ဒေါက်တာမြန်အောင်၊ ဇွန် ၃၊ ၂၀၁၂
နိဒါန်း
ကတိသစ္စာတည်မြဲမှုသည် လူတစ်ယောက်၏ တန်ဖိုးပင်ဖြစ်သည်။ ကတိဆိုရာမှာလည်းအမျိုးမျိုး ကွဲသေးသည်။ နှုတ်ကတိ စာကတိ နားလည်မှုကတိ။
မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး၊ လူမျိုးရေး ပြသာနာအားလုံးမှာ ကတိမတည်မှုကြောင့် ဖြစ်ခဲ့ရသည့် ဖြစ်နေရသည့် ပဋိပက္ခဖြစ်သည်ဟု ဆိုသော်လွန်အံ့မထင်။ ရွေးကောက်ပွဲပြီးလျင် စစ်တန်းလျားပြန်မယ် ဆိုသောကတိ။ ဒီကတိကို မတည်နိုင်သောကြောင့် တင်းမာမှုတွေ ဖြစ်ကုန်ကြသည်။ ကတိပေးသူက ပေးပြီး ဖောက်ဖျက်သူက မရှက်မကြောက်ဖောက်ဖျက်ခဲ့ကြသည်။ ကတိပေးသူက မပိုင်နိုင်ဘဲ၊ အားလုံးကို ကိုယ်စားမပြုနိုင်ဘဲ မိမိတစ်ဦးတည်းသဘောဖြင့် ကတိကျွံခဲ့သဖြင့် နောက်ကွယ်မှလူများ၏ မျက်နှာအိုးမဲသုတ်ခြင်း ခံရသည်ဟုသာ အကြမ်းဖျင်းမှတ်ယူထားရပေမည်။ ပြန်ဆန်းစစ်ကြည့်ကြပါစို့။
မြန်မာနိုင်ငံရေးသမိုင်းတွင် ကတိသစ္စာဖောက်ဖျက်မှုသည် ဤအဖြစ်အပျက်မတိုင်မီ နှစ်ပေါင်းများစွားကတည်းကပင် ရှိခဲ့ပေပြီ။ ပင်လုံကတိက၀တ် ချိုးဖောက်မှုပင်။ ဗိုလ်ချုပ်အောင်ဆန်းတည်ဆောက်ခဲ့သော၊ မျှော်မှန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနာဂတ်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ တစ်နည်းဆိုသော ဗိုလ်ချုပ်အောင်ဆန်းကို သစ္စာဖောက်ခြင်းဖြစ်သည်။ ကချင်အပါအ၀င် တိုင်းရင်းသားများက ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်သည်။ လေးစားသည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ရိုသားသော ဗမာလူမျိုးတစ်ဦးပီပီ ဖြောင့်မတ်သည်။ သို့သော် နောက်ကွယ်မှ သဘောထားသေးသိမ်သည့် အမြင်ကျဉ်းမြောင်းသည့် ဗမာခေါင်းဆောင်တစ်ချို့က ဗိုလ်ချုပ်မျက်နှာ အိုးမဲသုတ်သည်။ အသက်ထက် ကတိကို တန်ဖိုးထားတတ်သည့် ဗမာတို့အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ကတိက၀တ်ချိုးဖောက်သူပမာ အထင်ခံရစရာဖြစ်နေသည်။ ဗိုလ်ချုပ်ကို ချစ်သူတိုင်း သတိပြုဆင်ခြင်စရာပင်။
ဗိုလ်ချုပ်က ဘာတွေမျှော်မှန်းပြီး ဘာတွေ ကတိပေးခဲ့ပါသလဲ
ကချင်နှင့် တိုင်းရင်းသားများအရေး ပြောလျှင် သမိုင်းနှင့် ပင်လုံကို မပြော၍မဖြစ်။ ဒါတွေက အသက်ဖြစ်သည်။ သမိုင်းတလျှောက် တိုင်းရင်းသားများနှင့် ဗမာ တကယ်က သူ့အောက်ရောက်လိုက်၊ ကိုယ့်အောက်ရောက်လိုက်၊ သီးခြားလွတ်လပ်သွားလိုက်၊ ဘုရင့်တပ်များက သွားရောက် တိုက်ခိုက်လုယက်လိုက်၊ ဖြစ်နေသည်သာရှိသည်။
ဘာမှမထူးဆန်း၊ ရိုးမယ်ဖွဲ့စရာမလို။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်အူတုံဆင်း ညီရင်းအစ်ကို ဆိုတာတွေနှင့် ဗာရာဏသီချဲ့စရာမလို။ ပထမ၊ ဒုတိယ၊ တတိယ စသည် မြန်မာနိုင်ငံကြီးတွေအကြောင်းလည်း ခဏခဏပြောကြသည်။
ဒီလိုသာ ပြောကြေးဆိုလျှင် အယုဒ္ဒယ၊ ဇင်းမယ်၊ အာသံ၊ မဏိပူရ စသည်တို့ပါ မြန်မာနယ်နိမိတ်အတွင်း သက်ဆင်းခဲ့ရဖူးသည့်အတွက်၊ ၎င်းတို့ကိုပါ တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသား ညီအစ်ကိုတွေအဖြစ် သွတ်သွင်းသိမ်းပိုက်သင့်သည်။
မြန်မာနယ်နိမိတ်အတွင်း သက်ဆင်းဖူးသည့်နယ်ပယ် အချင်းချင်းတွင် လက်ရှိပြည်နယ်များကိုတော့ တိုင်းရင်းသားများဟု သတ်မှတ်ပြီး အထက်ပါတိုင်းပြည်နှင့် လူမျိုးများကိုမူ တစ်ချိန်က မြန်မာတိုင်းရင်းသားဖြစ်ခဲ့ဖူးကြောင်းပင်မဖော်ပြဘဲ လက်နက်နိုင်ငံတော်နယ်ပယ်အဖြစ်သာ ဖော်ပြထားသည်မှာ စိတ်မချင့်မရဲဖြစ်စရာပင်။
ဘာတွေများကွာနေလို့ပါလိမ့် စဉ်းစားစရာပင်။
မှန်ပါသည်။ ကွာသည့်အချက်မှာ အဆိုပါ ဒေသများသည် မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမရှိ၊ ပြည်မနေ ဗမာတိုင်းရင်းသားများနှင့်အတူ လွတ်လပ်ရေး ရယူရန်လည်း လက်မှတ်ထိုးမထားသောအချက်ပင် ဖြစ်ပါသည်။
ဗိုလ်ချုပ်က အင်အားတောင့်တင်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ရန် မျှော်မှန်းသည်။ ထို့ကြောင့် တောင်ပေါ်ဒေသနေ ပြည်ထောင်များကို လိုက်လံ စည်းရုံးသည်။ ကချင်၊ချင်း၊ရှမ်း။ ယခင်မြန်မာနိုင်ငံတော် အဆက်ဆက်သည် လက်နက်အားကိုးဖြင့် သိမ်းပိုက်ခဲ့သည့် ကိုလိုနီနယ်ပယ်များ စုစည်းမှုသာဖြစ်ရာ ယခုပြည်ထောင်စုမြန်မာနိုင်ငံကမူ ပြည်ထောင်များအားလုံး မိမိတို့ပြည်သားများ၏ လွတ်လပ်သော သဘောထားဖြင့် အင်တိုက်အားတိုက်ပါဝင်လိုသော သဘောထားရှိမှ ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ဤသို့ဖြစ်စေချင်သည်။ အတင်းအဓမ္မ သိမ်းပိုက်သွတ်သွင်း၍ ဖွဲ့စည်းထားသော ကိုလိုနီစုနိုင်ငံကို သဘောမကျချေ။ တိုင်းရင်းသားအားလုံး စိတ်တူကိုယ်တူနှင့် အခွင့်အရေးတန်းတူစွာ လက်တွဲချီတက်သွားရန် ဆန္ဒရှိသည်။ အမှန်တကယ်လည်း ဤကိစ္စအတွက် အသက်စွန့်ဆောင်ရွက်ခဲ့သည်။ ကတိစကားတစ်ခွန်းအတွက် ဆောင်ရွက်စဉ် အသက်စွန့်သွားရှာသည်။ မည်မျှ မြင့်မြတ်ပါသနည်း။ မည်မျှ လေးစားဖွယ်ကောင်းပါသနည်း။ ဗိုလ်ချုပ်အောင်ဆန်းကို ဆက်ခံပြီး တိုင်းရင်းသားအရေးအာရုံမရသည့် နောက်လိုက်ပုဂ္ဂိုလ်များနှင့် ကွားခြားလှသည်။ ဤသို့နှယ် ဗိုလ်ချုပ်မပြီးပြတ်ခဲ့သော လုပ်ငန်းကိုဆက်လက် ကြိုးပမ်းဖေါ်ဆောင်ရန်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးတရားကို ခံယူသူ လက်ရှိမြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။
ဗိုလ်ချုပ်နေရာ ဆက်ခံသူတွေ လူပါးဝပုံက ရွံဖို့ပင်ကောင်းလှသည်။ နောက်ပိုင်း ပုဂ္ဂိုလ်များက ပိုဆိုးသည်။ ၀ါဒဖြန့်ပုံများက အောက်တန်းကျလွန်းသည်။ မြန်မာနိုင်ငံ နယ်နိမိတ်ကို နဂိုကပင် ဆွဲထားပြီးမှ ကချင်များ ၀င်ရောက်လာသဖြင့် ကချင်ပြည်နယ်အဖြစ် ပြည်မဗမာအာဏာပိုင်တို့က သဘေားထားကြီးစွာ ရက်ရောစွာ သတ်မှတ်ပေးလိုက် သယောင်ယောင် ရေးသားဝါဒဖြန့်မှုတွေ တွေ့နေရသည်။
အမှန်က နိုင်ငံသတ်မှတ်ပြီးမှ ပြည်နယ်ပြန်ခွဲခြင်းမဟုတ်၊ ပြည်ထောင်များ စုစည်း၍ နိုင်ငံတည်ထောင်ခြင်းသာဖြစ်သည်။ နောက်တစ်ချက်က ပင်လုံရှိ ပြည်ထောင်စု ကျောက်တိုင်ကိစ္စဖြစ်သည်။ မူလကျောက်တိုင်တွင် တောင်တန်း-ပြည်မ သွေးစည်းရေး ကျောက်တိုင်ဟု ရေးထားသော်လည်း နောက်ပိုင်း ကျောက်တိုင် အသစ်ပြန်စိုက်ထူသောအခါပြည်မ-တောင်တန်း သွေးစည်းရေးဖြစ်သွားသည်။ ကျောက်တိုင်ပေါ်တွင်ပင် ဦးစားမပေးလိုသော၊ အလွန်အကျူးရှေ့ရောက်ချင်နေသော အင်မတန်လေးစားထိုက်သည့် အားကိုးထိုက်သည့်၊ လူကြီးလူကောင်းဆန်သည့် ပြည်မဗမာအစိုးရပါပေ။
ပင်လုံသစ္စာအဖောက်ခံရမှု
၁၉၆၂ မှစ၍ ပင်လုံစာချုပ်ကို အတည့်အလင်း ဖောက်ဖျက်ကြပါတော့သည်။ စာချုပ်အရ ဖယ်ဒရယ်မူ တောင်းပိုင်ခွင့်ရှိသည်။ တရားဝင်တောင်းဆိုသောအခါ စာချုပ်ကို လက်နက်နှင့် ချိုးဖောက်ကြတော့သည်။ ကတိက၀တ်ကို အင်အားဖြင့် ပယ်ဖျက်လိုက်ကြတော့သည်။ ပင်လုံစာချုပ်ကို ဖောက်ဖျက်လိုက်ပြီ ဖြစ်သဖြင့် ပြည်ထောင်စု မရှိတော့ပေ။ ပြည်နယ်စု ကိုလိုနီသာရှိတော့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟု ဆက်ခေါ်နေသူများ ရှက်တတ်လျှင် လဲသေဖို့ကောင်းသည်။ အမှန်က ပြည်နယ်စုမြန်မာနိုင်ငံတော်ကြီးသာ ဖြစ်သည်။
ဤသို့ပင်လုံကတိသစ္စာချိုးဖောက်မှုသည် ပြည်မရှိ ဗမာအစိုးရအတွက် ရာဇ၀င်တွင် ပြန်၍ အဖတ်ဆယ်ရန်ခက်ခဲသော အောက်တန်းကျမှုပင်ဖြစ်သည်။ သာမန်ကတိဖောက်ဖျက်မှုသည် ထွေးပြီးသား တံတွေးပြန်မြိုသကဲ့သို့ ဖြစ်လျှင်၊ ပင်လုံစာချုပ်ချိုးဖောက်မှုသည် ပြည်မအစိုးရအဖို့ မိမိမစင် မိမိပြန်စားခြင်းနှင့် သဏ္ဍန်တူပေလိမ့်မည်။
ကိုလိုနီခေတ်က အိန္ဒိယနိုင်ငံ၏ လက်အောက်ခံပြည်နယ်အဖြစ် မနေလိုသဖြင့် အသည်းအသန်ကြိုးပမ်းခဲ့ကြသူများ၊ လွတ်လပ်ရေး ရပြီးနောက်လည်း ဗြိတိသျှဓနသဟာယနိုင်ငံအဖြစ်ပင် မခံယူလိုသဖြင့် သဲကြီးမဲကြီးကန့်ကွက်ခဲ့သူတွေက တိုင်းရင်းသားတို့၏နယ်ပယ်ပိုင်းစိုးမှုကို ပြည်နယ်အဆင့်သာ သတ်မှတ်ချိုးနှိမ်ထားမှုက ကံ၊ ကံ၏အကျိုးကို ယုံကြည်သော ဗုဒ္ဒဘာသာဝင် ဗမာလူမျိုးများကြီးစိုးသည့် ပြည်မအစိုးရအတွက် နားလည်ရန်ခက်ခဲသည့် လုပ်ရပ်ပင်ဖြစ်သည်။
ပင်လုံစာချုပ်က အာမခံခဲ့သည့် ကိုယ်ပိုင်ပြဌါန်းခွင့်နှင့် တန်းတူညီမျှမှုတွေ အကုန်လုံးသိမ်းပိုက်ခံလိုက်ကြရပြီ။ တန်းတူညီမျှမှုအရ ကချင်၊ ကယား၊ ကရင်၊ ဗမာ စသည် တိုင်းရင်းသားအားလုံး သာတူညီမျှမှုရှိရမည်ဖြစ်သည်။ ယခုမူ ဗမာတွေ၏ မင်းတစ်ကျပ် ငါတစ်ကျပ်လုပ်မှုကို တိုင်းရင်းသားတိုင်း ခံနေရသည်။ သေချာအရင်းစစ်လိုက်တော့ တိုင်းရင်းသားများ တစ်ကျပ်စီ၊ ဗမာ (၇)ကျပ်ဖြစ်သွားသည်။ မြန်မာဆိုသော စကားလုံးကိုပါ အပိုင်သိမ်းသွားကြသည်။
လွတ်လပ်ရေးရခါစက မြန်မာဆိုသည် အားလုံးနဲ့ဆိုင်သော အသုံးကဲ့သို့ ပွဲထုတ်ခဲ့သော်လည်း ယခုမူ လုံးဝ ဗမာသီးသန့် စကားလုံးလိုပြန်ဖြစ်သွားပါပြီ။ မြန်မာစာ၊ မြန်မာစကား၊ မြန်မာရိုးရာယဉ်ကျေးမှု စသည် အားလုံးသည် ဗမာလူမျိုးတို့နှင့်သာ သက်ဆိုင်ပြီး အခြားတိုင်းရင်းသားများ၏ စာ၊ စကား၊ ယဉ်ကျေးမှုကို တစ်စုံတစ်ရာ ထင်ဟပ်ပြနိုင်မှုမရှိချေ။ ပိုဆိုးသည်ကား ယဉ်ကျေးမှု သွတ်သွင်းခြင်း၊ သမိုင်းကို ပြင်ရေးခြင်းဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို ရှုပါ။ မြန်မာ့ရိုးရာဆိုစေကာမူ ဗမာအမျိုးသားများ၏ ယဉ်ကျေးမှုမှ လွဲ၍ မည်သည့်လူမျိုး၏ ယဉ်ကျေးမှုကိုမျှ ထည့်သွင်း ယှဉ်ပြိုင်စေခြင်း အလျင်းမရှိသေးပါ။ တောင်ပေါ်တိုင်းရင်းသားများ မိမိတို့၏ရိုးရာဝတ်စုံကိုဝတ်ဆင်၍ ဗမာသီချင်းကြီး တက်ဆိုနေခြင်းများသာ တွေ့ရသည်။ ယခုဆို နှစ် (၂၀) ပြည့်တော့မည်။ မကြာမတင်မီကာလတွင် ကချင်မိန်းမက ကချင်ဝတ်စုံဝတ်၍ ဗမာသီချင်းကြီးဆိုခြင်းကို တရားဝင် မြန်မာ့ယဉ်ကျေးမှုဟု သတ်မှတ်ကာ သမိုင်းကို ပြင်ရေးကြတော့မည်။ ခြေလှမ်းတွေကို မျက်ခြေမပြတ်လိုက်ကြည့်နိုင်မှ တော်ကာကျပေမည်။
Autonomy အရေးကြီးသည်၊ ရမှဖြစ်မည်။
တိုင်းရင်းသားများကို Autonomy ပေးလိုက်ရ၍ ပြည်မ ငါးပါးမှောက်မည်လော ကျနော်စဉ်းစားဖူးသည်။ ပြည်မအတွက် မည်သို့အကျိုးယုတ်သွားမည်နည်း။ ဖြစ်နိုင်ချေရှိသည်က မိမိတို့အကျိုးယုတ်မည်ကို စိုးရိမ်သဖြင့် ဗမာတို့က ဤသံသယဖြင့် တင်းခံနေခြင်း ဖြစ်နိုင်သည်။ Autonomy ရပြီး တိုင်းရင်းသားများလည်း ပြည်မနည်းတူ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် ဖွံ့ဖြိုးလာမည်ကို မရှုစိမ့်၊ မနာလိုဖြစ်နေကြသည်။ မုဒိတာမပွားနိုင်ကြ။
ဆိုပါစို့။ လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကချင်ပြည်ကို ဖွဲ့စည်းလိုက်ပြီဆိုလျှင် ဗဟိုပြည်မအစိုးရမှ ၀င်ရောက်စွက်ဖက်ခွင့် ကန့်သတ်ခံရမည်ဖြစ်သည်။ ဒါကို သူတို့က အဖြစ်မခံနိုင်။ တစ်နိုင်ငံလုံး သူတို့၏ ချုပ်ကိုင်လွှမ်းမိုးမှုအောက်တွင် ထားချင်သည်။ တိုင်းရင်းသားနယ်ပယ်များကို မဆိုထားဘိ။ ပြည်မဗဟိုအစိုးရတွင်ပင် အာဏာတစ်စိတ်တစ်ပိုင်းချုပ်ကိုင်ထားရန် လွှတ်တော်တွင်း အမတ် ၂၅% ၀င်ထိုင်ခိုင်းထားသည်။ တိုင်းရင်းသားများကို မိမိတို့ပြည်ထောင်အရေးကို မိမိတို့လွတ်လပ်စွာ ဆုံးဖြတ်ခွင့်မပေးခြင်းသည်လည်း လူ့အခွင့်အရေးချိုးဖောက်မှုပင် ဖြစ်သည်။ စာချုပ်စာတမ်းဖြင့် လာရောက်ပူးပေါင်းသူများကို လက်နက်အားကိုးဖြင့် ဓါးပြ(ဒမြ)တိုက် တိုင်းပြည်လုယူလိုက်ခြင်းသည် ရာဇ၀င်တွင် မကြုံဖူးသည့် ရက်စက်ယုတ်မာကောက်ကျစ်မှုဖြစ်သည်။
ကချင်တွေ စစ်သွေးကြွလွန်းတာလား
တလောက မိတ်ဆွေတစ်ယောက် ဤသို့မေးလာသည်။ ဗမာအစိုးရက အပစ်အခတ်ရပ်စဲရန် ကမ်းလှမ်းလာပါလျက်နှင့် ကချင်တပ်မတော်က လက်မခံဘဲငြင်းဆန်ခဲ့သဖြင့် တိုက်ပွဲများ၏ တရားခံမှာ ကချင်တပ်မတြော်ဖစ်သယောင် ချိန်ခွင်လျှာပြောင်းသွားကြောင်းနှင့် အများအမြင်တွင် စစ်သွေးကြွတပ် အသွင်ဖြစ်လာမှာစိုးရကြောင်း သုံးသပ်ပြသည်။ အလွန်ကျေးဇူးတင်ပါသည်။ ထိုမေးခွန်းကို ဖြေရန်အတွက် ဤစာစုကို ရေးသားဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စာချုပ်စာတမ်း ကတိက၀တ်ကို လက်နက်အင်အားဖြင့် ချိုးဖောက်ကာ ထင်ရာစိုင်းခဲ့သည့် သရုပ်သကန်အရ ကချင်တို့သင်ခန်းစာယူခဲ့သည့် ခံယူချက်မှာ ပြည်မရှိဗမာအစိုးရကိုမယုံနှင့် ဟူ၍ပင် ဖြစ်ပါသည်။ တိုင်းရင်းသားများကို လုံးဝတန်ဖိုးမထား၊ အလေးအနက်မပြု၊ ကတိသစ္စာမတည်သည့် ပြည်မအစိုးရ၊ ကောက်ကျစ်စဉ်းလည်းပြီး အစဉ်အမြဲ ဆင်ကြံကြံနေသည် ဗမာစစ်တပ် စသည်တို့ကိုယုံလျှင် အဖတ်ဆယ်မရဖြစ်သွားပေမည်။
ကတိပေးတိုင်း မယုံတော့ပါ။ ပြည်မအစိုးရ အထူးသဖြင့် ဗမာစစ်တပ်ပေးသော ကတိကို ပို၍မယုံနိုင်ပါ။ ကတိပေးချင်ရာပေးပြီး သေနတ်တစ်ချက်ဖောက်ကာ ဘွာတေးခတ်တတ်သည့် လူကြီးလူကောင်းမဆန်သည့် လုပ်ရပ်များကို ကချင်တို့ လုံးဝရှုံ့ချပါသည်။ ပြည်မအစိုးရပေးသော ကတိသည် အင်အားမဲ့သူ လက်နက်မဲ့သူအတွက် အာမခံမှုလုံးဝမရှိသော လိမ်ဆင်ဇာတ်ထုပ် သက်သက်ဖြစ်သည်။ ထိုကတိကို အာမခံနိုင်ရန် မိမိတို့က အင်အားတောင့်တင်းပြီး လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားမှ တော်ကာကျပေမည်။ ကတိအတိုင်း အပြည့်အ၀ဖော်ဆောင်နိုင်မှ တက်ထောင်နိုင်ပါမည်။ ပင်လုံကတိက၀တ် ပြည့်စုံမှ အပစ်ရပ်နိုင်ပေမည်။
ပင်လုံစာချုပ်တုန်းက ရိုးသားသောတိုင်းရင်းသားများက ရိုးသားသော ဗိုလ်ချုပ်အောင်ဆန်းကို လွယ်လွယ် ယုံခဲ့ကြသည်။ ဗိုလ်ချုပ်နောက်ကွယ်မှ ၀ံပုလွေများကို သတိမထားမိခဲ့။ သဘောတူထားသော ကတိကို တစ်ဘက်မှဖောက်ဖျက်လာပါက ပြန်လည်တုံ့ပြန်ရန် လုံလောက်သောအင်အားမရှိပဲ လိပ်ပတ်လည်အောင် မစဉ်းစားပဲ အယုံလွယ်ခဲ့ကြသည်။ ယခု အားလုံးပြောင်းလည်းကုန်ပြီ။ တိုင်းရင်းသားအားလုံး ဗမာအစိုးရကို မယုံကြတော့ပေ။ ဒီလိုဖြစ်အောင်လည်း ဗမာအစိုးရကိုယ်တိုင်ကပင် လုပ်ခဲ့ခြင်းဖြစ်သည်။ ယခင်လို လှည့်၍ပတ်၍ရသော၊ ကြိုက်သလို လူလည်ကျနိုင်သော လူမျိုးများ မဟုတ်ကြတော့ပေ။ ထို့ကြောင့်ပင် ကချင်များသည် ဗမာစစ်တပ်နှင့်အစိုးရ၏ အောက်တန်းစားစိတ်ဓာတ်ကို အတွင်းသိ အစင်းသိဖြစ်သည့်အကြောင်း၊ ဗမာအစိုးရ၏ မလိမ့်တပတ်ထုပ်မှုကို ခါးစည်းခံရအောင် ယခင်ကဲ့သို့ အင်အားမရှိသည့် လက်နက်မရှိသည့် လူမျိုးမဟုတ်တော့သည့် အကြောင်း ဗမာအစိုးရသိစေရန် လက်နက်ကိုင်တိုက်ပွဲဝင်နေခြင်း ဖြစ်ပါသည်။
နိဂုံး
နိဂုံးချုပ်ပါတော့မည်။
၁။ ပင်လုံစာချုပ်အရ စုစည်းခဲ့သည့် ပြည်ထောင်စုတွင် ယခုအခါ ပြည်မရှိ ဗမာအစိုးရက ပင်လုံစာချုပ်ကို ဖောက်ဖျက်ခဲ့ကြပြီးဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိနိုင်ငံသည် ပြည်ထောင်စုမဟုတ်တော့ဘဲ ပြည်နယ်စု ကိုလိုနီတိုင်းပြည်တစ်ရပ်သာ ဖြစ်ပါသည်။ ကချင်ဒေသတွင် တိုက်ပွဲများ ရပ်စဲရန်မှာမူ၊ ရန်ပြုကျူးကျော်လာသူ ဗမာနယ်ချဲ့တပ်များ ဆုတ်ခွာသွားပါက တိုက်ပွဲဖြစ်ရန်လုံးဝလိုအပ်မည် မဟုတ်တော့ပါ။ အပစ်ရပ်လက်မှတ်ထိုးရန် မလိုပါ။ နယ်ချဲ့တပ်ပြန်ဆုတ်သွားရန်သာ လိုပါသည်။ မဆုတ်လိုပါက အပစ်ရပ်ရန်လည်း မလိုပါ။ ဆက်တိုက်ဖို့သာ ရှိသည်။ နယ်ချဲ့တပ်နှင့် နယ်စောင့်မျိုးချစ်တပ် တိုက်ပွဲဖြစ်ကြမည်မှာ ရှောင်လွဲ၍ မရပေ။ သို့တည်းမဟုတ် ပင်လုံစာချုပ်ကို ပြန်လည်အသက်သွင်းလိုက်ပါမူ ဗမာတပ်သည် နယ်ချဲ့တပ်မဟုတ်တော့သဖြင့် အပစ်အခတ်ရပ်စဲလက်မှတ်ထိုးရန် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် နိုင်ငံရေးဆွေးနွေးပွဲ ပြီးမှ အပစ်ရပ်မှု လာပါသည်။
၂။ တိုင်းရင်းသားတို့ကို ဗိုလ်ချုပ်ပေးခဲ့သော ကတိက၀တ်ကို လက်နက်အားကိုး၍ "မကျေနပ်ရင် မင်းဘာတတ်နိုင်လဲ"ဟူသည့် အချိုးဖြင့် ချိုးဖောက်ခဲ့သဖြင့် ယခုချိန်တွင်လည်း အလားတူ ထပ်မဖြစ်အောင် တိုင်းရင်းသားများ လက်နက်စွဲကိုင်ကာ ရန်ပြုကျူးကျော်လာသည့် ဗမာစစ်တပ်ကို တွန်းလှန်နေကြပါသည်။ အမှန်တကယ် အင်အားချင်း မယှဉ်သာပါ။ ဗမာတပ်များမှာ များစွာ အင်အားသာလွန်ပါသည်။ သို့သော် တိုင်းရင်းတပ်များတွင် စိတ်ဓာတ်အင်အားသာလွန်ပါသည်။ မဟုတ်မခံ ရင်ဆိုင်တွန်းလှန်နေရခြင်း သည်ပင်လျှင် တိုင်းရင်းသားတပ်မတော်တို့၏ အောင်ပွဲဖြစ်ပါသည်။ တစ်ချိန်တုန်းကလို ပြုသမျှနုမည့်သူများ မဟုတ်ကြောင်း၊ ကတိကို အင်အားဖြင့် အာမခံယူထားကြောင်း ဗမာတပ်သိလျှင် အောင်မြင်ပါသည်။
၃။ ပြည်ထောင်စုထာဝရငြိမ်းချမ်းရန် တိုင်းရင်းသားအရေးသည် အလွန်အခရာကျပါသည်။ တိုင်းရင်းသားများကို လေးစားမှုမရှိ၊ အထင်အမြင်သေး နှိမ့်ချဆက်ဆံနေမည်ဆိုပါက စစ်မှန်သောပြည်ထောင်စုနှင့် ထာဝရငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းတစ်လျှောက်လုံး တိုင်းရင်းသားများသည် မိမိတို့အခွင့်အရေးအတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသည်။ ဗမာအစိုးရကလည်း တစ်လျှောက်လုံး တင်းခံခဲ့သည်။ အင်အားအလုံးအရင်းဖြင့် ချေမှုန်းခဲ့သည်။ အခွင့်အရေးဗန်းပြပြီးလည်း စည်းရုံးသိမ်းသွင်းခဲ့သည်။ သို့သော် ပြည်တွင်းစစ်သာ သက်ဆိုးရှည်လာသည်။ ဘာမျှ အကျိုးထူးမလာခဲ့ပေ။ မိမိအခွင့်အရေးအတွက် တိုက်ပွဲဝင်သူကလည်း ပစ်သည်။ နယ်ချဲ့အစိုးရတပ်ကလည်း ပစ်သည်။ နိုင်ငံရေးအတွေးအမြင်ခိုင်မာသည့် မည်သည့် အဖွဲ့ကို နယ်ချဲ့တပ်များ နိုင်အောင် မပစ်နိုင်။ မညှိနှိုင်းနိုင်။ နှစ်ဘက်လုံးက ဆက်ပစ်သည်။ ဤသို့နှင့်ပင် သောင်တင် ရေမကျဖြစ်နေသည်မှာ နှစ်ပေါင်း (၆၀) ကျော်ပြီ။ ဒီအတိုင်းပဲ ဆက်သွားကြဦးမည်လော။
၎။ ယခုအချိန်သည်ပင် ဗမာအမျိုးသားများနှင့် ဗမာအစိုးရအတွက် တိုင်းရင်းသားများ၏ ယုံကြည်လေးစားမှုကို ပြန်လည်တည်ဆောက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ပြည်မနိုင်ငံရေး ချိန်ခွင်လျှာပြောင်းလည်းမှု၊ ပြန်လည်ရင်ကြားစေ့မှုတွေနှင့်အတူ တိုင်းရင်းသားအရေးအပေါ် လက်ရှိအစိုးရ၏ သဘောထားပျော့ပြောင်းမှုတို့ကို အထင်အရှား တွေ့ရသည်။ ယခုသည်ပင် စစ်မှန်သော ပြည်ထောင်စုနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ရမည့် အချိန်ဖြစ်ပါသည်။ ပင်လုံစိတ်ဓာတ်နှင့် အနှစ်သာရကို ပြန်လည်အသက်သွင်းကာ တိုင်းရင်းသားအရေး သင်ပုန်းချေရမည့် အချိန်ဖြစ်ပါသည်။
ဝန်ခံချက်
မိမိအမြင်သည် မိမိ၏အမြင်သာ ဖြစ်ကြောင်း သိစေလိုပါသည်။ စာရှုသူအမြင်သည် မိမိအမြင်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်နိုင်သလို မိမိအမြင်သည်လည်း စာရှုသူအမြင်၏ အစွန်းထွက်သာ ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ မိမိအမြင်သည် မိမိ၏ အမြင်သာဖြစ်ကြောင်း ၀န်ခံပါသည်။
ကျနော် မြန်မာပြည်ကို ချစ်ပါသည်။
ဒေါက်တာမြန်အောင်
(မိုးမခမှတ်ချက် - မိုးမခ၏ ပေးစာကဏ္ဍတွင် Guest Writer(ခေတ္တဖားကန့်)၏ ဆောင်းပါးအပေါ် တုန့်ပြန်မှု အများအပြား ဖြစ်ပေါ်ခဲ့သည်။ ယခု ဒေါက်တာမြန်အောင်၏ သဘောထားထုတ်ဖော်ချက်ကို သူတို့အာဘော်ကဏ္ဍတွင် ထည့်သွင်း ဖော်ပြလိုက်ပါသည်၊ ဓာတ်ပုံ - ၂၀၁၁ ဒီဇင်ဘာလ၊ ဘေးဧရိယာမှာ ကျင်းပခဲ့တဲ့ ကချင်ပြည်တွင်းစစ်ဘေးသင့် တိုင်းရင်းသားများကူညီရေး ရန်ပုံငွေပွဲက ပိုစတာဓာတ်ပုံဖြစ်ပါတယ်)
Burmese in Taung Ni Village, Shan State staged protest against regime
ရှမ်းပြည်နယ်တောင်ပိုင်း တောင်နီစံပြကျေးရွာတွင် ပြည်သူများဆန္ဒထုတ်ဖော်
မိုးမခဓာတ်ပုံသတင်း၊ ဇွန် ၃၊ ၂၀၁၂
မြန်မာပြည်တွင်းက ပေးပို့လာသော ဓာတ်ပုံများအရ ရှမ်းပြည်တောင်ပိုင်း၊တောင်နီစံပြကျေးရွာတွင် ဌာနေပြည်သူများက အာဏာပိုင်နှင့် လုပ်ငန်းရှင်တို့၏ မတရားကျုးကျော်သိမ်းပိုက်မှုများကို ကန့်ကွက်သော ပြည်သူ့ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။
စောင့်ကြည့်နေသည့် အာဏာပိုင်များ၏ လုံခြုံရေးဝန်ထမ်းများ၊ မီးသတ်များ
(ပေးပို့သူ ဝေယံ၊ ချိုတူးဇော်မှ တဆင့် ရရှိပါသည်)
Mar Mar Aye - 425
"ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်" အမှတ် (၄၂၅)

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ … မာအေးတို့ မြန်မာသံသီချင်းဆိုမယ့် လူသစ်အသံသစ်ကို ကိုယ်ထဲကိုယ့်ယာ ကိုယ်လောကမှာ ရှာဖွေလေ တွေ့ရှိလေ လုပ်ဖို့ရာ သီချင်းနားထောင်ပါတယ်ဆိုမှ မာအေးဖွင့်တဲ့စက်က ဖိုးသင်းမျောက်လိုဖြစ်လို့ တိုးသွားတာကို ခွင့်လွှတ်တော်မူပါဦး။ ကျိုးစားပြီး ဆက်ထားပါတယ်ရှင်၊ ကြည်နေပါပြီ။
* (မိုးနဲ့အတူ လှန်းခဲ့ပါ - ရဲနန္ဒ)
အို မိုးဒေ၀ါ၊ ရှစ်တိုင်းမှိုင်းဆင်ပါလို့လေ xx (ဖေါ်မစုံဝေးသူမို့ ပူဗျာဝေ ပူဗျာဝေ သူဇာမေရေ) ၂ xx ကျွမ်းလုအသည်း လွမ်းသူ့ပွဲ အော် လွမ်းသူရဲ့ပွဲ xx
အခုဆိုသွားတဲ့ အသံသစ်တေးသံရှင်က မာအေးဆီ ရေးတဲ့စာမှာ သားမောင် - ဗိုလ်မှူး လို့ လက်မှတ်ထိုးထားပါတယ်။ သူ့ပတ်ဝန်းကျင်လောကမှာ ချစ်စနိုးခေါ်တဲ့ နာမည်မျိုးလို့ နားလည်ပေးပါသောတရှင်။ မာအေးငယ်စဉ်က ကိုယ့်ဝန်းကျင်မှာ 'ဗိုလ်တွတ်' လို့ ခေါ်ရင် ချက်ချင်းသိတဲ့ သဘောမျိုးပေါ့။ သူရဲ့ နာမည်ရင်းက 'ရဲနန္ဒ'ပါ။ ဒီနာမည်မျိုးဟာ ဇါတ်ထဲပွဲထဲမှာ ဗန္ဓုလဦးထုပ်နဲ့ အချွန်အတက် ဘယက်ဒွါဒယာတွေနဲ့ ၀တ်စားဆင်ယင်ရတတ်တဲ့ မြန်မာစစ်ဗိုလ်မှူး တို့မှာ ခေါ်ရတတ်တဲ့ နာမည်ကိုးရှင့်။ ဒါကြောင့် ရဲနန္ဒကို - နာမည်ပြောင် 'ဗိုလ်မှူး' လို့ ခေါ်လိုက်ကြတာပါဘဲ။ သူကလဲ တကယ်စစ်ရင် မဟာနွယ်ဝင်ဖြစ်နေတော့ အတော်ကျသွားတာပေါ့ - သူ့ဖွားအေတော်ဟာ ရှေးရှေးက ကျောက်ပန်းတောင်းမြို့စား မင်းသ္မီး 'ထိပ်တင်မကြီး' တဲ့။ အလင်္ကါကျော်စွာစေါင်းဦးဘသန်းရဲ့ ကြင်ယာဇနီးပါရှင်။ မာအေးရဲ့ဆရာ ဦးဘသန်းရဲ့ သားသမီးတွေထဲမှာ သားကြီး ထိပ်တင်ဝင်း၊ ကြည်သာ(ပွဲကြိုက်ခင်) လို့ ဖြစ်လာတဲ့ သားငယ် ထိပ်တင်သင်းတို့ ညီအကိုနဲ့ ညီမ ထိပ်တန်စန်းတို့ဟာ သဘင်ဂီတ မျိုးဆက်ခဲ့ပါတယ်။ ဒီတော့ 'ရဲနန္ဒ'ဟာ အဖိုးက စေါင်းဆရာကြီးဦးဘသန်း၊ အဖေက ဂီတမှူး စန္ဒရား ထိပ်တင်ဝင်း၊ အမေက ရေဒီယိုတေးသံရှင် စေါမြကြည်တို့က ဆက်လာတဲ့ ဂီတနွယ်စစ်ပေါ့။
မာအေး ပြည်ပ မထွက်ခင်က 'Studio A' အသံသွင်းခန်း ဖွင့်ခဲ့သေးတာကိုး။ သူ့ကို အသံသွင်း အသံဖမ်းပညာသင်အဖြစ်နဲ့ ခေါ်ထားတော့ - သူလဲ သားငယ်စာရင်းဝင်ဘဲပေါ့။ ပန်တျာကျောင်းမှာလဲ သုံးနှစ်မြောက် ဆရာဖြစ်တန်းမှာ တက်နေတယ် ထင်ပါရဲ့။ စန္ဒရားလက်လဲ အတော်တော့ ရနေပြီဆိုပြီး မာအေးက ၀မ်းသါနေတာ၊ မောင်လှအေးတို့ မောင်မျိုးခင်တို့လို သင်ပေးရဦးမယ် လို့ ကြံထါးတာမှာ ကိုယ်က ဒီဖက်လာပြီး - သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာဖြစ်နေတာနဲ့ ဘာမှ လုပ်မပေးဖြစ်တာပါ။ ခုတော့ သူကလေးက အဆိုတော်ဘဲ လုပ်တော့မယ် တဲ့။ ဒါလဲ ကေါင်းတာပါဘဲလေ၊ ဗမာသံစည်း။ စည်း"၀ါး"တကျ ဆိုတတ်တဲ့လူငယ်က အတော့်ကို ရားနေတာမို့လး။
စန္ဒရားသင်လို့ လက်ကလေးမှန်မယ်ကြံ၊ သင်္ကေတလေးကေါက်ရေးနိုင်တဲ့ဥာဏ်၊ နည်းနည်းလေးဟန်တာနဲ့ လျှပ်စစ်စန္ဒရားလို့ ပြောရမယ့် key board ပြောင်းတီးတာတွေ များလာလို့ပါ။ ဗမာ့ဂီတတို့ရဲ့ အထာ၊ အတွဲအဖက်၊ အလူးအလှိမ့်တွေရဲ့ အရသာဟာ - ကမ္ဘာ့ဟန်နဲ့ နှိုင်းမရပါဘူး။ ပြန်တော့ တွေ့ရဦးမယ် ထင်ပါတယ်။ "အဆိုချည်းသက်သက်တော့ မလုပ်ပါနဲ့ အတီးလဲ ဆက်ပါ၊ ရှေ့မှာ စန္ဒရားချစ်ဆွေ၊ စန္ဒရားထွန်းညွန့်၊ စန္ဒရားလှထွတ် စတဲ့ အတီးဆရာတွေဟာ ဆိုတီး တီးကြတဲ့ ပညာရှင်တွေပါ၊ ဒီကရှေ့ သီချင်းပါရေးသေးတာဘဲ" လို့ ပြောပေးရမှာပေါ့ရှင်။
'ရဲနန္ဒ'ရဲ့ အဖေ – ထိပ်တင်ဝင်းကတော့ အတီးပညာရှင်သက်သက်ပဲ၊ မာအေးတို့မောင်နှမတွေလို ကြီးပြင်းလာကြတာမှာ တခါမှ 'ကိုဝင်း' သီချင်းညည်းတာကို မကြားဖူးဘူး။ တူရိယာပစ္စည်း အတော်များများကို တီးတတ်တဲ့ ဥာဏ် - သိတ်ကေါင်းတဲ့ မောင်ကလေးဘဲ၊ ဘာကိုတီးတီး အလုပ်ဖြစ်အောင် တီးနိုင်စွမ်းတဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လဲ ရောင်းတန်းဂီတ တေးသံသွင်းလောကရဲ့ သီချင်းခွေမျက်နှာစာမှာ သူ့နာမည်ကိုပါ အတော်များများ တွေ့နိုင်ခဲ့တာပေါ့ရှင်။
မာအေး ဆိုပေးခဲ့တဲ့ တေးအတွဲတွေမှာလဲ အတူတွဲခဲ့ ထုတ်ခဲ့တါတွေ အများကြီးပါဘဲ။ အားကိုးရတယ်၊ စိတ်လဲ ရှည်တယ်၊ သီချင်းတွေ ကေါင်းသည်ထက်ကေါင်းအောင် - အရောင်တင်ဖို့ ဆိုတာကို မာအေးက အသံမသွင်းမီမှာရှာခဲ့တာရှင့်၊ အလိုက်အသွား ပြင်တန်တာတွေ ပြင်တယ်၊ သီချင်းကို ဘယ်နေရာ အတီးဝင်လို့ ဘယ်နေရာမှာ ဘယ်လိုပြန်ကေါက်မယ်တို့ ဆိုတဲ့ ပုံစံကို ချတဲ့အခါ၊ ထိပ်တင်ဝင်းလေး လာစမ်းပါဦး - မှတ်စမ်းပါဦး နဲ့ ခေါ်ထားရတာ၊ မာအေးက သင်္ကေတ NOTE တွေ မဖတ်တတ် မရေးတတ်ဖူးလို့ ပြောထားတာ - သတိရပါနော်။ တတ်တဲ့တယောက်က လိုက်မှတ်ပေးတော့ အလုပ်ခွင် အဆင်ချောတာပေါ့ရှင်၊ တခါမှ မလာနိုင်ဘူးမမရယ်လို့ မငြင်းခဲ့တဲ့ စန္ဒရားဆရာ၊ သူ့အဖေ မာအေးဆရာက မောင်လို မွေးစားစေခဲ့တဲ့ ဒီဆရာလေးဟာ ကိုယ်ပြန်မယ့်အချိန်မှာ မတွေ့လာနိုင်တော့ဘူးတဲ့ရှင်။
ဒါကြောင့်လဲ ပြန်မယ်လို့ ကြံတိုင်း တွေးတိုင်း ကိုယ့်ဂီတ အသိုင်းအ၀န်းက နေလိုထွန်းခဲ့တဲ့ "ဂီတလုင်ကြီး" ဒယ်ဒီကို "မိချစ်မှုန်ကြီး လို့ ခေါ်ခဲ့တဲ့ စန္ဒရားချစ်ဆွေ"၊ ဘပု၊ ချစ်၊ မှုန်ကလေး လို့ ခေါ်ခဲ့တဲ့ စန္ဒရားလှထွတ်၊ "မျိုး - သားငယ်လေးလို့ ခေါ်ခဲ့တဲ့ စန္ဒရား မောင်မျိုးခင်" - မာအေးနဲ့ အတွဲညီခဲ့သူတွေ၊ သူတို့ မာအေးကို မကူနိုင် မပို့နိုင်တော့ပါလား - အားငယ်ရသလိုဘဲ၊ ခုဆို ကိုဝင်း - ကိုဝင်း လို့ ခေါ်လာတဲ့ ထိပ်တင်ဝင်းလဲ သွားနှင့်ပြီ တဲ့။ သူ့သားကလေး 'ရဲနန္ဒ'အတွက် - သူ တကိုယ်တော် တီးခတ်ပေးခဲ့နိုင်ခဲ့တယ်၊ တာဝန်ကျေအဖေပေါ့လေ၊ မာအေး အမှုတွေ ပွေနေလို့ သူရှိတုန်း သားအခြေအနေကို ပြောမပြဖြစ်လိုက်တာအတွက် တာဝန်မကျေတဲ့မမ – မင်းတီးတဲ့ အဖေ့အမွေ စောင်းလက်ကျသံ နာခံရင်း လွမ်းရက်ရှည်ဦးမယ်။
စာစီစာရိုက် - မျိုးဇော်
ရဲနန္ဒ၊ ထိပ်တင်ဝင်း
မာမာအေး
ဇွန် ၃၊ ၂၀၁၂
မာမာအေး
ဇွန် ၃၊ ၂၀၁၂

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ … မာအေးတို့ မြန်မာသံသီချင်းဆိုမယ့် လူသစ်အသံသစ်ကို ကိုယ်ထဲကိုယ့်ယာ ကိုယ်လောကမှာ ရှာဖွေလေ တွေ့ရှိလေ လုပ်ဖို့ရာ သီချင်းနားထောင်ပါတယ်ဆိုမှ မာအေးဖွင့်တဲ့စက်က ဖိုးသင်းမျောက်လိုဖြစ်လို့ တိုးသွားတာကို ခွင့်လွှတ်တော်မူပါဦး။ ကျိုးစားပြီး ဆက်ထားပါတယ်ရှင်၊ ကြည်နေပါပြီ။
* (မိုးနဲ့အတူ လှန်းခဲ့ပါ - ရဲနန္ဒ)
အို မိုးဒေ၀ါ၊ ရှစ်တိုင်းမှိုင်းဆင်ပါလို့လေ xx (ဖေါ်မစုံဝေးသူမို့ ပူဗျာဝေ ပူဗျာဝေ သူဇာမေရေ) ၂ xx ကျွမ်းလုအသည်း လွမ်းသူ့ပွဲ အော် လွမ်းသူရဲ့ပွဲ xx
အခုဆိုသွားတဲ့ အသံသစ်တေးသံရှင်က မာအေးဆီ ရေးတဲ့စာမှာ သားမောင် - ဗိုလ်မှူး လို့ လက်မှတ်ထိုးထားပါတယ်။ သူ့ပတ်ဝန်းကျင်လောကမှာ ချစ်စနိုးခေါ်တဲ့ နာမည်မျိုးလို့ နားလည်ပေးပါသောတရှင်။ မာအေးငယ်စဉ်က ကိုယ့်ဝန်းကျင်မှာ 'ဗိုလ်တွတ်' လို့ ခေါ်ရင် ချက်ချင်းသိတဲ့ သဘောမျိုးပေါ့။ သူရဲ့ နာမည်ရင်းက 'ရဲနန္ဒ'ပါ။ ဒီနာမည်မျိုးဟာ ဇါတ်ထဲပွဲထဲမှာ ဗန္ဓုလဦးထုပ်နဲ့ အချွန်အတက် ဘယက်ဒွါဒယာတွေနဲ့ ၀တ်စားဆင်ယင်ရတတ်တဲ့ မြန်မာစစ်ဗိုလ်မှူး တို့မှာ ခေါ်ရတတ်တဲ့ နာမည်ကိုးရှင့်။ ဒါကြောင့် ရဲနန္ဒကို - နာမည်ပြောင် 'ဗိုလ်မှူး' လို့ ခေါ်လိုက်ကြတာပါဘဲ။ သူကလဲ တကယ်စစ်ရင် မဟာနွယ်ဝင်ဖြစ်နေတော့ အတော်ကျသွားတာပေါ့ - သူ့ဖွားအေတော်ဟာ ရှေးရှေးက ကျောက်ပန်းတောင်းမြို့စား မင်းသ္မီး 'ထိပ်တင်မကြီး' တဲ့။ အလင်္ကါကျော်စွာစေါင်းဦးဘသန်းရဲ့ ကြင်ယာဇနီးပါရှင်။ မာအေးရဲ့ဆရာ ဦးဘသန်းရဲ့ သားသမီးတွေထဲမှာ သားကြီး ထိပ်တင်ဝင်း၊ ကြည်သာ(ပွဲကြိုက်ခင်) လို့ ဖြစ်လာတဲ့ သားငယ် ထိပ်တင်သင်းတို့ ညီအကိုနဲ့ ညီမ ထိပ်တန်စန်းတို့ဟာ သဘင်ဂီတ မျိုးဆက်ခဲ့ပါတယ်။ ဒီတော့ 'ရဲနန္ဒ'ဟာ အဖိုးက စေါင်းဆရာကြီးဦးဘသန်း၊ အဖေက ဂီတမှူး စန္ဒရား ထိပ်တင်ဝင်း၊ အမေက ရေဒီယိုတေးသံရှင် စေါမြကြည်တို့က ဆက်လာတဲ့ ဂီတနွယ်စစ်ပေါ့။
မာအေး ပြည်ပ မထွက်ခင်က 'Studio A' အသံသွင်းခန်း ဖွင့်ခဲ့သေးတာကိုး။ သူ့ကို အသံသွင်း အသံဖမ်းပညာသင်အဖြစ်နဲ့ ခေါ်ထားတော့ - သူလဲ သားငယ်စာရင်းဝင်ဘဲပေါ့။ ပန်တျာကျောင်းမှာလဲ သုံးနှစ်မြောက် ဆရာဖြစ်တန်းမှာ တက်နေတယ် ထင်ပါရဲ့။ စန္ဒရားလက်လဲ အတော်တော့ ရနေပြီဆိုပြီး မာအေးက ၀မ်းသါနေတာ၊ မောင်လှအေးတို့ မောင်မျိုးခင်တို့လို သင်ပေးရဦးမယ် လို့ ကြံထါးတာမှာ ကိုယ်က ဒီဖက်လာပြီး - သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာဖြစ်နေတာနဲ့ ဘာမှ လုပ်မပေးဖြစ်တာပါ။ ခုတော့ သူကလေးက အဆိုတော်ဘဲ လုပ်တော့မယ် တဲ့။ ဒါလဲ ကေါင်းတာပါဘဲလေ၊ ဗမာသံစည်း။ စည်း"၀ါး"တကျ ဆိုတတ်တဲ့လူငယ်က အတော့်ကို ရားနေတာမို့လး။
စန္ဒရားသင်လို့ လက်ကလေးမှန်မယ်ကြံ၊ သင်္ကေတလေးကေါက်ရေးနိုင်တဲ့ဥာဏ်၊ နည်းနည်းလေးဟန်တာနဲ့ လျှပ်စစ်စန္ဒရားလို့ ပြောရမယ့် key board ပြောင်းတီးတာတွေ များလာလို့ပါ။ ဗမာ့ဂီတတို့ရဲ့ အထာ၊ အတွဲအဖက်၊ အလူးအလှိမ့်တွေရဲ့ အရသာဟာ - ကမ္ဘာ့ဟန်နဲ့ နှိုင်းမရပါဘူး။ ပြန်တော့ တွေ့ရဦးမယ် ထင်ပါတယ်။ "အဆိုချည်းသက်သက်တော့ မလုပ်ပါနဲ့ အတီးလဲ ဆက်ပါ၊ ရှေ့မှာ စန္ဒရားချစ်ဆွေ၊ စန္ဒရားထွန်းညွန့်၊ စန္ဒရားလှထွတ် စတဲ့ အတီးဆရာတွေဟာ ဆိုတီး တီးကြတဲ့ ပညာရှင်တွေပါ၊ ဒီကရှေ့ သီချင်းပါရေးသေးတာဘဲ" လို့ ပြောပေးရမှာပေါ့ရှင်။
'ရဲနန္ဒ'ရဲ့ အဖေ – ထိပ်တင်ဝင်းကတော့ အတီးပညာရှင်သက်သက်ပဲ၊ မာအေးတို့မောင်နှမတွေလို ကြီးပြင်းလာကြတာမှာ တခါမှ 'ကိုဝင်း' သီချင်းညည်းတာကို မကြားဖူးဘူး။ တူရိယာပစ္စည်း အတော်များများကို တီးတတ်တဲ့ ဥာဏ် - သိတ်ကေါင်းတဲ့ မောင်ကလေးဘဲ၊ ဘာကိုတီးတီး အလုပ်ဖြစ်အောင် တီးနိုင်စွမ်းတဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လဲ ရောင်းတန်းဂီတ တေးသံသွင်းလောကရဲ့ သီချင်းခွေမျက်နှာစာမှာ သူ့နာမည်ကိုပါ အတော်များများ တွေ့နိုင်ခဲ့တာပေါ့ရှင်။
မာအေး ဆိုပေးခဲ့တဲ့ တေးအတွဲတွေမှာလဲ အတူတွဲခဲ့ ထုတ်ခဲ့တါတွေ အများကြီးပါဘဲ။ အားကိုးရတယ်၊ စိတ်လဲ ရှည်တယ်၊ သီချင်းတွေ ကေါင်းသည်ထက်ကေါင်းအောင် - အရောင်တင်ဖို့ ဆိုတာကို မာအေးက အသံမသွင်းမီမှာရှာခဲ့တာရှင့်၊ အလိုက်အသွား ပြင်တန်တာတွေ ပြင်တယ်၊ သီချင်းကို ဘယ်နေရာ အတီးဝင်လို့ ဘယ်နေရာမှာ ဘယ်လိုပြန်ကေါက်မယ်တို့ ဆိုတဲ့ ပုံစံကို ချတဲ့အခါ၊ ထိပ်တင်ဝင်းလေး လာစမ်းပါဦး - မှတ်စမ်းပါဦး နဲ့ ခေါ်ထားရတာ၊ မာအေးက သင်္ကေတ NOTE တွေ မဖတ်တတ် မရေးတတ်ဖူးလို့ ပြောထားတာ - သတိရပါနော်။ တတ်တဲ့တယောက်က လိုက်မှတ်ပေးတော့ အလုပ်ခွင် အဆင်ချောတာပေါ့ရှင်၊ တခါမှ မလာနိုင်ဘူးမမရယ်လို့ မငြင်းခဲ့တဲ့ စန္ဒရားဆရာ၊ သူ့အဖေ မာအေးဆရာက မောင်လို မွေးစားစေခဲ့တဲ့ ဒီဆရာလေးဟာ ကိုယ်ပြန်မယ့်အချိန်မှာ မတွေ့လာနိုင်တော့ဘူးတဲ့ရှင်။
ဒါကြောင့်လဲ ပြန်မယ်လို့ ကြံတိုင်း တွေးတိုင်း ကိုယ့်ဂီတ အသိုင်းအ၀န်းက နေလိုထွန်းခဲ့တဲ့ "ဂီတလုင်ကြီး" ဒယ်ဒီကို "မိချစ်မှုန်ကြီး လို့ ခေါ်ခဲ့တဲ့ စန္ဒရားချစ်ဆွေ"၊ ဘပု၊ ချစ်၊ မှုန်ကလေး လို့ ခေါ်ခဲ့တဲ့ စန္ဒရားလှထွတ်၊ "မျိုး - သားငယ်လေးလို့ ခေါ်ခဲ့တဲ့ စန္ဒရား မောင်မျိုးခင်" - မာအေးနဲ့ အတွဲညီခဲ့သူတွေ၊ သူတို့ မာအေးကို မကူနိုင် မပို့နိုင်တော့ပါလား - အားငယ်ရသလိုဘဲ၊ ခုဆို ကိုဝင်း - ကိုဝင်း လို့ ခေါ်လာတဲ့ ထိပ်တင်ဝင်းလဲ သွားနှင့်ပြီ တဲ့။ သူ့သားကလေး 'ရဲနန္ဒ'အတွက် - သူ တကိုယ်တော် တီးခတ်ပေးခဲ့နိုင်ခဲ့တယ်၊ တာဝန်ကျေအဖေပေါ့လေ၊ မာအေး အမှုတွေ ပွေနေလို့ သူရှိတုန်း သားအခြေအနေကို ပြောမပြဖြစ်လိုက်တာအတွက် တာဝန်မကျေတဲ့မမ – မင်းတီးတဲ့ အဖေ့အမွေ စောင်းလက်ကျသံ နာခံရင်း လွမ်းရက်ရှည်ဦးမယ်။
ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။
စာစီစာရိုက် - မျိုးဇော်
Aung Maung - Rebutal on Wrongly Accused Letter to MoeMaKa
ဂုဏ်သိက္ခာ ပျက်ပြားစေရန် မဟုတ်မမှန် ရေးသားတင်ပြထားခြင်းမှ ပယ်ဖျက်ပေးပါရန်
တာဝန်သိပြည်သူတဦး (ဦးအောင်မောင်း)၊ ဇွန် ၃၊ ၂၀၁၂
အထက်ပါကိစ္စနှင့်ပတ်သက်၍ (ဇွန် ၂၊ ၂၀၁၂ )ရက်စွဲပါ မိုးမခပေးစာတွင်ပါရှိသော• ဆက်သွယ် ရေးဝန်ကြီးဌာနမှ လက်ရှိမန်နေဂျင်းဒါရိုက်တာ ဦးဣဒ္ဓိလှ၏ ကိုယ်ကျိုးရှာလုပ်စားနေမှုများ အား ဖော်ထုတ် အရေးယူ ပေးပါရန် ဆိုသောရေးသားထားချက်များမှာ လူကြီးတစ်ဦး၏ ဂုဏ်သိက္ခာ ပျက်ပြားစေရန် မဟုတ်မမှန် ရေးသား တင်ပြထားခြင်းသာဖြစ်ပါသဖြင့် ပယ်ဖျက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(၁) ဦးဣဒ္ဓိလှသည် ယခုလက်ရှိ MPT မှ ရောင်းချ လျှက်ရှိသော GSM Mobile Phone သန်း (၃၀) စီမံကိန်းမှ ၂ သိန်း တန် ဖုန်းကဒ်များကို နောက်ကွယ်တွင် သူနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော တပည့်များမှ တဆင့် ကုမ္ပဏီများမှ တရားဝင်မရောင်းချခင်ကပင် မြို့အသီးသီးရှိဖုန်းဆိုင်များနှင့် ချိတ်ဆက်၍ ကြိုတင်ရောင်းချ ခြင်းများပြုလုပ်ခဲ့ပါသည် မှာ မှန်ကန်မှုမရှိပါ။
(တရားဝင်ရောင်းချခွင့်ရရှိထားသော ကုမ္ပဏီများမှ စတင်ရောင်းချမည့်ရက်မတိုင်မီ နှစ်ရက်စော ၄င်းတို့ရောင်းချရမည့် တိုင်း/ပြည်နယ်များရှိ မြို့နယ်များသို့ လမ်းပန်းအခက်အခက်ကြောင့် ကြိုတင် ပေးပို့ရောင်းချခဲ့ခြင်းသာဖြစ်ပါသည်။)
(၂) ဦးဣဒ္ဓိလမှာ ယခင်နအဖ စစ်အစိုးရ စစ်တပ်၏ဗိုလ်မှူးရာထူးမှ အရပ်ဖက်ဆက်သွယ်ရေးသို့ ပြောင်းရွှေ့လာ သူဖြစ်ပါသည်။ ဆက်သွယ်ရေး နှင့်ပတ်သတ်ပြီး လုပ်ငန်းတွေ့အကြုံနှင့် နည်းပညာပိုင်းတို့တွင်လည်း ကျွမ်းကျင်မှုမရှိပါ ဆိုသည်မှာ မမှန်ကန်ပါ။
(နည်းပညာနှင့် စီမံခန့်ခွဲမှုအပိုင်းတွင် လိမ္မာကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် တိုင်းနှင့် ပြည်နယ် မန်နေဂျာများပင် လေးစားအတုယူရသူတစ်ဦးဖြစ်ပါသည်။)
(၃) မန္တလေးတိုင်း ဆက်သွယ်ရေးရုံး ငွေစာရင်းဌာနမှ လက်ရှိမန်နေဂျာ အမျိုးသမီးနှင့်ပူးပေါင်း၍ Phone Board များတွင် အေးဂျင့်အဖြစ် ဆောင်ရွက်စေခြင်း၊ ဖုန်းဘီလ်သွင်းသောငွေများ၊ MobilePhone အပျောက်အပျက်များ၏ ဌာနသွင်းငွေများကို ဘဏ်သို့မသွင်းသေးပဲ ထို ငွေများဖြင့် မြေအရောင်းအ၀ယ်လုပ်ခြင်း ပွဲရုံများလုပ်ခြင်း စသည်ဖြင့် ကိုယ်ကျိုးရှာသုံးစွဲခဲ့ပါသည် ဆိုသည်အချက်မှာ မမှန်ကန်ပါ။
(ဖုန်းဘီလ်သွင်းသောငွေများ၊MobilePhone အပျောက်အပျက်များ၏ ဌာနသွင်းငွေများကို ဘဏ်သို့မသွင်းသေးပဲထားရှိ၍မရပါ။ထိုစာရင်းများကို စစ်ဆေးရသော တိုင်းစာရင်းစစ်ရုံးတွင် မေးမြန်းနိုင်ပါသည်။)
(၄) ၀န်ထမ်းတစ်ဦး၏နေအိမ်တွင် ဆေးခြောက်များနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ရှာဖွေတွေ့ရှိခဲ့ရာတွင်လည်း ယခုလက်ရှိ MD (ယခင် မန္တလေးတိုင်းမန်နေဂျာ) သည် ထိုဝန်ထမ်းကို အရေးယူမခံ ရအောင် ကာကွယ်ပေးခဲ့ ပါသည်ဆိုသည်မှာ မမှန်ကန်ပါ။
(ကာကွယ်မပေးခဲ့ပါ ဆောင်ရွက်ခဲ့သူမှာ ယခုအချိန်အထိ မန္တလေးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျှက် ရှိနေပါသည်။)
သို့ဖြစ်ပါ၍ ယနေ့ Clean Government Good Government ဖြစ်လာစေရေးအတွက် ဆောင်ရွက်နေချိန်တွင် ဆက်သွယ်ရေး ၀န်ကြီးဌာနမှ မန်နေဂျင်းဒါရိုက်တာ ဦးဣဒ္ဓိလအား ဂုဏ်သိက္ခာ ပျက်ပြားစေရန် မဟုတ်မမှန် ရေးသားတင်ပြထားခြင်းမျှသာဖြစ်သည့်အတွက် ပယ်ဖျက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(မိုးမခမှတ်ချက် - မြန်မာပြည်တွင်းရှိ လုပ်သားပြည်သူတို့၏ ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုများ အရှိန်မြင့်နေပြီး ပြည်သူလူထုတို့၏ (အမည်၊ အီးမေး၊ နေရပ်လိပ်စာ၊ ဖုံးနံပါတ် တို့ဖြင့်) ပေးစာများကို မိုးမခမီဒီယာကလည်း ထပ်ဆင့်တင်ဆက်ပေးနေခြင်း ဖြစ်သည်။ ယခု MD ဦးဣဒ္ဓိလ နှင့် ပတ်သက်ပြီး ပြန်လည်တုန့်ပြန်ချက်ကို တင်ပြပေးလိုက်သည်)
(photo -Reuters)
Interview with U Win Tin - People' Power & Regime's Responsibility in Burma
လူထုထောက်ခံမှုမှသည် ဆန္ဒထုတ်ဖော်မှုဆီသို့နဲ့ အစိုးရတရပ်ရဲ့ ယူရမယ့်တာဝန်များ
ဦးဝင်းတင်နဲ့ မေးခွန်းများ - မိုးမခ၊ ဇွန် ၃၊ ၂၀၁၂
မေး။ ။ ဒေါ်စုရဲ့ ပြည်ပခရီးစဉ်မှာ ပြည်ပရောက်မြန်မာတွေရဲ့ ကြိုဆိုမှုတွေကို ဆရာတို့က ဘယ်လိုမြင်သလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ပြည်ပခရီးစဉ်မှာ ဘန်ကောက်အပြင် အခြားမြို့တွေကို သွားတယ်။ ပြည်ပရောက် မြန်မာပြည်သူတွေနဲ့ ဆုံတွေ့တယ်။ ဒေါ်စုကို ကြိုဆိုကြတာာ ရွေးကောက်ပွဲကာလ၊ စည်းရုံးရေးခရီးစဉ်ကာလ မြန်မာပြည်တွင်းက ခရီးစဉ်တွေနဲ့ အလားသဏ္ဍန်သွားတူနေတယ်။ မြန်မာပြည်သူတွေက တခဲနက် အုံးအုံးကြွက်ကြွက်ကို ကြိုကြတာကို တွေ့ရတယ်။ သာမန်အားဖြင့် ဒေါ်စုက စန်းပွင့်နေလို့၊ လူကြိုက်များနေတဲ့ အချိန်မို့လို့ ဒါတွေက တွေ့မြဲပဲလို့ ပြောချင် ပြောနိုင်မယ်၊ မဆန်းဘူးလို့ ပြောချင်ပြောနိုင်မယ်။ သို့သော်လည်း အခုဟာက ပြည်ပရောက်နေတဲ့ မြန်မာပြည်သူတွေ ဖြစ်နေတယ်။ သူတို့တွေက မြန်မာပြည်ကနေ အခြေအနေအမျိုးမျိုးကြောင့် စွန့်ခွာထွက်ပြေးခဲ့ကြသူတွေ ဖြစ်တယ်။ မြန်မာပြည်နဲ့ ကွာကောင်း ကွာနိုင်တယ်။ လူဦးရေကလည်း အပြင်ကနေ သိန်းနဲ့ သောင်းချီတယ် ဘယ်လိုပဲ ပြောပြော၊ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖျဖျကြိုဆိုကြလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားဘူး။ အံ့သြစရာကောင်းလောက်အောင်ကို ပြည်ပရောက် မြန်မာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆိုထောက်ခံမှု ပြကြတာကို တွေ့ရတယ်။
မေး။ ။ အဲဒါက ဘာပြတာလဲ။ ပြည်တွင်းက မြန်မာတွေရဲ့ သဘောထားတွေ ဆန္ဒတွေနဲ့ ပြည်ပက မြန်မာတွေရဲ့ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေဟာ တသားတည်း၊ တသဘောတည်း ဖြစ်တယ်လို့ ပြဆိုနေတာလား ဆရာ။
ဖြေ။ ။ အဲဒါက ဘာပြနေသလဲ ဆိုတော့ … ပြည်ပရောက်မြန်မာတွေဟာ မြန်မာပြည်ပကို ရောက်နေတယ်။ ရောက်တဲ့နေရာမှာလည်း ဒုက္ခ သုက္ခတွေကို ခါးစည်းခံနေကြရတယ်။ လူကုန်ကူးခံရသူတွေ ပါမယ်။ မတရားသဖြင့် forced labor သဘောမျိုး ကျေးကျွန်တွေလိုမျိုး ချုပ်နှောင် ခိုင်းစေခံနေရသူတွေ ရှိနေတယ်။ မိသားစုတွေထဲမှာ သေကြ ကျေကြ ကွဲကွာ ပျောက်ဆုံးနေကြရတဲ့ သူတွေပါတယ်။ မြန်မာပြည်ရဲ့ အဝေးမှာ တကွဲတပြားဖြစ်နေကြရတယ်။ အဲဒီလူတွေအားလုံးဟာ သူတို့ဘ၀တလျောက်လုံးမှာ အဆက်ဆက်သော စစ်အစိုးရတွေရဲ့ လစ်လျူရှုခြင်းကို ခံစားခဲ့ရသူတွေ ဖြစ်တယ်။ မြန်မာသံရုံးတွေဆိုတာကလည်း ဒီလူတွေရဲ့ အရေးကိစ္စတွေကို ဘယ်တုံးကမှ ကိုယ်ချင်းစာတရား ဂရုဏာတရား လက်ကိုင်ထားပြီး အကူအညီပေးတာ၊ စောင့်ရှောက်မှုပေးတာတွေ မလုပ်ခဲ့ဘူး။ အဲသည်လို ခံစားနေကြရတဲ့ မြန်မာပြည်သူလူထုတွေဟာ အခုလိုမျိုး နဲနဲလေး ပွင့်လင်းလာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အချိန်မှာ ဒေါ်စုကို တခဲနက် အုံးအုံးကြွက်ကြွက် သောင်းသောင်းဖျဖျ ကြိုဆိုကြတယ် ဆိုတာဟာ ဘာကိုပြသလဲ ဆိုတော့ … ဒီလူတွေဟာ မြန်မာပြည်ကို စိတ်မကုန်ဘူး၊ ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ရောက်နေသော်လည်း မြန်မာပြည်ကို ချစ်တယ်၊ မျှော်လင့်ချက်တွေ ရှိတယ်။ မြန်မာပြည်ကို အားကိုးနေတုံးပဲ။ စေတနာတွေ ထားတုံးပဲ။ ဒါတွေကို ပြသတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့တိုင်းပြည်ခေါင်းဆောင်အဖြစ် အားကိုးတယ်။ ထောက်ခံနေတယ်။ မျှော်လင့်ချက်တွေ ထားတယ် ဆိုတာကို ပြသတာ ဖြစ်တယ်။ မြန်မာပြည်ကို ပြန်လာကြမယ့်သူတွေဖြစ်တယ်ဆိုတာကို ပြတယ်။ မြန်မာပြည်ကို
ကျောခိုင်းသွားတဲ့သူတွေ မဟုတ်ဘူး ဆိုတာကို ပြတယ်။ အဲသည် ပြည်ပရောက်နေတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်နဲ့ မေတ္တာပေါင်းကူးဆိုတဲ့ သဘောထားအမြဲရှိနေတယ်ဆိုတာကို ထုတ်ဖော်တယ်လို့ ပြောချင်ပါတယ်။
မေး။ ။ အဲသည်တော့ လက်ရှိတရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်နေပြီ၊ ကြားဖြတ်ရွေးကောက်ပွဲကို အောင်နိုင်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးကောက်ခံထားရတဲ့ အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်တွေမှာ ဘယ်လိုမျိုး တာဝန်တွေ လုပ်စရာတွေ ရှိလာပြီလို့ ယူဆသလဲ ဆရာ။
ဖြေ။ ။ ပြည်ပမှာ မြန်မာမိတ်ဆွေတွေနဲ့ သာမန်အားဖြင့် တွေ့ဆုံတာတင် မဟုတ်ဘူး။ ပြည်ပရောက် မြန်မာလူမျိုးတွေနဲ့ တွေ့ရတာဟာ သူတို့ရဲ့ စားဝတ်နေရေးတွေ၊ ကျန်းမာရေးတွေ၊ လူ့အခွင့်အရေးတွေ၊ သူတို့ အရေးကိစ္စတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီမှာ တာဝန်ရှိတယ်ဆိုတဲ့ သဘောဖြစ်သွားတယ်။ အဲသည်လိုမျိုး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အခုအချိန်မှာ ရယူထားသူတွေမဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီမှာတောင် ပြည်သူတွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်ဓာတ်တွေ ဖြစ်ပေါ်နေတယ်ဆိုရင် အခုလက်ရှိမှာ အချုပ်အခြာအာဏာကို ကိုင်စွဲထားတဲ့ အစိုးရဆိုသူတွေမှာ ဘယ်လောက်တောင် တာဝန်တွေ ရှိနေသလဲ။ ဘယ်လိုထိ တာဝန်သိတဲ့ အသိစိတ်ဓာတ်တွေ ရှိဖို့ကောင်းသလဲလို့ ထောက်ပြစရာ ဖြစ်သွားတယ် လို့ ပြောချင်တယ်။
မေး။ ။ တကယ်တန်းဆိုရင် သမ္မတကြီးဦးသိန်းစိန်သာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်ပခရီးထွက်ပြီးတော့ ပြည်ပရောက် မြန်မာပြည်သူတွေနဲ့ ဆုံတွေ့နိုင်ခဲ့မယ်သာဆိုရင် ဦးသိန်းစိန်တို့လို လက်ရှိမှာ တာဝန်ယူထားတဲ့ အာဏာပိုင်အစိုးရကြီးတွေအတွက်လည်း ထူးခြားတဲ့ အသိစိတ်ဓာတ်တွေ ဖြစ်ပေါ်စေမယ်လို့ ပြောနိုင်မှာပေါ့နော် ဆရာရေ။
ဖြေ။ ။ အဲလိုပဲ ပြောရမယ် ထင်တယ်။ အကယ်၍ သမ္မတကြီးလည်း အခုလိုမျိုးခရီးထွက်ခဲ့ရင် အဲသည်က ပြည်သူတွေက တခဲနက်စုဝေးပြီးတော့ သမ္မတကြီး ကျန်းမာပါစေလို့ အော်မယ့်လူတွေ ရှိပါ့မလားတောင် မေးစရာဖြစ်မယ်။ အဲဒါလည်း သူတို့ သိပုံပေါ်ပါတယ်။ ဒါကြောင့်လည်း အကြောင်းအမျိုးမျိုးပြပြီး ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့တယ်လို့ ထင်မြင်မိတယ်။ မြန်မာပြည်မှာ အာဏာရှိသူပဲ ဖြစ်ဖြစ်၊ အာဏာမရှိသူပဲဖြစ်ဖြစ် နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေ၊ နိုင်ငံရေးသမားတွေတိုင်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ်လောက်တာဝန်ရှိတယ်၊ ဘယ်လိုတာဝန်ယူနိုင်ရမယ်ဆိုတာကို ထင်ရှားစေတယ်လို့ ပြောချင်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေပဲဖြစ်ဖြစ်၊ တိုင်းပြည်မငြိမ်းချမ်းလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ၊ တိုင်းရင်းသားတွေအတွက် တာဝန်ယူပြီး ဆောင်ရွက်စရာတွေ၊ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်တောင် ဆက်လုပ်ဆောင်ရဦးမလဲဆိုတာ တွေးကြည့်နိုင်တယ်။
မေး။ ။ အဲသည်တော့ ဒီမိုကရေစီစနစ်ကို ပြည်သူတွေက ဘယ်လောက်တောင် လိုလားတယ်။ အဲသည်ကို မျှော်လင့်ပြီးတော့ ဒေါ်စုနဲ့တကွ အင်န်အယ်ဒီပါတီကိုလည်း ထောက်ခံအားပေးမှုတွေ ပြသကြတယ်။ ဒါ့အပြင် သူတို့ရဲ့ ဆန္ဒသဘောထား ထုတ်ဖော်မှုတွေကိုလည်း ပြည်တွင်းမှာကော ပြည်ပမှာပါ ထင်ထင်ရှားရှား တခဲနက်ကြီးကို ထုတ်ဖော်ပြသနေကြတယ်။ အဲသည်တော့ ဆရာတို့ အင်န်အယ်ဒီဆိုတာကလည်း ပြည်သူတွေ မျှော်လင့်တဲ့ နိုင်ငံရေးစနစ်တွေ ဖော်ဆောင်နိုင်ဖို့အတွက် ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ထူထောင်နေပြီလား ဆရာ။ ပြောပြပါဦး။
ဖြေ။ ။ အဲသည်အချက်ကိုလည်း တခါတည်း ပြောပြချင်ပါတယ်။ ပါတီညီလာခံတွေ ကျင်းပဖို့ လုပ်နေပြီ။ ရပ်ကွက်ကျေးရွာကနေ ဗဟိုအဆင့်အထိကို ရွေးချယ်တင်မြှောက်ခံရတဲ့ ယန္တယားအဆင့်ဆင့်နဲ့သာ လည်ပတ်မယ်ဆိုတာကို ပြောချင်တယ်။ နှစ်ကုန်ပိုင်းကို ရည်ရွယ်ထားတယ်။ အဲသည်အတွက် ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အဆင့် ဖွဲ့ပြီးပြီ၊ ဗဟိုကနေပြီးတော့ တိုင်းနဲ့ ပြည်နယ်တွေမှာ ကော်မရှင်ဖွဲ့မယ်။ အဲသည်နေ အဆင့်ဆင့် မြို့နယ်တွေ၊ ရပ်ကွက်၊ ကျေးရွာတွေမှာ ညီလာခံကျင်းပရေး ကော်မရှင်အဆင့်ဆင့် ဖွဲ့မယ်။ ဇူလိုင်လထဲလောက်မှာ ရပ်၊ ကျေး ကော်မရှင်တွေကနေ ညီလာခံတွေပေါ်လာမယ် ထင်တယ်။ ဒါက လုပ်ငန်းပိုင်းပေါ့။
မေး။ ။ ဒါပေမယ့် ပါတီတည်ဆောက်ရေးမှာ လုပ်ငန်းပိုင်းက တပိုင်း၊ လက်တွေ့မှာ စစ်အစိုးရအဆက်ဆက် ဖိနှိပ် ချုပ်ချယ် နှိမ်နှင်းခံထားရတဲ့အတွက် ပါတီအင်အား ထူထောင်ရေးမှာ အခက်အခဲတွေ ပြသနာတွေလည်း ရှိနေတယ် မဟုတ်ဘူးလား။ အဲသည်အတွက်ကို ဘယ်လို သဘောထား၊ အခြေခံနဲ့ ရင်ဆိုင်ဖြေရှင်းမှာလဲ ဆရာ။
ဖြေ။ ။ ပါတီဝင်တွေဟာ နှစ်ပေါင်းများစွာ ဖမ်းဆီးခံရတာတွေရှိတယ်။ ဖိနှိပ် ချုပ်ခြယ်ခံရတာတွေ ရှိတယ်။ အခက်အခဲတွေ အများကြီး ရှိတယ်။ ၂၀၁၀ စက်တင်ဘာမှာ ပါတီကို ဖျက်သိမ်းခံခဲ့ရတယ်။ ၂၀၁၁ တနှစ်လုံးလုံး ဒီအတိုင်း ရုန်းကန်ပြီး ရပ်တည်ခဲ့ရတယ်။ ၂၀၁၂ ဇန်န၀ါရီ နှစ်ဆန်းပိုင်းမှာမှ ပြန်လည် မှတ်ပုံတင်ခွင့်ရတယ်။ မှတ်ပုံတင်ခွင့်ရတော့ ရွေးကောက်ပွဲဝင်ဖို့ လုံးပမ်းရတာနဲ့ ကျနော်တို့မှာ တောက်လျောက်ပဲ။ ဧပြီမှာ ရွေးကောက်ပွဲလုပ်ငန်းတွေ ပြီးလည်း ပြီးရော အခု မေလမှာ ညီလာခံကျင်းပရေးလုပ်ငန်းတွေ လုပ်ရတော့တာပဲ။
အခုလို လုပ်ငန်းစဉ်ပိုင်းဆိုင်ရာတွေ အကောင်အထည်ဖော်နေရတဲ့ နေရာမှာ တကယ်တန်းပြန်ကြည့်လိုက်ရင် အန်အယ်ဒီမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဗဟိုပိုင်းဆိုင်ရာက စီအီးစီအဖွဲ့တခုပဲ တကယ်တန်းက ရှိတယ်။ တိုင်းတွေ၊ ပြည်နယ်တွေ၊ မြို့နယ်တွေ ရပ်ကွက်တွေ အားလုံးမှာ စည်းရုံးရေးကော်မတီတွေ တိတိကျကျမရှိဘူး။ ရွေးကောက်ပွဲဝင်တာတောင်မှ အောင်နိုင်ရေးကော်မရှင်တွေဖွဲ့ပြီး လုံးပမ်းခဲ့ကြရတာဖြစ်တယ်။ စည်းကော်မီတီတွေနဲ့ လုပ်ခဲ့ကြရတာ မဟုတ်ဘူး။
ပါတီကမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရှိတာက အပ အဆင့်ဆင့်မှာ စည်းရုံးရေးကော်မီတီတွေ မရှိတဲ့အတွက်ကြောင့် ပါတီညီလာခံ အဆင့်ဆင့်လုပ်ပြီး ရွေးချယ်တင်မြှောက်မှုတွေ လုပ်မယ်ဆိုရင် ဘယ်သူကနေပြီး ဦးဆောင်မလဲ၊ ဘယ်သူကနေ တာဝန်ယူ ဆောင်ရွက်မှုတွေ လုပ်မလဲဆိုရင်လည်း ဘယ်သူမှ မရှိဘူး။
ဒီတော့ ပါတီထဲမှာလည်း ပါတီဝင်တွေအနေနဲ့ အများကြီး တိုးပွားလာနေတာတော့ မှန်ပါရဲ့။ အဲသည်မှာလည်း လူသစ်၊ လူဟောင်း ပြသနာတွေကလည်း ပေါ်နေတယ်။ ဒါကြောင့် စည်းကော်မတီတွေလည်း မရှိတော့ ပါတီညီလာခံတွေ လုပ်ဆောင်ဖို့အတွက်လည်း ရွေးကောက်ပွဲတုန်းက လုပ်ခဲ့သလိုမျိုး ရွေးကောက်ပွဲအောင်နိုင်ရေးကော်မရှင်တွေ အဆင့်ဆင့်ဖွဲ့ပြီး လုပ်ကြရသလိုမျိုး ဗဟိုကနေပြီးတော့ ညီလာခံကျင်းပရေးကော်မရှင်တွေ အဆင့်ဆင့် ပြန်ဖွဲ့ပြီး လုပ်ရတဲ့ သဘောဖြစ်လာတယ်လို့ ပြောချင်တယ်။
မေး။ ။ ပါတီဝင်တွေ အများကြီးတိုးလာတယ် ဆိုတော့ သူတို့တွေအတွက် အဆင့်ဆင့် တာဝန်တွေ၊ လုပ်ငန်းတွေ၊ သဘောထားရေးရာတွေမှာ ဘာမှ ပြင်ဆင်ပေးတာ၊ သတ်မှတ်လုပ်ကိုင်တာတွေ မရှိသေးဘူး ဆိုတဲ့ သဘောလို့ ပြောရမှာလား ဆရာ။
ဖြေ။ ။ ရွေးကောက်ပွဲအကြိုကာလနဲ့ နောက်ပိုင်းမှာ ပါတီဝင်တွေ အများကြီး တိုးတက်လာတယ်။ နိုင်ငံရေးလုပ်ချင်တဲ့သူတွေ ပေါ်လာတယ်။ အင်န်အယ်ဒီနဲ့ လက်တွဲလုပ်ချင်တဲ့သူတွေ ပေါ်လာတယ်။ နောက်ပြီးတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ နိုင်ငံရေးမလုပ်ရင်တော့ ကြံ့ဖွှံတွေနဲ့ပဲ ပြီးကုန်တော့မှာပဲဆိုပြီးတော့ နိုင်ငံရေးအလုပ်တွေကို စိတ်ဝင်စားလာတယ်။ အင်န်အယ်ဒီကို ၀င်ရောက်လာတယ်။
တပြိုင်နက်တည်းမှာလည်းပဲ ပါတီထဲမှာ ခေါင်းဆောင်ဟောင်းတွေ ရှိတယ်။ သူတို့တွေထဲမှာ စွန့်လွှတ်စွန့်စား လုပ်ခဲ့ကြသူတွေ ရှိတယ်။ ထောင်ကျ တန်းကျ လုပ်ခဲ့ရသူတွေ ရှိတယ်။ အဲသည်အပြင် အမြင်အယူအဆ မတူလို့၊ ကြောက်လို့ဆိုပြီး ပါတီအနားမကပ်နိုင်တဲ့သူတွေလည်း ရှိတယ်။ အဲသလို ပါတီပြင်ပမှာ ရောက်သွားတဲ့ ပါတီနိုင်ငံရေး အာပတ်သင့်တဲ့သူတွေလည်း ရှိတယ်။ အဲသည်မှာ နိုးကြားလာတဲ့ လူသစ်တွေအများကြီးလည်း ပေါ်လာတယ်။
အားလုံးက ပါတီထဲမှာ စုပြုံပြီး တိုးနေကြတော့ ဘာတွေ့ရသလဲဆိုတော့ တိကျတဲ့ ခေါင်းဆောင်မှုက မရှိဘူး။ ပါတီဖွဲ့စည်းပုံ အဆင့်ဆင့်မှာ စည်းရုံးရေးကော်မတီတွေ မရှိဘူး၊ ရပ်ကျေးတွေမှာလည်း စည်းကော်မတီတွေ မရှိဘူး။ တိုင်းတွေ ပြည်နယ်တွေ၊ မြို့နယ်တွေမှာလည်း မရှိသေးဘူး။ ဒါကြောင့် ညီလာခံလုပ်မယ်ဆိုတော့ လူဟောင်း လူသစ်တွေ၊ လူကြီး လူငယ်တွေ၊ အချင်းချင်းတွေကြားထဲမှာ သဘောထားချင်းတွေ မတူညီတာတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာတယ်။ ကိုယ့်ဖက် သူဖက် ခွဲခြားတာတွေ၊ ကန့်သတ်တာတွေ ဘာတွေ ကွဲပြားတာတွေ ပေါ်လာကြတယ်။
မေး။ ။ အဲသလို ပါတီအင်အားတွေ စုပြုံတိုးနေတာကို အကောင်းဖက်က ကြည့်မလား၊ အဆိုးဖက်က ပြောမလား ဆရာ။
ဖြေ။ ။ ကျနော်ကတော့ အခုလိုမျိုး အများသူငှာ တက်ကြွ နိုးကြားလာတာမျိုးကို အကောင်းဖက်က မြင်ပါတယ်။ ဒါက ဥပုဒ်နေ့တို့ လပြည့်နေ့တို့လို နေ့မျိုးမှာ ဘုရားရင်ပြင်ပေါ်မှာ ဘုရားဖူးတွေ၊ ကောင်းမှုကုသိုလ်ပြုတဲ့သူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတဲ့သဘောမျိုး မြင်ပါတယ်။ အပျော်အပါးအတွက် ဘောလုံးပွဲတို့၊ စတိတ်ရှိုးပွဲတို့မှာ တိုးကြိတ်နေတာမျိုး မဟုတ်ဘူးလို့ မြင်ပါတယ်။ ရန်ဖြစ်ဖို့ ရန်စောင်ဖို့ မာန်ထောင်ဖို့ ၀င်တာမဟုတ်ဘူး၊ သဒ္ဒါကြည်လင်စိတ်နဲ့ ၀င်လာကြတယ် လို့ မြင်ပါတယ။် စိတ်စေတနာတွေက မှန်တဲ့အတွက် ဘယ်လောက်ပဲ အချင်းချင်းတွေ မတူညီတာ၊ ကွဲပြားတာတွေ ပေါ်နေ ပေါ်နေ တကယ်တန်းမှာတော့ အားလုံးက အများသဘောထားနဲ့ ကျော်လွှားနိုင်မှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲသည်အတွက် အခုလိုမျိုး ညီလာခံကျင်းပရေးကော်မရှင်တွေ အဆင့်ဆင့်ဖွဲ့စည်းပြီး ရှေ့ကို ဆက်လုပ်သွားရင်နဲ့ပဲ အကျိုးဖြစ်ထွန်းလာမယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ဟုတ်ပါပြီ။ ပါတီဝင်တွေကတော့ တပိုင်းပေါ့လေ။ ဒါပေမယ့် လက်ရှိမှာ ပြည်တွင်းမှာ ပါတီဝင်မဟုတ်တဲ့ အခြေခံလူတန်းစားပြည်သူတွေပေါ့။ အလုပ်သမားတွေ၊ လယ်သမားတွေ၊ လက်လုပ်လက်စားတွေက လက်ရှိမှာကို လတ်တလောမှာကို အခက်အခဲတွေ၊ မတရားမှုတွေ၊ လိုအပ်ချက်တွေကို ဆန္ဒထုတ်ဖော်နေပြီ၊ ဖြေရှင်းပေးဖို့ တရားဥပဒေစိုးမိုးဖို့ကို တောင်းဆိုနေကြပြီ။ လျှပ်စစ်မီးတွေ မလာဘူး၊ ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်တယ်။ အလုပ်သမားလုပ်ခ လစာတွေ တိုးမြှင့်ပေးဖို့လိုတယ်။ လယ်သမားတွေမှာ လယ်ယာမြေတွေကို အကျုးကျော်ခံနေရတယ်။ စသည်ဖြင့်ပေါ့။ အဲဒါတွေကိုကော ဆရာတို့က ဘယ်လိုမျိုး သဘောထားသလဲ။ ဘယ်လိုမျိုး ပြောချင်သလဲ။ ဘယ်လိုရင်ဆိုင်မှာလဲ။
ဖြေ။ ။ ကျနော့်အမြင်ကတော့ အခုနောက်ပိုင်း ပွင့်လင်းလွတ်လပ်မှုတွေ အနည်းငယ် ရှိလာတယ်။ ပါတီတွေ မှတ်ပုံတင်ခွင့်ရတယ်။ ရွေးကောက်ပွဲဝင်ခွင့်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်သူဆန္ဒနဲ့အညီ ရွေးကောက် တင်မြှောက်ခံရတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်လာတယ်။ အဲသည်လိုမျိုး ပြည်သူတွေဟာ ဒီမိုကရေစီစနစ်ကို လိုလားတောင့်တကြောင်း ထောက်ခံမှုတွေ ပြသထုတ်ဖော်နိုင်ခဲ့တယ်။ အသိအမှတ်ပြုခြင်း၊ မှတ်ကျောက်တင်ခြင်းကို ခံရတယ်။ အဲသည်အတွက် ပြည်သူလူထုဟာ ပိုမိုပြီး တက်ကြွနိုးကြားလာပြီ ဖြစ်တာကြောင့် လက်ရှိ သူတို့ခါးစည်းပြီး ခံစားနေရတဲ့ မတရားမှုတွေ၊ အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ဖိနှိပ်မှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေကို ပြည်သူဆန္ဒအဖြစ် ထုတ်ဖော်ပြီး ပြသလာတဲ့ သဘောပဲလို့ မြင်ပါတယ်။ ဒါတွေကို ဖြေရှင်းပေးဖို့ ထုတ်ဖော် တောင်းဆိုလာကြတယ်လို့ မြင်ပါတယ်။
လူတွေဟာ အဲသလိုမျိုး ဆန္ဒထုတ်ဖော်ဖို့၊ လိုအပ်ချက်တွေနဲ့ အခွင့်အရေးတွေကို တောင်းဆိုလာတယ် ဆိုတာ လူ့တိုင်းရဲ့ အခြေခံလူ့အခွင့်အရေးကို ကျင့်သုံးလိုက်တာပဲ။ နှစ်ပေါင်းများစွာ ကိုယ့်အခွင့်အရေးကို ရပ်တည်တောင်းဆိုခွင့် မရှိရအောင် ဖိနှိပ်ခြင်း ခံထားရတဲ့ ပြည်သူလူထုက အခုအချိန်မှာ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးကို ကျင့်သုံးလိုက်တာဖြစ်တယ်လို့ သဘောာထားပါတယ်။ အဲသည်အတွက် မိမိကိုယ်ပိုင်ဆန္ဒကို ထုတ်ဖော်တာကို မိမိအခွင့်အရေးကို တောင်းဆိုတာကို လက်ရှိအာဏာပိုင်တွေဖက်ကနေပြီး တားမြစ်တာတွေ၊ ဖမ်းဆီး ရိုက်နှက်တာတွေ လုပ်လာတယ်။ နိုင်ငံရေးပါတီတွေကိုလည်း ၀င်ရောက်ရပ်တည်ခြင်း မပြုနိုင်အောင် ကန့်သတ်တာတွေ ခြိမ်းခြောက်တာတွေ လုပ်လာတယ်။ ပါတီတွေ အဖျက်ခံရမယ်ဆိုပြီး ကော်မရှင်ကနေ ခေါ်ယူကြိမ်းမောင်းတာတွေ လုပ်လာတယ်။
တကယ်တမ်းမှာတော့ အခုလိုမျိုး ပြည်သူလူထုကြီးမှာ စားဝတ်နေရေး လူမှုဘ၀တွေမှာ မတရားမှုတွေ ဖိနှိပ်မှုတွေ ခါးစည်းခံနေကြတာဟာ ဘယ်သူတွေလက်သည်လဲလို့ ပြန်မေးရင် အခုလက်ရှိအစိုးရကြောင့် သူတို့ ဒုက္ခရောက်နေကြတာဖြစ်တယ်လို့ ပြောချင်တယ်။ ပြည်သူတွေမှာ အပြစ်မရှိဘူး၊ နိုင်ငံရေးပါတီတွေကနေ သူတို့ကို မတရားလုပ်ထားလို့ မဟုတ်ဘူး။ ဘယ်သူတွေက စက်မှုဇုံတွေ တည်ဆောက်တာလဲ၊ ဘယ်သူတွေက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လာတာလဲ။ လယ်ယာမြေတွေကို စီမံကိန်းတွေ ဆွဲပြီး လုပ်နေတာ ဘယ်သူတွေလဲ။ ဘယ်သူတွေက ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းစာချုပ်တွေ ချုပ်ဆိုခဲ့ကြတာလဲ။ အလုပ်သမားတွေ လယ်သမားတွေအတွက် လုပ်ခ၊ လစာတွေ၊ ခံစားခွင့်တွေကို ဘယ်သူတွေက စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ခဲ့ကြတာလဲ။ သည်အစိုးရကပဲ ဒါတွေအကုန်လုံးကို လုပ်ခဲ့တာချည်းပဲ။ ဒီအရေးကိစ္စတွေအားလုံးဟာ အစိုးရပေါ်မှာ တာဝန်ရှိတယ်။ ခရိုနီတွေဆိုတဲ့ အစိုးရရဲ့ စီးပွားရေးဓမြတွေက ပြည်သူတွေကို ကျုးကျော်စော်ကားနေတာတွေဟာလည်း လက်ရှိအစိုးရရဲ့ တာဝန်ပဲဖြစ်တယ်။ ဒါကို သူတို့က ဘယ်လိုဖြေရှင်းမှာလဲ။
အဲဒါကို အစိုးရနဲ့ အကြံပေးတွေကိုယ်တိုင်ကော၊ အစိုးရအဖွဲ့ဝင်တွေ အဆင့်ဆင့်က တာဝန်ယူပြီး ဖြေရှင်းပေးဖို့ လိုတယ်။ လက်လွတ်စပယ် လူတွေကို အပြစ်တင်တာ၊ ဖိနှိပ်တာ၊ သရော်စော်ကား ပြောဆိုတာမျိုး မလုပ်သင့်ဘူး။ နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးကို စိတ်ဝင်စားလို့ ပြည်သူလူထုဖက်က ရပ်တည်ပေးတာမျိုးကိုလည်း တားမြစ်စရာမလိုဘူး။ ကိုယ့်တာဝန်ကို ကိုယ်ယူပြီး ဖြေရှင်းပေးရမယ်။ အစိုးရမှာ တာဝန်ရှိတယ် လို့ ပြောချင်တယ်။ ဒါပါပဲ။
မေး။ ။ ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး ဆရာပါရဂူ နှစ်ပတ်လည်အခမ်းအနား သွားဖို့ စောင့်ဆိုင်းနေတုန်းမှာ မိုးမခအတွက် အချိန်အနည်းငယ် ပေးပြီး ဖြေကြားခဲ့တဲ့အတွက် ကျနော်တို့က ကျေးဇူးတင်ပါကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives








