သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


KIA နှင့် အစိုးရတပ် သျှမ်းပြည် (မြောက်ပိုင်း)၌ တိုက်ပွဲဖြစ် အစိုးရတပ်မှ ၅ ဦးကျ

Posted: 27 Jun 2012 02:51 AM PDT

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် မန့်ကျယ် - နမ့်မူး ကျေးရွာအုပ်စုအတွင်းရှိ နမ့်အွန် ရေပူ စမ်းအနီးတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ ၅ ဦး ကျဆုံးကြောင်း သိရသည်။
KIAကချင်လွတ်လပ်ရေးတပ်မတော် (ဓါတ်ပုံ http://abbsoluteright.blogspot.com)

အစိုးရတပ် ခလရ ၁၂၃ နှင့် KIA တပ်ဖွဲ့တို့ တစ်နာရီကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ခလရ ၁၂၃ မှ တပ်သား ၅ ဦး ကျဆုံးကြောင်း စစ်ဘက်နှင့်နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"အစိုးရတပ်ဘက်က ခလရ ၁၂၃ ပေါ့ ၊ စစ်ကြောင်းထိုးလာတာ KIA ဘက်ကတော့ မိုင်းတွေခွဲပြီးတိုက်ခိုက်တာပေါ့ ၊ တိုက်ပွဲ ထဲမှာတော့ ခလရ ၁၂၃ က ၂ ယောက်သေသွားတယ် ၃ ယောက်ကတော့ ဒဏ်ရာရပြီး အခု ပန်ဆိုင်းဆေးရုံရောက်မှာသေသွားတယ် " ဟု သူက ဆိုသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း အဆိုပါ ကြူကုတ် - ပန်ဆိုင်းမြို့အနီး နမ့်မူးရွာ အစိုးရရဲကင်းစခန်းတစ်ခုအား KIA တပ်ဖွဲ့မှ ၀င်ရောက် စီးနင်းခဲ့ရာ နှစ်ဘက်တိုက်ခိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ယခုလ ၂၀ ရက်နေ့က နှစ်ဘက်အပစ်အခတ်ရပ်ဆဲရေး အတွက် KIO နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ လွယ်ဂျယ်မြို့အနီး တရုတ် - မြန်မာနယ်စပ်တစ်နေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ အပြီး နှစ်ဘက်တိုက်ပွဲ ခေတ္တငြိမ်သက်ခဲ့သော်လည်း ယခု ရက်ပိုင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော်အား မူးယစ်ဆေးဝါးလက်တွဲနှိမ်နှင်းရေးဆု ထိုင်းအစိုးရချီးမြင့်

Posted: 27 Jun 2012 01:45 AM PDT

နယ်စပ်တလွှား မူးယစ်ဆေးဝါးနှိမ်နှင်းရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်က ထိုင်းအစိုးရနှင့် နှစ်ပေါင်းများစွာလက်တွဲပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ရွှေလင်းယုန်ဆုကို ထိုင်းအစိုးရမှ ပေးအပ်ချီးမြင့်ခဲ့သည်ဟုသိရပါသည်။

RCSS_get_awardsထိုင်းအစိုးရမှပေးအပ်သော ဆုကို သျှမ်းပြည်တပ်မတော်မှ စိုင်းအေးက လက်ခံရယူစဉ်(ဓါတ်ပုံ- တိုင်းဖှရီးဒမ်း)

"ထိုင်းနိုင်ငံမူးယစ်နှိမ်နှင်းရေးအဖွဲ့ (Office of Narcotics Control Board) ၊ ပြည်တွင်းလုံခြုံရေးကွပ်ကဲရေးအဖွဲ့ (Internal Security Operation Command) ၊ ထိုင်းရဲတပ်ဖွဲ့ တို့ကပူးပေါင်း ကမကထပြုပြီး ဒီဆုပေး အပ်တာလေ။ ထိုင်းအစိုးရ ကိုယ်စားပေးအပ်တာပါဘဲ" - ဟု တက်ရောက် ဆုလက်ခံသည့် RCSS/SSA ကိုယ်စားလှယ် စိုင်းအေး က ပြောပါသည်။

သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA သည် 2001 မှစ၍ ထိုင်း - မြန်မာ (သျှမ်း) နယ်စပ်မူးယစ်ဆေးဝါးနှိမ်နှင်းရာတွင် ထိုင်းအစိုးရနှင့် အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ Gold Eagle Award ရွှေလင်းယုန်ဆုပေးအပ်ချီးခံရတာ ဖြစ်သည်ဟု အခမ်းအနား တက်ရောက်ချီးမြင့်သည့် ထိုင်းဘုရင်အတိုင်အပင်ခံ ဗိုလ်ချုပ်ကြီးဖိကျစ် ကုလ၀ါနစ် ကပြောပါသည်။

အဆိုပါဆုအား ဂျွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့အတွက် ဂုဏ်ပြုချီးမြင့်ခြင်းဖြစ်၏။ အခမ်းအနားအား ဂျွန် ၂၃ ရက် ဘန်ကောက်မြို့ထိုင်းဘုရင့်ရဲတပ်ဖွဲ့ ဘွန်းယဂျင်းဒါးခန်းမ၌ ကျင်းပခဲ့သည်ဟုဆိုသည်။

"အခမ်းအနားတက်ရောက်တာ လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ အနုပညာသည်တွေ၊ နယ်စပ်ကတော့ကျနော်တို့ တဖွဲ့ထဲဘဲ။ ပေးတဲ့ဆု အားလုံးရွှေလင်းယုန်ရုပ်ဆုတွေဘဲ၊ ဂုဏ်ပြုခံရတာတွေအပေါ်မူတည်ပြီး ဆုမှာရေးတဲ့စာသား တော့ကွာတယ်။ ကျနော်တို့ရဲ့ဆုကတော့ နှစ်နိုင်ငံကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပူးပေါင်းလက်တွဲမှု ဂုဏ်ပြုဆု လို့ရေးထားတယ်" - ဟု စိုင်းအေးကပြောပါသည်။

မူးယစ်ဆေးဝါးကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ ရွှေလင်းယုံရုပ်ထု ဆုအပ်နှင်းပွဲအခမ်းအနားသည် ထိုင်းနိုင်ငံ၌ ပထမဆုံး အကြိမ် ပေးအပ်ခြင်း ဖြစ်ပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် မြန်မာအစိုးရနှင့် အပစ်မရပ်ခင် လွယ်တိုင်းလျဲန်းဌာနချုပ်၌ ဖမ်းမိမူးယစ်ဆေး ၀ါးများအား နှစ်စဉ် မီးရှို့ပွဲဖြင့်တိုက်ဖျက်ခဲ့သည်။ ထို့အတူ ယခုနှစ် မြန်မာအစိုးရ နှင့် ငြိမ်းချမ်းရေးတည်ဆောက် စဉ်မှာလည်း သိမ်းဆည်းရမိသည့်မူးယစ်ဆေးဝါး များအား မိုင်းနောင်မြို့နယ်ခွဲ၌ အစိုးရ နှင့် ဆိုင်ရာအဖွဲ့အစည်းများ ဖိတ်ကြား၍ ပြည်တွင်း၌ ပထမဦးဆုံးတရားဝင် မူးယစ်ဆေးဝါး မီးရှို့တိုက်ဖျက်ရေးအခမ်းအနား ပြုလုပ်ခဲ့သေးသည်ဟု သျှမ်းပြည်တပ်မတော်က ဆိုသည်။

ရေနံ/ဂက်စ် ပိုက်လိုင်းဖြတ်သန်းသည့် အသိမ်းခံလယ်မြေများအတွက် လက်မှတ်အဓမ္မထိုးခိုင်း

Posted: 27 Jun 2012 01:44 AM PDT

သျှမ်းပြည်ဝန်ကြီးချုပ်ထံတိုင်စာပို့သည့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုင်းခေါင်အုပ်စု လယ်မြေအသိမ်းခံရ လယ် သမား ၄ ဦးအား အုပ်စုအုပ်ချုပ်ရေးမှူးက ထပ်မံခေါ်ယူတွေ့ဆုံကာ အတိအကျစာရင်းမပါသည့်လျော်ကြေးငွေအနည်းငယ်ကို ကျေနပ်စွာဖြင့် လက်ခံရယူကြောင်းလက်မှတ်ထိုးခိုင်းကြောင်း နမ္မတူဒေသခံများကပြောသည်။
Numptu_pipeline

နမ္မတူမြို့၌ ဂက်စ်ပိုက်လိုင်းဖြတ်သန်းခံရသည့်လယ်မြေများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)


"နမ္မတူမြို့နယ် ဆိုင်းခေါင်အုပ်စု ပန်မန့်ရွာသား ၄ ယောက် နန်းမြဦးဆာ၊ အိုက်ထွန်း၊ စိုင်းပန်းလူ နဲ့ စိုင်းဆန်လူ တို့ပေါ့။ မန်မွမ်းရွာ မြစ်တစ်ဖက်ကမ်းက သူတို့ရဲ့ မြေကွက်တွေကို ကြိုးနီနဲ့ တားလိုက်တယ်။ ၂၀၁၁ ဒီဇင်ဘာလဆန်းတုန်းကပေါ့။ အဲတာ ဒီဇင်ဘာလ ၁၆ ရက် ပထမအကြိမ် လျော်ကြေးရတုန်းက ၆ လတာ ကာလအတွက်ငှားတာတဲ့ ဘယ်လိုတွက်ပေး လိုက်လဲမသိဘူး တယောက်နဲနဲစီပေးလိုက်တယ်။ အခု ဒီလထဲမှာဘဲ အဲဒီ ၄ ယောက်ကိုပြန်ခေါ်တယ်။ ဂက်စ်ဖြတ်သန်းတဲ့ လိမ္မော်ခြံတွေကို လိမ္မော်သီး တလုံး ကျပ် ၁၀၀ နှုန်းနဲ့ တပင်ကို အလုံး ၈၀ စာလျော်ပေးမယ်။ ၅ နှစ်သာကာလအတွက် ပေါ့နော်။ တယောက်နဲ့တယောက် ဆုံးရှုံးတဲ့ ပမာဏလဲမတူတော့ လျော်ကြေးလဲမတူဘူး။ ဒါပေမယ့် သူတို့ ပြောတဲ့ အတိုင်း ပြန်လာတွက်ကြည့်တော့လဲ ရလာတဲ့ငွေနဲ့မကိုက်ပြန်ဘူး။ စာရင်းလဲမပြဘူး။ အဲလိုဖြစ်နေတယ်" ဟု နမ္မတူ ဒေသခံနန်းလူ က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုတကြိမ် လျော်ကြေးပေးရာတွင် သက်ကယ်ခြံနှင့် ပန်းစိုက်ပျိုးခြံ ဆုံးရှုံးသည့် စိုင်းပန်းလူအား ၇၀၇,၀၀၀ ကျပ်၊ လိမ္မော် သီးခြံပိုင်ရှင် နန်းမြဦးဆာအား ၃၇၀,၀၀၀ ကျပ် နှင့် ဦးအိုက်ထွန်းနှင့် ဦးဆန်လူအား ကျပ် ၁ သိန်းကျော်စီ ပေးလျော်ခဲ့ ကြောင်း၊ ယခုရသည့်လျော်ကြေးနှင့်ပင် ကျေနပ်သည်ဟု လက်မှတ်ထိုးခိုင်းကြောင်း၊ မကျေနပ်သည့် လယ်ပိုင်ရှင်များအား စာရင်းရှင်းပြရန် မြို့နယ်ရုံးသို့ ချိန်းမည်ဟုဆိုသော်လည်း စောင့်သည့်ချိန်နှင့်ချိန်းဆိုသည့်ချိန် မကိုက်ပြန်သဖြင့် ပြောင်းဖူး စိုက်ချိန်လွန်မည်ကိုစိုးသောကြောင့် လယ်ပိုင်ရှင်များ အချိန်မပေးနိုင်ဘဲ ကြေအေးလိုက်ရကြောင်း ပြောပါသည်။

ပထမအကြိမ် ၂၀၁၁ ဒီဇင်ဘာလ ၁၆ ရက်ကလည်း နမ္မတူမြို့နယ် ဆိုင်းခေါင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြ၊ ပိန်းလောင်းရွာလူကြီး ဦးစံငြိမ်း၊ တရုတ်ကုမ္ပဏီက တာဝန်ခံ နှင့် တရုတ်စကားပြန်များက နန်းမြဦးဆာအား ကျပ်ကိုးသိန်းခွဲ၊ အိုက်ထွန်း အား ကျပ်နှစ်သိန်း၊ စိုင်းပန်းလူ အား ကျပ်ကိုးသိန်း ကိုးသောင်း လေးထောင်၊ ဦးဆန်လူ အား ကျပ်သုံးသိန်း နှစ်သောင်း ပေးချေပြီး တရုတ်ဘာသာဖြင့် ရေးထားသည့် စာရွက်၌ လက်မှတ်ရေးထိုးခိုင်းသည်ဟု လယ်ပိုင်ရှင်များက ပြောသည်။ အဆိုပါကိစ္စအတွက်စာရင်းအတိအကျသိနိုင်ရန် ယခုနှစ် ဧပြီလက သျှမ်းပြည်ဝန်ကြီးချုပ်ထံ လယ်ပိုင်ရှင်များက တိုင်စာတင်ပြခဲ့ကြခြင်းဖြစ်သည်။

ယခုလည်း ဒေသခံများဘက်မနေသည့် ဆိုင်းခေါင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြအား အုပ်စုသားများက လက်မှတ်ရေးထိုးဖြုတ်ချရန်စီစဉ်နေကြသော်လည်း မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များက အုပ်ချုပ်ရေးမှူးများ ပြောင်းလဲရန်ရှိသည်ဟုပြောဆိုသဖြင့် ဒေသခံလူထုက စောင့်ကြည့်နားထောင်နေကြကြောင်းလည်း ဒေသခံ အိုက်စိုင်းက ပြောသည်။

ရခိုင်ကမ်းလွန်ပင်လယ်မှထွက်ရှိသော ရေနံနှင့်ဂက်စ်များကိုတရုတ်ပြည်သို့ သွယ်တန်းပို့ဆောင်ရာတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် သျှမ်းပြည်နယ်မြောက်ပိုင်းမှတဆင့် တရုတ်နိုင်ငံ ကွန်မင်းမြို့အထိ မိုင်တိုင် ၁၆၀၀ ရှည်လျားသည်။ ထိုစီမံကိန်းကိန်းမှ မြန်မာအစိုးရက ဒေါ်လာ ၂၉ ဘီလျံရရှိမည်ဖြစ်သည်။ ရေနံနှင့် သဘာဝ ဓါတ်ငွေ့များအား ၂၀၁၃ နှစ်နှောင်းပိုင်းမှစ၍ ထိုပိုက်လိုင်းများမှ အစမ်းပို့လွှတ်နိုင်မည်ဟု တရုတ်ကုမ္ပဏီက ပြောပါသည်။

သျှမ်းပြည်တွင်းမှာ မူးယစ်ဆေးဝါး မီးရှို့ဖျက် ဆီးပွဲကို RCSS/SSA က ပထမဆုံးအကြိမ် ကျင်းပ

Posted: 27 Jun 2012 01:42 AM PDT

ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ် မတော် RCSS/SSA က သျှမ်းပြည်တွင်းမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ပထမဆုံး မီးရှို့ဖျက် ဆီးမယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် ကို သျှမ်းသံတော်ဆင့် သတင်းဌာနက သွားရောက်မေးမြန်းထားပါတယ်။
DSC_0010(RCSS/SSA ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် နှင့် အင်တာဗျူး)

မေး။ ။ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် RCSS/SSA က မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမယ်ဆိုတာက ဘယ်မှာရှို့မှာလဲ။
ဖြေ။ ။ အစကတော့ တောင်ကြီးမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နဲ့ ပေါင်းရှို့ဖို့ ပြောထားပါ တယ်။ ဒါပေမဲ့ နေပြည်တော်က ခွင့်မပြုရင် တောင်ကြီးကလည်း လက်မခံနိုင်ဘူး။ သတင်းစာရှင်းလင်း ပွဲ စုပေါင်းလုပ်တာဘဲရှိမယ်။ မူးယစ်ဆေးဝါး မီးရှို့တာကတော့ ကျနော်တို့ ကိုယ့်ဖာသာလုပ်မယ်။ သျှမ်း ပြည်တောင်ပိုင်း မိုင်းနောင်မှာပါ။ သတင်းမီဒီယာတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရဘက်က တာဝန်ရှိသူ တွေကို ဖိတ်ထားပါတယ်။ နမ့်ဇန်မြို့ နောင်ဟဲန့် အခြေစိုက် ပြည်သူ့စစ်စခန်းနဲ့ လဲချားက ဝမ့်ပန်ပြည်သူ့စစ်စခန်းက ဖမ်းဆီးရမိတဲ့ ဘိန်းတွေကို မီးရှို့ဖျက်ဆီးမယ်။

မေး။ ။ အရင်က မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးဖူးသလား။ ဘယ်နေရာတွေမှာလဲ။
ဖြေ။ ။ နယ်စပ်မှာ ၂ ကြိမ် မီးရှို့ဖျက်ဆီးဖူးပါတယ်။ ၂၀၀၁ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟိုင်အုပ်စုနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်လမ်မှာ တကြိမ်၊ ၂၀၀၂ မယ့်ဖှာ့လုံနှင့် မျက်နှာချင်းဆိုင်ရှိ စစ်ဒေသ အမှတ် ၁ လွယ်ကော်ဝမ်းမှာ တကြိမ်။ အခု ပြည်တွင်းမှာ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတာ ပထမဆုံး အကြိမ်ပေါ့။

မေး။ ။ ထိုင်းနိုင်ငံက RCSS/SSA ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဆုချီးမြှင့်တယ်လို့ သိရပါတယ်။ အကြောင်းရင်းကို ပြောပြစေချင်ပါတယ်။
ဖြေ။ ။ ကျနော်တို့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့ လုပ်ဆောင်ချက်ကိုကြည့်ပြီး ထိုင်းရဲတွေက ဆုချီးမြှင့်တာ ဖြစ်ပါတယ်။

မေး။ ။ RCSS/SSA က အစိုးရနဲ့ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရတဲ့ အကြောင်းရင်းကို ပြောပြပါ။
ဖြေ။ ။ RCSS/SSA လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ပေါ်လစီရှိတယ်။ တတ်နိုင်သလောက် မူးယစ်ဆေးဝါး တိုက်ဖျက်လာတယ်။ အရင်တုန်းကတော့ မြန်မာစစ်တပ်နဲ့ ကျနော်တို့ တိုက်ပွဲဖြစ်နေ တဲ့အချိန်ဆိုတော့ စစ်အစိုးရက ကျနော်တို့ကို မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်သူလို့ စာရင်းသွင်း တယ်။ ကျနော်တို့ကလည်း စစ်အစိုးရကို မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်သူတွေကို နောက်ကနေ ကူညီနေတယ်လို့ ပြန်ပြီးယိုးချတယ်။ တယောက်နဲ့ တယောက် ယိုးချနေကြတယ်။ ဒီနှစ်တော့ တယောက် နဲ့တယောက် မယိုးချရလေအောင်ဆိုပြီး မေလ ၁၉ ရက်နေ့ ကျိုင်းတုံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ အဓိက သွားရောက်ဆွေးနွေးတယ်။ အဲဒီနောက် ကျနော်တို့ ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက် ရေး ကော်မတီကို တောင်ကြီးကို စေလွှတ်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က လူကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်။ ကျနော်တို့ တင်ပြချက်ကို သူတို့ ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့အတွက် အထက်ကို တင်ပြပေးမယ်လို့ ပြောတယ်။ ရွှေတြိဂံဒေသက မူးယစ်ဆေးဝါး ပြဿနာဟာ ထိုင်း၊ တရုတ်၊ ကမ္ဘာ့ရဲ့ ပြဿနာ မဟုတ်ဘူး။ သျှမ်းလူမျိုးတွေရဲ့ အနီးကပ်ဆုံး ပြဿနာဖြစ်တယ်လို့ ကျနော်တို့ မြင်တယ်။ လူငယ်ကအစ အမျိုးသမီးပါမကျန် ယာမသုံးစွဲတယ်။ လယ်ယာ၊ တောင်ယာ၊ ခြံတွေမှာလည်း ယာမ သုံးပြီး အလုပ်လုပ်ကြတယ်။ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို ပညာပေးမယ့်သူ မရှိဘူး။ ထိုင်းနိုင်ငံ ကတော့ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို ပြောပြတာ ပညာပေးတာတွေ ရှိတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်းရမယ်။
DSC_0017
မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ မြန်မာအစိုးရကို
တိုက်ဖျက်ဖို့ အချက် ၅ ချက် - ၁) စိုက်တဲ့သူ၊ ၂) သုံးစွဲတဲ့သူ၊ ၃) ကူးသန်းရောင်းဝယ်တဲ့သူ၊ ၄) ဓာတုဆေးဝါးတွေ ယူဆောင်လာသူ၊ ၅) ချက်ပြုတ်တဲ့နေရာ။
တိုက်တွန်းချက် ၃ ချက် - ၁) မူးယစ်ဆေးဝါး အစားထိုး သီးနှံတွေ စိုက်ပျိုးသွားဖို့၊ ၂) မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို ပညာပေးသွားဖို့၊ ၃) ဝမ်းစာအတွက် လွတ်လပ်စွာ စိုက်ပျိုးဖို့ (ဥပမာ- အခွန်တိုးမြှင့်ကောက်တာ၊ အဓမ္မ ခိုင်းစေတာ မရှိဖို့)။
ကာကွယ်တားဆီးရေး ၆ ချက် - ၁) စိုက်ပျိုးတဲ့သူမရှိဖို့ ၂) သုံးစွဲသူတွေမရှိဖို့ ၃) ကူးသန်းရောင်းဝယ်တဲ့ သူတွေမရှိဖို့ ၄) ဓာတုဆေးဝါးတွေ ယူဆောင်လာတဲ့သူတွေမရှိဖို့ ၅) ချက်ပြုတ်တဲ့နေရာမရှိဖို့ နဲ့ ၆) မူးယစ်ဆေးဝါးနဲ့ဘိန်းကိုအကာအကွယ်ပေးမယ့်သူတွေမရှိဖို့ စတာတွေ တင်ပြတယ်။

ကျနော်တို့ဘဲ လုပ်ဆောင်လို့ မရဘူး။ အစိုးရနဲ့ ပူးပေါင်းရမယ်။ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရမယ်။ သျှမ်းပြည်မှာဆိုရင် အဖွဲ့အစည်းတွေ အများကြီး။ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းရမယ်။ အားလုံး ပူးပေါင်းပြီး လုပ်ဆောင်မယ်ဆိုရင် မူးယစ်ဆေးဝါးလည်း ပပျောက်သွားမယ်။ အနောက်နိုင်ငံက ထင်မြင်နေသလို ဒီအဖွဲ့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတယ်၊ ဟိုအဖွဲ့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတယ်ဆိုတာ လည်း မရှိတော့ဘူး။ ပူးပေါင်းမလုပ်ဆောင်နိုင်ဘူးဆိုရင် မူးယစ်ဆေးဝါးကြောင့် နာမည်ပျက်နေတဲ့ မြန်မာပြည်လည်း ဆက်ပြီးနာမည်ပျက်နေမှာဘဲ။ သျှမ်းပြည် တိုင်းရင်းသားတွေကို မူးယစ်ဆေးဝါး မသုံးစေချင်ဘူး။ ယာဘက ဘိန်းဖြူထက်ပိုဆိုးတယ်။ ယာဘသုံးစွဲတာဟာ ဘိန်းဖြူသုံးစွဲ တာထက် လူကိုထိခိုက်တာ ပိုမြန်တယ်။ ယာဘကို ၃ နှစ်ကြာ သုံးစွဲပြီးရင် ဦးနှောက်ပျက်ပြီ။ ဒါကို လူကြီးတွေက သားသမီးတွေကို သွန်သင်ဆုံးမသင့်တယ်။ ပဲ့ကိုင်သင့်တယ်။ ကျနော်တို့ ကျေးရွာတွေမှာ ပညာတွေပေးသွားမယ်။

မေး။ ။ RCSS/SSA က မူးယစ်ဆေးဝါး တိုက်ဖျက်မယ်ဆိုတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပြဿနာ ဖြစ်လာနိုင်မှာလဲ။ RCSS/SSA ဖက်က ဘယ်လို စီစဉ်ထားသလဲ။
ဖြေ။ ။ မြန်မာအစိုးရနဲ့ ပူးပေါင်းနိုင်ပြီဆိုရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးမယ်။ ဘယ်လိုဆွေးနွေးမယ်ဆိုတာတော့ မြန်မာအစိုးရနဲ့ ဆွေးနွေးရဦးမယ်။ မူးယစ်ဆေးဝါး မစိုက်ဖို့ မထုတ်လုပ်ဖို့ သတိပေးမယ်၊ အချိန်ပေးမယ်။ အဲဒါတောင် လုပ်နေသေးရင် ဥပဒေနဲ့ အရေးယူ သွားဖို့ ကျနော်တို့ဖက်မှာတော့ စီမံချက်ရှိပါတယ်။

မေး။ ။ RCSS/SSA က ၆ နှစ်အတွင်း မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်ဆောင်သွားမယ်ဆိုတာ ဖြစ်နိုင်မှာလား။
ဖြေ။ ။ အားလုံးပူးပေါင်းပြီး တိုက်ဖျက်သွားရင်တော့ ပပျောက်နိုင်ပါတယ်။ မပူးပေါင်းဘဲ မူးယစ် ဆေးဝါးကို ဂိမ်းသဖွယ် ကစားနေရင်တော့ ၆ နှစ်မပြောနဲ့ ၁၀ နှစ် အနှစ် ၂၀ လည်း မပျောက်နိုင်ဘူး။ ကြိုးစားပြီးလုပ်ရင်တော့ ပပျောက်နိုင်မယ်။ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်ရင် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်တယ်လို့ ထင်မြင်နေကြတဲ့ ကမ္ဘာကို ထင်ထင်ရှားရှားကြီး မြင်နိုင်အောင် ကျနော်တို့ ပြသရတော့မယ်။ ကျနော်တို့ လက်နက်ကိုင် တိုက်ပွဲဝင်တာ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ဖို့ မဟုတ်ဘူး။ အမျိုးသားအတွက်ဆိုတာ ပြသရတော့မယ်။ မူးယစ်ဆေးဝါးကို အမှီမပြုလည်း ကျနော်တို့ နေထိုင်လာနိုင်တာဘဲ။ သျှမ်းပြည်မှာ အရင်က ဘိန်းမစိုက်ဘဲ နေလာနိုင်တာဘဲ။ ဘိန်းကို တခြားနိုင်ငံ ကနေ ယူဆောင်လာတာပါ။ ဘိန်းမစိုက်တဲ့ နိုင်ငံတွေလည်း ကြွယ်ဝချမ်းသာနေတာဘဲ။ ဖွံ့ဖြိုးတိုးတက် နေတာဘဲ။ တော်လှန်ရေးလုပ်ဖို့ မူးယစ်ဆေးဝါးကနေဘဲ အထောက်အပံ့တွေရတာမဟုတ်ဘူးဆိုတာ ပြသရတော့မယ်။ အာဏာပိုင်တွေဟာ မူးယစ်ဆေးဝါးကို ဂိမ်းလိုသဘောထားပြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကစားနေတာကို ကမ္ဘာက သိသင့်ပြီ။
DSC_0018
မေး။ ။ ပြည်သူတွေကို ဘာများမှာကြားချင်ပါသလဲ။
ဖြေ။ ။ ၁) မူးယစ်ဆေးဝါးဟာ ဘ၀အတွက် အကျိုးရှိ/မရှိဆိုတာ စဉ်းစားသုံးသပ်ဖို့ အရေးကြီးဆုံးဘဲ။ ဘိန်းဖြူ၊ ယာဘဆိုတာ ကောင်းကျိုးမပေးဘူး။ ဒါကြောင့် သေချာစဉ်းစားဆုံးဖြတ်ပါ။
၂) လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ကိုယ့်လူမျိုး၊ တိုင်းပြည်အတွက် လက်နက်ကိုင် တိုက်ပွဲ ဝင်တယ်ဆိုတာ သိသင့်တယ်၊ နားလည်သင့်တယ်။ လက်နက်ကိုင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖို့ ဆိုတာမဟုတ်ဘူး။ အချင်းချင်း နားလည်မှု လွှဲတာလည်း မဖြစ်စေချင်ဘူး။
၃) မြန်မာပြည်သူတွေ၊ အဖွဲ့အစည်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံတွေ အားလုံးပူးပေါင်းပြီး မူးယစ်ဆေးဝါးကို တိုက်ဖျက်စေချင်တယ်။

နယ်စပ်တလွှား မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA က ထိုင်းအစိုးရနဲ့အတူ အင်တိုက်အားတိုက် လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့လို့ ထိုင်းအစိုးရကနေ ရွှေလင်းယုန်ဆုကို ပေးအပ်ချီးမြင့်ခဲ့ပါတယ်။ သျှမ်းပြည်တပ်မတော် RCSS/SSA ဟာ မြန်မာအစိုးရနဲ့ အပစ်မရပ်ခင်ကလည်း ဌာနချုပ် လွယ်တိုင်းလျဲန်း မှာ ဖမ်းမိမူးယစ်ဆေးတွေကို နှစ်စဉ် မီးရှို့ တိုက်ဖျက်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း အစိုးရ နဲ့ ဆိုင်ရာအဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေကို သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့နယ်ခွဲမှာ( ပြည်တွင်းမှာ) ပထမဦးဆုံး မီးရှို့တိုက်ဖျက်ရေးအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။