဗျားရဲ့ အသွင်သန္တာန် ကိုယ်၌က ဘုရားသခင် ဖြစ်တယ် – ခင်ဗျား ရဲ့ အတွင်းအနှစ်သန္တာန် မှာ အကြည်လင်ဆုံး ရှိတယ် – ခင်ဗျား သန္တာန် ကို ခင်ဗျား ပြန်မြင်အောင် ကြည့်ပါ – ဘုရားသခင်ဟာ ခင်ဗျား ကိုယ်တွင်းမှာ ရှိတယ် – မိမိကိုယ်တိုင်သည်သာ မိမိရဲ့ ဘာသာ တရား ဖြစ်တယ်" ~ လို့ ရှင်းရှင်း ဆိုတာ ပဲ မဟုတ်လား ။

ဒါပေတဲ့ လူအများက ငုံ့မကြည့်ဘူး။ မော့ကြည့်လေ့သာ ရှိပါတယ်။ မကြိမ်းဝါးနိုင်ဘူး- ဒူးထောက်ဖို့သာ အဆင်သင့် ရှိတယ်။ အဲ့ အတွက် ဘုရားသခင်ကို သူတို့ ရင်မှာ မတွေ့နိုင်ဘူး ၊ အခြား သီးခြား တစ်နေရာမှာ စိတ်ကူးတည့်ရာ ရှာတယ်။ သိပ္ပံပညာရှင် တစ်ယောက် အတွက် -ဘုရားသခင်ကို ပြင်ပ ဂြိုလ်ကမ္ဘာ တစ်ခုခု မှာ ရှာနိုင် တယ်။ အက်တမ် တစ်လုံး ထဲမှာ ဖြဲကြည့်ရင် ကြည့်မယ်။ ကလေး တွေ အတွက် – တိမ်တိုက်တွေပေါ်က မုတ်ဆိတ်ဖြူ အဖိုးကြီး လည်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ နီဂရိုး တစ်ယောက် အတွက် ဘုရားသခင်ဟာ အသားမည်းချင် မည်း မယ်။ တရုတ်လူမျိုး တစ်ယောက် အတွက် ဘုရားသခင် ဟာ ဗိုက်ရွှဲချင် ရွှဲနေပါလိမ့်မယ်။ အဲ့လိုနဲ့ နောက်ပိုင်းမှာ – ထင်ရှားလာတာက – ဘုရားသခင် ဟာ – လူတွေ ပြန် ဖန်ဆင်းတာကို ပယ်ပယ် နယ်နယ် ခံလိုက် ရတော့တယ်။

စင်စစ် ဘာသာတရား တစ်ခုတည်း မက အတော်များများရဲ့ သွန်သင်မှု အောက်မှာ အများစုဟာ အဲ့အတိုင်း ရှိနေပါတယ်။ ဆိုင်ရာ ဘာသာရေး သမား တွေက "ကံ ကံရဲ့ အကျိုး" (ဝါ) "ဘုရားသခင်ရဲ့ အလိုဆန္ဒ အတိုင်း" စတဲ့ မြင့်မြတ်တဲ့ စကား ကို တလွဲ သုံးထားကြောင်း တွေ့လိမ့်မယ်။ ဆိုလိုတာက- ကိုယ်ကိုယ်တိုင် ရဲ့ အမြင်မှ မရှိရင်- အရင်း အတိုင်း မဖွင့်ပြနိုင် ဘူးရယ်။ တနည်းပြောရင် – ခင်ဗျား ကိုယ် ခင်ဗျား ပြန်မမြင်နိုင်တဲ့ "ကံ ကံရဲ့ အကျိုး" ဟာ မျက်ကန်း ယုံကြည် ထားတဲ့ မျက်ကန်း အကျိုးပဲ ဖြစ်ပါလိမ့်မယ်။ မိမိ ကိုယ်ကိုယ် အသိအမြင် အေးချမ်းမှု မပါရှိဘဲ သုံးတဲ့ "ဘုရားသခင်ရဲ့ အလိုဆန္ဒ" ဟာ ခင်ဗျား ပြောတဲ့ ဘုရားသခင်ကို ခင်ဗျား ကိုယ်တိုင် စော်ကားနေတာ သက်သက် ပဲ။

အကျိုး မျှော် စိတ်၊ တောင်းရမ်းလိုစိတ် ရှိသူ အပေါင်း ဟာ အဲ့သည် မြင့်မြတ်တဲ့ စကားတိုင်းကို – ပုံသဏ္ဍာန် မမှန်တဲ့ စကားတွေ အဖြစ် အသွင် အမျိုးမျိုး ပြောင်း ယူ ပါ တယ်။ အဲ့သည် အခါ – ဆိုင်ရာ ဘာသာရေး ရဲ့ – ဘုန်းကြီး၊ လူကြီး၊ ဂေါပက များက – ခင်ဗျား အလိုဆန္ဒနဲ့ ကိုက်ညီအောင် ~ ရွှေလို ချင် ရွှေရမယ် ၊ ငွေလိုချင် ငွေရမယ်၊ ငြိမ်းချမ်းမှု လိုချင် ငြိမ်းချမ်းရပါလိမ့်မယ် စသဖြင့်- ခင်ဗျားကို မျှော်လင့်ချက် ပေးမယ်။ ၊ မျှားခေါ်နေလိမ့်မယ်။ တကယ်က သူတို့ မှာ ခင်ဗျား အတွက် ဘာမှ ပေးစရာ ရှိမနေဘူး- သူတို့ဟာ သူတို့တောင် အနိုင်နိုင်ရယ်။ ခင်ဗျား အတွက် သီးခြား ဘာမှ ထပ်ဖြည့် ပေးမှာ မဟုတ်ဘူး ။ သူတို့ ထပ်ဖြည့်ပေးလည်း ခင်ဗျား နေ့တွက်ကိုက်ရုံကလွဲလို့ ဘာမှ မရဘူး။

စစ်မှန် တဲ့ သန္တိ ဆိုတာ ဟာ – ခင်ဗျားက တောင်းခံလို့၊ သူတို့ကလည်း ချပေးလို့ – ရနိုင်တဲ့ အရာ မဟုတ်ပါဘူး။ ဒါကို နားလည်ဖို့ လိုပါတယ်။ ပုံပမာ အရ- ခင်ဗျား ဖင်ခု ထိုင်ထားတဲ့၊ ခင်ဗျားကိုယ်တိုင် ပြန်ကြည့်ရမယ့် ထင်းရှူ သေတ္တာလေးမှာ ကိုယ့် ဘာသာ ပြန်ခွာကြည့် ဖို့ပဲ။ ဒီပုံပမာ မှာ ထင်းရှူးသေတ္တာလို့ ဆိုပေမယ့် – တကယ် က ခင်ဗျားကိုယ် ခင်ဗျား ပြန်ကြည့်ဖို့ကို ဆိုလိုပါတယ် ။ ခင်ဗျား ရုပ်ခန္ဓာ၊ ခင်ဗျား နာမ်ခန္ဓာ ၊ ခင်ဗျား ဘဝ၊ ခင်ဗျား အသိအမြင် ~ ဒါသာလျှင် ခင်ဗျားရဲ့ အရှင်သခင်၊ ခင်ဗျားရဲ့ ရတနာ၊ ထင်းရှူး သေတ္တာ ဖြစ်ပါတယ်။ ဆွဲခွဲနိုင်ဖို့ တော့ အခြား မလို၊ သတ္တိ နည်းနည်းနဲ့ မြင်ကြည့်ဖို့သာ လိုတယ်။

ဒါ့ကြောင့် စင်စစ် အသိ အမြင် ရှိပြီးကြသူတွေ ၊ ရှေးသူတော်စင် တို့ အနေနဲ့ ခင်ဗျား အဲ့လို တောင်းခံ နေရင် ပြောမယ့် စကားက -

"ခင်ဗျား ထိုင်နေတဲ့ သေတ္တာ အစုတ် ကို ဆွဲခွာ ကြည့်ပါဦး။ အခြားမှာ အချိန်ကုန်ခံပြီး တောင်းမနေပါနဲ့။ ကျုပ် ဆီမှာလည်း လာ မတောင်း နဲ့။ ကျုပ်ပေးလည်း အလကား။ အကြွေ တစ်ကျပ် တစ်ပြား ကို အခြား တစ်နေရာက လည်း မျှော်လင့် မနေပါနဲ့။ ကျုပ် တင် မကလို့ အခြားသူ ဘယ်သူက ဘယ်လောက်ပေးနေနေ – ခင်ဗျား အတွက် ရရစားစား – ဝါးဝါးမျိုမျို ပဲ ဖြစ်နေမယ်။ ဒီနေ့ တောင်း သလို၊ နောက်နေ့ တွေလည်း တောင်းနေရဦးမယ်။ အခု သူတောင်းစား ဖြစ် သလို၊ နောက်နေ့ လည်း သူတောင်းစား ပဲ။ ဒီလို အကြွေ တစ်ကျပ် တစ်ပြား ကို တောင်းစား နေသရွေ့ ခင်ဗျား ဒီ သူတောင်းစား ဘဝက ဘယ်တော့ လွတ်မလဲ ။ စင်စစ် တောင်းစား စရာ လိုအပ် မနေဘူးရယ်။ ဒီ ဘဝက လွတ်အောင် ကျုပ် ပြောမယ်။ ခင်ဗျား အခု ထိုင်နေတဲ့ နေရာမှာ ရတနာ ရှိပါတယ်။ ခင်ဗျား အတွက် ရတနာ ဟာ ကာလ တော်တော် ကြာကြာ ကတည်းက မသိမမြင် ဖယ်ထားတဲ့ ခင်ဗျား ကိုယ်မှာ ရှိနေပြီးသားပဲ။"

ဒါပေတဲ့ သူတို့က အဲ့လို ပြောသည့်တိုင် – ကျနော်တို့ ခင်ဗျားတို့ လွယ်လွယ်ကူကူ လက်ခံနိုင်ဖို့ ခက်နေမယ်။ တောင်းရတာ အကျင့် ပါနေလို့ လည်း ဖြစ်နိုင်ပါ တယ်။ ဒါထက် ပိုပြီး ဖြစ်ကောင်း ဖြစ်နိုင်တာက – "ကျုပ် သူတောင်းစား မဟုတ်ဘူး" လို့ ခင်ဗျား ငြင်း ဆန် နေနိုင် တယ် ။ ပြန်ပြောနေနိုင် ပါတယ်။ တစ်ခါ တစ်လေ "ကျုပ်ကိုများ သူတောင်းစား ပြောရလား" ဆို ခင်ဗျား ရှူးရှူး ရှားရှား ထဖြစ်နိုင်သေးတယ်။

စင်စစ် ဒီနေရာမှာ သုံးတဲ့ "သူတောင်းစား" ဆိုတာဟာ "အလိုဆန္ဒ အထပ်ထပ် တက်နေသူ၊ ဘယ်အချိန်မှာမှ ပြည့်ဝ မနေနိုင်သူ၊ ချမ်းမြေ့ ကြည်လင်မှု မရှိဘဲ အမြဲတစေ လစ်ဟာ လိုအပ်နေသူ" လို့ ဆိုလိုတယ်။ အဲ့ဒီ လူ ဟာ တိုက်တာ၊ ခြံမြေ ရှိနေနိုင်တယ်။ အိုးအိမ်၊ စည်းစိမ် ပြည့်စုံ နေနိုင်တယ်။ ရုပ်ပိုင်း ပစ္စည်း လိုလေသေး မရှိ ဖြစ်နေနိုင်တယ်။ ဒါပေမယ့် သူ့ကိုယ်သူ ပြည့်ဝ နှစ်သိမ့် မနေနိုင်သရွေ့၊ လစ်ဟာ လိုအပ်နေသရွေ့ သူဟာ သူတောင်းစားပဲ။ ခင်ဗျား ရင်ထဲ မကြည်လင်ဘူး-မချမ်းမြေ့ဘူး- ဒါဆို ခင်ဗျား သူတောင်းစားပဲ။ ကျနော် သန္တာန်ထဲ ကြည်လင်မနေဘူး – ချမ်းမြေ့မှု မရှိဘူး ~ ဒါဆို ကျနော်လည်း သူတောင်းစား ပဲ။ တစ်ခုခုကို တော့ အစဉ် အမြဲ မျှော်လင့် တောင်းခံနေ ရတယ်။ ကိုယ့်ရင်ထဲက မျှော်မှန်းချက် အတွက် မနက်ဖြန်ကို မျှော်နေရမယ်။ အဲ့လို မျှော် နေတယ် ဆို ကတည်းက အဲ့ဒီ မျှော်နေသူဟာ သူတောင်းစား သက်သက်က လွဲလို့ ဘာမှ မဖြစ်နိုင်ဘူးရယ်။

အဲ့ဒီ အတွက် မိမိ ကိုယ်ကိုယ် ပြည့်ဝအောင် နှစ်သိမ့် နေဖို့ ၊ ဒီဘဝကို အဆုံးသတ်ဖို့ ဆိုတာ – မိမိ သန္တာန်စဉ်ကို မိမိ ကိုယ်တိုင် အမှန် မြင်ဖို့ လိုပါတယ်။ မိမိ သေတ္တာ ကို မိမိ ဘာသာ စွဲခွာကြည့် ရပါလိမ့်မယ်။ မိမိ ရဲ့ အဖြစ်ကို မိမိ ပြန်မမြင်နိုင် သူ အတွက် ဘယ်အခါမှ နှစ်သိမ့်ပြည့်ဝ နေမှာ မဟုတ်ဘူး ရယ်။ မျှော်မှန်းချက်၊ ရည်မှန်းချက် တွေနဲ့ အခုလက်ရှိကို ပစ်ပယ် ထားနေဦးမယ်။ အဲ့အတွက် သူ့သန္တာန်ဟာ ကြည်လင်မှု မရှိသလို – ချမ်းမြေ့မှု လည်း ရှိမနေနိုင်ဘူး။ ချမ်းမြေ့ မနေခြင်း ဟာ – တစ်စုံတစ်ခု လစ်ဟာနေကြောင်း၊ လိုအပ် နေကြောင်း ပြဆိုနေတာ သက်သက် ။ အဲ့ဒီ အချိန်မှာ ခင်ဗျား သန္တန်ထဲ တောင့်တနေတဲ့ စိတ် ဖြစ်နေမယ်။ အခုခဏ အတိုင်း မတည်တံ့နိုင်တဲ့ စိတ်၊ မမြင်နိုင်တဲ့ ခင်ဗျားရဲ့ အဖြစ်သာ ရှိနေတယ်။ ဒီလို မိမိ ခဏ အပေါ် မမြင်နိုင်ခြင်း အကြောင်း ကြောင့်သာ စိတ်ထင်ရာ အတိတ်၊ အနာဂတ် ကို ပြေးလွှား တမ်းတနေရတယ်။ ဒါဟာ သမားရိုးကျ သူတောင်းစား ပုဂ္ဂိုလ် တစ်ဦး ရဲ့ မြင်နေကျ တွေ့နေကျ ကိုယ်ရေး အတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီ နိမိတ်ပုံ အတွင်းက သူတောင်းစား ဟာ အချိန်ပြည့် တစ်ခုမဟုတ် တစ်ခု လိုလားနေသူ ( တစ်နည်း ) သန္တိ မရှိနိုင်သူ ကို ကိုယ်စားပြုတယ်။ ခင်ဗျား အတွက် စင်စစ် ဘယ်အရာကိုမှ သွားတောင်းနေဖို့ မဟုတ်ဘူး။ ခင်ဗျား အခုထိုင်နေတဲ့ ထင်ရှူးသေတ္တာကို ဆွဲခွာ နိုင်ဖို့က အဓိက အကျဆုံး ဖြစ်ပါတယ် ။ ရှေးနှစ်ပေါင်း များစွာ ကနေ ကနေ့အထိ ပညာရှိ အဆက်ဆက် တို့ လက်ညှိုးထိုး ပြခဲ့တဲ့ အရာ ဟာလည်း ဒီအရာပဲ မဟုတ်လား ။ ထင်းရှူးပုံးက ပုံပမာ သက်သက် ပါ။ ဆိုလိုတဲ့ အဓိကက – ခင်ဗျား ရုပ်၊ နာမ်စဉ် အားလုံး ဆွဲခွာ ပစ် ချနိုင်ဖို့ ပဲ။ အဲ့ဒီ အခါ ခင်ဗျားရဲ့ အတွင်းမှာ တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ရဖူးမယ့် ရွှေ စင်စစ် ကို တွေ့နိုင်မယ်။ ဒါကို ဘုရားသခင် လို့ ခေါ်ခေါ် ၊ ချမ်းမြေ့မှု သန္တိ လို့ ခေါ်ခေါ် ၊ သုညတ လို့ ခေါ်ခေါ် – ကြိုက်ရာ ခေါ်နိုင်တယ်။ ခင်ဗျား ဘယ်လို အမည် တပ်တပ်- ခင်ဗျား ဖြစ်တည် သမျှ စင်စစ် ငြိမ်းအေး သွားတော့တယ်။ တောင်းရမ်း နေရသမျှ ခင်ဗျား လုပ်ငန်းစဉ် အားလုံး ရပ်တန့်သွား တယ်။ ခင်ဗျား အဲ့ဒါကို သိနိုင်တယ်။

ဒါပေတဲ့ ဒီလို အကြောင်းအရာကို ဒီလို ရှင်းပြ သည့်တိုင် – လက်ရှိ သူတောင်းစား အများစုက တောင်းဖို့သာ အာသီသ ရှိပါတယ်။ – မိမိ ထင်းရှူးသေတ္တာ ကို ဆွဲခွာ မပစ်နိုင်ဘူး ။ အချို့အတွက် ဆွဲခွာ ပစ်ဖို့ အားအစွမ်း မရှိတာ ဖြစ်သလို၊ အချို့က ကိုယ့်သေတ္တာ ကိုယ်ခွာ ကြည့်ဖို့ ဘူးပိတ် ငြင်းဆန် နေမယ်။ အချို့အတွက် ဆို ကိုယ့် ထင်းရှူးသေတ္တာ ကိုတောင် ကိုယ် ပြန် မမြင်နိုင် ကြဘူး လို့ ဆိုပါတယ်။



Sent from "LIMIT"