[moemakadaily@moemaka.biz] 30th May - MoeMaKa Daily
လဘာရုံး ဘာလဲ နှင့် အလုပ်သမားဝန်ကြီး ဘယ်လဲ?
မောင်လူဝေး၊ မေ ၃၀၊ ၂၀၁၂
       မြန်မာပြည်တွင်းက အထည်ချုပ်စက်ရုံတချို့ အလုပ်ရှင်နဲ့ အလုပ်သမား တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုကနေ နှစ်ဦး နှစ်ဖက်သင့်တင့်တဲ့ အဆင်ပြေမှု ထွက်ပေါက်တခုကို ရှာဖွေလိုက်နိုင်ကြလို့ အဆင်ပြေသွားကြတယ် ဆိုတဲ့ သတင်းလေးတွေကြောင့်လည်း နိုင်ငံတကာအနှံ့ရောက်မြန်မာများအားလုံး စိတ်သက်သာရာရခဲ့ကြတယ် ဆိုတာကလည်း အမှန်ပါပဲ ။
ဒါပေမယ့် ကျန်ရှိနေသေးတဲ့ တခြားသောစက်ရုံအလုပ်ရုံမှ အလုပ်သမားအလုပ်ရှင် ပြဿနာများကတော့ ပြေလည်တော့ မလိုလိုနဲ့ ဆိုးရွားတဲ့အခြေအနေတခုဆီကို တွန်းပို့နေသလိုဖြစ်တဲ့အတွက်လည်း စိတ်ထဲမှာ ဦးဆုံးသတိရလိုက်တာကတော့ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်ဆိုသူနှင့် ပြည်သူအများ နားလည်ခေါ်ဝေါ်နေသော လေဘာရုံး ခေါ် အလုပ်သမားရေးရုံး တို့ကိုလည်း မျက်လုံးထဲမှာ ထင်းကနဲလင်းကနဲ မြင်နေမိပါတယ်။ 
 ကျန်ရှိနေသေးတဲ့ အလုပ်သမားလုပ်ခ လစာနဲ့ အလုပ်သမား အခွင့်အရေးတောင်းဆိုမှု့ ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေမှုတွေနဲ့အတူ မှော်ဘီဖက်မှာရှိနေတဲ့ သံမဏိစက်ရုံ မှာဆန္ဒပြနေတဲ့အလုပ်သမားများကတော့ အမြင့်ဆုံးအရှိန်တခုဖြစ်တဲ့ အစာငတ်ခံဆန္ဒပြနေတဲ့ အခြေအနေတခုကိုဘ၀နဲ့ရင်း၊ အသက်နဲ့ရင်းပြီး အလုပ်သမားတချို့ကတော့ ( သေတမ်းစာ )ကို ကြိုတင်ရေးသားထားကြောင်းကိုလည်း ကြားသိမြင်တွေ့နေရပါတယ်။ 
အစိုးရအနေဖြင့်လည်း လုံးဝကို  လစ်လျှုရှု ပြီး မနေသင့်တော့တဲ့ အခြေအနေတခုလို့လည်း နားလည်မိပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရှိ အလုပ်သမားများတောင်းဆိုနေသော လုပ်ခ လစာတိုးမြင့်ပေးရေးဆိုတဲ့ အခြေခံလစာဟာ နိုင်ငံတကာမဆိုထားနဲ့ဦး၊ အိမ်နီးချင်း ထိုင်းနိုင်ငံက နိုင်ငံသား ထိုင်းလူမျိုးအလုပ်သမားတဦး ၀င်ငွေမပြောနဲ့ ရွှေ့ပြောင်းအလုပ်သမားတဦးရဲ့ တနေ့ဝင်ငွေနဲ့ နှိုင်းယှဉ်ရင်တောင် အဆ နှစ်ဆယ်ကျော်လောက် ကွာဟလို့ နေပါတယ်။
ကျနော် အခုလို နှိုင်းယှဉ်ပြတာက နိုင်ငံသားအလုပ်သမားတဦး လုပ်ခလစာအနေနဲ့ မဟုတ်ဘဲ ဧည့်နိုင်ငံခြားသား ရွေ့ပြောင်းအလုပ်သမားတဦးရဲ့ တနေ့လုပ်ခ၀င်ငွေနဲ့ မြန်မာနိုင်ငံရှိ နိုင်ငံသားစစ်စစ် တွေဖြစ်တဲ့ မြန်မာနိုင်ငံသား ဌာနေအလုပ်သမားတွေရတဲ့ တနေ့ဝင်ငွေနဲ့ နှိုင်းယှဉ်ပြခြင်းသာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ ဌာနေထိုင်းလူမျိုး အလုပ်သမားဖြစ်ဖြစ်၊ မလေးရှားနိုင်ငံရှိ ဌာနေ မလေးနိုင်ငံသား အလုပ်သမားတဦးဖြစ်ဖြစ်ဟာ နိုင်ငံရပ်ခြားသား ဧည့်အလုပ်သမားတဦးထက် အဆပေါင်းများစွာ ၀င်ငွေအရသော်၎င်း၊ အလုပ်သမားခံစားခွင့်များကိုသော်၎င်း ရရှိပါတယ်။
 တဖန် ကျနော်တို့ မြန်မာနိုင်ငံအတွင်းရှိ  နိုင်ငံသား ဌာနေအလုပ်သမားတွေ တနေ့ရတဲ့ ၀င်ငွေကတော့ဖြင့် ထိုင်းနိုင်ငံရှိ နိုင်ငံရပ်ခြား ဧည့်အလုပ်သမားများရဲ့ ၀င်ငွေနဲ့ နှိုင်းယှဉ်ရင် အဆပေါင်း နှစ်ဆယ် (၂၀) ကွာဟနေပြီး  မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားဧည့်အလုပ်သမားတဦး တနေ့ဝင်ငွေဖြင့် ထပ်မံနှိုင်းယှဉ်ပြရပါလျှင် အောက်ခြေ အနည်းဆုံးဖြင့် တွက်ချက်ရပါမူ အဆပေါင်း  လေးဆယ် (၄၀) ကျော် ကွာဟလွန်းနေပြန်ပါတယ်။
ဒါဟာ တနေ့ချင်းရဲ့ လုပ်ခ၀င်ငွေ နှိုင်းယှဉ်မှုပါ။
အမှန်နှိုင်းယှဉ်ပြ ရမှာက နိုင်ငံသား ဌာနေအလုပ်သမားတဦးချင်း တနေ့ဝင်ငွေကို နှိုင်းယှဉ်ရ မှာပဲဖြစ်ပါတယ်။ အခုယှဉ်ပြမှု့ကတော့ မြန်မာနိုင်ငံသား အလုပ်သမားဝင်ငွေနဲ့ ရွေ့ပြောင်း ဧည့်နိုင်ငံသားတဦး ၀င်ငွေနှိုင်းယှဉ်မှုပဲ ဖြစ်ပါတယ်။
အခုကျနော်တွက်ပြတဲ့ တနေ့ဝင်ငွေဟာ ထိုင်းနိုင်ငံရှိ နိုင်ငံသား ဌာနေအလုပ်သမားတဦးဝင်ငွေနဲ့သော်၎င်း၊ မလေးရှားနိုင်ငံရှိ မလေးနိုင်ငံသား ဌာနေအလုပ်သမားတဦးဝင်ငွေနဲ့သော်၎င်း၊ တွက်ချက်ပြချင်းမဟုတ်ဘဲ ထိုင်းနိုင်ငံရောက် ဧည့်နိုင်ငံသား အထွေထွေအလုပ်သမားတဦးရဲ့ တနေ့လုပ်ခ၀င်ငွေအရ သော်၎င်း၊ မလေးရှားရှိ
ဧည့်နိုင်ငံသား အထွေထွေအလုပ်သမားတဦး၏ တနေ့လုပ်ခ ၀င်ငွေအရသော်၎င်း၊ အနိမ့်ဆုံး ပေးစကေးဖြင့် တွက်ချက်ပြခြင်းသာဖြစ်ပါတယ်။
ယခု ကျနော်တွက်ချက်ပြခြင်းသည် over time ခေါ် အချိန်ပိုအလုပ်ဆင်းခ မပါဝင်ပါ။ အခြေခံ တနေ့အလုပ်ချိန် ၈ နာရီသာလျှင် တွက်ချက်ပြခြင်းဖြစ်ပါတယ်။ နိုင်ငံသားတဦး၏ ၀င်ငွေ ဖြင့် တွက်ချက်ပြရပါမူ မတွေးဝံ့အောင်ပင်ဖြစ်ရပါသောကြောင့် ဒီနေရာမှာ ကျနော်မတွက်ပြတော့ပါ။ 
ကျနော်တို့တိုင်းပြည်တွင် နိုင်ငံသားအလုပ်သမားတဦး၏ အလုပ်သမားအခွင့်အရေးများဟာ မြန်မာနိုင်ငံမှာ ဆိုးဆိုးဝါးဝါးနိမ့်ကျလွန်းနေပြီး၊ တနေ့လုပ်ခ ၀င်ငွေသည်ပင်လျှင် မည်သည့်နိုင်ငံမှ အလုပ်သမားတဦး၏ တနေ့လုပ်ခ ၀င်ငွေနှင့်မျှ နှိုင်းယှဉ်လို့မရအောင် အလွန်အမင်း နိမ့်ကျနေခြင်းကြောင့် ယခုကဲ့သို့ စက်ရုံ၊အလုပ်ရုံမှ အလုပ်သမားထုကြီး၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ရခြင်း ဖြစ်ပါတယ်။
ဒါကို လက်ရှိ အရပ်သားအစိုးရ ဒီမိုကရေစီအစိုးရဟု တွင်တွင်ပြောဆိုနေသော သမ္မတကြီး ဦးသိန်းစိန်အနေနဲ့သော်၎င်း၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် အနေနဲ့သော်၎င်း၊  သို့မဟုတ် အလုပ်သမားရေးရုံးဟု ခေါ်သော အများအခေါ် လေဘာရုံးမှ တာဝန်ရှိသူတို့သည်၎င်း ထိထိရောက်ရောက်ဖြင့်  မိမိနိုင်ငံသားအလုပ်သမားများဖက်မှ မားမားရပ်တည်ပြီး လုပ်ဆောင်ပေးရန် အခုအချိန်သည် အချိန်ကောင်း အခါကောင်းဟုသာ ဆိုရချေတော့မည်။
ယခုကဲ့သို့ အချိန်ကောင်းအခါကောင်းအား လက်လွတ်မခံပဲ မိမိနိုင်ငံသား အလုပ်သမားများဖက်မှ ၀င်ရောက် ဖြေရှင်းပေးနိုင်ပါက အလုပ်သမားဝန်ကြီးသော်၎င်း၊ အလုပ်သမားရေးရုံးမှ တာဝန်ရှိသူတို့အား၎င်း၊ မြန်မာနိုင်ငံရှိ အလုပ်သမားထုကြီး၏ ယုံကြည်မှု့များ၊ လေးစားမှု့များ၊ အားကိုးမှု့များကို မုချရမည်မှာ မလွဲပေ။ အလုပ်သမားဝန်ကြီးဌာန၏ ဂုဏ်သိက္ခာသည်လည်း များစွာ တက်လာပေတော့မည်။
သို့သော် လက်တွေ့တွင်မူ အလုပ်သမားဝန်ကြီးဦးအောင်ကြည်သည် ဘယ်မှာလဲ?
ဟု  တည့်တည့်ကြီး မေးရမည့်အခြေအနေသို့ ရောက်နေ၏။
အလုပ်သမားဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ အလုပ်သမားဦးစီးဌာန များကိုလည်း ဘာလဲ?
ဟု မေးရမလိုပင်။
တစတစနှင့် ရက်ကြာလာသောအခါ ထိုအလုပ်ရှင်ဖက်မှသော်၎င်း၊  လုပ်ခလစာတိုးမြင့်ရေး၊ အလုပ်သမား အခွင့်အရေးတောင်းဆိုနေကြသော အလုပ်သမားထုကြီးဖက်မှ သော်၎င်း နှစ်ဖက် နစ်နာဆုံးရှုံးမှု့များစွာ ဖြစ်ပေါ်စေပါတယ်။ ဤသို့သော်အခြေအနေတွင် လုပ်ငန်းရှင်နှင့် အလုပ်သမားများကြား အလုပ်သမားရေးရုံးမှ တာဝန်ရှိသူတို့သည် အိမ်နီးချင်းနိုင်ငံများရှိ အလုပ်သမားများ လုပ်ခလစာနှင့်သော်၎င်း၊ အနည်းဆုံး ဧည့်နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများ လုပ်ခလစာနဲ့သော်၎င်း၊ နှိုင်းယှဉ်တွက်ချက်ပြီး အလုပ်သမားများဖက်မှ တောင်းဆိုပေးရန်သာ ဖြစ်တော့သည်။
အနိမ့်ဆုံးလက်ရှိအခြေအနေကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်ပါက
 အလုပ်သမားဝန်ကြီးဆိုသူသည် ဘာအတွက်၊ ဘယ်အလုပ်သမားအတွက် ၀န်ကြီးဖြစ်နေသည်ကို မေးခွန်းထုတ်ရန်သာ ရှိတော့သည်။
 အလုပ်သမားဝန်ကြီးဆိုသူနှင့် အလုပ်သမားရေးရုံးခေါ် လေဘာရုံးမှ တာဝန်ရှိသူတို့သည်  လူပွဲစား ပြည်တွင်းအေးဂျင့်များအား မြန်မာနိုင်ငံသားလူငယ်လူရွယ်များ၊ ပညာတတ်များအား သူများနိုင်ငံသို့ "ကျွန်" သဖွယ် တင်ပို့စေလွှတ်နိုင်ရန် ထောက်ခံချက် ထုတ်ပေးရုံသက်သက်လား? 
သို့တည်းမဟုတ် အေးဂျင့်များမှ တနှစ်လျှင် နိုင်ငံခြားသို့ လူ ဘယ်နှစ်ယောက် လွှတ်ပေးနိုင်ရမည်၊ အလုပ်သမားတဦးပြည်ပသို့  " ကျွန် " သဘောနှယ်  လွှတ်ပေးလိုက်နိုင်ပါက  အလုပ်သမားရေးရုံးသို့ US $ ဒေါ်လာ ဘယ်နှစ်ရာပေးရမည် ဆိုသည့် အမိန့်နှင့် လူခွန်ကောက်သည့်သဘောမျိုး ထုတ်ပြန်ချက် ထုတ်ပေးရန်သက်သက်လား?
 လူပွဲစားအေးဂျင့်များကို ခေတ်သစ် လူကုန်ကူးနိုင်ရန် လုပ်ငန်းလိုင်စင် ချပေးရုံ သက်သက်လား?
ဆိုသည့်မေးခွန်းများကို မေးရပေတော့မည်။
သက်ဆိုင်သူများဖြေပေးပါ။
အလုပ်သမားရေးရုံး ခေါ် လေဘာရုံးမှ တာဝန်ရှိသူများနှင့် ၀န်ထမ်းများ အားလုံးတို့သည် မိမိတို့ဌာန၏ အဓိကလုပ်ငန်းတာဝန်သည် ဘာလဲ ? ဆိုသည့်အချက်လောက်ကိုတော့ သိထားဖို့ ကောင်းလေသည်။
အလုပ်သမားရေးညွန်ကြားမှုဦးစီးဌာန ဟူသော ဆိုင်းဘုတ်ပါ စကားလုံးများအရ ထိုညွန်ကြားမှု့ဆိုသည့် စကားလုံးသည် အလုပ်သမားများအား အလုပ်ရှင်ပေးသလောက် လုပ်ခလစာနှင့် အလုပ်လုပ်ဖို့ ညွန်ကြားမှာလား?
သို့မဟုတ် အလုပ်ရှင်များဖက်က ထားရာနေ စေရာသွား ခိုင်းတာလုပ် ခံမပြောနဲ့ဟူသော ညွန်ကြားမှုများကို ညွန်ကြား နေမှာလား?
ဆိုသည့် မေးခွန်း ထုတ်စရာတွေ တသီတတန်းကြီး ဖြစ်နေပေတော့သည်။
အကယ်၍ မှော်ဘီရှိ သံမဏိစက်ရုံမှ အစာငတ်ခံ ဆန္ဒထုတ်ဖေါ်နေကြသော အလုပ်သမားများဖက်မှ တစုံတဦးသော်၎င်း၊ အသက်ဆုံးရှုံးမှု့ဖြစ်ခဲ့သည် ဆိုပါစို့ မည်သူ့တွင် တာဝန်ရှိသနည်း?
လက်ရှိ အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရ ဟု တွင်တွင်ပြောဆိုနေသော ဦးသိန်းစိန်အစိုးရ တွင် တာဝန်ရှိသလား? ဦးသိန်းစိန်အစိုးရမှ   တာဝန်ရှိသလား?
တာဝန်ရှိသဖြင့် တာဝန်ယူသည်ဆိုပါမူ မည်သို့ တာဝန်ယူမည်လဲ?
အလုပ်သမား လုပ်ခလစာနှင့် အလုပ်သမား အခွင့်အရေးတောင်းဆိုနေသော ပြသာနာအား ဖြေရှင်းမပေးနိုင်သည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တွင် တာဝန်ရှိသလား?
ထို အလုပ်သမားဝန်ကြီးကရော တာဝန်ယူမည်လား?
သို့မဟုတ် အလုပ်သမားရေးရုံးမှ အဆင့်မြင့်တာဝန်ရှိသည်ဆိုသည့် ညွန်ချုပ်၊ ညွန်မှုး ဆိုသူများတွင် တာဝန်ရှိသလား?   ၄င်းအဆင့်မြင့်တာဝန်ရှိသည်ဆိုသည့် ပုဂ္ဂိုလ်များကရော တာဝန်ယူမည်လား?
 အတ္တ၀ါဒ ရှေ့တန်းတင်ပြီး ဘယ်သူသေသေ ငါမသေရင်ပြီးရော ဆိုသည့် နိုင်ငံခြားသား တရုတ်လုပ်ငန်းရှင်တွင် တာဝန်ရှိသလား? ထို နိုင်ငံခြားသား တရုတ်လုပ်ငန်းရှင်ကရော တာဝန်ယူမည်လား ?
 လက်ရှိ မြန်မာနိုင်ငံရှိ အစစအရာရာ လိုက်မမှီအောင် တက်နေသော ကုန်ဈေးနှုန်းများနှင့် ပကတိ အလုပ်သမားများ လုပ်ခလစာနှင့် လုံးဝ မလောက်တော့သဖြင့် မခံနိုင်လွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်တင်ပြတောင်းဆိုနေသော အလုပ်သမားများအားလုံးသည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကြီး၏ အလုပ်သမားဥပဒေနှင့် ကြည့်ကြည့်၊ အိမ်နီးနားချင်းနိုင်ငံများရှိ အလုပ်သမားဥပဒေနှင့်ပဲ ကြည့်ပြီး ဆုံးဖြတ်ဆုံးဖြတ်၊ အလုပ်သမားများ ယခုတောင်းဆိုနေသော လုပ်ခလစာတိုးမြင့်ရေးနှင့် အလုပ်သမားအခွင့်အရေးပေးရေးတို့သည် လွန်စွာမှ တရားသောနည်းလမ်း၊ အလွန်တရာ ရိုးသား သမာသမတ်ကျသောနည်းလမ်းဖြစ်သည်ကို တွေ့ရမည်ဖြစ်လေတော့သည်။
သို့ပါသောကြောင့် အလုပ်သမားဝန်ကြီးဆိုသူသည်၎င်း၊ အလုပ်သမားရေးရုံးခေါ် လေဘာရုံးမှ အဆင့်မြင့်တာဝန်ရှိသည်ဆိုသူများသည်၎င်း၊ အလုပ်သမားများ ဆန္ဒထုတ်ဖေါ်တောင်းဆိုနေသော လုပ်ခလစာတိုးမြင့်ရေး၊ အလုပ်သမားအခွင့်အရေးများ ပေးရေး စသည့် တောင်းဆိုချက်များကို အချိန်မီအမြန်ဆုံးနည်းဖြင့်ညှိနှိုင်းလုပ်ဆောင်ပေးရန် တာဝန်အပြည့်အ၀ရှိပါကြောင်နှင့် အကယ်၍ အစာငတ်ခံဆန္ဒပြနေကြသော ဖြူစင်ရိုးသားသည့် အလုပ်သမားများထဲမှ တစုံတဦးသောသူသည် အသက်ဆုံးရှုံးမှု့ဖြစ်ပေါ်လာသည် ဆိုပါက လက်ရှိ ဦးသိန်းစိန်အစိုးရ လက်အောက်ရှိ အလုပ်သမားဝန်ကြီးနှင့် အလုပ်သမားရေးရုံးမှ အဆင့်မြင့် တာဝန်ရှိသူတို့တွင်သာ  တာဝန်အပြည့်အ၀ ရှိပါကြောင်း ထပ်လောင်း၍ သတိပေးရင်းဖြင့် ထပ်မံတင်ပြလိုက်ရပါသည်။
( မှတ်ချက်) ထပ်မံပြီး ဖြစ်ရပ်မှန်ဖြစ်သော အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားများကို မည်ကဲ့သို့ ခေါင်းပုံဖြတ်သည်၊ အနိုင်ကျင့်နှိပ်စက်သည်ကို ထပ်မံတင်ပြပေးပါဦးမည်။
Beruma - Internally Displaced "Markets" in Burma
ကာတွန်းဘီရုမာ - ရွှေ့ပြောင်းဒုက္ခသည်တွေထဲမှာ ဈေးလည်း ပါတယ်
မေ ၃၀၊ ၂၀၁၂
Thurain Htet - The accidental cure for princess
ဝန်ကြီးများ အမတ်မင်းများအတွက် မုန့်ဖက်ထုပ် လက်ဆောင်
သူရိန်ထက်။ မေ ၃၀၊ ၂၀၁၂
ရောင်းရင်းရေ …
ဒီဖက်နှစ်ပိုင်းအတွင်းမှာ တီဗွီတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဘာဘာညာညာ မီဒီယာတွေမှာ အတွေ့ရအများဆုံးဟာ ခေါင်းပေါင်းစ တလူလူနဲ့ အမတ်မင်းတွေ၊ ၀န်ကြီး ၀န်မင်းတွေပဲ ဆိုရင် မှားမယ်မထင်ဘူးဗျ.. နော်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့လေ… ခုလို အမတ်မင်း၊ ၀န်မင်းတွေ ရာထောင်မက မြင်တွေ့ရတာ၊ ခုထိတော့ ဟုတ်တိပတ်တိ မရှိလှပေမယ့် နိုင်ငံ့အကျိုး ရွက်သယ်ပိုးတော့မယ့်ဟန် တပြင်ပြင် လုပ်နေကြတာတော့ တယ် အားတတ်ဖွယ်ကောင်းသကိုးဗျ။
တဟုန်းဟုန်းထနေတဲ့ အလုပ်သမားပြသနာတွေ၊ တဆူဆူ တပူပူဖြစ်နေတဲ့ လယ်သမား အခက်အခဲတွေ၊  တမဟုတ်ချင်း ကျယ်ပြန့်လာတဲ့ လျှပ်စစ်မီး ဆန္ဒဖေါ်ထုတ်မှုတွေ၊ တသေသေ တကျေကျေနဲ့ ဆိုးဝါးနေတဲ့ ကချင် ပြည်နယ် စစ်ပွဲနဲ့ စစ်ဘေးဒုက္ခသည်ပြသနာတွေ၊  တအုံနွေးနွေးဖြစ်နေတဲ့ ရိုဟင်ဂျာ ပြသနာတွေ၊ မထင်မှတ်ပဲ ဖြစ်ပေါ်နေတဲ့ ရေဘေး အခက်အခဲပြသနာတွေ… စတဲ့ စတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်ကို အမတ်မင်းတွေက မသိကျိုးကျွန်ပြုတဲ့သူကပြု၊ နှမ်းဖြူး တဲ့သူက ဖြူး၊ လေပင့်တဲ့သူကပင့်၊ ရိသဲ့သဲ့ လုပ်တဲ့သူကလုပ်၊ မတော်တရော် ပြောသူကပြော၊ စားပြီး နားမလည် လုပ်တဲ့သူကလုပ်၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ် လုပ်ပြသူက လုပ်ပြ၊ နှာစေးတဲ့သူက စေး စသဖြင့် နည်းပေါင်းစုံနဲ့ အမတ်မင်းများ ၀န်မင်းများက ဖြေရှင်းနေကြတာ ကိုလည်း အင်မတန်မှ အားတတ်ဖွယ် တွေ့နေရတာကလား။
ဒီလို အားတတ်ဖွယ်တွေ အင်မတန်တွေ့ရလေတော့ တခါတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောဖူးတဲ့ မုန့်ဖက်ထုပ်ခြောက်ဝန်ကြီး ဆိုတာကို သွားသတိရမိတယ်။ (စကားချပ်။      ။စာအုပ်စာတမ်းတွေ အင်မတန်ချိနဲ့နေရတဲ့ အခြေအနေမို့ မူရင်းအတိုင်း ပြန်မဖေါ်ထုတ်နိုင်တာကိုတော့ သည်းခံပေးပါ တကာတော်။) ဆရာကြီးပြောခဲ့တာကို မှတ်မိသလောက် ပြန်ဖေါက်သည်ချပါရစေ။
တခါတုန်းက..ပေါ့ဗျာ။ ရှင်ဘုရင်ကြီးတပါးမှာ သမီးတော်လေး တယောက်ရှိဆိုပဲ။ တခါမတော့ မင်းသမီးလေး ဟာ မကျန်းမမာဖြစ်သတဲ့။ ဝေဒနာဟာ တစစ ဆိုးဝါးနေတာမို့ သမားတော်တွေ၊ အထူးကုတွေ အစုံအလင်နဲ့ ကြိုးစားကုသပေမယ့် မသက်သာ မပျောက်ကင်းတဲ့အပြင် အိပ်ယာထက်မှာ ခပ်မျော့မျော့လေးပဲ ရှိတော့တယ်တဲ့။ (ခုခေတ်လို စင်္ကာပူမှာ ဆေးသွားကုတာတွေဘာတွေလည်း ခေတ်မစားသေးဘူးကိုးဗျ။) ဘုရင့်သမားတော်တွေ၊ ကျန်းမာရေးဝန်ကြီး (ဟိုတုန်းကတော့ သမားဝန်ကြီးလို့ ခေါ်တယ်ဆိုပဲ) က အစ လက်လျော့ရတော့မယ့် အခြေအနေ ဖြစ်နေတော့ ဘုရင်ကြီးလည်း အင်မတန်မှ စိုးရိမ်းသောကတွေ ဖြစ်ပြီး ကြံရာမရ ဖြစ်နေသတဲ့။
ဒီလိုနဲ့ နောက်ဆုံး သမီးတော်လေးရဲ့ ဝေဒနာကို ပျောက်ကင်းအောင် ကုသနိုင်ရင် သမားဝန်ကြီး ခန့်မယ် လို့ မြို့တွင်းမြို့ပြင် တိုင်းရပ်အခွင်ခွင်ကို မောင်းခတ်ကြေညာစေသတဲ့။
အဲဒီအချိန်မှာ မြို့ပြင် ကျူးကျော်ရပ်ကွက်မှာ ဆေးကုစားတဲ့ ဆရာတယောက်လည်း ရှိသတဲ့။ နာမည်က  ဗိန္ခောဆရာ  ဆရာဇော် ဆိုပါတော့။ သူက ဆေးပညာကို ကျွမ်းကျင် တတ်မြောက်လှချည်ရဲ့တော့ မဟုတ်တာမို့ လျက်ဆားလေး ဘာ လေး ဖေါ်ပြီး ရမ်းသမ်းကုရတဲ့ ဆရာရမ်းကု ဆိုပါတော့။ တပည့်တယောက်တော့ ရှိပေမယ့် ငတ်တလှည့် ပြတ်တလှည့်နဲ့ ခက်ခက်ခဲခဲ အသက်မွေးနေရရှားသကိုးဗျ။
ဘုရင့်သမီးတော် မကျန်းမာလို့ ဆေးကုသပေးနိုင်ရင် ၀န်ကြီးခန့်မယ် ဆိုတဲ့ မောင်းခတ် ကြေညာသံကို ဆရာဇော် ကြားတော့ … "အင်း… ခုလို ငတ်တလှည့် ပျက်တလှည့် နေတာထက်စာရင် ရမ်းသမ်းကုလိုက်လို့ မင်းသမီးလေး ကျန်းမာသွားလို့ကတော့ ကြိုတင်မဲတွေ မဲလိမ်တာတွေ လုပ်စရာတောင် မလိုပဲ ၀န်ကြီးဖြစ်မယ်။  သေသွားရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ.. သေမြေကြီး ရှင်ရွှေထီးပဲ။ ကြုံတုန်း ၀င်စမ်းကြည့်ဦးမှပဲ" လို့ တွေးမိပြီး ကြေညာမောင်းခတ်တဲ့ ပြန်ကြားရေးဝန်ထမ်းတွေဆီ သွားတွေ့သတဲ့။
"ဗျို့.. ဆရာလေးတို့.. မင်းသမီးက အတော်လေး နေမကောင်းဖြစ်နေတာလားဗျ။ ဘာရောဂါလဲ"
"ဒါတော့ မသိဘူးဗျို့..။ ခင်ဗျားက ဘာလုပ်မလို့လဲ"
"သြော်.. ကျုပ်က သမားတော်ကြီးပါ။ ခုတလော အထူးကု ဆေးခန်းတွေ ပြသနာဖြစ်နေတာနဲ့ အနားယူ နေတာဗျ..။ နေပါဦး.. ခင်ဗျားတို့ ဘုရင့်သမီးတော်ကို ဆေးကုနိုင်ရင် သမားဝန်ကြီး တကယ်ပေးမှာလား"
"ဟ.. ရှင်ဘုရင်ဗျ.. လူကြားကောင်း နားထောင်ကောင်းအောင် ပြောရုံပြောတတ်တဲ့ သမ္မတ မဟုတ်ဘူး။ ကတိတည်တယ်။ ခင်ဗျားကုနိုင်ရင် ၀န်ကြီးခန့်မှာဗျ"
"ရွေးကောက်ပွဲရော ၀င်ရဦးမှာလား။ ကြိုတင်မဲတွေ၊ ဖယောင်းသုတ်တာတွေ လုပ်ဦးမှာလား"
"ဟာ.. ဒါတွေ မလိုဘူး။ ကုသနိုင်လို့ကတော့ ၀န်ကြီးတန်းခန့်မှာဗျ။ ခေါင်းပေါင်း ပေါင်းတတ်ဖို့သာ လေ့ကျင့်ထား"
"မဆိုးဘူးဗျ..။ အဲ.. နေဦး.. ၀န်ကြီးပဲ ခန့်မှာလား။ မင်းသမီးလေးနဲ့ လက်ထပ်ပေးပြီး "စိန်စီသောည" တွေ ဘာတွေရော လုပ်ဦးမှာလားဗျ.. ဟီး"
"အာ.. အဲဒါတော့ မပါဘူး.. ကဲဗျာ.. လေရှည်တယ်.. ခင်ဗျား လိုက်ကုမလား။ နန်းတွင်း သမားတော်ကြီးတွေတောင် လက်လျော့ထားရတာနော်။ ကုနိုင်ရင် တပါတည်း ခေါ်ခဲ့ ရမယ်တဲ့.. "
ဆရာဇော်လည်း အတော်လေး စဉ်းစားပြီး "ကုမယ်ဗျာ.. ခု လိုက်ခဲ့မယ်.. " ဆိုပြီး ရှိတဲ့ အ၀တ်နွမ်းလေး နှစ်စုံလောက် လွယ်အိတ်ထဲထည့်ရင်း တပည့် လုပ်သူကိုလည်း ဆေးတွေ ထည့်ခိုင်းသတဲ့။
"ဆရာ.. ဆေးက ဘာဆေးတွေ ယူခဲ့ရမှာလဲ။ ဖေါ်စပ်ပြီးသားကလည်း လျက်စားပဲ ရှိတာလေ"
"အာ.. ရှိတာသာ ထည့်ခဲ့။ အဲ.. နေဦး.. ဟိုနေ့က နေလှမ်းထားတဲ့ ဆေးမြစ်တွေ ရသလောက် ထည့်ခဲ့ကွာ" တဲ့။ ဒါနဲ့ တပည့်လုပ်သူကလည်း နေလှမ်းထားတဲ့ ဆေးမြစ်တွေထဲက လက်လှမ်းမှီသမျှ ဟိုနည်းနည်း ဒီနည်းနည်း ထည့်ယူပြီး နန်းတော်ထဲ လိုက်သွားရော ဆိုပါတော့။
ဘုရင်ကြီးက ဆေးကုနိုင်တဲ့သူ ပါလာတယ်ဆိုလို့ ၀မ်းသာပေမယ့် ဆရာဇော်ရဲ့ ခပ်နွမ်းနွမ်း မခန့်မငြား အနေအထားကိုကြည့်ပြီး စိတ်တော့ ပျက်မိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကုနိုင်မယ့်သူ မရှိတဲ့ အခြေအနေမှာ ကောက်ရိုးတမျှင်လို သဘောထားကြီး ဆရာဇော် ဆေးကုတာကို ခပ်လှမ်းလှမ်းက ၀န်ကြီး အခြွေအရံတွေနဲ့ အကဲ ခတ်ကြည့်နေသတဲ့။
အိပ်ယာသလွန်ပေါ်မှာ မလှုပ်မယှက် ရှိနေတဲ့ မင်းသမီးလေးကို ကြည့်လိုက်၊ လက်ကလေး ကိုင်ကြည့်လိုက်၊ ဆေးအိတ်ထဲက ဆေးမြစ်တွေ ကြည့်လိုက်နဲ့ အကြံထုတ်နေတဲ့ ဆရာဇော့်ပုံစံက အားရစရာ မရှိတာတော့ အမှန်ပါပဲ။ နောက်ဆုံး ဆရာဇော်လည်း မထူးဘူးလို့ ဆုံးဖြတ်လိုက်တယ်ထင်ရဲ့။ တပည့်ဆီက ဆေးလွယ်အိတ်ကို ယူပြီး ကြည့်တောင်မကြည့်ပဲ လက်လျှိုပြီး  တွေ့ရာ ဆေးမြစ်တခုကို ကောက်ယူ၊ ကျောက်ပြင်တချပ်ပေါ်မှာ ရေသန့်လေးနဲ့ တပည့်ကို သွေးခိုင်းပြီး ဆေး တပန်းကန်လုံးလောက်ရတော့ အထိန်းတော်ကြီးကို ပေးပြီး  ဇွန်းကလေးနဲ့ ဖြေးဖြေးချင်း မင်းသမီးလေးကို တိုက်လိုက်ပါလေရော..။
ဆေးတိုက်နေချိန်မှာ နန်းတော်ထဲမှာလည်း ငြိမ်သက်ပြီး မင်းပရိသတ်တွေက ဆေးကုသတာကို ၀ိုင်းကြည့်နေသလို ဆရာဇော်လည်း ဘာဆက်လုပ်ရင် ကောင်းမလဲလို့ အကြံထုတ်နေတာပေါ့။ အကြံထုတ်ချိန် ရအောင် ဆေးတိုက်တာကိုလည်း ဖြေးဖြေးချင်း အကြာကြီး တိုက်ခိုင်းသတဲ့။
အတော်ကြီးကြာတော့ အသက်တောင် ငွေ့ငွေ့လေး ရှူနေတဲ့ မင်းသမီးလေးဟာ မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ် လှုပ်၊ ပါးစပ်ကလေးက ဟစိဟစိလုပ်လာတာကို တွေ့လိုက်ရသတဲ့။ ဘုရင်ကြီးနဲ့ တကွ တနန်းတော်လုံးလည်း ၀မ်းသာအားရဖြစ်လာသလို ဆရာဇော်ဆိုရင် ကိုယ့်မျက်စိတောင် ကိုယ်မယုံလို့ ပွတ်ကြည့် ရ ဆိုပဲ။ ဒါနဲ့ အားတက်လာပြီး လက်ကျန် ဆေးမြစ်လေးကို ဆက်သွေးပြီး တိုက်ခိုင်းတာပေါ့။
ဒုတိယအကြိမ် ထပ်တိုက်ပြီး အတော်လေးကြာတော့ မင်းသမီးလေးက ခပ်တိုးတိုးလေးနဲ့ "ရေ.. ရေ ပေးပါ" ဆိုပြီး တောင်းသတဲ့။ အားလုံးလည်း ၀မ်းသာပြီး ရေလည်းတိုက်၊ ၀ိုင်းလည်း အုံလာလို့ ဆရာဇော်က ခပ်တည်တည် နဲ့ လူနာနားသိပ်မကပ်ဖို့ (လူကြီးကို လုံခြုံရေး လုပ်ပေးနေကြတဲ့ လူတွေ မျက်နှာပေးမျိုးနဲ့ပေါ့လေ) မောင်းထုတ်ရ ဆိုပဲ။
မင်းသမီးလေး သက်သာလာတယ်ဆိုတော့ ဆရာဇော်လည်း အတော်လေး စဉ်းစားရ ကြပ်နေတာပေါ့။ သူ တိုက်လိုက်တဲ့ ဆေးဟာ ဘာဆေးလဲ၊ ချိုလား၊ ချဉ်လား၊ ငန်လား၊ ဘာအမြစ်လဲ။ နံ့သာဖြူလား၊ ကရမက်လား၊ ဆေးဒန်းလား၊ တောင်တန်ကြီး လား၊ ဆင်တုံးမနွယ်လား.. ပေါ့လေ။ သူများမပြောနဲ့ သူကိုယ်တိုင်တောင် မသိလို့ ဆေးလက်ကျန်လေးကို မသိမသာ လျှာနဲ့ တို့ကြည့်သတဲ့။ ဒီတော့မှ သူ့ဆေးအကြောင်းရော၊ မင်းသမီးလေးရဲ့ ရောဂါအခြေအနေရော သဘောပေါက်ပြီး ဆေးကျန်ကလေးကို ကျင်းပြီး တိုက်၊ အဟာရဖြစ်မယ့်ဟာလေးတွေ တိုက်လိုက်နဲ့ ကုသလိုက်တာ မကြာခင် ပျောက်ကင်းပြီး ဆရာဇော်လည်း သမားဝန်ကြီး ဖြစ်သွားပါလေရော တဲ့ဗျား..။
တကယ်တော့ ဆရာဇော် မကုခင်ကတည်းက ရောဂါက ပျောက်ကင်းနေပါပြီ။ ဆေးဆရာပေါင်းစုံ၊ ဆေးနည်း ပေါင်းစုံနဲ့ ဆေးဝါး မန္တန် ပရိတ်ပဌာန်း က အစ အမျိုးမျိုး သက်သာပျောက်ကင်းအောင် ကုသထားပြီးသားပါ။ ဒါပေမယ့် ဆေးဆရာတွေ မေ့နေတာက လူနာကို အာဟာရ တိုက်ကျွေးဖို့ပါ။ ရောဂါပျောက်ပေမယ့် ရက်ရှည်လများ အာဟာရ မရရှိတော့ မေ့မျောနေတဲ့ လူနာကို ဆရာဇော်က မထင်မှတ်ပဲ အာဟာရ ကျွေးလိုက်မိလို့ပါ။ ဆရာဇော် လျှာနဲ့တို့ပြီး မြည်းကြည့်လိုက်တဲ့ ဆေးဟာ တကယ်တော့ ဆေးမြစ်မဟုတ်ပဲ ဆေးမြစ်တွေ လှမ်းထားတဲ့အပေါ် ကျေးငှက်တွေ ချီလာတဲ့ မုန့်ဖက်ထုပ်တခုဟာ နေလှမ်းလို့ ခြောက်ပြီး ဆေးမြစ်ထဲ ရောနေတဲ့ မုန့်ဖက်ထုပ်ခြောက်ကို သွေးတိုက်မိ လျက်သား ဖြစ်နေတာကိုး။
ဆေးပညာ မတတ်ပေမယ့် သမားဝန်ကြီး ဖြစ်သွားရတဲ့ ဆရာဇော်လို ၀န်ကြီးမျိုးတွေ ဒီခေတ် ဒီအခါ ခေတ် ပြောင်းချိန် လိုလို ဘာလိုလို အခြေအနေထဲ ရောနှောမပါလာပါစေနဲ့လို့ ဆုတောင်းမိပါရဲ့ဗျာ။
ပြည်သူပြည်သားတွေမှာတော့ ရှင်ကြီးဝမ်းထဲ နေရတော့လည်း မသက်သာ၊ ရှင်ငယ်ဝမ်းထဲ နေရတော့လည်း မလွယ်ကူ၊ ခု တခါ ရှင်သစ်ဝမ်းထဲ ၀င်ရရင်တော့ ချောင်လည်တန်ကောင်းရဲ့လို့ မျှော်လင့်ချက်ကလေးတွေ တဝေေ၀ ဖြစ်နေတာကို ပန်းကောင်းအညွှန့်ကျိုးတော့ တယ် မဖြစ်စေချင်ဘူးကိုးဗျ။
အမတ်မင်းတို့ ၀န်မင်းတို့ ခေတ်မှာ ပြောင်းအောင်လည်းလုပ်နိုင်ကြပါစေ..။ ကောင်းအောင်လည်း လုပ်နိုင်ကြပါစေ… လူထုအကျိုးလည်း (နည်းနည်းပါးပါးဖြစ်ဖြစ်) သယ်ပိုင်းနိုင်ကြပါစေ ….။ မုန့်ဖက်ထုပ်ခြောက် ၀န်ကြီးတွေ မဖြစ်ကြပါစေ သတည်း..။ 
(နတ်လူ သာဓုခေါ်စေသောဝ်)
3 Karen-Burmese received state's scholarship in NY-Buffallo
အမေရိကန်ရောက် ကရင်လူငယ် ၃ဦး အစိုးရ၏ပညာတော်သင်ဆုရရှိ
မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ပြည်နယ် ဘတ်ဖလိုမြို့တွင် နေထိုင်သည့် ကရင်လူငယ် ၃ဦး အမေရိကန်အစိုးရမှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၂ခုနှစ်အတွက် ပညာတော်သင်ဆု(Scholastic Achievement Recognition)ကို လက်ခံရရှိခဲ့သည်။
ယခုနှစ်အတွက် ပညာတော်သင်ဆု(စကောလားရှစ်ပ်)ကို ဘတ်ဖလိုမြို့ရှိ ကျောင်းသူကျောင်းသား ၂၄၆ဦးအား ရွေးချယ်ပေးအပ်ခဲ့သည့် အထဲတွင် အထက်တန်းကျောင်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် နော်အယ်စေးထူး ၂၀နှစ်၊ စောဝင်းကိုဟန် ၁၈နှစ်နှင့် နော်မိုရင်းဒါသွယ် ၂၁နှစ်တို့လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။
Lafayette High School အထက်တန်းကျောင်းတွင် ဘာသာစုံ၌ အမှတ်အများဆုံး ရရှိခဲ့သူ နော်မိုရင်းဒါသွယ်က "မျှော်လင့်မထားဘဲ အခုလို ပညာသင်ဆုရတော့ ၀မ်းသာတယ်။ သူများနိုင်ငံသားတွေကြားမှာမို့ ဂုဏ်လည်းယူတယ်။ တချိန်မှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်တိုင်းပြည်အတွက် ပြန်လုပ်ကိုင်ပေးမယ်လို့ စိတ်ကူးရှိပါတယ်"ဟု ပြောသည်။
သူမအနေဖြင့် Business and Accounting ဘာသာရပ်ဖြင့် Houghton College ကျောင်းတွင် ပညာဆက်လက်သင်ကြားရန် ရည်ရွယ် ထားသည်ဟုလည်း ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကရင်လူငယ်သုံးဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းများမှ တတိယနိုင်ငံ အစီအစဉ်ဖြင့် ၂၀၀၈ခု နှစ်က အမေရိကန်နိုင်ငံသို့ ရောက်ရှိလာကြသူများ ဖြစ်သည်။
ကျောင်းစာအပြင် အားကစားပါ ထူးချွန်သူ စောဝင်းကိုဟန်က "ကျနော်အခုလို ပညာသင်ဆုရတာ ၀မ်းသာတယ်။ မြန်မာပြည်မှာ စာမကြိုး စားခဲ့ပေမဲ့ ယူအက်စ်ရောက်တော့ မကြိုးစားရင် အနှိမ်ခံရတယ်။ အပြိုင်အဆိုင်တွေလည်း ရှိလာတော့ ကြိုးစားရင်း အခုလို အစိုးရက ထောက်ပံ့ဆုကို ရရှိတာပါပဲ။ ကျနော်က Fashion designer and business ကို အဓိကထားပြီး Billamariar college မှာ ဆက်တက် သွားမှာပါ"ဟု ကေအိုင်စီသို့ ပြောသည်။
Errie Community College-ECC တက်ရန် ရည်ရွယ်ထားသည့် နော်အဲ့စေးထူးက "ကျမရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဆရာဆရာမတွေ စကားကို နားထောင်တဲ့အပေါ် ဒီပညာသင်ဆုကို ရတာပါ။ Business လိုင်းကို ကျမ ဆက်တက်မယ်။ အခု ဘတ်ဖလိုကိုရောက်နေတဲ့ ကရင်လူမှုအသိုင်းအ၀ိုင်းအတွက် စီးပွားရေးလုပ်ငန်းထူထောင်ချင်လို့ပါ"ဟု ပြောဆိုသည်။
ဘတ်ဖလိုမြို့ Buffalo Niagara Marriott in Amherst တွင် ယခုနှစ်အတွက် ပေးအပ်သည့် ၃၂ကြိမ်မြောက် အဆိုပါပညာသင်ဆုတံဆိပ် နှင့်အတူ ကောလိပ်ကျောင်းဆက်တက်ရန် လေးနှစ်စာ ပညာသင်စရိတ် ဒေါ်လာ ၈သောင်းကို အမေရိကန်အစိုးရမှ ဆုရရှိသူ ကျောင်းသူ ကျောင်းသားများအား မေလ ၁၇ရက်နေ့က ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံသား ၆၀၀၀ကျော်ရှိသည့် အမေရိကန်နိုင်ငံ၊ ဘတ်ဖလိုမြို့တွင် ယခုနှစ်အတွက် ၎င်းကရင်လူငယ် ၃ဦးအပြင် ချင်းလူငယ်တစ် ဦး စုစုပေါင်း မြန်မာလူငယ် ၄ဦး ပညာတော်သင်ဆု လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
Development for who?
ဘယ်သူ့အတွက် ဖွံ့ဖြိုးရေးလဲ
ကာတွန်း လိုင်လုဏ်
မေ ၂၉၊ ၂၀၁၂
Daw Suu in Bangkok Airport
ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်သို့ ရောက်ရှိ၊ မြန်မာပြည်သားတို့နှင့် တွေ့မည်
ဓာတ်ပုံသတင်း
မေ ၂၉၊ ၂၀၁၂
(ဓာတ်ပုံ - AP)
ထိုင်းနိုင်ငံတွင် ရက်အနည်းငယ်ကြာနေထိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာသည်။
ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာ့စီးပွားရေးညီလာခံ တက်ရောက်ရန် ဖြစ်သည်ဟု အများက နားလည်ထားကြသည်။
ထိုင်းတွင် ရောက်ရှိစဉ် မြန်မာပြည်သား ဒုက္ခသည်များ၊ အလုပ်သမားများနှင့် တွေ့ဆုံရန်လည်း ပြင်ဆင်ထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိနေသည့် ထိုင်းနိုင်ငံသည် အင်္ကျီအနီရောင်ဝတ် နှင့် အ၀ါရောင်ဝတ် သူများဟူ၍ အင်အားစု နှစ်ခု ကွဲနေပြီး ယခင်နှစ်များက နိုင်ငံရေးမတည်ငြိမ်မှု များစွာ ပေါ်ပေါက်ခဲ့သည်။
ယနေ့ည ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် အနီ နှင့် အ၀ါကို ရှောင်ပြီး ၀တ်ဆင်ထားသည်ကို တွေ့ရသည်။
ယနေ့ညနေပိုင်း ၀တ်ဆင်လာသော အင်္ကျီအရောင်သည် အနီနှင့် အ၀ါ ရောစပ်ထားသောအရောင်ဖြစ်သည်ဟု တချို့က ပြောဆိုနေကြသည်။
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၄ နှစ်အတွင်း ပထမအကြိမ် ပြည်ပခရီးကို အများက စိတ်ဝင်စားနေကြပြီး သူ လေဆိပ်သို့ ရောက်ရှိလာသည့် သတင်းသည် နိုင်ငံတကာ ထိပ်တန်းသတင်းတခု ဖြစ်နေသည်။
သူနှင့်အတူ လက်ထောက်တချို့၊ NLD လုံခြုံရေးအရာရှိတချို့၊ မြန်မာသတင်းထောက်တချို့ ရန်ကုန်မှ လိုက်ပါလာသည်ကို ရုပ်သံသတင်းများတွင် တွေ့ရသည်။
ဘန်ကောက်လေဆိပ် (ဓာတ်ပုံ - Getty Reuters)
ရန်ကုန်လေဆိပ် (ဓာတ်ပုံ - Getty Reuters)
ဘန်ကောက်လေဆိပ် (ဓာတ်ပုံ - AP)
ရန်ကုန်လေဆိပ် (ဓာတ်ပုံ - Getty Reuters)
ဘန်ကောက်လေဆိပ် (ဓာတ်ပုံ - Getty Images)
ဘန်ကောက် (ဓာတ်ပုံ - Getty Images)
ဘန်ကောက် (ဓာတ်ပုံ - Getty Images)
Maung Maung Hla Kyine - Articles
ပန်းတွေနဲ့ဝေဖြာ သူ့ဆံကေသာ -၂- (မြန်မာပြည်မှစာ)
မောင်မောင်လှကြိုင်
မေ ၂၉၊ ၂၀၁၂ 
၁၉၄၁ ခုနှစ်ကုန်ပိုင်းလောက်မှာ ကမ္ဘာစစ်ကြီးဟာ မြန်မာနိုင်ငံကိုရှေ့ရှုရောက်ရှိလာခဲ့ပါတယ်။ အရှေ့တောင်အာရှကို ဂျပန်စစ်တပ်က ဖြတ် သန်းလာတာနဲ့အမျှ ရန်ကုန်မြို့ဟာလည်း ညလယ်တွေမှာ မကြာခဏ ဗုံးကျဲခံလာရပါတယ်။ ကျွန်မမိခင်ရဲ့ အန္တရာယ်ရင်ဆိုင်နေရတဲ့ကြားထဲ မပူမပန်လှုပ်ရှားနေမှုကြောင့် လုပ်ဖော်ကိုင်ဘက် သူနာပြုဆရာမတွေရဲ့ အထင်ကြီးမှုနဲ့ စိတ်အနှောက်အယှက်ဖြစ်မှုကို ခံရပါတယ်။ ဗုံးခို ကျင်း ထဲမသွားခင် သူဟာ မရမက သေသပ်လှပစွာ ဝတ်စားခြယ်မှုန်းနေတတ်ပါတယ်။ လုံခြုံစိတ်ချရမဲ့နေရာကို မျက်ရည်စက်လက် သုတ်သီးသုတ်ပြာသွားနေကြတဲ့သူငယ်ချင်းတွေက သူမရဲ့အရူးထ အမူအရာကို မြည်တွန်တောက်တီးလုပ်ကြပါတယ်။ သူကတော့ "တကယ်လို့ သေသွားရင်လဲ လှလှပပ အဆင်းနဲ့ပဲ သေသွားချင်တယ်" လို့ ပေါ့ပေါ့ပါးပါးပဲ ပြန်တုန့်ပြန်ခဲ့ပါတယ်။
အဆုံးစွန်ကြိုးပမ်းရုန်းကန်နေရတဲ့အခြေအနေတွေအောက်မှာတောင် စံနှုန်းများကိုဆုပ်ကိုင်ထားလိုတဲ့ မေမေ့ရဲ့ဆုံးဖြတ်ချက်ကို ဒီအချက် က ဖော်ညွှန်းနေခဲ့တာပါ။ သူမရဲ့နောက်ဆုံးနေ့များအထိ ခေါင်းမူးခြင်းရဲ့ အားကုန်ခမ်းနွမ်းနယ်မှုများကို မကြာခဏ မေမေခံစားနေခဲ့ပါတယ်။ လက်တွေ့မှာခံစားနိုင်စွမ်းမရှိနိုင်တဲ့အချိန်မှာတော့ မေမေဟာ မနက်ပိုင်းမှာ အိပ်ရာကထပြီး၊ မျက်နှာသစ်၊ အဝတ်အစားလဲ၊ ခေါင်းကိုသပ် ယပ်စွာ ဖြီးသင်ထုံးဖွဲ့ကာ မျက်နှာမှာ သနပ်ခါးလိမ်းခြယ်သလျှက် တနေကုန် အိပ်တော့တာပါပဲ။ ဘဝမှာကြုံတွေ့လာမဲ့စိန်ခေါ်မှုများကို သူမ ရဲ့သတ္တိနဲ့ဂုဏ်သိက္ခာတို့က တွန်းလှန်ပစ်နိုင်ဘို့ကိုပဲ ဆန္ဒပြုခဲ့ပါတယ်။
၁၉၄၁ ခုနှစ်မှာ ဗြိတိသျှတွေ ရန်ကုန်မှစတင်ဆုတ်ခွာသွားစဉ် ရန်ကုန်ဆေးရုံကြီးမှလူနာများကို ရေကြောင်းမှတဆင့် ကာလကတ္တား (ခိုးလ် ကတ္တား) သို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ပြောင်းရွှေ့ပေးခံရသူများကို စေတနာ့ဝန်ထမ်းအဖော်ပြုလိုက်ပါမဲ့သူနာပြုများတွင် မေမေလည်းပါဝင်ခဲ့ ပါတယ်။ ဂျပန်စစ်တပ်ရောက်မလာခင် မြန်မာပြည်ကလွတ်မြောက်သွားလိုသူ သင်္ဘောပေါ်ပါ ဆေးဝန်ထမ်းအများစုဟာ မြန်မာနိုင်ငံသားများ မဟုတ်ကြပါ။ သူတို့ရဲ့စိုးရိမ်ကြောက်ရွံ့မှုများကို မေမေက စာနာနားလည်ပေးခဲ့ပါတယ်။ အိန္ဒိယမှာပဲ စစ်အတွင်းနေထိုင်မယ်ဆိုတဲ့ သူတ ရဲ့ဆုံးဖြတ်ချက်ကိုလဲ မဝေဖန်ခဲ့ပါဘူး။ မေမေကတော့ သူ့နိုင်ငံရဲ့ကံကြမ္မာကိုပဲ မျှဝေခံစားမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ကာလကတ္တားရဲ့ ရှုခင်းများကိုကြည့်ခဲ့ရတဲ့ ပူပင်ကြောင့်ကြမှုကင်းတဲ့ ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် မြန်မာနိုင်ငံကို နောက်ဆုံးသင်္ဘောဖြင့် မေမေ ပြန်လာခဲ့ပါတယ်။ ဆေးရုံတွေအားလုံးပိတ်ထားတဲ့အတွက် မြောင်းမြကိုပြန်လာခဲ့ပါတယ်။ ဒါကတော့ ဝမ်းနည်းကြေကွဲဘွယ် အိမ်အပြန်ဖြစ် ခဲ့ပါတော့တယ်။ မေမေ မရှိခင်အချိန်အတွင်းမှာ သူ့မိခင်ဟာ အဆုတ်အအေးပတ်ရောဂါ နမိုးနီးယားနဲ့ ကွယ်လွန်သွားခဲ့တာကြောင့်ပါ။
မေမေဟာ အလဟဿ ဝမ်းနည်းပူဆွေးမှုကို အချိန်ကြာရှည်စွာ ယစ်မူးနေသူတဦးမဟုတ်ခဲ့ပါ။ မေမေဟာ ငယ်ရွယ်ပြီး ကြံ့ကြံ ခံနိုင်ရည်ရှိ သူဖြစ်ပါတယ်။ စစ်ကလဲဖြစ်ပွါးနေပါတယ်။ ပြည်သူလူထုလည်း ခံစားနေကြရပါတယ်။ ခံစားနေမှုများမှ လျော့ပါးပျောက်ကွယ်အောင်ဆောင် ရွက်ပေးရမှာက သူ့ရဲ့အသက်မွေးကြောင်း မဟုတ်ပါလား။ နိုင်ငံတဝှမ်းလုံးမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ အထူးတလည်လိုအပ်နေ လျက်ပါ။ ရန်ကုန်မြို့မှာ စစ်အတွင်း အခြေခံအုပ်ချုပ်ရေးကိုထူထောင်ပြီးပြီးခြင်း ဆရာဝန်တစုဟာ ရန်ကုန်ဆေးရုံကြီးကို ပြန်ဖွင့်ဘို့ ဆုံးဖြတ် ခဲ့ကြပါတယ်။ ကျွမ်းကျင်သူများခေါ်ဆိုလိုက်တဲ့အခါ မေမေဟာချက်ခြင်းပဲ စာရင်းပေးတုန့်ပြန်လိုက်ခဲ့ပါတယ်။ စိတ်ဒုံးဒုံးချလျက် ကျန်းမာရေး ဝန်ဆောင်မှုပေးမဲ့ ရဲဝံ့သတ္တိရှိလှတဲ့အဖွဲ့မှာ သူနာပြုချုပ်အဖြစ် ပါဝင်တာဝန်ယူခဲ့ပါတယ်။
၁၉၄၂ ခုနှစ် ဆေးရုံကိုရောက်ရှိလာတဲ့ လူနာတွေအထဲမှာ ကျွန်မဖေဖေလည်း ပါလာခဲ့ပါတယ်။ သူဟာ ဂျပန်တွေနဲ့ အတူ မြန်မာနိုင်ငံအတွင်း ချီတက်လာခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ ငယ်ရွယ်တဲ့ စစ်သေနာပတိချုပ်ဖြစ်ပါတယ်။ သူဟာ ကြမ်းတမ်းမှု၊ အစာရေစာချို့တဲ့မှုနဲ့ ငှက်ဖျားရောဂါကြောင့် ပင်ပန်းနွမ်းနယ်လျက်ရှိနေပါတယ်။ သူဟာ စိတ်လှုပ်ရှားနေပြီး၊ အံကြိတ်ကာ ကတ်တီးကတ်ဖဲ့ခေါင်းမာ စွာ ချဉ်းကပ် ရန်ခက်ခဲသူဖြစ်နေပါတယ်။ ဖေဖေ့အတွက်တာဝန်ချထားပေးတဲ့ သူနာပြုငယ်ဟာ သူ့လူနာဟာ ကြောက်စရာကောင်းပြီး ပေကတ်ကတ်နိုင် ကြောင်းတွေ့မြင်လာခဲ့ပါတယ်။ အမှန်ပါပဲ။ ယခုလို ထင်ရှားပြီး ခက်ခဲတဲ့အမျိုးသားတယောက်ကို ကိုင်တွယ်ဆက်ဆံနိုင်စွမ်းမှုဟာ သူနာပြု ချုပ်ဆီမှာပဲရှိနိုင်ပါတယ်။ ဒါကြောင့် မေမေက လွှဲပြောင်းယူခဲ့ပါတယ်။ ဖေဖေကလည်း အပြည့်အဝနဲ့ အမြဲတမ်းအဖြစ် လွှဲပြောင်းပေးခြင်းမျိုး ပဲဖြစ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
မေမေလက်ထပ်ချိန်မှာ အသက် ၂၀ နှောင်းပိုင်းအတွင်းမှာပါ။ ကိုယ်ဟန်ကျော့ရှင်းလျှက် ယုံကြည် ချက်ခိုင်မာစွာ ကောင်းမွန်တဲ့ကျန်းမာရေးနဲ့ ဘဝပျော်ရွှင်ချမ်းမြေ့မှုများဖြင့် လန်းဆန်းနေပါတယ်။ မေမေဟာ အလှကြီးလို့တော့ မဆိုသာပါဘူး။ ဘဲဥပုံမျက်နှာပေါက်၊ ကျယ်ပြန့်တဲ့မျက်ခုံးနဲ့ ကြီးမားပြီး အရည်လဲ့တဲ့ မျက်ဝန်း၊ ပင်ကိုယ်ဟန်ပန် အာရုံနဲ့ ချစ်မွေးတို့ကြောင့် မေမေဟာ ထူးထူးခြားခြား ဆွဲဆောင်မှုရှိသူတဦးဖြစ်ပါတယ်။ ကျွန်မဘခင်ကိုတွေ့ မြင်ရတဲ့အထိတော့ မေမေဟာ သူ့လုပ်ငန်းမှာပဲ အာရုံဝင်နှစ်မြုပ်နေလျက်ပါ။ လက်ထပ်ရေးကိစ္စကို အလေးထားပုံမ ပေါ်ပါဘူး။ မေမေ့ရဲ့အိမ်ထောင် သည်ဘဝကိုဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သူနာပြုငယ်များက စိတ်အားထက်သန်စွာ မကြိုဆိုခဲ့ကြပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ မျိုးချစ်ပုဂ္ဂိုလ်တဦး သူရဲကောင်းတဦးဖြစ်တာတော့မှန်ပါတယ်။ ဒါပေမယ့် မျိုးချစ်ပုဂ္ဂိုလ် သူရဲကောင်းတွေဟာ လင်သားကောင်းတွေတော့ သေချာပေါက်မဖြစ်တတ်ပါဘူး။ တကယ်လို့ သူဟာ မယားကိုရိုက်နှက်နှိပ်စက်တတ်သူဖြစ်ရင်ကော။ "မပူကြ ပါနဲ့လေ…တို့ကို သူရိုက်ရင် သူ့ကိုထားရစ်ခဲ့ပြီး သူနာပြုပဲပြန်လာလုပ်မှာပါ" လို့ မေမေက သူ့ရဲ့လုပ်ဖော်ကိုင်ဘက်အငယ်များကို ပြောခဲ့ပါ တယ်။
ဆရာဝန်များဟာလဲ မေမေလက်ထပ်မဲ့ကိစ္စကို အားလုံးက အတူတကွမပျော်ရွှင်ကြပါ။ ဗိုလ်ချုပ်ကို သူတို့ အမှန်တကယ်လေးစားကြပါတယ်။ ဗိုလ်ချုပ်အနေနဲ့ မယားကောင်းကိုရထိုက်ကြောင်းလဲ သံသယမရှိကြပါ။ ဒါပေမင့် အရည်အချင်းအရှိဆုံး အထက်တန်းသူနာပြုတဦး ဆုံးရှုံး ရမဲ့အရေးမှာကတော့ ကျေနပ်ဝမ်းသာစရာတော့မဟုတ်လှပါ။ အထက်တန်းခွဲစိတ်ဆရာဝန်ကြီးကတော့ အဘိုးအတန်ဆုံးခွဲစိတ်ခန်း လက် ထောက်တဦး ဆုံးရှုံးရပြီလို့ ညည်းတွားခဲ့ပါတယ်။ တူညီတဲ့အရည်အချင်းနဲ့ ယုံကြည်စိတ်ချရမဲ့ အစားထိုးနိုင်သူတဦးကိုတွေ့ဘို့ဆိုတာ အလွန်ခဲယဉ်းကြောင်းလဲ တတွတ်တွတ် ပြောခဲ့ပါတယ်။ ကျွန်မမိဘများရဲ့ မင်္ဂလာပွဲမတိုင်ခင်ညမှာ လေယာဉ်ဗုံးကြဲဒဏ်ကြောင့် ဆေးရုံကြီး တွင် အရေးပေါ်ခွဲစိတ်မှုလုပ်ရပါတယ်။ သူနာပြုများအဆောင်မှာနေဆဲဖြစ်တဲ့မေမေဟာ အိပ်ရာမှထပြီး ခွဲစိတ်ခန်း ဝင်ကူခဲ့ရပါတယ်။ ခွဲစိတ်မှုပြီးသွားတော့ အထက်တန်းခွဲစိတ်ဆရာဝန်ကြီးက "သူကတော့ သူနာပြုတွေအနက် စံတင်လောက်သူပါပဲ။ လက်ထပ်ရက် မတိုင်ခင် ညမှာတောင် ညဥ့်နက်နက်အချိန်တွင် ခွဲစိတ်ခန်းဝင်ပေးရသေးတယ်နော်"လို့မှတ်ချက်ချခဲ့ပါသေးတယ်။ ဆရာဝန်ကြီးကပဲ မေမေရဲ့ဘဝ သစ်ရဲ့ပထမနေ့ကို ရင်မဆိုင်ရမီ သွားအိပ်စေခဲ့ပါတယ်။
ကျွန်မဘခင် အသတ်မခံရမီအထိ ကျွန်မမိဘများမှာ အိမ်ထောင်ရေးသက်တမ်း ၅ နှစ် မပြည့်ခဲ့ပါ။ ကျွန်မမိခင်က ရိုးရိုးလေးပဲ ကျွန်မကိုပြော ခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ဦး အလွန်ပျော်ရွှင်စွာပဲ အတူတကွပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်…တဲ့။ သူတို့ပျော်ရွှင်စွာနေထိုင်ကောင်း နေထိုင်ခဲ့ပေမင့် လွယ်ကူမှုမရှိတဲ့ သို့မဟုတ် ငြိမ်းအေးမှုမရှိ တဲ့အချိန်များလည်း ရှိခဲ့ပါတယ်…တဲ့။ ကျွန်မဖေဖေဟာ စစ်အတွင်းတပ်မတော်ရဲ့ အကြီးအကဲဖြစ်ရုံသာမက နောက်ဆုံးအထိ လွတ်လပ်ရေးလှုပ်ရှားမှု ရဲ့ အဦးဆုံးခေါင်းဆောင်ဖြစ်ပါတယ်။ ဖေဖေ့ရဲ့ဘဝဟာ ကြမ်းတမ်းကာ အန္တရာယ်များလှပါတယ်။ မေမေကတော့ ကြေကွဲဘွယ်အဆုံးသတ်ခဲ့ရတဲ့အထိ မျှဝေခံစားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
၂၀၁၂ ခု၊ မေ ၂၇
မိုင်အိနိချိ နေ့စဉ် - ဂျပန်
(၂၀၁၂ မေ၊ ၂၇ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma: Flowers in her hair 2 ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။)
MONDAY, MAY 28, 2012
Khit Maung e-Journal published for May 27th Anniversary
၉၀ခုနှစ်ပါတီစုံရွေးကောက်ပွဲဆိုတာရဲ့ နှစ်လည်မှာ ခေတ်မောင်းဆိုတဲ့ အီးဘုတ်ထွက်
မိုးမခစာအုပ်စင်၊ မေ ၂၉ ၊ ၂၀၁၂
ပြည်တွင်း ပြည်ပက တိုးတက်တဲ့ အမြင်အာရုံရှိတယ်လို့ ခံယူထားတဲ့ လူကြီး၊ လူငယ်တွေ စုပေါင်းထုတ်တဲ့ "ခေတ်မောင်း" ဆိုတဲ့ အီးစာစောင်ထွက်လာတယ်။ စာရေးသူတွေက ဘလော့ဂ်၊ အီးမေး၊ ဖေ့စ်ဘွတ်၊ ၀က်ဆိုက်၊ စတဲ့ မီဒီယာအသီးသီးမှာ လက်စွမ်းလက်စရှိသူတွေချည်းဖြစ်တယ်လို့ ဆိုနိုင်တယ်။
စာစောင်ရဲ့ အာလုပ်စကားကတော့ အစိုးရနဲ့ အတိုက်အခံတို့ ပြည်သူ့အကျိုးကနေ သွေဖီမှုတွေကို တည့်မတ်ဖို့၊ အသံမဲ့သူတွေ ကာကွယ်ဖို့၊ အားဖြစ်စေဖို့ နဲ့ ပြည်သူလူထုကို နိုင်ငံတကာနဲ့ မိတ်ဆက်ပြီး အတွေးအခေါ်မြှင့်ပေးဖို့လို့ ဆိုထားပါတယ်။
            ပုံမှန် အွန်လိုင်းပေါ် ထွက်နေကျ ကော်ပီအင်ပေစ့် စာစောင်တွေထက် သူတို့တတွေက အများကြီးအားထုတ်ထားတယ်လို့ ဆိုနိုင်တယ်။ စာဖတ်သူတွေကို ဘယ်လောက် လှုံဆော်နိုင်မလဲဆိုတာ သင်ကိုယ်တိုင် ဖတ်ပြီးမှပဲ သိရမှာဖြစ်ပါတယ်။
ရယ်စရာတခု ၀င်ပြောရရင် အယင်တုန်းက လူကြီးတွေ မညီညွတ်လို့၊ ရန်ဖြစ်နေကြလို့ ဆိုပြီး လူငယ်တွေက လက်ညိုးထိုး ရှုတ်ချခဲ့ကြတယ်။ ခင်ဗျားကြီးတို့ကြောင့် ပြည်ပျက်တာလို့ ပြစ်တင်ကြတယ်။ အခု အဲသည်လူငယ်တွေ အရွယ်ရောက်လာတဲ့အခါ အဲသည်လူငယ်တွေ အချင်းချင်းကော တည့်ကြရဲ့လား။ ပြန်တွေးမိပါတယ်။
--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here  (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives