သစ်ထူးလွင်

သစ်ထူးလွင်


ရခိုင်ပြည်နယ်တွင် လုံခြုံရေးကြောင့် အခြေခံပညာ (၃၄၉)ကျောင်း မဖွင့်လှစ်နိုင်သေး

Posted: 08 Aug 2012 06:58 AM PDT


ပဋိပက္ခဖြစ်ပွားမှု တစ်လကျော်ကြာနေပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် အခြေခံပညာရေး ကျောင်းပေါင်း (၃၄၉) ကျောင်းမှာ လုံခြုံရေးအရ မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးဌာနမှ သိရှိရသည်။
 
 စစ်တွေ၊မောင်တော၊ဘူးသီးတောင်၊ကျောက်တော်၊ရသေ့တောင်မြို့နယ်တို့တွင် အခြေခံပညာကျောင်း အချို့မှာ ယနေ့(သြဂုတ်လ-၈ရက်နေ့)အထိ မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ အရာထမ်းတစ်ဦးက ပြောသည်။

" တစ်ချို့ကျောင်းတွေက လုံခြုံရေးအရ မဖွင့်သေးတာပါ၊ မဖွင့်ပဲကျန်နေတာက မောင်တောမှ ၁၅၉ကျောင်း၊ ဘူးသီးတောင်မှာ ၁၄၃ ကျောင်း၊ စစ်တွေမှာ ၂၂ ကျောင်း၊ ရသေ့တောင်မှာ ၁၀ကျောင်း၊ ကျောက်တော်မှာ ၁၅ ၊ စုစုပေါင်း ၃၄၉ ကျောင်း ရှိပါတယ်"ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မောင်တောမြို့နယ်တွင် ကျောင်းပေါင်း ၁၅၉ ကျောင်းရှိရာ ယနေ့ထိ မဖွင့်နိုင်သေးကြောင်းကိုလည်း  ၄င်းက ဆိုသည်။

"မောင်တောတစ်မြို့နယ်လုံးက မဖွင့်သေးပါ။ အဲဒီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ဆရာမတွေကိုလည်း မိမိတို့နီးစပ်ရာကျောင်းတွေမှာ စီစဉ်ထားပါတယ်၊ နောက်တဖြည်းဖြည်းကျောင်းတွေ ဖွင့်ဖို့စီစဉ်ထားပါတယ်၊ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့က လုံခြုံရေးအဓိကပါ'' ဟု ၄င်းက ဆက်ပြောသည်။

 ပဋိပက္ခကြောင့်လုံခြုံရေးအရ တက္ကသိုလ်၊ကောလိပ်နှင့် အခြေခံပညာရေး ကျောင်းအချို့ကို ဇွန်လ ကတည်းက တစ်လနီးပါးကို ပိတ်ထားခဲ့ရသည်။

"ကျွန်တော်တို့ မင်းပြားဘက်မှာတော့ ဖွင့်ပါတယ်၊ ဒါပေမဲ့ ဘင်္ဂလီတွေနဲ့နီးတဲ့ရွာတွေမှာတော့ မဖွင့်သေးတာ ရှိပါတယ်"ဟု မင်းပြားမြို့နယ် ဖေသာပြင်ကျေးရွာမှ မူလတန်းကျောင်းအုပ်က ပြောသည်။

 အလားတူ စစ်တွေတက္ကသိုလ်ကိုလည်း ယခုလ (၆)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ထားသော်လည်း  ကျောင်းတတ်ရောက်နှုန်းမှာ နည်းပါးနေသေးကြောင်း  ဒေသခံများက ဆိုသည်။

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup


ဆိုဒီ အစိုးရမှ လူမျိုးတုန်း သတ်ဖြတ်မူ ကျူးလွန်နေကြောင်း မြန်မာကို စွပ်စွဲ

Posted: 08 Aug 2012 06:48 AM PDT

ဆိုဒီအာရေးဗီးယား အစိုးရမှ ဗုဒဘာသာ မြန်မာ အစိုးရသည် ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မူများ ပြုလုပ်နေကြောင်း တနင်္လာနေ့က စွပ်စွဲ ပြောကြားလိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ မှ ထုတ်ဝေသော The Daily Star သတင်းစာ အပါအ၀င် သတင်းစာ အများအပြားက ယနေ့ ဖေါ်ပြသည်။

အိန္ဒိယကို တရုတ်သမ္မတ လာရောက်လည်ပတ်စဉ် မိမိကိုယ်ကို မီးရှို့၍ ဆန္ဒပြသူ အသက် ၂၇ နှစ်အရွယ် တိဗက် လူငယ် တစ်ဦး၏ ပုံကို ရိုဟင်ဂျာ တစ်ဦး၏ ပုံဖြစ်သည်ဟု ဆိုကာ ပုံမှားရိုက်ပြီး  နိုင်ငံတကာ တွင် လိမ်လည်ပြီး ဖေါ်ပြခဲ့ကြသည်။
AFP သတင်းကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသားဖေါ်ပြရာတွင် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ရိုဟင်ဂျာ ဆိုသူ လူနည်းစုများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မူများ ပြုလုပ်နေကြောင်း ဖေါ်ပြကြသည်။
ဆိုဒီအာရေးဗီးယား ပါလီမာန်မှ ထိုကဲ့သို့ သတ်ဖြတ်နေမူများနှင့် ရိုဟင်ဂျာ ဆိုသူများ အပေါ် နေအိမ်များမှ နှင်ထုတ်ပြီး လူ့အခွင့်အရေး ချိုးဖေါက်နေမူများကို ရှုတ်ချကြောင်း သတင်းစာများက ရေးသားသည်။
ဆိုဒီအာရေးဗီးယား ဘုရင် Abdullah ဥက္ကဌ အဖြစ် ဆောင်ရွက်သော  လွှတ်တော်က ရိုဟင်ဂျာ ဆိုသူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန်နှင့် ပိုပြီး သတ်ဖြတ်မူများ မဖြစ်ရအောင် တားဆီးရန် နိုင်ငံတကာသို့လည်း မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။
မြန်မာ အစိုးရကမူ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်တွင် ရခိုင် ၃၁ ဦးနှင့် မွတ်ဆလင် ဘင်္ဂလီ လူမျိုး ၄၆ ဦး သေဆုံးပြီး စုစုပေါင်း ၇၇ ဦးသာ သေဆုံးကြောင်း ဖေါ်ပြသည်။
သို့သော် အမေရိကန်တွင် အခြေစိုက်သော ရိုဟင်ဂျာ အဖွဲ့အစည်း တစ်ခု ဖြစ်သော အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက်တစ် ပါတီ (ပြည်ပ) အမေရိကန်ဌာနချုပ်မှ သြဂတ်စ်လ (၅) ရက်နေ့က အမေရိကန် သမ္မတ အိုဘားမား အစိုးရ အဖွဲ့ အပါအ၀င် နိုင်ငံတကာသို့ ပေးပို့ရာတွင် ကိန်းဂဏန်း အရေအတွက်ကို အလွန်အကျွန် လွှဲမှားစွာ ရေးသားဖေါ်ပြခဲ့ဟု သိရသည်။
အဆိုပါ အဖွဲ့က လွန်ခဲ့သော (၂) လအတွင်း ရခိုင်ပြည်နယ်တွင် ရခိုင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သတ်ဖြတ် မူကြောင့် ရိုဟင်ဂျာ ၃၀၀၀၀ အစုလိုက် အပြုံလိုက် သေကြေခဲ့ ရပြီး တချို့ စာရင်းအရ ၅၂၀၀၀ အထိ အသတ်ခံရကြောင်း ဖေါ်ပြသည်။ ၎င်းပြင် မူဆလင်ကျေးရွာ ၅၂ ရွာ အဖျက်ခံရပြီး  ဗလီ ၅၀ မီးရှို့ခံရကြောင်း ဖေါ်ပြသည်။ လူပေါင်း တစ်သိန်း ထွက်ပြေးနေရကြောင်းနှင့် ကူရင်ကျမ်းများလည်း ဖျက်ဆီးခံရကြောင်း  ဖေါ်ပြသည်။

ဖေါ်ပြပါပုံမှာ ၂၀၀၄ ခုနှစ်က ထိုင်းနိုင်ငံတွင် ဆန္ဒပြသူများကို ရဲက ထိန်းသိမ်းထားသော ပုံဖြစ်ပါသည်။ ၎င်းပုံအား ရိုဟင်ဂျာ ၁၀၀၀ အား မြန်မာနိုင်တွင် ဗုဒဘာသာများက သတ်ဖြတ်လိုက်ပြီဟု နိုင်ငံတကာတွင် သတင်းလိမ်ပြီး တင်ခဲ့ကြသည်။
ဇူလိုင်လ ၁၇ ရက်နေ့က အဆိုပါ အဖွဲ့က ကုလသမဂ လုံခြုံရေး ကောင်စီသို့ ပေးပို့သော စာတစ်စောင်တွင် အထက် ဖေါ်ပြပါ သေဆုံးသူ အရေအတွက် အချက်အလက်များကို ထည့်သွင်းသည့်  အပြင် မွတ်ဆလင် အမျိုးသမီး ၅၀၀၀ ကို ရခိုင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မုဒိမ်းကျင့်ခဲ့ပြီး ရိုဟင်ဂျာ လူပေါင်း ၃၀၀၀၀ မှာ ပျောက်ဆုံးနေသည်ဟု ဖေါ်ပြထားသည်။
ယခုကဲ့သို့ ပြည်ပ အခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်းများ၏ အစီအစဉ်ရှိရှိ  မမှန်မကန် ရေးသား ဖေါ်ပြပြီး ဓါတ်ပုံ အတုများဖြင့် ၀ါဒ ဖြန့်ချီနေမူကြောင့် ကမ္ဘာ မွတ်ဆလင် အသိုင်းအ၀ိုင်းတွင် မြန်မာနိုင်ငံ အပေါ် မကျေနပ်မူများ တိုးပွားနေကြောင်း သိရသည်။

နိရဉ္စရာ သတင်းဌာန


မောင်တောတွင် ဗုံးခွဲမည်ဆိုသော သတင်းကြောင့် အာဏာပိုင်များက လူစုလူဝေး မလုပ်ရန် ညွှန်ကြား

Posted: 08 Aug 2012 06:46 AM PDT

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အကြမ်းဖက် သမားများက ဗုံးဖေါက်ခွဲမည် ဆိုသော သတင်းများကြောင့် အာဏာပိုင်များက ယနေ့တွင် ဈေးဆိုင်တန်းများ၊ လမ်းဘေးဈေးများကို ပိတ်ခိုင်းထားကြောင်း သတင်း ရရှိသည်။

" ဟုတ်တယ်။ ဗုံးသတင်းကြောင့် ဒီနေ့က ဈေးဆိုင်တွေ၊ လမ်းဘေးဈေးတွေ အပါအ၀င်၊ လူစုလူဝေး မလုပ်ဖို့ ညွှန်ကြားထားပါတယ်" ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။
မောင်တောမြို့တွင် ဈေးကြီးကို အရေးအခင်း ဖြစ်ပွားသည့် အချိန်မှ ပိတ်ထားခဲ့ရာ ယခု အချိန်ထိ ပြန်မဖွင့်နိုင်သေးသော်လည်း လမ်းဘေး ဈေးများနှင့် ပြင်ပ ဈေးဆိုင်များကို ဖွင့်လှစ်ရောင်း ချနေကြောင်း သိရသည်။
ယနေ့တွင် အဆိုပါ ဈေးများနှင့် ဈေးဆိုင်များကို ဖွင့်လှစ် မရောင်းချရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း ဒေသခံ အမျိုးသမီးကြီး တစ်ဦးကလည်း  ပြောကြားသည်။
"အကြမ်းဖက်သမားတွေ ဗုံးဖေါက်ခွဲမယ်ဆိုပြီး မနေ့ကညနေပိုင်း ကနေ သတင်းတွေ ထွက်နေ ပါတယ်။ ဒီနေ့ လမ်းဘေးဈေးတွေ အားလုံး မနက် ၆နာရီကနေ ပိတ်လိုက်ပါပြီ။ လူတွေကိုလည်း အပြင် မသွားကြဖို့၊ ကိုယ်အိမ်မှာကိုယ်နေကြဖို့  မြို့နယ်နဲ့  ခရိုင်အုပ်ချုပ်ရေးမှူး တာဝန်ရှိသူတွေက ပြောထားပါတယ်" ဟု ပြောသည်။
အစိုးရ ရုံးအများအပြားလည်း ယနေ့တွင် ပိတ်ထားကြောင်း မျက်မြင် ဒေသခံ လူငယ် တစ်ဦးဖြစ်သူ ကိုမျိုးချစ်က ပြောသည်။
" အစိုးရရုံးတွေလည်း ဖွင့်တာ မတွေ့ဘူး အစ်ကို။ မနက်ပိုင်းကတော့ အစိုးရ ဘဏ်နဲ့ ကမ္ဘောဇ ဘဏ်ကို ဖွင့်တာတော့ တွေ့လိုက်ရတယ်။ အခုတော့ ပိတ်သွားပြီ။ အထက်တန်းကျောင်းကတော့ အရေးအခင်း ဖြစ်ပြီးကတည်းက ပိတ်ထားတဲ့ အတွက် ကျောင်းက မဖွင့် ဖြစ်သေးပါဘူး။ အခုတော့ လူတွေ အကုန်လုံး အိမ်ထဲမှာနေကြပါတယ်။ လူငယ် တစ်ချို့ ဆိုင်ကယ်နဲ့ သွားလာ တာက လွဲပြီး လမ်းပေါ်မှာ လူမရှိဘူး အစ်ကို" ဟု ပြောသည်။
ဘင်္ဂလီ မွတ်ဆလင် လူမျိုးများမှာလည်း အပြင်ကို မထွက်ကြဘဲ အိမ်တွေတွင် နေထိုင်နေကြသည်ဟု ဆိုသည်။
" လုံခြုံရေးတွေကတော့ နေရာတိုင်းမှာ ချထားတာကို တွေ့ရပါတယ်။ လမ်းဆုံ လမ်းခွတိုင်းမှာပါဘဲ။ မနေ့ကလည်း မောင်နီရွာဘက်ကို အာရ်အက်စ်အို လက်နက်ကိုင် အဖွဲ့တွေ ၀င်လာတယ်ဆိုပြီး သတင်းရတဲ့ အတွက် စစ်သားတွေ လိုက်သွားတယ်လို့ ကြားရပါတယ်။ ဒါကြောင့် မွတ်ဆလင် ဘင်္ဂလီတွေလည်း အိမ်ထဲမှာ နေနေကြတာကို တွေ့ရပါတယ်" ဟု ကိုမျိုးချစ်က ပြောသည်။
လုံထိန်း၊ ရဲ၊ စစ်တပ် နှင့် နစကတပ်ဖွဲ့ များကို မောင်တောမြို့နယ် ခန်းမဆောင်၊ အလိုတော် ပြည့်ကျောင်း၊ အထက် တန်းကျောင်း၊ ဈေးရုံဝ၊ ဈေးကြီးနှင့် မွတ်ဆလင်ရွာများ၌ တင်းကျပ်စွာ ဖြည့်တင်း ချထားသည်ဟု သိရသည်။
မောင်တောမြို့ပေါ်တွင်  နစကနဲ့ လုံထိန်း ကားများဖြင့် လှည့်လည်နေသည်မှ အပ အခြေအနေမှာ အေးဆေး ငြိမ်သက်နေပြီး  မုန်တိုင်းမတိုက်မှီ ငြိမ်သက်ခြင်းမျိုးဖြင့် ငြိမ်သက် တိတ်ဆိတ် နေကြောင်း သူက ပြောသည်။

ထွန်းထွန်း  - နိရဉ္စရာ သတင်းဌာန 


ရန်ကုန်မြို့က ရှစ်လေးလုံး လူတထောင်ကျော်တက်ရောက်

Posted: 08 Aug 2012 06:14 AM PDT


(ဓါတ်ပုံ NLD information)

ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့
ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး၊ ဦးတင်ဦး၊
ဦးဝင်တင် စတဲ့ NLD ခေါင်းဆောင်တွေ၊ ၀ါရင့် နိုင်ငံရေးသမားတွေ၊ ခေတ်အဆက်
ဆက်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ၊
ဂီတအနုပညာရှင်တွေ စုစုပေါင်း လူ (၁ဝဝဝ) ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီနေ့အခမ်းအနားကို တက်ရောက်သူ ဒီလောက်များပြားတဲ့အချက်က ရှစ်လေးလုံးလှုပ်ရှားမှုအပေါ် ပြည်သူတွေရဲ့ အလေးအနက်ထားမှုကို ဖော်ပြတာဘဲလို့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

အဲဒိအခမ်းအနားမှာ ရှစ်လေးလုံး ၂၄ နှစ်မြောက် သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့၊ ရှစ်လေးလုံးနေ့ကို သမိုင်းဝင် အထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒိအခမ်းအနားမှာ သံဃာတော် (၄၄) ပါးကို ဆွမ်းနဲ့ ၀ါဆိုသင်္ဃန်းကပ်လှူခဲ့ပြီး၊ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးအခင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်းရှင်လူပြည်သူတွေအတွက် တစ်မိနစ်ခန့် ငြိမ်သက် အလေးပြုခဲ့ကြ ပါတယ်။

အဲဒိနောက် နိုင်ငံရေးအင်အားစုတွေရဲ့သ၀ဏ်လွှာတွေ ဖတ်ကြားခဲ့ကြပါတယ်။

ဒီအခမ်းအနားကို မနက် (၉) နာရီကနေ နေလည် (၁၂) နာရီအထိကျင်းပခဲ့တာဖြစ်ပြီး၊ အာဏာပိုင်တွေဘက်က အနီးကပ်စောင့်ကြည့်၊ ဓါတ်ပုံရိုက်တာတွေရှိခဲ့ပေမယ့် တစုံတရာ တားဆီးနှောင့်ယှက်တာ မရှိခဲ့ပါဘူး။

RFA Burmese


သြဂုတ်လ (၉)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ (၁၁)၊ အမှတ် (၂၂)

Posted: 08 Aug 2012 06:03 AM PDT

သြဂုတ်လ (၉)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ (၁၁)၊ အမှတ် (၂၂)

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



သြဂုတ်လ (၈) ရက်နေ့ ထုတ် SHADE ဂျာနယ် အတွဲ(၆) အမှတ် (၂၈)

Posted: 08 Aug 2012 06:00 AM PDT

သြဂုတ်လ (၈) ရက်နေ့ ထုတ် SHADE ဂျာနယ် အတွဲ(၆) အမှတ် (၂၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှု အများပြည်သူသိအောင် ကြေညာရန်အဆို ပယ်ချခံရ

Posted: 08 Aug 2012 05:29 AM PDT


အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ အများပြည်သူ သိရှိအောင် ထုတ်ပြန် အသိပေးဖို့ အဆိုကို ဒီနေ့ ကျင်းပ တဲ့ပြည်သူ့ လွှတ်တော်က ပယ်ချလိုက်ပါတယ်။

အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ပုသိမ်ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းတဲ့ အဆိုကို ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေ ၁၅ မဲနဲ့ လွှတ်တော်မှာ ဆက်မဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြတာပါ။

ဦးဝင်းမြင့် တင်သွင်းတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်စေဖို့ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ တိုင်းနဲ့ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေရဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်း နိုင်သောပစ္စည်းနဲ့ အကျိုးစီးပွားတွေကို ပြည်သူတွေသိအောင် ထုတ်ဖော်ကြေညာဖို့အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ပါဝင်ဆွေးနွေးကြပါတယ်။

အဲ့ဒီနောက် ပြည်ထောင်စုရှေ့နေချုပ်က ဦးဝင်းမြင့်ရဲ့အဆိုဟာ အခြေခံဥပဒေနဲ့ ကွဲလွဲနေတဲ့အတွက် အဆိုကောင်း ဖြစ်ပေမယ့် မှတ်တမ်းတင်ထားဖို့ပဲ အကြံပြုခဲ့တယ်လို့ အဆိုရှင် ဦးဝင်းမြင့်က ပြောပါတယ်။

ဦးဝင်းမြင့်ကလည်း မှတ်တမ်းတင်ဖို့ လက်မခံဘဲ ဆက်ဆွေးနွေးဖို့ ပြန်လည်တင်ပြတဲ့အခါ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီး ရှူံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုရှုံးနိမ့်တာနဲ့ ပတ်သက်ပြီး ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အခုလို သုံးသပ်ပြောကြားပါတယ်။

"ဖွဲ့စည်းပုံ ၆၈ မှာက သမ္မတနဲ့ ဒု သမ္မတရဲ့ ပိုင်ဆိုင်တဲ့ စာရင်းတွေ၊ ပစ္စည်းတွေက ပြည်ထောင်စုလွှတ်တော်နာယကမှာပဲ တင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေပုဒ်မ ၁၀၁ မှာကျတော့ အစိုးရအဖွဲ့တွေက သမ္မတဆီတင်ရမှာ။ ကျနော်ပြောတာက ဒါမဟုတ်ဘူး။ ကျနော်က ပြည်ထောင်စုအစိုးရအဖွဲ့ရော၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရော၊ ပြည်နယ်အစိုးရအဖွဲ့ရော အစိုးရအဖွဲ့မှာ ပါတဲ့လူတွေ အကုန်လုံး ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ သူတို့အကျိုးစီးပွားအကုန်လုံးကို ထုတ်ဖော်ကြေညာပြီးတော့ ပြည်သူကို ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ပေါ့။ ပြည်သူကို ထုတ်ဖော်ကြေညာခိုင်းတာ၊ ဒါဟာ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာမဟုတ်ဘူး။ ဖွဲ့စည်းပုံမှာပါပြီးသားလည်း မဟုတ်ဘူး။ လွဲတယ်။ ဒါပေမယ့် မဲခွဲဆုံးဖြတ်တဲ့အခါကျတော့ ရှုံးတာပေါ့။"

မကြာသေးမီကပဲ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်နယ်တိုင်းအစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ သမ္မတထံတင်ပြဖို့ သမ္မတရုံးညွှန်ကြားချက် ထွက်ခဲ့ပါသေးတယ်။

 by ရွှေအောင်   (ဒီဗွီဘီ)


ကျောက်တော် ဆူပူ အကြမ်းဖက်မှု လူ ၇ ဦး သေဆုံး

Posted: 08 Aug 2012 05:06 AM PDT


ရန်ကုန်၊ သြဂုတ် ၈

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ဖြစ်ပွားသော ဆူပူ အကြမ်းဖက်မှုကြောင့် လူ ၇ဦးသေဆုံးပြီး ကျေးရွာလေးရွာခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက ပြောကြားသည်။
"ဒဏ်ရာရတဲ့ စာရင်းကိုတော့ မရသေးဘူး။ အခု စစ်တပ်က ၀င်ထိန်းနေတယ်" ဟု ၄င်းက ရှင်းပြသည်။

ကျောက်တော် မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပှုအကြမ်းဖက်မှုများ စတင် ဖြစ်ပွားခဲ့ပြီး ၆ ရက်နေ့၊ ၇ ရက်နေ့ တို့တွင်လည်း ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊ ရခိုင် တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများနှင့် ရွှေပြည်သစ် အဝေးပြေးကားဂိတ်တို့ကို ဘင်္ဂါလီလူမျိုးများက သြဂုတ်လ ၅ရက်နေ့တွင် ၀င်ရောက် ဖျက်စီးရာမှ ဒေသနေ လူမျိုးစု နှစ်စု ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းထားချက်များ အရ သိရှိရသည်။

အဆိုပါ မြို့နယ်တွင် ဖြစ်ပွား နေသော ဆူပူ အကြမ်းဖက်မှု အခြေအနေများကို တပ်မတော်က အင်အားတိုးမြင့်ကာ ၀င် ရောက်ထိန်းသိမ်းနေ သဖြင့် သြဂုတ်လ ၈ရက်နေ့ (ယနေ့) အခြေအနေမှ တည်ငြိမ်နေကြောင်း၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့သည် အဆိုပါ ဆူပှုအကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းနိုင်ရန် သြဂုတ်လ ၇ရက်နေ့တွင် ကျောက်တော် မြို့နယ်သို့ သွားရောက်ကာ ၀င်ရောက် ထိန်းသိမ်းနေကြောင်း ယင်း အစိုးရအဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

ဇွန်လအတွင်း ဖြစ်ပွါးခဲ့တဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုများအတွင်း လုံခြုံရေးများနှင့် ဘင်င်္ဂါလီများအား တွေ့ ရစဉ်


ပြည်နယ်နှင့် တိုင်းအချို့တွင် ရေကြီး၊ သေဆုံးမှုများရှိ

Posted: 08 Aug 2012 04:56 AM PDT


အခုရက်ပိုင်းအတွင်း မိုးများပြီး မြစ်ချောင်း ရေလျှံတဲ့အတွက် ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့ရွာတချို့မှာ ရေလွှမ်းပြီး လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။

ပဲခူးတိုင်း မဒေါက်မြို့ထဲမှာ မြစ်ရေကြီးမှုကြောင့် လှေတွေနဲ့ သွားလာနေရပြီး မနေ့က လက်ခတ်လှေနဲ့ စက်လှေတစီး တိုက်မိတဲ့အတွက် လှည်းဆိပ်ရပ်က  အသက် ၂၀ အရွယ် အမျိုးသမီးငယ်တဦး သေဆုံးခဲ့တယ်လို့ ရေဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုဝင်းမြင့်က ပြောပါတယ်။

မဒေါက်မြို့ထဲ ရေလွှမ်းခံရတဲ့ နေအိမ် ၁ ထောင်ကျော်ရှိပြီး ထောင်ချီတဲ့ ဒုက္ခသည်တွေဟာ တိုင်တစ်ရာ၊ အင်းချောင်၊ တံခွန်တိုင်နဲ့ သာသနာ့ဝံသကျောင်း တိုက်တွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

မြို့နားတ၀ိုက် ရွာပေါင်း ၂၀ မှာလည်း  ရေတွေဝင်နေပြီး စပါးခင်းပေါင်း ဧက ၁ သောင်းခွဲလောက် ရေလွှမ်းနေတယ်လို့ ပြောပါတယ်။

မဒေါက်မြို့တွင် ရေကြီးနေပုံ(Photo: Bo Tuck@icj) 
ညောင်လေးပင်မြို့နယ်မှာလည်း ဒီလဆန်းကတည်းက စစ်တောင်းမြစ်ရေလျှံမှုကြောင့်  ရပ်ရွာနဲ့ လယ်ကွင်းတွေ  ရေလွှမ်းနေပြီး ဒီနေ့ထိ ရေမကျသေးတဲ့အတွက် ဒေသခံတွေ အတော်ဒုက္ခရောက်နေတယ်လို့ ကိုဝင်းမြင့်က ပြောပါတယ်။

"မကျသေးဘူး။ ကျန်နေသေးတဲ့ သဘောပဲ။ မနေ့က ကျေးရွာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆေးကုဆင်းတာ အကုန်လုံးက လူနာတွေကို တစက်မိတ်တွေ အောက်ကို ၀င်ပြီး ခက်ခက်ခဲခဲ ကုရတယ်။"

ရေဘေးဒုက္ခသည်တွေကို ညောင်လေးပင်လူမှုရေးအသင်း၊ ညောင်လေးပင် အန်အယ်လ်ဒီအဖွဲ့ဝင်နဲ့ မြို့ခံတွေက ထမင်းထုတ်နဲ့ ဆေးဝါးတွေ ဝေငှပေးနေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဩဂုတ်လ ၆ ရက်နေ့က စပြီးရွာသွန်းတဲ့မိုးကြောင့် နမ္မတူမြစ်ရေကြီးပြီး သိန္နီမြို့နယ်ထဲမှာ ရေလွှမ်းခဲ့တဲ့အတွက် ပန်စုန်ရွာသားတဦး ရေထဲမျှောပါ သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သိန္နီမြို့တောင်ဘက်တကြောက ခမ်းတင်း၊ နောင်ကား၊ ဟိုနား၊ ကောင်းလန်း၊ ကုန်းမုန် စတဲ့ကျေးရွာမှာ စပါးစိုက်ခင်းဧကပေါင်း ၂၀၀ ကျော် ရေလွှမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ကရင်ပြည်နယ်မှာ မိုးများပြီး မြစ်ရေလျှံတဲ့အတွက် ဘားအံမြို့၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကမမောင်းဘက်မှာလည်း ရေကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘားအံမြို့မှာ ပြီးခဲ့တဲ့ လကုန်ပိုင်းကစလို့ ကမ်းနားတလျှောက်က ရပ်ကွက်နဲ့ ကျေးရွာတွေ ရေလွှမ်းခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ရေဘေးဒုက္ခသည်တွေဟာ ဘားအံ မိုးလုံလေလုံ အားကစားကွင်း၊ အောင်သံလွင် အားကစားကွင်း၊ ကြားတောရကျောင်းတိုက်နဲ့ ဗလီတွေမှာ ခေတ္တခိုလှုံနေရကြောင်း ဒေသခံတဦးက ပြောပါတယ်။

ရေဘေးဒုက္ခသည်တဦးက "ဒုက္ခရောက်တာပေါ့။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်တော့၊ ကလေးတွေနဲ့ ဘုန်းကြီးကျောင်းမှာနေရတာ အိမ်သာတက်ရတာကအစ ရေတွေဘာတွေရှားနဲ့။ လက်လုပ်လက်စားသမားတွေ ဒုက္ခရောက်တာပေါ့။ မိုးကလည်း တခါမှ မပြတ်ဘူး။ လေတွေမိုးတွေကျတယ်" လို့ ပြောပါတယ်။

အစိုးရ မိုးဇလဌာနက ဒီနေ့မွန်းလွဲပိုင်း မြစ်ရေကြီးခြင်း သတိပေးချက်အရ င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် မြင့်တက်နေပြီး နောက် ၃ ရက် ဆက်ကြီးဦးမယ်လို့ ဆိုပါတယ်။ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာကို ရောက်နေပြီး ၁ ရက်အတွင်း ၃ လက်မကျော် ထပ်တက်ဦးမယ်လို့ ဆိုပါတယ်။

အရင်ရက်တွေက ထုတ်ပြန်ခန့်မှန်းချက်တွေအရ ဆိုရင်တော့ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၀ လက်မခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အထိ စိုးရိမ်ရေမှတ်အထက်မှာပဲ ရှိနေမယ်လို့ ဆိုပါတယ်။
စစ်တောင်းမြစ်ရေတက်လို့ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်ထက် ၅ ပေကျော်နေတယ်လို့ ဆိုပါတယ်။  သံလွင်မြစ်ရေကတော့ ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ထက် ၃ ပေကျော်နေပြီး  ရွှေကျင်မြစ်ရေ တက်နေတာကြောင့် ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)


နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ်များ၏ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှု တင်ပြရန် ညွှန်ကြားချက် ဆိုင်းငံ့ထား

Posted: 07 Aug 2012 10:21 PM PDT

 နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို နိုင်ငံတော်သမ္မတထံ သြဂုတ် ၁ ရက် နောက်ဆုံးထား ပေးပို့တင်ပြရန် သမ္မတရုံးမှ ညွှန်ကြားစာပို့ခဲ့သော်လည်း ယခုအခါ အဆိုပါညွှန်ကြားချက်အား ဆိုင်းငံ့ထားကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ၀န်ကြီးများကပြောသည်။

"ပိုင်ဆိုင်မှုတွေ တင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက စာလာတယ်ဆိုတာလည်း မှန်ပါတယ်။ အခုအဲဒီကိစ္စကို ဆိုင်းငံ့ထားဖို့လည်း စာဝင်ပါတယ်။ နောက်မှ ညွှန်ကြားမှုတွေ ထပ်လာနိုင်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦးကပြောသည်။ အဆိုပါ ညွှန်ကြားချက်များသည် မိမိထံသို့လည်း ရောက်ရှိကြောင်း ၎င်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မရှိကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲက 7Day News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

"ဒီလိုပိုင်ဆိုင်မှုတွေ တင်ပြဖို့ဆိုတာ ကောင်းပါတယ်။ ပိုင်ဆိုင်မှုတွေ တင်ပြလို့ရှိသင့် ရှိထိုက်တာထက် များနေရင်တော့ မဟုတ်ဘူးပေါ့။ သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်လာဖို့အတွက် ဒါကအရေးကြီးပါတယ်"ဟု တိုင်းဒေသကြီး ၀န်ကြီးတစ်ဦးက ပြောသည်။

ဇူလိုင် ၂၅ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုတင်သွင်းပြီး ဇူလိုင် ၂၆ ရက်တွင် နိုင်ငံတော်သမ္မတရုံးမှ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ စာရင်းပြုစုတင်ပြရန် အကြောင်းကြားစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အကြောင်းကြားစာတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများသည် စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို သတ်မှတ်ထားသည့် ပုံစံများတွင် လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတထံ သြဂုတ် ၁ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

by 7Day News Journal



ရခိုင်ဒေသ ပဋိပက္ခများနှင့် ပတ်သတ်ပြီး ကိုမင်းကိုနိုင် ပြောကြားချက် (ရုပ်သံ)

Posted: 07 Aug 2012 10:09 PM PDT

မြန်မာတပြည်လုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှုဟာ တနေရာတည်းမှာ ဖြစ်နေတာ မဟုတ်ပါဘူး၊ နေရာအနှံ့မှာ ဖြစ်နေတာပါ။ ဒါဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လို့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဟာ တပြည်လုံးမှာ ရှိနေတာပါ။ ဒီကိစ္စမှာတော့ လူ့အခွင့်အရေးတည်း ဆိုတဲ့ ရှုထောင့်တခုတည်းက ကြည့်လို့ လုံးဝ မလုံလောက်ပါဘူး၊ ကျနော်တို့ တိုင်းပြည်ရဲ့ သမိုင်းကြောင်း၊ ကျနော်တို့ တမျိုးသားလုံးရဲ့ အကျိုးစီးပွားတွေ၊ ပြည်ပက ကျူးကျော်ဝင်ရောက်နေမှုတွေ၊ အဲ့ဒီမှာလဲ မတရားသဖြင့် ကျနော်တို့ဆီက အကျင့်ပျက်နေတဲ့ ၀န်ထမ်းတွေကြောင့် တချိန်တုန်းက ၀င်ရောက်လာမှုတွေ ရှိသလို၊ နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက်နေမှုတွေလဲ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသား အကျိုးစီးပွားအတွက်ရယ်၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေရယ်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေရယ် အားလုံးခြုံပြီး ကြည့်ရပါမယ်။ ပြဿနာက အင်မတန် သိမ်မွေ့ပါတယ်လို့ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ဒေသတွင်း ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့ရဲ့သဘောထားကို အခုလို ပြောကြားလိုက်ပါတယ်။

ရုပ်သံ -  Burma VJ Media Network

ရုပ်သံ ကြည့်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - 88 Generation Students
၈၈မျိုးဆက်ကျောင်းသားများ ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" တွင် ဗီးနပ်စ် ဂျာနယ်မှ " ရိုဟင်ဂျာကိစ္စသည် နိုင်ငံတကာတွင် လူ့အခွင့်အရေးကိစ္စဖြစ်နေကြောင်း၊ ၈၈အနေဖြင့် လူ့အခွင့်အရေး ရှုထောင့်မှ မည်သို့မြင်ပါသနည်း" ဆိုသည့်အမေးကို မင်းကိုနိုင်က ပြန်လည်ဖြေကြားရာတွင် " ကျွန်တော်တို့ကိုယ်တိုင်လည်း လူ့အခွင့်အေ၇းအတွက် အမြဲတိုက်ပွဲဝင်နေရဆဲဖြစ်ကြောင်း၊ ရခိုင်ဒေသကိစ္စမှာ လူ့အခွင့်အရေးရှုထောင့်တခုတ
ည်းမှ ကြည့်၍ မပြည့်စုံကြောင်း၊ သမိုင်းကြောင်းနှင့်ချီ၍ ရှင်းရမည့်ကိစ္စများ၊ ပြည်ပမှ ကျူးကျော်ဝင်ရောက်နေထိုင်မှုများအပါအ၀င် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရမည့် စဉ်းစားစရာများရှိကြောင်း၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဆန်ဆန် ဖန်တီး၍နောက်ကွယ်မှ အကြံအစည်များ ရှိနေသလို ၀ါဒဖြန့်ချီမှုများလည်း ရှိနေသည်ကို ဂရုပြုရမည်ဖြစ်ကြောင်း ၊နိင်ငံသားအခွင့်အရေး တိုင်းရင်းသားအခွင့်အရေးများနှင့် အခြားရှုထောင့်များကလည်းကြည့်ကြရမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။ ထိုမေးခွန်းကို ကိုကိုကြီးက ဖြည့်စွက် ဖြေကြားရာတွင် လူသားချင်းစာနာသည့်ရှုထောင့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်၊ နိုင်ငံသားဖြစ်မှုဆိုင်ရာရှုထောင့် တို့မှလည်းကြည့်ရမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။


ရခိုင်ဒေသ ပဋိပက္ခများနှင့် ပတ်သတ်ပြီး ကိုကိုကြီး ပြောကြားချက် (ရုပ်သံ)

Posted: 07 Aug 2012 10:06 PM PDT

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့အနေနဲ့ ရခိုင်ဒေသကို မသွားရောက်ခင်မှာ တတ်နိုင်သလောက် ရခိုင်သုတေသီတွေ ထုတ်တဲ့ စာရွက်စာတမ်းတွေ၊ ရိုဟင်ဂျာတွေဘက်က ထုတ်တဲ့ စာရွက်စာတမ်းတွေကို တော်တော်များများ လေ့လာခဲ့ပါတယ်။ ကျနော်တို့ သွားတဲ့ ရည်ရွယ်ချက်ကိုယ်နှိုက်က ကျနော်တို့က အဖြစ်အပျက်အမှန်တွေကို သိရှိနိုင်ဖို့ပါ။ နောက်တခုက ကြီးတဲ့အမှုကို ငယ်အောင်၊ ငယ်တဲ့အမှုကို ပပျောက်အောင် ကျနော်တို့ ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ၊ အထူးသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ပြောရင် ကျနော်တို့ တိုင်းရင်းသားတွေ အချင်းချင်းကြားထဲမှာ နားလည်မှုတွေနဲ့ ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သွားခဲ့ပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ မြန်မာနိုင်ငံသားတွေဟာ ဒုက္ခရောက်နေသူတွေကို ကြောင်တောင်ကြည့်နေတဲ့ လူစားမျိုးတွေ မဟုတ်ပါဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဇူလိုင်လ ၅ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားများရုံးမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရုပ်သံ -  Burma VJ Media Network

ရုပ်သံ ကြည့်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - 88 Generation Students

၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" တွင် News Watch ဂျာနယ်မှ မေးမြန်းရာ "ရခိုင်ရောက်သည့်အခါ ဘင်္ဂါလီများထံသို့ ရောက်ခဲ့ပါသေးသလား"ဟု ဆိုသည့်အမေးကို ကိုကိုကြီးမှ "၄င်းတို့အနေဖြင့် ရောက်ရှိခဲ့ကြောင်း၊ မောင်တောတွင် ၉၇%မှာ ဘင်္ဂါလီများဖြစ်ကြပြီး၊ ဘူးသီးတောင်တွင် နေထိုင်သော ၉၅%မှာ ဘင်္ဂါလီများဖြစ်ကြောင်း" ပြောကြားသည်။
ဘူးသီးတောင် မောင်တောရှိ ဒုက္ခသည်များမှာ ရခိုင်မျာ
းဖြစ်ကြောင်း၊ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများနှင့် မွတ်စလင်ဒုက္ခသည် စခန်းများသို့လည်း သွားရောက်ခဲ့ကြောင်း၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာရှိ ကမန်တိုင်းရင်းသားများ၊ ကမန်မဟုတ်သော မွတ်စလင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အမှတ် ၆ ရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒုက္ခသည်များနှင့်လည်း တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။


သြဂုတ်လ ၈ရက်နေ့ ပြည်သူ့လွှတ်တော် မြင်ကွင်း

Posted: 07 Aug 2012 09:37 PM PDT

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် ရေးရာကော်မတီ ဥက္ကဌများကို နေရာချထားသည့် လွှတ်တော်ထိုင်ခုံများ၏ ရှေ့ဆုံးတန်းသို့ ရောက်ရှိလာခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ဖွဲ့စည်းခဲ့သော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် ဥက္ကဌ အဖြစ် တာဝန်ပေးခဲ့ပါသည်။

 ဓါတ်ပုံ - Eleven Media Group
သြဂုတ်လ ၈ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးခင်မောင်ဝင်း၊ လမ်းမတော် မဲဆန္ဒနယ်၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာ ၇ ခုနှင့် စပ်လျဉ်းသည့် မေးခွန်း၊ ဦးရဲထွန်း၊ သံတွဲ မဲဆန္ဒနယ်၏ MRTV4 ရုပ်သံလိုင်းအား နေပြည်တော်၊ ရန်ကုန်မြို့များကဲ့သို့ Free to Air ထုတ်လွှင့်ပေးနိုင်ခြင်း ရှိမရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊ ဦးအောင်ဆန်း၊ ပန်းဘဲတန်း မဲဆန္ဒနယ်၏ မြန်မာ့ ယဉ်ကျေးမှု
အမွေအနှစ် ဓလေ့စရိုက်များအတွက် သီးခြားပြသ ထုတ်လွှင့်သော Channel အသစ်တစ်ခု ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိမရှိနှင့် စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းကြမည်ဖြစ်ကြောင်း Eleven Media Group - Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။


ထိုပြင် ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၏ Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀င်များအား၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုကို

ဦးစိန်ဝင်း၊ မအူပင်မဲဆန္ဒနယ်။
ဦးကျော်မင်း၊ လက်ပံတန်း မဲဆန္ဒနယ်။
ဒေါ်ဖြူဖြူသင်း၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်။
ဦးကျော်မြင့်၊ မြန်အောင် မဲဆန္ဒနယ်။
ဦးရဲထွန်း၊ သီပေါ မဲဆန္ဒနယ်။
ဒေါ်မြင့်မြင့်စန်း၊ ၀ါးခယ်မ မဲဆန္ဒနယ်။
ဒေါက်တာ ဇော်မြင့်မောင်၊ ကျောက်ပန်းတောင်း မဲဆန္ဒနယ်။
ဒေါက်တာမျိုးအောင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ်များ မှဆွေးနွေးကြမည်ဖြစ်သည်။

ဒေါက်တာစိုးရင်၊ ကမာရွက် မဲဆန္ဒနယ်၏ မြန်မာနိုင်ငံရှိ တက္ကသိုလ် အသီးသီးတွင် ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဆောင်များ ဖွင့်လှစ်ထားရှိပြီး အဆောင်နေခွင့် စနစ်ကို ကျင့်သုံး အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အတွက် ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆို တင်သွင်းမည်ဖြစ်သည်။

ဦးမောင်တိုး၊ မင်းလှ မဲဆန္ဒနယ်က ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းမည်ဖြစ်ကြောင်း Eleven Media Group သတင်းအရသိရှိရပါသည်။



၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ရှစ်လေးလုံး ငွေရတုအကြို (၂၄)နှစ်မြောက် အမှတ်တရစကား

Posted: 07 Aug 2012 09:30 PM PDT

ရှစ်လေးလုံး ငွေရတုအကြို(၂၄)နှစ်ပေါ့ ကျွန်တော်တို့ ဖြတ်သန်းခဲ့တာ၊ လွန်ခဲ့တဲ့ (၂၄)နှစ်ကိုပြန်ကြည့်ရင် ကျွန်တော်တို့ ပေါက်ကွဲသံတွေနဲ့၊ တက်
ခေါက်သံတွေနဲ့၊ဒို့အရေးသံတွေနဲ့ ပဲ့တင်ထပ်ခဲ့တာ။ ဒီကနေ့ တော့ ပြန် လည်သင့်မြတ်ရေးဆိုတဲ့နည်းကို ကျွန်တော်တို့ ကြိုးညှိနေကြပြီ။ ဒါပေမဲ့ တောထဲ တောင်ထဲမှာတော့ ယမ်းခိုးတွေ ဝေနေတုန်းပါ။ လွန်ခဲ့တဲ့ (၂၄)နှစ်က လမ်းတွေပေါ်မှာ ကျွန်တော်တို့ နံပါတ်တုတ်တွေ၊
သေနတ်ပြောင်း တွေနဲ့ ချိန်ရွယ်ခံကြရတယ်။ အခုတော့ ကျွန်တော်တို့ကို
ကင်မရာမီးတဖျပ်ဖျပ်နဲ့ဓာတ်ပုံရိုက်တဲ့ မှန်ဘီလူးတွေနဲ့ ကျွန်တော်တို့ကိုချိန်
ရွယ်ခံနေရတယ်။ တစ်ဖက်ကိုကြည့်လိုက်ပြန်တော့ စက်ချုပ်အလုပ်သမ
လေးတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ညီမငယ်တွေရဲ့ခေါင်းထက်မှာဆင်းရဲ
မွဲတေမှုနဲ့ပညာမဲ့ခြင်းဆိုတဲ့လက်နက်တွေနဲ့ ချိန်ရွယ်ခံနေရတယ်။ သူတို့
ထမင်းချိုင့်တွေထဲကို ကြည့်လိုက်ရင်ဘဲဥတစ်လုံးတောင် မပြည့်တာကို
တွေ့ရပါလိမ့်မယ်။ ဘဲဥတစ်ခြမ်းနဲ့ဆက်နေရတဲ့ သူတို့ရဲ့အာဟာရ
အတွက် ကျွန်တော်တို့အားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေဟာ
ဘယ်လောက်အရာထင်သလဲဆို တာ ပြန်တွက်ကြရအောင်။ လွှတ်တော်ထဲ ကို ကြည့်လိုက်တော့ အရင်တုန်းကတော့ တစ် ပါတီလွှတ်တော်၊ အခုတော့ ပါတီစုံ
လွှတ်တော်။ ဒါပေမဲ့ ဒီလွှတ်တော် ထဲကို ထပ်ကြည့်ပြန်ရင်လည်း စစ်
ယူနီဖောင်းတွေက ကျကျနန ဝင်ထိုင်နေတာကို ကျွန်တော်တို့ မလိမ်
တန်း မညာတန်း ဝန်ခံကြရမယ်။ နိုင်ငံတော်သမ္မတကတော့ အားလုံး
ပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်လို့ ကတိပေးနေပြီ။ အားလုံးပါဝင်ရအောင်
နိုင်ငံရေးအကျဉ်းသားတွေအဖြစ်သံတိုင်နောက်မှာ ကျန်နေခဲ့တဲ့ ကျွန်
တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အတွက်ကော ကျွန်တော်တို့ မေး
ခွန်းထုတ်ပါရစေ။ သူတို့ ပါဝင်ခွင့်မရှိတော့ဘူးလား။ လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တောတွင်းအဖွဲ့အစည်းတွေ၊ တစ်ခါက တရားမဝင် အဖွဲ့အစည်းလို့ စွပ်စွဲခံခဲ့ရတဲ့ အဖွဲ့တွေနဲ့ ဆက်ဆံမိလို့၊ ထမင်းတစ်နပ်ကျွေး မိလို့ အဲဒီ ဒေသခံပြည်သူတွေကို အကျဉ်းထောင်ထဲမှာ အခုထိ ရှိပါသေး
တယ်။ အခုန အဖွဲ့အစည်းတွေက တရားဝင်ရုံးခန်းတွေ ဖွင့်ပြီးတော့
ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အောင်မြင်မှု ရလဒ်အဖြစ် ရပ်တည်နေတဲ့အချိန်
မှာ ကျွန်တော်တို့ ပြည်သူတွေကို အဲဒီ အဖွဲ့အစည်းတွေနဲ့ ပတ်သက်
မိတဲ့ ပြည်သူတွေ နိုင်ငံရေးအကျဉ်းသားအဖြစ် မကျန်ရှိသင့်တော့ပါဘူး။
ကျွန်တော်တို့ ဒေါင်းအလံတွေအရင်တုန်းက၊ လွန်ခဲ့တဲ့(၂၄)နှစ်က
လမ်းတွေပေါ်မှာ ထူလွှင့်ပြီးတော့ ကျွန်တော်တို့ ပြေးခဲ့လွှားခဲ့ကြတာ
တွေ၊ မိုးရေထဲမှာ ကျွန်တော်တို့ ဒေါင်းအလံလေးတွေမြောင်းထဲအထိ
ပြုတ်ကျလို့လိုက်ကောက်ရတာတွေ၊အခုတော့ ကျွန်တော်တို့ဒေါင်းအလံ
တွေ ခန်းမကျယ်ထဲမှာ ခန်းလုံးပြည့် ကော်ဇောခင်းတဲ့နံရံတွေမှာ ခံ့ခံ့
ညားညား ထူလွှင့်လို့ရပါပြီ။ ဒီပြောင်းလဲမှု အင်မတန်ကြီးကျယ်ပါတယ်။
သမိုင်းသစ်တစ်ခုပါ။ ဒါကို ရေးခဲ့တာ ဘယ်သူတွေပါလိမ့်လို့ မမေးပါနဲ့။
ပြည်သူတွေကိုယ်တိုင်ပါ။ ပြည်သူတွေကိုယ်တိုင်သာလျှင် သမိုင်းရဲ့ အပြောင်းအလဲကို ဖန်တီးနိုင်ပါတယ်။ အဲဒီအပြောင်းအလဲကြီးကသာလျှင် အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ
ကြောင့် ဒီပြောင်းလဲမှုကြီးမှာ ငါတို့ကိုယ်တိုင် ပါဝင်ခဲ့တယ်ဆိုတာကို
ကျွန်တော်တို့ ပြည်သူတွေ ပြန်ပြီးတော့ သတိရစေချင်တယ်။ နောက်
ထပ် ငါတို့ ဘာလုပ်နိုင်ဦးမလဲဆိုတာကို ပြည်သူတွေလည်း ထပ်ပြီးတော့
အတွေးထဲမှာ နှစ်ထားစေချင်ပါတယ်။ ပြည်တွင်းမှာ ပြည်ပမှာ ကျွန်တော်တို့ အင်အားတွေ ရှိတယ်။ ပြည်ပမှာတော့ သခင်မျိုးဟေ့ ဒို့ဗမာတွေ သွားပြီးတော့ ကုန်ထမ်းနေရတာ ရှိပါတယ်။ ဒါ အရှိတရားပါ။ အလုပ်ကြမ်းတွေ လုပ်နေရတယ်။ နောက်တစ်မျိုးက ကျွန်တော်တို့ရဲ့
ပရောဟိတ်တွေပေါ့။ နိုင်ငံတကာ ရောက်နေကြတဲ့ ပညာမျိုးစုံသင်ယူ
ထားကြတဲ့ ကျွန်တော်တို့ရဲ့ ပညာတတ်အလွှာတွေ၊ ကျွန်တော်တို့ကို
လှမ်းမေးပါတယ်။ ပြည်တွင်းကို သူတို့လာခဲ့ရမလားလို့ မေးပါတယ်။
ကျွန်တော်တို့ပြည်တွင်းမှာ လမ်းခင်းနေပါပြီ။အဲဒီခင်းတဲ့လမ်းဟာ ပန်းခင်း
တဲ့လမ်းဖြစ်စေချင်ရင်တော့ ခင်ဗျား တို့ကိုယ်တိုင် ပန်းပင်တွေစိုက်ပျိုးမှ
ဖြစ်ပါလိမ့်မယ်။ ဧရာဝတီမြစ်ကမ်း ဘေးမှာ သံပြိုင်ဆိုရမယ့် ကျွန်တော်
တို့ရဲ့အောင်ပွဲခံသီချင်းကို ကျွန်တော် တို့အားလုံး ခင်ဗျားတို့အားလုံး ကိုယ်
တိုင် ဝိုင်းပြီး ရေးစပ်ပြီးမှ ကျွန်တော် တို့ ဆိုနိုင်မယ်ဆိုတာကို ခင်ဗျား
တို့ကို သိစေချင်ပါတယ်။ ဟောဒီ ရှစ်လေးလုံးဟာ ကျွန်တော်တို့ အတွက် ဆက်ချီတက်ရ မယ့် ရှစ်လေးလုံးစိတ်ဓာတ်ကို ဖော်ညွှန်းနေပါတယ်။ ရှစ်လေးလုံးစိတ်ဓာတ်ဆိုတာ ဘာလဲလို့ မေးပါ။ နိုင်ငံတစ်ခုရဲ့ ကြီးကျယ်တဲ့ အပြောင်း အလဲမှန်သမျှကို ပြည်သူတွေသာ လျှင် ဖန်တီးနိုင်တယ် ဆိုတဲ့ အောင် စိတ်ပါ။ ရှစ်လေးလုံးဟာ အောင်စိတ်ပါ။ အဲဒီ အောင်စိတ်နဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ ချီတက်ကြရအောင်။ အတူလိုက်ခဲ့ပါ။ ဖိတ်ခေါ်
ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
မင်းကိုနိုင်
၈၈ မျိုးဆက် ကျောင်းသားများ

Popular Myanmar News Journal



ကချင်ပြည်နယ်မှာတရားမဝင်တရုပ်လူမျိုးတွေ ထောင်နဲ့ချီ အခြေချနေပြီလို့ လူဝင်မှု အရာရှိပြောဆို

Posted: 07 Aug 2012 09:24 PM PDT

ကချင်ပြည်နယ်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်အခြေချနေထိုင်သူ အများစုဟာ တရုတ်လူမျိုးတွေဖြစ်ပြီး၊ အခုဆိုရင် တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ တရုတ်လူမျိုးတွေ ထောင်နဲ့ချီရှိ နေပြီလို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာနက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

လတ်တလော ကချင်ပြည်နယ်အတွင်း နယ်မြေမလုံခြုံ
မှုကြောင့် တရားမ၀င်ခိုးဝင်နေထိုင်သူတွေကို ကြပ်ကြပ် မတ်မတ်ဖော်ထုတ် စစ်ဆေးအရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အတွက် အနီးစပ်ဆုံးသာ ခန့်မှန်းပြောဆိုရတာ ဖြစ်တယ်လို့ အဲ့ဒီဋ္ဌာနရဲ့ညွန်ကြားရေးမှူး ဦးကြည်လင်က အခုလ (၄) ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာနအနေနဲ့ ၁၉၈၅ ခုနှစ်ကနေစပြီး နိုင်ငံခြားသား တရားမ၀င် ဝင်ရောက်မှု ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး တရုတ်နိုင်ငံကနေ ကချင်ပြည်နယ်အတွင်း နယ်စပ်ဝင်ပေါက်တွေဖြစ်တဲ့ ပန်ဝါ၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ လိုင်ဇာ၊ မန်ဝိန်း စတဲ့ နယ်စပ်ဂိတ်တွေက တရားမဝင် ဝင်ရောက်လာသူတွေကိုစစ်ဆေးပြီး ဥပဒေအတိုင်းအရေးယူဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ယခုနှစ်ဇန်နဝါရီ ၁ရက်ကနေဇူလိုင် ၃၁ရက်နေ့အထိနယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား ၁၄ ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ထဲက ၁ဝ ဦးကို ပြည်နှင်ဒါဏ်ပေးခဲ့ ပြီး ကျန် ၄ ယောက်ကိုတော့ တရားရုံးတင်စစ်ဆေး နေဆဲ ဖြစ်ကြောင်းသိရပါတယ်။

ကချင်ပြည်နယ်အတွင်းFRC နိုင်ငံခြားသားလက်မှတ်ကိုင်ဆောင်ပြီးနေထိုင်သူ သုံးထောင်ကျော်ရှိပြီး၊ အဲဒိထဲမှာ တရုတ်နိုင်ငံသားက ၂ ထောင့် ၈ ရာ ကျော်တယ်လို့လည်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese



ရှစ်လေးလုံးငွေရတုအကြို အခမ်းအနားကို မန္တလေးမြို့ ကျင်းပ

Posted: 07 Aug 2012 09:07 PM PDT

မန္တလေး၊ သြဂုတ်- ၈
 ရှစ်လေးလုံးငွေရတုအကြို အခမ်းအနားကို မန္တလေးမြို့ မဟာမုနိဘုရားကြီးတောင်ဘက်မုခ်ရှိ ဒက္ခိဏာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည်။နိုင်ငံရေးပါတီဝင်များ၊ ၈၈ကျောင်းသားရဲဘော်ဟောင်းများ၊ မြို့ခံစာရေးဆရာများနှင့် မြို့ခံများလူအင်အားထောင်ဂဏန်းကျော်တက်ရောက်ခဲ့ကြသည်။

နံနက်(၆)နာရီခွဲတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီအစရှိသော ၈၈ကျောင်းသားဟောင်းများနှင့် တက်ရောက်လာသော
၈၈မျိုးဆက်ကျောင်းသားဟောင်းများက ၀ါဆိုသကန်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
နံနက်(၇)နာရီတွင် အခမ်းအနားစတင်ခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံအတွင်း
ကျဆုံးသွားသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူအပေါင်းအား
ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် တစ်မိနစ်ကြာ ငြိမ်သက်ခဲ့သည်။

ကိုမင်းကိုနိုင်ကသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပရခြင်းအကြောင်း ဆရာတော်သံဃာတော်များထံ
လျှောက်ထားခဲ့ပြီး၊  မန္တလေးသာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဦးဇောတိကာဘိဝံသမှ သြ၀ါဒစကားမိန့်ကြားခဲ့သည်။
ကြွရောက်လာသောဆရာတော်များကလည်း တရားတော်များ ချီးမြှင့်ပေးခဲ့ကာလှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှဝေခဲ့သည်။

စစ်အစိုးရလက်ထက်တွင်  သတ်ဖြတ်ခံခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများအတွက်လည်း
အမျှအတန်းဝေခဲ့သည်။ ကိုဂျင်မီက သဘောထားကြေညာချက်ကို ဖတ်ကြားခဲ့သည်။

အခမ်းအနားဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး နံနက် ၈ နာရီ ၂၃မိနစ်တွင် အခမ်းအနားပြီးဆုံးခဲ့သည်။
ဆရာတော်သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများဆက်လက်ကျင်းပမည်ဖြစ်သည်။

 by 7Day News Journal


ဓာတ်ပုံ- ညီညီဇော်
ဓာတ်ပုံ- ညီညီဇော်
ဓာတ်ပုံ- ညီညီဇော်


လွှတ်တော်မှာ ယနေ့ ဆွေးနွေးမည့် အကြောင်းအရာများ

Posted: 07 Aug 2012 08:43 PM PDT

ယနေ့ (သြဂုတ်လ ၈ ရက်နေ့) တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း Eleven Media Group Facebook အင်တာနက် စာမျက်နှာ ဖော်ပြထားပါသည်။

(၁) နယ်စပ်ကုန်သွယ်ရေး စခန်း မူဆယ်-တာချီလိတ်-ကော့သောင်း တို့တွင် HIV/AIDS ဖြစ်ပွားမှု သုတေသနပြုချက် သို့မဟုတ် ကုသကာကွယ်တားဆီး ပညာပေးမှု အခြေအနေတို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း မေးမြန်းခြင်း။

(၂) ပုဂ္ဂလိက ဆေးဘက်ပညာ သင်တန်းကျောင်းများကို မည့်သည့် စံချိန်စံညွှန်းနှင့် အညီ ဖွင့်လှစ်ခွင့် ပြုထားခြင်းနှင့် ပုဂ္ဂလိက ဆေးဝါး ကျွမ်းကျင်သင်တန်းဆင်း များအား မည်ကဲ့သို့ ထိန်းချုပ်သင့်သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း မေးမြန်းခြင်း။

(၃) မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ လုပ်ငန်းသုံးမီတာနှင့် အိမ်သုံးမီတာ အသုံးပြုခြင်း အပေါ် မည့်သည့် ဥပဒေဖြင့် ကောက်ခံနေသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခြင်း။

(၄) အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၏ အကြံပြုချက် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးက ဆွေးနွေးခြင်း။

(၅) မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု အနိမ့်ကျဆုံး ဖြစ်နေသော ချင်းပြည်နယ်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့်အတူ တိုင်းရင်းသား လုပ်ငန်းရှင်ကြီးများမှလည်း တတ်အားသမျှ စေတနာထက်သန်စွာ ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးနိုင်ပါရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၄) ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းဆွေးနွေးခြင်း။

(၆) အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း မသမာသော နည်းလမ်းများဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်း များကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက် တစ်ရပ် ချမှတ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန် အဆိုတင်သွင်းခြင်း။

Eleven Media Group

ဓါတ်ပုံ - Eleven Media Group


ခြိမ်းခြောက်မှုတွေကို သမ္မတရုံး ညွှန်မှူး တုံ့ပြန်

Posted: 07 Aug 2012 08:35 PM PDT

မကြာခင် သတင်းပတ်တွေအတွင်း အစ္စလာမ် ကြီးစိုးတဲ့ နိုင်ငံတခိျု့မှာ မြန်မာအစိုးရကို ဆန္ဒပြ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တဲ့အပေါ် မြန်မာအစိုးရဘက်ကလည်း သိရှိထားပြီး သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်သင့်တဲ့ အရာတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ နိုင်ငံတော် သမ္မတရုံးဘက်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ထောင်ချ ခံထားရတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တဦးဖြစ်တဲ့ အဘူ ဘာကာ ဘာရှားက မွတ်ဆလင်တွေ ဆက်ပြီး ဖိနှိပ် သတ်ဖြတ် ခံရမယ်ဆိုရင် မြန်မာအစိုးရကို ဘာသာရေးအရ ဂျီဟတ်စစ်ပွဲ ဆင်နွဲမယ်လို့ သောကြာနေ့က ခြိမ်းခြောက်ခဲ့ပါတယ်။

 ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သိရှိထားကြောင်း၊ ရခိုင်ကိစ္စမှာ မြန်မာအစိုးရအနေနဲ့ ဘင်္ဂါလီရယ်၊ ရခိုင်ရယ်လို့ ဘက်မလိုက်ပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေ အတိုင်း ဥပဒေတွေအတိုင်း ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘယ်ဘာသာကိုမှ ဖိနှိပ်ချုပ်ချယ်တာ မရှိကြောင်း မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

အစိုးရရဲ့ ဆောင်ရွက် နေမှုတွေအပေါ် မကြာခင် ရက်ပိုင်းကလည်း ပြည်ထောင်စု ဝန်ကြီးတခိျု့က နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့ကို ရှင်းပြခဲ့ တဲ့အပြင် အဖြစ်မှန်တွေကို လေ့လာနိုင်အောင် ရခိုင်ပြည်နယ်ကို ပို့ဆောင် ပြသခဲ့ကြောင်းလည်း သူက ပြောပါတယ်။

'သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ နည်းဗျူဟာ ဒါတွေကိုလည်း ခေတ်နဲ့အညီ ဆောင်ရွက်လျှက် ရှိပါတယ်'' လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

လက်ရှိ ခြိမ်းခြောက်မှုတွေဟာ အစစ်အမှန် ဖြစ်နိုင်သလို တခိျု့ကတော့ အမှန်တကယ် မဟုတ်ပဲ ကြောင့်လန့်ရုံ သက်သက် ခြိမ်းခြောက်တာတွေ ဖြစ်နိုင်ကြောင်း၊ သေသေချာချာ ဆန်းစစ်ပြီးရင်တော့ လုပ်သင့်လုပ်ထိုက်တာကို နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

ဘီဘီစီ (မြန်မာဌာန)

နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်


Quintana မဲဆောက်ရောက်

Posted: 07 Aug 2012 08:16 PM PDT

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်စ်၊ အိုဟေး ကင်တားနား
ကုလသမဂ္ဂ၊ လူအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ်၊ အိုဟေးကင်တားနား ဟာ အောက်တိုဘာလမှာ တင်မယ့် သူရဲ့ အစီရင်ခံစာအတွက် ထိုင်း-မြန်မာနယ်စပ်က လူအခွင့်အရေး အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့ အစည်းတွေနဲ့ သြဂုတ်လ ၇ ရက်နေ့က တွေ့ဆုံပြီး သတင်းအချက်အလက်တွေ စုဆောင်းသွားခဲ့ပါတယ်။ ဒီအကြောင်း အစုံအလင် ကိုတော့ ထိုင်းအခြေစိုက်၊ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကုလသမဂ္ဂ၊ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အစီရင်ခံစာတင်ဖို့ အတွက် လေ့လာ စုံစမ်းခဲ့တဲ့ မစ္စတာ တောမတ်စ်၊ အိုဟေးကင်တားနားကို နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က မြန်မာပြည်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ၊ အကျဉ်းထောင်အခြေအနေ၊ နောက်တခုက ကချင်ပြည်နယ်မှာ ကချင်တွေ အဖမ်းခံထားရတဲ့ အနေအထားတွေရယ်၊ နောက်တခုက ရခိုင်မှာ အဖမ်းအဆီးတွေ ရှိနေတဲ့ ကိစ္စ၊ အဲဒီကိစ္စတွေကို ဆွေးနွေးဖြစ်ပါတယ်။ ကျနော်တို့ကတော့ အဖမ်းအဆီးရယ်တင် မဟုတ်ပါ ဘူး။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်၊ ဥပမာ- လယ်မြေ သိမ်းတဲ့ ကိစ္စတွေ၊ ဒါတွေကလည်း မြန်မာပြည်နိုင်ငံအနှံ့မှာ ဖြစ်နေတယ်၊ ရန်ကုန်မှာဖြစ်နေတယ်။ တနင်္သာရီ၊ ကချင်မှာဖြစ်နေတယ် အစရှိသဖြင့်ပေါ့။

ဒီလို လယ်ယာအသိမ်းခံရတဲ့ကိစ္စ၊ လယ်သမားတွေ လယ်ယာမြေဆုံးရှုံးနေတဲ့ ကိစ္စတွေ၊ နောက်တခုက အဖမ်းအဆီး ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တာ ရှိပါတယ်။ သူကိုယ်တိုင်ကလည်း လက်ခံ ထားတာရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စဆိုရင် တိုင်းပြည် တပြည်ရဲ့  အပြောင်း အလဲမှာ အင်မတန် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးသိန်းစိန်အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးဖို့ လိုတယ်။ နောက်တခုက နိုင်ငံရေး အကျဉ်းသား တော်တော် များများက မျှတတဲ့ တရားစီရင်ရေးတွေကိုလည်း ရခဲ့ကြတာ မဟုတ်ဘူး။ ရခိုင်မှာ၊ ကချင်မှာ ဖြစ်နေတဲ့ ကိစ္စတွေကိုလည်း သူ သေသေချာချာ သဘောပေါက်တယ်လို့ ကျနော်တို့ နားလည်ပါတယ်။"

နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံနဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့၊  အမျိုးသမီးအဖွဲ့၊ကျန်းမာရေး၊ လူမှုရေး  လူထု အခြေပြုအဖွဲ့အစည်ေးတွနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ အဖမ်းအဆီးတွေ၊ တိုက်ပွဲတွေ ရှိနေသေးတယ်လို့ ထိုင်-းမြန်မာ နယ်စပ်အခြေစိုက် အဖွဲအစည်းတွေက သုံးသပ်ပြောဆိုခဲ့တာပါ။ ဆွေနွေးမှုတွေအတွင်းမှာ မစ္စတာ ကင်တားနား အဓိက သိလိုတဲ့အချက်ကတော့ ကရင်ပြည်နယ်တွင်းမှာ အပစ်အခတ်ရပ်စဲပြီးနောက် အခြေအနေ၊ ဒုက္ခသည်တွေရဲ့ အနေအထားတွေကိုလည်း မေးမြန်းခဲ့တယ်လို့ ကရင် လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

သူတို့အနေနဲ့  တင်ပြခဲ့တာတွေကို တာဝန်ခံဖြစ်တဲ့ ကိုစောအဲလ်ဘတ်က အခုလို ပြောပါတယ်။

သူပြောသွားတာကတော့ ကရင်ပြည်နယ်တွင်းမှာ မြေမြှုပ်မှိုင်းတွေ ကျန်ရှိနေတာ၊ တိုက်ပွဲတွေ လည်း ဖြစ်နေတုန်းပဲ၊ အပစ်အခတ်ရပ်စဲရေး မတည်ငြိမ်သေးချိန်မှာ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ မသင့်သေးတာ၊ တကယ်လို့ ပြန်ပို့မယ်လို့ ဆုံးဖြတ်ရင်လည်း သူတို့ကို ပြန်ပို့ တဲ့နေရာတွေမှာ မြေမြှုပ် မိုင်းတွေ ရှိမရှိ အဓိက ဖြေရှင်းပေးရမယ်ဆိုတာတွေကို ပြောသွားတာပါ။
ဒါ့အပြင်  ဒုက္ခသည်တွေရဲ့ ဘ၀ရပ်တည်ရေးအတွက် ကုလသမဂ္ဂက ဘယ်လောက်ကြာကြာ ကူညီနိုင်မလဲဆိုတာကို စဉ်းစားနိုင်ဖို့တွေ၊ သူတို့ရဲ့ နေထိုင်ရပ်တည်ရေး ကို သေချာဖြေရှင်းမှ ပြန်ပို့နိုင်ဖို့တွေ ကို ပြောပြဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်တွင်းမှာ ဒေသခံတွေ လုပ်ကိုင်စားသောက်နေ တဲ့ မြေလွတ် မြေရိုင်းတွေကို စီးပွားရေးကုမ္ပဏီတွေကို ရောင်းချလိုက်တဲ့အတွက် ဒေသခံတွေ လုပ်ကိုင် စားသောက်ဖို့ အခက်အခဲဖြစ်သွားရတဲ့ အခြေအနေတွေကြောင့် ဒေသခံတွေရဲ့ လူ့အခွင့်အရေး ကိစ္စတွေ ကို ဆွေးနွေးဖြစ်ခဲ့ကြောင်း ပြောသွားပါတယ်။

မစ္စတာကင်တာနားအနေနဲ့ လာမယ့် အောက်တိုဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ ရဲ့ လူ့အခွင့်အရေးကိစ္စတွေကို တင်ပြဖို့ ရှိပြီး မြန်မာနိုင်ငံမှာလက်ရှိ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် တွင်းက အခြေအနေတွေကို သူ့အနေနဲ့ သဘောပေါက် နားလည်ပုံရှိတယ်လို့ ကိုဘိုကြည်က ပြော သွားပါတယ်။

"ရခိုင်ကိစ္စက အင်မတန်မှ နက်နဲခက်ခဲတယ်ဆိုတာကို သူကောင်းကောင်းသဘောပေါက်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သူ့ဘက်က အမြင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြောသွားတာတော့ မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အနေအထားတွေ၊ အခက်အခဲတွေကိုတော့ သူကောင်းကောင်းနားလည်တယ်လို့ ကျနော်တို့ ခန့်မှန်းလို့ ရပါတယ်။"

လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားဟာ မကြာခင်ကပဲ မြန်မာနိုင်ငံကိုသွာရောက်ခဲ့ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့တာပါ။  သြဂုတ်လ ၇ ရက်နေ့ကတော့ ထိုင်း-မြန်မာနယ်စပ် ကိုလာရောက်ပြီး မြန်မာပြည်က အပြောင်း အလဲတွေကြောင့် လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာပြီလားဆိုတာကို မေးမြန်းစုံစမ်းခဲ့ပြီး အပစ်ရပ် ထားတဲ့ ကရင် ပြည်နယ်တွင်းက လူ့အခွင့်အရေး အခြေအနေကို လာရောက်လေ့လာစုံစမ်းသွားတာဖြစ်ပါတယ်ရှင်။

မအေးအေးမာ (ဗွီအိုအေ)


ရိုဟင်ဂျာတွေကို အကူအညီပြန်ပေးခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ်ကို ကုလသမဂ္ဂ တိုက်တွန်း

Posted: 07 Aug 2012 08:35 PM PDT

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ Martin Nesirky (ယာဘက်၊)
ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ထွက်ပြေး ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် အကူအညီ ပြန်ပေး ခွင့်ပြုဖို့ ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်း လိုက်ပါတယ်။ အကူ အညီတွေသာ ဆက်ပေးလို့ မရဘူးဆိုရင် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေဟာ ကြီးမားတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့လည်း ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီက သတိပေးလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox Bazar ဒေသမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နိုင်ငံ တကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO သုံးခုကို သူတို့ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းပစ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေး နေ့မှာ ညွှန်ကြားချက်ထုတ်ခဲ့တာပါ။

သြဂုတ်လ ၇ ရက်၊ အင်္ဂါနေ့မှာတော့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)၊ Action Against Hunger နဲ့ Muslim Aid UK အဖွဲ့တွေရဲ့ အကူအညီပေး လုပ်ငန်းတွေကို ပြန်လုပ်ခွင့်ပြုဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေ ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။

"မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြပြီး တရားဝင် မှတ်ပုံတင် မထားရသေးတဲ့ လူ ၄၀,၀၀၀ လောက်အတွက် အကူအညီတွေ ဆက်ပေးခွင့်ပြုဖို့ UNHCR က ဘင်္ဂလားဒေ့ရှ်အစိုးရကို ပန်ကြားထားပါတယ်။"

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင်န် နီဆားကီး (Martin Nesirky) က သြဂုတ်လ ၇ ရက်နေ့ ကုလသမဂ္ဂ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း UNHCR ရဲ့ တိုက်တွန်းချက် ကို  ပြောသွားတာပါ။

ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အဲဒီညွှန်ကြားချက်အတိုင်းသာ လိုက်နာရမယ်ဆိုရင်တော့ Leda နဲ့ Kutupalong ဒေသတွေက ဖြစ်သလိုဆောက်ထားတဲ့ စခန်းတွေမှာ နေနေကြတဲ့ မကြာသေး ခင်နှစ်တွေအတွင်း မြန်မာနိုင်ငံကနေထွက်ပြေးသွားကြသူ လူပေါင်း ၄၀,၀၀၀ လောက်ဟာ ဆိုးရွားတဲ့ လူသား ဘေးဒုက္ခ အကျပ်အတည်းနဲ့ ရင်ဆိုင်ကြရပါမယ်လို့ UNHCR ရဲ့ ပြောရေး ဆိုခွင့်ရှိ သူ အေဒရီယန် အက်ဒွပ်ဒ်စ် (Adrian Edwards) ကလည်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် NGO တွေဆီကနေ အခြေခံ ၀န်ဆောင်မှုတွေကို ရနေတဲ့ အဲဒီစခန်းတွေနဲ့ အနီးအနား မှာ နေထိုင်ကြတဲ့ ဒေသခံတွေ အပေါ်မှာလည်း သက်ရောက်မှုရှိလိမ့်မယ်လို့ အေဒရီယန်က ဆိုပါ တယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ပြန်စဉ်းစားဖို့ UNHCR က တိုက်တွန်းပါတယ်။

"နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့လူတွေအပေါ် နွေးထွေးစွာ ကြိုဆို အကူအညီပေးခဲ့တဲ့ အစဉ်အလာအတိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြီး စဉ်းစားဖို့ ဒုက္ခသည်အေဂျင်စီက တိုက်တွန်းထားပါတယ်။"

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နီဆားကီးပါ။

နိုင်ငံတကာ NGO တွေက ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနေတာဟာ သူတို့ကိုခွင့်ပြု ထားတဲ့ လုပ်ပိုင်ခွင့်ဘောင်ထက် ကျော်လွန် လုပ်ဆောင်နေသလို သူတို့ လုပ်ရပ်တွေက နောက်ထပ် ဒုက္ခသည်တွေ ထပ်ပြီး ထွက်ပြေးလာအောင် အားပေးသလိုဖြစ်နေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ၊ NGO ရေးရာဆိုင်ရာဌာနကနေ NGO သုံးဖွဲ့ဆီ ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် အကူအညီ ပေးနေတာတွေကို ရပ်ပစ်ပါလို့ ညွှန်ကြားခဲ့တာပါ။

အခု ရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ အိမ်မီးရှို့တာတွေ ထပ်ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ လည်း UNHCR အနေနဲ့ အနီးကပ် လေ့လာစောင့်ကြည့်နေတယ်လို့ မစ္စတာ နီဆားကီးကပြောပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ရတဲ့ အဓိကရုဏ်းတွေကြောင့် ဘေးဒဏ်သင့်ရသူ လူပေါင်း ၄၀,၀၀၀ ကျော် အတွက် ပလပ်စတစ် အခင်းတွေ၊ စောင်တွေ၊ ဖျာတွေ၊ ခြင်ထောင်တွေနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကို UNHCR က အကူအညီပေးခဲ့တယ်လို့ ဇူလိုင်လ ၇ ရက်နေ့စွဲနဲ့ ကုလသမဂ္ဂရဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP လို တခြား ကုလသမဂ္ဂ အဖွဲ့အစည်းတွေကလည်း စားနပ်ရိက္ခာ အကူအညီတွေ ပေးခဲ့တယ်လို့ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ဘက် ရောက်တဲ့အချိန်တုန်းကတော့ ဒေသခံတချို့က ကုလသမဂ္ဂအလိုမရှိဆိုတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး ဆန္ဒပြတာကို ကြုံခဲ့ရပါတယ်။

ကိုကျော်ကျော်သိန်း (ဗွီအိုအေ မြန်မာဌာန)


မန္တလေးမှာ ဈေးသည်တွေဆန္ဒပြ သုံးဦးအဖမ်းခံရ

Posted: 07 Aug 2012 08:06 PM PDT

မန္တလေးမြို့ ကိုင်းတန်းဈေးကနေ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရတဲ့ ဈေးသူ ဈေးသား ၁ဝဝဝ ကျော်လောက် ဈေးအတွင်း မနေ့ညက စုရုံး ဆန္ဒပြခဲ့ကြပြီး ဈေးကနေ မြို့တော်ခန်းမအထိ လမ်းလျှောက် ချီတက်ခဲ့တဲ့ ဈေးသူဈေးသား (၃၀၀) လောက်ထဲက (၃) ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
RFA
မန္တလေးမြို့ ကိုင်းတန်းဈေးမှ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရသည့် ဈေးသူ ဈေးသား ၁ဝဝဝ ကျော် ၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်က စုရုံး ဆန္ဒပြနေကြစဉ်။
မန္တလေးမြို့၊ ၂၈လမ်းနဲ့ လမ်း ၃၀ ကြား ၈၄ လမ်းနဲ့ ၈၆ လမ်းကြားမှာရှိတဲ့ ကိုင်းတန်းညဈေးက ဈေးသည်တွေဟာ မနေ့ည ၉ နာရီခွဲမှာ မန္တလေး စည်ပင်ဝန်ထမ်းတွေ ပိတ်ဆို့ ကာရံထားတဲ့ သံဆူးကြိုးတွေကို တွန်းလှန်ဖယ်ရှားပြီး တစ်မိုင်လောက် အကွာအဝေးရှိတဲ့ မြို့တော်ခန်းမရှေ့အထိ အော်ဟစ် ချီတက် ဆန္ဒပြခဲ့ကြတာလို့ ဈေးသည်တစ်ဦးက RFA ကို ပြောပါတယ်။
"၉ နာရီခွဲလို့ ဈေးသည်တွေ အကုန်လုံးခင်းတော့ ၁၀ နာရီ ပတ်ချာလည်ကျတော့ သူတို့က ကားတွေနဲ့ သံဆူးကြိုးတွေ လာချပြီးတော့ မရောင်းရဘူးလို့ ပြောတဲ့ အချိန်မှာ ဈေးသူ ဈေးသားတွေက ဒီလမ်း ၃၀ ကို ပိတ်ရမလား ဆိုပြီးတော့ ဈေးသူ ဈေးသားတွေက လမ်း ၈၀ ပေါ်တက်ပြီး ဆူကြပါတယ်။ ဆန္ဒပြကြတာပေါ့နော်။ ဆန္ဒပြတဲ့ အချိန်မှာ ကိုအေးသိန်းကလည်း ဒီလိုတော့ မလုပ်သင့်ဘူး ပြောရင်းနဲ့ မြို့တော်ဝန်ရုံးရှေ့ကို စည်ပင်ရုံးရှေ့ကို ၈၄ လမ်းတန်းတန်း၊ ၂၆ ဘီလမ်းတန်းတန်းနဲ့ ည ၁၀ နာရီ ရှိသွားပါတယ်။ ည ၁၀ နာရီထိုးကနေပြီး စီတန်းလမ်းလျှောက် အော်ဟစ် သွားပါတယ်။ အော်ဟစ်တဲ့ နေရာမှာလည်း ကိုယ်ဈေးထွက်ဖို့ အရေးကိုပဲ အော်ဟစ်ပါတယ်"
အဲဒီ ဆန္ဒပြ ဈေးသူ ဈေးသား ကိုယ်စားလှယ် (၁၀) ဦးဟာ မြို့တော်ဝန်နဲ့ မြို့တော်ခန်းမအတွင်း ညှိနှိုင်းခဲ့ကြပေမယ့် ပြေလည်မှု မရခဲ့ဘူးလို့ သိရပါတယ်။ မနက် (၅) နာရီလောက်မှာတော့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ (၃) ဦးကို အာဏာပိုင်တွေက နေအိမ်တွေမှာ လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အာဏာပိုင်တွေက ကိုင်းတန်းဈေးကို ဖျက်သိမ်းပြီး ၄၁ လမ်းနဲ့ ကမ်းနားမြို့ပတ်လမ်း ဈေးသစ်နေရာကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက အဓမ္မ ပြောင်းရွှေ့ခိုင်းရာကနေ ဈေးသည်တွေ အခုလို ဆန့်ကျင် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
မနေ့ညက အဖမ်းခံရသူတွေထဲမှာ ပါဝင်တဲ့ ကိုအေးသိန်းဆိုသူဟာ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်နဲ့ ဆက်သွယ် ဆောင်ရွက်ပေးနေသူ ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့ ညက ကိုင်းတန်းဈေး ဆန္ဒပြပွဲမှာ ခေတ္တ ထိန်းသိမ်းခံခဲ့ရပါတယ်။ ကိုအေးသိန်းကို ခွင့်ပြုချက်မယူဘဲ စုရုံးဆန္ဒပြမှုနဲ့ အရေးယူဖွယ် ရှိတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မန္တလေး မြို့တော်ဝန်က ကိုင်းတန်းဈေးနေရာကို ဆက်လက် ဈေးရောင်းချခွင့် လုံးဝ မပြုတော့သလို ဈေးသူ ဈေးသားတွေကလည်း (၄၁) လမ်းဈေးသစ်ကို လုံးဝ မပြောင်းရွှေ့လိုကြတဲ့ အတွက် ဆက်လက် ဆန္ဒပြသွားမယ်လို့ ဈေးသူ ဈေးသားတွေက ပြောပါတယ်။
အာဏာပိုင်တွေ စီစဉ်ပေးတဲ့ ဈေးသစ်နေရာဟာ သွားလာရ ခက်ခဲပြီး လုံခြုံရေး မကောင်းဘူးလို့ ဆိုပါတယ်။ ကိုင်းတန်း ညဈေးမှာ ဈေးရောင်းချနေတဲ့ ဈေးသူ ဈေးသား (၃၀၀၀) လောက် ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese


ကြာအင်းဆိပ်ကြီးမြို့ အိမ်ခြေ ၃၀၀ ခန့် ရေနစ်မြှုပ်

Posted: 07 Aug 2012 08:04 PM PDT


ထိုင်း မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ဇမိမြစ်ရေကြီးနေတဲ့အတွက် ကမ်းနားပိုင်း ရပ်ကွက်ဖြစ်တဲ့ အမှတ် (၆) ရပ်ကွက် တစ်ခုလုံးနီးပါးနဲ့ အမှတ် (၄) ရပ်ကွက်အချို့ အိမ်ခြေ ၃၀၀ ခန့် ရေတွေ နစ်မြှုပ်နေတယ်လို့ သိရပါတယ်။
ရပ်ကွက် (၆) ခုရှိတဲ့မြို့မှာ အမှတ် (၆) နဲ့ အမှတ် (၄) ရပ်ကွက် အချို့နေရာတို့ ရေနစ်မြှုပ်နေတယ်လို့ အကူအညီပေးရေး လုပ်ဆောင်နေတဲ့ ဒေသခံမြို့သား တစ်ယောက်က ပြောပါတယ်။
"ဇမိမြစ် မြစ်ရေက အမြင့်ပေ (၁၀) ပေလောက် တက်လာတယ်။ စိုးရိမ်ရေမှတ်ရဲ့အပေါ် (၁) ပေလောက် မြင့်တက်လာတယ်။ အမှတ် (၆) ရပ်ကွက် အဲဒီဘက်မှာက ကမ်းနားပိုင်း တစ်ခုလုံးပေါ့။ နောက်အမှတ် (၄) ရပ်ကွက်နည်းနည်း၊ အိမ်ခြေက (၁၅၀) မြှုပ်သွားပြီ။ အခု ကျွန်တော်တို့ အိမ်ခေါင်မိုးအထိက ထက်ဝက်ကျော်လောက်မြှုပ်တယ်။ အိမ်ရဲ့တစ်ဝက်တိတိလောက်ကို အိမ်ကြမ်းပြင်ရဲ့ တစ်ဝက်လောက်ပေါ့။ အိမ်ကြမ်းပြင်လောက် တဝက်တိတိမြှုပ်တာက အိမ် (၁၀၀) လောက် ရှိတယ်လေ။ ဒုက္ခရောက်တဲ့ လူဦးရေက (၇၀၀-၈၀၀)လောက်ရှိတယ်။ ရေအခြေအနေက အဲဒီအမြင့်ပေမှာပဲ တန့်နေတယ်။ အနောက်ဘက်ကမ်း မြှုပ်လို့ရှိရင်တော့ တစ်မြို့လုံးမြှုပ်မယ့် အနေအထားမှာ ရှိတယ်"
တချို့လူတွေက မိမိတို့ အိမ်ကြမ်းပြင် မမြှုပ်သေးတဲ့အတွက် ဒီအတိုင်းပဲ အိမ်ပေါ်မှာ နေနေကြသေးတယ်လို့လည်း ဆိုပါတယ်။ အဲဒီလို ရေကြီးနေတဲ့အတွက် လူဦးရေ (၈၀၀) ခန့်ဟာ အမှတ် (၆) ရပ်ကွက်မှာရှိတဲ့ ရော်ဘာခြံ ကုန်းမြင့်နဲ့ ဗိုလ်တဲစုတွေမှာ ယာယီတဲထိုးပြီး နေနေကြပါတယ်။
ရေဘေး ဒုက္ခရောက်သူတွေကို ဆန်၊ အဝတ်အထည်၊ စားနပ်ရိက္ခာများကို ကျောင်းသား လူငယ်တွေက စတင်ကူညီခဲ့ကြပြီး နောက်ပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်၊ ပြည်ခိုင်ဖြိုး ပါတီနဲ့ ရပ်မိရပ်ဖတွေ ပါဝင်ကူညီလာကြသလို၊ ပြည်နယ် သတ္ထုတွင်း ဝန်ကြီး ဦးဆောလောလလည်း လာရောက်ပြီး လိုအပ်တာတွေကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ရေဘေးကြောင့် ကလေးငယ်တချို့ ဖျားနာတာကလွဲပြီး သေကြေ ပျက်စီးမှုတော့ မရှိသေးကြောင်းလည်း သိရပါတယ်။

RFA Burmese

ကြာအင်းဆိပ်ကြီးမြို့ ကျွန်းချောင်းဂိတ်


NGO အဖွဲ့အစည်းတွေ ဆက်လက် အကူအညီ ပေးခွင့်ပြုဖို့ UNHCR တိုက်တွန်း

Posted: 07 Aug 2012 08:00 PM PDT

အစိုးရ မဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာကြသူ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် ဆက်လက် အကူအညီ ပေးခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မနေ့က တိုက်တွန်းလိုက်ပါတယ်။
UNHCR ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောဆိုရာမှာ - မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကောက်စ်ဘဇားမြို့အနီး ဖွင့်လှစ်ထားတဲ့ တရားမ၀င် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ဆောင်ရွက် လုပ်ကိုင်နေတာတွေကို ရပ်ဆိုင်းဖို့ NGO အဖွဲ့သုံးဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကြာသပတေးနေ့က အမိန့်ထုတ်ခဲ့ကြောင်း၊ အဲဒီအမိန့်ကို အကောင်အထည် ဖော်မယ်ဆိုရင် စခန်းတွင်းက ဒုက္ခသည် လေးသောင်းလောက် အတွက် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို စခန်းအနီးက ဒေသခံတွေ အတွက်လည်း NGO အဖွဲ့တွေဆီက ရရှိနေတဲ့ အခြေခံ ၀န်ဆောင်မှုတွေ ထိခိုက် ဆုံးရှုံးရမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုပ်ငန်း ရပ်ဆိုင်းမိန့် ပေးခဲ့တဲ့ အဖွဲ့သုံးဖွဲ့ကတော့ ပြင်သစ် အခြေစိုက် MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့နဲ့ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး အဖွဲ့၊ ဗြိတိန် အခြေစိုက် မူဆလင် ကူညီရေး အဖွဲ့တို့ ဖြစ်ပါတယ်။
ကောက်စ် ဘဇားမြို့ထဲမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းနှစ်ခုမှာတော့ တရားဝင် ဒုက္ခသည် သုံးသောင်းလောက် ရှိတယ်လို့ UNHCR က ပြောပါတယ်။ UNHCR အနေနဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေ ပေးနေရာမှာ ပလပ်စတစ်စတွေ၊ စောင်၊ အိပ်ရာခင်း၊ ခြင်ထောင်နဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ ဖြန့်ဖြူးပေးနေကြောင်း၊ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP လို တခြား ကုလသမဂ္ဂ အဖွဲ့တွေကလည်း လိုအပ်တဲ့ ရိက္ခာနဲ့ တခြား လူသားချင်း စာနာရေးဆိုင်ရာ အကူအညီတွေ ပံပိုးပေးနေကြကြောင်း ပြောဆိုပါတယ်။

RFA Burmese



မုံရွာ အလုပ်ရုံ ဆွေးနွေးပွဲ သမ၀ါယမ ဝန်ကြီး ပွဲကြမ်း၍ပျက်

Posted: 07 Aug 2012 07:45 PM PDT

မုံရွာမြို့တော်ခန်းမ တွင်သြဂုတ်လ ၅ ရက်နေ့ က ကျင်းပ ပြုလုပ်ခဲ့သည့် လယ်ယာကဏ္ဍ နှင့် သားငါးဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲတွင် သမဝါယမ ဝန်ကြီး ဦးအုန်းမြင့် က စီးပွားရေး ပညာရှင် တစ်ဦး၏ ဝေဖန်ပြော ဆိုမှုကို ပြန်လည် စိန်ခေါ်သည် ပြောကြားမှုများ အပြီး အလုပ်ရုံ ဆွေးနွေးပွဲ ပျက်သွားခဲ့ကြောင်း--

သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကလေးတွေကို ပြည်အာဏာပိုင်တွေက တောနက်ထဲမှာ သွားရောက်စွန့်ပစ်

Posted: 07 Aug 2012 07:54 PM PDT

ပဲခူးတိုင်း ပြည်မြို့ မြကွမ်းတောင် ဘုရားဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ ကရုဏာလက်များ ကွန်ယက် စာသင်ကျောင်းမှာ ပညာသင်နေတဲ့ အခြေအနေမဲ့ ကလေး အယောက် (၄၀) လောက်ကို ဒေသခံ အာဏာပိုင်တွေက ဖမ်းခေါ်သွားပြီး ပြည်မြို့နဲ့  မိုင်(၁၀၀) ကျော် ဝေးတဲ့ ဥသျှစ်ပင် တောနက်ကြီးထဲမှာ သွားရောက် စွန့်ပစ်လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

အဲဒီကလေးတွေကို ပြီးခဲ့တဲ့ စနေနေ့ ည (၉) နာရီက ဖမ်းဆီးပြီးတဲ့နောက် စည်ပင်လူကြီး ၆ ယောက်နဲ့  ဆိုင်ကယ်စီးရဲ အယောက် ၂၀ လောက်က စည်ပင်အမှိုက်သိမ်းကားထဲမှာ စုပြုံထည့်ပြီး ခေါ်ဆောင်သွားတာလို့ သိရပါတယ်။ အဲဒီနောက် ဓာတ်ပုံရိုက်ယူပြီး မိဘနာမည် မေးမြန်းခဲ့တယ်လို့ ကလေးတွေက ပြောပါတယ်။
အဲဒီကလေးတွေဟာ ၂ ညအိပ် လမ်းလျှောက် ပြန်လာခဲ့ကြရပြီး ဒီနေ့ မနက်ပိုင်းကမှ ပြည်မြို့ကို ရောက်ရှိတယ်လို့ စာသင်ကျောင်း ဖြစ်မြောက်ရေးအတွက် အကူအညီပေးနေသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန်းထိုက်အောင် က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့က နောက်နေ့ကျမှ သတင်းရတာ။ ကျွန်တော်တို့ ကျောင်းသားလေးတွေ ကျောင်းကို ရောက်မလာကြဘူး။ ၅ ရက်နေ့ကျတော့။ စုံစမ်းတာလည်း စုံစမ်းလို့ မရဘူး။ ၆ ရက်နေ့ကျတော့ ပြန်ရောက်လာရော။ ၁၅ ယောက် အယောက် ၂၀ လောက် ရောက်လာတယ်။ မေးကြည့်တော့ ကျွန်တော်တို့ကိုတဲ့ အဲဒီမှာ ဖမ်းသွားတယ်တဲ့။ ဖမ်းသွားပြီးတော့ အကုန်လုံးကို ကားအောက်ထဲမှာ ငုတ်တုတ်ထိုင်ခိုင်းတယ်။ မထရဘူး။ လမ်းကို မမြင်ရဘူး။ အပြင်ကလူတွေလည်း အထဲကို မမြင်ရအောင်ထင်တယ်တဲ့။ လူအစိတ်လောက် ရှိတယ်တဲ့။ အဲဒါ ကျွန်တော်တို့ ကားကြီးကို မောင်းသွားတာ ဘယ်ကိုမောင်းလို့ မောင်းမှန်းမသိဘူးတဲ့။ အဲဒီမှာ ကျွန်တော်တို့ တရေး၊ နှစ်ရေးလောက်တောင် ရတယ်တဲ့။ နောက် သန်းခေါင် သန်းလွှဲလောက် ကျတော့ နေရာတစ်ခု အဲဒီမှာ မင်းတို့ဆင်းဆိုပြီး ဆင်းခိုင်းလိုက်တယ်။ ဆင်းခိုင်းပြီးတော့ သူတို့ကားက ပြန်ထွက်သွားတယ်။ ကျွန်တော်တို့လည်း ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး။ ကားလမ်းဘေးပေါ့တဲ့။ အဲတာနဲ့ ကျွန်တော်တို့ ရွာရှိမယ် ထင်ရတဲ့ နေရာကို ခန့်မှန်းပြီးတော့ လျှောက်လာကြတယ်။ ကတ္တရာလမ်းအတိုင်း။ ရွာတစ်ရွာရောက်တော့ ကျွန်တော်တို့ အဲဒီမှာပဲ မိုးလင်းအောင် နေလိုက်တယ်တဲ့။ မိုးလင်းတော့မှ မေးကြည့်တော့ ပြည်ကနေ ရခိုင်ဘက်ကို ထွက်တဲ့ လမ်းမှာ ရောက်နေတယ်။ အဲဒါနဲ့ ဥသျှစ်ပင်ကို မှန်းပြီး အဲလမ်းအတိုင်း လျှောက်တာ တနေကုန်လမ်းလျှောက်ပြီး ဥသျှစ်ပင်ကို ရောက်တယ်။ ဥသျှစ်ပင်မှာ တောင်းရမ်းစားသောက်ပြီး ကားခလေး ဘာလေးရှာဖွေပြီး တချို့က ကားနဲ့ တချို့က လမ်းလျှောက်ပြီး ပြည်ကို ပြန်ရောက်လာတယ်"

ကလေးတွေအနေနဲ့ ပြည်မြို့ကိုပြန်လာရင် ထောင်ချပစ်မယ်လို့  စည်ပင်လူကြီးက ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့  အဖမ်းခံရာမှာ ပါဝင်တဲ့ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးက RFA ကိုပြောပါတယ်။

"ပြည်ဘက်ကို ပြန်လာရင်တဲ့ နင်တို့ကို ထောင်ထဲထည့်မယ်တဲ့။ နင်တို့ အုပ်စု ရခိုင်ပြည်နယ်ကို သွားရင်တဲ့ နင်တို့ကို မှတ်ပုံတင်လည်း ပေးမယ်။ အိမ်သစ်လုံးကြီးတွေလည်း ပေးမယ်။ ဆန်တွေလည်း ပေးမယ်တဲ့။ အဲဒီလို ပြောပါတယ်။ စည်ပင် ခေါင်းဆောင်ကြီးက"

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်မြို့ စည်ပင်သာယာဌာနကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ကလေးအများစုဟာ မိဘမဲ့တွေဖြစ်ပြီး တောထဲမှာ ဒီအတိုင်း စွန့်ပစ်ခံခဲ့ရတာကြောင့် အားလုံးနီးပါး ဖျားနာနေကြပါတယ်။ သူတို့ကို နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးလှုပ်ရှားဆောင်ရွက်ရေး အဖွဲ့က ဆေးဝါးနဲ့ အစားအသောက်တွေ ကူညီပေးထားတယ်လို့ သိရပါတယ်။

RFA Burmese