[moemakadaily@moemaka.biz] 23rd July - MoeMaKa Daily

 မြန်မာပြည် ဒီမိုကရေစီသမိုင်းမော်ကွန်း ၈လေးလုံးနေ့ ၂၄ နှစ် ပြည်တွင်း ပြည်ပ ကျင်းပမည်
မိုးမခအထောက်တော် ၀၀၃၊ ဇူလိုင်၊ ၂၀၁၂
လာမည့် ၂၀၁၂၊ သြဂုတ်လ ၈ ရက်သည် မြန်မာပြည် ဒီမိုကရေစီ အရေးတော်ပုံ၏ သမိုင်းမော်ကွန်းသစ် ရေးထိုးသော နေ့ဖြစ်သည်။ လွန်ခဲ့သည် ၁၉ ၈၈ သြဂုတ်လ ၈ ရက်နေ့တွင် ကျောင်းသားလူငယ်များက တတိုင်းပြည်လုံး အတိုင်းအတာဖြင့် အထွေထွေသပိတ်ကြီး ဖော်ဆောင်ပြီး မြန်မာပြည်ကို ၂၆ နှစ်လုံးလုံး တပါတီစနစ်၊ စစ်အာဏာရှင်စနစ်တို့ဖြင့် အုပ်ချုပ်နေသော အစိုးရအဆက်ဆက်ကို ဖြုတ်ချနိုင်ခဲ့သည်။ ထိုနေ့မှ မော်ကွန်းထိုးစတင်ခဲ့သော ဒီမိုကရေစီအရေးတော်ပုံ တိုက်ပွဲသည် ယခု ၂၀၁၂ ၊ ၂၄ နှစ် ဆက်တိုက် ဆက်လက် ချီတက် တိုက်ပွဲဝင် ရုန်းကန်နေဆဲဖြစ်သည်။ သို့ဖြစ်ပါ၍ လာမည့် ၂၄ နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ကို မြန်မာပြည်တွင်းတွင် ၈၈ မျိုးဆက်များနှင့် မြန်မာပြည်သူလူထုတရပ်လုံးက ငွေရတုအကြို အခမ်းအနားများ ကျင်းပကြရန် စီစဉ်နေကြောင်း ကြားသိရသည်။
 
(၂၄) နှစ်မြောက် ငွေရတု အကြို ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို တတိုင်းပြည်လုံး အတိုင်းအတာ ကိုယ်စားပြု၍ မန္တလေးတွင် ပူးပေါင်းကျင်းပ သွားနိုင်ရန် အစည်းအဝေးကို (၁၆-၇-၁၂) နေ့ ၊ နေ့လည် (၁း၃၀)နာရီက မန္တလေးမြို့ ဘုရားကြီး ဒက္ခိဏ ရာမ တိုက် (အလယ်တိုက်)တွင် ကျင်းပခဲ့ကြကြောင်း၊  ထို အစည်းအဝေးသို့ ၈.၈.၈၈ တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော အဖွဲ့အသီးသီးမှ

ပုဂ္ဂိုလ်များ၊ ကျောင်းသား ရဲဘော်ဟောင်းများ ၊ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများနှင့် အတူ ရန်ကုန်မှ ရောက်ရှိနေသောကိုမင်းကိုနိုင်နှင့်၈၈ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း၊ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို ဗဟို အချက်အချာကြသော မန္တလေးတွင် ရန်ကုန် အပါအဝင် ဒေသ အသီးသီး မှ လာရောက် ပူးပေါင်းလျက် နိုင်ငံလုံးဆိုင်ရာ အခမ်းအနား အဖြစ် ကျင်းပနိုင်ရေးကို သဘောတူခဲ့ကြပြီး ၈၈ ကျောင်းသားများမှလည်း မန္တလေးတွင်သာ ပူးပေါင်းကျင်းပမည် ဖြစ်ကြောင်း ကြားသိရသည်။

ထို့အတူ ပြည်ပတွင်လည်း အခမ်းအနားများ ကျင်းပမည် ဖြစ်ရာ လက်ရှိတွင် ပထမဦးဆုံး ဖိတ်စာအဖြစ် နယူးယောက်မြို့ မြန်မာတို့ထံက ဖိတ်ကြားစာ ထွက်ရှိလာသည်။ ဖိတ်စာ အပြည့်အစုံအှာ အောက်ပါ အတိုင်းဖြစ်သည်။
 
၂၄ နှစ်မြောက် ၈ လေးလုံးအခမ်းအနားဖိတ်ကြားလွှာ- နယူးယောက်မြို့
၁၉၈၈ ဒီမိုကရေစီပြည့်သူ အရေးတော်ပုံကြီးသည် လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် ၂၄ နှစ် ပြည့်မည်ဖြစ်သည်။
 မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်း နေပြီ ဆိုသော်လည်း ပြည်တွင်းစစ်မီးသည် ဆက်လက်တောက်လောင်နေဆဲဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားအချို့ကို ဖမ်းဆိးထိန်းသိမ်းထားဆဲဖြစ်၍ ဒီမိုကရေစီစနစ်ကို တင်းပြည့်ကျပ်ပြည့် အကောင်အထည်မဖော်နိုင်သေးပေ။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ချက်ခြင်းရပ်စဲရေး၊ ကျန်ရှိနိုင်ငံရေးအကျဉ်းသားအား
လုံးလွတ်မြော်က်ရေးနှင့် တင်းပြည့်ကျပ်ပြည့်ဒီမိုကရေစီစနစ်ပေါ်ပါက်ရေးကို ရှေ့ရှုပြီး နယူးယောက် ရှိ ၈၈ မျိုးဆက်ကျောင်းသားများနှင့်မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသူများစုပေါင်း၍
၈ လေးလုံးနှစ်ပတ်လည်းအခမ်းအနားတရပ်ကို နယူးယောက်မြို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း
မိဘပြည်သူများကိုလေးစားစွာအသိပေးအပ်ပါသည်။
၂၄ နှစ်မြောက် ၈ လေးလုံးအခမ်းအနားကို မိဘပြည်သူများအနေဖြင့်အောက်ပါအစီစဉ်အတိုင်း
မည်သူမဆိုပူးပေါင်းပါဝင်နိုင်ကြောင်းလေးစားစွာဖိတ်ကြားအပ်ပါသည်။
အချိန် - နေ့လည် ၂း၃၀ နာရီ မှ ၄း၃၀ အထိ
နေ့ရက် - သြဂုတ် ၅ ရက် ၂၀၁၂ ခုနှစ်။ (တနင်္ဂနွေ)
နေရာ - project reach , 39 Eldridge St.
4th Floor , NY1002
ဆက်သွယ်ရန်
စန္ဒီ - ၉၁၇-၄၄၅-၉၂၂၂
ရွှေဝါ - ၃၄၇-၂၂၉-၄၃၀၉
နေတင့်မြင် - ၃၄၇-၉၄၄-၇၃၄၁
အောင်ခန့် - ၅၁၆-၈၀၈-၁၅၁၅

Papers on Rohingya's Conspiracy on Burma published by Burmese Scholars and Politicians

ရခိုင်ပြည်နယ် ငြိမ်ချမ်းရေး သုံးသပ်ချက် စာတမ်းများ ထွက်ရှိ
မိုးမခ၊ ဇူလိုင် ၂၃၊ ၂၀၁၂
ယခင် ဇွန် ၈ က စတင်ပြီး ရခိုင်ပြည်နယ် နယ်စပ်ဒေသမှ အစပြု၍ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားများကြောင့် အရေးအခင်းများ ဖြစ်ပွားခဲ့ပြီးနောက် ပြည်ပနိုင်ငံများနှင့် မူဆလင်နိုင်ငံများက ထုတ်ဖော်ပြောဆိုကြရာတွင် မြန်မာပြည်၊ ရခိုင်ဒေသတွင် ရိုဟင်ဂျာ အမည်ခံယူထားသည့် မူဆလင်များအား မြန်မာတို့က ရက်စက်စွာ သတ်ဖြတ်ဖျောက်ဖျက်နေသည်ဟု စွပ်စွဲချက်များ၊ ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပေါ်လာသည်။ အီရန်နိုင်ငံက ကုလသမဂ္ဂတပ်များ ၀င်ရောက်ပေးပါဟု ပြောဆိုသည်အထိ ဖြစ်လာသည်။
အတိတ်ကာလတလျောက်ကို ပြန်ကြည့်လျင် ကမ္ဘာနိုင်ငံအသီးသီးသည် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားနယ်စပ်ဒေသ ပြည်တွင်းစစ်များ၊ အတိုက်အခံ ဒီမိုကရေစီနိုင်ငံရေးသမားများအပေါ် အကြမ်းဖက် ဖမ်းဆီး အကျဉ်းချနေမှုများ၊ ၂၀၀၇ ရွှေဝါေ၇ာင်သံဃာတော်များ သတ်ဖြတ်နှိမ်နှင်းခံရခြင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်း လူပေါင်းများစွာ သေဆုံး ဘေးဒုက္ခကပ်ဆိုက်ခြင်း စသည့် အရေးအခင်း ဘေးအန္တရယ် အသီးသီး ဖြစ်ပျက် ရင်ဆိုင်ခဲ့ရစဉ်က အထက်ပါ အရေးကိစ္စကဲ့သို့ မည်သည့်နိုင်ငံကမျှ အထူးတလည်အားဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့များ ၀င်ရောက်ကယ်တင်ရန် ကုလအတွင်းရေးမှူးအား တိုက်တွန်းခဲ့သည့် သတင်းကြားသိခဲ့ရခြင်း မရှိပေ။ ယခုကဲ့သို့ ရိုဟင်ဂျာ အမည်ခံ ဘင်ဂါလီလူမျိုးစုတို့၏ အရေးကိစ္စမှာ မြန်မာပြည်တွင်းသာမက ပြည်ပနိုင်ငံများနှင့် မူဆလင်နိုင်ငံများ၊ ဘာသာရေးအဖွဲ့အစည်းများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်မှာ ထပ်မံ၍ စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။



Zaw Htet (Pyin Ma Nar) - မြစ်ဆုံအရေး ခေတ်သစ်လေးချိုး


မြစ်ဆုံအရေး ခေတ်သစ်လေးချိုး
ဇော်ထက် (ပျဉ်းမနား)။ ဇူလိုင် ၂၃၊ ၂၀၁၂
မြစ်ဆုံက အရေး
သွေးမကြောင်ပဲ ကြည့်ရင်တော့ကွဲ့ 
 ဖြစ်ပုံက မသေး ခွေးလှေးတောင်လည်း သိနေပါပေါ့ တဲ့
ရေကာတာ ဆည် ငွေဝယ်ငယုတ်တို့ဆောက်မယ်လှမ်းလို့
ရွှေဗမာ နယ်
ကြွေနှယ် အရုပ် ခြောက်ဆယ်သန်းတို့ရဲ့
အကြေအညာမှာလေ …
နေသာရင်
သေရွာတောင်
အမေတို့တွေ
မသက်သာသမို့
ပြေမြန်မာမှာတွင်
ရေရာအောင်
ဆွေတို့လေ
မနေရက်ပါဘု၊
ငွေမျက်နှာ
တခုဘဝသာ
 ကြည့်လေတော့ဖြင့်
 အသေခက်မှာ

မုချပါ
သိနေတော့လည်း
(တို့).....မခံပြီမို့
အကြံအစည်များ

နားရုံမက
နောက်ပြန်ပြေးသွားရအောင်လို့တဲ့
မြန်ပြည်တစ်လွှား
အားကုန်ချ

တစ်ယောက်မကျန်
မဖောက်ပြန်ကြေး ဒီတစ်ခါ မှာ၊
ပြည်ပြည်သာယာအောင်လို့ ဒေါင်းပျို ကသလိုပ၊
ညီညီညာညာမောင်တို့ တောင်းဆိုကြပါစို့ရဲ့။ ။
(ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက် အမှတ်တရ)

Ku Mo Jo - All are President's Men or Not


ကာတွန်း ကူမိုးကြိုး - သမ္မတကြီးနဲ့ သူ၏ ကိုကိုများ
ဇူလိုင် ၂၂၊ ၂၀၁၂

22nd July 2012 - MoeMaKa Radio

ဇူလိုင် ၂၂၊ မိုးမခရေဒီယို
၆၅ ကြိမ်မြောက် အာဇာနည်နေ့ ဂုဏ်ပြုအစီအစဉ် - သဟာယဆရာတင်၊ ဇော်ဂျီ၊ မိုးမခကဗျာနဲ့ ဦးပန်တျာ
သတင်းတိုထွာ၊ သီချင်းပဒေသာ
သမ္မတ ဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ - မိုးမခ
မိုးမခရေဒီယိုသို့ အိတ်ဖွင့်ပေးစာ - ကွန်ပျုတာဦးအောင်ဇော်
ယခုတပတ်အတွင်း အလှူဒါနသတင်းများ
Parami10.net ဆစ်ဒနီမြို့တွင် ဟောကြားသော နာမည်ကျော်ဆရာတော်များ
ဗိုလ်ချုပ်နှင့် ဦးစောမိသားစု ဆက်ဆံရေး - ရဲရင့်ငယ်ဝက်ဆိုက်
ခုမနက် အထူးသတင်းများ
မညှိုးပန်း - ဗိုလ်ကလေးတင့်အောင်၊ သက် ၉ ၀၊ ဂုဏ်ပြု - မာမာအေး၊ ဦးပန်တျာ
အထူးအစီအစဉ် - ဦးနုအစိုးရလက်ထက် ကျောင်းသားအရေးအခင်းများ (သက် ၇၅ ဒေါက်တာဦးဖိုးသိန်း ကိုယ်တွေ့၊ အပြင်စီးမဂ္ဂဇင်း၊ မလေးရှား)
စီစဉ်သူများ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်

the return of used cars in Thai-Burma border


ဂျပန် တပတ်ရစ်ကားတွေ မြဝတီ နယ်စပ်မှာ အရောင်းအဝယ် ပြန်ဖြစ်

ဘီဘီစီ မြန်မာပိုင်း
ဇူလိုင် ၂၂၊ ၂၀၁၂


မြန်မာအစိုးရက ဂျပန်ကျ တပတ်ရစ် ကားတွေကို ရန်ကုန်ကို တိုက်ရိုက် တင်သွင်းခွင့် ပေးပြီးတဲ့ နောက်ပိုင်းမှာ ပျက်လုနီးပါး ဖြစ်သွားတဲ့၊ ထိုင်းနဲ့ မြန်မာ၊ မဲဆောက် မြ၀တီနယ်စပ်က ဂျပန်ကား အဟောင်း ဈေးကွက်ဟာ အခုပြန်ပြီး အရောင်းအဝယ် ဖြစ်လာပါတယ်။

ဂျပန် ကားအဟောင်း ဈေးကွက် မဲဆောက် မြဝတီ နယ်စပ်ဘက်ကို ပြန်ရောက်လာရတာဟာ၊ ၂၀၀၇ အထက် မော်ဒယ် ဂျပန်ကျ တပတ်ရစ်ကားတွေကိုပဲ ရန်ကုန်ကို တိုက်ရိုက် တင်သွင်းခွင့် ပေးတော့မယ်လို့ အစိုးရက သတ်မှတ်ပေးပြီးတဲ့ နောက်ပိုင်းမှာ အဲဒီလို ကားကောင်း ကားသန့်တွေ ကလည်း ဂျပန်မှာ ရှာရခက်လာတဲ့အတွက် ကုန်သည်တွေက ဈေးပေါတဲ့ မော်ဒယ်နိမ့် ကားတွေကို စွန့်စားပြီး ဝယ်လာရာကနေ ဈေးအင်မတန်ပေါတဲ့ ဂျပန်ကား အဟောင်းတွေ အရောင်းအဝယ် ဖြစ်လာတာပါ။

ကားအကောင် = ကားအစီးလိုက်
အကြွေ ကားအစိတ်အပိုင်း

ဂျပန်က ကားအကောင်တွေ နောက် မလေးက အကြွေတွေ၊ အဲလိုမျိုး ပုံးတွေ မဲဆောက်ဘက်ပဲလာကြောင်းနဲ့ ဂျပန်က စပယ်ယာပတ် ဈေးဝင်တယ်ဆိုရင် ဝယ်ပစ်လိုက်တာ ဖြစ်တယ်လို့ နယ်စပ်ကို ရောက်လာနေတာကို ကုန်သည် တယောက်က ရှင်းပြပါတယ်။

ကားအကောင် ဆိုတာက ကားအစီးလိုက် ဝယ်လာတာကို ဆိုလိုတာ ဖြစ်ပြီးတော့ အကြွေတွေ ဆိုတာက ကားရဲ့ အစိတ်အပိုင်းတွေကို ဆိုလိုတာဖြစ်ပါတယ်။

ကားအစိတ်အပိုင်းတွေကိုလည်း မဲဆောက် နယ်စပ်က ကားအဟောင်း ဈေးကွက်မှာပဲ ပုံရောင်းကြပြီး၊ မြန်မာနိုင်ငံထဲမှာ ယာဉ်တိုက်မှု၊ မတော်တဆ ဖြစ်မှုကြောင့် ပျက်စီးသွားတဲ့ အစိတ် အပိုင်းတွေရဲ့ မူရင်းပစ္စည်းကိုပဲ ပြန်သုံးချင်တယ် ဆိုရင် ဒီဈေးကွက်မှာ ဝယ်ယူကြပါတယ်။

အဲဒီဈေးကွက်မှာက ကားရှေ့နဲ့ လေကာမှန်၊ နောက်ကြည့်မှန်၊ ဘောနတ်၊ ဘေးတံခါး၊ ထိုင်ခုံ၊ လက်ကိုင်ဘီး၊ အင်ဂျင်၊ ဖရိန်အဆုံး၊ ကားတစီးလုံးက ပစ္စည်းတွေကို ပြန်လဲလို့ ရလောက် အောင်ကို ပစ္စည်းတွေက စုံပါတယ်။

လပေါင်း အတော်ကြာအောင် အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားလို့ ကားကုန်သည်တွေ ဘတ်ငွေ သန်းထောင်နဲ့ချီ ဆုံးရှုံးကာ ပျက်လုနီးပါး ဖြစ်သွားတဲ့ မဲဆောက် နယ်စပ်က ဂျပန်ကား အဟောင်းဈေး ကွက်ဟာ အခုတကျော့ ပြန်သက်ဝင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။

အခုစီးပွားရေး သတင်းကို မဲဆောက်က ဘီဘီစီ သတင်းထောက် ကိုအောင်ကျော်ဦးက ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

မူရင်း - ဘီဘီစီ www.bbc.co.uk/burmese

Samsung GALAXY S III

Samsung ရဲ့ နောက်ဆုံးထုတ် Galaxy S3 - ကမ္ဘာပေါ်မှာ အကောင်းဆုံး စမတ်ဖုန်း
ဘီဘီစီမြန်မာပိုင်း
ဇူလိုင် ၂၂၊ ၂၀၁၂


Samsung ကုမ္ပဏီက နောက်ဆုံး ထုတ်လုပ် လိုက်တဲ့၊ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး စမတ်ဖုန်းလို့ ပြောနိုင်မယ့် Galaxy S3 ဖုန်း အမျိုးအစား မေလ ကုန်ပိုင်း ကတည်းက ဈေးကွက်ထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

Samsung ကုမ္ပဏီဟာ စမာ့တ်ဖုန်း ထုတ်လုပ်တဲ့ Apple ကုမ္ပဏီကို စိန်ခေါ်နေတဲ့ နာမည်ကျော် တောင်ကိုးရီးယား ကုမ္ပဏီတခု ဖြစ်ပါတယ်။
တချို့ တွက်ဆချက်တွေ အရတော့ Samsung ဟာ ကမ္ဘာ့ပေါ်မှာ စမာ့တ်ဖုန်း ထုတ်လုပ်မှု အကြီးမားဆုံး ဖြစ်တယ်လို့ ပြောပေမယ့် ဒါဟာ အငြင်းပွားဖွယ် ဖြစ်နေပါသေးတယ်။

အခြေခံအားဖြစ်တော့ ဒါဟာ မှန်ကန်ပါတယ်။ တကယ်တန်းတော့ Apple ကုမ္ပဏီ ကနေ ထုတ်လုပ်တဲ့ လက်ကိုင်ဖုန်းနဲ့ လက်ကိုင်ကွန်ပြူတာ ပစ္စည်းအများစုရဲ့ အတွင်းပိုင်းမှာ Samsung ထုတ် ပစ္စည်းတွေကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။

မကြာသေးခင် နှစ်များအတွင်းကတော့ ပြိုင်ဖက် ကုမ္ပဏီ အများအပြားကြောင့် Samsung နဲ့ Apple တို့ရဲ့ ရောင်းအားကို တို့ဆိုင်းသွားစေ ခဲ့ပါတယ်။
အဲဒီ ပြိုင်ဖက်တွေကတော့ Nokia, Sony နဲ့ HTC တို့ ဖြစ်ကြပါတယ်။

ဒါပေမယ့်လည်း သူတို့တတွေဟာ လျင်လျင်မြန်မြန် တီထွင် ကြံဆနိုင်မှု မရှိဘဲ တခဏသာ အောင်မြင်တာကို တွေ့ရပါတယ်။

Samsung ကုမ္ပဏီကတော့ ဒီလိုမဟုတ်ပါ၊ ကုမ္ပဏီ အင်ဂျင်နီယာတွေနဲ့ ဒီဇိုင်းသမားတွေဟာ သူတို့ကုမ္ပဏီ အရှိန်ကောင်းကောင်းနဲ့ အောင်မြင်နေ ပေမယ့်လည်း ဆက်လက် တီထွက်ကြံဆနေခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Galaxy S3 ကို ထုတ်လုပ်နိုင်ခဲ့ပြီး အင်မတန် ရောင်းအား ကောင်းတဲ့ Apple ကိုကျော်တက်ပြီး စမာ့တ်ဖုန်း ဈေးကွက် ရှေ့ဆုံး မျက်နှာစာကို ရောက်ရှိစေခဲ့ပါပြီ။

ဖုန်းအနေအထား
မျက်နှာပြင် screen အရွယ်အစား ၄ ဒဿမ ၈ ရှိပြီး၊ ပါးပါးလေးသာရှိတဲ့ ဒီ Galaxy S3 ဟာ လက်ထဲမှာ ကိုင်ထားရတာလဲ အဆင်ပြေမှု ရှိမှာ ဖြစ်ပါတယ်။



အလေးချိန်ကလည်း အံ့သြ လောက်ရ အောင်ကို ပေါ့ပါးပြီး ၁၃၃ ဂရမ်သာ ရှိမှာ ဖြစ်ပါတယ်။

လက်ကိုင်ဖုန်းတွေအတွက် အခုအချိန်အထိ အမြန်ဆုံးလို့ ပြောနိုင်တဲ့ quad core processor ကို အသုံးပြုထားပြီး processor နှုန်းကတော့ 1.4 GHz ရှိပါတယ်။

ဘာတွေထူးခြားလာမလဲ


ဒါ့အပြင် တခြား ထူးခြားလွယ်ကူတဲ့ နည်းပညာတွေကို application တွေနဲ့ အတူ တွဲဖက် ထည့်သွင်း အသုံးပြုထားပါတယ်။

ဥပမာအားဖြင့် ပြောရရင် ဖုန်းထဲကိုကြည့်ပြီး စာဖတ်နေတဲ့ အချိန်မှာ၊ ဖုန်းရဲ့အတွင်းဖက် ကင်မရာကနေ စာဖတ်နေသူရဲ့ မျက်စိကို အကဲခတ်နေပြီး၊ စာဖတ်နေတယ် ဆိုတာ ဟုတ်မဟုတ် ဖုန်းက သိရှိနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ စာဖတ်နေတယ်ဆိုရင်တော့ ဖုန်းနောက်ခံမီးကို စာဖတ်နေတဲ့ အချိန်အထိ ဖွင့်ပေးထားမှာ ဖြစ်ပါတယ်။ စာဖတ်ပြီးသွားရင်တော့ ဖုန်းနောက်ခံမီးဟာ အလိုလျောက် sleep mode ကို ရောက်ရှိသွားပြီး မှိန်ကျသွားမှာ ဖြစ်ပါတယ်။

ဒါအပြင် အသံနဲ့ အမိန့်ပေး ခိုင်းစေနိုင်မှုတွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
ဓာတ်ပုံရိုက်တာ အပါအဝင် တခြားသော application တွေ အတွက် အင်္ဂလိပ်လို ပြောလိုက်ရုံနဲ့ အဲဒီ application တွေအတွက် အသုံးပြုဖို့ အသင့်အနေအထားရောက်ရှိနေမှာ ဖြစ်ပါတယ်။

မူရင်း - ဘီဘီစီ ဇွန် ၁ ရက်နေ့ ထုတ်လွှင့်ချက် www.bbc.co.uk/burmese

Than Win Hlaing - Articles

ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီး
သန်းဝင်းလှိုင်
ဇူလိုင် ၂၂၊ ၂၀၁၂



မြန်မာများထဲမှ ခေတ္တဘုရင်ခံအဖြစ် ၄ လခန့် တာဝန်ယူခဲ့သူ ဒိုင်အာခီနှင့် ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ပညာ ရေးဝန်ကြီး၊ အထက်လွှတ်တော်ဥက္ကဌ၊ ဟိုက်ကုတ်တရားသူကြီးအဖြစ် ထိပ်တန်းရာထူးများရယူခဲ့သော ဗြိတိသျှအလိုတောရိ ဝါရင့်နိုင်ငံရေး သမားကြီး ဆာဂျေအေမောင်ကြီးကို ၁၈၇၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် အင်္ဂါနေ့တွင် မော်လမြိုင်မြို့၌ အဖ ဘလုပ်ကုမ္ပဏီစာရေးကြီး ဦးခင်၊ အမိ ဒေါ်ရင်တို့မှ ဖွားမြင်ခဲ့သည်။ တစ်ဦးသောသား ဖြစ်သည်။ ဂျေအေ၏အရှည်ကောက်မှာ Joseph Augustus ဖြစ်သည်။

ဖခင်ဖြစ်သူဦးခင်မှာ လယ်တီဦးဝါယမ (အဂ္ဂမဟာပဏ္ဍိတ ဆရာမြို့) တည်ထောင်သော ဗုဒ္ဓသာသနာ ပြု "ဓမ္မသာဝနအသင်း" ၏ ဥက္ကဌဖြစ် ပြီး ထိုခေတ် ကုန်သည်လောကတွင် သြဇာကြီးမားထင်ရှားခဲ့သူဖြစ်သည်။ ဖခင်ဘက်မှအဘိုးမှာ မြန်မာမင်းလက်ထက်တွင် "ကတိုးဇာကြီး ခေါ် ၁၂ မြို့ပိုင်" မြို့စားတစ်ဦး ဖြစ်သည်။ မိခင်ဘက်မှအဘိုးမှာ ဒုတိယအင်္ဂလိပ်-မြန်မာစစ်အပြီး နယ်ခြားဝန်ထောက်အဖြစ် အမှုထမ်းခဲ့သည့် ဦးကျော် ဖြစ်သည်။

ငယ်စဉ်က ရန်ကုန်မြို့ စိန့်ပေါလ်ကျောင်း (အထက ၆ ဗိုလ်တထောင်) ၌ စတင်ပညာသင်ကြားခဲ့ပြီး ၁၈၈၄ ခုနှစ် အသက် ၁၃ နှစ် အရွယ်တွင် စိန့်ပေါလ်ကျောင်းမှ အင်းထရင့်စာမေးပွဲ (၁၀ တန်း) အောင်မြင်ခဲ့သည်။ စကောလားရှစ် (ပညာသင်ဆု)ရရှိ၍ ရန်ကုန်ကောလိပ်၌ ဆက်လက် ပညာသင်ကြားပြီး ၁၈၈၆ ခုနှစ်တွင် အင်္ဂလန်သို့ ပညာသင်သွားရောက်၍ ၁၈၈၇ ခုနှစ် လန်ဒန်မက်ထရစ် အောင်၍ I.C.S စာမေးပွဲအတွက် စိန့်မေ ရီကောလိပ်၊ အောက်စဖို့ဒ်တက္ကသိုလ်၊ ဘရပ်ဆဲကောလိပ်တို့၌ ဆက်သင်ကြားခဲ့သည်။ I.C.S စာမေးပွဲဖြေဆိုနေစဉ် ကျန်းမာရေးချို့ ယွင်းကာ မူးလဲရာမှ ဆက်မဖြေဖြစ်တော့ချေ။ လန်ဒန်ဂရေအင်း ဥပဒေသင်တန်းကျောင်းမှ ဘာရစ်စတာ (Barrister at Law) ခေါ် ဝတ်လုံ ဘွဲ့ရရှိခဲ့သည်။ ယင်းနောက် အင်္ဂလန်တွင် အင်္ဂလိပ်အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ကျ၍ စာနယ်ဇင်းများတွင် ဆောင်းပါးများရေးပြီး အ သက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ၁၉၀၀ ပြည့်နှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သည်။

၁၉၀၀ ပြည့်နှစ်မှ ၁၉၁၁ ခုနှစ်တိုင် ရန်ကုန်မြို့၌ ဝတ်လုံတော်ရအဖြစ် အသက်မွေးသည်။ ၁၉၁၁ တွင် ယိုးဒယား (ထိုင်း) သို့ အမှုလိုက်သွားရာမှ ယိုးဒယားရှိ ဗြိတိသျှသစ်ကုမ္ပဏီတွင် ဥပဒေအကြံပေးအဖြစ်ဆောင် ရွက်သည်။ ယိုးဒယားတွင်နေထိုင်စဉ် ယိုးဒယားနိုင်ငံဖွား ဒေါ်မေနှင့် အိမ်ထောင်ကျကာ သမီးတစ်ယောက်ထွန်းကားခဲ့သည်။ ၁၉၁၄ တွင် မြန်မာပြည်သို့ပြန်၍ ဝတ်လုံတော်ရအဖြစ် ခန့်အပ်ခံရသည်။ ၁၉၁၇ တွင် ဘုရင်ခံ၏ အတိုင်ပင်ခံအဖြစ် ခန့်အပ်ခြင်းခံရသည်။

၁၉၂၀ ပြည်နှစ်ဝန်းကျင်တွင် အင်ဒီပင်းဒင့်ပါတီ ခေါ် ရွှေတောင်ကြားပါတီကို ဂျေအေမောင်ကြီးသည် ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ဗဟန်းရပ် ရွှေတောင်ကြား (ဂိုးလ်ဒင်းဗယ်လီ) တွင် နေထိုင်သည့် အင်္ဂလိပ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်ကုန်သည်များ စသည့်အထက်တန်းလွှာများပါဝင်ကာ အင်္ဂလိပ်အလိုတော်ရိပါတီအဖြစ် လူသိ များသည်။ ပါတီ၏အမည်ကို မြန်မာလွတ်လပ်ရေးအဖွဲ့၊ အင်ဒီပင်းဒင့်ပါတီ၊ တိုးတက်ရေးပါတီဟူ၍ အမျိုးမျိုး အမည်တပ်ထားသော်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ပြီးအမတ်လုပ်ခြင်း၊ နယ်ချဲ့အစိုးရပေးသမျှ ရာထူး များကို လက်ခံရယူပြီး လွှတ်တော်အတွက် အင်္ဂလိပ်အကြိုက်လုပ်ငန်းများ အကောင်အထည်ဖေါ်ခဲ့သည့်ပါတီသာဖြစ်သည်။ ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဗြိတိသျှပါလီမန်မှ မြန်မာနိုင်ငံကို အုပ်ချုပ်ရေးတိုးမြှင့်ပေးသင့်၊မပေးသင့် စုံစမ်းစစ်ဆေးရန် အိန္ဒိယဥပဒေပြုကောင်စီဥက္ကဌ ဆာအေဖရက်ဒရစ်ဝှိုက် (Sir A. Frederick Whyte) ဥက္ကဌအဖြစ်ဆောင်ရွက်သော ဝှိုက်ကော်မတီလာရောက်စဉ် အစစ်ဆေးခံ၍ ဒိုင်အာခီ အုပ်ချုပ် (ပူးတွဲအုပ်ချုပ်ရေး) ကို လက်ခံခဲ့သည်။

၁၉၂၃ ဇန်နဝါရီ ၂ တွင် ဆာဟာကုတ်ဘတ္တလာသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံရာထူးတွင် တာဝန်ထမ်း ဆောင်၍ ဒိုင်အာခီအုပ်ချုပ်ရေး ခေါ် ပူးတွဲတာဝန်ခံအုပ်ချုပ်ရေး အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့ရာ ဂျေအေမောင်ကြီးသည် ငါးထောင်စားသစ်တော ရေးဝန်ကြီးချုပ်အဖြစ် ၁၉၂၃ မှ ၁၉၂၄ ထိ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ၁၉၂၄ နိုဝင်ဘာလ ၁၂ တွင် သစ်တောရေးဝန်ကြီးချုပ် ဂျေအေ မောင်ကြီးသည် တရားရုံးချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခံရသည့်အတွက် သစ်တောရေးဝန်ကြီးချုပ် ရာထူးကို ဝတ်လုံတော်ဦးပု (ရွှေကျင်)အား လွှဲပြောင်းပေးခဲ့သည်။

၁၉၂၅ နိုဝင်ဘာ ၁၇ တွင် မြန်မာနိုင်ငံတွင် ဒိုင်အာခီအုပ်ချုပ်ရေးနည်းစနစ်အရ ဒုတိယအကြိမ်ဥပဒေ ပြုလွှတ်တော် အမတ်ရွေးကောက်ပွဲကျင်းပ ခဲ့ရာ ရွေးကောက်ပွဲတွင် ဂျေအေမောင်ကြီး ကြီးမှူးသော အင်ဒီပင်းတင့်ပါတီ (Independent Party) ခေါ် ရွှေတောင်ကြားပါတီ (Golden Valley Party) သည် အမတ် ၂၀ ကျော် အရွေးခံရသည်။ ထို့နောက် ၁၉၂၆ ဇွန်လ ၂၃ တွင် ဂျေအေမောင်ကြီးသည် ဒိုင်အာခီအုပ်ချုပ်ရေးအဖွဲ့၌ ပြည်ထဲရေးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည်။

ထို့နောက် ၁၉၂၇ ဇန်နဝါရီ ၁ ရက်နေ့တွင် ဂျေအေမောင်ကြီးသည် K.C.I ခေါ် ဆာ (Sir)ဘွဲ့ ချီးမြှင်ခံရကာ "ဆာဂျေအေမောင်ကြီး" ဖြစ် လာသည်။

၁၉၃၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့ ဘုရင်ခံ ဆာချားလ်အင်းနစ် (Sir Charles Innes) သည် လန်ဒန်မြို့သို့ ခွင့် ၄ လယူ၍ ခေတ္တပြန်ခဲ့သည်။ ၎င်းခွင့်ယူစဉ်ကာလအတွင်း မြန်မာများကို နှစ်သိမ့်သောအားဖြင့် လန်ဒန်အစိုးရက ဆာဂျေအေမောင်ကြီးကို ခေတ္တဘုရင်ခံ ခန့်အပ်ထားခဲ့ သည်။ ခေတ္တပင်ဖြစ်စေတော့ မြန်မာများထဲမှဘုရင်ခံ ခန့်အပ်ခံရသူဖြစ်သောကြောင့် အင်္ဂလိပ်အလိုတော်ရိများက ဂုဏ်ယူခဲ့ကြသည်။ သို့ ရာတွင် ဆာဂျေအေမောင်ကြီးသည် ၄ လတာမျှ ဘုရင်ခံတတ်၍လုပ်ရတုန်းမှာပင် သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံဦးဆောင်သော တောင်သူလယ်သမားအရေးတော်ပုံနှင့် ဝင်တိုးခဲ့ရသည်။

၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ တွင် ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးသည် သယာဝတီမြို့သို့ တိုင်းခမ်းလှည့်လည်ရင်းရောက်ရှိခဲ့ သည်။ အရာရှိများ၊ သူကြီးများကို ဆုချီးမြှင့်သည့် ဒါဘာပွဲခေါ် မင်းပွဲသဘင်ကျင်းပခဲ့၏။ မြို့ပရိသတ်၊ ရွာသူရွာသားပရိသတ် စည်ကား၏။ ရွာလူထုက မြန်မာလူမျိုးစစ်စစ်ဘုရင်ခံသည် မြန်မာလယ်သမားများ၏ ဒုက္ခကိုမြင်ကာ အခွန်လျှော့ပေါ့ပေးမည်။ ကောက်ခံခြင်းကို အနည်း ဆုံးဆိုင်းငံ့ပေးမည်ဟု သတင်းကောင်းပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။ အသနားခံလွှာများကိုလည်း တင်သွင်းကြသည်။ ထို့ပြင် သာယာ ဝတီနယ်တွင် အစိုးရစစ်တပ်များက ကျေးရွာများအား မတရားနှိပ်စက်မှုများကို ကျေးရွာသားတို့က တိုင်တန်းခဲ့ကြ၏။

ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးက "အစိုးရစစ်တပ်များက ကျေးရွာများကို နှိပ်စက်သည်ဟု အစိုးရအားတိုင်တန်းသောအခါ လျှောက် လွှာများကိုရကြောင်း၊ အခွန်တော်မပေးဘဲနေလျှင် ဤသို့ပင်ခံရလိမ့်မည်ဖြစ်ကြောင်း၊ တဿမေဓနှင့် လူခွန်ကို အစိုးရကဖျက်သိမ်းရန် မကြံရွယ်ကြောင်း၊ အခွန်တော်ကို အချိန်မှန်မှန် ကောက်ခံမည်။ မရလျှင် အာဏာစက်ကိုသုံးမည်"ဟု ပြတ်သားစွာ ပြောကြားခဲ့၏။ ဤသို့ဖြင့် ဆရာစံဦးဆောင် သော တောင်သူလယ်သမားအရေးတော်ပုံကြီးသည် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွေင် ပေါ်ပေါက်လာခဲ့ရာ ခွင့်ပြန်နေသော မြန်မာဘုရင်ခံ ဆာချားလ်စ်ဒင်းနစ်သည် ခွင့်မစေ့မီ အမြန်ပြန်လာ၍ ၁၉၃၁ ဇန်နဝါရီ ၉ ရက်နေ့တွင် ဆာဂျေအေမောင်ကြီးထံမှ မြန်မာဘုရင်ခံတာဝန်ကို ပြန်လွှဲပြောင်းယူခဲ့သည်။

ဆောဂျေအေမောင်ကြီးသည် ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် ၁၉၃၂ မှ ၃၄ ထိ သစ်တောရေးဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ ၁၉၃၃ မှ ၃၄ ခုနှစ်ထိ ပညာရေးဝန်ကြီးချုပ်အဖြစ်လည်းကောင်း ပူးတွဲတာဝန်ယူခဲ့သည်။

၁၉၃၂ နိုင်ဝင်ဘာ ၉ တွင်ကျင်းပခဲ့သော စတုတ္တအကြိမ် ဒိုင်အာခီဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲတွင် ဆာဂျေအေမောင်ကြီး၏ ရွှေတောင် ကြားပါတီသည် မရှုမလှ ရှုံးနိမ့်ခဲ့သည်။

သို့သော် ၁၉၃၃ ဇန်နဝါရီ ၁၄ တွင် လေးကြိမ်မြောက် ဒိုင်အာခီအစိုးရဖွဲ့စည်းခဲ့ရာ ဆာဂျေအေမောင် ကြီးသည် သစ်တောရေးဝန်ကြီးအဖြစ် ဘုရင်ခံ၏ခန့်အပ်ခြင်းခံရသည်။ ၁၉၃၄ ခုနှစ် ဥပဒေပြကောင်စီအစည်းအဝေး၌ ဆာဂျေအေမောင်ကြီး၏ "ဝိနယဓရ ဥပဒေကြမ်း"ကို လက်ခံ သင့်၊မခံသင့်ဆွေးနွေးရာ မန္တလေးစီပီခင်မောင်က ကန့်ကွက်ခဲ့သည်။ ဘာသာရေးကိစ္စ ဓမ္မကြောင်းကို ရဟန်းတော်များအား မလွှဲအပ်ဘဲ လူဝတ်ကြောင်တစ်ဦးကတင်သွင်း၍ ကန့်ကွက်ခြင်းဖြစ်သည်။ ဥပဒေကြမ်းကိုမဲခွဲဆုံးဖြတ်ရာ ဦးဘဘေ၊ ဒေါက်တာ ဘမော်အပါအဝင် အ မတ် ၅၁ ဦးကကန့်ကွက်၍ ဆာဦးဘနှင့် အမတ် ၁၂ ဦးက ထောက်ခံခဲ့သည်။ အလယ်တောရဆရာတော် ရှင်ကောသလ္လ၊ အရှင်အာဒိစ္စဝံသနှင့် ထင်ရှားသော ဆရာတော်အချို့ကထောက်ခံခဲ့ကြသော်လည်း နိုင်ငံအဝန်းမှ သံဃာအများစုကကန့်ကွက်၍ ဥပဒေကြမ်းပျက်ခဲ့ရသည်။ ဝိနယဓရ ဥပဒေကြမ်းမှာ ရဟန်းသံဃာများအမှုအခင်းဖြစ်လျှင် လူတရားရုံး၌မဆုံးဖြတ်စေဘဲ ရဟန်းဝိနည်းဓိုရ်များကဆုံးဖြတ်၍ ထိုဆုံး ဖြတ်ချက်ကို တရားရုံးမှအတည်ပြုပေးရန်နှင့် တရားရုံးကုန်ကျစရိတ်များ ကင်းလွတ်ခွင့်ရရန်ဖြစ်သော်လည်း အများစုက လက်မခံ၍ ရှုံးနိမ့်ခဲ့ ရခြင်းဖြစ်သည်။

၁၉၃၄ ဖေဖေါ်ဝါရီ လ ၂၀ တွင် လွှတ်တော်အစည်းအဝေး၌ ဦးဘဘေနှင့် ဒေါက်တာဘမော်တို့က အစိုး ရအဖွဲ့ဝင် ဝန်ကြီးချုပ်များဖြစ်ကြသော ဆာဂျေအေမောင်ကြီးနှင့် ပညာရေးဝန်ကြီးချုပ် ဝတ်လုံဦးကျော်ဒင်တို့ကို အယုံအကြည်မရှိ အဆိုတင်သွင်း၍ ဖြုတ်ချခဲ့သည်။ ဒိုင်အာခီအုပ် ချုပ်ရေးခေတ်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ပထမဆုံးအကြိမ်အယုံအကြည်မရှိ အဆိုတင်သွင်းခံရခြင်းဖြစ်သည်။

၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာန အုပ်ချုပ်ရေး) အရ ပထမဆုံးကျင်းပသော အောက်လွှတ်တော်ရွှေးကောက်ပွဲ ကျင်းပရာ ဆာဂျေအေမောင်ကြီး၏ ရွှေတောင်ကြားပါတီသည် နှစ်ဦးသာ ရွေးချယ်ခံရသည်။ သို့သော် ဘုရင်ခံကရွေးချယ်ခန့်အပ်၍ ၁၉၃၇ မှ ၁၉၄၀ ပြည့်နှစ်တိုင် အထက်လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ် ဖေဖေါ်ဝါရီ လ ၂၉ ရက်တွင် မြန်မာပြည်ကာကွယ်ရေးဥပဒေပြဌာန်းခဲ့၍ အထက်လွှတ်တော်ဥက္ကဌ ဆာဂျေအေမောင်ကြီး (ရွှေကျင်) ကို ဘုရင်ခံက ကာ ကွယ်ရေးတိုင်ပင်ခံအဖြစ် ဇူလိုင်လ ၁၂ တွင်ခန့်အပ်သောကြောင့် ဆာဂျေအေမောင်ကြီးသည် သြဂုတ်လ ၃၀ တွင် အထက်လွှတ်တော် ဥက္ကဌဖြစ်လာခဲ့သည်။

ထို့နောက် ၁၉၄၂ မတ် ၈ ရက်တွင် အမှတ် ၂၁၅ ဂျပန်ခြေလျင်တပ်မကြီးနှင့် ဗမာ့ကာကွယ်ရေးတပ်မတော် (B.I.A) တို့ ရန်ကုန်မြို့ကို ဝင် ရောက် သွားသိမ်းပိုက်ပြီးနောက် ဂျပန်ခေတ်တွင် ဆာဂျေအေမောင်ကြီးသည် တွံတေးမြို့မှတဆင့် အထက်မြန်မာပြည်သို့ စစ်ပြေးအဖြစ်ခို လှုံခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံရေးမှအနားယူကာ ဘာသာရေးနှင့်စာပေရေးရာများကို လေ့လာကာ အေးချမ်းစွာနေ ထိုင်ခဲ့သည်။

ဆာဂျေအေမောင်ကြီးသည် ငယ်စဉ်ကပင် ဘာသာတရားကို ယုံကြည်လေးစားသူဖြစ်ပြီး၊ ဇင်းကျိုက်တောင်၌ ကြီးကျယ်ခန်းနားသော တန် ဆောင်းနှင့် သံတောင် ၈ တောင် (တစ်သံတောင်လျှင် ၁၉ လက်မရှိ သည်)ရှိ တင်ပျဉ်ခွေရုပ်ပွားတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထို့ပြည် ဝိနည်းပိဋကတ်တော်များကို ကျနစွာလေ့လာ၍ ဆရာမြို့ဦးဆောင်သော ပိဋကတ်တော် မြန်မာပြန်များ ပုံနှိပ်ရေးအတွက် အထူး အကူအညီ ပေးခဲ့သည်။ ခေတ္တဘုရင်ခံဘဝတွင် ဘုရင်ခံအိမ်တော်၌ သံဃာတော်များကိုပင့်၍ ဆွမ်းကျွေးလှူဒါန်းခြင်း၊ ဘုရင်ခံဘဝက သူ၏ ကိုယ်ရံတော်ဗိုလ်မှူးအဖြစ် မြန်မာလူမျိုး ကပ္ပတိန်ထွန်းလှအောင်ကို ခန့်အပ်ခဲ့သည်။ လုပ်ရပ်များသည် ထင်ရှားခဲ့သည်။

မြန်မာပြည်၏ခေတ္တဘုရင်ခံဖြစ်ခဲ့သော ဆာဂျေအေမောင်ကြီးသည် ၁၉၅၅ မတ်လ ၉ ရက် တွင် ဗဟန်းရပ် ရွှေတောင်ကြားလမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ကိုးကား
၁။ ဦးအေးမောင်၊ မြန်မာနိုင်ငံရေးသမိုင်း (စာပေလောက စာအုပ်တိုက်၊ တတိယကြိမ် ၂၀၁၂။
၂။ မောင်ဇေယျာ၊ မြန်မာလူကျော် ၁၀၀ (ပထမအုပ်) Unity စာပေ ပကြိမ် ၂၀၁၀။
၃။ မြန်မာ့ရက်စဉ်သမိုင်း (ပထမတွဲ) သမိုင်းသုတေသနဦးစီးဌာန ပကြိမ် ၂၀၀၉။

Phoe Htet - Articles

ဆိုက္ကားသမားနဲ့နှိုင်း၊ မြို့တော်ဝန်နဲ့ မနှိုင်းနဲ့
ဖိုးထက်
ဇူလိုင် ၂၂၊ ၂၀၁၂


ကျုပ်တို့လူငယ်တွေ ကြားထဲမှာ တစ်ယောက်နဲ့တစ်ယောက် နှိမ်ချလိုက်ချင်လို့ဘဲဖြစ်ဖြစ်၊ နှိပ်ကွပ် လိုက်ချင်လို့ဘဲဖြစ်ဖြစ် ခိုင်းနှိုင်းပြီးပြော တတ်တဲ့ စကားလေးတွေရှိတတ်တယ်မို့လား။ ဥပမာအားဖြင့် " ရုပ်ကိုက ဆိုက္ကားသမားရုပ်နဲ့"၊ "အရက်သမား ရုပ်နဲ့" ဆိုတဲ့ စကားနှစ်ခွန်းက တော့ လူသုံးနည်းနည်း များလေမလားလို့။

ဆိုက္ကားသမားနဲ့ အရက်သမားကို တန်ဖိုးမရှိတဲ့ လူ့ အန္ဓလို့ သတ်မှတ်ချင်တဲ့ သဘောပါနေပါတယ်။ ပြောခံရတဲ့သူက သူ့ကို ဆိုက္ကားသမားနဲ့ နှိုင်းခံလိုက်ရလို့ နာတတ်ကြသည်။ အရက်သမားနဲ့ ယှဉ်ပြီး သတ်မှတ်ခံလိုက်ရလို့ စိတ်ဆိုးတတ်ကြပါတယ်။ ဒါပေသိ သေသေချာချာ တ ချက်လောက် စိတ်ကိုရပ်ပြီးတွေးကြည့်မယ်ဆိုရင် ကျုပ်က ဆိုက္ကားသမားတွေဘက်ကနာချင်တယ်။ ဆိုက္ကားသမားတွေဆိုတာ လမ်းဘေးမှာ ဂိတ်ထိုး၊ ကျားကွက်ရွှေ့ကစား၊ ပါးစပ်စည်းကမ်းမရှိ၊ အုပ်စုနဲ့ နည်းနည်းဇာကျယ်ချင်တတ်ကြပေမယ့် ရည်ရည်မွန်မွန် ဆိုက္ကားသမားတွေ အများကြီး ကျုပ်တွေ့ဖူးပါတယ်။

ကျုပ် ငယ်ငယ်ကဆိုရင် မန္တလေးမှာ ဆိုက္ကားနင်းပြီး ဆေးကျောင်းတက်နေ တဲ့ ဆေးကျောင်းသားတယောက်တွေ့ဘူးတယ်။ ခေတ်လုပ်ပြီး ထင်ရှားပေါ်လွင်အောင် ဆိုက္ကားနင်းနေတာ မဟုတ်ပါဘူး။ တကယ်ကိုဘဲ ကျောင်းစရိတ်ကာမိအောင်ကြိုးစားတဲ့ အစ်ကိုကြီးတစ်ယောက်ပါ။ အဲဒီလိုလူမျိုးကိုမျက်ကွယ်ပြုပြီး ဆိုက္ကားသမားကိုနှိမ်ချင်တယ်ဆိုရင် သိပ်တော့မဟုတ်လှသေးဘူးလေ။

နောက်ဗျာ ဆိုက္ကားနင်းတာ လွယ်တယ်မထင်နဲ့ဗျ။ ဆိုက္ကားပေါ်တက်ခွပြီးနင်းကြည့်ရင် ဆိုက္ကားနင်းခြင်း အနုပညာကို ခင်ဗျားသဘောပေါက် လာမယ်။ စက်ဘီးတစ်စီးစီးရတာနဲ့ တစ်ခြားစီပါ။ တစ်ဖက်ဖက်ကိုဆွဲဆွဲချသွားလို့ သတိထားပြီး ထိန်းကျောင်းရတယ်။ ခရီးသည်၊ ၀န်တင်ပြီး တော့ ဆိုက္ကားတစ်စီးကို မတိမ်းမမှောက်ရဘဲ လိုရာခရီးရောက်အောင် ဆိုက္ကားနင်းရတာ အလေ့အကျင့်ရရင်သာ လွယ်တယ်လို့ ထင်ရတာ။ တကယ်ကျတော့ အတော်လေးအားစိုက်ပြီး ခက်ခက်ခဲခဲနင်းရပါတယ်လေ။

ချိုင့်ခွက်တွေ၊ ကုန်းအတက်တွေကြားထဲမှာ ရှောင်ရင်းရှားရင်း ဆိုက္ကားတစ်စီးကို လမ်းဘေးဆွဲချမသွားအောင် ခင်ဗျားစိတ်ကူးနဲ့ နင်းကြည့် စမ်းပါ။ စိတ်ဇောချွေးမထွက်လာရင် ခင်ဗျား ကျုပ်ကိုပြောချင်သလို ပြောစမ်းပါလေ့။ ခရီးသည်ကို ဆိုက္ကားပေါ်က မဆင်းစေရဘဲ ဆင်းတွန်း စရာရှိတာတွန်း၊ ဆွဲစရာရှိတာ ဆွဲ၊ ခြေသလုံးကြွက် သားတွေ တောင့်နေအောင် အားစိုက်ရတယ်။ ကိုယ့်ဆိုက္ကားကို စီးနေကြဖောက်သည်ဆိုရင် ပိုလို့တောင် ဂရုစိုက်ရပါသေးတယ်။ ထားတော့ ဒါကဆိုက္ကားနင်းခြင်းဆိုတာ လွယ်ပါတယ်လို့ထင်နေတာကို ကျုပ် က ခြေဖျက်ချင်တာ။

နောက်တစ်ချက်က မိမိကိုယ်ကာယကို အားပြု၊ သင့်တင့်လျောက်ပတ်တဲ့ အခကြေးငွေယူပြီး ခရီးသည် သွားလိုရာကို ပို့ဆောင်ပေးရတဲ့ ဆိုက္ကားသမားကို ကျုပ်ကတော့ မနှိမ်ချင်ဘူးဗျ။ လူတွေက မော်တော်ကား ငှားစီးရင်သာ သိပ် ဈေးမဆစ်ချင်ကြတာ။ ဆိုက္ကားသမား ပြောတဲ့ ဈေးဆိုရင် ဆစ်လိုက်ချင်ကြသေးတာ။ ဆိုက္ကားဆိုတာမျိုးက Taxi တွေလို မီတာနဲ့သွားလို့ရတာလဲ မဟုတ်ဘူး။ လမ်းပေါ်က အခက်အခဲပေါင်း များစွာကို ကိုယ့်မှာရှိတဲ့ ခွန်အားကိုစိုက်ထုတ်ပြီး အညင်သာဆုံးဖြစ်အောင် ဖြတ်ကျော်ရတာမို့လား။ ဒီတော့ ဆိုက္ကားသမားပြောတဲ့ ကူးတို့ အခကြေးငွေ အနည်းငယ်များနေရင်တောင် ပေးသင့်ပါတယ်လို့ ကျုပ်ကတော့ထင်မိတယ်။

ကျုပ်ငယ်ငယ်က အိမ်စာမလုပ်ရင်ဘဲ ဖြစ်ဖြစ်၊ လူကြီး မိဘစကားနားမထောင်ရင်ဘဲ ဖြစ်ဖြစ် အမေက ဆိုက္ကားသမားဖြစ်မယ့်ကောင်လို့ ဆဲ တတ်တယ်။ အမေက ကျုပ်ကိုနာအောင်ပြောသလို ကျုပ်ကလဲနာတယ်။ ကျုပ်ကိုများ ဆိုက္ကားသမားနဲ့နှိုင်းစရာလားပေါ့။ ဒါပေသိ အသက် နည်းနည်းကြီးလာတော့ ကျုပ်နာတတ်တာက ဘက်ပြောင်းလာတယ်။ ကျုပ်ကို သူငယ်ချင်းမိတ်ဆွေတွေက ဆိုက္ကားသမားနဲ့ ခိုင်းနှိုင်းပြီး ဆူ လိုက်၊ ဆဲလိုက်ရင် ဆိုက္ကားသမားတွေဘက်က နာတတ်လာတယ်။ ကိုယ်ကာယကိုအားပြုပြီး လုပ်ကိုင်စားသောက်ရတဲ့ လူတန်းစားတရပ် လုံးကို စော်ကားတယ်လို့ ကျုပ် ခံစားလာရတယ်။ ဆိုက္ကားသမားတွေမှဘဲ လူတွေက နှိမ်ချချင်နေတဲ့ စိတ်ကို ကျုပ်ကတော့ တတ်နိုင်သလောက် ဆန့်ကျင်တယ်။

တစ်ဝမ်းတစ်ခါး စားဝတ်နေရေးအတွက် ကာယအားပြုပြီး လုပ်ကိုင်စားသောက်နေရတဲ့ ဆိုက္ကားသမားဆိုတဲ့ လူတန်းစားထက် ဆိုးရွားတဲ့ လူတွေ မရှိတော့ဘူးလား။ ဆိုက္ကားသမား ပါးစပ်ကျနေတာဘဲလို့ပြောပြီး လမ်းဘေးက ဖြတ်သွားဖြတ်လာ ကောင်မလေးတွေ၊ မမကြီး၊ အန် တီကြီးတွေဆို စနောက်ချင်တဲ့ ဆိုက္ကားသမားတွေနဲ့ ယှဉ်ပြောတာကို လက်ခံပါတယ်။ ဆိုက္ကားသမားမှဘဲ ပါးစပ်စည်းကမ်းမရှိတာလား။ ဆိုက္ကားသမားတွေ အရိပ်မှာ ဂိတ်ထိုးရင်း ဖြတ်သွား ဖြတ်လာ လူတွေကို စနောက်ကောင်း စနောက်ပါလိမ့်မယ်။ အပြင်လောကကြီးမှာ ဆို က္ကားသမားမဟုတ်တဲ့ လူတွေကြားထဲမှာ ပါးစပ်စည်းကမ်းမရှိ ပြောချင်ရာပြော၊ ကိုယ်ပြောတဲ့စကား ဘယ်ရောက်လို့ ရောက်မှန်းမသိတဲ့ လူ တွေ မရှိတော့ဘူးလား။ အများကြီးမှ အများကြီးပါ။

ဥပမာအားဖြင့် မြို့တော်ဝန်ပြုတ်ကြီးတယောက်ဆိုပါတော့။ ပါးစပ်စည်းကမ်းမရှိ ပေါက်လွတ်ပဲစားပြောတဲ့ သူ့စကားတွေကိုဖတ်မိပြီး "ရုပ် ကိုက ဆိုက္ကားသမားရုပ်နဲ့" လို့ သူငယ်ချင်းကမှတ်ချက်ပြုတော့ ကျုပ်က အသဲထိအောင် နာတယ်ဗျ။ ဆိုက္ကားသမားတွေဘက်က နာသာရယ်။ ဆိုက္ကားသမားဆိုတာ ခရီးသည်သွားလိုရာကို မပင်မပန်း ချေချောမွေ့မွေ့ရောက်ဖို့နဲ့ ကိုယ့်ရဲ့ကိုယ်ကာယ၊ ကျွမ်းကျင်မှုကို လဲစားရှာတာဗျ။ ဒီလူကြီးက မပင်မပန်း ခိုးဝှက် ချမ်းသာလာပြီး လောကခရီးသည် လူတွေကို အဆင့်အတန်းမရှိ စကားတွေနဲ့ စော်ကားတာကြတော့ ကျုပ်က ဆိုက္ကားသမားမဖြစ်လိုက်ရတာတောင် နောင်တရချင်တယ်။

လူ့တန်ဖိုးကို လူတွေက အပြင်ပန်းကြည့်ပြီး သတ်မှတ်ကြတယ်ထင်ပါရဲ့။ အပြစ်လို့ ပြောလို့မရပေမယ့် အမှန်လို့တော့ဖြင့် တထစ်ချ သတ် မှတ်လို့ မရပါဘူး။ ဒါဆိုရင် ကျုပ်ဆိုတဲ့ လူသတ္တ၀ါတစ်ကောင်ရဲ့တန်ဖိုးကို ဘယ်လို သတ်မှတ်ကြမှာတုံး။ မုန်းတဲ့သူတွေက နှိမ်ချမယ်။ အ ပြစ်အနာအဆာရှာမယ်။ တိုက်ခိုက်မယ်။ နှိုင်းယှဉ်ပြီး ပြောမယ်။ စိတ်သဘောအတိုင်း ရှိကြ၊ ပြောကြပါစေပေါ့။ ဒါပေမယ့် ကျုပ်အမေလို ကျုပ်ကိုတိုးတက်စေချင်လို့ ဆိုက္ကားသမားနဲ့ နှိုင်းပြီး ဆဲတတ်တာကိုတော့ လက်ခံရမှာပါဘဲ။ အခုအသက်အရွယ်ထိကို ကျုပ်ကွမ်းတွေဝါးပြီး ပါးစပ်ကြီး နီရဲနေရင် အမေက နင့်ရုပ် "နင်ပြန်ကြည့်စမ်း။ လမ်းဘေးက ဆိုက္ကားသမားရုပ်နဲ့" လို့ ဆူတတ်၊ ဆဲတတ်တုန်း။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီတစ်ခေါက် အမေမကြိုက်တာလုပ်မိလို့ အမေက ကျုပ်ကို ဆိုက္ကားသမားနဲ့နှိုင်းယှဉ်ပြီးဆဲလာမယ်ဆိုရင် ပြန်တော့ပြောရမယ်ဗျ။ အသက် တွေကြီးကောင်ကြီးမားနဲ့ သားအမိနှစ်ယောက် စကားမများချင်ပေမယ့် အမေ့ကို ပြန်တော့ပြောရအုံးမယ်။

"အမေ ကျနော့်ကို ဆိုက္ကားသမားနဲ့ နှိုင်းချင်နှိုင်း၊ မြို့တော်ဝန်နဲ့ မနှိုင်းနဲ့" လို့ ပြန်ပြောရမယ်။ ကျုပ်ပြန်ပြောရင် လုံးဝမကြိုက်တဲ့အမေ စိတ် ဆိုးကာမှ ဆိုးပေရော့။ "ကျနော်ဆိုက္ကားသမားလုပ်မယ် မြို့တော်ဝန်မလုပ်ချင်ဘူး" လို့ အထွန့်တက်ရအုံးမယ်။ တွေ့ကရာနဲ့ ကောက်ပေါက်ကာ မှ ကောက်ပေါက်ရော့ဘဲ။ ဘယ်ဗျာ ဆိုက္ကားသမားဘဲလုပ်မယ်ဗျ။ ရွံ့အံချင်စရာ လူ့အန္ဓ မြို့တော်ဝန်တော့ မလုပ်ဘူးဗျ။

Letter to Moemaka

အေကေ လကမ္ဘာလမ်း ပကာသနီ (မိုးမခပေးစာ)
ကိုသင့်မြတ်
ဇူလိုင် ၂၂၊ ၂၀၁၂



ပုံတွေကြည့်ပြီး လကမ္ဘာပေါ်မှာ သွားရိုက်ထားတယ်လို့ မယူဆစေချင်ဘူး။ လကမ္ဘာပေါ်မှာ အိမ်တွေ ကားတွေ ဆိုင်ကယ်တွေ ရောက်နေပြီ လားလို့ တွေးနေရင်အခက်။ ဆက်လေ့လာကြည့်ပါဦး။



ရွံ့တွေ ဗွက်တွေထူတဲ့လမ်းဟောင်းတခုကို ရိုက်ပြထားတာပဲလို့ထင်ရင်တော့ မှားလိမ့်မယ်ဗျာ။ နေ့စဉ် ကားကြီး ကားငယ် ယာဉ်ကြီးယာဉ် ငယ်တွေနဲ့လူတွေ ထောင်ပေါင်းများစွာ၊ ကုန်တွေ တန်ပေါင်းများစွာ ကူးလားသွားလာနေတဲ့ လမ်းကြီးဖြစ်ပါတယ်။ လမ်းပျက်နေတဲ့ တနေ ရာလောက် ကွက်ပြီးရိုက်ပြတာလည်း မဟုတ်ရပေါင်ဗျာ။ ပျက်လိုက်တဲ့လမ်းတွေဆိုတာ မြင်မကောင်းလွန်းလို့ပါ။

ဒီလမ်းဟာ ပြည်ပကနေ ကုန်စည်တွေကို ၂၄ နာရီအတွင်း မြို့တော်ရန်ကုန်အရောက် တင်ပို့နေတဲ့ တခုတည်းသော လမ်းကြီးဖြစ်တယ်ဆိုရင် အံ့သြနေမလားပဲ။ ဟုတ်ပါတယ်။ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ကုန်းလမ်းကနေ သွင်းကုန် ထုတ်ကုန် အကြီးဆုံးနဲ့ အဓိကအကျဆုံး လမ်းဖြစ်ပါတယ်။



ပုံတွေဟာ မြ၀တီမြို့နဲ့ ကော့ကရိတ်မြို့ကြားက လမ်းတွေပေါ့။ မြ၀တီမြို့နဲ့ မလှမ်းမကမ်းဆိုပါတော့။ လမ်းအတိုင်းဆက်သွားရင် ဒေါန တောင်တန်းကြီးကို ဖြတ်၊ မချွတ်မချော်၊ မတိမ်းမစောင်း၊ မပျက်မဆီး မထိခိုက်ပဲ ကံကောင်းထောက်မရင်တော့ ကော့ကရိတ်မြို့ကို ရောက် မှာ ဖြစ်ပါတယ်။ ကံအကြောင်းမလှလို့ တောင်ပေါ်ကနေ ချော်ကြ၊ ဘရိတ်ပေါက်လို့ ပြုတ်ကျ၊ လမ်းမြေပျော့လို့ လျောကျ၊ ထိခိုက်မိလို့ ကွဲရှ၊ ပစ္စည်းဆုံး၊ ကားဆုံး၊ အသက်ဆုံးကြတဲ့ သတင်းတွေကလည်း မကြားချင်မှအဆုံး အခုလို မိုးတွင်းကာလဆို အဆိုးဆုံးပေါ့။



ဒီပုံကိုကြည့်ပြီး လမ်းဘေးမှာ ဈေးရောင်းနေတယ်လို့လည်း မထင်နဲ့ဦး။

ဒေါနတောင်တန်းပေါ်မှာပေါ့..။ ဘရိတ်ပေါက်လို့ လမ်းဘေးချောက်ထဲ မကျအောင် တဖက်ကိုအမြန်ကပ်ပြီး ထိန်းလိုက်ရတော့ ကုန်ပစ္စည်း တွေ မွစကြဲကုန်တာပေါ့။ တခါတလေ ဒီလိုကုန်တွေထဲ ဘီယာတွေလည်းပါသေးဗျာ။ ပေါက်ကုန်တဲ့ ဘီယာတွေကို ကားသမားအချင်း လမ်း ခရီးသည်အချင်းချင်း (နှမျောလို့) သူတဗူး ငါတဗူး ၀ိုင်းသောက်လိုက်ကြတာမျိုးလည်း ရှိသေး။ (ဘာပဲဖြစ်ဖြစ် ပျက်ဆီးဆုံးရှုံးတာကိုတော့ ကားသမား (သယ်ယူပို့ဆောင်ရေးက) လျော်ရတယ်ပေါ့။

လမ်းတွေ ဒီလောက်ဆိုးနေတာ မြေကြီးလမ်း၊ ရွံ့ဗွက်လမ်းကို ကတ္တရာလေးခင်းပါရော့လား။ ကွန်ကရစ်လေး ခင်းပါရော့လား။ ဒီလောက် သွားလာ ကူးသန်းရောင်းဝယ်နေတာလို့တော့ အထင်မမှားစေချင်ဘူး။ ဒါ.. ဘုရားစူး ကတ္တရာလမ်းပါဗျာ။

လမ်းတွေပေါက်တော့ ပြင်တော့ပြင်ပါတယ်။ ပေါက်နေတဲ့နေရာကို မြေကြီး၊ သဲတွေဖို့ပေးတယ်လေ။ ဆိုတော့ မိုးလည်းရွာရော အဲဒီ ဖို့ထား တာတွေက အရည်ပျော်ပြီး လမ်းကို ပိုဆိုးအောင်၊ ပိုချော်အောင် လုပ်သလို ဖစ်နေသကိုး။

"စနစ်တကျ ပြုပြင်ဖို့လိုတယ်။ ဒါကို နိုင်ငံတော်ချည်းပဲအားမကိုးပဲ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့စီစဉ်လိုက်ရင် " ဆိုပြီး စောဒကတတ်မိတော့..

"ဟိုးအရင်တုန်းကတော့ အစိုးရကလုပ်တော့ အထက်လူကြီး၊ အလယ်လူကြီး အောက်လူကြီးတွေ စီမံကြ၊ လွဲချော်ကြ၊ စီမံကိန်းပြည့်မီအောင် ခွဲတမ်းချကြလို့ အဆင်မပြေ လမ်းမကောင်းဖြစ်ခဲ့တယ်ဆိုပြီး အခုနောက်ပိုင်း ပုဂ္ဂလိကပေးထားတာပဲလေ.." လို့ ဆိုကြတယ်။

"ယူထားတဲ့တာဝန်ပြည့်မှီအောင် မလုပ်ကြဘူးလား" လို့ ထပ်စုံစမ်းတော့ လမ်းကြေးတွေကတော့ သောက်သောက်လဲကို ကောက်တာပဲ ဗျို့။ လမ်းတွေကိုပြင်တာတော့ မြင်တဲ့အတိုင်းပါပဲ" လို့ ဖြေကြပါတယ်။

ဟုတ်ပါတယ်။ နာမည်နဲ့ပဲ တပ်ပြောလိုက်ပါရစေတော့။ တရားဝင်ဆိုင်းဘုတ်ကြီးတွေတပ်ပြီး ငွေကောက်ခံနေတာမို့ ဒီလမ်း ဒီခရီး သွားဖူး သူတိုင်း သိတဲ့ကုမ္မဏီမို့ပါ။ နာမည်က AK (အေးကို) ကုမ္မဏီပါတဲ့။ တခေတ်တခါက ထိပ်ပိုင်းကလူကြီးတွေနဲ့ ရင်းနှီးကျွမ်းဝင်လွန်းခဲ့တဲ့ ဦး အေးကိုတို့ကုမ္မဏီက ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ လမ်းခရီးကြေးကောက်ခံတယ်။ တန်ပိုကြေးလည်း ကောက်ခံတယ်။ လမ်း တော့ ပြင်နေတာတွေ့ရတတ်ပါတယ်။ ပေါက်နေတဲ့ကတ္တရာလမ်းပေါ်မှာ အလုပ်သမလေးတွေက ကျောက်ခဲလေးတွေနဲ့ဟိုတလုံး ဒီတလုံး စိမ်ပြေနပြေ ထိုင်စီနေတာတော့ (ဘုရားစူး)တွေ့ရ တတ်ပါတယ်။

လမ်းကြေးတွေကတော့ ကောက်ခံနေတာ အခက်အခဲမရှိတာ အမှန်ပါပဲ။ အဲ.. အထက်ကဖေါ်ပြထားသလို လမ်းတွေကိုတော့ ပြင်ဖို့တော့ ဘာအခက်အခဲတွေရှိတယ်မသိဘူး။ အထက်ကဖေါ်ပြထားတဲ့ လမ်းဆိုးတဲ့နေရာတွေမှာပဲ ခပ်တည်တည်နဲ့ လမ်းကြေးကောက်နေတာ ကောက်ခံသူတွေတော့ မသိပေမယ့် ဘေးကကြည့်နေသူတွေကတော့ သူတို့ကိုယ်စား ရှက်ရမလိုလို၊ အားနာရမလိုလိုပါပဲ။ လမ်းကြေး ကောက်တာတွေနဲ့ပတ်သက်လို့ ကုန်ကျမှုတွေက ဟောသည်လိုရှိပါတယ်ခင်ဗျာ။



ဒီလိုပြောနေဆိုနေ ရေးသားလေတော့ အေကေ ကုမ္မဏီနဲ့ ရန်ညှိုးရန်စရှိသူလား၊ မနာလို မုဒိတာမပွားနိုင်သူလားဆိုပြီး တမျိုးတဖုံတော့ မယူဆစေချင်ပါဘူး။ ဘာရန်ညှိုးရန်စမှလည်းမရှိသလို အေကေလို သိကြားမင်းဖြစ်မယ့်သူမျိုးနဲ့ မိတ်ပျက်လည်း မခံနိုင်၊ ရန်ညှိုးလည်း အဖွဲ့ မခံနိုင်ပါဘူးခင်ဗျား။ တကယ်ပြောတာပါ။ တံတားတွေဆောက်၊ လမ်းတွေခင်းဆိုတာ ဦးမာဃရဲ့လမ်းစဉ်မဟုတ်လားဗျာ။ စိတ်စေတနာ ကောင်းထားပြီးလုပ်ကြမယ်ဆိုရင် သိကြားမင်းတောင်ဖြစ်နိုင်တဲ့ မွန်မြတ်တဲ့လုပ်ငန်းကြီးပါ။ မောင်မင်းကြီးသားများ ဆောင်ရွက်ပေးမှု ကျေး ဇူးကြောင့် ခရီးသည်များလည်း အဆင်ပြေ၊ ကုန်သည်များလည်း အဆင်ပြေ၊ သံဃာတော်များလည်း အဆင်ပြေ၊ နတ်လူ သာဓုခေါ်စရာ မုဒိတာ ပွားစရာလုပ်ငန်းကြီးမဟုတ်လား။ (ကျသင့်တဲ့ လမ်းကြေးကောက်တာကတော့ တကဏ္ဍပေါ့လေ။)

ခရီးသွားပြည်သူတွေ၊ လုပ်ငန်းရှင်တွေက ငွေကောက်တာကို အပြစ်မဆိုကြပါဘူး။ နိဂုံးအနေနဲ့ လုပ်ငန်းရှင်တဦးရဲ့ သက်ဆိုင်ရာကိုတိုင်တဲ့ စာတစောင်ကို လက်ဆောင်ပေးလိုက်ပါရဲ့။ သူက နာမည်နဲ့တကွ ပေါ်ပေါ်တင်တင်ပဲ တင်ပြထားတာတွေ့ရပါတယ်။ နိုင်ငံအကြီးအကဲတွေ၊ ပါတီအဖွဲ့အစည်းနဲ့ ၈၈၊ ကရင်အဖွဲ့အစည်းတွေအထိ အားကိုးတကြီးနဲ့ တိုင်ကြားထားတာမို့ ဂရုဓမ္မ ပြုကြလိမ့်မယ်ထင်ပါရဲ့။

ကောက်ခံစရာရှိရင်လည်း ကောက်ခံ၊ လမ်းခင်းပေးစရာရှိရင်လည်း လမ်းခင်းပေးကြမယ်ဆိုရင် အဖက်ဖက်က အဆင်ပြေမယ့်ကိစ္စပါ။ အခု လိုတင်ပြနေတာက.. ကုမ္မဏီ အထက်လူကြီးမင်းများက အလုပ်များကြ၊ တာဝန်တွေများကြဆိုတော့.. အောက်ခြေက အခြေအနေကို မျက် ခြေပျက်သွားတာမို့ အခုလို "အေကေ လကမ္ဘာလမ်း" ဆိုပြီး ပျက်ရယ်ပြုစရာ ဖြစ်နေရတယ်လို့ ယူဆမိပါတယ်။

အုပ်ချုပ်ရေးတာဝန်ရှိသူတွေက တည့်မတ်ပေး၊ သက်ဆိုင်ရာ ကုမ္မဏီတာဝန်ရှိသူတွေက ညွှန်ကြား၊ တာဝန်ယူလုပ်ကိုင်နေသူတွေက ပြုပြင် လိုက်ကြမယ်ဆိုရင် အားလုံးအဆင်ပြေသွားမယ်လို့ ယုံကြည်မိပါကြောင်း။




--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives