သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


RCSS/SSA အား ထိုင်းအစိုးရက ဆုချီးမြှင့်ခြင်းကို မြန်မာအစိုးရမှ ကန့်ကွက်

Posted: 03 Jul 2012 02:52 AM PDT

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA အား ထိုင်းအစိုးရမှ မူးယစ်ဆေးဝါး လက်တွဲနှိမ်နင်းရေးဆု ဂုဏ်ပြုပေးအပ်ချီးမြှင့်သည်ကို မြန်မာအစိုးရမှ ကန့်ကွက်လိုက် ကြောင်း သိရှိရပါသည်။

anti-drug-service-awardRCSS/SSA အား ထိုင်းအစိုးရမှ ချီးမြှင့်သည့် ရွှေလင်းယုန်ဆု (Photos : Tai Freedom)

"တရားဝင် စာပေးပို့လာတာတော့ မဟုတ်ဘူး။ ထိုင်းက မြန်မာနိုင်ငံရဲ့ အတွင်းရေး(နိုင်ငံရေး)ကို ဝင်ရောက်စွက်ဖက်တယ်လို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ပြောလာတာ" ဟု ထိုင်းအာဏာပိုင် တစ်ဦးက ပြောပါသည်။

ထိုင်းအစိုးရမှ RCSS/SSA အား ရွှေလင်းယုန်ဆု ချီးမြှင့်သည်ကို မြန်မာအစိုးရက ကန့်ကွက်သည့်အပြင် ဧပြီလ ၂၀ ရက် ထိုင်းအစိုးရမှ အလိုရှိမူးယစ်ရာဇာစာရင်း ၂၅ ဦးထုတ်ပြန်ရာ၌ မြန်မာနိုင်ငံသားများ ဖြစ်သော စိုင်းနော်ခမ်း (ဘတ်ငွေ ၂ သန်း)၊ DKBA ခေါင်းဆောင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး (ဘတ် ၁ သန်း)နှင့် ယီဆေး (ဘတ် ၁ သန်း) ပါဝင်နေသည်ကိုလည်း မကျေနပ်ကြောင်း၊ စာရင်းထုတ်ပြန်မည် ဆိုပါက မြန်မာအစိုးရနှင့် ဦးစွာဆွေးနွေးသင့်ကြောင်း ပြောဆိုလာသည်ဟု ထိုင်းလုံခြုံရေး အာဏာ ပိုင်တစ်ဦးက ဆို၏။

"ဆုချီးမြှင့်တာ မြန်မာအစိုးရက ကန့်ကွက်တာနဲ့ ပတ်သက်ပြီးတော့ ထွေထွေထူးထူး ပြောစရာမရှိပါ ဘူး။ ဒါပေမဲ့ ထိုင်းအစိုးရက ကျနော်တို့ကို ဆုချီးမြှင့်မယ်ဆိုတာလည်း ကြိုတင်ပြီး မသိဘူး။ ဆုလာ ရောက်လက်ခံဖို့ အကြောင်းကြားလာမှ သိရတာ။ ကျနော်တောင် တော်တော်အံ့ဩသွားတယ်။ မူးယစ် ဆေးဝါး လက်တွဲတိုက်ဖျက်ဖို့ဆိုတာ ကျနော်ရဲ့ တာဝန်ဖြစ်တယ်။ ဂုဏ်ပြုဆုတို့ဆိုတာ ဘာမှမျှော်လင့် မထားပါဘူး။ ဒါပေမဲ့ အခုလို ဆုချီးမြှင့်တဲ့အတွက်ကြောင့် ဂုဏ်ယူဝမ်းမြောက်ပါတယ်" ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် က သျှမ်းသံတော်ဆင့်ကို ပြောပါသည်။

ထိုင်းအစိုးရက မြန်မာအစိုးရအား မည်သို့အကြောင်းပြန်သည်ကို မသိရသေးကြောင်း၊ တိုင်းတပါးက မြန်မာနိုင်ငံသားအား ဆုချီးမြှင့်သည်ကို မြန်မာအစိုးရက ဂုဏ်ယူမည်ဟု ထင်မှတ်ခဲ့ကြောင်း၊ သို့သော် မြန်မာအစိုးရက ကန့်ကွက်သည်ကို အံ့အားသင့်မိကြောင်း ထိုင်းအစိုးရဝန်ထမ်းတစ်ဦးက ဆို၏။

သျှမ်းပြည်တပ်မတော်-တောင်ပိုင်း ဟု လူသိများသည့် RCSS/SSA သည် ၁၉၉၈ ခုနှစ်မှ၌ ဖမ်းဆီးရရှိ သည့် မူးယစ်ဆေးဝါးတို့ကို မီးရှို့ဖျက်ဆီးကာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရန် ပေါ်လစီ ချမှတ် ထားကြောင်း လူသိရှင်ကြား ကြေငြာခဲ့သည်။ သို့သော် ၎င်း၏ ပြိုင်ဖက်များက RCSS/SSA သည်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အပစ်ရပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၌ RCSS/SSA လည်း တစ်ဖွဲ့အပါအဝင်ဖြစ်သည်။ လွန်ခဲ့သည့် မေလ ၁၉ ရက် ကျိုင်းတုံ၌လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီချက် ရရှိခဲ့သည်။

သျှမ်းမြောက်တိုက်ပွဲရပ်ရန် သမ္မတကြီး မညွှန်ကြားနိုင် တိုက်ပွဲအတွင်းဓါတုလက်နက်သုံးဟုဆို

Posted: 03 Jul 2012 12:27 AM PDT

သျှမ်းပြည်တပ်မတော် SSPP/SSA အားတိုက်ခိုက်နေမှုမှရပ်တန့်ရန် ဂျွန်လနှောင်းပိုင်းက အစိုးရစစ်တပ်ထံ သမ္မတကြီးဦးသိန်းစိန်ညွှန်ကြားထားပြီးဖြစ်သော်လည်း ယနေ့မနက်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှု ဆက်လက် ဖြစ်ပွားနေသေးကြောင်း သျှမ်းပြည်တပ်မတော်၏ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

spoke_person_SSPP"ဂျွန်လနှောင်းပိုင်းက ကျနော်တို့ကို ၄-၅ ရက်ဆက်တိုက် အစိုးရတပ်အင်အားသုံးတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ ကျနော်တို့ မန္တလေးသွားပြီး အစိုးရ ကိုယ်စားလှယ်တော် ဦးသိန်းဇော်နဲ့တွေ့တယ်။ သမ္မဆီကိုလည်း စာရေးတယ်။ ဦးသိန်းဇော်ကနေတဆင့်သိရတာက ထိုးစစ်ဆင်တိုက်ခိုက်မှုရပ်တန့်ပေးဖို့ သမ္မတကြီးကနေ ညွှန်ကြားပြီးပြီ လို့ ဆိုတယ်။ ဒါပေမယ့် ကျနော်တို့ ပြန်ရောက်တဲ့နေ့ ဂျွန် ၃၀ ရက်နေ့မှာဘဲ ကျနော်တို့ကို အစိုးရတပ် က ပြန်တိုက်နေပြီ" - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

မြန်မာအစိုးရတပ် (ရလခ - ခိုလမ် အခြေစိုက်) အရှေ့အလယ်ပိုင်းတိုင်း နှင့် လားရှိုးအခြေစိုက် ရမခ အရှေ့ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အင်အား ၁၀ ရင်းကပူးပေါင်း၍ သျှမ်းပြည်တပ်မတော် SSPP/ SSA အား တိုက်ခိုက်နေကြောင်း၊ ယမန်နေ့နှင့် ယနေ့အထိ မြန်မာအစိုးရတပ်မှ ၈၁ မမ၊ ၈၂ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် SSPP/SSA ၏ ကောင်းမိုက်ဟုန်း တပ်စခန်းအားပစ်ခတ်နေကြောင်း၊ ဓါတုလက်နက် ဟု ယူဆသည့် ဗုံးများလည်းပါကြောင်း၊ အဆိုပါလက်နက်ကြောင့် သျှမ်းတပ်သားနှစ်ဦး ယမ်းငွေ့ရှူရှိုက်မိ သောကြောင့် မူးဝေအော့အံပြီးသတိလစ်သွားကြောင်း၊ တောင်သူလယ်သမားများ လယ်ယာဆင်းသည့် ကာလဖြစ်သောကြောင့် တရားဝင် ငြိမ်းချမ်းရေးသဘောတူလက်မှတ်ရေးထိုးထားသည့် သျှမ်းတပ်ဖွဲ့ အနေဖြင့် အပစ်ရပ်ပေး ရန် သမ္မကြီးထံ ဒုတိယအကြိမ် ထပ်မံစာရေး တင်ပြထားကြောင်း ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

"ဂျွန် ၃၀ ရက်နေ့ နဲ့ ၁ ရက်နေ့တုန်းကဘဲ ကျနော်တို့ဘက်က ပြန်လည်ခုခံတိုက်ခိုက်တာ။ မနေ့ကနေ ကနေ့ အထိတော့ သူတို့ကလူအင်အားမသုံးဘူး။ အဝေးကနေ လက်နက်ကြီးနဲ့ဘဲလှမ်းထုတာ၊ မနေ့တုန်းက အလုံး ၅၀ ကျော်တယ်၊ ဝေးတော့ ကျနော်တို့လဲ ပြန်လည်ခုခံတိုက်ခိုက်တာတွေ မလုပ်ဘူး။ ကျနော်တို့က အပစ်ရပ် ထားတဲ့အဖွဲ့ပဲ။ လူထုလဲ စိုက်ပျိုးချိန်လေ၊ မစိုက်ပျိုးနိုင်ဘဲထွက်ပြေးနေ ရတယ်။ အဲဒါမျိုး ဆက်မဖြစ် ချင်လို့ ကျနော်တို့ခေါင်းဆောင်တွေဆွေးနွေးပြီး မနေ့က သမ္မတကြီးဆီ ဒုတိယအကြိမ် စာထပ်ရေးတယ်။ ကျနော်တို့ ဆက်သွယ်မေးမြန်းချက်အရတော့ ဒီမနက်ပိုင်း အစိုးရနဲ့ တပ်ဘက် ခေါင်းဆောင်တွေ အစည်းဝေးထိုင်တယ် ပြောတယ်" - ဟု ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ချောဆွဲခံရသည့် မိုင်းအောတ် ထော်လဂျီသမားတဦး သေနတ်မှန်၍ ပွဲခြင်းပြီးသေဆုံးခဲ့သည်ဟုဆို၏။ လက်ရှိတွင် အစိုးရတပ် ရမခ တပ်များက နမ့်လောဝ်း (တန့်ယန်းမြို့နယ်ဘက်မှ) ညှပ်တိုက်နေကြောင်းနှင့် ရလခ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် ကိုယ်တိုင် မိုင်းရှူးမှ ကြပ်မတ်ကွပ်ကဲနေကြောင်း၊ အစိုးရတပ်မှ ဒဏ်ရရာရှိသူ အယောက် ၂၀ ကျော်ရှိကြောင်း ဝန်ထမ်း များအသိုင်းအဝိုင်းက ပြောပါသည်။

ဗိုလ်မှူးစိုင်းလ၏ ပြောကြားချက်အရ သျှမ်းပြည်တပ်မတော်ဘက်တွင် ဓါတုလက်နက်ဒဏ်ခံရသည့် တပ်သား နှစ်ဦးအပြင် ၅ ဦးထက်မနည်းဒဏ်ရာရရှိနေကြောင်း ဆိုသည်။

ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မြောက်ဘက် မိုင်းအောတ် ကျေးရွာအုပ်စု၊ တောင်ဟျိုးကျေးရွာအုပ်စုမှ ဒေသ ခံကျေးရွာ ၁၀ ရွာ၊ လူ ၃၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း လူမှုအသိုင်းဝိုင်းကူညီရေး တက်ကြွလှုပ်ရှားသူ လူငယ်တဦးက ပြောပါသည်။

RCSS/SSA မှ ငြိမ်းချမ်းရေးစောင့်ကြည့်ရန် မြို့နယ်ကိုယ်စားလှယ်လူထု ရွေးချယ်နိုင်ခဲ့

Posted: 03 Jul 2012 12:25 AM PDT

လူထုနှင့်ထိတွေ့မှုရယူနေသော သျှမ်းပြည်တပ်မတော် RCSS/SSA မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်သည့်အဖွဲ့ ငြိမ်းချမ်းရေးစောင့်ကြည့်ရန် မြို့နယ်ကိုယ်စားလှယ်များရွေးချယ်နိုင်ပြီဖြစ်ကြောင်း အစိုးရမှ ရွေးချယ် ထားသည့် ကိုယ်စားလှယ်နှင့် ညီတူညီမျှတဝက်စီ ဖြင့်ပူးပေါင်းဖွဲ့စည်းရန်ပြင်ဆင်နေကြောင်း သျှမ်းပြည်တပ်မတော် အရာရှိတဦးက ပြောသည်။
representative ဒေသခံလူထုနှင့်သွားရောက်တွေ့ဆုံသည့် RCSS/SSA မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ

"ဂျူလိုင်လဆန်း ၁ ရက်နေ့က ကျနော်တို့အဖွဲ့ တောင်ကြီးက ဆက်သွယ်ရေးရုံးမှာ မြို့နယ်ကိုယ်စားလှယ်တွေကိုခေါ်ယူ တွေ့ဆုံတယ်။ သျှမ်းပြည်တောင်ပိုင်းက မြို့နယ် ၂၀ အတွက် ကိုယ်စားလှယ် အယောက် ၅၀ ကျော်ရှိတယ်။ တမြို့နယ်မှာ အနည်းဆုံး တစ်ယောက်ကနေ နှစ်အယောက်အထိ ရွေးထားတယ်။ ဒီထဲက ကျနော် တို့ထပ်ပြီးစီစစ်ရွေးထုတ်မယ်။ အစိုးရနဲ့ ပူးပေါင်းပြီးငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းဖို့ပေါ့။ ပြီးရင် မြန်မာအစိုးရဖက်က ဘယ် နှစ်ယောက်ရွေး ထားလဲ။ အစိုးရက ၁၀ ယောက်ရွေးလာရင် ကျနော်တို့လဲ ၁၀ ယောက် စာရင်းပေးမယ်။ ပူးပေါင်းအလုပ်လုပ်ဖို့ပေါ့။ အစိုးရလူနဲ့ တဝက်စီ ညီညီမျှမျှ လှုပ်ရှားသွားမယ်" ဟု စည်းရုံးရေး လိုက်ပါသည့် သျှမ်း ပြည်တပ်မတော်မှ အရာရှိတဦးက ပြောသည်။

ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ဂျွန်လဆန်းကတည်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်သည့်အဖွဲ့က (၃ ဖွဲ့ခွဲ၍ သျှမ်းပြည်မြောက်ပိုင်း၊ တောင် ပိုင်းနှင့် အရှေ့ပိုင်းသို့ ) လူထုဆန္ဒသဘောထားကောက်ယူရန်ကွင်းဆင်းရာ ဂျူလိုင်လဆန်းက တောင်ပိုင်း အတွက် ကိုယ် စား လှယ်ကိုရွေးချယ်နိုင်ခဲ့ပြီး မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ ကိုယ်စားလှယ်များလည်းရက်ပိုင်းအတွင်း အပြီးရွေးချယ်ရန် ရှိကြောင်း၊ ဂျူလိုင်လအတွင်း အစိုးရကိုယ်စားလှယ်နှင့်အတူ ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးကော်မတီ အပြီးဖွဲ့စည်း သွားမည်ဖြစ်ကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောပြသည်။

" ကျနော်တို့ဖက်က ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်တဲ့ ၇ ယောက်ပါအဖွဲ့ပေါ့နော် လူထုနဲ့တွေ့ဆုံခဲ့ပါတယ်။ အဓိကကတော့ ကိုယ်စားလှယ်တွေကနေ ကိုယ့်မြို့ကိုယ်ရွာကလူတွေကို ငြိမ်းချမ်းရေးစောင့်ကြည့်ဖို့အတွက် စည်းရုံးရေးဆင်းပေး ဖို့ဖြစ် တယ်။ လူထုကနေ နားလည်သဘောပေါက်လာအောင်၊ ထာဝရ ငြိမ်းချမ်းရေးဖြစ်အောင် ရည်ရွယ်ပါတယ်။ ခုရတဲ့ ကိုယ်စား လှယ်တွေဟာ လူငယ်တွေများပါတယ်။ ဘယ်အဖွဲ့အစည်းကမှမဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ စိတ်ပါဝင်စားတဲ့လူငယ် တွေပါ။ မြို့ထဲရွာထဲမှာလဲ သာရေးနာရေးတွေမှာ စေတနာပါ တက်ကြွလှုပ်ရှားတဲ့လူငယ်တွေပေါ့" ဟု အဆိုပါ အရာရှိက ဆက်လက်ပြောပြပါသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးကကဲ့သို့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် အရှေ့ပိုင်း ကျိုင်းတုံမြို့တို့တွင်လည်း ယခုလအတွင်း ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ အပြီးဖွဲ့စည်းနိုင်ရန် RCSS/SSA ကိုယ်စားလှယ်များက စီစဉ်ထားကြောင်း ပြောပါသည်။

ဒေသခံလူထုအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် တိုက်ဖျက်ရေးလုပ်ငန်းအစီအစဉ်ကို ရှင်းလင်းပြသခြင်း၊ လူထုထံမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပေါ် အမြင်သဘောထား၊ အရေး ၃ ပါးအပေါ် အမြင်သဘော မေးမြန်းခြင်းများလည်း ပြုလုပ်ခဲ့ ရကြောင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေးက ဆက်လက်ပြောပြသည်။

ဘန်ကောက်ရောက်ခေါင်းဆောင်ခွန်ထွန်းဦးအား ထိုင်းရောက်သျှမ်းများကြိုဆို

Posted: 02 Jul 2012 07:38 PM PDT

ဆေးဝါးကုသရန် ထိုင်းနိုင်ငံသို့ ယနေ့ညပိုင်းရောက်ရှိသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ
ခွန်ထွန်းဦးအား ထိုင်းနိုင်ငံရောက်သျှမ်းတိုင်းရင်းသားများ က ၀မ်းမြောက်ဝမ်းသာကြိုဆိုကြပါသည်။

alt


"ခွန်ထွန်းဦးလာမယ်လို့ကြိုမသိဘူးလေ။ အလုပ်ခွင့်ကြိုမယူထားမိဘူး။ ကြိုသိရင် လူတွေ ပိုများဦးမယ်။ ကျနော်
တောင် ညပိုင်းအလုပ်ဆက်မဆင်းဘဲနဲ့ ပြေးလာတာ။ အရမ်းတွေ့ချင်လွန်းလို့လေ" - ဟု ဘန်ကောက်ရောက်
ရွှေ့ပြောင်းအလုပ်သမား စိုင်းဆတ်က ပြောပါသည်။

ခွန်ထွန်းဦး၏ ထိုင်းနိုင်ငံခရီးစဉ်အတွက် ဂျွန်လဆန်းပိုင်းကတည်းက စီစဉ်ထားပြီး ဖြစ်ကြောင်း ၊ ကျန်းမာရေး
စစ်ဆေးရန် အဓိကဖြစ်ကြောင်း၊ ထိုင်းလေကြောင်း TG 306 ဖြင့် ယနေ့ည ၇ နာရီခွဲက ရန်ကုန်မှထွက်ခွါခြင်း
ဖြစ်ကြောင်း ပါတီပြောခွင့်ရ စိုင်းလိတ်ကပြောပါသည်။

altခွန်ထွန်းဦးအားလေဆိပ်၌သွားရောက်ကြိုဆိုကြသည့် သျှမ်းတိုင်းရင်းသားများ (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

" ည ၁၀ နာရီခွဲလောက်က ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်ကိုရောက်တယ်။ ဒီကလည်း သျှမ်းဝတ်စုံ အပြည့်နဲ့
လာကြိုကြတာအင်အား တရာလောက်ရှိမယ်။ ရိုးရာဝတ်စုံမဝတ်ထားရင် တော့ ဘယ်သူဘယ်ဝါမှန်းမသိရဘူး" -
ချင်းမိုင်မြို့ မှ သွားရောက်ကြိုဆိုသည့် စိုင်းဆိုင်ယ ကပြောပါသည်။

သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးသည် အရိုးကျီးပေါင်းရောဂါဖြင့်ခါးနာသည့်ဝေဒနာ၊ ပူတာအိုအကျဉ်းထောင်၌
အကျဉ်းကျစဉ် ချော်လဲသောကြောင့် ဒူးနာဝေဒနာ ခံစားရသည့် အပြင် အစာအိမ်နာ၊ ဆီးကျိတ်နာ စသည့်
ရောဂါများခံစားနေရပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးသည် အမျိုးသားညီလာခံ လက်မခံသောကြောင့်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် အာဏာရစစ်အုပ်စုက သျှမ်းခေါင်းဆောင် ၈ ဦးနှင့်အတူ ၂၀၀၅ နှစ်ဦးပိုင်း
က ဖမ်းဆီးချုပ်နှောင်ပြီး ထောင်ဒဏ် ၇၉ - ၁၀၆ အထိ အသီးသီး ပြစ်ဒဏ်ပေးခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲမှ
သမ္မတဖြစ်လာသည့် ဦးသိန်းစိန်၏ လွှတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ယခုနှစ်ဆန်းပိုင်းက ပြန်လည်လွတ်မြောက်ပြီး
ပါတီအားနိုင်ငံရေးမှတ်ပုံတင်တရားဝင်ပြန်တင်ခဲ့သည်။