[aurorageneration] မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်

ဆောင်းပါးရှင် – ညီတိုးငြိမ်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

ကျနော် သိသည်ကိုသာ ပြောပါမည်။ ကျနော်သည် လူတစ်ယောက်သာ ဖြစ်သည်။ လူလောက်သာ သိမည်။ နတ်မဟုတ်။ တန်ခိုးရှင် မဟုတ်။ သိသလောက် တွေးမိသလောက်ဖြင့် ယနေ့ မြန်မာ့ သမိုင်းစဉ် စာမျက်နှာထဲက ဒီနေ့ ဖြစ်စဉ် တစ်ကြောင်းစာလောက် မှတ်တမ်းတင်မည်။ သိသည်ကိုသာ ပြောမည် ရေးမည်။

ခုတလော ပြည်တွင်းပြည်ပမှာ အတော် ဂယက် ထနေသည့် မြန်မာပြည်သတင်းများအပေါ် သုံးသပ် ချက်တွေ အမျိုးမျိုး ဝေဖန်ချက်တွေ အဖုံဖုံ ထွက်နေတာ ကြားရ၏။ ဂန်ဘာရီခေါ် အခွင့်အရေးသမားလို လူမျိုး ကမ္ဘာ့ကုလသမဂ္ဂမှာ တာဝန် မပေးသင့်ဘူး။ လုံခြုံရေး ကောင်စီကလည်း စက္ကူကျားလား၊ သင်္ကြန် အမြောက်လား၊ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားတို့ ဆက်ဆံရေး ပိုမို ခြေလှမ်းစိတ်လာချိန်မှာ တောင်ကိုရီးယားကို စစ်ကြေငြာ သယောင် အပစ်ရပ် စာချုပ်ဖျက်လိုက်တဲ့ မြောက်ကိုရီးယားအကြောင်း၊ တရုတ်ကြီးတွေ မြန်မာပြည် က ကျောက်သံပတ္တမြား၊ ရေနံ တွင်းထွက် မြေပေါ် မြေအောက် မကျန်၊ လူထီးလူမ မြန်မာတွေကိုပါ ၀ယ်ရောင်း ချယ်လှယ်နေကြပုံတွေ အကြောင်း။
ဒီကြားထဲ မိုးတွေ အဆက်မပြတ်ရွာတဲ့ ရန်ကုန်မှာ ရေတွေကြီး၊ အိမ်တချို့ ရေမြုပ်၊ လမ်းတွေ ပျက်၊ လူတွေ ဖျား။ အကြောင်းအရာ အစုံစုံကို ဒီနေ့ ကြားနေရပါသည်။

ဘာပဲပြောပြော အကြောင်းအရာတွေ အားလုံးဟာ သဘာဝ ဖြစ်တည်မှု အရကော လူတို့ ဖန်တီးမှု ရလာဒ်များ အရပါ အားလုံးဟာ တနည်းနည်းနဲ့ ဆက်စပ်နေကြတာပဲ ဖြစ်ပါသည်။ သေချာတာ တစ်ခုကတော့ ကျနော်တို့ ပတ်ဝန်းကျင် ကျနော်တို့ လူမျိုးတွေ မျက်နှာ မသာမယာ ဖြစ်လာတာ ပိုပို များလာတယ် ဆိုတာပါပဲ။

ဘာလို့ မျက်နှာ မသာမယာ ဖြစ်ရသလဲ။ စိတ်ဆင်းရဲလို့ပေါ့ခင်ဗျ။ ဘာလို့ စိတ်ဆင်းရဲသလဲဆို လူ့ဘ၀မှာ နေထိုင်ရတဲ့ စားဝတ်နေရေး အဆင်မပြေ လို့ပေါ့ ခင်ဗျာ။ လူတို့ အတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ အဲဒီ စားခြင်း၊ ၀တ်ခြင်း၊ နေခြင်း စတဲ့ စားဝတ်နေရေး ဆိုတဲ့ လူတို့ ကိစ္စအ၀၀ အဆင်ပြေခြင်း မပြေခြင်း လုပ်ငန်းဆောင်တာ လမ်းစဉ် အားလုံးကို နိုင်ငံရေး လုပ်ငန်းစဉ်လို့ ဆိုမယ် ဆိုရင် နိုင်ငံရေး မကောင်းလို့ပေါ့၊ ဘယ်နိုင်ငံရေး မကောင်းလို့ လူတွေ စိတ်ညစ်သလဲ။ မြန်မာတွေစိတ်ညစ်တာ မြန်မာ့နိုင်ငံရေး မကောင်းလို့ပေါ့ လို့ပဲ ညီတိုးငြိမ်းခံယူပါသည်။

နိုင်ငံရေး ဆိုတာ ဘယ်လိုအခြေအနေကို ဆိုလိုသလဲ။ ကျနော် လေးစားမြတ်နိုးရသော ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့်အတိုင်း ဖွင့်ဆိုပြချက်ကို ကျနော် ယုံကြည်သည်။ နိုင်ငံရေးဆိုတာ တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်ပေါ်က ပြောတဲ့သူကပြော အောက်က နားထောင်တဲ့ သူကထောင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး ဆိုသည်ကို နက်ရှိုင်းစွာ ယုံကြည်သည်။ အားလုံးသော လူတွေရဲ့ အကျိုးကိစ္စ၊ လူတွေ လိုလားတဲ့ ရလာဒ်တွေ ဖြစ်ထွန်းလာအောင် ကိုယ်စီအသိစိတ်ဖြင့် ကြိုးပမ်းကြရတာကို နိုင်ငံရေးလို့ ခေါ်သည်ဟု ယုံကြည်သည်။

ထို့ကြောင့် ညီတိုးငြိမ်း နာမည်ခံထားသော ကျနော် အမျိုးသားအရေးအရာနှင့် ဆက်ဆိုင်သော နိုင်ငံရေးကို တစိုက်မတ်မတ် တွေးတောပြုမူသည်။ ရသလောက် လုပ်နိုင်သလောက် လုပ်သည်။ ပတ်ဝန်းကျင် ကိုယ်နှင့် ထိတွေ့နီးစပ်ရာ အရာတိုင်း ပြည်သူတိုင်း လူငယ်တိုင်းကို အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲရေးနဲ့ အသိတိုးဖို့ အမြင်မှန်ဖို့ လုပ်သည်။ အမြင်မတော်တာတွေ့လျှင် ရသည့်နည်းဖြင့် ပြုပြင်ပြောင်းလဲစေရေး ကြိုးပမ်းသည်။ တွန်းအား ပေးသည်။ ဆော်သြသည်။ ဒါကို အမျိုးသား နိုင်ငံရေးအတွက် တာဝန်ထမ်းဆောင် သည်ဟု ယုံကြည်သည်။

ကိုယ်တိုင်လည်း မဟုတ်တာ မမှန်တာ မတရားတာ မလုပ် မစဉ်းစား၊ ကိုယ်ကျိုးကိုသာ ဦးတည် စေစား ပြုမူတွေးကြံခြင်း အလျှင်းမလုပ်။ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် နေသည်။ ဘယ်သူသိသိ မသိသိ ကိုယ်လုပ်ရပ် မှန်၏ မှား၏ကို ကိုယ်သာသိသည်။ ကိုယ့်ကိုကိုယ် မလိမ်မညာ မဖုံးကွယ်ချင်။ ထို့ကြောင့် ဘယ်သူမှလည်း တရား မပျက်နဲ့ငါလည်း တရားမပျက်အောင် နေနိုင်တဲ့ ခေတ်ကို တည်ဆောက်မည်ဟု ခံယူဆောက်တည်နေပါ၏။

ယနေ့ ညီတိုးငြိမ်း မြင်ကြားသိခွင့် ရခဲ့သော အကြောင်းအရာ တချို့ကို အစ ကောက်ဆွဲထုတ်ပြီး နိုင်ငံရေးဘောင်ထဲ သွတ်သွင်းကာ ဘဲဥ အစရှာရန် အားထုတ်ချင်သည်။ ယိုယွင်းပျက်စီးခြင်း၊ တိုးတက်မြင့်မားခြင်း၊ ဆုတ်ယုတ်နိမ့်ပါးခြင်း၊ သာလွန်ကြီးထွားခြင်း သူ့အရှိန် သူ့ ကဏ္ဍများဖြင့် လည်ပတ် နေသော နိုင်ငံတော် လူနေမှု ယန္တရားကြီးထဲမှ ဖြစ်စဉ်တစ်ခုကို ဆွဲထုတ် သုံးသပ်တင်ပြချင်သည်။

မနေ့ညနေတုန်းက အိမ်နားက မိတ်ဆွေမိသားစု တအိမ်လုံး မျောက်မီးခဲ ကိုင်သလို ဖြစ်နေသည်။ ဟိုလူ့ဖုန်းဆက် ဒီလူ့ ဖုန်းဆက် ယောက်ယက် ခတ်နေကြသည်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော သားဖြစ်သူထံ အီးမေးလ်ပို့ရ အင်တာနက် ဖုန်းဖြင့် ခေါ်ရ။ အမှုလိုက်ဖို့ ပိုက်ဆံတောင်းရဖြင့် အလုပ်တွေ ရှုပ်နေကြသည်။ ဖြစ်ပုံက အရွယ်မရောက်တရောက် သူတို့သားက တရပ်ကွက်ထဲနေ အရွယ် မရောက်သေးသူ ၁၅ နှစ်ကျော်ခန့်ရှိမည် ထင်ပါသည်။ မိန်းကလေးအား ခိုးယူ ပေါင်းသင်းသည့် အမှု ဖြစ်နေကြောင်း တရားစွဲ ရုံးတိုင်၊ ဂါတ်က ဆင့်စာပို့လာ၍ တအိမ်လုံး ပြာယာခတ် ဖြစ်နေကြသည်။

တရားစွဲ အရေးယူ ထောင်ချမည်ဟု သမီးရှင်ဘက်က ရေကုန်ရေခမ်း လိုက်သည်။ ရဲကို ပိုက်ဆံဖို့ပြီး သူ့သမီး အရွယ် မရောက်သေးသူအား ဖျက်ဆီးသူကို ကလဲ့စား ချေပြစ်ဒါဏ်ပေးမည်ဟု စိုင်းပြင်းသည်။ ဒီသားရှင်ဘက်ကလည်း ငွေပေးပြီးလိုက်ရင် ဘယ်ကောင်ခံနိုင်မှာ မို့လဲ ဆိုပြီး ပိုက်ဆံတွေ သိမ်းကျုံး ရှာသည်။ ပေါင်လို့ရသမျှ အကုန်ပေါင်။ တောင်းလို့ရနိုင်သမျှ သားချင်းဆွေမျိုးတွေဆီက အမှုလိုက်ရန် အကြောင်းပြ ငွေတောင်းပြီး စွဲဆိုလာသော အမှုကို ရင်ဆိုင်ရန် ပြင်သည်။

သူ့ဘက်ကိုယ့်ဘက် တကယ့်ရန်သူကြီးတွေလို ပြုမူကုန်ကြတော့သည်။ တရပ်ကွက်ထဲသားချင်း ဆွေစဉ်မျိုးဆက် ရန်သူကြီးတွေလို မာန်တစောင်စောင်၊ အံတခဲခဲ၊ ရှိသည့် အရာအားလုံးပုံကာ ပြိုင်ကြတော့သည်။ ရာထူးရာခံ ဆွေမျိုးသားချင်း အာဏာရှိသူတို့ကို အပြိုင်ဆိုင် အပြေးအလွှားကပ်ကာ အကူညီတောင်း ပါဝါ ပြိုင်ကြပြီ။ ပညာချင်းပြိုင်ကြပြီ။ ရဲစခန်းက ရဲအမှုထမ်းတို့နှင့် ဘယ်မိသားစုက ပိုမို ပလဲနံပ သင့်သလဲ ရဲတို့က ဘယ်သူ့ကို မျက်နှာပိုလိုက် အကူညီပေးနိုင်မည်လဲ။ ပြိုင်ကြပြီ။ တရားတွေ ဆိုင်ကြပြီ။ ရှေ့နေတွေ တပြုံးပြုံး။ အမှုပွဲစားတွေ တရုန်းရုန်း။ တရားခံ ဆိုသူ လူငယ်လေးမျက်နှာ နုန်းနုန်း။

မြန်မာတို့ မညီမညွတ်ဖြစ်နေကြပြီ။ ညီတိုးငြိမ်း ကြည့်နေမိသည်မှာ နှစ်ဘက်သော အမှုဆိုင်မိသားစုတို့ကို ပင်းပြီး ခွစားအမြတ်စွန်းယူရန် အားထုတ် နေသည့် အမှု ပွဲစားများ၊ ငိုစား ရယ်စား ရဲများ နှင့် ရပ်ကွက်မှ သတင်းပေးများ။ စွမ်းအားရှင်များ ကြံ့ဖွံ့လက်ပါးစေများ ဘာလိုလို ညာလိုလို အကောင်များ။ သူတို့တွေသာ အိတ်ကပ်ဖေါင်းမည့် အရေးကိုသာ တွေးမိရင်မောသည်။

စဉ်းစားချင်သည်။ တွေးကြည့်ချင်သည်။…အရွယ်မရောက် သေးသူတို့ ဘာကြောင့် ဒီလိုဖြစ်ကုန် ရတာလဲ။ ဆယ်လေးငါးနှစ် အရွယ် ဆိုတာ ဆော့ကောင်း တုန်း ကြိုးခုန် ဇယ်တောက် အိုးပုတ်ဂျိုးရုပ်နှင့် အရုပ်လေးများပွေ့ကာ အပြစ်ကင်းသည့် မျက်ဝန်းများဖြင့် ဘ၀အလှဆုံးဖြစ်သင့်သည့် စူးစမ်းဖွေရှာ အသိဥာဏ် အတောက်ဆုံးသာ ဖြစ်သင့်သည်။ ယခုတော့….. ဘာကြောင့်များ ဒီအရွယ်လေးနဲ့ အိမ်ထောင်မှု ကာမဂုဏ်တွေ လူသိထင်ရှား လွန်ကျူး ဖေါက်ဖျက် လာကြသလဲ။ ၁၈ နှစ် ၁၉ နှစ် မို့ ဖိုမ ကိစ္စ စိတ်ဝင်စားခြင်းကို အပြစ်မတင်ပါ။

ညီတိုးငြိမ်း အိမ်အနီးတွင် စီဒီအခွေငှါးဆိုင် ရှိသည်။ ထွက်သမျှ တေးသီချင်းခွေ။ မြန်မာ ရုပ်ရှင်ခွေများ အစုံ ရနိုင်သည်။ တရားဝင် ဖြန့်ချီပါသည် ဆိုသော မြန်မာသီချင်းခွေတို့တွင် ပါဝင်သရုပ်ဆောင်သည့် မော်ဒမ်မလေးများသည် ခေတ်ကို အလွန်မှီကြသည်။ ရေပျက်မီးမမှန် လူဆင်းရဲ ပေါများရာ ခြင်ထူကြွက်ပေါ၊ မြောင်းပုပ်နံ့နံရာ၊ ထမိန်ပင် အပြင်မှာ ထုတ်မလှမ်းရဲ လောက်အောင် သူခိုးဂျပိုးထူရာ ဤမြန်မာပြည်က ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်သည်ဟု ဘယ်သူမှ မယုံနိုင် လောက်အောင် ခေတ်မှီကြသည်။ အ၀တ်အစား အလှစ်အဖေါ် အပြိုင်အဆိုင် လုပ်နေကြသည်။ မနေ့က ကြည့်မိသော ဂျောက်ဂျက် ဆိုသူ ဟစ်ဟော့ အဆိုကျော်လေး၏ တေးသီချင်း စာတမ်းထိုးတွင် ရင်သားနှစ်ခု ပြူးနေအောင် ဖေါ်ထားသော မြန်မာမလေး ဓါတ်ပုံကို တွေ့လိုက်ရသည်။

ဒါ .. အကင်းပဲ ရှိသေးသည်ကို လမ်းထိပ် လဘက်ရည်ဆိုင်ဆီ သားတော်မောင် အတွက် ကော်ပြန့်ကျော် သွားဝယ်ပေးခိုက် တွေ့လိုက်ရသော မြင်ကွင်းက သက်သေပြလိုက်သည်။ ရင်သားဖေါ်ယုံဖေါ်သော မြင်ကွင်းကို မြန်မာတို့ အီရိုးနေပြီထင်၏။ လဘက်ရည်ဆိုင်အတွင်း ကျနော် ၀င်ရောက်သွားသောအခါ ဆိုင်သည် လူအရှင်းကြီး မဟုတ်သော်လည်း အနဲငယ် ကျဲ၏။ ထိုအချိန် ဆိုင်တွင်း စားပွဲဝိုင်း တခုတွင် ၀ိုင်းဖွဲ့ထိုင်နေသူ လူငယ် လူလတ် (အသက် ၄၀ကျော် လူတောင် ပါသေး) အုပ်စု တစ်စုက လူတစ်ဦးလက်တွင် ကိုင်ထားသော mp4 ပလေယာကို ၀ိုင်းအုံကြည့်ပြီး တဟားဟား သဘောကျ နေကြသည်။

ထို ပလေယာ သေးသေးလေးမှလည်း အသံစူးသေးသေးက လူအုပ် အသံကို ဖေါက်ကျော်ထွက်နေသည်။ ထိုလူအုပ်ထဲမှ တစ်ယောက်က လမ်းပေါ်မှ ဖြတ်လျောက် သွားသော အမျိုးသမီးငယ် နောက်ပိုင်းကို စားတော့ဝါးတော့မည့် ဟန်ဖြင့် စူးစိုက် ကြည့်နေသည်။ သူက စက်ကရိယာပေါ်က မြင်ကွင်းထက် အပြင်ကို ပိုမို စိတ်ဝင်စားနေပုံပြသည်။ သူတို့ ဘာတွေကြည့်နေပါသလဲ။ လူမြင်ကွင်း ထင်းထင်းကြီးမှာ ဘာပုံတွေ ကြည့်ပြီး တဟားဟား သဘောကျ နေပါသည်လဲ။

တအိအိ တအားအားဖြင့် ဖိုမ ဆက်ဆံသော ပြကွက် ဗွီဒီယို အခန်းလေးအား လဘက်ရည်ဆိုင်တွင်း ၀ိုင်းအုံ ကြည့်ရှုသဘောကျနေကြသည်။ ဆိုင်ပိုင်ရှင် အဒေါ်ကြီးကမူ ဘာမှ မထူးဆန်းသည့် သဘောမျိုးဖြင့် မျက်နှာလွှဲကာ ဆေးပေါ့လိပ်ကြီးသာ တွင်တွင်ဖွါနေသည်။ လဘက်ရည်ဆိုင် ဆိုသည်ကို ထိုင်လေ့ ထိုင်ခြင်း မရှိသည့် ကျနော် အံ့သြမိသည်။ မြန်မာတွေ ဤမျှအထိ ဟီရိသြတ္တပ တရား ခေါင်းပါးလာပြီလော … ထိုလဘက်ရည်ဆိုင်နှင့် မျက်စောင်းထိုးတွင် အရပ်ဝတ်နှင့် (ကျနော့်မြို့နယ် သတင်းတပ်ဖွဲ့က ရဲ) ရဲတပ်ကြပ် တစ်ဦးက စက်ဘီးပြင်ဆိုင်တွင်းမှ ပက်လက် ကုလားထိုင်ပေါ်တွင် ကျောမှီထိုင်ရင်း ငိုက်မြည်းနေသည်။ စက်ဘီးဆိုင် ပိုင်ရှင်သည် စွမ်းအားရှင် ခေါင်းဆောင်ဖြစ်ပြီး သူ့စက်ဘီးဆိုင် မလှမ်းမကမ်းရှိ ကျနော်တို့မြို့နယ် NLD လူငယ်စည်းရုံးရေး တာဝန်ခံ လူငယ်တစ်ဦး၏ နေအိမ်ကို မျက်ခြေမပြတ် စောင့်ကြည့်မှတ်တမ်းတင်ရန် အမြဲထိုင်နေသူ တစ်ဦးသာဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံသားတွေ ဖြစ်ပျက် ယိုယွင်း အရှက်ကင်းနေသည်ကို စောင့်ကြည့်မှတ်တမ်း တင်ရကောင်းမှန်းကို သိသူ မဟုတ်ပေ။ သူ့တာဝန်သည် မျက်နှာထားတင်းတင်းဖြင့် လူတွေကို ဟိန်းဟောက် ခြိမ်းခြောက်ရန်သာ ဖြစ်သည်။ နှစ်လုံးထီ။ သုံးလုံးဒိုင်။ စက်သုံးဆီ အရောင်းဆိုင်။ ဖာခေါင်းအိမ်။ အရက်ပုန်းဆိုင်၊ တရားမ၀င် အပေါင်ဆိုင်နှင့် လက်ရှိဥပဒေက ခွင့်မပြုသော စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတို့ထံမှ လစဉ်ကြေးကောက်မည်။ အခွင့်အရေး ယူမည်။ ဒါသာ သူတို့ ရဲ တာဝန်။ လူတွေ ပြည်သူပြည်သားတွေ ဘာဖြစ်နေနေ သူတို့ အလုပ်မဟုတ်။

မြန်မာနိုင်ငံကြီး ဘယ်အဆင့် ဘယ်အခြေ ရောက်နေပြီနည်း။ အုပ်ချုပ်သူတို့ပင် ညံ့ဖျင်း၍လော။ ကျနော်တို့ ပြည်သူပြည်သားတွေကပင် မိုက်မဲ၍လော ….ယဉ်ကျေးမှု တရားတွေ အဆင့်ရွေ့လျော နိမ့်ကျ လာပြီလော….အရှက်အကြောက် တရားတွေ ခေါင်းပါး လာပြီလော..လူနေမှု အဆင့်အတန်း နိမ့်ကျမှု အဟုန် ကြီးထွားလွန်းပြီလော.. ဒါမှမဟုတ်၊ မဟုတ်သည့်နေရာမှာ လွတ်လပ်ခွင့် ရသည်ကို မသိသည့် အသိဥာဏ်က မခံစားနိုင်ဘဲ သာယာမှု လွဲနေကြပြီလော.. ယဉ်ကျေးမှု အစဉ်အလာ ကြီးမားခဲ့သည်ဆိုသည့် ရွှေမြန်မာတို့ ဘာတွေ ဖြစ်ကုန်ပြီနည်း။ ကျိုးကြောင်းများ ဆက်စပ်တွေးမိပြန်သည်။

ပြီးခဲ့သည့် အပတ်က ရန်ကုန်မြို့တွင်း မြေနီကုန်း မီးပွိုင့်နှင့် တာမွေ မီးပွိုင့်တို့တွင် လက်ပွေ့ ရောင်းချသော ဈေးသည် လူငယ်တချို့ကို ကျနော် သွားလေ့လာခဲ့သည်။ ကြားစကား မယုံ၍ ကိုယ်တွေ့ ဖြစ်အောင် လိုင်းကားပေါ်မှ ဆင်းပြီးတော့ကို သွားမေးခဲ့သည်။ လက်ပွေ့သည် ဆယ်ကျော်သက်လေးက ကွမ်းပလုပ်ပလောင်း ၀ါးရင်း တံတွေးတွေ ထွက်မကျအောင် ငုံပြောသည့် အာလုပ်သံကြီးဖြင့် "အကို အပြည့်ယူမလား ဟပ်ဖ် ယူမလား ကြိုက်ရာပြော" ဟု ဆိုကာ အပြာ (မြန်မာ အခေါ် ဘလူး) ကား ဒီဗွီဒီ အချပ်များကို အတွဲလိုက် အချပ်လိုက် ထုတ်ပြပါတော့သည်။

လုံးတီးမြူဆွယ် မိန်းကလေးပုံ ကော့ကန်ကား ကွေး မျက်နှာဖုံးကာလာစုံဖြင့် တချပ်စီ ဖြည်ပြကာ ရောင်းချပါတော့သည်။ "အကို ဒါက မြန်မာကား မြန်မာမတွေချည်းပဲ ကြိုက်ရာရွေးလိုက် အကို တကယ့် ရှယ်ပဲ အကို… အားလုံး ပါကင်တွေကိုပဲ သမ ထားတာ။ ခံစားကြည့်လိုက် ကြွေသွားမယ် အကို" ကျနော့်ကို ပြောပြောဆိုဆိုနှင့် မီးပွိုင့်တွင် မီးနီမိ၍ ရပ်ကာ မီးစိမ်းစောင့်နေသော ကားများအနီးသို့ပြေးသွားကာ လက်ပွေ့ဒီဗွီဒီ အချပ်များအား ပြသ ရောင်းချပြန်ပါသည်။ ထိုကားပေါ်တွင် မိန်းမများလည်း ပါသည်။ ယောင်္ကျားများလည်း ပါသည်။

သူသွားပြသော ပုံများထဲတွင် သာမန် တေးသီချင်း ဇာတ်ကားများနှင့် အတူ စောစောက အပြည့်တို့ တ၀က်ဟပ်ဖ်တို့ကလည်း ကာဗာ မျက်နှာဖုံးများကလည်း အထင်းသားဖြင့်….. ကားထဲက သားအမိ ဖြစ်ဟန်တူသော အမျိုးသမီး နှစ်ဦး မျက်နှာတွေ ရဲသွားသည်။ မျက်နှာတွေလွှဲ သွားသည်။ ဒါလည်း သကောင့်သား လက်ပွေ့သည်က အတင်း စပ်ဟပ် ရောင်းချနေတုန်း ခနနေ ကားတွေ ထွက်သွားမှ ကျနော့်ဆီပြန်လာပြီး မပြရသေးသော ကားသစ်ခွေသစ်များကို ဆက်လက် လှန်လှော ပြသဆွယ်နေပြန်သည်။ သူ့ပုံကြည့်ရသည်မှာ မြန်မာ့ ယဉ်ကျေးမှုကို ဖျက်ဆီးနေသော လိင်ဖျော်ဖြေရေး အပြာ ဇာတ်ကားများ ဥပဒေမဲ့ ဆင်ဆာမဲ့ လိင်နှိုးဆွ ဇာတ်ရိုင်းများ ရောင်းချနေသည်နှင့် လုံးဝ မတူ။ အေးအေး လူလူပင်။ သာမန် ရုံတင်နေသည့် မြန်မာ ဇာတ်ကားများကို တရားဝင် ရောင်းချခွင့် ရ၍ ရောင်းချနေသည့်ဟန်။ သူက ဆက်ပြောသည်.."အကို မိုးဟေကိုနဲ့ နန္ဒာကို ရှိုးပြီးပြီလား၊ ရေရေလည်လည် လန်းသွားမယ် အကို" တဲ့ ကျနော်က ရူးပေါပေါဟန်ဖြင့် ရောနှောကာ အခွေယူမည့်ပုံ လှန်လှောကြည့်ရင်း အသာကပ် မေးလိုက်သည်။

ညီလေး လိုင်းကြေး ဘယ်လောက်ပေး ရသလဲဟု မေးမေး ပြောပြောဖြင့် မီးပွိုင့်က ရဲကို မေးငေါ့ပြလိုက်တော့ "ပေးရတာပေါ့ အကိုရာ သူတို့ လိုင်းကြေးမပေးဘဲ ဒီနားဈေးလာရောင်းရင် ရှော့ရိုက်သွားမှာပေါ့။ ရွက်ကြီးတစ်ရွက်လောက်တော့ ကမ်းရတာပေါ့ အကို" ယာဉ်ထိန်းရဲတို့သည် သူတို့ ရဲကင်းအိမ်လေးထဲမှာ နေပြီး မီးပွိုင့်ကို ကျောပေးကာ တဟားဟား အုပ်စုဖွဲ့ နေကြသည်။ သူတို့ မျက်လုံးက ခပ်လှမ်းလှမ်းက လူတစ်ဦးကို တချက်တချက် လှမ်းကြည့်နေသည်။ သူတို့ ကြည့်နေသော လူတစ်ဦးက လိုင်းကားတွေ အောက်ဆိုဒ်ကားတွေ အားလုံးကို ဦးထုပ်တစ်လုံး ဖြန့်ပြီး ပိုက်ဆံလိုက် ကောက်နေသည်။

တစ်စီးကို ၂၀၀ ကျပ်၊ အချို့ကားသေး ကားလတ်ဆို ၁၀၀ ကျပ်ပေးပါ ဟုပြောပြောဆိုဆို ဦးထုပ်ဖြန့်ကာ လှမ်းယူနေသည်…… သူသည် ထိုမီးပွိုင့် မော်တော်ပီကယ် ယာဉ်ထိန်းရဲ၏ အထူးအာဏာကုန် လွဲအပ်ခြင်း ခံရသော လိုင်းကြေးကောက် ဆက်ကြေးကောက် တာဝန်ခံပင်တည်း။ ကားဆရာတို့သည် ယခင်က ကဲ့သို့ ယာဉ်ထိန်း ရဲအိမ်လေးထဲသို့ တစ်ရာတန် အခေါက်လေးများ ပစ်ထည့်ကာ လိုင်းကြေး ပေးစရာ မလိုတော့။ အဆင့်သင့် ကားကြိုကားကြား လိုက်ကောက်သည့် ထိုလိုင်းကြေးကောက် တာဝန်ခံ အရပ်ဝတ် ပေစုတ်စုတ်နှင့် ဆိုက်ကားနင်းသမားပုံ ပေါက်နေသည့်သူကိုသာ ကားအရွယ်အစား အလိုက် ပိုက်ဆံ ထည့်ပေးလိုက်ရုံသာ။

နိုင်ငံတော် အစိုးရ၏ ၀န်ထမ်းကောင်းတို့ တိုးတက်လာကြပေပြီ။ အရှက်တရားတို့ ပြည့်လျှမ်းလာကြပေပြီ။ အဆင့်အတန်းတို့ မြင့်မားလာကြပေပြီ။ သို့သော်လည်း မြန်မာပြည်သူတို့ အတွင်းတွင်ကား ဆိုခဲ့ပြီးသော အထက်က ဖြစ်စဉ်တို့ မှိုလိုပေါက် နေကြသည်။ ယဉ်ကျေးလှသည် ဆိုသော အို မြန်မာ … ဘယ်နေရာတွေ သွားယဉ်ကျေးနေပြီနည်း။ ထိုအချိန် မီးပွိုင့်စောင့် ရဲတွေ ပြူးပြူးပြာပြာ အပြင်ပြေးထွက်ပြီး မီးနီကို ခလုတ်နှိပ်သည်။ လက်မှ ဝေါကီတော်ကီဖြင့် တကွိကွိ တကွကွ ပြောသည်။ ထုံးစံအတိုင်း ရထားဖြစ်သည် ကားဖြစ်သည်ပေါ့။ မကြာမှီ တမင်သက်သက် မီးစိမ်းပေးထားသော လမ်းကြောမှ မှန်နက်တပ် ဇိမ်ခံကားကြီးများ၊ လက်နက်ကိုင် ရဲရှေ့ပြေး စစ်တပ်ရှေ့ပြေးကားများ တပေါ်ပေါ် တပီပီ ဥသြသံတိုများ ပေးပြီး မီးပွိုင့်ကို ဝေါကနဲ ဖြတ်မောင်းသွား၏။

ယာဉ်ထိန်းရဲ၏ လက်ပြ တားမြစ်ထားခြင်း ခံရသော ကားများ လိုင်းကားများထဲမှ ခရီးသည် လူတို့သည် လည်းကောင်း၊ ကိုယ်ပိုင်ကားများထဲမှ လူတို့သည် လည်းကောင်း၊ လက်ပွေ့ ဈေးသည်လေးများသည် လည်းကောင်း အခွင့်ထူးခံ အဖြစ် ဖြတ်မောင်းသွားသော မှန်နက်တပ် ကားကောင်းကြီးများ ပါသည့် ယာဉ်တန်းကို မျက်တောင်မခတ် ကြည့်နေကြသည်ကို တွေ့ရသည်။

ညီတိုးငြိမ်း မျက်ဝန်းထဲမှာတော့ ယာဉ်တန်းကြီးများနှင့် မှန်နက်ကားကြီးများကို ကျော်လွားဖေါက်ထွင်းပြီး မြင်ယောင်မိသည်မှာ ……မိမိတို့ အိမ်နားက (အမှုလိုက် အမှုရှောင်ရန် ငွေကြေး မတတ်နိုင်ဘူးဆိုပါက) မကြာခင် ထောင်သွင်း အကျဉ်းချခံရနိုင်ဖွယ် ရှိသော ခံရတော့မည့် အလားအလာ ရှိသော ဆယ်ကျော်သက် မြီးကောင်ပေါက် လူငယ်လေးအား လည်းကောင်း၊ အသက်လေးမှ ၁၅ မပြည့်သေး၊ လင်နောက် လိုက်ဖူးပြီ၊ အရှက်ကွဲဖူးပြီ ဆိုသည့် မြန်မာ့ သမီးပျိုနုနု ထွတ်ထွတ်လေးအား လည်းကောင်း မြင်ယောင်နေမိသည်။

နားထဲမှာတော့ လက်ပွေ့သည်လေး ပြောသည့် ဗန်းစကားများက ထပ်ကာ တလဲလဲ၊ ကျနော်လည်း လောကီလူသားပင်။ သို့သော်လည်း …….. လူ့အရေး လူ့အရာများ ထဲတွင် ဤအရေးသည်လည်း အရေးပါလှသည့် အရေး တစ်ခု ဖြစ်ပေသောကြောင့် ကျနော်သိသည်များကို ပြောပါသည်။ နိုင်ငံအရေး နိုင်ငံအရာ ထွေတလာများ အထဲ အားလုံးသော မျိုးဆက်သစ်တို့ နိုင်ငံသားတို့ အနေနဲ့ အတွေးတစ်ခု၊ ခံယူချက် တစ်ခု၊ နားလည်မှု တစ်ခု၊ ခံစားမှု တစ်ခု ဖြစ်ပေါ်စေသည် ဆိုလျှင် ညီတိုးငြိမ်း ရေးရကျိုး နပ်ပေလိမ့်မည်။



မှတ်ချက် ၊ ပြီးခဲ့သည့် စစ်အာဏာရှင် စနစ်က မြင်ကွင်းများကို ခံစားတင်ပြခြင်းသာဖြစ်ပါသည်။


--
          


 မာဃလုလင်

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။