ဟိုချီမင်းမြို့သို့ အလည်တခေါက် အလည်ရောက်တယ်
ဇော်အောင် (မုံရွာ)
ဇူလိုင် ၂၆၊ ၂၀၁၂
ဟိုချီမင်းမြို့က ပြင်သစ်စတိုင် ကော်ဖီခါးခါးတခွက် နေ့ခင်း ထမင်းစားချိန်၊ ထမင်းစားပြီးနောက် ဗီယက်နမ်၊ ဟိုချီမင်းမြို့က ကော်ဖီဆိုင်တခုကို နာရီဝက်ခန့် သွားရောက်ဖြစ်ပါတယ်။ ထုံးစံအတိုင်း မော်တော်ဆိုင်ကယ်လေးတွေနဲ့ သွားကြပါတယ်။ ဆိုင်က သိပ်မကြီးပေမယ့် ဓနိမိုးထားတဲ့ဆိုင်လေးမှာ ၁၀ ပေပတ်လည် အခန်းလေးတွေမှာ လွှဲလို့ရတဲ့ လူကြီးစီး ပုခက်လေးတွေ ၄ ခု တပ်ဆင်ထားပါတယ်။ လူ ၄ ယောက်သွားပြီး တယောက် ပုခက်တခုစီ နေရာယူပါတယ်။
ဧည့်ကြိုမိန်းမငယ်တဦးနဲ့ ဗီယက်နမ်လူငယ်၂ ဦးတို့ ဗီယက်နမ်စကားနဲ့ အုန်းရည် မှာသောက်ပါတယ်။ ဖိလစ်ပိုင်လူမျိုးနဲ့ ဗမာလူမျိုး ၂ ယောက်ကတော့ ဗီယက်နမ်စကားလည်း မတတ်၊ သူတို့မှာတဲ့ အုန်းသီးနဲ့ အုန်းခြစ်၊ ဇွန်းနဲ့ခြစ်စားသောက်ရင် ပုခက်စီးနေပါတယ်။ ပုခက်က လူတကိုယ်လုံးဝင်နိုင်ပြီး ၄ ယောက်စလုံး ကိုယ့်ရဲ့မိုဘိုင်းဖုန်းလေးတွေ ထုတ်ကြည့်၊ အင်တာနက် ဝိုင်ဖိုင်က အခမဲ့ သုံးခွင့်ပေးထားတော့ အားလုံး မိုဘိုင်းဖုန်းနဲ့ အင်တာနက် အီးမေးလ်ကြည့် အနားယူနေကြပါတယ်။
Khin Myo Chit - Hail the conquering Heroes Home
သူရဲကောင်းများကို ကြိုဆိုခြင်း
ခင်မျိုးချစ် (ဂျူနီယာဝင်း ဘာသာပြန်)
ဇူလိုင် ၂၆၊ ၂၀၁၂
(Khin Myo Chit ရေးသော 'Quest for Peace' မှ ' Hail The Conquering Heroes Home' ကို ဂျူနီယာဝင်း က ဘာသာပြန်သည်)
အိပ်မက်ဆိုးများ မပြီးဆုံးနိုင်တော့ဟု မြင်မိသည်။ အိပ်မက်ဆိုးများ အဆုံးသတ်သွားပြီဟူသည့် သတင်း လက်ခံရဖို့ပင် ကောင်းလွန်းအားကြီးနေပါသည်။ ကျမတို့ ဂျပန်လက်အောက်က တကယ်ပဲ လွတ်မြောက်ပြီဖြစ် သည်။ ဗြိတိသျှ တို့၏ အလုပ်တာဝန်က အခုတော့ ပြီးဆုံးသွားပြီ ဖြစ်သည်။ လူတွေသည် ၄င်းတို့ တောင်လိုပုံ နေသော တန်ဖိုးမဲ့ ဂျပန်ငွေစက္ကူတွေကို ဘာလုပ်ရမည် မသိဖြစ်ကာ ထိုကိစ္စကို မကျေမနပ်ဖြစ်နေကြသည်။ သို့သော် ကျမတို့အတွက် ဒီဒုက္ခတောထဲ မရောက်တာ ကံကောင်းလေခြင်းဖြစ်သည်။ ကျမတို့မှာ အ၀တ်အစား ၀ယ်ဖို့ အိပ်စရာဖျာဝယ်ဖို့ပင် ခြူးတပြားမှ မရှိပါ။ ကျမတို့၏ အသက်နှင့် ခန္ဓာတွဲကာရှိနေခြင်း၊ ဗုံးကြဲလေယာဉ်တွေနှင့် ဂျပန်စစ်တပ် နှိပ်စက်တာ မခံရတာနှင့်ပင် တော်တော်ကျေနပ်ဖွယ် ဖြစ်နေပါသည်။ ကျမတို့မှာ သုံးပတ်စာ ဆန်နှင့် စားစရာ တွေ ရှိနေသည်။ ဒါကုန်ရင်ကော…? …အိုး ….ဘာလို့ စိတ်ပူနေမှာလဲ။
ကျမတို့ သိုလှောင်ထားသော ရိက္ခာတွေ ကုန်မသွားခင်မှာ၊ ဗိုလ်ချုပ်နေ၀င်းနှင့် သူ့အဖွဲ့သားများ လော်လီကားနှင့် အပြည့် စားစရာတွေ တင်ဆောင်ကာ ကျမတို့ နေထိုင်လျက်ရှိသော စစ်တန်းလျားသို့ ရောက်ချလာပါသည်။ သူက ဒါတွေကို သူနှင့် သူ့လူတွေအတွက် ချက်ပြုတ်ကြော်လှော်ကျွေးမွေးဖို့ လုံလောက်သလားဟု မေးပါသည်။ မေးဖို့ လိုသေးလား ကျမတို့ အတွက်ဆို တာဝန်ယူဖို့ အတိုင်းထက်အလွန် ကျေနပ်ဖွယ် ဖြစ်နေပါသည်။ သူက ကျမတို့ စိတ်ရှိသလိုပင် ခွဲဝေကာ လုပ်ဖို့ပါ ဖြစ်ပါသည်။ ကျမတို့ မငတ်ပြတ်ခင် ကယ်တင်ခံရခြင်း အတွက် သူ့ကို ကျေးဇူးတင်မိပါသည်။
အရင်က မျက်မှန်းတန်းမိထားသော မျက်နှာများကို ကျမတို့ ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ရင်း နေ့စဉ် တာဝန်များကို ထမ်းဆောင်ကြပါသည်။ ကိုလတ်က ဗိုလ်နေ၀င်းနှင့် အတူ သူ၏ စာရွက်စာတန်းများကို ကူညီပေးကာ ကျမက ချက်ပြုတ်ကြော်လှော်၍ ဆာလောင်နေသော အရေအတွက် ဘယ်လောက်ရှိမှန်း မသိရှိသည့် လူများကို ကျွေးမွေးရပါသည်။ ထိန်းသိမ်းထားသော အစားအသောက်အများစုမှာ စောစောပိုင်း အခြေအနေမှာပင် ပုပ်သိုးကုန်ပါပြီ။ ဆန်တောင်မှ ပျက်လု နေပြီဖြစ်သည်။ ကျမသည် ပြည်နှက်နေသော ဆန်ပိုးများကို ဖယ်ရှား ကောက်ပစ်က ထမင်းချက်လို့ ရအောင်ဖြင့် စီမံရင်း တိုက်ပွဲဝင် အနိုင်ရ ဟီးရိုးများ ဖြစ်သော ဗိုလ်အောင်ဆန်း၊ ဗိုလ်နေ၀င်း နှင့် ဗိုလ်ဇေယျတို့အား ကျွေးမွေးခဲ့ပါတော့သည်။ သူတို့တတွေ တယောက်ပြီးတယောက် လာလိုက်ကြတာ သည်နေရာမှာ သူရဲကောင်းကြီးများဖြင့် ပြည့်လျှံလျက်ရှိနေပါတော့ သည်။
ကျမတို့ ကဲ့သို့ ငတ်ပြတ်နေသူများက နံဘေးမှာ အစကတည်းက ရှိနေကြပါသည်။ သူတို့က နံဘေးမှာ ဆာလောင်နေသော မျက်နှာများဖြင့် စူးစိုက်ကြည့်နေကြပါသည်။ ကျမသည် ဗိုလ်ချုပ်နေ၀င်း၏ ခွင့်ပြုချက်ဖြင့် သိပ်မကောင်းသော အစား အသောက် ဝေစုများကို သူတို့ကို ခွဲဝေကာ ပေးလှုရာ ၄င်းတို့မှာ အလွန်ကျေနပ်စွာပင် လက်ခံယူကြပါသည်။
ကျမက ထိုလိုအပ်နေသော သူများကို ဝေစုများခွဲပေးကာ နိုင်ငံရေးသမားများအား ချက်ပြုတ်ပေးရင်း ပျော်ရွှင်နေစဉ်မှာ စိတ်မသက်မသာစရာ အဖြစ်နှင့် ကြုံရပါသည်။ တနေ့မှာ အရာရှိလူငယ်တဦး ကျမဆီရောက်လာပြီး စစ်တပ်ဆိုင်ရာ ရာရှင်တွေကို ဘာလုပ်ပစ်သလဲဟု မေးပါသည်။ ကျမက ကျမကို မမေးပဲ ဗိုလ်နေ၀င်းကိုသာမေး ဟု ဖြေလိုက်ပါသည်။ သူက ကျမကို စာရင်းဇယား ဘယ်လို လုပ်သလဲ …စသည်ဖြင့် မေးမြန်းပြောဆိုပါ သည်။ ကျမက ' မကောင်းဆိုးဝါးတွေပဲ စာရင်းနဲ့ဇယားနဲ့ လုပ်ကြ' ဟုပြောလိုက်ပါသည်။ သည်လိုနှင့် စကားများကြပါသည်။ ကျမက ကျမသည် ရုံးကိစ္စများ လုပ်ပေးနေသူ မဟုတ်ကြောင်း ၊ ဒီပစ္စည်းတွေ ဖြန့်ဝေတဲ့ဆီမှာ ကိုယ့်သဘောနှင့်ကိုယ် မဖြန့်ရဘူး ဆိုရင် ဒါတွေ အကုန်သာယူသွား…..စသည်ဖြင့် ပြောလိုက်ပါသည်။ ဗိုလ်ချုပ်နေ၀င်းက ကျမတို့ကြားဝင်ကာ ငြိမ်းချမ်းရေးဝင်လုပ်ရပါသည်။ သူက ထိုလူငယ်ကို မောင်းထုတ်လိုက်ပါသည်။
ထိုအရိုင်းအစိုင်းလူငယ်၏ အမည်မျာ(ကျမနောက်တော့ သိလာသည်မှာ) ဗိုလ်ချုပ်အောင်ဆန်း၏ ရဲဘော်လေး ဗိုလ်သိန်းဆွေ ဖြစ်လာပါသည်။ ကျမ သူနှင့် စိတ်ဆိုးဒေါသထွက်ရသည့် ကိစ္စကို တခါတခါ မမေ့နိုင်ဘဲ ပြန်ပြန်ပေါ်လာပါသည်။ သူကများ ငါ့ကို ရာရာစစ၊ ရုံးစေ လူငယ်ပေါက်စလေးက၊ ကျမသည် စစ်တပ်အတွင်းက သူများဆီက ကြားသမျှသော နာမည်ဆိုးများကို သူ့ကိုပေးကာ ခေါ်ဝေါ်ခဲ့ပါသည်။ သို့ရာတွင် ကျမမသိသည်မှာ နောက်ဆယ်နှစ် အကြာမျာ ထိုလူငယ်လေးသည် ကျမ၏ ဘ၀ကို မမျှော်လင့်သော ပုံစဖြင့် ပြောင်းလဲ ပစ်လိုက်နိုင်မည်ဆိုတာကို ဖြစ်ပါသည်။
( ဒေါ်ခင်မျိုးချစ်၏ A Buddhist Piligrim's Progress ဆောင်းပါးတွင် ဘောက်ထော် စွန်းလွန်းဂူ ကျောင်းတွင် ဂျပန်ခေတ်က တော်လှန်ရေး ရဲဘော်ရဲဘက် အဖြစ် သိကျွမ်းခဲ့သော ဗိုလ်သိန်းဆွေ ယခု ဦးပဉ္စင်း ဦးသာသန ၀ိသုဒ္ဓိကို ပြန်တွေ့ခဲ့ရပုံကို ယခုလို ရေးသားထားပါသည်။
'မကြာမီ ဦးပဉ္စင်း ဦးသာသန၀ိသုဒ္ဓိသည် ကျမတို့ကို မြင်ပါသည်။ ထိုအခါ အံ့သြသွားပုံလည်းရသည်။ ၀မ်းသာပုံလည်းရပါသည်။ သူ၏ မျက်နှာတွင် ပြုံးသည့် အမူအရာလေးကို တွေ့လိုက်ရပါသည်။ သူ၏ ဣနြေ္ဒသိက္ခာကို ဖူးမြော်ရပြီး ကျမတော်တော် အံ့သြသွားသည်။ ယခင်က ကိုယ့်ကိုကိုယ် အထင်ကြီးသော အမူအရာများ၊ သူများအပေါ် မထေမဲ့မြင် အမူအရာများ မောက်မာသော အမူအရာများကို မတွေ့ရတော့ပါ။ ကျမစိတ်ထဲတွင် ….ငါအရင်က သိခဲ့တဲ့ အလွန်လူပါးဝတဲ့ ဗိုလ်သိန်းဆွေဟာ သူပဲလား? ဟု စဉ်းစားနေမိပါသည်။ သူ့အမူအရာသည် မေတ္တာ ကရုဏာ အပြည့် ဖြစ်နေပါသည်။ ကျမ၏ နှလုံးသားများ သည် ကြည်ညိုစိတ်များ ပြည့်လျက်ရှိသည်။ သူ့ရှေ့တွင် ထိုင်၍ ကြည်ညိုစိတ် အပြည့်ဖြင့် ကန်တော့မိပါတော့သည်။)
(ယခု ဆောင်းပါးကို ပြန်ဆက်ပါမည်)
ဤသို့နှင့် ကျမတို့သည် အရေးပါသော ပုဂ္ဂိုလ်တွေ ဗမာ့လွတ်လပ်ရေးဗိသုကာတွေသည် ကျမတို့ ဘ၀ထဲကို ၀င်လိုက်ထွက်လိုက်ဖြင့် ဆက်လက်လျှောက်လှမ်းခဲ့ကြပါသည်။ ဤသို့ဖြင့် ကျမတို့၏ မိတ်ဆွေများ တဦးပြီး တဦး ပြန်ရောက်လာကြ ပြန်တွေ့ဆုံကြပါသည်။
ဂျပန်ခေတ်တုန်းက ဗမာ့တပ်မတော်သည် တော်လှန်ရေး မျိုးချစ်စိတ်တို့နှင့် မျိုးချစ်ဗမာ့တပ်မတော် အဖြစ် ပေါင်းစည်းလိုက်ကြပါသည်။ ကိုလတ်သည် ကျမတို့ သံယောဇဉ်ကြီးခဲ့သော နိုင်ငံခြားရေးရုံးဟောင်းတွင် အရာရှိ အဖြစ် ရာထူး ရခဲ့ပါသည်။ အစစ အရာရာမှာ အခြေကျလာလျက်ရှိလာစဉ်မှာ ကျမတို့ လက်ရှိနေနေသော နေရာမှာ ဆက်လက် နေထိုင်ဖို့ မဖြစ်နိုင်တော့သဖြင့် နေစရာ ရှာရပါသည်။ ကျမတို့မှာ ပိုက်ဆံတပြားမှ မရှိပါ၊ သို့သော် မိတ်ဆွေများက ပိုက်ဆံ အဖြစ် ပြောင်းလဲပစ်၍ ရသော အထည်စများ အစရှိသည်တို့ကို လာပေးကြပါသည်။ အကြောင်းမှာ ဂျပန်တွေ ထွက်သွားချိန်မှာ သူတို့ သိမ်းဆည်းထားသော ပစ္စည်းဥစ္စာတွေက ထွက်ပေါ်လာသောကြောင့် ဖြစ်ပါသည်။ ကိုလတ်မှာ P.B.F( Patriotic Burmese Force) မြန်မာမျိုးချစ် တပ်မတော်မျ လစာ မရသေးသော်လည်း ရာရှင်တော့ ရနေပါသည်။
အချိန် အနည်းငယ် ကြာသောအခါ မြို့ပေါ်မှာ အခန်းတခန်းရသည်။ ထိုအခန်းရလိုက်သည့် ကံကောင်း ပုံကလည်း အတော်ရှင်းပြရမည်။ ကိုလတ်က နိုင်ငံခြားရေးရုံးမှာ အလုပ်လုပ်နေစဉ် အမျိုးသမီးငယ်တဦးက လက်နှိပ်စက်စာရေးအဖြစ် အလုပ်လာလုပ်သည်။ သူ့အသက်မှာ ၂၀ခန့်သာ ရှိပြီး သူ့ခမျာ အပြင်ထွက် အလုပ် လုပ်မှ ဖြစ်ဖို့ အကြောင်းဖန်လာသူ ဖြစ်သည်။ ထိုအချိန်က မိန်းကလေးငယ်တဦး အပြင်ထွက် အလုပ်လုပ်ဖို့မှာ လုံခြုံမှုမရှိပါ။ ဗုံးကြဲလေယာဉ်များနှင့် ဂျပန်စစ်သားတွေက နေရာတကာမှာ ရှိနေသည်။ ထိုမိန်းကလေး၏အိမ်မှာ ရုံးနှင့် ခြောက်မိုင်အကွာမှာ ရှိသည်။ ကိုလတ်နှင့် အခြားဝန်ထမ်းများက သူ့ကို ၀င်ခေါ်ကာ ရုံးသို့ လမ်း လျှောက်လာရသည်။ အပြန်ကျတော့လည်း သူ့အိမ်က ဖြတ်ပြန်ရသောကြောင့် လမ်းကလည်း သင့်သဖြင့် သူ့မိသားစု စိတ်ပူပင်နေရခြင်းကို လွယ်လွယ်ကူကူပင် လျော့ပါးစေရာ ရောက်ခဲ့ပါသည်။ ထိုမိန်းကလေး မသန်းခင်သည် ကျမတို့၏ မိတ်ဆွေကောင်း တယောက် ဖြစ်လာပါသည်။
မသန်းခင်၏ မိသားစုတွင် မုဆိုးမ မိခင်ကြီး၊ ညီအစ်မလေးဖေါ်နှင့် မောင် တဦးရှိကြသည်။ သူတို့မှာ စစ်ကာလ အတွင်း ခက်ခက်ခဲခဲ ကျားကန်ကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည့် လှပသော အိမ်ကြီးတလုံးရှိသည်။ ထိုအိမ်သည် သူတို့ ပိုင်ဆိုင်သမျှ ဖြစ်ကာ မသန်းခင်၏ ၀င်ငွေ နည်းနည်းလေးသည် မိသားစုကို အလွန်ပင် အကူအညီကြီး ဖြစ်လျှက်ရှိသည်။ စစ်ပြီးသွားသောအခါ မသန်းခင်သည် အရပ်ဖက် အုပ်ချုပ်ရေးမှာ အလုပ်ရသည်။ ထိုကာလသည် နေထိုင်စရာ နေရာကိစ္စ သည် အတော် ခက်ခဲသော အချိန်ဖြစ်သည်။ ကျမတို့ နေထိုင်စ ရာ အိမ်ရှာရတာလဲ အချည်းနှီးဖြစ်နေသည်။ ထိုအခြေအနေမှာ မသန်းခင် မိခင်ကြီးက ကျမတို့အတွက် ထိုအိမ်ကြီးမှာ နေထိုင်စရာ အခန်းတခန်းပေးပါသည်။ သည်တော့ ပြဿနာ တခု ဖြေရှင်းလိုက်နိုင်ခဲ့ပါတော့သည်။
*ကိုလတ်သည် P.B.F မှာ အလုပ်လုပ်ခဲ့ပြီးနောက်ပိုင်းတွင် ကြိုတင် ခြောက်လစာလခ အပြည့်ဖြင့် အလုပ်မှ အနားယူခဲ့ပါသည်။ ကျမတို့ ၀င်ငွေ ပြန်မရခင်မှာ ကျမသည် ဂျပန်ခေတ်အတွင်း တွေ့ကြုံခဲ့ရသော ကျမ၏ အဖြစ်အပျက်များကို စာအုပ်ငယ်လေးတအုပ် အဖြစ် ချရေးခဲ့ပါသည်။ ယင်းသည် ခက်ခဲကြမ်းတမ်းသော နေ့ရက်များ အတွင်းမှာ အသက်နှင့် ခန္ဓာတည်မြဲစေဖို့ အကူအညီဖြစ်ခဲ့ပါတော့သည်။
ကျမတို့သည် ထိုရိုးရှင်း အေးချမ်းသော နေရာလေးမှာ အခြေကျလာပြီး ကျမတို့၏ ဘ၀ကို ကြိုးစားပြီးတည်ဆောက်ခဲ့ကြပါသည်။ ကျမတို့ သားလေးကလည်း ကျောင်းတက်ရမည့် အရွယ်ရောက်လာပပြီ။ ကျမတို့တာဝန်မဲ့ အခုလို တလျှောက်လုံး နေထိုင်လာခဲ့လိုက်ကြတာ သည်အတိုင်းဆက်လျှောက်နေဖို့ မသင့်တော်ပါဘူးလေ။ ကိုလတ်သည် ပြည်သူ့ ထောက်ပံ့ရေးဌါနမှာ အလုပ်ရခဲ့ပါသည်။
မှတ်ချက် - ဦးခင်မောင်လတ် (ကိုလတ်)သည် အင်္ဂလိပ် ၀င်လာပြီးနောက် P.B.F (မျိုးချစ် ဗမာ့တပ်မတော်)တွင် အမှုထမ်းနေရာမှ ထွက်လိုက်သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းအား အင်္ဂလိပ်စစ်တပ်က ထိုတပ်မှာ အမှု့ထမ်းခဲ့တဲ့သူတွေပဲဖြစ်ဖြစ် ဂျပန်ခေတ်မှာ အမှု့ထမ်းခဲ့တဲ့သူတွေပဲဖြစ်ဖြစ် ၊ စစ်တပ်မှာမရှိတော့တဲ့သူပဲ ဖြစ်ဖြစ်၊ ဂျပန်ခေတ်မျာ အမှု့ထမ်းခဲ့တဲ့ သူတွေ ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းက လက်မှတ်ထိုး ထောက်ခံပေးရင် လခခြောက်လစာဖြင့် အနားယူခွင့်ပေးမည်ဟု ပြောခဲ့သည်။ ဘဘကြီး ဦးခင်မောင်လတ်သည် ဘဘကြီးအတွက်ဗိုလ်ချုပ်အောင်ဆန်း ထောက်ခံလက်မှတ်ထိုးပေးခဲ့သော ထိုထောက်ခံစာကို တပ်မတော်မော်ကွန်းတိုက်သို့ လှူလိုက်ပါသည်။ ဤကား ဘဘကြီးတို့ ပြောခဲ့တာတွေကို စာဖတ်သူများ သိစေရန် ဖြည့်စွက် ရေးသားလိုက်ခြင်း ဖြစ်ပါသည်။
မိုးမခ ပေးစာ
မွန်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထမင်းရှင် ဘယ်သူလဲ
ရာမညသား
ဇူလိုင် ၂၆၊ ၂၀၁၂
မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်းအတွင်း တရားမဝင် ဖွင့်လှစ်လုပ်ကိုင်နေသော အနှိပ်ခန်းနှင့် အခြားသော မြိုင်သာယာရပ်ကွက်အတွင်းရှိ တရားမဝင်ဖွင့်လှစ်ထားသော အနှိပ်ခန်းများအား တိုင်ကြားသော်လည်း ဖမ်းဆီးအရေးယူဖယ်ရှားခြင်း မရှိသောကြောင့် အွန်လိုင်းမီဒီယာများမှတစ်ဆင့် နေပြည်တော်မှ သက်ဆိုင်ရာလူကြီးမင်းများမှ လိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါရန် တင်ပြခဲ့ပါသည်။
ထိုသို့တင်ပြခဲ့ရာ ၉-၇-၂၀၁၂ ရက်နေ့တွင် မိုးမခ အွန်လိုင်းမီဒီယာ၊ ၁၃-၇-၂၀၁၂ ရက်နေ့တွင် သစ်ထူးလွင် အွန်လိုင်းမီဒီယာ များတွင်ဖော်ပြပါရှိခဲ့ပါသည်။
ထိုသို့ပါရှိခဲ့မှုကြောင့် ၁၅-၇-၂၀၁၂ ရက်နေ့ ညတစ်နာရီခန့်တွင် မွန်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ အပါအဝင် အဖွဲ့ပေါင်းစုံမှ ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်ဖြင့် အယောင်ပြ ရှာဖွေပြခဲ့ပါသည်။
ထိုသို့ အယောင်ပြရှာဖွေပြသောအချိန်တွင် မြိုင်သာယာရပ်ကွက်တစ်ခွင်ရှိ အနှိပ်ခန်းအသီးသီးမှာ တံခါးပိတ်၊ မီးမှိတ် ကိုယ်ဖျောက်နေခဲ့ကြပါသည်။ အချိန်နှစ်နာရီခန့် ကြာမြင့်သောအဆိုပါ အယောင်ပြရှာဖွေစစ်ဆေးမှု ပြီးစီးသော နံနက်သုံးနာရီအချိန်ခန့်မှ စတင်၍ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နေကြသည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။
မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်း၊ အမှတ်(၄၇) တွင်ဖွင့်လှစ်ထားသော တရားမဝင်အနှိပ်ခန်းမှာ ပြည့်တန်ဆာလုပ်ငန်းကိုပါ ပူးတွဲလုပ်ကိုင်နေကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ တိုင်ကြားပါက တိုင်ကြားသူသာ စစ်ဆေးမေးမြန်းခံရခြင်း၊ အရေးယူဖယ်ရှားမှု မရှိခြင်း၊ အယောင်ပြရှာဖွေပြပြီး အထက်သို့ တရားမဝင်အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်မှုမရှိကြောင်း တင်ပြနေခြင်းများကြောင့် ရပ်ကွက်အတွင်းနေ ပြည်သူလူထုအနေဖြင့် ရဲတပ်ဖွဲ့၏ထမင်းရှင်မှာ အခွန်ထမ်းပြည်သူလူထု မဟုတ်ဘဲ တရားမဝင်အနှိပ်ခန်းများ ဖြစ်နေသလား ဟူသောယူဆချက်များဖြစ်ပေါ်စေပြီး ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုကင်းမဲ့စေပါသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ နေပြည်တော်မှ တာဝန်ရှိလူကြီးမင်းများမှ သေချာစွာ ကြီးကြပ်ကွပ်ကဲ၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်အတွင်းရှိ တရားမဝင်အနှိပ်ခန်းများ ပျောက်ကွယ်သွားစေရန် လိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါရန် ထပ်မံတင်ပြလိုက်ရပါသည်။ ။
Kamar Pale - No Words for Title
အမည်ပေးဖို့ စကားလုံးတွေ ကြေကွဲနေတဲ့ ... ကဗျာ
ကမာပုလဲ
ဇူလိုင် ၂၆၊ ၂၀၁၂
လမ်းတလျှောက်လုံး ... မိုး
ရေညှိ ဆင်ဝင်အောက်ကို ရောက်မှ
သူ့ အငို တိတ်သွားတယ် ...။
လှေကားထစ်တွေအတိုင်း
အချိန်ကာလဟာ ပြန်လည်နုပျိုလာခဲ့ ...။
Oakland Burmese Summer Camp
ဥက္ကလံမြို့၊ ဓမ္မဧရိပ်ကျောင်း၊ ဗုဒ္ဓယဉ်ကျေးမှုအခြေပြုသင်တန်း ဒုတိယနှစ်ကျင်းပ
မိုးမခ ဓာတ်ပုံနဲ့ ရုပ်သံ၊ ဇူလိုင် ၂၆၊ ၂၀၁၂
ဆန်ဖရန်ဘေး ဧရိယာ၊ မြန်မာပြည် နယ်စပ်ဒေသက တိုင်းရင်းသားများ၊ မြန်မာ့အရေးလှုပ်ရှားသူများ ပြောင်းရွှေ့အခြေချရာ မြို့တော်ဖြစ်တဲ့ ဥက္ကလံမြို့မှာ သာသနာပြုနေတဲ့ ဆရာတော် ဦးအရိယာစာရရဲ့ ကျောင်းတိုက်၊ ဓမ္မဧရိပ်ကျောင်းမှာ နွေရာသီ ကလေး လူငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေပြုသင်တန်းကို ဒုတိယနှစ်၊ ရက်သတ္တပတ်သင်တန်း အောင်မြင်စွာ ကျင်းပနေတာကို တွေ့ရပါတယ်။
တိုင်းရင်းသားကလေး လူငယ်များ၊ လူကြီး မိဘများက မြန်မာပြည်ရဲ့ ရိုးရာ၊ ယဉ်ကျေးမှုနဲ့ ဘာသာရေး ယဉ်ကျေးလိမ္မာအောင် ၀ိုင်းဝန်း ကြိုးပမ်း ပြုစုပျိုးထောင်နေကြတာကို ၀မ်းမြောက်ဖွယ် တွေ့ရပါတယ်။
အခြားဘေးဧရိယာ မြို့တော်နေ မြန်မာမိသားစုများထက် နှိုင်းယှဉ်ရင် အခက်အခဲ အကြပ်အတည်းများစွာကို ရင်ဆိုင်ပြီး သူတို့ရဲ့ အခြေချရာ ရပ်ရွာမှာ မိသားစု အခြေစိုက်ယုံတင်သာမကဘဲ အမျိုး၊ ဘာသာ၊ သာသနာအတွက်လည်း တာဝန်ကျေပွန်အောင် ကျိုးစားနေကြတဲ့ မြန်မာတိုင်းရင်းသားစုစည်းမှုကို တင်ပြလိုက်ပါတယ်။
Canada Burmese held Buddhist Ceremony
၎ ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်၊ ရှင်ပြု၊ သီလရှင်ဝတ်ပွဲ ဓမ္မရံသီကျောင်း(ကနေဒါ)တွင် ကျင်းပ
ကျော်ဟုန်း ၊ ဇူလိုင် ၂၆၊ ၂၀၁၂
၎ ကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်းကပ်နဲ့  ရှင်ပြု- သီလရှင်ဝတ်ပွဲကို 6700 No 4 Road, Richmond,BC ကနေဒါနိုင်ငံမှာ ဇူလိုင် ၂၁ က ၂၂ နေ့အထိ ဓမ္မရံသီ ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ပါတယ်။
ဝါဆိုသင်္ကန်းကပ်လှူပွဲကို ဓမ္မရံသီဘုန်းကြီးကျောင်း ဂေါပကများဖြစ်သော ကိုစိန်ထွန်း၊ ကိုကိုလေးတို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားများက စုပေါင်း ပါဝင်ကျင်းပခဲ့ကြပါတယ်။




ဝါဆိုသင်္ကန်းကပ်ခြင်းနဲ့အတူ ရှင်ပြု၊ နားသ၊ သီလရှင်ဝတ် သာသနာ့ဘောင် သွတ်သွင်းခြင်းမင်္ဂလာပွဲကိုကျင်းပရာမှာ အလှူဒါယကာ၊ဒါယိကာမများ ဖြစ်ကြတဲ့ ဦးသန်းထိုက် ဒေါ်နန်းခင်နှင်းလှိုင်တို့ ၏သား မောင်ဝေယံထိုက်နဲ့  ဦးစိုးကျော်-ဒေါ်သူဇာမင်းတို့ ၏သား မောင်မင်းသွေးတို့ ကို ပဗ္ဗဇ္ဖအမွေ ရှင်သာမဏေအဖြစ် သွတ်သွင်းခြင်း ၊ ဦးကျော်ကျော်-ဒေါ်စန်းစန်းတို့ ၏ သမီးများဖြစ်သော မကေသီကျော်နဲ့  မကေစီကျော်တို့ကိုလဲ ကဏ္ဏဝဇ္ဈန နားသမင်္ဂလာကျင်းပပြီး သီလရှင်ဝတ်ပေးခဲ့ကြပါတယ်။
ထိုမင်္ဂလာအလှူပွဲ အခမ်းအနားကို ဓမ္မသီရံဘုန်းကြီးကျောင်းထိုင် ဦးဃောသကနဲ့ အတူ တိုရန်တို၊ ဝါရှင်တန်(အမေရိကန်)၊ ထိုင်ဝမ်မှ သံဃာတော်များလဲ ကြွရောက်အပူဇော်ခံခဲ့ကြပါတယ်။ ဘုန်းတော်ကြီးများကလဲ ဝါဆိုသင်္ကန်းများ အလှူခံယူတော်မူအပြီးမှာ ကြွရောက်လာတဲ့ ပရိသတ်များကို တရားဟောခြင်း၊ မေတ္တာပို့ ခြင်းများ၊ သီလစောင့်တည်ခြင်းများ၊ အမျှပေးဝေခြင်းများပြုလုပ်ပေးခဲ့ကြပါတယ်။
လာရောက်ကြတဲ့ ဧည့်ပရိသတ်များကို မုန့်ဟင်းခါး၊ မြန်မာထမင်းဟင်း၊ ဒန်ပေါက်၊ ခေါက်ဆွဲကြော်၊ ရွှေကြည်၊ ဆနွင်းမကင်း၊ သစ်သီးစုံများဖြင့် ကျွေးမွေးခဲ့သလို ဘုရားအမှူးပြုပြီး သံဃာတော်များကိုလဲ ဆွမ်းကပ်လှူဒါန ကုသိုလ်ယူခဲ့ကြပါတယ်။
ထိုဝါဆိုသင်္ကန်းကပ်ပွဲမှာ ကနေဒါရောက် မြန်မာကျောင်းသားတပ်မတော်က ရဲဘော်ဟောင်းများ၊ ရဟန်းပျိုသမဂ္ဂဟောင်းများနဲ့  ပြည်ပရောက်မြန်မာနိုင်ငံသားများ စုစုစည်းစည်း ရင်းနှီးချစ်ခင်စွာ နေထိုင်ကြတာတွေ့ ရတာကတော့ ဝမ်းသာစရာကောင်းတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ ပြည်ပမှာမွေးတဲ့ မြန်မာကလေးများကို မိမိတို့ ရဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုများကို အမွေပေးနိုင်ခြင်းဟာလဲ ချီးကျူးစရာကောင်းတဲ့ မျိုးချစ်စိတ်ဓာတ်ပဲလို့  တွေးမြင်မိပါတော့တယ်။
Shwe Nya Wah Sayadawgyi leaves for USA
ရွှေည၀ါဆရာတော် အရှင်ပညာသီဟ အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာ
ဓာတ်ပုံသတင်း၊ ဒီငြိမ်းလင်းဖေ့စ်ဘွတ်၊ ဇူလိုင် ၂၆၊ ၂၀၁၂
ယမန်နေ့ နေ့ခင်းက အမေရိကန်ပြည်ထောင်စုတွင် ၃ လတာ သာသနပြုခရီး လှည့်လည်ရန် ရွှေည၀ါဆရာတော် အရှင်ပညာသီဟ စတင်ထွက်ခွာစဉ်မှာ မြန်မာ့အရေး နိုးကြားလှုပ်ရှားသူများ၊ ၈၈ မျိုးဆက်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ မိသားစုများ၊ ရဟန်းသံဃာတော်များက ၀ိုင်းဝန်း ပို့ဆောင်နှုတ်ဆက်ကြတာကို တွေ့ရပါတယ်။
ဆရာတော်ဘုရားကြီးကို ၂၀၁၁ ခုနှစ်အတွင်းမှာ သူမူလသီတင်းသုံး သာသနာပြုတဲ့ သာဓုကျောင်း၊ ဗုဒ္ဓတက္ကသိုလ်မှ အာဏာပိုင်များနဲ့ သံဃာ့မဟာနယကများက ဖယ်ရှားဖို့ ကြိုးစားခဲ့ပြီး ၂၀၁၂ ဖေဖော်ဝါရီမှ ဆရာတော်က သာဓုကျောင်းတိုက်က ထွက်ခွာပြီး ပြောင်းရွှေ့သီတင်းသုံးခဲ့ပါတယ်။ ယခု ပထမဦးဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အမေရိကန်အချိန် ဇူလိုင် ၂၅၊ ညဖက်ပိုင်း ဆန်ဖရန်ဘေးဧရိယာသို့ ရောက်ရှိမှာ ဖြစ်ပါတယ်။
http://www.scribd.com/doc/75745723/Brief-bio-of-Shwe-Nya-Wah-Sayadaw-and-dispel-order ( ဆရာတော်ဘ၀ဖြစ်စဉ် အကျဉ်း)
Hanthawaddy U WIn Tin - ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ်
ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ်
ဟံသာဝတီ ဦးဝင်းတင်၊ ဇူလိုင် ၂၆၊ ၂၀၁၂
နိုင်ငံတော် လုပ်ကြံမှုကြီး တရားခံ အဖြစ်နဲ့ ကိုစိန်ကြီး ကြိုးစင်တက်ရတော့ ငယ်သေးတာပေါ့။
ဟံသာဝတီ ဦးဝင်းတင်၊ ဇူလိုင် ၂၆၊ ၂၀၁၂
နိုင်ငံတော် လုပ်ကြံမှုကြီး တရားခံ အဖြစ်နဲ့ ကိုစိန်ကြီး ကြိုးစင်တက်ရတော့ ငယ်သေးတာပေါ့။
ကိုးကား - Myanmar Independent News Journal - http://www.myanmarij.com/?p=4285
ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝကျော် ၇ဝ နီးပါး လောက်က အကြောင်းတွေကို တစ်ခါ တစ်ခါ ပြန်တွေးမိတယ်။ တစ်ပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္ကသိုလ်ဝင်တန်း တက်နေတယ်။ တိုင်းပြည်ကြီး ဒုက္ခရောက်ပြီဆိုတာ သိတယ်။ ကျုပ်တို့ တောမြို့လေးလည်း ငရဲကျပြီဆိုတာ သိတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်း ဆောင်ကြီးတွေ လုပ်ကြံခံကြရတယ်။ တိုင်းပြည် ဒုက္ခရောက်ပြီပေါ့။ ဒီလောက် တော့ ကျုပ်သဘောပေါက်ခဲ့တယ်။ ဗိုလ်ချုပ်တို့ကို လုပ်ကြံသူတွေထဲမှာ ကျုပ်တို့ မြို့သား တစ်ယောက်ပါနေ တယ်။ ကျုပ်ထက် အသက် ၅ နှစ်ပဲ ကြီးတဲ့သူ။ ကျောင်းနေဖက်တော့ မဟုတ်ဘူး။ ကျုပ်နဲ့အတူ ပြည်သူ့ ရဲဘော်အဖွဲ့ဝင်။
ကျုပ်တို့ တောမြို့ကလေးက သေးသေးလေး။ ဒါပေမယ့် သူနဲ့ကျုပ် မရင်းဖူး။ ကောင်းကောင်းတော့ သိတာပေါ့။ သူက ဂျပန်ခေတ် တပ်မတော်သားဟောင်း။ စစ်ကြီးပြီးသွားတော့ ကျုပ်လိုပဲ ပြည်သူ့ရဲဘော် အဖွဲ့ဝင်။ ကျောင်းဘင်ခရာ တီးဝိုင်းတွေ ဘာတွေမှာ ခေါင်းဆောင်ပါတဲ့သူ။ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း အလွန် ကြည်ညို ကိုးကွယ်သူ။ လူက ကိုယ်လုံးတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူဆုံဖူး တွေ့ဖူးလားတော့ ကျုပ်မသိဘူး။ ကျုပ်ကတော့ ဗိုလ်ချုပ်ကို တွေ့ဖူး ဆုံဖူးတယ်။ စကားတစ်ခွန်းနှစ်ခွန်း ပြောဖူးတယ်။ ကျုပ်လည်း ဗိုလ်ချုပ်ကို အသေအလဲ ကြည်ညိုတဲ့သူ။
ဂျပန်ခေတ်မှာရော စစ်ပြီးခေတ်မှာပါ ဗိုလ်ချုပ်ကို လူတိုင်း ကြည်ညိုတယ်။ ကိုးကွယ်တယ်။ အဲဒီလူတိုင်းထဲ ကျုပ်လို မြီးကောက်ပေါက်လည်း ပါတာပေါ့။ ဗိုလ်ချုပ်ကို ပစ်သတ်တဲ့ ကိုစိန်ကြီးလို နှစ်ဆယ်ကျော်သမားလဲ ပါတာပေါ့။
ကျုပ်က ၁၉၄၅ မတ်လမှာ တော်လှန်ရေး စစ်မြေပြင်ထွက်လာတဲ့ ဗိုလ်ချုပ်ကို ခရီးသွားဟန်လွဲတွေ့ လိုက်ဖူးတယ်။
"မင်းကျောင်းနေတယ် မဟုတ်လား။ စာတတ်အောင်သင်။ တို့မှာ စစ်တိုက်မယ့်လူတွေ ရှိတယ်။ စာသင်မယ့်သူတွေ ရှားနေတယ်"
ဆိုတဲ့ စကားကို နားထဲမှာ စွဲနေတယ်။ ၂ နှစ်လောက်ကြာတဲ့ ၁၉၄၇ ထိ နားလုံးပြည့် စွဲနေတယ်။ ကိုစိန်ကြီးလည်း ဂျပန်ခေတ်တပ်ထဲမှာ ဗိုလ်ချုပ်စကား ကြားခဲ့ဖူးမှာ မုချ။ သူကတော့ ကျုပ်လို ဗိုလ်ချုပ်စကား နားမစွဲခဲ့ဖူးနဲ့တူရဲ့။ ဒါကြောင့် ဂဠုန်ဦးစောစကား နားဝင်ခဲ့တာပေါ့။ အာဇာနည် လုပ်ကြံမှုကြီးထဲမှာ သေနတ်သမား ဖြစ်သွားခဲ့တာပေါ့။
ကိုစိန်ကြီးက မြို့တောင်ဖက်ရပ်ကွက်မှာ နေတယ်။ ကျုပ်က မြို့မြောက်ဖက် ရပ်ကွက်မှာ နေတယ်။သူ့ဆွေမျိုး အသိုင်းအဝိုင်းက ငွေသမား၊ ကြေးသမား၊ ကုန်သည်ပွဲစားတွေ။ ကျုပ်ဆွေမျိုးသားချင်းက တပ်မတော်သား၊ နိုင်ငံရေး လှုပ်ရှားသူတွေ။ ၁၉၄၇ မှာ သူက လုပ်ကြံရေးသမား ဂေါ့ဖားသားနောက် ကောက်ကောက်ပါ သွားတယ်။ သေနတ်ကိုင်တယ်။ ကြိုးစင်တက်တယ်။ ကျုပ်က နိုင်ငံရေး လှုပ်ရှားမှုနောက် ကောက်ကောက် လိုက်သွားတယ်။ ကလောင်ကိုင်တယ်။ တက္ကသိုလ် တက်တယ်။
သူရော ကျုပ်ရော ပြည်သူ့ရဲဘော် တပ်ဖွဲ့ ဝင်တယ်။ ပြည်သူ့ရဲဘော် တပ်ဖွဲ့ခေါင်းဆောင်က ဗိုလ်မျိုးကျော်။ တော်လှန်ရေးမှာ ဗိုလ်ဗထူးတပ်နဲ့ ရှမ်းပြည် အောင်ပန်းမြို့ကို ချီခဲ့တယ်။ ဗိုလ်ဗထူး ကျဆုံးသွားတော့ တပ်ကို သူဦးစီးခဲ့တယ်။
(ကျုပ်နဲ့ သားချင်း တော်တယ်။ အခု အသက် ၉ဝကျော် ပြီ။ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် မှာနေတယ်။ ဂျပန်ခေတ်စစ်တက္ကသိုလ် ဒုတိယပတ်ဆင်း။ လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်။ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်)
ကိုစိန်ကြီး ကြိုးပေးကွပ်မျက် ခံရတယ်။ ဂဠုန်ဦးစောတို့နှင့်အတူ ပေါ့။ သူ့အသက် ၂၂ နှစ်။ နိုင်ငံတော် လုပ်ကြံမှုကြီး သတင်းက အများကြီး ထွက်နေတာကိုး။ ကျုပ်တို့မြို့ကလေး မှာ အဲဒီအကြောင်းတွေပဲ အပြောဆုံး။ အကျယ်လောင်ဆုံး စကားဝိုင်းဖွဲ့ကြ တာပေါ့။
သူ့မိဘက စီးပွားတောင့်တယ်။ ဂဠုန်ဦးစောနှင့် ရင်းတယ်။ ဂဠုန် နိုင်ငံရေး ထောက်ခံတယ်။ ၁၉၄၇ နှစ်ဆန်းပိုင်း ကျုပ်တို့မြို့ကို ဦးစော ရောက်လာတယ်။ လူမိုက်လာစုတာ။ ကိုစိန်ကြီးက ကျားကျားလျားလျား၊ ထောင်ထောင် မောင်းမောင်း၊ မာမာ တင်းတင်း၊ မှုန်မှုန် တေတေ (ကမ္ဘာကျော် အီတလီ ဘောလုံးသမား မန်စီးတီး အသင်းသား ဘာလော့တယ်လီလို ပုံပန်းဟန်ပန်မျိုး)။
ဦးစောအဆွယ် ကောင်းတာလည်း ဟုတ်မှာပေါ့။ သူ့မိဘ တွန်းတာလည်း ဖြစ်မှာပေါ့။ ကိုစိန်ကြီးက အစောပိုင်း မှာ အင်တင်တင်ပဲတဲ့။ နောက်ပိုင်းမှ ဦးစောဘက် ပါသွားတာတဲ့။
ကိုစိန်ကြီးက ကားမောင်းတတ်တယ်။ ကားမောင်းပျော်တယ်။ ဦးစောက ဂျစ်ကားပြ ဆွယ်မှာပေါ့။ ကိုစိန်ကြီးရဲ့ ပြည်သူ့ရဲဘော်တွေက ဦးစောကို မုန်းကြတယ်။ ဦးစောကို ခယနေကြတဲ့ ကိုစိန်ကြီးနဲ့ သူ့မိသားစုကိုလည်း မျက်မုန်းကျိုး လာကြတာပေါ့။ ကိုစိန်ကြီး ဝိုင်းပယ်ခံရသလို ဖြစ်လာတယ်။ ကိုစိန်ကြီးမှာ ရည်စားသနာရှိတယ်။ မိန်းမချောလေး။ ရန်ကုန်မှာ ကျောင်းတက်တယ်။ ကွန်ဗင့်ကျောင်းသူ။ (ရည်းစားရှိရာ သွားချင်တာလည်း ပါမှာပေါ့။) ကျုပ် တက္ကသိုလ်ရောက်တဲ့နှစ် ၁၉၄၈ မှာ အဲဒီအမျိုးသမီးက ကိုစိန်ကြီးရဲ့ သူငယ်ချင်း တော်လှန်ရေး ရဲဘော်နဲ့ ညားနေပြီ။ ၁ဝ နှစ်လောက်ကြာတော့ အရမ်းချမ်းသာနေပြီ။ ကျုပ် သူတို့အိမ် အမြဲရောက်တယ်။ ကိုစိန်ကြီး အကြောင်းတော့ စကားမဟဖြစ်ဘူး။
ကိုစိန်ကြီး ကြိုးတိုက်(လူသတ် ရာဇဝတ်ကောင်တွေထားတဲ့ ထောင်အခန်း)ရောက်တော့ သူ့ရည်းစားက ထောင်ဝင်စာ လာတွေသတဲ့။ ကိုစိန်ကြီးက သူ့ပိုင်ပစ္စည်း ၆ဝဝ ကျပ်ဖိုး လောက်ကို သူ့ရည်းစားနဲ့ သူ့ သူငယ်ချင်း ရဲဘော်မင်္ဂလာဆောင်ရင် လက်ဖွဲ့ဖို့ စာရေးထားခဲ့သတဲ့။ ဒီဘဝ ဒီမျှသာ နောင်ဘဝပေါင်းကြစို့ရဲ့ သဘောသွားနဲ့ အလွမ်းစာလေးတောင် ရေးခဲ့သေးတယ်တဲ့။
ကိုစိန်ကြီးအကြောင်း မကောင်းသတင်း ကောင်းသတင်းတွေ အများကြီး ထွက်ခဲ့တယ်။ လုပ်ကြံမှုကြီးဟာ ဧရာမ အမှားကြီးပဲ။ နိုင်ငံရေးသစ္စာ ဖောက်မှုကြီးပဲ။ ဦးစောဟာ သမိုင်းရာဇဝတ်ကောင်ပဲ။ နိုင်ငံရေး ဒေဝဒတ်ပဲ။ သူလူပေါင်း မှားခဲ့ပြီ။ သမိုင်းကြွေးကို အသက်ပေးပြီး ဆပ်ရတော့မယ်။ သူနောင်တရပြီ။ ဦးစောဟာ လူယုတ်မာကြီး ဆိုတာ သူသိပြီ။ ဦးစောကို သူမုန်းပြီ။ တရားခွင် ရောက်တော့ ဦးစောကို လုံးဝအဖက်မလုပ်တော့ ။ လှည့်မကြည့်တော့။ မေးထူးခေါ်ပြောတောင် မလုပ်တော့။ ဦးစောငှားပေးတဲ့ ရှေ့နေကို သူလက်မခံ။ ရှေ့နေမငှားဘူးလို့ ရုံးတော်ကို ငြင်းတယ်။ ဦးစောကခေါ်လည်း လှည့်မကြည့်။ ဦးစော ပေးတဲ့ အဝတ်အစားတွေ တောင်မယူ။
မကောင်းသတင်းတွေလည်း ထွက်သေးတယ်။ ကြိုးစင် တက်ရမယ့်ရက်မှာ ကိုစိန်ကြီးက ဗိုလ်ချုပ်အောင်ဆန်း တို့ကို ဆဲသတဲ့။ ကြိုးစင် ပေါ်ရောက်တော့လည်း ဗိုလ်ချုပ်တို့ကို မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာ သွားသတဲ့။
နိုင်ငံတော် လုပ်ကြံမှုတွင် ပါဝင်ကြသည့် ခင်မောင်ရင်၊ သုခ၊ စိန်ကြီး ၊ ရန်ကြီးအောင်
လပိုင်းလောက် ကာလတိုလေး အတွင်းမှာ လူငယ်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ ဘယ်လိုကြောင့်များ ဇောက်ထိုးမိုးမျှော် ပြောင်းလဲခဲ့ရသလဲ။ နှစ်နှစ်ကာကာကြီး ချစ်ခင်မြတ်နိုး ယုံကြည်ကိုးကွယ်ခဲ့သူကို လုပ်ကြံသတ်ဖြတ်တဲ့အထိ ဖောက်ပြန် မိုက်မှားခဲ့ရသလဲ။ ရိုင်းစိုင်းရမ်းကားတဲ့၊ ရက်စက်မိုက်ကန်းတဲ့ မျိုးရိုးဗီဇ ကြောင့်လား။ အနောက်တိုင်းသမိုင်း ဝတ္တုတွေထဲက လူရဲလူရမ်း၊ လူကြမ်း လူမာတွေ ပေါက်ဖွားတဲ့ ဂပ်စကွန် နယ်သားတွေလို မြန်မာလူရမ်းကားတွေ ထွက်တဲ့ သာယာဝတီနယ်သား ဖြစ်လို့ ဒီလိုအပြစ်မျိုး ကျူးလွန်တာလား။
လူငယ်ဘာဝ လောကမှာ ကောင်းစားချင်တဲ့ အမုန်းစိတ် အမိုက်စိတ်တွေ ဖိစီးလွှမ်းမိုးခံရလို့လား။ ချစ်သူ ရည်းစားနဲ့ မြန်မြန်ညားပြီး ကြီးပွားချင်စိတ်နဲ့ လမ်းမှားလိုက်ခဲ့တာလား။
ရဲဘော်ရဲဘက်တွေက သူ့ကို ဦးစောဘက် ခြံခုန်ဖို့ ဟန်ပြင်နေတယ်လို့ တံဆိပ်ကပ်ပြီး ဖယ်ကျဉ်ချင်သလိုလို လုပ်လာကြလို့ သူကတစ်လှည့် အရွဲတိုက်ပြီး ဦးစောဘက်ခြေစုံ ပစ်ဝင်လိုက်တာလား။
ကိုစိန်ကြီးဟာ ဆရာကြီးဦးဖိုးကွန်း (နောင်အခါ ပြည်သူ့ရဲဘော်ဌာန ချုပ်ခေါင်းဆောင်၊ ဖဆပလဝန်ကြီး၊ သံအမတ်ဗိုလ်မှူးဖိုးကွန်း)လို ထင်ရှား တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ အမျိုးသားကျောင်းမှာ ကျောင်းသားဖြစ်ခဲ့တယ်။ အလယ်တန်း အဆင့်လောက်ပဲ စာသင်ဖူးတယ်။ စာမတတ် ပေမတတ် အသိ ဉာဏ်နုံနဲ့တဲ့ လူဖျင်းလူညံ့ ဖြစ်လို့လား။
သူရဲ့ ကျောင်းနေဖက်တွေထဲက ကိုစောလွင်(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးမင်းခေါင်)တို့ ကိုအောင်မြင့် (နောင် ကွန်မြူနစ်ပါတီအထက် မြန်မာပြည်တာဝန်ခံ)တို့၊ ကိုကြည်အေး (နောင်ဗြိတိန် စစ်တက္ကသိုလ် ဆင်းဟတ် ကျောင်းဆင်း၊ မေမြို့စစ် တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ဝန်ကြီး) တို့လို ထူးချွန်ပေါက်မြောက်သွားသူ တွေကို ပခုံးချင်း ယှဉ်ချင်လို့လား။
အကြောင်းတရား တွေကတော့ မျိုးစုံအောင် ရှိမှာပေါ့လေ။
ယတိပြတ် ပြောနိုင်တဲ့အကြောင်း တရားတစ်ခုကတော့ လူငယ်မျိုးဆက်သစ်တွေကို လမ်းမလွှဲအောင်၊ လမ်း မမှားအောင် သွန်သင်လမ်းပြတဲ့လုပ်ငန်းတွေပြုလုပ်ဖို့ လစ်ဟာ ပျက်ကွက်တာကြောင့်ဖြစ်တယ်။ အပြန်အလှန် သဘောပြောမယ်ဆိုရင် လမ်းမှန်ကို သိမ်းသွင်းလမ်းညွှန်ဖို့ လျော့ပါး အားနည်းတာကြောင့်ဖြစ်တယ်။
ဒါဟာ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးခဲ့ရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီးရဲ့ သင်ခန်းစာပဲ။
ဒီသင်ခန်းစာဟာ ဒီနေ့ဒီခါ နှစ်ပေါင်း ၆ဝ ကျော်၊ ၇ဝ ကုန်လွန် လာတဲ့ အချိန်ကာလအထိလည်းပဲ ကောင်းကောင်းကြီး မှတ်သားသင်ယူနေရမဲ့ အသိပညာပဲရယ်လို့ လက်ခံနေကြရမှာဖြစ်ပါတယ်။
ခေါင်းဆောင်ကြီး ခေါင်းဆောင်ငယ်တို့…။ ခေတ်လူငယ် မျိုးဆက် သစ်တွေရဲ့စကားကို နားလည်အောင် သင်ယူကြပါ။ ခေတ်လူငယ် လူသစ်တွေရဲ့ ဓါးကို အသွားတစ်ဖက်လား အမှားနှစ်ဖက်လား သိမြင်အောင် ဆင်ခြင်ကြပါ။ ခေတ်လူငယ် လူသစ်တွေကို အမှားပြင်ပေးကြပါ။ ခေတ်လူငယ် လူသစ်တွေကို အမှန်သင် ပေးကြပါ။
အမှောင်ခေတ်အလွန် တစ်ဘူတာမှာ ခေတ်လူငယ်စကားတွေ အများကြီး စောင့်နေတတ်တယ်။ ခေတ် လူငယ်တရားတွေ အများကြီး စောင့်နေတတ်တယ်။ ခေတ်လူငယ်ဓားတွေ အများကြီး စောင့်နေတတ်တယ်။
ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓားနားမလည်ရင် နားပြတ်တတ်တယ်ဗျို့။ နားလောက် ပြတ်ရင် ခံသာသေး။ လည်ပြတ်ရင် အာဇာနည် ဇာတ် တစ်ပတ်ကျော့ နိုင်တယ်ဗျ။ မှတ်ထားကြ။
ကျုပ်ပြောပြချင်တာ ဒါပါပဲ။
ဟံသာဝတီ ဦးဝင်းတင်
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives















