DVB|ေနာ်နုိရင်း
သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်တဲ့ နိုင်ငံသား အကျဉ်းသား ၄၆ ယောက်ထဲမှာ နှစ်ရှည် နိုင်ငံရေးအကျဉ်းသား ကျောင်းသားခေါင်းဆောင် ကိုအေးအောင် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၁၀ယောက်လောက် လွတ်လာတဲ့ စာရင်းရပြီလို့ ပြည်တွင်းအခြေစိုက်နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့ကပြောပါတယ်။
ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကတော့ ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံထားရ တဲ့ ကျောင်းသားခေါင်းဆောင် ကိုအေးအောင် (ကလေးထောင်)၊ ဒေါက်တာ ကျော်ကျော် (မြင်းခြံ)၊ ကိုသန့်ဇော် (သရက်)၊ ပြည့်ဖြိုးမောင် (ပြည်)၊ အောင်အောင်ဦး (ကသာ) တို့ ဖြစ်ပြီး အင်းစိန်ထောင်တွင်းမှာတော့ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၃ ဦးလွတ်မြောက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီ ဆောင်ရွက်ပေးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုဗမျိုးသိန်းက ပြောပါတယ်။ ဒီစာရင်းဟာ မွန်းတည့်ပိုင်းအထိ ရရှိတဲ့စာရင်းပဲ ဖြစ်ပါတယ်။
ထောင်ဒဏ် ၅၉ နှစ်ချမှတ်ခံထားရ တဲ့ ကျောင်းသားခေါင်းဆောင် ကိုအေးအောင်လွတ်မြောက်လာမှု အပေါ် ဖခင်ဖြစ်သူ ဦးသောင်းစိန်က ၀မ်းသာကြိုဆိုကြောင်း ပြောပါတယ်။
"ထောင်ဘူးဝကိုရောက်နေပြီ ကြားတယ်။ ဘယ်နေ့ရောက်မလဲဆိုတာတော့ ကျနော် အတည်ပြုနေတယ်။ လွတ်ရက်ကတော့ ၅၉ နှစ်ကို သူတို့လျှော့ပေးလို့ နှစ် ၃၀၊ နောက်တခါ တနှစ် ထပ်လျှော့လို့ ၂၉ နှစ်။ သူနေရတာ ၁၄ နှစ်။ အရမ်းဝမ်းသာတယ်။ လွှတ်ပေးတဲ့ အတွက် ကျေးဇူးတင်တယ်။ ကျနော့်သား တယောက်ထဲတော့ မဟုတ်ဘူး။ သူတို့လုပ်ခဲ့တဲ့ လုပ်ဆောင်ချက်အတွက် ပေးဆပ်ခဲ့ရတာပေါ့။ သူပြန်လွတ်လာရင် သားရဲ့ ပြန်လည်ထူထောင်ရေးကို အတတ်နိုင်ဆုံး ကျနော်တို့ အဖိုးကြီး၊ အဖွားကြီး ရှိသမျှ အင်အားနဲ့ လုပ်ပေးရမှာပေါ့။"
ကိုအေးအောင်ဟာ ၁၉၉၈ ခုနှစ်ကုန်ပိုင်းမှာဖမ်းခံရပြီး နိုင်ငံရေးပုဒ်မလို့ လူသိများတဲ့ ပုဒ်မ ၅ ညလိုပုဒ်မတွေနဲ့ ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။
ဒါ့အပြင် မြင်းခြံထောင်ကနေ လွတ်လာတဲ့ ဒေါက်တာ ကျော်ကျော်ရဲ့ သမီး မမေမျိုးကျော်ကလည်း ဖခင် လွတ်လာတဲ့အပေါ် ၀မ်းသာပေမယ့် ကျန်နေတဲ့သူအတွက် စိတ်မကောင်းဘူးလို့ ပြောပါတယ်။
"ကျမတို့ရန်ကုန်မှာဆိုတော့ မြင်းခြံနဲ့နီးတဲ့ သားတယောက်က သွားကြိုနေတယ်။ လွတ်တာ သေချာပါတယ်။ ၁၀နာရီခွဲကို ထွက်မယ်ပြောတယ်။ ခုထိတော့ ကျမတို့ဆီ ဖုန်းမ၀င်သေး ဘူး။ ၀မ်းသာပါတယ်။ ဒါပေမယ့် ကျန်နေသေးတဲ့ လူတွေအတွက် စိတ်မကောင်းဘူး။ မြင်းခြံမှာ ၂ ယောက်ပဲ လွတ်တယ်လို့ သိရတယ်။ ခွန်ကောရီယိုပါ ကယားတိုင်းရင်းသား။ သူနဲ့ ဒေါက်တာ ကျော်ကျော်ပဲ လွတ်တယ်။ ကိုဇော်စိုင်းတို့ ဘာတို့ ၃ ယောက်လောက် ကျန်နေသေးတာပေါ့။"
နိုင်ငံရေးအကျဉ်းတွေကိုကူညီနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်များအဖွဲ့ရဲ့ ဇွန်လ ၆ ရက်နေ့ အထိ ပြုစုထားတဲ့ စာရင်းအရ နိုင်ငံတ၀ှမ်းက အကျဉ်းထောင်တွေအတွင်းမှာ အကျဉ်းသားအားလုံး ၃၃၂ ဦး ကျန်နေသေးတယ်လို့ ကိုဗမျိုးသိန်းက ပြောပါတယ်။
သမ္မတဦးသိန်းစိန်ဟာ နိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အားလုံးပါဖို့နဲ့ နိုင်ငံတည်ဆောက်ရေးမှာ အထောက်အပံ့ဖြစ်စေဖို့ အကျဉ်းသားအယောက် ၈၀ ကို လွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံခြားသား ၃၄ ယောက်လည်း ပါပါတယ်။
--
Posted By Richard Aung to Richard Aung at 7/03/2012 05:20:00 PM --
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။