ဒီမိုဝေယံ

ဒီမိုဝေယံ


ဘုန်းနှင့်ကံနှင့် သဇင်နီ (ကဗျာရှင် နေရဲနီ)

Posted: 10 May 2012 11:22 AM PDT


ဘုန်းနှင့်ကံနှင့် သဇင်နီ
(ကဗျာရှင် နေရဲနီ)

၁၉၈၉ခုနှစ်က ပုသိမ်ကို သူမ လာရင်
အိမ်ထဲက အိမ်ပြင် ဘယ်သူမှ မထွက်ရ။
ငါတိုင်းမှူးလုပ်တဲ့
ဟောဒီ ဧရာဝတီတိုင်းမှာ
NLD ဆိုတာ မရှိစေရ။
ဆီခမ်းလုမီးခွက်၏ အန္တိမ မီးတောက်သည်
ငြိမ်းလုဆဲဆဲကာလ၌ ဟုန်းကနဲ တချက်
ထ၍ တောက်လိုက်သကဲ့သို့
တိုင်းမှူးမှ လယ်စိုက် ဝန်ကြီး
ထိုမှတဖန် အသံကြောင့်သေရသောဖားကဲ့သို့
အနားပေးခံရပြီး မကြာခင်ပင်
ကမ္ဘာမြေအပြင်၌ သူမရှိတော့။
ဧရာဝတီတိုင်း၌ ခွပ်ဒေါင်းတို့
ရဲရဲတောက်နေသည်ကို သူ မမြင်သွားရရှာပေ။
ဒေါ်စုကြည်ဟာ...............
သူမဟာ အာဏာကို....................
အနောက်နိုင်ငံများ အားကိုး....................
ပြည်ပနိုင်ငံ.................................
အစရှိသော စကားလုံးများဖြင့်
အာဏာစင်ပေါ်မှ ချိုးချိုးဖဲ့ဖဲ့ ပြောခဲ့လေသော
မြွေပွေးမျက်နှာနဲ့လူ ခုတော့
အဆိပ်ထုတ် အစွယ်ချိုးခံခဲ့ရပြီး
နှုတ်ပါအပိတ်ခံနေရပြီ
ရှင်လျက်နဲ့ သေနေတဲ့လူ သူမှအစစ်။
ဧပြီလ(၁)ရက်နေ့က မဲပေးနေစဉ်..

သူမဟာ သာမန်လူတစ်ယောက်ပါ
ဥပဒေနဲ့အညီ နေထိုင်သွားလာမယ်ဆိုရင်
ဘေးရန်ကင်းပါတယ်လို့ ပြောခဲ့လေသူ
ပျောက်နေတာ အတော်ကြာပြီ
လည်ချောင်းမှာ ကင်ဆာအဖု အကြိတ်တွေ့လို့တဲ့
မျက်စေ့ကလည်း အမြင်မကြည်လင်တော့ဘူး
နှုတ်ထွက်စာတင်မယ့် သတင်း
မရေမရာနဲ့ အုတ်အော်သောင်းနင်း ဖြစ်နေပြီ။

တို့အမေ သဇင်နီကတော့
ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ဘဲ။

နေရဲနီ
ဓာတ်ပုံများ.. ညီငယ်ဇော်တူး၊ AP, Getty Images

မြွေပွေးခါးပိုက် ပိုက် (ကဗျာရှင် နေရဲနီ)

Posted: 10 May 2012 10:42 AM PDT

မြွေပွေးခါးပိုက် ပိုက်
(ကဗျာရှင် နေရဲနီ)

ပြုံ့ယမ်းလှပျိုဖြူတို့ရဲ့ စွဲမက်ဖွယ်အပြုံး
နားဝင်ချိုမြ မြန်မာသံ မပီတပီ ဂီတ
ထူးကဲတဲ့ ဂင်ချီ အရသာ
ဆရာစံလမ်းမှာ ရတယ်။

တောင်ကိုးရီးယားသမ္မတ
မကြာခင်မှာ မြန်မာပြည် အလည်လာမယ်
၁၉၈၃ ခုနှစ်ကအဖြစ်မျိုး မကြုံရလေအောင်
လုံခြုံရေးတွေ ခုကတည်းက
အပြင်းအထန် လေ့ကျင့်နေကြတယ်။

မြွေပွေးမှန်းသိရက်နဲ့
ခါးပိုက် ပိုက်ထားပြီး
မိတ်ဆွေကို လက်ယက်ခေါ်နေမှတော့
ဒီလောက်တော့ရှိမှာပေါ့။

နေရဲနီ

ဓာတ်ပုံ ၁၉၈၃ခုနှစ် အောက်တိုဘာလက လုပ်သားသတင်းစာမှာ ဖော်ပြထားတဲ့ မြောက်ကိုရီးယား သူလျှို ဗိုလ်မှူးဇင်မိုနဲ့ ဗိုလ်ကြီးကင်မင်ချူးတို့အား ရုံးထုတ်လာစဉ်မြင်ကွင်း

NLD-BGနှင့် လမ်းပေါ်ကအမှိုက်ကောက် ကလေးငယ်များ...

Posted: 10 May 2012 09:48 AM PDT

NLD-BGနှင့် လမ်းပေါ်ကအမှိုက်ကောက် ကလေးငယ်များ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ယက်၊ ကျန်းမာရေးကွန်ယက်အောက်မှ သတ်မှတ်ထားသော လမ်းညွှန်ချက် စည်းကမ်းချက်များနှင့်အညီ နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ အသက်ကယ် သွေး အကူအညီပေးရေးနှင့် အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကြောင်း အခမဲ့ သင်ကြားပေးရေးပညာ ဒါန (NLD-BG) ကျောင်းသည် လူပေါင်းစုံအလွှာအသီးသီးမှ သင်တန်းသူ၊ သင်တန်းသားများဖြင့် အမေ့မေတ္တာဖြင့် လွှမ်းခြုံထားသော NLD-BG စာသင် ခန်းထဲဝယ် အသံမစဲ တဖွဲဖွဲဖြင့် တစ်နေ့ကို မနက်၊နေ့လည်၊ နေ့ခင်း၊ ညနေခင်းဆိုပြီးအတန်းခွဲများစွာဖြင့် ဆရာစုံလင်စွာနှင့် မူကြိုတန်း၊ မူလတန်း၊ အင်္ဂလိပ်စာ သဒ္ဒါသင်တန်း၊ ယဉ်ကျေး လိမ္မာသင်တန်းများကို လူထုခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အမေဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိသည့်အတိုင်း သင်ကြားပေးနေပြီ ဖြစ်ပါသည်။

စက်ချုပ်သင်တန်းနှင့် ဆံပင်ညှပ်သင်တန်းတို့ကိုလည်း ယခုလာမည့် စနေနေ့မှာစတင်ပြီးတော့ ကျွမ်းကျင်သော ဆရာ၊ ဆရာမများကိုယ်တိုင် သင်တန်းသူ၊ သင်တန်းသားများကို အလုပ်ခွင်ဝင်နိုင် သည့်အထိ အသက်မွေး ၀မ်းကြောင်းအတွက် အပတ်စဉ်သင်တန်းများကိုသင်ကြားပို့ချပေးသွားဦးမည့် ဆိုသည့် သတင်းကိုလည်း ကြားသိခဲ့ရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်း ဒေသကြီးကော့မှူးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှလည်း အထက်ပါသင်တန်းမျိုးနှင့် ပတ်သက်ပြီး မေလ (၁) ရက်နေ့က စမ်းချောင်မြို့နယ် အဖွဲ့ချုပ်ရုံးခန်းကိုဖွင့်လှစ်ပေးခဲ့စဉ်ကလည်း အဖွဲ့ချုပ်နာယကကြီး ဦးတင်ဦးနှင့်အတူ အောက်ပါမိန့်ခွန်းများကို ပြည်သူအများ သဘောပေါက် သိရှိနားလည်နိုင်ကြစေရန် ပြောကြားခဲ့ပါသည်။

မျှော်လင့်ချက်ပျောက်နေ
ကျွန်မတို့လူငယ်တွေကို အားကိုးပါတယ်၊ နောက်ပြီးတော့ လူငယ်အားကိုးတဲ့ အချိန်ထဲမှာလည်း ကျွန်မတို့လူငယ်တွေကို အားပေးတဲ့ စကားပြောချင်ပါတယ်။ တချို့၊ ကျွန်မတို့ လူငယ်တချို့ မဟုတ်ဘူး။ လူငယ်တော်တော်များများဟာ ကျွန်မ သတိထား မိတာကတော့ မျှော်လင့်ချက်ပျောက်နေတဲ့ပုံပေါက် နေတယ်။ မျှော်လင့်ချက် ပျောက်နေတယ်ဆိုတဲ့ အကြောင်းအရင်းကလည်း ကျွန်မတို့ရဲ့ပညာရေးစနစ်နဲ့ အများကြီး ဆက်နွယ်နေတယ်လို့ ကျွန်မထင်ပါတယ်။ ဒီနိုင်ငံရဲ့ပညာရေးစံနစ်က လူငယ်တွေကိုတကယ်ကို မိမိတို့ရဲ့ဘ၀ကို ဆောက်တည်ပိုင်ခွင့် ပေးမယ့် အလုပ်ရနိုင်အောင်လို့ အထောက်အကူ မပေးဘူး။  ပြောရ မယ်ဆိုလို့ရှိရင် ဘွဲ့သာရသွားမယ် အလုပ်မရတဲ့ အခြေအနေတွေ ဖြစ်နေကြတယ်။

ဖြေရှင်းရမယ်
ကျွန်မတို့က ဒီပြဿနာကို လက်တွေ့ကျကျဖြေရှင်းရမယ်။ လက်တွေ့ကျကျဖြေရှင်းရမယ်ဆို တာ ကျွန်မတို့အမြင်မှာတော့ ဘွဲ့ရပြီးသား လူငယ်တွေ၊ ဒါမှမဟုတ် ဘွဲ့မရဘဲနဲ့ ကျောင်းပြီးသွားတဲ့ လူငယ်တွေ၊ကျောင်းကိုဆယ်တန်းထိတိုင်မတတ်ရောက်နိုင်တဲ့လူငယ်တွေ၊အကြောင်းကြောင်းကြောင့် ထွက်ပြီးတော့ အလုပ်လုပ်ရတဲ့လူငယ်တွေရဲ့အရည်အချင်းတွေကို မြှင့်တင်ပေးရေးအတွက် ကျွန်မတို့ ကြိုးစားမှာပါ။ ဘ၀အသက်မွေးဝမ်းကြောင်းပညာပေးဖို့ကျွန်မတို့ဦးတည်ရမယ်။

ပညာဆိုတာ ကိုယ်အသက်မွေးဖို့တောင် ကိုယ်မမွေးနိုင်လို့ရှိရင် ဘယ်လိုလုပ်သုံးမလဲ။ ဘာပဲ ပြောပြော ကိုယ်သင်ထားတဲ့ ပညာတွေဟာ ကိုယ့်အတွက်နိစ္စဓူဝ စားနိုင်ဖို့ အတွက်တော့ လုံလောက်ရ မယ်။ ကိုယ့်အတွက်တောင်မှ ထမင်းနပ်မှန်အောင်လို့ စားနိုင်တဲ့ အခြေအနေမှာ မရှိလို့ရှိရင် တိုင်းပြည် အတွက် ၀င်ရောက်ပြီး လုပ်ပေးဖို့ဆိုတာ အင်မတန်မှခတ်ပါတယ်။ ဒါကျွန်မတို့က လူငယ်တွေကို အားကိုးတယ်လို့ ပြောတဲ့ အချိန်ထဲမှာလည်း လူငယ်တွေကို ကျွန်မတို့ တာဝန်ရှိတယ်လို့ လက်ခံပါတယ်။ ဒါကြောင့်မိုလို့ အသိပညာ၊ အတတ်ပညာ သင်ကြားပေးရေး၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေး ရေးကိစ္စကို ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးစားပေးပြီးတော့ ကြိုးစားပြီး လုပ်သွားပါမယ် လို့ ကျွန်မပြောချင်ပါတယ်။
လူထုခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ။
 ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်။
 ဓာတ်ပုံ (၁) အမှိုက်ကောက်ကလေးငယ်များကို ပင်တိုင်သင်ကြားပေးနေသော ဆရာ ကိုကြည်သားဖြိုးနှင့် အမှိုက်ကောက်ကလေးငယ်များ စာမသင်ကြားခင် ရှေးဦးစွာ ဘုရားရှိခိုး ၀တ်ပြုနေပုံ။

 နေ့စဉ်ပင်တိုင် သင်ကြားပေးနေသော ဆရာမ ဆုဆု၊ မြတ်မြတ်မွန်နှင့် ဆရာကြည်သာဖြိုးတို့မှ အမှုက်ကောက် ကလေးငယ်များကို စာသင်ကြားပေးနေပုံ။
အမှိုက်ကောက် ကလေးငယ်များအား သူတို့၏ ဆရာ၊ ဆရာမများနှင့် NLD-BG ကျောင်းရှေ့တွင် အမှတ်တရ ရိုက်ထားပုံ

ဓာတ်ပုံ-သတင်း= မေမေ့သား-လင်းဆက် (NLD-BG)