[moemakadaily@moemaka.biz] 11th June - MoeMaKa Daily

ကာတွန်းစောငို - နောက်ပြန်လှည့်ပြေးသူကြီးသို့ ကာတွန်း
ဇွန် ၁၁၊ ၂၀၁၂

Tu Maung Nyo - Going Backward in Burma


နောက်ကြောင်းပြန်လှည့်နေပြီ
တူမောင်ညို ။ ဇွန် ၁၁၊ ၂၀၁၂

အမှိုက်ကစ ပြဿဒ်မီးလောင်ပြီ။
            တကယ်တော့ ပြဿနာရဲ့မူလဇစ်မြစ်က "အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလု"တဲ့ ရာဇဝတ်မှုသာဖြစ်ပါတယ်။ ဒါကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအပိုင်း (မြို့နယ် အဆင့်)က စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ရမယ့်ကိစ္စပါ။
 ဒါပေမယ့် မြို့နယ်အဆင့်ကလည်း ဒီကိစ္စကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ကိုင်တွယ်နိုင်စွမ်းမရှိခဲ့တဲ့အပြင် ဆက်လက်ပြီးတော့ အပြစ်မဲ့သူလူ (၁၀) ဦး သတ်ဖြတ်မှု ထပ်မံဖြစ်ပွားခဲ့ရပြန်ပါတယ်။
 ဘယ်မှာလဲ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ ဘယ်မှာလဲ တရားဥပဒေစိုးမိုးမှု။
ဒီလိုဖြစ်စဉ်ဖြစ်ရပ်တွေကို နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြား နှင့် ရေဒီယို (FM ရေဒီယိုကွန်ယက်များ) များကနေ မီးလောင်ရာ လေပင့်တဲ့ အရေးအသားအသုံးအနှုန်းများနဲ့ ကြွလာ၊ ထလာအောင် ရေးသားထုတ်လွှင့်ပေးခဲ့ပြန်ပါတယ်။ ဒီတော့ ဦးသိန်းစိန်ရဲ့အရေးပေါ် မိန့်ခွန်းထဲမှာထည့်ပြောသွားတဲ့
" ဘာသာရေးနဲ့လူမျိုးရေးကို ရှေ့တန်းတင်တဲ့ ၊ မဆုံးနိုင်တဲ့မုန်းတီးမှုတွေနဲ့ လက်စားချေလိုမှုတွေ"
ပိုမို ကျယ်ပြန့်လာစေတော့တာပါပဲ။
ဒီလုပ်ရပ်ဟာ သတိတရားမဲ့၊ အသိတရားမဲ့၊ ဆင်ခြင်တုံတရားမရှိတဲ့၊ မိုက်မဲတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးသာ ရှက်တတ်မယ်ဆိုရင်တာဝန်ကနေနှုတ်ထွက်ရမှာပါ။
 "၁၆ဦး စုံစမ်းစစ်ဆေးရေးကော်မတီ" ဖွဲ့စည်းပြီးတဲ့ နောက်မှာ ဆက်လက် ပေါ်ပေါက်လာတဲ့ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ အကြမ်းဖက် သတ်ဖြတ်မှုအမုန်းမီးတောက်ဟာ "ဘူးသီးတောင်၊မောင်တော" ကနေ  ရခိုင်ပြည်နယ်တစ်ခုလုံးသို့ ကူးစက်ပျံ့နှံ့သွားခဲ့ပြီ။ တဟုန်းဟုန်း တောက်လောက်နေခဲ့ပြီ။ ဒါ့အပြင် အင်တာနက်အွန်လိုင်းတွေနဲ့ ဖဘ (Face Book) တွေပေါ်မှာလည်း မကြားဝံ့၊ မမြင်ဝံတဲ့စကားလုံးတွေ၊ ရုပ်ပုံတွေဖေါ်ပြရေးသားပြီး အပြန်အလှန်တိုက်ခိုက်နေကြပါတယ်။ 
မေလ ၂၈ ရက်၊ သပြေချောင်းကျေးရွာနေ မ---  အား "အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလု" မှုဖြစ်ပွားသည်။
ဇွန်လ ၃ ရက်၊ သံတွဲ- တောင်ကုတ်ကားလမ်းဆုံတွင် လူ ၁၀ ဦးအားသတ်ဖြတ်မှု ဖြစ်ပွားသည်။
ဇွန်လ ၅ ရက်၊ နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြား နှင့် ရေဒီယို (FM ရေဒီယိုကွန်ယက်များ)များကနေ မီးလောင်ရာ လေပင့်တဲ့ အရေးအသားအသုံးအနှုန်းများဖြင့်ထုတ်လွှင့်ရေးသားဖေါ်ပြသည်။
ဇွန်လ ၆ ရက်၊ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းသည်။
ဇွန်လ ၈ ရက်၊  မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များတွင် ပုဒ် ၁၄၄ ထုတ်ပြန်သည်။
ဇွန်လ ၉ ရက်၊ "မောင်တောမြို့နှင့်ဘူးသီးတောင်မြို့များတွင် အခြေအနေမျာ မူလအတိုင်ြး ပန်လည်တည်ငြိမ် အေးချမ်း လျက်ရှိ ကြောင်း" သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၀ ရက်၊  ရခိုင်ပြည်နယ်တစ်ခုလုံး အရေးပေါ်အခြေအနေကြေညာသည်။ 

ထူးဆန်းတာက ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့လုပ်ဆောင်မှုနဲ့အသံကို လုံးဝမကြားရတဲ့အချက်ပဲဖြစ် ပါတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်တွေဟာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်နိုင်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ တာဝန်ယူမှုနဲ့ဖြေရှင်းဆောင်ရွက်မှုကို မတွေ့မမြင်ရပါဘူး။
အနိမ့်ဆုံးတော့ ရခိုင်ပြည်နယ်လွှတ်တော် ရဲ့ အရေးပေါ် အစည်းအဝေးလောက်တော့ ခေါ်ယူသင့်ပါတယ်။ အခုတော့ ရခိုင်ပြည်နယ်လွှတ်တော် ဟာ ဘယ်လောက်အထိ ချိနဲ့တယ်။ ရုပ်ပြသဘောလောက်သာ ဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။
အခုတော့ "အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလု"တဲ့ ရာဇဝတ်ပြစ်မှုဟာ "ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း" ထိ ကျယ်ပြန့် သွား ခဲ့ပါပြီ။ ပြည်တွင်းစစ်ကာလတစ်လျောက်လုံးမှာ စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ "အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလု၊ ဘုရားရှိခိုး ကျောင်းမီးရှို့၊ ရွာမီးရှို့၊" စတဲ့ ရာဇဝတ်မှုတွေ အမြောက်အများကို "လိုင်စင်"ယူထားသကဲ့သို့ ကျူးလွန်ခဲ့တာပါ။ အဲဒီလို စစ်တပ်တွေက လူမဆန်တဲ့ ရာဇဝတ်မှုတွေကို ရှမ်း၊ ကရင်၊ ကချင်၊ မွန် စတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ခိုင်လုံတဲ့အထောက် အထားတွေနဲ့ ပြုစု ထားတဲ့  "အစီရင်ခံစာ" တွေ အမြောက်အများရှိနေပါတယ်။
"ရိုဟင်ဂျာ (ဘင်္ဂါလီ) ကိစ္စ" ကို အခုချိန်မှ ဘာကြောင့် တင်လာရတာလဲ။
 "မျိုးချစ်စိတ်ဓါတ်" ထက်သန်ပျံ့ပွားရေးအတွက်လား။ စစ်တပ်ကို အားကိုးအားထားပြုလာအောင်ဆိုတဲ့ မိုက်မဲတဲ့ တနပ်စား စဉ်းစားနည်းနဲ့လား။
 "ရိုဟင်ဂျာ (ဘင်္ဂါလီ)" တွေ တရားမဝင် ဝင်ရောက်လာတာဟာ ဘယ်သူ့တွေမှာတာဝန်ရှိသလဲ။ နယ်စပ်ဒေသ လူဝင်မှု စစ် ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက)မှာ တာဝန်ရှိပါတယ်။ (နစက)ကို စစ်တပ် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့နဲ့ ဖွဲ့စည်းထားတာပါ။ လေသံကြားတာနဲ့ မြန်မာနိုင်ငံသားမဟုတ်မှန်းသိနိုင်သူတွေ အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားနိုင်အောင် ဘယ်သူတွေက"ကူညီ" ထုတ်ပေးခဲ့တာလဲ။ (နစက)လား၊ (လဝက)လား။
ဒါ့အပြင်ပြဿနာဖြစ်ပွားနေတဲ့ မောင်တောခရိုင် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရေပြင်ရောကုန်းတွင်းပါ ထိစပ်နေပြီး မောင်တော ခရိုင်အတွင်းက မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်းဒေသတွေဟာ လူဦးရေ၊ နယ်မြေဒေသ အကျယ်အဝန်း၊ ဆန်စပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေအရ  ဝမ်းစာဖူလုံမှုမရှိခြင်း ၊ လူဦးရေထူထပ်များပြားနေခြင်း ၊  မွေးဖွားနှုန်း အဆမတန်တိုးပွားကာ နိုင်ငံတကာစံချိန် စံညွန်းထက်ကျော်လွန်နေခြင်း စတဲ့ ထူးခြားသောအခြေအနေများရှိနေပါတယ်။

လူဦးရေသိပ်သည်းမှုဘက်ကကြည့်ရင်လည်း စံချိန်တင်လောက်ပါတယ်။
 မောင်တောမြို့နယ်တွင်  တစ်စတုရန်းမိုင်လျှင် (၈၇၀) ဦး နဲ့ တောင်ပြိုလက်ဝဲမြို့နယ်ခွဲတွင် တစ်စတုရန်းမိုင်လျှင် (၇၀၁) ဦး ရှိပြီး ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းမိုင်လျှင်(၂၃၃)ဦးဖြစ်ပါတယ်။ ကပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လူဦးရေသိပ်သည်းဆက တစ်စတုရန်းကီလိုမီတာ တွင် လူဦးရေ  (၁၂၁၇) ဦး ဖြစ်ပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များနေထိုင်လျက်ရှိတဲ့ "ပြည်ထောင်စုဖွား ဒေသခံမြန်မာမူစလင်" များကိစ္စနဲ့ "ရိုဟင်ဂျာ (ဘင်္ဂါလီ)"ကိစ္စကို စနစ်တကျကိုင်တွယ်ဖြေရှင်းသွားရမှာပါ။
 နှစ်နိုင်ငံညှိနှိုင်းဆွေးနွေး ဖြေရှင်းသွားရမယ့်ကိစ္စလည်း ဖြစ်ပါတယ်။ စက်လှေပျက်ပြီး ဒုက္ခရောက်လာသူတွေကို စားနပ် ရိက္ခာ ပေးပြီး ပင်လယ်ထဲပြန်မောင်းချတဲ့ ဖြေရှင်းနည်းမျိုးကို အတုမယူသင့်ပါဘူး။
ကျနော်တို့တိုင်းပြည်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရေရောကုန်းပါ ဆက်စပ်နေတာပါ။ ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကိုးကွယ်ကြတဲ့ပြည်သူတွေ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်း၊ လုံလုံခြုံခြုံ နေထိုင်သွားလာလုပ်ကိုင်စားသောက်နိုင်တဲ့ ရေရှည်အာမခံချက်ရရှိနိုင် မယ့်ဖြေရှင်းမှုမျိုးကိုသာ ဦးတည်ချက် ထားဖြေရှင်းရမှာပါဖြစ်ပါတယ်။  

ချက်ခြင်း ဖြေရှင်းလို့ရမယ့် ကိစ္စမဟုတ်
ဒါကြောင့် "ရိုဟင်ဂျာ (ဘင်္ဂါလီ)"ကိစ္စကို ပြီးစလွယ်ဖြေရှင်းလို့မရပါဘူး။ စနစ်တကျအချိန်ယူပြီး ဖြေရှင်းရမှာပါ။ ဘင်္ဂလားဒေ့ရှ်နဲ့ ရေပြင်ပိုင်နက်အငြင်းပွားမှုကို ဘယ်လိုဖြေရှင်းခဲ့ကြသလဲ။
"ဘာသာရေးလူမျိုးရေး" လှုံ့ဆော်ပြီး အမျိုးသားရေးအလံကိုင်နေရာ ယူမယ်ဆိုတဲ့ ခပ်တုံးတုံး စဉ်းစားမှုမျိုးနဲ့တော့ ဖြေရှင်းလို့ မရ ပါဘူး။ ၂ နိုင်ငံ၊ ၂ ပြည်သူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မယ့်ဖြေရှင်းနည်းမျိုးနဲ့ဖြေရှင်းမှသာ ရေရှည်ပြေလည်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။
ပြည်တွင်းစစ်မရပ်စဲနိုင်သမျှ၊ ပြည်တွင်းငြိမ်းချမ်းရေးမရှိသမျှ၊ အမျိုးသားညီညွတ်ရေး မတည်ဆောက်သမျှကာလပတ်လုံး ဘယ် အစိုးရမျိုးပဲ တက်နေပါစေ ဒီလိုပြဿနာတွေကို ပြီးပြတ်ပြေလည်အောင်ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။
အခုတော့ ဦးသိန်းစိန်အစိုးရတာဝန်ရှိသူ အဆင့်ဆင့်က ကိုင်တွယ်ဖြေရှင်းလိုက်ကြတာဟာ နောက်ဆုံးမှာ ရခိုင်ပြည်နယ်တစ်ခုလုံး အရေးပေါ် အခြေအနေကြေညာရတဲ့ ဘဝကျရောက်သွားခဲ့ရပြီ ဆိုတဲ့အချက်နဲ့ သာဓကပြနေပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးအရေးပေါ်အခြေအနေကြေညာရတယ်ဆိုတာ "စိုးရိမ်သူတွေ" ပြောနေတဲ့ "နောက်ပြန်လှည့်မှု" ဖြစ်ပါ တယ်။ နောက်ပြန်လှည့်မှုဟာ ရခိုင်ပြည်နယ်မှာ စတင်ခဲ့ပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၄၁၃ (က) ကို သုံးမည်ဟု ဦးသိန်းစိန်၏ အရေးပေါ်ကြေညာချက် အမိန့်အမှတ် (၁/၂၀၁၂) မှာ ဖေါ်ပြထားပါတယ်။


ညွန်း
-       ပြန်ကြားရေးဝန်ကြီးဌာန၊ Website မှ ထုတ်ပြန်ကြေညာချက်များ
-       ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၇) မှ ဦးဇာယာဒ်ရော်မံ(ခ) ဦးဌေးဝင်း ၏ အမျိုးသားလွှတ်တော်တွင်းမေးမြန်းချက်ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်း ၏ ပြန်လည်ဖြေကြားချက် ( ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂ ရက် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၈ ၊ ကော်လံ ၁)
-       ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

Myeik Road in bad shape - state governor ignorant

 
မြိတ်မြို့ကလမ်းတွေ ဘယ်သူပြင်မှာလဲ၊ ယုဇနဦးဌေးမြင့်လား၊ ၀န်ကြီးချုပ်လား
မြိတ်သားတဦး၏ မိုးမခထံပေးစာ၊ ဇွန် ၁၁၊ ၂၀၁၂
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြတ်ကို ထံသို့
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုခင်ဗျား။ မြိတ်မြို့ မြို့သူမြိတ်သားများ ကိုယ်စား တင်ပြချင်ပါတယ်။ ၀န်ကြီးချုပ်က ပြည်သူတွေ အမှန်တကယ်ရွှေးချယ်ထားတဲ့ ကိုယ်စားလှယ် ဟုတ်ပါရဲ့လား။ ပြည်သူတွေရဲ့ အကျိုးအတွက် အမှန်တကယ်ဖြည့်ဆည်းပေးမဲ့သူ ဟုတ်ပါရဲ့လား။
မြိတ်မြို့ရဲ့မြို့တွင်းလမ်းတွေက အလွန်အမင်းဆိုးဝါးနေကြောင်း အင်တာနက်သတင်းများမှ တင်ပြပြီးဖြစ်သော်လည်း လမ်းများကိုလုံးဝပြုပြင်ခြင်း မရှိပါ။ ၄င်းလမ်းအပိုင်းကို ဘီအိုတီစနစ်ဖြင့် တာဝန်ယူသူမှာ ယုဇနကုမ္ပဏီမှ မြိတ်သားသူဌေး ဦးဌေးမြင့်ဖြစ်ကြောင်း သိရှိရသည်။ ရွေးကောက်ပွဲမတိုင်ခင်က လမ်းများကို မည်ကဲ့သို့ပြုပြင်ပေးမည်ဟု ကတိအမျိုးမျိုးပေးသော်လည်း လက်တွေ့မှာတော့ ဘာမှ ဘာမှ ဖြစ်မလာ
ခဲ့ဘူး။ ဦးဌေးမြင့်သည် နိုင်ငံတော်ပိုင် (ပြည်သူတွေပိုင်)တဲ့ သယံဇာတအမျိုးမျိုးကို မတရားသောနည်းဖြင့် ခိုးယူနေသူဖြစ်သည်။ အထက်(ထိပ်ပိုင်း) လူကြီးများနှင့်ရင်းနှီး၍ တော်ရုံ(တန်ရုံ) ၀န်ကြီးများကို ဂရုမစိုက်တတ်ကြောင်း၊ ၄င်းကို ကြောက်နေရကြောင်း ၄င်းနှင့်နီးစပ်သူများမှတဆင့် သိရှိရပါသည်။
အဲဒါတွေကြောင့် ၀န်ကြီးချုပ် ဦးမြတ်ကိုအနေဖြင့် ဦးဌေးမြင့်ကို ကြောက်နေတာလား။
ထိုင်ခုံပျောက်သွားမှာ စိုးလို့လား။ ဒီလမ်းကိစ္စတောင်မှ မဆောင်ရွှက်နိုင်တော့ဘူး ဆိုရင် ဘယ်လိုလုပ်မလဲ (ပြည်သူတွေမှာ လမ်းပြင်ဖို့ ငွေထပ်ကောက်မှာလား) ။
ပုံပြောနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင် လာရောက်ခံစားကြည့်ပါ။ ၀န်ကြီးချုပ် ဦးမြတ်ကိုခင်ဗျား။       ။

June 10th - MoeMaKa Radio

ဇွန် ၁၀၊ မိုးမခရေဒီယို
ချစ်လျက်နဲ့သာ - ဦးပန်တျာ
သတင်းတိုထွာ၊ သီချင်းပဒေသာ
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်များ စုစည်းချက်
ရခိုင်ပြည်နယ် ရိုဟင်ဂျာ(ဘင်ဂါလီ) အဓိကရုဏ်းသတင်း စုစည်းချက်
မြန်မာသူကြွယ်ကြီးများ - ကုလအစီရင်ခံစာ
ဗိုလ်ချုပ်ပြတိုက် - ဖြိုးဝေသာ၊ ဧရာဝတီ
ဗိုလ်ချုပ်မှူးကြီး အနားယူသွားပြီ - ဇာဂနာပြက်လုံး
အထူးကဏ္ဍ - လိုက်ကာအဖွင့် ကဗျာ၊ ကျော်ဟုမ်း
ဒေ၀ဒတ်ဘ၀ဇာတ်ကြောင်း - ဦးသုခ ဟောပြောပွဲ
စီစဉ်သူ - ဦးပန်တျာ၊ မေရီ၊ သံစဉ်ရတနာ

OKay Linn - Comment will rebuild Burma ?


ကာတွန်း အိုကေလင်း - မြေအုတ်တို့ ပြိုလေသော် ကွန်မင့်တို့ဖြင့် ပြည်သစ်တည်အံ့
ဇွန် ၁၀၊ ၂၀၁၂

voices on current conflict (Part two)


ရခိုင်ဒေသအရေး စာကိုး၊ စကားကိုး (အပိုင်း ၂)
ဇွန် ၁၁၊ ၂၀၁၂

ကဗျာဆရာစောဝေ (ဓာတ်ပုံ-Venus News Weekly)

ကျွန်တော်တို့ အနေနဲ့ ဝေါဟာရ သုံးစွဲရတာ တော်တော်ကို အခက်အခဲ ရှိပါတယ်။ ဘင်္ဂလီလို့ သုံးရင် ရခိုင်ပြည်နယ်ထဲက အစ္စလာမ် ဘာသာဝင်တွေက မကြိုက်ပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနုန်းကို သုံးရင်လည်း ရခိုင်အမျိုးသားတွေက လုံးဝ လက်မခံပါ။ ဒါကြောင့် ပြဿနာ အနည်းဆုံး ဖြစ်အောင် အစ္စလာမ် ဘာသာဝင်တွေဆိုတဲ့ အသုံးအနုန်းကို သုံးရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ လူမျိုး၊ ဘာသာကို စော်ကားလိုတဲ့ အတွက် သုံးခြင်း မဟုတ်ပါ။
ခိုင်မြတ်ကျော်
နိရဉ္စရာသတင်းဌာန အယ်ဒီတာ

"သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်မှု တော်တော် နောက်ကျတယ်။ အဲဒီ မငြိမ်သက်မှုက နေ့လည် ၁ နာရီ ကတည်းက စဖြစ်တာ။ ညနေ ၄ နာရီထိ လုံခြုံရေး ချထားပေးခြင်း၊ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးတာကို ကျနော်တို့ တွေ့ရတယ်။ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေလည်း စိုးရိမ် ထိတ်လန့် နေရတဲ့ အခြေအနေ ဖြစ်နေတယ်"
ဦးခိုင်ကြည်စိုး၊ အတွင်းရေးမှူး၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ
Hot News Weekly ဂျာနယ်
http://www.hotnewsweekly.com/

ဒီဖြစ်စဉ်များ ဖြစ်ပွားစကပင် မိဘ ပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေအရပ်ရပ် ကျယ်ပြန့်လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့အတွက် လည်းကောင်း ယခင်က ရှင်းလင်း ပြောကြားမှု မပြုခဲ့ခြင်း ဖြစ်ပါတယ်။

သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက်ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန် ပြင်ဆင် ကြိုးပမ်းမှုများ ထပ်မံ ဖြစ်ပေါ် ခဲ့တဲ့အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ ရ ပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများ ကပါ သိရှိပါဝင် ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ ယူဆတဲ့ အတွက် ယနေ့ မိဘပြည်သူများကို ယခုလို ရှင်းလင်း ပြောကြားခြင်း ဖြစ်ပါတယ်။

--- ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေ အပေါ်မှာ ဥပဒေနဲ့ အညီ ဖြေရှင်း ဆောင်ရွက်သွား မှာ ဖြစ်သလို ဒီလို ဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်း စည်းကမ်းများနဲ့ အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။ ဒီဖြစ်စဉ်မှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့ သူများ အတွက်လည်း တရားမျှတမှု ရှိအောင် အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးက သဘောထား ကြီးကြီး ထားပြီး အစစအရာရာ နားလည်ပေးကြ ဖို့ ပြောကြားလိုပါတယ်။
သမ္မတဦးသိန်းစိန်

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ လွန်ကဲသောရေးသားဖော်ပြချက်များကို တွေ့လာရသဖြင့် နိုင်ငံတော်အေးချမ်း တည်ငြိမ်မှုကိုပျက်ပြားစေသည့် ရေးသားဖော်ပြမှုများ ဆက်လက်ပြုလုပ်ပါကတည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။ ယနေ့ ဇွန်လ(၁၀)ရက်နေ့ ညနေ ၇ နာရီက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြည်တွင်း ပြည်ပ သတင်းဌာနများအား ခေါ်ယူတွေ့ဆုံကာ ထိုသို့သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
Popular Myanmar News Journal
http://www.facebook.com/PopularNewsJournal

Burma Campaign U.K က တာဝန်ရှိတဲ့သူတွေနဲ့ ကျနော်တွေ့တဲ့ အခါမှာ ခင်ဗျားတို့ အဲဒီကိစ္စကို လုံးဝ မလုပ်ပါနဲ့ဆိုတာကို တိတိလင်းလင်းကျနော် ပြောကြားခဲ့တယ်။ ကျနော်ပြောတဲ့ အချိန်ကစပြီး သမီးကလည်း သူ့ကိုယ်သူ ဆင်ဆင်ခြင်ခြင်နဲ့ နေထိုင်လုပ်ကိုင်နေတာ ခင်ဗျားတို့ နောက်ပိုင်းကြားမှာပါ။ ကျနော့်သမီးနဲ့ပတ်သက်ပြီး ကျနော် တာဝန်ယူတယ်။ သူလုပ်တာ မဟုတ်ဘူးဗျ။ ကလေးဆိုတော့၊ လူငယ်ဆိုတော့ သူ့အနေနဲ့က လုပ်ချင်ကိုင်ချင်စိတ်က များတယ်။ ကျနော်တို့လိုတော့ နိုင်ငံရေးကို ဘယ်နားလည်နိုင်သေးမလဲဗျာ။ ကျနော် မေတ္တာရပ်ခံပါတယ်။ ရိုဟင်ဂျာကိစ္စ ဆန္ဒပြတာမှာ သမီးဟာ ယောင်ပြီးတော့ ပါသွားမိတယ်လို့ ကျနော်နားလည်တယ်။ နောက်လုပ်စရာ အကြောင်းအရင်းလည်း မရှိသလို နောက်ထပ်မဖြစ်တော့ဘူးဆိုတာ ကျနော် အာမခံတယ်။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေး

ပိုမို ဖတ်ရှုရန်

Messenger ဂျာနယ်၏ မေတ္တာရပ်ခံချက်

ရမ်းဗြဲနဲ့ တောင်ကုတ်လူသတ်မှု နိရဉ္စရာ လက်မခံ

မြန်မာပြည်အပေါ်မှာ သစ္စာစောင့်သိရမယ်



ESM Goh to visit Burma


စင်္ကာပူဝန်ကြီး ဂိုချုပ်တောင် မြန်မာပြည် လာမယ်
(asiaone သတင်းကို မိုးမခက ဘာသာပြန်တယ်)
ဇွန် ၁၀၊ ၂၀၁၂

(photo by AP)

စင်္ကာပူဝါရင့်ဝန်ကြီး ဂိုချုပ်တောင်နှင့် အဖွဲ့သည် ဇွန် ၁၁ မှ ၁၄ အထိ မြန်မာပြည်သို့ သွားရောက်မည်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၊ ကုန်သွယ်ရေးနှင့်စက်မှုဌာန ၀န်ကြီး၊ အရှေ့မြောက်ဒေသမြို့တော်ဝန်တို့အပြင် ၀န်ကြီးဌာနပေါင်းစုံမှ အကြီးတန်းအရာရှိများလည်း လိုက်ပါမည်ဟု သိရသည်။

သမ္မတဦးသိန်းစိန်၏ ၂၀၁၂ ဇန်န၀ါရီ ချစ်ကြည်ရေးခရီးနောက်ပိုင်း အပြန်အလှန် လည်ပတ်ခြင်းဖြစ်သည်။

စင်္ကာပူဝါရင့်ဝန်ကြီး ဂိုချုပ်တောင်သည် နေပြည်တော်တွင် သမ္မတဦးသိန်းစိန် နှင့် ၀န်ကြီးများကို တွေ့ဆုံမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ဗဟိုဘဏ် ဥက္ကဋ္ဌ၊ သမ္မတ၏ စီးပွားရေး ကဏ္ဍ အကြံပေးအရာရှိ ဦးမြင့် နှင့် ဦးဝင်စတင်ဆက်အောင်တို့နှင့်လည်း တွေ့မည်ဟု ဆိုသည်။

ရန်ကုန်တွင် ရန်ကုန်ဒေသဖွံ့ဖြိုးတိုးတက်ရေးအခြေအနေများကို သိရှိရန် တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ မြို့တော်ဝန်ဦးလှမြင့်တို့နှင့်တွေ့မည်ဖြစ်သည်။

(၀န်ကြီးချုပ်ဟောင်း) ဂိုချုပ်တောင်သည် ၂၀၀၉ ဇွန်လကလည်း မြန်မာပြည်သို့ သွားရောက်ခဲ့ဖူးသည် (အပေါ်ပုံ)။


မူရင်း - http://news.asiaone.com/News/Latest%2BNews/Singapore/Story/A1Story20120610-351699.html

situation in Sittwe


စစ်တွေမြို့ လုံခြုံရေးမလုံလောက်၊ အခြေအနေ ပိုဆိုးလာ
Eleven Media Group http://www.weeklyeleven.com
ဇွန် ၁ဝ၊ ၂ဝ၁၂

(ဓာတ်ပုံ-Eleven Media Group)

စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း စစ်တွေမြို့မှ ရရှိသော သတင်းများအရ သိရသည်။ စစ်တွေမြို့ မင်းဂံရပ်ကွက်၁၃ သို့ နံနက် ၁၀ နာရီ မိနစ်၃၀အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသးများနှင့် ထိပ်တိုက် တိုးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသားများ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသားလေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ဓာတ်ပုံများနဲ့ သတင်းအသေးစိတ်ကို Eleven Media Group ရဲ့ ၀က်ဆိုက် http://www.weeklyeleven.com/index.php?option=com_content&view=article&id=14031:2012-06-10-07-57-31&catid=42:2009-11-10-07-36-59&Itemid=112 မှာ ကြည့်ရှုနိုင်ပါပြီ

news from Eleven Media Group website


ရခိုင်ဒေသ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသည်ဆိုသော သတင်းများ မကြားသိရသေး
Eleven Media Group http://www.weeklyeleven.com
ဇွန် ၁ဝ၊ ၂ဝ၁၂

သတင်း နှင့် ဓာတ်ပုံ - Eleven Media Group

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား ဖြစ်ပွားနေသော ဖြစ်စဉ်များကြောင့် စစ်တွေမြို့ကို လုံခြုံရေး ရယူထားသော လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည်ဆိုသော သတင်းများ မကြားသိရ သေးကြောင်း စစ်တွေမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံ ရိုက်နှက်မှု ဖြစ်စဉ်များကြောင့် သေဆုံးထိခိုက် ဒဏ်ရာရသည့် သတင်းများသာ ကြားသိရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ဘင်္ဂါလီရိုဟင်ဂျာများသည် ဒေသခံရခိုင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်များသို့ ၀င်ရောက်ဖျက်ဆီးရန် ကြိုးစားမှုများ ရှိနေကြောင်း၊ ထိုကဲ့သို့ ကြိုးစားမှုများကို ဒေသခံ ရခိုင်လူမျိုးများက ကာကွယ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း ခြောက်လှန့်ပစ်ခတ်မှုများရှိနေကြောင်း၊ မြို့ကို တာဝန်ယူထားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အရေအတွက်မှာ ရခိုင်လူမျိုးများ၏ အသိုက်အ၀န်းကို ဖျက်ဆီးရန် ကြိုးစားနေသော ဘင်္ဂါ လီရိုဟင်ဂျာများအား ထိန်းနိုင်ရန်အတွက် လုံလောက်သည့် အရေအတွက် မဟုတ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်မှုများကိုသာ ပြုလုပ်နေမှုကို စစ်တွေမြို့ခံများက အားမလို အားမရ ဖြစ်နေကြောင်း ပြောကြားခဲ့ကြပြီး ဒေသခံရခိုင်လူမျိုးများ၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်နေသည့် ဘင်္ဂါလီ ရိုဟင်ဂျာများအား ထိထိရောက်ရောက် နှိမ်နင်းစေလိုကြောင်း ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

ခြောက်လှန့် ပစ်ခတ်မှုများကိုသာ အဓိကပြုလုပ်နေမှုကြောင့် ဘင်္ဂါလီ ရိုဟင်ဂျာများအနေဖြင့် ကြောက်ရွံ့မှုမရှိဘဲ ဒေသခံရခိုင်လူမျိုးများ၏ နေအိမ်များ၊ ရွာများကို မီးရှို့ ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က မှတ်ချက်ပြုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းရှေ့ ဖြစ်စဉ်တွင်မူ ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၁ ဦး ရှိခဲ့သည်။

TheGeek - Let's hate Obama


အမုန်းကြီးတာ အငြှိုးကြီးတာ မဆန်းပါ၊ ဖောက်ထွက် ကျော်ဖြတ်နိုင်ဖို့က အရေးပါ
(အိုဘားမားကို မုန်းတယ်)
နိုင်ငံတကာသာဂိ၊ ဇွန် ၁၀၊ ၂၀၁၂
အမေရိကားမှာ 9/11 ဖြစ်တယ်။ ၂၀၀၁၊ စက်တင်ဘာ ၁၁၊ ဘာသာရေးအစွန်းရောက်တွေက အမေရိကန်ပြည်၊ နယူးယောက်မြို့တော်က မိုးမြင့် ကုန်သွယ်ရေးစင်တာ အဆောက်အဦ ၂ ခုကို တိုက်ခိုက် ဖျက်ဆီးလိုက်တယ်။ အဲသည်မှာ အစွန်းရောက်အကြမ်းဖက်သမားတွေက အမေရိကန်တွေကို ဘာသာရေးစစ်ပွဲ ကြေညာလိုက်ပြီလို့ စိန်ခေါ်လိုက်တယ်။ မူစလင်ဘာသာဝင်တွေနဲ့ အခြားဘာသာဝင်တွေအကြား စစ်ပွဲကြီး ဖြစ်ရတော့မလို ဖြစ်သွားတယ်။ သို့သော် အမေရိကန်က ဒါဟာ ဘာသာရေးအစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ လက်ချက်အဖြစ် သတ်မှတ်တယ်။ အယ်လ်ကိုင်ဒါတွေနဲ့ မဟာမိတ် အစွန်းရောက်တွေကို စစ်ကြေငြာပြီး ကမ္ဘာအနှံ့လှည့်ပြီး စစ်တိုက်တော့တာပဲ။ ခရစ်ယာန်နဲ့ မူစလင်စစ်ပွဲမဟုတ်ဘူး၊ အမေရိကန်နဲ့ အယ်လကိုင်ဒါဦးဆောင်တဲ့ အစွန်းရောက်အကြမ်းဖက်အုပ်စုတွေရဲ့ စစ်ပွဲ။
ဒါပေမယ့် အယ်လ်ကိုင်ဒါရဲ့ အကြမ်းဖက်စစ်ပွဲကြောင့် အမေရိကန်ပြည်ထဲက မူစလင်ဘာသာဝင်တွေ၊ လူဖြူမဟုတ်တဲ့ အသားအရောင်ကွဲပြားသူတွေဟာ အမေရိကန် ခရစ်ယာန်တွေ၊ လူဖြူလူမျိုးစုတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်း မုန်းတီးခြင်းတွေ ခံကြရတယ်။ အဲသည်အတွက် အစိုးရတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဘာသာစုံ လူမျိုးစုံတွေဟာ အဲသည် ဘာသာခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုတွေရဲ့ အမုန်းစစ်ပွဲ၊ အငြှိုးစစ်ပွဲကြီးတွေကို တွန်းလှန်ရင်ဆိုင်ကြရတော့တာပါပဲ။ အဲဒီ သံသယတွေကြားထဲကနေ လူသားမျိုးနွယ်တွေဟာ အချင်းချင်း လက်တွဲကြဖို့ ကြိုးစားခဲ့ကြ၊ ကြံ့ကြံ့ခံခဲ့ကြရတယ်။
အဲသည်ဟာတွေရဲ့ နောက်ဆက် အမေရိကန်သားစစ်စစ် လူမည်းသမ္မတလောင်း အိုဘားမား ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားတဲ့အခါ အိုဘားမားဟာ လူမည်း၊ ကုလား၊ မူစလင်လို့ အပုတ်ချ တိုက်ခိုက်ခြင်း ခံရတယ်။ သူဟာ အာဖရိကတိုက် ကင်ညာသားဖခင်နဲ့ အမေရိကန်မိခင်တို့က မွေးဖွားသော်လည်း အမေရိကန်ပြည်မှာ မွေးတာမဟုတ်၊ ပြည်ပမှာမွေးတာမို့လို့ သမ္မတအရွေးမခံသင့်ဘူးလို့ ပြောဆို စွတ်စွဲ ရှုပ်ချခြင်း ခံခဲ့ရတယ်။
အမေရိကန်မှာ အသားဝါသူတွေဆိုရင် တရုတ်၊ အသားမည်းရင် ကပ္ဗလီပဲ၊ အသားညိုသူတွေဟာ ကုလားတွေလို့ လူဖြူမျိုးနွယ်စုတွေထဲက အမြင်မကျယ်သူတွေက အကြမ်းအားဖြင့်သတ်မှတ်တာကြောင့် အိုဘားမားဟာ ကုလား၊ မူဆလင်၊ ပြည်ပသားတဦးလို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်း မဲဆွယ်ပွဲတလျောက်မှာ ရင်ဆိုင်ခဲ့ရတာကို တွေ့ရပါတယ်။
အခုအချိန် အမေရိကန်သမ္မတကြီးအဖြစ် အိုဘားမား ရွေးချယ်ခံရသည့်တိုင်အောင် အိုဘားမားဟာ သူတို့ခေါင်းဆောင်မဟုတ်ဘူးလို့ ခေါင်းမာငြင်းဆန်သူတွေ ရှိနေတယ်။ အိုဘားမားလုပ်သမျှကို မကောင်းမြင်နေတာကြောင့် သူတို့လို အစွန်းရောက်အမြင်ရှိသူတွေဟာ အခြားတဖက်က ဘာသာရေးအစွန်းရောက်အကြမ်းဖက်ဝါဒီတွေလိုပဲ အိုဘာမားကို မုန်းလိုက်တာမှ အမေရိကန်ကို ချစ်မြတ်နိုးတာထက် အိုဘားမားကို မုန်းတာက အစွန်းရောက် လွန်းနေတယ်လို့ပြောယူရတယ်။
အိုဘားက အခြောက်တွေ လိင်တူချင်း ချစ်ခင်လက်တွဲလိုသူတွေကို လက်ခံတဲ့အတွက် အခြောက်တွေကိုလည်း မုန်းတယ်၊ အိုဘားမားကိုလည်း မုန်းတယ်။ အိုဘားမားက အမေရိကန်ပြည်သူတွေအတွက် အဖိုးနှုန်းသက်သာတဲ့ ကျန်းမာရေးအာမခံစနစ်ကို ဥပဒေပြုတဲ့အတွက် အဲသည်ကျန်းမာရေးစနစ်ကိုလည်း မုန်းတယ်၊ အိုဘားမားကိုလည်း မုန်းတယ်။ အိုဘားမားဟာ စီးပွားကျနေချိန်မှာ ပြည်တွင်းမှာ သက်သာချောင်ချိရေး ထောက်ပံ့ငွေတွေ ထုတ်ယူ သုံးစွဲပြီး ပြည်သူတွေကို အားကန်ပေးလို့ အဲသည်လို လက်ဖြန့်ခံနေတဲ့ ပြည်သူတွေကို မုန်းတယ်၊ အိုဘားမားကိုလည်ုးမုန်းတယ်။ အမြတ်ကြီးစား စားသုံးသူတွေလှည့်စားတဲ့ ဘဏ်တွေ၊ အရင်းရှင်ကြီးတွေကို အရေးယူတာ စည်းကမ်းတင်းကြပ်တာတွေ လုပ်တဲ့အတွက် အိုဘားမားကို မုန်းတယ်၊ အဲသည်လို စည်းကမ်းဥပဒေတွေကိုလည်း မုန်းလိုက်ကြတယ်။ တိုင်းပြည်က ကြပ်တည်းတော့ ချမ်းသာသူတွေဆီက အခွန်အခနဲ့ အစိုးရတွေ အစိုးရလုပ်ငန်းတွေ လည်ပတ်နေရတဲ့အတွက် အခွန်အခတွေ တိုးကောက်ချင်တဲ့ အိုဘားမားကိုမုန်းတယ်၊ အဲသည်လို အခွန်အခတွေတိုးတာကိုလည်း မုန်းတီးကြတယ်။
အဲသည်လိုမျိး အမုန်းတရားတွေ အငြိုးတရားတွေ ကြီးမားနေလိုက်ကြတော့ တကယ်တန်း အမေရိကန်ုကြီးကို တိုက်ခိုက်ခဲ့တဲ့ အယ်လကိုင်ဒါခေါင်းဆောင်တွေကို အိုဘားမားအစိုးရက ရှင်းလင်းနှိမ်နှင်းလိုက်နိုင်ခဲ့တာတွေကို မမြင်နိုင်တော့ဘူး၊ အသိအမှတ်မပြုနိုင်တော့ဘူး၊ အိုဘားမားကို မုန်းနေလိုက်တာမှ ခုနင်က အစွန်းရောက်အကြမ်းဖက်သမားတွေကို လုပ်ကြံသတ်ဖြတ်တဲ့အိုဘားမားကိုတောင်မှ အစွန်းရောက်လူမျိုးကြီးဝါဒီ အမေရိကန်ကြီးတွေက ရာဇ၀တ်မှုကျူးလွန်ပါတယ်ဆိုပြီး အရေးယူကြဦးမယ် လုပ်ကြသေးတယ်။
အာရပ်နွေဦးမှာ မွတ်ဆလင်ဘာသာဝင် အာရပ်လူမျိုးတွေ၊ အာဖရိကန်သားတွေက အာဏာရှင်တွေကို ဆန့်ကျင်ပြီး ထကြွတော်လှန်ကြတော့လည်း အိုဘားမားဟာ အားနည်းသူတွေဖက်က မရပ်လို့၊ အားကြီးသူတွေဖက်က မလိုက်လို့ ဆိုပြီး အမျိုးမျိုး ပြောဆိုဝေဖန် ပြစ်တင်ခံရတယ်။ ပြည်တွင်းက ခရစ်ယာန်ဝါဒီ၊ လူဖြူလူမျိုးကြီးဝါဒီတွေရဲ အစွန်းရောက်တွေရဲ့ အမုန်းနဲ့ အခြားတဖက်က ဘာသာရေးအစွန်းရောက် အကြမ်းဖက်ဝါဒီတွေရဲ့ အမုန်းတရား အာဃာတတရားတွေအောက်မှာ၊ နှစ်ဖက်ကြားမှာ လူမည်း သမ္မတကြီးဟာ ကြံ့ကြံ့ခံပြီး တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်နေရရှတယ်။
အမေရိကန်လို ချမ်းသာ၊ ပညာတတ်၊ ထိပ်တန်း၊ သြဇာကြီးတဲ့ နိုင်ငံကြီးမှာတောင် ဘာသာရေး၊ အသားအရောင်၊ လူမျိုးရေး၊ အယူအဆ၊ လိင်တူ လိင်ကွဲ၊ လူတန်းစားတွေပေါ်မှာ အခြေပြုပြီး အမုန်းတရားတွေ၊ စိတ်ဝမ်းကွဲတာတွေ၊ အငြိုးအာဃာတထားကြတာတွေ အများအပြားဖြစ်နေတာ မြန်မာပြည်လို အခြား နိုင်ငံတွေမှာ ကွဲပြားခြားနားမှုတွေကို သီးခံခွင့်လွှတ်နိုင်ခြင်း မရှိတာ၊ အချင်းချင်း ပဋိပက္ခဖြစ်နေကြရတာ မဆန်းဘူးလို့ ဆိုရမလားပဲ။
တခုတော့ ရှိတာပေါ့လေ၊ လူမုန်းများတဲ့ အိုဘားမားကတော့ သူလုပ်စရာရှိတဲ့ အလုပ်၊ သူယုံကြည်တဲ့အလုပ် သူလူ၊ သူပရိသတ်နဲ့၊ သူ့ဝါဒနဲ့ ဆက်လုပ်နေရတာပါပဲ။ နှစ်ဖက်သော အစွန်းရောက်သမားတွေ (အကြမ်းဖက်သူတွေကော၊ အကြမ်းမဖက်ဘဲ ရမ်းကားနေသူတွေအပါအ၀င်)ကို သူတို့လို အငြှိုးတကြီး၊ အမုန်းတရားကြီးနဲ့ လက်တုန့်ပြန် အကြမ်းဖက်စော်ကားခြင်း ပြန်လည် မပြုလုပ်တာကတော့ အသေအချာ အထင်အရှားပါပဲ။ မြန်မာပြည်မှာလည်း လက်ရှိအခြေအနေ ပဋိပက္ခတွေအောက်ကနေ ဘယ်လို ဖြတ်ကျော် ကြရမယ်ဆိုတာကို ဥာဏ်ကြီးသူ၊ အသည်းနှလုံးကြီးမြတ်သူများကတော့ လမ်းရှာတွေ ကြပြီး ဖြစ်လိမ့်မယ်၊ အဲသည်ကနေ နိုင်ငံအတွက် အကျိုးရှိမယ့် လမ်း၊ အမြတ်ထွက်မယ့်လမ်းကို ရွေးပြီးကြပြီ ဖြစ်လိမ့်မယ်လို့ ယူဆပါကြောင်း တင်ပြလိုက်ရပါတယ်။

--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives