သန်းဝင်းလှိုင်
စက်တင်ဘာ ၁၉၊ ၂၀၁၂

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ကျားကြီးဗဆွေ၊ ရေနံမြေသပိတ်ခေါင်းဆောင်၊ ကျောင်းသား ခေါင်းဆောင်၊ ဆိုရှယ်လစ်ပါတီခေါင်း ဆောင် စသည်ဖြင့် ထင်ရှားခဲ့သောဝန်ကြီးချုပ်ဟောင်း ဦးဗဆွေကို ၁၉၁၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် ကြာသပတေးနေ့တွင် တနင်္သာရီ တိုင်း ထားဝယ်မြို့နယ် အုန်းပင်ကွင်းရွာ၌ အဖကုန်သည်ဦးထွန်းလှိုင်၊ အမိဒေါ်ပဲလေးတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးယောက်တွင် အငယ် ဆုံးဖြစ်သည်။
ငယ်စဉ်က အုန်းပင်ကွင်းရွာ ဘုန်းကြီးကျောင်း၊ ထားဝယ်အမျိုးသားအလယ်တန်းကျောင်း၊ ထားဝယ်အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ၁၉၃၆ တွင် ဟိုက်စကူးဖိုင်နယ် (၁၀ တန်း) အောင်၍ ၁၉၃၆ မှ ၁၉၄၁ အထိ ရန်ကုန်တက္ကသိုလ်၌ ပညာဆည်းပူးခဲ့သည်။ ငယ်စဉ်ကပင် မျိုးချစ်စိတ်ထက်သန်၍ ၁၉၃၆ ဒုတိ ယကျောင်းသားသပိတ်တွင် ထားဝယ်အစိုးရအထက်တန်းကျောင်း၏ ကျောင်းသားခေါင်း ဆောင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ၌ ကျောင်းစာထက် ကျောင်းသားသမဂ္ဂကိစ္စများကိုသာ အချိန်ပြည်ဦးစားပေးဆောင်ရွက်နေသဖြင့် ဥပစာအထက်တန်းစာမေးပွဲကိုသာ ဖြေဆိုနိုင်ခဲ့သည်။
၁၉၃၈-၃၉ တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ "အိုးဝေ" မဂ္ဂဇင်း၏ မန်နေဂျာအဖြစ်လည်း တာဝန်ယူခဲ့သည်။
၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်တွင် အာဠာဝက သခင်ဖိုးလှကြီးဦးဆောင်သော ရေနံမြေသပိတ်တပ်ကြီး ရန်ကုန်သို့ခြေလျင်ချီတက်လာရာ နယ်ချဲ့အစိုးရတို့၏တားဆီးမှုကြောင့် မကွေးမြို့တွင် တန့်ရပ်နေစဉ်အတွင်း ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးကိုဗဆွေသည် ကျောင်း သားသမဂ္ဂဥက္ကဌ ကိုဗဟိန်းနှင့်အတူ မကွေးမြို့ မဲထီးကျောင်းတိုက်တွင် ရေနံမြေသပိတ်တပ်သားများအား တရားဟောခဲ့မှုဖြင့် ၁၉၃၈ ဒီဇင် ဘာ ၁၂ ရက်တွင် ကိုဗဆွေသည် ရေနံမြေသခင်များနှင့်တူ ဗြိတိသျှအစိုးရ၏ဖမ်းဆီးခြင်း ခံရသည်။ ကိုဗဟိန်းနှင့် ကိုဗဆွေတို့သည် မကွေး တရားရုံးတွင် ထောင်ဒဏ် ၆ လ အပြစ်ပေးခံခဲ့ရပြီး ရန်ကုန်အင်းစိန်ထောင်ကြီးသို့ ချက်ချင်းအပို့ခံရသည်။
ထို့ကြောင့် ၁၉၃၈ ဒီဇင်ဘာ ၁၃ တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအသင်းတိုက်၌ ကျောင်းသားထုအစည်းအဝေးကျင်းပ၍ ကိုဗဟိန်းနှင့် ကိုဗဆွေတို့ကိုလွှတ်ရန်နှင့် ဖိနှိပ်ချုပ်ချယ်ထားသောဥပဒေများ ရုပ်သိမ်းရန် အဆိုများတင်သွင်းခဲ့သည်။ သို့သော် အစိုးရက မလိုက်လျောသဖြင့် ကျောင်းသားများသမဂ္ဂမှဦးဆောင်၍ ကျောင်းသားကျောင်းသူများ အတွင်းဝန်ရုံး (နောင်ဝန်ကြီးများရုံး) သို့ ချီတက်လှည့် လည်ဆန္ဒပြခဲ့ရာ နယ်ချဲ့အစိုးရ၏လက်ပါးစေပုလိပ်များ၏ အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းမှုကြောင့် ကျောင်းသားများ အများအပြား ထိခိုက်ဒဏ် ရာရကာ ဂျပ်ဆင်ကျောင်းသားကိုအောင်ကျော် ဒီဇင်ဘာ ၂၂ ရက် ၁၃း ၂၅ နာရီတွင် ကျဆုံးခဲ့ရ သည်။ နောက်ပိုင်းတွင် အနယ်နယ်အရပ်ရပ်၌ ဆန္ဒပြမှုများကြောင့် အစိုးရက ကိုဗဆွေနှင့် ကိုဗဟိန်းတို့ကို ပြန်လည်လွှတ်ပေးခဲ့သည်။
ကိုဗဆွေသည် ၁၉၃၉ နိုဝင်ဘာ ၁၈ တွင် ပီအာရ်ပီ (People Revolutionary Party) ခေါ် ပြည်သူ့အရေးတော်ပုံပါတီကို သခင်မြ၊ သခင် အောင်ဆန်း၊ သခင်စိုး၊ သခင်လှဖေ၊ ဦးကျော်ငြိမ်းတို့နှင့်အတူ ဦးဆောင်ဖွဲ့စည်းတည်ထောင်၍ မြေအောက်တော်လှန်ရေးခေါင်းဆောင်(ယူဂျီ) အဖြစ် တာဝန်ယူခဲ့သည်။
၁၉၄၀-၄၁ တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကအဖြစ် ရွေးချယ်ခံရသည်။ ဦးဗဆွေ သည် ပီအာရ်ပီတွင် မျိုးချစ်လူငယ်များအား ရဲဘော်သုံးကျိပ်အဖြစ် ဂျပန်ပြည်သို့စေလွှတ်ရေးအတွက် သခင်မြ၊ သခင်ချစ်တို့နှင့်အတူ စီမံဆောင်ရွက်ခဲ့သည်။ ထို့နောက် ဦးဗဆွေသည် ပီအာရ်ပီ၏စည်းရုံးရေးနှင့် စစ်ရေးတာဝန်ခံအဖြစ် မြိတ်ခရိုင်မှ တာဝန်ယူခဲ့သည်။
၁၉၄၂ တွင် မြိတ်ခရိုင် ပုလောမြို့မှ သတ္တုတွင်းနှင့် မြေပိုင်ရှင်ဦးလှိုင်ဖူး၊ ဒေါ်ထွန်းရွှေတို့၏သမီး မနုနု (ဆွေ) ခေါ် နန်စီလှိုင်ဖူးနှင့် လက်ထပ်၍ သားသမီး (၉) ဦး ထွန်းကားခဲ့သည်။
ဂျပန်ခေတ် (၁၉၄၂-၁၉၄၅) တွင် ဂျပန်ကေဘိုတိုင် (Keibotai)ခေါ် မြို့ပြကာကွယ်ရေးတပ် ဗိုလ်ချုပ်အဖြစ် တာဝန်ယူ၍ ဂျပန်ဖက်ဆစ်တော် လှန်ရေး မြေအောက်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဂျပန်တို့က ကေဘိုတိုင်ဗိုလ်ချုပ်ရာထူးကို အကာအကွယ်ယူ၍ နောက်ကွယ်တွင် မြေအောက်တော်လှန်ရေးလုပ်ကိုင်နေသည်ကိုသိရှိသွားသောအခါ ၁၉၄၅ ခုနှစ် မတ်လ ၃၁ ရက်မှ ဧပြီ ၂၄ ရက် နေ့အထိ ဂျပန်ကင်ပေတိုင် (စစ်ပုလိပ်) ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဂျပန်လက်မှလွတ်မြောက်ရေးအတွက် ဦးကျော်ငြိမ်း၊ ဦး လှမောင်တို့က ပြင်ပမှဆောင်ရွက်ပေးခဲ့သည်။
ဦးဗဆွေသည် ၁၉၄၄ သြဂုတ်လ ၂၃ တွင် ဖွဲ့စည်းခဲ့သည့် ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံ ရသည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ရန်ကုန်နယ်မြေမှ ပါဝင်ခဲ့သည်။
၁၉၄၅ စက်တင်ဘာလ ၁ တွင် ဖွဲ့စည်းသည့် ဆိုရှယ်လစ်ပါတီကို ဦးကျော်ငြိမ်းနှင့်အတူ ဦးဆောင်ခဲ့သည်။ ဦးဗဆွေသည် ၁၉၄၅ မှ ၁၉၄၇ ခုနှစ်အထိ ဆိုရှယ်လစ်ပါတီ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၄၈ မှ ၁၉၅၈ အထိ ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင် ရွက်ခဲ့သည်။
၁၉၄၇ ဇန်နဝါရီလ ၅ ရက်နေ့ ဖဆပလအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကျော်ငြိမ်း ဗြိတိန်နိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် သွားရောက်ခြင်းနှင့် အစိုးရအဖွဲ့သို့ဝင်ရောက်ခြင်းတို့ကြောင့် ဦးဗဆွေအား ဖဆပလအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့ သည်။ ဦးဗဆွေသည် ဖဆပလအထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေစဉ်အတွင်း ဖဆပလနှင့် ကွန်မြူနစ်ပါတီတို့ညီညွတ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၁၉၄၇ စက်တင်ဘာ ၁၁ တွင် ဦးဗဆွေသည် ဖဆပလအဖွဲ့ချုပ်ကြီး သန့်ရှင်း၍ခိုင် မာတောင့်တင်း ရေးအတွက် ဗိုလ်မှူးအောင်၊ ဗိုလ်လက်ျာ၊ မန်းဝင်းမောင်တို့ပါဝင်သော သန့်ရှင်းရေးအဖွဲ့ငယ်ကို ဖွဲ့စည်း၍ တာဝန်ပေးအပ်ခဲ့သည်။ ဦးဗဆွေ သည် ဖဆပလအထွေထွေအတွင်းရေးမှူးအဖြစ် ၁၉၅၂ ခုနှစ်အထိ ထမ်းရွက်ခဲ့သည်။
ယင်းနောက် ၁၉၅၂ တွင် ဖဆပလ ဒုတိယဥက္ကအဖြစ် ရွေးချယ်ခံရသည်။ ဦးဗဆွေသည် ဖဆပလအဖွဲ့ကိုကိုယ်စားပြု၍ ၁၉၅၂ ခုနှစ် အထွေ ထွေအတွင်းရွေးကောက်ပွဲတွင် တိုက်ကြီးမဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်ရာ ရွေးကောက်ခံရသည်။
၁၉၅၂ မတ် ၁၆ တွင် အစိုးရအဖွဲ့၌ ကာကွယ်ရေးဝန်ကြီးတာဝန်ကို ထမ်းရွက်ခဲ့သည်။ ၁၉၅၃ ဇန်နဝါရီ ၁ တွင် ဓါတ်သတ္တုဝန်ကြီး ဌာနဝန် ကြီးအဖြစ် ပူးတွဲတာဝန်ယူခဲ့သည်။ ကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းရွက်နေ စဉ်အတွင်း အမျိုးသမီးများစစ်မှုထမ်းခွင့်ကို ဆောင်ရွက်ပေးခဲ့ပြီး အမျိုးသမီးတပ်ဖွဲ့များကို ဖွဲ့စည်းပေးခဲ့သည်။
၁၉၅၃ ခုနှစ်တွင် ရန်ကုန်မြို့၌ကျင်းပသည့် အာရှဆိုရှယ်လစ်ညီလာခံ၌ သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။
နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ကမ္ဘာတစ်ပတ်ခရီးသွားနေစဉ် ၁၉၅၅ မေလ ၂၅ တွင် ခေတ္တဝန်ကြီးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၅၆ ဇွန်လတွင် ကျင်းပခဲ့သောရွေးကောက်ပွဲတွင် လမ်းမတော်မြို့နယ်မှ ရွေးကောက်တင်မြှောက်ခံရသည်။ ယင်းနောက် ၁၉၅၆ ဇွန် ၅ ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရအဖွဲ့သစ်၌ ဝန်ကြီးချုပ်အဖြစ် ထမ်းရွက်ခဲ့သည်။ ၁၉၅၇ မတ် ၁ တွင် ဒုတိယဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။
၁၉၅၈ ခုနှစ် ဧပြီလတွင် ဖဆပလအဖွဲ့ နှစ်ခြမ်းကွဲသောအခါ ဦးကျော်ငြိမ်းနှင့်လက်တွဲ၍ (ဆွေငြိမ်းဖဆပလ) အဖွဲ့ကိုဦးဆောင်ကာ ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ ဦးဗဆွေနှင့် ဦးကျော်ငြိမ်းက ဖဆပလ အဓွန့်ရှည် စွာညီညွတ်တည်မြဲရေးကိုသာ လိုလားသဖြင့် သူတို့အဖွဲ့ကို "တည်မြဲဖဆပလ" ဟု ခေါ်တွင်စေသည်။ ဦးနုနှင့် သခင်တင်တို့ကမူ သူတို့အဖွဲ့က သန့်ရှင်းရေးကိုအဓိကထားကြောင်း ထင်ရှားလို၍ "သန့် ရှင်းဖဆပလ"ဟုသာ ခေါ်သည်။ ၁၉၅၈ ခုနှစ် ဇွန်လ ၄ တွင် ဒုတိယဝန်ကြီးချုပ်တာဝန်မှ နုတ်ထွက်၍ ပါလီမန်တွင် အတိုက်အခံပါတီ ခေါင်း ဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၈ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ပါလီမန်၌ ဝန်ကြီးချုပ်ဦးနုအား ဖဆပလနှင့် ပြည်ထောင်စုပြိုကွဲအောင် လုပ်နေခြင်း၊ ဖဆပလလမ်းစဉ်ကိုသွေဖည်နေခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖြိုခွဲနေခြင်း၊ မြန်မာ့ လွတ်လပ်ရေးကို ကြီးမားသောအန္တရာယ်ဖြစ်အောင် လုပ်ဆောင်နေခြင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် တရားဖောက်ဖျက် လုပ်ဆောင် နေကြောင်းတင်ပြ၍ အယုံအကြည်မရှိအဆိုကို ဦးဆောင်တင်သွင်းရာ အဆိုကိုထောက်ခံသူ ၁၁၉ မဲ၊ ကန့်ကွက်သူ ၁၂၇ မဲဖြင့် အဆိုရှုံးနိမ့်သွား ခဲ့သည့်အတွက် ဦးနုခေါင်းဆောင်သော အစိုးရအဖွဲ့သည် အာဏာဆက်လက်တည်မြဲခဲ့သည်။
၁၉၆၀ ဖေဖေါ်ဝါရီ ၂ ၌ကျင်းပခဲ့သော အထွေထွေပါလီမန်ရွေးကောက်ပွဲတွင် လမ်းမတော်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် ၁၉၆၃ သြ ဂုတ် ၉ ရက်တွင် တော်လှန်ရေးကောင်စီအစိုးရ၏ ထိန်း သိမ်းခြင်းခံရသည်။ ၁၉၆၆ အောက်တိုဘာလ ၂၇ တွင် ထိန်းသိမ်းခံဘဝမှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ထောင်မှလွတ်လွတ်ခြင်း ဦးဗဆွေ က သတင်းထောက်များအား -
"ဆိုရှယ်လစ်ဝါဒကို မူအားဖြင့်လက်ခံ၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တစုံတရာပြောရန်မလို။ မြန်မာနိုင်ငံအဖို့ ကြားနေရေးဝါဒသာ အမှန် ကန်ဆုံးဝါဒဟု ယူဆသည်။ မိမိတို့ကိုလွှတ်မည်ဟု ကြိုတင်မသိ။ ကျန်းမာရေးအခြေအနေအရလွှတ်သည်ဟု ယူဆသည်။ အခြားထိန်းသိမ်း ခံသူများကိုလည်း အလွန်ဆိုးရွားသူများမှအပ အသုတ်လိုက်လွှတ်ပေးရန် သဘောထားရှိကြောင်း" ပြောကြားသည်။
ဦးဗဆွေသည် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌအဖြစ် ၁၉၄၈ မှ ၁၉၆၂ အထိလည်းကောင်း၊ ၁၉၄၈ ဇူလိုင် ၁၆ တွင် ဗိုလ်ချုပ်နေဝင်း၊ ဦးသိန်းဖေမြင့်တို့ ဦးဆောင်ဖွဲ့စည်းသော လက်ဝဲညီညွတ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
ဦးဗဆွေသည် တက္ကသိုလ်ကျောင်းသားဘဝကပင် စာပေဝါသနာထုံ၍ သမဂ္ဂထုတ် "အိုးဝေ" မဂ္ဂဇင်းတွင် "ကက်သလိန်းဂွတ်ထော်" ရဲ့ ရသ မြောက်စာပြောင်၊ သရော်စာများ ရေးသားခဲ့သည်။ ၁၉၃၇ နိုင်ဝင်ဘာ ၄ သခင်နု၊ ကိုအုန်းခင်နှင့် သခင်သန်းထွန်းတို့ ဦးဆောင်တည်ထောင် ခဲ့သော နဂါးနီစာအုပ်အသင်းမှ ထုတ်ဝေသည့်နဂါး နီစာစောင်ကို နဂါးဦးထွန်းရွှေနှင့်အတူဦးဆောင်၍ နိုင်ငံရေး၊ စစ်ရေးဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သခင်ကျော်စိန်နှင့်အတူ ပြည်သူ့စာပေတိုက်ကိုတည်ထောင်၍ လက်ဝဲစာပေလေ့လာရေးအဖွဲ့ကို ဦး ဆောင်ခဲ့သည်။ နိုင်ငံခေါင်းဆောင်ဘဝတွင် "မိန့်ခွန်း" စာအုပ်များအပြင် "ဗမာပြည်ဆိုရှယ်လစ်လမ်းညွန်" (၁၉၅၃)၊ "ဗမာ့တော်လှန်ရေးနှင့် ဗမာ့လုပ်သားထု" (၁၉၅၅)၊ "ဆိုရှယ်လစ်ဗမာပြည်ထူထောင်လော့" (၁၉၅၈) စသည့် စာအုပ်များပြုစုခဲ့သည်။
၁၉၄၇ ခုနှစ် ဒီဇင်ဘာလတွင် ဖဆပလ အထွေထွေအတွင်းရေးမှူးအဖြစ် အိန္ဒိယနိုင်ငံ နယူဒေလီကွန်းဖရင့်၊ ၁၉၅၃ ခုနှစ် သြဂုတ်လတွင် အိန္ဒိယ၊ အောက်တိုဘာလတွင် ယိုးဒယား၊ ၁၉၅၄ နိုင်ဝင်ဘာလတွင် တရုတ်၊ ၁၉၅၇ ဇွန်လတွင် အမေရိကန်၊ ဂျပန်၊ ဒီဇင်ဘာလတွင် တရုတ် စသည့်နိုင်ငံများသို့ သွားရောက်ခဲ့သည်။
၁၉၅၅ ခုနှစ်တွင် ယူဂိုဆလားဗီးယား သမ္မတမာရှယ်လီးတို့၏ ပထမအဆင့်အောင်လံတံဆိပ်၊ ယိုးဒယား ဘုရင်မင်းမြတ်၏ ဆင်ဖြူဘွဲ့တံဆိပ်၊ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံတော်အစိုးရ၏ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော်ကောင်စီက ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည်(ပထမအဆင့်) ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသည်။ ၁၉၆၈ ဒီဇင်ဘာလ ၂ တွင် တော်လှန်ရေးကောင်စီက ဖွဲ့စည်းပေးသော ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့(၁၃) ဦးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဦးဗဆွေ၏ထူးခြားချက်မှာ စီမံခန့်ခွဲမှုအာဏာ၊ တရားစီရင် ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ (၃) ရပ်လုံးစလုံး တပြိုင်တည်းကိုယ်တွယ်ထားသော စစ်အာဏာရှင်ဗိုလ်နေ ဝင်း၏အရိပ်အောက်သို့ ခေါင်းငုံ့မဝင်ခဲ့သလို ရန်သတ္တုလည်းမပြုခဲ့သူဖြစ်သည်။ ပြည်ပထွက်ပြီး ထောင်ထားခြားနားခြင်းလည်း မပြုခဲ့ချေ။ အာဏာရှိစဉ်ကလည်း ကိုယ်ကျိုးရှာအလွဲသုံးစားလည်း မလုပ်ခဲ့ချေ။
နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေသည် ၁၉၈၇ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အမှတ် ၈၄၊ ဟုမ်းလမ်း (ယခုပန်းလှိုင်လမ်း) နေအိမ်၌ ကွယ်လွန်ခဲ့လေသည်။ ကွယ်လွန်ချိန်၌ ဒေါ်နုနုဆွေနှင့် သားသမီးများကျန်ရစ်ခဲ့သည်။
--
Posted By အောင်မျိုးကျော် to Richard Aung at 9/21/2012 04:23:00 AM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ