သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


RCSS/SSA နှင့် ဖြစ်နေသည့်ပြဿနာ ဖြေရှင်း၍မရသည့်အဆင့်မဟုတ်ဟု UWSA ခေါင်းဆောင်ပိုင်းပြော

Posted: 07 Aug 2012 08:29 AM PDT

ဒုက္ခသည်အရေးကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နှင့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တို့အကြား တပတ်ကျော်ကြာ စစ်ရေးတင်းမှာနေမှုအား နှစ်ဘက်ဖြေရှင်း၍ မရသည့် ကိစ္စမဟုတ် ကြောင်း ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ခေါင်းဆောင်ပိုင်းတဦးက ပြောပါသည်။
UWSA-003၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်

"အလှူရှင်တွေက ဒုက္ခသည်တွေအတွက် ထောက်ပံ့စရိတ် လျှော့ချလိုက်လို့ ဝမ်းရေးအတွက် အခက်အခဲ ကြုံလာရ တယ်။ အဲဒီ့အတွက် ကျနော်တို့ ဒုက္ခသည်တချို့နဲ့ စပါး၊ ပြောင်း၊ ပဲစိုက်ခင်းလုပ်ဖို့ ထွန်ယက် စိုက် ပျိုးဖို့ သွားတယ်။ ဝ တပ်ဖွဲ့က သူတို့နယ်မြေကို ကျူးကျော်တယ်ဆိုပြီး လုံခြုံရေးတပ်ဖွဲ့နဲ့ လူထု တချို့ ကို ဖမ်းသွားတယ်၊ အဲဒီကနေ စဖြစ်လာတာပါ" - ဟု RCSS/SSA အရာရှိတဦးက ပြောပါသည်။

ဂျူလိုင်လနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သောပြဿနာအားဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ဘက်မှ ကိုယ်စား လှယ် နှစ်ကြိမ်စေလွှတ်ခဲ့သော်လည်း ဝ တပ်ဖွဲ့က လက်ခံဖြေရှင်းခြင်းမရှိခဲ့ဟု သျှမ်းပြည်တပ်မတော် အရာရှိအချို့က ပြော၏။

ယနေ့ ဩဂတ်စ် ၇ ရက် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် ခေါင်းဆောင်ပိုင်းတဦးက - ဖြစ်ပွားနေ သည့် ပြဿနာအား ဖြေရှင်း၍ မရသည့် ပြဿနာမဟုတ်ကြောင်း၊ ထိပ်တိုက်မှုဖြစ်ပွားလာလျှင် လူထု ရော တပ်ထုပါ ဆုံးရှုံးနစ်နာမှုများမည်ကို သိရှိကြောင်း၊ ထို့အတွက် သျှမ်းပြည်တပ်မတော်အနေဖြင့် ဖြေရှင်းနိုင် မည့် အဆင့်မြင့် ကိုယ်စားလှယ် စေလွှတ်ရန် လိုအပ်ကြောင်း - သျှမ်းသံတော်ဆင့်သို့ ပြောကြားပါသည်။

အဆိုပါပြဿနာအားဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ဘက်မှ နှစ်ကြိမ်ထက်မနည်း ကိုယ်စားလှယ်စေလွှတ်ရာမှာ မြို့နယ်အဆင့်အုပ်ချုပ်ရေးပိုင်းသာ စေလွှတ်ခဲ့သည့်အတွက်ကြောင့် ဝ ဘက်မှ လက်ခံတွေ့ဆုံခြင်း မပြုခဲ့ဟု လည်း ပြောပါသည်။

မြန်မာစစ်တိုင်းရုံးကလည်း ၎င်းတို့၏ လက်အောက်ခံ တပ်ရင်းများအပေါ် - ပြဿနာဖြစ်နေ သည့်နယ်မြေသို့ လက်နက်ကိုင်ဆောင်၍ ဝင်ထွက်သွားလာခွင့် မပြုရန် ၊ မျက်နှာလိုက်ခြင်း၊ တဖက်ဖက်အား အားပေးအားမြောက်ပြုခြင်း မပြုရန် တားမြစ်ထားသည်- ဟု တိုင်းရုံးနှင့်နီးစပ်သည့်ပုဂ္ဂိုလ်တဦးက သျှမ်းသံတော်ဆင့် သို့ပြောပြသည်။

ဂျူလိုင် ၃၀ ရက်နေ့က သျှမ်းပြည်တပ်မတော်မှ ဒုက္ခသည် အချို့နှင့် လုံခြုံရေးယူပေးသည့် တပ်သားအချို့ က မိုင်းတုံမြို့နယ် ပုံတောင်းဒေသတဝိုက် စိုက်ခင်းနှင့်နေထိုင်ဖို့ တဲများဆောက်လုပ်နေစဉ် ဝ တပ်ဖွဲ့က သျှမ်းပြည်တပ်မတော်အား ကျူးကျော်မှုပြုသည်ဟုဆိုကာ အင်အားဖြည့် ဝိုင်းပိတ်၍ လူသူ လက်နက် အစုံ ၁၄ ဦး၊ စကားပြောစက် ၄ လုံး နှင့် ဒုက္ခသည် ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားခဲ့သည်ဟု သျှမ်းပြည်တပ်မတော် အသိုင်းအဝိုင်းကပြောပါသည်။

အုပ်စုဥက္ကဌနှင့်ပြည်သူ့စစ်ခေါင်းဆောင်ပူးပေါင်း ဒေသခံများလယ်မြေသိမ်းယူရောင်းစား

Posted: 07 Aug 2012 08:28 AM PDT

လားရှိုးမြို့ တာ့ပုံအုပ်စုဥက္ကဌနှင့် မန်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင်ပူးပေါင်းကာ လားရှိုးဒေသခံများ၏ လယ်ယာမြေ ဧကထောင်ချီကိုသိမ်းယူကြောင်း လားရှိုးမြို့သတင်းရပ်ကွက်ကဆိုပါသည်။

the_firmအသိမ်းခံရလယ်မြေများ

တာ့ပုံအုပ်စု ကောင်းဟော်ရွာ ဘုန်းကြီးကျောင်းမှ ရှုမဆုံးနိုင်သောမြင်ကွင်းအထိ ဧကထောင်ချီသော လယ်မြေများ ကို မတရားနည်းလမ်းဖြင့် သိမ်းယူကာ တရုတ်ကုမ္မဏီ (AAA) နှင့် နှင်းနှင်းခိုင်ကုမ္မဏီသို့ထံ ပြန်လည်ရောင်းချပေးကြောင်း တာ့ပုံဒေသခံ တဦးကပြောသည်။

" တချို့ကိုလဲ သူတို့အလကားသိမ်းယူတယ်။ တချို့ကိုလဲ ပိုင်ရှင်နဲ့ဈေးညှိ၊ ဈေးနှိမ် ဝယ်ယူပေမယ့် ပိုက်ဆံအကုန် မချေဘူး။ တချို့ကိုတော့ ဓါးပြတိုက်ယူသလို သေနတ်နဲ့ချိန်ပြီးမှ ပေးမလားမပေးဘူးလားဆိုတာမျိုးလဲလုပ်တယ်။ အဲဒီလယ်တွေ ကတော့ ခေတ်အဆက်ဆက်က ကျွဲနွားကျောင်းနဲ့နေရာ၊ မယ်ဇလီတော၊ လယ်တော၊ စိုက်ပျိုးမြေ အစုံရှိတယ်။ သူတို့ ၂၀၁၀ ကစပြီး သိမ်းယူတာ၊ အခုလဲ ထပ်သိမ်းဖို့ သတင်းကြားနေတယ်" ဟု လယ်သမားတဦးဖြစ်သော အသက် ၅၀ အရွယ် ရှိ အဆိုပါ ဒေသခံက ပြောသည်။

အဆိုပါလယ်မြေများကို တရုတ်ကုမ္မဏီ (အေသုံးလုံးကုမ္မဏီ)က သတ္တုတူးခြင်း၊ စက်ရုံဆောက်ခြင်းများလုပ်နေပြီး နှင်းနှင်းခိုင် ကုမ္မဏီကမူ ရော်ဘာပင်စိုက်သည်ဟုဆို၏။ ယခုနှစ်အတွင်း သတ္တုတူးဖော်ရေးကို တိုးချဲ့လုပ်ကိုင်လာနေပြီး အတည်မပြုနိုင်သေးသည့် သတင်းအရ သတ္တုတူးဖော်ရေးအတွက် ကျေးရွာများအား ထပ်မံပြောင်းရွှေ့ခိုင်းရန်ရှိကြောင်း ကုမ္မဏီအလုပ်သမားများ အသိုင်းအဝိုင်းများမှသတင်း ထွက်ပေါ်လာခဲ့သည်။

"အမှန်ဆိုရင် ဒီပြည်သူ့စစ်တွေ အုပ်စုဥက္ကဌတွေဆိုတာ လူထုဘက်ကနေပြီး ကာကွယ်ပေးရမယ်လေ။ လူထုရဲ့အားကိုးရာ နေရာ ဖြစ်သင့်တယ်လေ။ ဒါပေမယ့်အဲလိုမဟုတ်တော့ လယ်မြေအသိမ်းခံရတဲ့လူတွေ ကျားဖြူပါတီဆီကို စာတင်ပြီး အကူအညီတောင်းထားတယ်လို့ကြားရတယ်" ဟု လားရှိုးဒေသခံ လူငယ်တဦးကလည်းပြောသည်။

ဒေသခံများ အသိမ်းခံရလယ်ပိုင်ရှင်များက မြို့ရွာအုပ်ချုပ်ရေး၊ မြေတိုင်းဌာန စသည့် ဆိုင်ရာအာဏာပိုင်များအား ကူညီဖြေရှင်းပေးရန်၊ အေသုံးလုံး(တရုတ်)ကုမ္မဏီ၊ နှင်းနှင်းခိုင်ကုမ္မဏီ၊ တာ့ပုံအုပ်စုဥက္ကဌ စိုင်းညွန့်နှင့် မန့်ပန်ပြည်သူ့စစ်ခေါင်းဆောင် တို့ထံ ဆွေးနွေးပေးရန်အကူအညီ တောင်းထားသည်ဟုလည်း ဒေသခံများကပြောသည်။

သျှမ်းပြည်မှမျှစ် တရုတ်ပြည်ပို့ ဝါးမျိုးသုဉ်းရေး မြို့မိမြို့ဖ များတွေးပူ

Posted: 07 Aug 2012 08:24 AM PDT

တရုတ်နိုင်ငံမှလက်ခံဝယ်ယူမှုကြောင့် သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ရှိ တရုတ်လူမျိုးများက ဒေသခံလူထုထံ မျှစ်များ တရက်ပိဿာချိန် ရာချီဝယ်ယူနေသဖြင့် ဝါးမျိုးသုဉ်းမည့်အရေး မြို့မိမြို့ဖများတွေးပူနေကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်ကဆိုပါသည်။

-Bamboo
"လူတွေက ရှေ့ရေး သစ်တောပြုန်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာညာ ဘာမှမတွေးဘူး။ မသိကြဘူး။ တပိဿာ ၁၅၀ ထဲရယ်။ မက်စရာလဲမရှိ။ ဘာလို့ယူလာရောင်းပေးနေကြတာလဲမသိဘူး။ နောက် ၄ - ၅ နှစ်ဆိုရင် ဝါးမျိုးတွေ သုဉ်းမှာသေချာတယ်။ တရုတ်က ဝယ်သမျှ သူတို့ကောက်ရောင်း နေရင်တော့ အနာဂတ်သဘာဝ အရင်းအမြစ်တွေအတွက် ရင်လေးတယ်ဗျာ" ဟု လားရှိုး မြို့နေ မြို့မိမြို့ဖ တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

မျှစ်ခြောက်လုပ်၍ တရုတ်ပြည်သို့ ပို့ဆောင်ရောင်းချရန် လားရှိုးမြို့နေ တရုတ်များက မျှစ်များကိုလက်ခံဝယ်ယူ နေခြင်းဖြစ် ကြောင်း၊ နမ္မတူချောင်းတလျှောက်၊ နမ့်ယော်ချောင်းတလျှောက်၊ မန်စံဒေသ၊ လွယ်တောက်ဒေသ၊ သိန္နီ မြို့ မိုင်းလီဒေသ တို့မှ လားရှိုးသို့ ဆိုင်ကယ်ဖြင့် လာရောက်ရောင်းချကြကြောင်းဒေသခံလူငယ်တဦးကလည်းပြောသည်။

"ဆိုင်ကယ်တစီးဆိုရင် မြွေရေခွံအိတ်ကြီး ၃-၄ အိတ်တင်ပြီး မြို့ထဲဆင်းကြတာ။ တနေ့တနေ့ ဆိုင်ကယ် အစီးရေမနည်းဘူး။ မျှင်ဝါး၊ ဝါးပိုးဝါးမျှစ်တွေပေါ့။ တရက်တရက်ကို ခန့်မှန်း ပိဿာချိန် ၆၀၀ နဲ့အထက် လောက် ဝယ်ယူနေရတယ်လို့ တရုတ် တွေနဲ့ သိတဲ့လူတွေကပြောတယ်။ ကန့်ရေနဲ့ဇိမ်ပြီးအခြောက်လှမ်းတယ်။ ဓါတုဆေးဆိုးပြီး တရုတ်ပြည်မကြီးပို့တာတဲ့။ သူများ နိုင်ငံက သစ်တောပြုန်းမှာစိုးလို့ ဝါးမျှစ်တွေပေးမယူဘူး။ ကျမတို့ဆီကတော့ ရှိသမျှထုတ်ရောင်းတယ်။ သစ်တောပြုန်းလား ဘာလား ဘာမှမစဉ်းစားဘူး။ရောင်းရဖို့ဘဲ သိတယ်။အခုလို ရောင်းဝယ်နေကြတာ ၂ လလောက်ရှိပြီ။" ဟု ခေတ်ပညာတတ် အဆိုပါ လူငယ်ကဆက်လက်ပြောပြသည်။

ယခုကဲ့သို့ မျှစ်စိမ်းရောင်းဝယ်မှုကို နမ္မတူမှ ကျားဖြူပါတီလွှတ်တော်အမတ် နန်းခမ်းအေးက လွှတ်တော်အတွင်း တင်ပြမှု ကြောင့် ယမန်နှစ်က အာဏာပိုင်များက ပိတ်ပင်ခဲ့ဖူးသည်ဟု လားရှိုးမြို့ခံများကပြော၏။ တနှစ်ခန့်ရောင်း ဝယ်မှုရပ်တန့် သွား ပြီး ယခုနှစ်မျှစ်ပေါ်ချိန် ပြန်လည်ရောင်းဝယ်လာကြခြင်းဖြစ်ကြောင်း၊ ယခုချိန်မထိမည်သည့်အာဏာပိုင်မှ တားမြစ်ခြင်း မပြကြသေးကြောင်း သဘာဝပတ်ဝန်းကျင်မြတ်နိုးသည့် ဘုရားဒကာတဦးက လည်းပြောပြသည်။