[moemakadaily@moemaka.biz] 22nd August - MoeMaKa Daily

 "ဆရာဦးရွှေထူးနှင့် နိုင်ငံရေးအကျဉ်းသားများ ဂုဏ်သိက္ခာရှိစွာ လွတ်မြောက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးပွဲ ကျင်းပ"
ချမ်းမြ၊ သြဂုတ် ၂၂၊ ၂၀၁၂
            ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရန် ရည်ရွယ်ပြီး အဆိုပါ အစည်းအဝေးကို နိုင်ငံရေးအကျဉ်းသား ဆရာဦးရွှေထူး(တောင်ကြီးထောင်)၏ မိသားစုအိမ်တွင် ယနေ့(၁၉-၈-၂၀၁၂)မွန်းလွဲ (၂း၃၀)နာရီမှာ ကျင်းပကြောင်း သိရပါတယ်။

            အဆိုပါ အစည်းအဝေးသို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ၊ မန္တလေးတိုင်းNLD-ပါတီ ဥက္ကဋ္ဌဟောင်း ဦးသိန်းတန် (ဦးရွှေထူး၏ သူငယ်ချင်း)၊ ဆရာမင်းထက်ငြိမ်းချမ်း၊ ကိုဘိုဘို(နိုင်/ကျဉ်းဟောင်း၊ ရန်ကုန်)နှင့် နိုင်/ကျင်းဟောင်း(၅၀)ခန့်တက်ရောက်ကြောင်း၊ အစည်းအဝေးကို အစီစဉ်(၁၁)ရပ်ဖြင့် ကျင်းပခဲ့ကြောင်း၊ အစီစဉ်(၁၀)အပြီးမှာ ခေတ္တနားကာ အစီစဉ်(၁၁)ဖြစ်သော ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း အစီစဉ်ကို ပြန်လည်ဆွေးနွေးပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။

            ပဏာမအစီစဉ်(၁၀)ရပ် ဆွေးနွေးအပြီးမှာတော့ အထက်မြန်မာပြည် အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကို တစ်လတစ်ကြိမ် ဖိတ်ကြားပြီး ငွေကြေး၊ ရိက္ခာနှင့် အခြားအကူအညီများ ထောက်ပံ့အားပေး နှစ်သိမ့်ရန်နှင့် ဦးရွှေထူးနှင့် ယုံကြည်ချက်အကျဉ်းသားများကို အမြန်လွှတ်-စာတန်းပါ အင်္ကျီများ၊ ဦးရွှေထူးနှင့် နိုင်ငံးရေးအကျဉ်းသားများကို အမြန်လွှတ်-စာတန်းပါ ဗီနိုင်းများ၊ စတေကာများ-ရောင်းချခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ်ရန်၊ ဆုံးဖြတ်ခဲ့ကြကြောင်း သိရပါတယ်။
            နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများနှင့် တစ်လတစ်ကြိမ်ပုံမှန်တွေ့ဆုံပြီး အားပေးနှစ်သိမ့်၊ ကူညီ၊ ထောက်ပံ့ရေးအတွက် ဒုတိယအကြိမ် အစည်းအဝေးကို ကံတက်ကုန်းမစိုးရိမ်တိုက်သစ်၌ ၂၅-၈-၂၀၁၂-ရက်နေ့ မွန်းလွဲ(၁)နာရီတွင် ဆက်လက်ဆွေးနွေးမှာ ဖြစ်ပြီး၊ ထိုအစည်းအဝေးမှာ ပထမကူညီထောက်ပံ့ပွဲ ကျင်းပမည့်ရက်ကို သတ်မှတ်မှာ ဖြစ်ကြောင်း၊ လစဉ်ကျင်းပမည့် နေရာကိုတော့ မစိုးရိမ်တိုက်သစ်၊ ဆရာတော်ဦးဝီရသူ သီတင်းသုံးရာ ဓမ္မသဟာယကျောင်းကို ပုံသေသတ်မှတ်ထားကြောင်း သိရပါတယ်။
            ဆရာတော်ဦးဝီရသူသည် ၁၃-၁-၂၀၁၂-မြစ်ကြီးနားထောင်မှ လွတ်လာပြီးနောက် မန္တလေးအိုးဘိုထောင်၊ တောင်ငူထောင်၊ ကလေးထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့သူဖြစ်ပါတယ်။ ၁၁-၈-၂၀၁၂-ရက်နေ့ကလည်း တစ်သိန်သုံးသောင်းကျပ်တန် TV-အပြားတစ်ခုကို အိုးဘိုထောင်တိုက်ဆောင် အကျဉ်းသားများအတွက် လှူဒါန်းခဲ့ကြောင်း၊ ၄င်းနေ့မှာပဲ ဦးချိုအောင်သန်းနှင့် မောတ္တာပါရမီအဖွဲ့က လှူဒါန်းတဲ့ ငွေကျပ်(၁၂၂၀၀၀၀ိ/)ကို အကျဉ်းကျသံဃာ(၂၂)ပါးအတွက် ထောင်မှာအပ်ငွေအဖြစ် အပ်နှံလှူဒါန်းပေးခဲ့ကြောင်း၊ မြစ်ကြီးနားနှစ်ပါး အတွက်(၁၂၀၀၀၀ိ/)ကို ဘဏ်မှတစ်ဆင့် လွှဲအပ် လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။
                                                "ပဏာမ အစီစဉ်(၁၀)ရပ်"
            ၁။ နိုင်ငံရေးအကျဉ်းသားများစာရင်း ကောက်ယူစုဆောင်ခြင်း
            ၂။ နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိအခြေအနေ၊ အချက်အလက်များကို စုံစမ်းကောက်ယူခြင်း
၃။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကြိုးပမ်းသူများ အချင်းချင်းဆက်သွယ်ရန် လမ်းကြောင်းများ ရှာဖွေခြင်း
            ၄။ ရရှိလာသောနိုင်ငံရေး အကျဉ်းသားများ၏ သတင်းများကို ရည်မှန်းထားသူများသို့ ဖြန့်ဝေခြင်း
            ၅။ နိုငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုများတွင် အများပြည်သူပူးပေါင်း ပါဝင်ဆောင်ရွက်လာနိုင်မည့် နည်းလမ်းများရှာဖွေခြင်း
            ၆။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာရေးအတွက် လွှတ်တော်အတွင်းသို့ ချဉ်းကပ်ဖြေရှင်းနိုင်မည့် နည်လမ်းများရှာဖွေခြင်း    
            ၇။ နိုင်ငံရေးအကျဉ်းသားများ၏ အမှုဖြစ်စဉ်များတွင် တရားဥပဒေရေးရာတွင် ဆုံးရှုံးခဲ့သည့် နစ်နာမှုများ ရှာဖွေဖော် ထုတ်၍ ဥပဒေလမ်းကြောင်းအရ ချဉ်းကပ်ဖြေရှင်းရန်နည်းလမ်းရှာဖွေခြင်း
            ၈။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မည်သည့်နေရာ၊ မည်သည့်အချန်၊ မည်သည့်အခြေအနေ ပြုလုပ်ဆောင်ရွက်သင့်သည်ကို ညှိနှိုင်းဆွေးနွေးတိုင်ပင်ခြင်း
            ၉။ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် စေလိုသူများနှင့် ထိန်သိမ်းထားသူ အာဏာပိုင်များအကြား ညှိနှိုင်းဆွေးနွေး နိုင်မည့်ပုဂ္ဂိုလ်ရှိသင့်မရှိသင့် ဆွေးနွေးတိုင်ပင်ခြင်း
၁၀။ ဘဏ္ဍာငွေရှာဖွေခြင်း

SF Burmese Community released announcement to host Suu-SF Event


ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ       တွေ့ဆုံပွဲကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်း
  နေ့စွဲ - ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိမည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း မိမိတို့ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) သို့ ကြွရောက်ကာ ဒေသခံ မြန်မာတိုင်းရင်းသားမိသားစုများနှင့် တွေ့ဆုံမည် ဖြစ်ပါသည်။
         ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉း၁၅ နာရီမှ ၁၀း၄၅ နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။ ကျင်းပမည့်နေရာ ကို ဆက်လက်သတင်းထုတ်ပြန်မည်ဖြစ်ပြီး http://suu-sf.blogspot.com တွင်လည်း အခမ်းအနားနှင့် ပတ်သက်သည့် အကြောင်းအရာများကို သွားရောက်ကြည့်ရှုနိုင်ပါသည်။ တွေ့ဆုံပွဲ စနစ်တကျ ကျင်းပနိုင်ရန်နှင့် မြန်မာမိသားစုအားလုံး အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရန် ဖိတ်ကြားရေးဆိုင်ရာ အလုပ်အဖွဲ့သို့ ဆက်သွယ် စာရင်းပေးနိုင်ပြီဖြစ်ပြီး အားလုံး၏ ကူညီ ပံ့ပိုးမှုများကိုလည်း လှိုက်လှဲစွာ ကြိုဆိုလျက်ရှိပါသည်။ 
ဒေသခံ စိတ်ပါဝင်စားသူများအနေဖြင့် သက်ဆိုင်ရာဒေသများရှိ သတင်းပြန်ကြားရေးအဖွဲ့ဝင်များကို ဆက်သွယ် စုံစမ်းနိုင်ကြပြီး သတင်းမီဒီယာများအနေဖြင့် ကိုတိုးလွင် (၄၁၅ ၄၂၄ ၅၈၁၁ ) နှင့် ကိုဝေဖြိုး (၄၁၅ ၅၇၇ ၆၅၀၅) တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ။


သတင်းပြန်ကြားရေးအဖွဲ့
တွေ့ဆုံပွဲကျင်းပရေးကော်မတီ
ဆန်ဖရန်စစ္စကို (ဘေးဧရိယာ)
SF Suu Event Press Release No # 2

Suu with DC Burmese Community Event announced



ဝါရှင်တန်ဒီစီမြန်မာကွန်မြူနီတီနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ ဖိတ်စာထွက်ပြီ
မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၂၂၊ ၂၀၁၂
ယနေ့ လက်ခံရရှိသော ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

TUESDAY, AUGUST 21, 2012

Tu Maung Nyo - Faith of Regime Constitutional Court


ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရဲ့ကံကြမ္မာ
တူမောင်ညို။ သြဂုတ် ၂၂၊ ၂၀၁၂
 (နဝတ-နအဖ) စစ်အစိုးရကာလမှာတုန်းက စစ်အုပ်စုတွင်း အာဏာစားခွက်လုမှုတွေနဲ့ပတ်သက်ပြီး  ဘယ်သူကိုတော့ ဖြုတ် လိုက်ပြီ/ ထုတ်လိုက်ပြီဆိုတဲ့ ကောလဟလဆန်ဆန်သတင်း စတင်ထွက်ပေါ်လာတတ်ပါတယ်။ အဲဒီနောက်မှာ ဘယ်သူတော့ဖြင့် ပြုတ် သွားပြီဆိုတာကို ကျနော်တို့ပြည်သူတွေသိခဲ့ကြရတာပါ။
အခုကတော့ အရင်နဲ့မတူ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရေကိုခြုံထားရလေတော့ အာဏာစားခွက်လုမှုတွေဟာ "ဥပဒေ ဆိုင်ရာ အငြင်းပွားမှုပုံစံ" နဲ့ပေါ်ထွက်လာတာကို ကျနော်တို့ပြည်သူများ ရှုစားကြရတာဖြစ်ပါတယ်။ ဒါဟာပွဲဦးထွက်ပါ။ ပွဲကြီးပွဲကောင်းလည်း ဖြစ်ပါတယ်။ နောက်ထပ် "ဥပဒေအရ၊ ဥပဒေနဲ့အညီ" အကျိုးစီးပွားအငြင်းပွားမှုတွေ လာဦးမှာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို မဖျက်သိမ်းနိုင်သေးသမျှပေါ်ထွက်နေဦးမှာပါ။
ယခုပေါ်ပေါက်ဖြစ်ပွားနေတဲ့ 
"ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့်  ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဟုတ်/မဟုတ်"
ဆို တဲ့ဖြစ်ရပ်က(နဝတ-နအဖ) စစ်အုပ်စုရဲ့ အာဏာအမွေခံ၊အာဏာအမွေဆိုင်၊ အာဏာပြိုင်တွေရဲ့ အာဏာလုမှု၊ ကိုယ်ကျိုးစီးပွား လုယက် မှုတွေကိုထင်ဟပ်ဖေါ်ပြချက်သာဖြစ်ပါတယ်။
 ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတဲ့အရေကိုခြုံထားတာမို့ ဥပဒေဆိုင်ရာ အငြင်းပွားမှု ပုံစံအဖြစ် ဖေါ်ပြတာပဲဖြစ်ပါတယ်။ ယခင်က စစ်အုပ်စုတွင်း ဂိုဏ်းအုပ်စုအကျိုးစီးပွားပြဿနာတွေကို  "နံပတ်ဝမ်း"က  အမိန့်မနာခံမှု၊ လာဘ်စားမှုဆိုတာတွေနဲ့ ကိုင်ပြီး ဖြုတ်ပစ်ခဲ့တာပဲ။ ဒီနည်းနဲ့ ဗိုလ်ကျော်ဘ - ဗိုလ်ထွန်းကြည်တို့ကိုထုတ်ခဲ့တာ၊ ဗိုလ်ခင်ညွန့်(ထလရ) ဂိုဏ်းပြုတ်ခဲ့တာဖြစ်ပါတယ်။
 အခုတော့ ကန့်လန့်ကာနောက်ကွယ်က "နံပတ်ဝမ်း" လည်း မတတ်နိုင်တော့ပြီ။  ထိန်းထိန်း၊ သိမ်းသိမ်း ၊ညှိညှိ၊ နှိုင်းနှိုင်း လုပ်ကြလို့ သြဝါဒပေးနေတဲ့ပုံပါပဲ။
သြဂုတ်လ ၁၅ ရက်နေ့က မိုးမခအွန်လိုင်းတွင် ရေးသားဖေါ်ပြခဲ့သော ကျနော့်ဆောင်းပါး "လွှတ်တော်၊ခုံရုံးနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) " တွင်
"လောလောဆယ်မှာတော့ ကျနော်တို့ နိဂုံးကောက်ချက်ချဖို့ မဖြစ်နိုင်ပါဘူး။ စောလွန်းနေပါသေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ခုံရုံးအဖွဲ့ဝင်များရဲ့ တုန့်ပြန်မှုနဲ့အသံကို လေ့လာစောင့်ကြည့်ဖို့ လိုပါသေးတယ်" ဖေါ်ပြခဲ့ပါ တယ်။
သြဂုတ်လ ၂၀ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့သတင်းစာရှင်းလင်းပွဲနဲ့ ခုံရုံးရဲ့ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဆိုတာ အခုပေါ်ထွက်လာခဲ့ပါပြီ။ တပြိုင်နက်တည်းလိုလိုပင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့တဲ့သဝဏ်လွှာ လည်း ပေါ်ထွက်လာခဲ့ပြီ။ ဒါကြောင့် အခုလို မြိုင်မြိုင်ဆိုင်ဆိုင်ပေါ်ထွက်လာတဲ့ တုန့်ပြန်ချက်များအပေါ် ကျနော်တို့လေ့လာကြပါစို့။
ဦးသိန်းစိန်ထံမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံပေးပို့တဲ့သဝဏ်လွှာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ သတင်းစာရှင်းလင်းပွဲနဲ့ ခုံရုံး သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) တို့ကို အတိုချုပ်ပြောရရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က သြဂုတ် ၁၄ ရက်ဖြင့်ပေးပို့သော သဝဏ်လွှာ ကို လုံးဝလက်မခံဘဲ၊ ပြတ်ပြတ်သားသားတညီတညွတ်တည်း ပယ်ချလိုက်တာပဲဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က သြဂုတ် ၁၄ ရက်ဖြင့်ပေးပို့သော သဝဏ်လွှာမှာ အဓိကအာဖြင့် အောက်ပါ  အချက် ၂ ခုပဲပါဝင် တာဖြစ်ပါတယ်။
- သမ္မတကိုယ်စား ရှေ့နေချုပ်မှ  (၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်)နေ့တွင် တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည် ရုတ်သိမ်းရန်
- သြဂုတ် ၂၁ ရက်မတိုမီ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဆန္ဒအလျောက်တာဝန်မှ နုတ်ထွက် အနားယူ ရန်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံပြန်ကြားလိုက်တဲ့ သမ္မတသဝဏ်လွှာ (၂၀ သြဂုတ်) က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနည်း လမ်းကိုတင်ထားပြီး၊ ထိန်းထိန်း၊သိမ်းသိမ်း၊ ညှိညှိနှိုင်းနှိုင်းလုပ်ကြဖို့ အချက်ပြထားပေမယ့် အထက်မှာဖေါ်ပြခဲ့တဲ့အချက် ၂ ချက်နဲ့ ပတ် သက်လို့တော့ သမ္မတဦးသိန်းစိန်ဟာ ဦးသိန်းစိုးတို့ခုံရုံးနဲ့ တစ်စိတ်တည်းတစ်ဝမ်းတည်းရှိတယ်ဆိုတာကို ရှင်းရှင်းပြတ်ပြတ်ဖေါ်ပြထားတာ ပေါ်လွင်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသုံးရပ် အညီအမျှခွဲဝေထားတယ်ဆိုတာ အမြင်ကောင်းအောင်ပြထားတာ ပေါ်လွင်အောင်  သူ့သဝဏ်လွှာနိဂုံးပိုင်းမှာ "လွှတ်တော်နဲ့ ခုံရုံး" ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့သီးခြားလွတ်လပ်သော အဖွဲ့အစည်းတွေ ဖြစ်လို့  မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်" ရှိတယ်လို့လမ်းဖွင့်ပေးထားရပါတယ်။
ဆိုလိုချင်တာကတော့ ပြည်သူ့လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ (က) (၂) ပုဒ်မခွဲငယ်(၅) တို့အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲ ပြစ်တင်မယ့်အဆိုကိုတင်ခြင်းလည်း တင်နိုင်တယ်လို့ ပြော တာဖြစ်ပါတယ်။
"ခုံရုံးဆိုသည်မှာ တရားရုံးဖြစ်သည့်အတွက် ပရိသတ်များနှင့် ကင်းကင်းရှင်းရှင်းနေရမည့်ဌာနဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခုံရုံးအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မှဆန္ဒ အလျောက် နှုတ်ထွက်ပေးရန် တောင်းဆိုမှုမှာ လွှတ်တော်ကိစ္စသာ ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် ခုံရုံးအနေဖြင့် သြစတေးလျနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း"
ဆိုတဲ့ ဦးသိန်းစိုးရဲ့ပြောဆိုချက်ကလည်းပြတ်သားလှပါတယ်။ လွှတ်တော်ပရိသတ်တွေနဲ့ လုံးလားထွေးလားလုပ်နေပြီး မျှော်မှန်းချက်ကြီးလှတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကို ငေါ့လိုက်တာ ထင်ပါတယ်။
ပြည်သူ့လွှတ်တော်က ဒီလိုပြစ်တင်စွပ်စွဲမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)စည်းဝိုင်းထဲက (နဝတ-နအဖ)စစ်အုပ်စု ရဲ့ အာဏာအမွေခံ၊ အာဏာအမွေဆိုင်၊ အာဏာပြိုင်တွေဟာ သူတို့စိတ်ကြိုက် ရေးဆွဲချမှတ်အတည်ပြုပြဋ္ဌာန်းခဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကို သူတို့ဘာသာသူတို့ ဖျက်ဆီးပစ်လိုက်တာပဲလို့ ကောက်ချက် ချယုံမှတပါးအခြားမရှိပါ။ နှမျောတသဝမ်းနည်းစရာလည်းမရှိပါ။
ဦးသိန်းစိန်က "ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနည်းလမ်း"ကို တင်ထားပါတယ်။ သူတို့လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့သာလျှင် ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောနေတဲ့ပြင်ဆင်ရေးမျိုးနဲ့လည်း တူလိမ့်မယ်တော့ မထင်ပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြောနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာ ဘယ်လိုပြင်ဆင်ရေးလဲဆိုတာ တိတိကျကျ မသိရသေးတော့ နှိုင်းယှဉ်ပြီးတော့မပြောနိုင်သေးပါဘူး။
ဒါ့အပြင် စစ်အုပ်စုရဲ့ အာဏာအမွေခံ၊အာဏာအမွေဆိုင်၊ အာဏာပြိုင်တွေအချင်းချင်း ဖွဲ့စည်းပုံအခြခံဥပဒေ (၂၀၀၈) စည်း ဝိုင်းထဲမှာ  ဗိုလ်လုမှု၊ အာဏာပါဝါပြိုင်ဆိုင်မှု၊ "ဥပဒေအရ/ ဥပဒေနဲ့အညီ အငြင်းပွားမှု"တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပညာတတ် ပညာရှင်တွေ  ဆွဲသွင်း၊ အသုံးချမခံရဖို့နဲ့ ကြားညှပ်မခံရဖို့  သတိကြီးကြီးထားကြရပါလိမ့်မယ်။
  အရေးအကြီးဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ဟိုတစ်ပိုင်းဒီတစ် ဆန်စင်ရာကျည်ပွေ့လိုက် ဆိုသလိုပြင်ဆင်နေလို့ မဖြစ်နိုင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ဖျက်သိမ်းပစ်ပြီး စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်မှန်သောပြည်ထောင်စု စနစ် ကို တိတိကျကျ အာမခံနိုင်မယ့် အခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲကြဖို့သာဖြစ်ပါတယ်။

ညွန်း
- ၂၁ သြဂုတ် ၂၀၁၂ မြန်မာ့အလင်းသတင်းစာ
- 20 aug 2012_EMG
- မိုးမခ အွန်လိုင်း ၊ "လွှတ်တော်၊ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) " တူမောင်ညို 

Maung Yit - Mr. Yit goes to Washington


ကာတွန်းမောင်ရစ် - မောင်ရစ်၏ လွှတ်တော်သွားတောလား ကာတွန်း
သြဂုတ် ၂၂၊ ၂၀၁၂

Remembering U Kyi Maung - Junior Win


ဘဘဦးကြည်မောင်ကွယ်လွန်ခြင်း၈နှစ်ပြည့်အခန်းအနားအမှတ်တရပွဲအကြောင်း
ဂျူနီယာဝင်း၊ သြဂုတ် ၂၂၊ ၂၀၁၂
ကျွန်မတို့မိသားစုက ဘဘဦးကြည်မောင်မိသားစုနဲ့ အလွန်ရင်းနှီးပါတယ်။ အဲသည်အမှတ်တရပွဲဖိတ်စာ ၃ စောင်တောင် ရပါတယ်။ ကျွန်မဖေဖေကလည်း အစီအစဉ်မှာစကားပြောရမှာဆိုတော့ လိုက်နားထောင်ဖြစ်ခဲ့တဲ့ ပွဲလေးတစ်ခုအကြောင်းပေါ့။
အစီအစဉ်က၆ခုရှိပါတယ်
အစီအစဉ်စတင်ကြောင်းကြေညာခြင်း၊ နှစ်ပတ်လည်ပွဲများကျင်းပပြုလုပ်ခဲ့ခြင်းများအကြောင်း ရှင်းလင်းတင်ပြခြင်း၊ ဦးကြည်မောင်ကိုယ်ရေးရာဇ၀င်အကျဉ်း ကိုဖတ်ပြခြင်း (မခင်မိမိခိုင်)၊ အမှတ်တရစာဖတ်ကြားခြင်းနဲ့ အမှတ်တရစကားများပြောကြားခြင်းများ ဖြစ်ပါတယ်။
ဆရာကြီးဒဂုန်တာရာအမှတ်တရစာကို ဆရာပြည်သွေးနိုင်ဖတ်တယ်။ နောက်တော့ဦးတင်ဦး၊ ဦးဝင်းတင်၊ ဒေါက်တာအောင်ခင်ဆင့်၊ ဒေါက်တာခင်မောင်ဝင်း၊ ဦးမြတ်သိန်း (ခ)ပေါ်လ်နဲ့ နောက်ဆုံးဦးဇော်ရမ်းက ပြောကြပါတယ်။
အစီအစဉ် ၅ကတော့ ခုနကတက်ပြောသွားသူတွေအစီအစဉ်ကျင်းပရာမှာ ကူညီသူတွေနဲ့ တို့ရိုးရာစားသောက်ဆိုင်ကို ကျေးဇူးတင်စကားပြောတယ်။ နောက်ဆုံး အစီအစဉ်ကတော့ပြီးဆုံးကြောင်း ကြေငြာပါတယ်။
လာတဲ့ပရိသတ်တွေကို အမှတ်တရစာများကို အ၀င်ဝမှာရေးခိုင်းတာနဲ့ ကျွန်မလည်းစိတ်ထဲရှိတာလေး ကောက်ရေးပေးလိုက်ဖြစ်တယ်။ ပရိသတ်များကို အစီအစဉ်မစတင်ခင်မှာ အစီအစဉ်စာရွက်တွေ ဝေတယ်။ ဒေါက်တာအောင်ခင်ဆင့်က သူရေးထားတဲ့ "တက္ကသိုလ်ရိပ်သာလမ်းမှ ကျွန်တော့အမျိုးသားရေးစိတ်ဓါတ်" ဆိုတဲ့မိတ္တူစာရွက်တွေကို ဝေပေးတယ်။ တက်ရောက်သူများ ထောင်ချီပြီးရှိလိမ့်မယ်။ ခုံများအပြည့်ပဲ။ ခန်းမက တော်တော်ကျယ်တယ်။ အပြင်မှာတော့ မိုးကတော်တော်ရွာနေတယ်။ ဘဘဦးကြည်မောင်ဓါတ်ပုံများနဲ့ ဘဘရဲ့အမှတ်တရစာများကို အပေါက်ဝနားမှာရယ်၊ ရှေ့နားမှာရယ် ထောင်ထားပေးတယ်။
အမှတ်တရစကားများအကြောင်း
အရင်ဆုံးဆရာပြည်သွေးနိုင်က ဆရာကြီးဒဂုန်တာရာရဲ့ အမှတ်တရစကားကဗျာကို ဖတ်ပါတယ်။ ဒဂုန်တာရာရဲ့စကားသံများကို တိုက်ရိုက်နားဆင်လိုက်ရသလိုပါပဲ။ ဘဘဦးကြည်မောင်နဲ့ အလွန်ရင်းနှီးတဲ့ အနုပညာမိတ်ဆွေရင်း တစ်ယောက်ဖြစ်တယ်၊ ငယ်သူငယ်ချင်းဖြစ်တယ်။ ဦးကြည်မောင်က တပ်ထဲ ၀င်သွားပေမယ့် သူ့ရဲ့အနုပညာကတော့ ပျောက်မသွားဘူး။ … အစရှိတဲ့ ချစ်ခင်ရင်းနှီးတဲ့စာသားများ ကိုကြားရတာ ကြက်သွေးမွေးညှင်းတောင် ထမိပါရဲ့။
ဘဘဦးတင်ဦးပြောသွားတဲ့အထဲမှာ ဘဘကိုဦးကြည်မောင်က အင်္ဂလိပ်စာသင်ပေးခဲ့တာတွေနဲ့ ဦးကြည်မောင်က စီနီယာအဖြစ်နဲ့ တပ်ထဲမှာ ခင်မင်သိကျွမ်းခဲ့ရပုံတွေ နားထောင်လိုက်ရတယ်။ ဒါတွေဟာ သိပ်ကို အမှတ်ရစရာကောင်းတဲ့ ရှေးဟောင်နှောင်းဖြစ်တွေပါပဲ။
ဘဘဦးဝင်းတင်က အပေါ်ဝစ်စကုပ်ရိုးရာအကျီကို အပေါ်က ထပ်ဝတ်ထားတာ အမြင်ဆန်းတာပေါ့။ ဘဘဦးဝင်းတင်ကတော့ သူကဘဘဦးကြည်မောင်ကို မသိပါဘူး … တဲ့။ မသိဘူးဆိုတာဟာ လုံးဝမသိတဲ့သဘော မဟုတ်ပါဘူး။ ဘဘဦးကြည်မောင်ကို ကောင်းကောင်းကြီးသိတာပေါ့။ လူချင်းမသိတာကို ပြောတဲ့အကြောင်းတွေပြောရင်း သမိုင်းဝင်အဖြစ်အပျက်တွေကို ပြန်လည်သတိတရပြောသွားပါတယ်။
နောက် ဒေါက်တာအောင်ခင်ဆင့် ပြောသွားတဲ့အထဲမှာ ဘဘဦးကြည်မောင်လို ပုဂ္ဂိလ်ကြီးက သူ့ကို ခင်ခင်မင်မင် လာရောက်နှူတ်ဆက်ခဲ့တဲ့ ဂုဏ်ယူဖွယ်အမှတ်တရအဖြစ်များ၊ တက္ကသိုလ်ကျောင်းသားသပိတ် အကြောင်းများကို ပြောပြသွားပါတယ်။ ကျောင်းသားသပိတ်အကြောင်းကတော့ ကျွန်မမှတ်မိသလောက်ပြောရရင် ဘဘဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ ပြောတဲ့အထဲမှာလည်း တော်တော်များများပါတယ်။
နောက်တော့ ကျွန်မဖေဖေ ဒေါက်တာခင်မောင်ဝင်းပြောသွားတဲ့အထဲမှာ အမှတ်တရအဖြစ်ဆုံး ၂ ချက်ပါပါတယ်။ တစ်ချက်က ဖေဖေ့အနေဲ့ သတ်မှတ်တဲ့လူငယ်တွေဆိုတာ အသက်၆၀မပြည့်သေးသူတွေဖြစ်တယ်။ အခုရည်ညွှန်းတဲ့ အဲသည် အသက်၆၀မပြည့်သေးတဲ့လူငယ်တွေကို ဦးကြည်မောင်ထားခဲ့တဲ့ပညာအမွေကို ဘယ်လိုဆက်ခံရမလဲ ဆိုတာပြောတယ်။ နောက်တစ်ချက်ကတော့ ပြောသင့်မပြောသင့် ဆင်ခြင်ရင်းနဲ့ အခုတော့ပြောတော့မယ်လို့ အစချီကာ အဲသည်အသက်၆၀မပြည့်သေးတဲ့လူငယ်တွေဟာ "အခု ၃နှစ်" ဘာမှမလုပ်ဘဲ စာကိုပဲဖတ်ကြပါ။ စာကြည့်တိုက်တွေကို သွားပါ။ စာအုပ်တွေကို ရှာဖွေဖတ်ပါလို့ ပြောသွားပါတယ်။
နောက်ဦးမြတ်သိန်း(ခ)ပေါ်လ်က ဖေဖေပြောသွားတဲ့ စာဖတ်ဖို့အချက်ကို သူအလွန်သဘောကျလို့ ကျေးဇူးတင်ထောက်ခံကြောင်း ပြောတယ်။ ဘဘဦးကြည်မောင်ကလည်း စာဖတ်ဖို့ တိုက်တွန်းထားတယ်။ ဘာစာအုပ်ဖတ်ရမလဲ မေးတော့ ဘဘက စာပဲ … ဘာဖတ်ဖတ်၊ ဖတ်ရင်တော်ပြီ စသဖြင့် ပြောသွားကြောင်းများကို အမှတ်ရပြန်ပြောပါတယ်။
နောက်ဆုံး ဦးဇော်ရမ်းကတော့ ဘဘဦးကြည်မောင်ထားခဲ့တဲ့စကားများ၊ မိန့်ခွန်းများ၊ ကောက်နှူတ်ချက်များကို အားပါးတရနဲ့ တင်ဆက်သွားတာကို နားဆင်လိုက်ရပါတယ်။
ကြားဖြတ်အစီအစဉ်များ
အစီအစဉ်စာရွက်ထဲမှာမပါတဲ့ အစီအစဉ်တွေဝင်လာတယ်။
တစ်ခုကတော့ ဘဘဦးကြည်မောင်အကြောင်း အမှတ်တရပြောတဲ့အထဲက ဒဂုန်တာရာရဲ့စာသားမျာထဲမှာ ဦးကြည်မောင်က အနုပညာသမားဖြစ်တယ်ဆိုတာ ပါတယ်။ အဲသည်မှာ အစီအစဉ်ကြေငြာသူက ဒါကို အခုလိုဖြည့်ပြီးပြောတယ်။
"ဟုတ်တယ်။ ဦးကြည်မောင်က အနုပညာသမား ဘယ်လောက်ဟုတ်သလဲ ဆိုရင် မကြာခင် ဗမာပြည်ပြန်လာတော့မယ့် အဆိုတော်မာမာအေးဟာ ဦးကြည်မောင်တပည့်တစ်ယောက်ဖြစ်ကြောင်းနဲ့ ဒေါ်မာမာအေးရဲ့ "ပြောပြစရာတွေတပုံကြီးရှိသေးတယ်" အခန်းဆက်ဆောင်းပါးများကို "မိုးမခ" မှာဖတ်ကြပါလို့ ကြေငြာသွားပါတယ်။
နောက်တစ်ခုကတော့ အစီအစဉ် ၄ မှာ ဘဘဦးဝင်းတင်ပြောအပြီးမှာ မင်းကိုနိုင်မှ ဘဘဦးကြည်မောင်အမှတ်တရစကားများ လာရောက်ပြောသွားတာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာမှ အစီအစဉ်အတိုင်း ဒေါက်တာအောင်ခင်ဆင့်၊ ဒေါက်တာခင်မောင်ဝင်း၊ ဦးမြင့်သိန်း(ခ)ပေါ်လ်နဲ့ ဦးဇော်ရမ်းတို့စကားများ ဆက်လက်နားဆင်ကြရပါတယ်။
အစီအစဉ်အပြီး
အစီအစဉ်က ၉ နာရီခွဲလောက်မှ စဖြစ်ပါတယ်။ ၁၁နာရီခွဲကျော်လောက် ပြီးတယ်။ ဘဘဦးတင်ဦးက အစီအစဉ်ပြီးလို့ စားသောက်တဲ့အစီအစဉ်အထိ မနေဘဲ ပြန်သွားတာကြောင့် မနှူတ်ဆက်လိုက်ရဘူး။ အခုလို ကျန်းကျန်းမာမာမြင်တွေ့ခဲ့ရလို့ဝမ်းသာမိပါတယ်။
ပွဲပြီးတော့ လူတွေထကြ နှူတ်ဆက်ကြရင်းနဲ့ တစ်ယောက်က သူ့မိတ်ဆွေကိုလှမ်းပြီး လက်ဆွဲနှူတ်ဆက်ရင်း
"ခင်ဗျား အသက်၆၀ မကျော်သေးဖူး မဟုတ်လား။ လူငယ်ပဲ။ စာဖတ်ရမယ်"
လို့ပြုံးပြီးပြောနေကြတာ ကြားလိုက်တယ်။ အင်း…. အိမ်ပြန်ရောက်ရင် ဖေဖေ့ကိုပြန်ပြောရဦးမယ်လို့။ အားလုံးပြီးတော့ အကျွေးအမွေးနဲ့ ဧည့်ခံတယ်။ ပဲနဲ့ချက်ထားတဲ့ထမင်းနဲ့ ကြက်သားဟင်း၊ ဟင်းချိုရယ်၊ အသီးအနှံများနဲ့ ကော်ဖီတိုက်ပါတယ်။ ရေနွေးကြမ်းလည်း သောက်လို့ကောင်းတယ်။ ကျွန်မကဗိုက်ဆာနေတာ ကြာပြီဆိုတော့ အားပါးတရစားကောင်းကောင်းနဲ့ စားလိုက်တာပေါ့။ နောက်တော့ အန်တီကြည့်ကိုနှူတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။ အန်တီကြည်က သူ့သမီးနဲ့ အတူတူလာကြတာ။ အန်တီကပိန်သွားပေမယ့် အရမ်းနေကောင်းတယ်။ ကျွန်မကိုကောင်းကောင်းမှတ်မိတယ်။ နားကသိပ်မကြားဖူးလို့ ဆိုပေမယ့် ကျွန်မမေးတာတွေ ချက်ချင်း ကောင်းကောင်းပြန်ဖြေနိုင်တာပဲ။

Sharing Good News with MoeMaKa Contributors


မိုးမခမိတ်ဆွေများ ပညာဒါန ၀မ်းမြောက်ဖွယ်
အရှင်သောဘဏ (၂၀၁၁၊ ၂၀၁၂) စာသင်နှစ်မှာ ဂုဏ်ထူးနဲ့ ၁၀ တန်းအောင်
မိုးမခ၊ သြဂုတ် ၂၂၊ ၂၀၁၂
ယခင်မိုးမခတွင် ဖော်ပြခဲ့ဖူးသော ပညာဒါနစာသင်ကျောင်းလုပ်ငန်းများအနက် ကျောင်းသား ကိုရင်တဦး ဖြစ်သူ အရှင်သောဘဏ ယခုနှစ် ၂၀၁၁၊ ၂၀၁၂ စာသင်နှစ်တွင် Eco ဂုဏ်ထူးနှင့် ဆယ်တန်းအောင်ပါသည်။ ဒီနှစ် ကိုရင်လေး တက္ကသိုလ်ပညာရေး ဆက်နိုင်အောင် ထိုကျောင်းက ဆရာ၊ ဆရာမများက ဆက်လက် ကူညီနေကြသည်။ မိုးမခမိတ်ဆွေများ ၀မ်းမြောက်စေရန် ဖော်ပြပေးလိုက်သည်။

Nyein Chan Aye - Rohingyar Issues # 1


ရိုဟင်ဂျာ ပြဿနာ Rohingyar Crisis (အပိုင်း ၁)
ရိုဟင်ဂျာ ပြဿနာ အကြပ်အတည်း နှင့် အခြား ဆက်စပ်နေသော အကြောင်းအရာ အခြေအနေများ အပေါ် ကိုယ်ပိုင် အမြင် နဲ့ အကြံပြုချက်များ - ဆွေးနွေးတင်ပြသူ - ငြိမ်းချမ်းအေး
(Personal Views and Recommendations on Rohingyar Crisis and Other Related Matters by Nyein Chan Aye)
နောက်ခံ အခြေအနေ (Background)
ရိုဟင်ဂျာ ပြဿနာ လို့ ခေါင်းစဉ် တပ်လိုက်တော့ ဒီ စာဖတ်ဖြစ်သူအားလုံး မျက်ခုံးတွေ ပင့်သွားကြမယ်ထင်ပါတယ်။ စာဖတ်သူတွေကို ပထမဦးဆုံး သိစေချင်တာကတော့ စာရေးသူဟာ အရင် စစ်အစိုးရ ခေတ် ကတည်းက ဒီလို အွန်လိုင်းမှာ မိမိ အမြင်တွေ တင်ပြ ဖလှယ်လေ့ရှိပေမယ့် ဘယ်တုန်းကမှ ရိုဟင်ဂျာပြဿနာကို ရှေ့တန်းတင် ဦးတိုက်ပြီး ပြောလေ့ မရှိခဲ့ဖူးဘူး ဆိုတာပါ။ အကြောင်းက စစ်အစိုးရခေတ်တလျှောက်လုံး မှာ လူများစု မြန်မာ အပါအဝင် အခြား လူနည်းစု တိုင်းရင်းသား လူမျိုးစုတွေ၊ လူမျိုးကွဲ/ဘာသာခြား နိုင်ငံသားအားလုံးဟာ ဖိနှိမှု၊ မတရားမှုတွေရဲ့ ဒဏ်ကို စစ်ဖိနပ် အောက်မှာ ပြားပြားဝပ် အားလုံး တန်းတူ ခံစားနေရလို့ အုပ်စု တစုကို အခြေပြုတဲ့ ဘယ်သူ့ အကြောင်းမှ သီးသန့် အလေးထား ပြောဖို့မလို၊ စနစ်ဆိုးအကြောင်းသာ ထောက်ပြဖို့လိုတယ်လို့ ယူဆလို့ဖြစ်ပါတယ်။ လူနည်းစု တိုင်းရင်းသားတွေနဲ့ လူမျိုးကွဲ/ဘာသာခြား တွေ ဟာ နယ်စပ်ဒေသတွေနဲ့ ပဋိပက္ခ နယ်မြေတွေမှာ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ ပို ခံကောင်း ခံ ရတယ်ဆိုနိုင်ပေမယ့် တုန်းအောက်က ဖားချင်း အတူတူချည်းပဲလို့ ယူဆတဲ့ အတွက် ယေဘုယျ သဘောဆောင်တဲ့ အကြောင်းတွေကိုပဲ အရင်တုန်းက ပြောလေ့ ဆွေးနွေးလေ့ရှိခဲ့ပါတယ်။
ခု ခေတ်စနစ် ပြောင်းပြီလို့ ဆိုနိုင်တဲ့ အချိန်ရောက်တော့လည်း ရိုဟင်ဂျာ ပြဿနာကို စပြောဖို့ ဆိုဖို့ စိတ်ကူးမရှိခဲ့ပါ။ အကြောင်းက စာရေးသူ တဦးတည်း သဘော နိုင်ငံရေး ခံယူချက် အမြင် အရ အခြေခံကျကျ ခေတ်ပြောင်းခဲ့တယ်လို့ မယုံကြည်လို့ရယ်၊ အပေါ်ယံ ခေတ်ပြောင်းပြီ ဆိုစေအုံး.. စနစ်ဆိုး၊ အကျင့်ဟောင်းတွေ ပြောင်းဖို့ အုပ်ချုပ်သူ အစိုးရ အပါအဝင် လူတန်းစား အသီးသီး နဲ့ သာမန် ပြည်သူလူထုရဲ့ အတွေးအခေါ် အယူအဆဟောင်းတွေ ပြောင်းဖို့က အချိန်ယူရအုံးမယ်ဆိုတာ နားလည်လို့ရယ်၊ တကယ်လို့ ခု စ ပြောစရာရှိရင် ရိုဟင်ဂျာတွေ နည်းတူ အိမ်နီးချင်း နိုင်ငံတွေ နဲ့ ကမ္ဘာတဝှမ်း မှာ နိုင်ငံမဲ့ ဒုက္ခသည် အနေနဲ့ ရောက်နေတဲ့ အခြား တိုင်းရင်းသားတွေကိစ္စ ဖြေရှင်းဖို့ လိုတဲ့ အကြောင်းသာ အရင်ပြော ဖို့လိုပြီး သူတို့တတွေ အများစု သူတို့ မြေပြန်နင်းခွင့်ရပြီးမှ ရိုဟင်ဂျာ ပြဿနာ ကို ပြောသင့်၊ ဖြေရှင်းသင့်၊ ပြောနိုင်၊ ဖြေရှင်းနိုင်မယ်လို့ စာရေးသူတဦးတည်း အမြင်အရ ယူဆလို့ရယ်ကြောင့် ဖြစ်ပါတယ်။  ဆိုခဲ့တဲ့ အကြောင်းတွေထဲက နောက်ဆုံးအချက်ကို ဖတ်ရတော့ ရိုဟင်ဂျာ တွေ နဲ့ သူတို့ကို စာနာသူ၊ ထောက်ခံသူတွေက ဒီစာရေးသူက ဘက်လိုက်တယ်လို့လည်း မမြင်စေချင်ပါ။ သမိုင်း ဖြစ်စဉ် နဲ့ လက်ရှိ ပကတိ အခြေအနေအရ ရိုဟင်ဂျာ ပြဿနာ က ဖြေရှင်းဖို့ ပို သိမ်မွေ့ ခက်ခဲလို့ ဒီလို ယူဆခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်က လူတဦးချင်းသဘောနဲ့ ကျူးလွန်းခဲ့တဲ့ ရာဇဝတ်မှု ကနေဆက်စပ်လို့ နောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်လာပြီး အကြမ်းဖက်မှု၊ သတ်ဖြတ်မှု တွေ ဆက်ဖြစ်ကာ  အဓိကရုဏ်း ပုံစံ မတည်ငြိမ်မှုတွေ ဒေသတွင်းမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။
[စကားချပ် - အဲဒီ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကိုလည်း ဖြစ်ခါစမှာ အကြောင်း/အကျိုး ရှာတဲ့ စာရေးသူရဲ့ အမြင်ကို "ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ"၊ မိုးမခ (ညွှန်း-၁) ဆိုပြီ ရေးခဲ့ဖူးပါတယ်။]

Po Htet - Home Sweet Home


အိမ်
ဖိုးထက်၊ သြဂုတ် ၂၂၊ ၂၀၁၂

"ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့အိမ်
ရံရွေလယ် ထယ်ဝါစွာ ဆယ်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလဲ အိမ်"

          ကိုဓိရာမိုရ် ရဲ့ "အိမ်"  ဆိုသည့် သီချင်းလေးထဲမှာ အထက်ပါ ခြေဆင်း အပိုဒ်လေးသည် ကျနော့်အတွက် ကြည်လင်ချမ်းမြေ့သော စိတ်ခံစားမှုကို ပေးစွမ်းပါသည်။
          အင်္ဂလိပ်စကားလုံးမှာ Home နှင့် House အား ကွဲပြား ခြားနားမှုကို ကျနော် အမှတ်သား ထားရှိမှုက နည်းနည်းတော့ အူကြောင်ကြောင် နိုင်သည်။ Home ဆိုတာ သုခရိပ်မြုံ။ ဒါကြောင့် Home sweet Home လို့ ရှိသည်။ House sweet House လို့ မရှိ။ နောက်ပြီး House ဆိုတာ ဟောက်စားလုပ်နိုင်သူများသာ နေထိုင်ကြသော အဆောက်အဦးဖြစ်သည် လို့ ကျနော်က ခွဲခြား မှတ်သားထားသည်မှာ ရီစရာ ကောင်းနေပါလိမ့်မည်။ ကျနော်က မြန်မာလို အိမ်၊ အင်္ဂလိပ်လို Home ကို ပြည့်စုံ ကြွယ်ဝလွန်းလှသည့် နန်းတော်ကြီး၊ ရဲတိုက်ကြီးတွေထက် ပိုမို တန်ဖိုးထားမိသည်။
          ရှေးခေတ် အတီအတာ သမိုင်းမတင်မှီခေတ်များက လူများ မည်ကဲ့သို့ နေထိုင်ခဲ့ကြလေသနည်း။ ကျောက်ဂူကြီးတွေထဲမှာ၊ သစ်ပင် ကြီးတွေ အောက်မှာ စသည်ဖြင့် လေကာ ၊ မိုးလုံ နေရာတွေမှာ နေထိုင်ခဲ့ကြမည်ထင်သည်။ အခုခေတ်ချိန်ခါမှာတော့ ပိုက်ဆံရှိရင် ရှိသလောက်၊ တတ်နိုင်ရင် တတ်နိုင်သလောက် အိမ် ဆိုသည့် ဝေါဟာရကို ချဲ့ကား ကြွားဝါကြသည်။ အိမ်တစ်လုံးအတွက်  ဒေါ်လာသန်းချီသုံးစွဲကြသည်။ ခေတ်သစ် မြို့ပြ လူလတ်တန်းစား လူတန်းစားများက ကတ်ထူပုံးတွေ ထပ်ထားသလို တိုက်ခန်းများဖြင့် အိမ် ဆိုသည့် ဝေါဟာရကို သတ်မှတ်ကြသည်။ ဆင်းရဲသည့် လူတွေအတွက်တော့ ကျောတစ်ခင်းစာနှင့် အမိုး၊ အကာအရံ ပါသည် ဆိုကာမျှဖြင့် အိမ်ဖြစ်ကြရသည်။
          ကျနော်မွေးဖွားကြီးပြင်းရာ ရွှေမြေကြီးပေါ်ရှိ အိမ်မှ ဝေးကွာနေရသော ရွှေ့ပြောင်း အလုပ်သမား ကျနော့်အတွက် အများ လွမ်းဆွတ်သလို အိမ် ကိုလွမ်းသည်။ အိမ်မှာ ကျနော့်ကို ချစ်သော လူများ နေကြသည်။ ကျနော် ချစ်သော လူများ ရှိကြသည်။ ကျနော့် ကောင်းကျိုးအဖြာဖြာကို လိုလားသော လူများ အိမ်မှာ နေကြသည်။ "အ၀တ်တန်းလုပ်ဖို့ သံလေး တစ်ချောင်းရိုက်ဖို့ဆိုရင် နင့်ကို သတိရလိုက်တာဟယ်" "အိမ်က လျှပ်စစ်ပေါင်းအိုး ပျက်နေတယ်..လာမှ ကြည့်ပေးစမ်း"  ဆိုသည့် စကားသံများသည် ကျနော့်ကို ခိုင်းစားချင်လို့ဆိုသည့် စိတ်ခံစားမှုကို မဖြစ်ပေါ်စေဘဲ အိမ်ကို ပိုမိုတမ်းတ လွမ်းဆွတ်စေသည်။
          ပျော်ရာမှာ မနေ၊ တော်ရာမှာ နေဆိုသည့် စကားအရ နိုင်ငံခြားတိုင်းပြည်တွေမှာ ကျွန်သက်ရှည်နေသော ကျနော်လို လူမျိုးတွေအတွက် ရွှေပြည်ကြီးရှိ အိမ် ကို မေ့ထားနိုင်ဖို့ ကြိုးစားကြရသည်။ ကျောတစ်ခင်းစာ၊ ရေချိုးဖို့၊ ကိုယ်လက်သန့်စင်ဖို့  နေရာ တစ်ခု ရလျှင်ပင် ကျနော်တို့အတွက် အိမ် ဆိုသည့် ဝေါဟာရက ပြည့်စုံပြီလို့ ယူဆနိုင်သည်။ ကျနော့်အတွက်ကတော့ ကုသိုလ်ကံကောင်းသောကြောင့် ပြည့်စုံတာထက် ပိုလျှံလွန်းသော အိမ် တစ်လုံးကို ရရှိထားသည်။
          တကယ်ကျတော့ ကျနော့် အိမ်နှင့် ကျနော် အလုပ် လုပ်ရာ နေရာသည် ဝေးကွာလွန်းလှသည်။ တစ်ရက်ကို အသွားပြန် သုံးနာရီခွဲခန့် အချိန်ပေးရသည်။ ခရီးစရိတ် ငွေရေး ကြေးရေး အားဖြင့် ကြည့်လျှင်လဲ မထောင်းတာလှ။ အလုပ် နားနီးရာတွင် ကျောတစ်ခင်းစာ အိပ်စက် နားနေဖို့ အခန်းတစ်ခု ငှားပြီး နေမည်ဆိုက နေနိုင်သည်။ ကျနော် မနေလို။ အချိန်ဆုံးရှုံးသည်ကို လမ်းမှာ စာဖတ်ရင်း ကာကွယ်နိုင်သည်။ ငွေကြေး နှင့် အိမ်ဆိုသည့် စိတ်လုံခြုံမှုကို မလဲရက်။ မလဲနိုင်။
          လက်ရှိ ကျနော် နေသော အိမ်မှာ လူစုံ၊ ဘ၀စုံ ရှိသည်။ လင်မယားနှစ်ယောက်နှင့်  ပုစုခရု ပိစိကွေး အာဗြဲကောင်လေး တစ်ယောက်ရှိသည်။  ဂစ်တာတီးတတ်ပြီး သီချင်း မဆိုသောသူရှိသည်။ သီချင်းဆိုပြီး လေတောင် မချွန်တတ်သော သူရှိသည်။ သခင်ကိုယ်တော်မှိုင်းဆိုတာ သခင်အောင်ဆန်းသူငယ်ချင်းလားဟု မေးသောသူရှိသည်။ တောင်မရောက် မြောက်မရောက် စာရေးဆရာကွဟု အမြဲပြောပြီး လီယိုတော်စတွိင်းဆိုတာ ဘယ်လို ဘာညာပြောတော့ လီယိုနတ်မောင်မောင်လွင့် အဖေလားဟု အမေးခံရသူရှိသည်။ ဟင်းချက် အလွန်ကောင်းသော စိုင်းစိုင်းခမ်းလှိုင် ကိုယ်ခန္ဓာနှင့် ချာတိတ်တစ်ကောင်ရှိသည်။ ပန်းပဲ မောင်တင့်တယ် Body နှင့် ညီအရွယ် တစ်ကောင်ရှိသည်။
          သူများတွေ ဒီမိုကရေစီရ မရ မသိ။ အမှန်အကန်လား အကြံအဖန်လားဟု မေးရမည့် ဒီမိုကရေစီဟု ရန်ဖြစ်နေကြရချိန်တွင် ကျနော့် အိမ်မှာ ဒီမိုကရေစီ အမှန်ရသည်။ သို့သော် အနည်းငယ် ပုံပျက် ပန်းပျက်နိုင်သော ဒီမိုကရေစီဖြစ်သည်။ လင်မယားနှစ်ယောက်နှင့် ပိစိကွေလေးက နာမည်ခံ အိုးခွဲချက်စားသည်။ နာမည်ခံဆိုသည်မှာ သူတို့ လင်မယား ချက်သော ဟင်းကို ၀င်ရောက်ပြီး တွယ်ကြသောကြောင့်ဖြစ်သည်။ ဟင်းချက်ကောင်းသော ပိန်တာရိုးလေးက ဟင်း အမြဲချက်သည်။ ငပိနံ့သင်းသင်း ငရုတ်သီးစပ်စပ် အစိမ်းကြော်မှာ ငပိမပါရင် မစားတတ်သော သင်းကလေး၏ ဧရာဝတီတိုင်းသား ဟင်းချက်နည်းကို အညာသား ကျနော်က အလွန်ကြိုက်သည်။ ကျန် ငပျင်း သကောင့်သားများက "မင်းက ဟင်းချက်မှာတော့ နိုးတူး (NO TWO) ဘဲ" ဟု ပြောပြီး မြှောက်ပေးသည်။ ကျနော်တို့ သူ့ကို ပြောသော နိုးတူးဆိုသည်မှာ အိမ်မှာ ဟင်းချက်မယ့်သူ နောက်တစ်ယောက်မရှိဟု ဆိုလိုသည်။
          စားချင်သော အစားအစာကို လောက်ငှအောင် ၀ယ်ချင်သော သူက ၀ယ်လာခွင့်ရှိသည်။ ၀ယ်လာသော ဖြတ်ပိုင်းကို သံချွန်မှာ ချိတ်ထား။ လကုန်လျှင် စာရင်းချုပ်။ ဝေမျှ ကျခံ။ သုံးလတစ်ခါခန့် "စိတ်အလိုလေး လိုက်ကြအုံးစို့ရဲ့" ဟု ဘယ်တုံးကမှ စိတ်အလို မလိုက်ခဲ့ဘူးကြသော အရိယာပုဂ္ဂိုလ်ကြီးများကဲ့သို့ ပြောဆိုကာ သီချင်းသွားဆိုကြ။ ယမကာလေး မှီဝဲကြသေးသည်။
          အိမ်မှာ အလ္လာအရှင်မြတ်ကို ကိုးကွယ်ယုံကြည်ဆည်းကပ်သူရှိသည်။ မြတ်ဗုဒ္ဓကို သက်ဝင်ယုံကြည်သူ ရှိသည်။ ယေရှူအရှင်ကို အစဉ်အမြဲ ကယ်မပါဟု တိုင်တည်သော သူရှိသည်။ မူဆလင်ကောင်လေးက မြတ်ဗုဒ္ဓဘုရားကျောင်းဆောင် မီးပျက်နေသည်ကို ပြုပြင်ပေးသည်။ မူဆလင်ကောင်လေး ရာမဒန် ဥပုတ်ယူသော အချိန်တွင် အိမ်မှာ ၀က်သားရှောင်သည်။ ယေရှူအရှင်ကို အာမင် ဟု ဆုတောင်းချိန်တွင် တိတ်တိတ်ဆိတ်ဆိတ်နေပေးရင်း ခရစ်စမတ်မှာ အရက်တိုက်ဟု မဲဆွယ်ကြသည်။ ကိုယ်ကြိုက်တာ ကို ကိုးကွယ်။ ကိုယ် ယုံကြည်ရာ ကိုယ်လျှောက်။ လိုအပ်သော နေရာမှာ လှူဖို့ တန်းဖို့ ဘယ် ဘာသာဝင်က နှိုးဆော် နှိုးဆော် "ငါ့အတွက် နင်စိုက်ထား။ လကုန်တော့ တောင်း"  လုပ်ကြ၏။
          ထိုကဲ့သို့သော အိမ်မှ ဖယ်ခွာပြီး အိမ်ရှင် မျက်နှာ ကြည့်နေရမည့် အခြားအိမ်တစ် အိမ်သို့ ကျနော်က ဘယ်တုံးကမှ ပြောင်းရွှေ့ဖို့ မစဉ်းစားမိပါ။ သကောင့်သားများကလဲ ဘယ်တုံးကမှ အလုပ်နားနီးရာ ပြောင်းတော့မယ်ဟု လေသံမဟ။ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ နေရာမှ ပြန်လာ။ စားပွဲပေါ်မှာ သူ့အတွက်သပ်သပ်ဖယ်ချန်ထားသော ဟင်းတစ်ခွက် အမြဲ ရှိနေတတ်သော အိမ်ကို ကျနော်တို့က ခင်တွယ်ကြသည်။ အိမ်ကို စောစောပြန်လာလျှင် အာဗြဲပိစိကွေးလေး၏ အသံစူးစူးလေးကို ကြားရမည်။ အချင်းချင်း စနောက်နေကြသဖြင့် တဟီးဟီး တဟား ဟား အသံများကို ကြားရမည်။ ပျော်ရွှင်ချမ်းမြေ့ဖွယ်၊ တွယ်တာဖွယ်ကောင်သော အိမ်ကို ကျနော်တို့ အတတ်နိုင်ဆုံး အစောဆုံး ပြန်ရောက်ဖို့ ကြိုးစားကြသည်။ နောက်ကျနေလျှင် ဘယ်ရောက်နေသလဲဟု အိမ်ရှိ လူစုံ၏ တယ်လီဖုန်းဆက် မေးမြန်းစေ့ငုခြင်းကို ခံရမည်။
          ကျနော်တို့ အိမ်မှာ အလုံးစုံ ချောမွေ့ အဆင်ပြေနေသော အိမ်တော့ မဟုတ်။ မီးဖိုချောင် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး၊ ရေချိုးခန်း၊ အိမ်သာ သန့်ရှင်းရေး စသည့် မပင်ပန်းပါဘဲ ယောက်ကျားသားများအတွက် အလွန် ပျင်းဖို့ ကောင်းသော အလုပ်တွေအတွက် ရာသီဥတု မကြည်မလင် ရှိတတ်သော အချိန်များလဲရှိသည်။ အဓိက ဒဏ်အခံရဆုံးမှာ သူငယ်ချင်း ဇနီးမောင်နှံ ဖြစ်သည်။ အဖုအထစ်လေးများ၊ အဆင်မပြေမှုလေးများကို သူ နားခံသာ၊ ကိုယ် နားခံသာ "ဟဲ့ကောင်တွေ အိမ်သန့်ရှင်းရေး လုပ်ကြအုံး။ ပေညစ်ပွနေပြီ။ လာခဲ့ ငါကောလုပ်မယ်" ဆိုပြီး ဦးဆောင်သူနောက်သို့ ရီကျဲကျဲ ဖြင့် "သိပ်ရှုပ်တာဘဲ။" "ဒါကြောင့် ဘုံမိန်းမတစ်ယောက်လောက် ယူထားပါလို့ ပြောသားနဲ့" " သြော် လောက လောက နားချိန်မှာတောင် ကောင်းကောင်း မနားရတဲ့ လောကပါလား" စသည့် စကားများဖြင့် ပြောင်လက်တောက်ပြောင်သွားအောင် သန့်ရှင်းလေး လုပ်ကြသည်။ မပြော မဆိုဘဲ တစ်ယောက်တည်း ကျိတ်လုပ်၊ တစ်ယောက်တည်း ဒေါသထွက်နေသော အပြုအမူများကို ကျနော်တို့ ရှောင်ကြသည်။ 
          ထိုကဲ့သို့ ချစ်ခင်တွယ်တာစရာ များဖြင့် ပြည့်စုံသော အိမ်ကို ကျနော် ခင်တွယ်သည်။ အလုပ်ထဲမှာ ပင်ပန်း နွမ်းနယ်သမျှ၊ ဖိအားမှန်သမျှကို အိမ် ကို ပြန်နေတယ်ဆိုသည့် အတွေးတစ်ခုတည်းနဲ့ပင် ရာခိုင်နှုန်း တစ်ဝက်ခန့် ဖြေလျှော့သွားစေသည်။ ဟင်းမကောင်းဘဲ၊ တစ်ခါတစ်ရံ ဟင်း မရှိပါဘဲ ရှိတာလေးနဲ့စား၊ တစ်ယောက်နှင့် တစ်ယောက် နောက်ပြောင် စနောက် လိုက်သည်နှင့်ပင် နောက် တစ်ရက် အလုပ် လုပ်ဖို့ စိတ်အားသတ္တိ ပြည့်စုံသည်။
          အိမ် ဆိုသည့် စကားလုံးနှင့် ဆက်စပ်ပြီး ကျနော့်အတွေးတွေက ရပ်တန့်မသွား။ ကြီးကြီးကျယ်ကျယ်တွေ ဆက်လက်တွေးနေမိသည်။ အိမ်ကို ပြန်လာကြဖို့၊ ပြန်လာကြပါ၊ ပြန်လာကြပါဟု ခေါ်နေသော်လည်း နှလုံးသားတွေ နှစ်ဦး နှစ်ဘက် မနွေးထွေးရင် ဘယ်သူက ပြန်လာချင်ကြမှာလဲ။ အိမ်မှာ တန်းတူညီမျှသာယာမှု မရှိပါဘဲ ဘယ်သူက အိမ်မှာ ပျော်နိုင်ပါ့မလဲ။ အပြင်မှာ ပိုက်ဆံရပေါက်၊ ရလမ်းသာယာလို့ အပြင်မှာဘဲ နေမယ်။ အိမ်တော့ မပြန်ချင်ဘူးဆိုသည့် ခပ်နုံနုံ သနားစရာ လူများကိုတော့ အိမ် ဆိုသည့် စကားလုံးနှင့် တွဲဖက်ပြီး မစဉ်းစားချင်။ အိမ်ကို လွမ်းနေပါလျက်နှင့် အိမ်မှာ ပျော်ရွှင်လို့ရပါ့မလားဟု သံသယ၀င်သူများကိုတော့ အပြစ်မဆိုသာဘူး မို့လား။
          ကျနော် ငယ်ငယ်တုံးက အမေကြီးက "ငါသေရင် ငါ့ရွာမှာ ခေါင်းချချင်တယ် ငါ့သမီးရယ်" ဟု အမေ့ကို ခကြာခဏ ပြောသံ ကြားဘူးသည်။ ကျနော် ခံစားလို့မရ။ "သေတာတောင် နေရာရွေးတယ်။ မေကြီးကလဲ" ဟု ကျနော်အထွန့်တက်တော့ "ငါ့မြေး အသက်ကြီးလာရင် နားလည်လာမှာပါ။" ဟု ရှင်းပြသံကို ကျနော် အခုအရွယ်မှာတော့ နားလည်စ ပြုလာသည်။ လူမှာ ဇာတိစိတ် ရှိသည်ဟု ဆိုကြသည်။ ဒါကြောင့်ဘဲ အိမ်လွမ်း၊ နိုင်ငံလွမ်း၊ မြို့လွမ်း၊ရွာလွမ်း စသည့် နှစ်သက်ဖွယ် အလွမ်းများ ဖြစ်ပေါ်လာခြင်းဘဲ ဖြစ်မည်။
          ကျနော့် ယောက်ဖ အလတ်က "ငါ မင်းလိုတော့ နိုင်ငံခြားမှာ နှစ်ရှည်လများ အလုပ် လုပ်မနေချင်ဘူးကွာ။ မင်း အမနဲ့ မင်းတူမကို ငါမခွဲနိုင်ဘူး။ ပညာတော်သင်ဖြစ်ဖြစ်၊ ဈေးဝယ်ဖြစ်ဖြစ် ခဏ တစ်ဖြုတ်တော့ သွားချင်ပါတယ်"ဟု ပြောဘူးသည်။ ခဏတစ်ဖြုတ်အလည်ပြန်တုံး တွေ့ရသော ယောက်ဖကို စကားမများချင်။ " ဘယ်သူကတော့ ပျော်လို့ နိုင်ငံခြားမှာ အလုပ် လုပ်နေတယ် ဟုတ်ပါ့မလဲ အစ်ကိုရာ။ ပြည်တွင်းမှာဘဲ ဘ၀ရပ်တည်မှု ခိုင်ခိုင်မာမာနဲ့ ဖြူဖြူစင်စင် လုပ်ကိုင်စားသောက်လို့ ရချင်တာပေါ့။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ လူတွေလဲ ရှိတန်သလောက် ရှိမှန်းသိတာပေါ့။ ဒါပေမယ့် ဘယ်အုပ်ချုပ်သူလူတန်းစားကိုမှ မလိုအပ်ဘဲ စကားတွေ မပြောရဘဲ ကိုယ်အစွမ်းရှိရင် ရှိသလောက် လုပ်ကိုင်စားသောက်လို့ရတဲ့ အလုပ် လုပ်ချင်တာဗျ။" ဟု ရှည်ရှည်ဝေးဝေး ကျနော် ရင်ဖွင့်ခဲ့သည်။
          အခုအချိန်မှာတော့ မောင်းထောင်းရာမှာ မကျွမ်းကျင်သော လက်သင် လူတစ်ယောက် မောင်းထောင်းသကဲ့သို့ နေရာအနှံအပြားသို့ ရွှေပြည်ကြီးသူ၊ ရွှေပြည်ကြီးသားများ ပြန့်နှံ့နေသည်ထင်သည်။ ကမ္ဘာ့အနောက်ဖျားမှစပြီး အရှေ့ဖျားအထိ မြန်မာ ပြည်သူ၊ ပြည်သားများ ရှိကြမည် ထင်သည်။ တစ်ချို့က ပရောဂျက်တွေတင်၊ ဒီလို လုပ်မယ်၊ ဟိုလိုလုပ်မယ်ဟု ကိုယ့်လိပ်ပြာမှ ကိုယ်မလုံ လက်ဖြန့် တောင်စားပြီး  အိမ်ကြီး အိမ်ကောင်းဖြင့်နေသူများလဲ ရှိသည်ဟု ဖတ်နေရ၊ သိနေရသည်။ တစ်ချို့က တန်းတူညီမျှမှုဆိုသည့် ဒီမိုကရေစီအရေးအတွက် တစ်ကြောင်းထဲသော စိတ်ကို ထားကာ မိမိတတ်နိုင်တဲ့ နေရာမှ ကူညီညာဝိုင်းရင်း ဘ၀ကို ဖြတ်သန်းနေကြသည်။ တစ်ချို့က နယ်စပ် ဒုက္ခသည် စခန်းမှာ လေလုံ၊ မိုးလုံ ရှိကာမျှဖြင့် ရှိနေကြသည်။ တစ်ချို့က သူများနိုင်ငံတွေမှာ သူများနိုင်ငံတွေ အကျိုးစီးပွားအတွက်၊ မိမိ အကျိုးစီးပွားအတွက် တတ်ကျွမ်းထားသော ပညာရပ်များဖြင့် ဘ၀အတွက် မပေးဆပ်ချင်ဘဲ ပေးဆပ်နေရသည့် လူတွေလဲ ရှိမည် ထင်သည်။ တစ်ချို့က ကျောတစ်ခင်းစာနေရာတစ်ခု၊ မဖြစ်စလောက်သော လစာငွေကြေးလေးဖြင့် ဘ၀ကို မချစ်သော်လည်း အောင့်ကာနမ်းနေရသည့် လူများ ရှိကြမည်။ ဘယ်လိုဘဲဖြစ်ဖြစ် အားလုံးကတော့ အိမ်နှင့် ဝေးနေကြသူများ။ အိမ်လွမ်းနေသည့် သူများ ဖြစ်ဖို့ သေချာပါသည်။
          အိမ် ဆိုသည့် အိမ် သည် နန်းတော်ကြီးကဲ့သို့ ကြီးကျယ် ခမ်းနားဖို့ လိုမည် မထင်။ အများ အမြင် တင့်တယ်သည့် တောင့်တောင့်တင်းတင်း၊ တည့်တည့်မတ်မတ်၊ သေသေသပ်သပ်၊ သပ်သပ်ရပ်ရပ် အိမ်ကလေး တစ်လုံး ဖြစ်လျှင်ကိုဘဲ ပြည့်စုံပါလိမ့်မည်။ ပေါင်းမြက်ပင်တွေ တောထ မင်းမူနေသည်ကို မင်းရှင်း၊ ငါရှင်း လုပ်နေသည့် လူများနှင့်တော့ မဖြစ်ဘူး ထင်ပါသည်။ ဓားလွတ်ဘေးချပြီး အိမ်ဦးခန်း တက်ထိုင်ချင်နေသည့် လူများနှင့်တော့ အဘယ်မှာ ပျော်ရွှင်ဖွယ်ကောင်းသော အိမ်ဖြစ်လာပါ့မလဲ။ ရှိအတူ၊ မရှိအတူ မျှဝေခံစားသည့် မိသားစုဝင်တွေ ရှိဖို့ လိုမည်ထင်သည်။ အိမ်က ချမ်းသာသမျှ၊ ပိုင်ဆိုင်သမျှ ခိုးဝှက်၊ ရောင်းစားပြီး အိမ်ထဲမှာ အိမ်ထပ်ဆောက်ချင်သည့် မိသားစုဝင်များနှင့်တော့ ရန်ဖြစ်၊ ငြင်းခုံသံတွေဘဲ ကြားရဖို့ ရှိသည်။ ရန်ပွဲများဖြင့် ဆူညံပွက်လောရိုက်နေသော အိမ်ကို မိသားစုဝင်များ ပြန်လာဖို့ တွန့်ဆုတ်နေကြမည်ထင်သည်။
          အိမ်မှာ ခိုင်းစေဖို့ အခြွေ အရံ အသင်းအပင်း များစွာဖြင့် ကျောက်ဖြူတိုင်လုံးကြီးများဖြင့် ခမ်းနားကြီးကျယ်သော အိမ်ဖြစ်ဖို့ ကြိုးစားနေကြသလား။ ပြောင်လက်တောက်ပသော မဟော်ဂနီ အရောင် တဖိတ်ဖိတ်လက်နေသည့် အိမ်ကြီး အိမ်ကောင်းကြီး  လိုချင်ကြသလား။ သဘာဝကျသော လူ့လောဘ ဖြစ်ပါလိမ့်မည်။ သို့သော် ကျနော့်သဘောကတော့ မရှိအတူ၊ ရှိအတူ၊ တစ်ယောက် ကောင်းကျိုး တစ်ယောက်လိုလားသော၊ တန်းတူညီမျှမှု စိတ်ထားများဖြင့် ပြည့်စုံသော အိမ်သားများ နေသည့် ကျူထရံတွေ ကာထားသည့် လေလုံ၊ မိုးလုံ အိမ်လေးဆိုရင်ကိုဘဲ ပြည့်စုံပါသည်။ အိမ်ကလေးထဲမှာ အိမ်ကလေးတွေ ထပ်ထပ်၊ ထပ်ထပ် ဆောက်ချင်နေသည့် လူတွေ များနေသည့် အိမ်ဆိုလျှင်တော့ အပြင်မှာဘဲ ကြယ်မြင်၊ လမြင် အိပ်တာဘဲ ပိုကောင်းပါလိမ့်မည်။ 

Zaw Htet (Pyin Ma Nar) - Imagine


မျှော်လင့်ချက် အတွေးအိပ်မက် (လန်ဒန် အိုလံပစ်ပိတ်ပွဲမှ ဂျွန်လင်နွန်၏ သီချင်း)
ဇော်ထက် (ပျဉ်းမနား)။ သြဂုတ် ၂၂၊ ၂၀၁၂

နတ်ဘုံဆိုတာ
တကယ်မှာမရှိ
တွေးကြည့်လိုက်ပါ၊

မင်း ကြိုးစားမယ်ဆို
တကယ်ကို
အလွယ်လေးပေါ့၊

အ၀ီဇိငရဲ ဆိုတာ
ငါတို့အတွက်
ဆက်မရှိနိုင်တော့ဘူး၊

ငါတို့အထက်မှာ
မိုးကောင်းကင်သာပဲ
ရှိပါလိမ့်မယ်၊

လူသား အားလုံးအတွက်
မျှော်မှန်းလျက်သာ
ကြည့်လိုက်ပါ၊

ဒီနေ့မှာ
ရှင်သန်ကာ နေဆဲ
လူသားတွေ အတွက်ပဲပေါ့။

နိုင်ငံတွေဟာ
ကွဲပြားကာ မရှိတော့ဘူးလို့
တွေးကြည့်လိုက်ပေါ့၊

အဲဒီလိုလုပ်ဖို့ တကယ်
ဘယ်လောက်မှလည်း
မခဲယဉ်းပါဘူး၊

ဘာအတွက်နဲ့မှ
ကမ္ဘာ့လူသားတို့
သတ်ဖို့၊ သေဖို့ရာ
လိုတော့မှာ
မဟုတ်ပါဘူး၊

ပြီးတော့ကာ
ဘာသာရေး ဆိုတာလည်း
အဲဒီလိုပါပဲ၊

လူသားအားလုံး အတွက်
မျှော်မှန်းလျက်သာ
ကြည့်လိုက်ပါ၊

ငြိမ်းချမ်းရေးနဲ့ တကွ
နေ နေကြရမယ့်
ကမ္ဘာ့လူသား အားလုံး။

မင်းကတော့ ငါဟာ
စိတ်ကူးယဉ်သမားပါလို့
ပြောရင် ပြောမှာပဲ၊

ဒါပေမယ့်လည်း
အဲဒါဟာ
ငါ တစ်ယောက်တည်းသာ
မဟုတ်ပါဘူး၊

တစ်နေ့နေ့မှာ
ငါတို့အတူ ချီတက်
မင်း လက်တွဲမယ်လို့
တို့ မျှော်လင့်နေမိတယ်၊

အဲလိုသာ ဆိုရင်တော့
ကမ္ဘာကြီးက မကွဲလွဲ
တစ်ခုတည်းပဲ ဖြစ်လိမ့်မယ်။

ပိုင်ဆိုင်တာတွေအတိ
မရှိတော့တဲ့နေ့ကို
မျှော်မှန်းကြည့်လိုက်ပေါ့၊

မင်း အဲဒီလိုများ
စွန့်လွှတ်နိုင်မလားလို့
တို့ အတွေးနယ်များချဲ့ မိတယ်၊

ဆာလောင်ဖို့
လောဘတက်ဖို့
တို့ မလိုတော့ဘူးပေါ့၊

ညီအကိုလို ကြင်နာမှုနဲ့
ကမ္ဘာရဲ့ လူသား
အားလုံးအတွက်
မျှော်မှန်းလျက်ကြည့်လိုက်ပါ၊

ကမ္ဘာကြီးက
ရှိရှိသမျှ
အတူတူ မျှဝေရေးပေါ့။

မင်းကတော့ ငါဟာ
စိတ်ကူးယဉ်သမားပါလို့
ပြောရင် ပြောမှာပဲ၊

ဒါပေမယ့်လည်း
အဲဒါဟာ
ငါ တစ်ယောက်တည်းသာ
မဟုတ်ပါဘူး၊

တစ်နေ့နေ့မှာ
ငါတို့အတူ ချီတက်
မင်း လက်တွဲမယ်လို့
တို့ မျှော်လင့်နေမိတယ်၊

အဲလိုသာဆိုရင်တော့
ကမ္ဘာကြီးလည်း
တစ်ခုတည်း အနေနဲ့ပေါ့
ရှင်သန်နေတော့လိမ့်မယ်။                  ။

(လန်ဒန် အိုလံပစ်ပိတ်ပွဲက ဂျွန်လင်နွန်ရဲ့  Imagine သီချင်းကို နားထောင်တော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေအတွက် ခံစားပြီး မြန်မာမှု ပြုထားပါတယ်။)



--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives