သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


မူစယ်မြို့တွင် လောင်းကစားဝိုင်းများ ပြန်ဖွင့်

Posted: 28 Jun 2012 04:06 AM PDT

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ လွန်ခဲ့သည့် ၄ လခန့်ကတည်းက ပိတ်ထားသော တီဗွီဂိမ်းလောင်းကစား ၀ိုင်းများ ယခုရက်ပိုင်းအတွင်း အားလုံးနီးပါး ပြန်ဖွင့်နေပြီဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရသည်။
online_casinos_rooms
မြို့ပေါ် လူစည်ကားရာနေရာများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မူစယ်မြို့တွင်လောင်းကစားဝိုင်းကြီး ၈ ခုခန့် အပါအ၀င် တီဗွီဂိမ်းရုံ ၂၀ ခန့်ရှိကြောင်း မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"အရင်ပိတ်ထားတဲ့ တီဗွီဂိမ်းရုံတွေက တဖွဲဖွဲနဲ့ ဖွင့်လာတာ အခုဆိုအားလုံးပြန်ဖွင့်နေပြီ၊ အဓိက ကားဂိတ်လို နေရာမျိုးတွေ ပျံကျအလုပ်သမားတွေများတဲ့နေရာတွေမှာဖွင့်တယ်၊ ဆင်ဖြူဂိတ်နားမှာ လောင်းကစားဝိုင်းကြီး တစ်ခုအပါအ၀င်ဆိုရင် ၇ ခုလောက်ရှိတယ်၊ မန်ဝိန်းပေါက်နားက စွမ်စော်ရပ်ကွက်မှာလည်း ၁၀ ခု လောက်ရှိတယ်" ဟုဆိုသည်။

လွန်ခဲ့သည့် ၄ လခန့်က တီဗွီဂိမ်း လောင်းကစားဝိုင်းတစ်ခုအား ရဲများဝင်ရောက်ဖမ်းဆီး၍ ရုံပိုင်ရှင်အား ထောင် တစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရာ ထိုအချိန်မှစ၍ လောင်းကစားဝိုင်းများ အားလုံး ပိတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

"ကျောင်းသားတွေလည်း လွယ်အိတ်တစ်လုံးနဲ့ လောင်းကစားရုံထဲရောက်နေတယ်၊ မိဘတွေအတွက်တော့ စိုးရိမ်ရတယ်၊ ကားသမားတွေ အလုပ်သမားတွေကျတော့လည်း သူတို့ရတဲ့ငွေက ဒီထဲမှာပဲ ရောက်သွားတာပေါ့၊ အားလုံးအတွက် မကောင်းပါဘူး " ဟု သူက ဆိုသည်။

အဆိုပါ လောင်းကစားဝိုင်းများ ဖွင့်လှစ်ရန်အတွက် ဒေသအာဏာပိုင်များထံ လစဉ်ကြေးငွေ ပေးဆောင်ရကာ အာဏာပိုင်များဘက်မှ အဆိုပါ ၀င်ငွေဖြင့် လိုအပ်သည့် နေရာများတွင် သုံးစွဲရကြောင်း သိရသည်။

ဒေသခံများအားပြည်သူ့ရဲတပ်ဖွဲ့အရာရှိအချို့တားဆီးရိုက်နှက်၍ငွေညှစ်ယူ

Posted: 28 Jun 2012 03:05 AM PDT

သံလင်အရှေ့ခြမ်း မိုင်းတုံမြို့နယ် ပုံပကျင်မြို့နယ်ခွဲတွင် ဖြတ်သန်းသွားလာသည့်ဒေသခံအား ဂိတ်မဟုတ်သည့်နေရာ၌ ရဲသုံးယောက်က တားဆီးငွေညှစ်ယူနေကြောင်း ပုံပါကျင်မှလာသော သတင်းများအရသိရသည်။
pung-pa-kam_gateပုံပါကျင်အထွက် ရဲဂိတ် (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

"အငှားဆိုင်ကယ်မောင်းတဲ့ လုံးခမ်းလူပေါ့။ ပုံပါကျင်ကအထွက် ကုန်းအဆင်းမှာ ရဲ ၃ ယောက်က သူ့ကို တား ဆိုင်ကယ်ပေါ်ကဆွဲချပြီး ရိုက်တာ။ သူက ဗမာစကားသိပ်မကျွမ်းဘူးလေ။ ပြောရင်းပြောရင်း စကားတွေမပေါက်ကြတော့ ရဲတွေက သူ့ကိုရိုက်တာ။ တုန့်ဖင့်ရွာအထွက်လေးမှာပေါ့။ ရွာသားတွေလဲ တွေ့ကြတယ် ။ ဘယ်သူမှအနီးမကပ်ရဲဘူး။ ရဲတွေက လက်နက်တွေနဲ့ကိုး" ဟု အရိုက်ခံရသည့် လုံးခမ်းလူနှင့်အမျိုးတော်စပ်သူတဦးက ပြန်လည်ပြောပြသည်။

ယခုလ ၂၆ ရက်က ပုံပါကျင်မှအထွက် ရပ်ကွက် ၅ ရှိ တုန့်ဖင့်ရွာ ကုန်းအဆင်း ဝါးရုံအနီး၌ ဒုရဲအုပ် ဇော်အောင်၊ နောက်လိုက် စိုးဝင်းနှင့် တခြားတယောက် စုစုပေါင်း ၃ က အငှားဆိုင်ကယ်မောင်းသမား လုံးခမ်းလူအားတားဆီးစစ်ဆေးကြောင်း၊ ဗမာစကားနားမလည်သဖြင့် တကြောင်း၊ ရဲများမှာ ဝါးရုံ အနောက်ဖက် တဲတခုအတွင်းမှ တားသဖြင့် လုံးခမ်းလူမှ၎င်းတို့အားမမြင်ဘဲ ဆိုင်ကယ် မရပ်သည်ကို မထီမဲ့မြင်ပြုသည်ဟုဆိုကာ ရိုက်နှက်ခြင်းဖြစ်ကြောင်း လုံးခမ်းလူ၏ ပြန်လည်ပြောပြချက်အရ တုန့်ဖင့်ရွာသားများက ပြန်လည်ပြောပြသည်။

"လုံးခမ်းလူကိုရိုက်နေတုန်းက စိုင်းခေးဆိုတဲ့လူငယ်တယောက်ကိုလဲ လက်ထိပ်ခတ်ကြီးနဲ့ တွေ့ရ တယ် ဆိုဘဲ။ ဒီရဲ ၃ ယောက် ဂိတ်မရှိ ဘာမရှိဘဲနဲ့ လူထုကိုတမင်သက်သက်စောင့်ညှစ်နေတာ။ ပိုက်ဆံ တောင်း တာပေါ့။ ဘတ်ငွေ ၈၀၀ တောင်းတယ်။ လုံးခမ်းလူက ၅၀၀ ဘဲရှိတယ်။ ပြောလဲမရဘူး၊ ဝိုင်းရိုက်တော့တာဘဲ။ အဲဒီရဲတွေ အဲဒီမှာနေပြီး ပြဿနာရှာတာတပတ်ရှိပြီ။ လုံးခမ်းလူ အရိုက်ခံရတဲ့ နေရာက ရွာထဲမှာလေ။ အဲ့နားကနေလွန်သွားရင် ဆေးရုံ၊ စာသင်ကျောင်းရှိတယ်၊ ဘုန်းကြီးကျောင်း လဲရှိတယ် " ဟု တုန့်ဖင့်ရွာ ရပ်မိရပ်ဖတဦးကလည်း သျှမ်းသံတော်ဆင့် အားပြောပြသည်။

လုံးခမ်းလူအား ၁ နာရီခန့်အကြာ ရိုက်နှက်ပြီးသော် ပိုက်ဆံ ဘတ်ငွေ ၅၀၀ ယူ၍ လွှတ်ပေးလိုက် ကြောင်း လုံးခမ်းလူ၏ မိတ်ဆွေတဦးကလည်းပြောသည်။

အစိုးရသစ်လက်ထက် သျှမ်းပြည်ဝန်ကြီးချုပ်က လမ်းဘေး ဂိတ်ငယ်များမရှိစေရ၊ အစိုးရမှ သတ်မှတ် ထားသော ဂိတ်မှသာ စစ်ဆေးခွင့်ရှိ၏၊ ထို့ကြောင့် မိုင်းတုန် - ဘီပီဝမ်း - ထိုင်း သို့ သွားသည့် လမ်းမပေါ်၌ ဂိတ်သေး၊ ဂိတ်ငယ် အများအပြား နှစ်ဆန်းပိုင်းမှစ၍ ရုပ်သိမ်းသွားရာမှ ယခုကဲ့သို့ ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု နိုင်ငံရေးပါတီအသိုင်းအဝိုင်းက ပြောပါသည်။

အပစ်ရပ်သော်လည်း SSA သတင်းအားအစိုးရတပ်လိုက်မေး ဒေသခံများအားဖမ်းဆီးရိုက်နှက်

Posted: 28 Jun 2012 03:01 AM PDT

အပစ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပြီးဖြစ်သော်လည်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ကျေးလက်ဒေသခံအား သျှမ်းပြည်တပ်မတော်၌ပါဝင်လှုပ်ရှားသည်ဟုဆိုကာ
မြန်မာအစိုးရစစ်တပ်က သတင်းလိုက်လံမေးမြန်းပြီး ဖမ်း ဆီးရိုက်နှက်ခံနေရသေးကြောင်း မြို့ခံများကပြောသည်။

"သားဖြစ်သူက သျှမ်းစစ်သားစုဆောင်းရေးမှာပါလို့ဆိုပြီး အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ဖခင်ဖြစ်သူကို ဖမ်းတာလေ။ ဖမ်းပြီး တော့ တပ်မှာသွားမစစ်ဘဲ တောထဲမှာသွားစစ်ဆေးတယ်။ ဘယ်လောက်တောင်ရိုက်ထားမလဲမသိဘူး။ အဘိုးကြီးက သွေး တောင်အန်တယ်။ တကိုယ်လုံးလဲ ရိုက်ထားတဲ့ဒဏ်ရာတွေနဲ့ သေလုမျောပါးဘဲ။ အခု နမ္မတူ ဆေးရုံကနေဆင်းလာပေမယ့် ကျန်းမာရေးပုံမှန်မဟုတ်သေးဘူး" ဟု နမ္မတူဒေသခံ တဦးကပြောသည်။

ယခုလ ၈ ရက်နေ့က လားရှိုးအခြေစိုက် ခလရ ၄၁ လက်အောက်ခံတပ်ဖွဲ့တဖွဲ့က နမ္မတူမြို့နယ် မိုင်းရင်တိုက်နယ် ဝိန်းနန် အုပ်စု ကောင်းတပ်ရွာနေ ဦးလုံးဆန်အေး (အသက် ၆၂ နှစ်) အား ဖမ်းဆီးကာ သျှမ်းစစ်တပ်၏ တပ်သား စုဆောင်းရေး၌ ၎င်း၏ သားဖြစ်သူကပါဝင်နေသည်ဟု ပြောဆိုကာ ရိုက်နှက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သို့သော် မြန်မာစစ်တပ်မှ စွပ်စွဲသကဲ့သို့ မဟုတ်မှန်ကြောင်း (ဦး)လုံးဆန်အေးက ပြောသကဲ့သို့ ၎င်း၏သားဖြစ်သူနှင့် သူငယ် ချင်းတော်စပ်သည့် သူတဦးက ပြောသည်။

"တကယ်တော့ သျှမ်းတပ်ဖွဲ့က မြန်မာအစိုးရနဲ့ အပစ်ရပ်ပြီးပြီ။ ငြိမ်းချမ်းရေးကို လက်တွဲပြီး ထိန်းသိမ်းသွားမယ်။ ဆောင် ရွက် သွားမယ်လို့ကျနော်တို့နားလည်ထားတယ်။ ဒါပေမယ့် သျှမ်းစစ်သားနဲ့ပတ်သက်တဲ့လူတွေကို ဖမ်းဆီးရိုက်နှက်နေသေး တုန်းဘဲ။ တွေ့တဲ့ ကျေးလက်ရွာသားတိုင်းကိုလဲ SSA သတင်းအမြဲတမ်းလိုက်မေးနေတယ်။ ဗမာစကားမပြောတတ်ရင် ခြေလက်ကပါလာပြီ၊ သေနတ်ဒင်ကပါလာပြီ။ ငြိမ်းချမ်းရေးလို့ပြောပြီး လူထုကဘာကြောင့်ကြားထဲက အဲဒီလိုဒဏ်တွေ ဆိုးကျိုးတွေ ဆက်ခံနေရသေးတာလဲ နားမလည် အောင်ပါဘဲ " ဟု စိုင်းလှက ဆက်လက်ပြောပြသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့်မြန်မာအစိုးရ၏ စစ်တပ်အကြား ယခုလဆန်း ၆ ရက် က နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ၌တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ မြန်မာအစိုးရတပ်မတော်သား ၃ ဦးကျဆုံးရာ ဗိုလ်ကြီးတဦး လည်း ပါဝင်ကြောင်း သျှမ်းပြည်တပ်မတော်ဖက်မှ အတည်ပြုပြောပါသည်။

ယခုလ ၂၂ ရက်က သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကိုယ်စားလှယ်အဖွဲ့ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၃) ဦးသိန်းဇော်တို့ တိုက်ပွဲဆက်လက်မဖြစ်ပွားရေးအတွက် မန္တလေးမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။