သျှမ်းသံတော်ဆင့် |
- လားရှိုးမြို့ ယာဉ်တိုက်မှု စရဖနှင့် ရဲ ပူးပေါင်းပြီး အမှုထိန်ချန်ဟုဆို
- ခွန်းမင် တရားရုံး၌ နော်ခမ်းနှင့်အတူ လားဟူအမျိုးသား သုံးဦးပါဝင်
- လွတ်မြောက်လာသူ SSPP/SSA အမာခံလူအား မြန်မာ့ဗျူဟာမှူး ပစ္စည်းပြန်မပေး
- နယ်စပ်ရှိစေတီတော်တဆူအား ဆေးအဖြူရောင်သာသုတ်ရမည်ဟု ဒေသတွင်းသာသနာနုဂ္ဂဟကြေငြာ
| လားရှိုးမြို့ ယာဉ်တိုက်မှု စရဖနှင့် ရဲ ပူးပေါင်းပြီး အမှုထိန်ချန်ဟုဆို Posted: 24 Sep 2012 03:53 AM PDT သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့ အမှတ် (၈) ရပ်ကွက် မန်ဆူအဝေးပြေးကားဝင်းရှေ့ လမ်းမကြီးပေါ်တွင် ကချင်အမျိုး သမီးငယ်နှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်အား အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်မှ အရှိန်ပြင်းစွာ ၀င်တိုက်ခဲ့သည့် ဖြစ်ရပ် ယခုလ ၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားစဉ် ၄င်းအမျိုးသားနှစ်ဦးမှာ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားပြီး ပတ်ဝန်းကျင်ရှိ လူများက ဒဏ်ရာများဖြင့် လဲကျနေသည့် အမျိုးသမီးနှစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ၄င်းအခင်းဖြစ်နေရာ၌ ထွက်ပြေးတိမ်းရှောင်သွားသော အမျိုးသားနှစ်ဦးထံမှ လက်ကိုင်ဖုန်းတစ်လုံး ကျကျန်ထားရာ ၄င်းဖုန်းပိုင်ရှင်မှာ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) ၀င် ဖြစ်ကြောင်း နောက်ပိုင်းမှ ကာယကံရှင်များ သိရှိခဲ့ရပြီး ၄င်း အမှုအားရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ သတင်းပေးပို့သည် ။ "ဖုန်းတစ်လုံးကျကျန်ထားတာပေါ့နော်၊ ဖုန်းဆက်သွယ်လာသူ အပြောအရ ဖုန်းပိုင်ရှင်က စရဖက ဖြစ်တယ်ဆိုတာ သိရတာ၊ နောက်ဒီဖုန်းကို စရဖအရာရှိကိုယ်တိုင်ပဲ၊ ဆေးရုံမှာ လာသိမ်းသွားတယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ကလည်း လာပြီးသတင်းယူတယ်၊ သူတို့ဒါကို အမှုမဖွင့်ဘူး ရဲစခန်းမှာလည်း အမှုဖွင့်ခွင့်မပေးဘူး" ဟု နီးစပ်သူက ဆိုသည်။ ယခုအခါ ဆိုင်ကယ်တိုက်ခံရသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာသက်သာ၍ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်သော် လည်း အခြားတစ်ဦးမှာ ခါးရိုးတွင်ရရှိသော ဒဏ်ရာကြောင့် မန္တလေးဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားရကြောင်း သိရသည်။ မန္တလေးဆေးရုံသို့ ပို့ဆောင်လိုက်ရသည့် အမျိုးသမီးမှာ လားရှိုးတက္ကသိုလ်မှ အင်္ဂလိပ်စာမေဂျာ နောက်ဆုံး နှစ် ကျောင်းသူဖြစ်ပြီး ဒဏ်ရာကြောင့် ယခုလ ၁၇ ရက်နေ့တွင် ကျင်းပသည့် စာမေးပွဲ၌ ၀င်ရောက်ဖြေဆို နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ "ဒီအမှုက ယာဉ်တိုက်မှုနဲ့ တာဝန်မဲ့စွာထွက်ပြေးတိမ်းရှောင်မှုပေါ့နော်၊ အဲဒါကို ရဲတပ်ဖွဲ့အနေနဲ့ အမှု ဖွင့်ကို ဖွင့်ရမှာဖြစ်တယ်၊ တကယ်လို့ ကာယကံရှင်တွေက အမှုကျေအေးမယ်ဆိုရင်လည်း တရားရုံးမှာ တရားစွဲတင် ပို့ပြီးမှ ဆောင်ရွက်ရမှာ ဖြစ်တယ်၊ ကျူးလွန်သူက တပ်မတော်သားဖြစ်လို့ စစ်ခုံရုံးပို့မယ်ဆိုရင် လည်း ရဲတပ်ဖွဲ့ က အမှုဖွင့်ပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ကို လွှဲအပ်ရမှာဖြစ်တယ်၊ အခုဒီယာဉ်တိုက်မှုကို အမှုမဖွင့်ဘူးဆို တာ ပူးပေါင်း အမှုထိန်ချန်ပြီး ဥပဒေချိုးဖေါက်တာဖြစ်တယ် " ဟု သူက ဆိုသည်။ လက်ရှိအစိုးရလက်ထက်တွင် တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖေါ်ဆောင်ရွက်မည်ဟု ကြွေးကြော်နေ သော်လည်း လက်တွေ့အခြေ အနေအရ ယခင်စစ်အုပ်ချုပ်ရေးပုံစံအတိုင်း ပြောင်းလဲမှု မရှိသေးကြောင်း မြို့ခံများက ပြောဆို ဝေဖန်နေ ကြောင်း သိရသည် ။ |
| ခွန်းမင် တရားရုံး၌ နော်ခမ်းနှင့်အတူ လားဟူအမျိုးသား သုံးဦးပါဝင် Posted: 24 Sep 2012 03:52 AM PDT တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ကူမင်း)ခွန်းမင်တရားရုံး၌ စစ်ဆေးခံရသော မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် အတူ လားဟူအမျိုးသား သုံးဦးပါဝင်သည်ဟု ကြားသိရပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ကူမင်း)ခွန်းမင်တရားရုံး၌ စစ်ဆေးခံရသော စိုင်းနော်ခမ်းနှင့်အဖွဲ့(Photo: Sina)"တရုတ်ပိုင်ရုပ်မြင်သံကြားကကြေငြာတဲ့ သတင်းတွေထဲမှာ စိုင်းနော်ခမ်းနဲ့အတူ လူခြောက်ယောက်မှာ လားဟူနာမည်နဲ့ က သုံးယောက်ပါတယ်" - ဟု တာချီလိတ်မြို့ခံတဦးကပြောပါသည်။ စက်တင်္ဘာ ၂၀ - ၂၂ အထိ သုံးရက်ဆက်တိုက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ကူမင်း)ခွန်းမင်မြို့ တရားရုံးပေါ် ရုံးတင်စစ်ဆေးခံခဲ့ရသည့် စိုင်းနော်ခမ်းအဖွဲ့အတွင် - စိုင်းဆန်ခမ်း ဂျဆာ၊ ယီလိုင်း၊ ဂျဘိုး၊ ဂျထိုးဘိုး၊ ဂျဆီး ကား တို့ပါဝင်ကြောင်း တရုတ်သတင်းများက ဖော်ပြထားသည်။ "စိုင်းဆန်ခမ်းက သျှမ်း၊ ဒါပေမယ့် သူက လားဟူမျိုးရိုးနာမည်ကိုယူထားတာ။ နောက် ဂျဘိုး နဲ့ ဂျထိုးဘိုးက မြန်မာပြည်သား၊ သျှမ်းပြည်ကပေါ့၊ ဂျဆီးကားက ထိုင်း/လောဝ်(လာအို) က၊ ဆန်ခမ်း ဂျဆာ ကလဲ ထိုင်း/ လောဝ် ဘဲ။ ယီလိုင် ကတော့ တိုင်းပြည်မဲ့ လို့ပြောတယ်" - ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့က စဝ်ခင်းဆာယီ ကပြောပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ကူမင်း)ခွန်းမင်တရားရုံး၌ စစ်ဆေးချက်အရ စိုင်းနော်ခမ်းနောက်လိုက်များက 'စိုင်းနော်ခမ်း၏ညွှန်ကြားချက်ကြောင့် တရုတ် စက်လှေအားတိုက်ခိုက်ခြင်းဖြစ်ကြောင်း' ပြောသော်လည်း စိုင်း နော်ခမ်းမှာမူ 'သူ့ညွှန်ကြားချက်မဟုတ်ကြောင်း၊ လက်အောက်ငယ်သားအဖွဲ့ဝင်များက အထက်ကို ညွှန်ကြား ခြင်းမရှိဘဲ လုပ်ဆောင်သွားတာဖြစ်နိုင်ကြောင်း' ပြောပါသည်။ စနေနေ့ည တရုတ်နိုင်ငံပိုင် CCTV သတင်းတင်ပြချက်အရ 'စိုင်းနော်ခမ်းဟာ သေဆုံးသွားတဲ့ တရုတ် ၁၃ ဦး ရဲ့ ကျန်ရှိမိသားစုအတွက် လျော်ကြေးငွေ ဘတ်သန်း ၃၀ ပေးဖို့ သဘောတူတယ်' ဟု ဖြောင့်ချက်ပေးသွား ကြောင်း ထုတ် လွှင့်သွားပါသည်။ စိုင်းနော်ခမ်း နှင့် အဖွဲ့၏ အမှုအား မကြာမှီ ရက်ပိုင်းအတွင်း တရားစီရင်မှု နောက်ဆုံးအဆင့် ဆုံးဖြတ်သွား ဖွယ်ရှိကြောင်းလည်း ကြားသိရပါသည်။ |
| လွတ်မြောက်လာသူ SSPP/SSA အမာခံလူအား မြန်မာ့ဗျူဟာမှူး ပစ္စည်းပြန်မပေး Posted: 24 Sep 2012 03:50 AM PDT SSPP/SSA ၏အမာခံလူဟု သံသယဖြင့် တလနီးပါးဖမ်းဆီးရိုက်နှက်ခံရသူ ကျေးလက်ဒေသခံများ ပြန်လည် လွတ်မြောက်လာသော်လည်း မြန်မာ့အစိုးရ တပ်က သိမ်းထားသည့် ပစ္စည်းများ ပြန်မပေးကြောင်း မိသားစု နှင့် နီးစပ်သူများကပြောပါသည်။ "လူကတော့ ၁၇ ရက်နေ့က လွတ်လာပြီလေ။ ရွာပြန်ရောက်တော့ ခမရ ၃၂၄ ဆီမှာ သူ့ပစ္စည်းတွေကို ပြန် သွားတောင်းတယ်။ ဗျူဟာမှူးက ပေးဖို့ ညွှန်ကြားချက်မထုတ်ထားလို့ မပေးနိုင်ဘူးလို့ပြောတယ်" - ဟု အဖမ်းခံရသူ စိုင်းကျော်အေး မိသားစု နှင့်နီးစပ်သူတဦးက ပြောပါသည်။ SSPP/SSA အမာခံလူဟု သံသယဖြင့် ဩဂုတ်လ ၂၃ ရက်မှ စက်တင်္ဘာ ၁၇ ရက်နေ့အထိ တလနီးပါး ဖမ်းဆီး လားရှိုးအကျဉ်းစခန်း ပို့ဆောင်ကာ အကျဉ်းသားလွှတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ် မြောက် လာသူ နမ္မတူဒေသခံ စိုင်းကျော်အေး ၏ ကျပ် ၅ သိန်းတန် မော်တော်ဆိုင်ကယ်၊ ကျပ် တသိန်းတန် လက်ပတ်နာရီတလုံးအား ခမရ ၃၂၄ က သိမ်းယူထားရာံ ပြန်လည်တောင်းခံသော်လည်းမရသေးကြောင်း- နီးစပ်သူ တဦးက ပြောပါသည်။ "စိုင်းကျော်အေးက ညီမ သုံးယောက်ရှိတယ်။ ကျောင်းသွားဖို့ ဆိုင်ကယ်လိုအပ်တယ်။ လယ်ယာလုပ်ငန်းခွင် အတွက်လဲသုံးရတယ်။ ပိုက်ဆံသိန်းဂဏန်းစုနိုင်ဖို့မလွယ်ဘူး၊ ဘာဘဲဖြစ်ဖြစ် မိသားစု ဝမ်းရေးအတွက် မရှိ မဖြစ်ဘူးလေ ဆိုင်ကယ်က။ လက်ပတ်နာရီတော့ ထားလိုက်ပါတော့" - အမည်မဖေါ်လိုသူ မိသားစု အသိုင်း အဝိုင်းကပြောပါသည်။ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံ - မိုင်းမုနှင့် နမ့်တောင်ကုန်းကျေးရွာအုပ်စု မှ ပိန်းထောန်ရွာသား စိုင်းကျော်အေး၊ နမ့်ပိုင်ရွာသူကြီး စိုင်းထွေးညွန့်၊ ပိန်းလုံရွာသား စိုင်းလ၊ နားကေးရွာသား စိုင်းအိုက်တင်း တို့အား သျှမ်းပြည် တပ်မတော် SSPP/SSA ၏ အမာခံလူဆိုသည့်စွပ်စွဲချက်ဖြင့် အစိုးရစစ်ကြောင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ |
| နယ်စပ်ရှိစေတီတော်တဆူအား ဆေးအဖြူရောင်သာသုတ်ရမည်ဟု ဒေသတွင်းသာသနာနုဂ္ဂဟကြေငြာ Posted: 24 Sep 2012 03:49 AM PDT ၂၀၀၉ ကတည်းက မူလအဖြူရောင်မှ စစ်အာဏာရှင်များက ရွှေရောင်ဆေးဆိုးလိုက်သော သျှမ်းပြည်မြောက်ပိုင်း တရုတ် နယ်စပ် နမ့်ခမ်းမြို့လယ် ကျားဖြူစေတီတော်အား ယနေ့မှစ၍ ဆေးအဖြူရောင်သာသုတ်ရမည်ဟု သာသနာနုဂ္ဂဟ အသင်း နှင့်သံဃာတော်တို့က သဘောတူကြေငြာလိုက်ကြောင်း သိရသည်။ ကျားဖြူစေတီအား ထီးတော်တင်စဉ်"သမိုင်းအစဉ်အဆက်က ဆေးဖြူဘဲသုတ်ထားတယ်။ ဘိုးဘွားတွေရဲ့ယုံကြည်ချက်အရ အရောင်ပြောင်း သုတ်ရင် မြို့ခိုက် တယ်။ ဒါကြောင့် ခုချိန်ကစပြီး အဖြူရောင်ဆေးဘဲသုတ်ဖို့ သဘောတူညီချက်ချကြတယ်။ ထီးတင်ပွဲမှာကြေငြာလိုက်တာ" ဟု ကမကထပြုကြသော နိုင်ငံရေးပါတီဝင်များကပြောသည်။ သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့လယ်ရှိ ကျားဖြူစေတီတော်ကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP တို့ ကမကထပြု၍ ထီးတော် တင်အခမ်းအနားကို ယခုလ ၂၀ ရက် မနက် ၅ နာရီက ကျင်းပရာတွင် တက်ရောက်လာသည့် ပရိသတ်များအား သာသနာနုဂ္ဂဟအသင်းက ထိုသို့ ကြေငြာခဲ့သည်။ "ထီးတင်ပွဲကို မြို့တွင်း ဘုန်းကြီးကျောင်း ၉ ကျောင်းက သံဃာ ၉ ပါး ဦးဆောင်တယ်။ အလှူရှင်တွေဖြစ်တဲ့ ကျားဖြူ ပါတီနဲ့ကျားခေါင်းပါတီတွေက ထီးတော်ကို စဝ်ကော်မိဏ်းကျောင်းတိုက်ကနေပြီး စေတီရှိရာကိုသယ်ဆောင်ပေးတယ်။ ပရိသတ်တွေကလဲ တက်တက်ကြွကြွဘဲ။ သူတို့တွေ အရမ်းပျော်ကြတယ်။ မိမိမြို့ကသမိုင်းဝင်စေတီကို အဖြူရောင် ဆေးပြန်သုတ်ရလို့လေ။ခုလို သျှမ်းအမျိုးသားတွေကို ကိုယ်စားပြုမယ့် နိုင်ငံရေးပါတီတွေကလဲ တတပ်တအားဦးဆောင်ပေး တော့ မြို့ခံတွေက ဝမ်းသာကြတယ်" ဟု ပွဲတက်ရောက်သူ မူဆယ်ဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။ မြို့ခံလူထုနှင့် သျှမ်းပါတီ ၂ ခုအပြင် သျှမ်းပြည်တပ်မတော် ၇၀၁ စစ်ဒေသမှလည်း ကျပ်ငွေ တစ်သိန်း၊ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ ကျပ်ငွေ တစ်သိန်း၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်ထွေအုပ်တို့ကလည်း တစ်သိန်းစီ ထည့်ဝင်လှူဒါန်းကြကြောင်း မနက် ၉ နာရီအချိန် ရသုံးငွေစာရင်းရှင်းတမ်းဖတ်ကြားရာ၌ ဖတ်ကြားပြသည်။ ၂၀၀၉ က နမ့်ခမ်းမြို့လယ်ရှိ သမိုင်းဝင်ကျားဖြူစေတီတော်ကြီးအား နအဖစစ်အာဏာပိုင် လက်ထက် တာဝန် ကျ မြို့နယ်ရဲမှူးကြီးလှဝင်း က ဦးဆောင်ပြီး မူလသဘာဝ အဖြူရောင်မှ ရွှေရောင်ဆေးသုတ်ခဲ့သဖြင့် နာမ်နှိမ်ခြင်းတမျိုးဖြစ်သည်ဟု ဒေသခံများယူဆကာ မကျေမနပ်ဖြစ်ခဲ့ကြသည်၏။ ထိုနောက်ပိုင်း နမ့်ခမ်းမြို့တွင်း၌ စီးပွါးရေး၊ အကျင့်စာရိတ္တ ကျဆင်းကာ ရာဇဝတ်မှုများ ဆက်တိုက်ဆက်တိုက်ပိုမိုများပြားလာခဲ့သည်ဟု ရပ်မိရပ်ဖများကပြောကြသည်။ ထိုအချက်များကြောင့် ကျားဖြူပါတီနှင့် ကျားခေါင်းပါတီတို့ပူးပေါင်းကာ စေတီတော်ပြုပြင်မွမ်းမံရန်အတွက် သာသနာ နုဂ္ဂဟ အသင်းမှတဆင့် မြို့နယ်သာသနာရေးကို စာတင်ခွင့်ပြုချက်တောင်းခံခြင်းဖြစ်ကြောင်းလည်း ကျားဖြူပါတီဝင်များက ပြောသည်။ နမ့်ခမ်းမြို့တွင် လွန်ခဲ့သောနှစ်ပေါင်းရာချီက ကျားဖြူမင်းရှိခဲ့ကြောင်း အဆိုပါကျားဖြူမင်းက နမ့်ခမ်းလူထုအား အန္တရာယ် မပြုသည့်အပြင် ကာကွယ်စောင့်ရှောက်မှုပေးခဲ့သဖြင့် လူထုတို့၏စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းကာ ကျန်းမာချမ်းသာ နေထိုင်လာခဲ့ရကြောင်း၊ ကျားဖြူမင်း မရှိတော့သည့်နောက်ပိုင်း နမ့်ခမ်းအား မြို့အဖြစ်စတင်တည်ထောင်သည့် အေဒီ ၁၇၇၇ ခန့်က မြို့သူမြို့သား များက ကျားဖြူမင်းအားရည်စူးပြီး နမ့်ခမ်းမြို့လယ်၌ ကျားဖြူ စေတီတော်တည်ဆောက် လှူဒါန်းခဲ့ ကြောင်း၊ ဒုတိယ ကမ္ဘာစစ်က ဗုံးဒဏ်ထိမှန်သော်လည်း စေတီတော်၏ဘုန်းတန်ခိုးကြောင့် မဟာမိတ်စစ်သည်များ ထိခိုက် ဒဏ်ရာ ရရှိခြင်းမရှိ ဟုယူဆသဖြင့် ကျားဖြူစေတီတော်၏ ဘုန်းရောင်ပိုမို ထင်ရှားလာခဲ့ကြောင်း နမ့်ခမ်းမြို့ သာသာနာ့ နုဂ္ဂဟအသင်းဝင်များက ပြောပြ ပါသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |

