[moemakadaily@moemaka.biz] 18th May - MoeMaKa Daily

အမေရိကန်အစိုးရက ဆန်ရှင်ကို ဆက်သက်တမ်းတိုးသော်လည်း တင်းကြပ်မှု ဖြေလျော့ပေး
သတင်းဌာနများ သတင်းကောက်နုတ်ချက်၊ မိုးမခ၊ မေ ၁၈၊ ၂၀၁၂
ယမန်နေ့က အမေရိကန်ပြည်ထောင်စု၏ အိုဘားမားအစိုးရက မြန်မာပြည်အစိုးရကို ပိတ်ဆို့အရေးယူမှုသက်တမ်း တနှစ်ဆက်တိုးလိုက်သည်။ သို့သော်လည်း စီးပွားရေး ရင်းနှီးမြုပ်နှံမှုများကို ယာယီကင်းလွတ်ခွင့်ပြုလိုက်သည်ဟု ဆိုသည်။ လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်းတို့ကို ဆက်လက်ထားရှိမည်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူ အာဏာရှင်နှင့် အပေါင်းအပါများ မိသားစုများအပေါ် ငွေကြေးပိတ်ဆို့ခြင်းကို ပြန်လည် စိစစ်မည်ဟု သတင်းစာများတွင် ဖော်ပြထားသည်။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူအဖွဲ့အစည်းများနှင့် မြန်မာ့အရေးလှုပ်ရှားသူများက အမေရိကန်အစိုးရ၏ ခြေလှမ်းကို ဝေဖန်ကြသည်ဟု ဆိုသည်။ အမေရိကန်အစိုးရကမူ မြန်မာပြည်တွင်းစစ်ရပ်ဆိုင်းရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့်တကွ မြန်မာပြည်ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဆက်လက် တိုက်တွန်း နှိုးဆော်သွားမည်ဟု ပြန်ကြားသည်။
အမေရိကန်က မြန်မာပြည်အတွက် သံအမတ်အဆင့် ကိုယ်စားလှယ်တိုးမြှင့်ခံ့ထားလိုက်ပြီး မြန်မာပြည်သို့ အမေရိကန်ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်များကလည်း လေ့လာရေး ရောက်ရှိနေပြီ ဖြစ်သည်။ ဘဏ်၊ ငွေကြေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများ နှစ်ဖက် ထူထောင် လမ်းဖွင့်ရန်အတွက် အစိုးရပိုင်းသာမက ကုန်သည်များအသိုင်းအ၀ိုင်းကပါ စိတ်အားတက်ကြွနေသော အချိန်အခါ အခြေအနေဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ အမေရိကန်၏ မြန်မာပြည်အပေါ်မူဝါဒအပြောင်းအလဲကို ထုတ်ပြန်ချိန်တွင် မြန်မာပြည်ကြံ့ဖွံ့အစိုးရအသစ်၏ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်လည်း အမေရိကန်သို့ ရောက်ရှိနေချိန်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်ဒီပါတီက ကြံ့ဖွံ့အစိုးရထံတွင် ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြီးသည့်နောက်ပိုင်း မြန်မာပြည်၏ စစ်အစိုးရအဆက်ဆက်အပေါ် နိုင်ငံတကာ၏ အရေးယူမှုများ တင်းမာမှုများ လျော့ကျလာခဲ့ပြီ ဖြစ်သည်။

Mandalay Food - informal guide


မန်းလေး အစားအသောက်လမ်းညွှန်

on Thursday, 17 May 2012 at 18:14 ·
 Facebook & Blog repost / share
by ChoZin De Earthzprinzezz on Thursday, May 3, 2012 at 2:35pm ·
အနှိ လမ်းညွန်အား ရေးသားသော ငတိမသည် အလွန်တရာ အစားကြီးသလို ဟိုစပ်စပ် ဒီစပ်စပ် ပါလေကာ ဖြစ်သောကြောင့် အဝေးမြို့များမှ လာရောက်လည်ပတ်ကြမည့် အပေါင်းအသင်းမိတ်ဆွေများအတွက် ရည်ရွယ်ကာ ရေးသားပြုစုထားခြင်းဖြစ်လေသည်၊
လိုအပ်ချက်များရှိပါက ၀ိုင်းဝန်းဖြည့်စွက်ကြရန် ဦးစွာ ပဏာမ ပန်ကြားအပ်ပါသည်၊

မုန့်တီ
မန်းလေးမြို့ကို ရောက်ပြီဆို ဘာစားမလဲ မောင်ရေခဲ ဟု အစချီမေးလျှင် လူတိုင်းနီးနီး တရာမှာ ၉၉ ကား မန်းလေး မုန့်တီကို တောင့်တ ကြတာပင်၊ ဒီမှာ ရှင်းစရာ ရှိလာပြီ မန်းလေးမုန့်တီတွင် နန်းကြီး၊ နန်းလတ်၊ နန်းသေး ၊ နန်းပြား ဟု ကွာခြားပေသည်၊ ရန်ကုန်မှာ ရောင်းသော နန်းကြီးသုတ်ဆိုသည်မှာ မန်းလေးတွင် နန်းလတ်ဟုခေါ်သော လက်သန်းလုံးမရှိတရှိ မုန့်တီ သာဖြစ်သည်၊ နန်းကြီးအစစ်ကား လက်မခန့်တုတ်ကာ တော်ရုံလူ တီကောင်နှင့်တူသဖြင့် မစားရဲသော မုန့်တီဖတ်တုတ်တုတ်ကြီးများ ဖြစ်သည်၊ နန်းသေးကား မုန့်ဟင်းခါးဖတ် ဖြစ်ကာ နန်းပြားမှာ ခေါက်ဆွဲပြားသုတ်ကို ခေါ်တာပင်၊
မန်းလေးမုန့်တီမှာ ပဲမှုန့်များများ ဆီချက် အသားများများနှင့် ဖြစ်ပြီး သူ့ကို တွဲစားရန် ဆိုင်က ကြက်သွန်နီနှင့် သံပုရာသီးပေးတတ်ပေသည်၊

ခိုတောင်မုန့်တီ
ခိုတောင်မုန့်တီမှာ မန်းလေးမုန့်တီနှင့်မတူ။ အသားမပါ ၊ ဆီချက် ပဲမှုန့်သိပ်မများပဲ။ ပဲသီး ဂေါ်ဖီ ထည့်သုတ်ထားခြင်းဖြစ်ကာ ဗယာကြော်ထည့်သုတ်လို့လည်း ရပေသည်၊ မန်းလေး မုန့်တီလောက် မအီ၊ အဲ့လောက်လဲဈေးမကြီးသောကြောင့် ပိုစားကောင်းသည်၊

မန်းလေးမြီးရှည်
မန်းလေးမြီးရှည်နဲ့ ရှမ်းမြီးရှည်နဲ့ လုံးလုံးလဲ မတူ ပြားပြားလဲ မတူပါ၊ မန်းလေးမြီးရှည်သည်တွေကို ရှာချင်ရင် လွယ်လွယ်လေးပင် လမ်းဘေးမှာ တပုံစံတည်း အထမ်းလေးတွေနဲ့ ရောင်းတတ်ကြတာပင်။ ( အဲ့သည်အထမ်းမပါရင် မြီးရှည် မစစ် .. မှတ်ကြသားကြလော့)
မန်းလေး မြီးရှည်စားပြီးရင် ဟင်းရည်ကို စားထားတဲ့ ပန်းကန်လုံးထဲ ထည့်သောက်ရသည်၊  ( အဲ့လိုမသောက် သစ္စာဖောက်ပဲ )

ရှမ်းအစားအစာ
အနှီ ကျွန်ုတို့နေထိုင်ရာ မန်းလေးမြို့သည်ကား ရှမ်းပြည်နယ်၏ တရုတ်မြို့တော် ဖြစ်သောကြောင့် အဲလေ မွှားလို့ ရှမ်းပြည် တရုတ်ပြည်တို့နှင့် နီးသောကြောင့် ရှမ်းစာ အလွန်ပေါလေသည်၊ မနက်မိုးလင်းသည်နှင့် တပြလျှင် ရှမ်းခေါက်ဆွဲဆိုင် တဆိုင်အနည်းဆုံး တွေ့ရပေမည်။ နေ့လယ်စာ ညနေစာအတွက်လည်း ရှမ်းထမင်းပုံစားဆိုင်များတွင် မြောက်ပိုင်းရှမ်းတို့၏ လက်ရာအား ငွေကျပ်တထောင်နှင့် သုံးဆောင်နိုင်ပေ၏ ။

ထိုးမုန့်
လူအများက လွယ်လွယ်နှင့် ထိုးမုန့် ခေါ်သော်လည်း အမှန်မှာကား ထိုခေါင်းစဉ်အောက်တွင် မာစကပ်၊ အိတုံ၊ ဒိုဒိုး ၊ဆနွင်းမကင်း၊ ရွှေကြည်၊ လမုန့် စသဖြင့် အမျိုးပေါင်းများစွာ ပါသည့်အပြင် တမျိုးစီတွင် မလိုင်၊ သီးစုံ ဆိုပြီး ထပ်ခွဲသေး၏။ ထို့ကြောင့် ဘာဝယ်ရမှန်းမသိလျှင် ထိုးမုန့်ဆိုင်တွင် အမြည်းစားပြီးမှ ကြိုက်ရာရွေးဝယ်နိုင်ပေသည်၊ ( ကျနော်ကတော့ ဘယ်သူထိုးမုန့်ဝယ်ဝယ် အမြည်းလိုက်စားတယ် )....

ထမနဲ
တခြားမှတော့ တမနဲ နှမ်းမနဲကို ပြာသို တပို့တွဲမှ ထိုးပေမယ့်၊ မန်းလေးက ဒေါ်ရှိကတော့ တနှစ်ပတ်လုံး ထိုးလေသတည်း၊ ( သာဓု ... သာဓု .. သာဓု )

ကြာဇံကြော်၊ ခေါက်ဆွဲကြော် ၊ ငါးရေခွံကြော်
မန်းလေးမှာ ဒန်အိုးအကြီးကြီးရွက်လာတဲ့ အသည်မြင်ရင် ဗေဒင်မမေးနဲ့ ကြာဇံကြော်၊ ခေါက်ဆွဲကြော် သည် ပင်၊ သည် အသည်တွေဆီမှာ ရတာ နောက်တမျိုးကတော့ ငါးရေခွံကြော်ပါ၊ ငါးဖယ် အရေခွံကို ကြွပ်နေအောင်ကြော်ထားပြီး မန်းကျည်းမှည့် အချဉ်ရည်နဲ့ တို့စားလဲ ရသလို ၊ ငရုတ်ဆီင်္ အချဉ်ရည် ဘာညာသရကာ ထည့်ပြီးလည်း သုပ်ရောင်းသည်၊

အသုပ်စုံ
မူလလက်ဟောင်း အသုပ်စုံသည်တွေမှာ တောင်းအကြီးကြီးကို ရွက်ပြီး အထဲတွင် ငှက်ပျောရွက်နဲ့ အကန့်လေးတွေ ကန့်ထားပြီး ကြာဇံ၊ ထမင်း၊ ကြွက်နားရွက်၊ ပူစီနံ၊ အာလူး၊ ငါးဖယ် မှအစ ကွိစိ ကွစိ အမျိုးပေါင်ျးားစွာ ပါတာပင်၊

ဂျုံယို၊ သာကူယို၊ နွားနို့ခဲ၊ နွားနို့ထမင်း ၊ ငှက်ပျောပေါင်း
ဒန်အိုးသေးသေးလေးတွေ ပလုံစီနေသော ထိုအသည်တွင် ဂျုံယို၊သာကူယို၊ နွားနို့ခဲ ၊ နွားနို့ထမင်း၊ ငှက်ပျောပေါင်း မှ စကာ မလိုင် ၊ နွားနီု့အထိ ပါတတ်သည်၊၊

နွားနို့ဟင်း
အပေါ်မှာ နွားနို့ထမင်း ညွှန်းပြီးပြီ ဆိုတော့ နွားနို့ဟင်းကိုလည်း ညွှန်းရပေမည်၊ နွားနို့ဟင်းမှာ ပူပူ ချိုချိုမွှေးမွှေး ဖြစ်ပြီး မလိုင်ဖတ်များများနှင့် မနက်ပိုင်း စားလို့တော့ အကောင်းသားပင်၊ ကျုံးတောင်ဘက် ၇၈ x၇၉ ကြားတွင် နွားနို့ဟင်းသည်တွေ မနက် ၊ ည ရှိသည်၊ ( နေ့လည်တော့ မရှိဘူး )

ဝက်သားတုတ်ထိုး
မန်းလေး ၀က်သားတုတ်ထိုးက ရန်ကုန်နဲ့ မတူ။ ရန်ကုန်တုတ်ထိုးကား င်္ဆီများ၏၊ ဆီကြော်နှင့်တူ၏၊ တုတ်ထိုးဗန်းထဲက အရည်ကို ခပ်သောက်ဖို့မကြိုးစားနှင့် ဆီတွေ သာဖြစ်ကာ ဘာမှ အရသာမရှိ၊  မန်းလေးတုတ်ထိုးကား ဟင်းရည်ထဲတွင် ပြုတ်ထားတာနှင့်တူပြီး တုတ်ထိုးဟင်းရည်ကို ကြက်သွန်ဖြူ ငရုတ်သီး ဓါးပြားရိုက်လေးထည့် သံပုရာရည်လေး ညှစ်သောက် ၊ ဒါမှ မဟုတ် ထမင်းဆီဆမ်းနှင့် ဆမ်းစား ( ရှလွတ် ) အ၇သာ ရှိလေသည်၊
တုတ်ထိုးဆိုင်များတွင် ကြာဇံကြော် ကော်ပြန့်ကြော် ဖက်ထုပ်ကြော်များပါ ရတတ်သည်၊

ပုရစ်ကြော်
ပုရစ်ကြော်ကတော့ ရာသီစာဖြစ်သဖြင့် မိုးအကုန် ဆောင်းအကူးမှာသာ ရတတ်သည်၊ ရန်ကုန်မှာ ရောင်းတဲ့ ပုရစ်ကြော်ကတော့ ဘုရားစူး ပုရစ်ကြော်ပင် ၊ ( အမျှင်မဖြတ် အတောင်မဖြတ် ခြေမဖြတ် ချီးမထုတ် ပဲ ဒီတိုင်းကြော်ရောင်းသတဲ့ အရပ်ကတို့ရဲ့ )။ သန့်စင်ပြီးသား ပုရစ်ကို ကြက်သွန်ဖြူ ဂျင်းနိုင်နိုင်နဲ့ ကြော်ထားသည်မှာ ကျွပ်ရွ မွှေးပျံ့ ကာ ထမင်းဆီဆမ်းနဲ့ စားစား ဒီတိုင်းမြည်းမြည်း အရသာ ရှိတာပင်၊

ဘုရားပွဲ မုန့်များ
မန်းလေးကို ဆောင်းရာသီမှာ သွားလျှင်တော့ မြို့တွင်းရှီ လမ်းတွေမှာ တလမ်းမဟုတ် တလမ်း ဘုရားပွဲနှင့် တွေ့ရမှာပင်၊ ဘုရားပွဲများတွင် မြန်မာမုန့် မုန့်ပေါင်း၊ မုန့်အုပ်ကလေး ၊ မုန့်ဆီကြော်၊ မုန့်ပစ်သလက်၊ ခဲလံချောင်း၊ မုန့်ဆပ်သဖူး ၊ အမဲအူပြုတ် အစရှိသည်တို့ကို မြည်းစမ်းနိုင်ပေသည်၊

Ashin Wiirathu - Buddhist Monks University in his dream

"အိပ်မက်ထဲက နတ်ဒေဝီ"
အိုးဘိုထောင်ထဲက အရှင်ဝီရသူ (မစိုးရိမ်)၏ အိပ်မက်ထဲက သာသနာပြုတက္ကသိုလ်
အရှင်ဝီရသူ(မစိုးရိမ်)။ မေ ၁၈၊ ၂၀၁၂
          ကျွန်ုပ်တို့သာသနာတော်၌  နိုင်ငံတစ်ဝှမ်းလုံးမှ သံဃာတော်များ ဝင်ရောက်ဖြေဆိုသည့် စာမေးပွဲကြီးတစ်ခုရှိ၏။ နိုင်ငံတော်အစိုးရ အဆက်ဆက်က ကြီးမှူးကျင်းပခဲ့သော စာမေးပွဲကြီး ဖြစ်၏။ ဓမ္မာစရိယနှင့် ပထမပြန် စာမေးပွဲကြီးဟု ထင်ရှား၏။ ပထမပြန်စားမေးပွဲသည် အခြေခံအဆင့်ဖြစ်ပြီး ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းဟူ၍ သုံးဆင့်ရှိ၏။ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းဟု လူသိများ၏။ အကြီးတန်း အောင်ပြီးလျှင် ဓမ္မာစရိယတန်း တက်ရ၏။ ဓမ္မစရိယတန်း ဆိုသည်မှာ (ဓမ္မ- တရားစာပေ၊ အာစရိယ- ပို့ချသူဆရာ) စာချဆရာဖြစ်အတန်း(စာချတန်း)ဟု အဓိပ္ပါယ်ရ၏။ ဓမ္မာစရိယ (စာချ)တန်း၌ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍ ကျမ်းရင်းသုံးကျမ်း ပြဌာန်းထားရာ တစ်ကျမ်းအောင်လျှင် တစ်ကျမ်းမှတ်သား ထားပြီး သုံးကျမ်းလုံးအောင်မြင်မှ ဓမ္မာစရိယတန်း အောင်လေသည်။ ဓမ္မာစရိယတန်းအောင်လျှင် နိုင်ငံတော်က သာသနဓဇ ဓမ္မာစရိယဘွဲ့ ချီးမြှင့်၏။ သာသနဓဇ- သာသနာ့တံခွန်၊ ဓမ္မာစရိယ- စာချဆရာ၊ သာသနဓဇဓမ္မာစရိယ- သာသနာ့တံခွန် စာချဆရာဟု အဓိပ္ပါယ်ရ၏။
"ဓမ္မာစရိယ သရုပ်ခွဲ"
ဓမ္မာစရိယအောင်ပြီးသူများတွင် မိခင်စာသင်တိုက်သို့ စာပြန်ချသူများလည်း ရှိလေသည်။ဥပမာ= ကျောက်ဆည်မြို့မှ အကြီးတန်းအောင်ပြီး မန္တလေးသို့ ဓမ္မာစရိယတန်း လာတက်သည့် စာသင်သားများသည် ဓမ္မာစရိယဘွဲ့ ရသည့်အခါ မိခင်စာသင်တိုက်ဖြစ်သည့် ကျောက်ဆည်မြို့သို့ ပြန်လည်စာချကြခြင်းမျိုး ဖြစ်လေသည်။
          ရိပ်သာကြွ၍ တရားစခန်းဝင်ပြီး တရားဟောဆရာ၊ တရားပြဆရာအဖြစ် ပဋိပတ်သာသနာပြုသူများလည်း ရှိလေသည်။ ဥပမာ= မဟာစည်ရိပ်သာကြီးသို့ ကြွရောက်တရားထိုင်သည်၊ ဉာဏ်စဉ်နာသည်၊ အဖွဲ့ကရွေးချယ်သည်၊ တရားဝင်ရင်း တစ်ဝါဆိုရသည်။ ပရိသတ်ရှ့မှာ အစမ်းတရားဟောပြီး ရွယ်ချယ်ခံရသည်။ ထို့နောက် ဆိုင်ရာရိပ်သာကြွ၍ ဝန်ဆောင်ဆရာတော် အဖြစ်လည်းကောင်း၊ နယ်လှည့်ဓမ္မကထိက အဖြစ်လည်းကောင်း၊ ရိပ်သာကြီးမှာပင် အမြဲနေအဆောင်မှူးအဖြစ် လည်ကောင်း ဆောင်ရွက်သာသနာပြုခြင်းမျိုး ဖြ၏။
          ကျောင်းထိုင်သူများလည်း ရှိလေ၏။ ဓမ္မာစရိယ အောင်ပြီးသည့်အခါ အသက်အရွယ်အားဖြင့် ကျောင်းထိုင်ချိန်လည်း ရောက်ရှိနေ၊ ကျောင်းထိုင်လိုစိတ်လည်း ပေါ်ပေါက်နေ၊ ကျောင်းထိုင်ပင့်မည့်သူများလည်း အရန်သင့်ရှိနေ၍ ကျောင်းထိုင် သာသနာ ပြုများဖြစ်လေသည်။
          အချို့မှာ အသက်အရွယ် ငယ်ရွယ်သေး၍ ဓမ္မာစရိယဘွဲ့မျှဖြင့် အားမရသေးဘဲ အဆင့်မြင့် စားမေးပွဲများ တိပိဋကဓရ စာမေးပွဲများသို့ ဝင်ရောက်ဖြေဆိုကြလေသည်။ ဆဋ္ဌမမြောက် တိပိဋကဓရ ရေစကြိုဆရာတော် ဦးဝါယာမိန္ဒ မှစ၍ နောက်ပေါ် တိပိဋကများသည် ဓမ္မာစရိယအောင်ပြီး တိပိဋကဝင်ဖြေခဲ့ကြသည့် ဆရာတော်များ ဖြစ်၏။
          အချို့မှာ လောကီလောကုတ္တရာ စွယ်စုံရ နှစ်ဖက်လှ၊ နှစ်ဖက်မြင် ပညာရှင်များအဖြစ် ရပ်တည်သာသနာပြုလို၍ BA-MA စသော ဘွဲ့ဒီဂရီများ ရရှိဖို့ ပြည်တွင်းပြည်ပရှိ တက္ကသိုလ်အသီးသီးသို့ ဝင်ရောက်ဖြေဆိုကြလေသည်။ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် မဟာစည်ရိပ်သာမှ နိုင်ငံခြားသာသနာပြု ဆရာတော်ဦးဓမ္မပိယ(Ph.D)စသည့် ဆရာတော်များသည် လောကမျက်လုံး၊ ဓမ္မမျက်လုံး ပိုင်ရှင်များအဖြစ် နှစ်ဖက်မြင်၊ နှစ်ဖက်လှ သာသနာပြုနေကြသူများ ဖြစ်လေသည်။
ကျန်ပုဂ္ဂိုလ်များမှာ မိခင်စာသင်တိုက်သို့လည်း ပြန်စရာမရှိ၊ စာသင်တိုက်ကြီးများမှာလည်း စာချဆရာပြည့်စုံနေ၍ နေရာမရ၊ အရာမရောက် တိပိဋကလည်းဆက်မလုပ်ချင်၊ ရိပ်သာလည်းမကြွချင်၊ ကျောင်းလည်းမထိုင်ချင်၊ ထိုင်ချင်သော်လည်း ကျောင်းမရှိ၍ ဝေလေလေ၊ ဝါးတားတား အလုပ်လက်မဲ့များ ဖြစ်နေကြလေသည်။ ကွန်ပျူတာသင်တန်း တက်သော်လည်း မတတ်မြောက်၊ အင်္ဂလိပ် သင်တန်းတက်သော်လည်း မတတ်တစ်ခေါက်နှင့်သာ ဟိုမရောက်ဒီမရောက် ဖြစ်နေကြလေသည်။ ထိုသို့ ဟိုမရောက်ဒီမရောက် ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များသည် (၆၀)ရာခိုင်းနှုန်းခန့် ရှိလေသည်။
          ၎င်းတို့သည် အင်္ဂလိပ်စာလည်း ဖြစ်မြောက်အောင် မသင်ကြ၊ ကွန်ပျူတာသင်တန်းတက်သော်လည်း လေ့ကျင့်ခွင့်မရ၍ ဗဟုသုတလောက်သာ အတွေ့အကြုံယူကြလေသည်။ မြန်မာပြည်၌ နှစ်စဉ်ဓမ္မာစရိယ ပုဂ္ဂိုလ်များ ရာချီထောင်ချီ တိုးပွားနေရာ၊ ထိုဓမ္မာစရိယများအတွက် အနီးကပ်လမ်းညွှန်မည့် သာသနာပြုသင်တန်းများ ပေါ်ပေါက်သင့်ပေပြီ။ ဓမ္မာစရိယများ အလုပ် လက်မဲ့ဘဝဖြင့် ပျက်စီးကြ၊ လူဝတ်လဲသွားကြနှင့် သာသနာတော်၌ အင်းအားများစွာ ဆုံးရှုံးနစ်နာ ရလေသည်။ ကျောင်းထိုင်သင့်သည့် အရွယ်ရောက် ရဟန်းတော်များမှာလည်း ကျောင်းမထိုင်ဘဲ မြို့မှာပင် သောင်တင်နေကြလေသည်။ ထိုသူတို့သည် ၎င်းတို့ရရှိထားသည့် ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ကို ဆွမ်းစားလက်မှတ်အဖြစ်၊ အလှူခံလက်မှတ်အဖြစ်၊ အငြိမ်းစားလက်မှတ်အဖြစ်၊ (အခွင့်ထူးခံဘွဲ့တံဆိပ်) အခွင့်ထူးခံ လူတန်းစား လက်မှတ်အဖြစ် မှတ်ထင်နေကြလေသည်။ ၎င်းတို့သည် ကျေးရွာသားများဖြစ်ရာ ကျေးရွာရှိဒကာ/ဒကာမများက အထင်ကြီးကြ၊ လေးစားကြ၊ ကြည်ညိုကြလေသည်။ မြို့ပေါ်အခြေချနေထိုင်သည့် စီးပွားရေးသမား၊ ကျေးရွာသားများကလည်း ဒေသသံယောဇဉ်ဖြင့် ကိုးကွယ်ဆည်းကပ်ကြလေ သည်။ ထို့ကြောင့် ဓမ္မာစရိယ ဘွဲ့တံဆိပ်သည် သာသနာအတွက် အကျိုးမများသော်လည်း သူတို့အတွက် အကျိုးများ လေသည်။     
"အရံလူများ"
အချို့မှာ ကျောင်းထိုင်သင့်ပါလျက် ကျောင်းမထိုင်ဘဲ ချေးများနေကြ၊ ကျောင်းရွေးနေကြလေသည်။ အသင်းငယ်လေးများမှာ ခြေစွမ်းပြရင်း ရပ်ရွာဂုဏ်ဆောင်ထိုက်ပါလျက် အသင်းကြီးများ၏ အရံထိုင်ခုံမှာ ကိုယ့်အင်အားကို ကိုယ်အလဟဿဖြုန်းတီးနေကြလေသည်။ အရံထိုင်ခုံမှာ ထိုင်ခြင်းဖြင့် ကိုယ့်အစွမ်းအစလည်း ပြခွင့်မရ၊ နိုင်ငံ့ဂုဏ်လည်း မဆောင်နိုင်ဘဲ ကိုယ့်အင်အားများ ဆုံးရှုံးပြီး ကိုယ့်အရည်အချင်းများ အရောင်မတောက်တော့ပေ။ ထိုသူတို့သည် (၉၈)ကမ္ဘာ့ ဖလား၌ ဘရားဇီးအသင်းမှဈေးအကြီးဆုံး အရံလူ ဒီနယ်လ်ဆင်လို ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။ အရံထိုင်ခုံမှာပင် ဘ၀သေ နေကြသူများသာတည်း။ ရိုနယ်ဒိုလို၊ ရိုနယ်ဒင်ဟိုလို၊ ဇီဒန်းလို အသင်းကြီးများ၌ ခြေစွမ်းပြခွင့်ရလျှင်ကား အလွန့် အလွန်ကောင်းမြတ်ပါပေ၏။
"ရာဇပလ္လင်ဖင်ကပ်ပါလာသူ"
အချို့ဓမ္မာစရိယများမှာ ကျောင်းထိုင်ပင့်သူ ရှိပါလျက် ကျောင်းရွေးနေကြပေသည်။ သူတို့စုံစမ်းသည်မှာ "လျှပ်စစ်မီးရရဲ့လား၊ မီတာရရဲ့လား၊ အပေါ်စက်အောက်စက် ရှိပါရဲ့လား၊ ရွာနေအိမ်ခြေ ပေါများပါရဲ့လား" ဟူ၍ ဖြစ်လေသည်။
သာသနာပြု ရဟန်းတော်ဆိုသည်မှာ နေရာဒေသနှင့် လုပ်ပိုင်ခွင့်ကိုသာ ကြည့်ရှုရမည်ဖြစ်ပါလျက် မိန်းမတင်တောင်းသလို အလိုက်ပေး၍ ကျောင်းထိုင်ပင့်ရမည့်သဘောမျိုး ပြောဆိုကြလေသည်။ လျှပ်စစ်မီးမရသေးလျှင် ရအောင်လုပ်ရမည်။ မှောင်နေလျှင် လင်းအောင်လုပ်ရမည်။ မရှိသေးသည်ကို ရှိအောင်လုပ်ရမည် ဖြစ်လေသည်။ ဘဝကို သုညမှ စခဲ့သူ အီဗရာဟင်လင်ကွန်းလို သမ္မတမျိုးနှင့် ရာဇပလ္လင်ဖင်ကပ်ပါလာသူ သီပေါမင်းလိုရှင်ဘုရင်တို့အနက် အဘယ်သူသည် ရာဇဝင်ပြောင်လေသနည်း၊ အဘယ်သူကို ပိုချစ်ကြသနည်း၊ အဘယ်သူသာ တိုင်းပြည်အတွက် ကျေးဇူးများသနည်း၊ စောကြောဖို့ရန် လိုအပ်ပါလေ၏။ ရှေးဆရာတော်ကြီးများသည် ဘဝကိုသုညမှ စခဲ့သူများ ဖြစ်ကြလေသည်။ လယ်တီဆရာတော်၊ မဟာစည် ဆရာတော်၊ တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်တို့သည် ဘဝကို သုညမှစတင်ခဲ့ရာ၌ ထင်ရှားလေသည်။ မည်မျှပင် ဝေးလံသီခေါင်ပါစေ မိမိအရည်အချင်းရှိလျှင် မိမိစွမ်းဆောင်ရည် မြင့်မားလျှင် မိမိဘက်က ပေးဆပ်ရမည့် အရင်းအနှီးထက် သာလွန်သည့် အသီးအပွင့် အကျိုးအမြတ်များကို ရရှိမည်မှာ အမှန်ပင်။
          အမေရိကန်လူမည်းခေါင်းဆောင်များဖြစ်သည့် ဂျော့ဝါရှင်တန်ကာဗာ၊ ဘွတ်ကာတီဝါရှင်တန်နှင့် ပြင်သစ်နိုင်ငံမှ အာဖရိက တောကြီးထဲသို့ သွားရောက်၍ လူမည်းများအတွက် ဘဝတစ်ခုလုံးကို မြှုပ်နှံသွားခဲ့သူ မဟာပရဟိတလူသား အဲလဘတ်ရွှိုက်ဇာတို့၏ အောင်မြင်မှုကို ကြည့်က သိနိုင်လေသည်။ အာဂျင်တီးနား လက်ရွေးစင် ဘာတစ္စတူတာသည် အသင်းကြီးများ၏ ကမ်းလှမ်းမှုကို နှစ်ပေါင်းများစွာ ငြင်းပယ်ပြီး ဖီအိုရင်တီးနား အသင်းလေးမှာပင် ခြေစွမ်းပြခဲ့၊ အသင်းဂုဏ်ဆောင်ခဲ့၊ မြို့ဂုဏ်ဆောင်နိုင်ခဲ့လေသည်။ ထို့ကြောင့် ဘာတစ်အား အီတလီနိုင်ငံ ဖီအိုရင်တီးနားမြို့သူ မြို့သူ/သားများက ချစ်ခင်လေးစားကြ၊ မေတ္တာထားကြလေသည်။ ထို့ကြောင့် ဒီနယ်ဆင်လို မကျင့်ဘဲ ဘာတစ္စဘူတာလို ကျင့်ရမည်။ သီပေါမင်းလို မကျင့်ဘဲ သမ္မတကြီးလင်ကွန်းလို ကျင့်ရမည် ဖြစ်လေသည်။ သို့မှသာ ဘဝကို သုညမှစခဲ့သော ရာဇဝင်ပြောင်သည့် မင်းကောင်းတစ်ပါးအဖြစ် အမျိုးဘာသာ သာသနာအတွက် ကျေးဇူးများမည် ဖြစ်လေသည်။ ဤသည်ကို ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များ သတိပြုသင့်လှပေသည်။ အကယ်၍ အလုပ်လက်မဲ့ ဓမ္မာစရိယဘဝဖြင့်သာ ရပ်တည်သွား မည်ဆိုပါက သင်သည် သာသနာ့ဝန်ထမ်းသူမဟုတ်ဘဲ သာသနာကို ဂုတ်ပေါ်မှခွစီးသူ ဖြစ်သွားပေလိမ့်မည်။
 "ဓမ္မာစရိယတက္ကသိုလ်"
ထိုသို့ သောင်မတင်ရေမကျ အလုပ်လက်မဲ့ ဓမ္မာစရိယများ တောင်လိုပုံနေပြီး ဦးနှောက်များ သံချေးတက်နေကြသည်မှာ သာသနာတော်အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်လေသည်။ ဘွဲ့ရဆိုက္ကားဆရာလောက်ပင် တိုင်းပြည် အတွက် အကျိုးမရှိတော့ပေ။ ဤသည်မှာ ဓမ္မာစရိယများကို သာသနာအတွက် အသုံးချမည့် အနီးကပ်သာသနာပြု သင်တန်းများ၊ ဓမ္မာစရိယတက္ကသိုလ်များ မပေါ်ပေါက်သေးသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သာသနာ့အင်အားများ အလဟဿ မဖြစ်ရလေအောင် ဓမ္မစရိယများကို လမ်းညွှန်ပြမည့် သာသနာပြုသင်တန်းများ၊ ဓမ္မာစရိယတက္ကသိုလ်များ ရှိသင့်လှပေသည်။ ထိုသင်တန်း၊ ထိုတက္ကသိုလ်များ၌ (က)ကံဆောင်သင်တန်း၊ (ခ)အင်္ဂလိပ်စာ/စကားသင်တန်း၊ (ဂ)ကွန်ပျူတာသင်တန်း၊ (ဃ)တရားဟော/ပြ သင်တန်းများ ပို့ချသင့်ပေသည်။
 (က) "ကံဆောင်သင်တန်း"
ရဟန်းအသက်သည် ဝိနည်းဖြစ်၍ ဝိနည်းဆိုသည်မှာ ကံကြီးကံငယ် လမ်းညွှန်ဖြစ် လေသည်။ ဓမ္မာစရိယဘွဲ့ရ ပုဂ္ဂိုလ်ပင်ဖြစ်သော်လည်း စာပေသိအဆင့်မျှသာ ရှိပေသေးသည်။ လက်တွေ့သိ အဆင့်သို့ မရောက် သေးပေ။ ထို့ကြောင့် လက်တွေ့မရှိသော ဓမ္မာစရိယများသည် ကမ္မဝါရွတ်ဖတ်ရာ၌ပင် အခက်အခဲတွေ့ရလေသည်။ တစ်ချို့ရဟန်းတော်များမှာ ကမ္မဝါပင် မရွတ်ဖတ်တတ်သေးပေ။ ကမ္မဝါမရွတ်တတ်လျှင်လည်း ကံမအောင်၊ ကံမမြောက်ပေ။
 ဥပမာ= ရဟန်းခံ ဥပသမ္ပဒကံဆောင်ရာ၌ ဥပဇ္ဈယ်ဆရာကလည်း အတွေ့အကြုံမရှိ။ ကမ္မဝါဆရာများကလည်း ဌာန်ကရိုဏ်းကျနစွာ မရွတ်တတ်သူများ ဖြစ်နေလျှင် ထိုသူတို့ ရဟန်းခံပေးသော ရဟန်းလောင်းသည် အဘယ်သို့ ရဟန်းဖြစ်လေမည်နည်း။ ထို့ကြောင့် သာသနာမှာ ကံဆောင်ရာ၌ အခက်အခဲမရှိရလေအောင် လက်တွေ့ကံဆောင်သင်တန်းများ ပို့ချသင့်လေသည်။ သိမ်နုတ်၊ သိမ်သမုတ်ပုံ၊ ရဟန်းလောင်းဆုံးမပုံ၊ ကထိန်ခင်း ကထိန်နုတ်ပုံ၊ ဥပုသ်ပဝါရဏာ ပြုပုံ၊ ပရိဝါသ် မာနတ် ဆောက်တည်ပုံစသည့် ဝိနည်းနှင့်ပတ်သက်သမျှကို ပို့ချခြင်း၊ သရုပ်ပြခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အရည်အချင်းရှိသော ကံဆောင်ရာ၌ ကျွမ်းကျင်သော သာသနာပြုရဟန်းတော်များ ထွန်းကားလာနိုင်ပေသည်။ ဤကံဆောင်သည့် အပိုင်းနှင့်ပတ် သက်၍ ပခုက္ကူနိကာယမှ ရှေးဆရာတော်ကြီးများကို နည်းယူသင့်ပေသည်။အတွေ့အကြုံများသည့် ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများက ပို့ချသင့်ပေသည်။
ကျွန်ုပ်သည်ပင် သကျသီဟစာသင်တန်း အောင်ပြီးသော်လည်း သိမ်သမုတ်ပွဲတစ်ခု၌ နိမိတ်ကြားရာမှာ အခက်အခဲတွေ့ခဲ့ရလေသည်။ အခုချိန်ထိ ဝတ်ဆောက်တည်ပုံ အစီအစဉ်ကို ကိုယ်တိုင်ကိုယ်ကျ ကိုယ့်ဘာသာ မလုပ်တတ်သေးပါ။ ဤသည်မှာ စာတွေ့သာရှိပြီး လက်တွေ့မရှိသေးသောကြောင့် ဖြစ်လေသည်။ စာတွေ့နှင့် လက်တွေ့ကား ဆေးနည်းကျက်သူနှင့် ဆေးဖော်စပ်၍ ကုသသူကဲ့သို့ပင် များစွာကွာခြားလေ၏။ ဆေးနည်းကျက်သူသည် ဆရာဝန်ဘွဲ့ရသူအဆင့်သာ ရှိလေသည်။ ဆေးဖော်စပ်သူ လက်တွေ့စမ်းသပ်သူသည် အလုပ်သင် ဆရာဝန်အဆင့်မှာ ရှိလေသည်။ လူနာများနှင့် နဖူးတွေ့ဒူးတွေ့ ကုသနေသူသာ ကျွမ်းကျင်သော ဆရာဝန်ဖြစ်လေသည်။ ထို့ကြောင့် စာတွေ့ဘွဲ့ရများဖြင့်သာ ကျေနပ်မနေဘဲ လက်တွေ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်းနိုင်ရန် အတွေ့အကြုံဗဟုသုတ ကြွယ်ဝသော ပိဋကအကျော်အမော် ဆရာတော်များက လက်ဆင့်ကမ်း အမွေပေးသင့်လှပေသည်။
(ခ)"အင်္ဂလိပ်စာ/စကားသင်တန်း"
ဗုဒ္ဓမြတ်စွာသည် လောကစက္ခု၊ ဓမ္မစက္ခု၊ စက္ခုနှစ်ကွင်းလုံး အလင်းရောင်ရသူကို ချီးကျူးတော်မူလေသည်။ ဧကစက္ခုက တစ်ဖက်မြင် တစ်ဖက်ကန်း၊ ဒွိစက္ခုက နှစ်ဖက်မြင်၊ အန္ဓ- နှစ်ဖက်ကန်းဟူ၍ ပုဂ္ဂိုလ်သုံးမျိုးရှိရာတွင် မြတ်စွာဗုဒ္ဓက ဒွိစက္ခုက- လောကဓမ္မ နှစ်ဌာနလုံး၌ အသိအမြင်ကြွယ်ဝသူကိုသာ နှစ်ဖက်မြင်အဖြစ် အမွှမ်းတင်ချီးကျူးတော်မူခဲ့လေသည်။ ထို့ကြောင့် ရဟန်းတော်များသည်လည်း ခေတ်ပညာကို မျက်ကွယ်မပြုသင့်ပေ။ မိမိခန္ဓာကိုယ်ကိုပင် နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ကူးရာ၌ ယာဉ်တစ်ခုအဖြစ် သုံးစွဲရပါသေးလျှင် ခေတ်သုံး ဘာသာစကားနှင့် ခေတ်ပညာများကိုလည်း သာသနာပြု လက်နက် အဖြစ် အသုံးပြုသင့်လှပေသည်။ ခေတ်ပညာနှင့် ခေတ်သုံးစကားကား သာသနာပြုရာ၌ လွန်စွာမှပင် ထိရောက်လှပေသည်။ ယနေ့ခေတ်၌ အောင်မြင်နေသော သာသနာပြု ဆရာတော်များ၊ လူပညာရှိပုဂ္ဂိုလ်များကို ကြည့်က သိနိုင်ပေသည်။
ဆရာတော် ဦးသေဋ္ဌိလ၊ ဆရာတော်ဦးသီလာနန္ဒာဘိဝံသ၊ သီတဂူဆရာတော်၊ ချမ်းမြေ့ဆရာတော်၊ ဆရာကြီးဦးဘခင်၊ ဂုရုကြီး ဦးဂိုအင်ကာ စသည်ဖြင့် ခေတ်ပညာတတ် ရဟန်းပညာရှိ လူပညာရှိပုဂ္ဂိုလ်များ များစွာရှိလေသည်။ ထို့ကြောင့် ထိရောက်စွာ သာသနာပြု လိုသော ရဟန်းတော်များသည် အင်္ဂလိပ်စာ/စကားနှင့် အခြားသင့်လျော်ရာ ဘာသာစကားများ စာပေများကို လေ့လာလိုက်စား သင့်ပေသည်။
          ထို့သို့ လောကအကျိုး၊ သာသနာအကျိုးကို ရည်ရွယ်၍ အများသုံးဘာသာစကားဖြစ်သော အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကားကို ဤသင်တန်း၊ ဤတက္ကသိုလ်၌ အဓိကဘာသာတစ်ရပ်အဖြစ် သင်ကြားပို့ချ သင့်ပေသည်။ ဤဘာသာရပ်၌ ကျွမ်းကျင်သော လူပုဂ္ဂိုလ်ပညာရှိများကို ဖိတ်ကြားမည်။ အကူညီတောင်းမည်။ လိုအပ်လျှင် ဓမ္မပူဇာ(သို့)ဉာဏ်ပူဇော်ခပေး၍ အချိန်ပိုင်း ပို့ချစေမည်။ အခြေခံမှစ၍ အရေး၊ အဖတ်၊ အပြောတို့ကို စနစ်တစ်ကျ သင်ကြားပို့ချပါက ပါဠိသဒ္ဒါတတ်ကျွမ်းကြသော ဓမ္မာစရိယ ရဟန်းတော်များသည် အချိန်တို ကာလအတွင်းမှာပင် အခြေခံအဆင့် တက္ကသိုလ်အဆင့်သို့ လွယ်လင့်တကူ ရောက်ရှိသွားမည် ဖြစ်ပေသည်။ လေ့ကျင့်ခန်းများလုပ်ခြင်း၊ သရုပ်ပြစကားများပြောစေခြင်း၊ စာမေးပွဲများကျင်းပပေးခြင်း၊ တတ်နိုင်လျှင် ပြည်တွင်း ပြည်ပ တက္ကသိုလ်များ၌ တက်နိုင်အောင် မြေတောင်မြှောက်ပေးခြင်း၊ ထောက်ပံ့လှူဒါန်းခြင်းများ ပြုလုပ်ပေးသင့်သည်။ ပြည်တွင်းပြည်ပမှ ဘွဲ့ရခဲ့သူများကိုလည်း ပူဇော်ပွဲများကျင်းပပေးခြင်း၊ သင်တန်းများပို့ချစေခြင်း၊ ကျူရှင်များ ပြစေခြင်းဖြင့် ကျွန်ုပ်တို့သာသနာ ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်အောင် စွမ်းဆောင်နိုင်မှာ ဖြစ်လေသည်။
          ယခုအခါ၌ တစ်ကမ္ဘာလုံးရှိ လူမျိုးအသီးသီး၊ ဘာသာအသီးသီးမှ လူသားများသည် ငြိမ်းချမ်းရေးကို တောင်းတ ရှာဖွေ လျက် ရှိပေသည်။ ၄င်းတို့သည်  အဘိဓမ္မာအလင်းရောင်မဲ့သော အမှောင်လောက၊ တရားငတ်မွတ်နေသော ဒုက္ခိတဘ၀သို့ ရောက်ရှိနေကြပေသည်။ တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးနှင့် တစ်ကမ္ဘာလုံး အလင်းရောင်ရရေးကို စွမ်းဆောင်နိုင်သည်မှာလည်း မြတ်ဗုဒ္ဓ၏ တရားတော်များ၊ အထူးသဖြင့် အဘိဓမ္မာနှင့်ဝိပဿနာတရားပင် ဖြစ်လေသည်။ ထိုအဘိဓမ္မာနှင့် ထိုဝိပဿနာကို ဘုရားသားတော်များကသာ ကျွမ်းကျင်လိမ္မာကြလေသည်။ ဘုရားသားတော်များကသာ ခေတ်သုံးဘာသာစကား၊ အများသုံး ဘာသာစကားကို တတ်မြောက်ကျွမ်းကျင်ဖို့ လိုပေသည်။ ထိုသို့ ကျွမ်းကျင်တတ်မြောက်၍ စွမ်းဆောင်အောင်မြင်လျှင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းမည်၊ အလင်းရမည် ဖြစ်ပေသည်။
          နိုင်ငံတကာမှ အဘိဓမ္မာလိုလားသူများသည်  မြန်မာနိုင်ငံသို့ လာရောက်လျှင် အဘိဓမ္မာသင်ခွင့်ရလိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် လာရောက်ကြပေသည်။ မြန်မာပြည်သို့ ရောက်သည့်အခါ၌ကား အဘိဓမ္မာကို အင်္ဂလိပ်လို ပို့ချမည့်သူမရှိ၍ ကွင်းဆင်းရှာဖွေကြရင်း အခက်တွေ့နေကြလေသည်။ သီတဂူဆရာတော်ကြီး ပို့ချနိုင်သော်လည်း အချိန်မပေးနိုင်ပေ။ တက္ကသိုလ်များသို့ ညွှန်းဆိုသော်လည်း နှစ်ရှည်တက်ရောက်ရမည်ဖြစ်၍ ၀န်လေးနေကြပေသည်။ ၎င်းတို့အတွက် အဘိဓမ္မာကို အင်္ဂလိပ်လိုပို့ချသည့် နိုင်ငံခြားသားများကိုသာ သာသနာပြုသည့် အဘိဓမ္မာကထိကများ မြန်မာပြည်၌ များစွာလိုအပ်လေသည်။ နိုင်ငံခြားသား ပရိသတ်အနေဖြင့် မြန်မာပရိသတ်လို အားရလောက်အောင် မများသော်လည်း တစ်ယောက်ဆိုတစ်ယောက်ဟု ဆိုရလောက်အောင် ထိရောက်မှုရှိမှာ အမှန်ပင်ဖြစ်လေသည်။
စစ်ကိုင်းမြို့ သုဗောဓာရုံကျောင်းတိုက် (ph.D)ဘွဲ့ရ ဆရာတော်  ဦးနန္ဒမာလာဘိဝံသသည် နိုင်ငံခြား၌ အဘိဓမ္မာပို့ချခြင်း၊ မြန်မာပြည်၌ အင်္ဂလိပ်ဘာသာဖြင့် ပို့ချခြင်းများ ပြုလုပ်၍ သာသနာပြုလေသည်။ သီတဂူဆရာတော်ကြီးကလည်း ပါဠိပိဋကတ်တော်များကို အင်္ဂလိပ်လို ဘာသာပြန်သည့် သုတေသန ကျမ်းပြုဌာန တည်ထောင်၍ ဗုဒ္ဓတရားတော်များကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားပြုစုကာ ကမ္ဘာအနှံ့ ဖြန့်ချီသာသနာပြု နေပေသည်။ ထိုဆရာတော်များကို အတုယူနည်းယူ၍ အင်္ဂလိပ်စာကျွမ်းကျင် အဆင့်ရောက်အောင် မြေတောင်မြှောက် ပေးသင့်ပေသည်။ ထိုဆရာတော်များထံမှလည်း အကူအညီ အထောက်အပံ့ကို ရယူနိုင်ပေသည်။
          ထို့ကြောင့် ဓမ္မာစရိယသာသနာပြုသင်တန်း၊ ဓမ္မာစရိယတက္ကသိုလ်၌ ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များကို အင်္ဂလိပ်စာ ကျွမ်းကျင် အဆင့်ဖြင့် ကမ္ဘာ့အဆင့်မြင့် သာသနာပြုပုဂ္ဂိုလ်ကြီးများဖြစ်အောင် လောကီ၊ လောကုတ္တရာ ခေတ်ပညာတတ် ဆရာတော် ကြီးများကရော၊ လူပုဂ္ဂိုလ်ကြီးများကပါ ဝိုင်းဝန်းကူညီချီးမြှင့် ဆောင်ရွက်ဖို့ လိုပေသည်။
 (ဂ) "ကွန်ပျူတာသင်တန်း"
အင်္ဂလိပ်စာကျွမ်းကျင်သော ရဟန်းတော်များသည် ကွန်ပျူတာပညာ၌လည်း ကျွမ်းကျင်ကြလေသည်။ ကွန်ပျူတာပညာ တတ်မြောက်ထားလျှင် ကမ္ဘာတစ်ခုလုံးသို့ ကိုယ့်ကျောင်း၊ ကိုယ့်ကန်၊ ကိုယ့်နေရာ ဒေသကပင် ထိုင်၍ သာသနာပြုနိုင်လေသည်။ ဘယ်မှသွားစရာမလိုဘဲ ကိုယ့်အခန်းထဲကပင် ကမ္ဘာသို့ တရားတော်များ ဖြန့်ချီနိုင်ပေသည်။ ကွန်ပျူတာပညာသည် သာသနာပြုရာ၌ အစွမ်းထက်သော အထောက်အကူပြု ကိရိယာတစ်ခုဖြစ်ပေသည်။ ကွန်ပျူတာပညာသည်လည်း အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်ပေသည်။
ကျွန်ုပ်ထံသို့ ပြည်နယ်တစ်ခုမှ ခရစ်ယာန် ဘာသာဝင် အရာရှိတစ်ယောက် ရောက်လာဖူးလေသည်။ ထိုအချိန်၌ ကျွန်ုပ်သည် ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ်နေလေရာ ထိုအရာရှိက အားကျနေ လေသည်။ ထိုအရာရှိပြန်သွားသည့်အခါ သူတို့ဘာသာဝင်များအား မှတ်ချက်ချသံ ကြားလိုက်ရပေသည်။
 "ဗုဒ္ဓတွေကို တုမှီဖို့ မလွယ်တော့ဘူး။ ထိုဓမ္မဆရာတွေက အခုထိဂစ်တာကြိုးညှိလို့ မပြီးနိုင်သေးဘူး။ ဗုဒ္ဓတွေက ကွန်ပျူတာနှင့် အလုပ်လုပ်နေကြပြီ" ဟူ၍ ဖြစ်လေသည်။
ခေတ်ပညာတတ်များကို ခေတ်ပညာဖြင့် သာသနာပြုခြင်း၊ အထက်တန်းလွှာများကို အထက်တန်း အသုံး အဆောင်များဖြင့် သာသနာပြုခြင်းဖြင့် ထိရောက်သော အကျိုးကျေးဇူးကို ခံစားရမည် ဖြစ်လေသည်။
          ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များကို ကွန်ပျူတာသင်တန်းပို့ချပြီး လေ့ကျင့်ချိန်အပြည့်အဝ ပေးထားကာ စနစ်တကျလမ်း ညွှန်နိုင်ပါက ကွန်ပျူတာပညာ၌ တစ်ဖက်ကမ်းခတ် ထူးချွန်နိုင်မည့် ပါရမီရှင်များထွက်ပေါ်လာနိုင်ပေသည်။ ကွန်ပျူတာအခြေခံမှ တစ်ဆင့် အဆင့်မြင့်နည်းပညာများ၊ ထိုမှတစ်ဆင့် အင်တာနက်အသုံးပြုပုံများ၊ ဝက်ဘ်ဆိုက်လွှင့်တင်ပုံများအထိ တိုးချဲ့ပို့ချ နိုင်ပါက ထိုရဟန်းတော်များသည် ပြည်တွင်း၌လည်း ကွန်ပျူတာနည်းပြအဖြစ် ပြန်လည်ပို့ချနိုင်မည် ဖြစ်လေသည်။ ရဟန်းတော်များ ကွန်ပျူတာကျွမ်းကျင်အောင် ကွန်ပျူတာပညာရှင် လူပုဂ္ဂိုလ်များ၏ အကူအညီများစွာ လိုပေသည်။
 (ဃ) "တရားဟော၊ တရားပြသင်တန်း"
ဤသာသနာပြုသင်တန်း၌ တရားဟော၊ တရားပြသင်တန်းလည်း ပို့ချသင့် ပေသည်။ သင်တန်းဟုဆိုသော်လည်း ရဟန်းတော်များအတွက် အထူးတလည် လေ့လာလိုက်စားစရာမလိုဘဲ ဟောပြောမှု အတတ်ပညာကို ဆည်းပူးရုံမျှသာ ဖြစ်ပေသည်။ အတွေ့အကြုံ ဖလှယ်ခြင်း၊ အလှည့်ကျလေ့ကျင့်ပေးခြင်းဖြင့် လွယ်ကူပေါ့ပါးစွာ လေ့လာရမည့် ဘာသာရပ်ဖြစ်လေသည်။ အရှင်ဥတ္တမကျော်တစ်ဖြစ်လဲ လူပျံတော်ဦးဥုတ်ကျော်သည် ဟောပြောမှု အတတ်ပညာကို ရဟန်းသာမဏေများအား ပို့ချရာ၌ များစွာအောင်မြင်လေသည်။ ထိုသင်တန်းများလို ဆရာတော်တစ်ပါးပါးက ပို့ချသွားရုံ နည်းလမ်းပြရုံသာ ဖြစ်ပေသည်။ တရားဟောရာ၌ အတွေ့အကြုံများစွာရှိသော ဓမ္မကထိကဆရာတော်ကြီးများကို အခွင့်သင့်သလို ပင့်ဖိတ်ပြီး နည်းယူသင့်ပေသည်။ မဟာစည်ရိပ်သာ၌ နှစ်စဉ်ကျင်းပလေ့ရှိသော ဓမ္မကထိက ရွေးချယ်ပွဲများလို သီလသိက္ခာမြင့်မားသော ဆရာတော်ကြီးများ၏ အကူအညီကိုရယူ၍ အရည်အချင်းစမ်းသပ်ခြင်းများ ပြုလုပ်သင့်ပေသည်။ မိုးကုတ်ဆရာတော်များလို ပဋိစ္စသမုပ္ပါဒ် ဆရာဖြစ်သင်တန်းလည်း ပို့ချသင့်ပေသည်။ တရားပြရာ၌ သတိပဋ္ဌာန်သုတ်တော်ကို မူတည်ထားပြီး မဟာစည် နိဿျည်း မိုးကုတ်နိဿျည်း၊ လယ်တီနိဿျည်း စသည်ဖြင့် အလုပ်ပေးတရားဟောပြောပို့ချပြီး မနက်အရုဏ်မတတ်မီ ညဘုရားဝတ်တက်ပြီး အမျှမဝေမီ လက်တွေ့တရားထိုင်ချိန်ပေးသင့်ပေသည်။
          ထို့နောက် ဝိပဿနာဖြင့် သာသနာပြုလိုသူများကို ရိပ်သာအသီးသီးသို့ ပို့ဆောင်၍ နှစ်ရှည်တရား အားထုတ်စေခြင်၊ ကမ္မဋ္ဌာန်းဆရာများနှင့် လက်တွဲ၍ အလုပ်သင်ကမ္မဋ္ဌာန်း ပို့ချနည်းယူခြင်းများ ပြုလုပ်သင့်ပေသည်။ ဟောရေးပြောရေး၌ ဝါသနာကြီးမား စိတ်အားထက်သန်သူများအား ကျေးရွာများသို့ ငါးပါးတစ်စု စီစဉ်ပေး၍ လက်တွေ့တရားပွဲများ အတွေ့ အကြုံရစေခြင်း၊ တရားဟောနာမည်ရစေခြင်းဖြင့် အရည်အသွေးမြင့်မားသော ရဟန်းတော်များဖြစ်အောင် ဆောင်ရွက် နိုင်ပေသည်။
          ထို့အပြင် ဤသင်တန်း၌ ပြည်တွင်းပြည်ပ သာသနာပြုဆရာတော်ကြီးများ၊ စာချဆရာတော်ကြီးများ၊ ကျမ်းပြု ဆရာတော်ကြီးများ နိုင်ငံကျော်ဓမ္မကထိကဆရာတော်ကြီးများ၊ ဒေါက်တာမင်းတင်မွန်၊ နှစ်ဖက်လှဦးကျော်လွင်၊ ဓမ္မာစရိယ ဦးဌေးလှိုင်တို့လို ပညာရှိပုဂ္ဂိုလ်များကို ဖိတ်ကြား၍ တစ်ပတ်လျှင် တစ်ရက်တိုင်သည်၊ နှစ်ရက်တိုင်သည် ဟောပြောပွဲများ ကျင်းပခြင်းဖြင့် အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးစိတ်၊ နိုင်ငံကို အကျိုးပြုလိုစိတ်များ တစ်ဖွားဖွားပေါ်ပေါက်လာမည် ဖြစ်ပေသည်။ ထို့ပြင် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများကို ပင့်ဖိတ်၍ မြန်မာစာ လေ့လာနည်း၊ သမိုင်းလေ့လာနည်း၊ ပထဝီ နိုင်ငံရေးနှင့် သတင်းစာပညာ၊ သုတေသနပြုပုံ အဆင့်ဆင့် စသည်တို့ကိုလည်း လမ်းညွှန်ပို့ချသင့်ပေသည်။ သို့မှသာ ရဟန်းတော်ထဲမှ ကဗျာလင်္ကာ စာရေး၊ ကျမ်းပြု၊ သာသနာ့သမိုင်း၊ ကမ္ဘာ့သမိုင်း၊ ကမ္ဘာ့နိုင်ငံများ အခြေအနေစသည်များကို တီးမိခေါက်မိမည်ဖြစ်ပေသည်။
          ဤသို့လျှင် ဤသင်တန်း၊ ဤတက္ကသိုလ်ကြီးသည် တရားဘာဝနာများလည်း မြိုင်ဆိုင်နေပြီး၊ သာသနာပြုနည်းပညာများ လည်း ဝေဆာနေမည် ဖြစ်ပေသည်။ သီရိဓမ္မာသောကမင်းကြီး လက်ထက်၌ ကိုးတိုင်းကိုးဌာန သာသနာပြုစေလွှတ်ရာမှ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဗုဒ္ဓတရားတော်များ ရောက်ရှိ၍ ကမ္ဘာကြီး ငြိမ်းချမ်းခဲ့ပေသည်။ ဤသင်တန်းကြီးသည်လည်း သာသနာပြုသင်တန်းကြီး ဖြစ်သည့်အားလျော်စွာ အရည်အချင်းပြည့်ဝသည့် သာသနာပြုသူရဲကောင်းများ မွေးထုတ်ပေးနိုင်မှာ အမှန်ပင်ဖြစ်ပေသည်။ ဤသင်တန်းကြီးကြောင့် မြန်မာ့သာသနာသည်လည်း ရောင်ဝါနေသို့ ထွန်းလင်းပြီး ကမ္ဘာမှာမြန်မာဟေ့ ဟူ၍ ကြွေးကြော်နိုင်မှာ ဖြစ်ပေသည်။
          သင်တန်းဆင်းပွဲ၌ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးခြင်း၊ ဆိုင်ရာဘာသာရပ်အလိုက် အင်္ဂလိပ်စာထူးချွန်ဆု၊ ကွန်ပျူတာထူးချွန်ဆု၊ ကံဆောင်ထူးချွန်ဆု၊ တရားဟောထူးချွန်ဆုတို့ ချီးမြှင့်ခြင်း၊ ထူးချွန်သူုများအား ဆက်လက်ကူညီ ထောက်ပံ့ခြင်းများ ပြုလုပ်သင့်ပေသည်။ နှစ်စဉ် ဆောင်းလေးလကို သင်တန်းကာလအဖြစ် သတ်မှတ်ပြီး ဓမ္မာစရိယဘွဲ့ရ ရဟန်းတော် အပါးငါးဆယ် လက်ခံပို့ချသင့်ပေသည်။
 "ခေတ်မီဘုရားတည် သာသနာပြုနည်း"
စကာင်္ပူနိုင်ငံသည် ရန်ကုန်မြို့လောက်သာရှိသည့် နိုင်ငံငယ်လေးတစ်ခုသာ ဖြစ်သည်ဟု သိရပေသည်။ ထိုနိုင်ငံငယ်လေး၌ စိုက်စရာမြေမရှိ၊ သောက်စရာ ရေမရှိပေ။ စိုက်ပျိုးရေးမထွန်းကားဘဲ မလေးရှားမှ ရေချိုဝယ်ယူ သောက်သုံးနေရပေသည်။ ထိုသို့သယံဇာတ ဆင်းရဲသော်လည်း နိုင်ငံအနေဖြင့်မူ အာဆီယံ၌ ထိပ်ဆုံးကပင် ရပ်တည်နေပေသည်။ အကြောင်းမှာ လူသားအရင်းအမြစ်ကို အကျိုးရှိအောင် အသုံးချသောကြောင့် ဖြစ်ပေသည်။ ထိုစနစ်ကို အတုယူသင့်ပေသည်။ တိုးတက်လာသောနိုင်ငံတိုင်း အဆင့်မြင့်ကွန်ပျူတာနည်းပညာများကို အထက်တန်းလွှာများကသာ ဆည်းပူးနိုင်ကြပေသည်။ လူလတ်တန်းစားများမှာ အနည်းငယ်ခန့်သာ ဆည်းပူးနိုင်ပြီး၊ အခြေခံလူတန်းစားများမှာကား အနားပင် မသီနိုင်ကြပေ။ ပါရမီရှင်ပင်ဖြစ်သော်လည်း ကုသိုလ်ကံချို့တဲ့၍ ဘဝပေးအခြေအနေ မလှပသူများလည်း ရှိပေသည်။ ထို့ကြောင့် လူတန်းစား အလွှာအသီးသီးက လေ့လာလိုက်စားနိုင်အောင် ရဟန်းတော်များ သင်တန်းကာလပြီးဆုံးချိန်၌ လူပုဂ္ဂိုလ်များကို ပို့ချပေးသင့်ပေသည်။ လူပုဂ္ဂိုလ်များအတွက်ကား အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပညာသာ ပို့ချရန် ဖြစ်ပေသည်။
          ဆရာဖြစ်သင်တန်း၌ ဘွဲ့ရပညာတတ်များကို အသက်ကန့်သတ်ချက်၊ ဦးရေကန့်သတ်ချက်ဖြင့်ခေါ်မည်။ တစ်နေ့လျှင် သုံးသုတ်ဖြစ်စေ၊ လေးသုတ်ဖြစ်စေ သင်ကြားပေးမည်။ ၎င်းတို့ထဲမှ ထူးချွန်သူများကို ဆရာအဖြစ် ရွေးချယ်မည်။ လခကောင်းကောင်းပေးမည်။ ပြီးလျှင် ကျောင်းသူ/ကျောင်းသားများအတွက် သင်တန်းခေါ်ယူမည်။ ဆယ်တန်းအောင်ရမည်။ ထောက်ခံချက်နှင့်ပြည့်စုံရမည်။ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါသီလ၊ ဆောက်တည်တတ်ရမည်။ ဘုရား၊ တရား၊ သံဃာဂုဏ်တော်များကို ပါဠိအနက် အာဂုံရရမည်။ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ဘုရားရှိခိုးဂါထာ(၂၀)ကို ပါဠိအနက် အလွတ်ပြန်ဆို နိုင်ရမည်။ နီးစပ်ရာ ဆရာဘုန်းကြီးထံမှ သင်ယူခဲ့ကြောင်း၊ အရည်အချင်းပြည့်မီကြောင်း ထောက်ခံချက်ပါရမည်။ အင်တာဗျူးတစ်ရပ်အနေဖြင့် လူတွေ့စစ်ဆေးပြီးမှ အောင်စာရင်းထုတ် လက်ခံမည်။ အင်္ဂလိပ်စာနှင့် ကွန်ပျူတာပညာကို အခမဲ့ဓမ္မဒါန ပညာဒါနအဖြစ် သင်ကြားပေးမည်။ သင်တန်းကာလနောက်ဆုံး စာမေးပွဲအနေဖြင့် ၀င်ခွင့်ပြဋ္ဌာန်းစာပါ ဘုရားစာများကို ကွန်ပျူတာဖြင့် ရိုက်နှိပ်ဖြေဆိုရမည်။ စာစီစာရိုက်ကျွမ်းကျင်ရန်ဖြစ်သည်။ အမြန်ဆုံး၊ အရှင်းဆုံး၊ အသန့်ဆုံး၊ အကောင်းဆုံး ရိုက်နိုင်သူများကို မြန်၊ရှင်း၊သန့်၊ကောင်း ဆုချီးမြှင့်မည်။ အင်္ဂလိပ်စာကိုလည်း ထို့အတူ ကွန်ပျူတာဖြင့် ဖြေရမည်၊ အင်္ဂလိပ်စကားအတွက် စကားပြောပြိုင်ရမည်။ ထူးချွန်သူများကို ဆုချီးမြှင့်ပြီး၊ သင်တန်းဆင်းပြီးသူ မှန်သမျှကို အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်၌ အဆင့်မြင့်၊ ဆရာဖြစ်၊ ကျွမ်းကျင်အဆင့်ရောက်ပြီး၊ အသက်မွေးဝမ်းကျောင်း နိုင်သည်အထိ ထောက်ပံ့သွားမည်ဖြစ်သည်။ သို့မှသာ ရွက်ပုန်းသီးလေးများ ပေါ်ထွန်းလာပြီး လူတန်းစားမရွေး ထူးချွန်မှာ ဖြစ်သည်။ သူတို့၏ ရင်ထဲ၌လည်း ဓမ္မစေတီတည်ပြီးသား ဖြစ်သွားလိမ့်မည်။ နှလုံးသားမှာ ဘုရားတည်သော နည်းဖြစ်ပါ၏။ ခေတ်မီသာသနာပြုနည်း ဖြစ်ပါ၏။
 "အိပ်မက်လှလှမက်စေချင်"
ယခုဆိုခဲ့ပြီးသည့် သာသနာပြုသင်တန်းကျောင်း(သို့) ဓမ္မာစရိယတက္ကသိုလ်သည် ကျွန်ုပ်၏ စိတ်ကူးယဉ် အိပ်မက် ဖြစ်ပါသည်။ စွမ်းနိုင်သူများက အကောင်အထည် ဖော်စေချင်ပါသည်။ အကောင်အထည် ဖော်မည့်သူ မရှိလျှင်လည်း ကျွန်ုပ်ကိုယ်တိုင်  ဖော်မည်ဖြစ်ပါသည်။
 နေရာလိုသည်။
အဆောက်အအုံလိုသည်။
လျှပ်စစ်မီးလိုသည်။ မီးစက်လိုသည်။
အခင်းအကျင်းကုန်ကျစရိတ်လိုသည်။
ကွန်ပျူတာအလုံးအရေ ငါးဆယ်လိုသည်။
ရဟန်းတော်များအတွက် လေးလစာ၊ တစ်နေ့တာဆွမ်းကွမ်း ဝေယျာဝစ္စအတွက် ရန်ပုံငွေလိုသည်။
ကထိကများလိုသည်။
ကွန်ပျူတာပညာရှင်များလိုသည်။
(သီလရှင်များအတွက်လည်း စဉ်းစားထားပါသည်)
ထူးချွန်ဆုများအတွက် ရန်ပုံငွေလိုသည်။ အရာရာကို ဖန်းတီးနိုင်စွမ်းသော ဒုတိယဘုရားသခင်သည် အရေးပါဆုံး အလိုအပ်ဆုံး ဖြစ်ပေသည်။ သည်အတွက် အချိန်ယူ စုဆောင်းရဦးမည် ဖြစ်ပါ၏။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ၊ ကျွန်ုပ်ကား အိပ်မက်လှလှ မက်ခဲ့ပြီးပါပြီ။ အိပ်မက်ကြီးကြီး မက်ခဲ့ပြီးပါပြီ။
          ကျွန်ုပ်သည် ကျွန်ုပ်လူမျိုးကို အားမရလှပေ၊ ရွှေမြန်မာများကား အိပ်မက်ကြီးကြီး မမက်ချင်ကြ၊ အိပ်မက်လှလှမမက်ချင် ကြပေ။ အိပ်မက်မက်သည်ကိုပင် ရှင်ဘုရင်အဖြစ်၊ ဝန်ကြီးချုပ်အဖြစ်၊ သမ္မတအဖြစ်၊ သူဌေးသူကြွယ်အဖြစ်၊ ပညာရှိသုခမိန်အဖြစ်၊ ထည့်မမက်ကြ။ စိတ်ကူးမယဉ်ကြပေ။ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မကုန်သည့် အလကားမက်သည့် အိပ်မက်ကိုပင် အဆင့်မြင့်မြင့် မမက်ကြပေ။ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ရရစားစား ဘဝဖြင့်နိမ့်ကျစွာ နေလိုကြ၏။ လူးမျိုးနိမ့်ကျလျှင် သာသနာ အထက်တန်း မရောက်နိုင်။ နိုင်ငံလည်းအောက်တန်း စာရင်းဝင်မည်ဖြစ်ပါ၏။ ထို့ကြောင့် နိုင်ငံနှင့်လူမျိုး၊ ဘာသာနှင့်သာသနာကို ငဲ့ညှာ၍ ယနေ့မှစတင်ပြီး အိပ်မက်လှလှကြီးများ မက်ကြစေချင်ပေသည်။ အိပ်မက်ရှင်များသည်လည်း ကျွန်ုပ်နှင့်လက်တွဲ သာသနာပြုစေချင်ပေသည်။
          (ဤစာမူကို မန္တလေးအိုးဘိုထောင်တွင် သီတင်းသုံးစဉ် ၁၀-၁၂-၂၀၀၆ -ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်ပါသည်။)
          ၀ီရသူ(မစိုးရိမ်)
          ဓမ္မသဟာယကျောင်းနာယက
          မစိုးရိမ်တိုက်သစ်
          မဟာအောင်မြေ၊ မန္တလေး
          Wirathu2012@gmail.com
         

Magwe Naung Bin Lake Project withdrew by USDP after election lost


ကြားဖြတ်ရှုံး၍ ညောင်ပင်ရွာတာဘောင်ရိုးပြုပြင်ရေး ကြံ့ဖွံ့ ရုပ်သိမ်း
ဘကျော်(မကွေး)၊ မိုးမခ၊ မေ ၁၈၊ ၂၀၁၂
မကွေးမြို့၊ ညောင်ကန်တိုက်နယ်၊ ညောင်ပင်ရွာကျေးရွာရှိ ဧက ၂၀ ရှိ ရေကန် တာဘောင်ရိုးပြုပြင်ခြင်းလုပ်ငန်းကို အများပြည်သူတို့၏ အလှူငွေဖြင့် အပြီးသတ် ဆောက်လုပ်ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။ မူလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီက ကြံ့ဖွံ့ပါတီက အကုန်ကျခံပြီး ပြုလုပ်ပေးမည်ဟု မဲဆွဲခဲ့သည်။ ပြုပြင်ရေးလုပ်ငန်းများကို သိန်း ၂၀ ကျပ်ဖိုးအကုန်ခံပြီး စတင်ခဲ့သော်လည်း ကြားဖြတ်ရွေးကောက်ပွဲတွင် သူတို့ပါတီရှုံးနိမ့်သဖြင့် ပြုပြင်ရေးလုပ်ငန်းကို ရပ်ဆိုင်းခဲ့သည်ဟု ဆိုသည်။
          ရေကန်တာရိုးကို မိုးမကျခင် အချိန်မီ ပြုပြင်တည်ဆောက်ရန်လိုအပ်သဖြင့် ကျေးရွာလူထုက ဆက်လက်အလှူခံပြီး ကြိုးပမ်းခဲ့ကြရာတွင် စုပေါင်းကုန်ကျငွေ ၈၀ သိန်း ကျပ်ဖိုးတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)က အလှူငွေ ကျပ် သိန်း ၄၀ လှူဒါန်းထည့်ဝင်ခဲ့သည်။ အင်န်အယ်ဒီလွှတ်တော်အမတ် ဦးမြင့်သိန်းနှင့် ပါတီဝင်များကလည်း ၀ိုင်းဝန်း ကူညီလုပ်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။ အင်န်အယ်ဒီပါတီ၏ ဒေသခံ တာဝန်ခံတဦးဖြစ်သူ ကိုစိုးမိုးက ပြောဆိုရာတွင် လုပ်ငန်းရှင်များ၊ ကုမ္မဏီများကလည်း အဆိုပါ ရေကန်တာဘောင်ရိုး အလှူသို့ ၀ိုင်းဝန်းထည့်ဝင်ကြသည်ဟု သိရသည်။ ညောင်ပင်ရွာအရှေ့ကျောင်း ဆရာတော် ဦးဓမ္မဓဇက လုပ်အားပေးများအတွက် စားသောက်စာရိတ်များကို ကုသိုလ်ပြု ပေးသည်။ အဆိုပါ ရေကန်ကို ကျေးရွာစုများဖြစ်သော ညောင်ပင်ရွာ၊ ညောင်ပင်သာ၊ တည်ပင်ကန်ပေါက် ၃ ရွာက အမှီပြု ရပ်တည်နေကြရသည်ဟု သိရသည်။

Ku Mo Jo - Home Returns or House Guest?

ကာတွန်း ကူမိုးကြိုး - ပြည်တော်ပြန်လား ပြည်တော်လည်လား
မေ ၁၈၊ ၂၀၁၂

88 Generation leaders in southern Burma

တနင်္သာရီတိုင်း လောင်းလုံမြို့နယ်ရောက် ၈၈ မျိုးဆက် ခေါင်းဆောင်များ
ဓာတ်ပုံသတင်း
မေ ၁၇၊ ၂၀၁၂

လောင်းလုံမြို့နယ်၊ အောက်ရေဖြူကျေးရွာ ဆွေးနွေးပွဲအပြီးတွင် ဒေသခံတို့က ကချင်ဒေသရှိ စစ်ဘေးဒဏ်ခံ ပြည်သူများအတွက် လှူဒါန်းငွေ ၁၇၄,၀၀၀ ကျပ်ကို ၈၈မျိုးဆက်ကျောင်းသားများမှ တဆင့် ပေးအပ်လှူဒါန်းရာ မင်းကိုနိုင်က လက်ခံရယူခဲ့သည်။ (မေလ၊ ၁၅ရက်၊ ညနေ ၆ နာရီ)
(ဓာတ်ပုံများ - 88 Generation Students)

Dama Bayyi Ashin Wiyiya (Taung Seun) - Articles

အပြောင်းအလဲနဲ့ အလဲအပြောင်း
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
မေ ၁၇၊ ၂၀၁၂



"မှားရာက မှန်၊ မဲရာက ဖြူ၊ ဆိုးရာက ကောင်း'' ဆိုတဲ့ အခြေအနေရောက်အောင် ပြုလုပ်တဲ့အခါမှာ တခါတည်း ခေါင်းနဲ့ပန်းလှန်သလို ပြောင်းပြီး လဲပစ်မလား၊ တဆင့်ချင်း လဲပြီးတော့မှ ပြောင်းယူမလားဆိုတာ အခြေအနေအရ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခြင်းဟာ ခေါင်း ဆောင်ကောင်းတို့ရဲ့ အလွန်အရေးကြီးတဲ့ အရည်အချင်းတစ်ခုပဲ''
(တောင်တွင်းကြီး၊ နတ်မှီတောရဆရာတော်ကြီး)

၁၃၃၅-၃၆ (၁၉၇၄-၇၅) ခုနှစ်များက ဒေးဒရဲမြို့ ကွင်းကျောင်းတိုက်မှာပြုလုပ်တဲ့ နိကာယ်ငါးရပ်သင်တန်းမှာ မြတ်စွာဘုရားရှင်ရဲ့ တရားဦးဒေသနာ (ဓမ္မစကြာ) နဲ့ပတ်သက်လို့ အတော်လေး အကျယ်တ၀င့် ဆွေးနွေးပြောဆိုကြပါတယ်။

သင်တန်းတာဝန်ခံ (စာချ) ဖြစ်တဲ့ ဒေးဒရဲကွင်းကျောင်းဆရာတော်ကြီးက "ဗုဒ္ဓပွင့်တော်မူချိန်အထိ မဇ္ဈိမဒေသမှာ အဓိကလွှမ်းမိုးထားတဲ့ အယူဝါဒက အတ္တ၀ါဒ'' ပဲ။ အတ္တ၀ါဒဆိုတာ အကျဉ်းချုပ်ကတော့ နိစ္စ = မြဲတယ်၊ ဓူဝ = ခိုင်ခန့်တယ်။ သဿတ = ဒီအတ္တကလေးချည်း တစ်ဆက်တည်းဖြစ်နေတယ်။ အ၀ိနာသီ = ဒီအတ္တကလေးဟာ ပျက်စီးခြင်းလည်း မရှိဘူး။ သဗ္ဗဗျာပီ = တကိုယ်လုံးမှာရော အရာခပ်သိမ်းမှာပါ ပံျ့နှံ့ပြီး တည်နေတယ်။ သယံဝသီ = အဲဒီအတ္တရဲ့ အလိုကျအတိုင်းသာအရာရာက လိုက်နေရတယ်'' လို့ ယုံကြည်လက်ခံတဲ့ဝါဒပေါ့။

"ဆင်းရဲကင်းပျောက် ချမ်းသာရောက်ရေး'' ဆိုတဲ့နေရာမှာလည်း ဒီအတ္တကို အခြေခံ အရှိအဖြစ် ခံယူပြီးတော့ပဲ အတ္တရဲ့အလိုကျ လိုအပ်သမျှ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ရှာဖွေခံစားပေးခြင်းဟာ ချမ်းသာအစစ်ပဲလို့ခံယူပြီး အမြဲကြိုးစားကျင့်သုံးကြတဲ့ "ကာမသုခလ္လိကာနု ယောဂ'' အုပ်စုရယ်၊ ဒီအတ္တကလေး ဒီခန္ဓာကိုယ်ကြီးကို ငြီးငွေ့စွန့်ခွာပြီး မဟာပရမတ္ထမလို့ခေါ်တဲ့ မူလအတ္တကြီးဆီပြန်ရောက်မှ ချမ်းသာ အစစ်ကိုရရှိမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ခန္ဓာကိုယ်ထဲမှာရှိတယ်ဆိုတဲ့ အတ္တကလေးကို အမျိုးမျိုးညှဉ်းဆဲကျင့်သုံးတဲ့ "အတ္တကိလမထာနုယော ဂ'' အုပ်စုရယ်ဆိုပြီး အုပ်စုနှစ်မျိုးကွဲသွားတာပါ။

တို့မြတ်စွာဘုရားရှင်လည်း အလောင်းတော်သိဒ္ဓတ္ထမင်းသားဘ၀မှာ ဒီအစွန်းနှစ်ခုလုံးကို ကိုယ်တိုင်ကျင့်သုံးခဲ့တာပဲမဟုတ်လား။ ကပိလ၀တ် နန်းတော်ထဲမှာ ကာမသုခလ္လိကာနုယောဂအကျင့်ကိုလည်း သူမတူအစွန်းရောက်အောင် ကျင့်သုံးခဲ့တာပဲ။ "အတ္တ''ဆိုတာ သူ့အလိုအတိုင်း ဖြစ်စေတယ်လို့ ဆိုထားပေမယ့် တကယ့်လက်တွေ့မှာ အိုတာ၊ နာတာ၊ သေတာကိုကျတော့သူဘာမှ မတတ်နိုင်ဘူးဆိုတာလည်း သိရော တစ်ခါတည်း ဥရုဝေလတောအရောက် ထွက်သွားတော့တာပဲ။

ကပိလ၀တ်နန်းတော်ထဲတုန်းက အတ္တရဲ့ အလိုလိုက် အကြိုက်ဆောင်ပေးနေပေမယ့် တကယ့်ဒုက္ခကို မငြိမ်းစေဘူးဆိုတဲ့ သတိသံဝေဂရခဲ့ပေ မယ့် "အတ္တဆိုတာ ရှိကို မရှိဘူး၊ အနတ္တပဲ'' ဆိုတဲ့အသိမျိုးတော့ မရခဲ့ဘူးလေ။ ဒါကြောင့်လည်း ဥရုဝေလတောထဲရောက်တော့ အဲဒီအတ္တ ကလေးကိုပဲ အရှိလို့ ထင်မြဲထင်နေပြီး ကျင့်သုံးတဲ့နေရာမှာတော့ နန်းတော်ထဲကနဲ့ ဆန့်ကျင်ဘက်အဖြစ်နဲ့ အတ္တကို လုံးဝအလိုမလိုက်ဘဲ ဆန့်ကျင်ညှင်းဆဲတဲ့အကျင့်ကို ကျင့်ပြန်ရော။ ဒါဟာလည်း နောက်ဆုံးတော့ "သေဖို့ပဲရှိတော့တယ်'' ဆိုတဲ့အခြေအနေရောက်လာတော့မှ ကောင်းကောင်းကြီး သံဝေဂရသွားတော့တာ။

အတ္တဆိုတာ "သယံဝသီ = သူ့အလိုကျအတိုင်း ဖြစ်ရမယ်'' ဆိုပေမယ့် အခုလို အစားအသောက်ပါဖြတ်လိုက်တဲ့ အခါမှာတော့ ဒါရဲ့ဆိုးကျိုးက အတ္တကို ထိခိုက်တာမတွေ့ရဘဲ ခန္ဓာကိုယ်ကြီးကိုပဲ ထိခိုက်တော့တာကိုး။ အဲဒီတော့မှ "အတ္တ'' ဆိုတာ မရေရာ မသေချာတဲ့ အယူဝါဒတစ် ခုပဲဆိုတာကို ရေးရေးသဘောပေါက်လာတာ။

ဒါနဲ့ အလောင်းတော်သိဒ္ဓတ္ထမင်းသားဟာ အတ္တဆိုတာကို ဂရုမစိုက်တော့ဘဲ ခန္ဓာကိုယ်ကို ရပ်တည်နိုင်စေမယ့်အစားအစာကို စားသုံးပြီး ဗောဓိမဏ္ဍိုင်ကို ကြွတော့တာပေါ့။ ဗောဓိပင်ခြေရောက်တဲ့အခါ အတ္တအကြောင်းကိုမစဉ်းစားတော့ဘဲ ခန္ဓာကိုယ်ရဲ့ တကယ့်အရှိတရားကို ရှာဖွေသုံးသပ်မိရာက တကယ့်တရားစစ် တရားမှန်ကို ရှာဖွေတွေ့ရှိပြီး သဗ္ဗညုဘုရားအဖြစ်ရောက်သွားတာပေါ့။

ဒီနေရာမှာ တပည့်သားများအနေနဲ့ နှိုင်းယှဉ်သတိထားစရာ အချက်တစ်ခုရှိတယ်။ မြတ်စွာဘုရားရှင်ဟာ ကိုယ်တိုင်ဘုရားဖြစ်ဖို့အရေးမှာ ကပိလ၀တ်နန်းတော်ထဲက ထွက်ခဲ့ပြီးနောက် ဥရုဝေလတောထဲမှာ ခြောက်နှစ်လုံးလုံးမျက်စေ့လည်ခဲ့ရတာ။ ဒါကြောင့် တောထွက်ချိန်ကစပြီး ဘုရားဖြစ်ချိန်အထိ အချိန် (၆) နှစ်တောင်ကြာသွားခဲ့တယ်။ အဲ ..တပည့်သားများကျတော့ ပထမဆုံး တပည့်ဦးကြီးတွေဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့ ဟာ တရားဟောလို့ (၆) ရက်မြောက်မှာပဲ အနတ္တလက္ခဏသုတ်ကိုဟောလိုက်တော့ အားလုံးအာသဝေါကုန်ခန်းတဲ့ ရဟန္တာတွေ ဖြစ်ကုန်ကြ တယ်။ တချို့တပည့်သားတွေဆိုရင် တခဏချင်းနဲ့တောင် ရဟန္တာတွေ ဖြစ်ကုန်ကြတာရှိတယ်လေ။ ဒီနေရာမှာ ဘုရားရှင်ရဲ့ "သတ္ထာဒေ၀မနု ဿာနံ = နတ်လူအပေါင်းတို့ရဲ့ ဆရာကောင်း ခေါင်းဆောင်ရှေ့သွားကောင်းဖြစ်တယ်'' ဆိုတဲ့ဂုဏ်ဟာ အလွန်ထင်ရှားတယ်ဆိုပြီး ဆရာ တော်က စကားကိုခဏရပ်လိုက်ပါတယ်။

"ဆရာတော် ခေါင်းဆောင်ကောင်းပီသပုံလေးလဲ ထင်ရှားအောင် နည်းနည်းချဲ့ပြီး ပြောပေးပါဦးဘုရား''လို့ လျှောက်ထားကြတဲ့အခါ ဆရာတော်က - ဘုရားပွင့်တဲ့အချိန်မှာ ရာဇဂြိုဟ်ဝန်းကျင်မှာ ထင်ရှားတဲ့ဘာသာရေးဂိုဏ်းကြီးခြောက်ဂိုဏ်းဆိုတာ ထင်ရှားရှိနေပြီ။ အဲဒီ ဂိုဏ်းကြီးတွေကို အသီးအသီးဦးဆောင်ကြတဲ့ ဂိုဏ်းဆရာကြီးတွေက ပုရာဏကဿပစတဲ့ ဆရာကြီးတွေပေါ့။ အဲဒါအရှင်တို့လည်း သိကြပြီးသားပဲ။ အဲဒီဂိုဏ်းဆရာကြီးတွေဟာ အမှားနဲ့အမှန်ကွဲပြားအောင် ဘာကျင့်စဉ်မှ ဟုတ်တိပတ်တိ ကျင့်ကြဖူးတာမဟုတ်ဘူး။ သူတို့ စိတ်ကူးရသလို တချို့လည်း ကြားဖူးနားဝရှိတဲ့အထဲက သူတို့စိတ်ကူးနဲ့တည့်သလိုရှောင်ဖို့ ပညတ်တာတွေလည်းရှိတယ်။ ဆောင်ဖို့ တိုက် တွန်းတာတွေလည်း ရှိတယ်။ သူတို့ကသာ ဂိုဏ်းဆရာကြီးတွေအဖြစ်နဲ့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး အခန့်သားအပူဇော်ခံနေကြပေမယ့် သူတို့ ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး ရှောင်ကြ၊ ဆောင်ကြလို့ဘယ်တပည့်မှတော့ ဆင်းရဲဒုက္ခလွတ်ငြိမ်းချမ်းသာသွားတယ်လို့ မရှိပါဘူး။ ဒါပေမယ့် သူတို့ကတော့ ဇွတ်အတင်းပဲ လိုက်နာခိုင်းနေကြတာပဲ။

လူတွေဆိုတာကတော့ ဆင်းရဲကိုကြောက်ပြီး ချမ်းသာကိုမျှော်နေကြတာဆိုတော့ ဘာရယ်လို့ မဟုတ်ဘူး။ အပြောအဟောကောင်းတာကို ရမ်းယုံလိုက်ကြတာပ။ဲ ပြီးတော့ "မောဟစရိတိတဿ အာဓာနဂ္ဂါဟိတိတာ ဒုပုပ္ပဋိနိဿိဂ္ဂိတိတာ = အသိဉာဏ်ချို့တဲ့သူမူများဟာ အယူအစွဲ ပြင်းထန်သလောက် အယူဝူ၀ါဒကို စွန့်လွှတ်ဖို့ခဲယဲယဉ်းကြတယ်'' (၀သိဒုမ္ဓိဂ် - ၁၀၃) ဆတိုအတိုင်း အယယူဝါဒကို ယုံကြည်လက်ခံပြီးရင်လည်း "အမှားကြာတော့ အမှန်ဖြစ်၊ အမှန်အစစ် အမှားထင်၊ ဘုရားပင် ကုလို့မရ'' ဆိုတာမျိုးတွေ ဖြစ်ကုန်တတ်ကြတော့ ဒီဆရာကြီးတွေရဲ့ နောက် လိုက်တွေမှန်သမျှဟာ အယူဝါဒတခုရဲ့ အစမ်းသပ်ခံသားကောင်များဘ၀နဲ့ပဲ "နေလည်း ဆင်းရဲ၊ သေလည်း ဆင်းရဲ'' ဆိုတဲ့ အဖြစ်မျိုးနဲ့ ရခဲ တဲ့ လူ့ဘ၀ကြီးတစ်ခုလုံး အချည်းအနှီး ဆုံးရှုံးနစ်နာသွားကြတယ်။

မြတ်စွာဘုရားရှင်ကို နတ်လူအပေါင်းတို့ရဲ့ ရှေ့သွားခေါင်းဆောင်ကောင်း (သတ္ထာဒေ၀မနုဿာန) လို့ဆိုရတာက မြတ်စွာဘုရားရှင်အနေနဲ့ ရှောင်ရှားရမည့် အစွန်းကျင့်စဉ်မှားနှစ်ခုနဲ့ပတ်သက်ပြီး အစမ်းသပ်ခံသားကောင်အဖြစ်နဲ့ ဘယ်တပည့်သားကိုမှ အသုံးမချဘူး။ သူ့ကိုယ်သူ သာ အသုံးချခဲ့တာ။ အစွန်းမှားနှစ်ခုထဲက အတ္တကိလမထ အစွန်းမှားကျင့်စဉ်ဆိုတာ တကယ့်အာဇာနည်စစ်စစ်ဖြစ်တဲ့ အလောင်းတော်ကြီး မို့သာခံနိုင်တာ။ သာမန်ပုဂ္ဂိုလ်မျိုးဆိုရင် ခြောက်နှစ်မပြောနဲ့ ခြောက်ရက်အထိခံနိုင်ရင်ကံကောင်း။

ဒါကြောင့်လည်း ဘုရားအလောင်းတော်ဟာ ကိုယ်တိုင်အစမ်းသပ်ခံအဖြစ်နဲ့ ခြောက်နှစ်အထိ အစမ်းသပ်ခံပြီးတဲ့အခါ "ဒုက္ခော = ဆင်းရဲရုံ သက်သက်ဖြစ်တယ်။ အနတ္ထသံဟိတော = ဘာကောင်းကျိုးမှ မရနိုင်ဘူး'' ဆိုပြီး ယတိဖြတ်ဆုံးဖြတ်လိုက်တယ်။ နောင်လာနောက်သား တပည့်များအနေနဲ့ ဒီလိုအမှားစွန်းရောက်အောင် အစမ်းသပ်ခံစရာမလိုတော့ဘူး။ ဒါကြောင့်လည်း ဘုရားကိုယ်တော်တိုင် ဘုရားဖြစ်ရေး အားထုတ်ရာမှာ ခြောက်နှစ်အထိကြာခဲ့ပေမယ့် တပည့်တွေကျတော့ ဉာဏ်ဓာတ်ခံကြီးရင် ကြီးသလို တချို့အချိန်ပိုင်းအတွင်း၊ တချို့ ရက် ပိုင်းအတွင်း ကျင့်ဖွယ်ကိစ္စတွေ ပြီးမြောက်သွားကြတာပေါ့။

ဒါဟာ ခေါင်းဆောင်ကောင်း ဆရာကောင်းတို့ရဲ့ နောက်လိုက်တပည့်ဖြစ်ရခြင်းရဲ့အကျိုးပဲ။ ဘုရားရှင်ကို ခေါင်းဆောင်ကောင်း ဆရာကောင်းလို့ ချီးကျူးဂုဏ်ပြုရတာဟာလည်း အမှားရဲ့ဒဏ်ကို အများ (နောက်လိုက်တွေ) မခံရစေဘဲ ကိုယ်တိုင်အစမ်းသပ်ခံ အဆင်းရဲခံပြီးမှ လမ်းမှန်ကို ချွင်းချက်မရှိ တိတိကျကျ ညွှန်ပြဦးဆောင်နိုင်လို့ပဲပေါ့။

ကိုယ်တိုင်စမ်းသပ်ခံရခြင်းရဲ့ကျေးဇူးက ဘယ်လောက်ထိရောက်မှုရှိသလဲဆိုရင် ကာမသုခလ္လိကအစွန်းကို ပယ်ရမယ်ဆိုတဲ့ကိစ္စမှာ သာမန် တစ်ယောက်ယောက်ကသာပြောမယ်ဆိုရင် "စပျစ်သီးမှည့်ကိုမမှီလို့ ချဉ်တယ်ပြောနေတာ'' ဆိုတာမျိုးဖြစ်နေမှာ။ ခုတော့ စကြာဝတေးမင်း ဖြစ်မည့်စည်းစိမ်ကိုတောင်စွန့်ခဲ့တာဆိုတော့ ဘယ်သူမှအပြစ်မပြောသာတော့ဘူး။ ပြီးတော့ အတ္တကိလမထကျင့်စဉ်ဆိုတာ အဲဒီခေတ်တုန်း က လူအလေးစားဆုံး အထင်အကြီးဆုံး အကျင့်လေး။ သာမန်ပုဂ္ဂိုလ်ကသာ ဒီအကျင့်မျိုးကိုပယ်ရမယ်လို့ပြောရင် "သူမကျင့်နိုင်လို့ အပြစ် ပြောတာ'' လို့ အထွန့်တက်ခံရမှာပေါ့။ ကိုယ်တိုင်ခြောက်နှစ်ကြီးများတောင် စံချိန်ချိုးပြီးကျင့်ခဲ့တာဆိုတော့ ဘယ်သူကမှ အပြစ်မပြောနိုင် တော့ဘူး။ အစွန်းတရားတွေဟာ အမှားတွေဖြစ်ပေမယ့် တရားဦးကိုတော့ အများကြီးကျေးဇူးပြုခဲ့တယ်မဟုတ်လား။ အဲဒါ ကိုယ်တိုင် အစမ်း သပ်ခံခဲ့လို့ပဲပေါ့။ လောကမှာ နောက်လိုက်တပည့်သားများကို စွန့်လွှတ်အနစ်နာခံကြဖို့ပြောဆိုတဲ့ခေါင်းဆောင်မျိုးတွေ ပေါလှပေမယ့် ကိုယ်တိုင်စံပြဖြစ်အောင် စွန်လွှတ်အနစ်နာခံတဲ့ခေါင်းဆောင်မျိုးကအရှားသား မဟုတ်လား။ ဒါကြောင့် တရားဦးဓမ္မစကြာကို သေသေ ချာ ချာလေ့လာကြည့်ရင် ဘုရားရှင်ရဲ့ ခေါင်းဆောင်ကောင်းပီသမှုဟာ အလွန်ထင်ရှားတယ်လို့ပြောတာ။

အဲ .. နောက်တချက်က လူအများ လက်ခံယုံကြည်နေကြတဲ့ "အတ္တ''ဆိုတဲ့ဝါဒကြီးဟာ မရှိကို အရှိထင်နေကြတဲ့ဝါဒကြီးသာ ဖြစ်တယ်။ တ ကယ့်အမှန်အကန်တရားက အတ္တမရှိတဲ့ "အနတ္တ'' သာဖြစ်တယ်လို့ သိမြင်တော်မူပြီးတဲ့ အနတ္တ၀ါဒီဘုရားရှင်ဟာ ပထမဆုံးတရားဦးအဖြစ် ရွေးချယ်ရာမှာ အနတ္တလက္ခဏသုတ်ကိုမရွေးချယ်ဘဲ ဓမ္မစက္ကပ၀တ္တနသုတ်ကိုသာ ရွေးချယ်ဟောကြားတော်မူတယ်။ ဒီသုတ်ကို ငါးရက်လုံး လုံး ဟောကြားတော်မူစဉ်မှာ "အနတ္တ'' ဆိုတာနဲ့ပတ်သက်လို့ တစ်လုံးတပါဒမျှဟောမသွားခဲ့ဘူး။ ဒါဟာလည်း အလွန်အရေးပါတဲ့ ရွေးချယ် ဟောပြောမှုပဲ။ မြတ်စွာဘုရားရှင်ရဲ့ အဟောအပြောလိမ္မာမှု ဒေသနာကောသလ္လဉာဏ်တော်အစွမ်းကလည်း အလွန့်ကိုအံမခန်းပဲ။ ဒီအ ကြောင်းအရာကတော့ မဇ္ဈိမဒေသရဲ့ ဘာသာရေးအတွေးအခေါ်များနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့ နတ်မှီဆရာတော်ကိုယ်တိုင် ရှင်းပြ တာ ပိုပြီးကောင်းပါလိမ့်မယ်။ ဆရာတော် ရှင်းပြပေးပါဦးဆိုပြီး ပြောဆိုလျှောက်ထားလိုက်ပါတယ်။

ဆရာတော်ကြီးက - "အဘိဓမ္မာတစ်ရပ်မှာပဲ ဖြစ်ဖြစ်၊ အယူဝါဒတစ်ခုခုမှာပဲဖြစ်ဖြစ်၊ ခေတ်စနစ်တစ်ခုမှာပဲဖြစ်ဖြစ်၊ မှားရာက မှန်၊ မဲရာက ဖြူ၊ ဆိုးရာက ကောင်း'' ဆိုတဲ့အခြေအနေရောက်အောင်ပြုလုပ်တဲ့အခါမှာ တစ်ခါတည်း ခေါင်းနဲ့ပန်းလှန်သလိုပြောင်းပြီး လဲပစ်မလား၊ တဆင့် ချင်းလဲပြီးတော့မှ ပြောင်းယူမလားဆိုတာ အခြေအနေအရ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ရေးဟာ ခေါင်းဆောင်ကောင်းတို့ရဲ့ အလွန် အရေး ကြီးတဲ့အရည်အချင်းတစ်ခုပဲ။ စပ်ကူးမတ်ကူးဆိုတဲ့ကာလမျိုးမှာ ဦးဆောင်တဲ့ပုဂ္ဂိုလ်ရဲ့ ဒီဆုံးဖြတ်ချက် အမှားအမှန်ဟာ အဖွဲအစည်းတစ်ခုရဲ့ အောင်မြင်တည်တံ့မှုနဲ့ ဆုံးရှုံးပျက်စီးမှုကို အဆုံးအဖြတ်ပေးသွားမှာ။

ဦးဆောင်တဲ့ ပုဂ္ဂိုလ်ဟာ ခေါင်းဆောင်ကောင်း ဟုတ်, မဟုတ်ဆိုတာဟာလည်း သူ့ရဲ့မှန်ကန်တဲ့ ဆုံးဖြတ်လုပ်ကိုင်မှုနဲ့ အောင်မြင်တည်တံ့မှုကို ကြည့်ပြီးတော့ပဲ သတ်မှတ်ကြတာမဟုတ်လား။ အခုန ကွင်းကျောင်းဆရာတော်ပြောသွားသလိုပဲ မြတ်စွာဘုရားရှင်အနေနဲ့ ပထမဆုံးသာသ နာပြုတရားအဖြစ်နဲ့ မိဂဒါဝုန်တောမှာ တရားဟောပြရမှာက ပဉ္စ၀ဂ္ဂီငါးဦးတို့ဖြစ်နေတယ်။ ဒါက ပထမဆုံး အလေးအနက်ထားစဉ်းစားရမယ့် ကိစ္စပဲ။ ဒီနေရာမှာ ပဉ္စ၀ဂ္ဂီငါးဦးတို့မဟုတ်ဘဲ တခြားပုဂ္ဂိုလ်တစ်ဦးဦးလည်း ဖြစ်ခဲ့မယ်၊ အဲဒီပုဂ္ဂိုလ်ကလည်း အယူဝါဒနဲ့ပတ်သက်လို့ အမှားနဲ့ အမှန်ကိုသာ တိတိကျကျသိချင်တယ်လို့ဆိုလာရင်တော့ ဘုရားရှင်အနေနဲ့ ဘာမှသိပ်ရှည်ရှည်ဝေးဝေးပြောစရာမလိုဘူး။ "သင်တို့ အများစု ယုံကြည်လက်ခံနေကြတဲ့ "အတ္တ'' ဆိုတဲ့ အယူဝါဒဟာ မှားတယ်။ ငါဘုရားရှင် ရှာဖွေတွေ့ရှိထားတဲ့ "အနတ္တ'' သဘောတရားကသာ အ မှန်ဖြစ်တယ်'' လို့ ပြောဆိုလိုက်ရုံပဲရှိမှာပေါ့။

ဒါပေမယ့် အခုတရားနာကြမည့်ပုဂ္ဂိုလ်တွေက ပဉ္စ၀ဂ္ဂီငါးဦးဖြစ်နေတယ်လေ။ အားလုံးသိထားတဲ့အတိုင်းပဲ ပဉ္စ၀ဂ္ဂီငါးဦးထဲမှာ ဦးစီးဦးဆောင် ဖြစ်တဲ့ ကောဏ္ဍညပုဏ္ဏားကြီးဆိုတာက တကယ့်အတ္တ၀ါဒီအကြီးစားကြီးလေ။ ဗြဟ္မဏတို့ရဲ့ အတ္တ၀ါဒနဲ့ အတ္တ၀ါဒအခြေခံဝေဒကျမ်း အတတ် ပညာမှာ တစ်ဖက်ကမ်းခတ်တတ်ကျွမ်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းဆရာဖြစ်ခဲ့တာ။ အလောင်းတော်မင်းသား ဖွားမြင်ခါစမှာ "ဘုရားဖြစ်မှာ ဧကန်'' လို့ တစ်ခွန်းတည်းဟောနိုင်စွမ်းရှိတဲ့ ပညာရှင်ကြီးမဟုတ်လား။

သူနဲ့အတူ ကျန်တဲ့အဖွဲ့ဝင်လေးဦးတို့လည်း ဘာထူးမလဲ။ အတ္တ၀ါဒကို အခိုင်အမာ အစွဲပြင်းထန်ကြသူတွေပဲ။ ဒါကြောင့်လည်း ဥရုဝေ လတောမှာ အလောင်းတော်က အတ္တကို ညှဉ်းဆဲဖို့ ပြင်းပြင်းထန်ထန်အားထုတ်နေစဉ်မှာ ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်နေသူတွေ ဖြစ်ခဲ့ တာပေါ့။ နောက်တော့ အလောင်းတော်က အတ္တကိုညှဉ်းဆဲတဲ့အယူအကျင့်ကိုစွန့်လွှတ်ပြီး ခန္ဓာကိုယ်ကို ပြန်လည်ထူထောင်ဖို့ အစာစား လိုက်တာနဲ့ တပြိုင်နက် အလောင်းတော်အပေါ်မှာ အယုံအကြည်မရှိတော့ဘဲ စွန့်ခွာသွားကြတဲ့ပုဂ္ဂိုလ်တွေမဟုတ်လား။

အဲဒီပုဂ္ဂိုလ်တွေကို တရားဦးဟောတဲ့အခါ ၀င်ဝင်ချင်း ဆောက်နဲ့ထွင်းဆိုတာလို " မင်းတို့မှတ် တတ်တယ်ထင်နေတဲ့" အတ္တဆိုတဲ့ ၀ါဒက အမှားကြီးကွ။ အခု ငါရှာဖွေတွေ့ရှိခဲ့တဲ့ အနတ္တဆိုတာက အမှန်လို့သာ ဟောကြည့်လိုက်ပါလား၊ မိဂဒါဝုန်မှာ တရားပွဲကြီးဖြစ်သွားမလား ၊ ငြင်းခုံရန်တွေ့ပွဲကြီး ဖြစ်သွားမလား၊ ဒါကို မြတ်စွာဘုရားက ချင့်ချိန်စဉ်းစားရတာပေါ့။ သမားကောင်းတို့မည်သည် လူမမာက ရောဂါပြင်းနေရင် ဆေးကိုငြင်းတတ်တယ်။ ဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ တိုက်ရိုက်ပဋိပက္ခဆေးကို တိုက်ကြွေးခဲ့ရင်လည်း လူမမာက အော့အန်ပြီး ထွေးထုတ်ပစ် တတ် တယ်ဆိုတာကို သိထားရတယ်လေ။

မြတ်စွာဘုရားကိုလည်း "မဟာဘိသက္က = ကျွမ်းကျင်လိမ္မာတဲ့ တရားဆေးဆရာကြီး'' လို့ ဆိုကြတယ်မဟုတ်လား။ မြတ်စွာဘုရားရှင်က ဒီအခြေအနေအရပ်ရပ်ကို ကျွမ်းကျင်နားလည်ပြီးသား။ ဒါကြောင့် အတ္တသမားတွေနဲ့ ထိပ်တိုက်တွေ့ရမည့်ပထမဆုံးတရားဦးမှာ "အနတ္တ'' ဆိုတဲ့စကားလုံးကို တစ်လုံးတစ်ပါဒမျှ မပြောတာပေါ့။ တရားဦးအဖြစ်နဲ့ ဟောတော်မူတဲ့ ဓမ္မစကြာတရားတော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ပထမဦးဆုံးတရားတော်ဖြစ်တာနှင့်အညီ အဘက်ဘက်က ဘယ်လိုမှဟာကွက်မရှိရအောင်ဟောထားတဲ့ ဒေသနာတော်ဖြစ်လို့ အခုခေတ် ကာလစကားနဲ့ ပြောရမယ်ဆိုရင် "ဘုရားရှင်ရဲ့ မာစတာပိစ်'' လို့တောင် ပြောလို့ရလိမ့်မယ်။ ဒီတရားဦး ဒေသနာတော်ကို အသေအချာ လေ့ လာကြည့်ရင် မြတ်စွာဘုရားရှင်ရဲ့တရားဟောပုံ ကျွမ်းကျင်လှတဲ့ ဒေသနာကောသလ္လဉာဏ်တော်ကိုလည်း ခန့်မှန်းသိနိုင်လောက်တယ်။

ဒီတရားတော်မှာ အဓိကဖြစ်တဲ့သစ္စာလေးပါးကို ဟောကြားတော်မူတဲ့အခါမှာ ပထမဆုံးသစ္စာအဖြစ်နဲ့ ဒုက္ခသစ္စာကိုပြလိုက်တယ်။ စည်းရုံး ရေးပုံစံအရ ကြည့်မယ်ဆိုရင် ဒါဟာ တကယ့်ကို အရေးပါတဲ့ကိစ္စပဲ။ တစ်ဖက်နဲ့တစ်ဖက် ဆန့်ကျင်ဘက်မဖြစ်အောင် ဟောပြောတဲ့အခါမှာ အရေးအကြီးဆုံးက ပထမဦးဆုံးတင်ပြတဲ့အချက်အပေါ်မှာ နှစ်ဦးနှစ်ဖက် ဆန့်ကျင်ငြင်းခုံစရာ မရှိတဲ့အချက်ဖြစ်ဖို့က အလွန်အရေးကြီးတယ်။ ဒါကြောင့်လည်း ဘုရားရှင်က ဘယ်သူမှ ငြင်းဆန်လို့မရနိုင်တဲ့ ဒုက္ခသစ္စာကို အဦးဆုံးချပြလိုက်တာပဲ။ အဲဒီအချက်ဟာ တရားနာနေကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့မဆိုထားနှင့် ဘုရားရှင်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ပြုနေတဲ့ ဘာသာရေးဂိုဏ်းဆရာကြီးတွေပင် ဖြစ်စေဦးတော့ မြတ် စွာဘုရားရှင် ချပြလိုက်တဲ့ "အိုခြင်း၊ နာခြင်း၊ သေခြင်းဟာ ဆင်းရဲခြင်း အမှန်ဖြစ်တယ်'' ဆိုတဲ့အချက်ကို ဘယ်သူမှ ဆန့်ကျင်ကြမှာ မဟုတ် ပါဘူး။

ဒီနေ့အထိလည်း ဒီအဆိုကိုဆန့်ကျင်ပြီး "သေရတာဟာ ဒုက္ခမဟုတ်ပါဘူး/ သုခစစ်စစ်ပါ'' လို့ပြောတဲ့ ဘာသာရေးဂိုဏ်းဂဏဆိုတာရှိမယ်မဟုတ်ပါဘူး။ အဲဒီလို ဘယ်သူမှငြင်းချက်မထုတ်နိုင်တဲ့အဆိုကို ဘုရားရှင်က ချပြလိုက်တာ။ ပဉ္စ၀ဂ္ဂီငါးဦးလုံး ဘယ်သူမှ
မငြင်းဘူး အားလုံးတညီတညွတ်တည်း သဘောတူထောက်ခံကြရတာပဲ။

အဲ ... ဒုတိယသစ္စာကတော့ အတော်ကြီးကို အရေးပါတဲ့သစ္စာပဲ။ ပထမအဆိုဖြစ်တဲ့ ဒုက္ခသစ္စာရဲ့လက်သည်အကြောင်းတရားမှန်ကို ချပြ ရမှာကိုး။ တကယ်က ဘာသာဝါဒတွေ အသီးသီးကွဲပြားခြားနားကြရတာဟာ ဒီဒုက္ခသစ္စာရဲ့အကြောင်း လက်သည်သတ်မှတ်တဲ့နေရာမှာ ကွဲပြားခြားနားသွားကြတာပဲ။ ပဉ္စ၀ဂ္ဂီတို့ကိုယ်တိုင်လည်းပဲ ဒီအချက်နဲ့ပတ်သက်ပြီးမျက်စေ့လည်နေကြတာပဲ။ သူတို့က ဒုက္ခဆိုတာ မဟာ ပရမ အတ္တကြီးရဲ့ကိုယ်ပွားများဖြစ်တဲ့ ဗြဟ္မာ၊ ဗိဿနိုးစတဲ့ တန်ခိုးရှင်ကြီးကမကျေနပ်လို့ ဖြစ်ပေါ်ကြုံတွေ့နေရတယ်လို့ ထင်မှတ်ယုံကြည် နေကြတာကိုး။

အဲဒီမှာ ဘုရားရှင်က "ဒုက္ခရဲ့ လက်သည်တရားခံအစစ်အမှန်ဟာ ကိုယ်က ကျေနပ်စရာ၊ မကျေနပ်စရာဆိုပြီး ထင်မြင်စွဲလမ်း ကပ်ငြိထားတဲ့ တဏှာသမုဒယကြောင့်ဖြစ်ရတာ'' လို့ ချပြလိုက်တယ်။ ဒီတရားတော်ကို ပဉ္စ၀ဂ္ဂီငါးဦးလုံး တညီတညွတ်တည်း လက်ခံလာတဲ့အထိ ငါးရက် တိတိ ဟောကြားရတယ်ဆိုတာ ဒီဒုတိယသစ္စာအပေါ်မှာ မကျေညက်ကြလို့ အထပ်ထပ်အခါခါ ဆွေးနွေးရှင်းပြနေရတာကြောင့်ပဲ ဖြစ် လောက်တယ်။ ဒီနေရာမှာကျတော့ သူတို့ထင်မြင်ယုံကြည်လက်ခံထားတဲ့အချက်နဲ့က ဆန့်ကျင်နေတာကိုး။

အကြိမ်ကြိမ်အထပ်ထပ် သုံးသပ်ကြည့်လိုက်တော့မှ "ဘယ်သူမဆို ကိုယ်ထင်မြင်စွဲလမ်းထားတဲ့ ကျေနပ်စရာ မကျေနပ်စရာများနဲ့ ပတ် သက်မှသာ ကျေနပ်စရာထင်တဲ့အရာနဲ့ကျတော့ မတွေ့ဆုံ မပြည့်စုံလို့ ဒုက္ခဖြစ်ရတယ်။ မကျေနပ်စရာလို့ထင်ထားတဲ့အရာနဲ့ကျတော့ လွှဲဖယ်မရဘဲ ကြုံတွေ့နေရတဲ့အတွက် ဒုက္ခဖြစ်ကြရတယ်'' ဆိုတဲ့အချက်က ဘယ်လိုမှ ငြင်းချက်ထုတ်လို့မရတော့ဘဲ လက်ခံသွား ကြတော့ တာ။

ဒီအချက်ကိုလက်ခံသွားတာနဲ့ တပြိုင်နက် ကျန်တဲ့သစ္စာတွေကလည်း အလိုလို သဘောတူသွားကြမှာပါပဲ။ ဟုတ်တယ်လေ အားလုံးမျက်စေ့ လည်နေတဲ့အချက်က အကျိုးတရားအပေါ်မှာမှ မဟုတ်ဘဲ။ အကြောင်းတရားအပေါ်မှာ မျက်စေ့လည်ပြီး ၀ိဝါဒကွဲနေကြတာမဟုတ်လား။ အခုဒီအချက်ကို ကျေနပ်သဘောတူသွားပြီဆိုရင် ကျန်တဲ့သစ္စာနှစ်ပါးက သိပ်ပြီး ငြင်းခုံဆန့်ကျင်စရာမရှိတော့ဘူး။ "ဒုက္ခ'' ဆိုတာရှိသလို "ဒုက္ခခပ်သိမ်းချုပ်ငြိမ်းမှု''ဆိုတဲ့ အမှန်တရားလည်းရှိတယ်ဆိုတဲ့ တတိယသစ္စာကိုလည်း လွယ်လွယ်ကူကူ လက်ခံသွားကြမှာပါပဲ။

အဲ .. ဒုက္ခချုပ်ငြိမ်းကြောင်း မဂ္ဂသစ္စာကျတော့လည်း သူတို့အရင်ကထင်ထားသလို "မဟာပရမအတ္တကြီးရဲ့အလိုကျဖြစ်လို့'' ဆိုတဲ့ အချက်က ဒုတိယသစ္စာမှာကတည်းက ဒီအယူအဆကို စွန့်လွှတ်ခဲ့ပြီးဖြစ်လို့ အထွေအထူးငြင်းနေစရာ မရှိလောက်တော့ပါဘူး။ အားလုံးသဘောတူ လက်ခံသွားကြမှာပါပဲ။ ဒီသစ္စာလေးပါးလုံးကို ကျေကျေနပ်နပ် သိမြင်လက်ခံနိုင်သွားတာနဲ့ တပြိုင်နက် တရားသဘောကို အမှန်အကန် သိမြင်တဲ့ ပထမဆုံးအရိယာပုဂ္ဂိုလ်အဆင့် (သောတာပန်) ပုဂ္ဂိုလ်ဖြစ်သွားကြတော့တာပါပဲ။

ဒီဓမ္မစကြာတရားဦးမှာ မြတ်စွာဘုရားရှင်က "အနတ္တ'' ဆိုတဲ့စကားလုံးကို တစ်လုံးတစ်ပါဒမှ မပြောပေမယ့် အရေးကြီးတဲ့ အစားထိုး လဲလှယ် မှုကြီးကိုတော့ အောင်အောင်မြင်မြင်ကြီး ပြုလုပ်နိုင်လိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ "ဆင်းရဲဒုက္ခတို့၊ ဒုက္ခချုပ်ငြိမ်းမှုတို့ဆိုတာ အတ္တတို့ ဗြဟ္မာ ဗိဿနိုးစတဲ့ တန်ခိုးရှင်ကြီးတို့က ဖန်ဆင်းလို့ ဖြစ်ရတာ မဟုတ်ဘူးအကြောင်းတရားကြောင့်ဖြစ်ရတဲ့ အကျိုးတရားများသာ ဖြစ်တယ်'' ဆိုတဲ့ အချက်ပဲ။ "အတ္တနဲ့ အတ္တရဲ့ ကိုယ်ပွားတန်ခိုးရှင်များ'' ဆိုတဲ့အကြောင်းမှားကို သမုဒယ၊ မဂ္ဂဆိုတဲ့ အကြောင်းမှန်များနဲ့ အစားထိုး လဲပေးလိုက်တာပါပဲ။

ဓမ္မစကြာတရားတော်မှာ အဲဒီအကြောင်းမှန်ကလေးကိုလဲပေးလိုက်တာနဲ့ တပြိုင်နက် အတ္တနယ်သားများဖြစ်နေတဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့ဟာ ဘယ်သူကမှ အထူးတိုက်တွန်းစရာမလိုတော့ဘဲ အတ္တနယ်ကနေ အနတ္တနယ်ကို ပြောင်းသွားကြတာပဲ။ ဒါကြောင့်လည်း ၆ ရက်မြောက် တရားပွဲအဖြစ် အနတ္တလက္ခဏသုတ်ကို ဟောတော်မူတဲ့အခါမှာတော့ အနတ္တ၀ါဒကို အားလုံး ကျေကျေနပ်နပ်ကြီး လက်ခံသွားကြပြီး အနတ္တနယ်သားစစ်စစ် ရဟန္တာကြီးများဖြစ်သွားကြတာ။

ဒါကြောင့် အသွင်ကူးပြောင်းရေးဆိုတာ ခေါင်းနဲ့ပန်းလှန်သလို တစ်ခါတည်းပြောင်းပြီး လဲပစ်ဖို့ဆိုတာ သာမန်ပုဂ္ဂိုလ်များမဆိုထားနဲ့ တိဟိတ် ဥက္ကဋ္ဌ ပါရမီရှင် စစ်စစ်ကြီးတွေဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့မှာတောင် ပြောသလောက်လွယ်ကူတာမဟုတ်ဘူး။ တဆင့်ချင်း လဲပြီးတော့မှ ပြောင်း လာနိုင်ကြတာ။ အဲဒါကို သဘောမပေါက်ဘဲ ဘယ်အရာမဆို မှားရာကနေ မှန်လာအောင်၊ မဲရာကနေ ဖြူလာအောင်၊ ဆိုးရာကနေ ကောင်း လာအောင် တစ်ခါတည်း ပြောင်းပြီးလဲပစ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ တစ်ထစ်ချင်းတက်ရမယ့်နေရာကို ခုန်ပြီးတက်သလိုပေါ့။ လိုချင်တဲ့ နေရာ တစ်ခါတည်းရောက်သွားရင်တော့ ကောင်းရဲ့။ မရောက်လို့ ပြန်ကျပြီဆိုရင်တော့ တစ်ထစ်ချင်းသမားကျသလို အကောင်းပကတိအဖြစ်နဲ့ ပြန်ကျဖို့မလွယ်ဘူး။ အကျိုးကျိုးအပဲ့ပဲ့ဖြစ်သွားနိုင်တဲ့အတွက် နောက်တစ်ခါ တစ်ထစ်ချင်းပြန်တက်နိုင်ဖို့တောင် မလွယ်ဘဲဖြစ်သွားတတ် တယ်။ အဲဒါကို သာသနာပြုစည်းရုံးရေးလုပ်ကြရမည့် ပုဂ္ဂိုလ်တွေက ကြပ်ကြပ်သတိထားသင့်တယ်'' ဆိုတဲ့အကြောင်း အကျယ်တ၀င့် မိန့် ကြားသွားပါတယ်။

အားလုံးသတိထား အသိပွားနိုင်ကြပါစေ ...။

Zaw Aung (Mone Yar) - Articles

ဗီယက်နမ်နိုင်ငံပြုပြင်ပြောင်းလဲရေး
ဇော်အောင် (မုံရွာ)
မေ ၁၇၊ ၂၀၁၂



တိုင်းပြည်ကြီး၊ ပျက်စီးယိုယွင်းလာသည်ကို ပြုပြင်ပြောင်းလဲလိုသူများက ၁၉၈၆ ကွန်မြူနစ်ပါတီကွန်ကရက်ကြီးတွင် အစိုးရအဟောင်းကို အသစ်နှင့်အစားထိုးလိုက်သည်။ အသက် ၇၁ နှစ်အရွယ်ရှိသော ငုရင်ဗင်လင့်ဆိုသူ ပါတီအကြီးအကဲဖြစ်လာပါသည်။ ထိုမှစပြီး အရှေ့တောင် အာရှနိုင်ငံမှ၊ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများဖြင့် ဒီမိုကရေစီစနစ်ကိုလုပ်ဆောင်ခဲ့သည်။ Doi Moi အင်္ဂလိပ်စကားလုံ Renovation ဟု အဓိပ္ပါယ်ရှိသည့် ပြုပြင်ပြောင်းလဲမှုတွင် ၄ နှစ်အတွင်း ဥရောပါ၊ အမေရိကတို့နှင့် ဆက်ဆံရေးပြန်လည်ရရှိခဲ့သည်။ စက်မှု၊ လယ်ယာ၊ ကုန်ထုတ်လုပ်ငန်းများတွင် တဟုန်ထိုးတိုးတက်ခဲ့သည်။ သို့သော် ၁၉၉၀ နောက်ပိုင်းတွင် ယခင်အရိုးစွဲနေသောအကျင့်များ၊ ကြိုးနီစနစ်များ မကုန်နိုင်သောကြောင့် နှေးကွေးသွားရပြန်သည်။ ၂၀၀၄ နောက်ပိုင်းတွင် ပြည်ပရောက်ဗီယက်နမ်များစွာ ပြန်လာသောကြောင့် စီးပွားပြန်လည်တိုးတက်လာသော်လည်း မှန်းသလောက်ဖြစ်မလာသေးပါ။ ငုယင်ဗင်လင့် ၁၉၉၁ မှာ ကျန်းမာရေးအရ၊ အနားယူသွားပြီး၊ ဗီ ယက်နမ်ရဲ့ ပြင်ပြင်ပြောင်းလဲမှုပြဿနာများကို ဆက်လက်ပြောဆိုရေးသားခဲ့သည်။ အထူးသဖြင့် ဆင်းရဲချမ်းသာကွာခြားလွန်းခြင်း၊ အမေရိ ကန်ကုမ္ပဏီများက ဗီယက်နမ်များကို နည်းပညာမပေးပဲ၊ အမေရိကန်ရောင်းမကုန်ပစ္စည်းတွေပဲ လာပုံချသွားခြင်းများက အပြစ်တင်ရေးသား ခဲ့သည်။ ဗီယက်နမ်ခေါင်းဆောင်များကြားတွင် ချစားမှု၊ အာဏာအလွဲသုံးမှုများကိုဖြစ်လာပြန်သည်ကို ခေါင်းဆောင်ဟောင်းကြီးက ထောက် ပြခဲ့သည်။

မြန်မာခေါင်းဆောင်များ မည်သည့်သင်ခန်းစာများ ဗီယက်နမ်မှရယူသွားသနည်းကိုမူ စောင့်ကြည့်ရန်သာရှိပေသည်။

• ဗီယက်နမ်သမိုင်း
ဗီယက်နမ်များ၏ မျိုးချစ်စိတ်ဓါတ်သည် သူ့ကျွန်မခံ၊ အလွန်မာကြောလှပါသည်။ တရုတ်ပြည်၊ မွန်ဂိုအင်ပါယာလက်ထက်မှာ မြန်မာပြည်ကို မွန်ဂိုတရုတ်တပ်များ ၀င်ရောက်သိမ်းပိုက်ပြီး၊ ပုဂံမင်းဆက်ကို ပျက်သုန်းစေခဲ့သော်လည်း ဗီယက်နမ်ကို မွန်ဂိုတရုတ်များ ၀င်ရောက်တိုက် ခိုက်တဲ့အခါ ဗီယက်နမ်များက တွန်းလှန်တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ဥရောပနယ်ချဲ့များကိုတော့ အရှုံးပေးခဲ့ပြီး၊ ပြင်သစ်ကိုလိုနီနိုင်ငံအဖြစ် နှစ်ပေါင်းများစွာနေခဲ့ပြီး၊ တော်လှန်ရေးတိုက်ပွဲမှာ ဘိန်ဒိန်ဖူးစစ်ပွဲကြီး ၁၉၅၄ မှာ ပြင်သစ်စစ်တပ်ကြီး ပိတ်မိ၊ လက်နက်ချ အရှုံးပေးပြီး ဗီ ယက်နမ်ကထွက်ခွာခဲ့တဲ့ ရာဇ၀င်ရှိသည်။ နောက်ပိုင်း ကွန်မြူနစ်စနစ်ထွန်းကားတဲ့ ၁၉၇၀ ခေတ်လောက်က၊ ဗီယက်နမ်စစ်ပွဲဆိုပြီး အရှေ့ တောင်အာရှမှာ ကွန်မြူနစ်နဲ့အရင်းရှင်စနစ် ၂ ခု အပြင်းအထန်တိုက်ခိုက်ကြတဲ့မြေဇာပင် ဗီယက်နမ်ဖြစ်ပါသည်။ အရင်းရှင် ဒီမိုကရေစီအ ဘိုးကြီး အမေရိကန်ခမျာ ၁၅ နှစ်လောက် ယခုခေတ်၊ အီရက်ထက်ဆိုးတဲ့စစ်ပွဲကြီးကိုတိုက်ခိုက်ရင်း ၁၉၅၇ မှာ ဗီယက်နမ်က ရှုံးနိမ့်ထွက်ခွာ လာခဲ့ရသည်။

• ယခုလက်ရှိဗီယက်နမ်
ဝီကီမှတ်တမ်းအရ နိုင်ငံခြားရောက်ဗီယက်နမ်လူဦးရေမှာ ၄ သန်းခန့်ရှိသည်။ အများဆုံးမှာ အမေရိကန်တွင် ၁.၈ သန်းရှိသည်။ ကမ္ဘောဒီး ယားတွင် ၆ သိန်း၊ တိုင်ဝမ် ၂ သိန်းခန့်၊ ပြင်သစ်တွင် ၂ သိန်းခွဲ၊ သြစတြေးလျား၊ ကနေဒါ၊ လာအို၊ ရုရှား၊ တောင်ကိုးရီးယားတို့တွင် တစ် သိန်းခွဲကျော် စသဖြင့်ရှိကြသည်။ အများစုမှာ ဗီယက်နမ်စစ်ပွဲအပြီး စစ်ပြေးများဖြစ်ကြသည်။ ဗီယက်နမ်ကွန်မြူနစ်ပါတီက ၂၀၀၀ နောက် ပိုင်းတွင် စီးပွားရေးတံခါးဖွင့်ဝါဒ စတင်ကျင့်သုံးလာပြီး၊ နိုင်ငံခြားရှိဗီယက်နမ်များအား ပြန်လာရန်ခေါ်သော်လည်း အများစုမှာ ဗီယက်နမ် ကွန်မြူနစ်အစိုးရကို ဆန့်ကျင်ကြသည်။ ၂၀၀၄ ခုနှစ်တွင် ယခင်တောင်ဗီယက်နမ် ၀န်ကြီးချုပ်ဟောင်း Nguyễn Cao Kỳ ပြန်လာပြီးသည့် နောက်တွင်၊ ကွန်မြူနစ်အစိုးရနှင့် နိုင်ငံခြားရောက်ဗီယက်နမ်များ ဆက်ဆံရေးကောင်းမွန်လာခဲ့သည်။ အစိုးရပြုပြင်ပြောင်းလဲမှုများ အနည်း ငယ်စတင်ချိန် ၁၉၈၇ တွင် နိုင်ငံခြားရောက် ဗီယက်နမ် ၈၀၀၀ ခန့်သာပြန်လာကြသော်လည်း၊ ပြုပြင်ရေးအရှိန်ရလာသည့် ၂၀၀၄ တွင် လေးသိန်းကျော် ၄၃၀၀၀ ပြန်လာကြသည်။ ပညာတတ်၊ ကြွယ်ဝချမ်းသာသည့်ဗီယက်နမ်များစွာတို့မှာ ကွန်မြူနစ်အစိုးရ လူ့အခွင့်အရေးမ ရှိမှုများကြောင့် ပြန်မလာကြသေးပါ။ ဗီယက်နမ်အစိုးရကလည်း ပြန်လာရန် နည်းမျိုးစုံနှင့် ကြိုးစားဆွဲဆောင်ဆဲပင်ဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် ဗီယက်နမ်အကြီးအကဲ၊ သမ္မတ အမေရိကန်ခရီးစဉ်ထွက်ခွာစဉ် အမေရိကန်ရောက်ဗီယက်နမ်များဆန္ဒပြမှုကို စိုးရိမ်ခဲ့ရ သည်။ အမေရိကားရောက် ဗီယက်နမ်များမှာ ဗီယက်နမ်ကွန်မြူနစ်အစိုးရကို မကျေနပ်နေဆဲဖြစ်သည်။ ဗီယက်နမ်များစွာ ၂၀၀ နောက်ပိုင်း တွင်လည်း အမေရိကားသို့ အခြေချ၊လာရောက်နေဆဲဖြစ်သည်။ မှတ်တမ်းအရ အမေရိကန်ရောက် ဗီယက်နမ်အရေအတွက်မှာ ၁၉၈၀ တွင် ၂ သိန်းကျော်မှ၊ ၁၉၉၀ တွင် ၆ သိန်းကျော်လာပြီး၊ ၂၀၀၀ တွင် တစ်သန်းတစ်သိန်း ရှိခဲ့သည်။ ဆက်လက်ဝင်ရောက်လာဆဲဖြစ်ပြီး ၂၀၁၀ တွင် တစ်သန်း ၈ သိန်း (နောက်ထပ် ၇ သိန်း ထပ်မံတိုးပွားလာခဲ့သည်။) အများအားဖြင့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူပြီးသူများ ဖြစ်ပြီး၊ ကုန်တိုက်ပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်များစွာရှိသလို အမေရိကား ထိတ်တန်းပညာတတ်များ၊ အာကာသယဉ်မှူး၊ လွှတ်တော်အမတ်၊ အစိုးရ ရာထူးကြီးများ၊ နိုင်ငံကျော် အားကစား၊ အနုပညာ၊ ဂီတသများ များစွာကို ပေါ်လာခဲ့သည်။ ၂၀၀၇ ဗီယက်နမ်များစွာနေထိုင်သော ကာလီဖိုးနီးယား၊ Orange County တွင် ဗီယက်နမ်း-အမေရိကန် ၃ ဦး County Supervisor ရွေးကောက်ပွဲ၊ အကြိတ်အနယ်ပြိုင်ဆိုင်ခဲ့ရာ အသက် ၃၂ နှစ်အရွယ်၊ ဗီယက်နမ်အမျိုးသမီး Janet Q. Nguyen အရွေးခံရသည်။ ပထမဆုံးဗီယက်နမ်အမျိုးသမီး County Supervisor ဖြစ်သည်။

• ဗီယက်နမ်ဒီမိုကရေစီ Viet Tan နိုင်ငံရေးအဖွဲ့
၁၉၈၂ ခုတွင် ကွန်မြူနစ်အစိုးရကို တော်လှန်သည့်၊ မြေအောက်အဖွဲ့အစည်းအဖြစ် စတင်ခဲ့သည်။ ပြည်ပရောက်ဗီယက်နမ်များ ထောက်ခံမှု ရရှိသော်လည်း၊ ကွန်မြူနစ်အစိုးရ၏ နှိပ်ကွပ်၊ ဖိနှိပ်မှု၊ ထောင်သွင်းအကျဉ်းချမှုများကိုခံရသည်။ ၂၀၀၄ နောက်ပိုင်းတွင် မြေပေါ်အဖွဲ့အစည်း အနေဖြင့်လှုပ်ရှားခဲ့သော်လည်း ကွန်မြူနစ်အစိုးရက ပူးပေါင်းလုပ်ဆောင်ခွင့်မပေးခဲ့။ တစ်ပါတီစနစ် ဗီယက်နမ်တွင် ဒီမိုကရေစီလိုလား သူများကို အစိုးရအဖွဲ့တွင် ပါဝင်ခွင့်မရခြင်းမှာ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ အားနည်းချက်ပင်ဖြစ်သည်။ Viet Tan အဖွဲ့ကို အကြမ်းဖက်သမား အဖြစ်သတ်မှတ်ထားခြင်းကို အမေရိကန်အစိုးရလက်မခံပါ။ ထို့ကြောင့် နိုင်ငံရေးပူးပေါင်းမှု၊ ဗီယက်နမ်တွင် မရရှိသေးပါ။ ၂၀၀၈ တွင် အမေ ရိကန်လူမျိုး Viet Tan အဖွဲ့ဝင်၊ ဗီယက်နမ် ၃ ဦး၊ ဗီယက်နမ်တွင် ဖမ်းဆီး၊ ထောင်ချခံခဲ့ရပြီး တိုင်းပြည်မှနှင်ထုတ်ခံရသည်။ ၂၀၁၀ မှ ၂၀၁၂ (ယခုအချိန်ထိ) မြို့တော် ဟနွိုင်းမြို့တွင် ပြည်တွင်းရှိ Viet Tan အဖွဲ့သားများက အစိုးရကို လူအခွင့်အရေး နိုင်ငံရေး ကန့်ကွက်ဆန္ဒပြပွဲများ၊ တရုပ်ပြည်မတရားစီးပွားလုပ်ငန်းများကိုခွင့်ပြုပေးခြင်းအတွက် ဆန္ဒပြပွဲများကို ငြိမ်းချမ်းစွာပြုလုပ်ခဲ့ရာ ကွန်မြူနစ်အစိုးရက အမြောက်အများ ကို ဖမ်းဆီးထိမ်းသိမ်းခဲ့သည်။ ဗီယက်နမ်သို့ပူပေါင်းပါဝင်ကာ သြစတြေးလျမှ Viet Tan အဖွဲ့ဝင်များကိုလည်း ဖမ်းဆီးကာ၊ တိုင်းပြည်မှနှင် ထုတ်ခဲ့သည်။ အင်တာနက်ကိုလည်း ဗီယက်နမ်အစိုးရက ကျပ်တည်းစွာထိမ်းချုပ်ထားသည်။

• ဗီယက်နမ်နှင့်မြန်မာလူမျိုးအကြောင်း
များသည် စစ်တိုက်တဲ့နေရာမှာ မြန်မာထက် ရာဇ၀င်မှာ မှတ်တမ်းကြီးရှိပါတယ်။ သို့သော်လည်း စည်ပင်သာယာဝပြောတဲ့ နိုင်ငံသားအဖြစ် တော့၊ မြန်မာပြည်ရဲ့ရာဇ၀င်ကို မယှဉ်နိုင်ပါဘူး။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှသာမက၊ အာရှတခွင်အထိ ၁၉၄၀-၁၉၇၀ နှစ်ပိုင်းများက ရာဇ၀င်မှတ်တမ်းများစွာ တင်ထားခဲ့ပါသည်။ အကျဉ်းရေးရရင် ကုလသမဂ္ဂအကြီးအကဲ ဦးသန့်၊ ဂျပန်ကိုတော်လှန်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ အရှေ့တောင်အာရှမှာ အကြီးဆုံး မြန်မာသင်္ဘောလိုင်း Five Star၊ ရန်ကုန်ဆိပ်ကမ်း၊ အကြီးဆုံးဖြစ်ခဲ့သော မင်္ဂလာဒုံလေယာဉ်ကွင်း၊ မြန် မာလေကြောင်း BAC စသည်တို့ စန်းပွင့်ခဲ့စဉ်များ အခုကမ္ဘာတလွှားနာမည်ယူနေတဲ့ စင်ကာပူအဲယားလိုင်း၊ ထိုင်းအဲယားဝေး၊ လေဆိပ်ကြီး များ လုံးဝမပေါ်ထွန်းသေးပါ။ မြန်မာ Five Stars သင်္ဘောများ ကမ္ဘာတခွင် ကူသန်းနေချိန်မှာ အရှေ့တောင်အာရှနိုင်ငံများ ကမ္ဘာတခွင်မောင်း တဲ့၊ သင်္ဘောလိုင်းများ မရှိသေးပါဘူး။ အားကစားမှာလည်း အာရှတိုက်မှာ ဘောလုံး၊ ပြေးခုန်ပစ်တွေမှာ ကိုးရီးယား၊ ဂျပန်တို့နဲ့ ထိပ်တန်း ယှဉ်ပြိုင်နိုင်ခဲ့သည်။



၂၀၁၀ မှာ GDP US$ ၂၂၀ billion, လူဦးရေ ၉၁ သန်းရှိသော ဗီယက်နမ်၏ ပျမ်းမျှလူတဦး၊ တနှစ်ဝင်ငွေမှာ US$ ၁၃၀၀ သာရှိပါသည်။ GDP per capital (nominal)။ လက်ရှိမြန်မာပြည်၏ GDP US$ ၇၈ billion, လူဦးရေ သန်း ၆၀၊ ပျှမ်းမျှ တဦးချင်း တနှစ်ဝင်ငွေမှာ US$ ၈၃၀ ရှိသောကြောင့် ဗီယက်နမ်ကိုမှီဖို့ သိပ်မဝေးဖူးဟုသိရသည်။ အဘယ့်ကြောင့် ဗီယက်နမ်တိုးတက်မှုမှာ ထင်သလောက်မမြန်ရခြင်းမှာ ပြည်ပ ရောက်ဗီယက်နမ်များကို ကိုးရီးယားအစိုးရကဲ့သို့ မဆွဲဆောင်နိုင်သောကြောင့်ဖြစ်ပေမည်။ အထူးသဖြင့် ပြည်ပအခြေစိုက် ဒီမိုကရေစီနိုင်ငံရေး အဖွဲ့ Viet Tan၊ မြေအောက်အဖွဲ့အစည်းမှ မြေပေါ်သို့ ၂၀၀၄ နောက်ပိုင်း ရွှေ့ပြောင်းလာသော်လည်း အတိုက်အခံဒီမိုကရေစီများ ဗီယက် နမ်အစိုးရအဖွဲ့သို့ မ၀င်နိုင်ကြပါ။ အတိုက်အခံမရှိခြင်း - ဤအချက်သည် ဗီယက်နမ်ပြုပြင်ပြောင်းလဲမှုအရှိန်ကို တုံ့နှေးစေပါသည်။

• ကွန်မြူနစ်ဗီယက်နမ်ကို ပြန်လေ့လာရင်
၁၉၇၅ နောက်ပိုင်း တစ်ပါတီ ကွန်မြူနစ်လူ့ဘောင်ကိုထူထောင်ရင်း၊ ၁၉၈၉ နောက်ပိုင်း၊ တရုတ်ပြည်ပြုပြင်ပြောင်းလဲရေးများ အောင်မြင်လာ ချိန်၊ အရင်ကရန်သူဖြစ်ခဲ့သောအမေရိကန်နဲ့ ပြန်လည်သင့်မြတ်ခဲ့ပါသည်။ ဗီယက်နမ်လူမျိုး သန်းနဲ့ချီပြီး ကမ္ဘာတ၀ှမ်းလွှင့်သွားရသူများ ဗီ ယက်နမ်အစိုးရက ပြန်လည်လက်ခံပါသည်။ အရှေ့တောင်အာရှ ASEAN အဖွဲ့ဝင်အဖြစ် မြန်မာနောက်မှဝင်လာသော်လည်း မြန်မာထက် ဦးစွာပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်ခဲ့သည်။ ဗီယက်နမ်ငွေကြေး Dong ကိုတည်တံ့စေပြီး၊ ၂၀၀၀ ခုနှစ်မှာ စတော့အိတ်ချိန်း Ho Chi Minh Stock Exchange HOST ကို ကုမ္ပဏီ ၂ ခုရဲ့ အမေရိကန်ဒေါ်လာ ၂ . ၇သန်း တန်ဖိုးနဲ့စတင်ခဲ့သည်။ ၂၀၁၀ ခုနှစ် ၁၀ နှစ်အကြာမှာ စတော့အိတ်ချိန်းဟာ ကုမ္ပဏီပေါင်း ၂၄၀ ကျော်ပါဝင်ခဲ့ပြီး အမေ၇ိကန်ဒေါ်လာ ၂၈ ဘီလျှံ ရှိနေပြီဖြစ်သည်။

ဗီယက်နမ်မှာ ကွန်မြူနစ်တပါတီစနစ်နဲ့ တလွဲမျိုးချစ်တွေရှိနေပြီး လာဘ်စားမှုများ (တရားဥပဒေစိုးမိုးမှု) စံညွှန်း Corruption Perceptions Index မှာ အဆင့် ၁၁၂ မှာရှိနေတဲ့အတွက် စင်ကာပူလုပ်ငန်းရှင်များပြောတဲ့ ဗီယက်နမ်မှာ လာဘ်စားမှုများမှာ ဟုတ်ပါလိမ့်မည်။ ကိုယ်တိုင် သွားနေထိုင်လေ့လာကြည့်နိုင်မှ အသေချာသိနိုင်မှာပါ။ သမ္မတကြီး ဦးသိန်းစိန်တို့အဖွဲ့က ပေါ်လစီလုပ်နည်းတွေပဲ လေ့လာ၊ ပူပေါင်းလုပ်ကိုင်ဖို့ သွားသောကြောင့် လာဘ်စားမှုတွေကို မြင်သွားမှာတော့မဟုတ်ပါဘူး။ (လက်ရှိ ကိုယ့်မြန်မာပြည်က ပိုဆိုးနေပါသည်)။

ဗီယက်နမ်တွင် တိုင်းရင်းသားများစွာမရှိပါ။ တိုင်းရင်းသားလက်နက်ကိုင်သူပုန်များလည်း မရှိပါ။ ထိုအချက်ကြောင့် တိုင်းပြည်ငြိမ်သက်မှုရ ရှိပါသည်။ သို့ရာတွင် ပြည်တွင်းပြည်ပဒီမိုကရေစီနိုင်ငံရေးလှုပ်ရှားသည့်ဗီယက်နမ်များနှင့် လက်ရှိဗီယက်နမ်အစိုးရတို့ ရင်ကြားစေ့မှု မရရှိ သေးခြင်းသည် ပြုပြင်ပြောင်းလဲမှု၏ အခက်အခဲတခုဖြစ်နေပါသည်။

သို့သော် လက်ရှိအခြေအနေတွင် ဗီယက်နမ်သည် မြန်မာပြည်ထက် စီးပွားရေးအရ များစွာသာလွန်နေသည်။ ဗီယက်နမ်ကဲ့သို့ မြန်မာလူမျိုး များ ၄ သန်းခန့်လည်း နိုင်ငံတကာသို့ ပြန့်ကျဲနေချိန်ဖြစ်သည်။ အမေရိကန်တွင်ပင် မြန်မာ ၂ သိန်းခန့် ရှိသည်။ မြန်မာပြုပြင်ပြောင်းလဲမှုသည် ဒီမိုကရေစီအင်အားနှင့်၊ ပြည်ပရောက်မြန်မာပညာရှင်၊ စီးပွားလုပ်ငန်းရှင်များကိုဆွဲဆောင်နိုင်လျှင် နှစ်တိုတိုနှင့် ဗီယက်နမ်စီးပွားရေးကို သာလွန်နိုင်ဖွယ်ရရှိပေသည်။

• GDP Dream အိပ်မက်ပမာ
ထိုင်းနိုင်ငံကုန်ထုတ်စွမ်းအားကို ၁၀ နှစ်အတွင်း မှီတော့မည်လား..။

မြန်မာနိုင်ငံ၏ ယခင် ၇ နှစ်အတွင်း GDP တိုးတက်နှုန်းနှင့် အရှေ့တောင်အာရှ ၃ နိုင်ငံကိုနှိုင်းပါက မြန်မာနိုင်ငံ၏ နှစ်စဉ်တိုးတက်နှုန်းသည် အခြားနိုင်ငံများထက် များစွာများသာနေသည်။ ၇ နှစ်အတွင်း မြန်မာ- ၆.၅ဆ၊ ဗီယက်နမ်- ၂.၃ဆ၊ ထိုင်း- ၁.၉ဆ၊ မလေးရှား- ၁.၈ဆ ဖြစ်ပါ သည်။ ထိုတိုးတက်နှုန်းအတိုင်းသာဆိုပါက GDP အနည်းဆုံးဖြစ်သောမြန်မာနိုင်ငံသည် ၂၀၁၅ တွင် ဗီယက်နမ်ကိုကျော်မည်။ ၂၀၁၇ တွင် မလေးရှားကိုကျော်လွန်သွားပြီး ၂၀၂၀ တွင် ထိုင်းနိုင်ငံကိုမှီမည်ဖြစ်သည်။ ကျွန်ုပ်၏ ထိုအိပ်မက်သည် iMF Nominal GDP data - http://www.imf.org/external/datamapper/index.php ကို ရည်ညွှန်းထားပါသည်။ ထိုအိပ်မက် တကယ်ဖြစ်လာစေရန် နိုင်ငံခေါင်းဆောင်များမှာ အဓိကတာဝန်ရှိသော်လည်း၊ ကျွန်ု၏စိတ်နေစိတ်ထား Good Attitude သို့ပြောင်းလဲရေးသည် ပိုအရေးကြီးပါသည်။

GDP Trend Chart (Actual and Dream GDP)

• ကျွန်ုပ်၏စိတ်ကူးယဉ်တာဝန်
အိမ်မက်ပမာ ဗီယက်နမ် GDP ကို ၂၀၁၅ တွင် အမှီလိုက်ရေး၊ ၂၀၂၀ တွင် ထိုင်းနိုင်ငံကိုမှီရေး၊ မြန်မာအစိုးရ ဘာလုပ်သင့်သည်ကို ကျွန်ုပ် ရေးလျှင် ရေးမကုန်နိုင်ပါ။ ကျွန်ုပ်ဘာလုပ်သင့်သနည်းကိုရေးသည်က ပိုသဘာဝကျပါမည်။

ကျွန်ုပ်တို့ငယ်စဉ်က မုံရွာမြို့၊ မြို့မဂါတ်၊ မူလတန်းကျောင်းရှေ့မှာ သစ္စာဆိုခဲ့ပါသည်။ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်။ မိမိတိုင်းပြည်တွက် ကောင်းအောင်ကြိုးစားမည်ဟူသော သစ္စာဓိ ဌာန် ၄ ချက်အရ၊ ပထမဆုံးလုပ်ရမည်မှာ မိမိအတွက်ပင်ဖြစ်ပါသည်။ မိမိအိပ်ထဲချည်း မပြည့်မချင်းထည့်သည့် မိမိကောင်းစားရေး၊ တကိုယ် ကောင်းစိတ်ထားမှာ စစ်အာဏာရှင်စနစ်နှင့် ချန်ထားရစ်လေပြီ။ မိမိ အိမ်၊ ကား ဘယ်လောက်ကြီးကို ပိုင်ဆိုင်သည်ဆိုသည်ထက် ထိုအိမ် ကြီး၊ ကားကြီးတွင် လူဘယ်နှစ်ယောက် နေထိုင်၊ စီးနင်းကြပါသလဲဆိုသည်က ပိုအရေးကြီးပါသည်။ မိမိငွေ၊ စတော့ရှယ်ယာများ ဘယ် လောက်များများချမ်းသာသည်ဆိုသည်က အရေးမကြီးပါ၊ သူဌေးကြီးဘီးလ်ဂိတ်ကဲ့သို့ သူ့လက်အောက် သန်းကြွယ်သူဌေးများစွာ မွေးထုတ် ပေးနိုင်ခြင်းသည် ပိုအရေးကြီးပါသည်။ မိမိပိုင်ဆိုင်မှုများသည် မိမိသေလျှင် နိုင်ငံတော်လက်ထဲရောက်မည်သာဖြစ်သည်။ ကံဇာတာမ ကောင်းပါက မိမိမသေမီ ငွေကြေးဖိစီးမှုကို ကောင်းကောင်းခံရမည်။ သို့မဟုတ် မိမိသားသမီးများလက်ထက် ကဋေကြွယ်သူဌေးသား၊ ဆင်း ရဲသွားသလို ဖြစ်နိုင်ပါသည်။

ထိုကြောင့် မိမိတတ်ကျွမ်းသောပညာရပ်များ၊ စုဆောင်းမိသောဥစ္စာများကို ပြန်လည်ဝေငှရပါမည်။ မြန်မာလို တရားစကားနှင့်ပြောရလျှင် အမျှဝေရပါမည်။

• မည်သူနှင့် စတင်အမျှဝေရမည်နည်း
မိမိဇနီး၊ ခင်ပွန်းနှင့် ဥပမာ .. ကျွန်တော်က မိမိဇနီးနှင့်စတင်ရသည်။ နှုတ်အားဖြင့် အကြံပေး၊ အပြစ်တင်၊ ရန်ထောင်၊ စကားနာထိုး၊ အ တင်းကျပ်ခိုင်းစေမှုများကို ကျွန်ုပ်မှ တဖက်သတ်စတင်ရပ်ဆိုင်းရပါမည်။ ကျွန်ုပ်လုပ်ဆောင်ရမည့် အိမ်ထောင်၊ မိသားစုတာဝန်များကို စ ကားမပြောပဲ Action Speaks Louder than Word စကားပုံအတိုင်း လုပ်ဆောင်ပြရန်ဖြစ်သည်။ မိမိဖက်မှ တဖက်သတ်ကောင်းမှုများကို လုပ်ဆောင်ပြလျှင် ကျွန်ုပ်ဇနီးသည် သေချာပေါက် Newton Law အရ တုံ့ပြန်မှုကောင်းများရရှိလာသည်။ ကျွန်ုပ် တခါမှဝယ်မပေးဖူးသော ပန်းတပွင့်၊ လက်ဆောင် ဇနီးသည်အား ၀ယ်ပေးခြင်းမျိုးကို ဇနီးက ကျွန်ုပ်ကို သံသယဖြစ်သွားပေမည်။ ထိုသို့အပြုအမှုများ Over Action သတိထားရှောင်ရမည်။ ပုံမှန်ဆက်ဆံရန်ဖြစ်သည်။ တဖြေးဖြေး ကျွန်ုပ်စိတ်နေစိတ်ထားများ Attitude ကို တဖက်သတ် ပြုပြင်ပြောင်းလဲရင်း၊ တလ၊ နှစ်လအတွင်းမှာပင် ဇနီးသည်သည် Positive Thinking များဖြစ်လာပါသည်။ မိသားစုပြသနာများဖြစ်သော အလုပ်လက်မဲ့အခြေနေ၊ သားသမီးအရေး၊ ငွေကို ချွေတာသုံးစွဲမှုများ၊ သူ့ဆွေမျိုး၊ ကိုယ့်ဆွေမျိုးပြဿနာများတွင် စိတ်သဘောတူလာသည်။ အိမ်ထောင်ငွေကြေး အခြေအနေလည်း ကောင်းလာသည်။

ကျွန်ုပ်ဇနီးနှင့် အိမ်ထောင်ရေးအဆင်ပြေသောကြောင့်၊ ကျွန်ုပ်အလုပ်တွင်လည်း အလုပ်ရှင်၊ အလုပ်သမားများနှင့်အဆင်ပြေမည်မှာ သေချာ ပါသည်။

ချစ်မိတ်ဆွေ၊ .... ဗီယက်နမ်စီးပွားရေး GDP ကို မြန်မာ ၃ နှစ်အတွင်းမှီရန် ဖြစ်ကောင်းဖြစ်နိုင်မည်။ အစိုးရခေါင်းဆောင်များအဖို့ အခြားစဉ်း စားစရာ အခြားကဏ္ဍများစွာရှိသည်။ ပညာရေး၊ စစ်ရေး၊ ကျန်းမာရေး၊ လယ်ယာ၊ စက်မှု၊ စွမ်းအင်၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး.. စသည်တို့ဖြစ်သည်။ ကျွန်ုပ်အတွက် ၁၀ နှစ်လုံး ဇနီး၊ ခင်ပွန်းနှင့် တနေ့တခါ အနည်းဆုံး အသံကျယ်ကျယ်၊ အသံမာမာ အချေတင်ပြော ခြင်းများမှ၊ သုံးရက်တခါ လျှော့သွားအောင်လုပ်ဖို့ တော်တော်ခက်မည် သေချာပါသည်။ ဂျာမန်လူမျိုးများ ဂျမန်စစ်တပ်တွင် ဒေါသဖြစ်ပါက၊ ပြန်မပြောပဲ၊ တညအိပ်ပြီး နောက်တနေ့မှ ပြောရသည်။ ကျွန်ုပ်မှစတင်ပြီး ပြုပြင်ပြောင်းလဲရမည်။ "လ" သုံးလုံး - "လာဘ်၊ လိင်၊ လောင်က စား" များကို အနာဂါတ်ခေါင်းဆောင်လူငယ်များနှင့်ဝေးစေရန်လည်း ကျွန်ုပ်မှာတာဝန်ရှိပါသည်။

ဤသီု့ဖြင့် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားရာတွင်၊ ဗီယက်နမ်ပြုပြင်ပြောင်းလဲရေးမှာ သင်္ခန်းစာမျာကိုယူနိုင်ရန်ဖြစ်သည်။ စစ်မှန်သောမျိုး ချစ်စိတ်ရှိပြီး၊ စိတ်ရင်းစေတနာ Attitude ကောင်းသူများဖြင့်၊ ငွေစကားမပြောသူများ စုပေါင်းလုပ်ကိုင်ပါက အောင်မြင်မှုရှိမည်ဖြစ်သည်။

WEDNESDAY, MAY 16, 2012

Cho Saein - Poem

မိုးစက်အောက်က ဇွန်ပန်းပွင့်များ
ချိုစိမ့်
မေ ၁၇၊ ၂၀၁၂



ရှေ့မှာ
ရေဆိုင်ဝဲရှိတယ်
မိုးကလေးကလည်း တဖြောက်ဖြောက်
အောက်ရေကလည်းတိုးလို့
ဒီထရက်ပေကိုး
မိုးမလင်းခင်ကူးခဲ့ရ
ဌက်ကလေးက စိတ်ချရပါ့မလား
အတွေးစ ပွားမိ
ရင်ထဲမှာရှိနေတာ
ကန်သင်း ကန်မ
ဖြတ်ခဲ့ရတဲ့ ကလေးတွေ
ကဗျာလေးတွေ ရွတ်ကြဖို့ 
စာလေးတွေ အံကြဖို့ 
မိုးတောထဲပြေးလာကြတော့မယ်
မစိုးရိမ်ကြပါနဲ့ကွယ်
ဒီတနယ် ဒီမြစ်ကူးမှာ
လှိုင်းလူးလည်း
ဒို့လာမှာပ
ချိုမြမြ တောအုပ်စီ…။

ဆရာမကြီး မေခိုင်နှင့် ဆရာ၊ ဆရာမများသို့  ....


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives