[moemakadaily@moemaka.biz] 3rd May - MoeMaKa Daily

ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင်သာ သိရင် ၀မ်းသာရှာမယ်
မိုးမခစာဖတ်သူတဦး (မြက်ခင်းစိမ်း)။ မေ ၃၊ ၂၀၁၂
မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီအမတ်များ ရွေးကောက်ပွဲကိုဖြတ်ပြီး လွှတ်တော်ထဲ ၀င်ရောက်သွားပြီ။ ၂၀၀၈ အခြေခံဥပဒေကို ပဏာမအားဖြင့် လက်ခံပြီး လွှတ်တော်တွင်းမှာ ပြုပြင်ပြင်ဆင်ရေး၊ နိုင်ငံတော် တည်ဆောက်ရေးတွေ ဆောင်ရွက်တော့မယ့် လမ်းကို စတင် လျှောက်လမ်းလိုက်ပြီး ဒီမြင်ကွင်းကို ကြည့်ရှုရင်းနဲ့ ၂၀၁၂ နှစ်သစ်ကူးမှာ အကြွေစောခဲ့ရှာတဲ့ မြန်မာအီးဂရက်စ် ထူထောင်သူ၊ ဒေါက်တာနေ၀င်းမောင်သာ သက်ရှိထင်ရှားသာ ရှိနေသေးရင် သူမျှော်မှန်းခဲ့သလို အိပ်မက်မက်ခဲ့တဲ့မြင်ကွင်းကို ကြည့်ပြီး ၀မ်းသားအားရဖြစ်ရှာမယ်လို့ တွေးနေမိတယ်ဗျာ။
အခု မိုးမခက အမြင်ချင်း မတူသူတွေ၊ အခြားတဖက်က တွေးသူတွေ၊ ခင်ဗျားတို့တတွေ ပြန်ကြည့်ချင်ကြည့်ဖို့ ဆိုပြီး ကိုနေ၀င်းမောင်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး ဟောပြောခဲ့တဲ့ စာပေဟောပြောပွဲ ရုပ်သံကို ဝေမျှ ပေးပို့လိုက်တယ်။ သူ မကွယ်လွန်ခဲ့ ရက်ပိုင်းအလို ဒီဇင်ဘာ ၁၇၊ ၂၀၁၁ တုန်းက မော်လမြိုင်၊ သံဖြူဇရပ်စာပေဟောပြောပွဲမှာ  ဟောပြောခဲ့တာ ဖြစ်တယ်။ နောက် ၂ ပတ်မပြည့်ခင် ဇန်န၀ါရီ ၁ နှစ်ဆန်းမှာ သူ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့တယ်။
(ယူကျပေါ်မှာ တင်ဆက်ထားတဲ့ ဒေါက်တာနေ၀င်းမောင်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး စာပေဟောပြောပွဲ၊ မကွယ်လွန်မီ ၂ ပတ်ခန့်အလို)
၂၀၀၈ အခြေခံဥပဒေအကြောင်းကို လက်တမ်း ဝေဖန်ထောက်ပြသွားတယ်။ တိုင်းပြည်ကို ဘယ်လို ပြုပြင်တည်ဆောက်ကြဖို့ ပြည်သူတွေ ဘယ်လို ပါဝင်ပတ်သက်နိုင်မယ်ဆိုတာကို ပြောဆို ရှင်းပြသွားတယ်။ ဆရာဝန် ကျောင်းဆရာတယောက်ဖြစ်တဲ့ ကိုနေ၀င်းမောင်ရဲ့ အီးဂရပ်စ်သင်တန်းမြင်ကွင်းနဲ့  တသွင်ထူးတဲ့ သာမန်စာဖတ်ပရိသတ်ကို ပြောသွားတာတွေကို အခု ဖြစ်စဉ်တွေနဲ့ ချိန်ထိုး စဉ်းစားကြဖို့ အခု ပြန်လည်မျှဝေပေးပါတယ်။ (သည်စာမူကို ခင်ဗျားတို့ မတင်လည်း တခြားဆိုက်ဒ်တွေ၊ ကျနော့်ဖေ့စ်ဘွတ်မှာ တင်မှာပါခင်ဗျာ)
ကိုနေ၀င်းမောင် ကွယ်လွန်ချိန်မှာ ယခုငြိမ်းချမ်းရေးကော်မတီကို ဦးဆောင်နေသူ ရထားဝန်ကြီး ဦးအောင်မင်းရဲ့ ၀မ်းနည်းစာသားလေးကို သတိရမိသေးတယ်ဗျာ။ သူက ဘာရေးခဲ့သလဲ ဆိုတော့ …
            "တိုင်းပြည်နဲ့ လူမျိုးအတွက် ဆရာတာဝန်ကျေခဲ့ပြါ့ပီ။ …. ကျန်ရစ်သူ ကျနော်တို့ ဆက်လုပ်ရန်သာ ရှိတော့သည် …" စသည်ဖြင့် ရေးခဲ့တာကို တွေ့မှာပါ။
(http://www.facebook.com/media/set/?set=a.254533404614637.60019.252743051460339&type=3 )
            ကိုနေ၀င်းမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲကို အပြည့်အ၀ထောက်ခံသူဖြစ်ပါတယ်။ အားလုံးကို လွှတ်တော်ထဲကို ရောက်စေချင်သူဖြစ်ပါတယ်။ အဲသည်တုန်းက "I Vote" ဆိုတဲ့ လိုဂိုဒီဇိုင်းနဲ့ တီရှပ်တွေ ပိုစတာလှုပ်ရှားမှုတွေ လုပ်ခဲ့တာကို ၂၀၁၀ တုန်းမှာ တွေ့ခဲ့ရပါတယ်။
            အခုချိန်မှာ သူ သက်ရှိထင်ရှားရှိသေးရင် အခုနိုင်ငံရေးမြင်ကွင်းကို ကြည့်ပြီး ၀မ်းသားရှာမယ်လို့ တွေးမိတယ်။ ဘယ်လိုလဲ ဟောဒီပေးစာကို မိုးမခမှာ ထည့်ပေးနိုင်ပါ့မလားဗျာ။
            (မိုးမခ၏ ဆင်ခြေ - ထည့်ပေးနိုင်ပါတယ်။ အဖြတ်အတောက်မရှိ ထည့်ပေးလိုက်ပါတယ်။ ပညာရှိများ၊ ဗေဒင်ဆရာများ မည်သို့ပင် တွက်ချက်ဟောပြောစေကာမူ တကယ်တန်း လက်တွေ့ ၂ ဖက်သော ဦးဆောင်သူ ခေါင်းဆောင်သူနဲ့ ၀ိုင်းဝန်းဆောင်ရွက်သူ ပြည်သူနဲ့ ဒီမိုကရေစီအရေးတော်ပုံ ရဲဘော်များရဲ့ ကံ ၃ပါးနဲ့ စိုက်ထုတ် လုပ်ဆောင်မှုများကြောင့်သာ ရွေ့လာရတာဖြစ်တယ်လို့တော့ ပြန်ပြောလိုက်ချင်ပါသေးရဲ့)

U Myo (Law) - Articles

မြန်မာ့လယ်ယာမြေစနစ်၏ ဦးတည်ချက်လမ်းကြောင်း
ဦးမျိုး (ဥပဒေ)
မေ ၃၊ ၂၀၁၂



၁၈၈၅ ခုနှစ် သီပေါမင်းပါတော်မူသည်အထိ မြန်မာ့လယ်ယာမြေစနစ်သည် မြေရှင်ပဒေသရာဇ်စနစ် လယ်ယာမြေပိုင်ဆိုင်မှုဖြစ်သည်။ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့က မြန်မာ့မြေကို သိမ်းပိုက်လိုက်သည်နှင့် ချက်ခြင်းမြေရှင်ပဒေသရာဇ်လယ်ယာမြေစနစ် ပျောက်ကွယ်သွားသည် ကား မဟုတ်ပေ။ မြေရှင်ပဒေသရာဇ်လယ်ယာမြေပိုင်ဆိုင်မှုနေရာတွင် အင်္ဂလိပ်နယ်ချဲ့အရင်းရှင်စနစ်၏ လယ်ယာမြေပိုင်ဆိုင်မှုစနစ်က ၀င်လာသည်။ အမှန်မှာ ပဒေသရာဇ်ခေတ် ကုန်ထုတ်လုပ်မှုဆိုသည်မှာ ပြည်တွင်းစားသုံးမှုဖူလုံရန် ထုတ်လုပ်ခြင်းဖြစ်ပြီး နယ်ချဲ့အရင်းရှင် စနစ်၏ ကုန်ထုတ်လုပ်မှုဆိုသည်မှာကား နိုင်ငံခြားပို့ကုန်အဖြစ် ဆန်စပါးကိုထုတ်လုပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အင်္ဂလိပ်နယ်ချဲ့အရင်းရှင်စနစ်ဝင်လာသည့်အချိန်က လယ်ယာမြေဧကပေါင်း တစ်သန်းရှိခဲ့ရာမှ ၁၂ သန်းအထိ တိုးချဲ့စိုက် ပျိုးလာနိုင်ခဲ့သည်။ ၁၁ သန်းတိုးလာရန် မြန်မာမြေယာများကို ဖော်ထုတ်လာခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာ့တောင်သူလယ်သမားများကို စေတနာမေတ္တာထား၍ကား အလျဉ်းမဟုတ်ပါ။ တိုးလာသည့် လယ်ယာမြေအမြောက်အမြားပေါ်မှ ထွက်ရှိလာမည့် ဆန်စပါးများကို ပြည်ပ ထုတ်လုပ်နိုင်ရန် အရင်းရှင်ကုန်ထုတ်လုပ်မှုကို စတင်ခဲ့ခြင်းဖြစ်ပါသည်။ ပဒေသရာဇ်စနစ်ထုတ်လုပ်မှုမှ အရင်းရှင်ထုတ်လုပ်မှုသို့ ကူးပြောင်း လိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် လူ့အဖွဲ့အစည်းအတွင်းရှိ ၈၀ ရာခိုင်နှုန်းကျော်သော တောင်သူလယ်သမားများမှာ ပဒေသရာဇ်သွေးစုတ်မှုမှ အရင်းရှင်နယ်ချဲ့သွေးစုတ်မှုသို့ ပြောင်းလဲသွေးစုတ်ခံရခြင်းသာဖြစ်သည်။ သွေးစုတ်ခံရမှုကား မပြောင်း။

ဤနေရာတွင် အနည်းငယ်ရှင်းပြလိုသည်မှာ ကုန်ထုတ်လုပ်နည်းပြောင်းမှ ခေတ်ပြောင်းသည်ကို တစေ့တစောင်းလောက်သာ တင်ပြလိုပါ သည်။ ကိုယ်ကိုယ်တိုင် တွေ့ကြုံခံစားရမှ အာရုံသိမှ ဆင်ခြင်သိသို့ တိုက်ရိုက်ခံစားနားလည်လာမှာဖြစ်ပါသည်။ ခေတ်အဆက်ဆက် နိုင်ငံ တိုင်းရင်ဆိုင်ရသည့်ပြဿနာမှာ ထုတ်လုပ်နည်းသည်အခရာကျပါသည်။ ကုန်ထုတ်လုပ်မှုစနစ်တိုင်းတွင် ထုတ်လုပ်ရေးအင်အားစုနှင့် ထုတ်လုပ်ရေးဆက်ဆံရေးတို့၏ ပကတိတည်ရှိနေသည့် အခြေအနေ လက်တွေ့ကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ထုတ်လုပ်ရေး အင်အားစုတွင် လူနှင့်ထုတ်လုပ်ရေးဆိုင်ရာကရိယာအားလုံး (လယ်ယာမြေ၊ ကုန်ထုတ်ကရိယာ၊ သဘာဝအရင်းအမြစ်များ -စသည်ဖြင့်) ပါဝင်ပါသည်။ ထုတ်လုပ်ရာတွင် လိုက်ပါဆောင်ရွက်ရသည့်လူများ၏ အဓိကစီးပွားရေးတွင် ထွက်ရှိလာသည့်ပစ္စည်းများကို မည်သို့ခွဲဝေသနည်း။ မည်ကဲ့ သို့ ဆက်ဆံပါသနည်။ မည်မျှလောက် ပိုင်ဆိုင်ကြပါသနည်း၊ ဆိုသည့် ခွဲဝေမှု၊ ဆက်ဆံမှုနှင့် ပိုင်ဆိုင်မှုကို တကန့်စီ ဆက်စပ်သိရှိထားရန် လိုပါသည်။ သို့မှသာ ထုတ်လုပ်နည်းပြောင်းဖို့ လိုအပ်ချက်ကို တိုက်ရိုက်ခံစားနိုင်ပါမည်။ ကုန်ထုတ်လုပ်ရေး ဆိုသည်မှာ အခြေခံစီးပွားရေး၏ သော့ချက်ဖြစ်ပါသည်။ အခြေခံစီးပွားရေးအပေါ်တွင် တည်ဆောက်ထားသော အပေါ်ထပ်အဆောက်အအုံ (လွှတ်တော်များ၊ အစိုးရ၊ တရားရုံး၊ ဂတ်တဲနှင့်အကျဉ်းထောင်၊ ရဲတပ်ဖွဲ့၊ စစ်တပ်) တို့၏ အထက်အောက်ဆက်ဆံမှုကို တိုက်ရိုက်သိမြင်ရန်လိုပါသည်။ အနောက် ဥရောပနိုင်ငံများတွင် ပဒေသရာဇ်မင်းတွေကို အရင်းရှင်တွေက ခေါင်းဖြတ်တော်လှန်ခဲ့သည့် သမိုင်းပြောင်းလဲချက်များက သင်ခန်းစာ ဖြစ် ပါသည်။ ဤသည်ကိုပင် ခေတ်ပြောင်းသည် (၀ါ) ကုန်ထုတ်လုပ်မှု ပြောင်းလဲသည်ဟုခေါ်ပါသည်။

မိမိတို့နိုင်ငံတွင် ပဒေသရာဇ်ကို အင်္ဂလိပ်ကသိမ်းပိုက်ပြီး နယ်ချဲ့အရင်းရှင်စနစ် ကိုတည်ထောင်ခဲ့သည်။ ပဒေသရာဇ်စနစ်ကို တော်လှန် ပြောင်းလဲခဲ့ခြင်းမဟုတ်သည့်အတွက် ပဒေသရာဇ် လူ့အဖွဲ့အစည်းအတွင်းက စိတ်နေသဘောထားများကို ယနေ့တိုင်တွေ့မြင်နေရပါသေး သည်။ ပဒေသရာဇ် လူ့အဖွဲ့အစည်းမှ ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်း လူ့အဖွဲ့အစည်းဘ၀သို့ ပြောင်းလဲခြင်းသာ အမှန်စင်စစ်ဖြစ်ပါသည်။ ထုတ်လုပ်နည်းမှာလည်း ပဒေသရာဇ်ခေတ်က ထွန်နှင့်နွား၊ ယခုလည်း ထွန်နှင့်နွား၊ ကိုလိုနီအရင်းရှင်ခေတ်ကလည်း ထွန်နှင့်နွား၊ ဘာများ ကွာခြားပါသနည်း။ တိုင်းပြည်လွတ်လပ်ရေးရပါသည်ဆိုကတည်းက ယနေ့ထိ ထွန်နှင့်နွားပင် မဟုတ်ပါလော။ လယ်ယာမြေ ကုန်ထုတ် လုပ်မှုစနစ်တွင် နယ်ချဲ့အရင်းရှင်ခေတ်နှင့် လွတ်လပ်ရေးခေတ်၌ ထုတ်လုပ်မှုစနစ်ပြောင်းမသွားပါ။ မြေရှင်စနစ်ကို ထိန်းသိမ်းထားကာ အရင်းရှင်ခေတ်ကို နယ်ချဲ့အင်္ဂလိပ်ကျင့်သုံးခဲ့သည်ထက်ဆိုးစွာ သက်ဆိုင်ရာ ဦးနု၊ ကျော်ငြိမ်းနှင့် ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေအစိုးရတို့ ကျင့် သုံးခဲ့ကြသည်။ လက်ရှိစစ်ဗိုလ်ချုပ်တွေကလည်း မုန့်လုံးစက္ကူကပ် ဖန်တရာတေ ကျင့်သုံးနေသည်။

တကယ်တန်း တိုင်းပြည်တိုးတက်ဖို့ဆိုလျှင် ထုတ်လုပ်နည်းကိုပြောင်းလဲဖို့ မုချလိုအပ်သည်။ နံပါတ်တစ် - နိုင်ငံတော်က ကျင့်သုံးနေသည့် အစိုးရလက်ဝါးကြီးအုပ် မြေရှင်ကြီးစနစ်ကို အကုန်အစင် ဖျက်သိမ်းပစ်ရပါမည်။ မြေရှင်စနစ်ကိုဖျက်ဖို့ဆိုလျှင် လက်ဝါးကြီးအုပ်မှု နည်း သဏ္ဍာန်အမျိုးမျိုးကို ဖယ်ရှားပစ်ရပါမည်။ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ဖွံ့ဖြိုးတိုးတက်စေရပါမည်။ လူ့အခွင့်အရေးကို လေးစားရပါမည်။ မြေရှင်စနစ် ကို အမြစ်ကလှန်ပစ်မှ အရင်းရှင်ထုတ်လုပ်မှုစနစ်သို့ ပြောင်းလဲနိုင်ပါမည်။ သို့မှ ခေတ်ပြောင်းပြီး တိုင်းပြည်၏ လက်မှုလယ်ယာ ထွန်နှင့် နွားဘ၀မှလွတ်မြောက်ပြီး လယ်ယာလုပ်သားများ ပေါ်ပေါက်လာရကျိုးနပ်ပါမည်။ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ပါမည်။ သို့အတွက် လူမှုဘ၀ပြောင်းလဲရေးလိုအပ်ချက်များအတွက် ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်ရပါမည်။ ကိုယ့်ဘ၀တွင် ကိုယ်သာအရှင်သခင် ဖြစ်ပါသည်။

လက်ရှိလယ်ယာမြေစနစ်၏ လားရာဘက်တူရှုကို လယ်ပြင်မှာဆင်သွားသလို မြင်နေရပါသည်။ သွားနေ ပါသည် အရင်းရှင် လယ်ယာကုန် ထုတ်လုပ်ရေးစနစ်၊ မြေယာစနစ် ပြုပြင်ပြောင်းလဲ ရပါမည်။ အရင်းရှင် လယ်ယာမြေကုန်ထုတ်လုပ်ရေးစနစ်သို့ ထုတ်လုပ်ရေးအင်အားစု ပြောင်းလဲလိုလျှင် ကုန်လုပ်ဆက်ဆံရေးစနစ်ကိုပါ တပါတည်းပြောင်းလဲရပါမည်။ ပိုင်ဆိုင်မှု၊ ခွဲဝေမှုနှင့် ဆက်ဆံမှုဘ၀ အားလုံးကိုပြောင်း လဲနိုင်ရပါမည်။

တောလက်ကျေးရွာများတွင် လယ်ယာအလုပ်သမား ရှားပါးမှုပြဿနာများ တနေ့ထက်တနေ့ တိုးပွားလာနေသည်။ ဘယ်ပျောက်ကုန် သနည်း။ အိမ်နီးနားချင်းနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သိန်းသန်းချီ၍ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။ လူသားအရင်း အမြစ်များ အဆုံးရှုံးခံနေရသည်။ ကြီးမားသည့်လုပ်အား ဆုံးရှုံးမှုကြီးဖြစ်သည်။ ယနေ့လွှတ်တော်များတွင်လည်း လယ်ယာအလုပ်သမား အနိမ့်ဆုံးလစာသတ်မှတ်သည့်ဥပဒေကိုပြဋ္ဌာန်းဖို့ ငြင်းဆန်နေသည်။ လယ်ယာအလုပ်သမား သွေးစုတ်မှုနှုန်းထားကို ပြည်သူလူထု အုတ် အော်သောင်းနင်းသိရှိသွားကြမည်ဖြစ်သောကြောင့် နှုတ်ပိတ်လိုက်ခြင်းဖြစ်သည်။ လွှတ်တော်ထဲက မှူးကြီးမတ်ကြီးများ ဗူးသီးဘတ်ကြီး ဖြစ်မသွားစေလိုပါ။ မိမိနေ့တိုင်းစားနေသည့်ထမင်း လယ်ကွင်းထဲကလာသည်လောက်ကိုတော့ သိကြပေလိမ့်မည်။ လစာ သိန်းဆယ်၊ ရာချီယူထားသည့် ငွေတွေဘယ်ကရသနည်း။ ကျေးဇူးသိတတ်ရပါမည်။ ရေကြည်သောက်လျှင် ရေတွင်းတူးသူ၏ ကျေးဇူးသစ္စာကိုစောင့် သိရပါမည်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၀င်နိုင်ငံ ဖြစ်နေသည့်တိုင် အခြားအေဆီယန်နိုင်ငံများတွင် ရရှိသည့် လစာနှုန်း ထားထက် အဆတရာလောက် နိမ့်ကျနေသည်။ မည်ကဲ့သို့ ဆင်းရဲမွဲတေမှုကို ဟန့်တားနိုင်ပါမည်နည်း။

ကိုယ့်နိုင်ငံ၏ လုပ်အားအရင်းအမြစ် ဆုံးရှုံးမှုသည် တိုင်းပြည်၏ ဆုံးရှုံးမှုဖြစ်သည် ကို အလေးအနက်ထားရန်လိုပါသည်။ ဆုံးရှုံးမှုဆိုသည်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေယဉ်ကျေးမှု အမျိုးသားအမွေအနှစ် တစုံလုံးဆုံးရှုံးမှုဖြစ်ပါသည်။ မည်သို့ ကာကွယ်စောင့်ရှောက်ကြ ပါမည်နည်း။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တစုံလုံးကို ပြောင်းလဲပစ်လိုက်ရပါမည်။ အခြေခံစီးပွားရေးကို ပြောင်းလဲနိုင်မှ အပေါ်ထပ် အဆောက်အအုံ၏ တာဝန်ကျေပြွန်ပါမည်။ အခြေခံစီးပွားရေးကို မပြောင်းလဲနိုင်သည့် ဘယ်လွှတ်တော် ဘယ်အဆောက်အအုံ ဘယ်အဖွဲ့ အစည်းကိုမှ ဒို့ပြည်သူများက လက်ပိုက်ကြည့်နေကြမည်တော့မဟုတ်။ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့မည့်တနေ့ ပေါ်ပေါက်လာမည်က မုချ။

Letter to MoeMaKa

ကချင်ပြည်နယ်သည် စစ်မြေပြင်ဖြစ်နေပြီ (မိုးမခသို့ပေးစာ)
အင်ဂွန်ဂျာဝါ
မေ ၃၊ ၂၀၁၂



ကချင်ပြည်နယ်သည် စစ်မြေပြင်ဖြစ်နေပီ။ ကချင်လူမျိုးစု KIA အမာခံနယ် ရွှေဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းဖြက်သန်းသည့်နေရာကို စစ်တပ် က တရားမျှတ၊ လေးစားစွာ ညှိနှိုင်း ငြိမ်းချမ်းရေးယူပြီး ဖြေရှင်းရမည့်အစား၊ အခြေနေအကျပ်အတည်းကို လက်နက်အင်အားဖြင့် ဖန်တီး နေပါသည်။ ကရင်ပြည်နယ်၊ ရတနာဓါတ်ငွေ့ပိုက်လိုင်းအတွက်လည်း ကရင်လူမျိုးစု KNU လက်နက်ကိုင်များကို အင်အားသုံးပြီး ထိုင်းနိုင် ငံလစ်လျူရှုမှုဖြင့် မာနယ်ပလောတိုက်ပွဲ တဖက်သတ်အနိုင်ယူ၊ ရှင်းလင်းနိုင်ခဲ့သည်ကို KIA များက ကောင်းစွာသင်ခန်းစာယူလျှက်ရှိပါ သည်။ ကချင် KIA ဌာနချုပ်မှာ မြန်မာစစ်တပ်မှ နာရီဝက်အတွင်းတိုက်ခိုက်သိမ်းယူနိုင်သောအခြေအနေရှိနေသောကြောင့် စစ်ဌာနချုပ် အရေးပါသူများ တောတွင်းဝင်သွားသည်မှာကြာလေပြီ။ အင်အားကြီးမားလှသော မြန်မာစစ်တပ်ကြီးနှင့် တိုက်ပွဲကြီးလုံးဝရှောင်ရှား ရပါ သည်။ လူထုထောက်ခံသော ပျောက်ကြားစစ်ကို ဆင်နွှဲလျှက်ရှိပါသည်။

ရှင်းရှင်းပြောရလျှင် မြန်မာနယ်စပ် total: 5,876 km
border countries: Bangladesh 193 km, China 2,185 km, India 1,463 km, Laos 235 km, Thailand 1,800 km ရှိတာကို ကြည့် ရင်၊ ကမ္ဘာ့စူပါပါဝါ တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံဟာ ကချင်ပြည်နယ်ရဲ့ မဟာဗျူဟာအရေးပါလှပုံကို သိပါသည်။ ဒုကမ္ဘာစစ်က မဟာမိတ်တပ်တွေ အိန္ဒိယဆုတ်ခွာသွားချိန် တရုတ်ပြည်က ရိက္ခာများပို့ပေးရာမှာ ကချင်ပြည်နယ်ကိုဖြတ်ပြီး၊ လီဒိုလမ်းမကြီး အမြန်ဖောက်လုပ်ခဲ့ရပါသည်။ ရှေးမြန်မာများ မဏိပူရ၊ ကသဲ၊ နာဂနယ်များကို စစ်ချီတိုက်ခိုက်ရာမှာ ကချင်ပြည်မိုးကောင်းက ခြေလျင်တပ်တွေ ချီတက်ခဲ့ရပါသည်။ မဟာ မိတ်တပ်များ ဒုတိယကမ္ဘာစစ်က ဆုတ်ခွာတဲ့အချိန်မှာလည်း အင်္ဂလိပ်စစ်သင်္ဘောကြီးတွေ ကသာမြို့ထိ တက်လာပြီး၊ အိန္ဒိယပြည်ကို ကချင်ပြည်နယ်ဖြက်သန်းကာ၊ ကုန်းလမ်းဆုတ်ခွာခဲ့ပါသည်။ ဟိုး ပုဂံခေတ် နာရပတိမင်း၊ ကုန်ဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက်၊ တရုတ်မန်ချူးနဲ့ မွန်ဂိုတပ်များ မြန်မာပြည်ကိုဝင်ရောက်တိုက်ခိုက်တာလည်း ဗန်းမော်၊ မင်းတပ် ကချင်ပြည်နယ်ကတဆင့် ၀င်ရောက်လာ ခဲ့ခြင်းပင်ဖြစ်သည်။ ထိုအချက်များဖြင့် ကချင်ပြည်နယ်၏ မဟာဗြူဟာအရေးပါပုံဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွက် တရုတ်ခြေ ကုတ်စခန်းသည် မြန်မာပေါ်မှာမူတည်နေပါသည်။

စီးပွားရေးအရေးပါပုံကို သိပ်ရေးစရာမလိုပါ။ မြန်မာပြည်ကြီးရဲ့အသက်သွေးကြော ဧရာဝတီမြစ်ကြီးသည် ကချင်ပြည်မှ မြစ်ဖျားခံ စတင်ခဲ့ပါ သည်။ ဧရာဝတီမြစ်ကို တရုတ်နိုင်ငံက နည်းမျိုးစုံနဲ့ စီးပွားရေးအသုံးချဖို့ ကြိုးစားခဲ့သည်။ နောက်ဆုံး မြစ်ဆုံရေအားလျှပ်စစ်မှာ နာမည် ကျော်ဖြစ်သည်။ အခုထိ ပူပူနွေးနွေးအရေးခင်းဖြစ်နေဆဲပင်။ ကချင်ပြည်နယ်သည် သယံဇာတ အကြီးကျယ်မထွက်သော်ငြားလည်း ကျောက်စိမ်း၊ ကျွန်းသစ်၊ ရွှေ၊ သတ္တု၊ ရေအားလျှပ်စစ် စသဖြင့် ပေါများကြွယ်ဝပါတယ်။ လောလောဆယ် မြန်မာဓါတ်ငွေ့များ တရုတ်ထံ ရောင်းချဖို့နဲ့ ရေနံလိုင်းအပါဝင်၊ ကချင် KIA နယ်မြေကိုဖြတ်ပြီး ပိုက်လိုင်းဆောက်ခြင်းသည် တရုတ်နိုင်ငံရဲ့ လောင်စာဆီ စိမံကိန်းကြီးဖြစ်ပါ သည်။

မြန်မာအစိုးရခေါင်းဆောင်များကလည်း ခေသူမဟုတ်တော့။ ဒီမဟာဗျူဟာအရေးအခင်းကို အသစ်ဝင်လာတဲ့ အမေရိကန်၊ အီးယူတွေနဲ့ တရုတ်အစိုးရ စစ်အေးဗျူဟာပြိုင်ပွဲတွင် ကချင်ပြည်က KIA ကို ဓါးစာခံလုပ်လိုက်တဲ့သဘော ဖြစ်သွားပုံရသည်။ မြန်မာစစ်တပ်များကို အငြင်းပွားနယ်မြေမှာ တိုးချထားလိုက်ခြင်းသည် KIA အတွက် အကြပ်အတည်း အကြီးအကျယ် ဖြစ်သွားစေပါတယ်။ ကိုယ့်နယ်မြေနားမှာ မြန်မာစစ်တပ်ကြီး ခပ်တည်တည် လာရောက်စခန်းချတော့ KIA က အလျှော့ပေးပြီး၊ ဆုတ်ရမှာလား.. အလျှော့မပေးပါ။ ပျောက်ကျား စစ် ဆင်နွှဲပြီး ဆုတ်ခွာလိုက်ရတာပေါ့ဗျာ...။

အမှန်စင်စစ်၊ ကချင်လူထုသည် ညီအစ်ကိုရင်း မြန်မာများနှင့်သာအတူ၊ ငြိမ်းချမ်းစွာနေထိုင်လိုသည်မှာ ထင်ရှားလှပါသည်။ သို့သော် အခြေ အနေက ကချင် KIA ကို အကြမ်းဖက်သမားဘ၀ တွန်းချလိုက်သလို ဖြစ်သွားသည်။

တကယ့်အခြေအနေဟာ ရေးတာထက် ပိုပြီးရှုပ်လှပါတယ်။ မြန်မာအစိုးရက အထူးသဖြင့် တရုတ်ပြဿနာအတွက် တခြားတိုင်းရင်းသား သူပုန်တွေကို ငြိမ်းချမ်းစေပြီး၊ ကချင်ပြည်နယ်မှာ အားပိုစိုက်ထားတာ .. သာမန်လူအဖို့တော့ နားမလည်နိုင်ဘူးဖြစ်မှာပါ။ ကချင်သူပုန်ကို သောင်းကျန်းသူ လို့ ကျွန်တော် မခေါ်နိုင်ပါဘူး။ သူတို့ ဖျက်ဆီးရေးလုပ်တယ်ဆိုတာ ညီငယ်တဦး စိတ်ဆိုးပြီး၊ သူလုပ်နိုင်တဲ့ဘောာင်အတွင်းက ဆန္ဒပြတော့ ကြားက ကချင်ပြည်နယ်သားတွေပဲ မြေဇာပင်ဖြစ်ရတယ်ဗျာ..။

ကျွန်တော့် ကိုယ်ပိုင်အမြင်ဖြစ်ပါသည်။

ယခုအခါ ကရင်ပြည်နယ်တွင်လည်း ကရင်လူမျိုးစုများနှင့် ငြိမ်းချမ်းရေး တဖက်သတ်စာချုပ်ပြီး ညှိနှိုင်းလျှက်ရှိပါသည်။ '၀' လက်နက်ကိုင်များ မှာ သူတို့ကိုထောက်ပံ့ပေးသူများဖြင့် ခိုင်မာလျှက်ရှိနေချိန်၊ ရှမ်းလက်နက်ကိုင်များလည်း ရှမ်းလူထုထောက်ခံရေးအတွက် ကြိုးစားနေရပါ သည်။ မွန်ပြည်နယ်တွင်လည်း မြန်မာစစ်တပ်မှ တိုက်ခိုက်မှုများကိုရပ်တံ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများလုပ်ဆောင်နေသည်ဟု ဆိုပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စု နယ်မြေခေါင်းဆောင်များသည် သက်ဆိုင်ရာနယ်မြေတွင် ကြီးစိုးနေပြီး၊ ထိုဒေသများတွင်ရှိသော မြို့၊ ရွာလူထုအဖို့ တရားဥပဒေမရှိ၊ နီးရာဓါးကြောက်နေရကာ အစိုးရနှင့် သူပုန်လက်နက်ကိုင်များကြားတွင် စိုးရိမ်စွာရပ်တည်ရသည်။ စားဝတ် နေရေးအခြေခံလိုအပ်ချက်ပင်မရှိ။ စစ်ပြေးဒုက္ခသည်ဘ၀၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးအတွက် ဝေးလာဝေး၊ နိမ့်ကျသောဘ၀တွင် သန်းပေါင်းများစွာသော မြန်မာတိုင်းရင်းသားများမှာ အနိမ့်ကျဆုံး မြေဇာပင်ဖြစ်နေရရှာသည်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားရင်ကြားစေ့စပ်ရေးတွင် ကြားခံဆောင်ရွက်လိုပါသည်ဟု အစိုးရသစ်ကိုတင်ပြရာတွင် လစ်လျူပြု ခြင်းခံရပါသည်။

အစိုးရသစ်သည် ပြုပြင်ပြောင်းလဲမှုများကို တဟုန်ထိုး၊ အံ့မခန်းလုပ်ဆောင်လျှက်ရှိရာ ယခင်အစိုးရဟောင်းများကိုဦးဆောင်ပြီး၊ စိတ်နေ စိတ်ထားပြောင်းလဲပြီးလုပ်ဆောင်နေသောကြောင့် ပြည်သူများ၏ ထောက်ခံမှုကို လှိုက်လှဲစွာရရှိနေပါသည်။ သို့သော် အတိုက်အခံနှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှာ အကြံပေးမှုအဆင့်တွင်သာ ရှိနေရပါသည်။

ထိုတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးလုပ်ဆောင်နိုင်ရေးသည် အစိုးရနှင့်နှစ်ဖက်ယုံကြည်မှု ရှိရန်လိုသည်။ ထိုအခါ နှစ် ဖက်စလုံးက လက်ခံနိုင်သည့် ယုံကြည်ရသူ (သို့မဟုတ်) ယုံကြည်ရသည့်အဖွဲ့တခုမှ ကြားခံဆောင်ရွက်ပေးရန်လိုအပ်ပါသည်။

ထိုကြားခံအဖွဲ့သည်လက်ရှိအခြေအနေတွင် မည်ကဲ့သို့သောသူဖြစ်ပါသနည်း။ သမ္မတ၏အကြံပေးအဖွဲ့လား၊ ပြည်ပမှအဖွဲ့အစည်းတခုလား၊ သို့မဟုတ် တရုပ်၊ အာစီယံ၊ အိန္ဒိယ၊ ဂျပန်၊ကိုးရီးယားနိုင်ငံများမှလား။ သို့မဟုတ် အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်နိုင်ငံများမှလား .. လား ပေါင်းများစွာဖြင့် ကြားခံငြိမ်းချမ်းရေးလုပ်ပေးသူကို မှန်းဆကြည့်ရပါသည်။

အားလုံးကသိပြီးဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သာလျှင် အသင့်လျှော်ဆုံးဖြစ်ပြီး၊ သူမကိုယ်တိုင် ငြိမ်းချမ်းရေးအတွက်လုပ်ကိုင်ပေးလိုပါသည်ဟု တရားဝငစာထုတ်ပြီး ကမ်းလှမ်းခဲ့ပြီးဖြစ်ပါသည်။

သို့သော် အစိုးရသစ်က လစ်လျူပြုသလို၊ အစိုးရသစ် ငြိုငင်သွားမည်စိုးရိမ်သောကြောင့်လား၊ အစိုးရသစ်ကို စိုးရိမ်ကြောက်လန့်မှုကြောင့်လားမသိ။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် အဖွဲ့အစည်းများကလည်း ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်းချက်ကို ထောက်ခံ အားပေးဖို့ တွန့်ဆုတ်နေပါသည်။

ယခုအခါ မြန်မာပြည်ကြီးအန္တရာယ်ဖြစ်စေမည့် မြစ်ဆုံစီမံကိန်းကြီးကိုရပ်တံ့ရန် ပြည်သူလူထုက တခဲနက်တောင်းဆိုသောကြောင့် အစိုးရ သစ်က အမိမြန်မာပြည်အကျိုးအတွက် လိုက်လျောခဲ့ပြီးဖြစ်သည်။ အလွန်ကောင်းပေစွ။

ပြည်သူလူထုနှင့်၊ နိုင်ငံတကာက တခဲနက်တောင်းဆိုသော ယုံကြည်မှုဖြင့်အကျဉ်းချခံသူများကိုလဲ လွှတ်ပေးလိုက်ပြီဖြစ်သည်။ အလွန် ကောင်းပေစွ။

ရလေအိုတစ္ဆေ တောင်းဆိုသည်ဟုပြောလျှင်လည်း မတတ်နိုင်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ ရင်ကြားစေ့စပ်ရန် မြန်မာတပ်မ တော်၏ဖခင်ဟုခေါ်သော၊ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သာလျှင် နှစ်ဖက် စလုံးယုံကြည်သူဖြစ်သည်မှာ ထင်ရှားလှပါသည်။

ဒုတိယ ပင်လုံညီလာခံခေါ်ရေး အသံပျောက်နေပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ကမ်းလှမ်းချက်ကို တခဲနက်ထောက်ခံ၊ လိုက်လျှောက်ဖို့ ကျွန်တော်တို့ ဘာအခက်အခဲများရှိနေပါသလဲ?။

ကချင်၊ ကရင်၊ ရှမ်း၊ မွန်၊ ကယား၊ ၀၊ ရခိုင် စသည့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၊ ပြည်တွင်း၊ ပြည်ပ၊ တောတွင်းမှ ခေါင်းဆောင် အားလုံးက ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်ကို ၀ိုင်းဝန်းထောက်ခံ၊ တောင်းဆိုဖို့ အချိန်ကျရောက်နေပြီဖြစ်ပါသည်။

NLD ကြားဖျက်ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်မှ တိုင်းရင်းသားရင်ကြားစေ့စပ်ရေးကို လုပ်ဆောင်မည်ဆို လျှင်လည်း ရွှေဓါတ်ငွေပိုက်လိုင်းစီမံကိန်ကို ခေတ္တနှေးကွေးစေပြီး၊ ကချင်ပြည်နယ်စစ်ပွဲများကို ရပ်ဆိုင်းစေလိုပါသည်။

စစ်ပြေးဒုက္ခသည်များနှင့်၊ နယ်စပ်ဒုက္ခသည်များဘ၀မှာ ကြုံဖူးမှသိပါမည်။ ပြည်တွင်း ပြည်ပမှမြန်မာများ စစ်ပြေးဒုက္ခသည်များစခန်းသို့ သွားရောက်လေ့လာစေချင်ပါသည်။ သို့မှသာ ပြည်တွင်းစစ်ဒုက္ခကိုနားလည်ပြီး၊ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သာလျှင် ဦး ဆောင်နိုင်မည်ကို သဘောပေါက်လာပေမည်။

Tu Maung Nyo - Dragging with chain itno Luttaw


သော့ခလောက်ကြီးတန်းလန်းနဲ့ ကောင်းနိုင်ကြသေးရဲ့လားခင်ဗျ
တူမောင်ညို။ မေ ၃။ ၂၀၁၂
(NLD) ပါတီ က (၃၀ ဧပြီ၊ ၂၀၁၂ ) တနင်္လာနေ့က ထုတ်ဝေတဲ့ "ဒီလှိုင်းစာစောင်" အတွဲ ၁။ အမှတ် ၁၅ မှာပါရှိတဲ့
ဒီလှိုင်းစာစောင်ရဲ့အယ်ဒီတာ့အာဘော်နဲ့
ဦးဝင်းတင် ဆောင်းပါး -  ဒီချုပ်နဲ့ " သော့ခလောက်ကြီး " ပြည်သူလူထုရဲ့မေးခွန်းပုစ္ဆာ ကျုပ်တော့ဖြင့်မျက်စေ့လည်နေပြီဗျာ"
ဖတ်ကြည့်ပါဗျာ။သဘောထားထင်မြင်ချက်လည်းလွတ်လပ်စွာပေးကြပါဗျာ။
ထွက်လာတဲ့အာဘော်၊ အာဘော်ဆောင်းပါးတွေက ဒီချုပ်ပါတီထဲမှာ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကိုလှစ်ဟပြနေတယ်ဆို တာတွေ့ရပါလိမ့်မယ်။
ဦးဝင်းတင်ဆောင်းပါးထဲက အတိုင်း ဆိုရင်တော့ "သော့ခလောက်ကြီးတန်းလန်းနဲ့ လွှတ်တော်ထဲ ဝင်သွား လို့ ကတော့ ရဟန်း၊ ဗိုလ်၊ လူ၊ ကျောင်းသား၊ပြည်သူတွေက ဝိုင်းမေးကြမှာ မြေကြီးလက်ခတ်မလွဲပဲလို့ပြောချင်တယ်ဗျ" တဲ့
အခုတော့ ၃၀ ဧပြီ ၂၀၁၂ ဒီချုပ်ကြေညာချက်အမှတ် ( ၁၇/၀၄/၁၂) မှာတော့  "ပြည်သူလူထုဆန္ဒကိုလိုက်လျောလိုသော ကြောင့်" ဆိုပါလား။
  တစ်နေ့ထဲထုတ်ဝေတဲ့ "ဒီလှိုင်းစာစောင်" မှာ ဖေါ်ပြပါရှိသော သဘောထားနဲ့  (NLD)ပါတီကြေညာချက်ပါ သဘောထား က ဖြောင့်ဖြောင့်ကြီး ဘာကြောင့် ကွဲပြားခြားနားနေတာပါလိမ့်။ ဒါကိုရှင်းလင်းပေးဖို့(NLD)ပါတီမှာတာဝန်ရှိပါတယ်။
 ပြည်သူ လူထုကိုလက်တစ်လုံးခြားမလှည့်ဖျားသင့်ပါ။
 ပြည်သူလူထုကိုလိမ်ညာလှည့်ဖျားသူတွေကို (NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးသမားတိုင်း၊ ပြည်သူတိုင်း ကဆန့်ကျင်ရှုံ့ချရမှာပါ။
လူထုဆန္ဒကိုရိုသေလေးစားလျက်
တူမောင်ညို

Nay Thwin - Japanese Journalis' Diary

ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ - အပိုင်း (၅)
................. ...........
မြန်မာပြည်က ရွှေနှင့်မူးယစ်ဆေးတို့၏ ၀ိရောဓိ
နေသွင်
မေ ၂၊ ၂၀၁၂

မြန်မာပြည်က အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာ စံပယ်နေတဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမျှော်ကြည်ညိုဖို့ တနှစ်တနှစ်မှာ ရောက်လာကြတဲ့ ဘုရားဖူးပရိသတ်လူတွေက မနည်းပါဘူး။

ရွှေတိဂုံ ဘုရားကြီးက ဉာဏ်တော်အမြင့် ၈၈ မီတာရှိပြီး၊ ဘုရားကို ရွှေချထားတဲ့၊ ရွှေစင်ရွှေပြားရဲ့အလေးချိန်က မက်ထရစ်တန်ချိန်အနေနဲ့ ၃ တန် ရှိပါတယ်။ ဂျပန်ပြည် ကျိုတိုမှာရှိတဲ့ ကင်ကာကူဂျီဘုရားကျောင်းမှာပူဇော်ထားတဲ့ ရွှေအလေးချိန်က ကီလိုဂရမ် ၂၀ ပဲရှိတယ်ဆိုတော့ ဘယ်လိုမှမနှိုင်းယှဉ်သာပါဘူး။



စိန်၊ ပတ္တမြားနဲ့ တခြားကျောက်မျက်ရတနာပေါင်း ၈၀၀၀ ကျော်ကိုလည်း စေတီတော်ကြီးအတွင်းမှာ ဌာပနာထားပါတယ်။ စိန်တွေချည်းပဲ အလေးချိန် ၁၈၀၀ ကာရတ်ရှိပြီး စိန်ဖူးတော်က ၇၆ ကာရက်အလေးချိန်ရှိပါတယ်။

ဒါကြောင့် (ဘုရားဆီကဖြာထွက်နေတဲ့ ရွှေရောင်၊ စိန်ရောင်တွေဖြာထွက်နေမှုကြောင့် မြန်မာအမျိုးသမီးတွေဟာ နေ့အလင်းရောင်မပြောနဲ့ ညအမှောင်ထဲမှာတောင် ရင်သက်ရှုမောရလောက်အောင်လှတယ်လို့ အဆိုရှိပါတယ်။

ဒါပေမယ့် ဘုရားကိုရွှေချထားတဲ့ ရွှေပြားတွေဟာ ကွာကျကုန်လို့ မှန်ဘီလူးနဲ့ အနီးကပ်ဖူးမြော်ကြည့်ရင် စေတီတော်ကြီးရဲ့ကိုယ်ထည်ပေါ်မှ ရွှေကွာနေတဲ့ အကွက်အပျောက်တွေကို အထင်းသားမြင်ရပါတယ်။

"လေထန်တဲ့အခါ ရွှေပြားတွေ၊ သတ္တုပြားတွေကွာကျ၊ လွှင့်ကျကုန်တာပေါ့။ ဆိုင်ကလုန်းတိုက်တဲ့အခါမျိုးဆိုရင် ရွှေအစအနတွေက အနီး က ရွှေတိဂုံကုန်းတော်တ၀ိုက်မှာလွှင့်ကျနေတယ်" လို့ သာသနာရေးဝန်ကြီးဌာနက အသက် ၅၅ နှစ်အရွယ် အရာရှိတယောက်က ပြောပြပါ တယ်။

ဒါကြောင့် ဘုန်းတော်ကြီးတွေနဲ့ဂေါပကတွေကို ရွှေတိဂုံဘုရားကို ရင်ပြင်တ၀ိုက်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ရွှေချထားတဲ့အပြားတွေ၊ ရွှေ စင်ရွှေပြားတွေက အစအနတွေကို ပြန်သိမ်းဆည်းဖို့ တာဝန်ပေးထားပါတယ်။

၂၀၀၅ ခုနှစ်တုန်းက ရွှေတိဂုံစေတီတော်ကြီးကို ပြန်လည်မွမ်းမံတဲ့အချိန်တုန်းက ရွှေချထား တဲ့ ရွှေပြားတွေနဲ့ ရွှေစင်ရွှေပြာပေါင်း ၄၀၀၀ ကို လင့်ဟာနေတဲ့နေရာတွေမှာ ပြန်ပူဇော်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင် ၅ နှစ်လောက် ပြန်လည်မွမ်းမံခြင်းမရှိဘဲ ထားခဲ့တယ်ဆိုတော့ နေ့စဉ် ဘုရားကိုယ်ထည်ပေါ်ကနေ ရွှေပြားနှစ်ပြားနှုန်း ကွာကျနေတယ်လို့ ပြန်တွက်ကြည့်လို့ရပါတယ်။

"အကယ်၍ ကွာကျလာတဲ့ရွှေပြားကို တယောက်ယောက်ကကောက်ယူသွားရင် အဲဒီလူကို အရေးယူအပြစ်ပေးတတ်သလား"လို့ သာသနာ ရေးဝန်ကြီးဌာနကအရာရှိကို ကျနော်မေးကြည့်တော့ အဲဒါမျိုးဖြစ်ရင် ဘုရားက ရွှေပြားကိုပဲ ပြန်သိမ်းပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဘုရားရွှေပြားကိုတွေ့ရင် ဂေါပကကိုပြန်အပ်ပါတယ်လို့ ဖြေပါတယ်။ ဘုရားကရွှေတွေကို သဒ္ဓါတရားထက်သန်တဲ့ ဗုဒ္ဓဘာသာဝင် တွေက လှူဒါန်းထားကြတာပါ။

လူတွေသေလွန်တဲ့အခါ ၀ိညာဉ်ဟာ တမလွန်ဘ၀တခုကို ကူးပြောင်းသွားတယ်ဆိုတဲ့ အယူအဆဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ အရေးကြီးတဲ့ အယူအဆဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ထေရ၀ါဒဗုဒ္ဓသာသနာထွန်းကားပါတယ်။ ထေရ၀ါဒကိုးကွယ်သူတွေဟာ နောင်ဘ၀မှာ ကောင်းဖို့ရည်စူးပြီး ဘုရား၊ သံဃာတွေကို အလှူအတန်းပေးရတာကို သဒ္ဓါတရားထက်သန်ကြပါတယ်၊။

၁၉၈၈ ဒီမိုကရေစီ ဒီရေမြင့်သစ်လှုပ်ရှားမှုကြီးအပြီးမှာ အစိုးရအာဘော်သတင်းစာတွေမှာ ထိပ်တန်းစစ်ခေါင်းဆောင်တွေက သံဃာတော်တွေကို အလှူအတန်းပြုတဲ့သတင်းတွေကို ဖော်ပြခဲ့ပါတယ်။ အစိုးရက အကြီးအကျယ်ဝါဒဖြန့်ဖို့ ရည်ရွယ်ချက်နဲ့ဆိုတာ ပြောဖို့တောင်မလိုပါဘူး။ ဒါပေမယ့် ပြည်သူတွေက ဒီသတင်းတွေကို အပြုသဘောနဲ့ပဲ တုန့်ပြန်ခဲ့ကြပါတယ်။

"လူတွေက စစ်အစိုးရကို ဘယ်လောက်ပဲမုန်းတယ်ဆိုပေမယ့်လည်း အစိုးရအကြီးအကဲတွေက ဗုဒ္ဓဘာသာကိုကြည်ညိုတာကို တွေ့ရတော့ လည်း လူတွေက သာဓုခေါ်ကြတာပါပဲ" လို့ ဖွံ့ဖြိုးဆဲနိုင်ငံများ လေ့လာရေးဌာန Institute of Developing Economies ရဲ့ အရှေ့တောင် အာရှလေ့လာရေးအဖွဲ့ ၂ က ညွန်ကြားရေးမှူး တိုရှိဟီရို ကူဒို Toshihiro Kudo က ပြောပါတယ်။

"အနီရောင်ရယ်၊ အစိမ်းရောင်ရယ်၊ အမည်းရောင်ရယ်၊ ဒီအရောင်သုံးရောင်ကိုပိုင်တဲ့လူဟာ မြန်မာပြည်ကို ထိန်းချုပ်နိုင်မယ်" လို့ အဆိုရှိတဲ့ အကြောင်း စွန့်စားခန်းတွေအကြောင်းရေးတဲ့ စာရေးဆရာ ဟိုက်ဒီ ယူကီ တာကာနို Hideyuki Takano က ပြောပါတယ်။ ဒီနေရာမှာ အနီ ရောင်က ပတ္တမြား၊ အစိမ်းရောင်က ကျောက်စိမ်း၊ အမည်းရောင်ကတော့ ဘိန်းကိုဆိုလိုတာပါ။ မြန်မာပြည်ဟာ ကမ္ဘာမှာ ဘိန်းအများဆုံးထုတ်ရာ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

ကျနော့်ရဲ့မြန်မာပြည်ခရီးမှာ ရှမ်းပြည်နယ်အရှေ့ဘက်ခြမ်းက လားရှိုးမြို့ကိုသွားပြီး ဘိန်းရှာပုံတော်ဖွင့်ခဲ့ပါတယ်။ ဘိန်းဆိုတာက သကြား လုံးလေးတွေပုံမျိုး၊ အမည်းရောင် ဘိန်းသီးလေးတွေကနေ ထုတ်တာပါ။ သန့်စင်လိုက်ရင်တော့ ဘိန်းဖြူဖြစ်သွားပါတယ်။ ဘိန်းက နဂိုက အမည်းရောင်ဖြစ်သလိုပဲ၊ မှောင်ခိုဈေးကွက်မှာပဲ လျှို့လျှို့ဝှက်ဝှက် အရောင်းအ၀ယ်လုပ်ကြတဲ့ အမည်းရောင်နိမိတ်ပုံရှိတဲ့ပစ္စည်းလို့ ဆိုရ မှာပါ။



ဘိန်းက လူတွေကိုဆွဲဆောင်ထားပုံနဲ့ ဘုရားက အထွတ်အမြတ်ထားတဲ့ရွှေတွေက လူတွေကိုဆွဲဆောင်ပုံကတော့ တခြားစီပါ။ ဒါပေမယ့် မော်ဖင်းလို့ခေါ်တဲ့ နာကျဉ်မှုကိုသက်သာစေတဲ့ဆေးကိုလည်း ဘိန်းကပဲထုတ်လုပ်ထားတာပါ။ ဘိန်းကတော့ စွယ်စုံသုံး၊ တန်ရင်တော့ဆေး၊ လွန်ရင်တော့ ဘေးဖြစ်စေတဲ့ အဆိပ်တမျိုးပါပဲ။

မူးယစ်းဆေးဝါးထုတ်လုပ်မှုနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရွှေတြိဂံဒေသကတော့ ရှမ်းပြည်တောင်ပိုင်း၊ မြန်မာ၊ ထိုင်း၊ လာအိုတို့ သုံးပွင့်ဆိုင် နယ်ခြားဒေသဖြစ်ပါတယ်။ ရှမ်းပြည်က တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်မှုအကြောင်းပြောရင် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ရဲ့တာဝန်ကလည်း တော့်တော့်ကိုမကင်းတာပါ။

တရုတ်ကွန်မြူနစ်ပါတီကို နိုင်အောင်မတိုက်နိုင်တဲ့နောက်မှာ တရုတ်အမျိုးသားဝါဒီပါတီဝင် အကြွင်းအကျန်တွေဟာ ရှမ်းပြည်နယ်ကို ထွက် ပြေးခဲ့ကြပါတယ်။ သူတို့ကို ကွန်မြူနစ်ဆန့်ကျင်ရေးတပ်အဖြစ်နဲ့ အမေရိကန်စီအိုင်အေက မွေးခဲ့ပါတယ်။ ထောက်ပံ့ရေးအတွက် အရင်း အမြစ်အဖြစ် ဘိန်းကို စီအိုင်အေကရွေးချယ်ခဲ့ပါတယ်။ စီအိုင်အေက အဲဒီဒေသကနေ ဆုတ်ခွာသွားတဲ့အခါမှာတော့ တိုင်းရင်းသားလူမျိုး စုတွေက ဘိန်းလုပ်ငန်းကို လက်ပြောင်းယူခဲ့ပါတယ်။

မြန်မာအစိုးရက မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ မူးယစ်ကုန်သည်တွေကို နှိမ်နင်းခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ထိန်းချုပ် နိုင်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ တိုင်းရင်းသားတပ်တွေကို တိုင်းပြည်ပြိုကွဲမယ့်အန္တရာယ်အဖြစ် အစိုးရကမြင်ပါတယ်။ တနည်းအားဖြင့် မြန်မာပြည် ကို ထိန်းချုပ်နိုင်ဖို့ အမည်းရောင်ကိုအနိုင်တိုက်ဖို့ ကြိုးပမ်းမှုလို့ ဆိုနိုင်ပါတယ်။

"ဘိန်းစိုက်ပျိုးရေးက တောင်တန်းဒေသက တိုင်းရင်းသားတွေရဲ့ ခက်ခဲတဲ့ဘ၀တွေအတွက် ငွေရှာဖို့ အလွန်ထိရောက်တဲ့လမ်းကြောင်းပဲ" လို့ သံတမန်တဦးက ပြောပါတယ်။ ဒါကိုသိတဲ့အတွက် အစိုးရကလည်း ဘိန်းအစားထိုးသီးနှံတွေကိုမစိုက်နိုင်ခင် ကြားကာလတခုမှာ တိုင်း ရင်းသားတွေ ဘိန်းစိုက်ချင်စိုက်ပါစေဆိုပြီးတော့ အတိုင်းအတာတခုအထိ ခွင့်ပြုထားတာလည်းရှိပါတယ်။

တချိန်တည်းမှာ အစိုးရက တိုင်းရင်းသားတပ်တွေရဲ့ တရားမ၀င် ကာစီနိုလောင်းကစားလုပ်ငန်းတွေ၊ ပြည့်တန်ဆာခန်းတွေနဲ့ နယ်စပ်ကုန် သွယ်ရေးတို့လို စီးပွားရေးလုပ်ငန်းတွေကိုလည်း မသိချင်ယောင်ဆောင်နေပါတယ်။

ဒီလို ပြန်လည်သင့်မြတ်ရေးလုပ်ဆောင်ချက်တွေကြောင့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အတော်များများ အပစ်ရပ်ရေး လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပေါ်လစီတွေကို ဦးဆောင်ကိုင်တွယ်ခဲ့တဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို လွန်ခဲ့တဲ့ ၇ နှစ်က ရာထူးကနေ ဖြုတ်လိုက်တဲ့နောက်မှာ အစိုးရဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ တရားမ၀င်စီးပွားရေးလုပ်ငန်းတွေကို ခပ်ကြမ်းကြမ်းပြန်ပြီး ကိုင်တွယ်လာပါတယ်။ တိုင်းရင်းသားတပ်တွေကို တားဆီးဖို့ပါ။

အစိုးရနဲ့တိုင်းရင်းသားတပ်တွေအကြားက ထိပ်တိုက်တွေ့မှုတွေ ပြင်းထန်လာတာနဲ့အမျှ လက်နက်ကိုင်ပဋိပက္ခတွေလည်း ပုံမှန်လို ပြန်ဖြစ် လာပါတယ်။ ရှမ်းပြည်နယ်ထဲက ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်းထုတ်လုပ်မှုကလည်း အရင်ထက်ပိုတိုးလာပါတယ်။

"ဒီလိုတိုးလာတာဟာ စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာတာနဲ့ အများကြီးပတ်သက်ပါတယ်" လို့ သံတမန်က ပြောပါတယ်။

ကမ္ဘာ့လှည့်ခရီးသွားတွေ အာရုံကျတဲ့ ရွှေတြိဂံဒေသရဲ့ လုံခြုံရေးအခြေအနေကလည်း ဆိုးလားပါတယ်။ ကျနော့်ရဲ့ခရီးစဉ်မှာ အဲဒီဒေသကို သွားဖို့ အာဏာပိုင်တွေကခွင့်မပြုလို့ မရောက်လိုက်ရပါဘူး။

အဲဒီဒေသကို ရွှေတြိဂံလို့ ခေါ်ကြတဲ့ နောက်အကြောင်းတခုက မူးယစ်ဆေးဝါးတွေကို ငွေနဲ့ အရောင်း အ၀ယ်မလုပ်ကြပဲ ရွှေနဲ့ပဲ အလဲအလှယ်လုပ်တာကြောင့်လို့ သိရပါတယ်။ အဲဒီဒေသမှာ ရွှေနဲ့မူးယစ်ဆေးဝါးဆိုတာက ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလိုပဲ ခွဲခြားလို့မရအောင်ပါပဲ။

လားရှိုးမြို့မှာ ရောင်စုံရိုးရာဝတ်စုံတွေကိုဝတ်ထားတဲ့ အမျိုးသမီးတွေနဲ့ပြည့်နေတဲ့ လမ်းအတိုင်းလျှောက်ရင်း ဆေးဆိုင်တွေ တဆိုင်ဝင် တ ဆိုင်ထွက် ဘိန်းရှာပုံတော် ဖွင့်ခဲ့ပါတယ်။ ကျောနာတာကိုကုတဲ့အခါမှာအသုံးပြုတဲ့ ဘိန်းပါတဲ့ တိုင်းရင်းဆေးတမျိုးရှိပါသလားလို့ ဆိုင်တွေမှာ လိုက်မေးတဲ့အခါ မရှိဘူးလို့ချည်း ပြန်ဖြေကြပါတယ်။

ကျနော်နဲ့လိုက်လာတဲ့ ဧည့်လမ်းညွန်က လားရှိုးမှာ ဘိန်းရှာပုံတော်ဖွင့်တာကို လက်လျှော့လိုက်ဖို့ စည်းရုံးရှာပါတယ်။ လားရှိုးက အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေလို့ပါတဲ့။

တကယ်တော့ လားရှိုးမှာ ဘိန်းပါတဲ့ဆေးဝါးကိုရှာရတာ မြန်မာပြည်က စာအုပ်ဆိုင်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရေးတဲ့စာအုပ်ကို လိုက်ရှာသလိုပါပဲ။ အစိုးရကတော့ ဘိန်းကိုရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ မှောင်ခိုလောကရဲ့ အဆိပ်ရှိတဲ့အရာတွေလို့ သတ်မှတ်ထား တာပါ။ ဒါပေမယ့် မကြာခင်တုန်းကပဲ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးဖို့ ချဉ်းကပ်လာပါတယ်။

"မြန်မာပြည်မှာ တိုင်းရင်းသားတွေနဲ့အစိုးရကြားမှာ သင့်မြတ်မှုရအောင် ဆွဲဆောင်စည်းရုံးနိုင်သူဟာ ဗိုလ်ချုပ်အောင်ဆန်းသွေးပါတဲ့ ဒေါ် အောင်ဆန်းစုကြည် တယောက်တည်းပဲရှိတယ်" လို့ ရန်ကုန်မြို့က အသက် ၃၅ နှစ်အရွယ် အိုင်တီကုမ္မဏီရဲ့ဥက္ကဌက ပြောပါတယ်။ အ ကြောင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က လူနည်းစုတိုင်းရင်းသားတွေနဲ့ အစိုးရတို့ကြားမှာ သင့်မြတ်ရေးရဖို့ အလေးထားလုပ် ဆောင်ခဲ့သူဖြစ်နေလို့ပါပဲ။

ဒါကြောင့် အစိုးရအနေနဲ့ "တိုင်းရင်းသားတပ်တွေ" ဆိုတဲ့အဆိပ်ကို အောင်ဆန်းစုကြည်ဆိုတဲ့အဆိပ်ကိုသုံးပြီး ထိန်းနိုင်မလား။ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်က မြန်မာပြည်အတွက် ဖြေဆေးဖြစ်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။
.................

မိုင်နီချီ ရှင်ဘွန်းမှာပါတဲ့ မူရင်းဆောင်းပါးဖြစ်ပါသည်။

The contrast between gold and drugs in Myanmar
Takayuki Kasuga (Mainichi Japan)


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives