[MM Daily Mail:3319] [Richard Aung] တက္ကသိုလ် ဆရာ၊ ဆရာမများအား တာဝန်နှင့် မသက်ဆိုင်သည့် လုံခြုံရေးဝန်ထမ်းသဖွယ် လုပ်ဆောင် စေခိုင်းနေခြင်းများအား တားမြစ်ပေးပါရန် သမ္မတကြီးထံပေးစာ..






သို့

သမ္မတကြီးအား ရိုသေစွာဖြင့် အသိပေးအပ်ပါသည်။




ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်ဖြင့် မည်သို့သော အခက်အခဲရှိ သည်ဖြစ်စေ ပြည်သူ့အကျိုးအတွက်ဟု ခံစားနားလည်ပေးကာ လုပ်ကိုင် ဆောင်ရွက်ပေးနေပါသော ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား အရိုအသေပြုပါ၏။





သို့သော်လည်း သမ္မတကြီးမှ ပြည်သူပြည်သားများအတွက် မည်သို့ပင်ဆောင်ရွက် ပေးနေပါသော်လည်း၊ အလယ်ဆင့်မှသူများ၊ အောက်မှသူများသည် ပြုပြင်ပြောင်းလဲရေး ကိုလိုလားဟန်မတူပေ။ တောင်ကိုရီးယားနိုင်ငံမှ မစ္စတာလီမြောင်ဘတ် လာစဉ်က တောင်ကိုရီးယားနိုင်ငံ သည်လည်း စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ပြီး ဦးစွာပညာရေး ကဏ္ဍကို မြှင့်တင်ခြင်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်ကို သိရှိရပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်မူ ပညာရေးကဏ္ဍကို ဦးစားပေးရမည့် အစားဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်လွန်းသည်ဟု ထင်မြင်မိသည်။





သမ္မတကြီးမှ ထိုအကြောင်းများကို အကုန်အစဉ် သိရှိ နိုင်မည် မဟုတ်သောကြောင့် တင်ပြရခြင်းဖြစ်သည်။ တက္ကသိုလ် အသီးသီးတွင် ဖြစ်ပျက်နေသည်မှာ ဆရာ/ဆရာမများသည် မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်များကို ကောင်းစွာ သင်ကြားပေးခြင်းများ ပြုရမည့်အစား သာမန် ရုံးဝန်ထမ်းသဖွယ် ပြုမူဆက်ဆံ ခံနေရပါသည်။ သမ္မတကြီးသည်လည်း တစ်ချိန်က တက္ကသိုလ်များအကြောင်းကို သိရှိကြုံတွေ့ ခဲ့ရမည်ဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ ဆရာ/ဆရာမ များသည် အချိန်ရလျှင် မိမိဘာသာရပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လေ့လာ ဆည်းပူးခြင်း၊ သင်ကြားရေး ပိုမိုတိုးတက်စေရန် မည်သို့ပြုရမည်ကို ရှာဖွေလေ့လာခြင်း၊ မြန်မာ့ပညာရေး အဆင့်အတန်း တိုးတက်လာရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရမည် ဖြစ်သည်။





ထို့အပြင် ဆရာ/ဆရာမများဆိုသည်မှာ၊ စိတ်၏လွတ်လပ်ခြင်း၊ ကိုယ်၏လွတ်လပ်ခြင်း ရှိသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ရုံးဝန်ထမ်းများ အနေဖြင့် ရုံးအလုပ်ပြီးကာ အိမ်ပြန်ရောက်သော် ရုံးကကိစ္စကို မစဉ်းစားပဲ နေလို့ရသော်လည်း (အခြေခံ၊ အဆင့်မြင့်) ဆရာ/ဆရာမများသည် ညဘက် အိမ်ရောက်သော်လည်း နောက်တစ်နေ့သင်ခန်းစာအတွက် ပြင်ဆင်ရခြင်း၊ စာဖတ် ရခြင်းများ ပြုရပါသည်။ အနည်းငယ်သော စုန်းပြူးများ ပါကောင်း ပါနိုင်သော်လည်း ၉၉%သော ဆရာ/ဆရာမများမှာ ထိုကဲ့သို့ ကြိုတင်ပြင်ဆင် ပြုလုပ်ကြရသည် ချည်းသာဖြစ်သည်။





ထိုကဲ့သို့သော ဆရာ/ဆရာမများအား သင်ကြားရေးနှင့် မသက်ဆိုင်သည့် တာဝန်များ ဥပမာ ဂိတ်ပေါက် စောင့်ခိုင်းခြင်း (စနေ၊ တနင်္ဂနွေပါ မကျန်)၊ နာရီဝက်တစ်ဆိုင်းနှုန်းဖြင့် ကျောင်းဝင်းအတွင်း လှည့်ကင်းပတ်ခိုင်းခြင်း၊ နံနက် ၆း၃၀ အရောက်လာစေပြီး အဆောင် အထပ်များကို လုံခြုံရေးဝန်ထမ်း သဖွယ် စောင့်ခိုင်းခြင်း စသည်တို့ကို စေခိုင်းခြင်းခံနေရပါသည်။ ရန်ကုန် နိုင်ငံခြားဘာသာနှင့် ပတ်သက်ပြီး ယခင်လကHot News Journal တွင် ထည့်သွင်း ရေးသားခဲ့ပါသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါ။ ထိုကဲ့သို့ စာသင်ကြားမှုနှင့် မဆိုင်သည့် ဂျူတီများကို ဆက်လက် ချထားနေခြင်းသည် မည်သို့မျှခေတ်နှင့် ဆီလျော်ခြင်း မရှိသကဲ့သို့ ဆရာ/ဆရာမများ၏ ကိုယ်စိတ် နှစ်ပါးစလုံးကို ဆင်းရဲပင်ပန်းအောင် ပြုမူနေခြင်းဖြစ်သည်ဟု ခံယူကြသည်။





ထိုဆရာ/ဆရာများသည် ဆယ်စုနှစ်၂ ခုတိုင်အောင် ထိုတာဝန်များကိုသာ ထမ်းဆောင်နေခဲ့ရသည်ကို သမ္မတကြီးသိမည် မဟုတ်ပါ။ ထိုခံစားချက်များသည် ကြာလေ ပိုဆိုးလာလေဖြစ်ကာ ပညာရေး ၀န်ကြီးဌာနအားလည်းကောင်း၊ နိုင်ငံတော်အစိုးရအား လည်းကောင်း ကြည်ညိုလေးစား စိတ်များကိုသာ ဖြစ်ပေါ် စေမည်သာဖြစ်ပါသည်။





အမှန်မှာ လုံခြုံရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားခြင်း၊ လုံခြုံရေးအရာရှိမှ အုပ်ချုပ်ရမည့် နယ်မြေ လုံခြုံရေးဌာနများ ထားသင့်ပြီး လိုအပ်မှသာ ဆရာ/ဆရာမများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည် ဆိုလျှင် သင့်တော်သေးသည်။ ယခုအခါဆရာ ဆရာမများ၏ ကိုယ်စွမ်း၊ ဥာဏ်စွမ်းများကို အလဟဿ နင်းခြေဖျက်ဆီးသကဲ့သို့ ခံစားနေကြရပါသည်။ သိုဖြစ်ပါသောကြောင့် နိုင်ငံတော် သမ္မတကြီးမှ ဆရာ/ဆရာမများအား မေတ္တာရှေ့ထားပြီး ထိုကဲ့သို့ ခေတ်နှင့် မကိုက်ညီသည့် ကိစ္စများကို ရပ်တန့်အောင် လုပ်ဆောင်ပေးပါရန် ရိုသေ လေးမြတ်စွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။




တက္ကသိုလ်ဆရာ/ဆရာမများ



--
Posted By Richard Aung to Richard Aung at 7/22/2012 07:56:00 AM

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
 
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။