[Real Family: 24274] ထိန်းထိန်းပြီးရယ်ပါ အူနာသွားမှာစိုးလို့ (ဦးကျော်သူနဲ့တွေ့ဆုံခြင်း အပါအ၀င်)

ထိန်းထိန်းပြီးရယ်ပါ အူနာသွားမှာစိုးလို့ (ဦးကျော်သူနဲ့တွေ့ဆုံခြင်း အပါအ၀င်)


ငါးရံ့ထင်လို့

ပိုက်ဆံအိတ်ကို ပုခုံးမှာ လွယ်ကာ မျက်မှန်တပ်ထားတဲ့ အသက်လေးဆယ်ခန့် အမျိုး သမီးကြီးတစ်ယောက် ညဈေးတစ်ခုမှာ အသက်သုံးဆယ်ခန့် အမျိုးသားရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှေ့မှာ မျက်မှန်ကို နဖူးပေါ်တင်ကာ မတ်တပ်ရပ်ပြီး-

"မင်း ငါးရံ့ တစ်ဆယ်သား ဘယ်လောက်လည်း"

ဆိုင်ရှင်အမျိုးသားက ကြောင်အမ်းအမ်းဖြစ်သွားပြီး အဲဒီအမျိုးသမီးကြီးကို ပါးစပ် အဟောင်းသားနဲ့ ကြည့်နေမိသည်။ အမျိုးသမီးကြီးက သူ့ကို ကြောင်အမ်းအမ်း ကြည့်ရမလားဆိုပြီး အနည်းငယ် ဒေါပွ နေပြီး-

"မင်း ငါးရံ့ ငါ မ၀ယ်နိုင်ဘူး အောက်မေ့နေလား၊ ဘာတွေ ကြောင်တောင်တောင် ကြည့်နေတာ လည်း"လို့ မေးလိုက်သည်။
ဆိုင်ရှင်က-

"အစ်မ အစ်မ ကျနော်ရောင်းနေတာ ငါးရံ့တွေမဟုတ်ဘူးနော်၊ လေးဂွတွေ ရောင်း နေတာဗျ"
အမျိုးသမီးကြီးက-

"အို…"
ဆိုပြီး အဲဒီဆိုင်နားကနေ ခပ်သုတ်သုတ် အမြန်ထွက်သွားပါတော့သည်။


နားလည်မှုလွဲလို့

ဆရာတော်ကြီးတစ်ပါးက အမူအရာခပ်ကြမ်းကြမ်း ကိုရင်ကြီးတစ်ပါးကို သည်လို ဆိုဆုံးမလိုက်သည်။

"ကိုရင်ကြီးဆိုတာ မိန်းခလေးလို နေရတယ်၊ အမူအရာက နွဲ့နွဲ့နောင်းနောင်း၊ သိမ်သိမ်မွေ့မွေ့နဲ့ နေရတယ်ကွ၊ ဒါမှ လူရိုသေ ရှင်ရိုသေဖြစ်မှာလေ၊ ကြားလား"

"တင်ပါ့ဘုရား"

နောက်ရက်ကြတော့ ကိုရင်ကြီးက သနပ်ခါးတွေ လိမ်းပြီး ဘုန်းကြီးလည်းခေါ်ရော-

"ကိုရင်ကြီး"

"ရှင်…"

"ဟာ သည်-ကို-ရင် ဘယ်-လို ဖြစ်-သွား-ရ-တာ-တုန်း"


စိတ်မရှည်သူ

စိတ်မရှည်တဲ့ လူတစ်ယောက် မီးပွိုင့်မှာ သူ့ကားကို ရပ်ထားနေရတုန်း နောက်ကား တစ်စီးက အတင်းကျော်တက်သွားတော့ သူ့ကားမှန်ကို ပွတ်တိုက်မိတော့မလို ဖြစ်သွားသည်။ ကျော် တက်တဲ့ ကားဆရာက-

"ဆောရီးနော်အစ်ကို ကျနော် အရေးတကြီး လိုနေလို့"

"မင်း သည်လောက်အရေးကြီးနေရင် မနေ့ကတည်းက သွားပါလား"


ဘာမဟုတ်တာလေးနဲ့ပဲ

မယားနဲ့ ကွာရှင်းထားတဲ့ လူတစ်ယောက်က သူ့သူငယ်ချင်းတစ်ယောက်ကို သည်လိုရင်ဖွင့်ပြ လိုက်သည်။ သူ့သူငယ်ချင်းက-

"နင့်မိန်းမက နင့်ကို ကွာရှင်းရလောက်အောင် မင်းမှာ ဘာတွေများ အပြစ်ရှိ နေလို့တုန်"

"ဟုတ်တယ် ကျနော်လည်း အဲဒါကိုတွေးနေတာ၊ ကျနော့်မှာ အပြစ်ဆိုလို့ နှစ်ခုပဲ ရှိတယ်လေ၊ သူ ကျနော့်ကို ကွာရှင်းရလောက်အောင်လည်း ကြီးကြီးမားမား အပြစ် တွေမှ မဟုတ်တာ"

"ဘာတုန်းဟ အပြစ်နှစ်ခုဆိုတာ"

"အလုပ်မလုပ်တာရယ်၊ အရက်သောက်တာရယ် ဒါလေးပဲလေကွာ မင်းပဲ စဉ်းစားကြည့်လေ"

"အော် နင့်အပြစ်ကလည်း ခွင့်လွတ်နိုင်လောက်တဲ့ အပြစ်ကလေးပေကိုး"


လွတ်ခနဲ ပြောမိတဲ့စကား

ဟိုတစ်နေ့က ဘုန်းဘုန်း ကိစ္စတစ်ခုနဲ့ အပြင်သွားလိုက်သည်။ ဒိုင်နာကား စီးသွားလိုက်သည်။ ဘုရင့်နောင်လမ်းဆုံရောက်ခါနီးတော့ လမ်းတွေက အရမ်းကြမ်းနေပြီး ဒိုင်နာက အရမ်း ခုန်နေသည်။ ခေါင်းခန်းက ခရီးသည်တွေလည်း အကုန်ဆင်းကုန်ပြီ။ အနောက်မှာလည်း ဘုန်းဘုန်းအပါအ၀င် အမျိုးသား ငါးယောက်နဲ့ အမျိုးသမီးနှစ်ယောက်ပဲ ကျန်တော့သည်။ ကားတွေအရမ်းခုန်တော့ ကားစပယ်ယာက ကားဆရာကို ဘာပြောတယ်မှတ်လည်း…

"ဆရာရေ ဖြည်းဖြည်းလုပ်ပါ၊ နောက်မှာ ဥတွေ ကွဲကုန်တော့မယ်"တဲ့။

သူပြောပြီးတော့ သူနည်းနည်းလေးပဲ ပြုံးတယ်။ ကျန်တဲ့လူတွေက အူနာမတတ်ပါပဲ။ (ဟာသပြောတဲ့လူက သူကိုယ်တိုင် တအားမရယ်ဘဲ နည်းနည်းလေးပဲ ရယ်ရင် ပိုရယ်ရသလိုပဲနော်၊ သိလား)


လက်ဘက်ရည်လေးတော့ စွန့်ပေါ့ဘုရား

ညတစ်ညကပေါ့ အောင်မင်္ဂလာအဝေးပြေးဂိတ်ကနေ ကမ္ဘာအေးကို သွားမလို့ လိုင်း ကားစောင့်နေရင်းနဲ့ ဘုန်းဘုန်းတို့စီးရမည့်ကားကလည်း တော်တော်နဲ့ မလာ သေး လို့ ဖြတ်သွားဖြတ်လာ တက်စီတစ်စီးက-

"ဘုန်းဘုန်းတို့ ဘယ်ကြွမှာလည်း တပည့်တော် ကမ္ဘာအေးလမ်းကြုံတယ်ဘုရား"တဲ့။

ဘုန်းဘုန်းတို့လည်း တစ်ခါတစ်လေ အဲဒီလို လမ်းကြုံတင်တာ ရှိဖူးတယ်လေ။ အဲဒါနဲ့ ကားပေါ်တက်လိုက်တာပေါ့။ ကားပေါ်လည်း ရောက်ရော ကားဆရာက-

"လက်ဘက်ရည်ဖိုးလေးတော့ စွန့်ရမယ်နော်ဘုရား"တဲ့။

"ဘယ်လောက်စွန့်ရမှာတုန်း"

"သုံးထောင်ပဲစွန့်ပါဘုရား"တဲ့။

"ဟင့်…"ဆိုပြီး ကားပေါ်ကနေ ပြန်ဆင်းလိုက်သည်။

လက်ဘက်ရည်ဖိုးမဟုတ်ဘဲနဲ့ ရိုးရိုးတန်းငှားရင်တောင် နှစ်ထောင့်ငါးရာ၊ အလွန်ဆုံး သုံးထောင်လောက်ပဲ တန်တဲ့ခရီးမို့။


မသိလို့

ဘုန်းဘုန်းနှစ်ပါး မလေးလေဆိပ်ကနေ မြို့ထဲကို ထွက်ခွါဖို့ တက်စီစီးရမည့်နေရာကို လိုက်ရှာနေသည်။ ဟိုကြည့်သည်ကြည့်ရင်းနဲ့ မေးရင်ပြန်ပြောလောက်တယ်လို့ ထင်ထားတဲ့ အနက်ရောင်အင်္ကျီနဲ့ အဖြူရောင်ဘောင်းဘီဝတ်ဆင်ထားတဲ့ အသက် ငါးဆယ်ခန့်ရှိတဲ့ လူတစ်ယောက်က ဟိုငေးသည်ငေးနဲ့ တစ်နေရာမှာ မတ်တတ် ရပ်နေတာ တွေ့တော့ သူ့အနားသွားလိုက်ပါတယ်။ မေးရင်ကော ပြန်ဖြေပါ့ မလားဆိုပြီး တွေးနေမိသေးတယ်။ အဲဒါနဲ့…

"Excuse me, Sir" လို့ ပြောလိုက်တော့ သူက…

"အရှင်ဘုရားတို့ ဘာအလိုရှိလို့လည်းဘုရား"တဲ့။


နာရေးကူညီမှုအသင်းဥက္ကဋ္ဌဦးကျော်သူအား ကျပ်ငွေတစ်သိန်း ပေးအပ်လှူဒါန်းခြင်း

ဘုန်းဘုန်း ဦးကောလေး
ဒကာတော် နွေတေးရှင်(မင်းဧရာ)၊
ဒကာတော် ကိုဇော်၊
ဒကာတော် ကိုအေတီတီအို၊
ဒကာလေး မိုးယံ၊
ဒကာတော် ကိုရင်နဲ့ ဒကာမ မဒိုးကန်၊
မေနန္ဒာခေါ် မမေဓာဝီ
အမှူးထား၍ လှူဒါန်းလိုက်ပါသည်။ သာဓု ခေါ်ယူကြပါကုန်။


မနှစ်က အိန္ဒိယကို ပြန်မသွားခင်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်လေးစားစရာ ကောင်းတဲ့ လက်ဖျောက်ခတ်တီး အံ့ချီးထိုက်လောက်တဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးကျော်သူကို ဘုန်းဘုန်းတတ်နိုင်သလောက်လေးနဲ့ ၀တ္ထုငွေ သွားရောက် လှူဒါန်းမယ်လို့ စေတနာပေါ်လာ ပါတယ်။ သွားခါနီးလာခါနီးဆိုတော့ အလုပ်တွေ ရှုပ်နေတော့ သွားမလှူလိုက်ရဘူး။ မလှူလိုက်ရလို့ ပြန်တွေးမိတိုင်း အကြွေး တင်နေသလိုမျိုးကြီး ခံစားရတယ်။ အဲဒါကြောင့် သည်နှစ်တော့ သွားလှူဖြစ်အောင် လှူလိုက်ပါတယ်။

ဟာသလေးတစ်ခု ရှိပါတယ်။ ရေနစ်နေတဲ့ ဘုန်းဘုန်းတစ်ပါးက ကယ်ပါကယ်ကြ ပါလို့ အော် တယ်။ အနီးနားမှာ ရှိတဲ့ ဒကာတစ်ယောက်က လက်ပေးပါ အရှင်ဘုရားလို့ လျှောက်တယ်။ ဒါပေမယ့် အဲဒီဘုန်းဘုန်းက ပေးပါဆိုတဲ့စကား သူ့ဘ၀မှာ မရှိဘူးတဲ့။ အဲဒါကြောင့် လက်မပေးဘူး။ လက်မပေးတော့ ဒကာက တပည့်တော်လက်ကို အလှူခံတော်မူပါ ဘုရားလို့လျှောက်လိုက်မှ ကယ်တင်လို့ ရသွားတယ်တဲ့။ ဒါကတော့ ဟာသလေးပါ။ မည်သူမည်ဝါကို ထိခိုက်စေလိုတဲ့ စိတ်မရှိပါဘူး။

ခန္ဓာငါးပါး ကြားဖူးတယ်ဟုတ်။ ရူပက္ခန္ဓာ(ယူပက်ခန်ဓာ)၊ ဝေဒနာက္ခန္ဓာ စသည်လေ။ ယူပက်ခန်ဓာချည်း မဖြစ်အောင် ပေးပက်ခန်ဓာလည်း ရှိအောင်လို့ပါ။ ဒါနမရှိတဲ့သူဟာ သံသရာမှာ ဆင်းရဲတတ်သတဲ့လေ။ ဒါနဆိုတာ ဗုဒ္ဓဘာသာတင် မဟုတ်ပါဘူး။ ဘာသာခြားတွေလည်း လှူနေ၊ တန်းနေကြတာပဲမလား။ ဒါပေမယ့် ဘာသာခြားတွေက ကုသိုလ်ဆိုပြီးတော့ Lable မတပ်ထားတာပဲ ရှိတာနော်။ ဟုတ်တယ်မလား။ ဒါကြောင့် ကိုယ်နိုင်သလောက်လေး လှူနိုင်၊ ပေးနိုင်အောင် ကြိုးစားကြပါလို့။


အထူးမှတ်ချက်များ

-အိမ်မလည်နိုင်တာ ခွင့်လွတ်စေချင်သည်…

-မလေးရှားမှာတုန်းက ကဗျာဆရာအုပ်ကြီးကို အုပ်ကြီးအစား ဥတ်ကြီးလို့ သွားရေး မိတာလည်း ခွင့်လွတ်စေချင်သည်…(ဘုန်းဘုန်းတို့မှာလည်း ဥတ္တမသာရဆိုတဲ့ဘွဲ့ကို နှစ်ပါး ရှိရင် ကြီးတဲ့ကိုယ်တော်ကို ဥတ်ကြီး၊ အငယ်တစ်ပါးကို ဥတ်လေးလို့ ခေါ်တတ်ကြတယ်၊ အဲဒါကြောင့် စာလုံးပေါင်းမှားသွားတယ်၊ ဟိ…)

-အိမ်မလည်ရတာကြာတော့ မြန်မာပြည်လည်းရောက်နေတော့ မြန်မာပြည်က ဘလော့ဂါတွေကို သတိရနေမိတယ်။ ဘယ်လို တွေးသလည်းဆိုတော့ "အခုချိန်မှာ ဆိုရင် ဆရာဦးဟန်ကြည်တစ်ယောက် သူ့အိမ်မှာ ပျားတစ်ကောင်လို အလုပ်ရှုပ် နေမလား…" "အစိမ်းရောင်ခေါ် အစ်မချောလည်း အခုချိန်မှာဆို ဘယ်ခရီးတွေ ထွက်လို့ ဘယ်လို ဓာတ်ပုံလှလှလေးတွေ ရိုက်နေမှာလည်း၊ ပြီးတော့ တနင်္ဂနွေ နေ့တွေမှာ သူ့ရဲ့ချစ်လှစွာသော ပရိသတ်တွေကို ဘယ်လို ထူးခြားကောင်းမွန်တဲ့ ဟင်းချက်နည်းတွေကို မျှဝေနေတာလည်း" "ဧရာဝတီတိုင်း၊ အိမ်မဲမြို့မှာ ဘုန်းဘုန်း ရဲ့ သိက္ခာထပ်ဒကာတွေရှိတယ်၊ အဲဒီကို သွားချင်ရင် ဒဂုံဧရာအဝေးပြေးကားဂိတ်မှာ ကားသွားစီးရတယ်။ အဲဒီနားမှာ န၀ဒေးဥယျာဉ်အိမ်ရာတို့၊ ပဒေသာပင်မြို့တော်တို့ ရှိတယ်။ အဲဒါတွေတွေ့ရင် မာမီတင့်တစ်ယောက် အခုချိန်မှာ ဘယ်ဘုရားတွေကို လိုက်ဖူးပြီး ကုသိုလ်တွေယူနေမှာလည်း၊ သူ့စာဖတ် ပရိသတ်တွေလည်း ကုသိုလ် ရသွားအောင် ဘယ်လိုကုသိုလ်မျိုးတွေကို မျှဝေပေးနေတာလည်း" "ပြီးတော့ ဆရာမ မမြသွေးနီလည်း ဘယ်လိုအလှူမျိုးတွေကို လုပ်နေပြီးတော့ သူ့ပရိသတ် တွေကို မျှဝေနေတာလည်း…"ဆိုပြီး တွေးနေမိတယ်။

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ…
ဘုန်းဘုန်းတောက်...(၉. ၃. ၂၀၁၂ သောကြာနေ့)


http://www.taukpakyesin.com
--

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။