[mrsorcerer:27222] သမိုင်းဝင် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း အဖုံးများ

သမိုင်းဝင် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း အဖုံးများ

~


"---လေးခု ထောင့်ချင်းဆိုင် ဆက်လိုက်ရင် လွမ်းသူ့ပန်းခွေတစ်ခု ရတယ် တဲ့ ---"


တင်မင်းထက်ရဲ့ ရွှေဝါပြည် ဘလော့ဂ်ကနေ ကူးယူ ဖော်ပြပါတယ်။


၁၉၈၃-၈၄ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းအဖုံးပါ။
၇ ဇူလိုင် အထိမ်းအမှတ်တွေကို ပန်းချီမှာ ဝှက်ဆွဲထားတာပါ။

ပန်းချီဆရာက "မောင်မြင့်ဌေး" ပါ။ ဘယ်နားက မှန်ထောင်ကြည့်ရင် ပုံနဲ့ ဆက်စပ်ပြီး ဘာပုံ ဆိုတာတွေတော့ မေ့နေပါပြီ။ အခေါင်းထမ်းနေတဲ့ပုံ၊ ဝမ်းလျားမှောက်ပြီး သေနတ်ပစ်နေပုံ၊ ချီတက်နေပုံ စတာတွေ ပါပါတယ်။ သေချာတာကတော့ စာအုပ်ကို ပြောင်းပြန်ထောင်ကြည့်ရင် အ-သုံးလုံးသင်နေတဲ့သူတွေက လက်သီးဆုတ် ဖြစ်သွားပါလိမ့်မယ်။


ဒါက နောက်ဖုံးပါ။ "လှမိုး" လို့ လက်မှတ်ထိုးထားပါတယ်။ အဆောင် ပြတင်းပေါက်တွေက ထောင်တံခါးတွေ ဖြစ်နေပါတယ်။ အောက်နားက မျှော်စင်အောက်နားမှာ သပိတ်တလုံး တွေ့ရပါမယ်။ စာအုပ်ကို ပြောင်းပြန်ထောင်ကြည့်ရင် ပန်းတွေက ၇ ပုံစံ ပေါ်နေပါလိမ့်မယ်။


ဒီတပုံကတော့ ၇ ဇူလိုင်တော့ မဟုတ်ပါဘူး။ ၁၉၇၅-၇၆ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းအဖုံးပါ။ ဦးသန့် အရေးအခင်းအပြီး ထုတ်တာဖြစ်ပါတယ်။ သိပ်ရှားတဲ့ စာအုပ်ပါ။ သစ်ပုတ်ပင်က လက်သီးဆုတ်ပုံ ဖြစ်နေပါတယ်။ ပန်းချီဆရာက နောင်တချိန်မှာ ဂရပ်ဖစ်ဒီဇိုင်း ကျော်မင်းမောင် ဖြစ်လာမယ့် "ကျော်မင်းမောင်" ဖြစ်ပါတယ်။

မြန်မာကျူးပစ် (Myanmar Cupid Community Forums) မှာ မှတ်မိသူတွေ ပြန်ပြောပြတာလေးတွေ တွေ့လို့ ထပ်တင်ပေးလိုက်ပါတယ်။

ဒါ ၇ ဇူလိုင်နဲ့ မဆိုင်ဘူးလို့တော့ ပြောလို့မရဘူး ထင်တယ် . . . ဦးသန့် အရေးအခင်းအပြီးမှာ ထုတ်ခဲ့တာဖြစ်ပေမဲ့ ဖြစ်ခဲ့သမျှ အရေးအခင်းတွေ အားလုံးကို ခြုံငုံပြီး သရုပ်ဖော်ထားတယ်လို့ ထင်တယ် . . .

ပထမဆုံးကတော့ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ဆိုတဲ့ စာပဲ . . . ကုန်ဆိုတဲ့နေရာမှာ -ု နဲ့ နငယ်ရဲ့ ခြေထောက်ကို ထိစပ်ခမန်း လုပ်ထားတဲ့အတွက် ရန်ကုန် မဟုတ်ဘဲ ရန်ကျန် ဆိုသလိုမျိုးဖြစ်နေအောင် တမင်လုပ်ထားတာလို့ ဆိုတယ် . . . တချောင်းငင်တွေ နငယ်ခြေထောက်တွေကို ပုံမှန်ထက် ရှည်နေအောင် လုပ်ထားတယ် . .

သစ်ပုပ်ပင်ရဲ့ အကိုင်းအခက်တွေက ကဒေါင်းက နေတဲ့ပုံ၊ အဲ့သည် သစ်ခက်တွေကြားထဲမှာလည်း သရုပ်ဖော်ထားတဲ့ ပုံတွေ ရှိတယ်လို့ မှတ်မိနေတယ် . . .

ဆွဲထားတဲ့သူက အရောင် အမှိန်အဖျော့တွေ နဲ့ သစ်ခက်လိုင်းတွေ စပ်ဟပ်လို့ ပုံဖော်ထားလို့ သေချာ စိုက်ကြည့်မှ မြင်ရမှာမို့လို့ မူရင်း အရောင်စိုစိုစာအုပ်ကို ကြည့်မှ ရေးရေး တွေ့ရလိမ့်မယ်ထင်တယ် . . . မှတ်မိသလောက်တော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ သခင်ကိုယ်တော်မှိုင်း ဦးခေါင်းပုံတွေ လို့ဆိုတယ် . . .

သစ်ပုပ်ပင် ပင်စည်ကြီးက လက်သီးလက်မောင်း တန်းလို့ ဟစ်ကြွေးနေပုံပေါ့ . .
လက်မှာ သွေးတွေ စီးကျနေတယ် . . . ဘွဲ့နှင်းသဘင် အဆောက်အဦးခေါင်မိုးပေါ်မှာ ဘုန်းကြီးတစ်ပါးရဲ့ ရုပ်ကလာပ်ကို ပြင်ထားတယ် . .

ဘွဲ့နှင်းသဘင်ရှေ့က ခြင်္သေ့ရုပ်က ခွေးပုံဖြစ်နေသတဲ့ . . .

နောက် အောက်ကို ဆက်ဆင်းလာရင် ပုံရဲ့ ညာဘက်ထောင့်ကို ဗဟိုထားပြီး အစိမ်းရောင် အစက်အပြောက်တွေက စက်ဝန်းတစ်ခုရဲ့ လေးပုံတစ်ပုံလောက် ရှိနေလို့ သည်လိုပုံ လေးခု ထောင့်ချင်းဆိုင် ဆက်လိုက်ရင် လွမ်းသူ့ပန်းခွေတစ်ခု ရတယ် တဲ့ . . .

အဲ့သည်ထဲမှာတော့ ခုံတန်းလျား အဖြူရောင်လေးတစ်ခုဟာ ခြေထောက်တစ်ဖက်ပဲ ရှိသမို့ ၇ (၇) ဆိုတဲ့ သင်္ကေတကို ထင်ထင်ရှားရှားကြီး မြင်နေရတယ် . . .

ပုံတစ်ခုလုံးဟာ စိတ္တဇဆန်ဆန် ရေးဆွဲထားပြီး အစက်အပြောက်တွေ အရောင် အနုအရင့်တွေ သုံးထားလို့မို့ မရေရာတဲ့ ပုံရိပ်တွေ အများကြီးဖြစ်နေတော့တာ . . .
ဒါ ကျွန်တော် မှတ်မိသလောက်တွေပေါ့ . . . အများကြီးကျန်သေးတယ် . . .

(credit to: nnnaing @ Myanmar Cupid)


ဒီမဂ္ဂဇင်းနဲ့ပတ်သက်ပြီး ကျောင်းစာသင်နှစ် (academic year) ကိုပြောချင်ပါတယ်။

၁၉၇၄-၇၅ ပညာသင်နှစ်ကို ၁၉၇၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာစတင်ခဲ့တယ်။ ဒီဇင်ဘာလမှာ ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းဝန်ချုပ်ဟောင်း ဦးသန့် ဈာပနကိစ္စကြောင့် တက္ကသိုလ်နှင့်ကောလိပ်များကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပါတယ်။ ၁၉၇၅ ခုနှစ် မေလမှာ တက္ကသိုလ်နှင့်ကောလိပ်များကို ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ ထိုနှစ် ဇွန်လမှာ သမိုင်းအရေးအခင်းဖြစ်ပြီး တက္ကသိုလ်နှင့်ကောလိပ်များကို ရက်အကန့်အသတ်မရှိ ထပ်မံပိတ်လိုက်ပါတယ်။ အတန်းတင်စာမေးပွဲများကို ဇူလိုင် နှင့် ဩဂုတ်လများမှာ မြို့နယ်အလိုက် ကျင်းပခဲ့ပြီး ၁၉၇၄-၇၅ ပညာသင်နှစ်ဟာ ပြီးဆုံးခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်အတွင်း တက္ကသိုလ်နှင့်ကောလိပ်များကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါ။ ၁၉၇၆ ခုနှစ် ဇန်နဝါရီလမှာ ၁၉၇၅-၇၆ ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့်ကောလိပ်များကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ယင်းနှစ် မတ်လမှာ သခင်ကိုယ်တော်မှိုင်း ရာပြည့်အထိမ်းအမှတ် အရေးအခင်းကြောင့် တက္ကသိုလ်နှင့်ကောလိပ်များကို ရက်အကန့်အသတ်မရှိ ထပ်မံပိတ်လိုက်ပါတယ်။ အောက်တိုဘာလ မှာမှ တက္ကသိုလ်နှင့်ကောလိပ်များ၏ အတန်းများအားလုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာ ကျောင်း ၁ လ ပိတ်ပါတယ်။ ၁၉၇၅-၇၆ ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့်ကောလိပ်များ၏ အတန်းတင်နောက်ဆုံးစာမေးပွဲများအားလုံးကို ၁၉၇၇ ခုနှစ် မတ်လမှာကျင်းပပြုလုပ်ခဲ့ပါတယ်။

အထက်ပါ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၁၉၇၅-၇၆ ကို ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ကျောင်းပြန်အဖွင့်မှ ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။

ဘွဲ့နှင်းသဘင်အဆောက်အဦးကြီးရဲ့ အနောက်မှ အပြာရောင်ပုံများဟာ အုတ်ဂူတွေကိုရည်ညွှန်းထားတာလို့ မှတ်သားရဖူးတယ်။ ညာဖက်က ကန့်ကော်တော နေရာမှာ အစိမ်းရောင်တွေနဲ့ သစ်ပင်သစ်ရွက်ပုံတွေကို ရေးဆွဲထားပေမယ်လို့ အသေအချာကြည့်ရင် ကျောင်းသားများ၊ သံဃာတော်များပုံ၊ လဲကျနေတဲ့ပုံတွေကို မြင်နိုင်ပါတယ်။ သစ်ပုတ်ပင်ပေါ်မှာလည်း ကျောင်းသားများ၊ သံဃာတော်များပုံ ပါရှိသေးတယ်။

အဲဒီ နှစ်လည်မဂ္ဂဇင်း ကို ထုတ်ဝေချိန်မှာ လမ်းစဉ်ပါတီဗဟိုကော်မတီ နှင့် ပညာရေးဝန်ကြီးဌာန တို့မှ ချမှတ်ပေးလိုက်တဲ့ "ငြိမ်းချမ်းစွာပညာသင်ကြားရေး" မူဝါဒလမ်းစဉ်ကြောင့် မျက်နှာဖုံးကို ဆင်ဆာလွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ နောင်နှစ်ပေါင်းကြာမှ ပြန်ကြားသိရပါတယ်။

(Credit to : koluchaw @ Myanmar Cupid) ---

ညွှန်း - ရွှေဝါပြည် http://shwewarpyi.blogspot.com/2011/07/blog-post.html

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ