သီချင်းတပုဒ် ပြီးဆုံးချိန်
ဂေါ်ရှယ်
ဇူလိုင် ၄၊ ၂၀၁၂

စိတ်ပင်ပန်းမှု ခံစားရချိန်
စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ကြုံတွေ့ရချိန်
ပြင်းထန်တဲ့ စိတ်ဝေဒနာတခုပြုစားခံရချိန်
သီချင်းတစ်ပုဒ်ကို အားပါးတရသီဆိုလိုက်တဲ့ခါ ...
စိတ်ခံစားမှုတွေသက်သာ လျှော့ပါးပျောက်ကွယ်သွားစေခဲ့တယ် ....။

သီချင်းတစ်ပုဒ်ကစိတ်ကို ကုစားပေးတယ်
စိတ်ခွန်အားဖြစ်စေတယ်
စည်းစနစ်ကျစေတယ်
စိတ်ကို တက်ကြွစေတယ်
လူ့ဘဝတခုကို တဆစ်ချိုးစေခဲ့တယ်
အခြေအနေတစ်ခုကို ပြောင်းလဲစေနိုင်တယ် ....။

အိမ်ကိုလွမ်းရင်း သီချင်းဆိုတယ်
ပျော်ရွှင်နေလည်း သီချင်းဆိုတယ်
အသဲကွဲတော့ သီချင်းဆိုတယ်
သီချင်းဆိုရင်းနဲ့လည်း တိုက်ပွဲဝင်တယ်
သီချင်းတစ်ပုဒ်ကြောင့်ဘဲ ကမ္ဘာမြေကြီးကျန်းမာနေဆဲ ....။