[moemakadaily@moemaka.biz] 8th August - MoeMaKa Daily after 24 Year of 88

တခါက အမေတို့ ရွာမှာ ....
ကမာပုလဲ၊ သြဂုတ် ၈၊ ၂၀၁၂
            ကျနော့်မှာ အမေ ရှိခဲ့တယ်။ သြော် လူဆိုမှတော့ အမေ မရှိဘဲ မွေးလာမလားဟဲ့လို့ အရပ်က မေတ္တာပို့ရင်လည်း ခံရမှာပါ။ ဒီလိုပါ။ ဆုံးသွားရှာပြီဖြစ်တဲ့ အမေကို တမ်းတမိတဲ့အခါ `အမေ ရှိခဲ့တယ်´လို့ စိတ်ထဲ ခံစားတွေးမိတတ်တဲ့ အကျင့်က ပါနေလို့ ခုလို ရေးဖြစ်သွားတာပါ။
            အမေက စာမတတ်ရှာပါဘူး။ မတတ်ဆို သေစာ၊ ရှင်စာလေးတောင် မတတ်ခဲ့တာပါ။ ဒီတော့ ဘုရားစာ၊ တရားစာကလေးတွေဆိုရင် သားသမီးတွေက သူ့ကို ဖတ်ပြရတယ်။ ဆိုတော့ အငယ်ဆုံးဖြစ်တဲ့ ဒီကောင်သာ ပယ်မဲမရှိ ရွေးချယ်ခံခဲ့ရတယ်ပေါ့ဗျာ။ သြကာသ ... သြကာသ ကနေ ဟေတုပစ္စယော အထိ ညစဉ် ရွှတ်ဆို တိုင်ပေးရတာပေါ့။
            ကုသိုလ်တွေ ငရဲတွေကတော့ ထားပါလေ။ ကလေးပဲ ဘာသိမှာလဲ။ တနေကုန် ဆော့ထားတော့ ညဆို အစောကြီး အိပ်ချင်ပြီ။ ဟင့်အင်း အိပ်လို့ မရဘူး။ အမေက `ဟဲ့ကောင်လေး ... လာ ငါ့ကို နှိပ်ပေးစမ်း´ ဆိုတဲ့ အမိန့်သံ အဆုံးမှာ နှိပ်ရင်း ... သြကာသ တိုင်ပေးရရင်း ... အိပ်ငိုက်ရင်းနဲ့ပေါ့။
            ဒီတော့ အမေက သားဖြစ်သူ အိပ်မငိုက်အောင် ပုံပြင်လေးတွေ ပြောပြောပြတတ်တယ်။ ပုံပြင် ဆိုပေမဲ့ သူမှ စာမဖတ်တတ်တာ။ စာအုပ်ထဲက ပုံပြင်တွေ ဘယ်ဟုတ်ပါ့မလဲ။ အမေ ပြောပြောပြတဲ့ ပုံပြင်တွေက အမေ့ဘ၀မှာ တွေ့ကြုံခဲ့ရတဲ့ ရွာထဲ၊ ရပ်ထဲက တကယ့်အဖြစ်အပျက်တွေသာ ဖြစ်နေပါတယ်။
            စကားလက်ဆင့်၊ နားလက်ဆင့် ဇာတ်လမ်းမျိုးတွေလည်း ပါသပေါ့။ ဒါပေမဲ့ တကယ့်အဖြစ်အပျက် တွေက များပါတယ်။ အမေ ပုံပြင်ပြောရင် `တခါက အမေတို့ ရွာမှာ ...´ ဆိုပြီး အစချီ ပြောပြတတ်တယ်။ ပုံပြင်ထဲက ဇာတ်ကောင်တွေကလည်း အပြင်မှာ တကယ်ရှိခဲ့ကြတယ်။ တချို့ နာမည်ပါတဲ့ လူတွေဆို ညနေ ... ညနေတွေဆိုရင် အိမ်မှာ ရေနွေးကြမ်း လာသောက်ကြတာတောင် ရှိခဲ့တယ်။
            ကဲပါ ...။ လိုရင်းကို ဆက်ရအောင်ပါ။
            အမေ ပြောပြတဲ့ ပုံပြင်တွေက အများကြီးမို့ မေ့ကုန်တာတွေလည်း အများကြီးပါ။ လက်တွေ့ ဘ၀မှာ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်တွေ့အဖြစ်အပျက်ကလေးတွေကို ကြုံရရင် ... သြော် ... ဒါဟာ ... အမေ ပြောဖူးခဲ့တဲ့ ဟို ပုံပြင်ကလေးအတိုင်း ... ဒီပုံပြင်ကလေးနဲ့ တူလိုက်တာ ဆိုတာမျိုး ခံစားလိုက်မိပါ တယ်။
            တချို့ပုံပြင်တွေက ဖြစ်ပုံပျက်ပုံခြင်း အတူတူ၊ သဏ္ဌာန်သာ ကွဲတယ်။ တချို့က ထပ်တူ၊ ဇာတ်ကောင်တွေသာ လွဲတယ်။ အချိန်ကာလနဲ့ နေရာတွေကတော့ တထပ်တည်း ဘယ်မှာ ထပ်တူ ကျနိုင်ပါ့မလဲ။ တချို့ပုံပြင်တွေကတော့ နှိုင်းချင့် တွေးဆယူလို့ ရတာမျိုးတွေပေါ့။
            ခုတလောမှာ ကြားနေရတဲ့ သတင်းတွေ၊ ဖြစ်နေ ပျက်နေတဲ့ မျက်စိရှေ့က အဖြစ်အပျက်တွေကနေ အမေနဲ့ အမေပြောခဲ့တဲ့ ပုံပြင်ကလေး တပုဒ်ကို သတိရနေမိတယ်။ ပုံပြင်နဲ့ ဒီကနေ့ ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ တူမတူဆိုတာကတော့ ... ပုံပြင်ကလေးအကြောင်းကို ပြောမှ ဖြစ်တော့ပါလိမ့်မယ် ...
            တခါက အမေ့ရွာမှာ သူကြီးတယောက်ရှိတယ်။ သူကြီးက စလွယ်ရ သူကြီးဆိုတော့ အာဏာ လက်စောင်းကလည်း ထက်မှ ထက်ပေါ့။ ဓန အင်အားကလည်း ဘိုးစဉ်ဘောင်ဆက် သူကြီးလုပ်စားလာခဲ့ တဲ့ မျိုးရိုးက ဆင်းသက်လာတာဆိုတော့ ပြောမနေနဲ့တော့ပေါ့ဗျာ။ တပည့်တပန်းဆိုသူတွေကလည်း လက်ဖြောက်တီးစရာတောင်မလိုဘူး အနားမှာ ခြင် ရိုက်ပေးမယ့်သူ၊ ယင် ရိုက်ပေးမယ့်ကောင်နဲ့။ ကွမ်းအသင့် ဆေးအသင့် ပေါ့ဗျာ။
            သူကြီးက အမေတို့လို စာမတတ်ပေမဲ့ သူ့အနား စာရေး၊ စာဖတ်ပေးမယ့်ကောင်တွေက တပုံကြီးဗျ။ အင်္ဂလိပ် သခင်ကြီးတွေရဲ့ နေမ၀င်အင်ပါယာ အကြောင်း၊ ဖက်ဆစ် ဂျပန် ငပုတွေရဲ့ ဖူကူယာမား မီးတောင်အကြောင်း၊ မေရီအင်တွိုင်းနက်ရဲ့ ပြင်သစ် နန်းတော်အထိ သိနေတာ။ ပုံပြောပြတဲ့ အမေကတော့ ဒါတွေဘယ်သိပါ့မလဲ။ အမေ့ ပုံပြင်ထဲက သူကြီးကတော့ သိမှာ သေချာတယ်။ သူ့ အကျိုးစီးပွားကိုး။ ဒါ့ကြောင့် ဒီသူကြီးက ခပ်လည်လည် သူကြီးလို့ အမေပြောခဲ့တာ။
            ဒီလိုဗျာ သူကြီးက ရွာဦးဘုန်းတော်ကြီးကျောင်းက ဆရာတော်နဲ့ ရန်ဘက်တွေ ဖြစ်ခဲ့တယ်။ ဖြစ်ပုံက ဒီလို။ သူကြီးနဲ့ ဆရာတော်နဲ့က ရွာရဲ့ ငယ်မွေးခြံပေါက်တွေ။ ဆရာတော်က လူဝတ်ကြောင်နဲ့ နေစဉ် ငယ်ငယ်ကတည်းကိုက စာနဲ့ပေနဲ့ နေတယ်။ တရားနဲ့ ရပ်တည်ချက်နဲ့ နေတယ်။ သူကြီးကတော့ သိတဲ့အတိုင်းပဲ ဆရာတော်နဲ့ ဆန့်ကျင်ဘက်နေတာ။
            ပြောရမှာလည်း မကောင်းဘူး။ နားနဲ့မနာ ဖုဝါးနဲ့နာပါ။ လူပျို၊ အပျိုရွယ်ရောက်တော့ ရွာထဲက ကွမ်းတောင်ကိုင် အချောအလှကို အပြိုင်ပိုးကြတယ်။ ရန်ဖြစ်တယ်။ သူကြီးက ဓနအားကိုး၊ အာဏာအားကိုး လူမိုက်အားကိုးနဲ့ အနိုင်ကျင့်တယ်။ ကလေးမကလေးကို အဓမ္မခြေတော်တင်တယ်။ ကလေးမလေးဟာ အဓမ္မပြုကျင့် ခံရရင်း သေသွားရှာတယ်။ ဆရာတော်လည်း ရွာကထွက်သွားတယ်။ သူကြီးဖြစ်မယ့် သူကြီးသားကတော့ ခပ်တည်တည်ပဲ။ ခြေတော်တင်တဲ့အထဲမှာ အစီစဉ်တခုလုံးကို ခေါင်းကိုင် စီရင်သူက ဖခင်သူကြီးကိုယ်တိုင်ဖြစ်တယ်။
            နှစ်တွေလည်း ကြာခဲ့ပြီပေါ့။ ဆရာတော်လည်း ကျောင်းထိုင်အဖြစ်နဲ့ ရွာကို ပြန်ရောက်လာတယ်။ ကျောင်းကလေးက ရေတိမ်နစ်သွားတဲ့ ကွမ်းထောင်ကိုင်မကလေးကို ရည်စူးပြီး ရွာက လှူထားတဲ့ ကျောင်းကလေး ဖြစ်တယ်။ ဆရာတော်က ရေတိမ်နစ်သွားသူလေး ကံဆိုးမိုးမှောင် ကျတဲ့ နေ့၊ ရက်ကို ရောက်တိုင်း ကျောင်းမှာ သပိတ်သွပ်တယ်။ အမျှဝေတယ်။ ရွာထဲက လူတွေကို တရားပေးတယ်။ ဒါကို သူကြီးက လူမိုက်အုပ်နဲ့ ဖျက်ဖို့ကြိုးစားတယ်။ ဖျက်လဲဖျက်ခဲ့တယ်။ ဖျက်နေတဲ့ ကြားထဲက ဆရာတော်ကလည်း နှစ်စဉ်ကျင်းပတယ်။ ရွာရှိ သူကြီးလူများကလွဲရင် ကျန်ရွာသားတွေက ဆရာတော်ဘက်ကရှိတယ်။ ဆရာတော်နဲ့ အတူ ရပ်တည်တယ်။ နှစ်စဉ် ဆွမ်းသွပ်ပြီး အောက်မေ့ဖွယ် တရားဓမ္မတွေကို နာကြတယ်။
            ကြာလာတော့ သူကြီး အနေရခက်လာတယ်။ နှစ်စဉ်မပျက် ဆွမ်းသွပ်ပွဲဟာ တရားဓမ္မက အဓမ္မကို ခုခံတိုက်ပွဲဝင်တဲ့ အခမ်းအနားလို ဖြစ်လာတယ်။ အဲဒီနေ့မှာ သူကြီးရဲ့ မကောင်းမှုဟာ အဖြစ်အပျက်ကို မမီခဲ့တဲ့ နှောင်းလူငယ် မျိုးဆက်တွေကအစ အသစ် အသစ် သိသိလာနေတယ်။
            ဒီ ဆွမ်းသွပ် အခမ်းအနားကို ဖျက်လို့ မပျက်တော့ သူကြီး အတော် အကြံအိုက်လာတယ်။ ကံအားလျော်စွာပဲ ဆရာတော် မမာမကျန်းဖြစ်ပြီး အိပ်ယာထဲ လဲတော့တယ်။ လမ်းမလျှောက်နိုင်ဘူး။ စကားမပြောနိုင်ဘူး။ အိပ်ယာထဲမှာပဲ တရားမှတ်နေရတယ်။ ဆရာတော်ရဲ့ ကျန်းမာရေးက မစိုးရိမ်ရပေမဲ့ နဂိုအတိုင်းဖြစ်အောင် ဂရုတစိုက် ကြိုးစားနေထိုင်နေရတဲ့ အချိန်ဖြစ်တယ်။ ဒီလိုနဲ့ အောက်မေ့ဖွယ် ဆွမ်းသွပ် အခမ်းအနား နေ့ နီးကပ်လာတယ်။ နီးတာမှ တရက်၊ နှစ်ရက်ပဲ လိုတော့တာ။ ရွာကလည်း ဒီနေ့ကို မဖြစ် ဖြစ်အောင် ကျင်းပမှာ။ ဒီတော့ ...
            သူကြီး ဘုန်းကြီးကျောင်းကို ရောက်လာတယ်။ ကျောင်းမှာ ဆွမ်းသွပ်ပွဲအတွက် ရွာလူကြီးတွေ ရောက်နေကြပြီ။ ဘယ်လို လုပ်မယ်ဆိုတာ တိုင်ပင်ဆွေးနွေးဖို့ပေါ့။ သူကြီးက ခပ်တည်တည်နဲ့ ကျောင်းပေါ် တက်လာတယ်။ လူတွေကလည်း အံ့သြမင်တက်မိနေကြတယ်။ သူကြီး ဘာလုပ်မလဲပေါ့။
            သူကြီးက ပထမဆုံး ကျောင်းပေါ်က ဆင်းတု ဘုရားကို ဦးချတယ်။ တခါမှ တရားကို လိုက်စားခဲ့တာ မဟုတ်တော့ ဦးချတာတောင် ကုံးကုံးကွကွနဲ့ မျောက် ဆော့နေသလိုပေါ့။ ဘုရားပြီးတော့ ဆရာတော် ရှိရာ ကုတင်ကို လာတယ်။ ဆရာတော်က ကျောင်းခေါင်မိုးပေါ်ကိုပဲ စိုက်ကြည့်နေရင်း တရားမှတ်နေတယ်။ သူကြီးက ဆရာတော်ကို လျှောက်ထားတယ်။ ဒီဆွမ်းသွပ်ပွဲကို သူ တန်ဖိုးထားကြောင်း၊ အလှူငွေ လည်း ထည့်မယ်ဆိုတဲ့အကြောင်း၊ လိုအပ်တဲ့ အကူအညီတွေ ရှိပါကလည်း ကူညီဆောင်ရွက်ပေးမယ် ဆိုတဲ့အကြောင်း။ သူ တယောက်တည်း မတတ်နိုင်တဲ့ဟာမျိုးဆိုရင် သူ့အထက်က မာစတာကြီးတွေထံ ဆက်လက် တင်ပြပေးမယ်ဆိုတဲ့အကြောင်း ပြောပြီး ဆရာတော်ကို ဦးချတယ်။ ဆရာတော်က ခေါင်းတချက် ငဲ့ကြည့်တော့ သူကြီးက ဦးချနေရင်း ပြုံးတယ်။ သူကြီးရဲ့ အပြုံးက `ကဲ ခုတော့ မင်း ဘာတတ်နိုင်သေးသလဲ´ဆိုတဲ ထေ့ပြုံး၊ ကလိပြုံး ...။
            အမေပြောခဲ့တဲ့ စကားတွေထဲမှာ `အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာကောင်းတယ်´ ဆိုတဲ့ စကားကို ကြားယောင်နေမိတယ်။ `အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာကောင်းရင် အမေ ဘာလို့ ခုလို တကယ့်အဖြစ်အပျက် ပုံပြင်တွေ  ခဏ ခဏ ပြောပြနေတာလဲ။ ကျနော် အိပ်မငိုက်အောင်လား´လို့ ကျနော်က ခနဲ့တော့ အမေက ပြုံးစစနဲ့ `ဟဲ့ ... နင်တို့ သင်္ခန်းစာယူဖို့ ပြောတာ´တဲ့ ။
လွမ်းပါတယ် ... အမေ။       ။
            ၀၈၀၈၂၀၁၂


            

Tu Maung Nyo - Brave Heart with blood and soul


သံလို သွေးလို မာကြော ရဲရင့်ကြရလိမ့်မယ်
တူမောင်ညို။ သြဂုတ် ၈၊ ၂၀၁၂
            ပြည်သူ့လွှတ်တော်က ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကို "တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ" အဖြစ် ခန့်အပ်လိုက်တာနဲ့ "၈၈ မျိုးဆက်များ"ထံ ဝန် ၂ ပါး က "ကျပ်ငွေ ၁၀ သိန်း" ပေးသွားတဲ့ ဖြစ်ရပ်ဟာ သဘောရိုးမဟုတ်ပါ။ သာမန်တိုက်ဆိုင်မှုမဟုတ်ပါ။
            ၁၉၈၈ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး (ရှစ်လေးလုံးလှုပ်ရှားမှုကြီး)နဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံက တညီတညွတ်တည်းရွေးချယ်ပေးလိုက်တဲ့ ဒီမိုကရေစီခေါင်းဆောင်ကို အသရေဖျက်လိုက်တာပါ။ နတ်သုဒ္ဓါထဲ မစင်တစ်ပဲ ရောထည့်လိုက်တာပါ။

"တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ နဲ့ ဥက္ကဋ္ဌ"
            ကော်မတီရဲ့တာဝန်က …
" သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့်နည်းဥပဒေ ၊ စည်းမျဉ်း၊ စည်း ကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများသည် တည်ဆဲဥပဒေများနှင့် လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့်ဥပဒေများနှင့် လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး၊ ညီညွတ်ဆီလျော်မှုရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းညှိကူညီရမည်" တဲ့။
            အင်္ဂလိပ်ကိုလိုနီအစိုးရက သူတို့ စိုးမိုးမှုကို တွန်းလှန်သူတွေကို နှိမ်နင်းရာမှာ ပြတ်သားတဲ့ ခေါင်းဆောင်တွေနဲ့ နောက်လိုက် ငယ်သားတွေကို တိုက်ပွဲတွင်းမှာဆို အသေပစ်သတ်ပြီး၊ အားမတန်လို့ အဖမ်းခံကြရသူတွေဆိုရင် သေဒဏ်ပေးခဲ့ကြတယ်။ ဥပမာ တောင်သူလယ်သမားခေါင်းဆောင်ဆရာစံ။
            လက်နက်ချ၊ အညံ့ခံဒူးထောက်သူများကိုတော့ တွန်းလှန်မှုတွေနှိမ်နင်းရာမှာ လမ်းပြအဖြစ်အသုံးချတယ်။ ဓါးပြလူဆိုး သူခိုးတွေကိုလည်း ဓါးပြသူခိုး ဖမ်းဆီးရေးမှာ ပုလိပ်သတင်းပေးအဖြစ် ပြန်အသုံးချလေ့ရှိတယ်။ အဲဒီလိုနည်းလမ်းတွေကို ဒီကနေ့ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအထိ အဆက်ဆက်သော အုပ်စိုးသူများကလည်း ကျင့်သုံးခဲ့ကြတယ်။
            ဖက်ဆစ်ဂျပန်တော်လှန်ရေးပြီးနောက် ပြန်လည်ဝင်ရောက်လာတဲ့ အင်္ဂလိပ်ကိုလိုနီအစိုးရကလည်း (ဖဆပလ) နဲ့ ဗိုလ်ချုပ် အောင်ဆန်းကို ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့ပေးခဲ့ဖူးတယ်။ ကိုယ့်တပ်ကိုယ် ပြန်နင်းရတဲ့ကိန်းဆိုက်ခဲ့ရတယ်။ "စက်တင်ဘာအုံကြွမှု" ကို  နှိမ်နင်းခဲ့ရတယ်။
            အခုလည်း ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ဒီနည်းကိုအသုံးချလိုက်တာပါ။
            "တရားဥပဒေစိုးမိုးရေး" လို့ဆိုရာမှာ ဘယ်လိုအမျိုးအစားတရားဥပဒေကို စိုးမိုးစေမှာလဲ ဆိုတာက အခရာကျပါတယ်။ ပြည်သူ တွေကို မတရားသဖြင့်ဖိနှိပ်ထားတဲ့ ဥပဒေတွေ စိုးမိုးရေးတော့လုပ်ဖို့မသင့်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဥပဒေအားလုံးရဲ့ ပင်မ အခြေခံဥပဒေဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဟာ အတင်းအဓမ္မအတည်ပြုခဲ့တဲ့ဥပဒေဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ဖိနှိပ်ရေးဥပဒေများကလည်း (မပယ်ဖျက်သမျှ/လက်ရှိအခြေခံဥပဒေနှင့်မဆန့်ကျင်သမျှ) တည်ဆဲဥပဒေများ အဖြစ်တည်ရှိနေပါတယ်။
            (NLD)နဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေးကို မဆောင်ရွက်နိုင်ခင်မှာ အခြေခံဥပဒေနဲ့ အခြားတည်ဆဲဥပဒေများ "စိုးမိုးရေးနဲ့တည်ငြိမ်ရေး" လုပ်ရတော့မယ့် ကိန်းဆိုက်သွားပါပြီ။
 ဦးသိန်းညွန့်ကတော့ လွှတ်တော်ထဲမှာ "အရေးပေါ်စီမံမှုအက်ဥပဒေ"၊ "မတရားသင်းများအက်ဥပဒေ" တို့ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုနေပါတယ်။
            ဒါ့အပြင် ဆက်တိုက်ဆိုသလို ပေါ်ပေါက်ဖြစ်ပွားနေတဲ့ လယ်ယာမြေ မတရားအသိမ်းခံနေရတဲ့ လယ်သမားတွေ၊ အလုပ်ခွင်နဲ့ လုပ်ခ၊လစာအခွင့်အရေးဆိုးရွားနိမ့်ကျနေရတဲ့ အလုပ်သမားတွေ၊ လွတ်လပ်စွာရေးသားဖေါ်ပြခွင့်ပိတ်ပင်ကန့်သတ်ခံရတဲ့ မီဒီယာသမား တွေ၊ လျှပ်စစ်မီးနဲ့ ကုန်ဈေးနှုန်းကြီးမြင့် မှုဒဏ်ကိုလက်တွေ့ ခံစားနေရတဲ့ မြို့နေဝန်ထမ်းနဲ့ဆင်းရဲသားတွေ၊ ကျောင်းသားသမဂ္ဂဖွဲ့ စည်းရေးအတွက်လှုပ်ရှားနေကြတဲ့ကျောင်းသားကျောင်းသူတွေ စတဲ့ လူတန်းစားလူ့အလွှာအသီးသီးရဲ့ တောင်းဆိုဆန္ဒပြမှုတွေနဲ့ "တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ"ကို ထိပ်တိုက် တွေ့ပေးလိုက်တာပဲမဟုတ်လား။
 ကြောင်လက်နဲ့ ပြာပူ ယက်ခိုင်းလိုက်တာမဟုတ်ပါလား။
            ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက သင်ခန်းစာတွေတစ်ခုပြီးတစ်ခုပေးနေပါတယ်။
            ကျမ်းသစ္စာကျိန်ဆိုရေးက ပထမသင်ခန်းစာဖြစ်ပြီး၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ပေးတာက  ဒုတိယသင်ခန်းစာဖြစ်ပါတယ်။ "တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ" လို့ ခန့်အပ်လိုက် တာကတော့ တတိယမြောက်သင်ခန်းစာ လို့ပြောရမှာပါ။ တာဝန်ပေးအပ်လိုက်ပြီဆိုတော့ တာဝန်ခံမှုနဲ့တာဝန်ယူမှုရှိရပါတော့မယ်။
            အရင်က "မတရားအမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုပြီးလှုပ်ရှားခဲ့ကြရတာပါ။
            အခုတော့အရင်နဲ့မတူ "တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေး တာဝန်အရ" ဆောင်ရွက်ရပါတော့မယ်။
            လူထုခေါင်းဆောင်ကို လူထုဆန္ဒပြမှု၊ လှုပ်ရှားမှုတွေနဲ့ ခေါင်းချင်းဆိုင်ပေးလိုက်ပါပြီ။
           
"ဝန် ၂ ပါးနဲ့ ကျပ်ငွေ ၁၀ သိန်းကိစ္စ"

ဓါးပြတိုက်၊ လူသတ်၊ မုဒိန်းကျင့်၊ ရွာမီးရှို့ စတဲ့ ရက်စက်ယုတ်မာမှုမျိုးစုံကို ကမ်းကုန်အောင်လုပ်ခဲ့သူက တစ်နေ့တစ်မနက်မှာ ခေါင်းတုံးရိတ်၊ သင်္ကန်းဝတ်ပြီး ရွာထဲဆွမ်းခံလာတဲ့ အချိုးမျိုးပါပဲ။ (ရွာသားတွေ စိတ်ထဲမှာတော့ ခေါင်းရိုက်ခွဲပစ်ချင်စိတ်တွေက တားမရ ဆီးမရပါပဲ )
            ၁၉၈၈ခုနှစ်၊ဒီမိုကရေစီအရေးတော်ပုံကြီး(ရှစ်လေးလုံးလှုပ်ရှားမှုကြီး) ကို (နဝတ-နအဖ) စစ်အစိုးရက အသိအမှတ်မပြုခဲ့သလို၊ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရကလည်း အသိအမှတ်မပြုပါဘူး။ "တိုင်းဆူပြည်ဖျက်၊ မင်းမဲ့စရိုက်ဆူပူသောင်းကျန်းမှု"လို့သာ တစ်သမတ်တည်း သရုပ်ဖျက် ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကြီးမှာပါဝင်ခဲ့ကြသူများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အဖြစ် အသိအမှတ်မပြုခဲ့ပါဘူး။
             မကြာသေးခင်ကပဲ ပြည်သူ့လွှတ်တော်ထဲမှာ ၁၉၈၈ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး (ရှစ်လေးလုံးလှုပ်ရှားမှုကြီး) ကိုရည်ညွန်း သုံးစွဲ ခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တားမြစ်ခဲ့သေးတယ်မဟုတ်ပါလား။
            သူတို့ဟာ ပြီးခဲ့တဲ့ "၇ ရက်ဇူလိုင်"  နှစ် ၅၀ ပြည့် အခမ်းအနားလှုပ်ရှားမှုကို သင်ခန်းစာယူခဲ့ပုံ ပေါ်ပါတယ်။ ဒါကြောင့် ဝန် ၂ ပါး ငွေ ၁၀ သိန်း နဲ့ ကြိုတင်အချိုသပ်တာပါ။ ကြိုတင်ထိန်းချုပ်တဲ့သဘော ဖြစ်ပါတယ်။  
             မတရားတဲ့အမိန့်ဥပဒေတွေ စိုးမိုးနေသမျှတော့ ခေါင်းတုံးရိတ်၊ သင်္ကန်းဝတ်လာတဲ့ လူဆိုးလူမိုက်ကို (စိတ်ထဲကမပါတောင်) မတ်တပ်ရပ်ပြီးလက်အုပ်ချီနေကြရပါလိမ့်ဦးမယ်။
            ကျနော်တို့ရဲ့စိတ်ဓါတ်တွေဟာ ပျော့ညံ့ အညှာလွယ်နေလို့မဖြစ်ဘူး၊ သံလို သွေးလို မာကြောရဲရင့်ကြရလိမ့်မယ်။
            ရှစ်လေးလုံးစိတ်ဓါတ်ဆိုတာ သံလိုသွေးလိုမာကြောရဲရင့်တဲ့ အရေးတော်ပုံစိတ်ဓါတ်ဖြစ်တယ်။
           
ညွန်း
- မြန်မာ့အလင်းသတင်းစာ (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်) 

TUESDAY, AUGUST 7, 2012

Kamar Pale - 8888

အားလုံးရဲ့ ရင်ထဲမှာ
သူရှိတယ် ... ။

တပွင့်ချင်း ဖွင့် ဖတ်မလား
တလွှာချင်းစီ ရင်ခုန်ကြည့်မလား ...။

အသံမှာ ဒေါသစွက်ရင်
အဲဒီခေတ်ရဲ့ အပြစ်မဲ့ မျက်ရည်ဘက်က စာနာပါ၊
ရနံ့မှာ
သွေးစိမ်းရှင်ညှီ သင်းနေခဲ့ရင်
ဒီနေ့ခေတ်ရဲ့ မတရားမှုတွေကို
သင့်နှလုံးသားက လက်မခံလိုက်ဖို့ ကြိုးစားပါ။


ကျီးတွေအာတဲ့ ... မြို့ (Saung Luu)


ကျီးတွေအာတဲ့ ... မြို့
ဆောင်းလူ၊ သြဂုတ် ၈၊ ၂၀၁၂

၁၀ စုနှစ် တခုကြာကင်းကွာခဲ့တာမှာ
စိတ်ရောင်စုံ
တိမ်အသေတွေနဲ့
ကျီးတွေ "အာ" တဲ့ မြို့ ....။

လူလားခေါက်ပြန်
ကားအထပ်ထပ်
လမ်းပျက်ထက်မှာ
ယာဉ်ကြပ်တဲ့မြို့ ....။

လစာ သုံးသောင်း
ဆန်တအိတ်နဲ့ 
ဂျော်နီလမ်းလျှောက်
ကိုင်သောက်နေတဲ့ မြို့ ....။

တမှတ်တိုင် နှစ်ရာ
နှစ်မှတ်တိုင် နှစ်ရာ
ကိုယ့်အသက်ကို ဖက်နဲ့ထုပ်
လိုရာေ၇ာက်ဖို့ ဆုတောင်းနေရတဲ့မြို့ ...။

ဖေ့ဘွတ်ခ်
တွစ်တာ
ပီဖင်းလ်ကိုး
ဂျီးတော့နဲ့
နက်ဂိမ်းတွေကြား
ကမ္ဘာတခုကို ရင်ဘောင်တန်း
အလုပ်လက်မဲ့ဖြစ်နေတဲ့ မြို့....။

နီယွန်မီး ဆိုင်းဘုတ်ကြီးတွေနဲ့
သိန်းချီတန်တိုက်တွေကြား
ဆက်သွယ်မှုဧရိယာပြင်ပထဲမှာ
မျက်နှာငယ်လှတဲ့မြို့ ...။

မိုးတဖြိုင်ဖြိုင်ကျတဲ့နေ့ဆို
ခိုပြာတွေ အုပ်စုဖွဲ့
ကျီးတွေကြားမှာ
တလောကလုံး ညည်းသံတွေပြန့်
ခြောက်ခြားစရာကောင်းတဲ့ မြို့ ...။

မိတ်ဟောင်း ဆွေဟောင်းတွေနဲ့
စိတ်ရောင်စုံ တိမ်အသေ
ကျီးတွေအာတဲ့မြို့ဟာ
ဆယ်စုနှစ်တခုကျော်အတွင်း
ရင်ကြပ်ရင်း
အရောင်တွေ တဖျတ်ဖျတ်တောက်နေရဲ့ ...။

Maung Khin Aye Tint (Ma Dauk) - ၈၈သင်ခန်းစာနဲ့ ချိန်ထိုးသတိရကြပါ


၈၈သင်ခန်းစာနဲ့ ချိန်ထိုးသတိရကြပါ
မောင်ခင်အေးတင့်(မဒေါက်)
သြဂုတ် ၈၊ ၂၀၁၂
စိုးရိမ်စရာတွေ …
          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးလမ်းနဲ့ ပတ်သက်လို့ ပြောဆိုဝေဖန်သံတွေ ကျွက်ကျွက်ညံ ကြားနေကြရပါတယ်။ စစ်အစိုးရတဖြစ်လဲ ကြံ့ဖွတ်အစိုးရသစ်ရဲ့ သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီးတဲ့နောက် ဆက်တိုက်နီးပါး ဆိုသလို ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းတွေအပေါ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကြားမှာ သို့လောသို့လော မေးခွန်းတွေထွက်ပေါ်လာကြပြီး အမြင်သဘောထားတွေ မတူညီကွဲပြား ရှုပ်ထွေး လာစေတာလည်း ဖြစ်ပါတယ်။
          ချုပ်ပြီးပြောရင်တော့ လူထုခေါင်းဆောင်ဟာ နှစ် ၂၀-ကျော် ကိုင်စွဲ ရပ်ခံလာတဲ့ လူထုမူတွေ အစ ရွှေဂုံတိုင်ကြေညာစာတမ်းအဆုံး ဒီချုပ်ရဲ့မူကို လျှော့ပေးလိုက်ပြီး နည်း ဗျူဟာသစ်ကို ပြောင်းလိုက်တဲ့အပေါ် ကျွက်ကျွက်ညံကုန်ကြတာပါ။
          တနည်း … လေးစားလိုက်နာ ဆိုတဲ့ စကားလုံး ပြောင်းပေးလိုက်တဲ့ စစ်အစိုးရရဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံမှတ်ပုံ တင် ကြားဖြတ်ရွေးကောက်ပွဲ ၀င်သွားတာက စစ်အစိုးရနဲ့၂၀၀၈ကို အသိအမှတ်ပြုလိုက်တဲ့ သဘောမျိုး ဖြစ်သွာတဲ့အပေါ် အချို့အတိုက်အခံအင်အားစုတွေအကြား ပွက်လောရိုက်သွားတာ ဖြစ်ကုန် တာပါ။
          ၂၀၀၈အခြေခံ ဥပဒေအစီအမံရဲ့အောက်မှာ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ပေါ် စစ်အုပ်စုရဲ့ အသုံးချခံအဖြစ် ဆွဲသွင်းခံလိုက်ရမှာ စိုးရိမ်ပူပန်သလို အစိုးရသစ်တွက် နိုင်ငံရေး အသက်ရှုပေါက် ကြီး ရသွားမှာအတွက်လည်း စိုးရိမ်နေကြတာက အဓိကလို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူး သတိကြီးစွာထားပြီး ပါးနပ်လိမ်မာစွာ  အားထုတ်ကြိုးပမ်း လှုပ်ရှားဆောင်ရွက်နေတဲ့ကြားက စစ်အစိုးရတဖြစ်လဲ ဦးသိန်းစိန်အစိုးရသစ်က ခုတုံးလုပ်အသုံးချ ထွက်ပေါက်ရယူသွားမှာကိုပါ။ အကြောင်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်ပွားလက်ရှိစိုးရသစ်ဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေမှာပါ အကျဉ်း အကြပ်၊ ခက်ခဲနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ကာလနဲ့လည်း တိုက်ဆိုင်နေလို့ပါ။
          အနောက်နိုင်ငံတွေရဲ့  တင်းကြပ်မှု တစုံတစ်ရာရှိသော စီးပွားရေးပိတ်ဆိုမှု၊ ပြည်တွင်းက အဓိက တိုက်ခံင်ားစုဖြစ်သော ဒေါ်ောင်ဆန်းစုကြည်နဲ့ NLDပါတ်ီလှုပ်ရှားမှုတွေ၊ လူငယ်ကွန်ယက်တွေရဲ့ အရှိန်ဟုန် တိုးတက်နိုးထလာချိန်၊ အမည်ခံလွှတ်တော်တွင်းရှိ ဒီမိုကရက်နဲ့တိုင်းရင်းသား ပါတီတွေအကြား တိုင်းတာခုထိ စုစည်းညီညွတ်မှုလို ထင်သာမြင်သာရှိတဲ့ အခြေနေကပ်တည်းတွေ၊ ရုတ်တရက်ဖြစ်ပွားခဲ့တဲ့ ရာသီ တုဖောက်ပြန်မှုနဲ့ လူလုပ် ဆည်/တမံတွေကြောင့် တောင်သူလယ်သမားတွေရဲ့ ထိခိုက်ဆုံးရှုံးမှုကို တာဝန်ယူဖြေရှင်းပေးနိုင်မှု အားနည်းလွန်းတာ တွေက အစပြုလို့ အထွေထွေမကျေနပ်မှု ဖြစ်လာပြီး အုပ်ချုပ်ရေး/စီမံခန့်ခွဲရေးယန္တရားပေါ် ရိုက်ခတ်လာမှာကို ကိုတင်ကာကွယ်ဖို့၊ အုံနွေးနွေး လှိုက်စားခံနေရတဲ့ လူ့ခွင့်ရေးပြဿနာ၊ နိုင်ငံရေးကျဉ်းသားပြဿနာတွေအပေါ်စိုးရသစ်နေနဲ့ ဟန်ရေးပြ၊ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံး ကွယ်နိုင်ဖို့ ၀င်ငွေခွန်/ အမြတ်ခွန်တွေလျော့ပေါ့ပေးတာ၊ ပင်စင်စားတွေကို အနည်းငယ်သောငွေကြေး တိုးမြှင့်ပေးတာတွေအပြင် ဒေါ်ောင်ဆန်းစုကြည်နဲ့ အချိန်ကာလသတ်မှတ်ချက်မရှိဘဲ ဦးတည်ချက်မဲ့ တွေ့ဆုံဆွေးနွေးမှု၊ တိကျတဲ့လုပ်ငန်းစဉ်နဲ့ အချိန်ကာလမပါတဲ့ လူမှုရေး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ဟန်ပြလုပ်ဆောင်ပြီး အကျဉ်းအကျပ်ထဲက ထွက်ပေါက်ရှာနေတဲ့ အနေအထားမျိုးမှာ ပြည်သူ့မဲန်းဒိတ်ရထားတဲ့ လူထုခေါင်းဆောင် ဘက်ကနေ သတိလက်လွတ်ဖြစ်သွားမှာကို စိုးရိမ်ပူပန်ကြတာပါ။

Ku Mo Jo - Never Forgive, Never Give Up then "Never Turn Back"



ကာတွန်း ကူမိုးကြိုး - "၈၈ - ၂၄နှစ်" မကြေပွဲမှသည် အောင်ပွဲဆီသို့ (လေလား)
သြဂုတ် ၈၊ ၂၀၁၂

နောက်ကြည့်မှန်ကိုကြည့်ပြီး အတိတ်ကိုပြန်လှည့် ကြည့်လိုက်မိခြင်း (Pyay Say Nit)


နောက်ကြည့်မှန်ကိုကြည့်ပြီး အတိတ်ကိုပြန်လှည့် ကြည့်လိုက်မိခြင်း
ပြေ၊ဆေး၂၊ (သြဂုတ် ၈၊ ၂၀၁၂)
လွန်ခဲ့သော မတ်လ ၁၇ရက်က လာရှိုးကို ဒေါ်အောင်ဆန်းစုကြည်လာပြီး လားရှိုးမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် စိုင်းမြင့်မောင်အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးခင်္ရီးအဖြစ် ရောက်လာခဲ့လေသည်။ ဒေါ်အောင်ဆန်းစုကြည် လာမည်ဆိုလိုက်သည်နှင့် ကျွန်တော် စိတ်တွေ လှုပ်လှုပ်ခတ်နေလေပြီ။ လွန်ခဲ့သော ၂၀၀၄တုန်းက ဒေါ်အောင်ဆန်းစုကြည် မူဆယ်လာစဉ်က မူဆယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဘယ်လို့မှ ဆက်သွယ်၍ မရသောကြောင့်လည်းကောင်း ကျွန်တော်ကိုယ်တိုင်က ဆေးခန်းလေးထဲမှ မထွက်နိုင်အောင်လူနာတွေနှင့် အလုပ်ရှုပ်နေခဲ့ရ၍လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့လိုက်ရချေ။
ကျွန်တော် မူဆယ်ရောက်လာတာကိုက နောက်ကြောင်းတွေက တပုံင်္ကြီးရှိနေခဲ့လေသည်။ ၁၉၉၆ အောက်တိုဘာမှာ မူဆယ်ရာက်လာချိန်တွင် ကိုဖျာပုံနီလုံဦး တယောက် အထဲ ရောက်သွားခဲ့ပြီဖြစ်လေသည်။ ကျွန်တော်က ၈၈တုန်းက ရန်ကုန်ဆေးရုံကြီးထဲမှာ ဂျီပီဆရာဝန်များအဖွဲ့ထဲမှာပါဝင်ခဲ့သည်။ ဒေါက်တာငွေစိုးလည်းပါသည်။ ကိုငွေစိုးကတော့ အဟောကောင်းအပြောကောင်းသည်။ ကျွန်တော်က မပြောတတ်။မဟောတတ်။ သို့သော် ရန်ကုန်ဆေးရုံကြီးထဲ အစာငတ်ခံ ဆန္ဒပြကြတော့ ကျွန်တော်တို့ မအားကြတော့။
လှိုင်မြို့နယ်စည်းရုံးရေးမှူး၊ ရပ်ကွက်၂မှာ ဒီချူပ်ဥက္ကဌလုပ်ခဲ့ပြီး ဂျပန် ၊တောင်အာဖရ်ကနိုင်ငံသို့ ထွက်သွားခဲ့သည်။ ပြန်လာတော့ ကိုနီလုံဦးနှင့် ထပ်ပြီးလှုပ်ရှားခဲ့ကြသည်။ ဒေါက်တာမောင်မောင်စောက စင်္ကာပူကို ထွက်သွားသည်။ တင်မောင်သန်းက မဲဆောက်ဘက်လစ်သွားသည်။နောက်အမေရိကန်။ အောင်ဝေးကား အခုတော့ အမေရိကန်ရောက်နေလေပြီ။ ကျွန်တော်ကတော့ မူဆယ်မှာပဲ သောင်တင်နေခဲ့လေသည်။
ပြီးခဲ့တဲ့ ၂နှစ်ကပဲ ကိုနီလုံဦး မူဆယ်ကို သင်္ကြန်တွင်းကြီးရောက်ချလာသည်။ သင်္ကြန်ရေစိုစိုထဲမှာ သူနှင့်ကျွန်တော်က ဒီချူပ် ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးဆွေးနွေးနေသည်။မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည် လာရှိုးလာတော့ ကျွန်တော်လည်းမနေနိုင်တော့ ။ မြို့လေးက တက်ကြွတဲ့ လူငယ် ထွန်းကိုကို၊ စည်ဖခိုင်တို့နှင် အတူ လားရှိုးကိုလိုက်သွားခဲ့တော့လေသည်။ ကိုသောင်းထွန်းက လားရှိုးလိုက်လာသည်။ လားရှိုးကနေ၁၈ရက်ကျတော့ သိန္နီကိုလိုက်ပြီး လာရှိုးအပြန်မှာ လမ်းမှာ ၀င်းအောင်ခန့်က လမ်းကဖြတ်လိုက်လာသည်။ ကျွန်တော့်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့လိုက်ရလို့ မိန့်ခွန်းနားထောင်လိုက်ရလို့ ကလေးတယောက်လို မျက်ရည်တွေကျမိခဲ့ပါသေးသည်။
ကိုယ့်ဗွီဒီယိုကင်မရာလေးဖြင့် ရိုက်ခဲ့သေးလေသည်။ ကျွန်တော်တို့ မြို့လေးမှာ အဖွဲ့ချုပ်ဖွဲ့ဖို့ရာ အားပေးဆော်သြေနေမိလေသည်။ ဒီလိုနှင့် ကျွန်တော်တယောက် အဝေးကနေပဲ အတွေးထဲမှာ နေနေရ၏။အွန်လိုင်းပေါ်မှာပဲ ရုပ်ဖျက်နေခဲ့ရသည်။
ပြီးခဲ့တဲ့လက မူဆယ်ကို ကိုမြအေးတို့အဖွဲ့ရောက်လာသည်။ သူတို့တွေက တရုတ်ပြည်ကျယ်ဂေါင်မှာ တွေ့ဆုံပွဲလုပ်သည်။ ကျွန်တော်မနေနိုင်။ညကြီးပဲ ထသွားသည်။ သူတို့ကိုတွေ့ရတာ ရင်ထဲ လှိုက်နေသည်။ ၀မ်းသာလွန်းလို့ ကျွန်တော် နေမထိထိုင်မသာဖြစ်သည်။ ည၁၀နာရီကျော်မှ မူဆယ်ဘက်ပြန်လာခဲ့သည်။
တလောက မင်းကိုနိုင်၏ နောက်ကြည့်မှန် ၀တ္ထုအခန်းဆက်ကို ဂျာနယ်တခုထဲတွင် တွေ့လိုက်ရသောအခါ နည်းနည်းဖတ်ကြည့်လိုက်မိသော်လည်း ဂျာနယ်ထဲကအပြင်အဆင် နှင့်အခန်းဆက်မို့ ဆက်မဖတ်ဖြစ်လိုက်တော့ချေ။ ကျွန်တော်မှာ စာတပုဒ်ဖတ်လျှင် အရင်ဆုံး စကားပြေကို သိပ်ကို ထိရှလွန်းသောစိတ်ရှိလှသည်။ စကားပြေကို လွယ်လွယ်ပေါ့ပေါ့ရေးထားသော စာမျိုးဆို ဆက်ဖတ်ချင်စိတ်ကုန်ခမ်းသွားမိတတ်လေသည်။ တခါထဲ နောက်ဆိုမဖတ်တော့။
အခုတိုက်တိုက်ဆိုင်ဆိုင်ပဲ တက္ကသိုလ်နောက်ခံ လုံးချင်း တအုပ်ရေးဖို့ အတွက် ကျွန်တော်တို့ ခေတ်က တက္ကသိုလ်ဝန်းကျင် နှင့်ပတ်သက်သော ၀တ္ထုမှတ်တမ်းဆောင်းပါးတွေကို လိုက်ဝယ်ပြန်စုပြီး ဖတ်နေမိလေသည်။ဂျပန်ကနေ သားဝယ်လာတဲ့ Haruki Murakami  ရေးသော Norwegian Mood ကို လွန်ခဲ့သော၂နှစ်က ဖတ်ထားရာပြန်ဖတ်နေမိခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘ၀အချစ် ၀တ္ထုဖြစ်သည်။ ရုပ်ရှင်ဆိုလည်း တက္ကသိုလ်နှင့်ပတ်သက်သော ရုပ်ရှင်ကိုရှာကြည့်သည်။ မြန်မာကားသာမက နိုင်ငံခြားကားတွေပါရှာကြည့်သည်။ ချိုပြုံး၏တက္ကသိုလ်ကငွေလမင်းဆိုတလောက အမ်မာတီဗွီဖိုးကပြန်ပြလို့ ဆွေးခဲ့ရလေသေး၏။
အခုပဲ ပြီးခဲ့တဲ့ နှစ်ရက်က ဆန်းမောင်ကျော်စာအုပ်ဆိုင်တွင် မင်းကိုနိုင်၏ နောက်ကြည့်မှန် ၀တ္ထုစာအုပ်ကိုတွေ့လိုက်ရလေသည်။ တွေ့တွေ့ခြင်းပဲ တအုပ်ကောက်ယူပြီး ပိုက်ဆံပေးလိုက်သည်။ ကားပေါ်ကဆင်း ၊အိမ်ရောက်သည်နှင့် ကာပူစီနိုတခွက်ဖျော် ရေနွေးဓါတ်ဗူးချ ရေနွေးခွက်ချပြီး တခါထဲ စဖတ်လိုက်မိပါသည်။ အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော်က ဒီစာအုပ်အပေါ်မျှော်လင့်ချက်ကြီးကြီးမားမား မထားခဲ့ ။ဆိုလိုချင်တာက အထူးသဖြင့် နိုင်ငံရေးသမားများရေးလေ့ရှိသော ရသစာပေများသည် မိမိယုံကြည်ကိုင်စွဲသော ၀ါဒတခုကို သကြားလူးကာ တန်ဆာဆင်ထားတတ်ကြလေသည်။
နိုင်ငံရေးသမားတွေ ရသစာပေရေးသည့်အခါ ၀တ္ထုထဲတွင် ကိုယ်ပြောချင်သော ၀ါဒ သဘောတရား ခံယူချက်ရပ်တည်ချက် ၀ါဒကို စည်းရုံးရေးသဘောပါအောင်ရေးသား စသည်တို့ကို ၀တ္ထုထဲက ဇာတ်ကောင်ကနေတဆင့် ပြောခိုင်းတတ်ကြသည်များကို ဖတ်ခဲ့ရဖူးလှပေပြီ။ ရသစာပေဆိုသော်လည်း ရသမဆန်ပဲ နိုင်ငံရေးသင်တန်းတက်နေရသလိုမျိုးခံစားခဲ့ရဖူးလှပေပြီ။ လူတန်းစား၊ပြည်သူ၊ဘူဇွာ ၊အရင်းရှင် စသောစကားလုံးတွေကို ၀တ္ထုထဲက ဇာတ်ကောင်ပါးစပ်ကနေ ဒရစပ်ပင် ပြဇာတ်မင်းသားလို ပြောခိုင်းတတ်တာမျိုးဖတ်ခဲ့ဖူးလှပြီ။
ကျွန်တော်က၁၉၇၄တွင် မန္တလေးဆေးတက္ကသိုလ်တွင် စက်တင်ဘာလကစတင်တက်ခဲ့ရသည်။ ထိုနှစ်မှာပင် ရန်ကုန်မှာ ဦးသန့်အရေးအခင်းဖြစ်သည်။ မန္တလေးမှာလည်း မန္တလေးမိန်းထဲတွင် ကျောင်းသားတွေ သပိတ်မှောက်ကြသည်။ မိန်းအဓိပတိထဲမှာ ကျောင်းသားတွေစုကြသည်။ ထိုအထဲ ဆေးတက္ကသိုလ်မှ ကျွန်တော်နှင့် ခင်မောင်မြင့် နှစ်ယောက်သာပါသည်။ စာရွက်တွေဖြန့်ဖို့ ဂက်စနာဖြင့် ဖယောင်းသုတ်လိမ့်ကြရသည်။ ညနေပိုင်းမှာ စစ်တပ်က၀င်စီးလို့ အိမ်သာမှန်တံခါးကနေ ဖောက်ထွက် ပြေးခဲ့ကြရသည်။ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကနေချီတက်ကြတော့ပါခဲ့သည်။ ကြွေးကြော်သံတွေတိုင်ခဲ့သည်။ မန္တလးမြို့ထဲပတ်သည်။ မှတ်မှတ်ရရ မန္တလေး ဈေးချိုအလယ်ပေါက်မှာ မိန့်ခွန်းတွေပြောခဲ့သည်။ ဈေးချိုသူဈေးချိုသားတွေက ကျောင်းသားတွေကိုစားစရာတွေဝေငှကြသည်။ လက်ခုပ်သြဘာပေးခဲ့ကြသည်။
ညနေကျတော့ ကျောင်းကိုမပြန်ရဲ အိမ်မပြန်ရဲတော့ဘဲ ကျောင်းသားတွေအတွက် အခမဲ့စီစဉ်ပေးသော ရန်ကုန်ရထားဖြင့် ခင်မောင်မြင့်နှင့်အတူတက်လိုက်ပြီးရန်ကုန်ရောက်ခဲ့ရသည်။ခင်မောင်မြင့်ကတော့ ပဲခူးမှာဆင်းပြီး သနပ္ပပင်ပြန်သည်။ ရန်ကုန်ကျတော့ ဦးသန့် ဈာပနာကို  တည့်တည့် နဖူးတွေ့ ဒုးတွေ့တိုးတော့သည်။
လေဆိပ်ကနေ ကုလသမဂ္ဂအလံဖုံးအုပ်ထားသော ဦးသန့် ရုပ်ကလပ်ကို သံဃာတော်များ ၀န်းရံလျက်တင်လာသော ကားက ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းမကြီးထဲ တည့်တည့်ဝင်လာတော့ ရင်တွေ တဒိတ်ဒိတ်ခုန်ခဲ့ရသည်။  ဘွဲ့နှင်းသဘင်ခန်းမကြီးရှေ့မှာ ကျောင်းသားတွေက တယောက်ပြီးတယောက်  မိန့်ခွန်းပြောကြတော့ လက်ခုတ်သံတဖြောင်းဖြောင်း ထဲမှာ ကျွန်တော်မျက်ရည်တွေ ကျခဲ့ရဖူးသည်။ သွေးတွေဆူခဲ့ဖူးသည်။ဦးသန့် အုတ်ဂူကို အဓိပတိလမ်းမ၀င်ပေါက်နားမှာ အာအိုင်တီက ကျောင်းသားတွေက ဆောက်နေသည်။ ကျွန်တော်က ကျောင်းသားကဒ်ပြပြီး မန္တလေးဆေးတက္ကသိုလ်က လာတာပါဆိုလို့ ၀မ်းသာ အားရကြိုဆိုကြတာ ရင်ဘတ်မှာ တပ်ဖို့ တံဆိပ်လေးတွေပေးတာကို ရင်ခုန်ဝမ်းမြောက်ပီတိအဟုန်တက်ခဲ့ဖူးသည်။
နောက်နေ့မနက် ၄နာရီလောက်မှာ ဘူတိုဇာဖြင့် ဦးသန့်အုတ်ဂူကိုဖြိုဖျက်တဲ့အချိန်တွင် သီရိဆောင်မှာရှိသော ဥပဒေကျောင်းသူ ကျွန်တော့်အမကို ကျွန်တော့်အကိုက လာခေါ်ရသည်။ မမက မလိုက်။ နောက်ဆုံးခြံစည်းရိုးပေါ်ကနေ ကျော်ထွက်လာခဲ့ရသည်။ ထိုနေ့ကား ကကမ္ဘာပျက်သောနေ့တည်း ။
၈၈ အရေးတော်ပုံဖြစ်တော့ ကျွန်တော့်ရဲ့ကမာရွတ်ဘူတာရုံလမ်းလေးထဲက ဆေးခန်းလေးမှာ သွေးသံရဲရဲဖြင့်ဝင်လာမစဲသော ကျောင်းသားကျောင်းသူတွေကို ဆေးကုပေးခဲ့ရသည်။ ဘူတာကို သိမ်းပိုက်ထားတဲ့ ချင်းတပ်သားတွေက အရက်မူးမူးဖြင့်ဆေးခန်းလေးထဲ အနိုင်ကျင့်တာတွေလည်း ကြိတ်မှိတ်ခံခဲ့ရသည်။ ဒီအထဲမှာ ၂ပွင့် မြန်မာဗိုလ်တယောက်ကတော့ ရှားရှားပါးပါး တောင်းပန်သွားခဲ့ဖူးတာလည်း ကြုံခဲ့ဖူးသေးလေ၏။ကျောင်းသားတွေ နယ်စပ်မထွက်မီ ကျွန်တော်ဆေးခန်းလေးကရှိသမျှဆေးတွေ ပိုက်ဆံလေးတွေကို ပေးလိုက်ရတာကိုလည်း မှတ်မိနေသေးလေသည်။ ဒေါ်ခင်ကြည်ဈာပနာမှာ ချီတက်ခဲ့ကြရတာတွေ တင်မောင်သန်း။ဖေမြင့် ၊တို့နှင့်အတူ ပါခဲ့သေးတာ ရင်နာခဲ့ရတာတွေ ရှိသည်။
ထိုထိုသော အခံများဖြင့် ကျွန်တော်က စာကိုဖတ်နေခဲ့မိလေသည်။ ပထမဆုံးသတိပြုလိုက်မိတာက မင်းကိုနိုင်၏စာအုပ်မျက်နှာဖုံး သရုပ်ဖော်ပုံပဲ ဖြစ်သည်။ မင်းကိုနိုင်ကိုယ်တိုင်ပဲ ဆွဲထားပါသည်။ ဒီပုံလေးကိုမြင်လိုက်တာနှင့်ပင် ကျွန်တော်ရင်ထဲ ထိသွားခဲ့ပါသည်။ ဘာလို့မူ စစကတည်းက ရိုးဂုဏ်ကို သရုပ်ဖော်ပြလိုက်တာကိုး။ ပန်းချီကားလား သရုပ်ဖော်ကားလား မသေချာ။ ရင်ထဲရှိတာကို အရင်းတိုင်း ချရေးထားပုံရလေသည်။
စာ စဖတ်လိုက်တာနှင့် စကားပြေက ကျွန်တော့်ကိုစဆွဲဆောင်လိုက်ပါသည်။ ကျွန်တော်က စကားပြေမကောင်းသော မလှသော ကြိုးစားအားထုတ်မထားသောစကားပြေတွေကို ၀ါကျသုံးလေးကြောင်းထက်ပိုမဖတ်နိုင်။ တပိုဒ်ပြီးလို့မှ ကိုယ့်စိတ်ကိုဆွဲမထားနိုင်လျှင် စာအုပ်သွားပေရော့ ။အမှိုက်ခြင်းထဲ။ မင်းကိုနိုင်က စကားပြေက လေးလေးစားစား အားထုတ်ရေးထားတာပေါ်သည်။ ရိုးရိုးသားသား စကားပြေကိုလှအောင်စီထားသည်။ တခါတခါ ဆရာငြိမ်းကျော်ဟန်လေးတွေ စွက်နေသယောင်ထင်ရပေမယ့် တူတော့မတူ။ စကားပြေကတခါတခါ ကဗျာတပုဒ်လို အက်ဆေးတပုဒ်လိုဆန်သည်။
အက်ဆေးဟန်နွယ်သည်။ ရည်းစားစာဟန်မဟုတ်တာသေချာသည်။ ဖွဲ့နွဲ့ပုံနိမိတ်ပုံလေးတွေက ရိုးရာဆန်သည်။ မြန်မာဆန်သည်။
ဇာတ်အဖွင့်မှာကိုက ရုပ်ရှင်ကားတကားစပြသလိုဖွင့်ထားသည်။ တအုပ်လုံးခြုံကြည့်လျှင်တောင် ဟိုးအရင်က ဆရာကြီးတွေပြောသလိုဆိုလျှင် ဒီဝတ္ထုကို လက်ကကိုင်ပြီးတန်းပြီးရိုက်လို့တောင်ရသည်ထင်၏။ အခန်းခွဲထားပုံက ဇာတ်ညွှန်းဆန်နေသည်။ စီတန်းရိုက်သွားယုံပဲလေ။ ညိုဆိုတဲ့ ကောင်မလေးနှင့် သူ့အမေ သူငယ်ချင်းစသည်တို့ကို ဖွဲ့စည်းထားပုံလေးက လှနေသည်။ ဖတ်ရင်းဖတ်ရင်းက စကားပြေ ချောချောပြေပြေလေးထဲမှာကိုယ်က မျောနေတော့လေသည်။
ထူးခြားတာတခုက ၈၈အရေးတော်ပုံကို သူက ပါးပါးလေးသာပြသွားသည်။ ဒါသူ့အယူအဆနှင့်သူ။ ဆရာသိန်းဖေမြင့်ရေးခဲ့သော အရှေ့ကနေ၀န်းထွက်သည့်ပမာလို ပွင့်ပွင့်လင်းလင်း ရေးမရသော အချိန်အခါမို့ကြောင့်ထင်သည်။ တကယ်တော့ ကိုမင်းကိုနိုင် ဒီလက်ဖြင့် အရှေ့ကနေ၀န်းထွက်သည့်ပမာလို ကျောင်းသား သမိုင်းနောင်ခံ ၀တ္ထုကြီးတပုဒ်ရေးကိုရေးသင့်လှသည်။ နောက်ခံကအကြီးကြီး ဇာတ်ကောင်တွေကအများကြီး အရုပ်တွေက အလှုပ်တွေချည်း။ ကြည့်ကောင်းလိုက်မယ့် ဖတ်ကောင်းလိုက်မယ့် ၀တ္ထုမျိုးဖြစ်လာမည်ထင်သည်။
လုံးချင်းလောကတွင် တခါက တင်မောင်သန်းက ဘာလို့ လုံးချင်းတွေ ဆက်မထွက်ဘဲ ကျဆင်းသွားရလဲဆိုသည့်အကြောင်း လေထဲမှာ ပြောတဲ့အင်တာဗျူးလုပ်သွားခဲ့ဖူးသည်။ သူတို့ဖြေသွားကြတာက စာအုပ်ဈေးတို့ ဈေးကွက်တို့ အိုင်တီ မီဒီယာအကြောင်းတွေပြောသွားသည်။ အဓိကက အဲဒါတွေမဟုတ်ပါဘူး ။ ရသစစ်စစ် နောက်ခံကောင်းကောင်းနှင့် ရေးနိုင်ဖို့က စာပေလွတ်လပ်ခွင့် မရှိလို့ပါဆိုတာ ဘယ်သူကမှပြောမသွားခဲ့။
ကျွန်တော့်လုံးချင်းတွေတုန်းက သုံးခါပြန်ပြီးမျက်နှာဖုံးတင်ရ စာတွေအပိုဒ်လိုက်အခန်းလိုက် ဇာတ်သိမ်း ၃ခါ ပြန်ပြန်ပြင်ပေးခဲ့ရဖူးသည်။ လွတ်လွတ်လပ်လပ်ရေးလို့ရလို့ ဆရာသိန်းဖေမြင့်က အရှေ့ကနေ၀န်းထွက်သည့်ပမာကို လွတ်လွတ်လပ်လပ် စိတ်ကြိုက်ခြယ်မှုန်းသွားခဲ့သည်။
အခုကောလွတ်လပ်ပြီလား။
နောက်တခါ ဇာတ်ကောင်ထည့်ထားပုံလေးတွေကလှလှလေသည်။ ဖေသောင်းကို သရုပ်ဖော်ထားပုံကလည်း သဘာဝဆန်သည်။ သရုပ်မှန်သည်။ ဇာတ်မဆန်။ ဖေသောင်းပြောတဲ့ စကားတချို့ကတော့ ဇာတ်နည်းနည်းဆန်ပါသည်။ သို့သော်နိုင်ငံရေးစကားတွေ တလုံးမှ ပြောမသွား။ ဟောမသွားခဲ့။ ပုတ်ခတ်ဆဲရေးတာတွေတလုံးမှ မပါ။ နာကျည်းတက်ခေါက်သံတချက်မကြား။တကယ့်ကို မေတ္တာသမား ငြိမ်းချမ်းရေးသမား စိတ်ရင်းကောင်းနှလုံးသားဖြူစင်စင်။ မြန်မာလုံးချင်းလောကမှာ ထိထိရှရှရေးပြသွားခဲ့တာ ဆရာမ၀င်းဝင်းလတ် ပြီးကတည်းက ကျွန်တော်နောက်ပိုင်းဖတ်မရခဲ့တာကြာပြီ၊ နိုင်ဝင်းဆွေရဲ့ နွေတည ပြန်ဖတ်တော့ ရင်ထဲ တသိမ့်သိမ့်ခံစားရသည်။ အခု မင်းကိုနိုင်။
ကျွန်တော်တထိုင်တည်းဖတ်လိုက်တာ စာမျက်နှာ၁၁၈အရောက် ..
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ရှေ့မှာ ..ဟောပြောစင်မြင့် နှင့် မလှမ်းမကမ်း သစ်ပင်ရင်းတွင် ထမင်းထုပ်ကို ဖြည်စားရင်း ဟောပြောချက်များ နားထောင်လိုက် ဖေသောင်းထံ လှမ်းကြည့်လိုက်လုပ်နေသော ညိုအား မခင်အေးက မသက်မသာမျက်နှာဖြင့် ကြည့်ကာ..
'' နင်ဒီလိုထိုင်စားနေတာ ငါမြင်ရတာ ၀မ်းနည်းသလိုကြီး ''ပြောသည်
သူမတို့နည်းတူ ကြုံရာနေရာ ထမင်းထုပ်ဖြည်စားနေသူ အများကြီး ရှိပါလျက် ဘာကြောင့် ထိုသို့ ပြောသည်မသိ။ အဝေးကလာတဲ့သူတွေကို ကျွေးကြပါကွာ။ တို့က ကျောင်းခံတွေ ကိစ္စမရှိပါဘူး ဟူသော ပြောသံများဖြင့် ဝေငှပေးနေသည်ကိုလည်း မြင်ပါလျက်။
' ငါပြောချင်တာက နင်ဟာ ကိုဖေသောင်းဆီက ရတာဆို ဘာမဆိုနဲ့ ကျေနပ်လိုက်တာပဲ။ ရောင့်ရဲလိုက်တာပဲ။ ငါ့မျက်စိထဲမှာ နင် ထမင်းစားနေတာဟာ ကလေးလေးတယောက် အရိုက်ခံရပြီး မျက်ရည်စက်လက်နဲ့ စားနေတာ ကြည့်နေရသလိုပဲ ငါ စိတ်မကောင်းဖူး '
စာပိုဒ်အရောက်မှာ ရင်ထဲနင့်ကနဲဖြစ်ကာ မျက်ရည်စို့သွားမိပါသည်။ တကယ်တော့ ၈၈ကာလ နောက်ပိုင်းမှာ ကျွန်တော်တို့တတွေဟာ ကျီးလန့်စာစားနေကြရတာ တနိုင်ငံလုံးပါ။
ကိုယ့်ဘေးနားလာပြီး ရောနှောနေတဲ့သူဆိုကိုယ်က အလိုလိုလန့်ကာ သတိကြီးကြီး ထားနေရသော အကာလ။ လူတွေအားလုံး အကြောက်တရားကိုရင်ထဲထားကာ အားလုံးအချုပ်သားတွေလို နေခဲ့ကြရလေသည်။ မပြောရ။ နားမထောင်ရဲ။မကြည့်ရဲ။ သည်လိုနှင့်
'ညို့အဖေက မကြာခင် ဘူတာပြောင်းရတော့မယ် ။ဒီလိုပဲ ပြောင်းနေရတာပါ။ ကိုဖေသောင်း တနေ့နေ့ပြန်လာရင် တောဘူတာရုံလေးတွေမှာ ရေအိုးစင်ရှိသလား ရှာကြည့်ပေါ့။ ညိုရှိတဲ့နေရာမှာတော့ တည်ထားပါမယ် '
သည်စာပိုဒ်လည်းဆုံးရော ကျွန်တော် မျက်ရည်ပေါက်ပေါက်ကျရပါတော့သည်။ ဒေါက်တာဇီးဗါးဂိုး ဇာတ်ကားလိုတည်း။
မောင်သာရ၏ မန္တလေးထောင်ထဲမှာ ပထမဆုံးရေးခဲ့သော  ညှာရွှေတခက် ကြွေရက်စော ၀တ္ထုကို ဆရာသန်းဆွေက မောင်သာရ ဒီတပုဒ်ထဲနဲ့ စာရေးဆရာဖြစ်ပြီ ဟုပြောခဲ့ဖူးပါသည်။
အခုလည်း မင်းကိုနိုင်ဟာ ကျောင်းသားခေါင်းဆောင်အပြင် ဒီတပုဒ်နှင့်ပဲ စာရေးဆရာ ဖြစ်သွားပါပြီ။
ဒီဝတ္ထုကို ဒါရိုက်တာ ၀င်းထွန်းထွန်းက ၀ယ်လိုက်ပြီဟုသိရသည်။ ဒါရိုက်တာ ချိုတူးဇော်ကလည်း ရိုက်မည်ဆိုသည်။ ချိုတူးဇော်ကအခု အမေရိကန်မှာ။ ပြန်မှ လာပါတော့မလား မသိ။ ချိုတူးဇော် ပြန်လာပြီး ဒီကားလေးရိုက်ရင် ကျွန်တော်က ကိုယ်တတ်သည့် ကျရာနေရာက မှန်လေးဖြစ်ဖြစ် ၀င်ထိုးပေးချင်မိလေသည်။ 

လက်ခံရရှိသော ပြည်သူတို့၏ ဆန္ဒထုတ်ဖော်သံများ


လက်ခံရရှိသော ပြည်သူတို့၏ ဆန္ဒထုတ်ဖော်သံများ
မိုးမခထံပေးစာများ၊ သြဂုတ် ၈၊ ၂၀၁၂
ဟင်္သာတ၊ စည်တော်ကုန်း၊ ပိတ်ဆို့ဆည်များကြောင့် လယ်ဧက ၂၅၀ နစ်မြုပ်
ရေမြုပ်တောင်သူဦးကြီးများက မွေးမြုရေးနှင့် ရေလုပ်ငန်းသို့ တိုင်ကြား (ဇူလိုင် ၂၉၊ ၂၀၁၂)





လေးမျက်နှာ၊ ရှမ်းရွာ၊ မြစ်ကျိုးအင်း၊ အင်းလုပ်ငန်း လက်ဝါးကြီးအုပ်ခံထားရမှု
အင်းလုပ်သားများက တိုင်းဒေသကြီးအစိုးရသို့ တိုင်ကြား (ဇွန် ၂၆၊ ၂၀၁၂)









"ဖခင်တစ်ယောက်ရဲ့ ဘဝ နှင့် ဆန္ဒ" (Kyaw Moe, Zagawa Myay)


"ဖခင်တစ်ယောက်ရဲ့ ဘဝ နှင့် ဆန္ဒ"
ကျော်မိုး ( စကားဝါမြေ )၊ သြဂုတ် ၈၊ ၂၀၁၂


သားရေ
သားလိုအရွယ် အဖေ့ငယ်ဘဝ
ချပြရရင် မယ်မယ်ရရ ဘာမှမရှိပါဘူးကွာ
ပတ်ဝန်းကျင်က အညတရ
မိဘတွေက ဆင်းရဲလှ
အဖေ့ကိုယ်၌က ထုံအအ
အဲဒီလိုနဲ့ လူ့ဘဝကို
ပုပ္ပါးတောင်ခြေ ကျောက်ပန်းတောင်းဆိုတဲ့
နယ်မြို့လေးက စခဲ့တယ်။

ခေတ်စနစ်ဆိုးကြီးထဲ လူဖြစ်ခဲ့ရတဲ
ကလေးတစ်ယောက် ဘဝမှာ
အတွေးတွေက ဒွိဟ
ရည်မှန်းချက်က မှုံပြပြ
ပိုင်ဆိုင်တာက သုည
နေရတာက မပြည့်မစုံဘဝနဲ့ပေါ့။

" စားဝတ်နေ "အရေးသုံးပါးနဲ့
လုံးထွေးပြေးလွှား ရုန်းကန်နေတဲ့
အဖေ့မိဘ
သားကို ကျောင်းထားတာ
ဆရာဝန်ဖြစ်ဖို့
အင်ဂျင်နီယာဖြစ်ဖို့
အဲလို ရည်ရွယ်ချက်ကြီးကြီးမထား
အစဉ်အလာနဲ့ ဝတ္တရား
မပျက်ပြားရအောင်ဆိုပြီး ထားခဲ့တာပါ။

မှုံတေတေ အဖေ့ကျောင်းသားဘဝ
မပြည့်စုံမှုတွေက စခဲ့
ကျောက်သင်ပုန်း၊ ကျောက်တံ
ဗလာစာအုပ် နဲ့ ခဲတံ
ဘာသာရပ္လိုက္အစုံအေ့စ မရွိ
သခၤ်ာကုန္တဲ့အခါ
မြန်မာစာမှာ ပေါင်းရေး
အင်္ဂလိပ်စာအုပ်နောက်ဖက်မှာ လှန်ရေးရင်း
စာအုပ်သစ်လေးရဖို့ စောင့်ခဲ့ရ
ယခုသားမှာလို တပွေ့တပိုက်ကြီးမရှိတဲ့ဘဝပါ။

ညရောက်ပြီလားဆိုရင်
ရေနံဆီမီခွက်က အလင်းရောင်နဲ့
ပြူးပြဲနေအောင် မျက်လုံးဖြဲ
အသံဗြဲကြီးနဲ့ စာကျက်ခဲ့ရ
လျှပ်စစ်မီးဆို ဝေလာဝေး
ဘတ္ထရီအိုးနဲ့ မီးသီးလေးတောင်မရှိ
ပြန်တွေးကြည့်ရင်
ရေနံဆီမီခွက်နဲ့ ဟောဒီအဖေ
လင်ကွန်းရဲ့ ငယ်ဘဝထက်တောင်သာလေမလား?
သိုသော်....သမ္မတလင်ကွန်းလောက်တော့
ဒီအဖေ မတော်၊ မထူးချွန်ခဲ့ပါ။

ထုံပေပေ အဖေ့သဏ္ဍန်
ဂုဏ်ရွှေငွေ မရှိမှန်လည်း
မာနနဲ့ဇွဲမှာ အတန်းထဲ ပထမစွဲခဲ့
သူဌေးသားတွေလို မဝတ်နိုင်
သူတို့လို မစားနိုင်
ကျောင်းစာတော့ ပြိုင်ခဲ့
အဆင့်ကိုကြည့် အတန်းထဲ တစ်နှစ်သုံးမှာ ရှိခဲ့တယ်။

ပြည်ထောင်စု ၀န်ကြီး ၂ ဦးက ၈ လေးလုံး အခမ်းအနားအတွက် ပထမဆုံး အကြိမ် ငွေလှူ

မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၇၊ ၂၀၁၂


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKqLXOCyv8TOOrSxWxL-8sL1M04zHYiKQEEx4ho2JZWJD0P7PEAztfVsoTqopca8mrR5lV39UYqTk7HcMdRTBDDX4Co004bJdG_JExqoE_yLj30B6tjBOzYaZ0Z-dJqifpi_PhfGGtYeo/s1600/621785_274839592621635_1539071140_o.jpg
၈၈ မျိုးဆက်ကျောင်းသားများနှင့် ဦးအောင်မင်း၊ ဦးစိုးသိန်း(ဓါတ်ပုံ-၈၈မျိုးဆက်)


ယနေ့ ညနေပိုင်းwGif အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီး ၂ ဦးက ၈၈ မျိုးဆက်ကျောင်းသားများဦးစီးကာ ၈ လေးလုံး နှစ်ပတ်လည် နှင့် ၀ါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနား ကျင်းပမည့် မန္တလေးမြို့ ဒက္ခိဏရာမ ဘုရားကြီး အလယ်ကျောင်းတိုက်သို့ လာရောက်ကာ ပထမဆုံးအကြိမ် အလှူငွေ ပေးအပ်ခဲ့ကြသည်။

စက်မှု ၀န်ကြီး ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းတိုက ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်ကျင်းပသည့် ၂၄ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည် ၀ါဆိုသင်္ကန်းကပ်လှူသည့်အခမ်းအနားအတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် ယင်းဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များန၀ကမ္မအဖြစ် အလှူငွေ ၂ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Oqa7lB9v3_XvjHblsVdBLid9CqsRVM4zO3aYfGKE6wPx4FcbOyxEXCvPDm7k9HJsGiFLXnYuCb8fyTXRAX3Oczh8MLTWkE5gmETWnxcx_QOvRLScJaof9keLHXTo-yCLhltiy3QMPZM/s1600/335094_274841039288157_829307580_o.jpg
ဘုန်းတော်ကြီးကျောင်းမှ ပြန်အဆင်း(ဓါတ်ပုံ-၈၈မျိုးဆက်)


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုပြုံးချိုက ယနေ့ အဖြစ်အပျက်ကိုရည်ညွှန်း၍ ရှေ့နိုင်ငံရေးအလားအလာနှင့် ပတ်သက်ကာ "ဒီကနေ့ ပူးပေါင်းဆောင်ရွက်မှုကနေ ဆက်လက်ပြီး ဆောင်ရွက် ဖို့ အခွင့်အလမ်းတွေ ရရှိလာဖို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။

ဆယ်စုနှစ်၂ ခုကျော်ကြာ ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနားများကို တရားဝင်ကျင်းပခွင့်မရခဲ့ပဲ လက်ခံကျင်းပမည့် ဘုန်းတော်ကြီးကျောင်းများအား အာဏာပိုင်များက ဖိအားပေးခြင်း ၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့ရာမှ ဦးသိန်းစိန် အစိုးရတာဝန်ယူပြီး ၁ နှစ်ခွဲ အကြာတွင် ယခုကဲ့သို့ ပြည်ထောင်စုအစိုးရအဆင့်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဦးစိုးသိန်းနှင့်ဦးအောင်မင်းတို့ ၂ ဦးသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုကြရာတွင် ပြောင်းလဲမှုတွေ ရှေ့သို့ သွားနေပြီဖြစ်ကြောင်း၊ မလိုက်ပါနိုင်သူတွေကိုထားရစ်ခဲ့ရမှာဖြစ်ကြောင်း၊ ယနေ့ဒီနေရာသို့လာဖို့ ၎င်းတို့နှစ်ဦး နိုင်ငံတော် သမ္မတကြီးထံ ခွင့်တောင်းခဲ့ကြောင်းနှင့် ၈၈ မျိုးဆက်ကျောင်းသားများက ယခုပွဲကို ကျင်းပမည့်အကြောင်း မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ထံ ပြောဆို အသိပေးထားပြီးဖြစ်၍ အေးအေးချမ်းချမ်း ကျင်းပနိုင်ကြောင်းတို့ကို ပြောဆိုကာ မနက်ဖြန်တွင် အခြား အစီအစဉ်များရှိနေ၍ ၎င်းတို့အနေဖြင့် မတက်ရောက်နိုင်ကြောင်းလည်း ပြောဆိုသွားသည်ဟု ကိုပြုံးချိုက ပြောသည်။

ယခုကဲ့သို့အစိုးရအဖွဲ့ဝင် ၀န်ကြီး ၂ဦးက ၈လေးလုံး နှစ်ပတ်လည် အခမ်းအနားသို့ ငွေလှူခြင်းနှင့် အေးအေးချမ်းချမ်း ကျင်းပခွင့်ပြုခြင်းမှာ ၈ လေးလုံး အဖြစ်အပျက်ကို ထိုစဉ်က စစ်တပ်ထဲတွင် ရှိနေခဲ့ကြသည့် လက်ရှိ အစိုးရအဖွဲ့ဝင်များက ၎င်းတို့နှင့် မသက်ဆိုင်သည့် သဘော အဓိပ္ပါယ်ဖွင့်ဆိုပါသလားဟု ကိုပြုံးချိုအား မေးမြန်းရာတွင် " အခုအခမ်းအနားကို သူတို့ ကျင်းပခွင့်ပြုတာ၊ ငွေလှူတာတွေဟာ ၈ လေးလုံး အဖြစ်အပျက် မှန်တယ်မှားတယ် ဆိုတဲ့အဓိပ္ပါယ်တော့ မဟုတ်ဘူး၊ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်အတွက် အားလုံး ပါဝင်ရေး ဆိုတဲ့ ဦးတည်ချက် လမ်းကြောင်းကို သွားနေတယ် လို့တော့ ပြောနိုင်ပါတယ်" ဟု ပြန်လည် ဖြေကြားခဲ့သည်။

အကျဉ်းထောင်ထဲတွင် နှစ် ၂၀ ကျော် အကျဉ်းကျခဲ့ခဲ့ရသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ပြီးခဲ့သည့် ဇန်န၀ါရီလတွင် လွတ်မြောက်လာပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ယခင်လက ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကာ မကြာမီ နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံရန် ရှိသည်ဟုလည်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက ထုတ်ဖေါ် ပြောဆိုထားသည်။


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives