သစ်ထူးလွင်
သစ်ထူးလွင်
အင်္ဂါနေ့ လွှတ်တော်တွင် NLD အရေး အဆိုမတင်နိုင်သေး
Posted: 24 Apr 2012 04:04 AM PDT
 နေပြည်တော်တွင် အင်္ဂါနေ့မနက်ပိုင်းက ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျမ်းသစ္စာကျိန်ဆို လွှတ်တော်တက်ရေးနှင့် ပတ်သက်၍
မေးခွန်းထုတ်မှုနှင့် အဆိုတင်သွင်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း သိရသည်။
"အဲဒီကိစ္စ အဆိုတင်တာတွေ မရှိသေးဘူးဗျ။ တည်ရှိဆဲ၊ မပြီးပြတ်သေးတဲ့ agenda တွေအတိုင်းပဲ သွားနေပါတယ်" ဟု လွှတ်တော်သို့ သတင်းတက်ရောက်ယူနေသော မဇ္ဈိမ သတင်းထောက် လင်းဘိုဘို က ပြောသည်။
ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သော NLD အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုမည့် စာသားပြုပြင်ပေးရန် နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာရုံးများသို့ စာရေးသားပေးပို့ အကြံဉာဏ်ပြုထားဆဲ ဖြစ်သည်။
3paliman3
ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျမ်းသစ္စာကျိန်ဆို လွှတ်တော်တက်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုနှင့် အဆိုတင်သွင်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ)
ထိုကိစ္စနှင့် ပတ်သက်၍ အဆိုတင်သွင်းနိုင်ရန်အတွက် လွှတ်တော်တက် ကိုယ်စားလှယ်များအကြား တိုင်ပင်
ဆွေးနွေးမှုများလည်း ရှိနေကြောင်းလည်း သိရှိရသည်။
"လွှတ်တော်အမတ်တွေကလည်း သူတို့ဟာနဲ့သူတို့ ညှိနှိုင်းမှုတွေ ရှိတယ်ဗျ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုတင်မယ်ပေါ့။
ထောက်ခံပေးဖို့ပေါ့။ ကြံ့ခိုင်ရေးကိုလည်း ညှိနေကြတာပဲ။ မနေ့က အနေအထားအရတော့ ကြံ့ခိုင်ရေးက နည်းနည်း မာတဲ့ သဘောထား ရှိတယ်။ ဒီလိုပဲ လိုက်ပြီး negociate လုပ်ကြတာပေါ့။ ဒေါက်တာမြတ်ဉာဏစိုးတို့၊ ဒေါက်တာ
အေးမောင်တို့။ ဒီ တတိယအကြိမ် အစည်းအဝေးမှာ တင်နိုင်ဖို့ ကြိုးစားနေကြတယ်" ဟု သတင်းထောက် လင်းဘိုဘို က ပြောသည်။
အခြေခံဥပဒေတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုရမည်ဆိုသည့် ပုဒ်မ ၁၂၅ (ခ)အတွက် ဇယား ၄ ပါ စာသားတွင် "နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး" ဟု ပါရှိနေရာ NLD အနေဖြင့် "လေးစားလိုက်နာပြီး"ဟူ၍ ပြင်ဆင်ပေးရန် အကြံပြုထားခြင်း ဖြစ်သည်။
သို့သော် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆိုပါ ပြဋ္ဌာန်းချက် ပုဒ်မ ၁၂၅ အား ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းက စတင်တင်ပြလာပါက ပြည်ထောင်စုလွှတ်တော်က လက်ခံ
ဆွေးနွေးမည် ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ပိုင်ခွင့်ရှိမည်ဖြစ်သည်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှ ၃၄၃ ဦး၊ အခြားနိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁ဝ၅ ဦးတို့ ရှိကာ တပ်မတော်သားကိုယ်စားလှယ်အဖြစ် ၁၆၆ ဦး ရှိနေသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက် ဖြစ်သည့် ဧပြီလ ၂၄ ရက်နေ့ အစည်းအဝေးကို တနာရီခန့်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှ အရွေးချယ်ခံ NLD ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိသေးပေ။
သို့သော် ယခု တတိယ အစည်းအဝေးများအတွင်း ရလဒ် တစုံတရာ ပေါ်ထွက်လာနိုင်ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲမှ
ရွေးချယ်ခံ NLD ပါတီဝင် ဒေါက်တာမြတ်ဉာဏစိုး က မဇ္ဈိမကို ပြောဆိုသွားသည်။
ကိုပေါက် နယူးဒေလီ (မဇ္ဈိမ) ။       ။
သံလျှင် ရဲ စခန်းအနီးက ကြက်ဝိုင်းကို အရေးယူပေးစေလို (ရုပ်/သံ)
Posted: 24 Apr 2012 03:56 AM PDT
ရန်ကုန်တိုင်း၊သံလျှင်မြို့ နယ်အတွင်း ရဲတွေကခွင့်ပြုထားတဲ့တရားမ၀င် ကြက်တိုက်ပွဲ လောင်းကစားဝိုင်းတွေ ပြုလုပ်နေပါတယ်။ ဒီဗွီဘီ
သောက်သုံးရေပြတ်လပ်မှုနဲ့ ကြုံတွေ့ နေရတဲ့ သုံးခွမြို့ နယ် (သတင်း-ဓါတ်ပုံ)
Posted: 24 Apr 2012 03:41 AM PDT
ဓါတ်ပုံ-မပိုးအိဖြူ Myanmar News Now
ရန်ကုန်တိုင်း သုံးခွမြို့ နယ် ကျေးရွာအများအပြားမှာ ရေရှားပါပြတ်လပ်မှုနဲ့ ကြုံတွေ့ နေရပါတယ်။
နောက်ပစ်နေတဲ့ တွင်ရေကို တခွက်ချင်း စစ်ခတ်နေကြရပြီ ၊ လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေ မျှတ
သုံးစွဲနေရတဖြစ်ပါတယ်။ အဆိုးရွားဆုံးကြုံတွေ့ နေရတာကတော့ သောက်သုံးရေပြတ်လပ်မှု
ဖြစ်ပေါ်နေခြင်းပါ။
နှစ်ချို့ ရေကန်တွေ ခန်းခြောက်သွားတဲ့အတွက် သောက်သုံးရေလုံးဝပြတ်လပ်နေခြင်းပါတယ်။
သုံးခွ မြို့ မှာရှိတဲ့ ရေခမ်းခြောက်ခြင်းမရှိသေးတဲ့ ရေကန်တွေကို မိုင်ပေါင်းများစွာဝေးတဲ့
ကျေးရွာတွေက ရေလာရောက်သယ်ယူနိုင်သူတွေက သယ်ယူကြတာတွေရပေမဲ့ မသယ်ယူ
နိုင်သူတွေလည်းရှိပါတယ်။
တချို့ ကျေးရွာတွေကတော့ အလှူရှင်တွေပို့ ပေးပို့ တဲ့ ရေကိုပဲ နေ့ စဉ်မျှော်လင့်သောက်သုံးနေ
ရတယ်လို့ ဆိုပါတယ်။
သုံးခွမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှလည်း နေ့ စဉ် ကျေးရွာတွေအရောက် ရေလှူဒါန်း
မှုပြုလုပ်နေပါတယ်။
သောက်သုံးရေလှူဒါန်းလိုသူများအနေနဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးရုံး သုံးခွမြို့ 
အောင်ဇေယျလမ်း၊ လင်းရောင်ဦးရုပ်ရှင်ရုံရှေ့  ဖုံး-05640787 နံနက် ၈ နာရီမှ ညနေ ၄ နာရီ
အတွင်း ဆက်သွယ်လှူဒန်းနိုင်ပါတယ်။
Myanmar News Now
ငါးထောင်တန်ဖုန်း Sim card ကိစ္စအား NLD ပါတီမှ ကိုယ်စားလှယ် အဆိုတင်သွင်း
Posted: 23 Apr 2012 08:16 PM PDT
ဧပြီလ ၂၃ ရက် နေ့ လွှတ်တော်အစည်းအဝေးမှာ NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး မှ
ငါးထောင်တန်ဖုန်း Sim card ကိစ္စအား လွှတ်တော်တွင်
အဆိုတင်သွင်းခဲ့ကြောင်း Messenger News Journal - facebook
စာမျက်နှာမှာရေးသားဖော်ပြထားပါသည်။
 NLD ပါတီမှ ဒေါက်တာမြတ်ဥာဏစိုး ကို တပ်မတော်သားကိုယ်စားလှယ်များနှင့်အတူတွေ့ရစဉ်။
 (ဓါတ်ပုံ-Messenger News Journal)
ဘန်ကီမွန်း ဒီသီတင်းပတ် မြန်မာနိုင်ငံသွားမည်
Posted: 23 Apr 2012 07:39 PM PDT
ဓာတ်ပုံ UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း
မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒီသတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားမယ်လို့ ကုလသမဂ္ဂ ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောဆို လိုက်ပါတယ်။ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေကြောင့် ဒီအနောက်နိုင်ငံ တွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကို တနှစ်တာ ယာယီ ဆိုင်းငံ့ ပေးခဲ့တာကိုလည်းဘဲ မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီးတော့ လက်ရှိ လွှတ်တော်မှာ ကျမ်းသစ္စာ ဆိုမှု ပြသနာနဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ မြန်မာအစိုးရ ကြားမှာ ညှိယူ ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောပါတယ်။
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ရဲ့ မြန်မာ့ မိတ်ဆွေများ အဖွဲ့ဝင် နိုင်ငံတွေနဲ့ တနလာင်္နေ့ ညနေက တွေ့ဆုံအပြီး သတင်းထောက်တွေကို သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ကြေညာသွားတာ ဖြစ်ပါတယ်။
"ကျနော် ဒီနေ့ သမ္မတ ဦးသိန်းစိန် ဆီကနေ ဖိတ်ခေါ်တာ ကို လက်ခံ လိုက်ပါတယ်။ ဒီ အပတ်ကုန်မှာ သွားပါမယ်။ ကျနော် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အဖြစ် ဒုတိယ အကြိမ် တာဝန် ထမ်းဆောင်ရတော့ ကျနော် တို့ မျိုးဆက် အတွက် ဘာတွေ ပြင်ဆင်သင့် လဲ ဆိုတာ သတ်မှတ်ခဲ့ပါတယ်။ အဲဒီ ထဲက တစ်ခုက တော့ အကူးအပြောင်းကာလရောက် နေတဲ့ နိုင်ငံတွေကို အကူအညီ ပေးရေးပါဘဲ။ အခု မြန်မာပြည်အတွက် လုပ်ပေးဖို့  ကျနော် တို့မှာ အခွင့်အရေး ရှိပါတယ်။ တာဝန်ရှိပါတယ်။ အဲဒါကြောင့် ဒီ အချိန် အခါ ကို အကောင်းဆုံး ဖြစ်အောင် လုပ်ကြရပါမယ်။"
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီက လွှတ်တော် ကိုယ်စားလှယ်တွေ ၄၃ နေရာ အနိုင်ရရှိခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ကြေညာခဲ့တဲ့ မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ တွေ့လာရတဲ့ အတွက်လည်း ချီးကျူးသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလဟာ ရှေ့ဆက်ရမယ့် ခရီးရှည်ကြီးရှိတဲ့ အတွက်ကြောင့်လည်း မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး အတွက် အကူအညီပေးနိုင်ဖို့ မြန်မာနိုင်ငံကို ကမ္ဘာက အကူအညီပေးသင့်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာ နိုင်ငံရေးမှာ အန်အယ်လ်ဒီ ပါဝင်ခွင့် ရရှိလာတာ အစရှိတဲ့ တိုးတက်တဲ့ ခြေလှမ်းတွေ ကြောင့်လည်း အနောက်အုပ်စုတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးခဲ့တာကိုလည်း မစ္စတာ ဘန်က ကြိုဆိုလိုက်ပါတယ်။
"ကျနော် နိုင်ငံတကာ က အပေါင်း လက္ခဏာ ဆောင်တဲ့ တုံ့ပြန်မှု ကို ကြိုဆိုပါတယ်။ ဒီကနေ့ ဥရောပသမဂ္ဂ ရဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု ဆိုင်းငံ့ လိုက်တာ အပါအဝင် အမေရိကန် ပြည်ထောင်စု နဲ့ အခြား တိုင်းပြည် များရဲ့ လုပ်ဆောင် ချက်တွေ ပါဝင်ပါတယ်။ ကျနော်တို့ အနေနဲ့ မြန်မာ နိုင်ငံရဲ့ အပြောင်းအလဲ ကို ဖော်ဆောင်ဖို့၊ ဒီမိုကရေစီ ရရှိစေဖို့ အတွက် အဲဒီ လို နိုင်ငံတကာ က ထောက်ခံ အားပေးမှု တွေ မြင်လိုပါတယ်။"
မစ္စတာ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာ ပျက်ဆီးဆုံးရှုံးမှု ကြီးမားလှတဲ့ နာဂစ် ဆိုင်ကလုန်းကြီး တိုက်ခတ် အပြီး ၂၀၀၈ ခုနှစ်မှာ တကြိမ် ၂၀၀၉ ခုနှစ်မှာ တကြိမ် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အခု တတိယ အကြိမ် သွားရောက်တာ မှာလည်း အပြောင်းအလဲ ဖော်ဆောင်ရာ မှာ အရေးကြီးတဲ့ အခန်းကဏ္ဍ က ပါဝင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း အထူး ကျေးဇူးတင် စကား ပြောကြားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။
"ဒီအကြိမ်မှာတော့ သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ကို ကိုယ်တိုင် ဂုဏ်ပြု ချီးကျုး စကားပြော နိုင်ဖို့ မျှော်လင့်ပါတယ်။ သူတို့ အလုပ်တူတူ လုပ်ပြီး ပေါင်းစည်းနိုင်ခဲ့ကြတယ်။ အခုလိုမျိုး အတူတူ လက်တွဲ ဆက်လက် လုပ်ကိုင် သွားနိုင်မယ် လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ကျနော် တို့ အတူ ကုလသမဂ္ဂ အနေနဲ့ ကူညီ နိုင်မယ့် လက်တွေ့ အကောင်အထည် ပြနိုင်မယ့် အကူအညီ နည်းလမ်းတွေ ပေးသွားဖို့ ရှာဖွေသွားမှာပါ။ မြန်မာ အစိုးရ နဲ့ လူထု အနေနဲ့ ပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ရရှိရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတွေ စလုပ်ခဲ့ပြီး ပိုကောင်းတဲ့ မနက်ဖြန် ကို တည်ဆောက် နေကြပါပြီ။  အဲဒါကြောင့် သူတို့ကို  ကျနော်တို့ ရဲ့ ထောက်ခံမှု အပြည့်အဝ ပေးသင့်ပါတယ်။"
ဒါ့အပြင် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ ဧပြီလ ၂၃ ရက် ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့လည်းဘဲ နှစ်ဘက်တို့ ပြေလည်အောင် ဆွေးနွေးနိုင်လိမ့်မယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်တဲ့ အကြောင်းလည်း မစ္စတာ ဘန်က အခုလို ပြောခဲ့ပါတယ်။
"သူတို့ နှစ်ယောက် အေးအေး ချမ်းချမ်း ဘဲ ပါလီမန် ကိစ္စ နဲ့ ပတ်သက် ပြီး သဘော တူညီမှု ရသွားမယ် လို့ ကျနော် အရိုးသားဆုံး မျှော်လင့်ပါတယ်။ သူတို့ ဟာ သမိုင်းဝင် သွားတဲ့၊ မြန်မာ လူထုရဲ့ သဘောထားကို ထင်ဟပ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲကိုလည်း ဖြတ်သန်း ခဲ့ပြီးပါပြီ။ ကျနော် သမ္မတ ဦးသိန်းစိန် ဘာပြောထားသလဲ ဆိုတာ ကို အလေးထားပါတယ်။ ကျနော် ဒီကိစ္စမှာလည်း သူတို့ တိုင်းပြည်အတွက်၊ ဒီမိုကရေစီ ရရှိရေး အတွက် အေးအေးချမ်းချမ်း အဖြေကို တစ်နည်းနည်း  ရှာတွေ့မယ် လို့ မျှော်လင့်ပါတယ်။"
ကချင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီးလည်း အတွင်းရေးမှူးချုပ်က မြန်မာအစိုးရ အနေနဲ့ အထူးသဖြင့် ကေအန်ယူ ကရင့် အမျိုးသား အစည်းအရုံး အပါအ၀င် တခြား တိုင်းရင်းသား အုပ်စုတွေနဲ့ ပြန်လည် ရင်ကြားစေ့ဖို့ ကြိုးပမ်းနေသလို ကချင်အုပ်စု ကိုလည်း အလားတူ ကမ်းလှမ်း လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြည့်အ၀ တည်ဆောက်နိုင်ဖို့ အတွက် အုပ်စုအားလုံးတို့ကိုလည်း အစိုးရ အနေနဲ့ လက်ကမ်းကြိုဆိုဖို့ အရေးကြီးတဲ့ အကြောင်းလည်း သူက ပြောကြားသွားပါတယ်။  မစ္စတာ ဘန်ဟာ ဒီသတင်းပတ်ကုန်မှာ အိန္ဒိယကို သွားရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံကို သွားရောက်မယ့် ဒီသတင်းပတ် သူ့ရဲ့ ခရီးစဉ်မှာတော့ တိုင်းရင်းသား အရေးကိစ္စကို သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ဥက္ကဌတွေ ၀န်ကြီးတွေနဲ့ ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောကြားသွားပါတယ်။ ဒါ့အပြင် မစ္စတာ ဘန်ဟာ သူ့ရဲ့ ခရီးစဉ် အတွင်းမှာ စီးပွားရေးနဲ့ လူမှုရေး ကဏ္ဍက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောကြားသွားပါတယ်။
By လှလှသန်း (ဗွီအိုအေ-မြန်မာပိုင်း)
NLD လွှတ်တော် တက်ရေးကိစ္စ အားလုံး ညှိနှိုင်း ကြိုးပမ်းဖို့ အမေရိကန် တိုက်တွန်း
Posted: 23 Apr 2012 07:37 PM PDT
美国国务院女发言人纽兰
ဓာတ်ပုံ 美国国务院
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နုလန်း (Vitoria Nuland)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် ၀င်ရောက်ရေးအတွက် အစုအဖွဲ့ အားလုံး ညှိုနှိုင်း ဆောင်ရွက်ကြဖို့ အမေရိကန် ပြည်ထောင်စု တိုက်တွန်းပါတယ်။ ဒီ ညိနှိုင်း ဆွေးနွေးမှု တွေအပေါ်မှာ ၀င်ရောက် စွတ်ဖက် ပြောဆိုမှာ မဟုတ်ပေမဲ့၊ ဖြစ်ထွန်းမှုတွေ ကိုတော့ စောင့်ကြည့် သွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် တွေ အခု ကျင်းပနေတဲ့ လွှတ်တော်ကို မတတ်ရောက်နိုင်တဲ့ အခြေအနေဟာ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွေ နောက်ကြောင်း ပြန်လှည့်သွားနိုင်မလား စိုးရိမ်မှုကတော့ အတော်များများရှိနေတာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေ ကတော့ ဒါကို ပြဿနာတရပ်လို မယူဆပဲ၊ ညှိုနှိုင်း ဖြေရှင်းလို့ ရနိုင်မယ်လို့ ယူဆနေပါတယ်။ လွှတ်တော်ကိုလည်း တတ်ရောက် ဖြစ်မှာပါလို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုအနေ နဲ့ ကတော့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်ရောက်နိုင်ရေးအတွက် အားလုံး ညှိုနှိုင်းဆောင်ရွက် နိုင်ကြဖို့ တိုက်တွန်းပါတယ်။
"စစ်အုပ်ချုပ်ရေးမှာ ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုတဲ့ ကျမ်းသစ္စာ ဆိုရမယ့်ကိစ္စကို စိုးရိမ်တာကြောင့် ဒီနေ့ ပြုလုပ်တဲ့ လွှတ်တော် အစည်အးဝေးတွေကို ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ မတတ်ရောက်ဘူးလို့ နားလည် ထားပါတယ်။ ဒီအခြေအနေ နဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရနဲ့ အခြားအစုအဖွဲ့ ပါတီတွေကို ဆွေးနွေး နေတယ်လို့ သိထားပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တွင်း ၀င်ရောက်နိုင်ဖို့ အတွက် အစုအဖွဲ့အားလုံး ညှိုနှိုင်း ကြိုးပမ်းလုပ်ဆောင်ကြပါလို့ ကျမတို့ တိုက်တွန်းပါတယ်။"
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Vitoria Nuland က ပြောသွားတာပါ။
လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ဆိုရမယ့် ဖွဲ့စည်းပုံကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်ကို အဖွဲ့ချုပ်က ပြင်ဆင်ဖို့ လိုလားနေတာပါ။ ဒါ ပြင်ပြီးမှ လွှတ်တော် တက်မယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ ဒါပေမယ့် အချို့ကတော့ ဒီအချက်ဟာ ဖွဲ့စည်းပုံပါ အချက်အလက် ဖြစ်တာမို့၊ လွှတ်တော်ထဲ ၀င်ပြီး ပြင်သင့်တယ်လို့ ယူဆမှုတွေ လည်းရှိပါတယ်။ အခု ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေ အတွင်း ဒီကိစ္စ ပြင်ဆင်ချက်ကို ဆွေးနွေး မလားလို့လည်း မျှော်လင့်မှုတွေ ရှိပါတယ်။ ပြင်ဆင်မယ် ဆိုရင်တော့ အဓိက အာဏာရပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီရဲ့ အဆုံးအဖြတ်က အဓိက ကျမှာပါ။ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှုး ဦးဌေးဦးကတော့ ဖွဲ့စည်းပုံ ပြင်ဖို့ အချိန်အခါ မရောက်သေးဘူးလို့ မနေ့က လွှတ်တော်ဝန်းထဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
"ကတိ သစ္စာခံ တဲ့ ကိစ္စ က ကျနော် တို့လည်းဘဲ ဒီမှာ တက်နေတဲ့ လူတွေ အားလုံးက ဒီအတိုင်း ကတိ သစ္စာ ပြုလာကြတာဘဲလေ။ ပြင်ရမယ် ဆိုတာကျတော့ ကျနော်တို့ များ ပြန်ပြင်ရမလား မသိဘူး။ တကယ်လို့များ ပြင်ခွင့်ရမယ် ဆိုရင်၊ ဒီမှာ ရှိတဲ့ လူတွေ အားလုံး ပြန်ပြင်ရမလား တောင် မပြောတတ်ဘူး။"
အမေရိကန် ပြည်ထောင်စုအနေ နဲ့ကတော့ အခြေအနေတွေကို စောင့်ကြည့်သွားမယ်လို့ နိုင်ငံခြားရေးပြောခွင့်ရသူ Nuland က ပြောပါတယ်။
"ဒီအခြေအနေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး၊ မကြာခင်ရက်တွေအတွင်း ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
ဂျပန်နိုင်ငံရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ကတော့ အခု ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲ မ၀င်လာတဲ့ ကိစ္စရဲ့ သူမရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်တယ်၊ သူတို့အနေ နဲ့ကတော့ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်တော်ထဲမှာ ကြိုဆိုပါတယ်လို့ ပြောခဲ့ပါတယ်။
"ဒေါ်အောင်ဆန်း စုကြည် လွှတ်တော် ထဲကို ဝင်မလာတာ ဟာ သူ့ရဲ့ သဘော ဆန္ဒ ဘဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီး ကတော့ သူကို ကျနော်တို့ ကြိုဆိုနေပါတယ်။ အဲဒီတော့ ဒီ သူမ ပါဝင်လာတာဟာ ခုနက လို ဆွေးနွေး ပြောဆိုတာတွေ၊ နောက်တစ်ခါ ကျနော် တို့မှာ မေးခွန်းတွေ မေးခွင့်၊ အဆိုတွေ တင်သွင်းခွင့် ကျနော်တို့ ရှိပါတယ်။ ပိုမို ပြီးတော့ ခုနက လို တိုင်းပြည်အတွက် အကျိုးပြုနိုင်တဲ့ ဟာတွေ ပိုမိုပြီးတော့ သွက်သွက်လက်လက် နဲ့ ပါလီမန် ကြီးဟာ ကျနော်တို့ အသက်ဝင် လှုပ်ရှားလာမယ် လို့ ကျနော် အနေနဲ့ ဒီလို ထင်မြင်ပါတယ်။"
အဖွဲ့ချုပ်ကတော့ ဒီကိစ္စအပေါ် နိုင်ငံတော် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌတွေ နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး တို့ကို အကြံပြုချက် ပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံစဉ်မှာလည်း ဒီကိစ္စ ဆွေးနွေး ထားတယ် လို့သိရပါတယ်။ အမေရိကန် ပြည်ထောင်စု ကတော့ အခုလို ညိနှိုင်းဆောင်ရွက်မှု တွေကို အားပေးပါတယ်။
"အတွင်း ညှိုနှိုင်း ဆောင်ရွက်နေကြတဲ့အပေါ်မှာ ကျမတို့ ဘာမှ စွတ်ဖက်စရာ မရှိပါဘူး။ NLD က ပါဝင်ခွင့် မရခဲ့တဲ့ ပြီးခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ချမှတ်ခဲ့ပြီးတဲ့ကိစ္စရပ်တွေ၊ ဒီတိုင်းပြည်ရဲ့ အမည် သတ်မှတ်မှု ကိစ္စ အပါအ၀င်ပေါ့၊ ဒီကိစ္စရပ်အတော်များများအပေါ်မှာ NLD ဖက်က စိုးရိမ်မှုဖြစ်နေတာတွေ ရှိပါတယ်။ နိုင်ငံရေး ပွင့်လင်းမှုနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း တရပ်အနေနဲ့ အဲဒီ ကိစ္စရပ်တွေကို သူတို့ အချင်းအချင်း ညှိုနှိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။"
မနေ့က ပြန်လည် ကျင်းပတဲ့ လွှတ်တော်တွေမှာ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ် တွေ ထဲကဆို နှစ်ဦးပဲ လွှတ်တော် တက်ရောက် နိုင်တယ်လို့ ပြောရမှာပါ။ အာဏာရပါတီက ကိုယ်စားလှယ် တဦးနဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ ပါတီက ကိုယ်စားလှယ်တို့ဖြစ်ကြပါတယ်။ အခြား အသစ်တတ်လာတဲ့ကိုယ်စားလှယ်တွေကတော့  ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားတဲ ကိုယ်စားလှယ် ၅၉ ဖြစ်ပါတယ်။ အရင် စစ်တပ် ကိုယ်စားလှယ်အချို့နဲ့ အစားထိုး ပြောင်းလဲလိုက်တာပါ။ မနေ့ကတော့ အဲဒီ တက်လာတဲ့ ကိုယ်စားလှယ်အားလုံး လွှတ်တော် ကိုယ်စားလှယ် အဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။
By သားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)
မကွေးမြို့ ရန်ပယ်ဈေးနဲ့ မျက်နှာချင်းဆိုင် ဆိုင်ခန်းတွေကို စည်ပင်ကပြောင်းရွှေ့ ခိုင်း (ရုပ်/သံ)
Posted: 23 Apr 2012 05:59 PM PDT
မကွေးမြို့ ရန်ပယ်ဈေးနဲ့ မျက်နှာချင်းဆိုင် ဆိုင်ခန်းပေါင်း ၁၀၈ခန်းကို စည်ပင်အရာက မေလ ၃၀ ရက် နောက်ဆုံးထားပြီး ကန်သာဈေးဘက်ကို ပြောင်းရွှေ့ဖို့အမိန့်ထုတ်လိုက်တဲ့အတွက် ဆိုင်ခန်း ပိုင်ရှင် များ မကျေနပ် မှုတွေ ဖြစ်ပေါ်နေပါတယ်။
 ဒီဗွီဘီ 
ရဲ နဲ့ သစ်တော ၀န်ထမ်းများ ငွေညစ်နေပါသည်
Posted: 23 Apr 2012 05:25 PM PDT
ဓါတ်ပုံ-ကိုမင်း ( မန္တလေး)
အပေါ်မှာ တွေ့ ရတဲ့ ဓါတ်ပုံတွေ ကတော့ မန္တလေး၊ မိုးကုတ်လမ်း တစ်နေရာမှာပါ။
မိုးကုတ်ကနေ မန္တလေးကို လာတဲ့ ခရီးသည်တင်ကားပါ။ မန္တလေးကို ရောက်ခါနီး
ရွှေကျင်ကွေ့နားမှာပါ။ ကားပျက်ေ
နတာမဟုတ်ပါဘူးခင်ဗျား...
 ဓါတ်ပုံမှာ မြင်ရတဲ့အတိုင်း ရဲ နဲ့သစ်တောက ၀န်ထမ်းတွေပူးပေါင်းပြီး
ငွေညစ်နေတာဖြစ်ပါတယ်
ကားပေါ်မှာသစ်တွေလည်းအနည်းငယ်တင်လာပုံရပါတယ်။
 ဒီအတိုင်းသာ အမြဲလိုလိုလုပ်နေမယ်ဆိုရင်တော့----
မင်းမခ
Myanmar News Now
ယုဇနဥယာဉ်မြို့ တော် မှာ အထိပ်တလန့် ဖြစ်ပွါးခြင်း
Posted: 23 Apr 2012 04:18 PM PDT
ဒဂုံဆိပ်ကမ်းမြို့ နယ် (ယုဇနယာဉ်မြို့ တော်)
ဧပြီလ ၂၄ ရက်နေ့ ၂၀၁၂
ဘလောက် ၊B . ဘလောက်၊ C . ဘလောက၊် စစ်တောင်းရိပ်မွန် အိမ်ယာ ဆိုပြီး 
ရှိပါတယ်။
အဆိုပါတိုက်တန်းတွေမှာ  ၂၃ .၄.၂၀၁၂ နေ့ ယနေ့ ည ၈း၂၀ မိနစ်အချိန်တွင်
ရှိမရှိ ဆိုပြီး ညွန်ကြားချက်တွင်ပါသော ၊ တိုက်ခန်းများကို မေးမြန်းကာ ယာယီ
သန်းခါင်းစာရင်း မိတ္တူတောင်းယူပြီး ရာအိမ်မှူးများမှ အုပ်ချုပ်ရေးမှူးရုံးသို့ 
ပို့ ဆောင်ပေးခဲ့ရပါတယ်။
ရာအိမ်မှူးများမှလည်း လက်ရှိနေထိုင်မူ့ မှန်ကန်ပါကြောင်း လက်မှတ်ထိုးခဲ့ရပါတယ်။ 
တိုက်ခန်းစုံ အားလုံး တောင်းယူခြင်း မဟုတ်ပါ၊ မိသားစုဦးရေ (၂၀ ) သန်းခေါင်
စာရင်း( ၂၀ )ခန့်သာ တောင်းယူတာဖြစ်ပါတယ်။ 
စုံစမ်းမေးမြန်း ခံရသော မိသားစု များမှ အထိတ်တလန့် ဖြစ်ပြီး ၊ အချို့မိသားစု တွေက
အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်စုံစမ်းတဲ့အခါ ၊ ရုံးမှ မသိပါ၊  စ စ စ ဌာနမှ တောင်းခံ ခိုင်း
ခြင်းသာ ဖြစ်ပါကြောင်း ပြောကြားလိုက်ပါတယ်။
သန်းခေါင်းစားရင်း ပေးလိုက်ရသော မိသားစုများ ယခု သတင်းရေးသားချိန်အထိ မအိပ်နိုင် မစားနိုင်ဖြစ်နေကြပြီး  စိုရိမ်ပူပန်ခြင်း များကြုံ တွေ့ နေရပါကြောင်း စုံစမ်းမေးမြန်းခြင်းခံ 
တဲ့ မိသားစုဝင်တွေက Myanmar News Now ကို ပြောပါတယ်။
ကံမ မူဆလင်အဓိကရုန်း ပြည်ခိုင်ဖြိုးပါတီ စွပ်စွဲခံနေရ
Posted: 23 Apr 2012 03:49 PM PDT
လုယက်ဖျက်ဆီးခံရပြီး အပျက်အဆီးများကိုတွေ့ ရစဉ် (ဓါတ်ပုံ-Myanmar News Now)
ပြီးခဲ့သည့် ဧပြီလ ၁၃ရက်နေ့ က မကွေးတိုင်း၊ ကံမတွင် ဖြစ်ပွားခဲ့သည့် အစ္စလမ်ဘာသာဝင် မှုဆလင်အိမ်များ လုယက်ဖျက်စီးခြင်းခံရသည့် အဓိ ကရုန်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီဝင်များ ပါဝင်နေကြောင်း ဒေသခံများက စွပ်စွဲပြောကြားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နှစ်စဉ်နီးပါးလုပ်ကိုင်ခွင့်ရရှိခဲ့သော ပြည်- ကံမ မော်တော်ပြေး ဆွဲခွင့်ကို လေလံကို ယခုနှစ်တွင် ကံမမြို့မှ အစ္စလမ်ဘာသာဝင် ဟာဂျီဒေါ်ဝါဆိုသူအမျိုသမီးက လေလံအောင်သွားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက မကျေနပ်သဖြင့် အဓိက ရုန်းဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။
နောက်ပိုင်းတွင် ဒေါ်ဝါက မော်တော်လေလံကို ပြန်လွဲပေးခဲ့သော်လည်း လေလံကိစ္စအငြင်းပွားစဉ် အစွန်းထွက်စကားများကို ပုံကြီးချဲ့ပြီး အစ္စမ် လမ်ဘာသာဝင်များ၏  စီးပွားရေလုပ်ငန်းများ ဖျက်စီးခံရခြင်းဖြစ်ကြောင်း ကံမမြို့သားတစ်ဦးက ပြောကြားသည်။
အစ္စလမ်ဘာသာဝင်များ အိမ်းများနှင့် စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးသူများကို ရဲကထိမ်းသိမ်းစဉ်  ဖျက်ဆီးသူများကို အသံမထွက် စကား မပြောရန်၊ ခေါင်းငုံသွားရန် ရဲတစ်ချို့က ပြောဆိုသတိပေးသည်ကို ကြားရကြောင်း သရက်မြို့သို့တိမ်းရှောင်လာသူ အသက်၂၅နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောကြားသည်။"ကြံ့ခိုင်ရေး မပါရင် ဘယ်သူမှ မလုပ်ရဲဘူး စီးပွားရေးလောဘအတွက် ဘာသာရေး ခုတုံးလုပ်တာသူများ စီးပွားရေး ဖျက်စီးတာ " ဟု မျက်ရည်များစီးကျလျှက် ပြောဆိုသည်။
ပြည်ခိုင်ဖြိုးပါတီက လွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်နဲ့ ကုလားစီးပွားရေးလုပ်ငန်းရှင် အီဆာခေါ် အောင်မိုးလွင်နဲ့ စကားပြော အဆင်မပြေ ရာကနေဖြစ်ခြင်းဖြစ်ကြောင်း အခင်းဖြစ်သည့်နေ့တွင် ဦးဝင်နိင်သည် သရက်မြို့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေဆီ အလီဘိုင် ပြရန် ရောက်နေပုံရကြောင်း ပြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ အစ္စလမ်ဘာသာဝင်တစ်ဦးက ပြောကြားသည်။
ပြည်မြို့မှ ကြံ့ခိုင်ရေးစည်းရုံးမှူးတစ်ဦးက ယခုဖြစ်ရပ်သည် ပါတီနှင့်မဆိုင်ကြောင်း ပါတီ၏မူဝါဒလည်းမဟုတ်ကြောင်း ယခုကဲ့သို့ ကမ္ဘာ ရွာခေတ်တွင်  လူမျိုးရေး၊ ဘာသာဆရး အဓိကရုန်းသည် ခေတ်နောက်ပြန်ဆွဲအတွေးအခေါ်သာဖြစ်ကြောင်း အမြင်းကျဉ်းသည့် မျိုးချစ်မျက် ကန်းများ၏ လုပ် ဟန်သာဖြစ်ကြောင်း မီဒီယာများက အဖြစ်မှန်ကို ဖော်ထုတ်စေချင်ကြောင်း မှတ်ချက်ပြုပြောဆိုသည်။
ကံမ ရေနံသာရှိဓါတ်ဆီဆိုင်များ၊ သားသတ်ရုံများ၊ စတိုးဆိုင်များ၊ ဖုန်းအရောင်ဆိုင်များ ဖျက်စီးခြင်းခံရပြီး အစ္စလမ်ဘာသာဝင်များသည် သရက်၊ မကွေး၊ ပြည်မြို့များသို့ တိမ်းရှောင်နေကြောင်း ဒေသခံ ဗုဒ္ဒဘာသာဘုန်းကြီးများနှင့် ဒေသခံများက စာနာဖေးမကြောင်း စုံစမ်းသိရှိရသည်။
MP( yangonchronicle)
NLD လူငယ်များကို တိုက်ခိုက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးရမိ
Posted: 23 Apr 2012 03:37 PM PDT
သန်လျင် ရွာမပိုင်း သင်္ကြန်မဏ္ဍပ်တွင် (Photo-88 Generation Students)
မဟာသင်္ကြန်အကျတ်နေ့တွင် သန်လျှင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များအား တိုက်ခိုက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ယင်းတို့၏အပေါင်းပါများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သန်လျှင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
သန်လျှင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာသို့ သံချပ်ဖျော်ဖြေရန် ရောက်ရှိလာသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့ကို နှုတ်ဆက်သည့် သန်လျှင်မြို့နယ် NLD လူငယ်များအား အမျိုးသမီးတစ်ဦးပါဝင်သည့် လူအုပ်စုတစ်စုမှ အုတ်ခဲများ၊ တုတ်များဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့ကြ သည်။
"သန်လျှင်က NLDပါတီဝင် ကိုညီညီဦး တိုင်ချက်ဖွင့်လို့ ရိုက်နှက်ခဲ့တဲ့သူတွေကို ညတွင်းချင်းဖမ်းဆီးခဲ့ပါတယ်"ဟု ယင်းရဲအရာရှိက ပြောကြား သည်။
အမည်မသိလူအုပ်၏ ရိုက်နှက်မှုကြောင့် NLD လူငယ်သုံးဦးမှာ ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း သန်လျှင်မြို့နယ် NLD လူငယ်တစ် ဦးက ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပက်သက်၍ ဖမ်းဆီးထားသူ ၁၅ဦးကျော်ရှိကာ၊ ပြည်ခိုင်ဖြိုးပါတီဝင် ၃ဦးပါဝင်ကြောင်း သိရသည်။
"ဘယ်သူက ရိုက်ခိုင်းတယ်။ ဘာအတွက်ကြောင့် ရိုက်တယ်ဆိုတာကတော့ စစ်မေးနေတုန်းပါပဲ"ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နေရအများဆုံး အနိုင်ရခဲ့သဖြင့် အခြားသောပါတီများ၏ ဝေဖန်မှုများ ကို ကြုံတွေ့နေရသည်။
KP (yangonchronicle)
ဒဂုံဆိပ်ကမ်းမြို့ နယ်မှာသောက်သုံးရေရှားပါးပြတ်လပ်ပြီး ၀မ်းရောဂါဖြစ်ပွါးနေ
Posted: 23 Apr 2012 03:16 PM PDT
ဧပြီလ (၂၀,၂၁)ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက် (ကျူးကျော်)တွင် နေထိုင်သူ လူ ဦးရေ (၂၀၀၀) ကျော်နှင့် အိမ် ခြေ(၆၀၀)ကျော်နေထိုင်လျက်ရှိပြီး ယခုနွေရာသီတွင် သောက်သုံးရေ ရှားပါးပြတ်လပ်လျက်ရှိသလို ၇- လသားကလေးငယ်မှစ၍အသက် (၄၀)ကျော် လူကြီးများအထိ ၀မ်း ရောဂါဖြစ်ပွားလျက်ရှိကြောင်းသိရ သည်။
အဆိုပါ ရပ်ကွက်ရှိ ရောဂါ ဖြစ်ပွားသူအများစုမှာ မိမိအစီအ စဉ်ဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက် ကုသလျက်ရှိပြီး တ ချို့မှာမူ ဆေးရုံ၊ ဆေးခန်းမပြသ နိုင်၍ ဓာတ်ဆားရေသောက်၍ ကုသလျက်ရှိကြောင်းသိရသည်။
အဆိုပါ ရက်များအတွင်း အလှူရှင်အချို့ရေပေးလှူခဲ့ကြောင်း သောက်သုံးရေကားနှစ်စီးဖြင့်NLD ဒဂုံဆိပ်ကမ်းမြို့နယ် ဥပဒေတာ ၀န်ခံက သွားရောက်လှူဒါန်းခဲ့ ကြောင်း၊ ၀မ်းလျှောဝမ်းပျက်ဖြစ် နေသူများအတွက် ဆေးဝါးများ လှူဒါန်းခဲ့ကြောင်းလည်း သိရ သည်။
ရောဂါဖြစ်ပွားရခြင်းနှင့်ပတ် သက်ပြီး ""အစားအစာနှင့် သောက်သုံးရေသန့်ရှင်းမှုမရှိခြင်း၊ အိမ်တိုင်းစေ့ ယင်လုံအိမ်သာမရှိ ခြင်း""တို့ကြောင့်ဖြစ်ကြောင်း (၆၇) ရပ်ကွက်ရတနာအိမ်ရာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချိုဦးမှပြော ကြားချက်အရ သိရသည်။
 NWH(ကြယ်ကလေး) Hot News
ဖောင်စီးရင်းရေငတ်နေသည့် တောင်သူလယ်သမားများအခွင့်မသာသေး
Posted: 23 Apr 2012 03:13 PM PDT
ဘိုကလေးမြို့နယ်တွင်းရှိ မလော့ကျေးရွာအုပ်စု အလယ်စု ကျေးရွာ၊ သဇင်ငူကျေးရွာအုပ်စု အုန်းပင်စုကျေးရွာများနှင့် အခြား ကျေးရွာများတွင် လယ်ယာစိုက် ပျိုးစရိတ်နှင့်စပါးဈေးကွာဟမှုများ ကြောင့် ထိုကျေးရွာများမှတောင် သူလယ်သမား မိသားစုများမှာ အရှုံးပေါ်နေ ကြောင်းသိရသည်။ ဆန်စက်များကုန်သည်ကြီးများက စပါးဈေးကိုသာ ထုတ်ပြန်ထား သောနှုန်း (၃၃၀၀၀၀)ကျပ်ဖြင့် မည်သူကမျှ မ၀ယ်သော်လည်း ဆန်ဈေးနှုန်း များမှာ ဈေးတက် ရောင်းချနေ သောကြောင့် လယ် သမားများမှာ စပါးဈေးလျှော့ ရောင်းဆန်ဈေး တက်ဝယ်နေရ သည့်အဖြစ်သို့ ရောက်ရှိနေကြ သည်ဟု သိရသည်။
ယင်းဖြစ်ပေါ်နေသော အ ခြေအနေများကို သည်းမခံနိုင်ကြ ၍ လယ်သမား ၃၀ ခန့်သည် တည်ဆဲဥပေဒပြဋ္ဌာန်းချက်များနှင့် အညီ ငြိမ်းချမ်းစွာ ဆန္ဒပြရန်- ပထမအဆင့်အနေဖြင့်ဘိုကလေး မြို့နယ် ရဲတပ်ဖွဲ့မှူးထံ တောင်သူ လယ်သမားများ၏ အခက်အခဲ များနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ဧပြီလ ၁၁ရက် ၂၀၁၂ နေ့စွဲဖြင့် တင်ပြသတင်းပို့ခဲ့ကြကြောင်း သိ ရသည်။
အဆိုပါသတင်းပို့အကြောင်း ကြားစာအရ ဆန္ဒဖော်ထုတ်မည့် နေ့ရက်ကို ၂၀၁၂ ခုဧပြီလ ၁၈ ရက် နံနက် ၉နာရီမှ နေ့လည် ၁ နာရီထိ ဘိုကလေးမြို့ပေါ်တွင် ငြိမ်းချမ်းစွာ လှည့်လည်မည်ဖြစ် ကြောင်းနှင့် တောင်သူလယ်သ မား ၃၀ခန့်က သက်ဆိုင်ရာသို့ စပါးဈေးနှုန်းထိန်းညှိပေးပါရန်ဟု ရေးထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြမည်ဖြစ်သည်။
ဘိုကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးရုံးသည် အထက်ပါ တောင်သူလယ်သမားများ၏အ ကြောင်းကြားစာကို ရရှိပြီးနောက် တွင် ဘိုကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့ရုံး၊ ဖျာပုံခရိုင် ဧရာဝတီ တိုင်းဒေသကြီးစာအမှတ်/၁၀၀၂ (၀၁)/၁၀၃/ ဦး ၁ရက်စွဲ ၂၀၁၂ ခုနှစ်ဧပြီလ ၁၁ရက် ရက်စွဲဖြင့် အကြောင်းပြန်ကြားခဲ့ကြောင်း ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အကြောင်းပြန်ကြားစာအရသိရ သည်။
အကြောင်းပြန်ကြားစာ များအရ တောင်သူလယ်သမား ဦးသက်တင် မလော့ကျေးရွာအုပ် စု အလယ်စုကျေးရွာသို့ ၄င်း တောင်သူလယ်သမား ဦးတက် ထွန်း သဇင်ငူကျေးရွာအုပ်စု၊ အုန်းပင်စု သို့၎င်း (အကြောင်း ပြန်ကြားစာ၊ နည်းဥပဒေထုတ် ပြန်မှသာ ဆောင်ရွက်တင်ပြရန် အကြောင်းပြန်ကြားခြင်းဟူ၍ (ရည်ညွန်းချက်။ ။ ဦးတက်ထွန်း၊ ဦးသက်တင်တို့၏ ၁၁-၄-၂၀၁၂ ရက်စွဲပါ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခြင်း ကိစ္စတင်ပြစာဟု ရေး သားထားသည်။ ထိုအကြောင်း ပြန်ကြားစာ အပြည့်အစုံမှာ- ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခ ရိုင် ဘိုကလေးမြို့ပေါ်တွင် ၂၀၁၂ ခုနှစ်ဧပြီလ ၁၈ရက်နေ့၌ တောင်သူလယ်သမားများ၏အခက် အခဲများနှင့် ပတ်သက်၍ ငြိမ်း ချမ်းစွာဆန္ဒဖော်ထုတ်မည့် စီတန်း လှည့်လည်ခြင်းများပြုလုပ်လိုပါသ ဖြင့် ဘိုကလေးမြို့နယ်၊ မလော့ ကျေးရွာအုပ်စု အလယ်စုကျေး ရွာနေ ဦးသက်တင်(ဘ)ဦးလှတင် ၅၃ နှစ်နှင့် သဇင်ငူကျေးရွာအုပ် စု အုန်းပင်ကျေးရွာနေ ဦးတက် ထွန်း(ဘ) ဦးချစ်ခင် ၄၈ နှစ် တို့မှ ရည်ညွန်းစာဖြင့် တင်ပြ လျှောက်ထားလာပါသည်။ အဆို  ပါ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေအရ ခွင့်ပြုမိန့် တောင်းခံ လာခြင်းကို လောလောဆယ် နည်းဥပဒေထုတ်ပြန်ရခြင်းမရှိသေး ၍ နည်းဥပဒေထုတ်ပြန်ပြီးမှသာ ဆောင်ရွက်တင်ပြကြရန်အကြောင်း ပြန်ကြားပါသည်ဟု ပါရှိပါသည်။
ထို့နောက် ဆက်လက်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ တွင် ကိုသက်တင်နှင့် သက်ထွန်း တို့ထံ ဦးစန်းမောင် လူမှုဆက်ဆံ ရေးနှင့် ပညာရေးဝန်ကြီး၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဧရာဝတီတိုင်းဒေသကြီး။ ဦးမြ သိန်း ပြည့်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ဧရာဝတီတိုင်းဒေသကြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူး၊ ခရိုင်တပ်ဖွဲ့မှူး မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဘိုကလေးမြို့နယ်တို့မှ သွား ရောက်၍ နှစ်ဆန်း ၂ရက်နေ့မှ စ၍ စပါးဈေးကို သုံးသိန်းအနည်း ဆုံးထား၍၀ယ်ယူမည်ဖြစ်ကြောင်း ပြောကြားဆွေးနွေးသော်လည်း ယနေ့အချိန်ထိ ဘိုကလေးမြို့ တွင်စပါး(၁၀၀)နှစ်သိန်းခုနှစ်သောင်း ဖြင့်သာ ၀ယ်ယူနေကြောင်း ယင်း တောင်သူလယ်သမားများထံမှ သိရှိရသည်။
ဦးသက်တင် ဦးတက်ထွန်း တို့မှ မိမိတို့ တောင်သူလယ်သ များ၏ နစ်နာခံစားနေရသော အခက်အခဲများကို အမြန်ဆုံးဖော် ထုတ်နိုင်ရန်အတွက် ဥပဒေပြု ရေးအခန်းကဏ္ဍသည် အလွန်အ ရေးပါသော အချက်ဖြစ်နေပါသ ဖြင့် နိုင်ငံရေးပါတီများမှ ဆောင် ရွက်လှုံဆော်ပေးနိုင်ရန် ဆက် လက်အကြောင်းကြားခဲ့ကြောင်း လည်းသိရသည်။
ဥယျာဉ်မှူး (Hot News)
သံတွဲ ဒွါရာဝတီဈေးမီးလောင်မှု စွပ်စွဲခံရသူကပြန်လည်ချေပ
Posted: 23 Apr 2012 03:09 PM PDT
ဧပြီ ၂၃၊ ၂၀၁၂ (YPI)
သံတွဲမြို့ ဒွါရာဝတီဈေးမီးလောင်မှုကို သံတွဲမြို့နယ်တရားရုံးတွင် စစ်ဆေး ကြားနာလျှက်ရှိရာ  စွပ်စွဲခံရသူ အပ်ချုပ်ဆိုင်ပိုင်ရှင်က ၎င်းဆိုင်မှစတင်မီးလောင်ခြင်းမဟုတ်ကြောင်း ပြန်လည်ချေပလျှက်ရှိသည်။
မီးစတင်လောင်ကျွမ်းခဲ့သည်ဟု ယူဆသောနေရာဝန်းကျင်မှဆိုင်ရှင်များအား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းခဲ့ပြီး မတ်လနောက်ဆုံးပတ်တွင် ရုံ(င)ဆိုင်အမှတ် ၆၅ တွင် စက်ချုပ်ဆိုင်ဖွင့်ထားသူ မချိုသဲ (၁၉)နှစ် အားတရားစွဲဆိုခဲ့သည်။
ဈေးမီးလောင်မှုမှာ အပ်ချုပ်ဆိုင်မီးပူမှ မီးကြွင်းမီးကျန်ကြောင့်ဖြစ်နိုင်သည်ဟု မီးသတ်တပ်ဖွဲ့က မှတ်ချက်ပေးထားကြောင်း မချိုသဲ၏ ရှေ့နေကပြောသည်။
သို့သော် စွပ်စွဲခံရသူအပါအ၀င် ၎င်း၏ဆိုင်နီးချင်းများက မချိုသဲမီးသုံးစွဲခြင်းမရှိကြောင်းနှင့် မချိုသဲတွင်မီးပူမရှိသောကြောင့် လိုအပ်ပါက အနီးရှိစက်ဆိုင်များတွင် သွားရောက်သုံးစွဲရသည်ကို မြင်တွေ့သိရှိကြောင်းပြောသည်။
မချိုသဲ၏ဆိုင်ရှေ့ ရုံ(စ)ဆိုင်အမှတ် ၁၁၆/၁၁၇မှ မနီနီမြင့်(ခ)မေနီက "သူကဆိုင်ဖွင့်တာမကြာသေး လို့သိပ်မချုပ်ရသေးဘူး။ မီးပူလည်းမရှိလို့ လိုရင် ကျွန်မတို့ဆီမှာလာသုံးတာပဲ" ဟုပြောသည်။
သံတွဲ ဒွါရ၀တီဈေး မီးလောင်နေစဉ်
ရခိုင်ပြည်နယ်ရှိ မင်းပြားဈေးမီးလောင်ပြီးနောက်ပိုင်း သံတွဲဒွါရာဝတီဈေး၌ နံနက် ၁၁ နာရီနောက်ပိုင်း မီးမသုံးစွဲရန်ကန့်သတ်လိုက်ပြီး မီးသတ်ကလည်း ရှောင်တခင်ဝင်ရောက်စစ်ဆေးလျှက်ရှိသောကြောင့် နံနက် ၁၁ နာရီနောက်ပိုင်း မီးမသုံးစွဲကြကြောင်း ဈေးသူဈေးသားများကပြောကြသည်။
ဖေဖေါ်ဝါရီ ၁၁ ရက် နံနက် ၅ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းသောကြောင့် မီးကြွင်းမီးကျန်မှလောင်ကျွမ်းခြင်းမဖြစ်နိုင်ကြောင်း မြို့ခံများက မှတ်ချက်ပေးကြသည်။
မီးလောင်ပြီးစကတည်းက သံတွဲရဲစခန်းတွင် (ပ)၁၄/၂၀၁၂၊ ပုဒ်မ ၂၈၅ (မီးနှင့် သို့တည်းမဟုတ် မီးလောင်လွယ်သောအရာဝတ္ထုနှင့်စပ်လျဉ်း၍ ပေါ့လျော့ခြင်း) ဖြင့်အမှုဖွင့်ကာ ခရိုင်ရဲမှူးခေါင်းဆောင်သော အဖွဲ့က စုံစမ်းစစ်ဆေးခဲ့ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့မှူး ကပြောသည်။
"ဆိုင်မှာ မီးမသုံးပါဘူး၊မီးပူလည်းမရှိပါဘူးပြောပေမယ့် တရားရုံးရောက်မှရှင်းပါလို့ စခန်းမှူးကပြောတယ်" ဟု မချိုသဲက ပြောသည်။     
ဧပြီ ၈ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဆောင်းပါးရှင် ဗိုလ်သင်း-မီးသတ် ရေးသားသည့် "ဒေါ်လာငါးသန်းတန် ဆေးလိပ်တို" ဆောင်းပါးတွင် သံတွဲဈေး မီးလောင်မှုသည် အပ်ချုပ်ဆိုင်၌ ကျန်နေသည့် မီးပူတွင် မီးခဲအသေးမှ တငွေ့ငွေ့စတင်လောင်ရာက ဈေးကြီးမီးလောင်ခံခဲ့ရသည် ဟုရေးသားထားသည်။
၎င်းအရေးအသားနှင့်ပတ်သတ်ပြီး  " ဒါကဘောင်ကျော်တာပဲ။ ဒီမှာစစ်ဆေးတုန်းပဲရှိသေးတယ်။ စီရင်ချက်ချသလိုရေးလိုက်တာပဲ " ဟု မချိုသဲ၏ရှေ့နေကပြောသည်။  
ဒွါရာဝတီဈေး မီးလောင်မှုကြောင့် ဆိုင်ခန်း ၉၀၀ ကျော်အနက် ၇၄၀ ကျော် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း ၆၅၀၀ ကျော်ရှိခဲ့ကြောင်း မီးသတ်စာရင်းများကဖော်ပြသည်။           ။
  Yangon Press International
ရွှေဂတ်စ် စီမံကိန်းကြောင့် ကံ့ကော်တော ဘုရားဖူး လာသူများ ဒုက္ခတွေ့
Posted: 23 Apr 2012 02:53 PM PDT
ဧပြီလ ၁၇ ရက်နေ့မှ စတင်ခဲ့သော ကျောက်ဖြူ ကံ့ကော်တော ဘုရားပွဲတော်မှာ အထူး စည်ကားခဲ့သော်လည်း ဘုရားပွဲတော် ကျင်းပရာ ကွင်းပြင်တွင် ရွှေဂတ်စ်စီမံကိန်းမှ ပိုက်လုံးများကို စုပုံထားသဖြင့် ပွဲတော်လာ ဘုရားဖူး ပြည်သူများ အတွက် နားခိုစရာ နေရာများ အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း သတင်း ရရှိသည်။
news-date-22-4-2012-1
ကျောက်ဖြူမြို့နယ် နှင့် (၄) မိုင်ခန့်ရှိ ဂုံချိန်ကျေးရွာ အနီး ပေါ်တော်မူ ကံကော်တောဘုရားပွဲကို ဧပြီလ ၁၇ ရက်နေ့ နံနက်မှ စတင် ကျင်းပခဲ့ရာ ပိုက်လုံးများ စုပုံထား၍ နေရာကျဉ်းသွား သဖြင့် လူများမှာ သွားလာ၍ မရအောင် ဘုရားပွဲ ကျင်းပရာ ကွင်းပြင်တွင်ပြည့်ကျပ် သွားခဲ့ကြောင်း ကျောက်ဖြူမြို့မှ လူကြီး တစ်ဦးက ပြောသည်။
"အယင်နှစ်တွေက ဆိုရင် ဘုရာဖူး ပရိတ်သတ်တွေလည်း ဘယ်လောက်များများ နေရာ ကျယ်ကျယ်ဝန်းဝန်း နေထိုင်လို့ ရတယ်။ အခုက ထိုင်စရာ နေရာလဲ သိပ်မရှိဘူး။ ဘုရားပုရ၀ုဏ်နားမှာ သံပိုက်တွေ စုပုံထားတဲ့ အတွက် ဘုရားပွဲ ကျင်းပနေတဲ့ ကွင်းက အရမ်းကျဉ်းသွားတယ်။ ဒီလို နေရာ ကျဉ်းသွားတော့ ဘုရာဖူး ခရီးသည်များ အနေနဲ့ နားခိုမဲ့နေရာ အခက်အခဲရှိခဲ့ကြပါတယ်" ဟု သူက ပြောသည်။
ရွှေဂတ်စ် စီမံကိန်းကြောင့် ကံ့ကော်တော ဘုရား ကျင်းပရာ ကွင်းပြင်တွင် လူများ တည်းခိုနေထိုင်ရန် အခက်အခဲ ဖြစ်သွားခဲ့ သလို ကံ့တော်ဘုရားသို့ သွားရာလမ်းမှာလည်း စီမံကိန်းမှ ကားများ အသုံးပြုပြီး မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် သွားလာ၍ မရအောင် ပျက်စီးနေကြောင်း သိရသည်။
" ဒီလမ်းဟာ အရင် ကိုယ်ထူကိုယ်ထ ကတ္တရာ ခင်းထားတဲ့ လမ်းဖြစ်ပါတယ်။ ဘုရားကို သွားတဲ့လမ်းမို့ လူထုက ကိုယ့်အား ကိုယ်ကိုးပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကတ္တရာ ခင်းထားတဲ့ အတွက် ဖုန်လဲမထ ပါဘူး။ အခုတော့ ဒီလမ်းကို ရွှေဂတ်စ် စီမံကိန်းက ကားကြီးတွေ အသုံးပြုပစ်တဲ့ အတွက် ရစရာ မရှိအောင် ပျက်စီးသွားပါတယ်။ ဒီလမ်းကို ဘုရားပွဲ မတိုင်မှီ ပြန်ပြင်ပေးမယ်ဆိုပြီး နိုင်ငံခြား ကုမ္ပဏီ တာဝန်ခံတွေက ကတိခံထားပေးမယ့် အခုအချိန်ထိ ပြန်မပြင်ပေးတဲ့ အတွက် ဘုရားဖူးလာတဲ့ သူတွေ သွားလာရတာ အထူး ဒုက္ခတွေ့ရသလို ဖုံတွေထတဲ့ အတွက် လူတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်ကုန်ပါတယ်" ဟု သူက ဆက်ပြောသည်။
ကံ့ကော်တော ဘုရားပွဲသို့ မြေပုံ ၊ အမ်းမြို့၊ တောင်ကုတ်၊မာန်အောင်၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်မှ ဘုရားဖူး နှစ်သိန်းခွဲခန့်ရောက်ရှိခဲ့ပြီး နားနေစရာ နေရာများ မရှိတော့သဖြင့် တချို့ရပ်ဝေးမှ ဘုရားဖူးများမှာ ကံကော်တော ဘုရားပွဲ မပြီးမှီ အိမ်ပြန်သွားခဲ့ရကြောင်း သိရသည်။
news-date-22-4-2012
" ကျွန်မတို့က ဘုရားပွဲကို ၁၇ ရက်နေ့ မနက်ကတည်းသွားကြပါတယ်။ ခါတိုင်းနှစ်တွေလို နေရာ အလွတ်တွေ မရှိတော့ဘူး။ ထိုင်စရာ နေရာတောင် မရဘူး။ ဘုရားပွဲမှာလည်း လူတွေ ပြည့်ကျပ်နေပြီး ပုရ၀ုဏ် အတွင်းမှာလည်း လူတွေ မဆန့်တဲ့ အတွက် နေထိုင်ဖို့ အခက်အခဲကြောင့် ကိုယ်အိမ်ကို နောက်တစ်နေ့မှာ ပြန်ခဲ့ကြရပါတယ်။ ပွဲတော်ဆုံးအောင် မနေခဲ့ရပါဘူး" ဟု ကျောက်နီမော်သူ မစန်းစန်းကြည်က ပြောသည်။
အများစု ဘုရားဖူးများမှာ ဒေသတွင် အသုံးများသည့် ထော်လာဂျီများဖြင့် လာရောက်ကြသဖြင့် ပျက်စီးနေ သော လမ်းမှ ဖုံထ၍ ဘုရားဖူးလာသူများမှာ ဖုံများဖြင့် ညစ်ပတ်ပေရေခဲ့ကြာင်း သိရသည်။
ကျောက်ဖြူ ကံ့ကော်တော် ဘုရားမှာ ပေါ်တော်မူ ဘုရား ဖြစ်ပြီး ၎င်းဘုရား၏ ထူးခြားချက်မှာ ဘုရား အနီးရှိ တစ်တောင်ပတ်လည်ရှိ ကျောက်ရေကန်ငယ်အတွင်း၌ ရေအနက်မှာ ၂-ပေခန့်သာ ရှိသော်လည်း ဘုရားဖူး ခရီးသည်များ မည်မျှပင် သုံးစွဲကာမူ မကုန်ခမ်းနိုင်ခြင်းပင် ဖြစ်သည်။ ၎င်းရေကန်ငယ်ကို ဒေသခံများက နတ်ရေကန်ဟု အမည်သမုတ်ခေါ်ဝေါ်ကြကြောင်း သိရသည်။
၎င်းပြင် ဘုရားအနီးရှိ ပိန်ခင်းများမှ ပိန်းဟင်းမှာ တခြားနေရာများသို့ ယူဆောင် စားသုံးသောအခါ ယားယံမှု ရှိသော်လည်း ဘုရားအနီးတွင် ချက်ပြုတ် စားပါကလုံးဝ ယားယံမှုမရှိခြင်းပင် ဖြစ်သည်။ ထိုအချက်သည် လည်း ကံကော်တော ဘုရားအတွက် ထူခြားသော သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယခုနှစ် ကံ့ကော်တော ဘုရားပွဲတွင် ရခိုင်ရိုးရာ ကျင်ပွဲကို ထည့်သွင်း ကျင်းပခဲ့ပြီး မြတ်ခိုင်ကျော် ဇာတ်အဖွဲ့မှ ၆ ရက်တိတိ ကပြဖြေဖျော်ခဲ့ကြောင်း သိရသည်။
" ဘုရားပွဲကို ဧပြီ ၁၇-ရက်နေ့ကနေ ၁၉ နေ့ရက်နေ့ထိ ကျင်းပပါတယ်။ ဇာတ်ပွဲကတော့ ဧပြီလ ၁၇ ရက်ကနေ ၂၂ -ရက်နေ့အထိ ကပြဖြေဖျော်မှာ ဖြစ်ပါတယ်" ဟု ဒေသခံ လူကြီးက ပြောသည်။
ယခုကဲ့သို့ ဘုရားပွဲတော်တွင် လာရောက်သူများ ပိုက်လုံးများ စုပုံထားသဖြင့် နားခိုစရာ နေရာ မရှိခြင်၊ ဘုရားသို့ သွားရာ လမ်းမှာလည်း ဖုံထပြီး ပျက်စီးနေခြင်းတို့ကြောင့် ရွှေဂတ်စ်စီမံကိန်း အပေါ် မကျေနပ်မူများ တိုးပွားနေကြောင်း သတင်း ရရှိသည်။
နိရဉ္စရာ
ရပ်ကွက်အာဏာပိုင်နှင့်တရုတ်လောပန်းပူးပေါင်း ဒေသခံလယ်ယာမြေများအား အဓမ္မဝယ်ယူ
Posted: 23 Apr 2012 02:54 PM PDT
တရုတ်စီးပွါးရေးလုပ်ငန်းရှင်များ နှင့်ပူးပေါင်းကာ ဒေသတွင်းနယ်မြေများအား အဓမ္မဝယ်ယူရန်ကြိုး စားနေ သော လားရှိုးမြို့ ရပ်ကွက် ၁၂  နယ်မြေ ၁၉ နယ်မြေမှူးကို ပယ်၍ နယ်မြေမှူးအသစ်ခန့်ရေးအတွက် ယမန်နေ့က ဒေသခံလူထုက ကျားဖြူပါတီထံ ဆွေး နွေးတိုင်ပင်အကူအညီတောင်းကြောင်း လားရှိုးမြို့ ကျားဖြူပါတီအသိုင်းအဝိုင်းကပြောသည်။
လားရှိုးမြို့တွင်းနှင့်မန်ဆူဘုရား
လားရှိုးမြို့တွင်းနှင့်မန်ဆူဘုရား
"ရပ်ကွက် ၁၂ - မန်ဆူရွာ၊ နယ်မြေ ၁၉   နယ်မြေမှူး ဦးစိုင်းအောင်ဘက တရုတ်စီးပွားရေးသမား တွေနဲ့ပေါင်းပြီး မြေနေရာ တွေကို ပိုင်ရှင်က ရောင်းချင်ချင် မရောင်းချင်ချင် အတင်း ဝယ်ယူနေတယ်၊   စိုင်းအိုက်မောင်ပိုင်တဲ့မြေနေရာကို မြေဂရံ အတုလုပ်ပြီး စိုင်းအိုက်မောင်ကို ပိုက်ဆံ ၂ သိန်းပေး ညှစ်ယူတယ်။   ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း စိုင်းအိုက်ကျော် ပိုင်တဲ့မြေကို ၇ သိန်းပေးပြီး အတင်းရောင်းခိုင်းတယ်။ ခင်ဗျားတို့ တခြားနေရာသွားနေလိုက်ပေါ့ လို့တောင်ပြောတယ်။  သူက နယ်မြေမှူးလုပ်လာတာကြာပြီ၊ ဒါပေမယ့် နယ်မြေကောင်းစားရေး ဘာမှမလုပ်ခဲ့ဘူး" ဟု နယ်မြေ ၁၉ မှ ဒေသခံ အမျိုးသမီးတဦးကပြောသည်။
ထို့အပြင် နယ်မြေမှူးဦးစိုင်းအောင်ဘသည် မန်ဆူရွာ တိုးချဲ့မြေကွက်တွေကိုလည်း တရုတ်လောပန်းများထံ ရောင်းစား ကြောင်း အဆိုပါဒေသခံအမျိုးသမီး၏ပြောကြားချက်ကိုကိုးကား၍ လားရှိုးကျားဖြူပါတီဝင်များက ပြောသည်။ ယနေ့မနက်ပိုင်းတွင်လည်း မန်ဆူဒေသခံများ ကျားဖြူပါတီရုံးသို့ထပ်မံရောက်ရှိဆွေးနွေးခဲ့သည် ဟုဆို၏။
" ကျနော်တို့ကျားဖြူပါတီအနေနဲ့ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ စာတင်ဖို့ တိုက်တွန်းလိုက်တယ် " ဟု ကျားဖြူပါတီဝင် လူငယ်တဦးကပြောသည်။
နယ်မြေမှူးဦးစိုင်းအောင်ဘသည် ရပ်ကွက် ၁၂ ဥက္ကဌဟောင်း ဦးစိုင်းမြင့်အေး၏တပည့်တဦးဖြစ်သဖြင့် ၎င်းနှင့်လည်း ပလဲနံပ သင့်ရာ ၎င်းတို့ နှစ်ဦးပေါင်း၍ ယခုနှစ်သင်္ကြန်ကာလ နယ်မြေ ၁၂ ဒေသခံများအား   တစ်အိမ်ထောင် ကျပ် တစ် ထောင် ကောက်ယူသည့်အပြင် ပြည်သူ့စစ်ကြေးအတွက် တစ်လ ငါးရာကျပ်လစဉ်ပေးဆောင်ရမည်ဟုလည်း အမိန့်ထုတ်ထား ကြောင်း ဒေသခံများ ကပြောသည်။ နယ်မြေ ၁၂ တွင် အိမ်ခြေ  ၁၅၀၀ ခန့်ရှိသည်။
" ဆိုးတာက ဦးစိုင်းအောင်ဘဟာ စီးပွားရေးသမားတွေနဲ့ပေါင်းပြီး သူ့နယ်မြေထဲမှာ လောင်းကစားဝိုင်းထောင် တာ၊  ဖဲဝိုင်း ထောင်ထာတို့၊ ကြက်တိုက်ဝိုင်းထောင်တာတို့၊ တီဗီဂိမ်းရုံတွေဖွင့်တာ တွေရှိတယ်။ ဆိုတော့ ကျောင်းသားလေးတွေကျောင်း ပြေး၊ ပျက်စီးတော့တာပေါ့။ ကလေးတွေရဲ့ပညာရေးကို ထိခိုက်တယ်လေ။ နောက်ပြီး အမှတ် ၂ ရဲစခန်း  နယ်ထိန်း ဦးဇော် မင်းထွန်း ရဲ့ မိန်းမနဲ့ပေါင်းပြီး နယ်မြေထဲမှာ ပြည့်တန်ဆာ တွေကို ခွင့်ပြုတဲ့အတွက် လူငယ်တွေအများအပြား ပျက်စီးနေ တယ်။ နယ်မြေထဲမှာပဲ ပြည့်တန်ဆာအိမ် ၃-၄ အိမ်လောက်ရှိတယ်၊ နယ်မြေမှူးနဲ့ညှိပြီး ဖွင့်နေတာ ၂ နှစ်လောက်ရှိပြီ တဲ့" နယ်မြေသားတဦးကပြောကြောင်း လားရှိုးကျားဖြူပါတီဝင်များကပြောသည်။
အဆိုပါကိစ္စများကြောင့် အနာဂတ်အတွက်စိုးရိမ်ကြသည့် ဒေသခံများက ယခုလက်ရှိ နယ်မြေမှူးကိုဖြုတ်၍ နယ်မြေမှူး အသစ်တောင်းဆိုရန်အတွက် လားရှိုးမြို့ကျားဖြူပါတီရုံးခန်းသို့လာရောက်အကူအညီတောင်း ကြခြင်းဖြစ်ကြောင်း ကျားဖြူပါတီ အသိုင်းအဝိုင်းကပြောပါသည်။
သျှမ်းသံတော်ဆင့်
NLD လွှတ်တော် တက်ဖို့ ပြေလည်မှု မရသေး
Posted: 23 Apr 2012 02:49 PM PDT
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ သမ္မတ ဦးသိန်းစိန်
ပြည်သူလူထု နဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို လွှတ်တော်မှာ ဆွေးနွေး ဖို့ ဖြစ်နိုင်ခြေရှိပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ သတင်းထောက်တွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့အချိန် မြန်မာသမ္မတက အဲဒီလိုပြောခဲ့တာပါ။ အခုဖြစ်ပေါ်နေတဲ့ ကျမ်းသစ္စာကျိန်ဆိုတာမှာ စာသားပြောင်းလဲပေးဖို့ ကိစ္စဟာ အသစ်တခုမဟုတ်ဘဲ လုပ်ပေးဖို့အတွက် အခက်အခဲမရှိနိုင်ဘူးလို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။
ဂျပန်နိုင်ငံမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ဂျပန်မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ NLD ပါတီဘက် ကတင်ပြထားတဲ့ ကျမ်းသစ္စာ ကျိန်ဆိုတာမှာ စကားလုံး ပြင်ပေးဖို့ဆိုတာ နဲ့ပတ်သက်ပြီး သတင်းသမားတွေ မေးတာကို တိုက်ရိုက် မဖြေခဲ့ပါဘူး။ ဒါပေမဲ့လည်း လွှတ်တော်တက်ရေးကိစ္စဟာ NLD ပါတီကိုယ်တိုင်က ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကတော့ လွှတ်တော်မှာ ဆွေးနွေးဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဖြေဆိုခဲ့တာပါ။ ဒီသတင်းတွေကို စောင့်ကြည့်လေ့လာပြီး ဖတ်ရှုထားတဲ့ ဂျပန်နိုင်ငံသား ၀ါရင့် သတင်းစာဆရာကြီး ဟိဆအို့ တနဘဲ့ (Hisao Tanabe) ခေါ် ဦးရွှေဘက ဗွီအိုအေကို အခုလိုပြောပါတယ်။
"အဲဒီ ကိစ္စ အန်အယ်ဒီ ကိစ္စနဲ့ ပတ်သက် ပြီးတော့ အန်အယ်ဒီ အနေနဲ့ တောင်းဆိုနေတဲ့ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဖို့ ဘာညာ နဲ့ ပတ်သက်ပြီးတော့ သူက ဘာမှ မပြောဘူး။ မပြောပေမဲ့ ခုနက လွှတ်တော် ကို တက်မတက် ဆိုတာက ဒေါ်စု ကိုယ်တိုင် က ဆုံးဖြတ်ဖို့ ဖြစ်တယ် လို့ဘဲ ဖြေလိုက်တယ်။ နောက်ထပ် constitution အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့ generally speaking ဆိုတဲ့ သဘောနဲ့ သူပြောတာက ပြည်သူ ပြည်သားတွေ အကျိုးရှိစေဖို့၊ တိုင်းပြည်အတွက် အကျိုးရှိစေဖို့ ဆိုရင် အခြေခံ ဥပဒေကို ပြင်ဆင် ဖို့ဟာ ဖြစ်နိုင်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးမှာ ဖြစ်ပါကြောင်း ဖြေလိုက်တယ် တဲ့။"
လွှတ်တော်ကိုယ်စားလှယ်အသစ်တွေ ကျမ်းသစ္စာကျိန်ဆိုတာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်ဆိုတဲ့ စာသားအစား လေးစား လိုက်နာပါမည်ဆိုတဲ့ စာသားနဲ့ ပြောင်းလဲ ပြင်ဆင်ပေးဖို့ NLD ပါတီဘက်က ကြိုးစားနေတာဖြစ်ပါတယ်။ ဒီကနေ့စပြီးကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေအမီ မပြီးပြတ် ခဲ့တဲ့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီက ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ဖြစ်ခဲ့ကြပါဘူး။ ဘယ်တော့လောက် ပြေလည်မယ် ဆိုတာကို အတိအကျ မပြောနိုင်ပေမဲ့ ပြေလည်ဖို့အတွက်ကိုတော့ NLD တာဝန်ရှိသူတွေက ယုံကြည်နေဆဲပါ။
"ဒီ ကိစ္စက ပြဿနာ အသစ်အဆန်း မဟုတ်ဘဲကိုး။ ကျနော်တို့ ပါတီ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စ၊ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စ ဖြစ်ပေါ်လာအောင် လိုအပ်သလို ပြုပြင်ပေးတဲ့ အတွက်ကြောင့် မို့လို့ အဲဒီလို ပြုပြင်ပေးတဲ့ ဟာမှာ ပေါ်မှာ မူတည်ပြီး မှတ်ပုံတင်တယ်။ ရွေးကောက်ပွဲ ဝင်တယ်။ ပြုပြင်ပြီးတဲ့ ကိစ္စ နောက်ပိုင်းမှာ ဆက်ပြုပြင်ဖို့ဆိုတာ သူတို့မှာ အခက်အခဲ ရှိစရာ အကြောင်း မရှိဘူးလို့ ယူဆပါတယ်။"
NLD ပါတီရဲ့ ဗဟို ကော်မတီဝင်နဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ကနေ ရွေးကောက် တင်မြှောက်ခံ ထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဝင်းထိန်ပါ။
ဂျပန်မှာရှိနေဆဲ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်မလှည့်တော့ ပါဘူးဆိုပြီး ပြောတယ်လို့လည်း ဂျပန်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ဒါပေမဲ့လည်း အခုပေါ်ပေါက်နေတဲ့ ကျမ်းသစ္စာ ကျိန်ဆိုရေး၊ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် NLD ကိုယ်စားလှယ် တွေ လွှတ်တော် တက်ရောက်နိုင်ရေးကိစ္စဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရမယ့် အခြေအနေထိ ဖြစ်နေတာကြောင့် သိပ်မကြာခင်မှာ ပြီးပြတ်မယ့်အခြေအနေမျိုး ခုချိန်ထိတော့ မတွေ့ရသေး ကြောင်းပါ။
ဖမ်းဆီးချုပ်နှောင်ထားစဉ် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး သေဆုံး
Posted: 23 Apr 2012 02:38 PM PDT
ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးချုပ်နှောင်ထားစဉ် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး သေဆုံးခဲ့ရတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ မဲခေါင်ဒေသ ရွှေ့ပြောင်းအလုပ်သမားများ ကွန်ယက် MMN ကနေ ထိုင်းအစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက်နေ့တုန်းက ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမား ၆၂ ဦးကို အချုပ်ကားနဲ့ မြန်မာနိုင်ငံနယ်စပ် မဲဆောက်မြို့က ပြန်ပို့စဉ် အလုပ်သမားနှစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူနှစ်ဦးကတော့ ကိုမောင်စိုး ၂၅ နှစ်နဲ့ မမိလာ ၃၆ နှစ်တို့ ဖြစ်ပါတယ်။ သူတို့ဘာကြောင့် သေဆုံးရတယ်ဆိုတာကို တိတိကျကျ မသိရပါဘူး။
ဒါကြောင့် သေဆုံးရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးပြီး၊ တာဝန်ရှိတဲ့ ထိုင်းအရာရှိတွေကို အရေးယူပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း၊ မဲခေါင်ဒေသ ရွှေ့ပြောင်းအလုပ်သမားများ ကွန်ယက်က တာဝန်ရှိသူ ထိုင်းအမျိုးသမီး မစ္စ ဖရာနွန် စုမ်ဝမ် Ms Pranom Somwong က ရှင်းပြပါတယ်။
"ထိုင်းအစိုးရက တုံ့ပြန်ချက်ကို မဲခေါင်ကွန်ယက်က စောင်ဆိုင်းနေပါတယ်။ ဒ့ါအပြင် သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေ ကျေနပ်လောက်တဲ့ တရားဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေးမှုကို ထိုင်းအစိုးရက လုပ်ဆောင်ပေးစေလိုပါတယ်။ ဘာကြောင့် သေဆုံးရတယ်ဆိုတာ ကျန်ရစ်သူတွေ သိခွင့်ရသင့်ပါတယ်။ ဒါ့အပြင် ထိုက်တန်တဲ့ လျော်ကြေးလည်း ရသင့်ပါတယ်။ သေဆုံးသူတွေဟာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး ချုပ်နှောင်ထားစဉ် သေဆုံးရတာ ဖြစ်တဲ့အတွက် ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဥပေဒအရ အပြစ်ပေး အရေးယူစေလိုပါတယ်။ ဒီကိစ္စတွေကို ထိုင်းအစိုးရကို ဆက်သွယ်ပြီး မဲခေါင်ကွန်ယက်အနေနဲ့ လုပ်ဆောင်နေပါတယ်" လို့ မစ္စ ဖရာနွန်က ရှင်းပြသွားခဲ့ပါတယ်။
အခုလို ရွှေ့ပြောင်း အလုပ်သမားတွေ သေဆုံးမူဟာ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးကြောင်း၊ ၂၀၁၀ ခုနှစ်အတွင်းကလည်း ထိုင်းအချုပ်ခန်းတွေအတွင်း စုစုပေါင်း ရွှေ့ပြောင်းအလုပ်သမား ၂၃ ဦး သေဆုံးခဲ့မှုအတွက် မဲခေါင်ကွန်ယက်က တင်ပြခဲ့ဖူးကြောင်း၊ ဒါကြောင့်အလုပ်သမားတွေကို ဖမ်းဆီးထိန်းသိမ်းထားစဉ် ကောင်းမွန်စွာ စောင့်ရှောက်ဖို့နဲ့ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ပို့ဆောင်တဲ့ လုပ်ငန်း အဆင့်ဆင့်ကိုလည်း ကောင်းမွန်အောင် ဆောင်ရွက်စေလိုကြောင်း မဲခေါင်ဒေသ ရွှေ့ပြောင်း အလုပ်သမားများကွန်ယက်က ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။
RFA
(Photo: Kay Chernush for the U.S. State Department: ထိုင်းနိုင်ငံရှိ ငါးဖမ်းစက်လှေများတွင် ငွေဝယ်ကျွန်များသဖွယ် အလုပ်လုပ်နေကြရသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ပါသည်။)
ကျောက်စိမ်းဈေးကွက် ပျက်
Posted: 23 Apr 2012 02:36 PM PDT
မြန်မာနိုင်ငံအထက်ပိုင်း ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာ
ကျောက်စိမ်းအရောင်းအ၀ယ်တွေ မကောင်းတော့တာကြောင့် လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေ ထိခိုက်နစ်နာနေရတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက စတင်ပြီး ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင် စတဲ့ ကျောက်စိမ်းထွက်တဲ့ ဒေသတစ်ခုလုံး အရောင်းအ၀ယ်တွေ သိသိသာသာ ကျဆင်းလာတာ ဖြစ်ပြီး အဲဒီလို ကျဆင်းရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်လို့ ဖားကန့်ရှိ
ကျောက်စိမ်းလုပ်ငန်းရှင်တစ်ယောက်က ခုလိုပြောပါတယ်။
"ပုံမှန်ဈေးသတ်မှတ်ချက်မရှိဘူး ကြိုက်တဲ့လူက ကြိုက်သလောက်ပေးဝယ်၊ အဲလို ပုံစံဖြစ်နေတာပေါ့။ သိန်း ၁၀၀ တန်တဲ့ ကျောက်က လေးငါးသိန်းနဲ့လဲ
ရောင်းချင်ရောင်းကြတော့တာ၊ အဓိကက ၀ယ်တဲ့လူမရှိဖြစ်နေတာ၊ တရုတ်ပြည်နယ်စပ်က လာဝယ်တဲ့လူတော့ရှိပါတယ်။ဒါပေမဲ့ လေးလလောက်
ရှိပြီ။ ဈေးကွက်ပျက်နေတာ၊ တရုတ်ပြည်နယ်စပ်က ကျောက်စိမ်း လုပ်ငန်းနဲ့ပတ်သက်လို့ အခွန် ၃၇ ရာခိုင်နှုန်းကောက်တယ်လေ၊
ကျောက်စိမ်းဈေးကျတဲ့ နောက်တစ်ချက်ကလဲ ကျောက်တွေက
ပေါနေတော့ ပုံမှန်ဈေးထက်လျှော့ဝယ်တယ်။ အခွန်ကြောင့်မို့လည်း
လျှော့ဝယ်တယ် ဒါကျောက်ဈေးကွက် ကျရတဲ့ အဓိက အကြောင်းရင်းထဲမှာ ပါနေတယ်ဗျ။"
အရင်က တရုတ်ကုန်သည်တွေကို အခွန်ကောက်တာ ၃ ရာခိုင်နှုန်းလောက်ပဲရှိပီး မနှစ်ကစလို့ တရုတ်အစိုးရက ၃၀ ရာခိုင်နှုန်းကျော် တိုးကောက်လာပြီးတဲ့နောက် ကျောက်အရောင်းအ၀ယ်တွေ နည်းသွားပြီး ဈေးကွက်ကျဆင်းလာတာလို့ သူကပြောပါတယ်။
အခုလို ကျောက်စိမ်းဈေးကွက်ကျဆင်းတာကြောင့် ကုမ္ပဏီတွေကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေတဲ့ ရေမဆေးကျောက်သမား လို့ခေါ်တဲ့ အောက်ခြေလူတန်းစားတွေ ထိခိုက်နစ်နာကုန်တယ်လို့ သူက ဆက်ပြောပြပါတယ်။
"အထူးသဖြင့် ဒုက္ခရောက်ကြရတာကတော့ အောက်ခြေလူတန်းစားပေါ့ဗျာ။ အရင်တုံးက ရေမဆေးဆိုလဲ သိန်း ဆယ်ပိုင်းအထိလဲ ရှိတယ်ဗျ။ အခုကျတော့ဗျာ ကျောက်လေးငါးခြောက်လုံးမှ တစ်ထောင် နှစ်ထောင် ဆိုတော့ မပြေလည်နိုင်ကြတော့ဘူးဗျ။ ရတာနဲ့ ကုန်တာနဲ့ ပြီးတော့
ရေမဆေးဆိုတာကလဲ လမ်းလျှောက်သွားရတာမဟုတ်ဖူးလေ။ အကုန်လုံး ဆိုင်ကယ်နဲ့ သွားကြရတာဆိုတော့ ဆိုင်ကယ်ဆီဖိုး မိသားစုစားဝတ်နေရေး အတွက် ကျောက်က မရဘူးဆိုရင်တော့ စားဝတ်နေရေးအတွက်က
တော်တော်ကို ပြဿနာဖြစ်ကြတယ်။ ဒီတစ်နယ်လုံးဆို ရေမဆေးသမားက သိန်းနဲ့ချီရှိတယ်ဗျ။"
ကုမ္ပဏီကသွန်တဲ့ မြေဇာတွေအပေါ် လိုက်ပီး ရှာဖွေရတဲ့ရေမဆေး
ကျောက်သမားတွေ ဟာ ကျပ် တစ်သိန်း နစ်သိန်းကနေ သိန်း ရာချီရတာတွေလဲ ရှိပြီး အနည်းဆုံးစားဝတ်နေရေး အဆင်ပြေတဲ့
ငွေရရှိပေမယ့် အခုအချိန်မှာ မရောင်းရတော့လောက်အောင်
အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
အဲဒီလို ကျောက်အရောင်းအ၀ယ်တွေ မကောင်းပေမဲ့ နိုင်ငံတော်နဲ့ အကျိုးတူလို့ နာမည်ကြီးတဲ့ ကြိုင်ကြိုင် အင်တာနေရှင်နယ်၊ မက်စ်မြန်မာနဲ့ အဲဗားဝင်းနား စတဲ့ ကုမ္ပဏီတွေ ကတော့ စက်ယန္တရားအမြောက်အများနဲ့ ဖားကန့်၊ လုံးခင်းနဲ့ ဆိုင်းတောင် ကျောက်စိမ်းဒေသတစ်ခုလုံး
ကျောက်စိမ်းတူးဖေါ်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
RFA