[moemakadaily@moemaka.biz] 11th August - MoeMaKa Daily

NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၅)
ရာဇာ
 သြဂုတ် ၁၁။ ၂၀၁၂
အိပ်ခ်ျအိုင်ဗွီလုပ်ငန်းကိုလုပ်လာတာ နည်းနည်းကြာလာတော့ အထာသိလာတာပေါ့ဗျာ။ ဟိုဝေဘာဂီဆေးရုံအကြောင်း ပြောရအုံးမယ်။
ကျနော်တို့က လူနာလာရင်အခြေနေကိုကြည့်ပြီး အရေးပေါ်တဲ့လူနာလား အေးဆေးထားလို့ရတဲ့ လူနာလား ဆိုတာလောက်တော့ သဘောပေါက်နေပြီ။ နယ်ကလူငယ်တွေလည်း လူနာကို ညွှန်းရုံညွှန်းနိုင်တယ် လိုက်မပို့နိုင်တော့ဘူး။ တောင်တွင်းက ကိုသန်းနိုင်ကတော့ အခေါက်စိပ်တယ်။ လူနာပို့တာက ကိုမြင့်ငွေ (အခုအန်ဒီအက်ဖ်) လည်း ရေနံချောင်းကနေ တက်တက် လာပါတယ်။ အခမ်းနားနေ့တွေနဲ့ တိုက်ဆိုင်ရင်ပေါ့လေ။
ဒီလိုလုပ်ဟန် ပြောင်းလာတယ်ဆိုတာ … အယင်က ဘယ်လိုလာလာ ကျနော်တို့က သဇင်မှာပဲ ပေပြီး လုပ်ပေးတယ်။ အချိန်ကုန်တယ်ဗျ။ သူတို့ကမသွားတတ်မလာတတ် ဆိုတော့ မနက်အစောကြီးကတည်းက သွားကြိုလိုက်ရတာ တစ်နေကုန်တဲ့ထိနေရတယ်။ တစ်ခါခါထမင်းမစားရဘူးငတ်တယ်။
ဒီလိုလေ ကျနော်က ယောက်ျားလေးလည်းဖြစ်ပြန်၊ ငယ်လည်းငယ်တဲ့ကောင် ဆိုတော့ လူနာကြိုလူနာဆေးခန်းပို့က ကျနော်ပဲအမြဲလို မဲကျတယ်။ ကျနော်ဆေးခန်းမှာ လူနာကိုပို့ထားပြီး မဖြူနဲ့ မခင်ထားရီကို စောင့်ရတာပဲ။ သူတို့လာရင် သူတို့ဆက်စကားပြော၊ ကျနော်က သူတို့ပေးတဲ့ငွေစလေးနဲ့ ထမင်းဖြစ်ဖြစ် အသုပ်ဖြစ်ဖြစ်သွားစား။ ဒီမှာတင် ကျနော်တစ်ခုသိလိုက်တယ်။ လူနာတွေဟာ အမျိုးသမီးတွေကို ပိုအားကိုးပါလား။ အမျိုးသမီးဆိုတာ နဂိုမိခင်စိတ်ရှိကြတာလား။
ဒီလို အစောပိုင်းလုပ်ပေမယ့် နောက်ပိုင်းတော့ အဲ့လိုမဟုတ်ဘူးဗျ။ အရေးကြီးတဲ့လူနာဆို သမားတော်နဲ့ပြ။ ဆေးရုံတင်စရာရှိ တင်ပေါ့ဗျာ။ ဆေးရုံမှာက မိန်းမ နှစ်ခန်း၊ ယောက်ျား နှစ်ခန်းရှိတာမှာ သမားတော်နှစ်ယောက် ကိုင်တွယ်ပါတယ်။ ကျနော်တို့ ဖောက်သည်သမားတော်က အခန်း၂ နဲ့၎ ကြည့်ပြီးတော့၊ ကျန်တဲ့သမားတော်က တစ်နဲ့ သုံး ကြည့်တယ်။ ဒီတော့ ကျနော်တို့က ကျနော်တို့သမားတော်နဲ့ပြပြီးရင် ဆေးရုံတင်တာပါပဲ။
ဒါ … သဇင်ကို ကျော်လုပ်တာ မဟုတ်ဘူးဗျ။ သဇင်ဆေးခန်းမှာက မှတ်မှတ်ရရ ကျနော်တို့တိုင်တဲ့ ဆရာဝန်တစ်ယောက်ပဲ ရှိတော့တယ်။ ကျန်တဲ့ဆရာဝန်တွေ ဆရာဝန်မတွေကတော့ စာချုပ်သက်တမ်းကုန်တာနဲ့ နိုင်ငံခြားလစ်ရင်လစ် မလစ်ရင် အခြားအဖွဲ့ပြောင်းဆိုတော့ အမြဲလိုလိုဆရာဝန်တွေက အသစ်ဖြစ်နေတယ်။ လုပ်ငန်းလည်ပတ်ပုံလည်း မြန်လာတယ်။ လူနာလူနာချင်း သတင်းစကားလည်းပြန့် ဆိုတော့ ဘယ်လိုသဘောကောင်းတယ်၊ ဘယ်လိုအဆင်ပြေတယ်ဆိုတာမျိုြး ပန်ပြောဟန်တူပါတယ်။လူနာလည်း များလာတယ်။
နောက်တစ်ခုက မီဒီယာကျယ်ပြန့်လာတယ်။ မီဒီယာကျယ်ပြန့်လာတာလည်း ကျနော်တို့စွမ်းလို့ မဟုတ်ဘူး။ သာကေတက မောင်းချလိုက်တဲ့လူနာတွေ မှတ်မိသေးမဟုတ်လား။ သူတို့ကို တောင်ဒဂုံ နှစ်ဆယ်မှာ အိမ်ငှားထားပေးတယ်။ တောင်ဒဂုံမှာ လက်ရှိနေနေတဲ့ မဥမ္မာတို့၊ ကိုအောင်တို့၊ အေးမိစံတို့ကို အလျဉ်းသင့်သလိုစောင့်ရှောက်ဖို့ အကူညီတောင်းတယ်။ နောက်မဖြူ ဥာဏ်ကွန့်ပြီး လူနာတွေကို စုပေါင်းစပ်ပေါင်း ကန်စွန်းစိုက်ခိုင်းတယ်။ လူနာတွေကတော့ လူနာတွေပဲလေ။ တကယ်မလုပ်နိုင်တာလည်း ပါမယ်၊ မလုပ်ချင်လို့ ခိုနေတာလည်းပါမှာပေါ့။ မအောင်မြင်ဘူး။ သူ့စိုက်ပျိုးရေးစီမံကိန်း မအောင်မြင်ယုံမက ဆုံးပါ ဆုံးရှုံးတယ်။ သူ့အိမ်ကသုံးသိန်းလား စိုက်လိုက်ရတယ်လေ။
ဒီမှာတင် နိုင်ငံရေးသမား ထောင်ထွက်တစ်ယောက် ဆေးရုံတက်ရတယ်။ ကျနော်တို့ နေ့တိုင်း နေ့သွားပါတယ်။ အားပေးစကားပြော ဘာညာပေါ့။ သူတို့လင်မယားက ရေးဖက်က။ အခုဝါးခယ်မ အမတ်ဒေါ်မြင့်မြင့်စန်းလည်း ဒီလူနာအတွက် ကူပေးတယ်။ သူပေးတဲ့ငွေတွေ သွားပေးရင်းက လူနာကဘာပြောလဲ ဆိုတော့
"မဖြူတဲ့ … ကျနော်သေမှာအတူတူ … ဓာတ်ဆီလောင်း မီးရှို့ဆန္ဒပြမယ်"
ပြောတယ်။ မလုပ်ပါနဲ့ ခင်ဗျား အသက်ရှင်အုံးမှာပါ ဘာညာ ပြောပြပါတယ်။ အဲ့တုန်းကသာ မြှောက်ပေးလိုက် အီဂျစ်က ကျနော်တို့တိုင်းပြည်ထက် နောက်ကျသွားမယ်။ ဒါပေမယ့်လို့ သမားတော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ ခင်ဗျားတို့လူနာက ခေါင်းထဲပိုးရောက်နေပြီ၊ မလွယ်ဘူး … တဲ့။ ထင်တဲ့အတိုင်း သေတာပါပဲ။ သေရင် ဆွမ်းကပ်ပေးရတာ ထုံးစံကိုး။ ဒီတော့ ရက်လည်လုပ်ဖို့ကို မလုပ်ရဘူးတဲ့။ ဘယ်သူ တားသလဲ ဆိုတော့ ကြံ့ခိုင်ရေးအသင်းက တားတယ်။ ဘုန်းကြီးကို သူတို့ပင့်ပေးတဲ့  ဘုန်းကြီးမှ ပင့်ရမယ်။ ကိုမင်းကိုနိုင်တို့ကို မဖိတ်ရဘူးဆိုပါ့လား။ ဘာတွေ ဘယ်လိုဖြစ်တာလဲ ။ ကြံ့ခိုင်ရေးက အဲ့သလိုတားလို့ရသလား၊ ပိတ်လို့ရသလား။
ဒီိတော့ မိသားစုဝင်တွေမှာ တစ်ပူပေါ် နှစ်ပူဆင့် ရတော့တာပေါ့။ သေတာတောင် မလွတ်လပ်ပါလား ကွယ်။ ဒါနဲ့ ဒီလောက်ကြီးတော့ မခံဘူး၊ ခံချမှဖြစ်မယ်၊ တောင်ဒဂုံကမဥမ္မာဆိုတာလည်း အစွာသားလား။ အဲ့ဒီအချိန်မဖြူတို့အိမ်က စီးပွားကောင်းနေပြီ။ ဟမ်းဖုန်းလေးတစ်လုံး ၀ယ်ထားတယ်။ ဒီတော့ ဆက်သွယ်ရ လွယ်လာတာပေါ့။ ကျနော်က မဂ္ဂင်ရောက်နေပြီ။ ဒီတော့တောင် ဒဂုံ၊ သင်္ကန်းကျွန်း ပြေးဟယ် လွှားဟယ် လုပ်နေရတာပေါ့။
ဒီသတင်း ကမ္ဘာပြန့်တယ်။ လူနာတွေလည်း မီဒီယာပေါ် အော်ကြီး ဟစ်ကျယ်ဖြစ်ကုန်တယ်။ အဲ့သလောက်ထိ မခံနိုင်ဖြစ်ကုန်တာ။ ကိုမင်းကိုနိုင်ခမျာမှာလည်း ဘာမသိညာမသိ၊ သူ့နာမည်ပါနေတော့ ရက်လည်ကို လာအားပေးရှာပါတယ်။ ကိုဂျင်မီပါတယ်၊ မနီလာသိန်းပါတယ်၊ ကိုအံ့ဘွယ်ကျော်တို့ပါတယ်။ တကယ်က ကိုမင်းကိုနိုင်တို့ အုပ်စု လွတ်လာတယ်၊ သွားနှုတ်ဆက်ရုံ နှုတ်ဆက်ဖြစ်တယ်။ ခုတော့ အာဏာပိုင်တွေလုပ်ပေးတော့ ပိုရင်းနှီးသွားတာပေါ့လေ။ ဒီမိုကရေစီသမားချင်းကိုး။
လူနာတွေ ဒီအဖြစ်ပျက်ဖြစ်လိုက်တော့ အတော်လေး မခံချင်စိတ်ဖြစ်တယ်၊ စိတ်လည်းဆင်းရဲတယ်ထင်တယ်။ "ကျနော်ကျမတို့ ငွေစုထားတယ်၊ အလှုကြီးတစ်ခုလုပ်ပေးပါ၊ " တောင်းဆိုလာတယ်။ "ဒီဘ၀ ဒီလောက်ကံဆိုးလို့ ဒီရောဂါဖြစ်တယ်၊ အရှက်တကွဲ အကျိုးနည်းပါဖြစ်ရတယ်၊ နောင်ကို ဒီလိုအဖြစ်ဆိုး မဖြစ်အောင် ဆောင်ရွက်ပေးပါ" … တဲ့။
ကျနော်တို့လည်း လုပ်ပေးပါ့မယ်ပေါ့။ မဂ္ဂင်ဆရာတော် သွားလျှောက်တယ်။ လုပ်ပါတဲ့။ ရက်သတ်မှတ်တော့ တနင်္ဂနွေ ဆယ့်သုံးရက် လုပ်မယ်။ ကျနော်တို့မေ့နေတာက အဲ့ဒီ မတ်လဆယ့်သုံးရက်နေ့က ကိုဖုန်းမော်ကျဆုံးတဲ့နေ့ ဆိုတာပါပဲ။ ဒါပေမယ့် ဖိတ်စာတွေလုပ်ကြတယ်။ အခုအမေရိကားရောက်နေတဲ့ ကိုအောင်မြတ်ဆိုတဲ့လူက ဗဟန်းလူငယ်ကိုမုန်းနိုင်သူငယ်ချင်း။ သူကရုံးနားလေးက ရွှေဂုံတိုင်အိမ်ရာမှာ နေတယ်။ ကျနော်တို့ရုံးကပြန်ရင် သူ့တိုက်ခန်း တက် တက်လည်တယ်။ သူကနိုင်ငံရေးသမား မဟုတ်ဘူး။ ဒါပေမယ့်နိုင်ငံရေးသမားတွေကို လေးစားတယ်။ နိုင်သလောက် ထောက်ပံ့ပေးတယ်။ သူ့တိုက်ခန်း ညအိပ်ဖြစ်တဲ့အခါ ညအိပ်ကြတာပေါ့။ နောက်နေ့ကျတော့ ရွှေဂုံတိုင်ထိပ်က လက်ဖက်ရည်ဆိုင်မှာ ဖိတ်စာရေးတယ်။
ကျနော်ကတော့ သနားအောင် တဖွဲ့တနွဲ့ ရေးနေတာပေါ့။ ရေးရင်း တစ်ဝက်တစ်ပျက်မှာ ကိုသန်းထိုက်အောင်က မင်းဟာက အလှုဖိတ်စာလား၊ ၀တ္ထုရေးနေတာလား … ဆိုတာနဲ့ တိုတိုတုတ်တုတ် ရေးလိုက်တယ်။
"လမ်းခုလတ်တွင် ခွဲခွာသွားရသော သူငယ်ချင်းများအား ရည်စူး၍ ဆွမ်းကျွေးပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် …" ပဲ။
အောက်ကမှ "ဖဲကြိုးနီနဲ့ သူငယ်ချင်းများ …" ဆိုပြီးတပ်လိုက်တယ်။
ဖဲကြိုးနီဆိုတာ ခုခံအားကျဆင်းမှုနဲ့ ပတ်သက်တဲ့ ကမ္ဘာသုံးသင်္ကေတဖြစ်တယ်လေ။ ကျနော်တို့စိတ်ကူးက ဒီလိုပါ။ ဖိတ်စာကို အဖွဲ့ချုပ်နာမည် မတပ်ချင်ဘူး။ နိုင်ငံရေးပါတယ် ထင်မှာစိုးလို့။ အိပ်ခ်ျအိုင်ဗွီရောဂါသည်များလို့ တပ်လိုက်ရင်လည်း မကောင်းဘူး မဟုတ်လား။ အဲ့ဒါနဲ့ဖဲကြိုးနီကို တပ်လိုက်တာ။ ဒီိတင် အကြီးကျယ် ကွိုင်တော့တယ်။
ဒီဖိတ်စာ ခယကဥက္ကဌ လက်ထဲ မိတ္တူရောက်သွားတာ။ သတင်းပေးတဲ့လူ ပေးလို့ ရောက်သွားတာပေါ့။ ဖိတ်စာမိတ္တူပြတော့ ဒေါက်တာလှိုင်နီ့ကို ဖိတ်တဲ့ဖိတ်စာ။ ဒေါက်တာလှိုင်နီိဆီမှာ မူရင်းရှိတော့ ရှင်းနေတာပဲ၊ ကြားထဲက ဖိတ်ခိုင်းလိုက်တဲ့လူ သတင်းပေးတာပေါ့။ မကောင်းပါဘူးဗျာ။ ဆယ့်နှစ်ရက်နေ့ကျတော့ ကျနော်တို့အလှုတွက် တိုင်ပင်ပြင်ဆင်နေကြတယ်။ တောင်ဥက္ကလာမှာ။ ဒီတုန်း တောင်ဥက္ကလာမယက ရောက်လာတယ်။ ခရိုင်ဥက္ကဌကြီးက တွေ့ချင်လို့တ။ဲ့ ကြွပါအုံး။ ဘုရားဝင်းက ဓမ္မာရုံကို။
ဆိုတော့ မဖြူဖြူသင်းရယ်၊ ကိုသန်းနိုင်(တောင်တွင်း)ရယ်၊ ကိုမြင့်ငွေ(ရေနံချောင်း)ရယ်၊ ပျော်ဘွယ်ဖက်က လူနာတစ်ယောက်ရယ် လိုက်သွားတယ်။ ကျနော်လည်းပါသွားတယ်။ ဟိုရောက်တော့ ခယကဥက္ကဌ ဒုတိယဗိုလ်မှုးကြီးဝတ်စုံနဲ့ ထိုင်နေတယ်။ မဖြူကလည်းပါးတယ်။ ဒီပြသနာတက်တာ ကျန်တာမဟုတ်လောက်ဘူး၊ ဖဲကြိုးနီဆိုတာကို သူတို့ကွန်မြူနစ်အဖွဲ့စည်းလို့ အထင်မှားနေတယ် ထင်ပြီးတော့၊ ယူအန်ဒီပီက ထုတ်တဲ့စာအုပ်တစ်အုပ် ယူသွားတယ်။
ဟိုရောက်တော့ စကားအပြောမခံပါဘူး။
 "ငါတို့က တိုင်းပြည်ကို မိဘသဖွယ် အုပ်ချုပ်နေတာဖြစ်တယ်၊ ဒီတော့ မင်းတို့က သားသမီးလိုနေပြီးတော့ ဆိုဆုံးမတာနာခံပါ။ ဒီအလှူ အလုပ်မခံနိုင်ဘူး။ ဒီလိုအနီတွေအကြောင်း ငါတို့ကောင်းကောင်း သိတယ်။ မလုပ်င်္ရဘူး …"
ဆိုတော့၊
မဖြူက " … ဦးလေးတို့ မှားနေတာ၊ ခုက ကျမတို့က အိပ်ခ်ျအိုင်ဗွီလူနာတွေအတွက် အလှုလုပ်မှာပါ။ ဦးလေးတို့ထင်သလိုလည်း မဟုတ်ပါဘူး။ ကျမတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပါ။ ဖဲကြိုးနီဆိုတာကလည်း အဖွဲ့စည်းသီးသန့် မဟုတ်ပါဘူး။ ကမ္ဘာသုံးသင်္ကေတပါ …"
ဆိုပြီး ယူအန်ထုတ် ပညာပေးစာအုပ် ထုတ်ပြတယ်။ ဒီစာအုပ်ကို ခယကကြီး ယူကြည့်တယ်။ စာမျက်နှာ တစ်မျက်နှာ၊ နှစ်မျက်နှာ လှန်ကြည့်ပြီးတော့ ..
"ဒီစာအုပ်ကလည်း တရားဝင်စာအုပ်မဟုတ်ဘူး …"
တဲ့။
"ဒို့တာဝန် အရေး သုံးပါး မပါဘူး …"
တဲ့ဗျာ။
နောက်တော့ ပြောရင်းသား "နင်တို့နဲ့ စကားပြောရတာ မကောင်းဘူး။ နင့်အုပ်ထိန်းသူ ခေါ် …" ဆိုတော့၊ မဖြူအမေကြီး ဘုမသိ ဘမသိ လိုက်လာတယ်။
"ခင်ဗျားသမီးကို ထိန်းပါ။ ကျုပ် ခင်ဗျားလက်ထဲ ပြန်အပ်တယ် …" တဲ့။
မဖြူအမေက ဘာမှမပြောဘဲနဲ့ သူရထားတဲ့ ဖိတ်စာမိတ္တူ ယူပြန်လာတယ်။ သမီးလုပ်တဲ့သူက လူနာတွေအတွက် အလှူလုပ်မှာ၊ ကောင်းတဲ့ အလုပ်လုပ်မှာ၊ ဘယ်လိုက ဘယ်လို ဆုံးမရမတဲ့တုန်း …. ခယကကြီး …ရဲ့။
ကျနော် ရီရမလို ငိုရမလိုကြီးဗျာ။ အရှေ့ပိုင်းခရိုင်ဆိုတာ အကြီးကြီးဗျ။ လူပေါင်း ငါးသိန်းကျော် နေတာ။ ဒီလိုနေရာကို အုပ်ချုပ်နေတဲ့ ခယကဆိုတဲ့ ဟာကြီးက စကားကို လက်လွတ်စပယ်ပြောတတ်ပါပေရဲ့။ ငါတို့က မိဘလို အုပ်ချုပ်နေတာ ဆိုတော့ ၊ ခင်ဗျားကို ဘယ်သူ အုပ်ချုပ်ခိုင်းလို့ လဲ။ နီတယ်ဆိုတဲ့ စကား ပါယုံနဲ့ ကွန်မြူနစ်လို့ ထင်ရလောက်အောင် အသိဥာဏ် အောက်တန်းကျ လှချေလား။ ယူအန်ဒီပီက ထုတ်တဲ့စာအုပ်ကို တရားမ၀င်ဘူးလို့ ပြောတာ ရှက်ရကောင်းမှန်း မသိဘူးလား။ ကျနော်ကတော့ ရှက်တယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်ပါ ရှက်တယ်။
အဲ့ဒီကထွက်တော့ မဂ္ဂင်ကျောင်း ခရီးဆက်တယ်။ မဂ္ဂင်ရောက်တော့ သင်္ကကျွန်း မယကနဲ့အဖွဲ့ကလည်း သူတို့ရဲ့အလှူလုပ်ဖို့ လျှောက်နေတယ်။ ချက်ချင်းကြီး အလှုလုပ်မှာနော်။ ဘယ်နေ့လုပ်မှာလဲ ဆိုတော့ ကျနော်တို့ လုပ်တဲ့ရက် လုပ်မှာတဲ့။ ဆရာတော်ကတော့ စကားနည်းရန်စဲသဘောမျိုး လုပ်ပါ ပြောလိုက်တယ်။ ကျနော်တို့ အခြေနေမဟန်တော့ဘူး ဆိုတာ ရိပ်မိတယ်။
မဖြူက လူကြီးတွေ လိုက်တိုင်ပင်။ လူကြီးတွေကလည်း အကြံ အမျိုးမျိုးပေးကြပါတယ်။ ဒါပေမယ့် နောက်ဆုံးပိတ် အလှုဆက်လုပ်ဖို့ပဲ ဆုံးဖြတ်ချက်ကျတယ်။ လုပ်ပေါ့။ သူလုပ် ကိုယ်လုပ်ပေါ့။ ဒီတော့ အဖမ်းခံရမှာ သေချာတယ်။ တစ်နည်းနည်း ညစ်ဖမ်းမှာပဲ။
ဒီတော့ မဖြူ အပြင်မှာနေ၊ ဆက်လုပ်ဖို့ မဲကျတယ်။ ဒါနဲ့မဖြူလည်း ဆယ့်တစ်နာရီကျော်တော့ ပြန်သွားတယ်။ မဖြူနောက်လည်း စွမ်းအားရှင်လား၊ အက်စ်ဘီလား၊ ဘာလားတော့မ သိဘူး၊ အများကြီး လိုက်သွားလေရဲ့။
ကျနော်တို့ ဧည့်စာရင်းတိုင်တယ်။ ကျောင်းသားကြီးကိုအောင်သန်း သွားတိုင်တယ်။ ပထမအကြိမ် ရုံးမဖွင့်သေးဘူး။ ဒုတိယအကြိမ်ကျတော့ ရယကနဲ့ တွေ့တယ်။ မတိုင်ပါနဲ့ … တဲ့။ သူတို့လည်း အဲ့ဒီကိုလာပြီး ချက်ပြုတ်မှာ၊ အတူတူပေါ့ .. ဆိုတာနဲ့ ကိုအောင်သန်းကလည်း ဖြတ်ပိုင်းရအောင် မတောင်းခဲ့ဘူးဗျ။
သူတို့က ကျောင်းဆောင်သစ်မှာ ချက်တယ်။ ကျနော်တို့က ကျောင်းဆောင်ဟောင်းအောက်မှာ ချက်ကြတယ်။ ညဆယ့်နှစ်နာရီထိုးခါနီးကျတော့ ကျောင်းသစ်မှာ ချက်နေတဲ့အာဏာပိုင်တွေ ရုတ်ဆို ပျောက်သွားတယ်။ မှန်းလို့ရပြီလေ။ ဧည့်စာရင်းနဲ့ ကိုင်တော့မယ် ဆိုတာကို။ ဆယ့်နှစ်နာရီကျော်တော့ ဒိုင်နာနဲ့ ၀င်ချလာတယ်။ သင်္ကန်းကျွန်းမယကနဲ့ ရဲတွေ။
ဘယ်မှာလဲ ဧည့်စာရင်း၊ မရှိဘူးလေ၊ သွားတိုင်တာပဲ၊ ခင်ဗျားလူက ကလိမ်ကျ ပြောလိုက်လို့ ဖြတ်ပိုင်းမရတာပဲ ရှိတယ်။ သွားတိုင်တယ်လေ။
မလိုချင်ဘူး။ ကဲ … စခန်းမှုး ဒီလူတွေ ဧည့်စာရင်းမရှိဘဲ ညနေ ညအိပ်၊ လုပ်တယ်။ ဖမ်း၊ လက်ထိတ်ခတ်။ ဖမ်းတော့ ဖမ်းပေါ့။ ဘာတတ်နိုင်မလဲ။ ပါသွားရော၊ ဆယ့်တစ်ယောက်။
ကိုသန်းထိုက်အောင်(မြောက်ဒဂုံ)၊ ကိုအေးနိုင်(တောင်ဒဂုံ)၊ အခုနှစ်ယောက်စလုံး ဒေါ်အောင်ဆန်းစုကြည်အနီးကပ်။ ကိုရွှေဂျိုး၊ ကိုသန်းထွဋ်၊ ကိုစိုးနိုင်(သုံးယောက်စလုံးလှိုင်မြို့နယ်)။ ကိုကံမြင့်၊ ကိုမျိုးသန့်(နှစ်ယောက်စလုံးရှစ်ဆယ့်ရှစ်မျိုးဆက်)၊ ကိုမုန်းနိုင်(ဗဟန်း)၊ ကိုသန်းနိုင်(တောင်တွင်းကြီး)၊ ကိုသြကြီးခေါ် ကိုဝင်းလှိုင်(ရေနံချောင်း)၊ နောက် … ကျနော်ပေါ့ဗျာ။
ဖမ်းသွားပြီး သင်္ကန်းကျွန်းမှာ ချုပ်ထားတယ်။ ကျောင်းသားကြီးကိုအောင်သန်းလည်း ပါလာသေးတယ်။မဟုတ်ဘူး … ကိုအောင်သန်းက ဧည့်စာရင်းရှိတယ်။ သူ့ကို ပြန်လွှတ်ပေးပါ။ ဆိုတော့ စခန်းမှုးက ဒါဆိုပြန်ပို့ပေးမယ်ပေါ့။ ကျနော်တို့လည်း ကိုအောင်သန်းနဲ့ မှာစရာရှိတာ မှာလိုက်တာပေါ့။ စိတ်မပူနဲ့ ဆက်သာချ။ ထောင်ကျလည်း ခံမယ်။ ကျနော်တို့စိတ်ပူတာက အလှု ဆက်မလုပ်ဖြစ်မှာပါပဲ။ ကျန်တာ အေးဆေး။
နောက်နေ့ကျတော့ မဖြူတို့၊ ကိုမင်းကိုနိုင်တို့တဖွဲ့ကြီး ရောက်လာတယ်။ တောင်ဒဂုံ မဥမ္မာအုပ်စုကော။ ဒေါ်နော်အုံးလှတို့ကော … ရောက်လာတာ။
ရုတ်ရုတ်သဲသဲပေါ့ဗျာ။ စခန်းတစ်ခုလုံးလည်း ရဲတွေဖက်က သိပ်ဖမ်းချင်ပုံမပေါ်ဘူး။ ညလည်း ရောက်ရော ကျနော်တို့ကို စခန်းတွေခွဲ ပါလေရော။ ကျနော်က ဒေါပုံ အကျိုးပေးသန်တယ်ထင်တယ်။ ဒေါပုံပါသွားတယ်။ အဲ့မှာလည်း တစ်ညလား အိပ်လိုက်ရပါတယ်။ နောက်နေ့တော့ ပြန်ခေါ်တယ်။ အင်းစိန်ပို့မယ်ထင်နေတာ။ သင်္ကကျွန်းမယကရုံး ပြန်ခေါ်သွားတယ်။
သူတို့ကလည်း မဟုတ်က ဟုတ်က လုပ်သေးတယ်။ မယကက တစ်ပြန်စီးပြီးတော့ ကျနော်တို့ကို အပြစ်ရှိလို့ ဖမ်းခံထိတယ် ဆိုပြီး လက်မှတ်လာထိုးခိုင်းတယ်။ မထိုးဘူးဗျာ .. ကျနော် ထပြောတယ်။
မင်းတို့ကိုဧည့်စာရင်းစစ်တော့ ဧည့်စာရင်းတိုင်ထားကြောင်း လက်မှတ်မပြနိုင်ဘူးလေ … တဲ့။
ခင်ဗျားရူးနေလား၊ ခင်ဗျားလက်အောက်က ရယကကို မေးကြည့်ပါ့လား၊ ဧည့်စာရင်းတိုင် မတိုင်ဆိုတာကို။ ဒီရယကဆိုတဲ့လူက လူတွေ ထောင်ချီအုပ်ချုပ်နေတော့၊ သူ့ဂုဏ်သိက္ခာ သူ့စကားယုံစားမိတာပေါ့ … ဆိုတော့၊ ဒါဆိုလည်း ပြန်ကြတော့ … တဲ့။ 

တောက်…
ကျနော်အဲ့ဒီအခန်းထဲမှာတောက်ခေါက်ခဲ့တယ်။
လူနာတွေအတွက် အလှုလုပ်တာ ဖမ်းတယ်။ ပြန်ဆိုတော့ ချက်ခြင်း။ လူတွေဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ မနေရပါလား။ တစ်ရက် နှစ်ရက် အဖမ်းခံရတာ မင်းက ဒေါသဖြစ်နေ။ အခြားလူတွေ ဆယ်နှစ် နှစ်နှစ်ဆယ် ကျတာ ဘာပြောမလဲ … ဆိုရင်တော့ ဒီလူတွေအတွက်ပါ ရောချဒေါသ ဖြစ်ခဲ့တာပါ။
အလှုလုပ်လို့ အဖမ်းခံရတဲ့အထဲမှာ ကျနော်တို့ ပထမဆုံးပဲ။ အပြင်ရောက်တော့ လူတွေအများကြီးတွေ့တယ်။ လာကြိုနေကြတာပေါ့လေ။ ချက်ခြင်း အင်တာဗျူးတွေလုပ်တယ်။ ကိုသန်းနိုင်က လျှောက်ပြောနေသေးတယ်၊ ဘာတရားဥပဒေတို့၊ ညာတို့ … ကျနော်ပြောလိုက်ပါတယ်။ ဘာမှမဟုတ်ဘူး၊ ဖမ်းချင်လို့ဖမ်းတာ၊ လွှတ်ပေးချင်လို့ လွှတ်ပေးတာ။ ဒါပဲ …။ ဘာအကြောင်းပြချက် ဘာဆင်ခြေမှ မရှိဘူး။
နောက်တော့မှ သိလာတာက ကျနော်တို့ကို ဖမ်းပြီး နောက်တစ်ရက်၊ ကနေဒါမှာ ကမ္ဘာ့အိပ်ခ်ျအိုင်ဗွီညီလာခံ လုပ်တယ်တဲ့။ အဲ့ဒီညီလာခံကို ကျနော်တို့သတင်းတွေ ရောက်သွား ကမ္ဘာကြီးက ၀ိုင်းအာလို့လွှတ်ပေးလိုက်တယ် … ဆိုတယ်။
ကျနော်တို့အချုပ်ထဲဆိုတော့ ဘယ်လောက် မှန် မမှန် မသိဘူး။ နောက် တီးတိုး တီးတိုးအသံတွေက ကျယ်လာတယ်။
ဘာလဲဆိုတော့ …။ ကျနော်တို့အလှုလုပ်တဲ့နေ့ အဖမ်းခံင်္ထိတယ်။  သတင်းမီဒီယာတွေပါတယ်။ အဖွဲ့ချုပ်ဝင်တွေကော၊ ဆရာတော်တွေကော၊ ရှစ်ဆယ့်ရှစ်မျိုးဆက်တွေကော၊ စီအီးစီအချို့ကော လာကြတယ်။
ကျနော်တို့လူငယ်တာဝန်ခံများ ပဲခူးသွား လက်ဖက်ရည်သောက်နေတယ် … ဆိုပဲ။
ဟုတ်ပါ့ဗျာ။ ဒီတော့ အချင်းချင်း စကားများကုန်တာပေါ့။ နှိုင်းယှဉ်စရာလည်းဖြစ်ကုန်တာပေါ့။ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ကျနော်တို့လူငယ်တာဝန်ခံတွေနဲ့ တစ်ခေတ်ထဲ ဖြတ်သန်းလာတာကိုး။ ဒါနဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဇေယျဆိုတဲ့လူတွေနဲ့ ပိုရင်းနှီးလာသလို သတင်းမီဒီယာတွေနဲ့လည်း ပတ်သက်စ ပြုလာတယ်ပေါ့ဗျာ။
ကျနော်တို့ကို ဒုက္ခပေးတဲ့လူတွေလည်း ပြုတ်ကုန်ဆိုလား ဘာလား၊ ကြားတယ်။ အဟောသုခံ ကောင်းလေစွ၊ ကောင်းလေစွ။ သူများအလုပ်ပြုတ်တာကို ၀မ်းသာတာမဟုတ်ပါဘူး။ ဒီလူတွေ အစကတည်းက တာဝန်မှ မပေးသင့်တာ။
(မိုးမခမှတ်ချက်၊ အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့ခွဲတခုဖြစ်သော HIV/AIDS ဝေဒနာရှင်များနှင့် မိသားစုများ စောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူ အဖွဲ့ချုပ်ပါတီဝင်တဦးဖြစ်သော ကိုရာဇာက သူ့အတွေ့အကြုံများ ရေးသားထားသည်ကို ဝေမျှပေးမည်ဟု ဆိုသဖြင့် အများပရိသတ်သိရှိစေဖို့ မိုးမခက ရယူဖော်ပြခြင်းဖြစ်သည်။ သူဆက်ရေးနိုင်သမျှ ဖော်ပြပေးမည် ဖြစ်သည်။
နောက်တိုးသတင်း၊ ဒေါ်ဖြူဖြူသင်း၊ ကိုရာဇာနှင့် မောင်ကိုကိုတို့ စုပေါင်းရေးသားသည့် "အများခန္တာနဲ့ နာဖျားနေတဲ့ကိစ္စ" အမည်နဲ့ အဆိုပါ ဆောင်းပါးပေါင်းချုပ်စာအုပ် ရန်ကုန်မှာ ပုံနှိပ်ထုတ်ဝေမည် ဖြစ်သည်။ သြဂုတ် ၂၈ မှာ စတင်ဖြန့်ချိမည်ဟု သတင်းကြားသည်)

Ku Mo Jo - No One's above the Law in Burma


ကာတွန်းကူမိုးကြိုး - ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ
သြဂုတ် ၁၁၊ ၂၀၁၂

U Win Tin's Speech on 88 - 24 year Anniversary


ဦးဝင်းတင်၏ ၈၈ - ၂၄နှစ် အထိမ်းအမှတ်စကား ရုပ်သံ
ဘားမားဗီဂျေ၊ သြဂုတ် ၁၁၊ ၂၀၁၂
အင်န်အယ်ဒီပါတီ နာယက၊ သတင်းစာဆရာ၊ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်က သြဂုတ်လ ၈၊ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခြံတွင် ပြုလုပ်သော ၈၈ လူထုအရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနားမှာ အမှတ်တရစကား ပြောကြားရာမှာ … ပြည်သူုတွေကို ဦးထိပ်တင်ရမှာ ဖြစ်ကြောင်း၊ မပစ်ပယ်သင့်ကြောင်း၊ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရ ရှေ့တန်းကို ရောက်လာပြီ ဖြစ်ကြောင်း၊ အနှစ်သာရကို ဖော်ဆောင်ဖို့လိုကြောင်း၊ အာဏာရှင်စနစ် ဖယ်ရှားရေးကို ဆက်လက် ဆောင်ရွက်နေကြဆဲ ဖြစ်ကြောင်း၊ အာဏာရှင်စနစ် အမြစ်စွဲ ချိုးကပ်နေသော မြန်မာပြည်မှာ အာဏာရှင်ချိုးတွေကို ခွာပစ်ဖို့၊ အာဏာရှင်စနစ်၏ ညှော်နံများကို ဖယ်ရှားပစ်ဖို့ ဆက်လက် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။

Community Meeting Invitation SF Bay Area


ဒေါ်အောင်ဆန်းစုကြည် ဆန်ဖရန်ဘေးဧရိယာခရီးစဉ်နဲ့ ပတ်သက်ပြီး
မြန်မာတိုင်းရင်းသားမိသားစုများ စုံညီ အစည်းအဝေးကျင်းပရန် ဖိတ်ကြားခြင်း
(မိုးမခရွာဆော်ကြီး၊ သြဂုတ် ၁၀၊ ၂၀၁၂)
အစည်းအဝေးအကြောင်းအရာ
            ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ၊ ၂၈ ရက်နေ့တွင်ပြုလုပ်မည့်၊ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ရောက် မြန်မာကွန်မြူနီတီများနှင့်တွေ့ဆုံပွဲအား အောင်မြင်စွာကျင်းပနိုင်ရေး ဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေးနိုင်ပါရန် အောက်ပါ အတိုင်း ဆန်ဖရန်စစ္စကို (ဗေးဧရိယာ) ရှိ မြန်မာကွန်မြူနီတီအစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ပါသည်။

အစည်းအဝေးအစီအစဉ်
            အချိန်                 ညနေ ၆း၀၀ မှ ည ၈း၀၀ အထိ
            နေ့ရက်               ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၂ရက်(တနင်္ဂနွေနေ့)
            နေရာ                 Centerville Community Center
                             3355, Country Dr.,
                             Fremont, CA 94536
                   (ရွှေည၀ါ ဆရာတော် အရှင် ပညာသီဟ တရားပွဲကျင်းပရာနေရာ)
မေးမြန်းစုံစမ်းရန်
            ကိုဝင်းလှိုင် (415) 368-7003၊ ကိုညွန့်သန်း (510) 220-1323

Olympics and Burma (Zaw Aung (Mon Ywa)


အိုလံပစ်နဲ့ မြန်မာ (လန်ဒန်အိုလံပစ် မှတ်တမ်း)
ဇော်အောင်(မုံရွာ)၊ သြဂုတ် ၁၁၊ ၂၀၁၂
           ဂရိတ်ဗြိတိန်ဆိုတာ နေမ၀င်အင်ပါယာဆိုပြီး ကမ္ဘာ့သမိုင်းဝင်ကိုလိုနီ နောက်ဆုံးဘိတ် အင်ပါယာကြီးဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် (လွန်ခဲ့တဲ့နှစ်၆၀ကျော်) အချိန်ကစပြီး ကျဆုံးသွားရတာပါ။ သူ့အင်ပါယာ ဘယ်လောက်ကြီးသလဲဆိုရင် ဟိုး..ရောမအင်ပါယာ ဆိုတဲ့ (ယခု-အီတလီ) အလွန်အံ့သြဘွယ် ဒီမိုကရေစီစနစ် နှစ်ပေါင်းထောင်နဲ့ချီ ကြီးစိုးခဲ့တဲ့ အင်ပါယာထက်တောင် နယ်မြေကျယ်ပြန့်ပါတယ်။ ကမ္ဘာ့ ဘာသာကြီးအားလုံး မူဆလင်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာာသာ၊ ဆစ်၊ ဂျူး အစရှိတဲ့ နိုင်ငံအားလုံးကို သိမ်းကျုံးပြီး နှစ်ပေါင်းရာချီ အုပ်ချုပ်ခဲ့တဲ့ ကျွန်းနိုင်ငံလေးတခုပါ။ အခုချိန်အထိ သူတို့ရဲ့ အလွန်ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ကြောင့် အင်ပါယာကျဆုံးသွားပေမဲ့၊ အင်္ဂလိပ်စကားပြောလူမျိုးနဲ့နိုင်ငံများဟာ ကမ္ဘာကိုလွှမ်းမိုးနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စကားပြော အမေရိကန်အင်ပါယာကြီး ပေါ်ထွန်းလာခဲ့ပါတယ်။ အင်္ဂလိပ်စကားပြောတဲ့ အာရှက ဟောင်ကောင်၊ စင်ကာပူ၊ အိန္နိယ နဲ့၊ အာဖရိကနိုင်ငံများစွာ၊ သြစတြေးလျား၊နယူးဇီလန်၊ကနေဒါ စတဲ့နိုင်ငံများ တိုးတက်ကြီးပွားလာပါတယ်။ 

           အိုလံပစ်မှာ လွတ်လပ်တဲ့နိုင်ငံများဖြစ်တဲ့ အင်္ဂလန်၊ မြောက်အိုင်ယာလန်၊ စကော့တလန်၊ ဝေးနိုင်ငံ တို့ပေါင်းပြီး ဂရိတ်ဗြိတိန် Great Britain အမည်နဲ့ စုပေါင်းပြီး တခုတည်းကိုယ်စားပြုပါတယ်။ အခု လန်ဒန်အိုလံပစ်မှာ ထိပ်ဆုံးရောက်လာတဲ့ တရုပ်နိုင်ငံဆိုရင် အင်္ဂလိပ်စကားကိုပဲ အဓိကထားပြီး ကမ္ဘာကို ထိုးဖေါက်၊ ထိပ်ရောက်လာတဲ့ မဟာအင်အားကြီးနိုင်ငံဖြစ်နေပါပြီ။ အမေရိကန်၊ ရုရှား အင်ပါယာများကို ကျော်ပြီး တရုပ်စီးပွားရေးအင်ပါယာကြီးဟာ အံဘွယ်တပါးဖြစ်လာချိန်၊ အိုလံပစ် အားကစားလောကကိုပါ ထိပ်ဆုံးနေရာရောက်နေပါတယ်။ ကျုပ်တို့ အရှေ့တောင်အာရှနိုင်ငံများလည်း အင်္ဂလိပ်စကားကို နံပါတ်(၁) နိုင်ငံတကာဆက်သွယ်ရေးလမ်းအဖြစ် သုံးပြီး စီးပွားရေးနည်းနဲ့ ဥရောပ၊ အမေရိကန်၊ တရုပ်တို့လွှမ်းမိုးမှုကို ကြံ့ကြံ့ခံနေရပါတယ်။
လန်ဒန်အိုလံပစ်အကြောင်းရေးရင်း အင်္ဂလိပ်များဟာ ခေသူမဟုတ်ကြောင်း၊ အင်္ဂလိပ်က မြန်မာပြည်ကိုသိမ်းပိုက် ပြီး ၁၉၈၅-၁၉၄၈ (၆၄နှစ်) အတွင်း မြန်မာနိုင်ငံအတွက် ကောင်းတဲ့ဖက်ကကြည့်ရင် အကျိုးပိုရှိတယ်လို့ ထင်မိပါတယ်။ အင်္ဂလိပ်အားကို ပုဆိန်ရိုးလို့ စာရင်းသွင်းခံရလဲ မတတ်နိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားက အင်္ဂလိပ်လူမျိုးကို မမုန်းပါဘူး။ အင်္ဂလိပ်ရဲ့ နယ်ချဲ့စနစ်ကို မကြိုက်တာပါ ..ဆိုတဲ့အတိုင်း၊ ဒီဆောင်းပါးမှာ အင်္ဂလိပ်ဆီက ကောင်းတဲ့အချက်များကို နမူနာအဖြစ် ဖေါ်ပြပါတယ်။
           အရှေ့တောင်အာရှ နိုင်ငံများဟာ၊ ပေါ်တူဂီ၊ နယ်သာလန်၊ ပြင်သစ်၊ စပိန်၊ အမေရိကန် စတဲ့ အင်အားကြီးနိုင်ငံများက သိမ်းပိုက်၊ အုပ်ချုပ်ခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံ တခုပဲ အပေးအယူလုပ်ပြီး ဘုရင်စနစ်ကို အသိမ်းပိုက်မခံခဲ့ရပါဘူး။ ကျုပ်အမြင်ကတော့ အင်္ဂလိပ်လက်အောက်ဖြစ်ရတာကို တခြားလူမျိုးရဲ့ ကိုလိုနီဖြစ်တာထက် တော်ပါသေးလို့ ခံယူပါတယ်။  အခု မြန်မာပြည်ပြုပြင်ပြောင်းလဲရေးမှာ ဥပဒေအားလုံး (အခြေခံဥပဒေကအစ) အင်္ဂလိပ်လို ကမ္ဘာလက်ခံနိုင်တဲ့ နည်းဥပဒေများစွာ ရှိနေတုန်းပဲဆိုတော့ ဗီယက်နမ်၊တရုပ်၊ ကိုးရီးယားတွေလို ပြုပြင်ပြောင်းလဲရေးလုပ်မဲ့ ဥပဒေပညာရှင်များ လုပ်ရတာ အရမ်းလွယ်ပါတယ်။ လုပ်ခွင့်ပေးဖို့ပဲ ကျန်ပါတော့တယ်။

 အိုလံပစ်ဆုတဆိပ်ရှင်များ (South East Asia)
           အရှေ့တောင်အာရှမှာ ပထမဆုံး အိုလံပစ်ခြေစစ်ပွဲအောင်ခဲ့တဲ့ မြန်မာဘော်လုံးအသင်း မြူးနစ် အိုလံပစ် (1972) မှာ ထိပ်တန်းအသင်းများကို အကြိတ်အနယ်ကစားပြီးနိုင်ခဲ့ပါတယ်။ အာဖရိက ဆူဒန်အသင်းကို ၂ဂိုး၊ သုညနဲ့ အနိုင်ရပြီး အုပ်စုတတိယနဲ့ ထွက်ခဲ့ပေမဲ့ အာရှဂုဏ်တင်နိုင်ခဲ့ပါတယ်။ မြန်မာအလေးမသမား၊ ကမ္ဘာ့စံချိန်တင်နိုင်ပြီး၊ ပထမဆုံး တတိယဆုတဆိပ်ကို လက်ဝှေ့သမားက ရရှိခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ မြန်မာများ အစစအရာရာမှာ ၀မ်းနည်းစွာနဲ့ နိုမ့်ကျနေပါတယ်။ ဒါပေမဲ့ မျိုးဆက်တခုအတွင်း ဘက်စုံ၊ ပြန်လည်ထူထောင်နိုင်တာကို ကိုးရီးယား၊ တရုပ် နိုင်ငံများက သက်သေ ပြသခဲ့ပြီးပါပြီ။ ၁၉၉၀နောက်ပိုင်း ပြောင်းလဲလာတဲ့ တရုပ်ပြည်ကတော့ အလွန်အောင်မြင်နေပြီး၊ နောက်ကလိုက်ပြောင်းလဲခဲ့တဲ့ ဗီယက်နမ်ကတော့ အဝေးကြီးလိုပါသေးတယ်။ အိုလံပစ်မှာတောင် ဗီယက်နမ်၊ မြန်မာများ ဆုတဆိပ်မရနိုင် ဖြစ်နေဆဲပါ။
(ထိုင်း ငွေတံဆိပ်ဆုရှင်၊ ဘုရင်၏ဓာတ်ပုံကို ထုတ်ပြခြင်းသည် နိုင်ငံရေးဆန္ဒပြခြင်းဖြစ်၍ အိုလံပစ်မူနှင့်ညိပြီး ဆုမှ ဖြုတ်ပြီး အရေးယူခံရနိုင်သည်ဟု သတင်းထွက်)

အရှေ့တောင်အာရှနိုင်ငံများမှာ ဘက်စုံမှာ ထိပ်ဆုံးရောက်နေတဲ့နိုင်ငံကတော့ မငြင်းဘဲ၊ လက်ခံရမယ်ဆိုရင် ကျုပ်တို့မြန်မာများရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ တဟုန်ထိုး တိုးတက်နေပါတယ်။ အကြီးစား စက်မှုလုပ်ငန်းများ မော်တော်ကား၊ စက်ပစ္စည်းများကိုပါ ပြည်ပပို့ကုန်ဖြစ်နေပါပြီ။ အိုလံပစ်အားကစားပွဲမှာ ကြည့်မယ်ဆိုရင် ထိုင်းအားကစားသမားများဟာ ရွှေတံဆိပ်များပင် ရထားပြီးဖြစ်ပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများလည်း သူတို့အားပေးတဲ့ ကြက်တောင်ကစားနည်းမှာ အိုလံပစ်ရွှေတံဆိပ်ရကြပေမဲ့ ထိုင်းနိုင်ငံ အားကစားသမားများကတော့ ဘက်စုံမှာ ထူးချွန်၊ အိုလံပစ် ဆုတဆိပ်ရကြပါတယ်။ 

 ယခုနှစ်အိုလံပစ်တံဆိပ်ရှင် အရှေ့တောင်အာရှသားများ
 ရွှေတံဆိပ်ရှင် (မရှိပါ)
 ငွေတံဆိပ်ရှင် 
     အင်ဒိုနီးရှား၊ အမျိုးသားအလေးမ ငွေ၁ခု၊ 
     စင်ကာပူ အမျိုးသမီးစားပွဲတင်တင်းနစ် ငွေ၂ခု
     မလေးရှား အမျိုးသားကြက်တောင် ငွေ၁ခု
     ထိုင်း အမျိုးသမီးအလေးမ ငွေ၁ခု
 ကြေးတံဆိပ်ရှင်
     အင်ဒိုနီးရှား၊ အမျိုးသားအလေးမ ငွေ၁ခု၊ 
            ကမ္ဘာအိုလံပစ်ပွဲမှာ ကြေးတဆိပ်ကလေးတခုရဖို့ အင်မတန်မလွယ်ပါဘူး။ စင်ကာပူအစိုးရက ရွှေတဆိပ်ရရင် ဒေါ်လာတစ်သိန်းဆုချမယ်ကြေငြာထားတာ နှစ်ပေါင်းများစွာကြာပါပြီ။ ဟိုးအရင်တုန်းက ထိုင်း၊ဖိလစ်ပိုင် လက်ဝှေ့သမားများ ရွှေတံဆိပ်ရပြီးပြန်လာချိန် မင်းသားသဖွယ် တတိုင်းပြည်လုံးက ကြိုဆိုခဲ့ပါတယ်။ အခုလည်း အရှေ့တောင်အာရှနိုင်ငံများက စုစုပေါင်း ၄နိုင်ငံပဲ ငွေ၎ခု၊ ကြေး၁ခု သာရပါတယ်။

 အားကစားဝါသနာရှင်မြန်မာများ
           ကျုပ်ဟာ အားကစားကို အင်မတန်ဝါသနာပါပါတယ်။ အထူးသဖြင့် မုံရွာမြို့မှာ ငယ်စဉ်အခါက ဘော်လုံး၊ ဘော်လီဘော၊ ပြေးခုံပစ် ကစားနည်းများကို နှစ်ခြိုက်စွာကစားခဲ့ပါတယ်။ မုံရွာမြို့က ၁၉၈၀လောက်မှာ စစ်ကိုင်းတိုင်း၊ မြန်မာလက်ရွေးစင်အထိ တက်ရောက်ခဲ့တဲ့ ဆိုတဲ့ လူငယ်ဘော်လီဘောသမား၊ စိန်မင်း၊ ကိုနိုင်၊ ခင်အေး၊ ခင်လှ ဆိုတဲ့ ကျွန်တော်တို့ ဆူးလေကုန်းရပ်က စစ်ကိုင်းတိုင်းကိုယ်စားပြု ဘော်လီဘောမောင်မယ်များဟာ ကျုပ်သူငယ်ချင်းများဖြစ်ပြီး၊ ကိုနိုင်ကတော့ မြန်မာ့လက်ရွေးစင်ဘ၀ထိ တက်လှမ်းခဲ့ပါတယ်။
၁၉၈၀-၈၅ လောက်မှာတော့ ကျုပ်တို့ အာအိုင်တီကိုယ်စားပြုပြီး တက္ကသိုလ်ပေါင်းစုံ ပြေးခုံပစ်၊ အလေးမကစားနည်းတွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ အာအိုင်တီ လျှပ်စစ်အင်ဂျင်နီယာကျောင်းသားဘ၀က အားကစားမှုးဦးမောင်မောင်၊ အားကစားအုပ်ချုပ်သူ ဆရာဦးဝင်းမောင်၊ ဆရာဦးဘမြင့် စသဖြင့် ဆရာများနဲ့ တက္ကသိုလ်ကောလိပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲပြိုင်ခဲ့ရတာ သတိရပါတယ်။
အာအိုင်တီ မီတာ ၁၀၀ အပြေးသမား အောင်ကျော်မိုး ဆိုတဲ့လူ တင်ထားတဲ့ မြန်မာပြည်၊ တက္ကသိုလ်ကောလိပ်ပေါင်းစုံ၊ မီတာ၁၀၀စံချိန်ဟာ 1968 - 1985 နှစ်ပေါင်များစွာ သူ့စံချိန်ဘယ်သူမှ မချိုးနိုင်ခဲ့ပါဘူ။ အခုအချိန် ၂၀၁၂ အထိလည်း မြန်မာတက္ကသိုလ်ကောလိပ်ပေါင်းစုံ စံချိန်အဖြစ်ရှိနေခြင်းဟာ မြန်မာပြည်အားကစားလောကရဲ့ နိုမ့်ကျမှုကို ပြသနေပါတယ်။
ကျွန်တော်တို့ ငယ်စဉ်က မီတာ၈၀၀၊ မီတာ၁၅၀၀ တာလတ်အပြေးသမားဖြစ်ခဲ့တော့ အဲဒီအချိန် ၁၉၈၀ ပတ်ဝန်းကျင်က ကမ္ဘာ့တမိုင်ပြေးပွဲ Golden Mile မှာ ထိပ်တန်းအပြေးသများ အင်္ဂလိပ်လူမျိုး ဆီဘက်စယန်-ကိုး  နဲ့ မိုက်ကယ်အိုဝင် တို့ အိုလံပစ်ရွှေတံဆိပ်ရှင်များဖြစ်ခဲ့ပါတယ်။ တာလတ်ရွှေတဆိပ်ပွဲအတွက် လော့စ်အိန်ဂျယ်အိုလံပစ်မှာ ထိပ်တန်းပြေးနေတဲ့ ခြေဗလာနဲ့ပြေးသူ တောင်အာဖရိကက အမျိုးသမီးငယ် ဇိုလာဘတ်နဲ့ အမေရိကန်က နာမည်ကျော် မေရီဒက်ကားတို့ အိုလံပစ်တာလတ်အပြေးပွဲမှ နှစ်ယောက်တိုက်မိလဲကျပြီး၊ ၂ယောက်စလုံးထွက်ခွာရှုံးနိုမ့်သွားခြင်း။ အိုလံပစ်များ ၃ကြိမ်စလုံး ရွှေတံဆိပ်ချည်းဆက်တိုက်ရခဲ့တဲ့ အံ့သြဘွယ် မီတာ၁၀၀အပြေးသမား ကားလ်လူးဝစ်စ် နဲ့ အမေရိကန်အပြေးသများများ ..စတဲ့အကြောင်းများကို သတိရပါတယ်။ ၁၉၈၀ ပတ်ဝန်ကျင်က မြန်မာပြည်ထုတ် တံခွန်အားကစားစာစောင်ကို အမြဲတမ်း အားကိုးတကြီးနဲ့ ဖတ်ရပါတယ်။ 
            နောက်ပိုင်း ကျုပ် အသက်၄၀ကျော်တဲ့အထိ ကမ္ဘာ့အားကစားပွဲများကို တီဗွီကပဲ မလွတ်တမ်းကြည့်ပါတယ်။ ကမ္ဘာ့ဖလားဘော်လုံးပွဲများဆို တရုပ်ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန့် (ကွယ်လွန်) ကြည့်သလိုပဲ ကျုပ်လည်း တပွဲမှမလွတ်အောင်ကြည့်တယ်၊ ၂ပွဲထပ်နေရင် တီဗွီ၂လုံးနဲ့ကြည့်တယ်။ ရုပ်သံသွင်းယူထားပြီး ညပိုင်းမှာ မိနစ်၉၀လုံး ပြန်ဖွင့်ကြည့်တယ်။ ကျုပ်အလုပ်လုပ်နေတဲ့ ဗီယက်နမ်၊ ဟိုချီမင်း ဆောက်လုပ်ရေးလုပ်ငန်းမှာ ဗီယက်နမ်အလုပ်သမား ၃၀၀ကျော်ရှိတာ ဇူလိုင်၂၀၁၂ ဥရောပဖလား EURO2012 ဗိုလ်လုပွဲ စပိန်က အီတလီကို အနိုင်ယူသွားတဲ့ ပွဲပြီး၊ နောက်နေ့ အလုပ်သမား ၁၀၀တောင်မရှိတော့ဘူး။ အားလုံး ဘော်လုံးပွဲ တိုက်ရိုက်ရုပ်သံကို အလုပ်ထုတ်ခံရမှာ မကြောက်ပဲ ကြည့်ကြတယ်။ စင်ကာပူမှာလည်း ကော်ဖီဆိုင် ၂၄နာရီဖွင့်တဲ့ တီဗွီတွေမှာ ဘော်လုံးပွဲပြရင် ညသန်းကောင်းကျော်ချိန် မြန်မာများပဲ အပြည့်နဲ့ အော်ဟစ်အားပေး၊ကြည့်ရှုကြပါတယ်။ 
            မြန်မာများ နိုင်ငံတကာအဆင့်မက အားကစားဝါသနာပါကြပါတယ်။ မြန်မာပြည်က အမျိုးသမီးများဆို အင်္ဂလိပ်ပထမတန်း ဘော်လုံးသမားနံမည်တွေတောင် အလွတ်ရတဲ့အထိ ဘော်လုံပွဲကြည့်ခဲ့ဖူးပါတယ်။ ဘော်လုံးလောင်းကစားများခေတ်စားစဉ်တုန်းကပါ။ 

  
 လက်ရှိ လန်ဒန်အိုလံပစ်ရွှေတံဆိပ်ရှင်များ
           အခုအချိန်မှာတော့ မီတာ၁၀၀၊ ၂၀၀ အမျိုးသား၊ ကမ္ဘာ့စံချိန်သစ်ရှင် ဂျမေကာနိုင်ငံသား Usain Bolt၊   ရွှေတံဆိပ်များစွာစံချိန်တင်ရရှိသွားတဲ့ ရေကူးသမား Michael Phelps၊ တင်းနစ်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ အင်္ဂလန်က Andy Murray ရဲ့ ၀မ်နည်းမျက်ရည်၊ အမျိုးသမီးတင်းနစ်ရွှေတံဆိပ်ဆုရင် ၀ီလီယံညီအစ်မများ၊ အင်္ဂလိပ်ပြေးခုန်ပစ် ၇မျိုးစုံး ဘုရင်မ Jessica Ennis၊  မက္ကဆီကိုနဲ့ ဘရားဇီးဘောလုံးအသင်ရွှေတံဆိပ်လုပွဲ ဖိုင်နယ်။ မာရသွန်နဲ့ တာဝေး အပြေးမောင်၊ မယ် အာဖရိကက တန်ဇန်နီးယား၊ ကင်ညာများကို ယှဉ်တုတဲ့ ရုရှား၊ တရုပ်၊ ဂျပန် အပြေးသမားများ ..စသဖြင့် လက်ရှိ အောင်လံတလူလူလွှင့်ထူနေသူများဖြစ်ပါတယ်။
            ယေဘူယခြုံကြည့်မယ်ဆိုရင် စီးပွားရေးတိုးတက်လာရင်၊ အားကစားလည်း တိုးတက်လာတယ်လို့ ပြောရပါမယ်။ အားကစား တိုးတက်မှုကို အိုလံပစ် ဆုတံဆိပ်ရမှုနဲ့ပဲ ဆုံးဖြက်လို့ ရနိုင်ပါတယ်။ အခု အိုလံပစ်ကို ဆုတံဆိပ်ဇယားကို ကြည့်ပါ။ အဆင့် ၁၀ အထိ ရေတွက်ကြည့်ရင် … (ဆောင်းပါးရေးတဲ့နေ့က စာရင်းအရ)
 တရုပ်  ရွှေ၃၄၊ ငွေ၂၁၊ ကြေး၁၈၊ ပေါင်း ၇၃ခု
 အမေရိကန်  ရွှေ၃၀၊ ငွေ၁၉၊ ကြေး၂၁၊ ပေါင်း ၇၀ခု
 အင်္ဂလိပ်   ရွှေ၂၂၊ ငွေ၁၃၊ ကြေး၁၃  ပေါင်း၄၈ခု
 ရုရှား   ရွှေ၁၀၊ ငွေ၁၈၊ ကြေး၂၀၊  ပေါင်း၄၈ခု
 ဂျပန်   ရွှေ၂၊ ငွေ၁၃၊ ကြေး၁၄၊  ပေါင်း၂၉ခု
 ပြင်သစ်  ရွှေ၈၊ ငွေ၉၊ ကြေး၁၁၊  ပေါင်း၂၈ခု
 ဂျာမဏီ  ရွှေ၆၊ ငွေ၁၄၊ ကြေး၇၊  ပေါင်း၂၇ခု
 သြစတြေးလျား  ရွှေ၎၊ ငွေ၁၂၊ ကြေး၉၊  ပေါင်း၂၅ခု
 တောင်ကိုးရီးယား   ရွှေ၁၂၊ ငွေ၅၊ ကြေး၆၊  ပေါင်း၂၃ခု
 အီတလီ   ရွှေ၇၊ ငွေ၆၊ ကြေး၎၊  ပေါင်း၁၇ခု    .. ဦးဆောင်လျှက်ရှိပါတယ်။ ပြိုင်ပွဲပြီးဖို့ ၂ရက်လောက်ပဲလိုချိန်မှာ ရလဒ်များ သိပ်ပြောင်းလဲဖို့ မရှိတော့ပါ။
            မြောက်ကိုးရီးယား ရွှေ၎၊ ကြေး၁၊   ပေါင်း၅ခု နဲ့ နိုင်ငံအလိုက် အမှတ်စဉ်၂၆မှာ ရောက်နေပြီး၊ အာရှနိုင်ငံများမှာ တရုပ်၊ တောင်ကိုးရီးယား၊ ဂျပန်တို့နောက်မှာ စတ္တုထလိုက်နေတာကို တွေ့နိုင်ပါတယ်။ စီးပွားရေးချွတ်ခြုံကျနေတဲ့ ကွန်မြူနစ်နိုင်ငံ မြောက်ကိုးရီးယာ အံ့သြစရာကောင်းတဲ့ အားကစားအောင်မြင်မှုကို တွေ့မြင်နိုင်ပါတယ်။ ဒါကတော့ ခြွင်းချက်ပါပဲ။

မြောက်ကိုးရီးယားဟာ အိုလံပစ်ထိပ်ဆုံးအဆင့်တင်မကဘူး၊ တကမ္ဘာလုံးစိတ်ဝင်စားတဲ့ ကမ္ဘာ့ဖလားဘော်လုံးဗိုလ်လုပွဲအထိ တက်ရောက်ခြေစွမ်းပြနိုင်ခြင်းကို မှတ်တမ်းတင်ရပါမယ်။ အရိုးတွေ အရမ်းသန်နေရအောင် ဘယ်လိုစိတ်ဓါတ်ရိုက်သွင်းထားသလဲဆိုတာကို အံ့သြမိခြင်းဖြစ်ပါတယ်။

အားကစားစိတ်ဓါတ်နှင့်နိုင်ငံဂုဏ်
            ဥရောပမှာ ဂျာမဏီ၂နိုင်ငံ ပြန်လည်ပူးပေါင်းပြီး၊ မဟာအင်အားကြီးနိုင်ငံအဖြစ်ရောက်သွားခဲ့ပါတယ်။ 
            အာရှတိုက် အရှေ့ဖျားမှာတော့ ကိုးရီးယား၂နိုင်ငံ ပြန်လည်းပူးပေါင်းမိရင်၊ မဟာအင်အားကြီး အာရှနိုင်ငံအဖြစ် ဂျပန်၊တရုပ်တို့ရဲ့ အဓိကပြိုင်ဖက်ဖြစ်လာမှာပါ။
            အာရှတိုက် အလယ်ပိုင်းမှာတော့ ထိုင်းနိုင်ငံဟာ ထူးခြားတဲ့ စီးပွားတိုးတက်မှုနဲ့၊ အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံဖြစ်နေပါတယ်။ မြန်မာပြုပြင်ပြောင်းလဲမှုမှာ ထိုင်းနိုင်ငံ မလွဲမသွေ ပါဝင်ရင်းနှီးနေပြီဖြစ်ပြီး၊ အတိတ်ကနာကျည်းချက်တွေကို ခဏမေ့၊ ၂နိုင်ငံပူးပေါင်းလုပ်ဆောင်လာရင် ၁၀စုနှစ်အတွင် မြန်မာ-ထိုင်း ၂နိုင်ငံပေါင်း စီးပွားရေးဟာ အာရှတင်မက၊ ကိုးရီးယားများလို ကမ္ဘာ့ထိပ်တန်းရောက်လာနိုင်ပါတယ်။
            အဓိကတော့ အိုလံပစ်အားကစားပွဲဖြစ်စေ၊ စစ်တိုက်ပွဲဖြစ်စေ .. စီးပွားရေးအင်အားဟာ အဓိကနေရာမှာ ရှိနေပေမဲ့၊ စိတ်ဓါတ် Attitude က ပိုပြီး အဓိကကျပါတယ်။ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် ကိုယ့်လူမျိုးကပဲ လုပ်မှရပါမယ်။ ပြည်တွင်းက မြန်မာများသာမက ပြည်ပရောက်မြန်မာများ၊ အထူးသဖြင့် အမေရိကား၊ ဥရောပ၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုးရီးယား၊ တိုင်ဝမ်း၊ သြတြေးလျှား စတဲ့ တိုးတက်တဲ့နိုင်ငံများမှာ လုပ်ကိုင်နေရတဲ့ ပြည်ပရောက်မြန်မာများ ပြန်လာလုပ်ကိုင်နိုင်ဖို့ အခြေအနေလိုအပ်နေပါတယ်။ တရုပ်၊ ကိုးရီးယားများထံမှ လူသားအရင်းအမြစ် အသုံးချမှုကို နည်းနာယူရမယ်ဖြစ်ပါတယ်။ 
            ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဂရိမြို့ပြနိုင်ငံများ စစ်ပွဲများ ရပ်ဆိုင်းပြီး၊ ၄နှစ်တခါ အိုလံပစ်ပွဲကို အားကစားစိတ်ဓါတ် (Good Attitude) နဲ့ လာရောက်ယှဉ်ပြိုင်ကြပါတယ်။ အားကစားစိတ်ဓါက်ဟာ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အခြေခံလိုအပ်ချက်ပါပဲ။ 
            အမေရိကန်အပြေးမယ်က ရွှေတံဆိပ်ယူပြီးနောက် နိုင်ငံတော်အလံစင်ဘက် အားလုံးမျက်နှာပြုပြီး အလေးပြုရပါတယ်။ ပထမရွှေတံဆိပ်ရ မြန်မာအလံ (ဆောရီး) အမေရိကန်အလံ တဖြေးဖြေးတက်လာချိန်မှာ အမေရိကန်နိုင်ငံတော်သီချင်းသံ ထွက်ပေါ်လာပါတယ်။ ၁မိနစ်တာ ငြိမ်သက်စွာ လူအားလုံး အမေရိကန်အလံကို အလေးပြုနေချိန် တီဗွီဖန်သားပြင်မှာ အမေရိကန်ရွှေတံဆိပ်ရှင်ရဲ့ မျက်ရည် တသွင်သွင်စီးကျနေတာကို ကြည့်ရင်း ကျုပ်ပါ ၀မ်းနည်း၊၀မ်းသာ မျက်ရည်ကျချင်သလိုဖြစ်မိပါတယ်။
            နောက် ၁၀နှစ်အတွင်းမှာ မြန်မာလူမျိုး ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ရှင်ကို တွေ့နိုင်မယ်၊ မြန်မာ ကမ္ဘာမကြေသီချင်းကို အိုလံပစ်ရွှေတံဆိပ်ဆုပွဲမှာ ကြားရမယ်၊ ရွှေတံဆိပ်ရှင်ပေါ်လာရင် မြန်မာများအားသန်တဲ့ လက်ဝှေ့၊ ပြေးခုန်ပစ်၊ အလေးမ အားကစားနည်များမှာ တွေ့ရမယ် မျှော်လင့်ပါတယ်။
 ရွှင်လန်းချမ်းမြေ့ပါစေ။
  ၉-သြဂုတ်-၂၀၁၂

Ashin Osadha -The Shining Stars of Halfmoon Bay Burmese Summer Class


တောက်ပနေသည့် ကြယ်လေးများ
အရှင်သြသဓ (ဟပ်မွန်းဘေး)၊ သြဂုတ် ၁၁၊ ၂၀၁၂
            ဒီနှစ် ဓမ္မာနန္ဒဝိဟာရကျောင်း နွေရာသီဗုဒ္ဓဘာသာသင်တန်းကို ဇူလိုင် ၂၈-ရက်ကနေ သြဂုတ် ၄-ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အားလုံး အဆင်ပြေ ချောမောစွာနဲ့ဘဲ အောင်မြင်ပြီးဆုံးခဲ့ပါတယ်။ သြဂုတ် ၄-ရက်နေ့ညနေ ပိတ်ပွဲ အခမ်းအနား ပြီးတော့ ကျောင်းသား တွေ, ဆရာတွေ, လုပ်အားပေးတွေ, ကျောင်းသားမိဘတွေက နောက်ဆုံးနှုတ်ဆက် farewell party လုပ်ကြပါတယ်။ ဒီအချိန်မှာ ဒကာ တစ်ယောက်က သူ့ကလေး စောင့်နေရင်း စာရေးသူထံ ရောက်လာပါတယ်။ ကလေးစောင့်ရင်း အချိန်ရတာနဲ့ သူသိချင်တာလေးတွေကို တော်တော်လေး စေ့စေ့စုံစုံ မေးမြန်းသွားပါတယ်။
            "ဒါနဲ့ စကားမစပ်၊ အရှင်ဘုရား အခု ဒီသင်တန်းဟာ ဘယ်နှစ်ကြိမ်မြောက် ရှိသွားပြီလဲ ဘုရာ့"
            "ဒီနှစ်က အကြိမ် ၂၀-မြောက် ဒကာကြီးရ"
            "အော်…ကြာပြီဘဲဘုရာ့၊ ညအိပ်လက်ခံတာက ဘယ်နှစ်က စတာလဲဘုရာ့"
            "၂၀၀၆-မှ စဖြစ်တာ ဒကာကြီးရ။ ၂၀၀၅-မှာ စဖို့ဟာ ဓမ္မာနန္ဒဆရာတော်ဘုရားကြီး ပျံတော်မူသွားလို့ အလုပ်များ နေတာနဲ့ နေ့ကျောင်းဘဲလက်ခံပြီး အကျဉ်းချုပ်လုပ်လိုက်ရတယ်။ အဲဒီတုန်းက ဖွင့်စဆိုတော့ အစစ အရာရာ ဘာမျှ ပြည့်စုံမှုမရှိဘူး။ ကိုယ်တိုင် နည်းရှာ၊ ကိုယ်တိုင် လူရှာ၊ ကိုယ်တိုင် လက်ခံ၊ ကိုယ်တိုင် စာသင်၊ ကိုယ်တိုင် ဝေယျာဝစ္စလုပ် ဆိုတဲ့ "ကိုယ်" ၅-ကိုယ်နဲ့ စခဲ့ရတာ ဒကာကြီးရေ။ နောက်နှစ်တွေကြတော့ ကျောင်းသားပိုများလာတယ်။ ဒါနဲ့ ဟိုတုန်းက ပြီးသွားတဲ့ ကျောင်းသားဟောင်းတွေကို ပြန်ခေါ်, သင်တန်းလေးပေးပြီး ဆရာမွေးထုတ်ရပြန်တယ်။ နောက်ပိုင်းတော့ တဖြေးဖြေးနဲ့ လုပ်အားပေးအင်အားလည်း ပိုတောင့်လာတယ်။ လှူဒါန်းထောက်ပံ့သူလည်း ပိုများလာပါတယ်။


            "တပည့်တော် သတိထားမိသလောက် ကလေးတွေက ဒီမှာ ပျော်ကြတယ်ဘုရား။ တပည့်တော်သားဆို နွေကျောင်းပိတ်တာနဲ့ ဟပ်မွန်းဘေးကျောင်း ယဉ်ကျေးမှုသင်တန်းသွားမယ်ဘဲ ပြောနေတာ။ အရှင်ဘုရားတို့ ဒီလို ကလေးတွေပျော်အောင် ဘယ်လိုထား သလဲဘုရာ့"
            "ဒကာကြီးရေ….ကလေးတွေက စာချည်းဘဲလဲ သင်လို့ မရဘူး။ သူတို့ နားချိန်, ကစားချိန်, အခြားစိတ်ဝင်စား ဖွယ်ရာလေး တွေကိုလည်း ထည့်ပေးရတယ်။ ဒါကြောင့် စာသင်ပြီး ညနေဘက်မှာ ဗဟုသုတလဲရ, ပျော်ရွှင်စရာလဲဖြစ်စေမဲ့ tie dying T-shirt လုပ်တာ, ယောဂလုပ်တာ, ကျောင်းပတ်လည် walk-a-thon လျှောက်တာ, ceramic tile art လုပ်တာ၊ ဒါမျိုးလေးတွေကို တစ်နှစ်တစ်မျိုး စီ ထည့်ပေးတယ်။ ညဘက်မှာလဲ ပြင်ပ guest speaker တွေဖိတ်ပြီး ကလေးများ လိမ္မာယဉ်ကျေးဖွယ်ရာ, ဗဟုသုတဖြစ်ဖွယ်ရာ ခေါင်းစဉ် တွေနဲ့ ပြောစေတယ်။ နှစ်တိုင်း ၆-ရက် စာသင်ပြီးတဲ့အခါ ညနေဘက်မှာ ကလေးတွေ အပမ်းပြေအောင် ပင်လယ်ကမ်းခြေဘက်သို့ လမ်းလျှောက်ထွက်ကြတယ်"
"နောက်ပြီး ကလေးတွေ ပိုစိတ်အားထက်သန်မှုရှိလာအောင် ၂၀၀၉-ခုနှစ်က စလို့ သင်တန်းတီရှပ်လေးတွေလည်း ပေးတယ်။ တီရှပ်မှာတပ်တဲ့ တံဆိပ်ကို ကျောင်းသားတွေကိုယ်တိုင် ဆွဲကြတယ်။ အဲဒိထဲက သင့်တော်တဲ့ပုံကို အဖွဲ့က ရွေးချယ်ပြီး နောက်နှစ် အတွက် သတ်မှတ်တယ်။ အရောင်ကိုတော့ ၂၀၀၉-ခုနှစ်က အညိုရောင်၊ ၂၀၁၀-မှာ လိမ္မော်ရောင်၊ ၂၀၁၁-မှာ အဝါရင့်ရောင်၊ ဒါကလဲ ကျောင်းကန်ဘုရားနှင့် သင့်တော်အောင်သာ အမှတ်တမဲ့ ရွေးချယ်ခဲ့ကြတာပါ။"
"အရှင်ဘုရား….. ဒီနှစ်တော့ တီရှပ်အရောင်က ခါတိုင်းနှစ်တွေနဲ့ မတူဘဲ အပြာနုရောင် ပြောင်းသွားပါလား ဘုရာ့"
"ဟုတ်တယ် ဒကာကြီး၊ ဒီတခါတော့ တမင်သက်သက် ရည်ရွယ်ချက်နဲ့ ရွေးလိုက်တာ"
လို့ စာရေးသူက ဒီတခါတော့ ပဟေဠိဆန်ဆန် ပြန်ဖြေလိုက်တယ်။ အဲဒီမှာ သူ့မျက်နှာက ပိုလို့ သိချင်လာပုံ ပေါက်သွားပြီး-
"အရှင်ဘုရား၊ အပြာနုရောင်က ဘာအဓိပ္ပါယ်လဲ ဘုရာ့"
 "အေးဗျာ၊ ကျောင်းမှာ astronomy သင်ခဲ့ရတုန်းက ဆရာတွေက ပြောတယ်။ ကောင်းကင်က ကြယ်တွေဟာ ဖြစ်ခါစမှာ အားမရှိသေးလို့ အရောင်မထွက်ဘူးတဲ့။ ခပ်မှိုင်းမှိုင်း ခပ်မှောင်မှောင်ဘဲ ရှိသေးသတဲ့။ နောက်တော့ တဖြေးဖြေး သက်တမ်းရင့်လာတော့ အညိုရောင်တွေ သန်းလာတယ်။ နည်းနည်း အားရှိလာတော့ လိမ္မော်ရောင်သန်းလာတယ်။ ပိုအားကောင်းလာတော့ အဝါရောင်ထွက် လာတယ်။ ဒိထက်ပို အားကောင်းလာရင် ကြည်ပြာရောင် တောက်ပ,လာတယ်လို့ ဆိုတယ်ဗျ။"



ဒီတော့ သူက ပိုစိတ်ဝင်စားလာဟန်ဖြင့် ပြုံးဖြဲဖြဲနဲ့ ရှေ့နား တိုးလာပြီး-
"ဒါဆို အရှင်ဘုရားရဲ့ ကြည်ပြာရောင် အတွေးအခေါ်က ဘာတုန်းဘုရာ့…."
"ဒါက ခင်ဗျား သိတဲ့အတိုင်းဘဲလေ။ ဖွင့်ခါစမှာ ဘာမှပြည့်စုံမှု မရှိဘူး။ ကလေးတွေ စားစရာ နေရာမရှိ၊ စာသင်ဖို့ ကျောင်းခန်း မရှိ၊ အကူဆရာ မရှိ၊ ဝေယျာဝစ္စလုပ်သူ မရှိ၊ ဘတ်ဂျက် မရှိ။ ဒီ "မရှိ" ငါးမျိုးနဲ့ စခဲ့ရတာ မဟုတ်လားဗျ။ အားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်ပြီး လုပ်ခဲ့ရတယ်လေ။ နှစ်စဉ် လုပ်ဖြစ်လာတော့ နောက်ပိုင်းမှာ အဖွဲ့အစည်းလေး ဖွဲ့ဖြစ်လာတယ်။ အဲဒီကနေ နောက်ထပ် ဆရာတွေရော၊ ဝေယျာဝစ္စပါ အင်အားသစ်တွေ တိုးလာတယ်။ ကျောင်းသားတွေလဲ တနှစ်ထက်တနှစ် ပိုပိုများလာတယ်။ ထောက်ပံ့ လှူဒါန်းမှုလဲ ပိုတိုးလာတယ်။ ဆရာဒကာ ဝိုင်းဝန်း ကြိုးစားမှုကြောင့် သတင်းကောင်းလေးတွေပြန့်ပြီး နောက်တော့ အဝေးက ကျောင်းသားတွေပါ ရောက်လာကြတယ်။ ပြီးတော့လဲ သင်ကြားမှုပိုင်းဆိုင်ရာမှာလဲ ကဏ္ဍတွေ ပိုစုံ လာတယ်။ ကလေးတွေလဲ ကိုယ့်မျက်စိ အောက်တင် ပိုပိုကြီးလာကြတယ်။ သူတို့ တွေးခေါ်မှုလေးတွေကလဲ ပြီးခဲ့တဲ့ သုံးလေးနှစ်ကထက် သိသိသာသာကြီး ပြောင်းလဲတိုးတက်လာတာ တွေ့ရတယ်။ ပိုပြီးတော့ သိသာတာက သူတို့ စာစီစာကုံး ရေးတဲ့အခါ သူတို့မြင်တာ၊ သူတို့ နားလည် တာလေးတွေကို လွတ်လွတ်လပ်လပ် ရေးကြတယ်။ ညဘက် guest speaker တွေပြောတာ နားထောင်ပြီး သူတို့သိချင်တာတွေ မေးကြတယ်။ ပါဝင်ဆွေးနွေးကြတယ်။ အဲဒိ အခါမှာ ဒီကလေးတွေရဲ့ မေးမြန်းမှု, ပါဝင်ဆွေးနွေးမှုတွေဟာ ဘာသာရေးဘက်က အတော်လေး တိုးတက်လာတာ တွေ့ရတယ်ဗျ။ မေးခွန်း မေးချိန်ရောက်ရင် လက်ညှိုးတွေကို မှိုပေါက်နေတာဘဲ။ စိတ်မဝင်စားသလို ငေါင်ငေါင်ကြီးတွေ ထိုင်မနေဘူး။ ဒါကို ကြည့်ပြီးတော့ ကျုပ် အားရတယ်။ ကျေနပ်တယ်။ ပင်ပမ်းသမျှတွေလဲ ပြေသွားတယ် ဗျ…။"
            "ဒီတော့ အရှင်ဘုရားပြောတဲ့ အပြာနုရောင်နဲ့ ဘယ်လိုဆက်စပ်မှု ရှိသလဲ ဘုရာ့…..။
"အဓိပ္ပါယ်က ဒီလိုဗျ။ ကြယ်တွေဆိုတာ အင်အားမရှိသေးရင် အရောင်မထွက်သေးဘူးလေ။ ထွက်ရင်လဲ အရောင်မတောက် သေးဘူး။ အားကောင်းလာပြီဆိုရင်တော့ ကြည်ပြာရောင်ပေါက်အောင် အလင်းရောင်က တောက်တော့တာပေါ့ဗျာ။ ကျုပ်တို့လဲ "မရှိ" ငါးမျိုးနဲ့ စခဲ့ရာက အခုတော့ တော်တော်လေး အရှိန်ရလာပြီ, အင်အားကောင်း လာပြီ, ထိုက်သင့်သလောက်လဲ အောင်မြင်လာပြီလို့  ဆိုရမှာပေါ့။ ကလေးတွေလဲ ဘာသာရေးအသိဉာဏ်လေးတွေ ပိုမို ရင့်ကျက်လာပြီ။ ပိုပြီး နားလည်လာကြပြီ။ ဒါကြောင့် ကျုပ်က သူတို့ လေးတွေကို ကောင်းကင်က တောက်ပနေတဲ့ ကြယ်လေးတွေနဲ့ တင်စားထားတာဗျ"
 "အော်…တင့်ပါဘုရား။ ဒိပြင် အဓိပ္ပါယ်ကော ရှိသေးလားဘုရား"
"အို….ဒကာကလဲ၊ ဘယ်မရှိဘဲ နေပါ့မလဲ။ ကြယ်ဆိုတာ တစ်လုံးချင်းတော့ အလင်းရောင် မပြောပလောက်ပေမဲ့ အများစုပေါင်း လိုက်တော့ ကောင်းကင်ပြင်ကြီး တစ်ခုလုံး လင်းပြီး လှပသွားတာဘဲလေ။ ပြီးတော့ ကြယ်ဆိုတာ ကိုယ်ပိုင် အရောင်ရှိတာဗျ။ သူများ ဆီကလာတဲ့ ရောင်ပြန်ကြောင့် တောက်ပနေတာ မဟုတ်ဘူး။ သူတို့လေးတွေလဲ တစ်ယောက်ချင်းတော့ ပြောပလောက်အောင် မထူးခြား ပေမဲ့ သူတို့ အားလုံးပေါင်းလိုက်ရင် သူတို့လေ့လာထားတဲ့ ကိုယ်ပိုင်ဉာဏ် အလင်းရောင်လေးတွေဟာ အမှောင်လောကကြီးကို အလင်းတွေပေးပြီး လောကကို အလှဆင်မဲ့သူများလို့ ကျုပ်က ယုံကြည်တယ်ဗျ"
            "အရှင်ဘုရား စိတ်ကူးက တယ်ပြီး ဆန်းကြယ်တာဘဲ။ နောက် ဘာတွေများ တင်စားထားတာ ရှိသေးလဲဘုရား"
"ဘယ်ကုန်အုံးမလဲ ဒကာရယ်….။ ကျုပ်က အတွေးသမားဗျ၊ wishful thinker လို့ ပြောချင်ပြော။ ကြယ်ကို ကြည့်ချင်ရင် အမြဲတမ်း မော့ကြည့်ရတယ် မဟုတ်လားဗျ။ အောက်ငုံ့ကြည့်လို့ မမြင်ရဘူးလေ။ ပြီးတော့ ကြယ်ဆိုတာ သက်တမ်း အင်မတန် ရှည်လျားတယ်။ ဒီလိုဘဲ ဒီကလေးတွေဟာ ဒီကျောင်းက သင်တန်းတွေကို လေ့လာသင်ကြားပြီးတဲ့ အခါမှာ ပိုယဉ်ကျေးလာကြတယ်။ လူကြီးသူမ ဆုံးမစကားကို နာခံလာကြတယ်။ မိဘကို သိတတ်လာတယ်။ ရတနာ သုံးပါးကို ပိုပြီး ကိုင်းရှိုင်းလာတယ်။ သူတို့ဘဝ လေးတွေကို ကောင်းအောင် ထိန်းကျောင်းတတ်လာတယ်။ ဒါကြောင့် ဒီကလေးတွေဟာ တစ်နေ့မှာ လူတကာ မော်ကြည့်လောက် အောင်ကို တော်လာကြလိမ့်မယ်လို့ ယုံကြည်ထားတယ်လေ။ နောက်ပြီး သူတို့ တတ်သိလေ့လာထားတဲ့ ဗုဒ္ဓတရားတော်များကိုလဲ အဓွန့်ရှည်ကြာ တည်တံ့ရလေအောင် သူတို့ရဲ့ နောက်မျိုးဆက် သားသမီးမြေးမြစ်တွေကိုလဲ အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင် သွားကြလိမ့်မယ်လို့ မျှော်လင့်ထားတယ်…ဗျ။"

"တယ်ကောင်းတဲ့ စိတ်ကူးဘဲဘုရာ့။ ဒါနဲ့…ဒီနှစ်က ကျောင်းသားတွေရော၊ လုပ်အားပေးတွေပါ ပိုများလာ သလိုဘဲ။ အားလုံး ဘယ်နှစ်ယောက် ရှိသလဲဘုရာ့"
            "အေးဗျာ…၊ ဒီနှစ် ကျောင်းသားက ၁၀၇-ယောက်၊ ဆရာက ၁၇-ယောက်၊ လုပ်အားပေး ၁၈ ယောက် ရှိတယ်။ ဒီနှစ် ကျောင်းသားပိုများလာလို့ သင်တန်းမစခင် ၂-ပါတ်လောက်ကတယ်လို့ နေရာပြင်ဆင် ကြရတယ်ဗျ။ စာသင်ခန်းတွေ မလောက်လို့ အပြင်ဘက်မှာ စာသင်ခန်းနှစ်ခု လုပ်ရတယ်။ ကျောင်းသားများလို့ ဆွမ်းစားကျောင်း စားပွဲနေရာကို လက်မနှင့်တောင် အတိအကျတိုင်းပြီး သတ်မှတ်ယူရ၏။ နေရာပြင်ဆင်သူတွေကလဲ တတ်နိုင်သမျှ အဆင်ပြေအောင်၊ ကျောင်းသားလည်း တတ်နိုင်သမျှ လက်ခံနိုင်အောင် အစွမ်းကုန်ကြိုးစားကြလို့ ကျုပ်တော့ အင်မတန် ကျေးဇူးတင်တယ်ဗျာ။ သူတို့လဲ မအားတဲ့ကြားက ကလေးတွေ ရှေ့ရေးအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဝိုင်းလုပ်ရှာကြတယ်။"
"လူတိုင်းအလုပ်ရှုပ်နေချိန်မှာ ဒီလိုလုပ်ပေးတာ ကျေးဇူးတင်စရာပါဘုရား။ ဒါနဲ့…အရှင်ဘုရား၊ ဒီနှစ် အဝေးကလဲ လာကြ တယ်လို့ ကြားပါတယ်၊ ဘယ်တွေက လာကြလဲဘုရား.."
"ဟုတ်တယ် ဒကာကြီးရေ၊ ဒီနှစ်ကတော့ ထူးခြားတယ် ပြောရမယ်။ ကျုပ်တို့ ဘေးဧရိယာ ဥက္ကလန်မြို့ ဓမ္မအေးရိပ်ကျောင်းက ဆရာတော်လေး ဦးအရိယာစာရ ဦးဆောင်ပြီး ကျောင်းသား ၁၃-ယောက်၊ အုပ်ထိန်းသူ မိဘ ၉-ယောက်နဲ့အတူ သင်တန်းကို တနေကုန် လာပြီး လေ့လာကြတယ်။ သူတို့ကလေးတွေကိုလည်း ဒီက ကျောင်းသားတွေနဲ့ ခင်မင်မှုရှိအောင် အတန်းတွေမှာ ရောထားတယ်၊ ပြီးတော့ နေ့လည်စာ အတူစားကြ, အတူကစားကြနဲ့ သူတို့ ကလေးတွေလဲ သဘောတွေကျပြီး ပြန်သွားကြတယ်။ နောက်ပြီး တခြား အဝေးက ကျောင်းသားတွေလည်း လာကြတယ်။ နယူးယောက်က ကျောင်းသားသုံးယောက်နဲ့ လုပ်အားပေး မိဘနှစ်ယောက်၊ Yuba City က ကျောင်းသားတစ်ယောက်၊ Fresno က ကျောင်းသားတစ်ယောက်နဲ့ လုပ်အားပေးမိဘ တစ်ယောက်၊ Davis က ကျောင်းသား နှစ်ယောက်နဲ့ လုပ်အားပေးမိဘ တစ်ယောက် လာကြတယ် ဒကာကြီးရ။"
"လုပ်အားပေးဆိုလို့ ကလေးတွေကော ဝေယျာဝစ္စ ဝိုင်းကူရတာ မရှိဘူးလားဘုရာ့"
"ဘယ်ချန်ထားလို့ ဖြစ်မလဲ ဒကာကြီးရာ။ သူတို့လဲ အလှည့်ကျရင် သူတို့ဆရာတွေနဲ့ အတန်းလိုက် ပန်းကန် ဆေးရတယ်။ ဘယ်လိုဆေးရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို တစ်, နှစ်, သုံး, လေး ထိုးပြီး ပန်းကန်ဆေးတဲ့နေရာမှာ ကပ်ထားတယ်လေ"
 "အော်….ကောင်းတယ်ဘုရား။ အိမ်မှာတော့ ကလေးတွေက မလုပ်ပါဘူး ဘုရား…။ ဒါနဲ့ အရှင်ဘုရားတို့ ကျောင်းကကြီးတော့ ပွဲဆိုလဲ လူတွေအများကြီး လာကြတယ်။ အခု နွေရာသီဗုဒ္ဓဘာသာသင်တန်းမှာလဲ ကလေးတွေ အများကြီးလာကြတယ်။ မြိုခံလူတွေလဲ သိမှာဘဲ၊ ဒေသခံသတင်းထောက်တွေက သတင်းယူတာမျိုးတွေ ရှိလားဘုရား"
"အေးဗျာ….။ ခင်ဗျားမေးတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဘဲ၊ ခါတိုင်းနှစ်တော့ သူတို့လဲ လာမမေးတာနဲ့ ကျုပ်တို့လဲ မဖိတ်မိဘူး။ ဒီနှစ်တော့ Half Moon Bay Review သတင်းစာက ကျုပ်တို့ကို ကြိုပြီး ခွင့်တောင်းထားတာနဲ့ ဖိတ်လိုက်လို့ သတင်းလာယူကြတယ်။ ဘုန်းကြီးတွေရော ဆရာတွေပါ သိချင်တာတွေ မေးကြတယ်။ ဓာတ်ပုံတွေလဲ တော်တော်လေး စုံအောင် ရိုက်သွားကြတယ်။ နေ့လည် စားချိန်နဲ့ကြုံလို့ သူတို့ပါရောပြီး ကလေးတွေနဲ့ ပျော်ပျော်ပါးပါး စားသွားတယ်။ သူတို့ ကြည့်ရတာ အဘိဓမ္မာအကြောင်းနဲ့ တရား ထိုင်တဲ့အကြောင်းတွေကို တော်တော်လေး စိတ်ဝင်စားပုံ ရတယ်"


"ခါတိုင်းနှစ်က ကလေးတွေ essay ရေးကြရတယ်။ ဒီနှစ် ဘာအကြောင်း ရေးကြရလဲဘုရာ့။"
"ဒီနှစ်ကတော့ မေတ္တာ (loving-kindness)အကြောင်း ရေးကြရတယ်။ ဒီနေ့ ကမ္ဘာကြီးမှာ မေတ္တာအစေးဓာတ်တွေ ခမ်းခြောက် လာမှုကြောင့် အကြမ်းဖက်မှုတွေဟာ တနေ့တခြား များပြားလာနေတာ မဟုတ်လား။ ဒါတွေကြောင့်ဘဲ ကမ္ဘာကြီးဟာ လုံခြုံမှုအားနည်း လာတယ်လို့တောင် ပြောရမလားဘဲ။ အခက်အခဲမျိုးစုံ, ပြဿနာမျိုးစုံတွေကြာင့် မွမ်းကြပ်မှုတွေများပြီး လူတွေဟာ အချိန်တိုင်းမှာ ဒေါသ ထွက်နေကြတယ်။ ဒေါသကို ထိန်းနိုင်တဲ့ တရားမရှိကြတော့လဲ မကြာခဏ ဆိုသလို အကြမ်းဖက်မှုတွေ, ပစ်ခတ်မှုတွေ, သတ်ဖြတ်မှုတွေ ဖြစ်ပြီး မိမိရော မိမိပတ်ဝန်းကျင်ပါ ဒုက္ခရောက်ကြရတာလဲ ခင်ဗျားအသိဘဲ။ လူမျိုး,ဘာသာ,အယူဝါဒ မတူညီကြသူများ စုပေါင်း နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ ချစ်ခင်ငြိမ်းချမ်းစွာနဲ့ အတူလက်တွဲ နေနိုင်ကြောင်းတရားကတော့ "မေတ္တာမှတပါး အခြားမရှိ" ဆိုတာကို ကလေးတွေ သိစေချင်လို့ ဒီခေါင်းစဉ်ကို ရေးခိုင်းတာပါ"
"ကလေးတွေက မေတ္တာဆိုတာကိုရော နားလည်ကြရဲ့လား ဘုရာ့"
 "မေတ္တာအကြောင်း သူတို့ဘယ်လောက် နားလည်ကြသလဲသိချင် မူလတန်းအဆင့်မှာ တတိယဆု ရသွားတဲ့ သုံးတန်း ကျောင်းသူလေးရဲ့ အဆုံးသတ် စာကြောင်းလေး နားထောင်ကြည့်ပေါ့ - Without metta, this planet won't be nice! တဲ့။ ကိုင်း….ဘယ့်လောက်ကောင်းသလဲဗျာ"
"မှန်ပါ့ဘုရား…… ကောင်းလိုက်တဲ့ စကားလေးပါ…။ တခြားသင်တန်းတွေမှာတော့ ရိုးရိုးစာသင်ပေးတာဘဲ ရှိတယ်။ အရှင်ဘုရားတို့ဆီက ဘာရည်ရွယ်ချက်နဲ့ essay ရေးခိုင်းတာလဲ ဘုရာ့"
 " ခင်ဗျားသိတဲ့အတိုင်းဘဲ…အမေရိကန်ကျောင်းတွေမှာနေရင် essay ရေးရတာချည်းဘဲ။ မရေးလို့ မရဘူး။ ဒါကြောင့် ဘယ်မှာရောက်ရောက်, ဘာလုပ်လုပ် essay ရေးတဲ့ အလေ့အကျင့်လေး ရစေချင်လို့ပါ။ အဲသလို ရေးရမယ်ဆိုရင် ကလေးတွေက အတန်းထဲမှာ ပိုပြီး ဂရုစိုက်နားထောင်တယ်။ ပိုစဉ်းစားလာတယ်။ ပိုစာဖတ်လာတယ်။ ညဘက် စပီကာတွေပြောတာကိုလည်း သေသေ ချာချာ မှတ်ထားကြတယ်။ သုံးတန်းကျောင်းသားလေးတစ်ယောက်ဆို သူ့essay ကို မတင်သေးခင် draft သုံးခါရေးတယ်။ အဲဒိကလေးဟာ သူ့အတန်းထဲမှာ နံပါတ်(၁) ရတယ်ဗျ။ ဒါ ကလေးတွေရဲ့ လက်တွေ့ တိုးတက်မှုဘဲ။ အဲသလို မခိုင်းရင် ကလေးဆိုတာ ဆော့နေတာဘဲ မဟုတ်လား။

"မှန်ပါတယ်ဘုရား…..။ ဒီနှစ် ညဘက် guest speaker တွေကော ဘာတွေ ပြောကြသလဲ ဘုရား"
"စိတ်ဝင်စားစရာ လေးတွေချည်းပါဘဲ ဗျာ။ ပထမညမှာ ပြောသွားတာက မေတ္တာပွားချင် "သူတစ်ပါးရဲ့ ကောင်းကွက်ကိုရှာ၊ အပြစ်ကိုမရှာနဲ့" ဆိုပြီး မေတ္တာဖြစ်နိုင်ဖို့ နည်းလမ်းကို ညွှန်ပြပါတယ်။ မေတ္တာကျင့်သုံးရင် ကြမ်းတမ်းတဲ့ တောရိုင်း တိရစ္ဆာန်များတောင် ငြိမ်းချမ်းလာကြောင်း သုဝဏ္ဏသာမဇာတ်တော်ကို သက်သေထားပြီး ပြောသွားတယ်ဗျ။ ဒုတိယညမှာတော့ အနောက်နိုင်ငံသားတွေလည်း မေတ္တာကမ္မဋ္ဌာန်းပွားများကြောင်း ဗွီဒီယိုကလစ်ပ်တွေပြပြီး ပြောသွားတယ်။ တတိယ ညမှာတော့ လောကမှာ တိုးတက်ချင်ရင် မိတ်ဆွေ ကောင်းရဖို့လိုကြောင်း၊ ကိုယ်တိုင်လဲ သူတပါးရဲ့ မိတ်ဆွေကောင်းဖြစ်ဖို့ အရေးကြီးကြောင်း ပြောသွားတယ်။ စတုတ္ထညမှာတော့ မိမိကို မုန်းတီးသူအပေါ်မှာတောင် မေတ္တာထားနိုင်လို့ မြေပြင်က ပဒေသာပင်ပေါက်ပြီး နောက်ဆုံးမှာ ဘုရင့်သားတော်လေးက ကောက်တော် မူသွားတဲ့ တံငါသည်ရဲ့ သမီးလေးတစ်ယောက်ပုံပြင်ကို ပြောသွားတယ်။ ပဉ္စမညမှာ Mindful Youth Development ဆိုတဲ့ ခေါင်းစဉ် နဲ့ ပြောသွားတာ လူငယ်တွေ အတော်လေး စိတ်ဝင်စားကြတယ်။ ဆဋ္ဌမညမှာ "ကြောက်တတ်ရင် မေတ္တာပွား"ဆိုတဲ့ ခေါင်းစဉ်နှင့် ပြော သွားပြီး၊ နောက်ဆုံးညမှာ After Death ဆိုတဲ့ ခေါင်းစဉ်နဲ့ အနောက်နိုင်ငံက လူဝင်စားများအကြောင်း ဗွီဒီယိုကလစ်ပ်တွေပြပြီး ဟော ပြောသွားတယ်ဗျ။ အားလုံးဟာ ဗဟုသုတ ရစရာတွေချည်းပါဘဲ။ ကလေးတွေလဲ သဘောကျပါတယ်။ ညနေဘက် တရားလာထိုင်နေကျ အမေရိကန်မကြီး ၂ယောက်တောင် လာလာပြီး နားထောင်တယ်။
"တင့်ပါ၊ အရှင်ဘုရား အခုလို စိတ်ရှည်လက်ရှည် ရှင်းပြတာ ကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော်တို့ နောက်မျိုးဆက်သစ် သားသမီးလေးတွေ ဘာသာသာသနာ မကွယ်ရအောင်, ယဉ်ကျေးလိမ္မာအောင် သင်ကြားပေးတဲ့ အရှင်ဘုရားတို့ ကျောင်းတော်ကြီးလဲ ဆက်လက်တည့်တံ့ နိုင်ပါစေ။ မျိုးဆက်သစ်ကျောင်းသားလေးတွေလဲ သူတို့ ဘဝမှာ အရှင်ဘုရား မျှော်မှန်းသလို shining stars လေးတွေ ဖြစ်ကြပါစေလို့ တပည့်တော်လဲ ဆုတောင်းပါတယ် ဘုရား။ တပည့်တော်ကို ပြန်ခွင့်ပြုပါအုံးဘုရား"
"ကောင်းပါပြီ ဒကာကြီး"





Maung Myanmar (Indonesia) - အင်ဒိုနီးရှားရောက် ဗမာတယောက်


အင်ဒိုနီးရှားရောက် ဗမာတယောက်
မောင်မြန်မာ (ခေတ္တ အင်ဒိုနီးရှား)၊ သြဂုတ် ၁၁၊ ၂၀၁၂
အလျင်းသင့်လို အင်ဒိုနီးရှားနိင်ငံနဲ့ သူတိုလူမျိုးရဲအကြောင်း မိမိအတွေအကြုံကို အခြေခံပြီး တင်ပြပါရစေ။ မိမိသည် နိင်ငံရပ်ခြားရှိ companyတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ တစ်ယောက်ဖြစ်ပြီး ၂၀၁၂နှစ် February တွင်အင်ဒို နီးရှား နိင်ငံ Jakarta၊ Surabaya JavaMakassar Manado  Bali Sumatra Pontianak၊ Medan မြိုများ၊ ကျွန်းများ သိုပထမဆုံးအကြိမ်အဖြစ် company တာဝန်ဖြင့် နှစ်လနီးပါးသွားရမယ် ဆိုတာ သိရတော့ မသွားခင်မှာ လူသဘာဝ အရစိတ်လှူပ်ရှား (ကြောက်စိတ်ဝင်မိတယ် ဆိုရင် ပိုမှန်ပါတယ်)။ မိပါတယ်။ အများသိတဲ့အတိုင်း အထူးသဖြင့် အင်ဒိုနီးရှားနိင်ငံရဲ့  (12 October 2002 Bali Nightclub attacks) ဟာလူတွေကို အထူးတုန်လူပ်စေခဲ့ပါ တယ်။
အဲဒီလိုနဲ့  အင်ဒိုနီးရှားနိုင်ငံကို ရောက်ရောက်ခြင်း ၄-၅ ရက်မှာ စိတ်က မရဲတရဲတရဲ နဲစိုးရိမ်မှူလေးတွေ ရှိနေပါတယ်။ ဒါပေမယ့်ဆယ်ရက်-နှစ်ပါတ်ခန့် သူတိုလူမျိုးတွေနဲထိတွေဆက်ဆံ့ကြည်တဲ့အခါမှာ အများစုသော သူတိုလူမျိုး တွေဟာ ဖော်ရွေကြပြီး နှစ်နှစ်လိုလို ကူညီချင်တဲ့စိတ်တွေရှိကြတာကို အံ့သြဖွယ်တွေရလို့ နောက်ပိုင်းမှာ မိမိအနေ နဲ့ ရဲရဲတင်းတင်း သွားလာရဲလာပါတယ်။
ထိုအချိန်က မိမိအား မည်သည့်နိင်ငံသားလဲ ဟု မေးပါက မိမိ၏အကျင့်(နိင်ငံခြားသားများအား မိမိတို့ မြန်မာလူမျိုးတွေဟာ ခေသူတွေမဟုတ်ကြောင်းသိစေလိုခြင်းအတိုင်း နှစ်လိုစွာဖြင့် " I'm from Myanmar " ဟု ဖြေကြားရတာကို ကြည်နူး ( pleased ) ဂုဏ်ယူ (proud ) မိပါတယ်။ ထိုင်း၊ စင်္ကာပူ၊ မလေးရှားလို နိုင်ငံတွေမှာ" I'm from Myanmar" လိုပြောရင် အဲဒီလူမျိုးတွေက သင့်ရဲရာထူး၊ နေထိုင်မှုအဆင့်အတန်း၊ ငွေကြေးသံုးစွဲနိင်မှု အစရှိ တဲအခြေအနေတွေကြောင့် သင့်ကို ဖော်ရွေပျူငှာစွာ ဆက်ဆံကောင်း ဆက်ဆံပါလိမ့်မယ်။ ဒါပေမယ့် များစွာသော အဲဒီ နိုင်ငံရဲလူမျိုးတွေဟာ မိမိတိုမြန်မာလူမျိုးတွေကို ခွဲခြားဆက်ဆံ့ချင်တဲ့စိတ် ရှိတယ်လိုဆိုရင်မိတ်ဆွေတို့ ငြင်းနိုင်မယ်မထင်ပါဘူး။ ထိုင်း၊ စင်္ကာပူ၊ မလေးရှားလို နိုင်ငံတွေမှာ မိမိတိုမြန်မာလူမျိုးတွေကို " foreigner" အဖြစ် မမြင်ပါ ဘူး။ သူတိုတိုင်းပြည်ကလူမျိုးတွေ မလုပ်ချင်တဲ့အလုပ်ကို ဈေးပေါပေါ၊ လခပေါပေါနဲ့ အလုပ်လာလုပ်တဲ့သူတွေ လို့ အများအားဖြင့် အထင်မကြီးစွာ သတ်မှတ်ကြပါတယ်။
8 April 2012 မှာအင်ဒိုနီးရှားနိုင်ငံ Manado မြိုလေးကို  ရောက်ပါတယ်။Manado မြိုနေလူများစုဟာ ခရစ်ယာနဘာသာ ကိုးကွယ်သူတွေ ဖြစ်ပါတယ်။ မိမိရောက်တဲ့အချိန်မှာ ခရစ်ယာန်ဘာသာရဲ့ အထိမ်းအမှတ်ပွဲကာလတစ်ခု ဖြစ်လို့ အိမ်တိုင်းနီးနီးလိုရဲ့ အရှေမှာ ခရစ်ယာန်ဘာသာရဲ့ သင်္ကေတလက်ဝါးကပ်တိုင်အမှတ်အသားကို ထင်ထင်ရှားရှားမြင်မြင်သာသာ ချိတ်ဆွဲထားကြပါတယ်။ Manado မြိုလေးကနေ ကားနဲ့ တစ်နာရီခန့် သွားရတဲ့ပင်လယ်ကမ်း ခြေရောက်တဲ့အထိ လမ်းတစ်လျှောက် အိမ်တွေအရှေမှာလဲ ခရစ်ယာန်ဘာသာရဲသင်္ကေတ လက်ဝါးကပ်တိုင် အမှတ်အသားကို ထင်ထင်ရှားရှားမြင်မြင်သာသာ ချိတ်ဆွဲထားကြပါတယ်။ အဲဒီလိုလက်ဝါးကပ်တိုင်အထိမ်းအမှတ်ကို ချိတဆွဲထားကြတဲ့အိမ်ဟာ မြိုလုံးကျွတ်နီးပါးလားလိုထင်ရလောက်အောင် အရေအတွက်အားဖြင့်များလှပါတယ်။

ဒါပေမယ့်ဒုတိယအကြိမ် Aug 2012 အင်ဒိုနီးရှားနိင်ငံသို့် လာရာမှာတော့ ပထမတစ်ကြိမ် နဲမတူတော့ဘဲ မည်သည့်နိင်ငံသားလည်းဟု မေးပါက "I'm from Myanmar" အစား မိမိအလုပ်လုပ်သည့်တိုင်းပြည်ရဲ့အမည် ကိုပဲ သုံးပြီး ဖြေဖြစ်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံအပေါ်ပေးတဲ့ မှတ်ချက်၊Bangkok post web site ရဲ့ 4 Aug 2012 မှာဖေါ်ပြတဲသတင်း (Jailed Islamist cleric Abu Bakar Bashir threatened to wage war if Myanmar continues to harm Muslim Rohingyas, in a letter to the country's president Thein Sein seen on a website Friday voa-islam့com )၊  အင်ဒိုနီး ရှားနိင်ငံရဲ့ TV သ တင်းဌာန "TV ONE " ရဲ့ "Muslim Rohingya disbute ( dispute ) warga ( citizen ) illegal Bangladesh "ခေါင်းစဉ်နဲ့ 5 Aug 2012  pmသတင်းမှာလည်း ဒီအကြောင်းတွေကျယ်ကျယ် ပြန်ပြန့် ဆွေးနွေး နေတာ တွေတွေရပါတယ်။ အဲဒါတွေကြောင့် မိမိအနေနဲ့ ဆင်ဆင်ခြင်ခြင် နေသင်တယ်ဆိုတာကို သဘောပေါက်မိပါတယ်။
မိမိရဲမိတ်ဆွေ အင်ဒိုနီးရှားနိင်ငံသား တရုတ်လူမျိုးကို မိမိက ဒီတစ်ခေါက်(Aug 2012)မိမိလာရာမှာ အရင်တစ် ခေါက်နဲမတူ၊ သတိတထားနဲ့ အနေအထိုင်ဆင်ခြင်တဲ့အကြောင်း ပြောတော့ မိမိမိတ်ဆွေက အင်ဒိုနီးရှားလူမျိုး အများစုသည် ဖော်ရွေပြီး ကူညီလိုစိတ်ရှိကြသူများဖြစ်ကြောင်း၊ အနည်းငယ်သောလူတစ်စု၏ လုပ်ရပ်မမှန်ကန်မှု ကြောင့် လူအများက အထင်အမြင်လွဲမှုဖြစ်ရကြောင်း ရှင်းပြပါတယ်။ မိမိမိတ်ဆွေပြောတာကို  မိမိအနေနဲ့လည်းသူ ပြောတာမမှားဘူး လို့ယုံကြည်မိပါတယ်။
တကယ်တော့ အများစုသောလူသားတွေအားလုံးဟာ အကြင်နာတွေကိုယ်စီ ရှိကြသူတွေချည်းပါပဲ။ ဒါပေမယ့် လူတစ်ယောက်၊ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုရဲ့ မမှန်ကန်တဲ့ လုပ်ဆောင်မှုဟာ တစ်ဦးနဲ့တစ်ဦးအကြား၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား၊ တစ်နိင်ငံနဲ့တစ်နိုင်ငံအကြား ကြီးမားသော နားလည်မှုလွဲမှားခြင်း ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေဟာ ဒုနဲ့ ဒေးဆိုတာ အားလုံးအသိပါဘဲ။
ကျေးဇူးတင်စွာဖြင့် …
မောင်မြန်မာ
ခေတ္တ အင်ဒိုနီးရှား

Than Htay Maung - his painting


ပန်းချီ သန်းဋ္ဌေးမောင် - ၈ရက် ၈လ၊ ဟိုသတင်းကြားတဲ့ညက ပြီးလိုက်တဲ့ ပန်းချီကား
သြဂုတ် ၁၁၊ ၂၀၁၂၊ ပန်းချီဆရာရဲ့ ဖေ့စ်ဘွတ်က ကူးယူဖော်ပြပါတယ်
ဒီပုံကို ဒီနှစ်ရဲ့ အစောပိုင်းလတွေမှာစရေးခဲ့တယ် ...ညပိုင်းအလုပ်မို့  မနက်အိမ်ပြန်ရောက်ရင် ခဏအိပ် တရေးနိုးချိန်တွေမှာ တနေ့ နည်းနည်း ရေးခဲ့တာ ဆွဲနေရင်းနဲ့ ကိုယ်ပုံကို ကိုယ်ငြင်းဆန်နေမိတာ လပေါင်းများစွာ မနေ့ က ၈.၈.၂၀၁၂ ဟိုသတင်း ဖတ်ပြီးတဲ့အခါမှာတော့ ပစ်ထားတဲ့ပုံလေးကိုလက်မှတ်ထိုး၍ လက်စသတ် လိုက်နိုင်ပါတယ် ... ။
(ပန်းချီဆရာက အမေရိကန်ကို ရောက်ရှိနေပါတယ်)

THURSDAY, AUGUST 9, 2012

Arab TV Program posted on VOA Burmese Language website - Technical error?


ဗီအိုအေမြန်မာပိုင်း ရုပ်သံတွင် အာရပ်အစီအစဉ် မှားယွင်းထုတ်လွှင့်
စာဖတ်သူတဦး၊ မီချီကန်၊ သြဂုတ် ၁၀၊ ၂၀၁၂
အမေရိကန်အချိန် သြဂုတ် ၉၊ ညနေခင်းက ဗီအိုအေမြန်မာစာမျက်နှာက နေ့စဉ်တီဗီသတင်းလွှာမှာ အာရပ်ဘာသာနဲ့ အစီအစဉ်တခုကို ထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ အာရပ်အစီအစဉ်မှာ အစ္စလာန် ဘာသာရေးခေါင်းဆောင်များရဲ့ ဟောပြောချက်တွေကို အာရပ်စကား၊ အာရပ်စာတန်းထိုးနေတာကြောင့် ဗီအိုအေအစီအစဉ်က မြန်မာဘာသာနဲ့ ထုတ်လွှင့်ရမယ့်အစား တခုခု နည်းပညာမှားယွင်းနေသလားလို့ တွေးမိပါတယ်။ စကရင်ကို ဖမ်းပြီး တင်ပေးလိုက်ပါတယ်။ ယခု စာရေးနေချိန်မှာတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ကို ပြန်လည် ထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။

Zaw Htet (Pyin Ma Nar) - The Story of Fighting Peacock


ဒေါင်းသွေးသစ်တို့၏ ပုံပြင်
ဇော်ထက် (ပျဉ်းမနား)၊သြဂုတ် ၁၀၊ ၂၀၁၂

ဒေါင်းသွေးသစ်တို့
တနှစ်
နှစ်နှစ်
သုံးနှစ် … …
နှစ်ဆယ့်လေးနှစ်
အဲဒီနှစ်ကနေ စတွက်ကြ
ရှစ်ဆယ့်ရှစ်နှစ် ရှစ်ရက်ရှစ်လ။
ရှစ်ဆယ့်ရှစ်မှာ ဒေါင်း
ကိုးဆယ့်ရှစ်မှာ ဒေါင်း
နှစ်ထောင့်ဆယ့်နှစ်မှာ ဒေါင်း
အရောင်မပြောင်းတဲ့ ခွပ်ဒေါင်း
လှေခွက်ချည်းကျန်ခဲ့တဲ့ နှစ်ပေါင်း
နှစ်ဆယ့်လေးရဲ့  အကြောင်း။
ရှစ်ဆယ့်ရှစ်မှာ ဒေါင်း
ကိုးဆယ့်ရှစ်မှာ ဒေါင်း
နှစ်ထောင့်ဆယ့်နှစ်မှာ ဒေါင်း
အသွင်မပြောင်းတဲ့ ခွပ်ဒေါင်း
အလံမလှဲခဲ့တဲ့ နှစ်ပေါင်း
နှစ်ဆယ့်လေးရဲ့ အကြောင်း။
ရှစ်ဆယ့်ရှစ်မှာ ပျိုမြစ်
နှစ်တွေလည်း ပြို
ငါတို့လည်း အဘိုးအို
အဘွားအိုလေးတွေဖြစ်
အမေအိုတောင် ခြောက်ဆယ့်ခွန်နှစ်နှစ်။
ဒါပေမယ့်လို့
ဒေါင်းတို့ မနား
အား မလျော့လို့
ငါတို့ သားစဉ်မြေးဆက်အထိ
ခွပ်ဒေါင်းအင်အားတွေ ဖြည့်
ခွပ်ဒေါင်းအင်အားတွေ အပြည့်။
ဒေါင်းပြီးရင် ဒေါင်း
နှစ်ပေါင်း ဘယ်လောက်ဖြစ်ဖြစ်
အားအင်သစ်တွေ လောင်း
မိုးဆောင်းနွေ မရွေး
အားအင်သစ်တွေ မွေး
ဒေါင်းသွေး အစစ်
ဒေါင်းသွေး အသစ်။
ဒေါင်းသွေးသစ်တို့
တနှစ်
နှစ်နှစ်
သုံးနှစ်… …
နှစ်ဆယ့်လေးနှစ်
အဲဒီနှစ်ကနေ စတွက်ကြ
ရှစ်ဆယ့်ရှစ်နှစ် ရှစ်ရက်ရှစ်လ။           ။

--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives