အဝေးရောက် သတင်းထောက်တဦး
ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သိန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ တွေ့ဆုံကြစဉ်က (ဓါတ်ပုံ Reuters)
ဆရာတော်ဦးရေဝတနှင့်မြန်မာ့ဒီမိုကရေစီ
ပြည်ပမှနေ၍ မြန်မာပြည်၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ဖေါ်ပြရေးသားလျှင်၊ ပျံလွန်တော်မူသွားပြီဖြစ်သော၊ ဆရာတော် ဒေါက်တာ ဦးရေဝတကို မဖေါ်ပြ၍မဖြစ်နိုင်ပါ။ ဆရာတော်သည် အင်္ဂလန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဘာမင်ဂ်ဟင်မ် (Birmingham) ၌ကျောင်းထိုင်ခဲ့သည်။
ဂျာမနီ၌ရှိစဉ် ဂျာမန်သတင်းစာတစောင်အတွက် ဆောင်းပါးနှင့်သတင်းများ ကျွန်တော်ရေးသားနေခိုက်၊ ကချင်လွတ်လပ်ရေးတပ် ခေါင်းဆောင် ဦးဘရန်ဆိုင်းလာရောက်လည်ပါတ်သည်နှင့်ကြုံနေခဲ့၏။ ကျွန်တော်က ဥက္ကဌကြီး ဦးဘရန်ဆိုင်းကိုတွေ့ဆုံမေးမြန်းသည့် ဆောင်းပါးတစောင်ရေးခဲ့သည်။ ထိုစဉ်က ဂျာမနီသို့ကြွလာသောဆရာတော်ကိုလည်း သိကျွမ်းခွင့်ရခဲ့၏။ ကျွန်တော်အင်္ဂလန်သို့အလည် အပါတ် ရောက်သောအခါ၌လည်း၊ ဆရာတော်က အင်္ဂလန်ရှိ ဒီမိုကရေစီလှုပ်ရှားသူများဖြစ်သော၊ ဦးညွန့်အောင်တို့ ဇနီးမောင်နှံ၊ မစ္စတာ ခရစ္စတိုဖာဆင်မ်ဆင်န်၊ မစ္စတာဝီလီဘအိုတို့နှင့်မိတ်ဆက်ပေးလေသည်။
နောက်ပိုင်းတွင်၊ ဆရာတော် နယူးယောက်သို့ရောက်တိုင်း ကျွန်တော်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ဤမျှသာမက ဖုံးဖြင့်လည်း မကြာခန ဆက်သွယ်ကာ၊ ကျွန်တော်တို့ အမြင်ချင်း၊ လုပ်ကိုင်ဆောင်ရွက်မှုချင်း နှီးနှောဖလှယ်ခဲ့ကြ၏။ ထိုကြိုးပမ်းမှုများအနက်မှ၊ ဆရာတော်နှင့် ကျွန်တော်လက်တွဲပူးပေါင်းဆောင်ရွက်မှုတခုကို အလေးထားဖေါ်ပြလိုပါ၏။
၁၉၉၃ခု နှစ်လည်ပိုင်းတွင်ဖြစ်ပါသည်။ ထိုအချိန်က နိုင်ငံရပ်ခြားရောက် မြန်မာအတော်များများ ကိုယ့်တိုင်းကိုယ့်ပြည်သို့သွားရောက် လည်ပါတ်ခွင့်ရစအချိန်ဖြစ်၏။ မိဘဆွေမျိုးများကိုတွေ့ဆုံရန် သွားရောက်လိုသူများက၊ ပြည်တွင်းဝင်ရောက်ခွင့်ဗီဇာများ လျှောက်ထား ကြရ၏။ ထိုသူများကို စစ်အစိုးရထံ ဒူးထောက်သူ သစ္စာဖေါက်များဟု ဝေဖန်ရှုံ့ချသူများရှိလာသဖြင့်၊ နှစ်ဦးနှစ်ဘက် အငြင်းပွားနေချိန် လည်းဖြစ်သည်။ ကျွန်တော်ကမူ နိုင်ငံခြားသို့ထွက်လာသူများကိုပြန်လာခွင့်မပြုဘဲ၊ ဆွေမျိုးသားချင်းများနှင့်တကွဲတပြားဖြစ်နေစေခဲ့ ခြင်းမှာ၊ လူသူမဆန်ဟု ယုံကြည်သည့်အတိုင်း၊ "ကိုယ့်မွေးရပ်မြေ၊ ကိုယ့်ဆွေမျိုးသားချင်းများဆီသို့ သွားရောက်လည်ပါတ်လိုသူများကို ပိတ်ပင်တားမြစ်ရန် မသင့်လျှော်" ဟု၊ ဆောင်းပါးများရေးသားခဲ့၏။
ဆရာတော်ဦးရေဝတက မြန်မာပြည်သို့ခေတ္တပြန်ကြွမည်ဆိုသောအခါ၊ လူပုဂ္ဂိုရ်များရော၊ ရဟန်းသံဃာအချို့ကပါ၊ အပြင်းအထန်ရှုံ့ချ ပြစ်တင်ကြလေသည်။ ထိုစဉ်က စစ်အစိုးရကပြည်တွင်းသံဃာတော်များကို သာသနာဘွဲ့ထူးများ ပေးအပ်ချီးမြှင့်နေချိန်လည်းဖြစ်ရာ၊ ဆရာတော်ဦးရေဝတလည်း အဂ္ဂမဟာပဏ္ဍိတကဲ့သို့သောဘွဲ့များရရှိရေး မျှော်ကိုးချက်ဖြင့်ပြန်ကြွခြင်းဖြစ်ရမည်ဟု ဝေဖန်ကြ၏။ ဆရာ တော်ကမူ မည်သို့မျှအငြင်းပွားမနေတော့ဘဲ၊ စစ်အစိုးရကဘွဲ့များအပ်နှင်းလျှင်လည်း လက်မခံဟုဆိုကာ၊ ၁၉၉၄ခု မေလတွင် မြန်မာပြည် သို့ ပြန်ကြွသွားခဲ့၏။ ဆိုခဲ့ပြီးသည့်အတိုင်း၊ ကျွန်တော်ကမူ ဆရာတော်ပြန်ကြွသည်ကို အားပေးအားမြှောက်ပြုခဲ့သည်။
ဆရာတော်ဦးဆောင်သည့် မြန်မာပြည်ငြိမ်းချမ်းရေးအဖွဲ့က၊ ကုလသမဂ္ဂရုံးချုပ်နှင့် ဆက်သွယ်လှုပ်ရှားနှိုင်ရန် နယူးယောက်တွင် ရုံးခန်းတခုဖွင့်ထား၏။ ထိုအဆက်အသွယ်ကို အကြောင်းပြုကာ၊ ဆရာတော်သည် ကုလသမဂ္ဂ အာရှတောင်ပိုင်းနှင့်ပစိဖိတ်ဒေသ နိုင်ငံရေးကိစ္စရပ်များဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာဗင်ဒဲလ် (Mr. Francesc Vendell) နှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည်။ ဆရာတော်က စစ်အစိုးရနှင့် အတိုက်အခံ နိုင်ငံရေးသမားများအကြား၊ ပဋိပက္ခဖြစ်နေမှုများကို စေ့စပ်ဖြေရှင်းပေးလိုသော ဆန္ဒရှိနေခဲ့သည်။ ယင်းစေ့စပ်မှု များတွင်၊ ကုလသမဂ္ဂက အကူအညီများစွာပေးနှိုင်သည်ဟု ဆရာတော်ကယူဆ၏။ ဆရာတော် မြန်မာပြည်မှ ပြန်ကြွလာပြီးနောက်၊ ဇွန်လလည်ခန့်၌ နယူးယောက်သို့ဆက်ကြွလာ၏။ ထို့နောက် သူ၏ရည်ရွယ်ချက်များကို ရှင်းလင်းပြရင်း၊ မြန်မာပြည်တွင် ဒုဗိုလ်ချုပ်ကြီး ခင်ညွန့်အပါအဝင် စစ်ဗိုလ်များနှင့်၎င်း၊ အရေးပါသော နိုင်ငံရေးသမားများနှင့်၎င်း တွေ့ဆုံဆွေးနွေးခဲ့ပုံကို မစ္စတာဗင်ဒဲလ်အား အသိပေးခဲ့၏။ ထိုမျှသာမက ကုလသမဂ္ဂဆိုင်ရာ အနောက်နိုင်ငံများမှ သံအမတ်များနှင့်လည်း တွေ့ဆုံကာ သူတို့၏သဘောထားများကို တောင်းခံခဲ့သေးသည်။
သံတမန်များက စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာလည်းလွှဲမပေးနှိုင်၊ လွှတ်လည်းမလွှတ်ပေးနှိုင်လျှင်၊ အနည်း ဆုံး သူနှင့်တွေ့ဆုံဆွေးနွေးမှုကိုပြုသင့်သည်ဟု ပြောကြသည်။ ကုလသမဂ္ဂရှိသံတမာန်အများစုက မြန်မာပြည်တွင်စေ့စပ်ဆွေးနွေးပွဲများ ဖြစ်မြောက်လာရေး စိတ်ဝင်တစားရှိကြ၏။
ဤသို့ ငြိမ်းချမ်းရေးနှင့် အပြစ်အခတ်ရပ်စဲရေးစေ့စပ်ပွဲများ၌ ဗုဒ္ဓဘာသာဆရာတော်ကြီးများ ဦးဆောင်လုပ်ကိုင်ခဲ့ကြသည်မှာ မြန်မာ့ ရာဇဝင်တွင်၊ အထင်အရှားရှိခဲ့ပါ၏။ ဆရာတော်ဦးရေဝတသည်၊ မြန်မာ့အရေး၌သာမက၊ ငြိမ်းချမ်းရေးအတွက်ဆိုပါက မည်သည့်နိုင်ငံ အတွက်မဆို၊ ကူညီဆောင်ရွက်ရန်ဝန်လေးသော ဆရာတော်မဟုတ်ပါ။ အိန္ဒိယနှင့် တရုပ်ပြည်တို့ ပဋိပက္ခဖြစ်နေကြစဉ်က၊ အိန္ဒိယ ဝန်ကြီးချုပ် မစ္စစ်အင်ဒီရာဂန္ဒီ၏ပေးစာကို တရုပ်ခေါင်းဆောင်များထံ လက်ထိလက်ရောက်သွားရောက်ပေးပို့ခဲ့သူမှာ ဆရာတော်ဦးရေဝတ ပင်ဖြစ်သည်။
ကုလသမဂ္ဂ၏ အားပေးမှုကြောင့် တအားတက်ကာ ဆရာတော်က၊ မြန်မာပြည်တွင် စစ်အစိုးရခေါင်းဆောင်များနှင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်တို့ စေ့စပ်ဆွေးနွေးစေရေးကို၎င်း၊ လက်နက်ကိုင် တော်လှန်ပုန်ကန်နေသူများကို စေ့စပ်ဆွေးနွေးရေးစားပွဲသို့ ခေါ်ဆောင်ရန်ကို၎င်း၊ ဆက်လက်ကြိုးစားရန်သန္ဓိဌာန်ချခဲ့လေသည်။ ဆရာတော်က ယင်းကိစ္စရပ်များနှင့် ပါတ်သက်၍ တိုင်ပင်နှီးနှောသောအခါ၊ ကျွန်တော်ကထောက်ခံအားပေးရုံမျှမက၊ ကိုယ်တိုင်စိတ်ရောကိုယ်ပါ ပါဝင်ကူညီမည်ဖြစ်ကြောင်း လျှောက်ထားခဲ့ပါသည်။
ဆရာတော်ဦးရေဝတသည်၊ ၁၉၉၄ခု သြဂုတ်လ (၅) ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ကြွသွားခဲ့၏။ ဆရာတော်က ဒုဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်ထပ်မံတွေ့ဆုံသောအခါ၊ တကမ္ဘာလုံးကစစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန်နှင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့အာဏာလွှဲပြောင်းပေးအပ်ရန် လိုလားနေကြကြောင်းမြွက်ကြားခဲ့သည်။ အကယ်၍ မလွှတ်ပေးနှိုင်လျှင်၊ တွေ့ဆုံဆွေးနွေး စေ့စပ်ရေးများမူ ပြုလုပ်သင့်ကြောင်း တိုက်တွန်းခဲ့၏။ ထိုစဉ်က ဒုဗိုလ်ချုပ်ကြီးခင်ညွန့်မှာမြန်မာပြည်တွင် သြဇာအာဏာအရှိဆုံးဟု တကမ္ဘာလုံးကသတ်မှတ်ထားပြီး၊ လူမုန်းလည်းအများဆုံးဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုမူ "ဦးလေးကြီးလိုဘဲ"ဟုချီးကြူး ထောမနာ ပြုနေကြချိန်ဖြစ်၏။ ဒုဗိုလ်ချုပ်ကြီးခင်ညွန့်က သူတို့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးနှိုင်ရသည့်အကြောင်းနှင့်၊ အာဏာလွှဲမပေးနှိုင်ရသည့် အကြောင်းရင်းများကို လုံးစေ့ပါတ်စေ့ ဆရာတော်အား ရှင်းပြခဲ့သည်ဆို၏။ ဆရာတော်က ဆက်လက်၍ ဆင်ခြေမတက်ခဲ့ချေ။
ထိုဒုတိယအခေါက်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့လေသည်။ နှစ်အတော်ကြာ အတူနေအိမ်ဖေါ်များမှတပါး၊ မိသားစု များအပါအဝင် မည်သူနှင့်မှ တွေ့ဆုံခွင့်၊ စကားပြောဆိုခွင့်မရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည်၊ ငါးနှစ်ခန့်အတွင်း ပထမဆုံး ပြင်ပမြန်မာအဖြစ် ဆရာတော်ဦးရေဝတကို တွေ့ဆုံဖူးမျှော်ခွင့်ရမည်ဆိုသောအခါ၊ ဝမ်းသာအယ်လဲရှိသွားဟန်တူသည်။ ဆွမ်း၊ ကွမ်းပါ ကပ်လိုပါသည်ဟု ပင့်ဖိတ်လိုက်၏။
ဝန်ကြီးချုပ်ဦးနု၏ ပြည်ထောင်စုအစိုးရတက်လာသောအခါ၊ ဦးနုက ကွယ်လွန်သူလွပ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်ကို အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။ သားဦးအောင်ဆန်းဦးနှင့် သမီးဒေါ်အောင်ဆန်းစုကြည်တို့လည်း အိန္ဒိယသို့ လိုက်ပါသွားခဲ့ကြ၏။ ထိုစဉ်ကဆရာတော်ဦးရေဝတမှာ အိန္ဒိယသို့ ပညာတော်သင်အဖြစ်သွားရောက်ပြီးနောက်၊ ယင်းနိုင်ငံ၌ ပင် ဆက်လက်သီတင်းသုံးနေထိုင်နေစဉ်ဖြစ်သည်။ သံအမတ်ကြီးက ဗုဒ္ဓသာသနာတော်ကိုလွန်စွာကြည်ညိုလေးစားသဖြင့် ဆရာတော် ဦးရေဝတနှင့် အခြားသံဃာတော်များကို၊ မကြာခဏ ပင့်ဖိတ်ဆွမ်းဆက်ကပ်လေ့ရှိသည်ဟုဆို၏။ သို့ဖြင့်အရွယ်ရောက်စ ဒေါ်အောင်ဆန်း စုကြည်ကိုလည်း ဆရာတော် တရင်းတနှီးသိကျွမ်းခဲ့လေသည်။
ယင်းသို့သော အခြေအနေများကိုထောက်ရှုလျှက်၊ ဆရာတော်က၊ စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို၊ ရင်ကြားစေ့ ပေးလိုသည်ဆိုသည့်အခါ၊ စေ့စပ်ဆွေးနွေးရေးကို လိုလားအားပေးဟန်ရှိသော၊ ဒုဗိုလ်ချုပ်ကြီးခင်ညွန့်က လက်ခံကြိုဆိုခဲ့ပုံရ၏။
Read more of this post