ငါးထောင်တန် နှင့် ဖားဟောင်သံ
ခုတစ်လော ဦးစိမ်းစိုတစ်ယောက် ဆင်တဲရုံးတော်တွင် ထိုင်ရင်း အတော်လေး နေမထိထိုင်မသာ ဖြစ်နေရရှာ လေ၏။ နေ့ခင်းလည်းစားမဝင် ညတွင်လည်း အိပ်မရနှင့် ရုံးချိန်များတွင်ပါ အရင်လို တက်တက်ကြွကြွ ဖြင့် လေမပေါနိုင်ရှာတော့ပါ။ ဦးစိမ်းစို ဒီလိုဖြစ်နေရသည့် အကြောင်းရင်းကတော့ ခုတစ်လော မြန်မာပြည်တွင် လူပြောများနေသော ငါးထောင်တန် ဆင်းကဒ် ကြောင့်ပင်ဖြစ်နေချေတော့သည်။ ငွေငါးထောင်တန် ဆင်းကဒ် ထုတ်ပေးမည်ဟု သတင်းကြားစ ရက်များတွင် ဦးစိမ်းစို တစ်ယောက် နေမထိထိုင်မသာ ရွစိရွစိ ဖြစ်အောင်ကို ပျော်နေလေ၏။
ဟိုးတုန်းက သိန်းဆယ်ဂဏန်းလောက် ပေးရတုန်းက အနားတောင် မကပ်နိုင်သည့် တန်ဖိုးမို့ နောက်ထပ် ငါးသိန်းတန် ထပ်ထွက်လာတော့လည်း သူတို့လို လူတန်းစားတွေ အတွက်က လွယ်ကူသည့် ငွေကြေး မဟုတ်သေး။ နောက်ဆုံးပေါ် ဈေးနှုန်းသက်သာသည့် ဆင်းကဒ် ဟု ခပ်တည်တည် အမည်တပ်ပြီး ငွေနှစ်သိန်းတောင် တောင်းသေးသည့် ဆင်းကဒ် ပေါ်လာတော့လည်း မမှီတမှီ လေးဖြစ်နေသေးရာ ခုလို ငါးထောင်တန် ကဒ်ပေါ်တော့မယ်ဆိုတော့ ဦးစိမ်းစို တစ်ယောက် လက်ခမောင်းထခတ် ရှာလေတော့သည်။
အနှစ်နှစ်အလလ ကစောင့်နေခဲ့ရသည့် အခွင့်အရေးကို ရတော့မယ်ဆိုတော့၊ စိတ်ကူးယဉ်ထားသမျှ တွေဖြစ်လာတော့မယ်ဆိုတော့ … ဦးစိမ်းစို ၏ စိတ်ကူးများကလည်း အရမ်းလန်းပါတယ်။
"ဖုန်းကဒ် တစ်ခုကို ငါးထောင်ပဲဆိုတော့ … နှစ်ခုတောင်ဝယ်အုန်းမှာ … စိမ်းစိုတို့က လူကြီးဆိုတော့ အလုပ်တွေကလည်း တစ်အားများတာလေ ဖုန်းနှစ်လုံးမှ အဆင်ပြေမှာ ဟန်းဆက်ကတော့ နိုကီယာ နဲ့ ဆိုနီသဇင် ဆိုတဲ့ ဖုန်း တစ်လုံးဆီ ဝယ်ထားလိုက်မယ် တစ်လုံးက အလုပ်ကိစ္စသုံးဖို့ နောက်တစ်လုံးကတော့ သီချင်းနားထောင်မယ်.. ဓါတ်ပုံရိုက်မယ်.. .ကောင်မလေးတွေဆီကို မက်ဆေ့ ပို့မယ်… ဒီဖုန်းနံပါတ်ကတော့ လူတိုင်းကို ပေးလို့မဖြစ်ဘူး..။"
ထိုကဲ့သို့ ဖုန်းပလန်ကြီးကို တကယ်ချထားသော ဦးစိမ်းစို တစ်ယောက် စားလည်းဒီစိတ် အိပ်လည်းဒီစိတ်ဖြင့် ဒီအကြောင်းသာ ခေါင်းထဲတွင် ရှိနေလေတော့၏။ ရုံးပိတ်ရက်နေ့များတွင်လည်း အရင်လို တစ်လမ်းဝင် တစ်လမ်းထွက် ကျွေးသမျှ အရှက်မရှိ လိုက်စားနေသော အကွက်ဆန်းတွေလည်းထွင် မနေနိုင်ရှာတော့ပါ။
အပြင် မထွက်ရသည့် အကြောင်းရင်းနောက် တစ်ခုကတော့ မျက်နှာတွေမည်း သွားမှာစိုး၍ ဟူသတည်း.. ဖုန်းပြောသော အခါ မျက်နှာမည်းကြီးဖြင့် ပြောရမှာ ရှက်သဖြင့် တစ်သက်လုံးက မည်းနေသော အခွက်ကြီးကို ဖြူစင်ဝင်းမွတ်လာစေရန် ရည်ရွယ်ပြီး ရုံးပိတ်ရက်များတွင် အိမ်တွင်းအောင်း၍ သခွားသီးဖြင့် ပေါင်းတင်ခြင်း မနက်တစ်ခါ ညတစ်ခါ ဖဲအန်လပ်ဘဒီး မှန်မှန် လိမ်းခြင်း အမှု့တို့ကို မရှက်မကြောက် မှန်မှန်လုပ်လေတော့၏။ မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားသာ မှန်မှန် ရှိမခိုး ရှိရမယ်။ ဖဲအန်လပ်ဘဒီး လိမ်းဖို့တော့ လုံးဝမပျက်ကွက် ဟု ခိုင်မာသော သတင်းရပ်ကွက်မှ သတင်းရရှိထားလေ၏။
ရုံးပိတ်ရက် ဦးစိမ်းစိုတစ်ယောက် အိမ်တွင်နေပုံထိုင်ပုံကို မသိမသာ သွား၍လေ့လာကြည့်သော် အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် မှောက်၍တစ်ဖုံ လှဲ၍တစ်မျိုး အကြော ဆန့်နေရင်းမှ သူ့၏ မျက်နှာကိုလည်း မှန်လေးဖြင့် မကြာခဏကြည့်ခြင်း အမှု့ကိုလည်း ပြုလေ၏။ ခေါင်းအုံးပေါ်တွင် တံတောင်ဖြင့်ထောက်ထားရင်း လက်ဝါးနှစ်ဖက်ဖြင့် သူ့မျက်နှာကို ထောက်ထားပြီး ရှေ့တွင်ထောင်ထားသော မှန်လေးထဲ တွင်ကြည့်ရင်း မှန်ထဲတွင်ပေါ်နေသော သူ့အရိပ်ကို မျက်လုံးလေး စွေပြလိုက် မျက်စပစ်ပြလိုက် နှုတ်ခမ်းစူပြလိုက်နှင့် တစ်ယောက်ထဲ အားရအောင် ပေါနေလေတော့သည်။
မှန်ကြည့်နေရင်းမှ စိတ်ကူးယဉ်နေသည့် အကြောင်းကတော့ ဖုန်းသာရလာခဲ့ရင်တော့ ဘယ်လိုပုံနှင့်ပြောမည် ဘယ်လိုအိုက်တင်လေးနှင့် ဖုန်းကိုင်လိုက်မည်။ ဖုန်းအမျိုးစားကတော့ ဘယ်လိုအမျိုးစားကိုဝယ်မည် စသဖြင့် စိတ်ကူးလိုက်သမျှ အရာတွေ အားလုံးကတော့ ဖုန်းမှဖုန်းပဲ ဖြစ်နေလေတော့သည်။ ဒီလိုဖြစ်အောင် ဒီလိုရူးသွားအောင် အရူးကို ပီကေကျွေးလိုက်သူကတော့ ဦးစိမ်းစို၏ တပည့်ကျော် မောင်ဖိုးကြောင်ပဲ ဖြစ်ပါတော့တယ်။
တလောက ထိုင်းတွင် အလုပ်သွားလုပ်နေသော မောင်ဖိုးကြောင် ၏ ဦးလေးဖြစ်သူ အိမ်သို့ အလည်ပြန်လာရာတွင် ထိုင်းနိုင်ငံထုတ် ဟန်းဆက်လေး တစ်လုံးပါလာလေ၏။ ထိုင်းတွင် သူသုံးနေသော ဟန်းဆက်လေး ဟု ဆို၏။ နောက်ဆုံးပေါ် ဟန်းဆက်လေးမှာ ပုံစံလေးလှ ၍ သဘောကျစရာကောင်းသလို ထိုဟန်းဆက်တွင်ကင်မရာ၊ မြူးဇစ်ပလေယာ နှင့်တကွ ကျန်ဘာညာကွိကွ အတော်လေး စုံစုံလင်လင်ပါ ရှိလေ၏။
ဟန်းဖုန်းဆိုလျှင် တီဗွီ ထဲမှာသာမြင်ဖူးရှာသော မောင်ဖိုးကြောင်တစ်ယောက် မျောက်ပလွေရထားသလို လက်မှ မချတမ်း ကိုင်ထားလေတော့သည်။ ဘယ်သွားသွား လက်ကကိုင်သွားပြီး ရိုက်လိုက်ရသည့် ဓါတ်ပုံ ဆိုတာကလည်း အရူးလက် ဓါတ်မီးပေးထားမိသလို ဖျတ်ဖျတ်လက် နေလေတော့၏။ သူကိုင်ကြည့် ရပြီး အတော်တန် ကြာလာသောအခါ လက်ဦး ဦးစိမ်းစို ကိုလည်း မြင်ဖူးစေချင်သဖြင့် ရုံးသို့ ယူလာပြလေတော့သည်။ ဖိုးကြောင်ယူလာသော ဟန်းဆက်ကလေးကို မြင်ရသည်နှင့် ဦးစိမ်းစိုတစ်ယောက် ကမ္ဘာဦးမှမျောက် ဂျေဒိုးနတ်ကို ထိုင်ကြည့်ခြင်းမျိုးဖြင့် ကြည့်လေတော့သည်။
ဖိုးကြောင်ကလည်း ဟန်းဆက်တွင်ပါရှိသည့် လုပ်နိုင်သမျှ အစွမ်းသတ္တိမျိုးစုံကို အားကျိုးမန်တက် ထုတ်ပြရှာလေ၏။ "ဟာဒါကို.နှိပ်လိုက်.. ဟောသလိုလေးပေါ်လာရင် ဟောဒီ နေရာလေးကို နှိပ်လိုက်ရင် ဟောသလို ပုံလေးပေါ်လာပါလေရော တွေ့တယ်နော်။ ဒီမှာ ဓါတ်ပုံ ရိုက်ပြီးသားဖြစ်သွားပြီ။ ဟောဒီ နေရာလေးကိုနှိပ်ပြီး.. ဟောသလို နားကြပ်လေးတပ်ပြီး နားမှာ တပ်ထားလိုက် ကမ္ဘာပြိုတာတောင် မကြားနိုင်တော့ဘူးဖြစ်သွားမယ်… သိပ်ကောင်းတဲ့ မြူးဇစ်ပလေယာပေါ့.. နားကြပ်ကက်ဆက်တွေက ခေတ်မရှိတော့ဘူး။ သီချင်းပဲ နားထောင်ယုံပဲလား အရုပ်ကလေးရော ကြည့်ချင်သေးလား ဟောဒီနေရာကို နှိပ်လိုက် ဗွီဒီယိုကြည့်နေရသလိုပဲ တွေ့လား…။"
ဖိုးကြောင်၏ ကောင်းမှု့ကြောင့် ဟန်းဆက်တစ်လုံးကို သေချာ ကိုင်ကြည့်ဖူးသွားသည့် အပြင် ဟန်းဆက်အတွင်းရှိ ဘာညာသာရကာ ကောင်းမှု့ အဖုံဖုံကိုကြည့်ပြီး ဦးစိမ်းစိုတစ်ယောက် ငါတော့ မေ့လို့မရနိုင်ဘူး ဖြစ်သွားလေတော့သည်။ တစ်သက်လုံးက သူလုံးဝ အထင်မကြီးခဲ့သော ဖိုးကြောင်ဆိုသော ဘာမဟုတ်သည့် ချာတိတ်ကလေးက မမြင်ဖူး ခရမ်းသီး ဗုန်းဆံထင် အကွက်ဖြင့် လုပ်သွားသည်ကို ဦးစိမ်းစိုတစ်ယောက် ကောင်းကောင်း ခံလိုက်ရလေ၏။ ထိုအချိန်မှစ၍ ဦးစိမ်းစိုတစ်ယောက် ဟန်းဖုန်းရူး ရူး သွားလေတော့သည်။ ဒီကြားထဲ ညဖက်ညဖက် တီဗွီမှလာသော ကိုရီးယားကားတွေကလည်း ဖုန်းတစ်ကာားကားဖြင့် မြန်မာကားတွေမှာဆိုလည်း သရုပ်ဆောင်တာက နည်းနည်း ဖုန်းပြောနေကြသည့် အခန်းတွေကများများ ဒါတွေကိုကြည့်မိလေ ဦးစိမ်းစို တစ်ယောက် နေမြင့်လေ အရူးထွားလေ စကားလိုဖြစ်လာခဲ့လေတော့သည်။
ဒါပေသည့် ဦးစိမ်းစို အခြေအနေ နှင့်ကလည်း ဟန်းဖုန်းတစ်လုံး ဖြစ်လာဖို့အရေး ဝုန်းဒိုင်းဆို မဖြစ်နိုင်သဖြင့် တစ်ဆင့်ခြင်းသွားရန် စဉ်းစားနေရချေတော့သည်။ ပထမဆုံး အစီစဉ်ကတော့ ဟန်းဆက်ကလေးတစ်လုံးဖြစ်အောင် ဝယ်ထားရေးဖြစ်ပြီး နောက်တစ်ဆင့် ကတော့ ချဲတွေဘာတွေ ရုတ်တရက် ထပေါက်လို့ကတော့ လိုတဲ့ ငွေလေးကို ရှာကြံချေးငှားပြီး လိုင်းကဒ် တစ်ခုဝယ်ယူရန် ဖြစ်လေတော့သည်။
ဟန်းဆက်အတွက်ကတော့ အတော်လေး နီးစပ်လာသည့် အခြေအနေတွင် ရှိလေ၏။ တစ်လောက ဆိုမာလီယာတွင် အထည်များကို လပေး စနစ်ဖြင့် သွားရောင်းနေသော တူမကြီး တစ်ယောက်က ဖုန်းဆက်လေ၏။ ထိုအခါ စကားစပ်မိလို့ ပြောကြရာမှ ဦးစိမ်းစို ဖုန်းရူး ရူးနေသည်ကို သိသွားသော တူမကြီးမှ ဦးစိမ်းစိုကို အားပေးစကားပြောလေ၏။ ဘာမှမပူနဲ့ဦးလေး ခုတူမကြီးရောင်းနေတဲ့ အထည်လိပ်လုပ်ငန်းသာ အောင်မြင်အောင် ဆုတောင်းပေး ဆိုမာလီိယာမှာ တူမကြီး ဖက်ရှင်ဆိုင်ဖွင့် ရောင်းနိုင်တဲ့နေ့ကြရင် ဦးလေးလိုချင်တဲ့ ဟန်းဆက်ကို တူမကြီးဝယ်ပို့ပေးလိုက်မယ်။ ဘာအမျိုးစား လိုချင်တယ်ဆိုတာသာပြောနော်။ နော်ကီယာတွေဘာတွေ ကိုင်မနေနဲ့ ခေတ်အောက်သွားပြီ နော်ကီယာ ထက်ကောင်းတဲ့ နောက်ဆုံးပေါ် ဂေါ်ဇီလာဆို တဲ့ ဖုန်းဝယ်ပေးလိုက်မယ်…"
ထိုသို့ ပြောချင်ရာပြောပြီး ဖုန်းချသွားလေ၏။ တူမကြီး ဖုန်းဆက်ပြီးနောက်ရက်မှာပဲ လစ်ဗျားတွင် ကွမ်းယာဆိုင် ဖွင့်ထားသော တူတော်မောင်ကလည်း ဖုန်းဆက် လာချေသေး၏။ တူကြီးကလည်း တူမကြီးနင့် အပြိုင်
"ဒါမျိုးကတော့ ကျုပ်တို့ ဦးလေးကိုလုံးဝ မျက်နှာမငယ်စေရဘူး ဦးလေး ဘာဟန်းဆက် အမျိုးစား လိုချင်တယ်ဆိုတာ သာပြောလိုက် တူကြီးဝယ်ပို့ ပေးလိုက်မယ်။ ဒါပေမဲ့ ခုတော့မဟုတ်သေးဘူး.. ဟိုတစ်လောက ပြည်တွင်းစစ် ဖြစ်နေတုန်းက ကဒါဖီ တပ်သားတွေ ဝါးဖို့ ကွမ်းထုတ်တွေပို့ ပေးထားတာရှိတယ်.."
"စစ်ပွဲကာလ ဆိုတော့ ငွေလက်ငင်း မရှင်းနိုင်ဘူးပေါ့…. စစ်ပွဲပြီးမှ ပေးမယ် ပြောထားတာ ခုစစ်ပွဲပြီးသွားတော့ ဂဒါဖီ ဆိုတဲ့ ဘဲကြီးကပျောက်နေတယ်… တစ်ချို့ကတော့ ဘုမသိဘမသိနဲ့ ဒီဘဲကြီးကို သေပြီ ပြောနေကြတာ အမှန်က မသေလောက်သေးပါဘူး…. တကယ်လို့ သူမသေသေးလို့ ပြန်တွေ့ကြရင်တော့ ကျွန်တော် အကြွေးတွေသေချာပါက်ရပြီလို့ သာမှတ်ပေတော့ အဲဒီ အချိန်ရောက်အောင် ခဏလောက်စောင့်ပေး ရပြီဆိုတာနဲ့ ဦးလေး လိုချင်နေတဲ့ဖုန်း ရပြီသာမှတ်ပေတော့။ အိုင်ဖုန်း ယူမလား ဗွက်ဖုန်းယူမလား ကြိုက်ရာသာပြော လှမ်းဝယ်ပေးလိုက်မယ်… ဒါပေမဲ့ လောလောဆယ်တော့ အိမ်ကမိန်းမ ဈေးသုံးပြတ်နေလို့ နည်းနည်းလောက် ချေးပေးထားလိုက်ပါအုံး.. ဒါတွေက ကျွန်တော်ပြန်လာရင် ရှင်းပေးပါ့မယ်…..။
တူတွေတူမတွေ အပြောမှာတင် အမျောကြီး မျော သွားတဲ့ ဦးစိမ်းစိုတစ်ယောက် အယုံကြီးယုံပြီး အရူးကြီး ရူးသွားရှာပါတယ်။ ဟန်းဆက်အတွက် ဟုတ်နေပြီဆိုတော့ ဘာလိုသေးလဲ ဆင်းကဒ် တစ်ခုကိုလဲ ငါးထောင်နဲ့ ရတော့မယ်ဆိုတော့ ပြီးပြီပေါ့။ ဝါတွင်းသုံးလရောက်ရင် ရပ်ကွက်ထဲက တရားဟောဆရာ အောင်ရှန်းတစ်ယောက် ဆွမ်းပတ်တကာ လည်ပြီး မိုက်မချတမ်း ဟောသလိုပဲ ငါလဲ လက်ကကို မချတမ်းပြောမယ် ထိုင်နေရင်းလဲ ပြောမယ်.. လမ်းလျှောက်ရင်းလဲပြောမယ်.. ထနေရင်းလဲပြောမယ်.. အီးအီးပါနေတုန်းလဲ ပြောမယ်.. လူကွယ်ရာလဲပြောမယ်.. လူကြားထဲလဲပြောမယ်..။
ပြောစရာလူမရှိရင် မြူးဇစ်ပလေယာလေးဖွင့်ပြီး နားကြပ်တပ်ပြီး နားထောင်ရင်း ကောင်မလေးတွေကို ဓါတ်ပုံခိုးရိုက်မယ်… ရပ်ကွက်ထဲက ဖုန်းရှိတဲ့ ကောင်လေးတွေနဲ့ ဘီလူးတုနဲ့ သီချင်းကူးမယ်။ မူဗီတွေ ရှယ်မယ်.. ငါ့လို ဖုန်းဝယ် မကိုင်နိုင်သေးတဲ့ အောင်ကိုသိန်း ကွမ်းဆိုင်မှာ ကွမ်း အကြွေးသွာဝယ်ရင် ခါးကြားမှာတစ်လုံး ခါးပိုက်ထောင်ထဲမှာ တစ်လုံး ဖုန်းနှစ်လုံးထိုးပြီးသွားမယ်။ ဘယ်သူမှ ဖုန်းခေါ်မဲ့သူမရှိရင် ဟိုဖက်ဖုန်း နဲ့ ဒီဖက်ဖုန်းကို လှမ်းခေါ်ပြလိုက်မယ်… အားလုံး လုပ်ဖြစ်အောင်ကို လုပ်မယ်…. အစရှိသဖြင့်ပေါ့လေ.. ဦးစိမ်းစိုတစ်ယောက် ရင်ထဲမှာ ကြိတ်ပြီး ကျွေးကြော်နေတာ ကြလှပါဘီ..
ဒါပေသည့် အားလုံးသိကြသည့် အတိုင်း ငါးထောင်တန် ဆင်းကဒ် ဟူသည် လုပ်ပေးမည့် သူများက လုပ်ပေးနိုင်ပါသည် ဆိုသော်ငြားလည်း တတ်သိနားလည်သော ဆရာကြီးများက မဖြစ်နိုင်ပါဟု အတိလင်း ထုတ်ပြောလာပြီး "ကျား" "ကျား" "မီးယပ်" ဟူသော အကွက်မျိုး ခင်းလာသော အခါ… ဦးစိမ်းစို လို လူမျိုးများ အဖို့မှာကား……
စကားချပ် ။ ။ ဖားအော်သံကို နေရာတိုင်း၊ ရာသီတိုင်းတွင်း မကြားနိုင်ပါ။ ဖားသည် အော်တတ်သော သဘောသာရှိပြီး ဟောင်တတ်တဲ့သဘော ရှိလာဖို့နှင့် ဖားဟောင်သံကြားရဖို့ ဆိုရင်တော့ …. ငါးထောင်တန် ဖုန်းဖြစ်လာဖို့ ဆိုရင်လည်း ….. မြန်မာပြည် နှင့် အိမ်နီးချင်း သိပ်မတိုးတက်သေးသော တိုင်းပြည်များတွင် ဆင်းကဒ် ဟူသည်… သူတောင်းစားပင် လွယ်ကူစွာ သုံးဆွဲနိုင်သော ဈေးပေါသောပစ္စည်း ဖြစ်နေပါပြီ။
http://sindecafe.com
--

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
