ငါတို့ဗိုလ်ချုပ်
၂၀၁၁ ခု ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ တွင်ကျရောက်သော
ဗိုလ်ချုပ်အောင်ဆန်း ၉၆နှစ်ပြည့် မွေးနေ့ အမှတ်တရ ။
"ဖေဖေါ်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ၊
တစ်ထောင်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား ၊
ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင် ၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊ မိခင်ဒေါ်စုသား ။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန် ပြောင်းကြွတမလွန် ၊
မျက်ရည်ဖြိုင်လို့
ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး ၊
ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင် ၊
ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ။''
ပြည်ထောင်စုရေး ကြိုးပမ်းဆောင်
ပြည်ချစ်ဒို့ ခေါင်းဆောင် ၊
ဒီမိုကရေစီလမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား ။
ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ်က ဗိုလ်ချုပ်မွေးနေ့ စာစီစာကုံး ပြိုင်ပွဲမှာ
ဆုရရှိခဲ့တဲ့ မဲဆောက် SAW အထက်တန်းကျောင်းမှ မောင်ဇော်သက်အောင်ရဲ့
ရေးသားချက်လေးကို ဗိုလ်ချုပ် (၉၆)မွေးနေ့ အမှတ်တရ အဖြစ် ပြန်လည်
ဖော်ပြလိုက်ပါတယ်..။
ငါတို့ဗိုလ်ချုပ်သာ သက်ရှိ ထင်ရှားရှိမယ်ဆို ၊ ခု ၂၀၁၁ ဖေဖေါ်ဝါရီလ
၁၃ရက်နေ့မှာ အသက် ၉၆နှစ်ရှိပြီပေါ့….. ၊ ငါတို့ဗိုလ်ချုပ်ဆိုတာလား…?
အေးပေါ့…… ငါတို့ရွယ်တူ ဒါမှမဟုတ် ငါတို့ထက်ငယ်တဲ့ တချို့တချို့သူတွေ
ဘယ်သိနိုင်ပါ့မလဲ ၊ ဗမာပြည်ရဲ့ စစ်အာဏာရှင်တွေက ငါတို့ဗိုလ်ချုပ်ကို
မှေးမှိန်အောင် ဖျောက်ဖျက် ဖုံးကွယ်ထားကြတာကိုး ...
ငါတို့ဗိုလ်ချုပ်ဆိုတာ ဗမာပြည်နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းမှာ အထင်ကရ
ဖြစ်ခဲ့တဲ့ ဗိုလ်လရောင်ခေါ် ဗိုလ်မင်းရောင်ရဲ့မြေး ၊
မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ရဲ့ ခင်ပွန်း ဒီနေ့ခေတ် လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်၊ ဗမာ့တပ်မတော်ကို ဖက်စစ်လက်အောက်က
လွတ်မြောက်ဘို့ စွမ်းစွမ်းတမံ ဦးဆောင်ကြိုးပမ်းခဲ့သူပေါ့ ။
ငါတို့ဗိုလ်ချုပ်ကို "အောင်ဆန်းဇာနည်" ဆိုတဲ့ကဗျာထဲကလို ၊မကွေးတိုင်း၊
နတ်မောက်မြို့နယ်၊ သဲချောင်းကြီး အနောက်ဖက်ကမ်းတောင်ကုန်းပေါ်က ၊ အိမ်ခြေ
၂၀၀လောက်ရှိတဲ့ရွာလေးမှာ ၊ ၁၉၁၅ ခု ဖေဖေါ်ဝါရီလ (၁၃) ရက် ၊ ဗမာလို ၁၂၇၆ ခု
တပေါင်းလဆန်း (၁) ရက် ၊ စနေနေ့မှာ မွေးခဲ့တယ်။ မွေးဇာတာမှာ စနေသားမို့
"ထိန်လင်း " လို့ရေးပေမဲ့ ၊ အထက်အကို အောင်သန်း နဲ့လိုက်အောင် အောင်ဆန်း
လို့ပဲခေါ်ခဲ့ကြတယ်။ မိဘတွေက ဆွံ့အနေလား ထင်ရလောက်အောင် စကားပြော
နောက်ကျခဲ့သလို ညီအကို လေးယောက်မှာ အငယ်ဆုံးမို့ အလိုလိုက်ထားတော့ ၊
အသက်(၇)နှစ်ကျော် (၈)နှစ်အထိ ကျောင်းမတက်ရသေးဘူး၊ အကို
ကိုအောင်သန်းကိုရှင်ပြုပေးလို့ "ရှင်လောင်းလုပ်ချင်တယ်" ပူဆာတာမှာ
အမေဒေါ်စုက "ရှင်လောင်းဆိုတာ စာတတ်မှလုပ်လို့ရတာ" ပြောမှ၊
"ကျောင်းနေပါတော့မယ်" ပြောပြီး ကတိပေး ကျောင်းတက်ဖြစ်တာ။
နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်းမှာ ကျောင်းစတက်ပြီး
ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းမှာ အထက်တန်း အောင်ခဲ့တယ် ။
အင်္ဂလိပ်မြန်မာ သတ္တမတန်းစာမေးပွဲမှာ နဝမအဆင့်ရလို့
ဦးရွှေရိုးဆုနဲ့စကောလားရှစ်ဆု ရခဲ့တယ ၊ ရန်ကုန်တက္ကသိုလ်
တက်နေတဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) ရဲ့ဒုဥက္ကဌ ၊
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ရဲ့ ဥက္ကဌ ၊ "
အိုးဝေ " မဂ္ဂဇင်း အယ်ဒီတာ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။
၁၉၃၆ ခု ထုတ် အိုးဝေမဂ္ဂဇင်း ၊ အတွဲ ၆ အမှတ် ၁ မှာ ဝီလီယမ် အားနက်စ်ဟင်နလီ
William Ernest Henley ရဲ့ " Invictus " ကဗျာကို " အနိုင်မခံ " လို့
ဘာသာပြန် ထုတ်ဝေခဲ့တယ်။ "ငါ့အား ဖုံးလွှမ်းထားသော လ ကွယ်သန်းခေါင် ၊ ဤ
အမှောင်တွင်းမှနေ၍ အနိုင်မခံ အရုံးမပေးတတ်သော ငါ၏ စိတ်ဓာတ်ကို
ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။ လောကဓံ တရားတို့၏
ရက်စက်ကြမ်းကြုပ်သော လက်ခုပ်အတွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား
မတုန်လှုပ် ၊ မငိုကြွေး ၊ ကံတရား၏ ရိုက်ပုပ်ခြင်း ဒါဏ်ချက်တို့ကြောင့် ၊
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ၊ ညွှတ်ကားမညွှတ် ၊ ဤလောဘ ဒေါသ
တို့ကြီးစိုးရာ ဌာန၏ အခြားမဲ့ကား ၊ သေခြင်းတရားသည် ငံ့လင့်လျှက် ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ၊ သုဂတိသို့ သွားရာတံခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ ၊ ယမမင်း၏ ခွေးရေပုရပိုဒ်၌
ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သား ထားသည်ဖြစ်စေ ၊ ငါ့ကား
ဂရုမပြု ၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင် ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏
အကြီးအကဲဖြစ်သတည်း " …………။
အိုးဝေမဂ္ဂဇင်းမှာ ငရဲခွေးကြီးလွှတ်နေသည် ဆိုတဲ့ ဆောင်းပါးရေးတဲ့သူကို
ထုတ်ဖော်မပြောလို့ ကျောင်းထုတ်ခံခဲ့ ရတာမှာ သမိုင်းတွင်မဲ့ ဒုတိယ
ကျောင်းသားသပိတ် ဖြစ်စေတဲ့အထိ ဖြစ်ခဲ့တယ်။ စိတ်သန်ရာ နိုင်ငံရေးကို
လိုက်စားခဲ့တာကြောင့် ရန်ကုန်တက္ကသိုလ်မှာ ခြောက်နှစ်ခွဲပဲ နေခဲ့ပြီး ၊
နိုင်ငံရေးထဲ ခြေစုံပြစ်ဝင်၊ သခင်ကိုယ် တော်မှိုင်း ဦးဆောင်တဲ့
ဒို့ဗမာအစည်းအရုံးမှာ ၊ "သခင်အောင်ဆန်း" ဖြစ်လာခဲ့တယ် ။
ငါတို့ဗိုလ်ချုပ်က ထောင်လည်းကျဘူးတယ် ၊ ၁၉၃၉ ဇန်နဝါရီလမှာ ရန်ကုန်အရေး
တကြီး အက်ဥပဒေနဲ့ (၁၅)ရက် ဖမ်းဆီးထောင်ချခံရတယ် ၊ ဗမာပြည်
ကွန်မြူနစ်ပါတီ ဖွဲ့တော့လဲ အထွေထွေ အတွင်းရေးမှုးတာဝန် ယူခဲ့တယ် ၊
နယ်ချဲ့ဆန့်ကျင်ရေးအတွက် မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ကို တည်ထောင်တော့
ငါတို့ဗိုလ်ချုပ်ကို ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြတယ်။
ဟသာင်္တခရိုင် ရာဇဝတ်ဝန် မစ္စတာ ဇေးဗီးယားက ဇလွန်မှာ ချင်းတောင်းအ ကြောင်း
ဟောပြောမှုနဲ့ ငါတို့ဗိုလ်ချုပ်ကို ဖမ်းဘို့ ငါးကျပ်တန်ဝရမ်းကို
ထုတ်ခဲ့တယ် ၊ ၁၉၄၀ ခု သြဂုတ်လ (၈) ရက်နေ့မှာ သခင်လှမြိုင်နဲ့အတူ
ဟိုင်လီဆိုတဲ့ သဘောင်္နဲ့ တရုတ်ပြည်ကို လျှို့ဝှက်သွားခဲ့တာဟာ
ငါတို့ဗိုလ်ချုပ်ရဲ့ ၊ ဗမာပြည်လွှတ်လပ်ရေးရဲ့ ၊ ဒီနေ့ခေတ် ဗမာတပ်မတော်
ဖြစ်လာဘို့ရဲ့ ၊ သမိုင်းဝင် ခရီးစဉ် ဖြစ်လာခဲ့တယ်။
`တရုတ်ပြည် အမွိုင်ကနေ ဂျပန်ပြည်တိုကျိုကို ဆက်သွားပြီး စစ်ပညာသင်ဘို့
ဆွေးနွေးခဲ့တယ်၊ ရဲဘော်သုံးကျိပ်ထဲက ပထမအသုတ် လူငယ်တချို့ကို ကိုယ်တိုင်
ပြန်ခေါ်ခဲ့သေးတယ် ၊ ဂျပန်ပြည်မှာ ကိုးလ စစ်ပညာသင်ပြီး ( ၁၉၄၁ ) ခု
ဒီဇင်ဘာလ ၂၇ ရက် စနေနေ့ ညတစ်နာရီမှာ ၊ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့က
မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ နေအိမ်မှာ ၊ လက်မောင်းသွေး ဖောက်သောက်
သစ္စာပြုရင်း BIA ခေါ် ဗမာလွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ကြတယ်။
အဲ့ဒီတုံးက ငါတို့ဗိုလ်ချုပ်က ဗိုလ်တေဇ လို့ အမည်ခံတယ် ။
ငါတို့ ဗိုလ်ချုပ်ကို အင်္ဂလိပ်အစိုးရက ၁၉၄၂ ခု ဇန်နဝါရီလ (၁) ၇က် နေ့မှာ
ဘားမားလစ် ( Burma List) ခေါ် အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော်စာရင်းမှာ
အမှတ်စဉ် ၅ အဖြစ် ကြေငြာခဲ့သေးတယ်။ BIA ခေါ် ဗမာလွှတ်လပ်ရေးတပ်မတော် ကနေ
BDA ခေါ် ဗမာ့ကာကွယ်ရေး တပ်မတော် ကိုပြောင်းတော့ ငါတို့ဗိုလ်ချုပ်က
ဗိုလ်မှုးကြီးရာထူးနဲ့ သေနာပတိ ဖြစ်လာတယ်။ ၁၉၄၂ခု စက်တင်ဘာလ
ခြောက်ရက်နေ့မှာ ဒေါ်ခင်ကြည်နဲ့ လက်ထပ်တယ်။ ၁၉၄၃ခု မတ်လမှ
ဗိုလ်ချုပ်ရာထူး၊ တိုးမြင့်ခြင်းခံရတယ်။
၁၉၄၄ ခု သြဂုတ်လ (၄) ရက် နေ့မှာ ပဲခူးမြို့ ဗမာ့တပ်မတော် တိုင်း ၎
စခန်းမှာ ဖက်စစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး (
ဖတပလ ) ကို ငါတို့ ဗိုလ်ချုပ် ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းခဲ့တာ
ဖြစ်တယ် ၊ သြဂုတ်လ နှစ်ဆယ့်သုံးရက် ဗုဒွဟုးနေ့မှာ ဗမာပြည်
ကွန်မြူနစ်ပါတီ ၊ ပြည်သူ့ အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော် ပေါင်းပြီး
ဖက်စစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ်ကို
ပြန်ဖွဲ့စည်းတော့လဲ ငါတို့ဗိုလ်ချုပ်အိမ်မှာပဲ။
၁၉၄၅ ခု မတ်လ ၂၇ ရက်နေ့ (စစ်တပ်က သူ့တို့ဘာသူ့တို့ တပ်မတော်နေ့လို့
ဇွတ်သတ်မှတ်တဲ့ တော်လှန်ရေးနေ့ ဖြစ်လာမဲ့နေ့)မှာ ဖက်စစ်ဂျပန်တွေကို
ငါတို့ဗိုလ်ချုပ် ဦးဆောင် တွန်းလှန်တိုက်ပွဲဝင်ခဲ့တယ်။ ၁၉၄၇ ခု
ဖေဖော်ဝါရီလ (၁၂) ရက်က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ပင်လုံ
စာချုပ် လတ်မှတ်ရေးထိုးခဲ့တာကို ကြည့်ရင် ငါတို့ဗိုလ်ချုပ်ဟာ
မြန်မာလူမျိုးတွေသာမက တိုင်းရင်းသားတွေကပါ လက်ခံတဲ့ ခေါင်းဆောင်ကောင်း
တစ်ယောက်ဆိုတာ ပေါ်လွှင် ထင်ရှားခဲ့တယ်။
၁၉၄၇ ခု ဇူလိုင်လ (၁၉) ရက် စနေနေ့မနက် (၁၀ နာရီ ၃၇ မိနစ်) မနက်ဟာ
ငါတို့ဗိုလ်ချုပ် ကံဆိုးမိုးမှောင်ကျတဲ့နေ့ ၊ ငါတို့ ဗမာပြည်ရဲ့ အနာဂတ်
ကံဆိုးမိုးမှောင်ကျ တဲ့အချိန်ပေါ့ ၊ အမျိုးသားသစ္စာဖောက် မသမာသူ တစ်စုရဲ့
လုပ်ကြံမှုနဲ့ ငါတို့ဗိုလ်ချုပ် ကျဆုံးခဲ့တယ် ၊ ငါတို့ဗိုလ်ချုပ်သာ
အဲ့ဒီတုံးက အဲ့ဒီလို လုပ်ကြံမခံခဲ့ရရင် တပ်မတော်မှာ ဒီနေ့လို
ခေါင်းဆောင်ဆိုးတွေ အုပ်ချုပ်လို့ရပါ့မလား ၊ ဘာသာကို စော်ကား ၊ ပြည်သူကို
အနိုင်ကျင့် ၊ တိုင်းရင်းသားတွေကို လူမျိုးတုန်းသတ် လုပ်လို့ရပါ့မလား ၊
အခုလို သူများ နိုင်ငံမှာ မျှော်လင့်ချက်မဲ့ မိတကွဲ ဖတကွဲ
ငါတို့နေရပါ့မလား ။
ဘယ်သူတွေ ဘယ်လိုပဲလုပ်ကြံခဲ့လုပ်ကြံခဲ့ ၊ ဘယ်သူတွေ ဘယ်လိုပဲ ဖျောက်ဖျက်
ဖုံးဖုံး ၊ ငါတို့ ရင်ထဲမှာ ငါတို့ဗိုလ်ချုပ်မသေ ၊ ငါတို့ပြည်သူတွေ
ရင်ထဲမှာ ငါတို့ဗိုလ်ချုပ် ရှိနေမှာပဲ ၊ ငါတို့ဗိုလ်ချုပ်က
အောင်ဆန်းတွေအများကြီး မွေးထုတ်ပေးခဲ့တာပဲ၊ အဖေ့မျက် နှာဖျက် လောဘတက်တဲ့
ဦးအောင်ဆန်းဦးလို သားမျိုး မွေးခဲ့မိပေမဲ့ ၊ ဗမာရော ကမ္ဘာကပါ
ချစ်ခင်လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လို အဖေ့စိတ်ဓာတ် ၊ အဖေ့ သတ္တိ ၊
အဖေ့ အမွေခံ သမီးမျိုး ၊ ကိုမင်းကိုနိုင် ၊ ကိုကိုကြီး တို့လို
မျိုးဆက်မျိုး ၊ ငါတို့ဗိုလ်ချုပ်ရဲ့သွေးတွေ ၊ ငါတို့ပြည်သူတွေအတွက်
ခေတ်တိုင်းမှာ ရှိနေဦးမှာပဲ ။
ဆရာ ဒဂုဏ်တာရာရဲ့ ရုပ်ပုံလွှာမှာ ငါတို့ဗိုလ်ချုပ်ကို အောင်ဆန်း သို့မဟုတ်
အရိုင်းလို့ ချစ်စနိုးနဲ့ ခိုင်းနှိုင်းပြီး တစ်ခုတည်းသော
ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ မဲ၍လုပ်တတ်သော နိုင်ငံရေးသတ္တဝါတဲ့
ငါတို့ဗိုလ်ချုပ်က ရိုင်းတယ် ၊ ကြမ်းတမ်းတယ် ၊ လူမှုရေးမရှိ ၊
ဟန်ဆောင်ယဉ်ကျေးမှုတွေမလုပ် ၊ ဒါပေမဲ့ ငါတို့ဗိုလ်ချုပ်က ဖြူဖြောင့်တယ်၊
တည်ကြည်တယ် ၊ ရိုးသားတယ် ၊ ပြည်သူ့အတွက်ပဲ စဉ်စားတယ် ၊ ငါတို့ကို
ရှေ့ဆောင် လမ်းပြနိုင်ခဲ့တယ် ၊ ငါတို့အတွက် ရဲရင့်ခြင်းအမွေတွေ ထားခဲ့တယ်
၊ " ဟေ့ သေလည်း ဗမာပီပီ ဇာတိမာန်နဲ့ သေကြပါ ၊ ရန်သူက မိရင် လက်အားရင်
လက်နဲ့ထိုး ၊ ခြေအားရင် ခြေနဲ့ကန် ၊ နောက်ဆုံး ပါးစပ်အားနေရင်
ပါးစပ်နဲ့ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက်တာပေါ့ " လို့ ငါတို့ဗိုလ်ချုပ်
ပြောခဲ့တဲ့စကား ငါတို့အားလုံး လက်ကိုင်ထားရမယ်။
" ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို့ သူရဲကောင်းတွေ
မွေးရမယ် " တဲ့ ၊ ငါတို့ဗိုလ်ချုပ်ဟာ ငါတို့ရဲ့ သူရဲကောင်းဖြစ်တယ် ၊
ငါတို့ဗိုလ်ချုပ်ဟာ ငါတို့ရဲ့ အာဇာနည် အစစ်ဖြစ်တယ်။
ငါတို့ဗိုလ်ချုပ်ကို ငါတို့ ချစ်တယ် ။
ဇော်သက်အောင်
ဒဿမတန်း
S A W High SchoolMaesot
ဝန်ခံချက်။ ...အချက်အလက်များနှင့် ရေးသားပုံရေးသားနည်းအား ဆရာသူရဇော်
သင်ပေးခြင်းဖြစ်ပါသည်။
ရင်းမြစ်။ ဒီမိုဝေယံ ဘလော့ခ် - မှ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ