ဒီမိုဝေယံ

ဒီမိုဝေယံ


မနစ်နာသင့်ဘဲ နစ်နာနေရတဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဆရာ/ဆရာမများ ကိုယ်စား သမ္မတထံ အိတ်ဖွင့်ပေးစာ..

Posted: 22 Jul 2012 07:00 AM PDT

 သမ္မတကြီးဦးသိန်းစိန် သိရှိစေရန် တင်ပြပေးစေလိုပါသည် ဆိုပြီး ပေးပို့လာတဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ် ဆရာ၊ ဆရာမများ ကိုယ်စားပေးစာကို ဖော်ပြလိုက်ပါတယ်..

ဒီမိုဝေယံ ရဲ့Sunday, July 22, 2012 နေ့စွဲပါ... တက္ကသိုလ် ဆရာ၊ ဆရာမများအား တာဝန်နှင့် မသက်ဆိုင်သည့် လုံခြုံရေးဝန်ထမ်းသဖွယ် လုပ်ဆောင် စေခိုင်းနေခြင်းများအား တားမြစ်ပေးပါရန် သမ္မတကြီးထံ ပေးစာပါ Click အကြောင်းအရာတွေဟာ  အနယ်နယ် အရပ်ရပ်က တက္ကသိုလ်တွေအပြင် နိုင်ငံခြားဘာသာ တက္ကသိုလ် ဆရာ/ဆရာမ တွေလည်း အလားတူ ခံစားနေရကြောင်း ဖော်ပြနေတဲ့ ဘဝတစိတ် တပိုင်းပိုစ့် အမှန်အကန်ပါဘဲ၊ ကျေးဇူးအများကြီး တင်ပါတယ်..။ ကိုဒီမိုဝေယံ။

ထပ်မံဖြည့်စွက်ပြောချင်တဲ့ ရင်တွင်းစကားများစွာ ရှိပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နဲ့ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမတွေ (ဥပမာ- တရုတ်၊ ဂျပန်၊ ပြင်သစ်၊ ဂျာမန်..စသည်ဖြင့်..)ဟာ ကထိက ဘဝနဲ့ပဲ အရိုးထုတ် နေကြရတော့မလို ဖြစ်နေပါတယ်...။ ကထိက လုပ်သက်နဲ့ ဘားဆုံးနေတဲ့ ဆရာ/ဆရာမတွေမှာ တွဲဖက်ပါမောက္ခ အဆင့်ကို မရရှိကြပါဘူး။ ရာထူးတိုးပေးခြင်း မခံရပါဘူး။ ဆရာတစ်ယောက်ဆိုရင် ယခုနှစ်ထဲမှာ ပင်စင်ယူတော့ မှာပါ။ ကထိကဘဝနဲ့ပဲ မိမိဘဝတခုလုံးကို မြုပ်နှံပြီး အသက်၆၀ပြည့်ရတော့မှာပါ။ အကြောင်းရင်းကတော့.... ဒေါက်တာတွေ မဟုတ်လို့ ပါတဲ့..။ 

လုပ်သက်အရ ရာထူးတိုးမြှင့်ပေးခဲ့တဲ့ REASONABLE ဖြစ်တဲ့ အစဉ်အလာတွေ ပျက်သုဉ်းသွားခဲ့ပါပြီ...။ UFL (University of Foreign Languages) ဆိုတာအစက IFL (Institute of Foreign Languages) ဖြစ်ပါတယ်။ ဘွဲ့ ရပြီး ၄ နှစ် အချိန်ပိုင်း၊ သို့မဟုတ် ၂ နှစ် အချိန်ပြည့် တက်ပြီးမှ၊ နောက်ပြီးတော့.. Diploma ရပြီး ရှားရှားပါးပါး Credit ထွက်သူတွေကိုသာ ဆရာ/ဆရာမ လုပ်ဖို့ ရွေးချယ်ခံထားရသူတွေပါ...။ ဘွဲ့ လွန် ဒီပလိုမာ ပေးခဲ့တဲ့ IFL ကနေ B.A ဘွဲ့ပေးတဲ့ UFL ခေတ် ကိုရောက်ခဲ့တယ်...။

B.A တန်းတွေဖွင့်တော့လဲ ဘွဲ့ လွန်ဒီပလိုမာ ရထားတဲ့ ဆရာ/ဆရာမတွေကပဲ သင်ပေးခဲ့ကြရတာပါ၊ တခြားတက္ကသိုလ် အသီးသီးက B.A., ဘွဲ့၊ B.Sc.,ဘွဲ့ တွေအတွက် သင်ကြားချိန် တစ်မျိုးပဲ ရှိနေတဲ့ အချိန်မှာ UFL ဆရာ/ဆရာမ တွေကတော့ မနက် ၇ နာရီမှ ၉ နာရီ ဘွဲ့လွန်ဒီပလိုမာ ၄ နှစ်သင်တန်းတွေရော..B.A., သင်တန်းတွေပါ သင်ပေးနေကြရတာပါ။ အဲ... ရာထူးတိုးဖို့ ကျတော့.. ပါရဂူမဟုတ် လို့တဲ့...။ ရှေ့မှာဒေါက်တာရှိမှ နောက်ဒေါက်တာ ရှိကြစမြဲပါ.....။ ခါးဆက်ပြတ်နေကြရတဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်ဆရာ/ဆရာမ တွေရဲ့ ဘဝပါ။ ကထိက လုပ်သက် ၁၀ နှစ်ကျော် နေတာတောင် တွဲဖက်ပါမောက္ခ ဖြစ်မလာကြရပါဘူး...။

Minor ဘာသာ ဆရာ/ဆရာမတွေ ကတော့ အသက်ငယ်ငယ်တွေနဲ့ ဒေါက်တာဖြစ်.. ပါမောက္ခ ဖြစ်ကြပြီး၊ ကျောင်းရဲ့ အခမ်းအနားတွေမှာ.. ရှေ့ ဆုံးက ဆိုဖာထိုင်ခုံတွေမှာ မိန့်မိန့်ကြီး ထိုင်နိုင်ကြပြီး ဒေါက်တာ မဟုတ်ပေမဲ့ သူတို့ထက်စာရင် စာသင်ချိန် အချိန် နှစ်ဆ သင်ရပြီး ပင်ပန်းလှတဲ့ ဘာသာစကားဆိုင်ရာ ဋ္ဌာနမှုးတွေခမျာတော့... သူတို့ ရဲ့  နောက်ဖက်က ခုံတွေမှာပဲ ထိုင်ပြီးတက်ရောက်နေ ကြရရှာပါတယ်....။

အခုတော့...ဒီ ဘာသာစကားဆိုင်ရာ ဆရာ/ဆရာမ တွေကို M.A (မဟာဝိဇ္ဇာဘွဲ့) သင်တန်းတွေ တက်ခိုင်းနေပါပြီ...။ M.A ပထမ အသုတ် ပြီးသွားတဲ့ သူတွေရှိနေပါပြီ....။ ဒီကိစ္စမှာတုန်းကလဲ.. နိုင်ငံ့တာဝန်စေလိုရာ စေဘဝနဲ့ ထမ်းဆောင်ကျေပြွန်တဲ့ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကြရတဲ့ ဆရာ/ဆရာမ တွေ ခမျာ အဲဒီ ပထမအသုတ် ကိုမတက်ရပဲ ကျန်ခဲ့တဲ့သူတွေ အများကြီးပါ။

ကျရာနေရာကို သွားရောက် တာဝန်ထမ်းဆောင်ရတဲ့ ဆရာ/ဆရာမတွေခမျာ၊ ကိုယ့်အိမ်နဲ့မဟုတ်ပဲ အခြားအရပ် ဒေသမှာ အဆောင် အခန်းကျဉ်းလေးမှာပဲနေပြီး မိသားစု တစ်ကွဲတစ်ပြားစီ နေပြီးနိုင်ငံ တာဝန်ဝတ္တရားတွေ ထမ်းဆောင်ရပေမဲ့ ဟော... M.A.,ကျတော့...နောက်ကျ ကျန်ခဲ့ရပြန်တယ်။ ရာထူးတိုးဖို့ သတ်မှတ်ချက် တစ်ခုသာဆိုရင်ဖြင့် အဲဒီ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ရောက် ဆရာ/ဆရာမတွေ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ် ကနေ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ကိုပြန်ပြောင်းလာပြီး M.A အတက် နောက်ကျရတဲ့ ဆရာ/ဆရာမတွေ နစ်နာကြရတော့မယ်..။

ဒါဖြစ်သင့်ပါသလား....။ မညီမျှမှုတွေ ဖြစ်နေခဲ့တာပါ..။ ရန်ကုန်ကို လာတက်ခွင့် ရသူတွေကရ..၊ မရတဲ့သူမရနဲ့ မညီမျှခဲ့ပါဘူး။ လူကိုခင်ရင် မူကိုပြင်ခဲ့ကြတယ်..။ လူကိုမုန်းပြန်တော့ မူကိုသုံးကြပြန် ပါတယ်...။ အဲဒီ ကထိကတွေထဲမှာပဲ ရန်ကုန်မှာပဲ မပြောင်းရ မရွှေခဲ့ ရတဲ့ သူတွေက M.A တက်ခွင့် ရသူရှိသလို... မန္တလေးလည်း ပြောင်းရပြီးတော့... သူများနဲ့တန်းတူ တက်ခွင့်မရခဲ့ရသူတွေ...၊ ကံကောင်းပြီး မန္တလေးပြောင်းပြီးမှ ထူးထူးခြားခြား ရန်ကုန်လာတက်ဖို့ လွှတ်ခြင်းခံရသူ၊ ကံဆိုးပြီး တက်ချင်လျှက်နဲ့ မတက်ရသူ... စသည်ဖြင့်အမျိုးမျိုးပါပဲ...။ တစ်ချို့မှာ မန္တလေးကို နှစ်ကြိမ် သုံးကြိမ် ပြောင်းခဲ့ ကြရပြီး တစ်ကြိမ်လျှင်အနည်းဆုံး ၂ နှစ်၊ ၂နှစ်ခွဲ နေခဲ့ကြရရှာပါတယ်။

ဒါတွေ.. ဒါတွေ ကိုတော့ဖြင့် ဟိုး အထက်လူကြီးတွေက လျစ်လျူရှုထားကြခဲ့တာ အစဉ်အလာလို ဖြစ်လေရော့သလား...။ ဒီလိုကိစ္စတွေကို ပညာရေးဝန်ကြီးတွေက မစဉ်းစားပေး ကြတော့ဘူးလား.......။ သိတောင် သိကြပါ ရဲ့လား၊ ဒါမှမဟုတ် သိရက်နဲ့ မသိချင်ဟန်ဆောင်၊ ဥပေက္ခာပြု ထားတာပါလား...။ ဒေါက်တာချမ်းငြိမ်းရဲ့  မတရားတဲ့မူဝါဒ တွေ မပြင်သေးတာလား...။ ရာထူးလေးတော့တိုးပါရစေ။

နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဆရာ/ဆရာမ များကိုယ်စား

မှတ်ချက်။ ။ သမ္မတကြိးဦးသိန်းစိန် သိရှိစေရန် တင်ပြပေးစေလိုပါတယ်...

ဘယ်သူကဖြင့် တမူးသာမလဲ...

Posted: 22 Jul 2012 06:28 AM PDT

ဘယ်သူကဖြင့် တမူးသာမလဲ...

သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဓာတ်ပုံပါ.. ဒီလိုနာမည်ပျက် ရှိသူ၊ စကားကို မဆင်မခြင် ပြောဆိုသူ အနှီပုဂ္ဂိုလ် နှစ်ဦးကို ပြတ်ပြတ်သားသား အရေးမယူဘူးဆိုရင်တော့ သမ္မတရဲ့ လူထုထောက်ခံမှု ရရှိခဲ့တဲ့ မြစ်ဆုံအရေးနဲ့ ဘင်္ဂလီအရေး ဆုံးဖြတ် ပြောဆိုချက်တွေဟာလည်း အနှီပုဂ္ဂိုလ် (၂)ဦးကြောင့် ထောက်ခံမှု ကျဆင်းနိုင်ပါတယ်..။
ပြည်သူတွေကို ရူးနေတာပါလို့ စော်ကားသူ အနှီပုဂ္ဂိုလ်တို့ မိမိတို့ ကိုယ်တိုင် ဥစ္စာရူး၊ အာဏာရူး၊ ဘဝင်ရူး၊ စည်းစိမ်ရူးရူး နေလား ဘာလားဆိုတာ မိမိကိုယ်တိုင် ပြန်လည်သုံးသပ်ဖို့ လိုပါလိမ့်မယ်..။ ဘယ်သူကဖြင့် တမူးသာနေပါသလဲ..။

ဓာတ်ပုံကတော့ မြန်မာပြည်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူတွေထဲမှာ ပါဝင်တဲ့ ဦးအောင်သောင်း အလယ်နဲ့ ဦးအောင်သိန်းလင်း ညာအစွန်တို့ ၂ဦးရဲ့ လောဘဇောတိုက်နေတဲ့ မြင်ကွင်းကို သမ္မတဦးသိန်းစိန် စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေသလားပဲ.. (တရုတ်ကုန်စည်ပြပွဲ မြင်ကွင်း)

အောက်မှာတော့ ဇေယျာချောရဲ့ အောင်သိန်းလင်းအတွက် ရှေ့ဆုံးစာလုံးလေးတွေနဲ့ ဂုဏ်ပြု ကဗျာလေး တပုဒ်ကို ဖော်ပြလိုက်ပါတယ်..။

အောင်နိမိတ် အောင်တိတ်ဆောင်
သိန်းသန်းရာ ထောင်မေတ္တာများနဲ့
လင်းလင်းပပ ၀င်းဝင်းပပ နိုးထ
ချီးပမြှောက်စား 'က၀ိ' ကျင့်တရားဖြင့်
ပေအက္ခရာနှင့် ထုထွင်း
ကြီးမြတ်တဲ့ မနက်ခင်း။ ။

ချစ်ခြင်းမေတ္တာအားဖြင့်
ဇေယျာချော
၂၂။၇။၂၀၁၂

မီးပင်လယ်ခရီး အမှတ်စဉ် - ၃..

Posted: 22 Jul 2012 06:11 AM PDT

မီးပင်လယ်ခရီး အမှတ်စဉ် - ၃

ရခိုင်ပြည်နယ် အတွင်း မကြာသေးခင်၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခကိစ္စရပ်များကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသည့် ရခိုင်လူမျိုး ဒုက္ခသည်များအတွက် လူသားချင်းစာနာစိတ်ဖြင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ ပြည်တွင်း/ပမှ မြန်မာပြည်သူ/သားတို့သည် လာရောက်၍ အလှူငွေများ၊ အလှူပစ္စည်းများ ပေးအပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ပြည်သူများအား တတိယအကြိမ် မြောက်အဖြစ် သွားရောက်ကူညီထောက်ပံ့ရန် ဇူလိုင်လ (၆) ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်မှ အသင်းသားများတို့သည် လှူဖွယ်ပစ္စည်းများဖြစ်သည့် အိုးခွက်ပန်းကန်များ၊ အဝတ်အထည်များ တင်ဆောင်၍ ၂၄ ပေ မော်တော်ယာဉ်ကြီးဖြင့် ဘုရင့်နောင်ပွဲရုံရှိ ရွှေပြည်သစ်ကားဂိတ်မှ နံနက် (၇းဝဝ) နာရီအချိန်တွင် စတင်ထွက်ခွာခဲ့ကြပြီး ၉.၇.၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေ မြို့သို့ ရောက်ရှိခဲ့ကြပြီး စစ်တွေနာရေးကူညီမှုအသင်းမှ ကူညီဖေးမမှုဖြင့် သီရိဂုတ္တဓမ္မာရုံတွင် လှူဖွယ်ပစ္စည်းများအား ယာယီ ထားရှိခဲ့ပြီး စစ်တွေမြို့နှင့် ဒေသတစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများသို့ လှူဒါန်းမှုများပြုလုပ်ခဲ့သည်။ ၁ဝ.၇. ၂ဝ၁၂ ရက်နေ့တွင် သင်္ဘောဖြင့် တစ်နေ့ကုန်နီးပါး မောင်းနှင်ခရီးဆက်ခဲ့ရာ ဘူးသီးတောင်မြို့သို့ ညနေ ပိုင်းတွင် ရောက်ရှိခဲ့ကြပြီး မောင်းတောမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ရောက်ရှိခဲ့ကြပြီး ဒေသခံ မောင်းတော ကုန်သည်ကြီးများအသင်းနှင့် မောင်တောခရိုင် အမျိုးသားကူညီ စောင့်ရှောက်ရေး ဖောင်ဒေးရှင်းတို့သည်လည်း မော်တော်ယာဉ်၊ နေရာထိုင်ခင်းတို့အား စီစဉ်ဆောင်ရွက် ကူညီဆောင်ရွက် ပေးခဲ့သည်။ 
မောင်းတောမြို့ပေါ်ရှိ အလိုတော်ပြည့်ကျောင်း၊ ပရဟိတကျောင်းနှင့် အစိုးရစာသင်ကျောင်း များရှိ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းများသို့လည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ၁၁.၇.၂ဝ၁၂ ရက်နေ့ တွင် ဆက်လက်၍ ပဋိပက္ခဖြစ်ပွားချိန်၌ မီးရှို့ခံခဲ့ရသည့် အလယ်သံကျော်ရွာ၊ မောရဝတီရွာများ (ဘင်္ဂလား ဒေရှ့်နယ်စပ်အနီး) နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဋ္ဌာနချုပ် အမှတ်(၇) နယ်မြေ တပ်တွင်း ဆေးခန်းရှိ ဒုက္ခသည်များနှင့် ပြည်သူ့ဆေးရုံ၊ မောင်တောအတွက် ဆေးဝါးများပေးအပ်ခဲ့ပြီး နောက် ၁၂.၇.၂ဝ၁၂ ရက်နေ့တွင် စစ်တွေမြို့ပေါ်သို့ ရေလမ်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ပါသည်။  

၁၃/၁၄.၇.၂ဝ၁၂ ရက်နေ့များတွင် စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်သို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ၁၅.၇.၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လှူဒါန်းမှုခရီးစဉ်အား ရုပ်သိမ်းကာ အပြန်ခရီးအားစတင်ခဲ့ရာ ဘူးသီးတောင်မြို့မှ ရေလမ်းခရီးဖြင့် စစ်တွေမြို့သို့၎င်း၊ စစ်တွေမြို့မှ ရေလမ်းခရီးဖြင့် တောင်ကုတ်သို့ လည်းကောင်း၊ တောင်ကုတ်မှ မော်တော်ယာဉ်ဖြင့် ပြည်သို့၎င်း၊ ပြည်မြို့မှ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာသို့ မွန်းတည့် (၁၂းဝဝ) နာရီအချိန်တွင် ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ ယင်းခရီးစဉ်သည် ရခိုင်ရိုးမ တောင်တန်းအား မော်တော်ယာဉ်ဖြင့် ခဲရာခဲဆစ် သွားခဲ့ရပြီးနောက် ပင်လယ်ရေလမ်းခရီးဖြင့် တစ်တန် ထပ်မံ၍ ရခိုင်ပြည်နယ်ရှိ လူမျိုးရေး ပဋိပက္ခဒေသသို့ ရောက်ရှိခဲ့သည်။
 
မိမိတို့အဖွဲ့သားများ ရောက်ရှိခဲ့ရ သော ရခိုင်ဒေသ အသီးသီးတို့တွင် မီးလောင်လွင်ပြင်များ၊ အိုးအိမ် ပျက်စီးမှုများကို စိတ်မချမ်းမြေ့စွာ ခံစား တွေ့ကြုံခဲ့ရသည်နှင့်အညီ ဒုက္ခသည် ရခိုင်ပြည်သူလူထု တို့နှင့်အတူ ထပ်တူထပ်မျှ ကြေကွဲမှု အပူမီးများ ဖြစ်ပေါ် ခံစားခဲ့ရသည်။ ထိုကဲ့သို့ ရခိုင်ဒုက္ခသည်များကို ကူညီဖေးမမှုခရီးစဉ်သည် တတိယအကြိမ်မြောက် ဖြစ်သည်။ ထို့ကြောင့် ယင်းခရီးစဉ်အား မီးပင်လယ်ခရီး အမှတ်စဉ် - ၃ ဟု ကဗျည်းတတ်ခဲ့တော့သည်။

သို့သော် ခရီးလမ်းစဉ်တစ်လျှောက် ပင်ပန်းဆင်းရဲမှုအား ပဓါနမထားပဲ လူသားချင်း စာနာစိတ်ဖြင့် အများပြည်သူတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)ကိုယ်စား ဒုက္ခသည် တိုင်းရင်းသားညီအစ်ကို မောင်နှမများ ထံသို့ ကိုယ်တိုင်ကိုယ်ကျ လက်ဝယ်သို့အရောက် အဆင်ပြေချောမောစွာ လှူဒါန်းနိုင်ခဲ့ခြင်း အတွက် ကျွန်တော့်၏ ရင်ထဲတွင် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတော့သည်။

စင်ကာပူနိုင်ငံသို့ ဗြဟ္မစိုရ် ခြေလှမ်းတစ်လှမ်း...

Posted: 22 Jul 2012 05:55 AM PDT

စင်ကာပူနိုင်ငံသို့ ဗြဟ္မစိုရ် ခြေလှမ်းတစ်လှမ်း

စင်ကာပူနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ဂီတဖျော်ဖြေပွဲများ၊ စာပေဟောပြောပွဲများကို လစဉ်အလိုက် ကျင်းပပြုလုပ် ဖျော်ဖြေနေသည့်ကြားမှ ထူးခြားစွာဖြင့် ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လတွင် MAZ Entertainment Group (Singapore)မှ စီစဉ်ဆောင်ရွက်ပြီး "ဗြဟ္မစိုရ်ခြေလှမ်းများ" အမည်ရှိသော မြန်မာပြည်တွင်းရှိ လူမှုရေးသမားများ၏ ပေးဆပ်လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြား၍ ဂီတသံစဉ်များဖြင့် ဖျော်ဖြေမှု တစ်ရပ်အား ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ပရောက် မြန်မာမိသားစုများ အမျိုးဘာသာ သာသနာအား မမေ့မလျော့ပဲ လူသားချင်း စာနာစိတ်များ မွေးဖွားလာရန်အတွက် "ဗြဟ္မစိုရ်ခြေလှမ်းများ" ဟူသော အခမ်းအနားတစ်ရပ် ကျင်းပနိုင်ရန် MAZ Entertainment Group (Singapore) အဖွဲ့အား အဖွဲ့ဝင် (၄) ဦးဖြင့် စတင်စီစဉ် ဆောင်ရွက်ကြပြီး အခမ်းအနားမှ ရရှိသည့် ငွေကြေးအားလုံးကို လှူဒါန်းသွားကြမည်ဖြစ်ကြောင်း၊ အခမ်းအနားအတွက် အလှူခံဖို့အတွက် စင်ကာပူနိုင်ငံတွင် တရားဝင်အလှူငွေဖြတ်ပိုင်း ပြုလုပ်ခွင့်မရရှိသည့်အတွက် စက္ကူ သေတ္တာဘူးများများ ပြုလုပ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းငွေအဖြစ် ကောက်ခံကြရန်၊ နာရေးကူညီမှုအသင်း(ရန်ကုန်)အား ပံ့ပိုးနိုင်ရန်နှင့် စင်ကာပူနိုင်ငံရှိ မြန်မာမိသားစုဝင်များအနေဖြင့် မြန်မာ နိုင်ငံတွင်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများအား တိကျမှန်ကန်စွာ သိရှိနိုင်ရန်အတွက် ရည်ရွယ်၍ အကျိုးဆောင်ပေးနိုင်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကာ ၁၅.၇.၂ဝ၁၂ ရက်နေ့တွင် စင်ကာပူနိုင်ငံရှိ Jurong Sports & Culturo Center ခန်းမ၌ နေ့လည် (၃းဝဝ) နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ လူမှုရေးလုပ်ဆောင်မှုအကြောင်း၊ လူမှုရေးသမားများ၏ကျင့်ဝတ် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကာ ဥက္ကဋ္ဌ ဦးကျော်သူမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုပုံရိပ်မှတ်တမ်းများအား Slide Show ဖြင့် ပြသရှင်းလင်းခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသည့် မြန်မာမိသားစုများနှင့် အမေးအဖြေကဏ္ဍအား ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ မြန်မာမိသားစုများနှင့် နွေးထွေးစွာ ပြုလုပ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အထူးဧည့်သည်တော် အသင်းဝင် ကိုဆောင်းဦးလှိုင်မှ ဥက္ကာဦးသာနှင့် ပူးတွဲ၍ လူမှုရေးပရဟိတစိတ်ဓါတ်များ မြှင့်တင်ပေးသော ဂီတသံစဉ်များဖြင့် ပရိသတ်အား စကားပြောကြားကာ ဥက္ကာဦးသာနှင့်ပူးတွဲ၍ သီဆိုဖျော်ဖြေပေးခဲ့သည်။ ထိုအခမ်းအနားတွင် စင်ကာပူ ရောက် မြန်မာမိသားစုများ၊ မြန်မာ့လူမှုရေးအဖွဲ့အစည်းများ၊ လူမှုရေးသမားများတို့သည် Jurong Sports & Culturo Center ခန်းမအပြည့် လာရောက်အားပေး ကြကာ ပြည်တွင်းရှိ မြန်မာပြည်သူ လူထုတို့အား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး စသည့် ကူညီမှုများကို ပြုလုပ်ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) အား အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြသည်။ ထို့နောက် ၁၇.၇.၂ဝ၁၂ ရက်နေ့ ညဘက်တွင် ဗြဟ္မစိုရ် ခြေလှမ်းများဖြင့် ခရီးသွားကြသော ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ကိုဆောင်းဦးလှိုင်တို့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
၂၁.၇.၂ဝ၁၂ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် ပွဲစီစဉ်သူ MAZ Entertainment Group (Singapore) မှ ဦးဘိုဘိုဝင်း ဦးဆောင်၍ အဖွဲ့ဝင် (၃) ဦးတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာ ရောက်၍ "ဗြဟ္မစိုရ်ခြေလှမ်းများ" လူမှုရေးဖျော်ဖြေပွဲ၍ ရရှိသည့် အလှူငွေ သိန်း (၈ဝ) ကျပ်တိတိအား လှူဒါန်းခဲ့ကြသည်။ ယင်းလှူဒါန်းပွဲ အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးကျော်သူမှ စင်ကာပူနိုင်ငံသို့ ရောက်ရှိစဉ် မိမိသည် ကျန်းမာရေးမကောင်းသည့်အတွက် မိမိအား မိသားစုသဖွယ် အစစ အရာရာ ဂရုတစိုက် ဆေးဝါး ကုသပေးခဲ့သည့် MAZ Entertainment Group (Singapore) အဖွဲ့သားများနှင့်တကွ၊ ကြွရောက်အားပေး ကြသော မြန်မာမိသားစုဝင်များနှင့် စင်ကာပူနိုင်ငံရှိ လူမှုရေးအဖွဲ့သားများ အားလုံးတို့အား ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားခဲ့ပြီး MAZ Entertainment Group (Singapore)မှ ဦးဘိုဘိုဝင်းသည် "ဗြဟ္မစိုရ်ခြေလှမ်းများ" လူမှုရေးဖျော်ဖြေပွဲ ကျင်းပရခြင်းအကြောင်းနှင့် တွေ့ကြုံခဲ့ရသော အခက်အခဲများ အား ရှင်းလင်းပြောကြားကာ မြန်မာပြည်တွင်းရှိ လူမှုရေးလုပ်ငန်းများအား စွမ်းစွမ်းတမံ လုပ်ဆောင်ပေး နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အား လှူဒါန်းဖြစ်ခဲ့သည့် အကြောင်းအရာများကို ထပ်မံပြောကြား ခဲ့ပြီး အလှူငွေကျပ် (၈ဝ) သိန်းတိတိအား ပေးအပ်ခဲ့သည်။
ထို့နောက် ကိုဆောင်းဦးလှိုင်မှ ကျေးဇူးတင် စကားပြောကြားရာတွင် ယခင့်ယခင် မိမိသည် ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဂီတဖျော်ဖြေပွဲများ ကျင်းပခဲ့သော်လည်း ယခုကဲ့သို့ လူမှုရေးဖျော်ဖြေမှုပွဲအား ပထမဦးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေ ဖြင့် အားပေးသည့်ပရိသတ် နည်းပါးမည်ကို စိုးရိမ်မိကြောင်း၊ သို့သော် ယခုကဲ့သို့ စည်ကားသိုက်မြိုက် စည်းကမ်းရှိစွာဖြင့် အားပေးခဲ့ကြသော စင်ကာပူရောက် မြန်မာမိသားစုဝင်များရှိသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကြွရောက်လာကြသော စင်ကာပူရောက် မြန်မာမိသားစုဝင်များ၊ MAZ Entertainment Group (Singapore) အဖွဲ့သားများ၊ အလှူငွေ ကောက်ခံပေးကြသော လူမှုရေးစိတ်ဓါတ် ပြင်းပြကြသော ညီငယ်၊ ညီမငယ်များအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကာ အခမ်း အနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ယင်း "ဗြဟ္မစိုရ်ခြေလှမ်းများ" ဖြင့် သွားရောက်ခဲ့သော စင်ကာပူနိုင်ငံ ခရီးစဉ်တွင် စင်ကာပူနိုင်ငံရှိ မြန်မာမိသားစုများ၏ လူမှုရေးစိတ်ဓါတ် ပြင်းထန်မှုများ၊ ပြည်တွင်း/ပ မခွဲခြားဘဲ လူသားချင်းစာနာစိတ်ရှိ မှုများတို့အပြင် စင်ကာပူနိုင်ငံရှိ လူမှုရေးအသင်းအဖွဲ့များအား ရင်းနှီးစွာ ဆွေးနွေးခဲ့မှုများနှင့် စင်ကာပူနိုင်ငံ ရှိ မြန်မာ့ကရုဏာလူမှုရေးအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ်မှ စတင်၍ ၁၅.၇.၂ဝ၁၂ ရက်နေ့၌ နာရေး ကူညီမှုအသင်းဟူ၍ စင်ကာပူနိုင်ငံတွင် ပေါ်ပေါက်လာခဲ့မှုတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဗြဟ္မစိုရ် ခြေလှမ်းတစ်လှမ်းအတွက် အောင်မြင်မှုတစ်ရပ်ပင် ဖြစ်ခဲ့တော့သည်။

တက္ကသိုလ် ဆရာ၊ ဆရာမများအား တာဝန်နှင့် မသက်ဆိုင်သည့် လုံခြုံရေးဝန်ထမ်းသဖွယ် လုပ်ဆောင် စေခိုင်းနေခြင်းများအား တားမြစ်ပေးပါရန် သမ္မတကြီးထံပေးစာ..

Posted: 21 Jul 2012 09:43 AM PDT

သို့
သမ္မတကြီးအား ရိုသေစွာဖြင့် အသိပေးအပ်ပါသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်ဖြင့် မည်သို့သော အခက်အခဲရှိ သည်ဖြစ်စေ ပြည်သူ့အကျိုးအတွက်ဟု ခံစားနားလည်ပေးကာ လုပ်ကိုင် ဆောင်ရွက်ပေးနေပါသော ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား အရိုအသေပြုပါ၏။

သို့သော်လည်း သမ္မတကြီးမှ ပြည်သူပြည်သားများအတွက် မည်သို့ပင်ဆောင်ရွက် ပေးနေပါသော်လည်း၊ အလယ်ဆင့်မှသူများ၊ အောက်မှသူများသည် ပြုပြင်ပြောင်းလဲရေး ကိုလိုလားဟန်မတူပေ။ တောင်ကိုရီးယားနိုင်ငံမှ မစ္စတာလီမြောင်ဘတ် လာစဉ်က တောင်ကိုရီးယားနိုင်ငံ သည်လည်း စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ပြီး ဦးစွာပညာရေး ကဏ္ဍကို မြှင့်တင်ခြင်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်ကို သိရှိရပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်မူ ပညာရေးကဏ္ဍကို ဦးစားပေးရမည့် အစားဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်လွန်းသည်ဟု ထင်မြင်မိသည်။ 

သမ္မတကြီးမှ ထိုအကြောင်းများကို အကုန်အစဉ် သိရှိ နိုင်မည် မဟုတ်သောကြောင့် တင်ပြရခြင်းဖြစ်သည်။ တက္ကသိုလ် အသီးသီးတွင် ဖြစ်ပျက်နေသည်မှာ ဆရာ/ဆရာမများသည် မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်များကို ကောင်းစွာ သင်ကြားပေးခြင်းများ ပြုရမည့်အစား သာမန် ရုံးဝန်ထမ်းသဖွယ် ပြုမူဆက်ဆံ ခံနေရပါသည်။ သမ္မတကြီးသည်လည်း တစ်ချိန်က တက္ကသိုလ်များအကြောင်းကို သိရှိကြုံတွေ့ ခဲ့ရမည်ဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ ဆရာ/ဆရာမ များသည် အချိန်ရလျှင် မိမိဘာသာရပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လေ့လာ ဆည်းပူးခြင်း၊ သင်ကြားရေး ပိုမိုတိုးတက်စေရန် မည်သို့ပြုရမည်ကို ရှာဖွေလေ့လာခြင်း၊ မြန်မာ့ပညာရေး အဆင့်အတန်း တိုးတက်လာရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရမည် ဖြစ်သည်။

 ထို့အပြင် ဆရာ/ဆရာမများဆိုသည်မှာ၊ စိတ်၏လွတ်လပ်ခြင်း၊ ကိုယ်၏လွတ်လပ်ခြင်း ရှိသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ရုံးဝန်ထမ်းများ အနေဖြင့် ရုံးအလုပ်ပြီးကာ အိမ်ပြန်ရောက်သော် ရုံးကကိစ္စကို မစဉ်းစားပဲ နေလို့ရသော်လည်း  (အခြေခံ၊ အဆင့်မြင့်) ဆရာ/ဆရာမများသည် ညဘက် အိမ်ရောက်သော်လည်း နောက်တစ်နေ့သင်ခန်းစာအတွက် ပြင်ဆင်ရခြင်း၊ စာဖတ် ရခြင်းများ ပြုရပါသည်။ အနည်းငယ်သော စုန်းပြူးများ ပါကောင်း ပါနိုင်သော်လည်း ၉၉%သော ဆရာ/ဆရာမများမှာ ထိုကဲ့သို့ ကြိုတင်ပြင်ဆင် ပြုလုပ်ကြရသည် ချည်းသာဖြစ်သည်။ 

ထိုကဲ့သို့သော ဆရာ/ဆရာမများအား သင်ကြားရေးနှင့် မသက်ဆိုင်သည့် တာဝန်များ ဥပမာ ဂိတ်ပေါက် စောင့်ခိုင်းခြင်း (စနေ၊ တနင်္ဂနွေပါ မကျန်)၊ နာရီဝက်တစ်ဆိုင်းနှုန်းဖြင့် ကျောင်းဝင်းအတွင်း လှည့်ကင်းပတ်ခိုင်းခြင်း၊ နံနက် ၆း၃၀ အရောက်လာစေပြီး အဆောင် အထပ်များကို လုံခြုံရေးဝန်ထမ်း သဖွယ် စောင့်ခိုင်းခြင်း စသည်တို့ကို စေခိုင်းခြင်းခံနေရပါသည်။ ရန်ကုန် နိုင်ငံခြားဘာသာနှင့် ပတ်သက်ပြီး ယခင်လကHot News Journal တွင် ထည့်သွင်း ရေးသားခဲ့ပါသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါ။ ထိုကဲ့သို့ စာသင်ကြားမှုနှင့် မဆိုင်သည့် ဂျူတီများကို ဆက်လက် ချထားနေခြင်းသည် မည်သို့မျှခေတ်နှင့် ဆီလျော်ခြင်း မရှိသကဲ့သို့ ဆရာ/ဆရာမများ၏ ကိုယ်စိတ် နှစ်ပါးစလုံးကို ဆင်းရဲပင်ပန်းအောင် ပြုမူနေခြင်းဖြစ်သည်ဟု ခံယူကြသည်။ 

ထိုဆရာ/ဆရာများသည် ဆယ်စုနှစ်၂ ခုတိုင်အောင် ထိုတာဝန်များကိုသာ ထမ်းဆောင်နေခဲ့ရသည်ကို သမ္မတကြီးသိမည် မဟုတ်ပါ။ ထိုခံစားချက်များသည် ကြာလေ ပိုဆိုးလာလေဖြစ်ကာ ပညာရေး ၀န်ကြီးဌာနအားလည်းကောင်း၊ နိုင်ငံတော်အစိုးရအား လည်းကောင်း ကြည်ညိုလေးစား စိတ်များကိုသာ ပျက်ပြယ်စေမည် ဖြစ်ပါသည်။

အမှန်မှာ လုံခြုံရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားခြင်း၊ လုံခြုံရေးအရာရှိမှ အုပ်ချုပ်ရမည့် နယ်မြေ လုံခြုံရေးဌာနများ ထားသင့်ပြီး လိုအပ်မှသာ ဆရာ/ဆရာမများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည် ဆိုလျှင် သင့်တော်သေးသည်။ ယခုအခါဆရာ ဆရာမများ၏ ကိုယ်စွမ်း၊ ဥာဏ်စွမ်းများကို အလဟဿ နင်းခြေဖျက်ဆီးသကဲ့သို့ ခံစားနေကြရပါသည်။ သိုဖြစ်ပါသောကြောင့် နိုင်ငံတော် သမ္မတကြီးမှ ဆရာ/ဆရာမများအား မေတ္တာရှေ့ထားပြီး ထိုကဲ့သို့ ခေတ်နှင့် မကိုက်ညီသည့် ကိစ္စများကို ရပ်တန့်အောင် လုပ်ဆောင်ပေးပါရန် ရိုသေ လေးမြတ်စွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။

တက္ကသိုလ်ဆရာ/ဆရာမများ 

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် တရားသူကြီးဦးမြင့်စိုးမှ လာဘ်စား၍ အမိန့်ချမှတ်မှုအပေါ် ကျေးရွာသူ ရွာသားများမှ မတရားမှု ပပျောက်ရေး လှုပ်ရှားမှုနှင့် ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးစာ...

Posted: 21 Jul 2012 08:17 AM PDT

မတရားမှု ပပျောက်ရေး လှုပ်ရှားမှုမှ အရှင်သောပါက (ဝဲဘက်က ဆရာတော်ကတော့ Peace in Burma now မန္တလေးမဟာမြတ်မုနိ ဘုရားကြီးအတွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ဖော်ထုတ်ခဲ့တဲ့ ဂျာမဏီ ဆရာတော် ဦးသောပါက ဖြစ်ပါတယ်)အား ကျေးရွာသူ ရွာသားများနှင့်အတူ တွေ့ရစဉ်.
တရားသူကြီးဦးမြင့်စိုး၏ လာဘ်စား၍ အမိန့်ချမှတ်မှုအပေါ် မတရားမှု ပပျောက်ရေး လူထုဆန္ဒဖော်ထုတ် နေစဉ်

ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှ တရာသူကြီးဦးမြင့်စိုး၏ လာဘ်စားမှုအပေါ် မကျေနပ်သူ ပြည်သူများမှ မတရားမှု ပပျောက်ရေး လှုပ်ရှားမှု (အကျင့်ပျက် လာဘ်စားမှုတွေ ပြည့်နေတဲ့ တရားရေးမဏ္ဍိုင်) အကြောင်းပေးစာကို ဖော်ပြလိုက်ပါတယ်..။
 သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရိုသေစွာ လျှောက်ထား မေးမြန်းနေစဉ်...
သို့
ဝန်ကြီးချုပ် ဦးသာအေး
စစ်ကိုင်းဒေသကြီး အစိုးရ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

အကြောင်းအရာ။ ။ ၂၉၊၃၊၂၀၁၂ ရက်နေ့တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနကားနှင့် အရပ်သား ထော်လာဂျီကားတို့ ယာဉ်တိုက်မှု ဖြစ်စဉ်အား တရားသူကြီး၏ ဆုံးဖြတ်ချက်ကို တရားမျှတမှုမရှိ၍ တိုင်ကြားခြင်း။

အထက်ပါ အကြောင်းရာပါကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အပိုင် တရော်ကျင်းရွာ ရေကျော်အလွန်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ယာဉ်မောင်း ဦးရန်အောင်လင်းသည် ယာဉ်အမှတ် ၄ခ/၂၂၅၂ ကို အရက်သေစာ သောက်စားပြီး မဆင်မခြင် မောင်းနှင်လာစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာမှ ထော်လာဂျီအား ပြင်းထန်စွာ ဝင်တိုက်မိရာ သပြေအေးရွာမှ မောင်တင်ဝင်းပိုနှင့် ကနီမြို့နယ် မိုးကောင်းရွာမှ မကြည်မြ တို့မှာ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံး သွားခဲ့ကြပါသည်။ ၎င်းအပြင် သပြေအေး ရွာသားများဖြစ်ကြသော မောင်ဖြိုးဝေထွန်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး နံရိုးလေးချောင်း ကျိုးသွားခဲ့ပါသည်။

ထော်လာဂျီမောင်းသူ မောင်ဖိုးဇော်မှာ ညာဘက်ပေါင်ကျိုးပြီး အသည်းအက်ကာ မောင်ခင်မောင်သည်လည်း ပြင်းထန်သော ဒဏ်ရာများ ဖြင့် ဆေးရုံသို့ ချက်ခြင်းတက်ရောက် ကုသခဲ့ရပါသည်။ ထိုသို့ဖြစ်ပွားပြီးနောက် ချောင်းမရဲစခန်းမှ စခန်မှူး ဦးတင်အောင်မိုး ရောက်ရှိလာကာ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ၄င်းနောက် ကနီမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ပါသည်။ ထိုသို့တရားစွဲဆိုစဉ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ကလေးဝလမ်းပိုင်း အပိုင်မှ ဦးကျော်စွာမြင့်သည် အမှုကို ကျေအေးစေရန် စစ်ကိုင်းတွင် တစ်ကြိမ်၊ မုံရွာတွင်နှစ်ကြိမ် ညှိုနှိုင်းခဲ့ပါသည်။ နစ်နာကြေးအနေဖြင့် (၄၂)လေးဆယ့်နှစ်သိန်း ပေးမည်ဟုလည်း နှုတ်ကတိဖြင့် ပြောခဲ့ပါသည်။ သို့သော် ထိုကတိကို လုံးဝ ထိန်းသိမ်းခြင်း မရှိပါ။

ကနီမြို့နယ်တရားရုံးမှလည်း အကြိမ်ကြိမ် ရုံးချိန်းဆင့်ခေါ်၍ ကာယကံရှင်များက သွားရောက် ပါသော်လည်း အကြိမ်များစွာ စစ်ဆေး ခြင်း မပြုဘဲ ပြန်လွှတ်ခဲ့ပါသည်။ နောက်ဆုံးတွင် ကနီမြို့နယ် တရားသူကြီး ဦးမြင့်စိုးသည် (၁၆၊၇၊၂၀၁၂) ရက်နေ့တွင် တဘက်သတ် ဆန်သော အမိန့်ကို ချမှတ်ခဲ့ပါသည်။ ထော်လာဂျီမောင်းနှင်သူ မောင်ဖိုးဇော်ကို ထောင်ဒဏ်သုံးနှစ်ချမည် အကယ်၍ တစ်နှစ်သာ ကျခံစေလိုပါက ငွေငါးသိန်း ပေးရမည်ဟု သိက္ခာမဲ့စွာ တောင်းခဲ့ပါသည်။ ကာယကံရှင်များသည် ဆင်းရဲနွမ်းပါး လှသည့်အတွက် သူတစ်ပါး ဆိုင်ကယ်ကို ငှါးရမ်း၍ ပေါင်နှံပြီး ၎င်းငွေကို ပေးခဲ့ရပါသည်။

သောက်စားမူးယစ်၍ မဆင်မခြင်မောင်းနှင်လာသည့်အတွက် လူ နှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရစေခဲ့သော ယာဉ်မောင်း ဦးရန်အောင်လင်းမှာမူ (၉) ကိုးလသာ ထောင်ဒဏ်ကျစေခဲ့ပါသည်။ ထိုကဲ့သို့ တရားသူကြီး၏ မလျှော်ကန်စွာ ဆုံးဖြတ်မှုကို မကျေနပ်သည့် အတွက် သပြေအေးရွာသူ ရွာသားများ၊ မိုးကောင်းရွာသူ ရွာသားများ၊ တရော်ကျင်းရွာသူ ရွာသားများစုပေါင်း၍ တရော်ကျင်းရွာတွင် (၁၇၊ ၇၊၂၀၁၂) နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ ကြပါသည်။ ထိုသို့ဖြစ်ပွားစဉ် ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ ရောက်ရှိလာပြီး ကာယကံရှင်များ၏ မကျေနပ်ချက်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ တိုက်ရိုက် တိုင်ကြားရန် လမ်းညွှန်ခဲ့သည့်အတွက် ယခုလို တိုင်ကြားရခြင်းဖြစ်ပါသည်။ သို့အတွက် ၀န်ကြီးချုပ်အနေနှင့် တရားမျှတမှုဖြစ်စေရေးအတွက် လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါရန် ကာယကံရှင်များနှင့် ရွာသူ၊ ရွာသားများက အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

ကာယကံရှင်များနှင့် သက်ဆိုင်သူတို့၏ လက်မှတ်များ

ဦးကြည်မောင်၊ ဦးရွှေလှိုင်၊ ဦးသန်းမောင်၊ ဦးဌေးလင်း

ဦးခင်မောင်၊ ဦးတင်ဝင်းလှိုင်(ကားပိုင်ရှင်)၊ ဦးသောပါက(ရွာသူ ရွာသားများကိုယ်စား)

(နောက်ဆုံးရရှိတဲ့ သတင်းအရ မုံရွာ ခရိုင်တရားသူကြီးပါ သုံးဦးအဖွဲ့မှ အထက်ပါ ကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ကာ ယနေ့မှ စ၍ စစ်ဆေးနေပြီ  ဖြစ်ကြောင်း သိရှိရပါသည်။)

ဒီမိုဝေယံ