သျှမ်းသံတော်ဆင့် |
| သျှမ်းပြည်တပ်မတော်နှင့် ၀ တပ်ဖွဲ့ ဒုတိယအကြိမ်စစ်ရေးတင်းမာနေမှုကိုဖြေရှင်း Posted: 31 Jul 2012 03:02 AM PDT သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်တို့ အကြား နယ်မြေနှင့်စပ်လျဉ်း၍ နှစ်ဘက်စစ်ရေးတင်းမာခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက်ကဆိုပါသည်။ အခင်းဖြစ်ပွါးသောနေရာပြမြေပုံ"မိုင်းဆတ်ဘက်ကနေ ဟိုပန်ဟိုယွက်ဘက်ကို ဝ အင်အားဖြည့်တဲ့ယာဉ်တန်း မနေ့ မနက်က ၁၀ စီး ညနေက ၁၀ စီး တက် တယ်" ဟု ထိုင်းနယ်စပ်လုံခြုံရေးအရာရှိများက သျှမ်းသံတော်ဆင့် အားပြောပြသည်။ ၎င်းနှင့်ပတ်သက်၍ ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည် တပ် မတော် တပ်မဟာ ၇၂၇ က ၎င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်း ဘက်၌ စိုက်ပျိုးရေးလုပ်ရာမှ စ ခဲ့ကြောင်း၊ အဆိုပါဒေသအား ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော် လာသည်ဟုဆိုကာ အင်အားဖြည့်တင်းလာခြင်းဖြစ်ကြောင်း ပြောပါသည်။ " ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့က အရင်ကတည်းက ကျနော်တို့အပေါ် သံသယရှိနေတယ်။ ဘာသံသယလဲဆိုတော့ SSA ဟာ အစိုးရနဲ့ပူးပေါင်းပြီးတော့ UWSA ကို တိုက်ခိုက်မယ်ဆိုတာပါဘဲ။ ကျနော်တို့ အဲလို လုံးဝ မရှိပါဘူး။ ကျနော်တို့ ရည်ရွယ်ချက်က ညီအကိုမောင်နှမတွေဘက်ကို သေနတ်ပြောင်းဝ မလှည့်ပါဘူး။ တောကြက်ချင်းခုတ်ရင် မုဆိုးဝမ်းသာ မှာပေါ့။ ၂ ကောင်းစလုံးမောရင် သူဖမ်းစားရုံဘဲ" - ဟုလည်း သျှမ်းပြည် တပ်မတော်၏ အကြီးအကဲတဦးကလည်းပြောသည်။ အဆိုပါ ပုံတောင်း၌ ယခင့်ယခင်က ဝ တပ်ဖွဲ့အခြေချနေထိုင်ခဲ့ဖူးသော စခန်းဟောင်းတခုဖြစ်သည်ဟုလည်း ဒေသခံများ ပြောပြ ချက်အရသိရသည်။ နယ်မြေစိုးမိုးရေးပြဿနာအား ၀ ခေါင်းဆောင်ပိုင်းနှင့် ညှိနှိုင်းဖြေရှင်းနေဆဲဖြစ်ပြီး သဘော တူညီချက်အချို့ ရရှိပြီဖြစ်သဖြင့် ဝ တပ်ဖွဲ့ ယာဉ်အချို့တပ်ဆုတ်ပြန်နေပြီဖြစ်ကြောင်း ဒေသအတွင်းရှိ တပ်မှူးတဦး ကပြောပါသည်။ အတည်မပြုနိုင်သေးသည့်သတင်းအရ မြောက်ပိုင်း ဝ နယ် တရုတ်နယ်စပ်အခြေစိုက် တပ်မဟာ ၄၆၈ လီအိုက်စု ဦးဆောင်သည့် တပ်ဖွဲ့ကလည်း တောင်ပိုင်းသို့ အင်အားဖြည့်တင်းမည်ဟူသည့်သတင်းလည်းထွက်ပေါ်နေပါသည်။ သျှမ်းပြည် တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က " အချင်းချင်းတိုက်မယ်ဆိုရင် အခုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဘယ်အဓိပ္ပါယ်ရှိတော့မှာလဲ" - ဟု ပြောဆိုကြောင်း အဆိုပါအကြီးအကဲက ဆက်လက်ပြောပြသည်။ RCSS/SSA ၏ ယခုလ ၂၆-၂၇ ရက်နေ့က ကျင်းပသော ၆ လ ပတ်အစည်းအဝေး၌လည်း အစိုးရနှင့် ဆွေးနွေးထားသော ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်းဆက်လက်လျှောက်လှမ်းသွားမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း အဆိုပါအရာရှိက ဆက်လက် ပြောပြသည်။ အလားတူ သျှမ်းသံတော်ဆင့်မှအတည်မပြုနိုင်သည့် သတင်းအရ ယခုလ ၉ ရက်နေ့ကလည်း သီပေါဘက်လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ တဖွဲ့က ဟုန်ပန်းကုမ္မဏီမှ ဝန်ထမ်းတဦးအား ထိန်းသိမ်းထားကြောင်း၊ သို့သော် အဆိုပါ ဝန်ထမ်းအားလည်း ၁၄ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းအရင်းအမြစ်တဦးက ပြောပါသည်။ |
| ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကော်မတီဖွဲ့နိုင်ရေး အစိုးရကိုယ်စားလှယ်အား ရှေ့လအတွင်း RCSS ဆွေးနွေးမည် Posted: 31 Jul 2012 03:01 AM PDT ယခုလနောက်ဆုံးပတ်၌ RCSS/SSA က ခြောက်လပတ်အစည်းဝေးကျင်းပရာ ဆုံးဖြတ်ချက်များအနက် ငြိမ်းချမ်းရေးစောင့်ကြည့် ရေးကော်မတီဖွဲ့နိုင်ရေးအတွက် အစိုးရကိုယ်စားလှယ်နှင့် ရှေ့လအတွင်း တွေ့ဆုံ ဆွေးနွေးမည့်အစီအစဉ်ပါ ဆုံးဖြတ်ထားသည်ဟု တက်ရောက်သူ အရာရှိတဦးက ပြောပါသည်။ "ငြိမ်းချမ်းရေးခရီးစဉ်ကတော့ ကျနော်တို့ချထားတဲ့ နဂိုပေါ်လစီအတိုင်းဘဲ ဆက်သွားမှာဘဲ။ ကျနော်တို့ အစည်းအဝေးက ၂၆ နဲ့ ၂၇ ရက် ဌာနချုပ်လွယ်တိုင်းလျဲန်းမှာလုပ်တယ်။ ဆုံးဖြတ်ချက် ကိုတော့ (စတိတ်မဲန့်) ထုတ်ပြန်ကြေငြာချက်နဲ့ ထုတ်ပြန်တယ်" - ဟု အမည်မဖေါ်လိုသည့် ဌာနချုပ်မှ အရာရှိတဦးက ပြောပါသည်။ သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ၆ လပတ်အစည်းအဝေး၌ အဓိက ဆုံးဖြတ်ချက် ၂ ချက် ချမှတ်ကြောင်း ပထမ အချက်က မတ်ခ်ျ ၁၆-၁၇ အစည်းအဝေး ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေးတည်ဆောက်စဉ် ၆ ချက် အတိုင်းလျှောက်လှမ်းမည့်အကြောင်း အဆိုပါအရာရှိက သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။ ထိုအချက် ၆ ချက် မှာ - ၁။ သျှမ်းပြည်သားများသွေးစည်းညီညွတ်ရေး နှင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး၊ ၂။ တိုင်းရင်းသားတိုင်း၊ ပြည်နယ်တိုင်း တန်းတူရေး နှင့် ခွဲထွက်ရေး မခွဲထွက်ရေးအတွက် လူထု ဆန္ဒသဘော ထားအပေါ်မူတည်၊ ၃။ ပါလီမန်ဒီမိုကရေစီစနစ်အားနားလည်စွာဖြင့် မိမိအခွင့်အရေး အသုံးပြုတတ်ရေးအတွက် သျှမ်းပြည်သားများအား တွေ့ဆုံစည်းရုံးဟောပြောရှင်းလင်းရေး၊ ၄။ သမ္မတကြီးဦးသိန်းစိန်နှင့်လက်တွဲ၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ၅။ ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်ရပ်တည်၍ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး၊ ၆။ မလွှဲမရှောင်နိုင်သည့်အဆင့်မှသာ စစ်ရေးနည်းဖြင့်အသုံးပြုဖြေရှင်းရေး၊ သျှမ်းပြည်တပ်မတော်သည် လူထုအသက်အိုးအိမ်စည်းဇိမ်လုံခြုံမှုအတွက်အကာအကွယ်ပေးရေး - စသဖြင့် RCSS/SSA ၏ ထုတ်ပြန်ကြေငြာချက်တွင် ပါရှိပါသည်။ "ဒုတိယအချက်ကတော့ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းနိုင်ဖို့ လာမယ့်ဩဂတ်စ်လ ထဲမှာ အစိုးရ ကိုယ်စား လှယ်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးမယ်လို့ဆုံးဖြတ်တယ်" ဟု အဆိုပါအရာရှိတဦး က ပြောပြပါသည်။ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ထားသည်ဟု ဆိုသော်ငြားလည်း အစိုးရတပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
