[moemakadaily@moemaka.biz] 6th March 2012 - MoeMaKa Daily

သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ
သားကြီးမောင်ဇေယျ။ မတ် ၆၊ ၂၀၁၂
သို့
ကိုရစ်ရေ …
ရက်စွဲ ၂၉ ဇန်န၀ါရီ၊ ၂၀၁၂
ကျနော် သစ်ခုတ်လုပ်သားတွေဟာ ဘိန်းကြွေးစေခိုင်းခံရပြီး တရားမ၀င်သစ်တွေကို …
မနက်အိပ်ရာထတော့ ၆ နာရီထိုးနေပါပြီ။ အ၀တ်အစားလဲပြီးတာနဲ့ အပြင်ထွက်ဖို့ ပြင်ပါတော့တယ်။ ပထမ မေမေတို့အိမ်၊ ဒုတိယ ကိုခင်မောင်ဝင်းအမေ (ဗိုလ်စက်ရောင်ရဲ့ ဇနီး ဒေါ်ခင်ရီ (ခ) ဖွားမေ) နှစ်လည်၊ တတိယ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုလုပ်တဲ့ နိုင်ကျဉ်း များ ဂုဏ်ပြုပွဲ၊ စတုထ္တ ဦးထင်ကျော်(ဆရာမင်းသုဝဏ်ရဲ့သား) အိမ်ကိုသွားဖို့ အစီအစဉ်ဆွဲလိုက်ပါတယ်။
နောက်မှ သတိရတာက လမ်းထိပ်လက်ဖက်ရည်ဆိုင်(ဖက်ဖူးရောင်) မှာ ကဗျာဆရာ ကိုမှိုင်း နဲ့ ချိန်းထားတာ ကိုပါ။ သူနဲ့ ၇း၀၀ လောက်မှာ လက်ဖက်ရည် အတူ သောက်၊ အလာပ သလာပ ပြောဖြစ်ကြတယ်။ သူက အရင် ဒီဗီဘီ အတွက် ပုံတွေ တင်ပေးနေတဲ့ သူပါ။ အခု ဗီဂျေ အတွက် ပုံတွေ တင်နေပါတယ်။ မဟုတ်မခံစိတ်ပြင်းထန်တဲ့ ရိုးသားတဲ့ ဂီတ သမားတစ်ဦးပါ။ ဒီဗီဘီ အကွဲအပြဲမှာ သူအခက်အခဲတွေကိုပြောတာ စိတ်ဝင်စားစရာပါ။
အရင်ချိတ်ဆက်နေရတဲံ သူတွေ (လက်ရှိ VJ လုပ်နေသူတွေ ) နဲ့ ချိတ်ဆက်ဆက်ရတာ လွယ်ကူချောမွေ့ပေမယ့် သူ့အရုပ်တွေကို လူတိုင်းမြင်အောင် မပြနိုင်တဲ့ အတွက် စိတ်ထိခိုက်ရကြောင်း၊ နောက်ပြီး ဒေါ်စု နေအိမ် အကျယ်ချုပ်က လွတ်လာတုန်းက အရုပ်တွေ အစအဆုံး ရလိုက်ကြောင်း သူကျေနပ်ရင်ခုန်စွာနဲ့ပြောပါတယ်။ DVB အကွဲဟာ အားလုံးအတွက် အလွန်ထိခိုက်ကြောင်း ပြောပါတယ်။ အောက်ခြေက ဒီ/လှုပ် တွေက ယုံကြည်ချက် မျှော်လင့်ချက် တွေနဲ့ လှုပ်ရှားနေချိန်မှာ ထိပ်ပိုင်းက ငွေ ကိုအကြောင်းပြုတဲ့အကွဲအပြဲတွေကြောင့်သူတို့ စိတ်ထိခိုက်ရကြောင်းပြောပါတယ်။ သူပြောတာဟုတ်ပါတယ်။ ဒါမျိုးတွေဟာ လက်တွေ့ဘ၀ တွေမှာ ကြုံတွေ့ရစမြဲပါပဲ။ ဘယ်သူတွေ ဘာတွေ ဘယ်လိုလုပ်လုပ် မိမိ ယုံကြည်ချက်အပေါ် သစ္စာရှိရှိ လုပ်နေဖို့လိုပါတယ်။
နောက်ထပ်သူ့ဆီက စိတ်ဝင်စားစရာ ကောင်းတဲ့စကားတွေကြားရပါသေးတယ်။ အဲဒါက သုစရိယုဝ (သို့) အရက်မသောက်သူများ အသင်း ကိုပြန်ဖွဲ့စည်းဖို့ကြိုးစားနေတဲ့သတင်းပါပဲ။ အဲဒီအသင်းဟာ ၀ိုင်အမ်ဘီအေ အသင်းနဲ့ ပူးပေါင်းပြီး ၁၉၁၁  ခုနှစ်မှာတည်ထောင်ခဲ့တာ အခု နှစ် ၁၀၀ ပြည့်ခဲ့ပြီ လို့သိရတယ်။ ကိုလိုနီ အစိုးရရဲ့ အရက်ရောင်းချ ချက်လုပ် ဖြန့်ဖြူးခွင့် ဥပဒေကို တားမြစ်ပေးဖို့ တောင်းဆိုခဲ့ကြတယ် လို့သိရပါတယ်။
လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ကျော်က စစ်အစိုးရက ဒီ/လှုပ် လူငယ်တွေကို တိုက်ခိုက်ဖျက်ဆီးရာမှာ အရက်၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ တွေကိုလက်နက်သဖွယ်အသုံးပြုခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ ဟုတ်ပါတယ် ကျနော်သီပေါထောင်မှာ တွေ့တဲ့ မူးယစ်မှု့နဲ့ ထောင်ဒဏ် ၆ နှစ် ကျော် အပြစ်ပေးခံနေရတဲ့ မန္တလေး က ကိုကြည်ဆွေဟာ ၈၈ အရေးအခင်းမှာ ၉ တန်းကျောင်းသား ကလေးသာဖြစ်ပါတယ်။ သူဟာ အရေးတော်ပုံ မှာ တက်ကြွစွာပါဝင်ခဲ့သူတဦးဖြစ်ခဲ့တယ်။ စစ်အစိုးရ အာဏာရပြီးချိန်မှာ ဘိန်းဖြူတွေဟာ မန်းန္တလေးမှာ အလွယ်တကူဝယ်ရလို့ စမ်းကြည့်ရာမှ ဘိန်းစားဘ၀ကိုရောက်ခဲ့ရတယ်လို့ကျနော်ကို ကြေကွဲစွာပြောပြပါတယ်။ ကျနော် ဘိန်းစားသာမဖြစ်ခဲ့ရင် အာဏာရှင်ဆန့်ကျင်ရေးမှာ ရှေ့ဆုံးက ပါခဲ့မှာပါလို့ ပြောပါတယ်။
အဲဒီလိုပဲ ဘိန်းမှုနဲ့ ထောင်ကျလာတဲ့ အရွယ်ကောင်း တိုင်းရင်းသား လယ်သမားတွေဟာ လယ်လုပ်ပိုင်ခွင့်ရတားတဲ စစ်ဖက်နဲ့ နီးစပ်တဲ့ တိုင်းတပါးက စီးပွားရေးတရုတ်လူမျိုးတွေရဲ့ ဘိန်းကြွေးခိုင်းစေမှု့ကို ခံခဲ့ရာမှ ယခုလို ဘိန်းစားတွေ ဖြစ်ခဲ့ရကြောင်း ပြောပြပါတယ်။ သူတို့ကို အလုပ်ရှင်က အလုပ်များ ပြင်းပြင်းထန်ထန်လုပ်နိုင်ရန် ၊ အလုပ်က ထွက်မသွားနိုင်ရန် ရည်ရွယ်ပြီး အခုလိုဘိန်းကြွေးပြီး ခိုင်းခဲံကြောင်း သိခဲ့ရပါတယ်။
အခုဆိုရင် သီပေါထောင်မှာ ဘိန်းမှုနဲ့ ထောင်ကျတဲ့ အကျဉ်းသား ၈၀ ရာခိုင်းနူံး ရှိတယ်လို့သိရပါတယ်။ ထက်ဝက်ကျော်ဟာ မြန်မာစာ မတတ်ကြပါဘူး။ သူတို့ရဲ့ တိုင်းရင်းသားစာပေဖြစ်တဲံ့ ရှမ်းစာကိုလည်း စစ်အစိုးရ လက်ထက်မှာ ပေါ်ပေါ်ထင်ထင်သင်ခွင့်မရကြပါဘူး။
 အလားတူပဲ စစ်တပ်နဲ့နီးစပ်တဲ့ သစ်ကုမ္မဏီကြီးတွေအတွက် သစ်ခုတ်လုပ်သားတွေဟာ ဘိန်းကြွေးစေခိုင်းခံရပြီး တရားမ၀င်သစ်တွေကိုခုတ်လှဲပေးရင်း သူတို့ဟာဘိန်းစားဘ၀ကို ရောက်ခဲ့ရတယ်လို့သိရပါတယ်။ အဲဒါတွေ တွေ့မြင်ခဲ့ရတဲ့ ကျနော်ဟာ လူငယ်တွေရဲ့ မူးယစ်ဆန့်ကျင်ရေးစိတ်ကို အသိအမှတ်မပြုဘဲ မနေနိုင်ပါ။


ကျနော်တို့ အနုပညာ အ၀န်းအ၀ိုင်းကလေးဟာ အသောက်အစားကလေးများ ကို အကြောင်းပြုပြီး မကြာခဏ ဆုံစည်းကြပါတယ်။ ကျနော်တို့ အုပ်စုကလေးကို နယ်စည်းမခြား အရက်သမားများအဖွဲ့ လို့ လူသိများကြပါတယ်။ ကျနော်ထောင်က ထွက်လာတော့ ကိုသန်းအုန်း (မိုးဝေ ) ၊ ကဗျာဆရာ ကိုလှသန်း တို့လည်း မရှိကြတော့ပါဘူး။ ကိုသုမောင်၊ ကိုဝဏ္ဏ  တို့လည်း မရှိကြတော့ဘူး။ ကျနော်လည်း ထောင်က ထွက်လာပြီးကတည်းက သွား တွေမရှိတော့လို့ အရည်ကလေးများကိုသာ မှီဝဲမယ်လို့ စိတ်ကူးယဉ်ခဲ့တာ အခုခြေထောက်တွေ ယောင်နေလို့ ယမကာ အရည်ကလေးများကိုလည်း မမှီဝဲရဲတော့ပါဘူး၊ ကျနော်ရှေ့ မှာ ပန်းချီဆရာတွေဖြစ်ကြတဲ့ ၀င်းမော်ဟန်၊ ကေမျိုး၊ မျိုးဝေ တို့ကလည်း အသက်လဲပြီး ကျနော်တို့ကို သင်္ခန်းစာတွေ ပေးခဲ့ကြတယ် မဟုတ်ပါလား။
အခုအချိန်မှာ ဘက်ပြောင်းသူတွေ၊ ပါတီပြောင်းသူတွေ၊ အဖွဲ့ပြောင်းတာတွေ အတော်ကလေး ခေတ်စားနေတော့ ကျနော်လည်း နယ်စည်မခြား အရက်သမားများအဖွဲ့ကနေ သုစရိယုဝ အသင်းကိုပြောင်းမလားလို့ စိတ်ကူးနေမိတယ်။ ကျနော်က အသောက်စွမ်းရည်တွေ ကျလာတော့ အဲဒီအဖွဲ့မှာ အီးစီ မဖြစ်နိုင်တော့မယ့်အတူတူ သုစရိယုဝ အသင်းကိုပြောင်းလိုက်ရင် အနည်းဆုံး အရက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်သူများအဖြစ်တော့ အကြိုဆိုခံရမှာသေခြာတယ်မဟုတ်လား။
ဟော …   ဒီစာရေးနေရင်း အခုမှ သတိရတယ်။ ကျနော်တို့ နယ်စည်းမခြား အရက်သမားများ အဖွဲ့က ဂုဏ်ပြုမလို့တဲ့ လှိုင်သာယာက ကဗျာဆရာ ဟိန်းမြတ်ဇော်အိမ်မှာ ဒီမနက်ချိန်းထားကြတယ်။ သွားလိုက်ဦးမယ် ကိုရစ်ရေ ၊ ပြန်လာမှ ဆက်ရေးမယ်နော်။    ။
သားကြီးမောင်ဇေယျ   
(ဇန်န၀ါရီ ၂၉ ၊ ၂၀၁၂)
(စာတည်း၏ ဖြည့်စာ - သားကြီးမောင်ဇေယျ ကို စစ်အစိုးရက ၂၀၁၀ ခုနှစ် ဧပြီမှာ သူ၏သား စည်သူဇေယျနှင့်အတူ ဖမ်းဆီးခဲ့သည်။ ပြည်ပက အဖွဲ့အစည်းများ၊ လူများနှင့် ဆက်သွယ်မှုကို အကြောင်းပြုပြီး အမှုဆင် ထောင်ချခဲ့သည်။ ၂၀၁၂ ဇန်န၀ါရီ ၁၃ မှာ ၂ ဦးစလုံး ပြန်လည်လွတ်မြောက်လာခဲ့သည်။ အကျဉ်းထောင်က လွတ်မြောက်လာပြီး ပေးပို့သည့်စာကို မိုးမခမှာ ကလောင်အမည်အတိုင်း တင်ဆက်ခြင်း ဖြစ်ပါသည်။ စာရေးဆရာများက သူတို့ကလောင်အမည်အတိုင်း ပေးပို့လာက ထိုအတိုင်း တင်ဆက်မှာ ဖြစ်ပါသည်။ ပြည်တွင်းကလောင်နံမယ်တွေကို ပြည်တွင်းက အာဏာပိုင်များကဲ့သို့ ဆင်ဆာဖြတ်ခြင်းမျိုး မပြုချင်ပါ။)

Cartoon Gyaw Dee - Four Legged President after one year

ကာတွန်း ဂျော်ဒီး -၁ နှစ်သား သမ္မတကြီး လေးဖက်ထောက်ပြီ
မတ် ၆၊ ၂၀၁၂

Burmese in Oregon to host Burmese Conference

အော်ရီဂွန်ပြည်နယ်၌ မြန်မာတို့ နှီးနှောဖလှယ်ပွဲကျင်းပနိုင်ရန်ပြင်ဆင်
မိုးမခမိတ်ဆွေ၊ အော်ရီဂွန်၊ မတ် ၆၊ ၂၀၁၂
အော်ရီဂွန်ပြည်နယ်၌ရောက်ရှိနေကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သည့် နှီး နှောဖလှယ်ပွဲကြီးတရပ်ကျင်းပနိုင်ရေးအတွက် အော်ရီဂွန်ပြည်နယ်သို့ ရောက်ရှိနေကြသော မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ၊ စိတ်ပါဝင်စားသူများပါဝင် သည့် ပဏာမညှိနှိုင်းပွဲတရပ်ကို အော်ရီဂွန်ပြည်နယ် ပေါ့တလန်းမြို့ရှိ ပြောင်းရွှေ့အခြေချနေထိုင်သူများအား အကူအညီပေးလျှက်ရှိနေသည့် လူသာရမ်ကွန်ုမြူနတီရုံး (Lutheran Community Services) 605 SE 39th- Ave, Portland- OR- 97214.) ၌ မတ်လ (၃) ရက်နေ့ နေ့လည် (၂) နာရီမှ (၅)နာရီ အထိ ကျင်းပပြုလုပ် ခဲ့ကြပါသည်။
၎င်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာအဖွဲ့ကိုယ်စားပြုသူများ တသီးပုဂ္ဂလများ စုစုပေါင်း(၂၅) ဦးခန့်တက်ရောက် ခဲ့ကြသည်။ ဆွေးနွေးပွဲ၏သဘာပတိများအဖြစ် ဦးကင်းမိုင်ဇန်၊ ဦးဌေးအဲရယ်၊ ဦးမျိုးလွင်တို့မှဆောင်ရွက်ခဲ့ကြပြီး အခန်းအနားမှူးအဖြစ် ဦးထွန်းထွန်းနှင့် မှတ်တမ်းတင်ခြင်းကို ဦးပံသုနှင့် ဦးရှိုင်းကိုကိုဦးတို့မှ ဆောင်ရွက်ခဲ့ကြ ပါသည်။
တက်ရောက်လာသော အော်ရီဂွန်ပြည်နယ်ရောက်မြန်မာပြည်သားများမှ လက်ငင်းပြည်ထောင်စုမြန် မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေများအပေါ်၌ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး လူမျိုးပေါင်းစုံပါဝင်သည့်နှီးနှောဖလှယ်ပွဲတရပ်ကို အော်ရီဂွန်ပြည်နယ်၌ စုပေါင်းကျင်းပ သွားကြရန် တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြပါသည်။ ဆက်လက်၍ ညိုနှိုင်းဆောင်ရွက်မှုများကို ယနေ့အစည်း အဝေးပွဲသို့မတက်ရောက်နိုင်သည့် အခြားသောစိတ်ပါဝင်စားသူ ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြင့် လာမည့် မတ်လ(၂၄)ရက်နေ့တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။
 ပြည်ထောင်စုမြန်မာနိုင်ငံ လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ (အော်ရီဂွန်ပြည်နယ်)၏ ဖြစ်မြောက်ရေးကော်မတီတရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။ နှီးနှောဖ လှယ်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ လုပ်ဆောင်သွားမည့်ရည်ရွယ်ချက်၊လုပ်ငန်းစဉ်များကို လာမည့်မတ်လ(၂၄) ရက်နေ့တွင်ထပ်မံပြုလုပ်မည့် အစည်းအဝေးအပြီး၌ အသေးစိတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

Nyein Chan Aye - U Win Tin Part 2

စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် အပိုင်း ၂
ငြိမ်းချမ်းအေး၊ မတ် ၅၊ ၂၀၁၂

ဦးဝင်းတင် မန္တလေးကို စရောက်တဲ့အချိန် (၁၉၆၉) ကိုပြန်ဆက်ရရင်.. ဟံသာဝတီ မန္တလေးမှာ စထုတ်တော့ ဗိုလ်သောင်းဒန်က သတင်းစာမှာ နိုင်ငံရေးအနေနဲ့ အစိုးရနဲ့ မတည့်တဲ့၊ စာပေလမ်းစဉ်အနေနဲ့လည်း အထက်ဗမာပြည်စာရေးဆရာအသင်းကို ဦးဆောင်ပြီး "စာပေကို စကားပြောနဲ့ရေးမယ်" ဆိုတဲ့ "တယ်"  စာပေတိုက်ပွဲ လှုပ်ရှားမှုကို  မြန်မာစာပါမောက္ခ ဦးကျော်ရင်၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုးစသူတို့နဲ့ အတူ ဦးဆောင်လှုပ်ရှားနေတဲ့ လူထု ဦးလှ၊ လူထု ဒေါ်အမာ စတဲ့ သူတွေရဲ့ စာတွေ မထည့်ဖို့မှာတယ်။

 အဲ့တော့ ဦးဝင်းတင်က ကျနော်တို့ မန္တလေးမှာ အစိုးရသတင်းစာထုတ်ဖို့သွားတာက လူထုဦးလှတို့နဲ့ ရန်ဖြစ်ဖို့သွားတာမဟုတ်ဘူး။ လူထုမောင်နှံလို စာပေသြာဇာရှိတဲ့၊ မြို့ခံ မြို့မိ၊မြို့ဖလည်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စာတွေကို ကျနော်ကတော့ ငြင်းစရာအကြောင်းမရှိဘူး။ "တယ်" နဲ့ရေးလည်း စာကောင်းရင်၊ အကျိုးရှိရင် ထည့်ရမှာပဲ။ အဲ့တော့ ကျနော် အယ်ဒီတာတစ်ယောက်အနေနဲ့ တာဝန်ယူပြီး သူတို့စာတွေထည့်မယ်။ ဒါပေမဲ့ အစိုးရသတင်းစာဖြစ်တဲ့အတွက် အစိုးရရဲ့ ပေါ်လစီနဲ့ မကိုက်လို့ မထည့်နိုင်တဲ့ တချို့စာတွေတော့ ခြွင်းချက်ပေါ့ဆိုပြီး ပြန်ပြောတယ်။ ဗိုလ်သောင်းဒန်ကလည်း (unofficially) လွတ်လွတ်လပ်လပ်လုပ်ဖို့ သဘောတူလိုက်တယ်။

တကယ်လည်း မန္တလေးမှာ ဟံသာဝတီသတင်းစာစထုတ်တော့ စထွက်တဲ့ နေ့မှာကို ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား)၊ လူထုဦးလှ၊ လူထု ဒေါ်အမာအစရှိတဲ့ မြို့ခံစာပေပညာရှင်တွေရဲ့ ဆောင်းပါးတွေနဲ့ ဖွင့်ခဲ့တယ်။ ရန်ကုန်က ပုဂ္ဂိုလ်ရေး ခင်မင်တဲ့ (ကြေးမုံကတည်းကလည်း သုံးလာတဲ့) ကာတွန်းဆရာကြီး ဦးဖေသိန်း၊ ဦးဘထွေးစသူတွေရဲ့ ကာတွန်းတွေမသုံးဘဲ ဒေသအသံထွက်စေချင်လို့ ဒေသခံ လူသစ်ကာတွန်းဆရာမြောက်များစွာ (ကံချွန်၊ ဗိုလ်မောင် အစရှိသဖြင့်) ကို မွေးထုတ်ပြီး သူ့သတင်းစာမှာ သုံးတယ်။ ပန်းချီဆရာတွေမှာလည်း မြို့ခံ ဆရာပေါ်ဦးသက်၊ ဆရာဝင်းဖေ စတဲ့ သူတွေကို သုံးတယ်။ ထက်မြက်တဲ့ ကလောင်ရှင်၊ ဆောင်းပါးရှင်၊ သတင်းထောက် (ကံချွန်၊ ကျော်မင်းကျော်၊ စိန်ရွှေလှိုင် အစရှိတဲ့) အမြောက်အများကို  မွေးထုတ်ပေးခဲ့တယ်။  ဒေသရဲ့ စာပေ၊ လူမှု၊ ပညာ၊ စီးပွား၊ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ သူတွေရဲ့ စာတွေနဲ့ သူ့သတင်းစာကို ဒေသခံ ပြည်သူ့တွေရဲ့အသံ၊ ခံစားချက်တွေ ကို ဟစ်ကြွေးပေးနေတဲ့ ရှေ့တန်းခံတပ်ဖြစ်အောင် တည်ဆောက်ခဲ့တယ်။ အဲ့သလို ဒေသအသံ၊ ဒေသရနံ့တွေနဲ့ သင်းထုံနေတဲ့ အောင်မြင်တဲ့ သတင်းစာတစ်စောင်ကို မွေးထုတ်နိုင်ခဲ့တယ်။ ပညာရှင်တွေရဲ့ဆောင်းပါးတွေ၊ အာဘော်တွေနဲ့လည်း (သူ့အရင်လုပ်တဲ့ ကြေးမုံလို intellectual works များများသုံးပြီး) သတင်းစာအဆင့်အတန်းကို မြှင့်တင်ခဲ့တယ်။

စာပေ၊ အနုပညာ အတွက်လည်း (စစ်တပ်စတက်ကတည်းက မရှိတော့တဲ့) စာရေးဆရာတွေ၊ သတင်းစာဆရာတွေ တွေ့ဆုံဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ သူ့သတင်းစာတိုက်မှာ ဦးဆောင်ပြီးလုပ်တယ်။ နောက်ပိုင်း စနေစာပေဝိုင်းဆိုပြီး နာမည်ကြီးခဲ့တယ်။ စနေစာပေဝိုင်းမှာ ဦးသောဘိတ၊ ဦးလှ၊ ဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ဦးချမ်းမြ၊ ဦးတင့်လွင်၊ မြန်မာစာ ပါမောက္ခ ဒေါ်သန်းဆွေ၊ ဒါးတန်းဦးသန့် အစရှိတဲ့ ပညာရှင်တွေရဲ့ စာပေ၊ အနုပညာ၊ ရိုးရာယဉ်ကျေးမှုစတဲ့ နယ်ပယ်အသီးသီးနဲ့ပတ်သက်တဲ့ စာတမ်းတွေ အပတ်စဉ်ဖတ်စေတယ်။ သူကိုယ်တိုင်လည်း စာတမ်းတွေ တင်၊ ဟောပြောတယ်။ သူ့လက်အောက်က သတင်းထောက်တွေ အရည်အသွေးတက်စေဖို့ သတင်းထောက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ လေ့လာရေးခရီးတွေ လုပ်ပေးတယ်။ ကိုယ်တိုင်လည်း နယ်တွေဆင်း လူထုနဲ့ အနီးကပ်နေ၊ နယ်သတင်းထောက်တွေနဲ့ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေလုပ်တယ်။ 

 သူရဲ့သတင်းထောက်တွေ ကလောင်စွမ်းဘယ်လောက်ထက်သလဲဆို သူတာဝန်က ရပ်စဲခံရပြီး ဗမာပြည်အနှံ့ ခရီးလှည့်လည်နေစဉ် ယောချောင်က ရွာလေးတစ်ရွာကို ရောက်တော့ ရွာဦးကျောင်း ဆရာတော်ကို ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ပါလို့ မိတ်ဆက်တော့ ဆရာတော်က (ဟံသာဝတီ ဆိုတဲ့ အသံကြားတာနဲ့) ဝမ်းသားအားရ စကားတွေပြော၊ မေးခွန်းတွေ မေးတော့တာပဲ။

"ဒကာကြီးက ဟံသာဝတီကဆိုတော့ 'ကျော်မင်းကျော်' နဲ့ ဘယ်သူကကြီးလဲ" လို့ ဘွင်းဘွင်းကြီးမေးရော။
 အဲ့တော့ ပါလာတဲ့ နယ်ခံသတင်းထောက်တစ်ယောက်က "အရှင်ဘုရား.. အယ်ဒီတာချုပ်ဆိုတာ သတင်းစာတိုက် မှာတော့ အကြီးဆုံး ဘုရား" လို့ ပြန်လျှောက်ရတယ်။

အဲ့တော့ ဆရာတော်က "ဘုန်းကြီးက 'ကျော်မင်းကျော်' တော့လေးစာတယ်၊ ပြည်သူ့ဘက်က ရပ်ပြီး အမြဲတမ်း ရေးပေးတဲ့အတွက် ကြည်ညိုတယ်၊ ကျန်တဲ့ သူတွေတော့ အရေးကြီးတယ်မထင်ပေါင်" လို့ ပြန်မိန့်တယ်။ ဦးဝင်းတင်က သူမြေတောင်မြှောက်ပေးခဲ့တဲ့ သတင်းထောက်တွေ၊ ချွန်မြတဲ့ ကလောင်ရှင် တွေ ပြည်သူ့မေတ္တာ သူ့ထက်ပိုခံယူနိုင်တာကို မုဒိတာပွားနိုင်ခဲ့တယ်။

နိုင်ငံရေးဝေဖန်မှုအနေနဲ့ အစိုးရသတင်းစာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်မလုပ်နိုင်ပေမဲ့ အစိုးရသတင်းစာအချင်းချင်း ယှဉ်ရင် ခေါင်းတစ်လုံးမြင့်ရပ်တည်ခဲ့ပြီး သူများထက် ဟံသာဝတီက မတရားမှုတွေကို ဖော်ထုတ်တယ်။ ဝေဖန်တယ်။ အမြဲတမ်း လူထုဘက်က မာမာထန်ထန်ရပ်တည်ပေးနိုင်ခဲ့တယ်။

အထက်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေအားလုံးထက် ရင်ကို ထိစေတဲ့ ဦးဝင်းတင်ရဲ့ ဟံသာဝတီ အယ်ဒီတာချုပ်ဘဝ မန္တလေးမှာ လုပ်ဆောင်ချက်တွေက စာပေ၊ သတင်းစာ၊ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ သူ့ရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ စွမ်းရည်၊ သဘောထား၊ ခံယူချက်တွေဖြစ်တယ်။ သူ့လက်အောက်မှာ အုပ်ချုပ်နေရတဲ့ သတင်းစာလုပ်ငန်းရဲ့ အခြေခံဝန်ထမ်း လူလေးငါးခြေက်ဆယ် လာက်နဲ့ သူတို့ရဲ့ မိသားစု ဘဝတွေသာယာဝပြောရေးအတွက် ဦးဝင်းတင်လုပ်ပေးခဲ့တာတွေဟာ မန္တလေးမှာ ပြောစမှတ်တွင်ကျန်ခဲ့တယ်။

သူ့အတွက် ကားထားဖို့ ပေးထားတဲ့နေရာမှာ အဆောင်လေးဆောက်ပြီး ဝန်ထမ်းသက်သာ လဘ္ဘက်ရည်ဆိုင်လေးဖွင့်စေတယ်။ ဝန်ထမ်းတွေအတွက် အထူးသက်သာတဲ့နှုန်းနဲ့ ဟင်း၊ထမင်းကြော်စတာတွေပါတွဲပြီး ရောင်းစေတယ်။ ဝန်ထမ်းတွေရဲ့ သားသမီးတွေကိုလည်း ဆိုင်မှာခေါ်ပြီး အလုပ်ပေးတယ်။ ကလေးတွေ ဆိုင်မှာပဲ စားပွဲထိုး၊ ပန်းကန်ဆေး ဘဝနဲ့ အချိန်ကုန်မသွားစေဘဲ၊ နည်းနည်းအချိန်ကြာလာတာနဲ့အမျှ သူတို့ကို စာစီ၊စာရိုက်၊ပုံနှိပ်စက်ပညာတွေ သင်ပေးစေတယ်။ ပြီးတော့ သူ့ရဲ့ သတင်းစာတိုက်မှာ အစိုးရဝန်ထမ်းအနေနဲ့ ပြန်ခန့်ပေးတယ်။ ဆိုင်ကရတဲ့ အမြတ်အားလုံးကို ဝန်ထမ်းတွေရဲ့ မီးဖိုချောင်စရိတ်အတွက် ခွဲပေးတယ်။ ကလေးတွေ ကျောင်းပညာဆက်လက် သင်နိုင်အောင် ထောက်ပံ့တယ်။ ဝန်ထမ်းတွေအတွက် အခမဲ့ဆေးခန်းလေးဖွင့်ပေးတယ်။ ဝန်ထမ်းတွေ သူတို့နေတဲ့ရပ်ကွက်ထဲမှာ လူရာဝင်လာအောင်၊ လူလေးစားလာမှု၊ ခေါင်းဆောင်မှုရအောင် ဝန်ထမ်းတစ်အိမ်ထောင်စုအနေနဲ့ ဝန်ထမ်းမဟုတ်တဲ့ အိမ်နီးချင်းရပ်ကွက်ထဲက မိသားစုလေးစုစာနှုန်း သူ့ရဲ့ (သတင်းစာတိုက်ရဲ့) အခမဲ့ဆေးခန်းမှာ လာကုခွင့်ပေးတယ်။

သူရဲ့အယ်ဒီတာချုပ်အခန်းဟာ အဆောင်အယောင်မရှိ၊ တံခါးတောင်မရှိဘူး။ သူ့လက်အောက်က ဝန်ထမ်းကြီးငယ်မရွေးဝင်ပြီး သူနဲ့ စကားပြောဆို၊ ဆွေးနွေး၊ တင်ပြနိုင်တယ်။ သူကိုယ်တိုင်လည်း ကိန်းခန်းတကြီးမနေဘဲ စာစီသမားတွေလုပ်တဲ့ အခန်းထဲက စားပွဲမှာ သွားထိုင်ပြီး အလုပ် လုပ်လေ့ရှိတယ်။ အခြေခံဝန်ထမ်းတွေနဲ့ နီးနီးကပ်ကပ်အမြဲနေထိုင်ပြီး သူတို့ရဲ့ လှုမှုဘဝ သာရေး၊နာရေး ကိစ္စအဝဝကို သူမှာရှိတဲ့ ရာထူး၊ အာဏာ၊ ငွေကြေး ရှိသမျှလေးနဲ့ တာဝန်ယူပေးတယ်။

အဲ့သလို မန္တလေးမှာ လုပ်ခဲ့တဲ့ သူရဲ့ နာမည်ကျော် ဖြစ်ရပ်တွေကို လွတ်လပ်တဲ့ အာရှအသံ၊ အစီအစဉ်တင်ဆက်သူက ဦးဝင်းတင်ကိုမေးရင်းနဲ့ ဖြတ်ပြီးတော့ "ဆရာ ဒီလိုတွေလုပ်ဖို့ ဘယ်လို အတွေးအခေါ်၊ အကြံဥာဏ်တွေ ရခဲ့လဲ" ဆိုတဲ့ မေးခွန်းကို ဦးဝင်းတင်ပြန်ဖြေပုံက ပိုပြီး မှတ်သားနာယူဖို့ကောင်းတယ်။

ဦးဝင်းတင်က "ဒါတွေကို လုပ်ခဲ့တာ အတွေးအခေါ်၊ အကြံဥာဏ်ကြောင့်မဟုတ်ဘူးဗျာ..။ ခံစားချက်ကြောင့်ဗျာ..။ လက်တွေ့မြင်တွေ့နေရတဲ့ လူတွေရဲ့ ဒုက္ခတွေကို ရင်ထဲ၊ နှလုံးထဲ၊ စိတ်ထဲကနေ ခံစာရင်ဒီလိုပဲ လုပ်ရမယ်"လို့ ပြန်ဖြေတယ်။

 ဦးဝင်းတင်က တဆက်တည်း ခုလက်ရှိဗမာပြည်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုရဲ့ ဒုက္ခ၊ သုက္ခတွေကို စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တကယ်စိတ်ထဲ၊ အသည်းထဲက ခံစားနားလည်မပေးတာ၊ လူထုသက်သာချောင်ချိ၊ ဘဝသာယာလာရေး အတွက် လုပ်မပေးနိုင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကို အံ့သြရတယ်လို့ ဆက်ပြောတယ်။

ဦးဝင်းတင်ရဲ့ လက်အောက်ကဝန်ထမ်းတွေကို အုပ်ချုပ်ပုံစနစ် နဲ့ သူရဲ့ ခံစားချက်၊ ခံယူချက်၊ သဘောထား၊ လုပ်ရပ်တွေကို အရင်ကလည်း (ဆရာတင်မိုး အစရှိတဲ့ သူများတွေရေးတဲ့) စာအုပ်တွေမှာ ဖတ်ဖူး၊ နောက် သူကိုယ်တိုင်လည်း ရေဒီယိုမှာ ပြောတာတွေနားထောင်ရတော့ သူအုပ်ချုပ်ခွင့်ရတဲ့ လူလေး လေးငါးခြောက်ဆယ်ကနေပြီးတော့ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ နိုင်ငံဆိုပြီး ချဲ့တွေးကြည့်မိတယ်။ လူအနည်းအများကွာပေမဲ့ အုပ်ချုပ်ရတဲ့၊ တာဝန်ယူရတဲ့ သဘောတရားကအတူတူပဲ ဖြစ်တယ်။ ဦးဝင်းတင်သူ့ဝန်ထမ်းတွေကို လုပ်ပေးခဲ့တဲ့ စားဝတ်နေရေးချောင်လည်ရေး၊ ကလေးတွေပညာသင်နိုင်ရေး၊ ဘဝမှာ ပညာတစ်ခုခုနဲ့ အမှီအခိုကင်းကင်းရပ်တည်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ လူမှုဘဝသာယာဝပြောမှုလုပ်ငန်းတွေဟာ တိုင်းပြည်နဲ့ချီပြောရင်လည်း အဓိကလိုအပ်တဲ့၊ ဦးစားပေးလုပ်ရမဲ့ တိုင်းသူပြည်သားတွေအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ပြည့်စုံအောင်လုပ်ပေးရတဲ့ လုပ်ငန်းတွေပဲ ဖြစ်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ သဘောတရားကအတူတူပဲ။ တကယ်လုပ်ပေးနိုင်/ချင်ဖို့က အာဏာ၊ အခွင့်အရေး၊ တာဝန်၊ ဝတ္တရား ရှိတဲ့ သူတွေရဲ့ ခံယူချက်၊ စိတ်ခံစားမှု၊ တကယ်လုပ်ပေးချင်တဲ့ ဆန္ဒကသာ စကားပြောတယ်။

ခုလက်ရှိ ပြည်သူ့အစိုးရပါ ဆိုပြီးတက်လာတဲ့ အစိုးရသစ်အနေနဲ့ ဆရာဦးဝင်းတင်လို အောက်ခြေကလူတွေရဲ့ အသံကိုနားထောင်၊ စာနာနားလည်၊ ခံစားပြီးတော့ သူတို့အတွက် ကောင်းရာမွန်ရာကို မဖြစ်မနေ ဆောင်ရွက်ရမယ်ဆိုတဲ့ အသိ၊ ခံယူချက်၊ ခံစားချက်ရှိဖို့လိုတယ်။ အဲ့ဒါက ပိုပြီး အရေးကြီးတယ်။ တကယ်လက်တွေ့ တိုင်းပြည်ကို သာယာဝပြောတိုးတက်အောင် လုပ်ပေးနိုင်တဲ့ အသိဥာဏ်၊ ပညာ၊ အတွေးအခေါ် မရှိရင်တောင် အဲ့ဒါတွေကို ရှိတဲ့၊ သိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက ဝိုင်းဝန်းပံ့ပိုးပေးလို့ရတယ်။ အစိုးရကောင်း တစ်ရပ်မှာရှိရမဲ့ ပြည်သူ့အသံ၊ ခံစားချက်ကို နားထောင်ချင်တဲ့စိတ်၊ စာနာနားလည်နိုင်တဲ့ ပြည့်ဝတဲ့ နှလုံးသားတွေမရှိရင် တိုင်းပြည်တိုးတက်အောင် ဘာမှဆက်ပြီးတော့ လုပ်လို့ရမှာ မဟုတ်ဘူး။ အဲ့သလို ခံစားနားလည်တဲ့ စိတ်နှလုံးမရှိဘဲ ဇွတ်လုပ်လည်း တိုင်းပြည်က ဆင်းရဲတွင်းကထွက်လာနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ အစိုးရသစ်ရဲ့ သမ္မတက အစ၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးအထိ အခြေခံလူတန်းစာအများစုရဲ့ ဆန္ဒ၊ သဘောထား၊ သူတို့ခံစားနေရတဲ့ လူမှုဘဝဒုက္ခတွေကို ခံစားနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင်တွေဖြစ်အောင် ကြိုးစားစေချင်တယ်။ တိုင်းပြည်အနာဂတ်အတွက် လှပတဲ့ အသီးအပွင့်တွေ ဝေဆာနိုင်အောင် ကောင်းမွန်တဲ့ အကျင့်တွေ ခုကစပြီး ပြုစုပျိုးထောင်စေချင်တယ်။

နိဂုံချုပ်အနေနဲ့တော့ ဆရာဦးဝင်းတင်ရဲ့ သူ့ဘဝဇာတ်ကြောင်းပြောထားတဲ့ ရေဒီယိုအစီအစဉ်တွေကို စာအုပ်အနေနဲ့ ပြည်တွင်းမှာ ထုတ်စေချင်တယ်။ အနည်းဆုံး audio autobiography အနေနဲ့ဖြစ်ဖြစ် ထုတ်စေချင်တယ်။ ဒီမိုကရေစီ အစိုးရသစ်ရဲ့လို့ အမြဲအော်အော်နေတော့ ပြည်တွင်းမှာ ထုတ်ဝေခွင့်ရမယ်လို့လည်း မျှော်လင့်တယ်။

ဆရာဦးဝင်းတင် သက်ရှည်၊ ကျန်းမာပြီး တိုင်းပြည်အကျိုး ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေ။

ငြိမ်းချမ်းအေး
၀၄၊ မတ်လ၊ ၂၀၁၂

ရည်ညွှန်း ။ ။ "ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း" ရေဒီယိုအစီအစဉ်၊ လွတ်လပ်တဲ့အာရှအသံ၊
                    ကြေးမုံ ဦးသောင်း(အောင်ဗလ) ရေး "ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ" နှင့် "ဘီလူးတို့ရွာ"၊
(Photo - Irrawaddy, လူထုဦးလှ ဂျပန်အသွား ဒီဆူဇာ ဦးခင်ဇော်၏ နှုတ်ဆက်ပွဲ(၁၉၆၁)တွင် သတင်းနှင့် စာပေသမားများနှင့် အတူ(နောက်တန်း ဝဲမှ ၈ ယောက်မြောက်တွင် ဦးဝင်းတင်) 

Nay Myo Aye - Good Governmence

ကာတွန်းနေမျိုးအေး - ဂွတ်ဂါးဗားမင့်  ဆိုဒါ
မတ် ၆၊ ၂၀၁၂

Daw Suu in NPD

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် မဲဆွယ် စည်းရုံး
ဓာတ်ပုံသတင်း
မတ် ၆၊ ၂၀၁၂

[ဓာတ်ပုံများ-AP]
ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က နေပြည်တော်တွင် စည်းရုံး ဟောပြောခဲ့သည်။
"ကျွန်မတို့နိုင်ငံဟာ သယံဇာတတွေ အင်မတန်ချမ်းသာတဲ့နိုင်ငံပါ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ လို့ပြောရင်တောင်မှ မှားမယ်လို့မထင်ပါဘူး။ဒါပေမယ့်လည်း တစ်ချိန်တဲမှာ ကျွန်မတို့ရဲ့ပြည်သူတွေဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးပြည်သူတွေဘဲလို့ပြောလို့ရှိရင်လည်းမှန်မှာဘဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ဒက္ခိဏသီရိ မြို့တွင် ပြောဆိုကြောင်း Yangon Press International သတင်းဌာန၏ Facebook တွင် ရေးထားသည်။







Amnesty Prison Art Show 2012

နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ Amnesty ပန်းချီပြပွဲ
တာရာဝေယံ
မတ်လ ၅၊ ၂၀၁၂



နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (နိုင်ကျဉ်း) က စုစည်းတင်ဆက်တဲ့ Amnesty Prison Art Show 2012 အမည်ရှိ ပန်းချီပြပွဲတခုကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်မှ ၁၁ ရက်နေ့ထိ ရန်ကုန်မြို့ ပန်းဆိုးတန်း အထက်ဘလောက်ရှိ စာပေလောက စာအုပ်ဖြန့်ချိရေး အမှတ် ၂၂၅/ ၂၂၇ တွင် ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

"ပြပွဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ရဲ့ ထောင်တွင်းမှာရေးဆွဲထားတဲ့ လက်ရာတွေနဲ့ အကျဉ်းထောင်ခံစားမှု ပန်းချီကားတွေကို ပြသသွားမှာပါ။ ၇၄၊ ၇၅၊ ၇၆ ဖြတ်သန်းခဲ့သူတွေရယ်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရယ်၊ ၉၆ ကျောင်းသားတွေရယ်၊ ၂၀၀၇ ဗကသဖြတ်သန်းနေတဲ့သူတွေရယ် အစရှိသဖြင့် နိုင်ငံရေးမျိုးဆက် အသီးသီးပါဝင်ပြသမယ့် ပန်းချီပြပွဲဖြစ်ပါတယ်။" ဟု ပွဲစီစဉ်သူ တစ်ဦးက ပြောပါတယ်။

ဆက်လက်၍ ပြပွဲကိုကျင်းပရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် အနုပညာဖြင့် တင်ပြခြင်းဖြစ်ကြောင်း၊ ပြပွဲတွင် အချို့ပန်းချီကားများကို ရေးချသွားမှာဖြစ်ကြောင်း၊ ပြပွဲတွင် ရောင်းရငွေများကို နိုင်ငံရေးအကျဉ်းသားများ ထောက်ပံရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် သုံးစွဲသွားမှာဖြစ်ကြောင်း အဆိုပါ စီစဉ်သူများက ရှင်းပြပါတယ်။

"ကျနော်တို့ ပြပွဲမှာ ၈၈ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုပြုံးချို အစရှိတဲ့သူတွေအပါအ၀င် ထောင်ခံစားမှုနဲ့ရေးဆွဲထားတဲ့ ပန်းချီလက်ရာတွေကို ပို့စကဒ်အဖြစ် ရောင်းချသွားမှာပါ။ ပါဝင်ပြသကြတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့လက်ရာတွေပါဝင်တဲ့ ပြပွဲကတ်တလောက် (callog) ကိုလည်း အမှတ်တရရောင်းချသွားမှာဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ပန်းချီလက်ရာတွေဟာ အနုပညာစံအရ အားနည်းချင် နည်းပါလိမ့်မယ်။ ဒါပေမယ့် လူသားဆန်မှုနဲ့ ခံစားကြည့်မယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ ထူးခြားတဲ့ လက်ရာတွေလို့ အသေအချ ပြောနိုင်ပါတယ်။" နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ စီစဉ်သူများက ဆိုပါတယ်။

အဆိုပါ Amnesty Prison Art Show 2012 ပန်းချီပြပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းဝင်းငြိမ်း (၀၉၅၁၃၇၄၂၀)၊ ကိုဗသက်အောင် (၀၉၄၉၂၈၆၁၅၃)၊ ကိုဆန်နီ (၀၉၇၃၁၆၆၈၀၅)၊ ကိုအောင်ထွန်း (၀၁၃၇၅၇၄၅) တို့က ပြပွဲဖြစ်မြောက်ရေးအတွက် တာဝန်ခံစီစဉ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

Ludu Sein Win

မရဲတရဲနဲ့ရေးကြည့်လိုက်တာပါ
လူထုစိန်ဝင်း
မတ် ၅၊ ၂၀၁၂


စာပေစိစစ်ရေးက အပုဒ်လိုက် ဖြတ်တောက် မီဒီယာဥပဒေဆိုင်ရာ ဆောင်းပါး

"---မီဒီယာကို ချုပ်ကိုင်ဖို့ ရေးဆွဲတဲ့ ဥပေဒကို မီဒီယာသမားတွေကိုယ်တိုင် ပါဝင်ဆွေးနွေးအကြံပေးကြတယ် ဆိုတော့ တော်တော်အံ့သြမိတယ်။ သတင်းမီဒီယာသမားစစ်စစ်တွေမှ ဟုတ်ရဲ့လား လို့လည်း အတွေးရောက်မိတယ်။ ကိုယ့်လည်ပင်းကို စွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင် ၀င်ကျစ်ပေးတာနဲ့ မတူဘူးလား---"

Than Win Hlaing - Articles

မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း - အပိုင်း (၂)
သန်းဝင်းလှိုင်
မတ်လ ၅၊ ၂၀၁၂



မြန်မာပြည်သူတို့၏ နိုင်ငံရေးနိုးကြားလာမှုကြောင့် နယ်ချဲ့ဗြိတိသျှတို့သည် တထစ်လျှော့၍ ၁၉၃၅ မြန်မာနိုင်ငံ စီရင် အုပ်ချုပ်မှုအက်ဥပဒေအရ (၉၁)ဌာနအုပ်ချုပ်ရေးကို ပေးခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါ် အမတ်များက အုပ်ချုပ်ရေးဌာနပေါင်း ၉၁ ဌာနကို စီမံအုပ်ချုပ် ခွင့်ရသောကြောင့် ၉၁ ဌာန အုပ်ချုပ်ရေးဟု ခေါ်ခဲ့သည်။

အုပ်ချုပ်ရေးအသစ်အရ လွှတ်တော်နှစ်ရပ်ထားရှိပြီး၊ အောက်လွှတ်တော်အတွက် အမတ် (၁၃၂) ယောက်နှင့် အထက်လွှတ်တော်အတွက် အမတ်(၃၆)ယောက် ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။ အောက်လွှတ်တော်အမတ် (၁၃၂) ယောက်ထဲတွင် နယ်များမှ ရွေးကောက် ရမည့် အမတ်ဦးရေ (၉၂) ဦး၊ ကရင်အမျိုးသား (၁၂) ဦး၊ အိန္ဒိယအမျိုးသား (၈) ဦး၊ အင်္ဂလိပ်-မြန်မာကပြား (၂) ဦး၊ ဥရောပတိုက်သား (၃)ဦး၊ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း၏ ကိုယ်စားလှယ် (၁၁) ဦး၊ ရန်ကုန်တက္ကသိုလ်မှ (၁၂) ဦး၊ အိန္ဒိယအလုပ်သမားကိုယ်စားလှယ် (၂)ဦး၊ အိန္ဒိယမဟုတ်သော အလုပ်သမား ကိုယ်စားလှယ် (၁) ဦးတို့ ဖြစ်သည်။

လွှတ်တော်ထဲ၌ မြန်မာတို့၏ မဲကိုထိန်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် စက်မှုလက်မှုကုန်သည်ကြီးများအသင်း၏ကိုယ်စားလှယ် (၁၁) ဦးထဲ၌ ဥရောပတိုက်သားကုန်သည်ကြီးများအသင်းမှ (၆) ဦး၊ အိန္ဒိယကုန်သည်ကြီးများအသင်းမှ (၃) ဦး၊ တရုတ်ကုန်သည်ကြီးများအသင်းမှ (၁) ဦး၊ မြန်မာကုန်သည်ကြီးများအသင်းမှ (၁) ဦး စသည်ဖြင့် ခွဲဝေခဲ့ပြန်သည်။

(၉၁)ဌာန အုပ်ချုပ်ရေးဆိုသည်မှာ ဌာနပေါင်း (၉၁) ဌာနသာရှိ၍ ခေါ်ဝေါ်ခဲ့ခြင်းမဟုတ်ပေ။ ၁၉၃၅ အုပ်ချုပ်ရေးဥပဒေအရ မြန်မာနိုင်ငံတွင် ဌာနပေါင်း (၉၈)ဌာန ရှိသည့်အနက် ဗြိတိသျှဘုရင်ခံက အရေးကြီးသည့် ခုနစ်ဌာနကိုအုပ်ချုပ်ပြီး ကျန် (၉၁) ဌာနကို မြန်မာကိုယ်စားလှယ် များနှင့် ၀န်ကြီးအဖွဲ့အားအုပ်ချုပ်စေခဲ့သည်။ မြန်မာအမျိုးသားများအုပ်ချုပ်ရသည့် (၉၁) ဌာနကိုအစွဲပြု၍ (၉၁) ဌာနအုပ်ချုပ်ရေးဟု အမည် တွင်ခဲ့ခြင်းဖြစ်သည်။

အမှန်စင်စစ် ၄င်းအုပ်ချုပ်ရေးသည် နိုင်ငံရေးစိတ်ဓာတ်တက်ကြွနိုးကြားနေသော မြန်မာတိုင်းရင်းသားများကို ဗြိတိသျှအစိုးရက ဒုတိယအကြိမ်ဖြိုခွဲဖျက်ဆီးခဲ့သည့် နိုင်ငံရေးလက်နက်ကြီးများပင်ဖြစ်သည်။ ဗြိတိသျှတို့သည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် နယ်ချဲ့ဆန့်ကျင် ရေး ဆင်နွှဲခဲ့သော ၀ံသာနုလှုပ်ရှားမှုများကို ဒိုင်အာခီအုပ်ချုပ်ရေး လက်နက်ဖြင့် ပထမအကြိမ်အောင်မြင်စွာ နှိမ်နင်းခဲ့သည်။ အလားတူပင် တို့ဗမာသခင်များဦးဆောင်သည့် လုံးဝလွတ်လပ် ရေး ကြိုးပမ်းမှုကြီးကို (၉၁)ဌာနအုပ်ချုပ်ရေးဖြင့် ချွေးသိပ်ရန် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးကို ၁၉၃၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လန်ဒန်မြို့၌ ကျင်းပခဲ့သည်။ ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက် အရ ဦးဘဘေ၊ ၀တ်လုံတော်ရဦးသိမ်းမောင်၊ ဦးချစ်လှိုင်၊ ဒေါက်တာဘမော်၊ အိန္ဒိယလူမျိုးအမတ် ထရပ်ဂျီ၊ ဒေါက်တာ ဒေါ်စောစ၊ ဆရာရွှေဘ၊ မစ္စတာကင်းပက်နက်၊ မစ္စတာဟာဂျီ၊ မစ္စတာကောဝပ်စ်ဂျီ၊ မစ္စတာဟာပါး၊ ဦးရွှေသား စသည့် မြန်မာကိုယ်စားလှယ် (၁၂)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်များသည် ဗြိတိသျှကိုယ်စားလှယ်များနှင့် ဆွေးနွေးရာတွင် မိမိတို့လိုလားချက်များကို အခြေအတင် ဆွေးနွေးခွင့် မရခဲ့ပေ။ ဗြိတိသျှအစိုးရစီစဉ်ထားသော အချက်များကိုသာ အခြေခံကာ ၄င်းတို့အလိုကိုလိုက်လျော၍ တိုင်ပင်နှီးနှောကြရသည်။ ဤသို့ တိုင်ပင်နှီးနှောခဲ့သည်များကို အခြေခံပြီး ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးဥပဒေကို သတ်မှတ်ပြဋ္ဌာန်းသည်။ အဆိုပါဥပဒေသည် စာမျက်နှာ ၁၀၅၊ ပုဒ်မပေါင်း ၁၅၆၊ အခန်းပေါင်း ၁၄ ခန်း ပါဝင်၍ ဥပဒေအရ (၉၁) ဌာနအုပ်ချုပ်ရေး ပေါ်ထွက်ခဲ့သည်။

ဗြိတိသျှအစိုးရက ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးဥပဒေအရ ပေးအပ်သည့် (၉၁) ဌာနအုပ်ချုပ်ရေးသည် မြန်မာပြည်သူများကို ကိုယ် ပိုင်အုပ်ချုပ်ရေးအဆင့် တိုးမြှင့်ပေးအပ်ခြင်းဖြစ်သည်ဟု အသံကောင်းလွှင့်ခဲ့သည်။ ၄င်းအုပ်ချုပ်ရေးသည် ဗြိတိသျှတို့ ဆက်လက်စိုးမိုးအုပ်ချုပ်နိုင်ရေးအတွက် ကျွန်သက်ရှည်စေသည့် အုပ်ချုပ်ရေးဖြစ်သည်။ တနည်းဆိုသော် ၄င်းအုပ်ချုပ်ရေးသည် ဗြိတိသျှဗျူရိုကရက်ကြီးများနှင့် လူမှုရေးတို့တွင် ခြယ်လှယ်သွေးစုပ် အမြတ်ထုတ်ရန် အကာအကွယ်ပေးသည့် အုပ်ချုပ်ရေးမျှသာဖြစ်သည်။

(၉၁) ဌာနအုပ်ချုပ်ရေးကို လေ့လာဆန်းစစ်ကြည့်ပါက ထိုအုပ်ချုပ်ရေးသစ်သည် အသွင်သဏ္ဌာန်အဆောင်အယောင် အားဖြင့် ဒိုင်အာခီအုပ် ချုပ်ရေးထက် ခမ်းနားထည်ဝါသော်လည်း အနှစ်သာရအားဖြင့် ကွာခြားမှုမရှိချေ။ အုပ်ချုပ်ရေးဌာနပေါင်း (၉၈) ဌာနရှိသည့်အနက် ဗြိတိသျှ ဘုရင်ခံက အရေးကြီးသည့် (၁) ကာကွယ်ရေးနှင့် စစ်တပ်၊ (၂) နိုင်ငံခြားဆက်သွယ်ရေး၊ (၃) ငွေဒင်္ဂါးသွန်းထု ထုတ်လုပ်ရေးနှင့် ငွေစက္ကူ ရိုက်နှိပ်ထုတ်လုပ်ရေး၊ (၄) သာသနာရေး၊ (၅) အိုင်စီအက်စ် ခေါ် အိန္ဒိယပဋိညာဉ်ခံရာထူးများအား စောင့်ရှောက်ကာကွယ်ရေး၊ (၆) တောင် တန်းဒေသခေါ် ခြွင်းချန်သောဒေသများအား သီးခြားတိုက်ရိုက်အုပ်ချုပ်ရေးနှင့် (၇) အခွန်ကိစ္စအပါအ၀င် ဘဏ္ဍာရေးများကို တိုက်ရိုက် တာဝန်ယူအုပ်ချုပ်ခဲ့သည်။ ဘုရင်ခံသည် ထိုခုနစ်ဌာနနှင့် ပတ်သက်၍ မြန်မာဝန်ကြီးများနှင့် တိုင်ပင်ရန်မလိုပေ။ မြန်မာကိုယ်စားလှယ်အမတ် များနှင့် ၀န်ကြီးအဖွဲ့က စာတိုက်နှင့်ကြေးနန်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လယ်ယာနှင့် သစ်တော၊ အခွန်အကောက်၊ တရားစီရင်ရေး စသည့် (၉၁) ဌာနကို ဘုရင်ခံနှင့် ညှိနှိုင်းအုပ်ချုပ်ရသည်။ ဤသို့ဖြင့် အုပ်ချုပ်ရေးသစ်တွင် ဗြိတိသျှဘုရင်ခံက အချက်အချာ အကျဆုံး ခုနစ်ဌာနကို မိမိတဦးတည်းချုပ်ကိုင်ပြီး သာမာန်ဌာနများကို မြန်မာတို့အား တွဲဖက်အုပ်ချုပ်ခွင့်ပေးမည်ဖြစ်သည်။ အချုပ်အခြာ အာဏာမှာ ဘုရင်ခံ၌သာရှိသည်။ မြန်မာပြည်သူတို့အဖို့ (၉၁) ဌာနအုပ်ချုပ်ရေးသည် ဒိုင်အာခီအုပ်ချုပ်ရေးနှင့်စာလျှင် ရာထူးတိုးချဲ့သတ်မှတ်ပေးထားသည်မှလွဲ၍ မည်သို့မျှမထူးခြားပေ။ ထို့အပြင် ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ (ကယား) စသော တောင်တန်းဒေသများ အုပ်ချုပ်ရေးကို ပြည်မမပူးပေါင်းစေဘဲ သီးခြားခွဲထားခြင်းဖြင့် မြန်မာတိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုကင်းကာ သွေးခွဲအုပ်ချုပ်သည့်စနစ်ဖြစ်ကြောင်း သိသာထင်ရှားပေ သည်။

ဥပဒေပြုလွှတ်တော်နှစ်ရပ်လုံးတွင် ပါဝင်ရသည့် အမတ်ဦးရေသတ်မှတ်ပုံနှင့် ရွေးချယ်ပုံများမှာ တရားမျှတမှု လုံးဝမရှိပေ။ ဘုရင်ခံက မိမိအလိုတော်ရိများကို အမတ်အဖြစ် ခန့်ထားနိုင်ခွင့် ရှိပြန်သည်။ ထို့ကြောင့် ဥပဒေပြုလွှတ်တော် နှစ်ရပ်စလုံးတွင် အချုပ်အခြာအာဏာ လုံးဝမရှိချေ။ ဘုရင်ခံသည် အရေးကြီးသည့် ခုနစ်ဌာနကို ချုပ်ကိုင်ထားသည့်အပြင် ဗီတို (Veto) ခေါ် တချက်လွှတ်ကန့်ကွက်ပိုင်ခွင့် အာဏာကိုလည်း ပိုင်ဆိုင်ထားသည်။

ဘုရင်ခံသည် မြန်မာနိုင်ငံကို အုပ်ချုပ်သည့် အချုပ်အခြာအာဏာပိုင်ဖြစ်သော်လည်း အင်္ဂန်လန်ရှိ ဗြိတိသျှအစိုးရနှင့် ဗြိတိသျှပါလီမန်၏ အမိန့်ကို နာခံရသည်။ ဘုရင်ခံသည် ဥပဒေပြုလွှတ်တော်နှစ်ရပ်စလုံးမှ ဆုံးဖြတ်ပြဌာန်းပြီးသော ဥပဒေများကို သဘောတူစေကာမူ ဗြိတိသျှဘုရင်ဧကရာဇ်က ၄င်းဥပဒေများသည် ဗြိတိသျှနိုင်ငံနှင့်ဗြိတိသျှလူမျိုးအတွက် ထိခိုက်နစ်နာရာရောက်သည်ဟုယူဆပါက တစ်နှစ် အတွင်း ဖျက်သိမ်းပေးရသည်။

ဤသို့ဖြင့် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်ရေးအသစ် တိုးမြှင့်ပေးသည်ဆိုသော်လည်း မြန်မာတို့၌ အုပ်ချုပ်ရေးအာဏာ လုံးဝမရှိ ပေ။ ဗြိတိသျှဘုရင်၊ ဘုရင်မနှင့် ဘုရင်ခံတို့သာလျှင် မြန်မာနိုင်ငံကို စိတ်တိုင်းကျ ခြယ်လှယ်ကြီးစိုးရန် ဖန်တီးထားသော ကျွန်သက်ရှည်စေသည့် အုပ်ချုပ်ရေးသာဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံရေးအသင်းအဖွဲ့များက (၉၁)ဌာန အုပ်ချုပ်ရေးကို မလိုလားခဲ့ကြပေ။ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့က (၉၁)ဌာနအုပ်ချုပ်ရေးကို တွန်းလှန်မည်။ နိုင်ငံရေးအသင်းအဖွဲ့များအားလုံး ညီညွတ်ပါက ရာထူးလက်မခံဘဲ တိုက်ဖျက်မည်ဟု ကြွေးကြော် ခဲ့သည်။ ငါးပွင့်ဆိုင်အဖွဲ့က အုပ်ချုပ်ရေးအသစ်ကို တိုက်ဖျက်ရန် စီစဉ်ခဲ့သည်။ ဦးချစ်လှိုင်အဖွဲ့က ဒေါက်တာဘမော်အဖွဲ့နှင့် ပူးပေါင်းဆောင် ရွက်ရန် လိုလားခဲ့သည်။ တို့ဗမာသခင်များက ရာထူးလက်မခံဘဲ အုပ်ချုပ်ရေးအသစ်ကိုတိုက်ဖျက်မည်ဟု ကြွေးကြော်ခဲ့ပြန်သည်။

အုပ်ချုပ်ရေးသစ်တိုက်ဖျက်ရေး ကြွေးကြော်သံများ ကြားမှပင် ဗြိတိသျှအစိုးရသည် ၁၉၃၆ နိုဝင်ဘာ ၁၀ ရက် မှ ၁၄ရက်နေ့အထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) အရ ပထမဆုံးအောက်လွှတ်တော်အမတ် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်ပါတီမှ (၄၆) ဦး၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနု (ဓားမ) ပါတီမှ ၁၆ ဦး၊ ဦးချစ်လှိုင် ဂျီစီဘီအေမှ (၁၂)ဦး၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ (၃) ဦး၊ ဖေဘီယန်ပါတီမှ (၁) ဦး (ဦးမောင်မြစ်) နှင့် ရွှေတောင်ကြားပါတီမှ (၂)ဦး၊ သက်ပန်းဂျီစီဘီအေမှ (၁)ဦးနှင့် တသီးပုဂ္ဂလအမတ် (၁၇)ဦးတို့ ရွေးခံရသည်။

သို့သော် ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်အဖွဲ့သည် အမတ်အများစုအနိုင်ရရှိသော်လည်း အမတ်ဟောင်းများလျာထားစဉ်ကပင် အတွင်းရေး အားဖြင့် စိတ်ဝမ်းကွဲပြားနေကြရာ အစိုးရမဖွဲ့နိုင်သောအခြေနှင့် ကြုံတွေ့ရသည်။

ထိုအခါ ဒေါက်တာဘမော်သည် ငါးပွင့်ဆိုင်တွင် သဘောကွဲပြားနေသော အမ်အေဦးမောင်ကြီး၊ ၀တ်လုံဦးပု၊ ဒေါက်တာသိန်းမောင်၊ မိတ္ထီလာဦးဘရင်၊ မန္တလေးဦးဘဦးစသည်တို့နှင့် အိန္ဒိယတိုင်းရင်းသားအမတ်များ၊ ကရင်အမျိုးသား အမတ်များ၊ ရခိုင်အမျိုးသားအမတ်များ၊ ဦးချစ်လှိုင်အဖွဲ့၊ တသီးပုဂ္ဂလအမတ်များနှင့် ညှိနှိုင်းရာ အမတ်ဦးရေအဖွဲ့ဝင် ၇၀မျှ ရရှိသွားလေသည်။ ထိုစဉ်အတွင်း အစိုးရအဖွဲ့မဖွဲ့နိုင်ကြောင်း ကို ဦးဘဘေသည် ဘုရင်ခံထံသို့ ၁၉၃၇ခုနှစ် မတ်လ၁၁ရက် နေ့တွင် အကြောင်းပြန်လိုက်လေသည်။ ထို့ကြောင့် ဘုရင်ခံက ဒေါက်တာ ဘမော်အား အစိုးရအဖွဲ့စေရာ ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ၁၉၃၇ခုနှစ် မတ်လ၂၆ ရက်နေ့တွင် အတည်ပြု၍ ၁၉၃၇ခုနှစ် ဧပြီလ၁ရက်မှစ၍ အုပ်ချုပ်ရန် ရွေးချယ်လိုက်သည်။

ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်များမှာ -
(၁) ဒေါက်တာဘမော် - နန်းရင်းဝန်နှင့်ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ရွှေကျင်ဦးပု (ငါးပွင့်ဆိုင်အဖွဲ့) - သစ်တောရေးရာဝန်ကြီးချုပ်
(၃) ဦးပေါ်ထွန်း (ဦးချစ်လှိုင်အဖွဲ့) - ပြည်ထဲရေးဝန်ကြီးချုပ်
(၄) သာယာဝတီဦးမောင်မောင် (ဒေါက်တာဘမော်အဖွဲ့) - ပညာရေးဝန်ကြီးချုပ်
(၅) ဦးထွန်းအောင်ကျော် - ကူးသန်းရောင်းဝယ်ရေးဝန်ကြီးချုပ်
(၆) စောဖေသာ - မြေနှင့်အခွန်ဘက်ဆိုင်ရာဝန်ကြီးချုပ်တို့ဖြစ်ကြသည်။

သို့သော် ထိုနေ့မှာပင် ဦးဘဘေခေါင်းဆောင်သော ငါးပွင့်ဆိုင်အဖွဲ့က ဒေါက်တာဘမော်ဦးဆောင်သော ညွန့်ပေါင်းအစိုးရ တဖွဲ့လုံးကို အယုံအကြည်မရှိအဆိုတင်သွင်းခဲ့ရာ လွှတ်တော်ဥက္ကဌဦးချစ်လှိုင်က ၀န်ကြီးအဖွဲ့အသစ်ကို မတ်လ ၁၁ရက်နေ့ တွင် ရွေးချယ်ခဲ့ပြီးဖြစ်သော် လည်း ၁၉၃၇ခုနှစ် ဧပြီလ ၁ရက်နေ့မှသာ တာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ်ကြောင်း၊ ယခု တင်သွင်းသောအဆိုသည် ဘောင်လွတ်ပြီး အချိန်မကျသေးကြောင်း အကြောင်းပြကာ အဆိုကိုပယ်ချလိုက်သည်။

ဗြိတိသျှအစိုးရအနေဖြင့် (၉၁) ဌာနအုပ်ချုပ်ရေးအသစ်လည်ပတ်ရေးအတွက် ပါဝင်ဆောင်ရွက်မည့်အမှုထမ်းများအား ရာထူးအဆင့်အတန်း အလိုက် အခွင့်အရေးများပေးခဲ့သည်။ နန်းရင်းဝန်အား လစာငွေ ကျပ် ၃၀၀၀၊ ၀န်ကြီးချုပ်တစ်ဦးလျှင် လစာငွေ ၂၅၀၀ကျပ်၊ လွှတ်တော်ဥက္ကဌ အတွက် လစာငွေ ကျပ် ၇၅၀၊ အမတ်တစ်ဦးလျှင် လစာငွေ ကျပ် ၂၅၀ နှင့်တကွ နေ့တွက်ခရီးစားရိတ်များပေးရန် သတ်မှတ်ပေးခဲ့သည်။ ယင်းမက်လုံးများဖြင့် ဆွဲဆောင်သဖြင့် အချို့နိုင်ငံရေးခေါင်းဆောင် များမှာ (၉၁) ဌာနအုပ်ချုပ်ရေးတည်တံ့ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

ဤသို့ဖြင့် ၁၉၃၇ ဧပြီ ၁ရက်နေ့တွင် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို အိန္ဒိယမှသီးခြားခွဲထုတ်ပြီး ၁၉၃၅ မြန်မာနိုင်ငံစီရင် အုပ်ချုပ်မှု ဥပဒေအရ စတင်အုပ်ချုပ်ခဲ့လေသည်။

သို့သော် တို့ဗမာအစည်းအရုံးမှ ဦးဆောင်၍ (၉၁) ဌာန အုပ်ချုပ်ရေးကို အမြို့မြို့အရွာရွာ၌ ကန့်ကွက်ပွဲ ကျင်းပခဲ့ကြသည်။

အထက်ဖော်ပြပါ အုပ်ချုပ်ရေးအသစ်ရှုတ်ချပွဲများအပြင် ဥပဒေပြုအောက်လွှတ်တော်တွင် အစည်းအဝေးကျင်းပတိုင်းလည်း အတိုက်အခံတို့ က အယုံအကြည်မရှိအဆိုကို တင်သွင်းခဲ့ကြသည်။ ဤသို့ဖြင့် ဥပဒေပြုလွှတ်တော်တွင် အဆိုတင်သွင်းကြ၊ အပေးအယူလုပ်ကြနှင့် နိုင်ငံရေး အတွက် အကျိုးမပြုနိုင်ကြောင်းကို ဒေါက်တာဘမော်က ၁၉၅၉ ခုနှစ် အောက်တိုဘာထုတ် The Guardian Magazine တွင် အောက်ပါအတိုင်း ရေးသားခဲ့လေသည်-

"လိမ္မာစွာရေးသားပြဌာန်းထားသောပြုပြင်ချက်များပါသည့် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်သည် ထိရောက်စွာအုပ်ချုပ်နိုင်စွမ်းမရှိသော အစိုးရ အဖွဲ့ များကိုသာ ဖော်ထုတ်ခဲ့လေသည်။ အစိုးရအဖွဲ့များသည် အုပ်ချုပ်ရန်အာဏာအခွင့်လည်း မရှိကြ။ အခွင့်အရေးအချို့ကို ဝေငှ၍ခံစားကြ ခြင်းဖြင့်သာ ပြီးရသည်။ ရာထူးတည်မြဲရေးအတွက် အပေးအယူလုပ်ခြင်းဖြင့်သာ အချိန်ကုန်ရသည်က များခဲ့၏…."

အထက်ဖော်ပြပါ ကောက်နုတ်ချက်ကို လေ့လာခြင်းဖြင့် (၉၁) ဌာနအစိုးရတွင် အာဏာမရှိကြောင်း၊ မြန်မာပြည်သူလူထုကို မည်သို့မျှ အကျိုးမပြုကြောင်းနှင့် ဗြိတိသျှစိုးမိုးအုပ်ချုပ်ရေးတည်တံ့ရန် အသက်ဆက်ပေးသည့် နည်းပရိယာယ်တစ်ရပ်သာ ဖြစ်ကြောင်း သိသာထင်ရှား လေသည်။ (၉၁)ဌာနအုပ်ချုပ်ရေးသည် ဒိုင်အာခီနှင့်မခြားဘဲ အုပ်ချုပ်ရေးမျက်လှည့်ပြခြင်းသာ ဖြစ်သဖြင့် မြန်မာလူထုက မလိုလားခဲ့ပေ။ ထိုအုပ်ချုပ်ရေးကို လက်ခံသည့်အမတ်များ၊ ဝန်ကြီးချုပ်များနှင့် နန်းရင်းဝန်များ သာလျှင် လခကြီးများနှင့် အခွင့်အရေးများ ရရှိခံစားကြရသည်။ မြန်မာတိုင်းရင်းသားအများစုမှာ တနေ့တခြား ဆင်းရဲကျပ်တည်းလာခဲ့သည်။ နယ်ချဲ့အရင်းရှင်များ၏ ဖိစီးနှိပ်စက်မှုဒဏ်ကြောင့် နောက်ဆုံး တွင် မြန်မာနိုင်ငံ၏ အလုပ်သမားနှင့် ဆရာစံဦးဆောင်သော တောင်သူလယ်သမားအရေးတော်ပုံများ ပေါ်ပေါက်ခဲ့ရသည်။ (၉၁) ဌာန အစိုးရ၏ အာဏာကင်းမဲ့ပုံနှင့် ဗြိတိသျှအစိုးရက အရင်းရှင်တို့ဘက်မှ ရပ်တည်ခဲ့ပုံများကို ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင် ဖြစ်ပွားခဲ့သော ရေနံမြေသပိတ်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးက သိသာထင်ရှားလှသည်။

ဤသို့ဖြင့် နယ်ချဲ့လက်ပါးစေညွန့်ပေါင်းအစိုးရကသည် ပြည်သူတို့၏ အရေးအခင်းတွင် အရင်းရှင်တို့ဘက်မှ ရပ်တည်၍ ပြည်သူတို့အား တဖက်သတ် ဖိနှိပ်ခဲ့သည်။

သို့သော် ဒေါက်တာဘမော်ဦးဆောင်သော နယ်ချဲ့လက်ပါးစေညွန့်ပေါင်းအစိုးရသက်တမ်းအတွင်း ၁၉၃၈ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖြစ် ပွားခဲ့သော ချောက်ရေနံမြေသပိတ်၊ ၁၉၃၈ ဇူလိုင်လ ၂၆ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကုလား-ဗမာ အဓိကရုဏ်း၊ ၁၉၃၈ ဇူလိုင် ၃၀ရက်နေ့တွင် ဖြစ်ပွားခဲ့သော မန္တလေး ကုလား-ဗမာအဓိကရုဏ်း၊ ၁၉၃၈ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပဲခူးခရိုင်နှင့် သထုံခရိုင်တို့မှ တောင်သူလယ် သမားရှစ်သောင်းကျော် လယ်သီးစားဥပဒေကြမ်းနှင့် လယ်မြေလွှဲပြောင်းရေးဆိုင်ရာ ဥပဒေကြမ်းများ အတည်ပြုရေးအတွက် တောင်းဆို ဆန္ဒပြပွဲများ၊ ၁၃၀၀ပြည့် အရေးတော်ပုံ၊ ၁၉၃၈ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗိုလ်အောင်ကျော် ကျောင်းသားအရေးအခင်း၊ ၁၉၃၉ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် ဖြစ်ပွားခဲ့သော မန္တလေးအာဇာနည်(၁၇) ဦးကျဆုံးခဲ့ရသည့် လူထုအရေးအခင်းများကြောင့် ၁၉၃၉ ဖေဖော်ဝါရီ ၁၆ရက်နေ့တွင် ဒေါက်တာဘမော်ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရသည် အယုံအကြည်မရှိအဆို တင်သွင်းခံရကာ ပြုတ်ကျ သွားခဲ့သည်။ ထို့နောက် ၁၉၃၉ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရွှေကျင်ဦးပုခေါင်းဆောင်သော ညွန့်ပေါင်းအစိုးရတက်လာခဲ့သည်။ ဦးပု ညွန့်ပေါင်းအစိုးရကို ၁၉၃၀ပြည့်နှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် ဥပဒေပြုအောက်လွှတ်တော်အစည်းအဝေးတွင် ဦးဘဘေက ရွှေကျင်ဦးပုညွန့်ပေါင်းအစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းရာ အဆိုဘက်မှ ထောက်ခံမဲ ၈၁မဲ၊ ကန့်ကွက်မဲ ၃၂ မဲဖြင့် အနိုင်ရရှိသောကြောင့် အစိုးရသက်တမ်း (၇) လသာ ရှိသေးသော ဦးပုညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားခဲ့ရပြန်သည်။

၁၉၄၀ပြည့်နှစ် စက်တင်ဘာလ ၉ရက်နေ့တွင် ဂဠုန်ဦးစောဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည်။

အစိုးရအဖွဲ့ဝင်များမှာ-
(၁) ဂဠုန်ဦးစော - နန်းရင်းဝန်၊ သစ်တောရေးနှင့်ပညာရေးဝန်ကြီးချုပ်
(၂) ဆာပေါ်ထွန်း - အခွန်တော်ဝန်ကြီးချုပ်
(၃) ဦးသာယာဝတီမောင်မောင် - သယ်ယူပို့ဆောင်ရေးဝန်ကြီးချုပ်
(၄) ဦးအေး - ပြည်ထဲရေးဝန်ကြီးချုပ်
(၅) ဦးဘသန်း - ကူးသန်းရောင်းဝယ်ရေးဝန်ကြီးချုပ်
(၆) စောဖေသာ - တရားရေးဝန်ကြီးချုပ်
(၇) ဦးဘသီ - ဘဏ္ဍာရေးဝန်ကြီးချုပ်

(နောက်ပိုင်းတွင် အစိုးရအဖွဲ့အတွင်းသို့ ဦးထွန်းအောင်ကျော်၊ ပုသိမ်ဦးဘအုန်းနှင့် မိတ္ထီလာဦးဘရင်တို့ ပါဝင်လာကြသည်။)

ဤသို့ မြန်မာပြည်သူတို့မလိုလားသည့် (၉၁) ဌာနအုပ်ချုပ်ရေးမှာ ဆက်လက်တည်မြဲနေဆဲပင်ဖြစ်သည်။

ဂဠုန်ဦးစောအစိုးရလက်ထက်တွင် နိုင်ငံရေးသမားများကို ပိုမိုဖိနှိပ်နှိပ်စက်ခဲ့သည်။ ဂဠုန်ဦးစောသည် ဗမာ့ထွက်ရပ်ဂိုဏ်းကြီး၏ အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ဖိတ်ခေါ်ချက်ကို လက်မခံခဲ့ချေ။ ထို့အပြင် ဦးစောသည် မြန်မာနိုင်ငံရဟန်း ပျိုအဖွဲ့ချုပ်မှ ကြီးမှူး၍ လုံးဝလွတ် လပ်ရေးအတွက် တမျိုးသားလုံးပါဝင်ရန် တိုက်တွန်းချက်ကိုလည်း မိမိတစ်ဦးတည်းအနေ ဖြင့် လွတ်လပ်ရေးတောင်းမည်ဟု အကြောင်းပြကာ ငြင်းပယ်ခဲ့သည်။ ထို့အပြင် ဦးစောအစိုးရလက်ထက်တွင် ဗြိတိသျှအစိုးရအလိုကျ စင်ပြိုင်နိုင်ငံရေးအဖွဲ့မှ နိုင်ငံရေးသမားအများအပြား ဖမ်းဆီးခဲ့သည်။ တို့ဗမာအစည်းအရုံးကြီး၏ ဂုဏ်သိက္ခာကျဆင်း ပျက်စီးစေရန်လည်း အမျိုးမျိုးကြိုးပမ်းခဲ့သည်။ ဤကဲ့သို့သော မတရားမှုများ နှင့် ဖိနှိပ်မှုများကြောင့် နိုင်ငံတဝှမ်းလုံးတွင် ဆူပူအုံကြွမှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ၁၉၄၁ ဖေဖော်ဝါရီ ၁၈တွင် အောက်လွှတ်တော် အစည်းအဝေး၌ အတိုက်အခံခေါင်းဆောင် ဦးဘဘေက ဦးဆောင်သောအစိုးရအပေါ် အယုံအကြည်မရှိအဆို တင်သွင်းခဲ့သည်။ သို့သော် ၁၉၄၁ မတ်၁၉တွင် အောက်လွှတ်တော်တွင် အဆိုကိုမဲခွဲရာ ထောက်ခံမဲ ၄၇မဲ၊ ကန့်ကွက်မဲ ၇၂မဲရရှိသဖြင့် အဆိုရှုံးနိမ့်ကာ ဦးစောအစိုးရ တည်မြဲခဲ့သည်။

နန်းရင်းဝန်ဂဠုန်ဦးစောသည် လုံးဝလွတ်မြောက်ရေးကိုတောင်းဆိုမည်ဟုကြေညာကာ ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အင်္ဂ လန်သို့ ထွက်ခွာခဲ့သည်။ ဦးစောမရှိခိုက် ဆာပေါ်ထွန်းက တာဝန်ယူကာ (၉၁) ဌာနအုပ်ချုပ်ရေးကို ဆက်လက်လည်ပတ်ခဲ့သည်။ သို့သော် (၉၁) ဌာနအုပ်ချုပ်ရေးခေတ် ၅နှစ်တာကာလအတွင်း ညွန့်ပေါင်းအစိုးရများသာ ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုညွန့်ပေါင်းအစိုးရများမှာလည်း မကြာခဏ အယုံအကြည်မရှိအဆိုဖြင့် ဖြုတ်ချခြင်းခံခဲ့ရသဖြင့် (၅) နှစ်အတွင်း အစိုးရ (၄) ကြိမ်ပြောင်းခဲ့သည်။ ၁၉၄၂ ဇန်နဝါရီလဆန်းတွင် ဗမာ့လွတ် လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်များသည် မြိတ်၊ မော်လမြိုင်၊ စစ်တောင်းစသည့်မြို့များကိုသိမ်းပိုက်သောအခါ ဗြိတိသျှဘုရင်ခံနှင့် အစိုးရ အဖွဲ့ဝင်များ ၁၉၄၂ မတ် (၁) ရက်နေ့ ရန်ကုန်မှ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် (၉၁) ဌာန အုပ်ချုပ်ရေး ချုပ်ငြိမ်း သွားခဲ့လေသည်။

(ဆက်လက်ဖော်ပြပါမည်။)

Sunday, March 4, 2012

Cartoon Nay Myo Aye - Nothing is Nothing above the law

ကာတွန်းနေမျိုးအေး - ဥပဒေအထက်မှာ မရှိဘူးဆိုတာ မရှိဘူး
မတ် ၅၊ ၂၀၁၂


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives