လွတ်လပ်ငြိမ်းချမ်းခွင့် ပန်းချီပြပွဲ မြင်ကွင်း
တာရာဝေယံ။ ရန်ကုန်၊ မတ် ၁၀၊ ၂၀၁၂
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူမျာ အကျဉ်းထောင် နံရံများအကြား ရေးဆွဲခဲ့ကြတဲ့ ပန်းချီအနုပညာများအား စုစည်း ပြသသည့် လွတ်လပ် ငြိမ်းချမ်းခွင့် အမည်ပေးထားသည့် ပန်းချီပြပွဲကို ယနေ့ နံနက် ၉နာရီခွဲက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း စာပေလောက ၅ စာအုပ်ဆိုင် အပေါ်ထပ်မှာ ကျင်းပခဲ့သည်။ ပန်းချီကားများကို ခံစားနိုင်ရန် တင်ဆက်လိုက်ပါသည်။
ကိုဋ္ဌေးကြွယ်၏ လက်ရာ
ကိုအေးမင်းဖြိုး
ကိုလှိုင်ဝင်းဆွေ
ခင်မြင့်အောင်
ကိုအောင်နိုင်
ကိုဋ္ဌေးကြွယ်
မင်းကိုနိုင်
ကိုမင်းကိုနိုင်၊ ကိုပြုံးချို
ကိုပြုံးချို
ကိုပြုံးချို
ကိုစံမင်း
ကိုဇေယျ၊ ကိုဘောင်းဘောင်း၊ ကိုသက်ဇော်
ကိုဋ္ဌေးကြွယ်
ကိုဂျင်မီ
ကိုဂျင်မင်၊ ကိုကိုကြီး
မင်းကိုနိုင်၊ ဗသက်အောင်
မင်းကိုနိုင်
No More CRPP after bi-election
CRPP အမည်နှင့်ရည်ရွယ်ချက်ပြင်ဆင်မည်
by Yangon Press International on Friday, 9 March 2012 at 03:52 ·
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ - CRPP ( ၁၉၉၀ ) အား အမည်နှင့် ရည်ရွယ်ချက်ကို ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ပြင်ဆင်မည်ဖြစ်ကြောင်း ယင်းကော်မတီဝင်တစ်ဦးဖြစ်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းကပြောသည်။
" CRPP ဆိုတာဖွဲ့လို့မရတော့ဘူးလေ။ CRPP ကိုယ်စားပြုတဲ့လွှတ်တော်က လွန်သွားပြီ။ အဲဒီပုံစံလုပ်လို့မရတော့ဘူး။ အခြားပုံစံတစ်မျိုးပြောင်း လုပ်ရမယ်" ဟု၎င်းကဆိုသည်။
CRPP အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်ကလည်း ယခုအချိန်တွင် အခြေအနေများပြောင်းလဲလာသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ဟူသော နာမည်နှင့် ရည်ရွယ်ချက်ကိုပါ ပြောင်းလဲရခြင်းဖြစ်ကြောင်း ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲုတွင် ရွေးကောက်ခံခဲ့ရသော ပြည်သူ့ကိုယ်စားလှယ်များကို န.၀.တ အစိုးရမှ လွှတ်တော်ခေါ်ပေးရန် ပျက်ကွက်ခဲ့သဖြင့် ယင်းကိုယ်စားလှယ်အများစုမှ စုပေါင်းကာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းသည့် ရည်ရွယ်ချက်မှာ လွှတ်တော်ပေါ်ပေါက်ရေးနှင့် လွှတ်တော်မပေါ်ပေါက်မီ လွှတ်တော်ကဲ့သို့ ဆောင်ရွက်ရေး တို့ဖြစ်သည်။
ယခုအခါ ထိုရည်ရွယ်ချက်များအစား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေး တိုးတက်ကောင်းမွန်လာစေရေး၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ၂၀၀၈ ဖွဲု့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးစသော ရည်ရွယ်ချက်များ ပြောင်းလဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးအေးသာအောင်ကဆိုသည်။
၎င်းက " ဒေါ်အောင်ဆန်းစုကြည့်က လွှတ်တော်တွင်းကနေ ဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ကြိုးစားမယ်။ ကျန်တဲ့ တိုင်းရင်းသားတွေက အပြင်ကလုပ်မယ်။ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ ပေါင်းလုပ်မယ့်သဘောပါ" ဟုပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ဟူသော အမည်အား အစားထိုးရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ကော်မတီဝင်များ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ အမျိုးသားဒီမိုကရေစီပါတီ၊ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၊ လူ့အခွင့်ုအရေးနှင့် ဒီမိုကရက်တစ်ပါတီ တို့မှ ၁၉၉၀ ရွေးကောက်ပွဲနိုင်ကိုယ်စားလှယ်များပါဝင်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးသိန်းဖေလည်း ပါဝင်သည်။
၎င်းပါတီများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ထားပြီး ကျန်ရှိသောပါတီများမှာမူ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်ထားကြသည်။ ။
Thargyi Maung Zeya - Visiting Burmese Amnesty Art Show
သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ
သားကြီးမောင်ဇေယျ၊ မတ် ၁၀၊ ၂၀၁၂
လွတ်လပ်ငြိမ်းချမ်း ပန်းချီပြပွဲသို့ အရောက် …
သို့
ကိုရစ်
ကျနော် အခုပဲ လွတ်လပ်ငြိမ်းချမ်းပန်းချီပြပွဲ ကပြန်ခဲ့တယ်။ မနေ့မတည်းက သားတော်မောင်က ဒီပန်းချီပြပွဲကို ၉း၀၀ နာရီ အရောက်သွားရမယ် လို့ ထပ်ခါ ထပ်ခါ သတိပေး နေတာကြောင့် မနက်စောစောထ အိမ်အလုပ်တွေ စောစော ပြီးအောင်လုပ်ပြီးသွားဖို့ပြင်ပါတယ်။ သမီးကလည်း တက်တက်ကြွကြွနဲ့ စောစောထပြီး သွားဖို့ ပြင်ဆင်ပါတယ်။ သားရဲ့ သူငယ်ချင်းက အိမ်မှာ ညကတည်းလာအိပ်နေတာပါ။
ကျနော်တို့ ပြပွဲကျင်းပရာ ပန်းဆိုးတန်းလမ်း အထက်ဘလောက်မှာရှိတဲ့ စာပေလောက စာအုပ်ဆိုင်ကို ၉း၀၀ နာရီ မထိုးခင်ရောက်ပါတယ်။ လူတွေ တော်တော်များနေပြီ။ ခန်းလုံးပြည့် ကြိတ်ကြိတ်တိုးပါပဲ။ ပြပွဲ မှာ ပြသတဲ့ ပန်းချီကားတွေကလည်း ပြပွဲ နံရံမှာ တိုးတိုးဝေ့ဝေ့ ချိတ်ဆွဲထားပါတယ်။
ပန်းချီကားတွေက ထောင်နဲ့ ပါတ်သက်တဲ့ ပန်းချီကားတွေများပါတယ်။ အစိုးရ အဆက်ဆက်က ကျောင်းသားဆိုးတွေ၊ အဖျက်သမားတွေ၊ သောင်းကျန်းသူတွေ ၊ အမေကျော် ဒွေးတော်လွန်းသူတွေ လို့ နာမည်ဆိုးတွေ အတပ်ခံ ခဲ့ရတဲ့ လူတွေရဲ့ လက်ရာတွေပါ။ သူတို့ ဟာထောင်ထဲမှာ စိတ်ပိုင်း ရုပ်ပိုင်း အနှိပ်စက်ခံ ရင်း သူတို့ရဲ့ ငြိမ်းချမ်းတဲ့ စိတ်တွေ၊ အလှကိုမြတ်နိုးတတ်တဲ့စိတ်တွေ၊ ဘ၀ ကိုချစ်တဲ့ စိတ်တွေ နိုင်ငံနဲ့ လူမျိုး အရေးကို အလေးထားဦးထိပ်ပန်ဆင်တဲ့ စိတ်တွေ စတဲ့ ဝေဒနာစိတ်ရောင်စုံတွေနဲ့ ဒီပန်းချီကားကိုရေးဖွဲ့ခဲ့ကြတာပါ။ တခါတရံ သူတို့ရဲ့ ဒလဟော သွန်ကျလာတဲ့ သွေးတွေ၊ တပေါက်ပေါက် ကျခဲ့ရတဲ့ မျက်ရည်တွေ၊ တဆွေ့ဆွေ့ ခုန်နေတဲ့ နှလုံးသားတွေ၊ တမြေ့မြေ့ ဆွေးခဲ့ရတဲ့ ဘ၀ကောက်ကြောင်းတွေနဲ့ ဒီပန်းချီကို ဖန်ဆင်းခဲ့ကြတာပါ။
သူတို့ကို ဘယ်သူတွေက လူဆိုးကြီးတွေအဖြစ် ပုံဖျက် သရုပ်ဖေါ်ခဲ့ကြပါသလဲ။ ဘယ်သူတွေကများ တာဝန်မသိသူတွေ အဖြစ် လက်ညိုးထိုးခဲ့ ကြပါသလဲ။ ဘယ်သူကများ အကြမ်းဖက်သမားတွေ အဖြစ် မျက်နှာပြောင်တိုက် ကြော်ငြာခဲ့ ကြပါသလဲ။
အင်းစိန်ထောင် တိုက်တစ် ထဲမှာ သိခဲ့ရတဲ့ ကိုဋ္ဌေးအောင် (သာကေတ NLD )က ကျနော် ကျနော့် လက်ဆွဲနူတ်ဆက်ရင်း စကားဆိုပါတယ်။ သူ့ အသံ ကို ကျနော်မကြားပါ။ တကယ်တော့ သူ့အသံကို သူလည်းမကြားဘူး ဆိုတာ ကျနော်သိပါတယ်။ သူဟာ စစ်ကြောရေးမှာ နာအုံ ကို အရိုက်ခံရပြီးကတည်းက သူဟာနားမကြားသူ ဖြစ်ပါတယ်။ ကျနော်က သူနဲ့ စကားပြောတဲ့ အခါ ပါးစပ်ကိုသူမြင်အောင် လှုပ်ပြပြီး လက်ဟန်ခြေဟန်ကိုသာ အားပြုပြောလေ့ရှိပါတယ်။ သူနဲ့ စကားပြောနေတုန်း လူတစ်ယေက်က ကျနော်ကိုဝင်တိုက်ပါတယ်။ ကျနော်လှည်ကြည့်လိုက်တော့ သူကခြေတဖက် ဆာနေပြီး ကိုယ်ကိုယိမ်းထိုး ရင်း တုန်ချိတဲ့ လက်တွေနဲ့ ပန်းချီးကားတချပ်ကိုလက်ညိုးထိုးရင်း …
"ငါတို့ နေတဲ့ တိုက်က အဲဒီလို တံခါးနှစ်ထပ်နဲ့ပေါ့ …"
လို့ သူမိတ်ဆွေကိုပြောပြနေပါတယ်။
လူတွေက ကြပ် ၊ ပန်းချီကားတွေကြပ်၊ ခံစားမှုတွေက ကြပ်လာတဲ့ အခါ ကျနော် လက်ဖက်ရည်ဆိုင်ကို တစ်ယောက်ထည်းသွားဖို့ ထွက်လာခဲ့တယ်။
ကျနော် ကင်း လက်ဖက်ရည်ဆိုင်ထဲရောက်တော့ ဟိုဖက်ဝိုင်းမှာ ကိုပြုံးချို၊ မစန္ဒာမင်း၊ ကိုဝင်းမော်တို့၊ ဒီဖက်ဝိုင်းမှာ ထောင်ထွက် ကဗျာဆရာ ၊ စာရေးဆရာ အချို့ ၊ ဟိုဒေါင့် နားမှာ ကိုဋ္ဌေးလွင် (မြန်မာစာ) ၊ ကိုနော်ကျော်၊ ဒီဒေါင့်ဝိုင်းမှာ ကိုဋ္ဌေးအောင် (သန်လျှင်) ၊ ကိုကျော်အောင် ရွေပြည်တန်၊ ကိုစိုးအုပ်တို့ ၊ ကျနော်အားလုံးကို အားရ၀မ်းသာလိုက်နူတ်ဆက်မိတယ်။ အရင်တုန်းကဆို ကျနော်တို့ဟာ လမ်းမှာတွေ့ရင်တစ်ယောက်ကိုတစ်ယောက် မခေါ်ရဲကြ၊ မမြင်ဟန်ဆောင်ခဲ့ ရသူတွေပါ။ ပြောစရာ ရှိရင်မျက်ရပ်ပြ၊ လက်ရိပ်ပြ ၊ လူရှင်းတဲ့နေရာမှာ နှစ်ယောက်တည်း ပြောစရာရှိတာ တိုးတိုးတိတ်တိတ် မြန်မြန် လေးပြောကြ။ သူက ခတ်သုတ်သုတ်သွား၊ ကျနော်က ခတ်ကုပ်ကုပ် နေ၊ အဲဒီလိုအခြေနေတွေထဲမှာ ယုံကြည်မှုတွေကတော့ ရင်နဲ့ အပြည့်ပေါ့။
ခုတော့ ပွင့်ပွင့်လင်းလင်း ခေါ်ကြပြောကြ။
ကျနော်က ကိုနော်ကျော်ကို ကျနော့်ပန်ချီဆောင်းပါးတွေ ဘယ်မှာ ပိုရင်ကောင်းမလဲ လို့ပြောတော့ သူ့ လုပ်နေတဲ့ မဂ္ဂဇင်းမှာ ပဲ ပို့ပါလို့ ပြောတော့ အားတက်သွားတာပေါ့။
ကိုဋ္ဌေးလွင်က ကျနော်ကို ချက်မှာ ပညာသင်ပြီးခဏပြန်လာတဲ့ မဝေမာညွန့်နဲ့ မိတ်ဆက်ပေးတယ်။ ကျနော်က သားအကြီးကောင် ချက်မှာ ရုပ်ရှင်ပညာသင်နေတဲ့ အကြောင်းပြောတော့ သူ့ နဲလည်းသိတယ်၊ အပြန်လူကြုံပေးလို့ရတယ်လို့ပြောတော့ တော်တော်ဝမ်းသာသွားတယ်။
ဒါပေမယ် ကျနော်တို့စကားပြောတာကို နောက်နားက လူတစ်ယောက် ကပ်ပြီးနားထောင်နေတယ်လို့ ခံစားသိနဲ့ သိလိုက်တဲ့ ကျနော်ဟာ စကားကိုရုပ်တရက်ရပ်ပြီး နောက်ကိုလှည့်ကြည်လိုက်တဲ့ အခါ၊ ဟုတ်ပါတယ် ကျနော်တို့ စကားပြောတာကို အနားကပ် အားစိုက်နားထောင်နေတဲ့ မျက်တွင်းချိုင့်ချိုင့် ၊ မျက်နှာဖြူဖတ်ဖြူယော်၊ ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ကျနော်က သူ့ကိုလှည်ကြည့်လိုက်တဲ့အခါ သူက လူမိသွားတဲ့ မျက်နှာနဲ့ ကျနော့်ကို ခပ်အမ်းအမ်းကြည့်နေပါတယ်။ နောက်ပြီး ကျနော့်ကို ကျနော်နားမလည်တဲ့ ဘာသာစကားနဲ့ စကားတွေပြောပါတယ်။ နောက်သူက ကျနော်ကို တရိုတသေ နှုတ်ဆက် ပြီး ဆိုင်ထဲကထွက်သွားပါတယ်။
ကျနော်က ကိုဋ္ဌေးလွင်ကိုသူဘယ်သူလဲလို့ မေးလိုက်တော့ ခင်ဗျားတို့နဲ့ အတူ ၁၃ ရက် ထွက်လာတဲ့သူပါ။ သူက စိတ်မှာ တော်တော် ဒါဏ်ရာ ရထားလို့ အခုလိုဖြစ်နေတာ လို့ ကျနော့်ကိုပြောပါတယ်။
အင်း . . . တကယ်တော့ ကျနော်လည်း သူ့လိုပဲ စိတ်မှာ ဒါဏ်ရာတခုခုရထားလို့ လူတွေကို သံသယ စိတ်နဲ့ ကြည်မိနေပါလားလို့ မှတ်ချက်ချမိပါတယ်။
ကျနော်တို့ အားလုံး ကျနော်တို့ရဲ့ စိတ်တွေကို အရင်ကုစားရပါဦးမယ်။
(Photo - Yangon Press International, Facebook)
စင်္ကာပူမြန်မာသံရုံးအကြောင်း သမ္မတထံ ပေးစာ - open letter
ဟိန်းထိုက်ဈာန် (ခ) ကျော်ကျော်အောင်
မတ် ၁၀၊ ၂၀၁၂
မတ် ၁၀၊ ၂၀၁၂
၁. ကျွန်တော်သည် စင်ကာပူနိုင်ငံသို့ ၂၀၀၈ ခုနှစ်ကရောက်ရှိပြီး S Pass ဖြင့် ယခုအချိန် (၁၀.၃.၂၀၁၂) ထိ အလုပ် လုပ်ကိုင်လျက်ရှိပါသည်။
Thursday, March 8, 2012
Anmesty Art Show opens today
လွတ်လပ်ငြိမ်းချမ်းခွင့် ပန်းချီပြပွဲ ကျင်းပ
မိုးမခ ဓာတ်ပုံသတင်း၊ ရန်ကုန်၊ မတ် ၉ ၊ ၂၀၁၂
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူမျာ အကျဉ်းထောင် နံရံများအကြား ရေးဆွဲခဲ့ကြတဲ့ ပန်းချီအနုပညာများအား စုစည်း ပြသသည့် လွတ်လပ် ငြိမ်းချမ်းခွင့် အမည်ပေးထားသည့် ပန်းချီပြပွဲကို ယနေ့ နံနက် ၉နာရီခွဲက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း စာပေလောက ၅ စာအုပ်ဆိုင် အပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့သည်။
ပန်းချီကားများတွင် အကျဉ်းထောင် နံရံအတွင်း နေထိုင်စဉ် ခံစားရသည့် စိတ်ခံစားမှုများ၊ အတွေးများကို ထင်ဟပ်နေသည်ကို ခံစားတွေ့မြင်ရသည်။ ပန်းချီကားများကို ၀ယ်ယူလိုပါက ရောင်းချပေးမည်ဟု လည်းသိရသည်။ ပြပွဲစီစဉ်သူများမှာ နိုင်ငံရေး အကျဉ်းသားဟောင်းမျာဖြစ်ကြသည့် ကိုထွန်းဝင်းငြိမ်း၊ ကိုဘသက်အောင်၊ ကိုဇော်ရဲဝင်း၊ ကိုထွန်းကြည်၊ ကိုကျော်ကျော်ထွေး၊ ကိုဆန်နီစသည်တို့ ဖြစ်ကြသည်။
U Win Tin to turn 82
ဟံသာဝတီဦးဝင်းတင် မတ် ၁၂ မှာ ၈၂ နှစ်ပြည့်မည်
ဓာတ်ပုံသတင်း၊ မတ် ၉ ၊ ၂၀၁၂
လာမယ့် မတ် ၁၂ မှာ မြန်မာပြည်ရဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်၊ အင်န်အယ်ဒီပါတီ ထူထောင်ခဲ့သူ တဦး၊ သံမဏိသက်ရှည် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် အသက် ၈၂ ပြည့်မယ်လို့ သိရပါတယ်။ အဲသည် မွေးနေ့အတွက် အမှတ်တရစကားကို ချစ်ခင်လေးစားသူများအတွက် ရေးသားထားတာကို အထက်ပါအတိုင်း တွေ့ရပါတယ်။ ငယ်စဉ် အသက် ၂၈ ကတည်းက သူများအတွက် အသက်ရှင်လာခဲ့သူတဦးအနေနဲ့ သေဖို့အတွက် မနေဘူး၊ သူများအတွက် နေဖို့ အသက်ရှင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives