From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/6/17
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင် |
- ဦးကျော်လှအောင်နှင့် ပတ်သက်၍နယ်စည်းမထားဆရာဝန်များအဖွဲ့ရှင်းလင်း
- ကျောက်တော်မြို့ နယ် မှာ လူနေအိမ် ၁၂ လုံး မီးရှို့ ခံရ
- "မောင်တောမြို့နယ်အတွင်း ဆူပူအကြမ်းဖက်သူများအား ဖမ်းဆီးရမိ
- မမှန်သတင်းပေးမှုဖြင့် NLD အတွင်းရေးမှူးကို ရွေးကောက်ပွဲ ကော်မရှင်တရားစွဲ
- စစ်တွေမြို့ အခြေအနေ ပုံမှန်နီးပါး ပြန်ဖြစ်လာ
- ဒေါ်အောင်ဆန်းစုကြည် နှင့် နော်ဝေ လူထုတွေ့ ဆုံပွဲ (ရုပ်/သံ)
- ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော နိုဘယ်လ် မိန့်ခွန်း ဘာသာပြန် စဆုံး
- တောင်တွင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး တရားမ၀င် ငွေကြေး တောင်းခံမှု များရှိနေ
- ပြည်သူတွေ ဖောက်နေတဲ့ ငြိမ်းချမ်းရေး လမ်းမ ပေါ်သို့ လျှောက်စေလို
- ရန်ကုန် ကုက္ကိုင်းပလီမျက်နှာစာဖျက်ခံရ
- နော်ဝေရောက်မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် သီးသန့်တွေ့ဆုံ
- နော်ဝေး လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)
- ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း သေဆုံးသူ ၅၀ အထိရှိလာ
- ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ် ငြိမ်းချမ်းရေးဆု မိန့်ခွန်း
- နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြင့်ပွဲ ဒေါ်အောင်ဆန်း စုကြည် တက်ရောက် မိန့်ခွန်း ပြောကြား
- မြန်မာနိုင်ငံက ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ကူညီပေးဖို့ နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ်ပြောကြား
- ကုက္ကိုင်းဗလီ မပျက်စီးပါ
| ဦးကျော်လှအောင်နှင့် ပတ်သက်၍နယ်စည်းမထားဆရာဝန်များအဖွဲ့ရှင်းလင်း Posted: 17 Jun 2012 07:14 AM PDT ရန်ကုန်၊ ဇွန်-၁၈ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MEDECINS SANS FRONTIERES -HOLLAND (AZG)) မှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လှအောင်သည် ရခိုင်ပြည်နယ်အတွင်း၌ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုရှိသည်ဟူသော သတင်းများနှင့်ပတ်သက်၍ AZG မှ ရှင်းလင်းပွဲတစ်ရပ် ဇွန် ၁၇ ရက် ယနေ့တွင်ပြုလုပ်ခဲ့သည်။ သက်ဆိုင်ရာမှ AZG ရှိ ရုံးခန်းများနှင့် ဂိုဒေါင်များအားကောင်းမွန်စွာဝင်ရောက်ရှာဖွေခြင်း ပြုလုပ်ခဲ့ပြီးဖြစ်ပြီး မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာတွေ့ရှိခဲ့ခြင်းမရှိခဲ့ကြောင်း AZG မှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Vickie Hawkins က ရှင်းလင်းပွဲတွင်ပြောသည်။ AZG မှ ၀န်ထမ်းများသည် မိမိတို့ စီမံကိန်းများ လုပ်ကိုင်လျက်ရှိရာ နိုင်ငံများ၏ ဥပဒေများအား လိုက်နာဆောင်ရွက်ရပြီး AZG မှလည်း လိုက်နာရမည့် စည်းကမ်းချက်များအား လက်မှတ်ရေးထိုး ထားစေကြောင်းသိရသည်။ အကယ်၍ ဖောက်ဖျက်ခဲ့ပါက စည်းမျဉ်းအတိုင်း အရေးယူမည်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင် ဦးကျော်လှအောင်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးသည်မှာမှန်သော်လည်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုရှိသည် မရှိသည်ကို အတည်ပြုပြောကြားခြင်းမရှိသေးကြောင်း သတင်းရရှိသည်။ ဦးကျော်လှအောင်သည် AZG ၏ စီမံရေးရာဌာနတွင် အလုပ်လုပ်လျက်ရှိသော ၀န်ထမ်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင်နေထိုင်သည့် မွတ်စလင်လူမျိုးတစ်ဦးဖြစ်ကာ AZG တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်း AZG မှ အတည်ပြုပြောကြားသည်။ by 7Day News Journal | ||
| ကျောက်တော်မြို့ နယ် မှာ လူနေအိမ် ၁၂ လုံး မီးရှို့ ခံရ Posted: 17 Jun 2012 06:58 AM PDT "ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းအကြမ်းဖက်သမားများက လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းအား နယ်မြေခံတပ်မတော်သားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့" ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၌ ဇွန် ၁၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လူနေထိုင်ခြင်းမရှိသည့် တဲအိမ် ၁၂ လုံး မီးရှို့ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ဖစ်စဉ်အားစိစစ်ရာတွင် အကြမ်းဖက်သမားအချို့သည် ကျေးရွာ အစွန်ပိုင်း လူနေခြင်းမရှိသည့် သက်ငယ်မိုးတဲအိမ်များအား မီးကွင်းပစ်၍ ထွက်ပြေးသွားကြောင်း သတင်းရလျှင်ရချင်း အနီးဝန်းကျင်ရှိ လုံခြုံရေးတပ်ဖွဲ့များ အချိန်မီရောက်ရှိ မီးငြှိမ်းသတ်သဖြင့် လူနေအိမ် ၂ဝဝ အနက် ၁၂ လုံးသာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အလစ်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဒေသအာဏာပိုင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆူပူအကြမ်းဖက်မှုကို မလိုလားသောပြည်သူများပူးပေါင်း၍ အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်) Popular Myanmar News Journal | ||
| "မောင်တောမြို့နယ်အတွင်း ဆူပူအကြမ်းဖက်သူများအား ဖမ်းဆီးရမိ Posted: 17 Jun 2012 03:44 AM PDT ရခိုင်ပြည်နယ်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံများ ဝိုင်းဝန်းပူးပေါင်း လုံခြုံရေးဆောင်ရွက်မှုကြောင့် မောင်တောမြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဇွန် ၁၃ ရက်မှစ၍ အေးချမ်းတည်ငြိမ်လျက်ရှိသည်။ ထိုသို့ အေးချမ်း တည်ငြိမ်မှုအား ဆက်လက်ထိန်းသိမ်းရန် လုံခြုံရေးအဖွဲ့များသည် ဒေသခံများနှင့် ဝိုင်းဝန်းလက်တွဲ၍ နေ့/ညမပြတ် လုံခြုံရေး လှည့်ကင်းများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မောင်တောမြို့နယ် ချိန်ခါလီကျေးရွာသို့ ရောက်ရှိစဉ် မသင်္ကာဖွယ် တုတ်၊ ဓားများကိုင်ဆောင်၍ စုရုံးလျက်ရှိသည့် အကြမ်းဖက်သမား ၃ဝ ဦးတွေ့ရှိ၍ လူစုခွဲရန် ဆောင်ရွက်စဉ် အဖွဲ့ခွဲ၍ထွက်ပြေးသွားကြသည်။ ထွက်ပြေးသွားသည့် အကြမ်းဖက်သမားများနောက်သို့ လုံခြုံရေးအဖွဲ့များက အဖွဲ့ခွဲ၍ ရွာနှင့် ပတ်ဝန်းကျင်အနီး ဝိုင်းပတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၂၂ ဦးတို့အား ¤င်းတို့ အသုံးပြုသော အသံပေးကျွဲချိုတစ်ချောင်း၊ လေးပေအရှည် ငါးမူးလုံးသံချောင်း (ထိပ်ချွန်ပြီး) ခုနစ်ချောင်း၊ အရှည်တစ်ပေခန့်ရှိ ဓားချွန်တစ်ချောင်း၊ သုံးပေခန့်ရှိ သစ်သားချောင်း ၁ဝ ချောင်း၊ လေးပေအရှည် သံဆူး(ထိပ်ချွန်) နှစ်ချောင်း တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံများအား သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့လွှဲပြောင်း၍ တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်) | ||
| မမှန်သတင်းပေးမှုဖြင့် NLD အတွင်းရေးမှူးကို ရွေးကောက်ပွဲ ကော်မရှင်တရားစွဲ Posted: 17 Jun 2012 03:34 AM PDT အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးနှင့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၂ အရ သတင်းမမှန်ပေးမှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုထားကြောင်း NLD ပါတီပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။ NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းသည် ဧပြီလ ၁၇က် ကြားဖြတ်ရွေးကောက်ပွဲကာလ၌ မဲလက်မှတ်များတွင် ဖယောင်းသုတ် မှုများရှိနေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြား ခြင်းဖြစ်ကြောင်း NLD ပါတီထံမှသိရှိရသည်။ အဆိုပါအမှုကို ၂၀၁၂ ခုနှစ် ဇွန် လ ၁၄ရက်နေ့တွင် ဇမ္ဗူသီရိ တရားရုံးသို့ အမှုရင်ဆိုင်ရန်ဆင့်ခေါ်ထားပြီး ဦးဥာဏ်ဝင်းသည် ဇွန်လ ၁၃ ရက်နေ့ကပင် နေပြည်တော်သို့သွားရောက် တရားရင်ဆိုင်လျက်ရှိကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကဆိုသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ The Voice Weekly မှ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ တယ်လီဖုန်းဖြင့် သုံးကြိမ်ခန့်ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူများအစည်းအဝေးပြုလုပ်နေသဖြင့် မအားလပ်ပါကြောင်း ပြန်လည်ဖြေကြားသည်။ ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့မှုမရှိကြောင်း၊ တရားဝင်တိုင်ကြားသူလည်း မရှိကြောင်းနှင့် ယခုကဲ့သို့ မမှန် မကန်စွပ်စွဲပြောဆိုမှုများကြောင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မမှန်မကန်တိုင်ကြားသူအား ကော်မရှင်က လိုအပ်လျှင်အရေးယူနိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေးခြင်းဖြစ်ကြောင်း ဖယောင်းသုတ်သည့် တိုင်ကြားမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ၉ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ The Voice Weekly | ||
| စစ်တွေမြို့ အခြေအနေ ပုံမှန်နီးပါး ပြန်ဖြစ်လာ Posted: 17 Jun 2012 03:29 AM PDT စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းများအတွက် အလှူငွေနှင့် စားနပ်ရိက္ခာများ အလှူခံလျှက်ရှိသည့် နေရာများကို အသီးသီးတွေ့မြင်နေရသည်။ ယခင်တွေ့မြင်နေကျမြင်ကွင်းများနှင့် ခြားနားသည်မှာ စစ်တွေမြို့လမ်းများပေါ်တွင် ဘင်္ဂါလီလူမျိုးများကို မတွေ့မြင်ရခြင်းပင်ဖြစ်သည်။ ပုဒ်မ ၁၄၄ ကို ဇွန် ၁၇ ရက်အထိ ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ပြီး ယင်းဥပဒေရုပ်သိမ်းပါက နောက်တွဲပြဿနာများ ဖြစ်ပေါ်လာမည်ကို ရခိုင်လူမျိုးအများစုက စိုးရိမ်ပူပန်နေဆဲဖြစ်သည်။ "မာရှယ်လောက အခုရုပ်သိမ်းလို့မဖြစ်သေးဘူး။ ညဖက်မာရှယ်လောရှိနေလို့လည်း ဒီလောက်ငြိမ်နေတာ။ မရှိရင် ဟိုဖက်ဒီဖက် ပြဿနာတွေဖြစ်နိုင်သေးတယ်။ အဓိကကတော့ လုံခြုံရေးအင်အား အပြည့်အ၀မရှိ တာရယ်၊ လုံခြုံရေးယူထားတဲ့ လူတွေ မကျွမ်းကျင်တာရယ်ပဲ။ ဒီညတွေတော့ စစ်တွေမြို့က နေရာ ၂၀ ကျော်ကို စစ်တပ်လုံခြုံရေးအပြည့်ချထားတဲ့အတွက် ပြဿနာတွေမရှိပါဘူး"ဟု RNDP ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကဆိုသည်။ အနှေးယာဉ်မောင်းများ၊ ဆိုင်ကယ်တက္ကစီများလည်း ပြန်လည်ထွက်လာကြပြီဖြစ်ပြီး စာသင်ကျောင်းများမှာတော့ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။ 7Day News Journal | ||
| ဒေါ်အောင်ဆန်းစုကြည် နှင့် နော်ဝေ လူထုတွေ့ ဆုံပွဲ (ရုပ်/သံ) Posted: 17 Jun 2012 06:54 AM PDT မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နော်ဝေ လူထုတွေ့ ဆုံပွဲ (ရုပ်/သံ) ရိုက်တာ | ||
| ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော နိုဘယ်လ် မိန့်ခွန်း ဘာသာပြန် စဆုံး Posted: 17 Jun 2012 06:54 AM PDT ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နှင့် ဂုဏ်သရေရှိ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင်များ လူကြီးမင်းများနှင့် မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်…. လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါကတစ်ခါတစ်လေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျွန်မ အောက်စဖို့မှာ နေနေတုန်း Desert Island Discs လို့ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျွန်မရဲ့သားငယ် အလက်ဇန္ဒားနှင့် အတူတူ နားထောင်ခဲ့ဖူးတယ်။ ဒီရေဒီယိုအစီအစဉ်က တော်တော်လေး လူကြိုက်များပြီး ကျွန်မသိသလောက် အခုချိန်ထိ ဆက်လက်ထုတ်လွှင့် နေတယ်ဆိုပါတယ်။ ဒီအစီအစဉ်မှဆိုရင် လူတန်းစားပေါင်းစုံက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဓါတ်ပြား ရှစ်ချပ်စာလောက် ဆွေးနွေး ပြောကြားကြတယ်။ ဒီအကြောင်းတွေကို ထုတ်ထားတဲ့ စာအုပ်ဟာဆိုရင် သမ္မာကျမ်းစာနှင့် ရှိတ်စပီယား ၀တ္ထုတွေလောက် ရောင်းအားသွက်ခဲ့ပါတယ်ပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းမှာတစ်ယောက်တည်း ကျန်ခဲ့ရင်တောင် ကိုယ်နှင့်မကွာ ရှိနေစေချင်ကြတဲ့ အမြတ်တနိုးပစ္စည်း အသုံးအဆောင်လို့တောင် ဆိုကြပါတယ်။ ဒီအစီအစဉ်ကိုနားထောင်လို့ အပြီးမှာ သားလေးကကျွန်မကို မေမေ တစ်ချိန်ချိန်မှာ မေ့မေ့ကို Desert Island Discs မှာ ဒီလိုပြောခွင့် ရမယ်လို့ထင်လား လို့မေးပါတယ်။ ဘာလို့မရ မလဲ ဟုကျွန်မက ခပ်အေးအေးပဲ ပြန်ဖြေခဲ့ပါတယ်။ သားလေးက ဒီအစီအစဉ်တွေကို ယေဘုယျအားဖြင့် ထင်ပေါ်ကျော်ကြားတဲ့သူတွေပဲ ပါဝင်နိုင်တယ်ဆိုတာ သိရက်နှင့်ပင် ကျွန်မကို ဘာအတွက်ကြောင့် မေမေ့ကိုဖိတ်မယ်လို့ ထင်တာလဲလို့ ရိုးရိုးတန်းတန်းသိချင်တဲ့ သဘောနဲ့ ဆက်မေးခဲ့ပါတယ်။ ကျွန်မခဏလောက်စဉ်းစားလိုက်တယ် ပြီးမှ မေမေက စာပေဘက်မှာ နိုဘယ်ဆုရခဲ့ရင်ပေါ့ သားရယ်လို့ ပြောပြီး ကျွန်မတို့ ၂ ယောက်စလုံး ရယ်လိုက်ကြပါတယ်။ မှန်းချက်ကတော့ ဟုတ်နေတာပဲ ဒါပေမယ့်တကယ်ဖြစ်လာဖို့သာခက်တာပါ။ အခုတော့ကျွန်မဘာလို့ ဒီလိုဖြေခဲ့လဲဆိုတာ စဉ်းစားလို့ရပြီ အဲဒီအချိန်မတိုင်ခင်က နိုဘယ်ဆုရခဲ့တဲ့ စာအုပ်တစ်အုပ်ဖတ်ခဲ့လို့ ဖြစ်နိုင်သလို Desert Island ရဲ့ပင်တိုင်တွေဟာလည်း ကျော်ကြားတဲ့ စာရေးဆရာတွေ ဖြစ်လို့ပဲဖြစ်မှာပါ။ ၁၉၈၉ တုန်းက ကျွန်မရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က ကျွန်မနေအိမ်တွင်း အကျဉ်းကျခံ နေရတုန်းလာတွေ့တယ်။ သူက ဂျွန်ဖန်နစ် လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်ပေးသွင်းထားကြောင်း ပြောပါတယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်မရယ်ခဲ့တယ်။ ခဏလောက်တော့ မိုက်ကယ်က အံ့သြသွားတယ်. နောက်မှ ကျွန်မဘာလို့ ရယ်တာလဲ ဆိုတာကို နားလည်သွားပါတယ်။ နိုဘယ်ဆုလေ မှန်းချက်ကသာဟုတ်နေတာလေ ဖြစ်လာဖို့ဆိုတာမှ မလွယ်တာ။ ဒါကြောင့် ကျွန်မတကယ် နိုဘယ်ဆုရတဲ့အခါ ကျွန်မဘယ်လို ခံစားရသလဲ။ ဒီမေးခွန်းက ကျွန်မကို ခဏခဏမေးဘူးတယ် ဒီအချိန်မှာတော့ နိုဘယ်ဆုဆိုတာ ကျွန်မအတွက်ဘာလဲ ငြိမ်းချမ်းရေးဆိုတာ ကျွန်မဘယ်လို အဓိပ္ပာယ်ဖော်လည်းဆိုတာ ကိုပြန်လည်သုံးသပ်ရမယ့် အသင့်တော်ဆုံးအချိန်ဖြစ်နေပါပြီ။ ကျွန်မ အင်တာဗျူးတော်တော်များများမှာ လည်းအကြိမ်ကြိမ်ပြောခဲ့ဘူးပါတယ်… တစ်ညနေမှာရေဒီယိုက ကျွန်မနိုဘယ် ငြိမ်းချမ်းရေးဆုရကြောင်းကြေငြာသွားတာကြားလိုက်ရတယ်။ ကျွန်မ မအံ့သြခဲ့ပါဘူး ဒီမတိုင်ခင် ရသတ္တပါတ်က ကျွန်မဟာ နိုဘယ်ဆုအတွက် စကာတင်ထဲမှာပါတယ်ဆိုတာကို ထုတ်လွှင့်မှုတွေမှာ ဖော်ပြတာကိုကြားခဲ့ရပါတယ်။ အခု ဒီမိန့်ခွန်းတွေအတွက် စာကြမ်းစီနေတုန်းမှာပဲ ကျွန်မ ဆုကိုကြေငြာလိုက် တဲ့အချိန်ပြီးပြီးချင်း ဘယ်လိုဖြစ်သွားလည်းဆိုတာကို ကြိုးကြိုးစားစား တွေးခဲ့ပါသေးတယ်။ ကျွန်မသိပ် မသေချာဘူးလို့ထင်တယ် သြော်သူတို့တွေ ငါ့ကိုဒီဆုပေးဖို့ ဆုံးဖြတ် လိုက်တာကိုဆိုတာမျိုးလောက်ပဲ။ ဒါကလည်း သိပ်ပြီး တကယ်မဟုတ်သလိုပဲ ဘာလို့လည်းဆိုတော့ ကျွန်မကိုယ်တိုင်ကိုယ်က သိပ်ပြီး လက်တွေ့မဆန်သလို၊ တကယ်မဟုတ်သလို ခံစားခဲ့ရပါတယ်။ ကျွန်မနေအိမ်အကျယ်ချုပ်နှင့် နေရစဉ်က မကြာခဏဆိုသလို ကိုယ့်ကိုယ်ကို တကယ့် လောကကြီးနဲ့ တစ်ဆက်တည်း နေရတာမဟုတ်သလို ခံစားရတယ်။ အိမ်ကပဲကျွန်မ ရဲ့ကမ္ဘာ။ တခြားသူတွေရဲ့ မလွတ်လပ်တဲ့ ကမ္ဘာလည်း ရှိသေးတယ် ဒါပေမယ့်သူတို့ဟာ ထောင်ထဲမှာ လူအဖွဲ့အစည်းလေး တစ်ခုအနေနှင့် ရှိကြတယ်။ နောက်ပြီး လွတ်လပ်တဲ့ ကမ္ဘာဆိုတာလည်း ရှိသေးတယ်။ ဒီကမ္ဘာတွေက သူ့လမ်းကြောင်းနဲ့သူ သီးခြားစကြ၀ဠာမှာ လည်ပတ်နေသလိုပဲ။ နိုဘယ်ငြိမ်းချမ်းရေးဆုက ကျွန်မကို ကျွန်မနေတဲ့ သီးခြား ကမ္ဘာလေးထဲကနေ တစ်ဖန်ပြန်ပြီး တခြားလူသားတွေနေတဲ့ နေရာကို ပြန်ဆွဲထုတ် ပေးလိုက်သလိုပဲ၊ ပိုပြီး စစ်မှန်တဲ့ တကယ့်လက်တွေ့ ဘ၀ထဲကို ပြန်ထည့်ပေးလိုက်သလို ခံစားရပါတယ်။ ဒါကလည်း ချက်ခြင်းကြီးဖြစ်လာတာတော့ မဟုတ်သေးပါဘူး၊ ဖြတ်သန်းခဲ့ရတဲ့ နေ့လရက်အချိန်တွေ လေလှိုင်းကြားကနေ ဖြတ်လာကြတဲ့ ဒီဆုကို တုန့်ပြန်မှု သတင်းတွေနှင့် ဒီနိုဘယ်ဆုရဲ့ အရေးပါပုံကို ကျွန်မနားလည်လာ ရပါတယ်။ ဒီဆုဟာကျွန်မကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေး အတွက် လှုပ်ရှား ရုန်းကန်ရာမှာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရစေပါတယ်။ ကျွန်မတို့ကို မေ့မသွားကြပါဘူး။ မေ့သွားကြမယ်ဆိုရင။် ပြင်သစ်လူမျိုးတွေပြောတာက ခွဲခြားထားခြင်းဟာ နည်းနည်းခြင်း သေဆုံးဖို့တဲ့။ အမေ့ခံရတယ်ဆိုတာကိုယ်တိုင်ကိုက နည်းနည်းလေး သေဆုံးပျက်စီးကြစေပဲတဲ့။ ဒီလိုသာဖြစ်မယ်ဆိုရင် ကျွန်မတို့ကိုတွယ်ဆက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ကျန်တဲ့အပိုင်းတွေနဲ့ တွယ်ဆက်ထားတဲ့နေရာ အချို့ ပြတ်တောက်သွားမှာဖြစ်ပါတယ်။ ကျွန်မ ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနှင့် ဒုက္ခသည်တွေ ဆီကို မကြာသေးမီကမှ သွားရောက်တွေ့ဆုံခဲ့ပါတယ် အဲ့ဒီမှာလူအများက ကျွန်တော်တို့ကို မေ့မထားပါနဲ့ လို့အော်ကြတယ်။ သူတို့ဆိုလိုတာက သူတို့ရဲ့ ဒုက္ခတွေကို မေ့မထားပါနဲ့၊ သူတို့ကိုကူညီနိုင်တဲ့ကိစ္စတွေကို မေ့မထားပါနဲ့၊ ကျွန်တော်တို့ကလည်း ခင်ဗျားတို့နဲ့ တစ်ကမ္ဘာတည်းနေနေတာပါဆိုတာမေ့မထားပါနဲ့ပေါ့။ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်တဲ့အခါ ကမ္ဘာက ဖိနှိပ်ခံ၊ သီးသန့်နေထိုင်နေကြတဲ့မြန်မာလူမျိုးတွေကလည်း ဒီကမ္ဘာမြေရဲ့ တစ်စိတ်တပိုင်းပါလား ဆိုတာကိုသတိပြုမိလာကြတယ်။ လူသားတွေအားလုံး အတွက်တစ်ခုတည်းဖြစ်တဲ့ လူသားချင်း စားနာထောက် ထားရမှာတွေကို သတိပြုမိလာကြတယ်။ ဒါကြောင့်ကျွန်မအတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုရခြင်းဟာ ကျွန်မရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို မြန်မာနိုင်ငံရဲ့ တစ်ခုတည်း အတွက် မဟုတ်ပဲနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန် ထွက်သွားစေပါတယ်။ ဒီဆုဟာ ကျွန်မ နှလုံးသား တံခါးကို ပွင့်သွားစေပါတယ်။ မြန်မာတွေရဲ့ ငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ ခံယူချက်ကတော့ ဘေးဒုက္ခတွေနဲ့ မကောင်းမှုတွေကနေ ရပ်တန့်သွားတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုခံစားချက်လို့ ဆိုပါတယ်။ ငြိမ်းချမ်းဆိုတဲ့ စကားနှစ်လုံးကပဲ တိုက်ရိုက်ဘာသာပြန်ရင် မီးငြိမ်းသွားတဲ့အခါမှာ ဖြစ်တဲ့ ကောင်းမွန်တဲ့အေးချမ်းမှုလို့ ဆိုပါတယ်။ ဆင်းရဲတဲ့ခံစားမှုနှင့် အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့မီးတွေဟာ ကမ္ဘာမှာ တဟုန်းဟုန်းတောက် လောင်နေပါတယ်။ ကျွန်မရဲ့ နိုင်ငံအတွင်းမှာရော မြောက်ဖက်ပိုင်းက ရန်မီးတွေကလည်း မငြိမ်းသေးသလို အနောက်ဘက်မှာလည်း အကြမ်းဖက်မှုတွေကြောင့် မီးရှို့ဖျက်စီးမှုတွေ၊ လူသတ်မှုတွေ ဟာလည်း ကျွန်မဒီခရီးမထွက်ခင် ရက်အနည်းငယ် အတွင်းကမှ ပေါ်ပေါက်လာခဲ့ပါတယ်။ ကမ္ဘာမြေရဲ့ အခြားနေရာက ရက်စက်မှုတွေရဲ့သတင်း တွေလည်း အများကြီးရှိပါတယ်။ ငတ်ပြတ်မှုသတင်းတွေ၊ ရောဂါဘယတွေ၊ တိုက်ခိုက်အနိုင်ယူတာတွေ၊ အလုပ်လက်မဲ့တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ တရားမမျှတမှုတွေ၊ ခွဲခြားဆက်ဆံ ခံရတာတွေ၊ အယူဝါဒအစွဲတွေ၊ ကိုယ့်အယူဝါဒနဲ့မတူရင် နှိပ်ကွပ်တာတွေ ဟာဆိုရင် နေ့စဉ်တွေ့နေရပါတယ်။ နေရာတိုင်းမှာ ငြိမ်းချမ်းမှုကို တိုက်စားပစ်တဲ့ အဖျက်အမှောင့် အင်အားတွေ ဆိုတာရှိပါတယ်။ နေရာတိုင်းမှာ ကမ္ဘာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းချက်ညီညီ ဖွံ့ဖြိုးဖို့ထိမ်းသိမ်းရန်လိုအပ်တဲ့ ပစ္စည်းနဲ့ လူ့စွမ်းအားအရင်း အမြစ်တွေ အလဟသတ်ဆုံးရှုံးနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ပထမကမ္ဘာစစ်ဟာဆိုရင် ကမ္ဘာမြေအတွက် ကောင်းတဲ့အင်အားတွေဖြစ်စေမယ့် လူငယ်တွေနဲ့ သူတို့ရဲ့ အလားအလာတွေ ဆိုးဝါးစွား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ အဲ့ဒီခေတ်က ကဗျာတွေဟာ ဆိုရင် ကျွန်မအတွက် အထူးပဲ အရေးပါလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မစဖတ်တဲ့ အချိန်ဟာဆိုရင် ဒီလို ပွင့်ခါနီးမှာ အညွန့်ချိုးခံလိုက်ရတဲ့ လူငယ်တွေ အရွယ်မို့ပါ။ ပြင်သစ်တပ်တွေနဲ့အတူတိုက်နေရတဲ့ အမေရိကန် လူငယ်လေးတစ်ယောက်ဆိုရင် ၁၉၁၆ တိုက်ပွဲမှာမကျခင် ဒီလိုရေးသားခဲ့ပါတယ် `အငြင်းပွားဖွယ်ရာ ရှေ့တန်းစစ်မျက်နှာ အချို့မှာ´ `ဒဏ်ရာများနဲ့ပြည့်နှက်နေတဲ့ စစ်မျက်နှာပြင် တောင်စောင်းတွေမှာ´ `မီးတွေတဟုန်းဟုန်း တောက်နေတဲ့ မြို့ကြီးတွေဆီမှာ´။ လူငယ်တွေနှင့် ချစ်ခြင်းမေတ္တာနှင့် ဘ၀တွေဟာဆိုရင် အေးစက်တဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေ အောက်မှာ မထင်မရှား၊ လူမသိ ထာဝရ တိမ်မြုပ်ခဲ့ရတယ်။ ဘာအတွက်လည်း။ ၁၀ စုနှစ်တစ်ခုသာ ကုန်ခဲ့တယ် ကျေနပ်တဲ့ အဖြေမျိုး မရသေးပါဘူး။ ကျွန်မတို့ရဲ့ လူ့ဘောင်ကြီးနှင့် အနာဂတ်ကို အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ မရေရာမှုတွေ ကနည်းအောင်မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့မခံစားရဘူးလား။ စစ်ဆိုတာ ငြိမ်းချမ်းရေး အသတ်ခံလိုက်ရတဲ့ ကြိုးဝိုင်းတစ်ခုပါပဲ။ ဘယ်လိုပဲ ဒီဒုက္ခ သုက္ခတွေ လျစ်လျူရှုခံရပါစေ ဒီလိုခံရတာတွေအတွက် အငြင်းပွားမှုတွေ၊ ခွဲခြားခံရတယ်လို့မြင်လာတာတွေ၊ မတရားခံရမှုအတွက် ဖြစ်ပေါ်လာတဲ့ မကျေနပ်ချက်တွေ၊ ဒေါသတွေ ကတော့ တစ်ချိန်ချိန်မှာ အညောင့်ပေါက်လာကြမှာပါ။ အကျယ်ချုပ် နေလိုက်ရတဲ့ ကောင်းတဲ့အချက်တစ်ခုကတော့ ကျွန်မဘ၀မှာ သိလာ ခံယူလာတဲ့အမြင်တွေ၊ နဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းတွေးဆဖို့ အချိန်အလုံ အလောက်ရခဲ့တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဒုက္ခဆိုတဲ့ စကားလုံးကို ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ် ယေဘုယျဒုက္ခဆိုတာ ခံစားရခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ နေ့တိုင်းလိုလို ကျွန်မနားက လူကြီးတွေနဲ့ တစ်ချို့သိပ်မကြီးသေးတဲ့ သူတွေပါ သူတို့နည်းနည်း နာတာကျင်တာခံစားရတဲ့ အခါမှာဖြစ်ဖြစ်၊ အသေးအဖွဲ စိတ်ညစ်စရာလေးတွေ ကြုံရင်ပဲဖြစ်ဖြစ် ဒုက္ခ ဒုက္ခ ဆိုပြီး ညည်းနေကြတယ်။ ဒါပေမယ့် ကျွန်မ နေအိမ် အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မှာမှာ ဒုက္ခဆင်းရဲခြောက်မျိုး အကြောင်းကို သေချာလေ့လာခွင့်ရခဲ့တာပါ။ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်သူနှင့်ခွဲခွာရခြင်း၊ မချစ်ခင်သူနဲ့ အတူတကွနေရခြင်း တို့ဖြစ်ပါတယ်။ ကျွန်မဟာ ဒီခြောက်ချက်ကို နေ့စဉ်ဘ၀မှာ ဘာသာရေးအမြင်နဲ့မဟုတ်ပဲ လောကီအမြင်နဲ့ လေ့လာပါတယ်။ ဒီဒုက္ခတွေဟာ ကျွန်မတို့ ရဲ့ဘ၀မှာ ရှောင်လို့မရနိုင်ရင်၊ လက်တွေ့ကျကျ လျော့နည်းနိုင်သမျှ နည်းအောင်လုပ်ရမယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးပြီးချိန်မှာ မိခင်နှင့်ကလေး စောင့်ရှောက်မှုအတွက် အစီအစဉ်တွေကိုပိုပြီး ထိထိရောက်ရောက် ဖြစ်အောင်လုပ်ပေးရမယ်၊ သက်ကြီးရွယ်အိုတွေ အတွက် လိုအပ်တဲ့ ၀န်ဆောင်မှုတွေကိုပေးနိုင်ရမယ်၊ ကျန်းမာရေးအခြေခံစောင့်ရှောက်မှု တွေ၊ မေတ္တာစေတနာနှင့်သုနာပြုစုမှုတွေ၊ နောက်ဆုံးနေ၀င်ချိန်မှာ စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးရမယ်။ နောက်ကကျန်တဲ့ ချစ်သောသူနှင့် ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနှင့် အတူနေရခြင်းဆိုတဲ့ဒုက္ခ နှစ်မျိုးကို ကျွန်မပိုပြီး စိတ်ဝင်စား အလေးပေးမိပါတယ်။ ကျွန်မတို့ရဲ့ ဗုဒ္ဓဘုရားရှင်ဟာသူကိုယ်တိုင် ဘာလို့ဒီနှစ်မျိုးကို သူဘာတွေ ကြုံတွေ့ခဲ့ဘူးလို့ ဒုက္ခထဲမှာ ထည့်ခဲ့တာပါလိမ့်။ ကျွန်မကတော့ အကျဉ်းသားတွေ၊ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း အလုပ်သမားတွေ၊ လူကုန်ကူးခံရတာ သူတွေဟာဆိုရင် အစုလိုက်အပြုံလိုက်ကို သူတို့ရဲ့နေရာဒေသ၊ အိမ်တွေ၊ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဆီ ကနေပြီး လိုလိုလားလားမရှိတဲ့ တစိမ်းတရံစာ ကြားတွေထဲမှာနေဖို့ ဆွဲနှုတ်ပြောင်းရွေ့ ခံခဲ့ရသလိုပါပဲ။ ကျွန်မတို့ဟာ လူ့အခွင့်အရေးအပြည့်နှင့် အထောက်အကူ ကောင်းကောင်းနှင့် အသက်အရွယ် ကြီးသည်အထိ မိမိတို့ဆန္ဒအလျောက် ဒါမှမဟုတ် လိုအပ်ချက်အလျောက် နေရနေရမယ်ဆိုရင်ကံကောင်းပါတယ်။ ကျွန်မဟာလည်း ဒီအသက်အရွယ်ထိ ဒီလိုအကျဉ်းသားတွေရဲ့ အရေးကို နေရာတိုင်းမှာ လူတိုင်းစိတ်ဝင်စား တဲ့အချိန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို တစ်ကမ္ဘာလုံး မဟုတ်တောင် တော်တော်များများက လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဆိုပြီး လက်ခံလာတဲ့ အချိန်ထိနေရတာ ကံကောင်းပါတယ်။ နေအိမ်အကျဉ်းကျနေတဲ့ အချိန်တော်တော်များများမှာ ကျွန်မဟာ လူအခွင့်အရေး ကြေငြာစာတမ်းက အကြိုက်ဆုံး စာပိုဒ်တွေကနေပြီးတော့ အားအင်တွေ မွေးယူခဲ့ရပါတယ်။ ……….လူသားတွေ ရသင့်တဲ့အခွင့်အရေးကို မရတာ မျက်ကွယ်ပြုတာဟာ ဆိုရင် ရိုင်းစိုင်းပြီး လူမဆန်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ လူသားတိုင်း လွတ်လပ်စွာ ပြောဆိုယုံကြည်ခွင့်တွေရလာမယ့် အချိန်၊ အကြောက်တရားတွေ ကင်းပြီး လူသားတိုင်း ရသင့်တဲ့အမြင့်ဆုံးအခွင့်အရေးတွေ လိုအပ်ချက်တွေကို ရလာမယ့်အချိန်……… …… လူသားတွေဟာ အနန္တရာယ်ရှိတဲ့ အလုပ်မျိုးကို အဓမ္မ ခိုင်းစေခံရတာမျိုးကို ကြံရာမရလို့ဖြစ်စေ၊ အာဏာသုံး၍ မတရားခိုင်းစေတာမျိုး၊ ဖိနှိပ်တာမျိုး မဖြစ်အောင် လူ့အခွင့်အရေးကို တရားဥပဒေနဲ့ ကာကွယ်သင့် ပါတယ်…. ကျွန်မကို မြန်မာနိုင်ငံမှာ လူအခွင့်အရေး လှုပ်ရှားမှုတွေဘာကြောင့် လုပ်နေရသလဲလို့ မေးလာရင် အပေါ်က စာပိုဒ်တွေဟာအဖြေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကဒီမိုကရေစီဆန်တဲ့ အဖွဲအစည်းနှင့် လုပ်ဆောင်မှုတွေဟာ လူ့အခွင့်အရေးကို အာမခံချက်ပေးဖို့အတွက်လိုအပ်တယ်ဆိုတာကိုယုံတယ်။ ပြီးခဲ့တဲ့နှစ်တွေကဆိုရင် မြန်မာနိုင်ငံက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေဟာ ယုံကြည်သူတွေ အတွက်ဆိုရင် စတင်ပြီး အသီးအပွင့်တွေခံစားရမယ့် လက္ခဏာမျိုးတွေ့လာရပါပြီ။ ကောင်းတဲ့ဘက်ကို ပြောင်းလဲမှုမျိုးကိုမြင်နေ ရပြီ၊ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ခြေလှမ်းတွေစတင်နေပြီလို့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဟာသတိကြီးကြီးနဲ့ အကောင်းအမြင် ၀ါဒကို လုပ်ဆောင်နေတယ် ပြောလို့ရပါတယ် ဒါဟာ ကျွန်မ နောက်အနာဂါတ်ကို မယုံလို့မဟုတ်ပါဘူး ဒါဟာကျွန်မ မျက်ကန်းမြင် ယုံကြည်မှုမျိုး မဖြစ်စေချင်လို့ သတိကြီးကြီးနဲ့ လုပ်ဆောင်နေတာပါ။ အနာဂါတ်ကို မယုံပဲနှင့်၊ ဒီမိုကရေစီ စံနှုန်းတွေအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်မျိုးမရှိပဲနှင့် လူအခွင့်အရေး အခြေခံအချက်တွေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ တကယ်လိုအပ်တာမက ဖြစ်နိုင်ခြေတယ် ဆိုတာမျိုးပါ မယုံပဲနှင့် ကျွန်မတို့လှုပ်ရှားမှု ဟာဒီလို ခက်ခဲကြမ်းတမ်း တဲ့နှစ်တွေမှာ ကြံ့ကြံ့ခံတည်တံ့ လာဖို့မလွယ်ပါဘူး။ တချို့တချို့သောကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေ သူတို့ရဲ့ရပ်တည်ချက်တွေကနေ ပြိုလဲခဲ့တယ်၊ ကျွန်မတို့ကိုစွန့်ခွာခဲ့တယ်၊ တကယ့်ကို စိတ်ဓါတ်ခိုင်မာတဲ့ အမာခံတွေပဲ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နှင့် ကျန်ခဲ့ပါတယ်။ ကုန်ခဲ့တဲ့နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ဒီလိုခက်ခက်ခဲခဲ ကျိုးစားလုပ်ဆောင်ရတဲ့ အချိန်တွေမှာ သစ္စာရှိရှိ ကျန်ခဲ့တဲ့သူတွေ တော်တော်များတယ် ဆိုတာကျွန်မ အံ့သြမိတယ်။ ကျွန်မတို့ရဲ့လမ်းကြောင်းအပေါ် သူတို့က မျက်ကန်းယုံတာမျိုး မဟုတ်ဖူး၊ သေချာမျက်လုံးဖွင့် လေ့လာပြီး၊ သူတို့ကိုယ်ပိုင်စွမ်းအားနဲ့ ကြံ့ကြံ့ခံပြီးမှ ကျွန်မတို့ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကို လေးစားတဲ့အနေနှင့် ကျန်ခဲ့တာပါ။ အခုကျွန်မ ရှင်တို့နဲ့ စကားပြောနေနိုင်တာကလဲ ကျွန်မတို့နိုင်ငံရဲ့မကြာခင်ကပြောင်လဲခဲ့မှုတွေကြောင့်ပါ။ ဒီပြောင်းလဲမှု တွေကလည်း သင်တို့ကြောင့်နှင့် တခြားသော လွတ်လပ်ရေးနှင့် တရားဥပဒေကို မြတ်နိုးသူတွေ ကနေပြီးတော့ ကျွန်မတို့အခြေအနေကို တစ်ကမ္ဘာလုံး သတိထား မိလာအောင် လုပ်ဆောင်နိုင်မှု တို့ကြောင့်ပါပဲ။ ကျွန်မနိုင်ငံ အကြောင်းဆက်မပြောခင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကိစ္စ နည်းနည်းပြောချင်ပါတယ် ဒီလိုအကျဉ်းသားတွေ မြန်မာနိုင်ငံမှာရှိနေသေးပါတယ်။ လူသိများတဲ့ ယုံကြည်ချက်အကျဉ်းသားတွေ လွတ်လာသော်လည်း လူသိမများတဲ့ သူတွေကျန်ပါသေးတယ် သူတို့အမေ့ခံ နေရမှာကို ကြောက်မိပါတယ်။ ကျွန်မဟာအခုဒီမှာရပ်နေရတာဟာလည်း တစ်ချိန်က ကျွန်မကိုယ်တိုင် ယုံကြည်ချက် အကျဉ်းသား တစ်ယောက်ပါ။ ကျွန်မကိုကြည့်နေတုန်း ကျွန်မပြောတာ နားထောင်နေတုန်း မှာ ယုံကြည်ချက်အကျဉ်းသားဟာ တစ်ယောက်ပင်ဖြစ်ပါစေ များလွန်းတယ်ဆိုတဲ့ ဘယ်အခါမှမပြောင်းလဲတဲ့ အမှန်တရားကို သတိရကြပါ။ ကျွန်မတို့နိုင်ငံမှာ မလွတ်ကြသေးတဲ့သူတွေ၊ တရားဥပဒေ စိုးမိုးမှုမခံရသေးတဲ့ သူတွေဟာ တစ်ယောက်မက များပါတယ်။ ကျေးဇူးပြု၍ သူတို့ကိုမမေ့ပါနှင့်၊ သူတို့ကိုမြန်မြန်နှင့် ချွင်းချက်မရှိ လွတ်ပေးနိုင်ရန် သက်ရောက်စေမဲ့ မည်သည့်လုပ်ရပ်ကို မဆိုလုပ်ဆောင်ပေးကြပါ။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားတာဖြစ်ပါတယ် နိုင်ငံရဲ့ အနာဂါတ်ကို ယုံကြည်စွာနဲ့ တည်ဆောက်ဖို့ရန် တစ်ခုတည်းသောအရာမှာ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ်ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ထဲက လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ်မှုရှိခဲ့တယ်ဆိုတဲ့ အချိန်မျိုးမရှိခဲ့ပါဘူး။ ပြသနာတွေရဲ့အရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ယုံကြည်မှုနှင့် နားလည်းမှုကို မတည်ဆောက်နိုင်ခဲ့ပါဘူး.။ ၁၉၉၀ မှ ၂၀၁၀ ကြားအပစ်အခတ်ရပ်ဆဲရေးကြောင့် တောက်ပလာတဲ့ မျော်လင့်ချက်တွေဟာ ဆိုရင် ပြီးခဲ့တဲ့ လတွေက ဖြစ်ရပ်တွေကြောင့် ပြိုလဲခဲ့ရပါတယ်။ တစ်ချက်တည်းသော မဆင်မခြင် လုပ်ရပ်တွေဟာဆိုရင် နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ အပစ်အခတ်ရပ်စဲရေး ကိုတစ်ခါတည်း ရပ်တန့်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့လတွေကဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်အောင်မြင်တာကို တွေ့ရပါတယ်။ ကျွန်မယုံကြည်တာက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ဟာ လူတွေရဲ့ လိုလားချက်နဲ့ ပြည်ထောင်စု စိတ်ဓါတ်အပေါ်မှာ မူတည်ပြီး နိုင်ငံရေး တည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေမှာပါ။ ကျွန်မရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျွန်မဟာ တိုင်းရင်းသား ပြန်လည် သွေးစည်းညီညွတ်ဖို့ အတွက် ကျရာကဏ္ဍမှ ပါဝင်ရန် အသင့်ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုများဟာဆိုရင် သမ္မတကြီး ဦးသိန်းစိန် အစိုးရရဲ့စတင်ပေးခဲ့ပြီး အမြဲတမ်း အကောင်အထည်ပေါ် ခိုင်မြဲနေစေဖို့ကတော့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ နှင့် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးက ပါးပါးနပ်နပ် ပါဝင် ဆောင်ရွက်ကြဖို့လိုပါတယ်။ ပြည်သူတွေရဲ့ ဘ၀တွေတိုးတက်မှုရှိတယ်ဆိုမှ ပြန်လည်သင့်မြတ်ပေါင်းစည်းတာအောင်မြင်တယ် လို့ ကျွန်မတို့ ဆိုနိုင်ပါလိမ့်မယ်၊ ဒီနေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဖွံ့ဖြိုးမှုနှင့် လူသားခြင်းစာနာထောက်ထားသောကူညီမှုများ၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုများနှင့် ရင်းနှီးမြုပ်နှံမှုများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးပြီး၊ လူမှုဘ၀တိုးတက်စေရန်၊ နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှု ဘက်ညီ၍ ရေရှည်ဖြစ်စေရန် အမြဲတိုင်းတာ စောင့်ကြည့်ထိန်း သိမ်းပေးဖို့လည်းလိုပါသည်။ ကျွန်မတို့ နိုင်ငံဟာ အလားအလာ အလွန်ကောင်းတဲ့ နိုင်ငံဖြစ်တယ်။ ဒီအလားအလာကို ဖော်ထုတ်ပြီး တိုးတက်အောင် လုပ်ယူပြီး တိုးတက်တဲ့နိုင်ငံဖြစ်ယုံသာမက လူအခွင့်အရေး ပြည့်ဝတဲ့နိုင်ငံ ကျွန်မတို့ပြည်သူလူထု ငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နှင့် လုံခြုံမှုရှိတဲ့ ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာ နေနိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ ခွဲခြားလို့မရပါဘူး။ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို မကောင်းတဲ့အား က ကောင်းတဲ့အားထက်သာနေရင် ကျွန်မတို့အားလုံး ဒုက္ခရောက်နိုင်ခြေရှိတယ်။ မကောင်းတဲ့အားတွေ အကုန်လုံးကိုရော ဖယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ရိုးရှင်းတဲ့အဖြေကတော့ မထုတ်နိုင်ဘူးလို့ ပဲဖြစ်ပါတယ်။ အကောင်းနှင့်အဆိုး တွဲပြီးရှိနေတတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် လူရဲ့ စွမ်းအားနဲ့ ကောင်းတဲ့ဘက် ပိုများလာအောင် မကောင်းတဲ့ဘက် နည်းသွားအောင်၊ ပျက်သွားအောင် လုပ်လို့ရပါတယ်။ ရာနှုန်းပြည့် ငြိမ်းချမ်းမှုကတော့ ဒီကမ္ဘာမှာ မရနိုင်တဲ့ရည်မှန်းချက်ပါ။ ဒါပေမယ့် ကျွန်မတို့ဟာ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီး ခရီးဆက်သွားရမှာဖြစ်သလို၊ မျက်လုံးတွေကလည်း ကန္တာရခရီးသွား လမ်းပြကြယ်တွေကို လမ်းမပျောက်အောင် မမှိတ်မသုန်ကြည့်နေသလို ငြိမ်းချမ်းရေးကိုဦးတည်ပြီး ကြည့်နေရပါမယ်။ ပြစ်မျိုးမှဲ့မထင် ငြိမ်းချမ်းရေးမျိုး ကဒီကမ္ဘာမှာမရှိလို့ မရနိုင်ရင်တောင် ငြိမ်းချမ်းရေးရဲ့ ရဖို့အခြေခံ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေနှင့် လူတစ်ဦးချင်း၊ နိုင်ငံတစ်ခုချင်းစီကို ယုံကြည်မှုနှင့် မိတ်ဖွဲ့နေကြမယ်ဆိုရင်၊ လုံခြုံပြီး မေတ္တာတရားနှင့် ပို၍ကြင်နာတက်သော လူ့ဘောင်အဖွဲ့အစည်းကြီး တည်ဆောက် နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။ ကျွန်မ ပို၍ကြင်နာတက်သော ဆိုတဲ့စကားလုံးကို သေချာစဉ်းစားပြီးမှ သုံးခဲ့တာပါ စဉ်းစားတာ နှစ်ပေါင်းများစွာ ကြာတယ်လို့တောင် ဆိုနိုင်ပါတယ်။ ချိုတယ်ဆိုတဲ့ အရသာအမျိုးမျိုး ရှိတဲ့အထဲက၊ ကျွန်မကို ဒီအရသာ အများကြီး မရှိဘူးလို့တောင် ပြောခွင့်ပေးပါ၊ ကျွန်မ အချိုမြိန်ဆုံးသော အရာကိုတွေ့ရှိခဲ့ပါတယ်….။ အားလုံထဲမှာမှ တန်ဖိုးလည်း အရှိဆုံး ဖြစ်တဲ့ ကျွန်မသိခဲ့ရတာကတော့ အကြင်နာ မေတ္တာတရားရဲ့တန်ဖိုးကို သိခဲ့ရတာပဲဖြစ်ပါတယ် တွေပဲဖြစ်ပါတယ်။ ကျွန်မရခဲ့သမျှ အကြင်နာမေတ္တာတွေဟာ ကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သေချာစေတာကတော့ ဒီကမ္ဘာကြီးမှာ အကြင်နာမေတ္တာ တရားပိုသွားတယ်ဆိုတာ မရှိပါဘူး။ ကြင်နာတက်ဖို့ဆိုတာကတော့ သူုတပါး မျှော်လင့်ချက်နဲ့ လိုအပ်ချက်တွေကို စာနာနားလည်ပြီး လူသားဆန်တဲ့နွေးထွေးမှု နဲ့တုန့်ပြန်ပေးရမှာ ဖြစ်ပါတယ်။ အကြင်နာတရားနှင့် ခဏလေး ထိတွေ့ကိုင်တွယ်လိုက် တာလေးသည်ပင် နှလုံးသားကို အင်အားဖြစ်စေပါတယ်။ အကြင်နာမေတ္တာတရားက လူသားတွေရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ပါတယ်။ နော်ဝေ နိုင်ငံဟာဆိုရင် အကြင်နာ တရားရဲ့ ပြယုဒ်တစ်ခုပါပဲ ကမ္ဘာမြေရဲ့ တစ်နေရာက အဖယ်ခံလိုက်ရတယ် သူတွေအတွက် နေစရာပေးတယ်။ သူတို့နိုင်ငံက မလွတ်လပ်လို့ မလုံခြုံလို့ တိမ်းရှောင်လာတဲ့ သူတွေကို ပုန်းအောင်းစရာ နေရာပေးတယ်။ ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဒုက္ခသည်ဆိုတာရှိတာပဲ. ကျွန်မ ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည် စခန်းမှာတုန်းက တကယ့်ကိုပဲ ကိုယ့်လိုသူတွေရဲ့ဒုက္ခတွေ ပင်ပန်းဆင်းရဲမှုတွေကနေ ကင်းလွတ်အောင်လို့ နေ့တိုင်း အားကြိုးမာန်တက် လုပ်ဆောင်နေတာ တွေ့ရတယ်။ သူတို့ စိုးရိမ်တာက အလှူရှင်တွေ မရတော့မှာ သေအချာပြောရရင် စာနာထောက်ထားမှုတွေ လျော့လာမှာ။ အလှူရှင်တွေ လျော့ရင် တော့ ရန်ပုံငွေတွေ လျော့ မယ်။ နောက်တစ်ခုက ပထမတစ်ခုရဲ့ရလာဒ်ပါ စာနာထောက်ထားမှု လျော့တာ ကတော့ ဂရုစိုက်မှုတွေလျော့ကုန် တာပေါ့။ ဒါကိုကျွန်မတို့ တားနိုင်မလား။ ဒုက္ခသည်တွေရဲ့လိုအပ်ချက်က များလာပြီး မျက်လုံးကန်းတာမဟုတ်ရင် ဒုက္ခရောက်နေတာတွေကို မမြင်ခြင်ယောင်ပဲဆောင်လိုက်တာများလား။ ကမ္ဘာပေါ်မှာရှိတယ် အလှူရှင်တွေကို ကျွန်မ မေတ္တာရပ်ခံလိုတာက ခိုလှုံဖို့အတွက် မရေမရာ ရှာနေတဲ့ သူတို့ရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ပေးဖို့ပါ။ မယ်လမှာတုန်းကဆိုရင် ဒီစခန်းနဲ့ တခြားသော ဒုက္ခသည်စခန်းတွေရှိတဲ့ တပ်ဒေသက ထိုင်းအာဏာပိုင်တွေနှင့် အဖိုးမဖြတ်နိုင်တဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ သူတို့က ဒုက္ခသည်စခန်းနှင့် ပတ်သတ်တဲ့ အရေးကြီးတဲ့ပြသနာတွေ ပြောပြတယ်။ သစ်တောဥပဒေ ချိုးဖောက်တာတွေ တရားမ၀င် ဆေးဝါးသုံးစွဲမှုတွေ၊ ချက်အရက်တွေ၊ ငှက်ဖျားရောဂါပြသနာတွေ၊ သွေးလွန်တုပ်ကွေးနှင့် ၀မ်းရောဂါတွေပေါ့။ အာဏာပိုင်တွေ ပူပန်တာကလည်း ဒုက္ခသည် တွေပူပန်တာလိုမျိုးပဲ။ လက်ခံတဲ့နိုင်ငံက လည်း သူတို့ရဲ့ တာဝန်ဝတ္တရားတွေနှင့် ကြုံတွေ့ရတဲ့အခက် အခဲတွေကို ဖြေရှင်းဖို့ စဉ်းစားဖို့နှင့် လက်တွေ့ကျကျ ကူညီနိုင်ဖို့လည်း လိုပါတယ်။ နောက်ပိုင်း ကျွန်မတို့ရဲ့ရည်ရွယ်ချက်က ထွက်ပြေးခိုလှုံလာတဲ့သူတွေ၊ အိမ်ရာမဲ့တွေ၊ ရည်မှန်းချက်မဲ့တွေ မရှိတော့တဲ့ ကမ္ဘာရဲ့ နေရာတိုင်းဟာ နေထိုင်သူတွေဟာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာတွေဖြစ်လာဖို့ပါ။ အတွေးတိုင်း၊ စကားတိုင်း၊ အလုပ်တိုင်းဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ဘက်က၊ ကုသိုလ်ဘက်က ထည့်ဝင်တဲ့အားတွေဖြစ်ဖို့ လိုပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီဟာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ကျွန်မတို့အေးချမ်းစွာ အိပ်စက်ပြီး အေးချမ်းစွာ နိုးထနိုင်မဲ့ ကမ္ဘာကြီးဖြစ်အောင် ကျွန်မတို့လက်တွေ ခိုင်မြဲစွာတွဲထားပြီး ကြိုးစားကြပါစို့…..။ (အထက်ပါတို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အလွန်ကောင်းသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုယူ မိန့်ခွန်းကို တတ်နိုင်သမျှ ဘာသာပြန်ထားခြင်း ဖြစ်ပါသည်…. ဘယ်လောက်ပဲ ကြိုးစားပြန်သော်လည်း လူထုခေါင်းဆောင်၏ မူရင်းအဓိပ္ပာယ်နှင့် ပါတိတ်စ အတွင်းနှင့် အပြင်လို ကွာပါသည်…… တုပ်ကွေးမိရက် တန်းလန်းနှင့် live မကြည့်နိုင်သော မြန်မာနိုင်ငံသားများအတွက် မည်သူမှ ဘာသာ မပြန်သေးသောကြောင့် နံနက် ၂း၃၀ အထိ ကြိုးစားပြန်ထားခြင်း ဖြစ်ပါသည်။ အမှားနှင့် အလွဲများရှိခဲ့ပါက ကျွန်တော့် တာဝန်သာ ဖြစ်ပါသည်။ သည်းခံကြပါ။ (Dr ကောင်းမြတ်ကျော်) အများသိရှိနိုင်ရန် ကြိုးစားဘာသာ ပြန်ပေးသော (Dr ကောင်းမြတ်ကျော်)အား ကျေးဇူးတင်ပါသည်။။ by Ba Nyar | ||
| တောင်တွင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး တရားမ၀င် ငွေကြေး တောင်းခံမှု များရှိနေ Posted: 16 Jun 2012 07:59 PM PDT တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွဋ်သည်လွန်ခဲ့သောရက်အနည်းငယ်ခန့်က ရှမ်းပြည်နယ်၊ဟိုပုန်းမြို့မှ မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့သို့ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသောကြောင့်လမ်းခရီးတွင်ကုန်ကျစရိတ်များအား မြို့ခံဌာနဆိုင်ရာများ နှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များကကုန်ကျစရိတ်များကျခံရမည်ဟုအစည်းအဝေးတစ်ခုတွင်(ရုတ်တရက်)ပြော ခဲ့မိပြီးနောက်ယခုအခါ မြို့နယ်အတွင်းရှိအမဲ၊၀က်၊အကောက်ခွန်လုပ်ငန်းလိုင်စင်စီများနှင့်ကိုယ်ပိုင်ဘာသာ ရပ်သင်ကျောင်း(ဘော်ဒါဆောင်)ပိုင်ရှင်များထံမှ အကြောင်းအမျိုးမျိုးပြကာငွေတောင်းခံခြင်း၊ကောက်ခံခြင်း များပြုလုပ်နေကြောင်းသိရသည်။ ""ကျွန်တော်တို့ကို ဇွန်လ(၁၂)ရက်နေ့ညနေ(၃)နာရီကမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကအစည်းအဝေးဖိတ်တယ် ဆိုပြီးစာရောက်လာပါတယ်။ ကျွန်တော်နဲ့အတူဦးအေးလွင်၊ဦးခင်မောင်ဦးတို့လည်းပါပါတယ်။ရုံးကိုရောက် တော့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွဋ်က သီးသန့်အခန်း(VIP)ခန်းထဲကိုကျွန်တော်တို့သုံးယောက်ကို ထိုင်ခိုင်းထားပါတယ်။ နောက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရောက်ရှိလာပြီး ၄င်းတွင်ကုန်ကျစရိတ်များအလွန် များပြားခဲ့ကြောင်း၊မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန်ငွေကြေးလိုအပ်လျှက်ရှိကြောင်း၊နောက်ပြီး မကွေးတိုင်းဒေသကြီးအစည်းအဝေးသွားရောက်ရန်ရှိကြောင်း၊မကွေးအစည်းအဝေးသွားရောက်သည့်အခါ တိုင်းဒေသကြီးဝန်ကြိးချုပ်ဦးဖုန်းမော်ရွှေ၊တိုင်းအုပ်ချုပ်ရေးမှူးဦးနေ၀င်း၊ခရိုင်အုပ်ချုပ်ရေးမှူးဦးမင်းအေး လွင်တို့အားဂါဝရပြုကန်တော့ရမည်(ရောက်ကြောင်းသတင်းပို့ရမည်။)ဖြစ်ကြောင်းပြောကြားကာ အမဲလိုင်စင်စီ တစ်ဦးလျှင်ငွေကျပ်(၅)သိန်းစီတောင်းခံခဲ့ကြောင်း"" အမဲလိုင်စင်စီ ဦးဟန်ရင်ကပြောကြားခဲ့သည်။ ထို့အပြင် အမဲအသားခြောက်တရားမ၀င်လုပ်ကိုင်နေသူများကိုလည်း ဦးအောင်ထွဋ်မှ၎င်း၏ရုံးခန်းအတွင်း သို့အဆိုပါနေ့ညနေ(၅)နာရီအချိန်တွင်ခေါ်ယူတွေ့ဆုံခဲ့ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းစီပေးရန်တောင်းဆို ခဲ့သည်။ တောင်တွင်းကြိးမြို့နယ်တွင် တရားမ၀င်အမဲသားခြောက်လုပ်ငန်းလုပ်ကိုင်သူ(၄)ဦးရှိပြီးမကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဖုန်းမော်ရွှေ အပါအ၀င်၊ မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့လက် ထောက်ညွှန်ကြားရေးမှူးဦးမောင်မောင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမင်းအေးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွဋ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးအောင်ဖြိုးကျော်၊ဒုဦးစီးမှူးဦးထန်ခွီး နှင့်ဒုဦးစီးမှူးဦးမင်းစည်သူ၊စာရေးဝန်ထမ်းဦးမှုတ်ကြီး၊ဦးခင်မောင်လေး၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦး စီးဌာနဦးစီးမှူဒေါက်တာဌေးအောင်တို့မှတရားမ၀င်လစဉ်ငွေကြေးများတောင်းခံကာလစ်လှူရှုခွင့်ပြုခဲ့သည်။ ထိုသို့တရားမ၀င်အမဲသားခြောက်လုပ်ငန်းများသည်တစ်နေ့လျှင်နွားကောင်ရေ(၂၀၀)ကျော်သတ်ဖြတ်၍အ သားခြောက်ပြုလုပ်ကာမန္တလေးမြို့သို့လုပ်ငန်းပိုင်ရှင်ရှမ်းတရုတ်များနှင့်ချိတ်ဆက်ကာဆောင်ရွက်နေမှု များကြောင့် မြို့နယ်အတွင်းလယ်ယာလုပ်ငန်းလုပ်ကိုင်ရန်ခိုင်းနွားရှားပါးခြင်း၊အသားဈေးများမြင့်တက်နေ ခြင်း၊စည်ပင်သာယရေးဥပဒေများအသက်မ၀င်ခြင်းနှင့်အဆိုပါသားသတ်လုပ်ငန်းလုပ်ကိုင်နေမှုများကြောင့် သားသတ်ရုံမှထွက်ရှိသောမီသိမ်းဓာတ်များကြောင့်ဒေသတွင်းမိုးခေါင်ရေရှားခြင်းများဖြစ်ပေါ်လျှက်ကြောင်း နှင့်ထိုသို့ဆောင်ရွက်နေမှုများကိုနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့်နိုင်ငံတော်အဆင့်ဝန်ကြီးများဒေသ တွင်လာရောက်အရွေးချယ်ခံအောင်မြင်ခဲ့ကြသောပြည်ခိုင်ဖြိုးပါတီ၊NLDပါတီကိုယ်စားလှယ်ကြီးများ၊မြို့မိ မြို့ဖများသိရှိစေရန်သတင်းပေးပို့ခြင်းဖြစ်ကြောင်း၊တရားမ၀င်လုပ်ဆောင်နေမှုများကိုတရားဥပဒေနှင့် အညီ သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်များဖြစ်အောင်အမြန်ဆုံး(အမြန်ဆုံး)ဆောင် ရွက်ပေးစေလိုပါကြောင်းတင်ပြလိုက်ရပါသည်။ အေးချမ်းမောင် တောင်တွင်းကြီး | ||
| ပြည်သူတွေ ဖောက်နေတဲ့ ငြိမ်းချမ်းရေး လမ်းမ ပေါ်သို့ လျှောက်စေလို Posted: 16 Jun 2012 07:50 PM PDT ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးလဲ တနှစ်ကျော်ခဲ့ပြီ ။ စစ်ရဲ့ ရလာဒ်တွေဖြစ်တဲ့ အိုးအိမ်ပျက်စီးမှုတွေ ၊ စစ်တလင်းထဲက သေတွင်းထဲမှာ စတေးလိုက်ရတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့  အသက်ပေါင်းများစွာ ၊ ကျောင်းပျောက်နေတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေရဲ့  ဘဝ ၊ မိဘပျောက်နေတဲ့ လူမမယ် ကလေးငယ်တွေရ့ဲ ဘဝ ၊ ကုစားဘို့ခက်တဲ့ စိတ်ဒဏ်ရာတွေ စသည် စသည် များကို နှစ်ဖက်ခေါင်းဆောင်ကြီးလဲ သိကြမည်လို့ အကြွင်းမဲ့ ယုံကြည်နေပါသည် ။ z ![]() ဒီအရာတွေကို ကုစားနိုင်မဲ့ ဆေးက တစ်မျိုးပဲ ရှိပါသည် ။ ငြိမ်းချမ်းရေး ဆိုတဲ့ ဆေးလောက် ဘယ်ဆေးမှ မကောင်းနိုင်ပါ ။ဒီဆေးကို နှစ်ဘက်ခေါင်းဆောင်များ သောက်ဖို့လိုနေပါသည် ။ သောက်ရမဲ့ အချိန်လဲ ရောက်နေပါပြီ ။ မဖြစ်မနေလဲ သောက်ရမည် ဟု ယူဆပါသည် ။ ![]() စစ်ရဲ့  ဆိုးကျိုးတွေကို ကုစားဘို့ ပြည်သူများက တတ်အားသရွေ့  ကူညီနေကြတဲ့ အစိုးမဟုတ်တဲ့ အဖွဲ့အစည်းတွေ ၊ ဂျာနယ်လစ်တွေ ၊ အနုပညာရှင်တွေ ၊ ပရဟိတ အဖွဲ့ တွေ ၊ နိုင်ငံရေးပါတီတွေ စတဲ့ လူမှုကွန်ယက်အဖွဲ့  တွေက ပြည်သူတွေနဲ့ တစ်ကွ ငြိမ်းချမ်းရေးကို တောင်းဆိုနေကြပါပြီ ။ပြည်သူတွေက ငြိမ်းချမ်းရေးလမ်းမကြီးကို ဖောက်နေကြပါပြီ ။ ![]() ![]() ![]() ![]() ပြည်တွင်းစစ်ကြီး ရှည်လေ ဒုက္ခသည်တွေရဲ့  အသက်ဟာ တိုလာလေ ပါပဲ ။သူတို့လေးတွေ ရဲ့  ဘဝတွေဟာ နှစ်ဖက်ခေါင်ဆောင်တွေရဲ့  လက်ထဲကို ရောက်နေပါပြီ ။ဒါကြောင့်မို့ ဒီအချိန်ဟာ နှစ်ဖက်ခေါင်းဆောင်တွေရဲ့  ဦးနှောက် နဲ့ နှလုံးသားကို မှတ်ကျောက်တင်မဲ့ အချိန် ဖြစ်နေပါတယ် ။ ဒါကြောင့်မို့ မှတ်ကျောက်အတင်ခံနိုင်ဘို့ ငြိမ်းချမ်းရေး လမ်းမပေါ် မှာ နှစ်ဖက်ခေါင်းဆောင်များ လျှောက်လှမ်းဖို့ ဖိတ်ခေါ်ရင်း . . . . ပြည်သူတွေနဲ့ တိုင်းရင်းသားတွေရဲ့  ကိုယ်စား . . . . . zawmoehetet ![]() ![]() | ||
| ရန်ကုန် ကုက္ကိုင်းပလီမျက်နှာစာဖျက်ခံရ Posted: 16 Jun 2012 07:39 PM PDT ယနေ့ ဇွန်လ ၁၆ ရက်နေ့ နံနက် ၂း၁၅ အချိန်တွင် ကုက္ကိုင်းလမ်းဆုံ အနီး ပုလဲကွန်ဒိုမျက်စောင်းထိုး ကမ္ဘာအေး ဘုရားလမ်းပေါ် ရှိ အစ္စလာမ် ဘာသာဝင် ပလီ အရှေ့တွင် ကားတစ်စီး ဖြင့် တိုက်ခိုက်ရေးတွင် အထူးလေ့ကျင့်ထား သည်ဟုယူဆရသော အရွယ်တူသန်မာ ဖြတ်လတ်သော သူ လူ ၅၀ ခန့်အား ချပြီး အချိန်ကိုက်ပြန်လာခေါ်သွားကြောင်း သိရှိရပါသည်။ အဆိုပါ အကြမ်းဖက်သမားများသည် ပလီ၏ ဆိုင်းဘုတ်နှင့် မျက်နှာစာ အုတ်နံရံအချို့အားဖျက်စီးခဲ့ကြောင်း ပလီပတ်ဝန်းကျင်ရှိ ရှေးဟောင်းပစ္စည်းရောင်းသော ဆိုင်တစ်ဆိုင် အပါအ၀င် ဆိုင် ၃ ဆိုင်အားဝင်ရောက်ဖျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။ ''အဲဒီလာဖျက်စီးတဲ့သူတွေက သာမာန် အရပ်သားတွေနဲ့ မတူဘူး အတော်လေးကို စနစ်တကျ လေ့ကျင့်ထားတဲ့သူတွေနဲ့တူတယ် အမိန့်တစ်ခုအောက်မှာ ၀ုန်းကနဲ့ရောက်လာပြီး ဖျက်ကြတယ်ပြီးတော့ ချက်ခြင်း အချိန်ကိုက်လာခေါ်တဲ့ကားပေါ်ကို တက်ပြေးသွားကြတယ်ဟု အရပ်အမောင်းတွေက ကောင်းတယ် တညီတည်းပဲ တော်တော်စနစ်တကျ လာဖျက်သွားတာ'' ဟု ပလီပတ်ဝန်းကျင်တွင်နေထိုင်သူ မျက်မြင်သက်သေများမှ ပြောကြားခဲ့ပါသည်။ အခင်းဖြစ်ပွားချိန်အပြီး မြို့နယ်ရဲမူးက ဒေသခံပြည်သူ အနည်းငယ်ကို အမူမဖွင့်ပါနဲ့ မီဒီယာကို မခေါ်ပါနဲ့ဟုပြောသွားကြောင်းသိရှိရပါသည်။ အဆိုပါ အခင်းဖြစ်ပွား ရွှေဝါရောင်တော်လှန်ရေး အတွင်းပါဝင်ခဲ့သော ဆရာတော်တချို့က ရန်ကုန်မြို့အား ပုဒ်မ ၁၄၄ ထုတ်စေချင်သဖြင့် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ဟန်တူသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ မြို့တော်ခမ်းမ တွင် ရန်ကုန်တိုင်း ၀န်ကြီးနှင့် လုံထိမ်းအဖွဲ့ အပါ အ၀င် အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီး ၅ ဖွဲ့မှ တာဝန်ရှိသူများ မှ ၂၄ နာရီ အခြေအနေအား စောင့်ကြည့်လျက်ရှိသော်လည်း အဆိုပါ ဖျက်စီးခံရမူနှင့်ပတ်သက်ပြီး ယခုအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းများ မတွေ့ရသေးကြောင်း သိရှိရပါသည်။ | ||
| နော်ဝေရောက်မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် သီးသန့်တွေ့ဆုံ Posted: 16 Jun 2012 07:29 PM PDT
မြန်မာနိုင်ငံနဲ့ အလွန်ဝေးကွာတဲ့နိုင်ငံမှာ မြန်မာပြည်သူ ပြည်သားတွေနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် သူ့အနေနဲ့ ၀မ်းသာမိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ တက်ရောက်လာသူတွေကိုလည်း လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံရဲ့ကျေးဇူးကို လေးစားဖို့ အခုလိုတိုက်တွန်းသွားပါတယ်။ "ကိုယ့်ဘက်က ကိုယ်နေတတ်မှလည်း တဘက်ကနေပြီးတော့ မှန်မှန်ကန်ကန် တုံ့ပြန်မှာ။ အဲတော့ ကျွန်မကနေပြီးတော့ အမြဲသတိပေးပါတယ်။ ကျွန်မတို့ဟာ ဧည့်သည်တွေဖြစ်တယ်။ ဧည့်သည်တွေဖြစ်တဲ့အခါကျတော့ အိမ်ရှင်ကိုလေးစားရမယ်။ အိမ်ရှင်ရဲ့ အကြိုက်ကိုနားလည်ရမယ်။ ကိုယ်ကနားလည်မှုရှိရမယ်။ ကိုယ်က ဧည့်သည်ကိုး၊ ဒါပေမဲ့ အိမ်ရှင်တွေကလည်း ကိုယ်ကနေပြီးတော့ နေတတ်လို့ရှိရင် ကိုယ့်အပေါ်မှာ ပိုပြီးတော့ ကောင်းလာမယ်။ ကိုယ့်အပေါ်အမြင်ပိုပြီးတော့ မှန်လာမယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ ကိုယ်ကဧည့်သည်ဖြစ်တယ်။ ဒီအိမ်ရှင်ပေါ်မှာ ကျေးဇူးတရားနဲ့ ဆက်ဆံစေချင်တယ်။ အဲဒီလိုဆက်ဆံခြင်းဟာ ကိုယ့်ရဲ့လူသားသိက္ခာကိုလည်း စောင့်စည်းရာရောက်တယ်။ ကိုယ့်နိုင်ငံရဲ့သိက္ခာကိုလည်း စောင့်စည်းရာရောက်တယ်" အဲဒီတွေ့ဆုံပွဲပြီးတဲ့နောက် နိုဘယ်လ်ငြိမ်းချမ်းရေးစန်တာမှာ ကျင်းပတဲ့ လူထုနဲ့တွေ့ဆုံပွဲအခမ်းအနားမှာလည်း နော်ဝေးပြည်သူပေါင်း သောင်းနဲ့ချီပြီးတက်ရောက်အားပေးခဲ့ကြပါတယ်။ နော်ဝေပြည်သူတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ လေးစားမှုကို မြန်မာပြည်သားတယောက်အနေနဲ့ ဂုဏ်ယူ အံသြမိတယ်လို့ အခမ်းအနားကို တက်ရောက်နေတဲ့ RFA ပြင်ပဆောင်းပါးရှင် ကိုညိုကလည်း ပြောပါတယ်။ နော်ဝေနိုင်ငံမှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဂုဏ်ပြုပွဲအခမ်းအနားကို ဥရောပနိုင်ငံတွေအပြင် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ အခြားနိုင်ငံတွေရောက်နေတဲ့ မြန်မာတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ RFA Burmese | ||
| နော်ဝေး လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ) Posted: 16 Jun 2012 07:17 PM PDT ဥရောပ သြစတေးလျ အမေရိကား မှာ ရှိနေတဲ့ မြန်မာလူမျိုးတွေသာမက နော်ဝေး နိုင်ငံသားတွေနဲ့ လူပင်လယ်ကြီး ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကို လာရောက်နားထောင်ခဲ့ပါတယ်။ By DVB entertainment's photo. | ||
| ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း သေဆုံးသူ ၅၀ အထိရှိလာ Posted: 16 Jun 2012 06:40 PM PDT ရခိုင်ပြည်နယ်မှာ မေ ၂၈ ရက်က ဇွန် ၁၄ ရက်အတွင်းဖြစ်ပွားသွားတဲ့ ပဋိပက္ခအတွင်း လူ ၅၀ သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ အစိုးရ သတင်းစာတွေမှာ ဒီနေ့ဖော်ပြပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့တော်က ကယ်ဆယ်ရေး စခန်းတွေမှာ ကလေးတွေ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားနေပြီး အကူအညီတွေ လိုအပ်နေတုန်းပဲလို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဒုက္ခသည် စခန်း ၃၇ ခုဖွင့်လှစ်ထားရှိပြီး လူ ၃၁၀၀၀ ကျော် ခိုလှုံနေပါတယ်။ စစ်တွေမြို့မှာ ဒုက္ခသည်စခန်း ၁၇ ခု၊ ရသေ့တောင်မှာ ၁၄ ခု၊ ပုဏ္ဍားကျွန်းမှာ ၄ ခု၊ ပေါက်တောမှာ ၂ ခု ဖွင့်လှစ် ထားရှိပါတယ်။ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်တဲ့ အဖွဲ့ ဟာ မောင်တောမြို့နယ် တောင်ဘက်ခြမ်းက ဖျက်ဆီးခံရတဲ့ တိုင်းရင်းသား ၇ ရွာနဲ့ ဒီ ရွာတွေနားက ဘင်္ဂါလီ ကျေးရွာတွေကို သွားရောက်ခဲ့တဲ့ကြောင်း ဒီနေ့ထုတ် သတင်းစာတွေမှာ ပါရှိပါတယ်။ RFA Burmese | ||
| ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ် ငြိမ်းချမ်းရေးဆု မိန့်ခွန်း Posted: 16 Jun 2012 06:42 PM PDT ၁၉၉၁ ခုနှစ်က ရရှိထားတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အခမ်းအနားကို အခု အသံလွှင့်နေတဲ့ အချိန်မှာ ကျင်းပနေတာ အခု သတင်း မဖတ်ခင်ကလေးမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ပြီးသွားပါတယ်။
နော်ဝေး ဆုရေးပေး ကော်မတီက ပြုလုပ်တဲ့ အခမ်းအနားမှာ သူပြောခဲ့တဲ့ မိန့်ခွန်းမှာ ဒီ ငြိမ်းချမ်းရေးဆုကို သူ ဘယ်လို ရတယ်ဆိုတာကို ရေဒီယိုကနေ ကြားခဲ့ရတဲ့အကြောင်း၊ အဲဒီအချိန်မှာ သူ နေအိမ်အကျယ်ချုပ် ကျနေရတဲ့ အချိန်ဖြစ်လို့ လက်တွေ့ကမ္ဘာမှာ သူမရှိနေဘူးလို့ ခံစားနေရတဲ့ အချိန်မှာ ဒီဆုရတဲ့အတွက် သူဟာ လက်တွေ့ကမ္ဘာ ပြန်ရောက်လာတယ်လို့ ခံစားရတဲ့ အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီ နိုဘဲလ်ငြိမ်းချမ်းရေး ဆုကြီးကြောင့်မို့လို့ ဒီကမ္ဘာက မမေ့ဘူးဆိုတာကို ပိုပြီးတော့ သဘော ပေါက်လာတာကို တွေ့ရတယ်၊ သူ့အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆု ရရှိတာဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်ဆိုတာ လက်ခံတဲ့ အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီဆုအတွက်ကြောင့် မို့လို့လဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေဟာ နယ်ပယ် ကျယ်ပြန့်လာတယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလေးတင် ပြီးဆုံးသွားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ လူသားတိုင်း လွှတ်လပ်မှုနဲ့ အခွင့်အရေးတွေကို ခံစားသင့်တဲ့ အကြောင်းတွေကို၊ လူသားတိုင်း တရားဥပဒေရဲ့ အကာအကွယ်ကို ရသင့်တယ် ဆိုတဲ့ အကြောင်း တွေကိုလည်း မိန့်ခွန်းထဲမှာ ပြောပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူတွေရဲ့ ကြိုးပမ်းမှု ဆိုတာကိုလည်း သူက ကျေးဇူးတင်စကား ပြောပါတယ်။ မြန်မာနိုင်ငံမှာ သူကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားတယောက် အနေနဲ့ မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသေးတဲ့ သူတွေ ရှိနေတဲ့အကြောင်းကိုလည်း အလေးထားပြီးတော့ ပြောသွားပါတယ်။ By ဗွီအိုအေ(မြန်မာဌာန) | ||
| နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြင့်ပွဲ ဒေါ်အောင်ဆန်း စုကြည် တက်ရောက် မိန့်ခွန်း ပြောကြား Posted: 16 Jun 2012 06:41 PM PDT ကမ္ဘာ့နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံလိုက်ရတယ်လို့ ကြားသိခဲ့ရတဲ့အချိန်မှာ မိမိခံစားလိုက်ရတာက အချုပ်နှောင်ခံထားရတဲ့ မိမိဘ၀ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု က တခြားလူသားတွေရဲ့ ကမ္ဘာနဲ့ ပြန်လည်ချိတ်ဆက်ပေး လိုက်တာပဲလို့ ခံစားမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်လ်ဆု ချီးမြှင့်တဲ့ အခမ်းအနားမှာ ထည့်သွင်းပြောခဲ့ပါတယ်။ နော်ဝေနိုင်ငံ အော်စလိုမြို့ မြို့တော်ခန်းမမှာ ဒီကနေ့ နော်ဝေစံတော်ချိန် နေ့လည် ၁နာရီမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့အခမ်းအနားမှာ ပြောခဲ့တာပါ။ "ငြိမ်းချမ်းမှု ဆိုတဲ့ အဓိပ္ပါယ်ဟာ အတူတကွ လက်တွဲနေထိုင်နိုင်မှု ဘ၀တွေကို ပျက်စီးစေတဲ့ အရာအားလုံး ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိတဲ့ဘ၀လို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ခံယူကြောင်း၊ ငြိမ်းချမ်းဆိုတဲ့ မြန်မာစကားရဲ့ အဓိပ္ပါယ်ကိုကလည်း အပူမီးတွေ ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ လူသားတွေရဲ့ ခံစားမှုတွေဟာ ဒီကနေ့ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အပူမီးလို တောက်လောင်နေပါတယ်။ ကျမရဲ့ တိုင်းပြည် မြန်မာပြည် မြောက်ပိုင်းမှာဆိုရင်လည်း ပဋိပက္ခတွေ မချုပ်ငြိမ်းသေးသလို ကျမ ဒီခရီးစဉ် မထွက်လာသေးခင် ရက်ပိုင်းအတွင်းကပဲ မြန်မာပြည် အနောက်ပိုင်းမှာ အကြမ်းဖက် ပဋိပက္ခတွေကြောင့် မီးလောင်တာ သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။ အလားတူပါပဲ တခြားဒေသတွေမှာလည်း အငတ်ဘေး၊ အလုပ်လက်မဲ့ ၊ ဆင်းရဲမွဲတေမှု စတဲ့ စတဲ့ အရာအားလုံးဟာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေ ဖြစ်ပါတယ်။" ငြိမ်းချမ်းရေး နိုဘဲလ်ဆုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နဲ့ လူအခွင့်အရေး လှုပ်ရှားမှု အခန်းကဏ္ဍကို မှတ်တမ်းတင် ဂုဏ်ပြုပေးလိုက်တာလို့ ခံယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တနည်းအားဖြင့် မြန်မာ့ လူ့အဖွဲ့အစည်း လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုကို တကမ္ဘာလုံးက မမေ့ဘူးဆိုတာကို သက်သေပြလိုက်တာပါပဲလို့ ပြောကြားခဲ့ပါတယ်။ RFA Burmese | ||
| မြန်မာနိုင်ငံက ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ကူညီပေးဖို့ နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ်ပြောကြား Posted: 16 Jun 2012 08:31 AM PDT နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံက လူမျိုးရေး ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် အာရုံစိုက် ကြိုးပမ်းကြဖို့ လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Dipu Moni က ဒီကနေ့ ဘင်္ဂလားဒေ့ရှ် ပါလီမန် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးဖို့ ဖိအားပေးနေတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောထားကို ပါလီမန် အစည်းအဝေးကနေ တဆင့် ပြောခဲ့တာပါ။ လက်ရှိ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းလိုတယ်ဆိုရင် မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ မြန်မာအစိုးရကိုသာ တောင်းဆိုသင့်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အပါအ၀င် နိုင်ငံတကာ တိုင်းပြည်တွေကို ပြောလိုက်တာပါ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ သူတို့ လက်ခံထားပြီး ဖြစ်တဲ့ လက်ရှိရှိနေပြီးသား ရိုဟင်ဂျာ လေးသိန်းနဲ့တင် အတော် ၀န်ပိနေတာ ဖြစ်ပြီး နောက်ထပ် လက်ခံဖို့ဆိုတာ မဖြစ်နိုင်တော့ကြောင်းလည်း ပြောပါတယ်။ UNHCR နဲ့ နိုင်ငံတကာက ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ မြန်မာနိုင်ငံက နောက်ထပ် ထွက်ပြေးလာသူ ရိုဟင်ဂျာတွေကို လက်ခံပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ အနေနဲ့လည်း မြန်မာနိုင်ငံဖက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ပြန်ပို့နေတယ် ဆိုပေမယ့် အစာရေစာ ဆေးဝါး စတာတွေကို အကူအညီပေးပြီးမှ ပြန်ပို့တာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ RFA Burmese | ||
| Posted: 16 Jun 2012 08:09 AM PDT
၁၆-၆-၂၀၁၂ ရက်နေ့ ၀၂၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ် ရွှေတောင်ကြားရပ်ကွက် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ ကုက္ကိုင်းဗလီအား အမည်မသိ အမျိုးသား ၈ ဦးခန့် ရောက်ရှိလာပြီး အုတ်ခဲ ကျိုးရေ အလုံး ၄၀ ခန့် ဗလီအတွင်းသို့ ပစ်ပေါက်ခဲ့သည်။ ထိုသို့ အဝေးမှ ပစ်ပေါက်မှုကြောင့် ဆိုင်းဘုတ်များ၊ မှန်အချို့ ပျက်စီး သွားခဲ့ကြောင်း သိရှိရသည်။ ဗလီအနီးရှိ အစ္စလာမ်ဘာသာဝင် တစ်ဦး ပိုင်ဆိုင်သော ရှေးဟောင်းပစ္စည်း အရောင်းဆိုင်အတွင်းရှိ ပစ္စည်းများကိုလည်း ရိုက်နှက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ ပြည်သူများအကြားတွင် မလိုလားအပ်သော ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာစေရန်လည်းကောင်း၊ ဘာသာရေးကို ခုတုံးလုပ်၍လည်းကောင်း လှုံ့ဆော်မှုများ ရှိလာနိုင်သဖြင့် သတိဖြင့် ဆင်ခြင်ကာ ထိန်းသိမ်းကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သမ္မတရုံး အရာရှိတဦးရဲ့ လူမှုရေးစာမျက်နှာမှာ ဖော်ပြထားပါသည်။ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ


































