အယ်ဒီတာ့လက်ရေး (၉ )
မောင်ရစ်၊ ဧပြီ ၁၃၊ ၂၀၁၂
မြန်မာနှစ်ကူး အမေရိကန်ဘောလုံးသမား၏ မေတ္တာစာ
ကြားဖြတ်အလွန် တိုင်းနဲ့ပြည်နယ်ပွဲ ပြီင်္းတော့ ကာကွယ်ရေးဦးစီးချုပ်ဖလားပွဲ လား
ဧပြီ ၁ မှာ ကြားဖြတ်ရွေးကောက်ပွဲပြီးသွားပြီပေါ့။ ကာတွန်းရေးတဲ့သူဆိုတော့ ဘောလုံးပွဲနဲ့ပဲ နှိုင်းပြီး တွေးမိတယ်။ အခုဟာက ခြေစစ်ပွဲအောင်သွားတာ။ နောက် ၃ နှစ်မှာ တိုင်းနဲ့ပြည်နယ် ဖလားပွဲကို ၀င်ကန်ကြတော့မယ်။ ဆရာဦးဝင်းတင်နဲ့ အင်တာဗျုးတော့ ရယ်စရာတခုအနေနဲ့ မေးကြည့်ဖို့ ကြိုးစားမိသေးတယ်။ တိုင်းနဲ့ပြည်နယ် ဖလားပွဲကို ကန်နိုင်ပြီဆိုတော့ ဘယ်တော့ ကာကွယ်ရေးဦးစီးချုပ်ဖလားပွဲကို ၀င်ကန်နိုင်မလဲ … လို့။
အဝေးကြီးက လာရတာ၊ တနှစ်ကြာတယ်
ခြေစစ်ပွဲအောင်ပြီဆိုတော့ သုံးသပ်ဝေဖန်တာတွေ အများကြီးထွက်လာတယ်။ အနှစ် ၂၀ ကျော်ကို အကျအဆုံးတွေ အဆုံးအရှုံးတွေ စွန့်လွှတ်စွန့်စားမှုတွေနဲ့ ကြံ့ကြံ့ခံခဲ့ကြရတဲ့ ကန္တာရခရီးကြမ်းကြီးကနေ ၂၀၁၀ ဒီဇင်ဘာမှာ အကျယ်ချုပ်က လွတ်မြောက်တယ်။ နောက် တနှစ်ကျော်အကြာ ၂၀၁၂ ဧပြီမှာ အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်ထဲ ၀င်ရောက်ဖို့ သေချာသွားပြီ။ (ထင်တာပဲနော်)
အဲသည်အတွက် လာရတဲ့ ခရီးမှာ မှတ်တိုင်တွေက အများကြီးပဲ။ လူမှုလုပ်ငန်းတွေနဲ့ မိတ်ဆွေ ကွန်ယက်တွေနဲ့ လှုပ်ရှားတာတွေ၊ လက်မှတ်ထိုးကင်ပိန်းလုပ်ခဲ့တာတွေ၊ မီဒီယာတွေကနေ လူထုနဲ့ မေးခွန်းတွေ အဖြေတွေ လုပ်ခဲ့တာတွေ၊ နယ်မြို့အချို့ကို ခရီးတိုလေးတွေ ထွက်ခဲ့တာတွေနဲ့ တဖြေးဖြေး အလွတ်တန်းမှာ ခြေစွမ်းပြနေရာကနေ ၂၀၁၁ ဇူုလိုင် ၂၅ မှာ ဦးအောင်ကြည်နဲ့ ပြန်လည်တွေ့ဆုံနိုင်ချိန်ဟာ အချိုးအကွေ့ အစဖြစ်တယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။
နောက်တော့ သြဂုတ်မှာ ဦးသိန်းစိန်နဲ့တွေ့၊ အောက်တိုဘာမှာ ဇာဂနာနဲ့ တွေ့၊ မင်းသားမင်းသမီး အနုပညာရှင်တွေနဲ့ တွေ့၊ မီဒီယာပေါင်းစုံက ၀န်းရံ၊ ရွေးကောက်ပွဲအကြို ခြေစမ်းပွဲကို ၀င်ကန်မယ်ဆိုပြီး လက်ရွေးစင် ၄၈ ဦး နဲ့ ပွဲဦးထွက်ဖို့ ပြင်ဆင်လိုက်တယ်။ အဲသည်နောက်မှာ ပြည်သူလူထုတရပ်လုံးရဲ့ အကြောက်တရားကနေ ရုန်းကန်ထကြွမှုကြီးဟာ ကမ္ဘာကြီး တုန်သွားတယ်။
ဘယ်လိုဘောလုံးပွဲ မျိုးလဲ၊ ဥရောပဘောလုံးလား၊ အမေရိကန် ဘောလုံးလား
အခုကန်တဲ့ ဘောလုံးပွဲက အမေရိကန်ဘောလုံးနဲ့ ဆင်တာပဲ။ Offense နဲ့Defense အသင်းတွေ တလှည့်စီ လူခွဲကန်တဲ့ စနစ်လို့ မြင်မိတယ်။ အမေရိကန်ဘောလုံးက အာရှနဲ့ ဥရောပဘောလုံးလို အသင်းသား ၁၁ ဦးစီ အကုန်လုံး ကွင်းထဲဆင်းပြီး ဘောလုံးတလုံးထဲ ၀ိုင်းလု ၀ိုင်းကန်ကြတာမျိုးမဟုတ်ဘူး။ တိုက်စစ်တလှည့် ခံစစ်တလှည့် အသင်းလူခွဲပြီး ကစားတယ်လေ။ ဒီဖက်က တိုက်စစ်ကစားမယ်ဆိုရင် ဟိုဖက်က ခံစစ်အသင်းနဲ့ ထုတ်ပြီး ခံတယ်။ တလှည့်စီ တိုက်ခွင့်၊ ခံခွင့်ပေးတယ်။ တိုက်စစ်တဖွဲ့၊ ခံစစ်တဖွဲ့၊ တိုက်စစ်မှူး၊ ခံစစ်မှူး၊ တိုက်စစ် မန်နေဂျာ၊ ခံစစ်မန်နေဂျာ တဦးစီ တသင်းတည်းမှာ ရှိတယ်။ ဒါကို အချိန်ကုန်ခံပြီး ကစားတာကို ပရိသတ်က စိတ်ရှည်လက်ရှည် ကြည့်ရှုအားပေးတာပဲ။ မိနစ် ၉ ၀ နဲ့ ပြီးတဲ့ ပွဲမျိုးတွေ မဟုတ်ဘူးလေ။
ကြည့်လေ၊ အရင်ကဆို မြန်မာစစ်အာဏာရှင်တွေဆိုတာ တဥတည်းကပေါက်တဲ့ တသွေးတသံတပုံစံတည်းဆိုသလိုမျိုး မဟုတ်လား။ တပ်မတော်တဖွဲ့လုံးက တသဘောတည်းနဲ့ ကျောင်းသားတွေကို သတ်တယ်၊ လူတွေကို ထောင်ချတယ်။ တိုင်းရင်းသားတွေ စစ်ဆင်တယ်။ သံဃာတော်တွေကို နှိမ်နှင်းတယ်။ တကြိတ်တည်း၊ တဥာဏ်တည်း လို့ ဆိုကြတယ်။ လူခွဲပြီး လုပ်ကြတယ် မှ မရှိတာ။
အခုကျတော့ တပ်မတော်က တိုင်းရင်းသားတွေ စစ်ဆင်တယ်။ ကြံ့ဖွတ်က အတိုက်အခံနဲ့ ဆွေးနွေးတယ်။ အရင်အဖွဲ့က ဖမ်းထားသူတွေကို အခုအဖွဲ့က ပြန်လွှတ်ပေးတယ်။ ဟိုတုန်းကသူတွေနဲ့ အခုလူတွေဆိုတာက နတ်ရေကန်ထဲကျသွားသလိုလို၊ မိုးကြိုးပဲ ပစ်လိုက်သလိုလို ပြောင်းလွယ် ပြင်လွယ် ဟိုလိုလို ဒီလိုလိုတွေ ဖြစ်ကုန်တယ် မဟုတ်လား။ ဒါက ဟိုဖက်ကလည်း တိုက်စစ်အဖွဲ့၊ ခံစစ်အဖွဲ့ လူခွဲပြီး ကစားလာကြတယ်လို့ မြင်မိတယ်။ သူတို့တွေ အချင်းချင်း ကွဲကုန်ပြီ၊ ပြဲကုန်ပြီ၊ ပျော့ကုန်ပြီ၊ ဆန်ပြုတ်ဖြစ်ပြီ၊ ဘာညာနဲ့ ချဲတွက်သလို ဖော်တဲ့ခေတ်က ကုန်ပြီနဲ့ တူပါတယ်။
ဒီဖက်ကလည်း လူခွဲပြီး ကန်နေကြရတာပဲလို့ ထင်ပါတယ်။ နိုင်ငံရေးပါတီကြီးမှာ စုစည်းညီညွတ်တဲ့ အင်အားကို တည်ဆောက်ပြီး ရင်ဆိုင်နေရသလို Rights Group, Social Support Groups, Civil Society, Associations & Unions, Media Watch Dogs စတဲ့ လူထုအခြေပြု အရပ်သားအဖွဲ့အစည်းတွေ အပြိုင်းအရိုင်း ထူထောင်ပြီး မြန်မာ့လူ့ဘောင်သစ်ကို ကျားကန်ကြဖို့ လူခွဲပြီး လက်တွဲပြီး လုပ်ကြရမယ့် အချိန်ရောက်နေပြီလို့ ထင်မိတယ်။ ဇာဂနာလို ဖြစ်ချင်တာနဲ့ ကတုံးတုံးပြလို့မရ၊ ကိုကျော်သူလိုဖြစ်ချင်တာနဲ့ မုတ်ဆိတ်မွေး အရှည်ထားတိုင်းလဲမဖြစ်၊ တမိုးလုံး ရဲတိုက်ဖြစ်ကုန်ရင်လည်း စစ်တုရင်ပွဲမှာ အရုပ်တွေ မစုံပဲ ဖြစ်ကုန်မှာပေါ့။
လုူခွဲပြီး တိုက်စစ်အဖွဲ့၊ ခံစစ်အဖွဲ့တွေ ရှိလာကြရင် ဘောလုံးတလုံးတည်းကို လုကန်တာမျိုးထက် တဖက်အသင်းက လူခွဲထားတဲ့ ဗျူဟာအဖွဲ့တွေကို ခွဲပြီး ရင်ဆိုင်တာ ပြန်လှန် ကန်ကျောက်နိုင်တာမျိုးတွေ မြင်ကြရလိမ့်မယ် ထင်ပါတယ်။
ရွာပြန်ပြီး အနားယူမယ်၊ ခြံစိုက်မယ် အချိန်မကျသေး
အမေရိကန်ဘောလုံးပွဲဆိုတာက အချိန်ယူပြီး ကန်ကြတာပဲ။ အားနဲ့ မာန်နဲ့ တွန်းတိုက် ကစားကြတာပဲ။ အမေရိကန်ဘေ့စ်ဘောလဲ ခံစစ် တိုက်စစ် တလှည့်စီပဲ။ တပွဲနိုင်ရုံနဲ့ ပြီးပြီ၊ အိမ်ပြန်လို့ ရပြီ ဆိုတာမျိုး မဟုတ်ဘူး။ တိုက်စစ်အသင်းက ယူထားသမျှ အမှတ်တွေကို ခံစစ်အသင်းက အားနည်းနေလို့ တဖက်အသင်းက အမှတ်အသာယူသွားတာမျိုးတွေ ရှိတတ်တယ်။
ဒီလောက် ကြားပွဲတွေ၊ ခြေစစ်ပွဲတွေ အောင်ရုံနဲ့ တက်ထောင်တာတွေ၊ ကျောက်ဆောင်ပေါ် အတင်းတက်တာတွေ၊ စိတ်ပျက် အားလျော့ပြီး လမ်းချော်တာတွေ၊ လမ်းဘေးဆင်းတာတွေ လုပ်ကြဖို့တော့ အချိန်မရောက်သေးဖူး ထင်မိတယ်။ ရောက်နေတဲ့ နေရာတွေမှာ အခုလို အချိန်နဲ့ အခြေအနေလေး ရတုန်း ပိုပြီး အသာစီးရအောင် အင်အားရှိအောင် ပြင်ဆင် အားယူထားရမယ်လို့ မြင်မိတယ်။
နောက်တခုကတော့ အာရှဘောလုံးက မိနစ် ၉၀ ကျော်ရင် အချိန်ပို၊ အချိန်ပိုကျော်ရင် ပယ်နယ်တီနဲ့ ဆုံးဖြတ်ကြတာကလား၊ အင်း အမေရိကန်ဘောလုံးနဲ့ ဘေ့စ်ဘော (သူလည်း ဘောလုံးပဲ၊ သေးတာကွာတယ်)ကတော့ သက်လုံ၊ သမ္ဘာ၊ ကံ၊ အင်အား၊ ဥာဏ်တွေနဲ့ အသက်ကြီးသူ၊ ငယ်သူတွေ အတူတူ လက်တွဲပြီး ကစားကြရတာမျိုးဆိုတော့ ငယ်လို့ ကြီးလို့ဆိုပြီး ခွဲခြားနေစရာ မလိုပါ။ ကိုယ်နဲ့သင့်တော်တဲ့ နယ်မြေနဲ့ ကျွမ်းကျင်မှုတွေမှာ အချင်းချင်းလက်တွဲပြီး ကစားနေကြဖို့ပဲ လိုပါတယ်။
ကြားဖြတ်ပွဲပြီးချိန်မှာ ပြည်သူလူထုဟာ အင်အားအပြည့်နဲ့ လန်းဆန်းတက်ကြွလို့ နေတာကို မြင်နေရတယ်။ သူတို့ရဲ့ လက်နက်က အသည်းကြားက မဲတပြားမဟုတ်လား။ ရန်သူတွေက သေနတ်လက်နက်အားကိုး မတော်မတရား အကြမ်းဖက်မှုတွေ မကျုးလွန်ရဲအောင် သူတို့ရဲ့ မဲလက်နက်တွေကို အဆင်သင့် တိုက်ချွတ် ပြင်ဆင် မောင်းတင်ထားကြပြီ။ နေရာ ဒေသ ထောင့်ပေါင်းစုံက ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကလည်း ကျွမ်းကျင်ရာ လိမ္မာ လူခွဲပြီး ဆက်ကစားကြရဦးမယ်။ အကုန်လုံးတော့ ခေါင်းပေါင်းပဲ ပေါင်းကြမယ်လို့တော့ မဖြစ်ဘူး။ အဲသလိုဆိုရင် ကာတွန်းသမားတွေ ရေးစရာတွေ ရကုန်မှာပေါ့။
Maung Thar Mann - Daw Khin Kyi and Five Peoply by Hla Kunt
ဒေါ်ခင်ကြည်ပြောပြတဲ့ လူငါးယောက်အကြောင်း - လှကွန့်။ ဧပြီလ-၂၀၁၂၊ မြန်မာသစ်မဂ္ဂဇင်း
မောင်သာမန်၊ ဧပြီ ၁၃၊ ၂၀၁၂

ဒေါ်ခင်ကြည်ဆိုရင် အခုခေတ်လူငယ်အချို့၊ သိပ်မသိဖြစ်နေမလား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ကြီးဖြစ်ပါတယ်။ လက်ရှိ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ ဧရာဝတီသတင်းဌာန အင်တာဗျူး ဗီဒီယို၊ဆောင်းပါးအရ ဦးခင်အောင်မြင့်က "မှန်တဲ့ သစ္စာစကားပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကျနော့်ကို တခါပြောဖူးတယ်။ ဒီနိုင်ငံမှာ အကြည်ညိုဆုံးက ဗိုလ်ချုပ်အောင်ဆန်းပဲ ရှိတယ်။ ယူနီဖောင်း ၃ စုံနဲ့ နိုင်ငံအတွက် လုပ်သွားပြီးတော့ သက်တမ်းတိုတော်လည်း အလုပ်တွေ အများကြီး လုပ်သွားတယ်။ အဲဒီလို ခေါင်းဆောင်မျိုးရှာ၊ လုံးဝ မရှိဘူးတဲ့။' လို့ ပြောသွားပါတယ်။
အခုခေတ် မြန်မာနိုင်ငံမှာ လူမှန်၊ နေရာမှန် ရောက်လာမဲ့ အစပျိုးအခြေအနေလို့ ပြောရပါမယ်။ အောက်ခြေက ပြောင်းလဲဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်သေးတော့ အလွန်စိတ်ရှည်၊သည်းခံ၊ စောင်းစည်းပြီး အထူးသဖြင့် နှုတ်စောင့်စည်းရမဲ့အချိန်ဖြစ်ပါတယ်။
မီဒီယာကို စတ္တုထမဏ္ဍိုင် သတ်မှတ်ထားချိန်၊ မီဒီယာသုံးပြီး ခေါင်းဆောင်များ ရင်ကြားစေ့စပ်မှုကို ပျက်ပြားအောင်၊ အာဏာရှင်ဝါဒ (အထူးသဖြင့်၊ မရတော့တဲံအာဏာများပြန်ရအောင်) လုပ်ဆောင်နေသူ ရှိနေမှာပါပဲ။
ဒီ မီဒီယာတွေကြားမှာ ဒေါ်ခင်ကြည်ပြောပြတဲ့ လူငါးယောက်အကြောင်း - လှကွန် ရေးသားတဲ့ ဆောင်းပါးတိုလေးကို ဧပြီလ-၂၀၁၂၊ မြန်မာသစ်မဂ္ဂဇင်း မှာ ဖေါ်ပြခဲ့ပါတယ်။ လူတိုင်းမဖတ်နိုင်ပေမဲ့ ဖတ်မိသူများ အထူးသဖြင့် စင်ကာပူက လမ်းပြကြယ်မြန်မာစာကြည့်တိုက် လူငယ်များကို ဖတ်စေလိုပါတယ်။
အာဏာရှင်များ၊ အာဏာမဲ့သွားချိန် သူတို့ကို သွားတွေ့ရင် ဖိစီးမှုများစွာနဲ့ တွေ့ရပါတယ်။ အဲ .. ဒေါ်ခင်ကြည်လို မေတ္တာတရား ရှေ့ထားတဲ့ ခေါင်းဆောင်မျိုးကတော့ ခင်ပွန်းသည်၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရ၊ သားငယ် ရင်သွေးတဦးလည်း ထပ်မံဆုံးရှုံးရချိန်မှာ လူတွေ အရမ်းစိတ်မကောာင်းဖြစ်ရပါတယ်။ ဒါပေမဲ့ သွားရောက်တွေ့ဆုံ၊ အားပေးသူဖြစ်တဲ့ စာရေးသူ (ဦး) လှကွန့် က "ညှိုးငယ်နေမဲ့ ဒေါ်ခင်ကြည်ကို မြင်ရမဲ့အစား ခြံဝင်းထဲက အဆင်အပြင်ကအစ၊ ဒေါ်ခင်ကြည် ကိုယ်တိုင်အထိ သားကွဲ၊ လင်ကွဲဘ၀၊ အိမ်နိုမ့စံဘ၀မှာတောာင် စိတ်ဓါတ်မကျဘဲ၊ သဘာဝပတ်ဝန်းကျင်ကို လန်းဆန်းတက်ကြွလာအောင် ဖန်တီးနိုင်စွမ်းရှိသလို သူ့ကိုယ်သူလည်း စိတ်ဓါတ် ခိုင်ထားနိုင်တယ်ဆိုတာ တွေ့ရတယ်" လို့ ရေးထားပါတယ်။
ခိခင်ဖြစ်သူ ဒေါ်ခင်ကြည်အတိုင်းပဲ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လည်း အနိုမ့်ဆုံးအခြေအနေမှာတောင် ကိုယ်တိုင်သာမက၊ သူ့ပတ်ဝန်းကျင်၊ လူအများကို လန်းဆန်းတက်ကြွလာအောင် ဖန်တီးနိုင်စွမ်းရှိသူ ဆိုတာ အထူးသဖြင့် အနီးကပ်ဆက်ဆံသူများ ပိုသိကြမှာဖြစ်ပါတယ်။
ဦးအောင်ဆန်း (ခင်ပွန်းသည်)။ ဦးနု (၀န်ကြီးချုပ်ဟောင်း)၊ ဦးနေ၀င်း (ဗိုလ်ချုပ်ကြီးဟောင်း)၊ သခင်သန်းထွန်း (ကွန်မြူနစ်)၊ သခင်ဗဟိန်း တို့ ငါးဦးအကြောင်းမှာ သူခင်ပွန်းသည် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ အထူးသဖြင့် ဦးနေ၀င်း အားဏာရှင် အကြောင်းများကို အလေးပြု ရေးပါတယ်။
ဒေါ်ခင်ကြည်ရဲ့ အကျဉ်းအထုပ္ပတိလည်း နောက်ဆုံးပိုင်းမှာ ရေးထားပါတယ်။ ၁၉၁၂ ဧပြီ (၁၆)ရက် မြောင်းမြမြိုမှာ မွေးသူ ဒေါ်ခင်ကြည်ဟာ မောင်နှမ (၁၀)ဦးမှာ ရှစ်ယောက်မြောက်ဖြစ်ပါတယ်။ မော်လမြိုင်း မော်တင်လိန်း ဆရာအတတ်တင်မှာ ပညာသင်ခဲ့ပြီး၊ မြောင်းမြအမျိုးသမီးကျောင်းမှာ ဆရာမလုပ်ခဲ့တယ်။ နောက် ၀ါသနာပါတဲ့ သူနာပြုပညာကို သင်ယူပြီး၊ ရန်ကုန်ဆေးရုံကြီးမှာ သူနာပြုလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအချိန် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်မှာ လူပျိုကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ငန်းဖိစီးပြီး၊ နေမကောင်းဖြစ်ချိန် ဆေးရုံမှာ ပြုစုပေးရင်း မေတ္တာမျှ၊ အိမ်ထောင်ကျခဲ့ပါတယ်။ ၁၉၄၇ ခင်ပွန်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးကွယ်လွန်ခဲ့တယ်။ ၁၉၆၀ခုနှစ်မှာ ဦးနုအစိုးရက နိပေါ၊ အိန္နိယဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ပေးခဲ့ပြီး၊ ၁၉၆၇ခုနှစ် ဦးနေ၀င်းအစိုးရက အငြိမ်းစားပေးခဲ့ပါတယ်။ ၁၉၈၈ ဒီဇင်ဘာ၂၇ ကွယ်လွန်ခဲ့ပါတယ်။
သားသမီး ၃ဦး ထွန်းကားခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် (ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်) ဟာ အငယ်ဆုံးသမီးဖြစ်ပါတယ်။ ဒေါ်ခင်ကြည်က သားသမီးများကို အနီးကပ် ပြုစု၊ထိမ်းကျောင်း၊ လမ်းပြခဲ့တဲ့ အတွက် မိခင်ဒေါ်ခင်ကြည်ရဲ့ မေတ္တာ ကို အမွေခံရရှိခဲ့ပါတယ်။ ဆောင်းပါးရှင် လှကွန့် ရဲ့ ဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည် စာလုံး တခုမှ မရေးထားပါ။ ဒေါ်ခင်ကြည် စံပြမိခင် အကြောင်းပဲ ရေးသွားပါတယ်။
ဧပြီလ (၁၂) ရက်နေ့ ဒေါ်ခင်ကြည်ရဲ့ အသက်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် စာရေးသူ လှကွန့်ကို ကျေးဇူးတင်ပါတယ်။
Thein Thein Aung ရဲ့ ဖေ့စ်ဘုတ်မှ တဆင့်ဖေါ်ပြပါတယ်။ ဆောင်းပါးတခုလုံးကို Typing ရိုက်ချင်ပါတယ်။ လောလောဆယ်တော့ PDF file ၉မျက်နှာရှိတဲ့ ဆောင်းပါးတို Download Link ပေးလိုက်ပါတယ်။
http://www.mediafire.com/download.php?jacmgjdclzee3ex
မောင်သာမန်
၁၃-ဧပြီ-၂၀၁၂
Thursday, April 12, 2012
Facebook မှာ လူကြိုက်များနေတဲ့ သင်္ကြန်ဓာတ်ပုံ
ဓာတ်ပုံသတင်း
ဧပြီ ၁၂၊ ၂၀၁၂
"သင်္ကြန်အကြိုနေ့ က တွေ့ ရသော ကိုမင်းကိုနိုင်" ဟု Burma VJ Media Network က Facebook တွင် ဖော်ပြထားသော ဓာတ်ပုံကို စာဖတ်သူအများအပြားက နှစ်သက်နေကြသည်။
အောက်ပါအတိုင်း မှတ်ချက်များ ပေးထားကြသည်။
"သင်္ကြန်အကြိုနေ့ က တွေ့ ရသော ကိုမင်းကိုနိုင်" ဟု Burma VJ Media Network က Facebook တွင် ဖော်ပြထားသော ဓာတ်ပုံကို စာဖတ်သူအများအပြားက နှစ်သက်နေကြသည်။
အောက်ပါအတိုင်း မှတ်ချက်များ ပေးထားကြသည်။
Kyaw Thu - FFSS Yangon Activity,
အပေါ်ထပ်နှင့် အောက်ထပ်ဇာတ်လမ်း
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၁၂၊ ၂၀၁၂
ဧပြီ ၁၂၊ ၂၀၁၂
နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ၂၀၀၈ ခုနှစ်တွင် အသင်းမှတ်ပုံတင်ကုန်ဆုံးသွားပါသဖြင့် ပြန်လည်၍ (၃) ကြိမ် (၄) ကြိမ်ခန့် ပြည်ထဲ ရေးဝန်ကြီးဌာနသို့လျှောက်ထားခဲ့ရာ ၂၀၁၂ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့တွင် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်လက်မှတ် (အသင်းမှတ်ပုံတင်) အမှတ် -၁၈၇၉ ဖြင့် ပြန်လည်၍အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေနှင့်အညီ ဖွဲ့စည်းခွင့်ပြန်လည်ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်မှစ၍ ၂၀၁၅ ခုနှစ် အသင်းမှတ်ပုံတင်ပြန်လည်၍မချပေးသည့်ကာလနေ့ရက်များတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် လုပ်ငန်းများဖြစ်သော နာ ရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ်၊ ကူညီစောင့်ရှောက်ရေး၊ အရေးပေါ်ကူညီထောက်ပံ့ရေး စသည့် လူသားချင်းစာနာစိတ်နှင့် ပရဟိတလုပ်ငန်းရပ်များကို ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးအတွက် စဉ်ဆက်မပြတ် လုပ်ကိုင်ပေးဆပ်ခဲ့ပါသည်။ ထိုသို့ အသင်းမှတ်ပုံတင် မကျမှီ ကြားကာလတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်းပြင်ပ တိုင်း/ဒေသ/ခရိုင်များတွင် ကူညီဖေးမမှုများကို ကုသိုလ်ဖြစ်လုပ် ဆောင်ပေးရာ၌ မြို့နယ်၊ တိုင်း၊ ခရိုင် စသည့် ဒေသဆိုင်ရာအာဏာပိုင်အချို့မှ မိမိတို့အသင်း၏ လာရောက်ကူညီပေးဆပ်မှုများဖြစ်သော ကုသိုလ်ရေးကိစ္စရပ်များကို ဟန့်တားခြင်း၊ ပိတ်ဆို့ခြင်း၊ နှောက်ယှက်ခြင်း စသည့် အကုသိုလ်လုပ်ရပ်များဖြင့်ကြိုဆိုမှုများကို ပြုလုပ် ခြင်း အား တွေ့ကြုံခဲ့ရသည်။ ကျွန်တော်တို့အနေဖြင့် ကုသိုလ်ရေးကိစ္စရပ်များအား မည်သို့အနှောက်အယှက် အတိုက်အခိုက် အဟန့်အတား တွေ့ကြုံသည်ဖြစ်စေ ရဲရဲဝံ့ဝံ့၊ ကြံ့ကြံ့ခံကာ တရားမျှတသော ဥပဒေဘောင်အတွင်းမှရင်ဆိုင်၊ ဖြေရှင်းကာ ဒုက္ခသည်များထံသို့ အထောက်အပံ့ အကူအညီပစ္စည်းများ၊ အလှူငွေများကို ဒုက္ခသည်များလက်အတွင်းသို့ မရောက်ရောက်အောင် ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှူဒါန်း ခဲ့ကြ သည်။ ယခု ၂၀၁၂ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့တွင် အသင်းမှတ်ပုံတင်ပြန်လည်၍ နိုင်ငံတော်အစိုးရမှချမှတ်ပေးလိုက်ပြီဖြစ်ပါ၍ ထပ်မံ၍ လူမှုရေးပေးဆပ်မှုများကို အရှိန်အဟုန်မြင့်မားစွာဖြင့် စတင်လုပ်ကိုင်နေပြီဖြစ်သည်။
သို့သော် ၂၀၁၂ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ မင်းလှမြို့ရှိ မြင့်မြတ်ကြယ်စင်နာရေးကူညီ မှုအသင်းမှ ဆက်သွယ်မှုပြုခဲ့သည်။ မင်းလှမြို့၊ မြင့်မြတ်ကြယ်စင်နာရေးကူညီမှုအသင်းအား အများပြည်သူအပေါင်းတို့ကို ကူညီမှုလုပ်ငန်းများ အား ရပ်ဆိုင်းပေးရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားစာပို့လိုက်သည့်ကိစ္စရပ်ပင်ဖြစ်တော့သည်။
မင်းလှမြို့ မြင့်မြတ်ကြယ်စင်နာရေးကူညီမှုအသင်းသည် မင်းလှမြို့နယ်တွင် ဘ၀တစ်ပါးသို့ ပြောင်းလဲသွားကြသူများအတွက် အစဉ်ပြေချော မွတ်ရန် လူသားချင်းစာနာစိတ်ဖြင့် မြို့မိမြို့ဖများ၊ လူမှုရေးစိတ်ဓါတ်ထက်သန်သော ပရဟိတလူငယ်များဖြင့်စုစည်းကာ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်မြို့နယ်အတွက် တနိုင်တပိုင် ကူညီမှုဖြစ်သော နာရေးကူညီမှုလုပ်ငန်းအား မြို့လယ်ဓမ္မာရုံဘုရားကြီး၌် (၂၃.၇.၂၀၁၁) ရက်နေ့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်း ဖြစ်သည်။ မြင့်မြတ်ကြယ်စင်နာရေးကူညီမှုအသင်း ဖွင့်လှစ်သောနေ့တွင် အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေး မှူးအပါအ၀င် ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ မင်းလှမြို့၊ မြင့်မြတ်ကြယ်စင် နာရေးကူညီမှုအသင်းသည် မင်းလှမြို့တွင် နာရေးကိစ္စများဆောင်ရွက်ရာ၌ မင်းလှမြို့သုဿန်အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ သုဿန်ဇရပ်တည်ဆောက်ခြင်းတို့အပြင် ကိုယ်ထူကိုယ်ထ မီးသင်္ဂြိုလ်စက်ကြီးအားလည်း ကျပ်သိန်းပေါင်း (၄၀၉) သိန်းအကုန်အကျခံကာ အများအကျိုးဆောင်ရွက်ပေးနေသော အဖွဲ့အစည်းလည်းဖြစ်သည်။ ယနေ့အထိ ကွယ်လွန်သူ (၁၂၀) ဦးအား မြေမြုပ်သင်္ဂြိုလ်ပေးခြင်းနှင့် မီးသင်္ဂြိုလ်ပေးသောအလောင်းပေါင်း (၈၀) ဦး ရှိခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့မြို့နေ မိဘပြည်သူအပေါင်းတို့အတွက် ကိုယ်ကျိုးမဖက် အများအကျိုးထမ်းရွက်ပေးနေသော ကုသိုလ်ရေး လုပ်ငန်းရပ်တစ်ခုဖြစ်သည့် နာရေးကူညီမှုအသင်းအဖွဲ့အား မြို့နယ်အာဏာပိုင်အဖွဲ့ဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အသင်းအား စည်း လုံးမှုမရှိခြင်းဟူသော အကြောင်းပြချက်တစ်ခုနှင့် ပိတ်ပင်တားဆီးမှုကြောင့် မင်းလှမြို့နယ်နေ ပြည်သူလူထုအပေါင်းတို့သည် အနိစ္စတရား သည် မမြဲကြောင်း သိရှိနားလည်ကြသော်လည်း အနိစ္စဟူသောစကား၊ အနိစ္စဟူသောအသံကို မကြားဝံ့၊ မကြုံဝံ့ဖြစ်နေတော့သည်။ ထိုကဲ့သို့သော မတရားပိတ်ဆို့ဟန့်တားမှုကို လက်ကိုင်ပြုနေကြသော အောက်ခြေမြို့နယ်အဖွဲ့အစည်းများ၏လုပ်ဆောင်ချက်များကို ဒီမိုက ရေစီနိုင်ငံတော်သို့ ချီတက်နေပြီဖြစ်သော နိုင်ငံတော်သမ္မတကြီးနှင့်တကွ လွှတ်တော်အမတ်ကြီးများအားလုံးအား အသိပေးရန်မှလွဲ၍ အခြားမရှိနိုင်တော့ချေ။
ခိုင်မာကျစ်လစ်ပြီး တိုးတက်မြင့်မား၊ စည်းကမ်းပြည့်ဝသော ဒီိမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရာတွင် အောက်ခြေခိုင်မာမှုရှိရန် အရေးကြီး လှသည်။ တိုင်းပြည်၏ အောက်ခြေအဆောက်အအုံ (Foundation) သည် ဆင်းရဲနွမ်းပါးသော ပြည်သူလူထုပင်ဖြစ်သည်။ ထိုကဲ့သို့ဆင်းရဲနွမ်း ပါးသော ပြည်သူလူထုတို့အား တနိုင်တပိုင်ပံ့ပိုး၊ ကူညီဖေးမပေးနေသော လူမှုရေးအသင်းတစ်သင်းဖြစ်သော မြင့်မြတ်ကြယ်စင်နာရေးကူညီမှုအသင်းအားလည်း ကူညီခွင့်၊ ဖေးမခွင့်၊ လုပ်ကိုင်ခွင့်များပေးရန်လိုအပ်သည်ဟု ကျွန်တော်မြင်မိသည်။ မင်းလှမြို့၊ မြင့်မြတ်ကြယ်စင် နာရေးကူညီမှုအသင်းကဲ့သို့ အသင်းပေါင်းမြောက်များစွာတို့သည် မြန်မာပြည်အရပ်ဒေသအသီးသီးတို့တွင်ရှိနေသည်။ ယခုမြင့်မြတ်ကြယ်စင်နာရေးကူညီမှုအသင်းနည်းတူ ပိတ်ပင်တားဆီးဟန့်တားမှုများကို တွေ့ကြုံခံစားနေရသော အသင်းပေါင်းမြောက်များစွာတို့သည်လည်း ဒုနဲ့ဒေးပင်ရှိနေသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင်ပါရှိသော (NGO) အဖွဲ့များ၊ (Foundation) များ၊ လူမှုရေးအသင်း အဖွဲ့များကို ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရာတွင် နိုင်ငံတော်အစိုးရမှ အားပေးကူညီမှုများပြုလုပ်ပေးမည်ဟုပြောကြားခဲ့သော်လည်း ယခုကဲ့သို့မြို့နယ်အာဏာပိုင်များအနေဖြင့် သမ္မတကြီး၏ဆန္ဒ၊ မြို့နယ်မိဘပြည်သူအပေါင်းတို့၏ဆန္ဒများကိုဆန့်ကျင်ကာ ပိတ်ဆို့မှုများ၊ ဟန့်တားမှုများကို ပြုလုပ်နေခြင်းသည် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာတွင် ကြီးမားသောတားဆီးမှုတစ်ရပ်ပင် ဖြစ်တော့သည်။
ထို့ကြောင့် နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြရာဝယ် ပြည်သူပြည်သားအားလုံးအတွက် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုဘ၀တွင် ကြုံတွေ့ခံစားကြရမည့်ကိစ္စရပ်များအား လူသားချင်း စာနာစိတ်ပြည့်ဝစွာဖြင့် ဦးဆောင်ဦးရွက်လမ်းပြချီတက်နေသော ခေါင်း ဆောင်ကောင်းတစ်ယောက်၏ ဆန္ဒ၊ သြ၀ါဒ၊ လမ်းညွှန်ချက်များကို လိုက်နာ၊ ကျင့်သုံး၊ ဆောင်ရွက်၊ အကောင်အထည်ဖော်ပေးရမည့် မြို့ နယ်အဆင့် အာဏာပိုင်များအနေဖြင့် ယခုကဲ့သို့ နိုင်ငံတော်သမ္မတကြီးဧ။် သြ၀ါဒမိန့်ခွန်းအား ကန့်လန့်တိုက်ခြင်း၊ မထီမဲ့မြင်ပြုလုပ်ခြင်းတို့ သည် လွဲမှားမှုတစ်စုံတစ်ရာရှိနေပြီဟု ထင်မိတော့သည်။ တိုးတက်မြင့်မားသော နိုင်ငံတော်သစ်ဆီ လျင်မြန်စွာရောက်အောင် နိုင်ငံတော် သမ္မတကြီးနှင့်တကွ အစိုးရဌာနဆိုင်ရာများနှင့်အတူ တိုင်းရင်းသားပြည်သူပြည်သားအားလုံး လက်တွဲမဖြုတ် စည်းလုံးညီညွတ်စွာ ချီတက် ကြရန် အရေးကြီးလှသည်။
မြန်မာနိုင်ငံတွင် မင်းလှမြို့ဟူ၍အမည်တူ မြို့နှစ်မြို့ရှိသည်။ မကွေးတိုင်း သရက်ခရိုင်၊ သရက်နယ်တွင်ရှိသော မင်းလှမြို့နှင့် သာယာဝ တီခရိုင်တွင်ရှိသော မင်းလှမြို့ဟူ၍ဖြစ်သည်။ ဤတွင် မင်းလှမြို့မှဖြစ်ရပ်ကို ပြန်လည်သုံးသပ်သော် ဒုတိယအင်္ဂလိပ်၊ မြန်မာစစ်ပွဲတွင် (သရက်ခရိုင်)၊ မင်းလှမြို့တွင် နယ်ချဲ့တို့အား မျိုးချစ်မြန်မာများမှ စည်းစည်းလုံးလုံး၊ ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ပွဲဝင်ခဲ့သော မင်းလှခံတပ် ဟူ၍ ရာဇ၀င်တွင်ကဗျည်းတင်ခဲ့သည်။ ယခုမူ (သာယာဝတီခရိုင်) အတွင်းရှိ မင်းလှမြို့တွင် နာရေးကူညီမှုတည်းဟူသော အများပြည် သူလူထုကို ကူညီဖေးမပေးနေသော လူမှုရေးအသင်းကိစ္စရပ်ဖြင့် မြန်မာ … မြန်မာအချင်းချင်း စိတ်ဝမ်းကွဲမှု၊ ဟန့်တားပိတ်ဆို့မှုများ ဖြစ် ပေါ်ခြင်းသည် အချင်းချင်းသွေးကွဲကာ မြန်မာ့ရာဇ၀င်ရိုင်းစေမည့်ကိစ္စရပ်ပင် ဖြစ်တော့သည်။ ထိုသို့ မြန်မာ့ရာဇ၀င်မရိုင်းစေရန်အတွက် တိုင်းပြည်၏ခေါင်းဆောင်၊ နိုင်ငံတော်၏ဖွဲ့စည်းပုံယန္တရား၏ ထိပ်ဆုံးတွင်ရှိသော၊ နိုင်ငံတော်၏ အပေါ်ဆုံး၊ အမြင့်ဆုံးတွင်နေထိုင်နေသောသူများအပေါ် နိုင်ငံတော်၏အောက်ထပ်တွင်တည်ရှိနေသော နိုင်ငံ့ဝန်ထမ်းများဖြစ်သော မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများသည် စည်း လုံးညီညွတ်စွာဖြင့်အထက်မှ အမိန့်၊ ဆန္ဒ၊ သြ၀ါဒစကားများကို လေးစားသမှုပြုစွာဖြင့် နာခံ၊ လက်ခံ၊ လိုက်နာကျင့်သုံးကြရမည်ဖြစ်သည်။
သို့မဟုတ်ပါက "အပေါ်ထပ်နှင့်အောက်ထပ်ဇာတ်လမ်း" ကဲ့သို့ မည်သည့်လုပ်ငန်းရပ်များမှ အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ၊ လွဲမှားမှု များစွာဖြင့် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်မည့်အရေးကို တွေးမြင်မိပါတော့သည်။
Dama Bayi Ashin Wiyiya (Tuang Saun) - Articles
အောင်ပွဲရှင်တို့ အောင်ပွဲဆင်ဖို့
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
ဧပြီ ၁၂၊ ၂၀၁၂
မြတ်စွာဘုရားရှင် ဘုရားအဖြစ်ရောက်တော်မူပြီးစ ပထမ၀ါကို မိဂဒါဝုန်တောမှာ ၀ါဆိုဝါကပ်တော်မူပြီး တရားဓမ္မများဟောကြားတော်မူခဲ့တာ ၀ါတွင်းသုံးလပြည့်တော့ ပဉ္စ၀ဂ္ဂီငါးဦးအမှူးပြုတဲ့ တပည့်ရဟန္တာပေါင်း ခြောက်ကျိပ် (၆၀) ရရှိတော်မူပါတယ်။ဧပြီ ၁၂၊ ၂၀၁၂
သီတင်းကျွတ်လပြည့်နေ့မှာ ရဟန္တာခြောက်ကျိပ်တို့ အချင်းချင်း ဖိတ်မန္တကပြုတဲ့ "ပ၀ါရဏာပွဲ'' ဆင်နွှဲကြပါတယ်။ ပ၀ါရဏာပွဲဆိုတာ တစ်ဦး နဲ့တစ်ဦး အမြင်မတော်၊ အကြားမတော်တဲ့ကိစ္စတို့၊ အများကသံသယဖြစ်စရာ ပြောဆို၊ ပြုမူ၊ နေထိုင်မှုတို့တွေ့ခဲ့ရင် အချင်းချင်း ပြောဆိုဆုံး မကြဖို့ ဖိတ်ကြားတဲ့ပွဲပါပဲ။ ဖိတ်ကြားသူက ရိုးသားစွာဖိတ်ကြားသလို ဆုံးမသူကလည်း ကရုဏာရှေ့ထားပြီး အကျိုးလိုလားတဲ့စိတ်နဲ့ ပြော ဆိုဆုံးမပေးဖို့ အချင်းချင်း ကတိက၀တ်ပြုတဲ့သဘောဆောင်ပါတယ်။ အနှစ်ချုပ်ကတော့ ရိုးသားမှုကို ရိုးသားမှုနဲ့ဖိတ်ကြားတဲ့ပွဲပါပဲ။
အချင်းချင်းဖိတ်ကြားကြလို့ပြီးတဲ့အခါ မြတ်စွာဘုရားရှင်က -"ချစ်သားတို့ ... ငါဘုရားရှင်ဟာ ကိလေသာကျော့ကွင်းအားလုံးက လွတ်မြောက် အောင်မြင်တော်မူပြီးသလို သင်ချစ်သားတို့လည်း ကျော့ကွင်းအားလုံးက လွတ်မြောက်အောင်မြင်ပြီးတဲ့ အောင်ပွဲရှင်များဖြစ်ကြပြီ။ အောင်ပွဲ ရှင်တို့အောင်ပွဲဆင်ကြရအောင် အရပ်ဒေသအသီးသီးကို ခရီးတစ်ကြောင်း တစ်ပါးစီ လှည့်လည်ကြရမယ်။ ဒီခရီးဟာ အောင်ပွဲဆင်ရမည့် ခရီးဖြစ်တဲ့အတိုင်း အရေးအကြီးဆုံး ပထမအချက်က ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးဆိုတာကို လုံးဝမငဲ့ကွက် မတောင့်တပဲ လောကကို သနားစောင့်ရှောက်ဖို့နဲ့ လောကအားလုံးရဲ့အကျိုးစီးပွားကို ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ထားရမယ်။
နောက်တစ်ချက်က လူတိုင်းအတွက် ကိုယ်ကျင့်တရား ခိုင်မာမှု (အစ)၊ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု (အလယ်)၊ အသိပညာမြင့် မားတိုး တက်မှု (အဆုံး) ဆိုတဲ့ ကောင်းခြင်းသုံးဖြာနဲ့ ပြီးပြည့်စုံတဲ့တရားကို ဟောကြပါ။ တရားဟောတဲ့အခါ သူတစ်ပါးက ဖြည့်စွက်စရာ၊ ပယ်ဖျက် ငြင်းဆန်စရာမရှိအောင် ခိုင်မာတိကျဖို့အတွက် အနက်အဓိပ္ပာယ်နဲ့လည်း ပြည့်စုံသလို ငါဘုရားရှင်ဟောညွှန်ခဲ့တဲ့ အဆိုအမိန့် အထောက် အထားပါဠိများလည်း အခိုင်အမာ ပြည့်စုံကြပါစေ။
နောက်ဆုံး အလေးအနက်သတိပြုရမည့်အချက်ကတော့ ချွတ်ယွင်းချက်မရှိ ပြီးပြည့်စုံတဲ့ အကျင့်မြတ်ရဲ့ စင်ကြယ်မှု၊ ငြိမ်းချမ်းမှုကို ထင်ရှား ပြကြပါ''လို့ တိုက်တွန်းမိန့်ကြားတော်မူပါတယ်။ အရပ်ဒေသအသီးသီးဆီကို သာသနာပြုခရီးထွက်ကြဖို့ စေလွှတ်တိုက်တွန်းတော်မူတာပါပဲ။
ရရှိနိုင်တဲ့ အကျိုးကျေးဇူးနဲ့ ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်များ၊ ပြဿနာများကို ကြိုတင်သိမြင်တော်မူနိုင်စွမ်းတဲ့ ဘုရားရှင်ရဲ့သာသနာပြုခရီးညွှန်သြ၀ါဒတော်ဟာ အပေါက်အကြားမရှိလောက်အောင်ကို စေ့စပ်သေချာလှပါတယ်။
ဒီညွှန်ကြားချက်ထဲမှာ သဘောပေါက်ဖို့လိုအပ်တဲ့အချက်ကတော့ "အကျင့်မြတ်ရဲ့ စင်ကြယ်ငြိမ်းချမ်းမှုကို ထင်ရှားပြကြ'' ဆိုတဲ့အချက်ပါပဲ။ တစ်ဦးတစ်ယောက်ရဲ့ အတွင်းစိတ်ဓာတ်ကို ထင်ရှားပြဖို့ဆိုတာ သူ့ရဲ့ ကာယကံ ၀စီကံများနဲ့ပဲ ပြသနိုင်မှာဖြစ်လို့ အတွင်းစိတ်ဓာတ် စင်ကြယ် ငြိမ်းချမ်းသလို အပြင်က သိသာမြင်သာတဲ့ ကာယကံ ၀စီကံများလည်း "စင်ကြယ်ငြိမ်းချမ်းရမယ်၊ ရင့်ကျက်တည်ငြိမ်ရမယ်၊ ယဉ်ကျေးသိမ် မွေ့ရမယ်''လို့ ဆိုလိုတဲ့သဘောပါပဲ။
မြတ်စွာဘုရားရှင်ရဲ့ ဒီညွှန်ကြားချက်များဟာ အောင်ပွဲရှင်များပီပီ သိက္ခာရှိရှိ အောင်ပွဲဆင်နိုင်ရေးအတွက် ခြွင်းချက်မရှိ လိုက်နာရမည့် အချက်များဖြစ်ပါတယ်။ ဒီအချက်များထဲက တစ်ခုခုကိုပဲဖြစ်ဖြစ် အရေးမထား မလေးမစားလုပ်ခဲ့ရင် အောင်ပွဲရှင်ဖြစ်သော်လည်း အောင်ပွဲ မဆင်နိုင်ဘဲ အရှက်တကွဲအကျိုးနဲ ကြုံရပြီး အောင်ပွဲအပြင်ရောက်သွားရတဲ့ သာဓကတွေ ပိဋကတ်တော်မှာထင်ရှားရှိပါတယ်။ နမူနာ တစ်ခု ကို ထုတ်ပြရမယ်ဆိုရင်တော့ ...
မြတ်စွာဘုရားရှင် စေတိယတိုင်းကို ဒေသစာရီကြွတော်မူတဲ့အခါ ဘဒ္ဒ၀တိကဆိုတဲ့ ရွာကြီးကိုရောက်ပါတယ်။ နွားကျောင်းသား၊ ဆိတ် ကျောင်းသားတွေနဲ့ လယ်သမားတွေက မြတ်စွာဘုရားရှင်ကို အဝေးကနေလှမ်းမြင်တဲ့အခါ ပြေးသွားကြပြီး မြတ်စွာဘုရားရှင်ကို "အရှင် ဘုရား သရက်ပင်ဆိပ်ဘက်ကိုတော့ မသွားပါနဲ့ဘုရား၊ အဲဒီမှာ ရသေ့ရဲ့ကျောင်းသင်္ခမ်းနားက နဂါးကြီးဟာ တန်ခိုးလည်းကြီး အဆိပ်လည်း အလွန်ပြင်းထန် လျှင်မြန်ပါတယ်။ အဲဒီနဂါးကြီးက အရှင်ဘုရားကို နှိပ်စက်ပါလိမ့်မယ်'' ဆိုပြီးလျှောက်ထားကြပါတယ်။ သုံးကြိမ်တိုင်တိုင် လျှောက်ထား တားမြစ်ကြပေမယ့် ဘုရားရှင်ကတော့ စကားတုန့် မပြန်ဘဲ ကြွသွားမြဲ ကြွသွားပါတယ်။
မြတ်စွာဘုရားရှင် ဘဒ္ဒ၀တိကကိုရောက်ရှိသီတင်းသုံးနေစဉ်မှာပဲ လောကီဈာန်အဘိညာဉ်ကိုရရှိထားတဲ့ အရှင်သာဂတမထေရ်က သရက် ပင်ဆိပ်မှာရှိတဲ့ ရသေ့ရဲ့ကျောင်းသင်္ခမ်းရှိရာကိုသွားပြီး နဂါးကြီးကို တေဇောဓာတ်အခြေခံတဲ့ ဈာန်အဘိညာဉ်တန်ခိုးနဲ့ နှိမ်နင်းအောင်မြင် လိုက်ပါတယ်။
မြတ်စွာဘုရားရှင်က ခရီးစဉ်အတိုင်း ကောသမ္ဘီပြည်ကို ကြွတော်မူတဲ့အခါ နောက်ပါသံဃာများထဲမှာ အရှင်သာဂတမထေရ်လည်း ပါပါ တယ်။ ကောသမ္ဘီကိုရောက်တဲ့အခါမှာတော့ နဂါးကြီးကို နှိမ်နင်းအောင်မြင်တော်မူတဲ့ အရှင်သာဂတရဲ့ဂုဏ်သတင်းက ဟိုးလေးတကျော် ပျံ့နှံ့ပြီး တမြို့လုံး ပြောမဆုံးနိုင်တဲ့ သတင်းထူးကြီးတစ်ခု ဖြစ်နေပါတော့တယ်။ မြို့သူ မြို့သားတွေဟာ မြတ်စွာဘုရားကို ဖူးမြော်ကန် တော့ ပြီးတာနဲ့ အရှင်သာဂတနားမှာပဲ ၀ိုင်းဝိုင်းလည်နေကြပါတော့တယ်။ အဲဒီနောက်ပါသံဃာတွေထဲမှာ နေရာတကာ ပေါ့ပျက်ပျက် ရွှတ်နောက် နောက်လုပ်လေ့ရှိတဲ့ ဆဗ္ဗဂ္ဂီဆိုတဲ့ ရဟန်းခြောက်ပါးတို့လည်း ပါပါတယ်။ မြို့သူမြို့သားတွေက အရှင်သာဂတကို ဂုဏ်ပြုချင်ကြလွန်းလို့ "အ ရှင်မြတ်တို့မှာ ရလည်း ရခဲ၊ အရှင်မြတ်တို့လည်း နှစ်သက်မယ့် ဘယ်လိုအစားအသောက်များနဲ့ စီစဉ်ပူဇော်ရပါမလဲ'' လို့ လျှောက်ထားကြ တဲ့အခါ ဆဗ္ဗဂ္ဂီရဟန်းများက ခိုခြေထောက်လိုနီမြန်းတဲ့ စိမ်ရည်အရက်များနဲ့ စီစဉ်ပူဇော်ဖို့ အကြံပေးလိုက်ကြပါတယ်။ အဲဒီအချိန်မှာ ရဟန်း တော်များအတွက် "အရက်သေစာ မသောက်ရ'' ဆိုတဲ့သိက္ခာပုဒ်က မပညတ်ရသေးပါဘူး။
ဒါနဲ့ပဲ နောက်တစ်နေ့မှာတော့ အိမ်ပေါက်စေ့လိုလို ခိုခြေနီအရက်တွေစီစဉ်ကြပြီး အရှင်သာဂတကို ဆက်ကပ်ပူဇော်ကြပါတယ်။ လောကီ အဘိညာဉ်လောက်သာရရှိပြီး တကယ်တရားအနယ်ထိုင် တည်ကြည်မှုကိုမရသေးတဲ့ အရှင်သာဂတလည်း ချီးကျုးထောမနာ သြဘာသံ ကြားမှာနစ်မျောပြီး အိမ်ပေါက်စေ့က ဂုဏ်ပြုပူဇော်တဲ့ ခိုခြေနီအရက်တွေကို တစ်အိမ်တက်ဆင်းသောက်လိုက်တာ နောက်ဆုံးမြို့က အ ထွက်မှာတော့ မြို့တံခါးအနီးမှာပဲ ကျွမ်းထိုးမှောက်ခုန် ပစ်လဲသွားပါတော့တယ်။
မြတ်စွာဘုရားရှင်နဲ့ ရဟန်းအများတို့မြို့ထဲက ပြန်ကြွလာချိန်မှာ အရှင်သာဂတကိုတွေ့ရတော့ မြတ်စွာဘုရားရှင်ရဲ့ မိန့်ကြားချက်အရ ရ ဟန်းများက အရှင်သာဂတကိုတွဲခေါ်ကြတယ်။ ကျောင်းထဲရောက်တဲ့အခါ အရှင်သာဂတကို ဘုရားရှိရာဦးခေါင်းပြုပြီး လှဲအိပ်စေနေပါတယ်။ ဒါပေမယ့် အရှင်သာဂတကတော့ အမူးမပြေသေးတဲ့အတွက် ဟိုဟိုဒီဒီ လူးလှိမ့်ရင်း ဘုရားရှင်ရှိရာဘက်ခြေပစ်ပြီး အိပ်နေပါတော့တယ်။ မြတ်စွာဘုရားရှင်က ရဟန်းတို့ကို "ချစ်သားတို့... အရင်က သာဂတဟာ မြတ်စွာဘုရားကို သိပ်ပြီးရိုသေလေးစားပေမယ့် အခုတော့ ဒီလို မဟုတ်တော့ဘူး မဟုတ်လား။ အရင်က သာဂတဟာ သရက်ပင်ဆိပ်က အဆိပ်ပြင်းထန်လှတဲ့နဂါးကြီးကိုတောင် အနိုင်ယူခဲ့တဲ့ အောင်ပွဲ ရှင်ကြီးဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ သူ့ကိုယ်ပေါ်တက်နေတဲ့တီကောင်ကိုတောင် ဖယ်ရှားနိုင်သေးရဲ့လား။ ဒါဟာ အရက်သေစာ သောက်စားတဲ့အတွက် ပင်ကိုယ်စိတ်ပျောက်သွားတာပဲ။
သာဂတဟာ ပင်ကိုယ်စိတ်ပျောက်သွားတဲ့အတွက် အောင်ပွဲရှင်အဖြစ်ကနေ အောင်ပွဲအပြင်ရောက်သွားရပြီ။ ဒါဟာ မကြည်ညိုသေးသူ တွေကို ကြည်ညိုစေဖို့မဆိုထားနှင့် ကြည်ညိုပြီးသူတွေကိုပင် အကြည်ညိုပျက်သွားစေတဲ့ ကိစ္စဖြစ်တယ်။ သေရည်သေရက်ဆိုတာ ရဟန်း တော်များနှင့် လားလားမှမသင့်လျှော် မအပ်စပ်တဲ့ကိစ္စလည်းဖြစ်တယ်။ ဒါကြောင့် "ရဟန်းတော်များ သေအရက်ကိုသောက်သုံးရင် ပါစိတ် အာပတ်သင့်စေ''လို့ သိက္ခာပုဒ်ကိုပညတ်တော်မူလိုက်ပါတယ်။
အရှင်သာဂတမထေရ် အောင်ပွဲရဲ့အပြင်ကိုရောက်သွားရခြင်းရဲ့အကြောင်းရင်းများကို စိစစ်ကြည့်မယ်ဆိုရင် မြတ်ဗုဒ္ဓညွှန်ကြားတဲ့အတိုင်း "ကိုယ်ကျိုးကို လုံးဝမငဲ့ကွက်ရ'' ဆိုတာနဲ့ဆန့်ကျင်ပြီး ကိုယ်ကျိုးငဲ့ကွက်ခဲ့တာရယ်၊ "ကောင်းခြင်းသုံးဖြာနဲ့ပြည့်စုံတဲ့ တရားကို ဟောကြားပါ'' ဆိုတာနဲ့ဆန့်ကျင်ပြီး တရားမဟောဘဲ တန်ခိုးဣဒ္ဓိပါဒ်ကို ပြခဲ့တာရယ်၊ (အမှန်ကတော့ တန်ခိုးဣဒ္ဓိပါဒ်ဆိုတာ အထင်ကြီးမှုကိုသာဖြစ်စေပြီး အသိတိုးမှုကိုမဖြစ်စေနိုင်တဲ့အတွက် အသိဉာဏ်နည်းပါးတဲ့ပတ်ဝန်းကျင်မှာ အဆန်းတကြယ်အံ့သြဖွယ်များကိုပြခြင်းဟာ အသိဉာဏ်ကို ပိုပြီးကန်းသွားစေတတ်လို့ မှားယွင်းတုံ့ပြန်မှုများကို ရရှိတတ်တယ်ဆိုတာ အရှင်သာဂတ သတိမထားမိတာပါ) "အကျင့်မြတ်ရဲ့ စင်ကြယ် ငြိမ်းချမ်းမှုကို ထင်ရှားပြကြ'' ဆိုတာနဲ့ ဆန့်ကျင်ဘက်အကျင့်မြတ်ကို အထင်အမြင်သေးစေတဲ့ ကာယကံအမှား၊ ၀စီကံအမှားတွေကို ကျူး လွန်မိခဲ့တာရယ်ဆိုတဲ့ ချွတ်ယွင်းချက်များကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှာ မြတ်စွာဘုရားရှင်ဟာ မြို့တံခါးဝမှာ မြင်မကောင်း၊ ရှုမကောင်းဖြစ်နေတဲ့တပည့်ကို ကျောင်းအထိသယ်ဆောင်စေပြီး ဒီဖြစ်ရပ်ရဲ့ အကျိုးအပြစ်များကို တပည့်သားအားလုံး ရှောင်ကြဉ်စေလာအောင် ဆုံးမတော်မူတာရယ်။ ဒီအဖြစ်မျိုး သံဃာ့အဖွဲ့အစည်းထဲမှာ နောက်ထပ် မဖြစ်ပေါ်စေရအောင် သိက္ခာပုဒ်ပညတ်တော်မူခဲ့တာရယ်ကတော့ ခေါင်းဆောင်ကောင်းတို့အတွက် အားကျအတုယူစရာ စံနမူနာကောင်း တစ်ခု ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓရဲ့ ညွှန်ကြားချက်များအတိုင်း အတိအကျလိုက်နာကျင့်သုံးခဲ့တဲ့အတွက် အောင်ပွဲရှင်ပီပီ အောင်ပွဲတွေ အလီလီဆင်ခဲ့ရတဲ့ သာဓက အနေနဲ့တော့ မြတ်စွာဘုရားရှင်ရဲ့ ပထမဆုံးသာသနာပြုစေလွှတ်တဲ့ တပည့်ရဟန္တအရှင်မြတ်များထဲက ရာဇဂြိုဟ်ဝန်းကျင်ကို သာသနာပြုကြွ တော်မူတဲ့ အရှင်အဿဇိမထေရ်မြတ်နဲ့ နောင်အခါ သာသနာတော်မှာ အမြတ်ဆုံးတပည့်ကြီး (အဂ္ဂသာဝက) ဖြစ်လာကြမယ့် သာရိပုတြာပရိဗိုဇ်တို့တွေ့ဆုံပုံကလည်း ထင်ရှားပါတယ်။
မသေရာ အမြိုက်တရားကို လှည့်လည်ရှာဖွေနေတဲ့ သာရိပုတြာပရိဗိုဇ်ဟာ ရာဇဂြိုဟ်မြို့ထဲမှာ ဆွမ်းခံကြွတော်မူတဲ့ အရှင်အဿဇိမထေရ် မြတ်ရဲ့ စက္ခုစတဲ့ ဣနြေ္ဒအားလုံး အေးချမ်းတည်ငြိမ်တဲ့ သွားလာလှုပ်ရှားပုံနဲ့ ကြည်လင်အေးချမ်းလှတဲ့ မျက်နှာတော်ကို မြင်လိုက်ရုံနဲ့ "မသေရာ အမြိုက်တရားမြတ် မုချရရှိပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်''လို့ သိလိုက်ရပြီး အရှင်မြတ်နောက်ကို လိုက်ပါဖူးမြင်တွေ့ဆုံပါတယ်။ တရားမြတ်ကိုနာယူတဲ့အခါ ဂါထာထက်ဝက် (အက္ခရာ ဆယ့်ခြောက်လုံး) မျှ နာကြားရရုံနဲ့ သောတာပန်ဖြစ်သွားပါတယ်။
အဲဒီနောက်မှာတော့ တရားရှာဖတ်ဖြစ်တဲ့ မောဂ္ဂလာန်ပရိဗိုဇ်ကိုပါခေါ်ပြီး သာသနာဘောင်ဝင်ရောက်တဲ့အခါမှာ အဂ္ဂသာဝကဆိုတဲ့ လကျာ် ရံ၊ လက်ဝဲရံ အမြတ်ဆုံးတပည့်ကြီးမျာ ဖြစ်သွားကြပါတယ်။ သာသနာ့ထုံးစံအရ ဘုရားရှင်မှာတပည့်ပေါင်း ဘယ်လောက်များနေနေ အဂ္ဂ သာဝကဖြစ်တဲ့ လကျာ်ရံ၊ လက်ဝဲရံတို့ရှိပြီးမှသာ တပည့်သံဃာရဲ့အင်္ဂါရပ် ပြည့်စုံပါတယ်။ ခုတော့ အရှင်အဿဇိမထေရ်မြတ်ရဲ့ မှန်ကန်တဲ့ သာသနာပြုမှုကြောင့် တပည့်သံဃာအင်္ဂါရပ် ပြည့်စုံသွားပါပြီ။ ဒါကြောင့် အရှင်အဿဇိမထေရ်မြတ်ရဲ့ ဣနြေ္ဒသိက္ခာ ရင့်ကျက်တည်ငြိမ် အေးချမ်းစွာ သွားလာလုပ်ကိုင်ပြောဆိုမှုများဟာ ဘုရားရှင်ရဲ့သာသနာတော်မှာ တပည့်သာဝကအင်္ဂါရပ်ကို ပြည့်စုံစေလောက်အောင်အထိ အောင်ပွဲတွေဆင်နိုင်ခဲ့ပါတယ်။
အဲဒီလို တပည့်အင်္ဂါရပ် ပြည့်စုံသွားလို့လည်း အဲဒီမဟာသက္ကရာဇ် ၁၀၃ ခု၊ တပို့တွဲလပြည့်နေ့မှာ ပထမဦးဆုံး သာဝကစုံညီစည်းဝေးပွဲကြီးကို ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကြီးမှာပဲ နောင်အခါ မြတ်စွာဘုရားရှင်တို့ရဲ့ အဆုံးအမ အနှစ်ချုပ်အဖြစ်နဲ့ ထင်ရှားတည် တန့်မည့် ...
သဗ္ဗပါပဿ အကရဏံ = မကောင်းမှုရှောင်
ကုသလဿ ဥပသမ္ပဒါ= ကောင်းမှုဆောင်
သစိတ္တ ပရိယောဒပနံ = ဖြူအောင်စိတ်ကိုထား
ဧတံဗံဗုဒုဒ္ဓါန သာသနံ = ဒီသီသုံးပါးဟာ ဘုရားရှင်တိုင်းရဲ့ဆုံးမစကား ..စတဲ့ သြ၀ါဒပါတိမောက်ကို ဟောညွှန်ပြတော်မူပါတယ်။ ဒီအဆုံး အမသုံးခုဟာ သာသနာတော် အရှည်ခန့်ပြီး တည်တံ့ခိုင်မြဲရခြင်းရဲ့ အဓိကခြေထောက်သုံးချောင်းဆိုရင်လည်း မမှားပါဘူး။
ဒီလို သာသနာ့အခြေခံကြီးပေါ်ထွန်းပြီး သာသနာစဉ်ဆက် တည်တံ့ပြန့်ပွားလာသည်အထိ အောင်ပွဲအဆင့်ဆင့်တွေကို ဆင်မြန်းနိုင်ခဲ့ခြင်းဟာ အရှင်အဿဇိမထေရ်မြတ်က ဘုရားရှင်ရဲ့အဆုံးအမအတိုင်း လိုက်နာပြီး အကျင့်မြတ်ရဲ့ စင်ကြယ်အေးချမ်းမှုကို ထင်ရှားပြခဲ့လို့ဆိုတာက တော့ အထူးပြောစရာလိုမယ်မထင်တော့ပါဘူး။ "အနှစ်သာရ တိုးတက်မြင့်မားရေးမှာ အသွင်သဏ္ဌာန်ဟာလည်း အရေးကြီးတယ်'' ဆိုတဲ့ အချက်ကိုလည်း အရှင်မြတ်က ထင်ရှားပြလိုက်တာပါ။
ဘုရားရှင်ရဲ့ သာသနာပြုလမ်းညွှန်ချက်များနဲ့ တပည့်ကောင်းတို့ရဲ့ကောင်းမွန်တဲ့ လိုက်နာကျင့်သုံးမှုများဟာ အောင်ပွဲအဆင့်ဆင့် ဆင်လိုကြ တဲ့ အောင်ပွဲရှင်တိုင်း အလေးထားလိုက်နာစရာလမ်းညွှန် အမြုတေရတနာများဖြစ်တယ်လို့သာ ထပ်ဆင့်အသိပေးလိုက်ပါရစေ။
အောင်ပွဲရှင်တို့ အောင်ပွဲဆင်နိုင်ကြပါစေသော် ... ။
Wednesday, April 11, 2012
Naing Oo Nyo (Phoe Zero) - Poem
အညာမြေမှာ ဧရာဝတီဖြတ်သန်းစီးဆင်းသွားတယ်
နိုင်ဦးညို (ဖိုးဇီးရိုး) ဧပြီ ၁၂၊ ၂၀၁၂

မြန်မာအစ
ပုဂံက ဖြစ်ဖြစ်
တကောင်းက ဖြစ်ဖြစ်
ကျောက်ဆည်က ဖြစ်ဖြစ်
ဒါမြန်မာဘဲ ဒါဗမာဘဲ
ဒါအညာဘဲ
ဒီအညာမြေ
အပူပိုင်းဒေသ
မိုးခေါင်လို့
ရေပဲရှားရှား
နေပူ လေပူလို့
အသားပဲမည်းမည်း
ဒါအညာရဲ့သင်္ကေတ
ဒါအညာရဲ့သဘာဝ ...။
ဒီအညာမြေမှာ
ပုဂံရှိတယ်
အင်းဝရှိတယ်
ပင်းယရှိတယ်
ရွှေဘိုရှိတယ်
အမရပူရရှိတယ်
ရတနာပုံရှိတယ်
အနော်ရထာရှိတယ်
အလောင်းဘုရားရှိတယ် ...။
ဒီအညာမြေမှာ
ကျုပ်တို့ရဲ့ဘိုးဘွားဘီဘင်တွေ မွေးဖွားခဲ့တယ် ...။
ကျုပ်တို့ရဲ့အသွေးအသားတွေ စတင်ခဲ့တယ် ...။
ကျုပ်တို့ရဲ့ ဘဝရပ်တည်မှုတွေ ရှိခဲ့တယ် ....။
ဒီအညာမြေမှာ
ဧရာဝတီ ဖြတ်သန်းစီးဆင်းခဲ့တယ် ...။
ဒီမြစ်ရိုးမှာ အစုန်အဆန်သွားခဲ့တယ် ...။
ဒီမြစ်ရေကို သောက်ခဲ့တယ် ...။
ဒီမြစ်ရေကို သုံးခဲ့တယ် ...။
ဒီမြစ်ကရေနဲ့ ဒီမြေကစပါး
ပေါင်းဖက်လို့ ကျုပ်တို့ရဲ့အသက်တွေ
ရှင်သန်ခဲ့တယ် ...။
အညာမှာ မြန်မာ မြန်မာမှာ အညာ
မြန်မာရှိမှ အညာရှိမယ်
အညာရှိမှ ကျုပ်တို့ရှိမယ်
မြန်မာရှိမှ ကျုပ်တို့ရှိမယ်
အညာရဲ့သမိုင်း မရိုင်းရအောင်
မြန်မာရဲ့သမိုင်း မရိုင်းရအောင် ....
ဒီအညာမြေမှာ
ဧရာဝတီ ဖြတ်သန်းစီးဆင်းသွားတယ်
ဧရာဝတီ ဖြတ်သန်းစီးဆင်းသွားတယ် ... ။
--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives















