[moemakadaily@moemaka.biz] 7th March 2012 - MoeMaKa Daily

ဇာဂနာရဲ့ Amnesty နှစ် ၅၀ပြည့် အခမ်းအနားပြက်လုံး - လွှတ်တော်က ကျပ်မပြည့်ဘူး
မိုးမခဓာတ်ပုံသတင်း
မတ်လ ၄ ရက် နယူးယောက်မြို့တော်မှာ ပြည်တော်မပြန်ခင် ကိုဇာဂနာက နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Anmesty International) နှစ် ၅၀ပြည့် အခမ်းအနားမှာ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ရာမှာ မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေကို ရယ်သွမ်းသွေး သွားပါတယ်။ အဲသည် ပြောဆိုချက်ကို တက်ရောက်လာကြတဲ့ ပရိသတ်က ပွဲကျတာကို တွေ့ရပါတယ်။ သူက …
" မြန်မာပြည်မှာ အကုန်ရှိတယ်။ သမ္မတ၊ အစိုးရ၊ လွှတ်တော် ပြီးတော့ အခြေခံဥပဒေ အကုန်ရှိနေပြီ။ ပြီးတော့ လွှတ်တော်ထဲမှာ စစ်ဗိုလ်တွေက တမတ်သား ရှိတယ်။ အကယ်၍ လွှတ်တော်ထဲမှာ ကျနော့်တို့လို လူပြက်တွေကို တမတ်သား ထပ်ဖြည့်လိုက်မယ်သာဆိုရင် ကျနော်တို့လွှတ်တော်ကို ကျပ်မပြည့်တဲ့လွှတ်တော်လို့ ခေါ်ကြရလိမ့်မယ် …"
လို့ ပြက်သွားပါတယ်။
(အဆင်ပြေသလို မိုးမခကဘာသာပြန်လိုက်တာပါ။)

Zawaree - How to chose the right candidates in Burma and Beyond ...

လွှတ်တော်ကိုယ်စားလှယ်များ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့
ဇာဝါရီ။ မတ် ၇၊ ၂၀၁၂
အနောက်နိုင်ငံများမှာ April Fool ဧပြီအရူးနေ့လို့ လူသိများတဲ့ ဧပြီလ () ရက်နေ့မှာ မြန်မာနိုင်ငံမှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မယ်ဆိုတော့ ရက်သတ္တပတ် () ပတ်လောက်ပဲ အချိန်ရှိတော့တယ်။ အများပြည်သူများကတော့ ဒီတခေါက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မဲဆန္ဒနေရာအားလုံးကို အနိုင်ရမယ့်လို့ ယုံကြည်နေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ နည်းမျိုးစုံနဲ့ အနိုင်ရယူသွားခဲ့တဲ့ ပြည်သူမထောက်ခံ ကြံ့ဖွံ့ပါတီဝင်များအတွက်တော့ ဒီတကြိမ် အခြေအနေ မကောင်းလှဘူးပေါ့။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပါတယ်လို့ ဟစ်ကြွေးနေတဲ့ ကြံ့ဖွံ့အစိုးရခေါင်းဆောင်များလည်း သူတို့ပါတီ ကိုယ်စားလှယ်များ မဲရရှိရေးကို ဘယ်လို ကြံစည်နေကြသလဲဆိုတာကိုတော့ အများက သတိနဲ့ စောင့်ကြည့်နေကြတယ်။
အတင်းအဓမ္မ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းများကို မြန်မာပြည်သူများ စိတ်မဝင်စားခဲ့။ သူတို့အကြောင်းကိုလည်း ဘာမှမသိခဲ့ရ။ အထူးသဖြင့် သူတို့ရဲ့  နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံနဲ့ပြည်သူအကျိုးအတွက် ဘာတွေလုပ်ဆောင်ကြမလဲဆိုတဲ့ ဦးတည်ချက်၊ မူဝါဒများကိုလည်း ပြည်သူများကို ဘာမှတင်ပြစရာမလိုဘဲ ပြည်သူများ မဲပေးပေး မပေးပေး ဗိုလ်သန်းရွှေ စီစဉ်ထားတဲ့အတိုင်း ကြံ့ဖွံ့ပါတီ အနိုင်ရရှိသွားခဲ့တယ်။ တနှစ်အကြာမှာတော့ ရွေးချယ်ခံရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်နေပါတယ်ဆိုတဲ့ ဟစ်ကြွေးသံများအောက်မှာတော့ ဘာမှထူးထူးခြားခြား လုပ်ဆောင်နေတာကိုတော့ မတွေ့ရသေး။
အခုတကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်များကို သိရှိရပေမယ့် သူတို့အနေနဲ့လည်း တိုင်းပြည် နဲ့ ပြည်သူ့အကျိုးအတွက် ဘာတွေလုပ်ဆောင်သွားမလဲ၊ သူတို့၏ နိုင်ငံရေး မူဝါဒ ရပ်တည်ချက်များက ဘာတွေလဲဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ မသိရှိကြပါ။ ယနေ့ ပြည်တွင်းပြည်ပ မီဒီယာများကလည်း အမျိုးသားဒီမိုကရေစီပါတီ နဲ့ တခြား ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်းများထက် ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားလဲ၊ ဘာတွေပြောသလဲဆိုတဲ့ သတင်းများသာ အလေးပေးဖော်ပြနေ (နိုင်) ကြတယ်။
မဲဆန္ဒရှင်ပြည်သူများကလည်း အစိုးရနဲ့ ကြံ့ဖွံ့ပါတီအား မုန်းတီမှု၊ တခြား ပါတီကိုယ်စားလှယ်များကို အထင်မကြီးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် အပြော၊ မျက်နှာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်များကိုသာ မဲပေးဖို့ ပြင်ဆင်နေကြတယ်။ ဝင်ရောက်အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအားလုံး အနိုင်ရရေးကလည်း ပါတီနဲ့ ပြည်သူများအတွက် အရေးကြီးတယ်လို့ ယုံကြည်ထားကြတာကြောင့် အန်အယ်လ်ဒီ ကိုယ်စားလှယ်ဆိုရင်ပြီးရော မဲပေးကြလို့ တိုက်တွန်းနေမှုကို စောဒက တက်နေလို့ မရတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒါပေမဲ့ သတင်းမီဒီယာများအနေနဲ့ မျှမျှတတ၊ ပွင့်ပွင့်လင်းလင်းနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ တခြား ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်ပါတီ ကိုယ်စားလှယ်လောင်းများအကြောင်း ရေးသားဖော်ပြပြီး မဲဆန္ဒရှင်များကို အသိပညာပေး လုပ်ဆောင်ဖို့ လိုပါတယ်။
တဖက်မှာလည်း နေညဆက် တမြို့ ဝင်တမြို့ ထွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေများကို သွားရောက်ပြီး ပင်ပင်ပန်းပန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအား တခဲနက်မဲပေးကြဖို့ မဲဆန္ဒရှင် ပြည်သူလူထုကို တိုက်တွန်းနှိုးဆော် လုပ်ကိုင်နေရတယ်။ ဒီနေရာမှာ သတိထားမိတာက မဲဆန္ဒနယ်မြေများက ပြည်သူလူထုဟာ သူတို့ မဲပေး ရွေးကောက်တင်မြောက်ရမယ့် ကိုယ်စားလှယ်လောင်းများထက် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်ဖို့၊ သူ့ပြောဆိုချက်များကို နားထောင်ဖို့ အဓိကဖြစ်နေပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်း၊ နိုင်ငံရေး ရပ်တည်ချက်၊ ဦးတည်ချက်များ၊ ပြောဆိုချက်များကို စိတ်မဝင်စားကြသလို၊ ရွေးကောက်ခံကြမယ့် ကိုယ်စားလှယ်လောင်းများအများစုအနေနဲ့ နယ်မြေဒေသ၊ တိုင်းပြည်၊ ပြည်သူအကျိုး ရွေးကောက်ခံရရင် ဘယ်လို ရပ်တည်လုပ်ဆောင်သွားကြမယ်၊ ဘာတွေ ပြင်ဆင်ထားကြသလဲဆိုတာကို ပြည်သူများထံ တင်ပြပြောဆိုခြင်း မရှိတာကို တွေ့ရတယ်။
ဒါတွေကို တွေ့မြင်ရပြီး အကြောင်းသင့်လို့ လက်ရှိ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲ လှုပ်ရှားမှုများကို လေ့လာနိုင်ဖို့ တင်ပြလိပါတယ်။ 
အမေရိကန်ပြည်ထောင်စုနဲ့ ဒီမိုကရေစီထွန်းကားနေတဲ့ တိုင်းနိုင်ငံများမှာ လက်ရှိ သမ္မတ၊ သမ္မတဟောင်းများ၊ အထင်ကရ ပါတီခေါင်းဆောင်များက မဲဆန္ဒရှင် ပြည်သူတွေ မဲပေးရမယ့် သူတို့ကိုယ်စားလောင်းများအနေနဲ့ ဘယ်လို အရည်အချင်းတွေနဲ့ ပြည့်စုံလို့ ရွေးချယ်တင်မြောက်သင့်ကြောင်း မိတ်ဆက်စကား အတိုချုပ်ပြောဆိုပြီး အမတ်လောင်းကိုယ်တိုင်က သူဘယ်သူဘယ်ဝါ၊ မိမိအနေနဲ့ ဘယ်လို မူဝါဒ၊ ရပ်တည်ချက်၊ ယုံကြည်ချက်၊ လုပ်ငန်းစဉ် မူဝါဒများနဲ့ မဲဆန္ဒရှင် ပြည်သူများအကျိုး၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ လူထု စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူတဦးချင်း ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များနိုင်ငံခြားရေး မူဝါဒများနဲ့ နိုင်ငံအကျိုး ထမ်းရွက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းတင်ပြပြီး (ရက်ပေါင်းများစွာ) မဲဆွယ်လုပ်ဆောင်ရသည်။
အခုလက်ရှိ မြန်မာနိုင်ငံမှာ ဝင်ရောက်ရွေးချယ်ကြမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများမှာ ဒီလို တင်ပြလုပ်ဆောင်မှုများ ရှိစရာမလိုဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း လုပ်ဆောင်သွားမည်ပုံစံ ဖြစ်နေတယ်။ တချိန်တည်းမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တဦးတည်း အားလုံးကိုယ်စား ပြောဆိုနေရတာကို တွေ့ရှိရပြီး ကိုယ်စားလှယ်လောင်းများ က နှုတ်ဆက်ပြောတာလောက်ပဲ ရှိကြတယ်
မြန်မာနိုင်ငံအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို ဦးနေဝင်း အစိုးရကို ရှုတ်ချပြောဆိုကြသူ အများစုကို တင်မြောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးအချုပ်ခံရချိန်မှာ ဘာမှမလုပ်နိုင်၊ အလုပ်မဖြစ်ကြတဲ့ အရည်အချင်းမပြည့်ဝ ကိုယ်စားလှယ်မျိုးတွေ ထပ်မံ မတင်မြောက်ကြဖို့ အရေးကြီးပါတယ်။
 ပြည်သူများအနေနဲ့လည်း မိမိတို့ ရွေးချယ်တင်မြောက်ကြမယ့် ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒရှင် ပြည်သူများအကျိုး၊ နိုင်ငံကောင်းကျိုးအတွက် ဘယ်လိုကြိုးပမ်းလုပ်ဆောင်သွားကြမလဲ၊ သူတို့၏ မူဝါဒဆိုင်ရာ ရပ်တည်ချက်၊ ယုံကြည်ချက်၊ လုပ်ငန်းစဉ်များကို မေးမြန်း ကတိကဝတ် ရယူပြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်းများမှမဟုတ် မူဝါဒဆိုင်ရာများကို တိတိကျကျ ချမှတ်ပြောဆို၊ ကတိကဝတ် ပြုနိုင်သူ၊ အရည်အချင်းရှိသူ - တခြားပါတီမှ ကိုယ်စားလှယ်လောင်းများကိုလည်း မဲပေးရွေးချယ်တင်မြောက်ဖို့ အရေးကြီးပါတယ်။
အများသိကြတဲ့အတိုင်း အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲတွေမှာဆိုရင် ကိုယ်စားလှယ်လောင်းများ အဓိက ဖြေဆိုရှင်းလင်းရတဲ့ မေးခွန်းကတော့
 "If you are elected, what would your official/specific policies on economy, education, health care, environment, immigration, abortion etc?"
အကယ်၍ လူကြီးမင်းအနေနဲ့ ရွေးကောက်တင်မြောက်ခံရမယ်ဆိုရင် လူကြီးမင်းရဲ့  ချမှတ်လုပ်ဆောင်သွားမယ့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်ကျင်ဆိုင်ရာ၊ လူဝင်မှု့ကြီးကြပ်ရေး၊ အမျိုးသမီးသန္ဓေသား ဖျက်ချမှုဆိုင်ရာ စတဲ့ မူဝါဒပေါ်လစီဆိုင်ရာများက ဘာလဲဆိုတဲ့ မေးခွန်းကို အဓိက အမေးခံရပြိး ဒီအကြောင်းအရာတွေကို ရှင်းလင်းပြောဆို တင်ပြပြီး မဲဆွယ်ရပါတယ်။
မြန်မာပြည် ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ လေ့လာစောင့်ကြည့်ရင် လာမယ့် နိုဝင်ဘာလမှာ ကျင်းပပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဘာရက် အိုဘားမား (ဒီမိုကရက်တစ်ပါတီ) အား စိမ်ခေါ်ယှဉ်ပြိုင်မယ့် ရီပတ်ဘလင်ကန်ပါတီ သမ္မတလောင်း ပဏာမရွေးကောက်ပွဲအတွက် ဒီနေ့ Super Tuesday (မတ် ၆ ရက်) နေ့အထိ အကြိတ်အနယ် ယှဉ်ပြိုင်နေကြတဲ့ ပါတီကိုယ်စားလှယ်များ တရားဝင်ထုတ်ပြန်ထားတဲ့ တဦးချင်း မူဝါဒဆိုင်ရာ အကြောင်းအရာတချို့ ကို နှိုင်းယှဉ် လေ့လာကြည့်ရအောင်ပါ။

() လက်ရှိ ရှေ့ တန်းမှ ပြေးနေတဲ့ မန်ဆာချူးဆက် (Massachusetts) ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း (၂၀၀၃-၂၀၀၇) မစ်ထ် ရွန်မနီ (Mitt Romney) ရဲ့  မူဝါဒရေးရာများမှာ
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ - နယ်စပ်ဒေသ ဖြတ်ကျော်ရေးကို ပိုမိုလုံခြုံတင်းကြပ်စွာ လုပ်ကိုင်သွားမည်။ တရားမဝင် ၊ အထောက်အထား လက်မှတ်မရှိ အလုပ်သမားများကို ငှားရမ်းခိုင်းစေတဲ့ အလုပ်ရှင်များကို အရေးယူနှိမ်နှင်းသွားပြီး။ အလုပ်ရှင်များအကျိုး ဆောင်ရွက်ပေးနိုင်တဲ့ ပညာတက် နိုင်ငံခြားသား အလုပ်သမားများ တရားဝင်နေထိုင်ခွင့် (green card) ရရှိရေးကိုတော့ ထောက်ခံလုပ်ဆောင်သွားမည်။
ပညာရေးဆိုင်ရာ - ဖယ်ဒရယ်အစိုးရ ပညာရေးဝန်ကြီးဌာနကို ဆက်လက်ထားရှိပြီး ပညာရေးအတွက် ကျောင်းသားတဦးတယောက်မှ နောက်မကျန်ရေး ပေါ်လစီ လုပ်ဆောင်ချက်ကို ဆက်လိုက် လုပ်ဆောင်သွားမည်။ တခြား ယှဉ်ပြိုင်ဖက်များလို မဟုတ်ဘဲ ချို့ တဲ့ဆင်းရဲနွမ်းပါး ကျောင်းသားများ အခမဲ့ ပညာသင်ကြားခွင့် ပြေစာလက်မှတ် (Voucher) ရရှိ သင်ယူရေး ကို ခွင့်ပြုပြီးပြောင်းရွှေ့ လာသူများ အင်္ဂလိပ်စာ သင်ကြားနိုင်ရေး၊ charter ကျောင်းပညာရေး (အစိုးရအထောက်အပံ့ နဲ့ ပြင်ပအလှူငွေယူပြီး ဖယ်ဒရယ်အစိုးရ ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းများ အတိအကျမလိုက်နာဘဲ ကိုယ်ပိုင်ပုံစံနဲ့ သင်ကြားပေးခြင်း) စနစ် တိုးချဲ့ ရေး၊ စာမေးပွဲ စီစစ်လုပ်ကိုင်ခြင်း နဲ့ အသင်အပြကောင်းတဲ့ ဆရာ၊ ဆရာမများအား အပိုဆုကြေးပေလုပ်ဆောင်သွားမည်ဖြစ်ကြောင်း။
အမျိုးသမီးသန္ဓေသား ဖျက်ချမှုဆိုင်ရာ - အစောပိုင်း ပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်ယူချိန်မှာ အမျိုးသမီးများ သန္ဓေသားဖျက်ချမှု အခွင့်အရေး ရပိုင်ခွင့်ကို ထောက်ခံခဲ့ပြီး Roe v. Wade (၁၉၇၃) ဆုံးဖြတ်ချက် ဥပဒေကို ပြင်ဆင်ဖျက်သိမ်းခြင်းက နိုင်ငံအတွက် အမှားတခု ဖြစ်လိမ့်မယ်ဟု သတိပေးပြောဆိုခဲ့ပြီးနောက် အခုအခါမှာတော့ အမျိုးသမီးများ သန္ဓေသားဖျက်ချမှု အခွင့်အရေးကို ဆန့်ကျင်နေပြီး၊ Roe v. Wade ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ ပြောဆိုတိုက်တွန်းနေသည်။
ကျန်းမာရေးဆိုင်ရာ - လက်ရှိ သမ္မတ အိုဘားမား လုပ်ဆောင်နေသော အိုဘားမား ကျန်းမာရေးစောင့်ရှောက်ရေး ပေါ်လစီ (ObamaCare) ပြဌာန်းချက်မျိုး ပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ချိန်က ချမှတ်လုပ်ကိုင်ခဲ့ပေမယ့် အခုအခါမှာ အိုဘားမား ကျန်းမာရေး စောင့်ရှောက်ရေးကို ဆန့်ကျင်ပြောဆိုနေပြီး၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေါ်လစီများကို ဈေးကွက် အခြေခံစနစ်နဲ့ ပြန်လည်ဖွဲ့စည်းပြီး၊ ဖယ်ဒရယ်အစိုးရ ထိန်းချုပ်မှုအစား ပြည်နယ်အလိုက် ချမှတ်လုပ်ဆောင်သွားရန်၊ မှားယွင်းဆေးကုသမှုအပေါ် တရားစွဲဆိုမှုကို တားမြစ်သွားရန်၊ ကိုယ်ပိုင် ကျန်းမာရေးအာမခံ ဝယ်ယူသူများအား အခွန်လျှော့ချ ကောက်ခံပေးသွားမည်ဖြစ်ကြောင်း။
() ဒုတိယနေရာ လိုက်နေတဲ့ ပန်ဆေလ်ဗေနီယား (Pennsylvania) ပြည်နယ် အထက်လွှတ်တော်အမတ်ဟောင်း (၁၉၉၅-၂၀၀၇) ရစ်ခ် ဆန်တိုရမ် (Rick Santorum) ရဲ့  မူဝါဒရေးရာများမှာ …
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ - အီတလီနိုင်ငံမှ ပြောင်းရွှေ့ လာကြတဲ့ မိဘနှစ်ပါးမှ မွေးဖွားလာသူဖြစ်ပေမယ့် အမေရိကန်ပြည်ထောင်စု နဲ့ မက်စီကို နိုင်ငံ နယ်နမိတ်ခြား တံတိုင်း နှစ်ထပ်ခတ်ဖို့ လွှတ်တော်မှာ မဲပေးတိုက်တွန်းခဲ့သူ ဖြစ်သည်။ အစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာသူများ၊ တရားဝင် နေထိုင်ခွင့်လက်မှတ် မရှိသူများအား လူမှုရေးထောက်ပံ့မှုများ၊ ပညာသင်ကြားခွင့် နဲ့ ကျန်းမာရေးထောက်ပံ့မှုများ ပေးနေမှုကို ရပ်ဆိုင်းဖို့ တိုက်တွန်းနေပြီး ပြောင်းရွှေ့ အလုပ်သမားများ ယာယီအလုပ်လုပ်ခွင့် ရရှိရေးအစီအစဉ်ကို ဆန့်ကျင်သည်။
ပညာရေးဆိုင်ရာ - ဖယ်ဒရယ်အစိုးရ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းပြီး ပြည်နယ်အလိုက် ကိုယ်ပိုင်ပညာရေးစနစ်နဲ့ ထိန်းချုပ်ဆောင်ရွက်သွားရန်။ အခြေခံ၊ အထက်တန်းပညာရေး သင်ရိုးညွှန်းတမ်းမှာ ဘာသာရေးဆိုင်ရာ သမ္မာကျမ်းစာအခြေခံ လောကကို ဖန်တီးခြင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားရေးကို ထည့်သွင်းသင်ကြားနိုင်ရေး၊ ကျောင်းသင်ခန်းများတွင် ဝတ်ပြုဆုတောင်းခြင်း လုပ်ဆောင်သွားမည်။ တဖတ်မှာ  ချို့ တဲ့ကျောင်းသားများ ဘောက်ချာ ပြေစာလက်မှတ် ကင်းလွတ်ခွင့် ရရှိရေး နဲ့ ချာတာကျောင်းများ တိုးချဲ့ ရေးကို ထောက်ခံသည်။
အမျိုးသမီးသန္ဓေသား ဖျက်ချမှုဆိုင်ရာ - အမျိုးသမီးသန္ဓေသား ဖျက်ချ၊ တားမြစ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး အထက်လွှတ်တော် တာဝန်ထမ်းဆောင်ချိန် ကာလတလျှောက်လုံး မဲပေးကန့်ကွက်ခဲ့သည်။ အမျိုးသမီးတဦးအနေနဲ့ ယုတ်စွအဆုံး အဓမ္မပြုကျင့်ခံရ၊ သွေးသားရင်း စပ်ယှက်ကျူးလွန်မှုမှ ကိုယ်ဝန်ရရှိခဲ့သည်တိုင် ကိုယ်ဝန်ဖျက်ချခြင်းကို မပြုသင့်ကြောင်း။ လူ့ဘဝအစ သန္ဓေတည်ခြင်းကလို့ ယုံကြည်သူဖြစ်သည်။
ကျန်းမာရေးဆိုင်ရာ - သမ္မတ အိုဘားမား၏ ကျန်းမာရေးဝန်ဆောင်မှုကို ဖျက်သိမ်းပစ်ဖို့ ကတိပြုထားသည်။ အစောပိုင်းမှာ သက်ကြီးရွယ်အိုများအတွက် ဆေးဝါးကူညီပေးမှု အစီအစဉ်ကို ထောက်ခံခဲ့ပြီး လက်ရှိ အဲဒီ အစီအစဉ်ကို ကန့်ကွက်ပြီး တိုက်ရိုက် ဆေးဝါးကူညီပေးမှုအစား ကင်းလွတ်ခွင့် ဘောက်ချာပြေစာနဲ့ ပြင်ပ ကျန်းမာရေးအာမခံကို ဝယ်ယူသွားနိုင်ဖို့ကို ပြင်ဆင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။
() တတိယနေရာမှာ ရှိနေတဲ့ အောက်လွှတ်တော် သဘာပတိဟောင်း (House Speaker. ၁၉၉၅-၁၉၉၉) ဂျော်ဂျီးယား (Georgia) ပြည်နယ်သား နယူးတ် ဂင်းဂရစ်ခ်ျ (Newt Gingrich) ရဲ့  မူဝါဒဆိုင်ရာများမှာ
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ - အမေရိကန်ပြည်ထောင်စု နဲ့ မက်စီကို နှစ်နိုင်ငံကြား နယ်နမိတ်ကို ပိုမိုလုံခြုံစွာ စီစဉ်လုပ်ဆောင်သွားရန်။ အင်္ဂလိပ်စကားကို နိုင်ငံတော် ဘာသာစကားအဖြစ် တရားဝင်ပြဌာန်းသွားရန်။ ပြည်နယ်ဒေသအလိုက် နိုင်ငံသားစီစစ်ရေးကော်မတီအဖွဲ့ ဖွဲ့စည်းပြီး အဲဒီအဖွဲ့ကနေ တရားမဝင် ဝင်ရောက်လာသူများ နေထိုင်ခွင့်ကို ဆုံးဖြတ်လုပ်ကိုင်သွားရန်။ အမေရိကန်အစိုးရအနေရဲ့  လူဝင်မှုကြီးကြပ်ရေး ဥပဒေဆိုင်ရာများကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း။
ပညာရေးဆိုင်ရာ - လက်ရှိ ဖယ်ဒရယ်အစိုးရ ပညာရေးဝန်ကြီး Arne Duncan နဲ့ လူမဲခေါင်းဆောင် Al Sharpton တို့နဲ့ ပူးပေါင်းပြီး ပညာရေးဆိုင်ရာ ပြင်ဆင်ဖွဲ့စည်းရေးဆိုင်ရာများကို ထောက်ခံဆောင်ရွက်နေသည်။ ချာတာကျောင်းများ တိုးချဲ့ ရေးကို ထောက်ခံပြီး ကျောင်းများမှာ လွတ်လပ်စွာ ဝတ်ပြုရှစ်ခိုးခြင်း၊ ဆင်းရဲကျောင်းသားများ ပြေစာကင်းလွတ်ခွင့်နဲ့ ပညာသင်ကြားနိုင်ရေး။ ဆရာ၊ ဆရာမများ သင်ကြားမှုစွမ်းဆောင်မှုအပေါ် အခြေခံပြီး ဆုပေးထောက်ပံ့ခြင်း နဲ့ စာတော်ကျောင်းသားများအား ငွေကြေးထောက်ပံ့ရေးတို့ကို ထောက်ခံသူဖြစ်သည်။
အမျိုးသမီးသန္ဓေသား ဖျက်ချမှုဆိုင်ရာ - အမျိုးသမီးများ လွတ်လပ်စွာ ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သည်ဥပဒေကို လက်မှတ်ထိုး ထောက်ခံဖို့ ကတိပြုထားသည်။ အစိုးရအထောက်အပံ့ ရရှိနေသည့် အမျိုးသမီးသန္ဓေသား ဖျက်ချရေး လုပ်ဆောင်နေတဲ့ ဆေးခန်း၊ အသင်းအဖွဲ့များကို ထောက်ပံ့ကြေး ရပ်ဆိုင်းပစ်ရန်။ မူရင်း အခြေခံဥပဒေအတိုင်း စွဲကိုင်လုပ်ဆောင်နိုင်ဖို့ ကွန်ဆာဗေးတစ် ရှေးရိုစွဲဝါဒရှိသူ နိုင်ငံတော်တရားသူကြီးချုပ်များကို အစားထိုး ခန့်အပ်သွားမည်ဖြစ်ကြောင်း။
ကျန်းမာရေးဆိုင်ရာ - သမ္မတ အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်ရေး စီမံကိန်းကို ဖျက်သိမ်းမည်။ ပြည်နယ်များ ဖြတ်ကျော်ပြီး ကွဲပြားခြားနားတဲ့ ကျန်းမာရေးအာမခံများကို ရောင်းဝယ်ခွင့် ပြုမည်။ သက်ကြီးရွယ်အိုများအတွက် ဆေးဝါးကူညီပေးမှု နဲ့ ဆင်းရဲ့ ချို့ တဲ့သူများအတွက် ကျန်းမာရေးစောင့်ရှောက်ကူညီပေးမှု ထောက်ပံ့ကြေးများကို လျှော့ချသွားမည်။ ကျန်းမာရေးအာမခံ ဝယ်ယူသူများအတွက် အခွန်လျှော့ချပေးပြီး ကျန်းမာရေးစုငွေ စီမံကိန်းကို တိုးမြှင့်ပေးခြင်း နဲ့ မှားယွင်းဆေးကုသမှုအပေါ် တရားစွဲဆိုမှု ဥပဒေကို ပြင်ဆင်ရေးဆွဲသွားမည်။
() စတုတ္ထနေရာမှာ ရှိနေပြီး နောက်ဆုံးအခြေအနေအထိ ယှဉ်ပြိုင်သွားမယ်လို့ ကြွေးကြော်နေသူ၊ အမေရိကန် နိုင်ငံခြားရေးမူဝါဒ၊ စစ်ပွဲများနဲ့ နိုင်ငံတကာမှာ အမေရိကန်စစ်တပ်များ ထားရှိမှုအပေါ် ပွင့်ပွင့်လင်းလင်း ပြစ်တင်ရှုတ်ချပြောဆိုပြီး မဲဆွယ်နေတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး တက်ဆက် (Texas) ပြည်နယ် အောက်လွှတ်တော်အမတ် (၁၉၉၇- လက်ရှိ) ရွန် ပေါလ် (Ron Paul) ကတော့
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ - ပြောင်းရွှေ့ အလုပ်သမားများ လူမှုဖူလုံရေး၊ နေထိုင်ရေး၊ ပညာရေး ထောက်ပံ့ကူညီမှု (DREAM Act) အက်ဥပဒေကို ဆန့်ကျင်ထားပြီး နယ်ခြားလုံခြုံရေးကို တိုးမြှင့်လုပ်ကိုင်သွားရန်။ အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာသူများအား လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ရပိုင်ခွင့်များ ရရှိရေးကို ကန့်ကွက်သည်။ အလုပ်ရှင်များအနေနဲ့ အွန်လိုင်းမှတဆင့် တရားမဝင် အလုပ်သမားများ မှတ်ပုံတင်လျှောက်ထားခွင့် အစီအစဉ်ကို ပယ်ဖျက်သွားမည်။
ပညာရေးဆိုင်ရာ - ကျောင်းသားတဦးတယောက်မှ နောက်မကျန်စေရ ပညာရေးစီမံကိန်း မှာ နိုင်ငံအတွက် အကျိုးမရှိကြောင်း။ ဖယ်ဒရယ် ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းပြစ်ပြီး အစိုးရကျောင်းများမှာ ပညာမသင်ကြားဘဲ ကိုယ်ပိုင်ကျောင်းများနဲ့ အိမ်ပညာရေး သင်ကြားမှုများကို အခွန်လျှော့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း။
အမျိုးသမီးသန္ဓေသား ဖျက်ချမှုဆိုင်ရာ - သားဖွားဆရာဝန်တဦးဖြစ်ပြီး အနည်းဆုံး ခလေး လေးထောင်ကျော် မွေးဖွားပေးခဲ့သူဖြစ်ပေမယ့် ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သည်။ လူ့ဘဝအစ သန္ဓေတည်ခြင်းကလို့ ယုံကြည်သူဖြစ်ပြီး တရားဝင် ကိုယ်ဝန်ဖျက်ချမှု ဆုံးဖြတ်ချက်ကို ပြည်နယ်အလိုက် ဆုံးဖြတ်လုပ်ကိုင်သွားဖို့ ပြဌာန်းလုပ်ကိုင်သွားမည်။
ကျန်းမာရေးဆိုင်ရာ - သမ္မတ အိုဘားမား ကျန်းမာရေးအစီအစဉ် ကို အောက်လွှတ်တော်မှာ မဲပေးကန့်ကွက်ခဲ့သည်။ သက်ကြီးရွယ်အိုများအတွက် ဆေးဝါးကုသ ကူညီပေးမှုအတွက် ပြည်သူများအလိုက် ရွေးချယ်ခွင့် ထားရှိခြင်း၊ ကျန်းမာရေးအာမခံကို ပြည်နယ်များဖြတ်ကျော် ဝယ်ယူရောင်းဝယ်နိုင်ခြင်း။ ကျန်းမာရေးဆိုင်ရာစုငွေအတွက် တိုးချဲ့ လုပ်ကိုင်သွားပြီး သက်ကြီးရွယ်အိုများအတွက် ဆေးဝါးကူညီပေးမှု စီမံကိန်းအစား ဆေးကုသမှု မပေးနိုင်သူများအနေနဲ့ ရှေ့ နေများနဲ့ ဆေးကုခကို ပယ်ဖျက်နိုင်ရေး အစီအစဉ်ကို ပြင်ဆင်ပြဌာန်းသွားမည်။
အထက်ဖော်ပြပါ ရီပတ်ဘလင်ကန် ကိုယ်စားလှယ်လောင်းများမှာ အခြေခံအားဖြင့် ရှေးရိုးစွဲ ကွန်ဆာဗေးတစ်မူဝါဒများကို လက်ကိုင်စွဲထားကြသူများ ဖြစ်ကြပေမယ့်  တဦးချင်း မတူကွဲပြားတဲ့ အရည်အချင်း၊ အတွေ့အကြုံ၊ ယုံကြည်ချက်၊ ရပ်တည်ချက်များ ရှိတာကို မဲဆန္ဒပေးမယ့်သူများအနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ရွေးချယ်နိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများအနေနဲ့ စကားစစ်ထိုးပွဲမျာ၊ အင်တာဗျူးများ၊ ကြော်ငြာများ၊ အင်တာနက်၊ မီဒီယာများမှတဆင့် သိရှိနိုင်တယ်။
နှစ်ပေါင်း ၂၀၀ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့တဲ့ (အမှန်မှာ လူတိုင်းမဲပေးပိုင်ခွင့် ရရှိခဲ့တာ ဆယ်စုနှစ်ပဲ ရှိပါသေးတယ်) သတင်းမီဒီယာ ကျယ်ပြန့်ထွန်းကား အမေရိကန်နိုင်ငံနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့ ပြောလို့ရပေမယ့် အခုအချိန်မှာ မြန်မာပြည် သတင်းမီဒီယာများလည်း အကန့်အသတ်လျှော့ပေါ့မှု အခြေအနေကနေ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များခရီးသတင်းများကို လွတ်လပ်စွာ နေ့စဉ်ရေးသားတင်ပြနေကြတာကို ဖတ်ရှုနေရတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်များအကြောင်း၊ အင်တာဗျူးလုပ် မေးမြန်းခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်တာကို တွေ့ရှိရတယ်။ ဒါကြောင့် ဒီနေ့အထိ ရွေးကောက်ခံကြမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများကိုယ်စား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းများပဲ ကြားနေရပြီး အန်အယ်လ်ဒီ နဲ့ တခြားပါတီ ကိုယ်စားလှယ်လောင်းများ၏ အသံများကို မကြားရ၊ မသိရခြင်းက ဒီမိုကရေစီခရီးလမ်းအတွက် ကောင်းသောအရာ မဟုတ်ပါ
ပြည်တွင်းပြည်ပ မီဒီယာများအနေနဲ့လည်း အချိန်မီ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်များကို ပြည်သူများကိုယ်စား အင်တာဗျူးလုပ် မေးမြန်းပြီး သူတို့ရဲ့  နိုင်ငံရေး ရပ်တည်ချက်၊ ပြည်သူ့အတွက် လုပ်ဆောင်သွားမည့် မူဝါဒဆိုင်ရာများ ကတိကဝတ်များကို မေးမြန်း မှတ်တမ်းတင် တင်ပြသင့်ပါတယ်
ကိုးကား ~ Christian Science Monitor News: Election 101

Cartoon Nay Myo Aye - Absentee Votes from USDP

 ကာတွန်းနေမျိုးအေး - သမ္မတကြီးအတွက် တမလွန်မဲ …
မတ် ၇၊ ၂၀၁၂

Burmese American to ask for lifting Sanction - Burmese Embassy urged

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေး အမေရိကန်မြန်မာများတိုက်တွန်းရန် သံရုံးကစည်းရုံး လှုံ့ဆော်
မိုးမခအထောက်တော် ၀၀၂၊ မတ် ၇၊ ၂၀၁၂
အမေရိကန်ရောက်မြန်မာများနှင့် အဖွဲ့အစည်းများက အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရန် တောင်းဆိုကြဖို့ အမေရိကန်ပြည်ရှိ မြန်မာကြံ့ဖွံ့အစိုးရသံရုံးက တိုက်တွန်းနေကြောင်း သိရှိရသည်။
ဖေ့စ်ဘွတ်အင်တာနက်ပေါ်မှ လက်ခံရရှိသော လက်ဆင့်ကမ်းစာများအရ နယူးယောက်ရှိ မြန်မာအစိုးရ၏ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်ရုံးက နယူးယောက်မြန်မာတရုတ်အသင်းကို အထက်ပါအရေးအတွက် မေတ္တာရပ်ခံခဲ့ကြောင်း၊ နယူးယောက် မြန်မာတရုတ်အသင်းက အမေရိကန်သမ္မတကြီးနှင့် လွှတ်တော်အမတ်များထံ အမေရိကန်မြန်မာတို့၏ ဆန္ဒအဖြစ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းအောင် စာရေးသား တောင်းဆိုခဲ့ကြကြောင်း၊ ဆက်လက်ပြီး အဆိုပါ ပုဂ္ဂိုလ်တို့က စည်းရုံးလှုံဆော်နေကြောင်း မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးထံ လိပ်မူပြီး တင်ပြထားသည်ကို တွေ့ရသည်။
ထိုနည်းတူ အမေရိကန်အနောက်ခြမ်း လော့စ်အိန်ဂျလိစ်မြို့အခြေစိုက် မြန်မာအသင်းအဖွဲ့တခု၏ ဦးဆောင်သူတဦးကလည်း ၎င်း၏ မန္တလေးဂေဇက် ပီဒီအက်ဖ်သတင်းစာကို ဖြန့်ချိသော အီးမေးသတင်းလွှာတွင် မြန်မာပြည်အပေါ် စီးပွားပိတ်ဆို့မှု ဖယ်ရှားရေး တောင်းဆိုကြရန် တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။ ဖေဖော်ဝါရီ ၁၇ နေ့စွဲနှင့် ဖြန့်ချိသော အီးမေးသတင်းလွှာတွင် ရေးသားထားရာမှာ ပိတ်ဆို့မှုဖယ်ရှားရန် အရေးပါသူမှာ မစ်ခ်ျမက်ကောနဲ ဖြစ်ကြောင်း၊ သူ့ဆီ စာရေးသားတောင်းဆိုကြရန်လိုကြောင်း ရေးသားထားသည်။
            သည်နေရာများမှာ နယူးယောက်မြန်မာသံရုံး၏ လျို့ဝှက်စာနှင့် နယူးယောက်မြန်မာတရုတ်အသင်း၏ ပေးစာကို ကြည့်နိုင်ပြီ။
 
(ဓာတ်ပုံ - ၂၀၀၇ ရွှေဝါရောင်ကာလက ၀ိုင်းဝန်းကန့်ကွက်ဆန္ဒပြရှုတ်ချခံခဲ့ရသော မြန်မာသံရုံးမြင်ကွင်း)

Ku Mojo - cartoon

အမှာစကား ပါး ...ပါရစေ ....
ကာတွန်း - ကူမိုးကြိုး
မတ်လ ၇၊ ၂၀၁၂


Phoe Htet - Essay

ကျနော် ဖတ်ဖြစ်သော စာအုပ်တစ်အုပ်
ဖိုးထက်
မတ်လ ၇၊ ၂၀၁၂



အချိန်အားလေးများလဲ ရှိ။ စိတ်ကောင်းလေးများလဲ မွေးမြူလို့ရစဉ်မှာ ကျနော် အများဆုံး လုပ်ဖြစ်တာက စာဖတ်ခြင်းပါဘဲ။ တစ်နှစ်ကို စာအုပ် ၄၀၀ လောက် အနည်းဆုံး ဖတ်သင့်တယ်လို့ ဆရာများက ပြောကြပေမယ့် အုပ် လေးဆယ် ပြည့်အောင်ဘဲ ဖတ်ဖြစ်ရဲ့လားတောင် မသိပါဘူး။ စာဖတ်ဖို့ စာအုပ်ဆိုင်ကိုသွားမွှေရင် ဈေးတွေက အရမ်းကြီးလွန်းနေတယ်ထင်တာဘဲ။ တန်ဖိုးမကြည့်ဘဲ ကြိုက်လွန်းလို့ ကျနော်က ၀ယ်ဖတ်နိုင်တယ်ဘဲ ထားပါတော့ သာမန်လက်လုပ်လက်စားတွေ ဘယ်မှာ လက်လှမ်းမှီတဲ့ဈေးတွေ ဖြစပါ့မလဲ။

စင်္ကာပူမှာ စာကြည့်တိုက်ကြီးတွေ ဘယ်လို ရှိတယ်ဆိုတာ ဆရာဖေမြင့်ရေးတဲ့စာအုပ်ကမ္ဘာမှာ ဖတ်လိုက်ရဖူးတယ်။ ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်ကြီးတွေ ရှိတယ်။ နိုင်ငံခြားသားတောင် စာအုပ်ငှားပြီးဖတ်လို့ရတယ်။ ကိုယ်ဖတ်ချင်တဲ့စာအုပ်က ကိုယ့်ရပ်ကွက်က စာကြည့် တိုက်မှာမရှိရင် ရှိတဲ့ဆီကို လှမ်းမှာပြီး ရအောင် လုပ်ပေးတယ်။ စာဖတ်ချင်တဲ့လူတစ်ယောက် က စာကြည့်တိုက်ကိုသွားပြီး စာဖတ်ချင်တယ်။ ဘာစာအုပ်တွေ ဖတ်ရင်ကောင်းမလဲဆိုပြီး စာကြည့်တိုက် ၀န်ထမ်းကို မေးလိုက်ရင် နိုင်ငံခြားသားဖြစ်ဖြစ်၊ နိုင်ငံသားဖြစ်ဖြစ် အင်တာဗျူးလိုမျိုး ခဏထိုင်တယ်။ နောက် အဲဒီလူရဲ့ အင်္ဂလိပ်စာအရည်အသွေးကိုအကဲခတ်ပြီး သူစိတ်ဝင်စားတဲ့ဘာသာရပ်ထဲက အသင့်တော်ဆုံး စာအုပ်ကို ရွေးထုတ်ပေးဖတ်လိုက်တာဘဲ။ အိမ်ကို ငှားသွားချင်ရင်လဲရတယ်။ စာကြည့်တိုက်ကဒ်က မဖြစ်စလောက် ပိုက်ဆံလေးပါဘဲ။

မတန်မရာ၊ မအပ်မစပ် ကျနော်သွားကြည့်ဘူးတယ်။ ဆရာဖေမြင့်ညွှန်းလို့ ဖတ်ချင်လွန်းလို့ Animal Farm ဖတ်ချင်တယ်လို့ ကျနော်ပြော တော့ကျနော့် အင်္ဂလိပ်စာ အဆင့်မမှီသေးတာကို သတိထားမိပုံရပါတယ်။ ဒါပေမယ့် ဖတ်ချင်တဲ့Animal Farm စာအုပ်ကိုလဲ ထုတ်ပေး လိုက်တယ်။ နောက် Animal Farm ကို ပြန်ပြီး အတိုချုံ့ထားတဲ့ ရိုးရိုးရှင်းရှင်း အင်္ဂလိပ်စာနဲ့ရေးထားတဲ့စာအုပ် အပါးလေးကိုလဲ ထုတ်ပေးလိုက်တယ်။ ဒါလေး အရင်ဖတ်ရင် ပိုကောင်းမယ်ဆိုပြီး ချိုနေတဲ့အပြုံးနဲ့ ကျနော့်ကို အဲဒီဦးလေးကြီးက ညွှန်းလိုက်တယ်။ အမြဲ လာဖို့၊ အခက်အခဲရှိရင် ပြောဖို့၊ volunteer လိုရင် အချိန်ပိုင်း လုပ်အားပေးလို့ ရ၊ မရ ပြောတယ်။ မေးတယ်။ တစ်ခေါက်ထဲသွားကြည့်ရုံနဲ့ အဲဒီစာကြည့်တိုက်အကြီးကြီးကို ကျနော် မကြောက်တော့ဘူး။

ကျနော်တို့ အမိမြေကြီးမှာက စာကြည့်တိုက်တွေ မရှိသလောက်ရှားပါတယ်။ ရပ်ကွက် စာကြည့်တိုက် သေးသေးလေးတွေ တွေ့ရဘူးတယ်။ စာအုပ်တွေ စုံစုံလင်လင်နဲ့ စာဖတ်ဖို့ လူတွေကို စွဲဆောင်မှု မရှိဘူးထင်တာဘဲ။ ကျေးရွာတွေ ဘက်က စာကြည့်တိုက်လေးတွေလဲ ကြုံရင် စပ်စုကြည့်ဘူးတယ်။ ပိတ်ထားတာက ခပ်များများ တွေ့နေရတယ်။ ရန်ကုန်က အမျိုးသားစာကြည့်တိုက်ကြီးတောင် နေရာနဲ့ စာအုပ်တွေ အများကြီး ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်း မသိ ဖြစ်နေသလားလို့။ ဟိုနေရာ ပြောင်းမှာလိုလို၊ ဒီနေရာ ရွှေ့မှာလိုလိုနဲ့ အခုအချိန်ထိ ကျနော်တို့လို သာမန်ပြည်သူတွေ လက်လှမ်းမှီတဲ့စာကြည့်တိုက်ကြီး အဖြစ်ကို ပြောင်းလဲမလာသေးဘူး။

တနေ့က လူကြုံလေးလဲရှိစဉ်မှာ အိမ်က စာအုပ် တစ်အုပ် ထည့်ပေးလိုက်တယ်။ Christopher Andrew ရေးတဲ့For the President's Eyes Only စာအုပ်ကို ဆရာနေဇင်လတ်ဘာသာပြန်ထားတဲ့စာအုပ်။ စာမျက်နှာ ၅၀၀ နီးပါးလောက်နဲ့ မထူမပါး သပ်သပ်ရပ်ရပ်ချုပ်ထားတဲ့စာအုပ်လေးပါ။ စာအုပ် တန်ဖိုးကိုကြည့်လိုက်တော့မြန်မာငွေ ကျပ် ၅၀၀၀။ တိုင်ရီက ကျနော်တို့ သွေး၊သား ညီ၊ ညီမတွေ လုပ်အားခနဲ့ သာဆို ဘယ်လိုလုပ် ၀ယ်ဖတ်နိုင်မလဲလို့တောင် တွေးမိတယ်။

ဒေါက်တာသန်းထွန်းပြောတဲ့" သမိုင်းကို သင်တာ မအအောင်ပေါ့" ဆိုတဲ့မှတ်ချက်ကို ကျနော် သိပ်သဘောကျတယ်။ ဒါကြောင့် အ မကျန်ရစ်ခဲ့အောင် သမိုင်းစာအုပ်တွေ ဖတ်ဖြစ်တယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ သမိုင်း အမြင်တွေဆိုရင် ခေတ်စကားနဲ့ ပြောရရင် ခိုက်တယ်။ ကျနော် ဖြတ်သန်းခဲ့တဲ့စာသင်ခန်းတွေထဲက သမိုင်းဖတ်စာအုပ်တွေမှာ မတွေ့ရ၊ မမြင်ရတဲ့အမြင်တွေ။ အခုလဲ ဆရာနေဇင်လတ်ဘာသာပြန်ထားတဲ့" သမ္မတကြီး တစ်ဦးတည်း အတွက်သာ" ဆိုတဲ့စာအုပ်ကို ကျနော် အချိန်အားရင် အားသလို ဖတ်တယ်။

ဆရာဘာသာပြန်ထားတဲ့စာအုပ်ဖတ်ရတာ ကျနော့် မှတ်ဥာဏ်တွေက သင်္ဘောနောက်က ရေလမ်းကြောင်းလို ဖြစ်ဖြစ်နေတယ်။ ရှေ့က ဖတ်သွား နောက်က မေ့မေ့သွားလို့ ရပ်လိုက်၊ ပြန်ဖတ်လိုက် ၊ ပြန်စဉ်းစားလိုက်နဲ့ သမ္မတ မဟုတ်တဲ့ကျနော်က အချိန်ပေးပြီးကို ဖတ်ဖြစ်တယ်။ ဆရာဘာသာပြန်တာ မကောင်းလို့ မဟုတ်ပါဘူး။ စာအုပ်ထဲမှာ အချက်အလက်တွေ၊ နာမည်တွေ၊ နေရာတွေ၊ အချိန်တွေ သိပ်များလွန်းနေတော့အရမ်းအားစိုက်ဖတ်နေရတယ်။ ဆရာက သမ္မကြီး တစ်ဦးတည်း တစ်ယောက်သာ လို့ ဘာသာပြန်ထားရဲ့ နဲ့ ကျနော်က ကြားထဲက ခေါင်းဝင်ရှိုပြီး ဖတ်နေတာလဲ ဖြစ်မှာပေါ့လေ။

စာအုပ်က အမေရိကန် ထောက်လှမ်းရေးနဲ့ အင်္ဂလန်ထောက်လှမ်းရေး အဆင့်ဆင့်ဖြစ်လာပုံ။ အလုပ် လုပ်ကြပုံ။ အမေရိကန် သမ္မတကြီးတွေ ထောက်လှမ်းရေး ကိစ္စတွေကို ကိုင်တွယ်ပုံတွေကို အမေရိကန်တွေရဲ့ ပထမဆုံး သမ္မကြီး ဂျော့ဝါရှင်တန်လက်ထက်က စပြီး အခု ခေတ်အထိ ထောက်လှမ်းရေး စနစ်ကြီးရဲ့ သမိုင်းကို ပြန်ပြောထားတာပါ။ စာအုပ်က နှစ်ပိုင်း ထုတ်မယ်လို့ ဆရာနေဇင်လတ်က ပြောထားပေမယ့် ကျနော့်မှာ ဒီပထမပိုင်းတောင် အတော် အားစိုက်ဖတ်နေရတယ်။

စာကို ဖတ်ရင်း ဖတ်ရင်း ကျနော့်ကို ကျနော် ပြန်ပြောမိလာတယ်။ အရင်က နိုင်ငံအုပ်ချုပ်တာများကွာ ခက်လွန်လွန်းလို့။ စေတနာပါမယ်၊ လာဘ်မစားဘူး။ မခိုး မ၀ှက်ဘူး။ ဒါဆို အောင်မြင်ပြီလို့ ထင်ထားခဲ့တာပါ။ ဒီစာအုပ်ကို ဖတ်မိမှ ကျနော် ထင်သလို မဟုတ်ဘဲ " အယ်..ရှုပ်နေတာဘဲ" လို့တောင် ပါးစပ်က ခဏ ခဏ ထွက်မိတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန်ထောက်လှမ်းကြပုံ။ ကိုယ့်ရန်သူတွေထက်၊ ကိုယ့် မဟာမိတ်တွေထက် ခြေတစ်လှမ်းဦးဖို့ ကြိုးစားရသည်။ ကိုယ့်ထက် ခြေလှမ်းဦးနေသော နိုင်ငံခြား တိုင်းပြည်တွေရဲ့ ခြေလှမ်းတွေကို သိအောင် ကြိုးစားရသည်။

ဒုတိယ ကမ္ဘာစစ်ကြီးမှာ ဂျပန်တွေက အမေရိကန် ရေတပ်စခန်း ပုလဲဆိပ်ကမ်းကို ဗုန်းကြဲတာ ကျနော်တို့ သိထားတာက သတင်းကြိုမသိလို့။ တကယ့် တကယ်ကျတော့ကျနော်လို သာမန်လူတွေ မသိတဲ့ထောက်လှမ်းရေး သတင်းတွေက ရှုပ်ရှက်ခပ်နေအောင် နောက်ကွယ်မှာ ရှိနေကြတယ်။ ပုလဲဆိပ်ကမ်းကို အလစ်ဝင်တိုက်မယ့် ဂျပန်သဘောင်္အုပ်စုကြီးအကြီးကြီးက ရေဒီယိုတွေပိတ်ပြီး သက်မှတ်နေရာကို တိတ်တိတ်လေး သွားနေကြတာ ထောက်လှမ်းရေး သတင်းရတယ်။ ဒါပေမယ့် ဂျပန်တွေက တစ်ခြား ထောက်လှမ်းရေး သတင်းတွေကို ရန်သူတွေကို ပေးကျွေးပြီး ပုလဲဆိပ်ကမ်းကြီးကို ၀င်တိုက်ဖို့ သတင်းကို ဖုံးဖိထားတာ ဖတ်မိတော့သိပ်ကြောက်ဖို့ ကောင်းပါလားလို့လဲ တွေးမိပါတယ်။

နောက် ဂျပန်တွေကြောက်တဲ့လင်းနို့တွေနဲ့ ဂျပန်ပြည်ပေါ်ကိုကြဲချပြီး ဂျပန်တွေ စိတ်ဓာတ်ပျက်ပြားအောင် လုပ်ဖို့ကြံခဲ့တာလဲ ဖတ်ရတော့ပြုံး စိစိတောင် ဖြစ်ရသည်။ ကြောက်စရာ အကောင်းဆုံးက အဲဒီ နိုင်ငံကြီးတွေရဲ့ ထောက်လှမ်းရေးတွေက သူတို့နိုင်ငံအကျိုးအတွက် သက်ဆိုင် ရာ နိုင်ငံတစ်ခုလုံးကို လှည့်စား ကစားခြင်း ဖြစ်သည်။ ပနားမား တူးမြောင်း အရေးအတွက် ကိုလံဘီယာ အစိုးရ လက်မှတ်မထိုးဘဲ အမေရိကန်တို့ကို အာခံနေခြင်း ကိစ္စ။ ပနားမား တူးမြောင်း တူးရန်ပေးရမည့် နယ်မြေကို မပေးဘဲ ငြင်းဆန်ခြင်းဖြစ်သည်။ ဒီနေရာမှာ အမေရိကန်ဘက်က ကြည့်လျှင်လဲ သူတို့မှန်သည် ပြောကြသည်။ ရေလမ်းကြောင်းပေါက်သွားရင် ပိုက်ဆံရမယ့် ကိစ္စ။ ကမ္ဘာကြီး တစ်ခုလုံး ကောင်းကျိုးလို့ ပြောသည်။ ကိုလံဘီယာ အစိုးရကလဲ သူ့နိုင်ငံ၊ သူ့မြေ၊ သူ့ရေကို သူတို့ စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ဘယ်သူမှား၊ ဘယ်သူမှန် ကျနော် မသိပေမယ့် အမေရိကန် ထောက်လှမ်းရေး အဖွဲ့က ကိုလံဘီယာ သူပုန်တွေကို လက်နက်တပ်၊ ထောက်ခံလိုက်သည်။ နောက်တော့ကိုလံဘီယာ အစိုးရသစ်ပေါ်လာပြီး အမေရိကန်ုတို့ အလိုရှိတာ ရသွားသည်။

သံခင်း တမံခင်းမှာ ငြိမ်းချမ်းရေးလိုအပ်တယ်။ ခင်ဗျားတို့ ကျုပ်တို့လုပ်မှ ငြိမ်းချမ်းရေး ရမှာဟု ပြောနေကြသော်လည်း ကိုယ့်ရုံးခန်း စီးဝေးပွဲခန်းမမှာ အကောက်ကြံဖို့ ကြံစည်ကြသည်။ အမိန့်တွေ ပေးကြသည်။ မသိချင်ယောင်ဆောင်လိုက်သည်။ သက်ဆိုင်ရာ သံမှုးများ၏ အစီရင်ခံစားတွေကို ကြားဖြတ်နားထောင် ခိုးယူကြသည်။ "သိပ်ကြောက်စရာကောင်းတယ်" ဆိုပြီး ကိုဂျက်သီချင်းတောင် ဆိုချင်စိတ် ပေါက်လာသည်။ စာတစ်ကြောင်း အသစ်တိုးဖတ်လိုက်လျှင် အကြောင်းအရာ အသစ်ဖြစ်နေတတ်တာများသည်။ လူ့လောကကြီးများ သိပ်ရှုပ်တယ်ဟယ်လို့ လူကြီးသူမတွေ ညည်းတာကို ကျနော်ညည်းရတော့မယ် ထင်ပါရဲ့။

စာအုပ်ကို ဖတ်နေရင်း ကျနော့် ရွှေပြည်ကြီးသတင်း တစ်ပုဒ်ကို သတိရမိလိုက်သည်။ အမေရိကန် CIA ညွှန်မှူး မြန်မာနိုင်ငံကို လာမည်ဆိုသော ကိစ္စ။ နိုင်ငံခြား တိုင်းပြည်အရေးတွေမှာ သြချယူရလောက်အောင် လုပ်နိုင်စွမ်းရှိသော၊ လက်တံရှည်သော အဖွဲ့အစည်းကြီး ၏ ညွှန်မှုး လာတာ အလည်သက်သက်တော့မဖြစ်နိုင်။ သတင်းတွေမှာ ဖတ်ရသလို ကျနော်တို့ မြန်မာပြည်က သက်ဆိုင်ရာ ထောက်လှမ်းရေး ၀န်ထမ်းတွေကို သင်တန်းပေးဖို့ဆိုလျှင် ကောင်းလေစွ ဟု ပြောရမည်။ သို့သော် ကျနော်တို့ အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်ကြီးကကို တန်ပြန်ဖို့ ဘာတွေ ရနိုင်မလဲ လာကြည့်တယ်ဆိုလျှင်ကော။ ကျနော့် အတွေးတွေ ချော်နေတာလဲ ဖြစ်နိုင်ပါသည်။

ကျနော်တို့အပေါ် ဂုပ်သွေးစုပ်လွန်းသောတရုတ်ကြီး ဖြစ်သည်။ အဆင့်အတန်းမရှိ နို့မှုန့်တွေတောင် သွင်းပြီး ကောက်ကြစ်လွန်းသော တရုတ်ကြီးကို ကျနော် ရွံ့မုန်း မုန်းသည်။ တရုတ်တွေရဲ့ ငွေတစ်မျက်နှာတည်း ကြည့်ချင်သော စိတ်ကို ကျနော် မကြိုက်။ ကျနော်တို့လို အကျင့်ပျက် ချစား ၀န်ထမ်းတွေ ကြီးစိုးသော လိုတစ်မျိုး ၊ မလိုတစ်မျိုး ဥပဒေ မဆိုထားဘိ၊ အမေရိကန်လို ပြည့်စုံလုံခြုံပါသည်ဆိုသော နိုင်ငံကိုပင် တရုတ်လုပ် ပစ္စည်းအတုတွေ မှောင်ခို သွင်းတာ ဖမ်းမိသည်ဆိုသည့် သတင်းကို ဖတ်ရတော့လက်ဖျားခါသည်။ ကျနော်တို့သာ ဆိုလျှင်တော့သူတို့စိတ်ကြိုက် လုပ်လာတာ နှစ်အတော်ကြာနေပြီ။

ကျနော့်စိတ်ကူးထဲမှာ လျို့ဝှက်သဲဖို ဇတ်လမ်းတွေ ဆင်ကြည့်သည်။ နေပြည်တော် သမ္မတရုံးမှာ တရုတ် သတင်းပေး အထောက်တော်တွေ ရှိနိုင်သည်။ သူတို့ လိုချင်တာရဖို့ နဂိုကမှ ကိုယ်ခံအား မကောင်းသည့် လူအကြီး ကြီးတွေကို ငွေနှင့် ပေါက်ပြီး သတင်းယူမည်။ တိုင်းပြည်နှင့် ငွေနှင့် လဲလှယ်ခဲ့ကြသော လူတွေရှိခဲ့ကြသည်။ ရှိနေကြသည်။ လာတွေ့သည့် နိုင်ငံခြားတိုင်းပြည် ခေါင်းဆောင်တွေ မြန်မာပြည်တွင်းကမှ ပြန်မထွက်သေးခင် တရုတ်ကြီးတွေက စည်းဝေးပွဲ မှတ်တမ်းတွေ ဖတ်ပြီးပြီ။ စာတစ်အုပ်၊ သတင်း တစ်ပုဒ်နှင့် ကျနော့်မှာ ရင်မောလာရသည်။

ဘိုးတော် ဦးရွှေမန်းတို့ တရုတ်ကို သွားတော့ကျနော် စိတ်ဝင်စားမိသည်။ ဘိုးတော်က အနောက်နိုင်ငံတွေကြောင့် တရုတ်နိုင်ငံကြီးနဲ့လဲ ဆက်ဆံရေး မပျက်စေရပါဘူးဆိုသည့် ပြောကြားချက်ကို ဖတ်ရတော့အားရသည်။ ဟုတ်တာပေါ့လို့တောင် တွေးမိသည်။ ပ၀ိတ္တိသားတို့က ကျနော်တို့ အိမ်နီးနားချင်း။ စူပါပါဝါ အကြီးကြီး။ နယ်စပ်က ကိုးကန့်တွေ၊၀တွေကို သူတို့ လွယ်လွယ်လေး မွေးထားသည်။ မန္တလေး မြို့လည်က တရုတ်ကြီးတွေကို သူတို့ လိုချင်တာ ခိုင်းဖို့ သိပ်အားစိုက်ရမည်မထင်။ သူတို့ကို မကြိုက်လို့ အခုထွက်၊ အခုပြန်ဆိုပြီး လုပ်လို့လဲ ဖြစ်သော ကိစ္စမဟုတ်။ ဆရာဦးအောင်သင်း ပြောနေကြစကားတစ်ခွန်းရှိသည်။ " သစ်သားထဲကို သံရိုက်ထည့်လိုက်ရင် သံဝင်သွားတာ သစ်သားက သံထက် ပျော့လို့။ ကျောက်တုံးပေါ် သံရိုက်ကြည့်ပါ့လား။ သံကွေးသွားမှာပေါ့။ ကျောက်တုံးက I am sorry. လို့တောင် ပြောမယ်။ " ဆိုသည့် စကားသည် ယခု အချိန် ရွှေမန္တလေးကြီးကို ကြည့်ကာ ခံစားမိသည်။

မပြောကောင်း မဆိုကောင်း သူတို့နှင့် စစ်မက်ဖြစ်ပြီဘဲထားပါတော့။ တစ်နိုင်ငံလုံး ဂျီဒီပီ ပုံအောထည့်သုံးပြီး ကျနော်တို့ စစ်တပ်ကြီးကို ခေတ်မှီအောင် လုပ်ထားစေအုံးတော့ဘယ်လိုမှ မနိုင် နိုင်။ အနောက်နိုင်ငံတွေ အကူအညီယူမှာပေါ့ဟု တွေးမိသလိုရှိသည်။ သို့သော် သေရမှာက ကျနော်တို့အရင်။ စစ်တလင်း ဖြစ်မှာက အမိမြေပေါ်မှာ။

ကြားထဲကမှ ရှမ်းက တစ်မျိုး။ ကချင်က တပူပူ။ ချင်းက တစ်ဖုံ။ ဗမာက သောက်တလွဲ။ စစ်တပ်က ငြိမ်ငြိမ်မနေ။ အစိုးရက အသုံးမကျ။ ကျနော်တို့က အကျင့်တွေ မပြင်ဆိုလျှင် ထင်းစီးပုံပြင်ကို သတိရမိသည်။ အခုတောင် တရုတ်ဆိုင်ကယ် အဆင့်မမှီတာတွေနှင့် ကျနော်တို့ ကျွန်းသစ်၊ ဓာတ်ငွေ့တွေကို အောက်ကြေးနှင့် လဲစားခဲ့ကြပြီးပြီ။ အဆင့်မမှီ တရုတ် တိုက်လေယာဉ်တွေနှင့် ကျနော်တို့ ရေ၊ မြေတွေ မဟားဒယား အလုပ်ခံခဲရသည်။

အစည်းပြေနေသော ထင်းစီးကြီးလိုဖြစ်နေသည့် ကျနော်တို့ ရွှေပြည်ကြီးမှာ လိုအပ်တာက သာတူညီမျှဘဲဖြစ်မည်ထင်သည်။ "တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ။ တန်းတူညီမျှ ၀ါဒဖြူစင်တဲ့မြေ" ဆိုသည့် နိုင်ငံတော် သီချင်း ရှိခဲ့ပြီးကြပြီ။ ကျနော်တို့သာ စည်းလုံး ညီညွတ်ကြလျှင် ပေါက်ဖော်ကြီးတို့သည် ကျနော်တို့ ရန်သူမဟုတ်။ ယန်းကြီးကြီးတို့သည်လဲ မယုံချင်စရာမဟုတ်။ ကိုယ့်လမ်းကိုယ်လျှောက် ဘသာတရား အဆုံးအမတွေနဲ့ ကမ္ဘာကြီးကို ကောင်းကျိုးပေးသော နိုင်ငံတစ်ခု ဖြစ်လာမှာ အသေအချာဘဲဖြစ်မည်။

ဆရာနေဇင်လတ်က သမ္မကြီး တစ်ဦးတည်းလို့ ပြောထားပါရဲ့နဲ့ ကျနော်ကိုက ကြားထဲက မဆီမဆိုင် ၀င်ပြီး အတွေးနယ်ချဲ့နေမိတော့သည်။

Saw Ngo - Cartoon

ကာ/လုံအထက်မှာ မည်သူမျှ မရှိစေရ
ကာတွန်း - စောငို
မတ်လ ၇၊ ၂၀၁၂


Daw Suu meets some MPs in NPD

နေပြည်တော်ရောက် အမတ်များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့
မိုးမခအထောက်တော် အမှတ် ၀၀၇
မတ် ၆၊ ၂၀၁၂

ဓာတ်ပုံ - AP

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် လွှတ်တော်တက်နေကြသည့် အနယ်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တချို့နှင့် ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။
Reuters သတင်းဓာတ်ပုံအရ တွေ့ဆုံခဲ့သည့် ကိုယ်စားလှယ်ပေါင်း ၁၄ ဦး ရှိသည်ဟု သိရသည်။ မည်သည့်အကြောင်းအရာများကို ပြောဆို ဆွေးနွေးကြခြင်းဖြစ်ကြောင်း မသိရသေးပေ။

ထိုသို့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ဆက်လက် စည်းရုံးရေးဆင်းခဲ့သည်။

မကြာသေးမီက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆိပ်နံတုံးကျေးရွာတွင် NLD ပါတီဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရသည်။ မည်သူ၊ မည်သည့်အဖွဲ့၏ လက်ချက် ဆိုသည်ကို မသိရသေးပေ။

နေပြည်တော်တွင် မဲဆွယ်စည်းရုံးစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ဆိုင်းဘုတ်ဖျက်ဆီးသည့် လုပ်ရပ်သည် "အောက်တန်းကျသည့်လုပ်ရပ်" ဟု ဝေဖန်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - AP
ဓာတ်ပုံ - AP
ဓာတ်ပုံ - AP

Monday, March 5, 2012

Thargyi Maung Ze Ya - Return from Thibaw and so on ...

သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ
သားကြီးမောင်ဇေယျ။ မတ် ၆၊ ၂၀၁၂
သို့
ကိုရစ်ရေ …
ရက်စွဲ ၂၉ ဇန်န၀ါရီ၊ ၂၀၁၂
ကျနော် သစ်ခုတ်လုပ်သားတွေဟာ ဘိန်းကြွေးစေခိုင်းခံရပြီး တရားမ၀င်သစ်တွေကို …
မနက်အိပ်ရာထတော့ ၆ နာရီထိုးနေပါပြီ။ အ၀တ်အစားလဲပြီးတာနဲ့ အပြင်ထွက်ဖို့ ပြင်ပါတော့တယ်။ ပထမ မေမေတို့အိမ်၊ ဒုတိယ ကိုခင်မောင်ဝင်းအမေ (ဗိုလ်စက်ရောင်ရဲ့ ဇနီး ဒေါ်ခင်ရီ (ခ) ဖွားမေ) နှစ်လည်၊ တတိယ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုလုပ်တဲ့ နိုင်ကျဉ်း များ ဂုဏ်ပြုပွဲ၊ စတုထ္တ ဦးထင်ကျော်(ဆရာမင်းသုဝဏ်ရဲ့သား) အိမ်ကိုသွားဖို့ အစီအစဉ်ဆွဲလိုက်ပါတယ်။
နောက်မှ သတိရတာက လမ်းထိပ်လက်ဖက်ရည်ဆိုင်(ဖက်ဖူးရောင်) မှာ ကဗျာဆရာ ကိုမှိုင်း နဲ့ ချိန်းထားတာ ကိုပါ။ သူနဲ့ ၇း၀၀ လောက်မှာ လက်ဖက်ရည် အတူ သောက်၊ အလာပ သလာပ ပြောဖြစ်ကြတယ်။ သူက အရင် ဒီဗီဘီ အတွက် ပုံတွေ တင်ပေးနေတဲ့ သူပါ။ အခု ဗီဂျေ အတွက် ပုံတွေ တင်နေပါတယ်။ မဟုတ်မခံစိတ်ပြင်းထန်တဲ့ ရိုးသားတဲ့ ဂီတ သမားတစ်ဦးပါ။ ဒီဗီဘီ အကွဲအပြဲမှာ သူအခက်အခဲတွေကိုပြောတာ စိတ်ဝင်စားစရာပါ။
အရင်ချိတ်ဆက်နေရတဲံ သူတွေ (လက်ရှိ VJ လုပ်နေသူတွေ ) နဲ့ ချိတ်ဆက်ဆက်ရတာ လွယ်ကူချောမွေ့ပေမယ့် သူ့အရုပ်တွေကို လူတိုင်းမြင်အောင် မပြနိုင်တဲ့ အတွက် စိတ်ထိခိုက်ရကြောင်း၊ နောက်ပြီး ဒေါ်စု နေအိမ် အကျယ်ချုပ်က လွတ်လာတုန်းက အရုပ်တွေ အစအဆုံး ရလိုက်ကြောင်း သူကျေနပ်ရင်ခုန်စွာနဲ့ပြောပါတယ်။ DVB အကွဲဟာ အားလုံးအတွက် အလွန်ထိခိုက်ကြောင်း ပြောပါတယ်။ အောက်ခြေက ဒီ/လှုပ် တွေက ယုံကြည်ချက် မျှော်လင့်ချက် တွေနဲ့ လှုပ်ရှားနေချိန်မှာ ထိပ်ပိုင်းက ငွေ ကိုအကြောင်းပြုတဲ့အကွဲအပြဲတွေကြောင့်သူတို့ စိတ်ထိခိုက်ရကြောင်းပြောပါတယ်။ သူပြောတာဟုတ်ပါတယ်။ ဒါမျိုးတွေဟာ လက်တွေ့ဘ၀ တွေမှာ ကြုံတွေ့ရစမြဲပါပဲ။ ဘယ်သူတွေ ဘာတွေ ဘယ်လိုလုပ်လုပ် မိမိ ယုံကြည်ချက်အပေါ် သစ္စာရှိရှိ လုပ်နေဖို့လိုပါတယ်။
နောက်ထပ်သူ့ဆီက စိတ်ဝင်စားစရာ ကောင်းတဲ့စကားတွေကြားရပါသေးတယ်။ အဲဒါက သုစရိယုဝ (သို့) အရက်မသောက်သူများ အသင်း ကိုပြန်ဖွဲ့စည်းဖို့ကြိုးစားနေတဲ့သတင်းပါပဲ။ အဲဒီအသင်းဟာ ၀ိုင်အမ်ဘီအေ အသင်းနဲ့ ပူးပေါင်းပြီး ၁၉၁၁  ခုနှစ်မှာတည်ထောင်ခဲ့တာ အခု နှစ် ၁၀၀ ပြည့်ခဲ့ပြီ လို့သိရတယ်။ ကိုလိုနီ အစိုးရရဲ့ အရက်ရောင်းချ ချက်လုပ် ဖြန့်ဖြူးခွင့် ဥပဒေကို တားမြစ်ပေးဖို့ တောင်းဆိုခဲ့ကြတယ် လို့သိရပါတယ်။
လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ကျော်က စစ်အစိုးရက ဒီ/လှုပ် လူငယ်တွေကို တိုက်ခိုက်ဖျက်ဆီးရာမှာ အရက်၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ တွေကိုလက်နက်သဖွယ်အသုံးပြုခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ ဟုတ်ပါတယ် ကျနော်သီပေါထောင်မှာ တွေ့တဲ့ မူးယစ်မှု့နဲ့ ထောင်ဒဏ် ၆ နှစ် ကျော် အပြစ်ပေးခံနေရတဲ့ မန္တလေး က ကိုကြည်ဆွေဟာ ၈၈ အရေးအခင်းမှာ ၉ တန်းကျောင်းသား ကလေးသာဖြစ်ပါတယ်။ သူဟာ အရေးတော်ပုံ မှာ တက်ကြွစွာပါဝင်ခဲ့သူတဦးဖြစ်ခဲ့တယ်။ စစ်အစိုးရ အာဏာရပြီးချိန်မှာ ဘိန်းဖြူတွေဟာ မန်းန္တလေးမှာ အလွယ်တကူဝယ်ရလို့ စမ်းကြည့်ရာမှ ဘိန်းစားဘ၀ကိုရောက်ခဲ့ရတယ်လို့ကျနော်ကို ကြေကွဲစွာပြောပြပါတယ်။ ကျနော် ဘိန်းစားသာမဖြစ်ခဲ့ရင် အာဏာရှင်ဆန့်ကျင်ရေးမှာ ရှေ့ဆုံးက ပါခဲ့မှာပါလို့ ပြောပါတယ်။
အဲဒီလိုပဲ ဘိန်းမှုနဲ့ ထောင်ကျလာတဲ့ အရွယ်ကောင်း တိုင်းရင်းသား လယ်သမားတွေဟာ လယ်လုပ်ပိုင်ခွင့်ရတားတဲ စစ်ဖက်နဲ့ နီးစပ်တဲ့ တိုင်းတပါးက စီးပွားရေးတရုတ်လူမျိုးတွေရဲ့ ဘိန်းကြွေးခိုင်းစေမှု့ကို ခံခဲ့ရာမှ ယခုလို ဘိန်းစားတွေ ဖြစ်ခဲ့ရကြောင်း ပြောပြပါတယ်။ သူတို့ကို အလုပ်ရှင်က အလုပ်များ ပြင်းပြင်းထန်ထန်လုပ်နိုင်ရန် ၊ အလုပ်က ထွက်မသွားနိုင်ရန် ရည်ရွယ်ပြီး အခုလိုဘိန်းကြွေးပြီး ခိုင်းခဲံကြောင်း သိခဲ့ရပါတယ်။
အခုဆိုရင် သီပေါထောင်မှာ ဘိန်းမှုနဲ့ ထောင်ကျတဲ့ အကျဉ်းသား ၈၀ ရာခိုင်းနူံး ရှိတယ်လို့သိရပါတယ်။ ထက်ဝက်ကျော်ဟာ မြန်မာစာ မတတ်ကြပါဘူး။ သူတို့ရဲ့ တိုင်းရင်းသားစာပေဖြစ်တဲံ့ ရှမ်းစာကိုလည်း စစ်အစိုးရ လက်ထက်မှာ ပေါ်ပေါ်ထင်ထင်သင်ခွင့်မရကြပါဘူး။
 အလားတူပဲ စစ်တပ်နဲ့နီးစပ်တဲ့ သစ်ကုမ္မဏီကြီးတွေအတွက် သစ်ခုတ်လုပ်သားတွေဟာ ဘိန်းကြွေးစေခိုင်းခံရပြီး တရားမ၀င်သစ်တွေကိုခုတ်လှဲပေးရင်း သူတို့ဟာဘိန်းစားဘ၀ကို ရောက်ခဲ့ရတယ်လို့သိရပါတယ်။ အဲဒါတွေ တွေ့မြင်ခဲ့ရတဲ့ ကျနော်ဟာ လူငယ်တွေရဲ့ မူးယစ်ဆန့်ကျင်ရေးစိတ်ကို အသိအမှတ်မပြုဘဲ မနေနိုင်ပါ။




ကျနော်တို့ အနုပညာ အ၀န်းအ၀ိုင်းကလေးဟာ အသောက်အစားကလေးများ ကို အကြောင်းပြုပြီး မကြာခဏ ဆုံစည်းကြပါတယ်။ ကျနော်တို့ အုပ်စုကလေးကို နယ်စည်းမခြား အရက်သမားများအဖွဲ့ လို့ လူသိများကြပါတယ်။ ကျနော်ထောင်က ထွက်လာတော့ ကိုသန်းအုန်း (မိုးဝေ ) ၊ ကဗျာဆရာ ကိုလှသန်း တို့လည်း မရှိကြတော့ပါဘူး။ ကိုသုမောင်၊ ကိုဝဏ္ဏ  တို့လည်း မရှိကြတော့ဘူး။ ကျနော်လည်း ထောင်က ထွက်လာပြီးကတည်းက သွား တွေမရှိတော့လို့ အရည်ကလေးများကိုသာ မှီဝဲမယ်လို့ စိတ်ကူးယဉ်ခဲ့တာ အခုခြေထောက်တွေ ယောင်နေလို့ ယမကာ အရည်ကလေးများကိုလည်း မမှီဝဲရဲတော့ပါဘူး၊ ကျနော်ရှေ့ မှာ ပန်းချီဆရာတွေဖြစ်ကြတဲ့ ၀င်းမော်ဟန်၊ ကေမျိုး၊ မျိုးဝေ တို့ကလည်း အသက်လဲပြီး ကျနော်တို့ကို သင်္ခန်းစာတွေ ပေးခဲ့ကြတယ် မဟုတ်ပါလား။
အခုအချိန်မှာ ဘက်ပြောင်းသူတွေ၊ ပါတီပြောင်းသူတွေ၊ အဖွဲ့ပြောင်းတာတွေ အတော်ကလေး ခေတ်စားနေတော့ ကျနော်လည်း နယ်စည်မခြား အရက်သမားများအဖွဲ့ကနေ သုစရိယုဝ အသင်းကိုပြောင်းမလားလို့ စိတ်ကူးနေမိတယ်။ ကျနော်က အသောက်စွမ်းရည်တွေ ကျလာတော့ အဲဒီအဖွဲ့မှာ အီးစီ မဖြစ်နိုင်တော့မယ့်အတူတူ သုစရိယုဝ အသင်းကိုပြောင်းလိုက်ရင် အနည်းဆုံး အရက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်သူများအဖြစ်တော့ အကြိုဆိုခံရမှာသေခြာတယ်မဟုတ်လား။
ဟော …   ဒီစာရေးနေရင်း အခုမှ သတိရတယ်။ ကျနော်တို့ နယ်စည်းမခြား အရက်သမားများ အဖွဲ့က ဂုဏ်ပြုမလို့တဲ့ လှိုင်သာယာက ကဗျာဆရာ ဟိန်းမြတ်ဇော်အိမ်မှာ ဒီမနက်ချိန်းထားကြတယ်။ သွားလိုက်ဦးမယ် ကိုရစ်ရေ ၊ ပြန်လာမှ ဆက်ရေးမယ်နော်။    ။
သားကြီးမောင်ဇေယျ   
(ဇန်န၀ါရီ ၂၉ ၊ ၂၀၁၂)
(စာတည်း၏ ဖြည့်စာ - သားကြီးမောင်ဇေယျ ကို စစ်အစိုးရက ၂၀၁၀ ခုနှစ် ဧပြီမှာ သူ၏သား စည်သူဇေယျနှင့်အတူ ဖမ်းဆီးခဲ့သည်။ ပြည်ပက အဖွဲ့အစည်းများ၊ လူများနှင့် ဆက်သွယ်မှုကို အကြောင်းပြုပြီး အမှုဆင် ထောင်ချခဲ့သည်။ ၂၀၁၂ ဇန်န၀ါရီ ၁၃ မှာ ၂ ဦးစလုံး ပြန်လည်လွတ်မြောက်လာခဲ့သည်။ အကျဉ်းထောင်က လွတ်မြောက်လာပြီး ပေးပို့သည့်စာကို မိုးမခမှာ ကလောင်အမည်အတိုင်း တင်ဆက်ခြင်း ဖြစ်ပါသည်။ စာရေးဆရာများက သူတို့ကလောင်အမည်အတိုင်း ပေးပို့လာက ထိုအတိုင်း တင်ဆက်မှာ ဖြစ်ပါသည်။ ပြည်တွင်းကလောင်နံမယ်တွေကို ပြည်တွင်းက အာဏာပိုင်များကဲ့သို့ ဆင်ဆာဖြတ်ခြင်းမျိုး မပြုချင်ပါ။)

Cartoon Gyaw Dee - Four Legged President after one year

ကာတွန်း ဂျော်ဒီး -၁ နှစ်သား သမ္မတကြီး လေးဖက်ထောက်ပြီ
မတ် ၆၊ ၂၀၁၂


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives