[mrsorcerer:23806] Fwd: [လူဗိုလ်ဟူသည် ...] အမှားများနဲ့လူ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Tue, Apr 24, 2012 at 11:23 PM
Subject: [လူဗိုလ်ဟူသည် ...] အမှားများနဲ့လူ
To: lubo601@gmail.com





အခုတစ်လော အမှားတွေအကြောင်း ပြောဖြစ်ကြပါတယ်။ အမှားဆိုတာ လူတိုင်း ကြုံတွေ့တတ်တဲ့အရာ ဖြစ်သလို အမှန်နဲ့ယှဉ်ပြီး အပြောအများဆုံး စကားလုံးတစ်ခုလည်း ဖြစ်ပါတယ်။ အလုပ်တစ်ခုကို စတင်ပြီဟေ့ဆိုတာနဲ့ လူတိုင်းဟာ အမှန်ဆိုပြီး လုပ်ကြတာပါပဲ။ အမှန်တွေကို လုပ်ရင်းနဲ့ အမှားတွေ ကြုံတွေ့၊ အမှားတွေကနေ သင်္ခန်းစာယူပြီး အမှန်လမ်းကို ပြန်ရောက်အောင် ကြိုးစားလျှောက်လှမ်းကြရတာပါပဲ။အမှားတွေ များပေမယ့် ခြုံကြည့်လိုက်ရင် စိတ်ကူးအမှား၊ အပြောအဆိုအမှား၊ အပြုအမူအမှားဆိုတဲ့ သုံးမျိုးကိုပဲ တွေ့ရပါလိမ့်မယ်။

အမှားဆိုတာ လူတိုင်း၊ နေရာတိုင်း ကြုံရတတ်တယ်၊ လုပ်မိတတ်တယ်ဆိုပေမယ့် သိတဲ့အချိန်မှာ ရပ်တန့်ပစ်နိုင်ဖို့ လိုပါတယ်။ အမှားတွေထဲက စိတ်ကူးမှားအဆင့်မှာ ရပ်တန့်ပစ်နိုင်ရင် အကောင်းဆုံးပါပဲ။ စိတ်ကူးအဆင့်မှာ လူမမြင်နိုင်သေးတဲ့အတွက်ရယ်၊ အခြားသူတွေကို အကျိုးသက်ရောက်မှု မရှိသေးတဲ့အတွက်ရယ် အန္တရာယ်မကြီးလှသေးပါဘူး။ ဒီအဆင့်မှာ ပြင်လိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ အပြောမှားနဲ့အပြုအမူမှားကျတော့ သူတစ်ပါးနဲ့ ထိတွေ့လိုက်ရပြီ။ ကြားရသူ၊ ခံရသူဆီက အမှားရဲ့ တုန့်ပြန်မှုတွေ ရလာတော့မယ်။

အချို့က အမှားတစ်ခု ကျူးလွန်မိပြီဆိုတာနဲ့ ချက်ချင်းသိတယ်။ သိသိချင်း တောင်းပန်သင့်တာ တောင်းပန်ပြီး ပြင်လိုက်တယ်။ အချို့ကတော့ ခံရသူထံက တုန့်ပြန်မှုကို ရမှ သိတယ်။ သိသိချင်း ပြင်နိုင်ရင် သို့မဟုတ် သိသိချင်း အမှားကို ၀န်ခံလိုက်ရင် အမှားကျူးလွန်မိပေမယ့် အကျိုးဆက်က ကျေနပ်စရာအတိ ဖြစ်နေလိမ့်မယ်။ 

အမှားတွေအကြောင်း ပြောကြတိုင်း မြတ်စွာဘုရားရှင်ရဲ့ မဟာအမှားကြီးကို ထည့်ထည့်ပြောတတ်ကြတယ်။ ထမင်းမစား၊ ရေမသောက်၊ အပေါ့အပါး မသွားဘဲ ပြင်းထန်စွာ ကျင့်ခဲ့တဲ့ ဒုက္ကရစရိယာအကျင့်အကြောင်း ပြောတတ်ကြတယ်။ မြတ်စွာဘုရားလောင်းဟာ ဒီအကျင့်မှားကြီးနဲ့ ၆-နှစ်လောက် ကျင်လည်ခဲ့တာပါ။ ဒါပေမယ့် သူဟာ အာဇာနည်ပီပီ သူ့အမှားကို သူကိုယ်တိုင် သိမြင်ပြီး ပြင်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားဖြစ်သွားတယ်။ ဒါကို ကြည့်ပြီး ဒို့ဘုရားတောင် မှားခဲ့သေးတာပဲဆိုပြီး အမှားလုပ်သူတွေ ဖြေတတ်ကြတယ်။ သေချာတာကတော့ အမှားဆိုတာက ပြဿနာမဟုတ်ဘူး။ အမှားကို ၀န်ခံဖို့နဲ့ ပြုပြင်လိုက်ဖို့ပါပဲ။

ဝီလျံအာသာဝက် ပြောတဲ့ To make mistake is human, to stumble is common place, to be able to laugh at yourself is maturity ဆိုတဲ့ စကားလေးက မှတ်သားဖို့ ကောင်းတယ်။ လူဆိုတာ အမှားနဲ့ မကင်းဘူး၊ အမှားဆိုတာ နေရာတိုင်းမှာ ဖြစ်မြဲပဲ၊ အမှားလုပ်မိတဲ့အခါတိုင်း ကိုယ့်ကိုကိုယ် ပြန်ရယ်(လှောင်)နိုင်စွမ်းရှိတာကတော့ ရင့်ကျက်မှုပဲ လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ အမှားကို ၀န်ခံလိုက်တာ၊ ကိုယ်မှားလိုက်ပြီဆိုတာကို သိလိုက်နိုင်တာဟာ တန်ဖိုးရှိပါတယ်။

အမှားတွေအကြောင်း သို့မဟုတ် အမှားတွေကို ၀န်ခံလိုက်ဖို့ ပြောကြဆိုကြတိုင်း ပါဝင်တတ်တဲ့ စကားလေးတစ်လုံး ရှိပါတယ်။ အဲဒါကတော့ မာန။ အချို့က ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲပြီး ငါပြောလိုက်ရင် မမှားဘူး၊ ငါ လုပ်လိုက်ရင် မမှားဘူးဆိုတဲ့ အတွေးမျိုးတွေ ကိန်းနေတတ်တယ်။ အခြားသူက သူ့အမှားတွေကို ထောက်ပြလိုက်ရင် ငါ့အမှားတော့ လာပြောနေတယ်၊ မင်းကရော မမှားတဲ့သူမို့လို့လားလို့ ခွန်းတုန့်ပြန်တတ်ကြတယ်။

အချို့ပုဂ္ဂိုလ်များကျတော့ ကိုယ့်အမှားကို လာထောက်ပြရင် ကျေနပ်ကြတယ်။ ကျေးဇူးတင်ကြတယ်။ ၀င်စတန်ချာချီက If you simply take up the attitude of defending a mistake, there will be no hope of improvement. အမှားတွေအတွက် အမြဲတမ်း ခုခံကာကွယ်နေတဲ့ သဘောထားရှိနေရင် တိုးတက်ဖို့ဆိုတာ ဘယ်တော့မှ မျှော်လင့်လို့ မရနိုင်တော့ဘူး….လို့ ဆိုပါတယ်။ ကိုယ်ကိုကိုယ် ခပ်မြင့်မြင့်အဆင့်မှာ ရှိနေစေချင်တယ်ဆိုရင်တော့ ဘယ်သူမှားမှား အရေးမကြီးဘူး ငါမမှားဖို့ အရေးကြီးတယ်ဆိုတဲ့ ခံယူချက်ရှိရပါမယ်။ သူများတွေ အမှားလုပ်တိုင်း ကိုယ်ကလည်း အရေးမစိုက် ဆက်မှားနေမယ်ဆိုရင်တော့ ကိုယ်လည်း သူတို့လို ဖြစ်မှာပေါ့။

အမှားလုပ်မိပြီဆိုတာနဲ့ အခြားသူတွေက အပြုသဘောနဲ့ ထောက်ပြလာရင် ၀န်ခံတတ်ဖို့ လက်ခံတတ်ဖို့ လိုပါတယ်။ မာနကြောင့် ၀န်မခံနိုင်ဘူး၊ လက်မခံနိုင်ဘူးဆိုတာ အမှားပေါ်မှာ အမှားဆင့်တာပါပဲ။ အမှားကို ၀န်ခံလိုက်လို့ သိက္ခာကျသွားတယ်ဆိုတာ မရှိပါဘူး။ အမှားကို ၀န်မခံတာ၊ လက်မခံတာကမှ သိက္ခာကျတာပါ။ အဖွဲ့အစည်းတစ်ခုမှာ လက်တွဲလုပ်ဆောင်ဖို့၊ ညီညီညွတ်ညွတ်ရှိဖို့ဆိုတာ အမှားကို ၀န်ခံတတ်ဖို့လိုသလို အမှားတွေ ကျူးလွန်မိတိုင်း ဆင်ခြေလက်ခြေတွေ ပေးတတ်တဲ့အကျင့်တွေ ဖျောက်ဖို့ လိုပါတယ်။ Successful people admit faults but never make excuses အောင်မြင်သူတွေဟာ ကိုယ့်အပြစ်ကို ၀န်ခံကြတယ်။ ဒါပေမယ့် ဘယ်တော့မှ ဆင်ခြေမပေးဘူးတဲ့။

အမှားတွေထဲမှာမှ အမှားအစစ်နဲ့ နားလည်မှုလွဲတဲ့ အမှားဆိုတာတွေလည်း ရှိနေနိုင်သေးသေတယ်။ နားလည်မှုလွဲလို့ မှားတဲ့အမှားကတော့ နှစ်ဦးနှစ်ဖက် နားလည်လိုက်တာနဲ့ ပျောက်သွားပေလိမ့်မယ်။ အမှားအစစ်တွေကတော့ ၀န်ခံခြင်း၊ ပြင်ဆင်ခြင်းများနဲ့သာ အမှန်ဖြစ်နိုင်ပေလိမ့်မယ်။

အမှားတွေအကြောင်း ဟိုဟိုဒီဒီ ပြောပြီးတော့ ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြည့်ဖြစ်တယ်။ ငါကော အမှားတွေ ကင်းရဲ့လား။ မကင်းတာ သေချာတယ်။ ဒါဆို အဲဒီအမှားတွေကို ၀န်ခံဖြစ်ခဲ့လား၊ အမှားထောက်ပြလာသူတွေကို လက်ခံကြည်ဖြူပေးနိုင်ခဲ့ရဲ့လား။ အမှားကို ၀န်ခံသလိုလိုနဲ့ အကြောင်းအမျိုးမျိုး ပြခဲ့တာတွေကရော တကယ့်အကြောင်းပြချက်တွေ ဖြစ်နေရဲ့လား။ ဆင်ခြေတွေများ ဖြစ်နေခဲ့လား။

အမှားမကင်းတဲ့လောကမှာ အမှားတွေတော့ ကျူးလွန်နေအုံးမှာပဲ။ ဒါပေမယ့် မှားသွားတာတွေအတွက် ရဲရဲဝံ့ဝံ့ ၀န်ခံတတ်ဖို့နဲ့ အမှန်ကို ဆက်လက်သွားနိုင်ဖို့တော့ ကြိုးစားသွားရမှာပဲ မဟုတ်လား။

အရှင်ကုသလသာမိ
www.ashinkusala.com


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/24/2012 11:23:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ