ဒီမိုဝေယံ

ဒီမိုဝေယံ


အစိုးရ စစ်တပ်မှ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ရိုက်နှက် နှိပ်စက်မှုကြောင့် စိတ်ဝေဒနာ ခံစားသွားခဲ့ရတဲ့ ကချင်လူမျိုးစု လီဆူး အမျိုးသမီးတဦး..

Posted: 18 May 2012 11:42 AM PDT

ဒေါ်ဂွာမလေး
အစိုးရ စစ်တပ်မှ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ရိုက်နှက် နှိပ်စက်မှုကြောင့် စိတ်ဝေဒနာ ခံစားသွားခဲ့ရတဲ့ ကချင်လူမျိုးစု လီဆူး အမျိုးသမီးတဦး..

၂၀၁၂ခုနှစ် မေလ (၁)ရက်နေ့တွင် ချီဖွေမြို့နယ်၊ လုပီရွာမှ လီဆူအမျိုးသမီး ဒေါ်ဂွာမလေး၊ အသက်(၄၈)နှစ်၊ ကလေး(၁၂)ယောက်၏ မိခင်အား အစိုးရစစ်သားများမှ ဘုရားကျောင်း အနောက်ဘက်တွင် ပုန်းအောင်းနေစဉ် ရှာဖွေတွေ့ရှိပြီး စုပေါင်း အဓမ္မပြုကျင့်ခဲ့ကြပါသည်။ သူမနှင့် အတူဖမ်းဆီးမိ၍ ပေါင်နှင့်ပါးပြင်တွင် ဓားမြောင်ဖြင့် ထိုးဖောက်ခံခဲ့ရသူ ဦးရိုးတဂွေးဆိုသူက ဒီလို ပြောပြရှာပါတယ်။"ကျနော်တွေ့ ခဲ့တာကတော့ ဒေါ်ဂွာမလေးကို စစ်သား(၁၀)ယောက် လောက်က ၀ိုင်းထားပြီး သူမခန္ဓာကိုယ်မှာ နေရာမရွေးတယောက်ချင်းစီ၊ ကိုယ်ကြိုက်တဲ့နေရာမှာ ဒုတ်နဲ့ ရိုက်သူကရိုက်၊ သေနတ်နဲ့ ထုသူကထု၊ ဓားမြောင်နဲ့ ထိုးသူကထိုး၊ ခေါင်းမှာသေနတ်ဒင်နဲ့ ရိုက်သူကရိုက် လုပ်နေကြတာကို ကျနော့ကို ချည်ထားတဲ့ မလှမ်းမကမ်း နေရာကနေနေရတာပါ။ သူမ အော်ငိုတော့ ထပ်ရိုက်ကြတယ်။

သူမလဲကျသွားတော့ ဓားမြှောင်သေးသေးလဲနဲ့ ထပ်ထိုးကြတယ်။ နောက်တော့ အ၀တ်အစား အကုန်ချွတ်ပေး လိုက်တာတွေ့ တယ်။ စစ်သားတွေက သူမကိုဝိုင်းရံထား ပြီး တချို့ ကထိုင်လိုက် ထလိုက်နဲ့ ရှုပ်နေကြတယ်။ အဓမ္မပြုကျင့်ကြတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆက်ဆံနေတာ ကျနော် ကွင်းကွင်းကွက်ကွက် မမြင်ရပေမဲ့ ဒေါ်ဂွာမလေးက တအားအော် ဟစ်ငိုယိုရှာပါတယ်။ အ၀တ်အစား အကုန်ချွတ်ပေးပြီး ယောင်္ကျားသားတွေဝိုင်းထား တယ်ဆိုတာ ၀ိုင်းကြည့်ရုံတော့ မဟုတ်ဘူးဆိုတာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး ကျနော် သိတယ်။

 စစ်သားတွေက ဒေါ်ဂွာမလေးကို အဲသလို မတရားပြုကျင့် နေချိန်မှာ စစ်သားတွေက ကျနော့ကိုလည်း စပြီးနှိပ်စက်နေပါပြီ။ ဒါကြောင့်ကျနော်လဲ သတိလစ်တချက် မလစ်တချက် ဖြစ်လာနေရင်း ကမြင် နေရတာပါ။ သူမတအား အော်ငိုရှာတယ်။ အော်ငိုတော့ပါးရိုက်တယ်။ ပစ်သတ်မယ်လို့ ပြောသလား မသိဘူး။ သေနတ်နဲ့ ချိန်ရွယ် ထိုးနှက်ကြပြန်တယ်။ နောက်ဆုံးတော့ ဂွာမလေး မေ့လဲ သွားတာ ကျနော်တွေ့ခဲ့တယ်။ စစ်သားတွေက ကျနော့ကို သေနတ်နဲ့ချိန်ပြီး စစ်ဆေး မေးမြန်းကြပါတယ်။ သူတို့မေးတာ ကျနော်ဘာမှ နားမလည်ဘူး။ ကျနော်က ဗမာစကားတတ်ဘူး။ သူတို့ ပြောတာကို နားမလည် လို့  ကျနော် ဘာမှပြန်မပြော တတ်တော့လဲ ကျနော့ခေါင်းကို သေ နတ်ဒင်နဲ့ အားကုန် ထုကြပြန်တယ်။ ညာ ဘက်ပါးစောင်းနဲ့ နံရိုးတွေမှာဓားနဲ့ ထိုးကြတယ်။ ကျနော့ကို သစ်ပင်မှာ ချည်တုတ်ထားတယ်။ တဖွဲ့  ပြီးတဖွဲ့လာပြီး တုတ်နဲ့ ရိုက်လိုက်၊ ကန်ကြောက်လိုက်၊ ပါးရိုက်လိုက်၊ သေနတ်နဲ့ ချိန်ပြီး လှံစွပ်နဲ့ ထိုးလိုက်လုပ်ကြတယ်။
ပါးစောင်းကိုဓားမြှောင်ဖြင့်ထိုးခံခဲ့ရသည့်ယိုးတဂွေး
ကျနော့ကိုရော၊ ဒေါ်ဂွာမလေးကိုရော (၃)ရက်တိတိထမင်းလဲမကျွေး၊ ရေလဲ မတိုက်ကြပါဘူး။ ကျနော့ကိုတော့ နေရော၊ညရောချည်ထားကြတယ်။ ဒုတိယနေ့မှာ ကျနော့ကို ထပ်ပြီ်း နှိပ်စက် စစ်ဆေးကြတော့ တာပါပဲ စစ်သားတဖွဲ့ ရောက်လာပြန်ပြီး သတ်ပစ်မယ်လို့ ပြောတာထင်တယ်၊ ကျနော့ကို သေနတ်နဲ့ ချိန်ထားကြပြီး တယောက်ကတော့ ကျနော့ရဲ့ ဘယ်ဘက်ပေါင်လည်မှာ ဓားမြှောင်နဲ့ ထိုးထည့်လိုက်ပါတယ်။ မခံနိုင်လို့ကျနော် အော်ငိုပါတယ်။ အော်ငိုတော့ ထပ်ပြီးထိုးပြန်တယ်။ ဒီလိုအော်ငိုလေ ထပ်ခါထပ်ခါထိုးလေ လုပ်ပါတယ်။ 
ပေါင်မှာ ဓားမြှောင်ဖြင့် တဘက်ထိ ပေါက်အောင်ထိုးခံခဲ့ရသည့် ဒဏ်ရာနှင့်ယိုးတဂွေး.
နောက်ဆုံးတော့ ပေါင်တဖက် ပေါက်သွားအောင် ထိုးထည့် လိုက်ကြပါတော့တယ်။ သွေးတွေ အလိမ်းလိမ်းဖြစ်နေပါပြီ။ ခေါင်းကိုလည်း သေနတ်ဒင်နဲ့ ထုထည့်လိုက်တာနဲ့ တပြိုင်နက် ကျနော် သတိမေ့သွား ပါတော့တယ်။ ကျနော် သတိလည်လာချိန်မှာ ဗမာစစ်သားတွေ မရှိတော့ဘူး။ ကျနော်နဲ့ သိပ်မလှမ်းမကမ်းမှာတော့ အ၀တ်ဗလာပေါ် အ၀တ်နည်းနည်း ဖုံးထားပေးပြီး သွေးတွေ၊ မစင်တွေနဲ့ ပေကျံလျှက် သတိမေ့မျောနေတဲ့ ဒေါ်ဂွာမလေးကိုတွေ့ ပါတယ်။

ဒါပေမဲ့ကျနော် မထနိုင်ဘူး။ သတိလည် တချက်၊ မေ့တချက်ဖြစ်နေပါတယ်။ အဲဒီဘုရားကျောင်းနားမှာ ကျနော်တို့ နှစ်ယောက် သတိမေ့မျောနေချိန်မှာ NDA (K) – (နယ်ခြားစောင့်တပ်ဖွဲ)မှ စစ်သားမှာ တွေ့ ပြီး ပန်ဝါဆေးရုံကို ပို့ပေးကြပါတယ်။ ပန်ဝါဆေးရုံမှာလဲ ဆေးရုံဝန်ထမ်းတွေအားလုံးက ရှေ့ တန်းကဒဏ်ရာရ စစ်သားတွေကို ပြုစုစောင့်ရှောက်တာနဲ့ အလုပ်ရှုပ်နေကြတော့ ကျနော့ကို ကောင်းကောင်း ဂရုမစိုက်နိုင်ကြ တော့ဘူး။ ဒါကြောင့် လီဆူဆွေမျိုးတွေက တရုတ်ပြည်နယ်စပ် ဆေးရုံမှာဆေးသွားကုဖို့ အတွက် ခေါ်ထုတ် သွားကြပါတယ်။ ကျနော်နဲ့ ဒေါ်ဂွာမလေး ၃ရက်လုံးလုံး လုပီးဘုရားကျောင်းနားမှာ မေ့မျှောနေခဲ့ကြတာပါ။
ကျနော့အမျိုးသမီးတော့ ကိုယ်တပိုင်း သေနေတဲ့လူနာပါ။ စစ်သားတွေ ၀င်လာချိန်ကျနော့ကို ဖမ်းသွားပြီး ကျနော့ရှေ့မှာတင် ကျတော့ဇနီးကို အိမ်အပြင်ကို ပစ်ထုတ်လိုက်ကြတယ်။

ကျနော့ဇနီးတော့ သေသွားပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်သက်သာလာရင် ကျနော့ဇနီးကို လိုက်ရှာ ချင်သေးတယ်။ ကျနော်တို့ ၂ယောက်မှာ ကလေးမရှိဘူး။ တယောက်ပဲရှိတာ ဆုံးသွားပါပြီ။" ဘာကြောင့် ကျနော်တို့ကိုဒီလိုလုပ်လဲဆိုတာ သူတို့ပြောတဲ့ စကားကလဲ နားမလည်တော့ခက်တယ်။ ကျနော့အထင်တော့ သူတို့ကျနော်တို့ကို ကေအိုင်အေနဲ့ မသင်္ကာလို့ ဖြစ်မယ်လို့ပဲ ထင်ပါတယ်။ ကျနော်တို့ ရွာသားတွေက ရိုးရိုးသားသားပဲ လုပ်ကိုင် စားသောက်နေကြတာပါ။ ဘယ်သူနဲ့မှ ရှုပ်ရှုပ်ရှက်ရှက်တော့ မလုပ်ခဲ့ဘူး။ ဒါပေမဲ့သူတို့ ဘာကြောင့် ဒီလိုလုပ်လဲ မသိတော့ဘူး။"

ဒေါ်ဂွာမလေးကတော့ ယခုအချိန်တွင် စိတ်ဒဏ်ရာ ဆိုးဆိုးဝါးဝါး အနာတရဖြစ်သွားပြီး လူတွေ ကိုကြောက်လန့် ထိတ်လန့်ပြီး၊ စကားလဲ မပြောတော့ပါ။ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စသည့် လက္ခဏာ များတွေ့ ရသဖြင့်မိသားစု၊ ဆွေမျိုးများက စိတ်အထူးကု ဆေးရုံသို့ပို့ရန် စီစဉ်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရပါသည်။ ဒေါ်ဂွာမလေး၏ ခင်ပွန်း ငွါးဆာကတော့ "အစတုန်းကအကောင်းကြီးပါ။ ဒီလိုမဟုတ်ပါဘူး။ အခု တော့ဘာမှ မေးလို့မရ။ ဆွေးနွေးလို့လဲ မရတော့ဘူး။ အိမ်ပြန်ချင်တယ်။ တခုပဲပြောပါတယ်။ ကျနော် အရမ်းဝမ်းနည်းတယ်"လို့ မျက်ရည်ဝဲပြီး ပြောရှာပါတယ်။ ဒါတွေဟာ လက်ရှိကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း လွန်ခဲ့တဲ့ မေလ(၁)ရက်နေ့မှစပြီး အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ် (NDA (K)) တို့နဲ့ ကေအိုင်အေတပ်များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် ဒုက္ခသည် တိုင်းရင်းသား ပြည်သူတွေ လက်တွေ့ ခံစားနေကြရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေပါ။ နာကြည်းမှု၊ မုန်းတီးမှုတွေ သံသရာလည်ရင်း မြန်မာပြည်ငြိမ်းချမ်းရေး လမ်းစပျောက်သွားမှာ ကိုစိုးရိမ်စွာဖြင့် စုံစမ်း တင်ပြအပ်ပါသည်။

တင်ပြသူ-
အမျိုးသမီးရေးနှင့်ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတဦး
သို့ 
      ဒီမိုဝေယံသတင်းငှာန
လေးစားစွာဖြင့် တင်ပြလိုက်ပါသည်။
ဧပြီလ၂၆ မှစပြီး ကေအိုင်အေနှင့် အစိုးရ+နယ်ခြားစောင့်တပ်တို့ ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ဒေသခံတိုင်းရင်းသား/သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုသတင်းကို ပေးပို့လိုက်ပါသည်..။

လေးစားစွာဖြင့်

မမိုင်းဂျာ
အချက်အလက်များ -
ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံးမှ ဖြစ်ပါသည်။

အခွင့်သာမယ့် အခိုက်အတန့်ကို စောင့်မျှော်လျှက်ပါ.. (ပေးစာ)

Posted: 18 May 2012 10:37 AM PDT


အခွင့်သာခိုက် ဂွင်မရိုက်စေချင်ပါ နောက်ဆက်တွဲများ 
 (ပေးစာ)
ကျေးဇူးတင်ပါတယ် ဒီမို ... အခွင့်သာခိုက်မှာ ဂွင်မရိုက်စေချင်ပါ.. (ပေးစာ)ဟာ နိုင်ငံခြားသားနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ အကြောင်းအရာလေးမို့ လွှတ်တော်ထဲ တိုက်ရိုက် ပေါက်သွားတဲ့ အရေးပါတဲ့ သတင်းတစ်ခု ဖြစ်သွားရတယ်။ ...ရောက်ခွင့်မရတဲ့ သတင်းလေးတွေထဲက တစ်ချို့ကြုံခဲ့ ရတာလေးတွေ အကြောင်းတိုက်ဆိုင်လို့  ဒီမိုကို ပြောပြချင်ပါတယ်။

...မြန်မာနိုင်ငံတော် အစိုးရကမေတ္တာ စေတနာပြည့်ဝစွာနဲ့ တစ်နှစ်တာအပန်းဖြေဘို့ သင်္ကြန်ပိတ်ရက်၁၀ ရက်ပိတ်ပေးပါတယ် ကျောင်းသား/သူတွေ ၀န်ထမ်းတွေဟာ ဒီအချိန်မှာ မွေးရပ်မြေကို ပြန်ကြတယ်။ ဆွေမျိုးသားချင်းတွေဆီ အလည်အပတ်သွားကြတယ်။ ဘုရားဖူး အပန်းဖြေသွားကြပါတယ်။ 

..ပိတ်ရက်နီးလာတဲ့ ၂ ပတ်လောက်အလိုမှာဘဲ ပြသနာက အစပြုနေပါပြီ။ နင်ကားလက်မှတ် အဆင်ပြေလား ...ငါမရသေးဘူး ဘယ်နေ့တစ်ရက်ဘဲ ရောင်းမယ်ပြောတယ် ..မနက်၎နာရီ လာဝယ်ရမယ်တဲ့ မိုးလင်းတာနဲ့ လက်မှတ်ကုန်သွားပြီ... ၁၁၀၀၀ိ/ ပုံမှန်လက်မှတ်က အခု ၂၀၀၀၀ိ/ဖြစ်သွားပြီ .. ရုံးတက်ရက် အမှီပြန်ဘို့ လက်မှတ်မလွယ်ဘူး။ ရုံးတက်ရက် မမှီရင် အဖြတ်ခံရတော့မယ်.... ဆိုတာတွေ ရုံးတိုင်းမှာ အလုပ်ထဲ စိတ်မပါနိုင်အောင် ရှုပ်ထွေး နေပါတော့တယ်။ ရုံးလုပ်ငန်းတွေ လုပ်ရမယ့် အချိန်တွေမှာ ဟိုက်ဝေးဂိတ်တွေသွား ဖုန်းတွေဆက်နဲ့ ပြန်ဘို့ သွားဘို့အရေးတွေဘဲ လုံးပန်း နေရပါတော့တယ်။ သင်္ကြန်နား ရောက်တာနဲ့ ခရီးသည်တင် မော်တော်ယာဉ်တွေ ကလည်း ပိုတွက်ခြေကိုက်မဲ့ ဘုရားဖူး ကားအသွင် ကူးပြောင်း ကုန်ပါတော့တယ်။

ဒါဆိုရင်ကြိုတင် စီစဉ်လို့ရတဲ့ ဘုရားဖူးဘဲ သွားကြည့်ကြရအောင် ...ယခင်နှစ်က သင်္ကြန်မှာ မန္တလေးက သူငယ်ချင်းဆီ သွားချင်ပေမယ့် ကားလက်မှတ်မှောင်ခို/ ရထားလက်မှတ် တန်းစီမရတွေကြောင့် နာမည်ရှိတဲ့ ဂိတ်တစ်ခုရဲ့ ဘုရားဖူး အစီအစဉ်နဲ့ ရွှေစက်တော်၊ မုံရွာအလောင်းတော် ကဿဖ ခရီးစဉ်ကို သွားခဲ့ပါတယ်။ ဘုရားဖူးကား လက်မှတ်က သတ်မှတ်ရက်အတွက် အချိန်မရွေး ရောင်းပေးပါတယ်။ ကားကဘယ်ဆီမှာ မှန်းမသိပါဘူး၊ အဝေးပြေးက ကားဂိတ်တွေနဲ့ ညှိတုန်း၊ လူမပြည့်ရင် ကားချင်း ပေါင်းပေးမယ်။ နောက်ဆုံးပေါင်းလို့ မရရင် ငွေပြန်အမ်းမယ် ဒါပါဘဲ။

...သွားမယ့်နေ့မှာတော့... ဘယ်တော့မှ ထွက်ချိန် မတိကျတဲ့ ကားတွေကို ကားထွက်မယ့် အချိန်ထက် ၃/၄နာရီစောပြီး ဘယ်ကားမှန်း၊ ဘယ်မှာမှန်းမသိတဲ့ ကားကို ယောင်လည်လည်နဲ့ ငေးမောရင်း ကြေးသွန်းဘုရားကြီး ရှေ့မှာ စောင့်ကြရပါတယ်။  နေ၀င်မိုးချုပ်ကနေ စောင့်လိုက်ရတာ  ည ၁၀နာရီသာ ကျော်သွားတယ် ကိုယ့်နာမည် ခေါ်သံမကြားရတော့မှ ခပ်ဝေးဝေးမှာရှိနေတဲ့ ဂိတ်မှူးတွေ သွားမေးမှ ကိုယ်တွေ စီးရမယ့် ကားကမင်္ဂလာဒုံ ရောက်နေပြီတဲ့ လူတွေကျန်ရစ်ခဲ့လို့ ဖုန်းပြန်ဆက်ပါသတဲ့။ နောက်ကားနဲ့ တင်ပေးလို့ ရွှေစက်တော်ကို နောက်တစ်နေ့မှာ ဖူးရပါပြီ။ ကားပေါ်က မဆင်းမှီမှာ Guide လို့ခေါ်သူက တည်းခိုရမည့် တည်းခိုခန်းများ အကြောင်း စပြောပါတော့တယ်။ အရင်က ပြောတဲ့ဈေးက တစ်ယောက်၃၀၀၀ိ၊ အခု၈ ယောက်တစ်ခန်း ၅သောင်းတဲ့ လူမပြည့်လဲ ၅သောင်းပါဘဲတဲ့ ပိုင်ရှင်ကလဲ သူငယ်ချင်း၃ယောက်ထဲမို့ လျှော့ဘို့လာမပြောနဲ့ မျက်နှာထားက ခပ်တင်းတင်းတွေပါ ..နောက်တော့ မြိတ်က လာတဲ့မိသားစု ၄ယောက်နဲ့ စုပြီးငှားဖြစ် သွားပါတယ်။ အမှန်မှာတော့ ၅ယောက်လောက် အတွက်ဘဲ သင့်တော်ပါတယ်။.၀ါးကြမ်းခင်းကကျဲကျဲ ၀ါးကပ်အမိုးကကျဲကျဲ မင်းဘူး နေကပူပူပါ။ 

ဘုရားဖူးကားက ထမင်းကျွေး စရိတ်ငြိမ်းလို့ဆိုထားပါတယ်။ ဆင်ခြေပေးတာကတော့ အချိန်လွန်သွား လို့ပါ၊ လမ်းခုလတ်ရောက်နေလို့ပါ ဂိတ်နဲ့စကားများလို့ ထမင်းချက်သမား ပါမလာပါ အကြောင်းပြ ၊guide လုပ်သူကထမင်းပြေးချက်နေရရှာတယ် ဆိုပြီးမြန်မာလူမျိုး ဘုရားဖူးသွားတွေက သနား၊ အေးချမ်းစွာ သွားရရင်ပြီးတာဘဲလေဆိုတဲ့ စေတနာတွေနဲ့ ကျွေးချင်လဲကျွေး မကျွေးလဲရကြပါတယ်။ ဒီလိုနဲ့ ၅ကြိမ်လောက်က ထမင်းကျွေးဘို့ လွတ်သွားတော့လဲ အပြန်ခရီးမှာ Guide လဲ အဆင်ပြေတာပေါ့။ မုံရွာမရောက်ခင် ကားပေါ်မှာ Guide က မုံရွာကနေ အလောင်းတော်ကဿပကို Minibus နဲ့ဆိုရင် ၁၅၀၀၀ိ/ Dyna နဲ့ဆိုရင် ၁၀၀၀၀ိ/ (ပုံမှန်က ၆၀၀၀ိ/ခန့်) ပါ /ဘုရားဖူးတွေကရပါတယ်။ သက်တောင့်သက်သာ Minibus နဲ့တစ်ယောက် တစ်ခုံကျ ၂စီးငှားလိုက်ပါတဲ့  အားလုံးသဘောတူပါတယ်။ ည ၁၂ နာရီလောက်မှာ ကားပေါ်တက်ကြတော့ တစ်စီးထဲမှာ စုပြုံတိုးဝှေ့ ဘယ်လိုလဲ..။ အပြောတခြား အလုပ်တခြားလေ။
အလောင်းတော် ကဿပမှ ဆင်ငှားစခန်း..
 မပြောတော့ပါဘူးလေ အများနဲ့ဘဲ ..ဘုရားဖူး လာကြတာဆိုတော့..နဲ့ အခွင့်အရေးပေး လိုက်ပြန်ပါတယ်။ ဆင်စခန်းရောက်ပြီ ၄ယောက် ၈၀၀၀ိ/ သစ်သားစင်တွေဆီကို ဆင် ၁၀ ကောင်မှာ ၈၀၀၀ိ/တန်ဆင်က ၅ကောင်လောက် လဲဝင်လာပါတယ်။ ကျန်တဲ့ဆင်တွေက ၁၅၀၀၀/၂၀၀၀၀/ ဆင်တောင် Black Market ဖြစ်နေပါပြီ/ အခွင့်သာတဲ့ အခိုက်လေးပါ ..ရပါတယ်လေ။ ဒို့သွားနိုင်တဲ့ ရက်ကလည်း ဒီရက်လာ ဖြစ်နေတာကိုး။ အပြန်လမ်းမှာတော့ လက်မှတ်ဝယ်စဉ် ခရီးစဉ်ထဲမှာပါတဲ့ ဖိုလ်ဝင်တောင်ကိုများ ၀င်မလား၊ ဒီမ၀င်ဖြစ်တော့ရင် သမိုင်းဝင် ရွှေဂူနီဘုရားတော့ ပို့မှာပါလေ။ ဒီလိုထင်ထားတာ..။ တကယ်တမ်းကျတော့ ဟိုလဲမရောက် ဒီလဲမပို့ .... မန္တလေးရောက်ရင် ဦးပိန်တံတားကိုပါပို့မယ် ... ကောင်းလိုက်တဲ့ စေတနာတွေ။

 ...အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ ကျော်ခွချန်ခဲ့တာ တော်တော်များများပါ။ ဒါပေမယ့် မြန်မာလူမျိုးစစ်စစ်တွေပါ။ ဗြဟ္မစိုရ် တရားလက်ကိုင်ထား မေတ္တာပွားရင်း ခရီးသွားဖေါ်တွေနဲ့ ပျော်ရွှင်စွာခရီးကို အဆုံးသတ် နိုင်သူတွေပါ။ နောင်နှစ်တွေမှာတော့ ဘုရားဖူးသွား မိတ်ဆွေသစ်တွေက ဒီနှစ်ဘယ်သွားလဲ ဘာနဲ့သွားဖြစ်လဲ ကားလိုင်းက ၀န်ဆောင်မှုတွေကောင်းရဲ့လားစသည် အလာပသလာပ မေးခွန်းတွေအတွက် အကောင်းဆုံး ဖြေချင်မိပါတယ်။
ဒါက ယခင်နှစ်များက သွားခဲ့အကြောင်းပါ ဒီနှစ်တော့ ကိုယ့်မွေးရပ်မြေက ကျိုက်ထီးရိုး မရောက်ဘူးသေးသူ ၂၀ လောက်ကို Townace လေးတစ်စီး စီးလုံးငှားပြီး တောင်သူလယ်သမားနေ့၊ စနေ၊တနင်္ဂနွေ ပိတ်ရက် (၃)ရက်မှာ ပို့ပေးခဲ့ပါတယ်..ကားနဲ့ အစားအသောက်တွေ ကိုယ်တိုင် စီစဉ်ခဲ့တဲ့အတွက် အားလုံးအဆင်ပြေပါတယ်။ မပြေတာက ခရီးသွားတိုင်းရဲ့ ဇာတ်လိုက် တည်းခိုခန်း ပြသနာပါဘဲ။ မနက်အစောကြီး မိုးမလင်းခင် တောင်ပေါ်ရောက်ပါတယ်။ တည်းခိုခန်းက ပုံမှန် ၂၀၀၀၀ိ/ ယခု ၆၀၀၀၀ိ/ ပါတဲ့ ၅ယောက် လောက်အတွက်ဘဲ ဖြစ်ပါတယ်။ ၁၀ ယောက်အတွက် ၈၀၀၀၀ိ/ ၁၂၀၀၀၀ိ/ စသဖြင့် ၃..၄ ဆ ပြောချင်တဲ့ဈေး ပြောဆိုနေကြပါပြီ။ မနက် ၈ နာရီ/၁၀နာရီလောက်မှ ပြန်လာကြည့်ပါတဲ့ လာမှ ဈေးပြောမယ်တဲ့ ဘုရားဘယ်ဆီမှာမှန်း မသိနိုင်သေးပါဘူး။ ပါလာတဲ့ ပစ္စည်းလေး နေရာချပြီး အေးအေးဆေးဆေး ဘုရားဖူးကြရအောင်လဲ အဆင်က မပြေ ဖြစ်နေရတော့တယ်။ တည်းခိုခန်းကိစ္စနဲ့ နေ့တစ်ဝက် ရောက်နိုင်တယ် ဒါကြောင့် တစ်ယောက်က အထုတ်တွေ ထိုင်စောင့် ကျန်သူတွေ နေမပူခင် ဘုရားတွေ သွားဖူးကြပေါ့။ ..ကျန်ခဲ့ရသူလည်း သနားရပါတယ်..။ ကျိုက်ထီးရိုးက ဂေါပကတွေရဲ့ ကြီးကြပ်မှုအောက်က တည်းခိုဆောင်ကြီးတွေက ခန့်ညား လွန်းပါတယ်၊ တာဝန်ရှိသူတွေ၊ ၀န်ထမ်းတွေ စိတ်ဓါတ်တွေလည်း ခန့်ညားစေချင်ပါတယ်။

မြန်မာလူမျိုးတွေဟာ စေတနာ သဒ္ဒါတရား အားကောင်းကြပါတယ်၊ အတင်းဖန်တီး ရယူဘို့မလိုပါဘူး၊ လှူချင် တန်းချင် ပေးကမ်းစွန့်ကြဲချင်သူများပါ။ ကိုယ့်အပေါ်နည်းနည်းကောင်းရင် ကိုယ်ကများများ ပြန်ပေးဆပ်ချင်သူများပါ။ ဘုရား၊ ပုထိုးတွေအတွက် ကန်ထရိုက်စံနစ်တွေက အကျည်းတန်မှု တွေဖြစ်စေတယ် ဆိုတာတော့ သတိပြုကြစေချင်ပါတယ်။ အတင်းအလှူခံလိမ့်မယ်.... သတိထား.. ဆိုတာမျိုးတွေ ကြားကြားနေရတာလဲ စိတ်မချမ်းသာလှပါ။ ဘုရားရိပ် တရားရိပ်ဟာ သက်ရှိအားလုံးရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းအောင် အလိုလို ဖမ်းစားနိုင်တဲ့ နေရာတစ်ခုပါ။ အေးချမ်းတဲ့ နေရာတစ်ခုကို ပူလောင်တဲ့ သောကတွေ မရောက်စေချင်တဲ့အတွက် အခွင့်သာခိုက်လေး Long Comment လေးပို့ပေး ခြင်းပါ။ ပိတ်ရက်များသာ အားကိုးသွားလာရတဲ့ ၀န်ထမ်းများအားလုံး အများနည်းတူ စိတ်ချမ်းသာမှု ရနိုင်ကြပါစေ။ 

တာဝန်ရှိလူကြီးမင်းများမှ အသေးအဖွဲ ကိစ္စလေးများ ဖြစ်သော်ငြားလဲ လူသား အကျင့်စရိုက်များ ကူညီပြောင်းလဲ ပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။ ခေတ်မှီ စည်းကမ်း ပြည့်ဝသော နိုင်ငံတော်ကြီးဆီသို့ အမြန်ရောက် စေချင်ပါသည်။ တစ်ပိုင်တစ်နိုင်က စပြီးစည်းကမ်း ပြည့်ဝမှုရှိပါမှ နိုင်ငံတကာအဆင့်အထိ စည်းကမ်းကျန ခန့်ညားနိုင်မည် ဖြစ်ပါသည်။ ကိုယ့် နိုင်ငံထဲမှာ လည်ပတ်စရာ နေရာများစွာ ရှိပါသည်၊ သို့ပါသော်လည်း ယခုအခါ စံနစ်ကျသော ၀န်ဆောင်မှုများ အပြည့်ပေးနိုင်မည့်  Over sea  trip များရွေးချယ်မှု ပိုများလာပါသည်၊ ကိုယ့်ရေမြေကို ပိုပြီးတန်ဘိုး ထားတတ်ချင်ပါသည်။ အားလုံး တန်ဘိုးရှိကြပါစေ၊ တန်ဘိုးထားနိုင်ကြပါစေ။  

(ဒီအကြောင်းလေးတွေ နားထောင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဒီမို..)

ဝန်ထမ်းတဦး..
ဓာတ်ပုံများ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်