---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/11
Subject: [လူဗိုလ်ဟူသည် ...] နန့်ကျောထစီဒီခွေ
To: lubo601@gmail.com
(၅၊ ၅၊ ၂၀၁၂)နေ့က ရန်ကုန်မြို့တစ်နေရာတွင် ကျွန်တော်စီးလာသော Taxi ကားသည် မီးနီမိနေ၏။ ထိုစဉ်အခိုက် စီဒီဈေးသည်တစ်ဦးက ကျွန်တော့် အနားကပ်လာကာ သူရောင်းနေသော စီဒီခွေများကို ၀ယ်ယူအားပေးပါရန် ပြော၏။ သူ့လက်ထဲက စီဒီချပ်ကာဗာတွေကို ကြည့်လိုက်တော့ "၂၀၁၂ သင်္ကြန် အဖော်၊ အချွတ်၊ နန့်ကျောထ အကနှင့် မြင်ကွင်းစုံ၊ ခေါ်ယူသတိပေးရတဲ့အထိ အကွဲအပြဲများနှင့် သဉ္ဇာဝင့်ကျော်၊ သာဓုပါဗျာ-ပါပါလေးနှုတ်ခမ်းမွှေးနှင့် သံချပ်များစွာပါဝင်သည်" ဟု နာမည်ပေးထားသော စီဒီချပ်များ။ တစ်ချပ်ဘယ်လောက်လဲဟုမေးတော့ တစ်ထောင်ကျပ်ဟု ဆိုလေ၏။
ကျွန်ုပ်သည် အဆိုပါ စီဒီခွေကို မြင်ကတည်းက အင်တာနက်သုံးလေ့သုံးထရှိသူပီပီ သဘောပေါက်လိုက်မိပါ၏။ ၂၀၁၂ သင်္ကြန်ကာလ အင်တာနက်ပေါ်က ထုတ်လွှင့်ချက်တွေကို စုစည်းထားပုံပေါ်လေပြီပေါ့။ သို့နှင့် မတန်မရာမှန်းသိသော်လည်း ခွေထဲတွင် အဘယ်သို့ တင်ဆက်ထားသည်ကို ကြည့်လိုသည်သောကြောင့် ကျပ်တစ်ထောင်တန်တစ်ရွက်ထုတ်ပေးကာ ဈေးပင် မဆစ်တော့ဘဲ အဆိုပါ နန့်ကျောထ စီဒီခွေကို ၀ယ်ယူခဲ့ချေတော့၏။
အိမ်သို့အရောက် စီဒီစက်ထဲသို့ အဆိုပါအခွေအား ထိုးထည့်၍ ကြည့်ရှုမိလေရာ ခွေစစချင်း ပေါ်လာသည့် သီချင်းကား... "ကောင်းလား...ကို၊ ကောင်းတယ်၊ ကောင်းလား...ကို၊ ကောင်းတယ်၊ ကောင်းရင် ကောင်းတယ်မှတ်၊ ကောင်းရင် ကောင်းတယ်မှတ်" ဖြစ်၏။ ပထမဆုံး ပေါ်လာသည့် အရုပ်ကား "သေနာလီဆာ" ဟုဆိုကာ ကမ္ဘာကျော်ပန်းချီဆရာ Leonardo da Vinci ၏ မိုနာလီဆာ ပန်းချီကားကို သွားလေသူ ဦးသန်းရွှေမျက်နှာနှင့် အစားထိုးထားသော Mr Creator ၏ ရုပ်ပြောင် Photoshop လက်ရာကလေး ဖြစ်ချေ၏။ ဘယ့်နှယ်။ နန့်ကျောထ စီဒီခွေနှင့် သေနာလီဆာ မည်သို့မည်ပုံ ဆက်စပ်ထားလေသည်မသိ။ ထားတော့။ သေနာလီဆာ ပြီးနောက်ပိုင်း ပေါ်လာသည့် အရုပ်များကား ၂၀၁၂ သင်္ကြန်ကာလအတွင်း ကျွန်ုပ်အပါအ၀င် အင်တာနက်ရှုသူအပေါင်း မြင်ဖူးကာ အံ့သြဘနန်း၊ မအံသြဘနန်း ဖြစ်ခဲ့ရသော ဓာတ်ပုံ၊ ဗွီဒီယိုများ ဖြစ်ချေသည်တကား။ အုန်းမှုတ်ခွက်ဖက်ရှင်တွေလည်းပါ၏။ တိုင်ပတ်အကလည်းပါ၏။ ကော့ကော်လန်ကားလည်းပါ၏။ အန်ဖတ်ထဲက မိန်းကလေးလည်းပါ၏။ အာဝါးပေးနေတဲ့ အတွဲတွေလည်း ပါ၏။ မိန်းကလေးတွေ အရက်သောက်/အရက်အတိုက်ခံနေရသည့် မြင်ကွင်းတွေလည်း ပါ၏။ မြန်မာသင်္ကြန်သာမက ခပ်ကြမ်းကြမ်း ထိုင်းသင်္ကြန်ကျပုံလည်းပါ၏။
ခွေ စဖွင့်ဖွင့်ချင်း သဉ္ဇာဝင့်ကျော်၏ သင်္ကြန်ဖက်ရှင်ကို မြင်လိုက်ရသော ကျွန်ုပ်၏ အစ်မအရင်းခေါက်ခေါက်(သမီးပေါက်စ ၂ ယောက်အမေ)သည် ပါးစပ်ဟောင်းလောင်း၊ မျက်စိပြူးဖြစ်ကာ "တဟယ်ဟယ်" မြည်တမ်း၍သာ နေ၏။ တိုင်ပတ်နှင့် ကော့ကော်လန်ကား အကများကို မြင်လိုက်ရသည့်အခါမှာတော့ "ငါတော့ သမီးတွေ မွေးထားမိတာ ဒုက္ခပါပဲ" ဟု ဆို၏။ ကျွန်ုပ်ကလည်း အစ်မကို အားပေးရပါ၏။ "ဒီခေတ်တောင် ဒီလောက်ဖြစ်နေတာ ကျွန်တော့်တူမတွေခေတ်ဆို အစ်မတွေးသာ ကြည့်တော့ဗျာ" ဟု ဆိုလေသောအခါ အစ်မသည် မျက်စိမျက်နှာပျက်၍ "မဖြစ်ဘူး၊ ငါ့သမီးလေးတွေကို ဘာသာတရားကိုင်းရှိုင်းအောင် လုပ်ရမယ်" ဟုပြော၏။ ၃ နှစ်အရွယ်တူမနှင့် ရက်သားအရွယ် တူမကလေးတို့အတွက် ကျွန်ုပ်၏ အစ်မသည် ရင်လေးနေဟန်တူ၏။ ထို့နောက် "တော်ပါပြီ၊ မကြည့်ချင်တော့ဘူး"ဟုဆိုကာ အစ်မသည် ထိုင်ရာမှ ထသွားလေတော့၏။
အစ်မ ထိုင်ရာမှ ထသွားအပြီး မကြာမီ ဖန်သားပြင်ပေါ် ဆက်လက်ပေါ်ထွက်လာသည်ကား သံချပ်များဖြစ်ချေတော့၏။ "အင်း... ဒီ တိတ်တိတ်ကူးစီဒီသမားတွေလုပ်မှပဲ နန့်ကျောထနဲ့ သံချပ်တွေရောကုန်တော့တာပဲ" ဟု စိတ်ထဲမှတွေးကာသာ နေရ၏။
အနှီအခွေထဲတွင် သံချပ်မျိုးစုံပါ၏။ ကိုဝိုင်ဝိုင်ကေ ရိုက်ကူးတင်ဆက်ကာ အင်တာနက်ပေါ် လွှင့်တင်ခဲ့သော "မန္တလေးမှ လူရွှင်တော် ပါပါလေးသံချပ်ဗွီဒီယို" ပါ၏။ ရန်ကုန်က သာဓုပါဗျာ သံချပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ သံချပ်တွေလည်း ပါ၏။ အောင်မယ်။ ဂျပန်က ကိုထွန်းဝေတို့ ထုတ်လွှင့်တဲ့ မင်္ဂလာဒိုး သံချပ်တောင် ပါလိုက်သေး၏။ မန္တလေးက စာ/ကဗျာတွေရဲ့ တော်ရိလျော်ရိ သံချပ်တော့ အဆိုပါ စီဒီခွေထဲတွင် မပါဝင်။
အဆိုပါ နန့်ကျောထစီဒီခွေကို ကြည့်ပြီးသကာလ ကျွန်ုပ်၏ ဦးနှောက်ထဲက အတွေးဆဲလ်များသည် အလုပ်ထလုပ်ပြန်ချေတော့၏။
"အင်း ဒီလို နန့်ကျောထတာတွေကို ဒီလို အင်တာနက်ပေါ်တင်၊ စီဒီပေါ်ကူးပြီး ရောင်းချနေကြပြီဆိုတော့ နန့်ကျောထဖို့ စပ်ကူးမတ်ကူးဖြစ်နေတဲ့ သကောင့်သမီးတွေတော့ နည်းနည်းတွန့်သွားလောက်ပြီထင်ပါရဲ့။ နန့်ကျောထရတာကို သဘောကျတဲ့ သကောင့်သမီးတွေကတော့ နောက်နှစ်၊ နောက်နှစ်များမှာ အင်တာနက်ပေါ်၊ စီဒီပေါ်ရောက်ဖို့အရေးကိုတောင် တွေးပြီး ကြံစည်နေလောက်ရောပေါ့။ နန့်ကျောထတာနဲ့ သံချပ်တွေ ရောပြီး မြင်ရတာလည်း တစ်မျိုးတော့ ကောင်းသားပေါ့လေ။ နန့်ကျောထချင်သူအဖို့ကတော့ ဘယ်လိုပင် ယဉ်တာတွေ၊ ကျေးတာတွေ၊ မှုတာတွေပြောပြော နန့်ဦး၊ ကျောဦး၊ ထဦးမှာပါပဲ။ သံချပ်ထိုးတာကို မြင်ရတဲ့ သံချပ်ဝါသနာရှင်တွေအဖို့ကတော့ နောက်နှစ်၊ နောက်နှစ်များမှာ သံချပ်ဝင်ထိုးဖို့ ခုကတည်းက တင်ကြို ရင်ခုန်နေလောက်ရောပေါ့။"
ကဲ... အင်တာနက်ရှုသူများခင်ဗျား...။ သင်တို့ရော.. နန့်ကျောထမှာလား။ သံချပ်ထိုးမှာလား။ ကျွန်ုပ်ကတော့ နောက်နှစ်များမှာ သံချပ်အဖွဲ့တစ်ခုခုထဲဝင်ရောက်ပါဝင်ပြီး သံချပ်ထိုးကလိဖို့အရေးကိုသာ စိတ်ကူးကြည်နူးနေမိပါဘိတောင်း။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/12/2012 02:54:00 AM

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ